100_Days of being in love

By ThetTantYoung

5.2K 650 102

"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကို... More

Part-1
Part-2
Part-3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11

Part-5

362 52 4
By ThetTantYoung

စက်ဘီးကို ခပ်သွက်သွက်နင်းရင်း မင်ဂယူကျောင်းဆီသို့ ဦးတည်လာမိသည်။ ဒီနေ့ကော်ဖီဆိုင်မှာ လူနည်းနည်းများနေတာနဲ့ ကျောင်းချိန်အမှီရောက်ပါ့မလားတောင်မသိတော့။ စက်ဘီးလက်ကိုင်မှာ တန်းစီနေသည်က Americano တစ်ခွက်၊ Latte တစ်ခွက်၊ Vanilla Latte တစ်ခွက်။ ဒါတွေကို မှောက်ကျမသွားအောင်လည်း မင်ဂယူ့ခမျာထိန်းပြီး မောင်းနေရသည်။ ကျောင်းဝန်းထဲက စက်ဘီးရပ်ရာ နေရာသို့ ရောက်လျှင် စက်ဘီးကိုထိုးရပ်ပြီး ထိုကော်ဖီဘူးသုံးဘူးကို သယ်ရင်း အားကစားခန်းမဟောင်းဆီသို့ တန်းနေအောင် ပြေးတော့သည်။

ဟူး..သူတို့အတန်းမစခင်ရောက်ပါတော့မလားမသိ..

တွေးရင်း နည်းနည်းလောက်နောက်ကျရင် ငြူစူတော့မဲ့ ယွန်းဂျောင်ဟန်ရဲ့ နှုတ်ခမ်းစူစူကို ပြေးမြင်လိုက်မိရာ မင်ဂယူခမျာ မအီမလည်ဖြစ်သွားရသည်။ အီဆော့မင်တုန်းက လုပ်ပေးစရာ မလိုဘူးလို့ ဟန့်ခဲ့သမျှ ခုတော့ ရည်းစားဆိုတဲ့ ခေါင်းဆောင်အောက်မှာ မင်ဂယူ တစ်ချက်လေးတောင် မလွန်ဆန်ရဲ။ လွန်ဆန်လိုက်ရင် ငိုကြီးချက်မနဲ့ လူကြားထဲ မျိုးစုံအောင်မွှေတော့မှာလေ။

ခုမှနည်းနည်းရိပ်မိလာသလိုပဲ။ မင်ဂယူကိုရည်းစားတော်တာကိုက ဒီလိုခိုင်းစားချင်လို့ပဲ နေမှာ။ ပုံမှန်ဆို ဒီအတိုင်းအနိုင်ကျင့်ရင် လူမြင်သိပ်မကောင်းဘူးလေ။ ရည်းစားဆိုတဲ့ ခေါင်းစဉ်အောက်က အနိုင်ကျင့်တော့ ၀ိနည်းလွတ်သွားတာပေါ့။ အဲ့ယွန်းဂျောင်ဟန်ဆိုတဲ့ လူရဲ့ခေါင်းကတော့ သောက်ချဉ်မှတ်လို့မရဘူးပဲ။

တွေးရင်း အားကစားခန်းမရှေ့ကိုရောက်လာတော့ ခပ်ဟဟ တံခါးကနေ ထိုင်နေကြတဲ့ Devil Trio အဖွဲ့ဝင် သုံးယောက်ကို လှမ်းမြင်လိုက်ရသည်။

ဟုတ်ကဲ့။ အခုဆို မင်ဂယူ့ဘဝက Buy One, Get Two ဖြစ်နေပါပြီ။ ယွန်းဂျောင်ဟန်ကို ရည်းစားတော်မိမှတော့ ဟုန်းဂျီဆူးနဲ့ ချွဲဆွန်းချောအတွက်လည်း ချန်ထားလို့မရတော့ဘူးပေါ့။

"ဒါကစီနီယာချွဲအတွက်။"

သယ်လာတဲ့ ကော်ဖီသုံးခွက်ထဲက Latte ဘူးကို စီနီယာချွဲဆီကမ်းပေးလိုက်သည်။ စီနီယာချွဲသည် ထိုင်နေရာမှ သူ့မျက်ခုံးထူထူတွေကို တစ်ချက်ပင့်လိုက်ရင်း မင်ဂယူကိုမော့ကြည့်သည်။

"ငါကြိုက်တဲ့ဆိုင်ကရော ဟုတ်ရဲ့လား။"

"စီနီယာချွဲသောက်နေကျဆိုင်ကပဲယူလာတာပါဗျ။"

ယဉ်ယဉ်ကျေးကျေးပြောလိုက်တော့မှာ စီနီယာချွဲက ကျေနပ်သွားတဲ့ အမူအယာနှင့် လှမ်းယူသည်။ အဲ့ချွဲဆွန်းချောဆိုတဲ့လူက သူ့ရှေ့မှာ ဒူးထောက်ပြီး ခခယယလေးသာပြောကျွေး။ အဆိပ်မှန်းသိရင်တောင် ကျေကျေနပ်နပ်စားမယ်ဆိုတဲ့လူမျိုး။

"ဒါကစီနီယာဟုန်းအတွက်။"

စီနီယာဟုန်းကတော့ စီနီယာချွဲလို ဘာဖြစ်မှညာဖြစ်မှ ဆိုပြီး ဂျီးများတာမျိုးမရှိပါ။ အသာတကြည်ပင် ကမ်းပေးလာတဲ့ Americano ကိုလှမ်းယူလိုက်သည်။ တစ်ငုံလောက် မြည်းလိုက်ပြီး ကောင်းတယ်မကောင်းဘူး ဘာဆိုဘာမှမပြော။ သို့သော်ယွန်းဂျောင်ဟန်အတွက် သယ်လာတဲ့ Vanilla Latte ကိုသွားပေးနေတုန်း မင်ဂယူ့ကိုလှမ်းမေးလာလေသည်။

"ဒါနဲ့လေ..မင်းသူငယ်ချင်းရောမတွေ့ပါလား။"

"သူကျောင်းမတက်နိုင်သေးဘူး။"

စီနီယာဟုန်းရဲ့ မျက်မှောင်လေးကျုံ့သွားရသည်။

"ဘာလို့.."

"ကြောက်ဖျား,ဖျားသွားလို့။"

ဟုန်းဂျီဆူးသည် စက္ကန့်ပိုင်းလောက် ဆွံ့အသွားသည်။ လျှာဖျားထက်က အမေရိကာနိုကပုံမှန်ထက် ပိုမိုခါးသက်လာတယ်လို့ ခံစားလိုက်ရပြီး ယွန်းဂျောင်ဟန်ရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။ မင်ဂယူ့ဆီက Vanilla Latte လေးကိုလှမ်းယူနေတဲ့ ယွန်းဂျောင်ဟန်ကတော့ အီစီကလီမျက်နှာပေးနဲ့ မင်ဂယူ့ကို မျက်စပစ်ပြလို့ မပြီးနိုင်။

"ဂျောင်ဟန်။ မင်းဘာလုပ်လိုက်တာလဲ။"

နာမည်တပ်ခေါ်ခံလိုက်ရမှ မျက်လုံးလေးပေကလပ်ပေကလပ်နှင့် ဂျီဆူးဘက်ကို လှည့်ကြည့်လာသည်။

"ငါဘာလုပ်မိလို့လဲ။ ငါ့ကောင်လေးနဲ့ လွတ်လွတ်လပ်လပ်စကားလေးပြောချင်လို့ ပထုတ်လိုက်တာပဲ ရှိတာပါနော်။"

ဂျောင်ဟန်ကတော့ဘယ်လိုနေနေသူ့အပြစ်သူလွတ်အောင် ပြောတတ်သည်။

"နော့်။ မင်ဂူး.."

ခုမှနားရတဲ့ မင်ဂယူ့ကိုပါအတင်းဆွဲချထိုင်စေရင်း တရားခံသွင်းပစ်သည်။ မင်ဂယူသည် လက်မောင်းကို ဖက်ရင်းမှီထားတဲ့ ယွန်းဂျောင်ဟန်ကိုတလှည့်၊ သိသိသာသာ မျက်နှာကြီးတင်းသွားတဲ့ စီနီယာဟုန်းကိုတလှည့်ကြည့်ရင်း ဘယ်လိုအဖြေမျိုးပေးရမလဲမသိတော့။ ထိုအချိန်လေးမှာတင် စီနီယာဟုန်းသည် နေရာကနေဝုန်းခနဲ ထထွက်သွားလေသည်။ သောက်လက်စ အမေရီကာနိုကိုတောင် မယူသွားခဲ့ပေ။

"သူအခုတလောဘာဖြစ်နေတာလဲ။"

ချွဲဆွန်းချောသည် Latte ကိုအရသာခံသောက်နေရင်း ငြီးငြူသလို ပြောသည်။ အကြောင်းသိတဲ့ ယွန်းဂျောင်ဟန်ကတော့ မျက်ခုံးလေးပင့်ရင်း ပုခုံးလေးသာတစ်ချက်တွန့်ပြလေသည်။ ပြီးတော့ ထွက်သွားတဲ့ ဟုန်းဂျီဆူးကို အူလည်လည် မျက်နှာလေးနဲ့ လှမ်းကြည့်နေတဲ့ မင်ဂယူ့လက်မောင်းကို တစ်ချက်ဆောင့်ဆွဲလိုက်ရင်းပြောလိုက်သည်။

"မင်ဂူး..ညနေအားကစားချိန်ပြီးသွားရင် မင်းတို့ဒုတိယနှစ်နဲ့ ဘတ်စကတ်ဘောပြိုင်မှာဆို။"

မင်ဂယူသည်ထိုအခါမှ သတိဝင်လာပြီး အနားက ယွန်းဂျောင်ဟန်ကိုငုံ့ကြည့်မိသည်။ လက်မောင်းကို ဖက်တွယ်ထားရင်း ပုခုံးဖျားလေးကိုမေးထောက်ကာ ပြောနေတဲ့ အမူအရာလေးက တကယ့်ကိုချစ်စဖွယ်ပေ။ ပုခုံးလောက်ထိရှည်တဲ့ ဆံပင်အစွယ်လေးတွေကြားမှ မျက်ဝန်းတောက်တောက်လေးတွေကလည်း မင်ဂယူ့ကိုပြုံးလျက်ကြည့်နေသေးသည်။ မင်ဂယူသည် ကျန်တဲ့ အချိန်တွေဘယ်လောက်ပဲ သူ့ကိုသောက်မြင်ကပ်ကပ်ဒီလိုမျက်နှာလေးကို အနီးကပ်မြင်ရလျှင် ဦးနှောက်က သေသေချာချာ အလုပ်မလုပ်နိုင်တော့။

"အွန်း။ဟုတ်တယ်။"

"ငါလာလို့ရလားဟင်။"

အမယ်။ ထူးထူးဆန်းဆန်း လာခွင့်တောင်းလို့ပါလား။

"လာပေါ့။ ခင်ဗျားကိုဘယ်သူက မလာနဲ့လို့ ပြောလို့လဲ။"

တကယ်တော့ အဲ့အချိန်တုန်းက အနားကနေ မင်းတော့သွားပြီဆိုတဲ့ အကြည့်မျိုးနဲ့ကြည့်နေတဲ့ စီနီယာချွဲရဲ့ မျက်နှာပေးကို ယွန်းဂျောင်ဟန်ရဲ့ မျက်နှာလှလှလေးထက် မင်ဂယူသတိထားကြည့်ခဲ့မိသင့်သည်။ ညနေအားကစားကွင်းထဲလည်းရောက်ရော ဒုတိယနှစ်က စီနီယာဂျောင်ဝန်နူးက မင်ဂယူ့ကိုလှမ်းကာ မျက်စပစ်ပြလာခဲ့သည်။ မင်ဂယူလည်း ဘုမသိဘမသိနှင့် သူမျက်စပစ်ပြရာ ကိုလှမ်းကြည့်လိုက်တော့ မင်ဂယူ့မျက်လုံးတွေပြာဝေသွားရလေသည်။

"မင်ဂူးရေ..."

ပွဲကြည့်စင်ရဲ့ ထိပ်ဆုံးက ထိုအော်သံက တစ်ကွင်းလုံးကြားဖို့ လုံလောက်သည်။ အပြာရောင်ပေါ်မှာ MINGYU ဆိုတဲ့နာမည်ကို ငွေမှင်ရောင်ထိုးထားတဲ့စာတန်းပါ ဂျာစီဝတ်ထားတဲ့ လူတစ်ယောက်။ မင်ဂယူ့ခမျာ ကွင်းလယ်ထဲ ကျင်းတူးပြီး ချက်ချင်းလဲသေချင်သွားလောက်အောင် ဖြစ်သွားရလေသည်။

လုပ်ကြပါဦး။ တစ်ယောက်ယောက်သူ့ကိုမတားကြတော့ဘူးလား။ အထက်တန်းကျောင်းကြီးမှာ အဲ့လိုဂျာစီရော ဝတ်လာလို့ရလို့လား။

မင်ဂယူကသာ ဝတ်လို့ရမရအော်နေတာနော်။ ဝတ်ထားတဲ့တစ်ယောက်တည်းသောသူကတော့ ငွေရောင်ပန်းပွားတွေကို လက်ကကိုင်ထားပြီး နဖူးမှာတောင် အပြာရောင်ခေါင်းပတ်စီးထားသေးသည်။ ဘေးနားက အလယ်တန်းကျောင်းသူလေးတွေကတော့ သူ့ကိုကြောင်တောင်ပြူးကြည့်လို့။ တားနိုင်မဲ့သူလည်း တစ်ယောက်မှမရှိပါဘူး။ စီနီယာချွဲတောင် ရှက်လွန်းလို့ထင်တယ်။ အတူပါမလာတော့ဘူး။

"မင်ဂယူ...ဖိုက်တင်း! ရဟူး..!!"

ငွေရောင်ပန်းပွားကို လှုပ်ရင်းခါရင်း ခုန်ဆွခုန်ဆွနှင့် အော်ဟစ်နေတာများ ပွဲခင်းတောက်လျှောက်ပင်။

ဟုတ်ကဲ့။ အဲ့နေ့က မင်ဂယူစိတ်နှင့်လူနှင့် မကပ်နိုင်တော့ဘဲ အထက်တန်းပထမနှစ်ဟာ ဒုတိယနှစ်ကို အပြတ်အသတ်ကို ရှုံးနိမ့်သွားလေသည်။ စီနီယာဂျောင်ကတော့ ပွဲပြီးချိန် မင်ဂယူ့ကိုလာစသွားသည်။ နောက်ပွဲတွေလည်း ကောင်လေးကိုခေါ်ခဲ့ပါဦး။ ငါတို့နိုင်အောင်လို့တဲ့။

မင်ဂယူအိမ်ပြန်ဖို့ စက်ဘီးကိုဆွဲထုတ်တဲ့အချိန်မှာတော့ စက်ဘီးက တော်ရုံနှင့်ဆွဲထုတ်မရ။ နောက်လှည့်ကြည့်လိုက်တော့ စက်ဘီးနောက်ခုံမှာ အခန့်သားထိုင်နေတဲ့ယွန်းဂျောင်ဟန်။

"ဘာတုန်း။ ကျွန်တော်အိမ်ပြန်ရမယ်လေ။"

ဘတ်စကတ်ဘောရှုံးထားလို့ မင်ဂယူ့စိတ်ကသိပ်ကြည်မနေ။

"ပြန်လေ။ ဘာလဲ။ ငါလိုက်လို့မရဘူးလား။"

ပါးစပ်ထဲက စုတ်လုံးကိုဆွဲထုတ်ပြောရင်း သူက ပိုတောင်အထိုင်ကျအောင် ကိုယ်ကိုတစ်ချက် တွန့်ပြီးဖင်ကို သေချာနေရာချလိုက်သေးသည်။သူ့ကြည့်တော့ ခုနက ဘတ်စကတ်ဘောပွဲမှာ ပန်းပွားနဲ့ ခုန်,ခုန်ပြီး ကထားလို့ ချွေးတောင်မတိတ်ချင်သေးဘူး။

"ဘာလို့လိုက်မှာတုန်း။ ကျွန်တော်အိမ်ပြန်မှာလေ။"

"အေး။ ငါကလည်းမင်းအိမ်ကိုလိုက်မှာလေ။"

မင်ဂယူသည် ဟူးခနဲ သက်ပြင်းရှည်ကိုသာ မှုတ်ထုတ်လိုက်ရသည်။ မင်ဂယူနှင့် ယွန်းဂျောင်ဟန်တို့ စကားပြောနေတာ မုန့်လုံးကိုစက္ကူကပ်နေသလို မပြီးနိုင်တော့။ သူလိုချင်တာကို လျှောလျှောရှုရှုမရတော့ ယွန်းဂျောင်ဟန်နှုတ်ခမ်းကရှေ့သို့ထွက်လာသည်။

"ဘာလဲ။ မင်းနောင်တစ်ချိန်ရည်းစားရရင်ရော မင်းမိသားစုနဲ့ မိတ်မဆက်ပေးဘူးလား။"

"မိတ်ဆက်ပေးမှာပေါ့။ ကျွန်တော့်မိသားစုတင်မကဘူး။ သေသွားတဲ့ အဘိုးအဘွား၊ အမေအဖေတွေထိ တစ်မျိုးလုံးတဆွေလုံး မိတ်ဆက်ပေးမှာ။"

"အဲ့တာဆို ငါ့ကိုမှ ဘာလို့ခွဲခြားခွဲခြားဆက်ဆံရတာလဲ။"

မင်ဂယူစိတ်လေသွားလေသည်။ ဘာလို့စကားကိုအဲ့လောက်ကတ်သတ်ပြောနေရတာလဲ။

"မင်ဂူးနော်။ တွဲတာကမှ ခုနစ်ရက်နဲ့ ခြောက်နာရီ နှစ်ဆယ့်ငါးမိနစ်ပဲရှိသေးတယ်။ မင်းငါ့ကိုငြိုငြင်နေပြီလား။"

မငြိုငြင်ရဲပါဘူး။ မငြိုငြင်ရဲပါဘူး။ နှုတ်ခမ်းကြီးက စူရုံမက ထော်လာလိုက်တာ ရှေ့က မင်ဂယူ့ကိုပြေးထိုးတော့မယ်။

နောက်ဆုံးတော့လည်း မင်ဂယူခမျာ သူ့ကိုတင်ခေါ်နင်းဖို့သာ ဆုံးဖြတ်လိုက်ရတော့သည်။ မဟုတ်လျှင် စက်ဘီးကို ဆွဲထားတာနှင့် အိမ်ကို ဒီနေ့ပြန်လို့ရတော့မည်ပုံမပေါ်။ လိုက်ရမယ်ဆိုတော့ သူ့နှုတ်ခမ်းကော့ကော့လေးတွေကပင် အပေါ်သို့ကော့တက်သွားလေသည်။ စက်ဘီးပေါ်တက်လိုက်သည်နှင့် ခါးပေါ်အလိုလိုနေရင်း ရောက်လာသည်က သူ့လက်လေးနှစ်ဖက်။ ရင်ခုန်သံတွေကို ချိုးနှိမ်တဲ့အနေနဲ့ မင်ဂယူမှာ တံတွေးတစ်ချက်သာမြိုချလိုက်ရသည်။

"ဒါနဲ့မင်းတို့အိမ်က မြို့ထဲမှာပင်လယ်စာဆိုင်ဖွင့်ထားတာဆို။"

"ဒီတိုင်းမိသားစုအိမ်ဆိုင်လေးပါ။ဒါနဲ့ ဘယ်လိုသိတာလဲ။"

"ဆော့မင်ပြောပြတာ။"

ပြုံးဖြဲဖြဲဖြေလာတဲ့အပေါ် မင်ဂယူဟူးခနဲ သက်ပြင်းချလိုက်မိသည်ထင်သည်။

"ခင်ဗျားဆော့မင်ကိုတော့ ထပ်ပြီးအနိုင်မကျင့်ပါနဲ့တော့။ ဟိုက ခင်ဗျားတို့ကိုနာမည်ကြားရုံနဲ့တင်လန့်နေတာ။"

"ဝွန်း။ မင်ဂူးကလည်း။ ငါဘယ်မှာလုပ်တော့လို့လဲ။"

သူ့ကိုနည်းနည်းလေးပြောမိတော့ ပုခုံးကိုမှီရင်း သူ့မျက်နှာလေးကိုဖွက်ထားလိုက်လေသည်။ မျက်နှာကိုမဖော်တော့တဲ့ သူ့ကို စက်ဘီးနောက်ကြည့်မှန်ကနေ ကြည့်ပြီး မင်ဂယူခပ်ဟဟသာ ရယ်မိတော့သည်။ ဘယ်လုပ်တော့မှာလဲ။ ဟိုကလန့်ပြီးကျောင်းမတက်နိုင်တာ သုံးရက်လောက်ရှိသွားပြီကို။

တွေးရင်း နင်းလာလိုက်တာ သိပ်မကြာခင်မှာပင် ကမ်းနားလမ်းဘက်သို့ ရောက်လာလေသည်။ ညနေခင်း ဝင်ခါနီးနေလုံးကြီးနှင့်အတူ ပင်လယ်ကိုလှမ်းမြင်လိုက်ရတော့ ကုန်းတက်သို့ ရောက်နေပြီဆိုတာ သိလိုက်မိသည်။

"သတိထားနော်။ ကုန်းတက်ရောက်နေပြီ။"

ပြောမိသည်နှင့်အတူ မင်ဂယူစိတ်ထဲကပင်မရည်ရွယ်ဘဲ လုပ်လိုက်မိသည့်အပြုအမူကြောင့် ပါးပြင်တွေသည် ရှိန်းခနဲ ဖြစ်သွားရလေသည်။ ငုံ့ကြည့်လိုက်မိတော့ ခါးတင်းကြပ်နေအောင်ဖက်ထားတဲ့ သူ့လက်တွေကို အပေါ်က အုံ့မိုးကိုင်ထားမိတဲ့ မင်ဂယူ့လက်တစ်ဖက်။ ဒါကို သူလည်း သတိမထားမိဘဲ နေမည်မဟုတ်။ သတိထားမိပါလိမ့်မည်။ မင်ဂယူ ရဲရဲနီစပြုနေတဲ့ မျက်နှာကို ဝင်လုဆဲနေမင်းကြီးဆီကနေဖြာကျနေတဲ့ ပတ္တမြားသွေးရောင်အောက်တွင်သော ကွယ်ဝှက်ထားလိုက်မိတော့သည်။

***

"ဒေါ်လေးရေ။ ကျွန်တော်ရောက်ပြီ။"

ဆိုင်ရှေ့မှာ စက်ဘီးကိုထိုးရပ်လိုက်တော့ လူကျနေတဲ့ကြားက အဒေါ်သည် အရှေ့သို့ ပြေးထွက်လာလေသည်။ သူ့လက်ထဲမှာက ခေါက်ဆွဲဆယ်တဲ့အတံတစ်ချောင်းနှင့်။

"မင်ဂယူလေး။ ရောက်လာပြီလား။ နောက်ကျလို့ စိတ်ပူနေတာဟေး။ ဟယ်။ သူငယ်ချင်းပါလာတာလား။"

အဒေါ်ထွက်လာပြီဆိုတာနဲ့ ပေါက်ကရတွေပြောထည့်လိုက်မှာစိုးလို့ မင်ဂယူမှာ နောက်သို့ကမန်းကတန်း လှည့်ပြီး မျက်နှာရိပ်မျက်နှာကဲပြရသေးသည်။ တကယ်ကြီး ထိုင်ရှိခိုးဆို ခိုးမှာမို့ အဒေါ့်ရှေ့မှာတော့ ပေါက်ကရတွေမလုပ်ပြပါနဲ့ဆိုတဲ့ မျက်နှာငယ်လေးနှင့်။ ယွန်းဂျောင်ဟန်ကတော့ ခပ်အေးအေးပင်။

"ကျွန်တော်က မင်ဂယူရဲ့စီနီယာပါ။ အထက်တန်းတတိယနှစ်က ယွန်းဂျောင်ဟန်လို့ခေါ်ပါတယ်။"

"မင်ဂယူ့စီနီယာလား။ ရွယ်တူတွေထင်နေတာ။ လာ။ လာ။ အထဲဝင်။"

"ကျွန်တော်အဝတ်သွားလဲလိုက်ဦးမယ်။"

စက်ဘီးကိုသွားသိမ်းလိုက်ပြီး အဝတ်မလဲခင် စိတ်ချမယ်နော်ဆိုတဲ့ သဘောနှင့် မျက်စပစ်ပြခဲ့ရသေးသည်။ မင်ဂယူပြန်ဆင်းလာတော့ ဧည့်သည်လည်းနည်းနည်းပါးသွားပြီဖြစ်ရာ သူကအဒေါ်နဲ့စကားကောင်းလို့။ ရယ်ရယ်မောမောနှင့် စကားပြောနေတာများ အဒေါ်ဆို ဘာတွေသဘောကျလို့ကျနေမှန်းမသိ ပုခုံးတွေပင် တုန်အောင် တသိမ့်သိမ့်ရယ်နေလေသည်။ မင်ဂယူသည်စိတ်ထဲက သူ့ကိုအမှတ်တစ်မှတ်ပေးလိုက်မိသည်။

မဆိုးပါဘူး။ ကျောင်းကလူဆိုးခေါင်းဆောင်က လူကြီးတွေနဲ့ စကားပြောတဲ့နေရာမှာတော့ အဆင်ပြေသား။

သူ့ကိုဧည့်ခံမဲ့အဒေါ်တစ်ယောက်လုံးရှိနေတဲ့နောက် မင်ဂယူသည် အသစ်ဝင်လာတဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့သာ ပြင်ဆင်လိုက်တော့သည်။

"အာညာစယော..ဘာများသုံးဆောင်မလဲဗျ။"

နားထဲတိုးဝင်လာတဲ့ အသံကျယ်ကျယ်ကြောင့် ဂျောင်ဟန့်ခေါင်းလေးထောင်သွားသည်။ မင်ဂယူ့အဒေါ်နှင့် စကားပြောနေရင်း အသံလာရာကို လှမ်းကြည့်လိုက်တော့ ခေါက်ဆွဲလုပ်တဲ့နေရာကနေ ဧည့်သည်တွေကို လှမ်းပြီးနှုတ်ဆက်နေတဲ့ မင်ဂယူ။ ပြီးတော့ သူတစ်ယောက်တည်းနှင့်ပင် ဆိုင်Order တွေကိုလည်း လိုက်ကောက်ပြီး သူကိုယ်တိုင်ပင် ပြင်ဆင်ချက်ပြုတ်နေသည်။

အပြာရောင်တီရှပ်ကို လက်ခေါက်ဝတ်ထားတာမို့ သူ့လက်မောင်းကြွက်သား တွေက တစ်တစ်ရစ်ရစ်။ အားကစားလိုက်စားတဲ့သူမို့ ဒီအရွယ်မှာတောင် သူ့ကိုယ်လုံးက အချိုးအဆစ်ကျနသည်။ အဖြူရောင်အေပရွန်လေးက သူ့ကိုယ်နှင့်ကျသေးနေသလိုပင်။ မျက်နှာကသာ ကလေးရုပ်ကလေးနှင့် ကိုယ်ထည်က ထွားထွားကျိုင်းကျိုင်းရှိလှတဲ့ ထိုကောင်လေးကို ဂျောင်ဟန် ပြုံးစိစိဖြင့်ကြည့်နေမိသည်။

"ကျေးဇူးတင်ပါတယ်။ နောက်လည်းလာခဲ့ပါဦး။"

ပြန်သွားတဲ့ ဧည့်သည်ကို ဦးညွတ်ကာလှမ်းနှုတ်ဆက်နေရင်း သူ့အကြည့်တွေက ဂျောင်ဟန့်ဆီ လမ်းမှားလာခဲ့သည်။ ဂျောင်ဟန် ချက်ချင်းမျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ မျက်နှာတစ်ခုလုံးရဲသွားပြီး ချက်ချင်းတစ်ဖက်သို့လှည့်သွားတဲ့ ထိုကောင်လေး။ အဲ့လိုရှက်သွားတဲ့ ပုံလေးကို အသည်းယားလွန်းလို့ ဂျောင်ဟန်မှာခွိခနဲပင်ရယ်လိုက်မိသည်။

"ဟမ်။ ဘာဖြစ်လို့လဲ။"

ရုတ်တရက်ကြီးထရယ်တဲ့ ဂျောင်ဟန်ကို နားမလည်နိုင်ဟန်ဖြင့် မေးလာတာကြောင့် ချက်ချင်းကပြာကယာငြင်းရသေးသည်။

"အာ..ဘာမှမဟုတ်ဘူး။"

ဂျောင်ဟန်မှာ ငြင်းတုန်းကငြင်းပြီးရယ်ကလည်းရယ်ချင်သေးရာ ပါးစပ်ကိုလက်နှင့် အုပ်လိုက်ရလေသည်။ သူ့တူကို အငမ်းကောင်းတာ ရှေ့ကအဒေါ်ဖြစ်သူကိုပင် မေ့သွားတဲ့အဖြစ်။

"အာ။ ဒါနဲ့ သားဂျောင်ဟန်ကို ဘာမှမကျွေးရသေးဘူး။ မင်ဂယူးရေ။ ပင်လယ်စာခေါက်ဆွဲလေး တစ်ချက်လေး လုပ်ပေးပါဦး။ စားတယ်မလားဟင်။"

"ဟုတ်။ဟုတ်။ ရတယ်။ စားတယ်။ သူကျွေးတာဆို ဘာဖြစ်ဖြစ်စားတယ်။"

အနှောင့်အသွားမလွတ်တဲ့ ဂျောင်ဟန့်စကားကြောင့် ခေါက်ဆွဲချက်တဲ့နေရာက မင်ဂယူကမျက်စောင်းလှမ်းထိုး သည်။ ဂျောင်ဟန်သည် စားပွဲပေါ်မေးလေးထောက်ရင်း မျက်စသာလှမ်းပစ်ပြလိုက်သည်။ ရှေ့ကအဒေါ်ကတော့ ဘာဆိုဘာမှမသိရှာဘဲ။

"မှာထားတာ ရပါပြီ။"

ထိုအသံနှင့်အတူ ခဏလောက်ကြာတော့ ဂျောင်ဟန့်ရှေ့ကို ပင်လယ်စာခေါက်ဆွဲ ပူပူနွေးနွေးတစ်ပွဲက ရောက်ချလာလေသည်။ ဧည့်သည်လည်းပါးသွားပြီး ဆိုင်သိမ်းချိန်လည်းဖြစ်ပြီမို့ စားပွဲတွင် မင်ဂယူပါဝင်ထိုင်လိုက်သည်။

"ဟယ်။ အကုန်,ကုန်သွားပြီလား။မင်ဂယူ။ ဘာမှမစားလိုက်ရဘူးမလား။"

ဆိုင်သိမ်းတော့ ပိုက်ဆံတွေစစ်နေရင်း ပန်းကန်တွေကိုလှန်လှောနေတဲ့ အဒေါ်ဖြစ်သူက ထအော်သည်။

"ရတယ်။ ဒေါ်လေး။ ကျွန်တော်နောက်မှထမင်းလိပ်ဖြစ်ဖြစ်လုပ်စားလိုက်မယ်။"

မင်ဂယူ ပြီးပြီးရောပြောလိုက်ရတာ။ တကယ်တော့ ထမင်းပင်ကျန်ပါတော့မလားသိပ်ပြီးမသေချာပေ။ ဗိုက်လည်းဆာ၊ ပင်လည်း ပင်ပန်းနှင့် စိတ်ညစ်ညစ်နှင့် ထိုင်နေတုန်း ယွန်းဂျောင်ဟန်က မင်ဂယူ့ရှေ့သို့ သူ့အတွက်ပန်းကန်ကို တွန်းပေးလာသည်။

"အတူလာစားလေ။ ဒီတစ်ပွဲကအများကြီးပဲ။"

အစကငြင်းဖို့ကြံပေမဲ့ မင်ဂယူဗိုက်လည်းဆာနေတာမို့ ပဲများဖို့မစဉ်းစားတော့။ ဘေးကတူတစ်စုံကို ကောက်ကိုင်လိုက်ပြီး စားဖို့ပြင်လိုက်သည်။ ပင်လယ်နားကမြို့ကလေးမို့ ဒီမြို့ကလူတွေက အစပ်ကို အတော်လေးစားနိုင်ကြတာနဲ့ မင်ဂယူတို့ဆိုင်လက်ရာကလည်း အစပ်ကဲလေ့ရှိသည်။ အစပ်ကိုလည်း နဂိုကတည်းက ကြိုက်တဲ့အပြင် စားနေကြဖြစ်သွားတဲ့ မင်ဂယူကတော့ ဒီအစပ်လောက်ကိုမမှုပေမဲ့ ဆိုးလ်ကပြောင်းလာတဲ့ တစ်ယောက်သောသူကတော့ မျက်နှာတပြင်လုံး ချွေးတွေက ပြန်လို့နေသည်။ သူ့မယ် ခေါက်ဆွဲလေးတစ်ဖက် ပါးစပ်ထဲသွင်းရတာကိုတောင် တရှုးရှုးတရှဲရှဲနှင့်။ မင်ဂယူသည် သူ့ကိုကြည့်ရင်း ကြိတ်ပြုံးလိုက်မိသည်။

လူပဲ။ အားနည်းချက်က ရှိကိုရှိမှာပဲလို့ တွေးခဲ့တာ။ Devil Trio အဖွဲ့ခေါင်းဆောင် ယွန်းဂျောင်ဟန် အားနည်းချက်က အစပ်မစားနိုင်တာပဲ။ နောက်ဆို သူစားမဲ့ထဲ ငရုတ်သီးတစ်ပိသာလောက်ကို ထည့်ပစ်ဦးမယ်။

"ဘာရယ်တာလဲ။"

"ဘာကျွေးကျွေးစားမယ်ဆိုတဲ့ သူက မစားနိုင်တော့လို့လေ။"

"စားနေတာပဲလေလို့။"

မင်ဂယူပြောသမျှကို ချက်ချင်းပြန်ပက်တဲ့သူက မခံချင်စိတ်နှင့် ခေါက်ဆွဲပန်းကန်ထဲ ခေါင်းငုံ့စားဖို့ပြင်လိုက်ရာ အရှိန်နှင့် နှစ်ယောက်သားနဖူးချင်းဆောင့်သွားမိတော့သည်။

"အာ့.."

မင်ဂယူလည်း နာသွားတာမို့ စားလက်စခေါက်ဆွဲဖက်ပင် ပြုတ်ကျလေသည်။ ဖျတ်ခနဲ မော့ကြည့်လိုက်တော့ မင်ဂယူ့ကိုပြန်ကြည့်နေတဲ့ ယွန်းဂျောင်ဟန်။ အကြည့်ချင်းဆုံသွားတဲ့အချိန်မှာ မင်ဂယူသည် ထိုမျက်ဝန်းညိုလေးတွေထဲတွင် ပိတ်မိသွားခဲ့ရလေသည်။

"စားလို့ကောင်းရဲ့လားဟင်။"

ရုတ်တရက်ကြားလိုက်ရတဲ့ အဒေါ့်အသံကြီးကြောင့် နိုးထစပြုနေတဲ့ မင်ဂယူ့ရင်ခုန်သံတွေသည် တိခနဲ ပြတ်တောက်သွားခဲ့ရသည်။ ချက်ချင်းကပြာကယာမျက်နှာလွှဲချလိုက်တဲ့ မင်ဂယူ့ရဲ့ပရမ်းပတာနိုင်မှုကို ရိပ်မိသွားတဲ့ သူ့ဆီကတော့ ရယ်သံပါးပါးလေးကလွင့်လာသည်။ အဒေါ်ကတော့ ဘာမှထွေထွေထူးထူးရိပ်မိသွားပုံမပေါ်ပါ။ မင်ဂယူ့အကြောင်းကိုသာပြန်ပြီးဖောက်သည်ချနေလေသည်။

"မင်ဂယူကလေ ဟင်းချက်လည်း အရမး်ကောင်းတာ။သိလား။

"ဟုတ်။ နောက်အစပ်နည်းနည်းလေးလျှော့ထည့်ရင်တော့ ပိုကောင်းမယ်။ဟီး။"

"အိုး။ အစပ်မစားနိုင်ဘူးလား။ ဒီလိုမှန်းသိ။ လျှော့လုပ်ခိုင်းလိုက်ပါတယ်။"

သူနဲ့အဒေါ်ရဲ့စကားဝိုင်းထဲ မင်ဂယူကတော့ ခေါင်းတောင်မဖော်ဘဲ ခေါက်ဆွဲပန်းကန်ဆီသာ အာရုံစိုက်ထားလိုက်သည်။

"အယ်။ ဒါနဲ့ စကားကောင်းနေတာနဲ့ အပြင်မှာမှောင်တောင်မှောင်နေပြီ။"

"အာ..ဟုတ်သား။ နောက်ကျနေပြီပဲ။ ကျွန်တော်သတိတောင်မထားလိုက်မိဘူး။"

နှစ်ယောက်လုံးဆီက ပြိုင်တူလိုထွက်လာတဲ့ထိုစကားကြောင့် မင်ဂယူခေါင်းလေးထောင်သွားသည်။ ခေါက်ဆွဲပြုတ်အရည်ကို ခွက်လိုက်မော့ချနေတုန်း နာရီဆီလှမ်းကြည့်လိုက်တော့ ညဘက်ကိုးနာရီတိတိ။ မြို့ကြီးပြကြီးတွေမယ် စည်တုန်းဆိုပေမဲ့ နယ်မြို့တွေကဒီချိန်ညနက်နေပြီလေ။ ယွန်းဂျောင်ဟန်သည် အပြင်ကိုကြည့်လိုက်၊ နာရီကိုကြည့်လိုက်ဖြင့် မျက်နှာငယ်လေးဖြင့် အသံတိုးတိုးလေးနှင့်ပြောလာသည်။

"ဟင်း..တော်တော်နောက်ကျနေတာနော်။ ဒီမှာပဲအိပ်ရတော့မလားမသိ..."

"ရ..ရပါတယ်။ ကျွန်တော်ပြန်လိုက်ပို့ပေးမယ်။"

မင်ဂယူသည်ချက်ချင်း ထိုင်နေရာကထ၊ နှုတ်ခမ်းကိုတစ်ရှုးတွေဘာတွေဖြင့် ကောက်သုတ်လိုက်ရင်း ယွန်းဂျောင်ဟန်လက်ကို ချက်ချင်းကောက်ဆွဲတော့သည်။

"ညကြီးမင်းကြီးဟယ်။ အခုတလော ဒီနားတဝိုက်မှာ ကလေကချေလေးတွေကလည်း သောင်းကျန်းနေတာ။"

"ရပါတယ်ဆိုနေ။ စီနီယာယွန်းအိမ်က သိပ်မဝေးဘူး။တစ်ရပ်ကွက်ကျော်တင်။ နော်။ ကျွန်တော်ပြန်ပို့ပေးမယ်။"

"ဟဲ့။ဟဲ့။ နေပါဦး။"

အဒေါ်ပြန်ပြောတာကိုတောင် မစောင့်တော့ဘဲ မင်ဂယူသည် ယွန်းဂျောင်ဟန်လက်ကို အတင်းပြန်ဆွဲခေါ်ရင်း ဆိုင်ပြင်သို့ခေါ်ထုတ်လာလိုက်သည်။ တစ်အိမ်လုံးမှာ အဒေါ်တစ်ခန်း၊ မင်ဂယူတစ်ခန်းနဲ့ အိပ်ခန်းက နှစ်ခန်းပဲရှိတာ။ ဒီညသာအိပ်ခိုင်းမယ်ဆို ကျိန်းသေ သူ့ကို မင်ဂယူ့အခန်းထဲ သိပ်ရလိမ့်မယ်။ ဘယ်လိုနည်းနဲ့မှ သူ့ကို အခန်းထဲ သွင်းလိုက်လို့ မဖြစ်ဘူး။ ဒီလူက သိပ်ကိုအန္တရာယ်များလွန်းတယ်။

"မင်းက ဘာဖြစ်နေတာလဲ။"

ဆိုင်ပြင်ရောက်တော့ သူက အိမ်မှာမသိပ်ရကောင်းလားဆိုပြီး ငြူစူချင်သည်။ သူ့အိမ်နှင့် Mingyu တို့အိမ်က တစ်ရပ်ကွက်မျှသာကွာလေရာ မင်ဂယူစက်ဘီးထုတ်မလာခဲ့တော့။ သူ့လက်ကိုဆွဲပြီးတော့သာထွက်လာခဲ့သည်။

"စိတ်မပူနဲ့။ အိမ်ရှေ့ထိရောက်အောင် လိုက်ပို့ပေးမယ်။"

လက်ကိုဆွဲခေါ်လာလို့လားမသိ။ သူ့မျက်နှာစူပုပ်နေရာကနေ တစ်ဝက်မျှပြုံးယောင်သန်းသွားသည်။ နှစ်ယောက်သား လမ်းချင်းဆွဲပြီး လမ်းလေးလျှောက်နေတော့လည်း ညမှောင်မှောင်က လမ်းမီးတိုင်မှိန်ပျပျအရောင်လောက်မျှနှင့် သာယာနေသလိုလို။ လမ်းလျှောက်ရတာ သိပ်တော့မကြာလိုက်။ ဆယ်မိနစ်မျှလျှောက်ပြီးတော့ သူ့အိမ်ရှေ့သို့ရောက်လာလေသည်။ သူ့အိမ်ကတော့ ခြံနှင့်ဝန်းလေးနှင့် သီးသီးသန့်သန့်လေး။

"အိမ်ရှေ့ရောက်ပြီမို့လား။ နောက်နေ့မှတွေ့မယ်။"

"မင်ဂယူး.."

သူ့လက်ကိုဖြုတ်ကာ နှုတ်ဆက်ဖို့ပြင်တော့ လက်ကိုပြန်ဖမ်းဆွဲလာသည်။ မင်ဂယူသည် နောက်သို့လှည့်ကြည့်လိုက်လျှင် သူ့ပါးအိအိလေးကို လက်ညိုးထိုးပြလာတဲ့သူ။ သူတော့မသိ။ မင်ဂယူကပင် ရှက်ပြီးလမ်းထဲကို ပတ်ချာလည်ဝေ့ကြည့်လိုက်ရသည်။ လူတွေဘာတွေများရှိနေလားလို့။

"ပိုပိုပေးလို့။ပေးလို့။"

မင်ဂယူ့လက်ကိုဆွဲပြီး တစ်ကိုယ်လုံးကိုလှုပ်ရမ်းကာ ပြောနေတဲ့ပုံက ကလေးလေးတစ်ယောက်နှယ်။ မင်ဂယူမှာခေါင်းကုတ်ဖင်ကုတ်နှင့် အကြပ်ရိုက်ကုန်တော့သည်။ မနမ်းလျှင်လည်း ဘယ်လိုမှ အိမ်ပေါ်ပြန်တက်မဲ့ပုံမရှိ။ နောက်ဆုံးတော့လည်း မင်ဂယူကပင် သူ့စိတ်တိုင်းကျလိုက်လျောရလေသည်။ ခါးကိုကိုင်းကားရှေ့သို့ တိုးလိုက်ပြီး သူလက်ညိုးထိုးပြထားတဲ့ ပါးလေးကို ထိဖို့လုပ်လိုက်လျှင်ပင် တခြားနေရာက ဖျတ်ခနဲခံစားလိုက်ရတဲ့ အနမ်းလေး။

"အွန့်.."

နှုတ်ခမ်းချင်းထပ်ကာ ပိတ်ကာလိုက်တော့ အံ့သြသွားတာတောင် မင်ဂယူမှာ အသံထွက်စရာ အခွင့်အရေးမရလိုက်။ နှုတ်ခမ်းကိုအနမ်းခြွေချလိုက်သည်နှင့်အတူ သူ့လက်နှစ်ဖက်လုံးကလည်း မင်ဂယူ့ပုခုံးမယ် တွဲလွဲခိုပြီးသားပင်။ မင်ဂယူကလန့်သွားသလောက်သူကတော့ မျက်တောင်ရှည်လေးတွေပင် ကော့စင်းကာ ငြိမ်သက်လျက် ထိုအနမ်းရဲ့နူးညံ့မှုကို အပြည့်အဝခံယူလို့နေလေသည်။

တကယ်ကိုမရှက်တမ်းဝန်ခံရလျှင်တော့ ဖျတ်ခနဲရရှိခဲ့တဲ့ ပထမဆုံးအနမ်းတုန်းက သေချာတောင်ခံစားခွင့်မရှိခဲ့ရာ ဘယ်လိုခံစားချက်မျိုးများလဲလို့ မင်ဂယူမှန်းဆခဲ့မိဖူးသည်။ ဝတ္ထုတွေထဲက ပုံဖော်ထားသလို ချိုမြိန်နေမှာလား။ ဒါမှမဟုတ် သူအမြဲစားနေကျစုတ်လုံးအရသာလိုခပ်ရှိန်းရှိန်းလေးလား။ တကယ်တော့ တစ်ခုမှဟုတ်မနေဘဲ အခုအနမ်းဟာ မင်ဂယူကိုယ်တိုင်ချက်ကျွေးခဲ့တဲ့ ပင်လယ်စာခေါက်ဆွဲရဲ့ပူစပ်စပ်အရသာလေးပင်။ 

Continue Reading

You'll Also Like

18.7K 1.7K 22
Unicode သစ္စာဖောက်ဖို့အတွက် မင်းပြတဲ့ အကြောင်းပြချက်က အချစ် ဟုတ်လား Lee Jeno! #NaJaemin မင်းယုံမှာတော့မဟုတ်ဘူးJun! ဒါပေမဲ့ ငါ့အချစ်က မင်းနဲ့တွေ့မှ အသ...
41.2K 2.9K 72
ဖတ်ကြည့်နော်😉😉
32.4K 5K 35
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
78.8K 4.3K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။