မှန်ပြတင်းပေါက်ဆီမှ နေရောင်က မျက်နှာတည့်တည့်ကိုကျလာသော မိုးလင်းပြီမှန်းသိလိုက်ရသည်။ အချင်းချင်း ပူးကပ်ကာ မခွဲစတမ်း အိပ်နေသော ကောင်လေးနှစ်ယောက်ထဲမှ တစ်ယောက်သောသူရဲ့ မျက်လုံးက အရင်ပွင့်လာလေသည်။
"အင်း.."
ညည်းသံဖွဖွနှင့် မျက်ခွံတွေကိုပင့်တင်လိုက်တော့ တန်းဝင်လာသည်က စူးရှနေတဲ့ နေ့အလင်းရောင်။ ဆော့မင် မျက်နှာကိုလက်နှင့်ကာရင်း စောင်းကြည့်လိုက်မိတော့ ရင်ခွင်ထဲမှာ ခိုကာ အိပ်နေတဲ့ သူက နေရောင်စူးစူးကိုလည်း မှုဟန်မတူပါ။
အွန်း..ဘယ်သူပါလိမ့်..
မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့်ကြည့်နေတုန်း ရုတ်တရက် စီနီယာဟုန်းမှန်း သိသွားတဲ့အချိန်မှာတော့ ဆော့မင်သည် လန့်ပြီး ရင်ခွင်ထဲကနေ တွန်းထုတ်လိုက်မိသည်။ ပြီးမှသာ ဆော့မင်ခမျာ အားနာသွားရသည်။ တကယ်တော့ စီနီယာဟုန်းအိပ်နေတဲ့ပုံစံလေးက နည်းနည်းမှကိုကြောက်စရာမကောင်းနေဘူးလေ။ မနက်ခင်းနေရောင်ခြည်အောက်ကပန်းဖူးလေးလိုတောင် ဝင့်ဝင့်ဖူးဖူးလေးနဲ့လှနေသေးတာ။
တွန်းခံလိုက်ရတဲ့စီနီယာဟုန်းကတော့ မှီစရာရင်ခွင်ပျောက်သွားတာမို့ မျက်လုံးလေးတွေပွင့်လာလေသည်။ ပြီးတော့ ဟိုကြည့်ဒီကြည့်နှင့် ဆော့မင်ရှိရာဆီသို့ ရောက်လာသည်။ ကျိန်းသေပေါက် တစ်ခုခုတော့ လုပ်မှာမို့ သေပြီဟုကိုယ့်ကိုယ်ကို တွေးလိုက်မိပေမဲ့ အဲ့အစား စီနီယာဟုန်းရဲ့ပါးပြင်တွေကသာ ရဲသွားရသည်။
နေပါဦး.စီနီယာဟုန်းက ခုနကရှက်သွားတာလား..
အခြေအနေအရ အူလည်လည်ဖြစ်နေတုန်း ဆော့မင်သည် အပြင်ဘက်က အသံတချို့ကိုကြားလိုက်ရသည်။ ကြည့်ရတာ ကျောင်းသားတွေ ကျောင်းရောက်လာပြီထင်တယ်။ ဆော့မင်တို့ အနည်းဆုံးတစ်ယောက်ယောက်ကိုတော့ အကူအညီတောင်းလို့ရပြီ။
"စီနီယာ..ကျွန်တော်တို့ထွက်လို့ရပြီထင်တယ်။"
"သြော်..အေး.."
ဆော့မင်ကရှေ့ကထလိုက်တော့ စီနီယာဟုန်းက နောက်ကလိုက်ထလာသည်။ တံခါးကိုဆွဲဖွင့်ဖို့လုပ်လိုက်တော့ မနေ့ကလို တံခါးကကြပ်မနေ။ ကြည့်ရတာ တံခါးလော့ခ်ပြေသွားပြီထင်ရဲ့။
"တံခါးကပွင့်ပြီးသား..စီနီယာ!!"
ဆော့မင်ဝမ်းသာအားရလှမ်းအော်လိုက်သည့်တိုင် စီနီယာဟုန်းက မတုန်မလှုပ်နှင့်သာ။ ဘယ်သူပြန်လာဖွင့်ပေးသွားလဲ မသိ။ ဘာဖြစ်ဖြစ် နောက်ဆုံးတော့ ထွက်လို့ရပြီပေါ့။ ဟီး..ဟီး..
ဆော့မင်သည် အပျော်တဝက်ဖြင့် တံခါးကိုဆွဲဖွင့်လို်က်မိသည်။ သို့သော် တံခါးရှေ့မှာ မားမားမတ်မတ်ကြီး ရပ်လျက် မြင်တွေ့လိုက်ရသူကြောင့် ဆော့မင်ရဲ့ အပျော်တွေအကုန် ဖင်ထဲကနေ ပြန်ဝင်သွားသလိုပင်။
"စီ..စီနီယာယွန်း..."
တံခါးပေါက်ရှေ့မှာ မတ်တပ်ကြီးရပ်နေသူက စီနီယာယွန်း။ သူ့နောက်မှာတော့ ထုံးစံအတိုင်း သူ့ဘယ်လက်ရုံး စီနီယာချွဲကအဆင်သင့်။ သူ့ညာလက်ရုံး ဟုန်းဂျီဆူးလေးကတော့ ဆော့မင်ရဲ့ နောက်မှာပေါ့။ အလယ်က အီဆော့မင်လေးကတော့ သူခိုးလူမိခံလိုက်ရသလို ဂလူဂလည်ရုပ်လေး။
"မင်းတို့က ဘာလို့ဒီရောက်နေကြတာလဲ။"
စီနီယာယွန်းသည် ဆော့မင်နှင့် စီနီယာဟုန်းကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း မေးလာသည်။ မျက်လုံးတွေကတော့ အီဆော့မင်နှင့် စီနီယာဟုန်းကို သေချာအကဲခတ်နေမှန်း သိသာလွန်းသည်။
"ကျွန်..ကျွန်တော်က.."
ဆော့မင်သည် ရှင်းပြဖို့လည်း ကြိုးစား၊ စစ်ကူကိုလည်း တစ်ခါတည်းရှာရသည်။ နှစ်ခါလောက် ဝေ့ကြည့်လိုက်တော့ စီနီယာယွန်းရဲ့ ညာဘက် မလှမ်းမကမ်းလေးမှာ ရပ်နေတဲ့ မင်ဂယူ။ မင်ဂယူဟာ ဆော့မင်နှင့် စီနီယာဟုန်းကို အတူတွဲတွေ့လိုက်ရတဲ့အပေါ်မှာ အံ့သြနေဟန်ဖြင့် မျက်လုံးလေးများက ၀ိုင်းစက်လို့။
ဘာပဲဖြစ်ဖြစ် ဆော့မင်ကတော့ မင်ဂယူကိုတွေ့တာနှင့် ဝမ်းသာသွားရသည်။ အနည်းဆုံးတော့ ဟန်ကျပန်ကျရှင်းပြလို့ရပြီလေ။
"မင်ဂယူ..မင်းငါ့ကိုမနေ့က ဂီတာထားခိုင်းလိုက်တာလေ..အဲ့တာ.."
"အီး..ဟီး..."
ဆော့မင် ရှင်းပြဖို့ ကြိုးစားနေတုန်း ရုတ်တရက်ကြီး နောက်ကနေ ငိုသံထွက်လာသည်။ နောက်သို့ လှည့်ကြည့်လိုက်တော့ ငိုသံပိုင်ရှင်က စီနီယာဟုန်း။ ဆော့မင်ခမျာ စက္ကန့်ပိုင်းလောက် ကြောင်စီသွားရသည်။
"စီ..စီနီယာ..ဘာလို့ငိုနေ..."
မမေးလို့ကလည်း မရတော့ပေ။ မျက်နှာကိုလက်နှင့်အုပ်ပြီး ရှိုက်ကြီးတငင်ကို ငိုနေတာများ ပခုံးတွေပင် တသိမ့်သိမ့်လှုပ်လို့။ သို့သော် မျက်နှာတစ်ခုလုံးကို လက်နှင့် အုပ်ထားတာမို့ မျက်ရည်ကတော့ ထွက်သည် မထွက်သည်မသိရ။
ခက်တာက သူကအသံကျယ်နဲ့ငိုလေ ရှေ့ကစီနီယာယွန်းရဲ့မျက်နှာကြီးကလည်း ပိုပြီးတင်းလာလေ။ စီနီယာချွဲရဲ့ လက်ဆစ်တွေချိုးချလိုက်သံကိုလည်း တဖျောက်ဖျောက်နှင့်။ မင်ဂယူကလည်း လန့်သွားဟန်ဖြင့် ပါးစပ်ကလေးကို လက်နှင့်တောင်ပိတ်လိုက်သေး။ သေချာသည်ကတော့ အားလုံးရဲ့ အကြည့်တွေထဲ တစ်စုံတရာကိုတော့ ကျိန်းသေပေါက်ပုံဖော်နေပြီ။
"မ..မဟုတ်ဘူးနော်။ စီနီယာတို့ထင်သလို မဟုတ်ဘူးနော်။ စီနီယာဟုန်း။ မ..မငိုနဲ့လေ။ ရှင်းပြလိုက်လေ..ကျွန်တော်ဘာမှမလုပ်ခဲ့ဘူးလေ။"
"ဘာမလုပ်တာလဲ။"
နှာခေါင်းကို တစ်ချက်ရှုံ့ရင်းဖြေသည်မို့ စီနီယာဟုန်းရဲ့အသံက စူအောင့်အောင့်လေးထွက်လာသည်။ ပြီးတော့ ဆော့မင်ကို မျက်စောင်းတောင်ထိုးလိုက်သေး။
"မင်းညကငါ့ကို တစ်ညလုံးထိတွေ့ပွတ်သပ်နေခဲ့တာလေ..အီး..ဟီး.."
"အဲ့..အဲ့တာ..အဲ့တုန်းက စီနီယာဟုန်းက မီးယပ်ချမ်းထနေတယ်ဆိုလို့လေလို့!!!"
နောက်ဆုံး ဘယ်လိုမှသည်းမခံနိုင်တော့ဘဲ ဆော့မင်ကုန်းအော်ပစ်လိုက်တော့သည်။ ဆော့မင်ရဲ့ ထိုအသံသည် အတော်လေးကျယ်သွားလေရာ စီနီယာချွဲရဲ့မျက်ခုံးများပင် နှစ်ချက်လောက် တွန့်သွားရသည်။
"မီး..မီးယပ်ချမ်း.."
ချွဲဆွန်းချောသည် ချက်ချင်းပင် နောက်သို့ လှည့်ကြည့်လိုက်သည်။ ဂီတခန်းက အလယ်တန်းဆောင်မှာရှိနေတာမို့ ၀ိုင်းအုံကြည့်နေကြတဲ့ အလယ်တန်းကျောင်းသူတစ်အုပ်သည် ဆွန်းချောကို မြင်တာနှင့် လိပ်ခေါင်းအခွံထဲပြန်ဝင်သလို ရွှတ်ခနဲအတန်းထဲဝင်သွားလေသည်။ မည်သို့ဖြစ်စေ..နေ့လည်လောက်ဆိုလျှင်တော့ သေချာပေါက် Devil Trio အဖွဲ့ဝင်နှင့် မီးယပ်ချမ်းဟူသော စကားလုံးကြီးတွဲမြင်ရတော့မည်။
အပိုင်ကြံတာကလည်း ကြံပေါ့..ဒါပေမဲ့ ဒါကြီးကတော့...
"ဟုန်းဂျီဆူး..မင်း.."
ဒေါသကို သိသိသာသာ ထိန်းချုပ်ထားရတဲ့ ချွဲဆွန်းချောကတော့ ဂျီဆူးကိုခေါ်တဲ့အသံကပင် မချိုသာနိုင်တော့။။ ဂျီဆူးခမျာမှာတော့ မျက်နှာကိုအုပ်ကာငိုလျက်နှင့်ပင် ဆော့မင်ဘက်ကို လက်နှင့်ကွယ်ကာ ဆွန်းချောကို အကြီးအကျယ်မျက်နှာရိပ်မျက်နှာကဲတွေပြနေရသည်။ ယွန်းဂျောင်ဟန်ကတော့ ရယ်ချင်စိတ်ကို နှုတ်ခမ်းကြီးကိုက်ကာ ထိန်းထားရလေသည်။
"အဟမ်း။ ဘာပဲဖြစ်ဖြစ် ခုလိုအခြေအနေတွေဖြစ်ကုန်ပြီဆိုတော့ မင်းဟုန်းဂျီဆူးကို ဘယ်လိုတာဝန်ယူမလဲ စဉ်းစားထားလိုက်။"
"ဗျာ..ကျွန်..ကျွန်တော်က တာဝန်ယူရမယ်။ ဘာ..ဘာလို့..ရား..မင်ဂယူ"
စီနီယာယွန်း ပြောပြီးသည်နှင့် လှည့်ထွက်သွားတဲ့ Devil Trio အုပ်စုနောက်က မင်ဂယူကို ဆော့မင်ခမျာ အသည်းအသန်လှမ်းခေါ်ရသည်။ သို့သော် မင်ဂယူ ကိုယ်တိုင်က ဆော့မင်ကို အားနာနေတဲ့ အကြည့်များဖြင့်သာ တစ်ချက်လှမ်းကြည့်ပြီး ထွက်သွားလေသည်။ ထိုအကြည့်များဟာ ငါလည်း မင်းကို မကယ်နိုင်ပါဆိုတဲ့ အကြည့်များဖြင့်..
နောက်ဆုံးကနေ ငိုမဲ့ငိုမဲ့ဖြင့် လိုက်ပါသွားတဲ့ စီနီယာဟုန်းကတော့ ဆော့မင်ကိုတစ်ချက်သာ လှည့်ကြည့်ပြီး ခပ်သုတ်သုတ်သာ ပြေးထွက်သွားတော့သည်။
***"ဆော့မင်ရေ..အီဆော့မင်.."
ဒီနာမည်ကို အမေခေါ်နေတာ မျက်လုံးနှစ်လုံးစပွင့်ကတည်းက စရေလျှင် အခါတစ်ရာမကတော့ပြီ။ သို့သော် ဆော့မင်သည် မသိချင်ယောင်ဆောင်သာ ဆောင်လိုက်ပြီး စောင်ကိုပင် ဆွဲကာ တစ်ဖက်သို့ပြန်လှည့်အိပ်သွားသည်။
"နေမကောင်းဘူးဆိုပြီး ကျောင်းမသွားတာလည်း သုံးရက်ရှိနေပြီ။ အခု ဘယ်အချိန်ရှိနေပြီတုန်း..ထတော့လေ။"
မထချင်။ အီဆော့မင် အိပ်ရာထဲကနေ မထချင်။ ခုချိန်မှာဒီအိပ်ရာလေးကသာ ဆော့မင်အတွက် အလုံခြုံဆုံးလို ခံစားရသည်။ ကျောင်းသွားဖို့လည်းစိတ်မပါ။ Devil Trio အဖွဲ့နှင့်လည်း မျက်နှာချင်းမဆိုင်ချင်တော့။ စီနီယာယွန်းဘက်ပါသွားတဲ့ မင်ဂယူ့ကိုလည်း ဆော့မင် အသည်းနာလှသည်။ မနေ့ညက ဖုန်းဆက်ပြီး အကျိုးအကြောင်းရှင်းပြဖို့ ကြံတော့လည်း စီနီယာယွန်း ဘာတွေပြောထားသည်မသိ။ မင်းအဲ့လို မလုပ်သင့်ပါဘူးဆိုတာချည့်ပဲ ဆော့မင်ကိုထိုင်ပြောသည်။
ဆော့မင်ဘာလုပ်မိလို့လဲ။ ဆော့မင်လုပ်မိတာဆိုလို့ တစ်ညလုံးဖက်အိပ်မိတာပဲရှိတာ။အဲ့တာကလည်း သူမီးယပ်ချမ်းထနေတယ်ဆိုလို့လေ။ အဲ့တာကို ဘာကို တာဝန်ယူပေးရမှာတုန်းလို့။ ဘာတာဝန်ယူပေးရမှာလဲလို့!!!
"အား!!"
သည်းမခံနိုင်ဘဲ ပေါက်ကွဲထွက်လာတဲ့ အသံကြောင့် အမေက အခန်းထဲထိ ပေါက်ချလာလေသည်။ အမေရောက်လာတော့ ဆော့မင်ဟာ ကုတင်ပေါ်မှာ ခြေထောက်တွေဆောင့်ကန်လိုက်၊ လက်ကားယား ခြေကားယားနှင့်အော်လိုက်ဖြင့် သရဲကားထဲက သရဲဝင်ပူးနေတဲ့လား။"
"ဟဲ့..သား..ဘာတွေဖြစ်နေတာတုန်း။"
"ကျွန်..ကျွန်တော်.."
အမေ့ကိုမြင်သည်နှင့် ဆော့မင်သည် အားကိုးတကြီးနှင့် ဖက်တွယ်လိုက်မိသည်။ ဒီအချိန်မှာ ဆော့မင်ကို ကယ်နိုင်တာဆိုလို့ အမေပဲရှိတော့သည်။
"ကျောင်းမှာ အနိုင်ကျင့်ခံနေရတယ်။ အမေ။"
"ဟမ်.."
အမေသည် အံ့သြစိတ်ဖြင့် မျက်လုံးတွေဝိုင်းစက်သွားလေသည်။
"ဘယ်..ဘယ်လို..အနိုင်ကျင့်ခံနေရတယ်။ ဟုတ်လား။"
အမေ့ခမျာ မျက်ကလူးဆန်ပြာနှင့်။ ငယ်ကတည်းကကျောင်းမှာ လိမ္မာတယ်၊ ကူညီတတ်တယ်၊ ဆရာတွေကို သိတတ်တယ်ဟုသာ နာမည်ကြီးတဲ့ သူ့သားငယ်လေးဟာ အနိုင်ကျင့်ခံနေရမယ်လို့ ဘယ်လိုတွေးမိမှာတဲ့လဲ။
"ဘယ်လိုအနိုင်ကျင့်တာလဲ။ ပြော။ မေမေကျောင်းထိလိုက်သွားမယ်။"
"ဟင့်အင်း။ ဒီတိုင်းကျောင်းပဲပြောင်းချင်တယ်။ ကျောင်းဆက်မတက်ချင်တော့ဘူး။"
"မဟုတ်ဘူးလေ။ အမေကိုယ်တိုင်ကျောင်းမှာဆွေးနွေးလို်က်ရင် ရမှာပါ.."
အီဆော့မင်သည် မျက်ရည်လည်ရွှဲနှင့် ခေါင်းကိုသာ ဆက်တိုက်ခါနေတော့သည်။ အဲ့လို သွားဆွေးနွေးလိုက်တော့မှ စီနီယာဟုန်းနဲ့ တန်းညားသွားမှာကြောက်သောကြောင့်ပင်။ အကြောင်းရင်းကို ဘာမှမပြောဘဲ ကျောင်းပြောင်းမယ်ချည့်ပြောနေတဲ့ အီဆော့မင်ကြောင့်လည်း အမေခမျာ စိတ်ရှုပ်နေပုံရသည်။ သားအမိနှစ်ယောက်အပြန်အလှန်ငြင်းခုံနေရင်းမှ ဘဲလ်သံကြီးက ကြားဖြတ်ဝင်လာကာမှ အမေ့ခေါင်းက ထောင်သွားသည်။
"အမေခဏသွားကြည့်လိုက်ဦးမယ်နော်။ ဘယ်သူလဲမသိတော့ဘူး။"
ပြောရင်း အမေက အခန်းထဲက ပြန်ထွက်သွားသည် ဆော့မင်နှပ်ကိုရွှတ်ခနဲ တစ်ချက်သွင်းလိုက်မိလေသည်။ သို့သော် အမေ့ခဏက အတော်မျှ ကြာတဲ့အခါမှဆော့မင် ထိုင်မနေနိုင်တော့။ ဘယ်ဧည့်သည်မို့ အဲ့လောက်တောင် ကြာနေတာပါလိမ့်။
"အဲ့တာပါပဲ။ သားရယ်။ တစ်ဦးတည်းသောသားလေးဆိုတော့ စိတ်ပူနေရတာ။"
အိမ်အောက်သို့ဆင်းဆင်းလာချင်း အမေ့စကားသံကိုကြားရသည်။ ဘယ်သူပါလိမ့်။ မင်ဂယူရောက်နေတာလား။ ဆော့မင်သည် အတွေးတစ်ပိုင်းဖြင့် ခပ်သွက်သွက်ဆင်းလာခဲ့ရင်း ဧည့်ခန်းကိုရောက်လာတော့ စားပွဲမှာထိုင်နေတဲ့ အမေ့နောက်ကျောကို လှမ်းမြင်လိုက်ရသည်။ အမေနှင့်ကွယ်လျက်ရှိနေသူရဲ့ မျက်နှာကို အတိအလင်းမြင်ရတဲ့အချိန်မှာတော့ ဆော့မင်ကြက်သေ,သေသွားလေသည်။
"စီနီယာဟုန်း.."
"ဟော။ သားရောက်လာ..ဟဲ့..ဟဲ့. အဲ့တာဘာလုပ်တာတုန်း။"
အမေ့အသံမဆုံးသေးခင်မှာပဲ စီနီယာဟုန်းကို ဆော့မင် အတင်းဆွဲခေါ်သွားလိုက်သည်။ နောက်ကနေ လှမ်းအော်တဲ့ အမေ့အသံတွေကိုလည်း ဂရုမစိုက်နိုင်တော့။ အိမ်ပေါ်ထပ် အခန်းထဲကိုရောက်တာနှင့် စီနီယာဟုန်းကို အထဲဆွဲသွင်းလိုက်ပြီး ချက်ချင်းပဲ အခန်းတံခါးကိုလော့ခ်ချပစ်လိုက်သည်။
"စီနီယာ။ ဘာလို့ဒီထိလိုက်လာတာတုန်း။"
ဆော့မင်သာ တံခါးပိတ်ပြီးပြီးချင်း နောက်လှည့်အော်လိုက်မိတာ။ စီနီယာဟုန်းကတော့ ဆော့မင်အသံကို အာရုံစိုက်ပုံမရ။ အဲ့အစား ကြမ်းပြင်ပေါ် ကုန်းကုန်းကွကွနှင့် တစ်ခုခုကို ငုံ့ကြည့်လို့နေသည်။ အဲ့နောက် သူကုန်းကောက်လာတဲ့ဟာကိုလည်း မြင်လိုက်ရော ဆော့မင်မျက်နှာကြီးရဲတွတ်သွားလေသည်။
"ဘာလို့အဲ့တာတွေလိုက်ကြည့်တာတုန်းလို့။ စီနီယာဟုန်း!!!"
သူ့လက်ထဲကနေ ဆွဲလုပြီး ဆော့မင်ကုန်းအော်ပစ်လိုက်သည်။ ဘယ်လိုလူမှန်းလည်းမသိဘူး။ သူများအတွင်းခံကို လိုက်ကြည့်နေရတယ်လို့။ ပြီးတော့ အဲ့တာက မလျှော်ရသေးတာကြီးကို။
"မင်းဟာမင်း စည်းမရှိကမ်းမရှိ ပစ်ထားပြီးတော့များ။"
စီနီယာဟုန်းသည် နှာခေါင်းရှုံ့ကာပြောလိုက်ရင်း ကုတင်ပေါ်ပစ်ထိုင်ချလိုက်လေသည်။ အရမ်းကို သက်တောင့် သက်သာဖြစ်နေတဲ့ပုံက တကယ့်ကို သူ့အိမ်သူယာနှယ်။ ဆော့မင်ခမျာမှာတော့ စီနီယာဟုန်းကို မြင်နေရတာနဲ့တင် စိတ်လှုပ်ရှားပြီး အတွင်းခံကို လက်ထဲမှာသာ လုံးချေနေမိတော့သည်။ သတိဝင်လာတဲ့အခါမှ ခပ်ဝေးဝေးကခြင်းတောင်းထဲ ပစ်ထည့်လိုက်လေသည်။
"ဒါနဲ့ မင်းကျောင်းပြောင်းတော့မယ်ဆို။"
ထိုစကားကြားလိုက်တာနဲ့ အီဆော့မင် တကိုယ်လုံးတွန့်သွားရသည်။
"ဘယ်သူပြောတာ။"
"မင်းအမေပြောတာ။"
ဆော့မင်သည် သေပါပြီဟု စိတ်ထဲကသာ ညည်းတွားလိုက်မိလေသည်။ ဒီလိုတွေပြောတော့မှာ သိနေလို့ အခန်းထဲ ဆွဲသွင်းချလာပါတယ်ဆို အမေက ပြောဖြစ်အောင်ပြောလိုက်သေးတယ်တဲ့လား။
"နောက်ထပ်သုံးလလောက်ပဲကျန်တော့တာကို။ ဘာလို့ပြောင်းမှာလဲ။"
ခင်ဗျားကြောင့်လေလို့ အော်ပြောလိုက်ချင်ပေမဲ့ ဆော့မင် အဲ့လောက်ကြီး သတ္တိရှိမနေပါ။
"အဲ့တာက ဒီတိုင်း.."
"ဘာလို့လဲ။ ငါနဲ့အတူရှိရမှာအရမ်းခက်ခဲနေလို့လား။"
"မခက်ပါဘူး။ မခက်ပါဘူး။ ဘာလို့ခက်ရမှာလဲ။ စီနီယာဟုန်းနဲ့အတူရှိရတာ ဘာလို့ ခက်ခဲရမှာလဲ။ စီနီယာဟုန်းနဲ့ အတူရှိခွင့်ရတာ ကျွန်တော်က တလောကလုံးမှာ ကံအကောင်းဆုံးပဲ။"
နီးရာဓားကိုပြေးကြောက်တယ်ဆိုရသလို လူတစ်ယောက်လုံးကြီးရှေ့မှာ တည့်တည့်ရှိနေတဲ့အချိန် ဆော့မင် မငြင်းရဲပါ။ အခုအိမ်ထိ ရောက်ချလာပြီ။ နောက်ကျောင်းအထိပါ လိုက်ပြသနာမရှာဘူးလို့ ပြောနိုင်လို့လား။
အဲ့တော့ မင်ဂယူကို ပြောခဲ့တဲ့ ဝဋ်တွေ ကိုယ်ပြန်လည်တယ်ပြောရမှာပေါ့။ နောက်သုံးလပဲ။ နောက်ထပ်သုံးလလောက်ပဲ သည်းခံရမှာ။ စီနီယာဟုန်းရဲ့ မျက်နှာမှာတော့ ဆော့မင်ရဲ့အဖြေကြောင့် အပြုံးပါးပါးလေးက ဖြတ်ပြေးသွားခဲ့လေသည်။
"ဆော့မင်ရေ။ အပေါ်မှာ နှစ်ယောက်သားဘာလုပ်နေတာလဲ။ အောက်မှာ ညစာပြင်ပြီးသွားပြီ။"
"ဟုတ်။ အမေ။ ကျွန်တော်တို့ဆင်းလာမယ်နော်။"
အောက်ထပ်က အမေ့ကိုလှမ်းအော်ပြောပြီးနောက် စီနီယာဟုန်းဘက်သို့ ဆော့မင် လှည့်ပြုံးပြလိုက်ရသည်။
"ဟီး။ ညစာစားသွားလိုက်နော်။ စီနီယာ။"
စီနီယာဟုန်းသည် ပြန်မဖြေသော်လည်း လက်ခံသည်ဆိုတဲ့သဘောနှင့် ကုတင်ပေါ်ကနေ ဆင်းလိုက်လေသည်။
"ဒါနဲ့ တကယ်တော့ မင်းအမေကို ငါသေသေချာချာမိတ်မဆက်လိုက်ရဘူး။"
အခန်းပြင်ထွက်ခါနီးမှ ဆော့မင်ကိုလှည့်ကာပြောလာတဲ့အပေါ် ကြောင်သွားရသည်။
"ဘယ်လိုခေါင်းစဉ်နဲ့ မိတ်ဆက်ပေးလိုက်ရမလဲ။ ဟင်။"
ထိုမေးခွန်းအတွက် အဖြေကိုချက်ချင်းပြန်မပေးနိုင်ဘဲ ဆော့မင်ခမျာ ဆွံ့အနေခဲ့ရလေသည်။