လက်ရှိ ကာလ~
•••••••°°°°°°°•••••••
ခေါင်းလောင်းသံ မညံတဲ့ ဘုရားကျောင်း..။
Sunday မဟုတ်တာမို့ လူသူလေးပါး ကင်းရှင်းနေတဲ့ ဘုရားရှိခိုးဆောင် ခန်းမကျယ်ထဲ တစ်စုံတစ်ယောက်ရဲ့ ဆုတောင်းဝပ်တွားသံ ခပ်တိုးတိုးလေး ထွက်ပေါ်လာပုံက မိုးစဲကာစ မိနစ်တွေမှာ တံစက်မြိတ်ဆီကနေ မြေပြင်ပေါ် ခုန်ဆင်းလာတဲ့ မိုးသီးပေါက်လေးတွေရဲ့ အသံလို..။
မွန်းကျပ်ခြင်းတွေကို ဖွင့်ထုတ်နေသလား၊ ပူလောင်ခြင်းတွေကို ရင်ဖွင့်နေသလား မသိရပေမယ့် ပိတ်ထားတဲ့ မျက်လုံးလေးတွေ ပြန်ပွင့်မလာသေးတာ နာရီလက်တံ တစ်ပတ်တင်းတင်း ပြည့်လုရော့မယ်ထင့်။
''ကိုယ်တော် ဘာလို့ ကျွန်တော့်ဆီ သူ့ကိုလွှတ်လိုက်ရတာလဲ။ အခုတော့ ကျွန်တော် အရမ်းမှားသွားပြီ ကိုယ်တော်..ကိုယ့်ဆီ ခဏတာ၊ တကယ့်ကို ခဏတာ လာခိုလှုံတဲ့ ငှက်ငယ်ကို မိုးစဲသွားတာတောင် ပြန်မလွှတ်ချင်သေးတဲ့အထိ မလိုလားအပ်တဲ့ သံယောဇဉ်တွေ ရစ်တွယ်မိသွားတယ်..။''
''ကျွန်တော် ဘာများအမှားလုပ်မိလို့ ကျွန်တော့်ကို ဒီလိုနာကျင်စေရတာလဲ။ ''
''ရွှံစေးနံ့သင်းတဲ့ နှလုံးသားရပ်ဝန်းမှာ သူနဲ့ကျမှ မေတ္တာပန်းတွေ ပျိုးမိလေခြင်းရယ်ပါ ကိုယ်တော်..။''
''ကျွန်တော်ဟာ ပိုင်ရှင်ရှိနှင့်နေပြီးသား လူတစ်ယောက်ကိုမှ.......သူ့ကိုမှ......''
နှုတ်ဖျားဆီက တိုးသဲ့သဲ့ ပွင့်အံကျလာတဲ့ စကားလုံးတွေ တိခနဲရပ်သွားခြင်းမှာ စေ့ပိတ်ထားတဲ့ မျက်လွှာတွေကြားက ယိုဖိတ်လာတဲ့ မျက်ရည်စီးကြောင်းတွေကြောင့်ပါတဲ့။
သိုင်းယှက်ထားတဲ့ လက်ချောင်းတွေကို ပြန်ဖြေလိုက်ရင်း ပါးပြင်ပေါ်က မျက်ရည်တွေကို ဂျယ်ယွန်း ဖယ်ရှားတယ်။
သည်မျက်ရည်တွေနဲ့ အီသန့်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ကိုသာ အချိုးညီအောင် ညှိပေးရရင်ဖြင့် ဂျယ်ယွန်းတော့ ပင်လယ်တစ်ဖက်က ပစိဖိတ်သမုဒ္ဒရာကြီးကိုသာ မျက်ဝန်းအစုံထဲ ထည့်သိမ်းထားလိုက် ချင်တော့ရဲ့..။
အဲ့လိုပဲ တစ်စုံတစ်ယောက်အပေါ် ထားတဲ့ချစ်ခြင်းမေတ္တာ အနည်းအများက သူ့အတွက် နာကျင်ရတဲ့ နာကျင်ခြင်းပမာဏနဲ့ လှလှပပကြီးကို တိုက်ရိုက် ချိတ်ဆက်နေတာဖြစ်မယ်။
ဖြတ်တောက်ပစ်ဖို့ကြိုးစားလေလေ ပိုပြီးတင်းမာလာလေလေ ဖြစ်နေတဲ့ သံယောဇဉ်တွေကြား ဂျယ်ယွန်းမယ် အိပ်စက်ခြင်းတွေနဲ့ သူစိမ်းပြင်ပြင်..။
ခန္ဓာကိုယ် တစ်ဖက်ဆီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ လူတစ်ယောက်ကိုကြည့်ပြီး အသံတိတ်ငိုကြွေးရင်း ငုတ်တုတ်မိုးလင်းခဲ့ရတဲ့ ညတွေဆိုတာ အပုံပုံအထပ်ထပ်။
ရှိုက်သံတွေကို ထိန်းချုပ်ဖို့အင်အားမရှိတော့တဲ့အခါကျရင် ကြင်နာရသူနိုးသွားမှာစိုးလို့ ခြေသံဖွဖွနဲ့ အခန်းပြင်ထွက်ပြီး အိမ်အောက်ထပ်က မြေအိုးတွေကြား တစ်ကိုယ်တည်း ပြိုလဲရတဲ့ ညတွေကို ဘယ်သူမှမမြင်သလို ဂျယ်ယွန်းကလည်း ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ဘူး..။
နေ့တိုင်း ရောက်လာတတ်တဲ့ အီသန့်မူပိုင်ရှင် ပတ်ဆောင်းဟွန်းဆိုတဲ့ လူငယ်နဲ့ မျက်နှာချင်းဆိုင်ရတာကိုလည်း ဂျယ်ယွန်းပင်ပန်းတယ်။
ထိုလူငယ်က အီသန့်မျက်နှာကိုကြည့်ပြီး သူတို့နှစ်ဦးရဲ့ နေ့ရက်ဟောင်းတွေကို ပြန်တူးဖော်ပေးနေခိုက် ညှိုးရော်ရော်မျက်ဝန်းတွေနဲ့ နားထောင်နေပေးတဲ့ အီသန့်ပုံစံကို ကြည့်နေရတာကိုလည်း ပင်ပန်းတယ်။
နာရီပေါင်းများစွာ အညိုရောင်ရပ်ဝန်းထဲမှာ မျက်ရည်မိုးတွေ ရွာပြီးတဲ့နောက် တစ်ရက်တာအတွက် လက်လျော့ပြီး ပြန်ထွက်သွားရတဲ့ ပတ်ဆောင်းဟွန်းရဲ့ ကျောပြင်ကို ငေးကြည့်နေရတာကလည်း ပင်ပန်းတယ်။
ပတ်ဆောင်းဟွန်းပြန်သွားပြီးနောက်ပိုင်းတွေမှာ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ကာ ငိုကြွေးရင်း ပတ်ဆောင်းဟွန်းကို အားနာနေတဲ့ အီသန့်ကို ရင်ခွင်ထဲထည့်ပြီး ''အဆင်ပြေသွားမှာပါ'' လို့နှစ်သိမ့်ပေးရတာကတော့ အပင်ပန်းဆုံးအလုပ်ပဲ..။
ဒါဟာ အဆင်ပြေသွားမှာပါ လို့ပြောတိိုင်း လွယ်လွယ်အဆင်ပြေသွားမှာ မဟုတ်တဲ့ ခပ်ရှုပ်ရှုပ် ဇာတ်လမ်းတစ်ပုဒ်မှန်း ဂျယ်ယွန်းသိပြီးသား..။
ကိုယ်ချစ်ရသူကို ချစ်ပါတယ်လို့တောင် ပြောပြခွင့်မရှိဘဲ အမှန်တကယ် သက်ဆိုင်တဲ့လူဆီ ပြန်ထည့်ပေးလိုက်ဖို့ ကိုယ်တိုင်ဝင်ရောက် လုံးပမ်းပေးနေရတဲ့ ဂျယ်ယွန်းအဖို့ ဒီလောကကြီးရဲ့ ဘယ်လိုအစိတ်အပိုင်းမျိုးကမှ အဆင်ပြေနေတာမဟုတ်ဘူး..။
တစ်ခါတလေကျပြန်တော့လဲ ဂျယ်ယွန်းတွေးမိတယ်..။
အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် သိပ်ကောင်းမှာပဲ ဆိုတဲ့ ကလေးဆန်ဆန် အတွေးမျိုးကိုပေါ့။
အကယ်၍များသာ အချိန်တွေကို နောက်ပြန်ဆုတ်လို့ ရနိုင်ခဲ့ရင် အဲ့နေ့တုန်းက လိမ္မော်ရည်သောက်ပြီး နေဝင်တာကို ငေးမနေတော့ဘဲ ဆိုင်စောစောပိတ်ပြီး အိမ်ပေါ်တက်ခဲ့လိုက်မိမှာ..။
ဒါဆို သူ အိမ်ပေါက်ဝမှာ ရောက်နေတဲ့ အီသန့်နဲ့ ဆုံနိုင်စရာ အကြောင်းရှိလာတော့မှာ မဟုတ်ဘူး..။ အစအဆုံးမဲ့တဲ့ ကမ္ဘာကျယ်ကြီးထဲ glaxyငွေ့တန်းတွေဆီက မျက်ဝန်းတစ်စုံအကြောင်းပြုလို့ ဝင်ရိုးစွန်းအလွန်ထိလည်း မေတ္တာတွေ မပျိုးမိလောက်ဘူး ထင်ပါ့..။
ဒေါင်~ဒေါင်~ဒေါင်~~~~~
ဘုရားကျောင်းရဲ့မျှော်စင်မြင့်မြင့်ဆီက လေးတွဲ့တွဲ့ နာရီအချက်ပေးသံ ခေါင်းလောင်းသံစဥ်အပိုင်းအစတွေကို နားဝင်ပီယံမဖြစ်လေခြင်းလို့ တွေးလိုက်မိတာ ဒီတစ်ခါ ပထမဆုံးထင်တယ်..။
ဘယ်လိုလုပ်မလဲ..
ဂျယ်ယွန်းရဲ့ စိတ်နှလုံးလည်း တော်တော်လေးကို ညစ်နွမ်းညှိုးငယ်လှပြီ။
မနက်ခြောက်နာရီလောက်ကတည်းက အီသန့်ကို အသိမပေးဘဲ တစ်ယောက်တည်း ထွက်လာတာမို့ မနက်ခုနစ်နာရီ ပုံမှန်အိပ်ရာထတတ်တဲ့ အီသန်တော့ ဂျယ်ယွန်းကို လိုက်ရှာနေရော့မယ်။
ပြီးတော့ ဒီနေ့မှာလည်း ပတ်ဆောင်းဟွန်း ဆိုတဲ့လူငယ်လေး ထပ်ရောက်လာဦးမယ်ဆိုတာ ဂျယ်ယွန်းသိတယ်..။
မနက်စာ ပြင်ပေးခဲ့ပြီးသားဆိုပေမယ့် ဂျယ်ယွန်းမပါရင် ထမင်းမစားတတ်ဘူးဆိုတဲ့ လူကြီးကို အဖော်လုပ်ပေးဖို့ ဂျယ်ယွန်းအိမ်ပြန်မှ ဖြစ်မှာ..။
အဲ့လိုနဲ့ ..အီသန်ဟာ ဂျယ်ယွန်းနဲ့ ဝေးပြီးတဲ့နောက်ပိုင်းမှာ ထမင်းတော့ သေချာစားလောက်မယ် မဟုတ်လား။
____________________
ငါ့နှလုံးသားက ကျောက်ဆစ်နဲ့ ထုထွင်းထားတာဆိုရင်တော့လည်း အကောင်းသား အီသန်ရယ်..။
_____________________
🍃
''ဘယ်သွားနေတာလဲ ဂျယ်ယွန်း။ ကိုယ်အိပ်ရာနိုးတော့ ဂျယ်ယွန်းကို မတွေ့လို့ လိုက်ရှာလိုက်ရတာ..။''
''ဘုရားကျောင်းဘက် ခဏသွားတာပါ။ ဖာသာနဲ့ ပြောစရာစကားလေး ရှိလို့လေ။ အီသန်အိပ်ပျော်နေလို့ မနှိုးရက်တာနဲ့ ဒီတိုင်းထွက်လာလိုက်တာ။ အသိမပေးမိလို့ ဆောရီး အီသန်..။''
''သူစိမ်းတွေလည်း မဟုတ်ဘဲနဲ့ ဆောရီးက ဘာသဘောလဲ?''
အီသန်က ကလေးလေးတစ်ယောက် စိတ်ဆိုးသလို ခပ်ကျိတ်ကျိတ်လေသံမျိုးနဲ့ ဆိုနေကျအတိုင်း ဆိုလိုက်တာပေမယ့်လည်း ထိုစကားကနေ ဂျယ်ယွန်းဆီကို သက်ရောက်လိုက်တဲ့အားက ခပ်ပြင်းပြင်း ကန်ချက်တစ်ခုလိုပဲ။
ငါတို့က သူစိမ်းတွေမဟုတ်ဘူးလား အီသန်
ခပ်ကြည်ကြည် ဖန်သားခွက်တစ်ခုဆီ ရေလောင်းထည့်နေတဲ့ ရေတကောင်းကိုင်ထားတဲ့လက်ရဲ့လှုပ်ရှားမှုတွေ ပျောက်ကွယ်သွားတာ အဲ့စကားတစ်ခွန်းကြောင့်..။
ဂျယ်ယွန်းအမှန်တိုင်း ဝန်ခံရရင် သူ့ဘဝမှာ အီသန်နဲ့တွေ့ဆုံခဲ့ရခြင်းကို ကံကောင်းခြင်းတစ်ခုအနေနဲ့ သတ်မှတ်ထားခဲ့တာ..။
ဒါပေမယ့် အခုနောက်ပိုင်း ဂျယ်ယွန်း အီသန်နဲ့ သူစိမ်းတွေဖြစ်နေရင် ဘယ်လောက်တောင်မှကောင်းလိုက်မလဲလို့ တွေးမိလာတယ်။
ဂျယ်ယွန်း နာကျင်လွန်းလို့ပါ။ အေးချမ်းခြင်းကို ရောင့်ရဲခြင်းလို့တင်ထားပေမယ့် ဂျယ်ယွန်းအတွက် တကယ့်အေးချမ်းခြင်းက အီသန့်အပြုံးတွေဖြစ်နေတာမို့ ဒီလူမရှိဘဲ ငါဘယ်လိုနေရမလဲလို့ တွေးမိလိုက်တိုင်း အသွေးအသားတွေက တဆစ်ဆစ်နာကျင်ရလွန်းလို့..။
အီသန်မရှိတဲ့ နာရီမိနစ်တွေကြား အရူးတစ်ယောက်လိုမျိုး လိမ္မော်ရည်ကို နှစ်ယောက်စာဖျော်နေမိမှာစိုးလို့..။
မနက်စာပြင်တိုင်း ကြက်အူချောင်းကို နှစ်ချောင်းတောင် ကြော်မိသွားမှာစိုးလို့..။
နှလုံးသားမရှိတော့တဲ့ အညိုရောင်ရပ်ဝန်းမှာ တစ်ကိုယ်တည်း အရူးတစ်ပိုင်း ဖြစ်ကျန်ခဲ့ရမှာစိုးလို့..။
ဖြစ်နိုင်ရင် ငါ့ကိုထားမသွားပါနဲ့ ဆိုပြီး အဲ့လူရဲ့လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆွဲထားမိမှာစိုးလို့..။
''ရှင်းမ်ဂျယ်ဂျယ်...!!''
ထူးထူးဆန်းဆန်း နာမ်စားတစ်ခုနဲ့အတူ ခပ်ကျယ်ကျယ် ထွက်ပေါ်လာတဲ့ အီသန့်ရဲ့ ဟစ်ကြွေးသံမှာ ဂျယ်ယွန်းအသိစိတ် ပြန်ကပ်မိတယ်။ အီသန်ဟာ သူ့ကိုကြည့်နေတာ အံ့အံ့သြသြပုံစံမျိုးနဲ့..။
''အောက်မှာ ရေတွေလျှံနေပြီလေ''
ဂျယ်ယွန်း အောက်ကို အလန့်တကြားငုံ့ကြည့်မိတော့မှ ရေတကောင်းထဲက ရေတွေက ဖန်ခွက်ထဲမှာတင်မဟုတ်ဘဲ ကြမ်းပြင်ပေါ်အထိပါ ဖိတ်စဥ်နေမှန်းသိတော့တယ်။
အီသန်ဟာ သူ့ကို ဘယ်နှကြိမ်တောင်ခေါ်နေခဲ့တာလဲ။
အတန်တန်ခေါ်နေတဲ့ကြားက ဂျယ်ယွန်းမကြားမိလို့သာ အီသန်ဒီလို တစ်ခါမှမသုံးဖူးတဲ့ အခေါ်အဝေါ်မျိုးကို သုံးလိုက်တာဖြစ်မယ်။
အမြဲတမ်း သတိအမြဲရှိတဲ့ ရှင်းမ်ဂျယ်ယွန်းက ကိုယ်သောက်မယ့်ရေ လျှံလို့လျှံနေမှန်း မသိလောက်အောင် အတွေးလွန်နေတာကိုလည်း အီသန်က အံ့သြနေပုံပေါ်ပါတယ်။
''ဘာတွေ အတွေးလွန်နေတာလဲကွယ်? အဝတ်တွေ စိုကုန်သေးလား?''
''မ..မစိုပါဘူး အီသန်..။ ငါ..ဒီတိုင်း အတွေးလေး လွန်သွားလို့။ ထမင်းစားကြစို့နော်''
ဂျယ်ယွန်းလျှံနေတဲ့ ရေခွက်ကိုပဲ အတင်းမော့ချလိုက်တော့ အီသန်က အကဲခတ်သလို တစ်ချက်ကြည့်ပြီး ထမင်းဝိုင်းဆီ မျက်နှာလွှဲသွားခဲ့တယ်။ ထမင်းစားခါနီး ရေတစ်ခွက်လုံးကြီး ကုန်အောင်မသောက်သင့်မှန်းသိပေမယ့် ဂျယ်ယွန်း ရင်ထဲ ပူလွန်းလို့ပါ။
''အာ..ဒါနဲ့ဂျယ်ယွန်း။ ကိုယ်လေ....မှတ်ဉာဏ်နည်းနည်း ပြန်ရလာပြီထင်တယ်။''
ခွမ်း!!!
လက်ထဲကနေ လျောကျသွားတဲ့ ဖန်ခွက်ကလေးအဖြစ်မှာ တစ်ခဏချင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေလို့..။
အမှန်တော့ ကွဲကြေသွားတာ ဖန်ခွက်မဟုတ်ဘဲ ဂျယ်ယွန်း နှလုံးသားပါလေ။ တဆက်ဆက်တုန်လာတဲ့ လက်ဖျားတွေကို အီသန်မရိပ်မိခင် ဂျယ်ယွန်းလက်သီး တင်းတင်းဆုပ်မိတယ်။
သူအခုလေးတင်ကြားလိုက်တဲ့စကားက အလိမ်အညာတစ်ခုသာဆိုရင် တစ်ကမ္ဘာလုံးမှာ ဂျယ်ယွန်းက အပျော်ရွှင်ဆုံးလူသားဖြစ်လိမ့်မယ် ထင်ပါရဲ့..။ ဂျယ်ယွန်း ကိုယ့်ကိုယ်ကို သိတယ်။ ကောင်းကောင်းကြီးကို သိတယ်။
ဂျယ်ယွန်းအီသန်နဲ့ ပက်သက်ပြီး လုံးဝ မရောင့်ရဲနိုင်တော့ဘူးဆိုတာ။
ဘယ်လိုပဲ တနင်္ဂနွေတွေမှာ ဘုရားသခင်ရဲ့အရိပ်အောက် သွားရောက်ဝပ်တွားနေတဲ့ လူလိမ္မာလေးပင်ဖြစ်သော်ငြား လူသားပုထုဇဥ်ပီပီ ဂျယ်ယွန်းမှာလည်း အီသန်နဲ့ ပက်သက်တဲ့ လောဘလေး နည်းနည်းတော့ ရှိနေသေးတာပဲ..။
သူများရဲ့ ပိုင်ဆိုင်မှုဆိုတဲ့ စိတ်တစ်ခုနဲ့သာ ကိုယ့်စိတ်ကို မရမက ချိုးနှိမ်ထားရတာမှန်း ဂျယ်ယွန်းအပြင် ဘယ်သူသိလိမ့်မယ်တဲ့လဲ။
ဒါပေမယ့် ဂျယ်ယွန်းရဲ့လောဘက အီသန်ရဲ့ပျော်ရွှင်ခြင်းကို ဖန်တီးပေးနိုင်သူအနေနဲ့ရှိနေသူဟာ သူကိုယ်တိုင် ပြီးတော့ သူတစ်ယောက်တည်း ဖြစ်နေစေချင်ရုံပါ။
အီသန်ရဲ့ သက်ဆိုင်သူ အနေနဲ့ ဒီတစ်ဘဝကို နေဝင်သွားချင်ရုံပါ။
ချစ်တတ်ရင် လိုအပ်လာတဲ့အခါ လက်လွှတ်နိုင်တဲ့ သတ္တိရှိရမယ်လို့ ခံယူထားတဲ့ ဂျယ်ယွန်းကတော့ သူ့ရဲ့လူမသိသူမသိလောဘလေးကို အဖြူရောင်လောဘလို့ တိုးတိုးတိတ်တိတ် ကင်ပွန်းတပ်ထားတယ်။
မဖြစ်နိုင်မှန်းသိနေသော်ငြား ဂျယ်ယွန်းရဲ့ ကမ္ဘာတစ်ခြမ်းဆီမှာ ခပ်ဆိတ်ဆိတ် ဝှက်ထားခဲ့တဲ့ စိတ်ဆန္ဒ တိမ်ညိုတွေပါလေ..။
အခုတော့ ဂျယ်ယွန်းရဲ့ စိတ်နဲ့ခန္ဓာ အပျက်ပျက်အဆက်ဆက် ဖြစ်ရမယ့်အချိန်ရောက်လာပြီပေါ့။ သေချာပေါက်ရောက်လာမယ်ဆိုတာ သိနေပေမယ့် ဒီလောက်ထိ မြန်လိမ့်မယ်လို့ မထင်မိရိုးအမှန်ပါ။
ငှက်ငယ်က ဘဝမှန်ဆီပြန်ဖို့ အတောင်ပံစုံပြီး ထင်ပါရဲ့..။
''ဂျယ်ယွန်းလေး...ဘာဖြစ်သွားသေးလဲ? ဘာဖြစ်တာလဲဟင်? ဂျယ်ယွန်း..ဂျယ်ယွန်းထိခိုက်သွားသေးလား? ကိုယ့်ကိုဖြေပါဦး..။''
ကြောင်စီစီနိုင်စွာ ရုတ်တရက်တိတ်ဆိတ်သွားတဲ့ ဂျယ်ယွန်းနံဘေး အီသန်ရောက်လာပုံက သိပ်ကိုမှ မြန်ဆန်လွန်းလှပါတယ်။
''ဂျယ်ယွန်း..သတိထားဦးလေကွာ။ အဲ့လိုနဲ့ တစ်ခုခုထိခိုက်မိသွားရင် ကိုယ်ဘယ်လိုလုပ်ရမလဲ?''
''တော်ပါတော့!''
အော်လိုက်မိတာ.. ။
ဂျယ်ယွန်း ရုပ်ရောနာမ်ရောပါ ထူပူလာလွန်းလို့ အီသန့်ကို အော်လိုက်မိတာ..။
ဟုတ်တယ်..ဂျယ်ယွန်း အီသန့်ကို ပထမဆုံးအကြိမ်အဖြစ် အော်လိုက်မိပြီ။
ဂျယ်ယွန်းရဲ့ လက်ဖျားတွေကို ထိတွေ့ဖို့ ကြံရွယ်ထားတဲ့ အီသန့်လက်ချောင်းရှည်တွေရဲ့ လှုပ်ရှားမှုက လမ်းတစ်ဝက်မှာတင် တုံ့ဆိုင်းသွားတယ်။ ခပ်ကျယ်ကျယ် မျက်ဝန်းတွေထဲမှာ ဂျယ်ယွန်းရဲ့ အခြေအနေကို အကဲခတ်နေပုံပေါ်တဲ့ အရိပ်အငွေ့တွေမှ တစ်သီကြီးပဲ..။
ဟိုးအရင်တစ်ခါ အီသန်ခွေးပေါက်လေးနောက်လိုက်ရင်း လမ်းပျောက်သွားတုန်းကတောင် အပြစ်မယူ သဘောထားကြီးလွန်းခဲ့တဲ့ ရှင်းမ်ဂျယ်ယွန်းအတွက်လည်း အခုကိုယ့်ပုံစံဟာ သိပ်ကိုမှ ထိတ်လန့်အံ့သြစရာရယ်ပါ။
အော်လိုက်တဲ့ လေသံပြင်းလွန်းလို့မဟုတ်ဘူး။
ချစ်ရတဲ့လူကိုမှ၊ အီသန့်ကိုမှ မနူးညံ့တဲ့ စကားလုံးတွေနဲ့ တုံ့ဆိုင်းစေခဲ့တဲ့ ကိုယ့်စိတ်မကောင်းဆိုးဝါးကို ကိုယ်တိုင်ပြန်လန့်သွားလို့..။
''ဂျယ်ယွန်း...ကိုယ့်ကို စိတ်ဆိုးနေတယ်''
''မဟုတ်ဘူး..မဟုတ်ဘူးနော် အီသန်။ ငါမင်းကို စိတ်မဆိုးပါဘူး။ အ..အခုက..ငါ..ခဏ စိတ်လွတ်သွားလို့ပါ။ ဒီမှာ ဖန်ကွဲစတွေနဲ့လေ..အီသန်က ငါ့ကိုစိတ်ပူပြီး အပြေးလာရင် ဖန်ကွဲစတွေ တက်နင်းမိမှာ စိုးလို့..''
''ဂျယ်ယွန်းက ကိုယ့်အပေါ် စိတ်မကြည်တာများ ရှိနေရော့လားကွယ်။ ဂျယ်ယွန်းသိလားဟင်? ကိုယ် ညဘက်တွေတစ်ရေးနိုးရင် ဂျယ်ယွန်းကိုယ့်ဘေးမှာ မရှိဘူး..အဲ့အချိန် ကိုယ်ဘယ်လောက်တောင် ထူပူသွားရသလဲဆိုတာ..။ အခုလည်း ကိုယ့်ကို အော်တယ်..''
''အီသန်......''
''ပတ်ဆောင်းဟွန်း နေ့တိုင်းလာတာကို ဂျယ်ယွန်း စိတ်ကွက်နေတာ မဟုတ်ပါဘူးနော်?''
တစ်လောကလုံးမှာရှိတဲ့ ထိတ်လန့်ခြင်းတွေအကုန် ဂျယ်ယွန်းဆီ လာစုဝေးလေသလား မှတ်ရအောင် စိတ်နဲ့နှလုံးက ပြိုလဲချင်လာတော့ အီသန့်မျက်ဝန်းတွေဆီ ငေးကြည့်လို့သာ ခေါင်းတွင်တွင်ခါပြမိတော့ရဲ့..။
အီသန့်မျက်နှာက ဂျယ်ယွန်းကြောင့် ညှိုးရော်နေပြီ..။
''အဲ့လိုမဟုတ်ရပါဘူး အစ်ကိုရာ..သူ..သူက မင်းရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်လေ။ ငါက ဝမ်းတောင်သာပေးရမယ့်လူပါ။''
''ဂျယ်ယွန်း ညညဆို ဘယ်ကိုထသွားတာလဲဟင်? ''
''ဂျယ်..ဂျယ်ယွန်းကလေ..ဒီရက်ပိုင်း သိပ်လည်း မပြုံးတော့ဘူး။ ကိုယ့်..ကိုယ့်ကြောင့်များလားလို့..ဘယ်လောက်တောင်မှ စိတ်ပူခဲ့ရသလဲ ဂျယ်ယွန်းသိရဲ့လား။''
''မနက်ကလည်း ဘုရားကျောင်းကို တစ်ယောက်တည်းသွားတယ်။ ကိုယ်အိပ်ရေးပျက်မှာစိုးလို့ မနှိုးတာလို့ ပြောနေပေမယ့် အဲ့လိုမဟုတ်မှန်း ကိုယ်သိသားပဲ။ ဂျယ်ယွန်း..ဂျယ်ယွန်း ကိုယ့်ကို ရှောင်ဖယ်ချင်နေတယ်။''
''မဟုတ်ဘူးလို့ အီသန်ရဲ့''
ကြယ်တာရာတွေ ဒါ့ထက်ပိုမညှိုးခင် လက်ဖျားနုနုတွေကို ဆွဲယူနီးကပ်စေလို့ လမ်းပျောက်ပြီးသားဝင်္ကပါဆီ ခြေတစ်လှမ်းထပ်တိုးမိတဲ့အခါ ဖန်ကွဲစကြောင့် သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ ခြေဖဝါးဆီက နာကျင်မှုကိုတောင် ဂျယ်ယွန်း လျစ်လျူရှုဝံ့ခဲ့ပါရဲ့..။
အတောင်ပံကြွေပြီးသား လိပ်ပြာတွေမှာလည်း ဝတ်မှုံတွေတောက်ပနိုင်သေးသတဲ့လေ။
လက်မအနည်းငယ်လောက် ပိုမြင့်နေတဲ့ ဦးခေါင်းလုံးလေးဆီက ထွက်သက်ငွေ့ နွေးနွေးက ဂျယ်ယွန်းရဲ့မျက်နှာပေါ် ဖြတ်ပြေးကလူတော့ ခက်ခက်ခဲခဲချိုးနှိမ်ထားရသမျှ စိတ်အစဥ်ရဲ့ လှုံ့ဆော်မှုဟာ ဂျယ်ယွန်းရဲ့ခန္ဓာကိုယ်ထဲ နျူကလီးယားဗုံးတစ်လုံးလို သေစေနိုင်လောက်တဲ့အားနဲ့ ပေါက်ကွဲတယ်..။
ဦးနှောက်ရဲ့ စဥ်းစားဆင်ခြင်ဉာဏ်တွေကို မျက်နှာလွှဲလိုက်တဲ့အခိုက် ဝင်ရိုးစွန်းတစ်ဖက်က အပြိုင်စကြာဝဠာတွေဆီမှာရော ပန်းတွေလန်းနေပါရဲ့လား..။
ဂျယ်ယွန်းရဲ့ ကမ္ဘာမှာတော့ ပြိုကျလုလု မျက်ရည်တွေကြားက အရူးတစ်ယောက်လိုမျိုး ငုံထွေးလိုက်မိတဲ့ နှုတ်ခမ်းလွှာတွေရဲ့ နူးညံ့မှုအောက် ပန်းတွေလည်း ရှက်သွေးဖြာလို့ ခေါင်းငုံ့သွားပါပြီလေ။
အန္တရာယ်တွေကလည်း တစ်ခါတရံမှာ သည်လောက်ထိ ဆွဲမက်စရာကောင်းလွန်းရော့လား။
မဖြစ်သင့်တာတွေ မလုပ်သင့်တာတွေ မတွေးတော့ဘဲ ရူးမိုက်လိုက်မိတဲ့ မိနစ်တွေမှာ ဂျယ်ယွန်းနှုတ်ခမ်းစွန်းတွေရဲ့ လှုပ်ရှားကစားမှုက အီသန့်ရဲ့နီထွေးထွေးနှုတ်ခမ်းတွေအပေါ် ပိုင်စိုးပိုင်နင်း ပြေးလွှားလေတော့ ဖူးစာရေးနတ်တွေလည်း တစ်ယောက်မျက်နှာ တစ်ယောက်ညှိုးရော်ရော် ကြည့်မိလောက်ကြမယ်ထင့်..။
ခဏပဲ..ခဏလောက်တော့ လူလိမ္မာလေးလည်း ရူးမိုက်ချင်ရုံပါ။ လူ့ကျင့်ဝတ်တွေ၊ သိက္ခာတွေကို သည်နှုတ်ခမ်းလွှာနဲ့ အလဲအထပ်ပြုချင်ရုံပါ..။
ခဏဆိုတဲ့ အခိုက်အတန့်ပြီးရင် ဂျယ်ယွန်း ရပ်တန့်လိုက်တော့မှာ..။
ပြီးရင်တော့ ခြေဖဝါးတွေကိုပဲ ငုံ့နမ်းရနမ်းရ အီသန်စိတ်ကျေနပ်သည်အထိ ဂျယ်ယွန်းပြန်တောင်းပန်မယ်လို့ ဆုံးဖြတ်ထားပြီးသား..။
အဲ့တာတောင် စိတ်မကျေနပ်သေးဘဲ ပတ်ဆောင်းဟွန်းနဲ့ ပြန်လိုက်သွားတော့မယ်ဆိုရင်လည်း မတားမဆီးဘဲ လက်လွှတ်ပေးပါ့မယ်။
မထင်မှတ်ထားစွာ အီသန့်ရဲ့လက်တွေ ဂျယ်ယွန်းရဲ့ခါးဆီ မရစ်ပတ်လာခင်အထိ အဲ့သည့်အတွေးတွေက ရာနှုန်းပြည့်အမှန်အကန်..။
ပြန်လည်ထိတွေ့လာတဲ့ နှုတ်ခမ်းစွန်းတွေ..
အနည်းငယ်အားပါလာတဲ့ ခါးပေါ်ကလက်တွေ..
အီသန့်လည်တိုင်ပေါ်က သွေးကြောစိမ်းတွေယှက်ပြေးနေတဲ့ လက်ချောင်းတွေ..
ခန္ဓာကိုယ်ထဲကနေ အပြင်ကိုပေါက်ထွက်တော့မတက် ပူလောင်လာတဲ့ သွေးတွေ..
အန္တရာယ်ဝင်္ကပါထဲဝင်တိုးမိတာ ဂျယ်ယွန်းတစ်ယောက်တည်း မဟုတ်တော့ဘူး။
______________________
မင်း ငါတစ်ယောက်တည်းရဲ့ တစ်သက်တာ အန္တရာယ် ဖြစ်ပေးလို့ မရဘူးလား။
______________________
🍃
tbc~
အလစ်တဲဘစ်အော့ဖ် ppo ppo🙈
_🎻