အညိုယနေ့မနက်တွင် စောစောနိုးမနေခဲ့။သို့သော်ယနေ့တွင် ကြီးကြီးမြကအညို့အား
ကိုမော်ရောက်နေသည်ဟူ၍ လာနှိုး၏။
ကိုမော်အိမ်ကိုဘာကြောင့်ရောက်လာသနည်း။အညိုအိပ်ခန်းထဲကထွက်လာပြီး ကိုမော်ရှိရာသို့သွားလိုက်၏။ကိုမော့်စီရောက်ချိန်တွင် ကိုမော့်မျက်လုံး၌ မျက်ရည်များကိုအညိုတွေ့လိုက်ရသည်။။လက်ထဲ၌လည်း သတင်းစာတစ်ဆောင်အားကိုင်ထား၏။
“ကိုမော်...ခဏစောင့်ပါအုံး အညိုမျက်နှာသစ်အုံးမယ်”
ကိုမော်ကခြံထဲကကွတ်ပြစ်ပေါ်၌သွားထိုင်၏။အညိုလည်း အိမ်နောက်ဖေး၌မျက်နှာအမြန်သစ်ကာ ကိုမော့်စီသို့ ပြန်လာခဲ့၏။
အညိုထိုနေရာသို့ရောက်ချိန်တွင် ကိုမော်ကအညို့လက်ကောက်ဝတ်မှဆွဲကာ တစ်နေရာသို့ အညို့အားဆွဲခေါ်သွားသည်။ကိုမော်၏လက်ကြမ်းများကြောင့်အညို့လက်များပင်နာကျင်နေရပါပြီ၏။
“ကိုမော်...အညို့ကိုဘယ်ခေါ်သွားမလို့လဲ...အညို့လက်တွေနာနေပြီ”
“ခဏလေးပါအညိုရယ်...ခဏလေးပါ”
ကိုမော်၏အသံမှာမာကျောခြင်းမဟုတ်တိမ်ဝင်နေသည်။လက်ဆွဲထားသည်ကိုဖယ်ပေးရန် ပြောသော်လည်း ကိုမော်က လွှတ်မပေးချေ။ကိုမော်ကလည်း အညိုပြောသည်ကိုဂရုမစိုက်သယောင်ရှိ၏။
ရွာလမ်းတစ်လျှောက် ရွာသူ၊ရွာသားများ၏ ကြည့်မှုကြောင့်အညိုရှက်လှပါပြီ။သို့သော်ကိုမော်သည်ယခုချိန်ထိ ဘယ်ကိုသွားနေသည်မှန်းအညိုမသိ။
ကိုမော်အညို့အားခေါ်လာသည်က လူခြေတိတ်ဆိတ်သော ရွာထိပ်တစ်နေရာသို့ခေါ်လာခြင်းဖြစ်၏။ရွာထိပ်မှသစ်ပင်ကြီး၏ ခြေရင်းသို့ရောက်မှ အညို့လက်အား ကိုမော်ကလွှတ်ပေးသည်။
“အညို့ကို ဘာလို့ဒီကိုခေါ်လာတာလဲ”
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့်
ကိုမော်သည်အညို့အားတင်းကြပ်နေအောင်ဖက်လာ၏။အညိုအသက်ရှူပါကြပ်ချင်လာသည်။မျက်ရည်များပင်ဝဲတက်လာခဲ့၏။
ကိုမော်ကအညိုခန္ဓာကိုယ်လေးအား သူ့ရင်ခွင်ထဲမှဆွဲထုတ်လိုက်ပြီး မျက်ရည်ကြည်များဖြင့်ပြည့်နေသောမျက်လုံးများဖြင့် အညို့အားကြည့်လာ၏။
“အညို...ကိုယ့်ကိုထားမသွားပါဘူးနော်”
“ဟင်...ကိုမော်ဘာတွေပြောနေတာလဲ...အညိုကကိုမော်ကိုဘာလို့ထားသွားရမှာလဲ”
“ဒါဆိုအညို...အညိုဘာလို့ တစ်ခြားတစ်ယောက်နဲ့စေ့စပ်လိုက်ရတာလဲ”
ကိုမော့်စကားကြောင့် အညိုအံ့ဩသွားခဲ့ရ၏။
“အညို...အညိုက...ဘယ်သူနဲ့စေ့စပ်နေလို့လဲ”
“ဒါဆို...ဒါဆိုအညို ဒီကိစ္စတွေမသိသေးဘူးပေါ့”
“အညို့ကိုလည်း သေချာရှင်းပြပါအုံးကိုမော်”
ကိုမော်ကထို့သို့ပြောကာ အညို့လက်ထဲအား လမ်းတစ်လျှောက်သူယူလာခဲ့သော သတင်းစာကို အညို့အားကမ်းပေးလာခဲ့သည်။
“အဲ့ထဲကသတင်းကိုအညိုမသိသေးဘူးပေါ့”
ခေါက်ထားသောသတင်းစာအား အညို တုန်ယင်နေသောလက်များဖြင့်ဖွင့်ကြည့်လိုက်၏။ပထမစာမျက်နှာတွင် အကွက်ကြီးကြီးဖြင့်ရေးထားသောသတင်း။
ဦးမှိုင်းသာ+ဒေါ်လှစိန်တို့၏
(သား)
မောင်မြန်းညို
နှင့်
ဦးတင်ကြည်+ဒေါ်မြတ်တင်တို့၏
(သမီး)
မသရဖီ
တို့စေ့စပ်ကြောင်းလှမ်းခြင်း
သတင်းစာအားအညိုဖတ်ပြီးချိန်တွင် ကမ္ဘာကြီးသည်ပင် ချာချာလည်သွားသလိုရှိနေ၏။သွေးများပင်စောင့်တက်လာသလိုပင်။
အညိုကိုမော့်၏ပါးတစ်ဖက်အား သာယာစွာကိုင်လိုက်၏။ကိုမော်ကလည်းအညို့၏ပါးတစ်ဖက်အား အညိုနှင့်ထပ်တူကိုင်လာသည်။
“ကိုမော်...အညို့ကိုယုံကြည်ပေးပါ”
“ကိုယ်မင်းကိုအမြဲယုံကြည်ထားပြီးသားပါ”
“အညိုဒီကိစ္စကိုအညိုအိမ်ပြန်ပြီးရှင်းမယ်...ကိုမော်အညို့ကိုမျှော်နေမယ်မို့လား”
“ကိုမော်အမြဲမျှော်နေမှာပါကွာ...အညိုကသာကိုယ့်ကို မေမေ့လိုထားမသွားပါနဲ့”
ကိုမော်နှင့်အညိုအတန်ကြာသည်အထိ တစ်ဦးကိုတစ်ဦးဖက်ထားကြသည်။လေပြေလေးတို့သည်လည်းဖြေးညှင်စွာဖြင့်တိုက်ခတ်နေကြသည်။
နေ့လည်ခင်းရထားဖြင့် အညိုရန်ကုန်သို့အမြန်ပြန််ရသည်။ရထားဘူတာရုံထိ ကိုမော်ကလိုက်ပို့ပေးသည်။
“အညို...ကိုမော်မင်းကိုရွာထိပ်ကအပင်အောက်မှာဘဲ အမြဲမျှော်နေမယ်နော်”
“ကိုမော်မျှော်နေပါ...အညိုအမြန်ပြန်လာခဲ့မယ်”
ရထားလေးသည်ချစ်သူနှစ်ယောက်၏ နှုတ်ဆက်ချိန်ကိုပင် ဂရုမစိုက်သယောင်စတင်ထွက်ခွာတော့မည်။
“ရထားထွက်တော့မယ်အညို...ကိုယ်မျှော်နေမယ်”
ရထားလေးသည် ဖြေးညှင်စွာဖြင့် ဆန်းမော်အားကျော်ခိုင်းကာ ထွက်ခွာသွားလေသည်။
နှစ်ရက်ပင်ကြာသွားလေပြီ ယခုအချိန်ထိအညိုတစ်ယောက်ပြန်မလာသေး။ဆန်းမော်တစ်ယောက်သည်လည်း ရွာထိပ်အပင်အောက်၌အညို့အားအမြဲမျှော်နေလေသည်။
ဆန်းမော်တစ်ယောက်ယနေ့တွင်လည်း ရွာထိပ်တွင်စောင့်နေစဥ် နွားလှည်းလေးတစ်စီးသည် ရွာရှိရာသို့တစ်ရွေ့ရွေ့ဖြင့် ဦးတည်၍လာနေသည်။
ထိုလှည်းလေးပေါ်တွင် လှည်းမောင်းသူအသက်ခပ်ကြီးကြီး အဘိုးကြီးတစ်ယောက်နှင့်အနောက်တွင် အသားခပ်ညိုညိုနှင့်ကောင်လေးတစ်ယောက်ပါရှိလာသည်။ကောင်လေး၏မျက်နှာမှာခပ်တင်းတင်းရှိနေ၏။
ဆန်းမော်တစ်ယောက် ရွာကိုဦးတည်၍လာနေသောလှည်းလေးအား အဝေးကနေလှမ်းကြည့်နေ၏။နီးကပ်လာသောထိုလှည်းပေါ်မှ အနှီးကောင်လေးအားမြင်လိုက်ရသောအခါ ဆန်းမော်တစ်ယောက် မျောက်အုန်းသီးရသလိုပင် ထကမတက်ဖြစ်သွားရ၏။
ဆန်းမော်တစ်ယောက် လှည်းကလေးရှိရာသို့ပြေးသွား၏။လှည်းနောက်တွင်လိုက်ပါလာသော အနှီးကောင်လေးအားဆန်းမော်တစ်ယောက် အားရပါးရဖြင့်အော်ခေါ်နေလေသည်။
“အညို...အညိုကိုမော့်စီပြန်လာတယ်နော်”
လှည်းလေးသည်ဖြည်းညှင်စွာဖြင့် ဆက်၍သွားနေသည်။ဆန်းမော်တစ်ယောက်လှည်းအားကိုင်ကာဘေးမှကပ်၍လိုက်ပါလာခဲ့၏။
“အညို...အညို...အညို ကိုခေါ်တာကြားလား”
သို့သော် ဆန်းမော်တစ်ယောက်ခေါ်နေသော်လည်း အနှီးကောင်လေးသည် ကျောက်ရုပ်ပမာရှိနေ၏။မျက်နှာမှာခပ်တင်းတင်းနှင့်အဝေးတစ်နေရာအားငေးကြည့်နေသည်။
လှည်းကလေးသည် ရွာထိပ်သစ်ပင်အောက်၌ တုံ့ကတည်းရပ်သွား၏။ထို့နောက်လှည်းပေါ်မှ အနှီကောင်လေးသည် လှည်းပေါ်မှဆင်းလာ၏။ထိုကောင်လေး ဆင်းဆင်းချင်းတွင် လှည်းအားငေးကြည့်နေ၏။လှည်းလေးသည် ဖြေးညှင်းစွာဖြင့်ဆက်၍ထွက်သွားသည်။
“အညို...အညိုကိုမော့်စီပြန်လာတယ်နော်”
ဆန်းမော်တစ်ယောက် ထိုအနှီကောင်လေး၏လက်မောင်းများအားတင်းကြပ်နေအောင်ကိုင်လိုက်သည်။ထိုကောင်လေး၏မျက်လုံးများသည် ခံစားချက်မဲ့နေသည့်လူတစ်ယောက်၏မျက်လုံးများနှင့်ဆင်တူနေ၏။
“ဒီဇာတ်လမ်းကိုဒီမှာတင်အဆုံးသတ်ကြရအောင်”
“အညို...အညို ကိုယ့်ကိုမစပါနဲ့ကွာ အခုအညိုကိုယ်နဲ့အတူတူနေဖို့ပြန်လာတာမို့လား”
“ဒီဇာတ်လမ်းဒီမှာတင်အဆုံးသတ်ကြရအောင်လို့ပြောနေတယ်လေ”
“မစပါနဲ့အညိုရာ...ကိုမော်...ကိုမော့်ကိုအဲ့လိုကြီးမစပါနဲ့ကွာ”
“ခင်များ...ထင်ချင်သလိုထင် ပြောပြီးပြီလေ ဒီဇာတ်လမ်းဒီမှာတင်အဆုံးသတ်ကြရအောင်ပြောနေပြီကော”
“အညို...အညိုဒီစကားတွေပြောနေတာ အညို့စိတ်ထဲကမပါဘူးမို့လားဟင်”
“စိတ်ထဲကလည်းပါတယ်...အသည်းထဲကလည်းပါတယ်...နှလုံးသားထဲကလည်းပါတယ်”
ထိုသို့ပြောကာ အနှီကောင်လေးသည် ထိုနေရာမှအဝေးသို့ထွက်ခွာသွား၏။ဆန်းမော်တစ်ယောက်ထိုနေရာမှာတင် ခေါင်းငိုက်စိုက်ကာ ဒူးထောက်ထိုင်ချနေ၏။
“အညို...အညို...အညို”
အနှီကောင်လေးသည် ခေါ်သံကိုပင်ဂရုအစိုက်သယောင်ဖြင့် ဆက်၍သွားနေ၏။ခေါ်သံ၏အဆုံးသတ်တွင် ဆန်းမော်တစ်ယောက် ခေါင်း၌အိတ်မဲတစ်ခုဖြင့်စွတ်ခံလိုက်ရပြီး မြေပြင်ပေါ်၌လဲကျသွားလေသည်။
19.4.24
စောင့်နေကြရင်တောင်းပန်ပါတယ်နော်
(သင်္ကြန်မှာအလုပ်တွေရှုပ်နေလို့upနားထားတာပါဗျ။နည်းနည်းခါးလာပြီနော် အဆင်ပြေတယ်မို့လားဟင်။ပေါ့သေးလားတော့မသိဘူး။ပေါ့သေးရင်ပိုလေးပေးမယ်လေပိုခါးပေးရတာပေါ့🥹)