ဧည့်ခန်းထဲမှာ မမမိဘတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်ရသည်။ ဖေဖေကတော့ လီဆာတို့ဘေး ဆိုဖာတွင် ထိုင်သည်။ မမအဖေက လီဆာတို့ နှစ်ယောက်ကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေသည်။
'' မင်္ဂလာပွဲတော့ လုပ်ရမယ်ထင်တယ် မစ္စတာကင် ''
'' မင်္ဂလာပွဲ လုပ်မပေးနဲ့ မာနိုဘန်။ ဒင်းတို့နဲ့ မတန်ဘူး။ အကျဥ်းချုံးပြီး လက်မှတ်ပဲထိုးခိုင်းလိုက် ''
လက်ထပ်ပွဲ လုပ်ချင်သည်။ မမကို ခမ်းနားစွာ လက်ထပ်ယူချင်သည်။ မမဟာ လီဆာ့အပိုင်ဖြစ်ကြောင်း လောကကြီးကို ဂုဏ်ယူစွာ ပြောချင်သည်။
'' ဧည့်ခံပွဲတော့ လုပ်ချင်ပါသေးတယ် ''
လီဆာ့ဆန္ဒကို မမဖေဖေကို ပြောလိုက်သည်။ မမက သူမနှင့်မဆိုင်သည့်အလား မည်သည့်စကားမှ ဝင်မပြော။ သူမရဲ့လက်ကလေးကိုပဲ ငုံ့ကြည့်ကာ မျက်လွှာချနေခဲ့သည်။
'' လုပ်တုန်းကလုပ်ပြီး ဘာကိစ္စ အခုမှအသံတိတ်နေတာလဲ ဂျန်းနီကင်။ ငါသိခဲ့တဲ့ ငါ့သမီးက လိုချင်တာ လုပ်ချင်တာကို ရဲရဲဝံ့ဝံ့ လုပ်ရဲပြောရဲတဲ့လူမျိုး။ မာနိုဘန် သူတို့နှစ်ယောက် လက်ထပ်ပြီးတာနဲ့ မင်းတို့မျိုးရိုးထဲကို ခေါ်သွား။ ငါ့သမီးလို့ပြောရမှာ ရှက်လွန်းလို့ ''
ဒီစကားတွေက ဂရုဏာဒေါသကြောင့် ထွက်လာသော စကားတွေဖြစ်သည်။ မမဟာ တဦးတည်းသောသမီး၊ မမရဲ့ဖေဖေက မမကို အများကြီးမျှော်လင့်ထားပြီး ထင်သလို ဖြစ်မလာတာမို့ စိတ်ဆိုးနေခဲ့သည်။ အပြစ်ရှိသူက လီဆာဖြစ်လို့ သူကပဲ ဦးဆောင်ပြီး မင်္ဂလာကိစ္စကို ပြောဆိုသည်။
'' မမကို မဆူပါနဲ့။ လီလီ တဇွတ်ထိုး လုပ်မိခဲ့တာပါ။ အကြီးအကျယ်မဟုတ်တောင် ဒင်နာလောက်တော့ လုပ်ချင်ပါတယ် ''
ထိုအခါမှ ဦးလေးကင်က တထစ်လျှော့သွားသည်။ မနက်ပိုင်း လက်မှတ်ထိုးပြီး ညဘက်တွင် ဒင်နာလုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
'' လက်ထပ်ပြီးရင် ဒီအိမ်မှာပဲ နေပါမယ်။ ဘယ်ဘက်မိဘအိမ်မှာမှ လိုက်မနေပါဘူး ''
တချိန်လုံး ငြိမ်နေခဲ့တဲ့ မမဆီက စကားသံ။ လီဆာ ပျော်သွားသည်။ ဝမ်းသာအားရပင် မမစကားကို ထောက်ခံလိုက်သည်။
'' ဟုတ်ပါတယ်။ လီလီတို့ ဒီအိမ်လေးမှာပဲ နေမယ် ''
လီဆာ ထင်တာပေါ့။ ထင်ခဲ့တာပေါ့လေ။ မမဟာ လီဆာတို့ ပထမဆုံးဖြတ်သန်းဖူးတဲ့ အိမ်ကလေးမို့ နေချင်သည်ပေါ့။
နောက်ထပ်ရက်တွေ ထပ်စောင့်ရမှာစိုးလို့ မြန်မြန်ဆန်ဆန်ပဲ ၂၃ရက်နေ့ကို ရွေးချယ်ခဲ့သည်။ dress ကို ဆင်တူဝတ်ဖို့ မမကို ပြောပေမယ့် မမက.... ။
'' အာရုံတွေ လာမနောက်နဲ့။ နင့်မင်္ဂလာဆောင် နင်ကြိုက်တာလုပ် ''
မမကြိုက်တဲ့ Black Dress ပဲ ရွေးချယ်ခဲ့သည်။ ဒင်နာအတွက် ဖေဖေက ပြင်ဆင်ပေးသည်။ မမတို့ဘက်က မိဘတွေကတော့ လက်ထပ်ခြင်း နှစ်ခါဖြစ်နေ၍ ရှက်နေသည်။
ဒါတွေကို လီဆာ မမှုအားနိုင်။ ချက်ချင်းစီစဥ်ရတဲ့ လက်ထပ်ပွဲအတွက် အလွန်အမင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ အလုပ်ရှုပ်နေခဲ့သည်။
'' ချယ်ယောင်းလား။ ငါ ဒီနေ့ပဲ လက်ထပ်ပြီ။ ဘယ်သူနဲ့ဖြစ်ရမှာလဲဟ မမနဲ့လေ။ အေး .. ငါ့မမ ဂျန်းနီကင်နဲ့ပဲ။ အဲဒါ နင့်ကို လှမ်းကြွားတာ။ ရတယ် မလာဖြစ်လည်း ကိစ္စမရှိဘူး။ အေးပါ... အဲဒါဆို ဒါပဲနော် ''
လက်မှတ်ထိုးနေတဲ့ မမကို လီဆာ စောင်းငဲ့ကြည့်လိုက်သည်။ အဖြူရောင် ဂါဂန်လေးနဲ့ ဆံပင်ကို တဖက်ချထားသော လီဆာ့ဇနီးလေးဟာ ဂန္တဝင်ဆန်လှသည်။ လက်ထပ်စာချုပ်ပေါ် မမ လက်မှတ်လေး ရောက်သွားမှ လီဆာ အသက်ရှူနိုင်သည်။ ဘယ်အချိန်ထွက်ပြေးမလဲလို့ လန့်နေခဲ့တာ။
ဒင်နာ မမတို့ခြံထဲမှာ ကျင်းပသည်။ အိမ်ကိုပြန်ပြီးမှ ဒီကိုပြန်လာရင် နောက်ကျမည်ဟု မေမေကပြောသည်။ မေမေ့စကားကို နားထောင်ပြီး မမရဲ့အခန်းလေးထဲမှာ အနားယူဖို့ လုပ်လိုက်သည်။
'' မမ ပျော်လားဟင် ''
လီဆာ ရူးနေတယ်လို့ ထင်ကောင်းထင်ကြလိမ့်မည်။ တကယ်လည်း ရူးသွပ်နေပါသည်။ မမက သူ့ကို အကြည့်ချင်းပင်မဆုံ။ ရေချိုးအင်္ကျီကိုယူ၍ ရေချိုးခန်းထဲဝင်သွားသည်။
မမရဲ့အခန်းကို လီဆာလာနေကြ။ သို့သော် မမရဲ့ဇနီးအဖြစ် ဒီအခန်းကို ပြန်လာရတဲ့အခါ ရင်ထဲတလှပ်လှပ် ဖြစ်နေသည်။ စာကြည့်စားပွဲလေးပေါ် မမနှင့်သူ့ပုံလေးကို တွေ့သည်။
* မမက အချိန်ကြာရင် ငါ့ကို ခွင့်လွှတ်မှာပါ *
ကိုယ့်ကိုကိုယ် အားပေးရင်း ကုတင်ပေါ် ပစ်လှဲလိုက်သည်။ မျက်ခွံတို့ကို အနားပေးလိုက်တော့ တခဏအတွင်း အိပ်ပျော်သွားသည်။
'' ဘော့စ် .. ဘော့စ် ညနေရောက်နေပြီ။ ဘော့စ် ထပါတော့ ''
နားထဲတွင် ပိုလို့အသံကို ကြားသည်။ နေပါဦး သူများဇနီးမယားအခန်းထဲ သူက ဘာလာလုပ်တာလဲ။ လေးလံနေတဲ့ မျက်ခွံတွေကို အားယူဖွင့်မိသည်။
'' ပိုလို ''
'' ဒင်နာစဖို့ မိနစ်နှစ်ဆယ်ပဲ လိုပါတော့တယ် ဘော့စ် ''
'' အဲဒါထက် နင်က ဘာလုပ်နေတာလဲ ''
'' မမလေးဂျန်းနီက ဘော့စ်အိပ်နေတယ်။ သွားနှိုးလိုက် ဆိုလို့ ကျွန်တော်ရောက်နေတာပါ ''
'' သူကရော ''
'' ဘော့စ်ရဲ့ဖခင်နဲ့ စကားပြောနေပါတယ် ''
'' ဟ ''
ဆံပင်တွေကို ဖွကာ အိပ်ရာက ထလိုက်သည်။ မမက ဘာအချိုးချိုးတာလဲ။ ပိုလိုဟာ ဘယ်လိုပဲ သက်တော်စောင့် လူယုံလို့ပြောပါစေ။ သူစိမ်းယောကျာ်းတယောက်ကို အိပ်ပျော်နေတဲ့ ကိုယ့်ဇနီးအနား လွှတ်နိုင်တာကို လီဆာအံ့သြမိသည်။
'' ငါ ဆင်းခဲ့မယ် ''
'' မှာထားတဲ့ဝတ်စုံကို ကျွန်တော် ဒီမှာထားခဲ့မယ်နော်။ ကျွန်တော် အောက်ကစောင့်နေပါ့မယ် ''
ရိုရိုကျိုးကျိုး နှုတ်ဆက်ကာ ပိုလိုဟာ ပြန်ထွက်သွားသည်။ ပြဿနာလည်း မတတ်ချင်လို့ ရေချိုးခန်းသာ ဝင်လိုက်သည်။
လီဆာက လူမှုဆက်ဆံရေး ညံ့သည်။ ဒင်နာမှာ လီဆာ့အသိဆိုလို့ ပိုလိုနဲ့ မမသာရှိသည်။ ကျန်တာက ဖေဖေ့မိတ်ဆွေ၊ မမမိဘတွေရဲ့ လုပ်ငန်းပါတနာများ၊ မမရဲ့သူငယ်ချင်းတွေနှင့် လုပ်ဖော်ကိုင်ဖက်တွေချည်း ဖြစ်၏။ ပျော်နေတဲ့ သူကတော့ လူတိုင်းကို ပြုံးပြနှုတ်ဆက်နေသည်။ တစုံတယောက်ကို မမြင်ခင်အထိပေါ့။
'' ဂုဏ်ယူပါတယ်နော် ဂျိန်း ''
ဒီကောင်ကို မမ ဖိတ်သလား။ သူကတော့ မဖိတ်မိ။ ဘာလာလုပ်တာလဲ။ မရှက်ဘူးလား ဒီကောင်က။ မင်္ဂလာပွဲပျက်ထားတဲ့ သတို့သမီးရဲ့ wedding dinner ကို တတ်ရဲတာက နည်းတဲ့စောက်ရှက်မဲ့မှုလား။
လီဆာ့အတွေးတို့ ချာချာလည်နေစဥ် မမဟာ ထိုအမျိုးသားရဲ့ရင်ခွင်ထဲ ရောက်နေခဲ့သည်။ လီဆာ အံကြိတ်ပြီး မမကို ဆွဲထုတ်ဖို့ ပြင်နေတုန်း...။
'' လီလီ မိတ်ဆက်ပေးမလို့။ ဒီကို ခဏလာပါဦးကွာ ''
ဖေဖေ့အသံကြောင့် ကိုယ်ရှိန်သပ်လိုက်သည်။ မမကို လွှတ်မထားနိုင်ဘူး။ လီဆာ့ဘေးမှာ ထားမှဖြစ်မယ်။
'' သွားကြမယ် မမ။ ဖေဖေ ခေါ်နေပြီ ''
'' အများကြီး ပျော်နေရမယ်နော် ကလေး။ ဒီလိုဖြစ်လာမယ်ဆိုတာ အစ်ကိုသိပါတယ်။ အစ်ကိုက မိုက်ရူးရဲဆန်ခဲ့တာပါ ''
အရုပ်လေးတရုပ်လို မမကို အဲ့ကောင်ရှေ့ကနေ လီဆာ့ဘေးကို ဆွဲယူလိုက်သည်။ ဟန်ချက်ပျက်ကာ မမခန္ဓာကိုယ်လေး လီဆာ့ရင်ခွင်ထဲသို့ ရောက်လာသည်။
'' အခုလို ကျွန်မတို့ wedding dinner ကို တတ်ရောက်ပေးလို့ ကျေးဇူးတင်ပါတယ်။ သွားခွင့်ပြုပါဦး ''
သူစိမ်းယောကျာ်း ရင်ခွင်ကို လွယ်လင့်တကူ ခိုဝင်ထားတဲ့မမကလေ သူ့လက်မောင်းကိုဆွဲကိုင်ဖို့ကျ ရွံနေတဲ့ ပုံသဏ္ဍန် လုပ်ပြသည်။ မခံချင်တဲ့ ဒီလူကပဲ တဇောက်ကန်းဘွဲ့ကို ထပ်ယူရတာပေါ့။
'' လာခဲ့ ဒီကို ''
လူအများသိမှာကလည်း စိုးရိမ်ရသေးသည်။ အလိုမတူပဲ ကားတင်ပြေးထားခြင်းကို တခြားသူတွေ သိလို့ရပေမယ့် မမအဖေတော့ သိလို့မရဘူး။ ရုန်းရင်းဆန်ခတ်မဖြစ်အောင် မမအနား တိုးလိုက်သည်။
'' လီလီ ဒီအန်ကယ်လ်က သမီးဖိုးဖိုး လက်ထက်ကတည်းက ဖေဖေတို့ လုပ်ငန်းကိစ္စတွေကို တာဝန်ယူပေးခဲ့တဲ့ ရှေ့နေဘတ်ဂျောင်ယော။သမီးတို့နှစ်ယောက်က ဇနီးမယားတွေဖြစ်သွားပြီဆိုတော့ လီလီ စီအီးအို ဖြစ်တဲ့အခါ သမီးဂျန်းနီက ဥပဒေအကြံပေးအဖွဲမှာ ဒါရိုက်တာရာထူးနဲ့ ဝင်စေချင်တယ် ''
'' ညနေက ကျွန်မပြောထားသလိုပါပဲ အဖေ။ တရားသူကြီးတာဝန်ကနေ ရပ်ဆိုင်းတော့မှာပါ ''
'' အဲ့ဒါကြောင့် အဖေက company မှာ လီလီနဲ့အတူတူ အလုပ်ဝင်ခိုင်းတာပေါ့ ''
'' မလုပ်နိုင်ပါဘူး တောင်းပန်ပါတယ် ''
စိတ်ဆိုးနေသော ကြောင်ပေါက်လေးကို ချစ်လွန်းလို့ နှလုံးတွေ ပေါက်ကွဲထွက်တော့မယ်။ မမက စိတ်ဆိုးနေချိန်ဖြစ်ပြီး ဒီကိစ္စကို လက်မခံနိုင်တာ လီဆာ ကောင်းကောင်းသိသည်။
'' နောက်မှပြောကြတာပေါ့ ဖေဖေရဲ့။ အခုမှ လက်ထပ်ထားတာ နာရီပိုင်းပဲရှိသေးတာကို ''
တင်းမာနေတဲ့ အခြေအနေကို လီဆာ ဝင်ထိန်းလိုက်သည်။ ဖေဖေက ခေါင်းငြိမ့်ပြီး စကားလမ်းကြောင်း ပြောင်းသည်။
'' ကျွန်တော်တို့မိသားစုဖြစ်ပြီဆိုတော့ ကျွန်တော့်ချွေးမကို မိသားစုနာမည်လေး ထည့်ချင်တယ်။ ဥပဒေနဲ့ညီအောင် ကူညီပေးပါဦး ရှေ့နေဘတ် ''
'' ဟုတ်ကဲ့ ဖြစ်စေရပါမယ် ဥက္ကဌကြီး ''
ချစ်စရာ တွန့်ချိုးနေသော မျက်ခုံးလေးနှစ်ဖက်ဟာ ကားတစီးပြန်သွားပြီးနောက်မှာတော့ အေးစက်စက် အသွင်ဘက်ကို ပြောင်းသွားသည်။
မမ သူငယ်ချင်းတွေက သဘောကောင်းသည်။ လီဆာနှင့်ဖုန်းနံပါတ်များ လဲလှယ်ကာ မကြာခဏ ဆက်သွယ်ဖို့ပြောသည်။ ဆက်သွယ်ပါ့မယ် ပြောလိုက်ပေမယ့် တကယ်မဆက်သွယ်နိုင်ဘူးဆိုတာကို နှစ်ဦးနှစ်ဖက် သိကြသည်။
'' အချိန်မဟုတ်ပဲ မိုးရွာနေတယ်နော် မမ ''
ညအိပ်ဝမ်းဆက်လေးနဲ့ ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့မမကို လီဆာပြောသည်။ မမက သူ့စကားကို ပြန်မပြော။ ဖတ်လက်စ စာအုပ်ကိုသာ ဖတ်နေသည်။
လိုက်ကာစကို ဆွဲပိတ်ပြီး မမဘေးနား ဝင်လှဲတဲ့အခါ ချက်ချင်းဆိုသလို ထသွားသည်။ စာကြည့်စားပွဲကနေ တခုခုကို ရေးပြီး လီဆာ့မျက်နှာကို ပစ်ပေါက်သည်။
* ငါ့အသားကို မထိနဲ့ *
မိုးတွေရွာနေပြီး လျှပ်စီးများ လက်နေသည်။ မိုးကလည်း သည်းကြီးမည်းကြီး။ အိမ်ကိုပြန်ဖို့ အရမ်းနောက်ကျနေ၍ မမရဲ့အခန်းထဲမှာ သူတို့ရှိနေခြင်း ဖြစ်သည်။
'' ဟုတ်ပါပြီ မထိဘူးလို့ ကတိပေးတယ်။ ဒီမှာ လာအိပ်တော့။ တနေကုန် ပင်ပန်းထားတယ်မလား ''
မမက မလာပဲ စားပွဲနားသာ ရပ်နေသည်။ အချိန်တန်ရင် လာအိပ်မှာပဲဆိုတဲ့စိတ်နဲ့ လီဆာ အရင်အိပ်လိုက်သည်။
လှစ်ဟာမှုနဲ့အတူ မျက်လုံးတွေ ပွင့်လာသည်။ ဘေးနားမှာ မမမရှိ။ ကွက်လပ်လေးက အေးစက်စက်။ မမတို့အိမ်ကို ငယ်ငယ်တည်းက လာနေကြမို့သာ တော်ပေသည်။ မမက သူ့အတွက် ဘာမှမပြင်ဆင်ပေးထား။ ကိုယ့်ဟာကိုယ် ပြင်ဆင်ချယ်သကာ အောက်ထပ်ကို ဆင်းခဲ့သည်။
'' good morning မေမေ။ အိမ်သူသက်ထားကို မမြင်ပါလား။ ဘယ်သွားလဲ ''
ခပ်နောက်နောက်စကားကို မေမေဟာ ပြုံးပြီး..။
'' ခြံထဲမှာ ရှိပါ့။ အခုပဲ မနက်စာစားပြီး ထွက်သွားတာ။ လီလီက မနက်စာစားဦး ''
'' ဟုတ်ကဲ့ ''
နဂိုဗီဇ စိတ်ရင်းကောင်းတဲ့ မေမေက လီဆာတို့ကို ခွင့်လွှတ်ပေးရှာသည်။ မမဖေဖေနဲ့ မမကတော့ စကားမပြောကြ။ မနက်စာ စားနေတုန်း မမပြန်ရောက်လာသည်။
'' ပြန်တော့မယ် မေမေ ''
'' ငယ်လေး စားနေတုန်းပဲ သမီး ''
'' အပေါ်တတ်ပြီး ပြင်ဆင်လိုက်ဦးမယ် ''
လီဆာ့ဖြစ်တည်မှုကို မမက လျစ်လျူရှုသည်။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ စောဒက မတတ်ရဲ။ မမကို ပိုင်ဆိုင်သူက လီဆာဖြစ်နေပြီပဲ။ ဒီလောက်တော့ ခံနိုင်ရည် ရှိရမယ်။
သောက်လက်စ ကော်ဖီကို မော့ချပြီး မမနောက်ကို လိုက်တော့ ခပ်လှလှမျက်စောင်းဟာ ဒိုင်းခနဲ။ ချစ်ရပါသည်။ ထိုကဲ့သို့ မျက်စောင်းလေးကိုတောင် သူ့မှာ မြတ်နိုးရပါသည်။
8 _ 4 _ 2024