"ခများက ဖေဖေ့ကိုသတ်ခဲ့တဲ့ တရားခံပေါ့"
မီးပုံထဲရှိ သစ်ရွက်ခြောက်တွေကိုထိုးစွနေတဲ့ မစ္စတာဆောင်းမှာ လည်ပြန်ကြည့်လာကာ ခြောက်ကပ်ကပ်ရယ်မြူးလိုက်သည်က အေးစိမ့်နေတဲ့ပတ်ဝန်းကျင်နှင့်အပြိုင် ချမ်းစိမ့်၍လာစေသည်။
"ငါတစ်ယောက်တည်း မဟုတ်ဘူးနော်။ မင်းအမေပါ ပါတယ်"
"စောက်ရူးစကားတွေပြောမနေနဲ့။ မေမေက အဲ့လိုလုပ်မယ့်လူစားမျိုးမဟုတ်ဘူး"
နောက်ပြန်တုပ်ထားတဲ့ကြိုးကို ဒေါသထွက်စွာ ခါရမ်းနေတော့ မစ္စတာဆောင်းမှာ ခပ်ထေ့ထေ့ပြုံးလာပြန်သည်။
"ဒီလောက်လှုပ်မရဖြစ်ပြီး မျက်ခွက်တစ်ခုလုံးစုပ်ပြတ်သတ်တော့မယ့်အရေးတောင် စောက်ကြောတင်းနေနိုင်သေးတယ်နော်။ ဘယ်သူ့သားမလို့လဲ ဟက်"
"ကျွန်တော့်ဘာသာ ဘယ်သူ့သားသားဖြစ်ဖြစ် ခများစောက်ပူမပါဘူး။ ကျွန်တော်မေးတာကိုပဲဖြေ ဖေဖေ့ကို ဘာလို့သတ်လိုက်တာလဲဆိုတာ"
"ဟက် ဘာလို့အဲ့လောက်သိချင်နေရတာလဲ။ ကောင်းပြီလေ! ငါလည်း ငါရစရာရှိတာရပြီး ဒီနေရာကအပြီးတိုင်ထွက်သွားတော့မယ်ဆိုတော့ ပြောပြပေးရတာပေါ့"
ယူဂျင်းမှာ အဖြစ်မှန်တွေကို မစောင့်စားနိုင်တော့သည့် စိတ်လောနေသည့်ဟန်!
"ဒီမှာကောင်လေး မင်းမေမေဟာလေ တကယ့်ကိုအရူး။ အမှန်ကိုပြောတာ မင်းဒေါသထွက်မနေနဲ့"
ဆွဲထိုးမိတော့မည့် အကြည့်စူးစူးတွေနဲ့ ယူဂျင်းကို လှည့်ကာ သတိပေးလာသည်။
"ရည်းစားသက်တမ်းအကြာကြီးရှိခဲ့တာတောင် ငါဘယ်လိုကောင်လဲဆိုတာ မသိလောက်အောင် အချစ်ရူးရူးနေခဲ့လိုက်တာများ နှစ်တွေအကြာကြီးထွက်သွားပြီး မိန်းမနဲ့သားတစ်ယောက်ရှိနေတယ်ဆိုတာတောင် ငါ့ကိုပြန်လက်ခံတယ်တဲ့လေ။ ဒါပေမယ့် သူ့အမှားချည်းပဲလို့လည်း ဆိုလို့မရပါဘူးလေ။ ငါကိုယ်တိုင်က အပြောလေးကောင်းသလို ရုပ်လေးကလည်း ပြစ်ရက်စရာရှိမနေတာကို ဟဲဟဲ"
"ထွီ"
ယူဂျင်း၏တုံ့ပြန်မှုကို ဘဝင်မကျသည်မို့
"အထိုးခံချင်ပြန်တာလား"
"ဆက်သာပြောစမ်းပါ"
"ဟက်!! စောက်ကြောလေးက တင်းနေသေးတယ်နော်"
ထိုင်ခုံကို ယူဂျင်းရှေ့ဆွဲယူကာ ဝင်ထိုင်လိုက်တော့ မုဆိုးနဲ့သားကောင်ကို ဝေခွဲရခက်သွားသည်။
"အဲ့တာနဲ့ မင်းအမေနဲ့ ငါထပ်ညားခဲ့တာပေါ့။ မင်းအဖိုးတွေ အဖွားတွေက ငါတို့အကြောင်းကိုသိကြတော့ ထုံးစံအတိုင်းတားခဲ့ကြတယ်လေ။ အဲ့တာနဲ့ မင်းအဖေနဲ့ မင်းအမေလည်းညား။ ငါလည်း အရင်မိန်းမဆီပြန်ပေါ့။ ချစ်လွန်းလို့ ဦးစားပေးပြီး ပြန်သွားတယ်လို့အထင်မမှားလိုက်နဲ့နော်။ မင်းအမေနဲ့ ဆင်းရဲတွင်းမှာ ငါမနေနိုင်လို့"
"ခများ အဖေတာဝန်ကောကျေခဲ့ရဲ့လား"
"ဟက်!! မင်းက ဆောင်းဟန်ဘင်းအတွက်စဉ်းစားပေးနေတာလား"
ယူဂျင်းရင်ထဲ လစ်ဟာသွားတဲ့ခံစားချက်ဟာ ဝင်ရောက်လာသည်။
"ငါ့အတွက် အဲ့တာတွေအရေးမပါဘူး။ ငါ့အတွက် အရေးပါတာက ငွေ! ငွေပဲ။ အဲ့တာကြောင့် နှစ်တွေအကြာကြီးနေတော့ ကြီးပွားနေတဲ့ မင်းအမေကို ငါဝင်လုံးခဲ့တယ်လေ။ ထင်ထားတဲ့အတိုင်းပဲ မင်းအမေက ငါ့ကိုမမေ့နိုင်သေးဘူး။ သူက ငါ့ကိုပဲလိုချင်နေသေးတယ်တဲ့လေ။ လွယ်လိုက်တာမှ တအားပဲ"
"ခများလိုလူကိုချစ်ခဲ့မိတဲ့ မေမေ့ကိုကျွန်တော်သိပ်သနားတယ်"
"သနားမနေနဲ့ မင်းမေမေက မင်းရဲ့ကျေးဇူးရှင်ဖထွေးနဲ့ ပါလာတဲ့သားကိုသေစေတဲ့အကြောင်းအရာဆိုတာ မေ့မသွားနဲ့ဦး။ တကယ်တော့ ငါက ငွေပဲလိုချင်ရုံပါ။ အဲ့တာကို မင်းအမေက သူနဲ့အတူတူချမ်းချမ်းသာသာနေလို့ရပါတယ်ဆိုပြီး ရောဂါရှိနေတဲ့ မင်းဖထွေးကို အမွေတွေလွှဲပေးဖို့ လက်မှတ်ထိုးခိုင်တယ်လေ။ ငါတိုက်တွန်းတာလည်းပါတာပေါ့ ဟက်။"
တဖြည်းဖြည်းပေါ်ပေါက်လာသည့် အမှန်တရားတွေရဲ့အစပျိုးရာစကားလုံးတွေဟာ ယူဂျင်းနှလုံးသားကို အက်စစ်နဲ့ပက်ဖြန်းနေသလို။ အားတင်းထားတဲ့ ခန္ဓာကိုယ်ဟာ အင်အားတွေဆုတ်လျော့လာသလို ဆက်နားထောင်ဖို့ရန်လည်းခွန်အားတွေမရှိတော့သလို ခံစားချက်မျိုး။
"ဖြစ်ချင်တော့ မင်းဖထွေးကငါတို့ထက်ခြေတစ်လှမ်းသာသွားတယ်လေ။ အာဏာတွေအကုန်လုံးကို သွေးမတော်သားမစပ်တဲ့ ဟိုကောင့်ကိုမှ လွှဲထားတယ်တဲ့လေ။ သူ့သားအရင်းဖြစ်တဲ့ ဂျီဆောင်းကိုတောင်မပေးပဲနဲ့ ဟက်။ ခေါင်းမာနေတဲ့ မင်ဖထွေးက အသက်နဲ့ခြိမ်းခြောက်တာတောင် ထိုးမပေးဘူးတဲ့လေ။ အရေးထဲ ခွေးမသားလေးက ပေါ်လာတော့ ကိစ္စတွေကရှုပ်ကုန်ရော။ နောက်ဆုံးတော့ ရှုပ်ရှုပ် ရှုပ်ရှုပ်ဝင်လုပ်တဲ့သူ့ကိုဖမ်းချုပ်ပြီး လက်မှတ်အတင်းထိုးခိုင်းလိုက်တယ်လေ။ အဆင်ပြေတော့မယ့်အချိန်မှ ခွေးမသားလေးက အဖေ မလုပ်နဲ့ အဲ့လူလက်ထဲမလုပ်နဲ့ဆိုပြီး လှုပ်ရမ်းနေတော့ ဓားကလည်းအငြိမ်မနေဘူးလေ ဇွတ်ခနဲ သွားစိုက်တာပေါ့။ အဲ့တာကို အဲ့အချိန်မှ မင်းအမေက ဘာပြောတယ်မှတ်လဲ!......မောင်ဘာလို့ အဲ့လိုလုပ်လိုက်တာတဲ့လေ။ စောက်ရူးမက ဓားကိုသွားကိုင်တယ်။ အဲ့အချိန်မှာ ငါ့သားကထပ်ရောက်လာပြန်ကော"
"ဟက်!!! တစ်ယောက်ပြီးတစ်ယောက် ဝင်ဝင်လာတာများ အလှူအိမ်ကြီးကျနေတာပဲ။ ငါ့သားစောက်ရူးကလည်း အစမသိဘဲ သူတော်ကောင်းဝင်လုပ်တာလေ သူတရားခံဖြစ်မှာတွေးမပူဘူး။ အဲ့လိုရှုပ်ရှပ်ခတ်နေတဲ့အချိန်မှာ မင်းဖထွေးက ဂိခနဲဆိုပြီး နှလုံးဖောက်ပြီး သေပါလေရော။ ငါ့မှာ ငိုရခက် ရီရခက်ကြီးနဲ့ရှိနေတုန်း မင်းတစ်ဖတ်သက်ကြိတ်ကြွေရပါတဲ့ ငါ့သားရဲ့ကိုယ်ရံတော်ကြီးက သူရဲကောင်းကြီးဝင်လုပ်ပါလေရော့လေ"
"ဟားဟားး နောက်ဆုံးတော့ ဖေဖေနဲ့ အစ်ကိုသေရတာ ခများကြောင့်ဆိုတာ ဝန်ခံလိုက်ပြီပေါ့"
ခြောက်ကပ်ကပ်ရယ်သံတွေဟာ အောင်နိုင်သူဖြစ်သွားလို့ အားပါးတရရယ်မောနေသလို။
"ခများတော့သွားပြီ။ တကယ့်ကိုအဆုံးသတ်သွားပြီ"
"မင်း ဘာပြောတာလဲ"
"ခများ ကျွန်တော့်ကိုဖမ်းထားပြီး လက်က i-watch တော့မဖြုတ်ထားဘူးနော် ဟက်"
ယူဂျင်းရဲ့ လက်ကောက်ဝတ်ကိုသတိထားကြည့်လိုက်တော့ recording ဖမ်းထားလို့ရပြီး ဖုန်းဆက်သွယ်လို့ရသည့် i-watch!!!
"မင်း!! မင်း!!!"
လက်အစုံဟာ လေပေါ်မြှောက်သွားချိန်!
"ဒီမှာ ခများတောင်းထားတဲ့ ပိုက်ဆံတွေ"
"ကိုကို!!!"
"ဟန်ယူဂျင်း......"
"ဘာလို့ရောက်လာတာ!"
မျက်တောင်တစ်ခတ်မှာပင် ယူဂျင်းရဲ့နဖူးတည့်တည့်မှာချိန်ထားသော သေနတ်တစ်လက်။ အနည်းငယ်မျှတုန်လှုပ်နေပေမယ့် ပစ်ထည့်လိုက်ဖို့ အဆင်သင့်ဖြစ်နေသည့်အနေအထား။
"နောက်တစ်ခေါက် လူသတ်ဖို့ဆိုတာမခဲယဉ်းဘူးနော်"
"ခများ.....ခများ အဲ့လိုလုပ်လို့မရဘူးနော်.....ဒီမှာ ခများတောင်းထားတဲ့ ပိုက်ဆံတွေရောက်လာပြီလေ.....ကျွန်တော် ဘယ်ရဲမှလည်းမခေါ်လာဘူး....အဲ့သေနတ်ကို အောက်ချလိုက်စမ်းပါ"
"ဟက်! မင်းခေါ်မလာပေမယ့် ဒီခွေးသားလေးကခေါ်လိုက်ပြီ!!"
ယူဂျင်းနားထင်ပေါ် သေနတ်ဝကိုဖိတေ့လိုက်တော့ ကျည်ဆံဟာထွက်လာတော့မလို။
"ငါ့အတွက် လက်မှတ်ဖြတ်ပေး!! ဒီကထွက်သွားနိုင်မယ့် လက်မှတ်ဖြတ်ပေး!!! အဲ့ပိုက်ဆံယူပြီးလိုက်ခဲ့! ရုတ်ရုတ် ရုတ်ရုတ်လုပ်မယ်မကြံနဲ့နော် ကျည်ဆံကနောက်ပြန်မလှည့်တတ်ဘူး"
ချမ်းစိမ့်လှတဲ့ဆောင်းလေဒဏ်ကြား တလွင့်လွင့်ဖြင့်ကောင်းကင်ယံမှ ဟိုတစ်စဒီတစ်စပြန့်ကျဲလာတဲ့ နှင်းပွင့်တွေဟာမြေပြင်ပေါ်က သစ်ရွက်ခြောက်တွေကိုတောင် ဖုံးလွှမ်းပစ်လို့။
ယူဂျင်းကိုချုပ်သိုင်းပြီး ဓားစာခံအနေနဲ့ခေါ်သွားတဲ့ မစ္စတာဆောင်းနောက် ဂျီအွန်းသတိကြီးစွာ တပ်ကြပ်မကွာနောက်ကလိုက်လာရသည်။ တိတ်ဆိတ်မှုတွေအလယ် သေနတ်မောင်းတံက လက်ညိုး၏လှုပ်ခတ်သံဟာ ခြောက်ခြားစရာ။ အမှားမလုပ်မိအောင် ဂျီအွန်း၏လှုပ်ရှားမှုတွေဟာ မစ္စတာဆောင်း၏ အမိန့်တွေအောက်။ ကားရပ်ထားတဲ့နေရာသို့ ရောက်ရန်မလှမ်းမကမ်း တောင်စောင်းတစ်နေရာသို့အရောက် ပုံမှန်ထက်တည်ငြိမ်နေတဲ့ ယူဂျင်းရဲ့မျက်ဝန်းတွေနဲ့ဆုံသွားခိုက်!
အချက်ပေးနေသည့်အနေအထားမို့ ဂျီအွန်းအာရုံတွေကို စူးစည်းကြည့်လိုက်သည်။ ချည်နှောင်ထားတဲ့ နောက်ပြန်ကြိုးထုံးဟာ ပြေလျော့သွားခါစ။
ထိတ်လန့်စွာ မလုပ်ဖို့ရန်ခေါင်းခါပြလိုက်ပေမယ့် လျှပ်တပြတ်အချိန်လေးမှာပင် သေနတ်ဝကကျည်ဆံဟာ လေပေါ်မှာလွင့်ပျံသွားခဲ့ပြီ။ တွန်းကန်လိုက်တဲ့အရှိန်ကြောင့် ချုပ်သိုင်းထားတဲ့ လူနှစ်ယောက်ဟာလည်း တစ်ဖက်တစ်ချက်စီ မြေပြင်ပေါ်မှောက်ကျသွားကြသည်။
"အဲ့တာ ခများသားနော်!!!"
ဂျီအွန်း၏အော်လိုက်သံကြောင့် မစ္စတာဆောင်း၏ကွေးညွှတ်တော့မည့် လက်ညှိုးထိပ်ဟာတုံ့ဆိုင်းသွားသည်။
"ဟုတ်တယ်! ယူဂျင်းက ခများနဲ့ရထားတဲ့ မစ္စဟန်ရဲ့သား!!"
"စောက်အဓိပ္ပာယ်မရှိတာတွေ ပြောပြီးငါ့ကိုလှည့်စားဖို့မကြံနဲ့!!!"
အခြေအနေတွေအားလုံးဟာ ယူဂျင်းထင်ထားထက်ရှုပ်ထွေးလာသည်မို့ ဂျီအွန်း၏စကားတွေကို ကြောင်အမ်းအမ်းနားထောင်နေမိသည်။
"ကျန်တာတွေလက်မခံနိုင်ရင်တောင် ဒါကိုတော့ခများလက်ခံမှရမယ်! မဟုတ်ရင် သားကိုသတ်တဲ့ အဖေဖြစ်သွားလိမ့်မယ်!!!"
ဒေါသသံနဲ့အမိန့်ပါသည့်စကားလုံးတွေဟာ မစ္စတာဆောင်း၏အတွေးတွေကို စတ္တဇဆန်သွားစေသည်။ တုန်လှုပ်လာတဲ့ လက်တွေဟာ အထိန်းအကွပ်မဲ့စွာ။
"အဲ့တာဆိုလည်း မင်း!! မင်းပဲသေလိုက်တော့!!"
မောင်းတံက လက်ညှိုးကွေးညွှတ်လိုက်သည်နှင့် ဖြူဖွေးနေသည့် မြေပြင်ထက် သွေးတွေဟာအိုင်ထွန်းသွားခဲ့သည်။ လူနှစ်ယောက်ဟာလည်း လုံးထွေးစွာဖြင့် တောင်စောင်းတစ်လျှောက် လိမ့်ကာလျှောကျသွားခဲ့သည်။
မျက်လုံးတွေကိုအားယူဖွင့်လိုက်တော့ ဂယူဘင်းရင်ဘတ်ပေါ် သူဟာရောက်နေခဲ့သည်။ သို့ပေမယ့် ကျောနောက်ကိုဖတ်တွယ်ထားသည့်လက်လေးများဟာ ပြေလျော့သွားတော့ ယူဂျင်းမှာထိတ်လန့်သွားသည်။
"ရာ့! ကင်မဂယူဘင်း!!!"
ရင်ဘတ်ကိုပုတ်လိုက်တော့ သွေးတွေဟာလက်ဝါးပြင်ပေါ် ကပ်ညှိလို့လာသည်။
"မျက်လုံးဖွင့်လာပေးပါ.....မျက်လုံးဖွင့်ကြည့်ပါလို့.... ကျေးဇူးပြုပြီး ကျွန်တော့်ကိုကြည့်ပေးပါလို့....."
ထိတ်လန့်စွာအော်လိုက်သံဟာ တောင်ယံတစ်ခုလုံးကိုဖုံးလွှမ်းလို့သွားသည်။
ဂျီအွန်းဆီဝင်လာသော ကျည်ဆန်ဟာ မျက်စိရှေ့အရင်ဝင်လာသော ယူဂျင်းနောက်က ဂယူဘင်းခန္ဓာကိုယ်ထဲထိုးဖောက်လို့သွားတော့သည်။ ခြေတစ်လှမ်းနောက်ကျန်ခဲ့သည့် ဟန်ဘင်းမှာဂျီအွန်းရှေ့တွင်အကြောင်သား။
ထိန်းချုပ်မရနိုင်တော့တဲ့ ဒေါသတွေဟာ လေအဟုန်နှင့်အတူဖြတ်ပြေးလို့လာသည်။ တစ်ချိန်တည်းမှာပင် မစ္စတာဆောင်း၏ ဝမ်းဗိုက်ဆီသို့ အရှိန်ပြင်းပြင်းဝင်ရောက်လာတဲ့ လက်သီးတစ်ချက်။ လက်ထဲက သေနတ်ဟာလည်း နှင်းပွင့်တွေကြား ပုန်းအောင်းလို့သွားသည်။
နာကျင်မှုဒဏ်ကြောင့် မစ္စတာဆောင်းမှာ ဝမ်းဗိုက်ကိုဖိကာ ကိုယ်ကိုကွေးညွှတ်လိုက်ပေမယ့် ညာလက်ဟာ ဂျီအွန်းလည်ပင်းကို ချုပ်ကိုင်လာခဲ့သည်။ ရှိသမျှအားတွေကိုထုတ်သုံး၍ ရုံးကန်လိုက်တော့ အသက်ကြီးသူမှာ မောဟိုက်လာသယောင်။ ကြင်နာမှုကင်းမဲ့နေတဲ့ ဂျီအွန်း၏ ထိုးချက်တွေဟာ မစ္စတာဆောင်း၏ ပါးစောင်းမှ သွေးတွေအလိမ့်လိုက်ထွက်လာစေသည်။
တဆတ်ဆတ်တုန်ယင်နေသော ခန္ဓာကိုယ်မှာ ယုတ်မာခြင်းတွေက ကျန်ရှိလို့နေသေးသည်။ သွေးချင်းနီနီနေသော မျက်နှာပေါ်မှ ဖူးယောင်နေတဲ့မျက်လုံးတွေဖြင့် ဂျီအွန်းကိုမော့ကြည့်၍လာသည်။ သွေးကပ်နေတဲ့ နှုတ်ခမ်းဖျားမှာ တွန့်ကွေးသွားပြီး လက်ကျန်အင်အားနှင့် အင်္ကျီကော်လံစကို ဖမ်းချုပ်လာတော့ ဂျီအွန်းမှာ ချက်ချင်းပင်သတိကပ်သွားသည်။ အရှိန်ဖြင့်ခန္ဓာကိုယ်ထဲဝင်တိုးလာတော့ ဂျီအွန်း၏ခြေလှမ်းတွေဟာ နောက်ပြန်လျှက်။
ထိတ်လန့်စွာအော်လိုက်သံနှင့်အတူ သွေးတွေဟာ ဖြူဖွေးနေသောမြေပြင်ထက် အလိမ့်လိုက်စီးကျလို့လာသည်။ သူ့ပေါ်က မစ္စတာဆောင်းကို တွန်းဖယ်လိုက်တော့ တောင်နံရံမှာ တွယ်စိုက်နေသည့်သစ်ငုတ်စမှ သွေးတွေဟာ တစ်စက်စက်ကျလို့နေသည်။ သတိကြီးသွားခဲ့သည့် ဂျီအွန်းအတွက် အရှောင်မြန်လိုက်ခြင်းဟာ ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေသော ခန္ဓာကိုယ်တစ်ခုကိုကား မကြာခင်အချိန်တွင်းမှာပင် နိဂုံးချုပ်သွားစေတော့သည်။
"ကိုကို......"
"မလာနဲ့!!! ကိုကို့နား မလာခဲ့နဲ့"
"ဘာလို့မလာရမှာလဲ"
ရှေ့တိုးလာတဲ့ခြေလှမ်းတွေကိုမဟန့်နိုင်တော့ ရပ်နေသောခြေထောက်တွေဟာခွေကျသွားတော့သည်။
"ကျေးဇူးပြုပြီး ကိုကို့ကိုမထိပါနဲ့"
မျက်ရည်စတွေဟာသွေးစက်တွေနဲ့ရောယှက်လို့နေသည်။
"သွေးစွန်းနေတဲ့ကိုကို့ကို မထိချင်စမ်းပါနဲ့ ငယ်"
"ဘာလို့မထိရမှာလဲ ကိုကို......"
လက်လေးကိုဆုပ်ကိုင်လာတော့ ဂျီအွန်းမှာတွန်းဖယ်ပစ်သည်။ တစ်ခါပြန်ပြီးဆွဲယူလိုက်တော့ ဂျီအွန်းမှာ ရင်ခွင်ထဲငိုက်ကျလျှက်။
"ကျေးဇူးပြုပြီး ငယ့်ရဲ့ကမ်းလက်ကိုဒီတစ်ခါတော့ မစွန့်ပစ်ပါနဲ့လား ကိုကိုရယ်......."
"ကိုကို့ရဲ့သွေးစွန်းနေတဲ့ လက်အစုံက ငယ့်ရဲ့ကမ်းလက်ကိုမဝံ့ရဲဘူး......အထူးသဖြင့် ငယ့်အဖေရဲ့သွေးတွေစွန်းနေတဲ့ ဒီလက်....."
"ဒါက သူကိုယ်တိုင်က ရွေးချယ်လိုက်တဲ့လမ်းပါ.....ကိုကို့အမှားဆိုတာမရှိတာမို့ ငယ့်ရဲ့အဝေးကိုထွက်သွားဖို့ထပ်မတွေးပါနဲ့တော့နော်......."
ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လို့သွားခဲ့သည်။ အဆိုးဆုံးအရာတွေဟာဖြစ်လာပြီမို့ အမှောင်မိုက်ဆုံးသောအချိန်ကိုရောက်မလာဖို့ရန်သာ ဆုတောင်းရုံကလွဲ ဟန်ဘင်းမှာ တတ်နိုင်သည့်အရာမရှိတော့။
မျက်ခုံးရိုးပေါ်ကအနာဟာသွေးစိမ့်နေသည်ကို သုတ်နိုင်သည့်အားမရှိတော့ပေမယ့် ဆုပ်ကိုင်ထားသည့်လက်ကိုတော့ ယူဂျင်းဖြုတ်မချနိုင်ပါ။
"ခများသိပ်ကြားချင်နေတဲ့စကားလုံးတွေကို ကျွန်တော်မပြောရသေးဘူးလေ။ နားထောင်ဖို့သတိပြန်ရလာပေးမယ်မဟုတ်လား....."
ပါးပြင်ပေါ်လက်ဖဝါးလေးကိုကပ်လိုက်တော့ ပြိုလဲချင်တဲ့စိတ်တွေကို ဆွဲယူလိုက်သလို။
ပိုင်ဆိုင်ထားသည့်အရာကို ဆုံးရှုံးဖို့မရဲသည်က အတ္တလို့အမည်တပ်ရမည်လား အချစ်လို့အမည်တပ်ရမည်လား.....
☁︎✩☽☀︎
Title လေးအတိုင်းပဲမပြီးဆုံးသေးပါဘူး >< နောက်တစ်ပိုင်းတော့ တကယ်ပြီးပါပြီနော်။ ပြီးခါနီးထိ စိတ်တိုင်းမကျတဲ့အရေးအသားတွေကို နားလည်ကြမယ်လို့ထင်ပါတယ်ရှင့်။ luv u allᥫᩣ