Empress with no Virtue
Chapter 93
Translator – Utopia
ရှန်းပုအကျဥ်းထောင် (ရာဇဝတ်ရုံးတော်အကျဥ်းထောင်)အတွင်း စားသောက်နေထိုင်ရတဲ့ပုံစံက အကျဥ်းသားတွေရဲ့ ပြစ်မှုအပေါ်လိုက်ပြီး ကွဲပြားတယ်။ ဥပမာအနေနဲ့ ကျီလီယို့လို အပြစ်ကြီးကျူးလွန်ခဲ့တဲ့သူမျိုးက အကျဥ်းတိုက်ထဲ အိပ်ရာနဲ့အတူ သီးသန့်ခွဲထားပြီး စားစရာကိုလည်း သီးသန့်ခွဲစားရတယ်။ သာမန်အကျဥ်းသားတွေထက် ပိုကောင်းတဲ့အကျဥ်းသားဝတ်စုံကို ဝတ်ရပြီး မီးခိုးရောင်အဝတ်အစားပေါ်မှာ "အကျဥ်းသား"ဆိုတဲ့စာလုံးကို ကြီးမားစွာ ရိုက်နှိပ်ထားတယ်။ သူ့ပုံစံက ရုံးတော်ကအရာရှိတွေ မတရားဖမ်းဆီးတာခံရတဲ့ စာပေသမားနဲ့တောင် တူနေတယ်။
ဒါပေါ့ ဒါကလည်း အပြင်ပန်းပုံစံပါပဲ။
ဒီအကျဥ်းသားကိုက အရှင်မင်းကြီးကိုယ်တိုင် တော်ဝင်မင်းမိန့်နဲ့အတူ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရှန်းပုက ကွမ်းယွမ် (အမှုစစ်အရာရှိ)တွေထက် အဆင့်မြင့်တဲ့ လျှို့ဝှက်စစ်ဆေးရေးမှုးတွေကိုယ်တိုင် တိုက်ရိုက် သီးသန့် စုံစမ်းစစ်ဆေးတာဖြစ်တယ်။
ဒါကြောင့်မို့ တော်ဝင်အမိန့်စာကိုင်ပြီး ဝင်ထွက်သွားလာနေတဲ့သူကို တွေ့ရတဲ့အခါ ထောင်စောင့်တွေလည်း အထူးအံ့ဩမနေမိတော့ချေ။ ဒါပေမဲ့ ဒီနေ့လာတဲ့သူက ပုံမှန်ထက် ထူးခြားနေတယ် ..... ရုပ်ရည်က ချောမောခန့်ညားပြီး ဖြတ်သွားတဲ့အခါ ဒီလူငယ်လေးကို မိန်းကလေးတိုင်း သဘောကျကုန်တဲ့အတွက် ယောကျာ်းထုကြီးရဲ့ မနာလိုခြင်းကို ခံရမယ့်သူမျိုးဖြစ်တယ်။
ဒါ့အပြင် သူ့ခြေလှမ်းကိုပဲ ကြည့်ရင်တောင် ဒီလူရဲ့သိုင်းပညာက မနိမ့်ဘူးဆိုတာ ခန့်မှန်းလို့ရတယ်။
ရုပ်ချောရုံတင်မကဘူး သိုင်းကလည်း တော်သေးတယ်၊ တကယ် မနာလိုဖြစ်အောင်ကို ပြီးပြည့်စုံနေတာပဲ။
ထောင်စောင့်တွေရဲ့မနာလိုအားကျတဲ့ အကြည့်အောက်ကနေပဲ ကျီဝူကျိုး အေးအေးဆေးဆေးပဲ လမ်းလျှောက်လာခဲ့တယ်။ ကျီလီယို့ လက်ထိပ်ခတ်ခံထားရပြီး ခြေထောက်မှာလည်း သံခြေကျင်းနဲ့ချိတ်ခံထားရတာ မြင်တွေ့လိုက်ရတယ်။ အကျဥ်းထောင်မှာကျွေးတာတွေပဲ ရက်အတော်ကြာ စားနေရပေမဲ့ သူ့ပုံစံက နည်းနည်းလေးမှ ပိန်ချုံးသွားတာမျိုး မရှိဘူး။ မုတ်ဆိတ်မွှေးမရိတ်ရတာကြာပြီမို့သာ မျက်နှာက ညှင်းသိုးသိုးနဲ့ လူကြီးပုံပေါက်သွားတာပဲ ရှိတယ်။
ကျီလီယို့ သူ့ကို တွေ့တဲ့အခါ အေးစက်စက် ပြုံးလိုက်ရင်း
"မင်း သတ်ချင်တယ်ဆိုရင်လည်း ငါ့ခန္ဓာကိုယ်ကို အပြစ်ဒဏ်အနေနဲ့ ဖြတ်တောက်ပြီး လက်ကျန်ပုန်ကန်သူတွေကို မျှားခေါ်ခွင့်ပေးတယ်"
ကျီဝူကျိုး သူ့ကို ဆက်စစ်ဆေးဖို့ မရှိတော့ဘူး။ ပိုင်ကျန်းချန်နဲ့ အပေါင်းအပါတွေကိုလည်း အားလုံး ဖမ်းမိသွားပြီဖြစ်ပြီး ကျီလီယို့ရဲ့လက်ရုံးတွေကိုလည်း ဖမ်းထားပြီးပြီ။ တစ်ယောက်နှစ်ယောက်လောက် လွတ်သွားတာက ကိစ္စမရှိချေ။ ကျီလီယို့မရှိရင် ဒီလူတွေလည်း နောင်မှာ ပုန်ကန်စရာအကြောင်းပြချက် ရှိတော့မှာ မဟုတ်တော့ဘူး။
ကျီဝူကျိုး သူ့ကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။
"တကယ်တော့ မင်း သေစရာမလိုပါဘူး"
ကျီလီယို့က အေးစက်စက်ပဲ နှာခေါင်းရှုံ့လိုက်တယ်။
"မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိုယ်တော့်ဆီမှာ အစ်ကိုတစ်ယောက်ရှိတယ် သိခဲ့ရတုန်းက ကိုယ်တော် တကယ် ဝမ်းသာခဲ့တာ။ ကျီမျိုးရိုးက အစကတည်းက အားနည်းနေခဲ့တာလေ။ မင်း ထီးနန်းလုဖို့ လုပ်ခဲ့ပေမဲ့လည်း အဲ့အတွက် ကိုယ်တော် မင်းကို သတ်လိုစိတ် မရှိခဲ့ဘူး။ ဒါပေမဲ့ မင်းလိုချင်တာ တစ်ခုတည်းအတွက်နဲ့ ရေကြီးအောင် မလုပ်ခဲ့သင့်ဘူး။ အပြစ်မဲ့တဲ့ပြည်သူတွေရဲ့ဘဝပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ ကိုယ်တော်က မင်းကို အသက်ရှင်ခွင့်ပေးရင်တောင် ပြည်သူတွေက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး"
"မင်းက ကျီဝူကျိုးပဲလေ၊ မင်း အဲ့မှာရပ်ပြီး ငါ့ကို အပြစ်တင်နေလို့ရတယ်" ကျီလီယို့က ခနဲ့ပြောဆိုလာတယ်။ "မင်းမှာ အားလုံး ပိုင်ဆိုင်ခဲ့ရပြီး ငါ့မှာတော့ ဘာမှမရှိခဲ့ဘူး။ ဘယ်သူသေသေ မသေသေ ငါ ဂရုမစိုက်ဘူး၊ ငါ့အလှည့်တုန်းကကျ ဘယ်သူမှ ငါ့ကို ဂရုစိုက်ခဲ့ကြတာမှ မဟုတ်တာ။ အားလုံးက ကျီဝူကျိုးဖြစ်ချင်ကြပေမဲ့ ကျီလီယို့အနေနဲ့ပဲ မွေးလာရတယ်"
တကယ်တော့ ကျီလီယို့ ဘာလို့ဒီလိုတွေးရလဲ ကျီဝူကျိုး နားလည်ပေးလို့ရပါတယ်။ အသက် ၃နှစ်မှာတင် အဖြစ်ဆိုးတွေကြုံခဲ့ရပြီး အနှစ်၂၀လုံး အမုန်းတရားတွေနဲ့ပဲ နေထိုင်ခဲ့ရတယ်။ သူ့မျက်လုံးထဲမှာ ထီးနန်းကလွဲပြီး ဘာမှ မရှိတော့ဘူး။ ထီးနန်းရဖို့အတွက်နဲ့ လူသောင်းချီကို သတ်ပစ်ခဲ့တယ်။ လူထောင်သောင်းချီ ထပ်သတ်ရရင်တောင် သူ တစ်ချက် မျက်တောင်ခတ်မှာ မဟုတ်ဘူး။
ကျီဝူကျိုးလည်း သူ့ကို မသေခင်မှာ ထပ်ပြီး တရားချမနေချင်တော့ဘူး။
"မင်း နောက်ဆုံးအနေနဲ့ ဖြစ်ချင်တဲ့ဆန္ဒမျိုး ရှိလား"
"အင်း၊ ငါတို့က သွေးသားရင်းဆိုတာကို ထောက်ပြီး ဒီတစ်ခုကိုတော့ မင်း လိုက်လျောပေးစေချင်တယ်"
"ဘာလဲ"
"ငါ့ကို ကျန်းကျန်းလက်ထဲမှာ သေခွင့်ပြုပါ"
ကျီဝူကျိုး ရုတ်တရက် တစ်ခုကို သွားသတိရသွားတယ်။ အဲ့နေ့တုန်းက သူ ကျန်းကျန်းကိုချည်ထားတဲ့ကြိုးကို ဖြတ်ချဖို့လုပ်လိုက်ပေမဲ့ လမ်းတဝက်မှာပဲ ရပ်သွားပြီး ဓားကို ပစ်ချလိုက်ကာ သူမကို တိုက်ခိုက်ခွင့်ပေးလိုက်တယ်။ သူ့နောက်ဆုံးအခွင့်အရေးကို လက်လျှော့ပစ်လိုက်တာပဲ။
"မင်း သူ့ကို သဘောကျနေတာပဲ"
ကျီဝူကျိုး ဒီအချက်ကို လက်ခံလိုက်ဖို့ တွန့်ဆုတ်နေမိတယ်။ ကျီလီယို့ရဲ့နှုတ်လမ်းက တွန့်ချိုးသွားပြီး
"ဒါပေါ့ သူမက နှစ်သက်စရာကောင်းတဲ့မိန်းကလေးပဲဟာ"
ကျီဝူကျိုး သူပြုံးနေပုံကို မကြိုက်တာကြောင့် မျက်မှောင်ကျုံ့လိုက်တယ်။
"ကျန်းကျန်းက အခု ကိုယ်ဝန်ကြီးနဲ့။ အခုလို သွေးသံရဲရဲတွေ မြင်ရရင် သူမအတွက် ကောင်းမှာမဟုတ်ဘူး"
"ကိုယ်ဝန်ရှိနေတယ်?" ကျီလီယို့ နည်းနည်းတော့ အံဩသွားတယ်။ "နှမြောစရာပဲ ငါ လုံးဝ သတိမထားခဲ့မိဘူး"
သူ့အပြုံးမှာ ကောက်ကျစ်မှုတွေကို တွေ့လိုက်ရပြီး ကျီဝူကျိုး တကယ် စိုးရိမ်ကြောက်ရွံသွားတယ်။
"ဒါကြောင့်မို့ ကိုယ်တော် မင်းကို ညင်ညင်သာသာပဲ သေခွင့်ပြုမယ်။ ဒါပေမဲ့ ကျန်းကျန်းကတော့ ဒီကိစ္စမှာ ပါစရာမလိုဘူး"
"မလိုပါဘူး။ မင်း သူမကိုသာ သွားမေးလိုက်ပါ။ ကြည့်ရတာ သူမကိုယ်တိုင် ငါ့ကို သတ်ချင်နေတဲ့ပုံပါပဲ"
ဒီလိုနဲ့ နောက်ဆုံးတော့ ကျီလီယို့အကြောင်းကို ကျီဝူကျိုး ယဲ့ကျန်းကျန်းကို ပြောပြလိုက်တယ်။ ယဲ့ကျန်းကျန်းကလည်း ခေါင်းငြိမ့်လိုက်ပြီး
"ကောင်းကင်ဘုံအစား သူ့ကို သတ်ခွင့်ရတာ ကျွန်တော်မျိုးမရဲ့ကလေးကို စဥ်းစားပြီးတော့ဖြစ်ဖြစ် သေချာပေါက် လုပ်ရမှာပေါ့"
ယဲ့ကျန်းကျန်း ကျီလီယို့ကို သိပ်မုန်းတယ်။ လူပေါင်းများစွာကို သူ သတ်ခဲ့တယ်၊ ကျီဝူကျိုးကိုလည်း သတ်ပစ်လုနီးပါးပဲ၊ သူမကိုလည်း ပြန်ပေးဆွဲပြီး အကြမ်းဖက်ခဲ့တယ်။ သူမလက်နဲ့ကိုယ်တိုင် သူ့ကို သတ်ပစ်ချင်တယ်။
ဒါကြောင့်မို့ ယဲ့ကျန်းကျန်း အကျဥ်းထောင်ထဲ ဓားတစ်ချောင်းကိုင်ပြီး ဝင်လာတယ်။ ကျီဝူကျိုး စိတ်မအေးဖြစ်နေတာကြောင့် ကျီလီယို့ကို ခေါင်းအစခြေအဆုံး သံခြေချင်းတွေခတ်ထားတယ်။ ယဲ့ကျန်းကျန်း သူ့ကို ဓားနဲ့တစ်ချက်တည်း ထိုးပစ်ချင်တာဖြစ်တယ်။
သူမကို ကျီလီယို့မြင်တဲ့အခါ ခပ်ဖျော့ဖျော့သူ့အပြုံးက အထီးကျန်ဆန်ပြီး ငြင်းပယ်ခံရတဲ့အရိပ်အငွေ့တွေ လွှမ်းနေတယ်။
" မင်း ရောက်လာပြီလား"
ယဲ့ကျန်းကျန်း အစကတော့ တစ်ချက်တည်း ဓားနဲ့ထိုးပြီး သွားလိုက်ဖို့ပဲ၊ အခု သူ အဲ့လိုပြုံးနေတာတွေ့တဲ့အခါ သူမခြေလှမ်းတွေက ရပ်တန့်သွားပြီး မျက်ခုံးပင့်လိုက်ကာ
"ရှင် ဘာလို့ အဲ့လိုလုပ်နေရတာလဲ"
ကျီလီယို့က သူမကို အေးချမ်းစွာပဲ ကြည့်လာတယ်။
"ကျန်းညီမလေး ကိုယ်သာ လူတွေအများကြီး မသတ်ခဲ့ရင် မင်း ကိုယ့်ကို သဘောကျမှာလား"
"ကျွန်မက အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်ဖြစ်နေပြီ"
"ကိုယ် မင်းကို အရင်တွေ့ခဲ့ရင်ကော"
ယဲ့ကျန်းကျန်း ခဏတွေးလိုက်ပြီးနောက်
"ကျွန်မတို့ သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့လောက်မှာပါ"
"သူငယ်ချင်းပဲလား .... "
သူမကို ကြည့်ရင်း ပြုံးလိုက်တယ်။
"ကိုယ် မင်းကို ရှင်းပြခဲ့ချင်တာ ရှိသေးတယ်။ မဟုတ်ရင် မင်း ကိုယ့်ကို တသက်လုံး အထင်လွဲနေပြီး ကိုယ်လည်း အသေဖြောင့်မှာ မဟုတ်ဘူး"
"ဘာအကြောင်းလဲ"
"အဲ့နေ့က ကိုယ် မင်းကို တကယ် သတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး"
"အင်း ရှင်သာ ကြိုးကို ပြတ်အောင် ဖြတ်လိုက်ရင် ကျွန်မလည်း သေနေလောက်ပြီ"
"မဟုတ်ဘူး" သူက ခေါင်းခါလိုက်တယ်။ " ကိုယ့်လူတွေကို ချောက်ကမ်းပါးအောက်မှာ အကာအကွယ် လုပ်ခိုင်းထားပြီးသား။ ကိုယ်တို့နှစ်ယောက်လုံး ချောက်ကမ်းပါးကနေ ပြုတ်ကျသွားတဲ့အခါ ဆင်ထားတဲ့ကြိုးကိုဆွဲပြီး အန္တရယ်ကင်းကင်းနဲ့ လွတ်အောင် ထွက်ပြေးနိုင်တယ်"
ယဲ့ကျန်းကျန်း ခေါင်းညိတ်လိုက်တယ်။
"အတွက်အချက်တော်သားပဲ"
"မြှောက်ပင့်နေပါပြီ။ အွန်း ကိုယ့်မှာ ပြောပြစရာ မရှိတော့ပါဘူး။ မင်း ဓားနဲ့ထိုးလို့ရပါပြီ"
သူပြောရင်း မျက်စိမှိတ်လိုက်တယ်။
ယဲ့ကျန်းကျန်း အနားတိုးလာပြီး ဓားကိုကိုင်ကာ လက်မြှောက်လိုက်တယ်။ သူမလက်တွေက အနည်းငယ် တုန်ယင်နေပေမဲ့ နောက်ဆုံးမှာတော့ သူ့ဝမ်းဗိုက်ကို ဓားနဲ့ ထိုးလိုက်တော့တယ်။
နာကျင်မှုကြောင့် ကျီလီယို့ မျက်လုံးကို ဖွင့်လိုက်တယ်။ ယဲ့ကျန်းကျန်း ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး နောက်ကိုခြေနှစ်လှမ်း ဆုတ်လိုက်တယ်။
သူ့နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာပြီး ခါးသက်သက် ပြုံးလိုက်ရင်း
"ကျန်းမေ့မေ့ ကိုယ် မှားခဲ့တယ်"
ယဲ့ကျန်းကျန်း ကြောင်ပြီး သူ့ကို ကြည့်နေမိတယ်။
"တကယ်တော့ ကိုယ်က တချိန်လုံး မှားနေခဲ့တာပဲ။ ကိုယ်အလိုချင်ဆုံးအရာက ထီးနန်းလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းကျ မဟုတ်ခဲ့ပါဘူး။ မင်းရဲ့လက်နဲ့သေခွင့်ရရင် သေပျော်ပြီလို့ ထင်ခဲ့ပေမဲ့လည်း တကယ်တမ်းကျ မဟုတ်ခဲ့ဘူး" သူ့အသံက တဖြေးဖြေး တိုးညှင်းသွားပြီး "ကျန်းမေ့မေ့ ကိုယ့်ဘဝမှ ဘယ်တုန်းကမှ အခုလောက် ဝမ်းမနည်းခဲ့ဖူးဘူး"
ယဲ့ကျန်းကျန်း ဘာပြန်ဖြေရမလဲ မသိဘူး။ အမျိုးအမည်မသိတဲ့ ဝမ်းနည်းခြင်းတမျိုးက သူမရင်ထဲ လှိုက်တက်လာပြီး နှလုံးသားက နာကျင်နေမိတယ်။
"မင်း ကိုယ့်ကို မုန်းနေမှန်း ကိုယ် သိပါတယ်။ တကယ်လို့ ကိုယ်သာ ကျီဝူကျိုးရဲ့သေရေးရှင်ရေးနဲ့ဆိုင်တဲ့ကိစ္စတစ်ခုကို ပြောပြမယ်ဆို မင်း ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မလား"
ဒီအကြောင်းကြားတော့ ယဲ့ကျန်းကျန်း စိတ်ပူသွားပြီး အမြန်ပဲ မေးလိုက်တယ်။
"ဘာကိစ္ဏလဲ?!"
"ကိုယ့်ကို ခွင့်လွှတ်ပေးမှာလား"
"ခွင့်လွှတ်မယ်! အမြန် ပြောပြတော့!"
ကျီလီယို့က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"အစတုန်းက ကိုယ်နဲ့ပိုင်ရှန်းရူရဲ့အစီအစဥ်က အခုလို မဟုတ်ဘူး။ ကိုယ်က ထီးနန်းကို ယူမယ်၊ သူမက ကျီဝူကျိုးကို ယူမယ်လို့ လုပ်ထားကြတာ။ ဒါပေမဲ့ သူမ နန်းတော်ထဲဝင်သွားပြီးကတည်းက သူမက ကျီဝူကျိုးကို ဧကရာဇ် ဆက်ဖြစ်စေချင်ပြီး သူမကိုယ်တိုင်ကတော့ ရာထူးအကြီးဆုံးကို လိုချင်လာခဲ့တယ်"
"သူမက ကျီဝူကျိုးကို ရမယ်? ကျီဝူကျိုးကို သူမဆီနေေအာင် ဘယ်လိုလုပ်နိုင်မှာတဲ့လဲ"
"သူမ ကျီဝူကျိုးကို ထိန်းချုပ်နိုင်တယ်"
"သူမက ဘယ်လိုထိန်းချုပ်နိုင်မှာလဲ? ဟေး ပြန်ဖြေဦးလေ ကျီလီယို့ ၊ ရှင် ပြောဦးလေ ....."
ကျီလီယို့ စကားဆက်မပြောနိုင်တော့ချေ။ အေးစက်တဲ့ သံခြေချင်းတွေကြားမှာပဲ သေဆုံးသွားခဲ့ပြီ။ သူ့ကိုယ်အပူချိန်က အလျင်အမြန်ပဲ ကျဆင်းသွားပြီး မကြာခင်မှာပဲ အေးစက်တောင့်တင်းသွားတယ်။ သူ့နောက်ဆုံးထွက်သက်က ညင်သာပါတယ်။ သူ့မျက်နှာထက်မှာ အပြုံးတစ်ခုကို မြင်ရတယ်။
လီယို့ - ဝမ်းနည်းခြင်း ဝေးပါစေ။ သူ့ဘဝကတော့ ဝမ်းနည်းခြင်းတွေနဲ့ အခက်အခဲတွေကြား တသက်လုံး နေခဲ့ရယ်။ ဒီနာမည်က သူ့အတွက် ကျိန်စာတစ်ခုလို ဖြစ်ခဲ့တာများလား ......