တုန်ယင်နေသော လက်တွေကို တဖက်နဲ့တဖက် ဆုပ်ကိုင်ပြီး အတွေးတွေ ချာချာလည်နေသည်။ မမက လက်ထပ်တော့မယ်တဲ့။ နောက်လ ၁၉ရက်နေ့မှာ လက်ထပ်မှာတဲ့။ ငေးကြည့်နေရရင် ကျေနပ်နိုင်ပြီ ထင်ထားပေမယ့် တကယ်တမ်း လက်လွှတ်ရဖို့ ဖြစ်လာတဲ့အခါ ကမ္ဘာတွေ ပြိုရသည်။
'' ပိုလို!! ... ပိုလို!! ''
သူ့အော်သံအဆုံး ပိုလိုဟာ ဘေးကိုရောက်လာသည်။ သူ့အား စိုးရိမ်နေတဲ့ မျက်ဝန်းတွေဖြင့် ...။
'' ကျွန်တော်ရှိပါတယ် ဘော့စ် ''
'' မမက လက်ထပ်တော့မယ်တဲ့။ ဘယ်လိုလုပ်ကြမလဲ ''
တယောက်တည်း ကမ္ဘာပျက်နေတဲ့ သူ့ကို ပိုလိုက ဖမ်းထိန်းသည်။ ပုခုံးတွေကို ခပ်တင်းတင်း ဆွဲကိုင်ပြီး သူ့မျက်ဝန်းတွေကို ကြည့်သည်။
'' ဘော့စ် .. စိတ်ကိုထိန်းပါဦး။ အခု လက်မထပ်သေးဘူးလေ။ ဘော့စ် ဖွင့်ပြောကြည့်ပါ။ မမလေးကို ဘော့စ် ငယ်ငယ်တည်းက ချစ်နေခဲ့တဲ့အကြောင်း ဖွင့်ပြောလိုက်ပါ ဘော့စ်။ အဲဒါတောင်မှ သူမက လက်ထပ်မယ်ဆိုရင် သူမ လက်ထပ်မယ့်ကောင်ကို ကျွန်တော်သတ်ပေးမယ် ''
လူသတ်ဖို့အထိတော့ လီဆာမလုပ်ရဲဘူး။ လီဆာ လူမသတ်ရဲသလို ပိုလို့ကိုလည်း မခိုင်းရက်ဘူး။ အထိအခိုက်နည်းတဲ့ နည်းလမ်းကို စဥ်းစားရမှာပဲ။
'' ငါ မမကို ဖွင့်မပြောရဲဘူး ''
'' ဖွင့်ပြောလိုက်ပါ ဘော့စ်။ ဘော့စ် ခံစားချက်တွေကို ပြလိုက်ပါ ''
လီဆာ ခေါင်းကို အတွင်တွင် ခါရမ်းလိုက်သည်။ မပြောရဲဘူးလေ ... ပြောလိုက်လို့ မြန်မြန်ကြီး လက်ထပ်သွားရင် ဘယ်လိုလုပ်မလဲ။ လီဆာတို့ ဆရာတပည့်နှစ်ယောက် တီးတိုးတိုင်ပင်နေချိန် ဖေဖေရောက်လာသည်။
'' ဘာတွေပြောနေကြတာလဲ။ လီလီရေ .. ဖေဖေ အကူညီတောင်းစရာရှိတယ် ''
'' ဟုတ်ကဲ့ ဖေဖေ ''
အမူအရာကို အရင်ဆုံးပြင်လိုက်ပြီး ဖေဖေ့ရှေ့ကို သွားသည်။ ပိုလိုက သူ့နောက်မှာ ကပ်လျက်။
'' ကင်ဂျီဆူး တဲ့။ ဖေဖေ့မိတ်ဆွေရဲ့ သမီးပဲ။ ဂျန်းနီနဲ့ ရွယ်တူပဲထင်တယ်။ ပြောချင်တာက လေဆိပ်မှာ သမီးသွားကြိုပေးရမယ်။ သူမရဲ့အိမ်က မြို့အပြင်မှာမို့လို့ သူမ နေသားကျတဲ့အထိ သမီး သွားနေပေးရမယ်။ ဘယ်လိုလဲ ကူညီနိုင်လား ''
ဓာတ်ပုံထဲက အမျိုးသမီးကို ဖေဖေက မိတ်ဆက်ပေးသည်။ မငြင်းသာတဲ့ အခြေအနေမို့ လက်ခံလိုက်သည်။
ကိုယ့်အပူနဲ့ကိုယ် လီဆာ တော်တော်ပူလောင်နေသည်။ လီဆာ့ အခန်းထဲမှာ မမပေးထားတဲ့ ပစ္စည်းလေးတွေ ရှိသည်။ လီဆာ ဒီကိုစရောက်တော့ မမက ချိုချဥ်ပေးပြီး မိတ်ဆက်ခဲ့သည်။ ၎င်းချိုချဥ်ရဲ့ အခွံကိုတောင် လီဆာ လွှတ်မပစ်ရက်ခဲ့။ မမပေးဖူးသော ဒေစီပန်းခြောက်လေးတွေ။ မမ လက်သေးသေးလေးတွေနဲ့ ခေါက်ပေးခဲ့တဲ့ စက္ကူကြယ်ဘူးလေးတွေကလည်း လွမ်းဖွယ်ရာ။
'' ဘော့စ် လေဆိပ်ကို သွားကြမယ် ''
'' ဟူး .. ငါ အရမ်းစုတ်ပြတ်နေလား ပိုလို ''
'' ဟုတ်ကဲ့ အိမ်ခြေရာမဲ့အတိုင်းပါပဲ ''
'' အေးဟာ ငါရေချိုးလိုက်ဦးမယ်။ ဆင်းလာခဲ့မယ် အောက်ကစောင့်နေ ''
'' ဟုတ်ကဲ့ ဘော့စ် ''
ပိုလို့ကို စောင့်ခိုင်းကာ ရေချိုးခန်းဝင်လိုက်သည်။ ဖေဖေကြိုခိုင်းတဲ့ အမျိုးသမီးကို လေဆိပ်မှာ သွားကြိုဖို့ နည်းနည်းပါးပါး လူရုပ်ထွက်အောင် ပြင်ဆင်လိုက်သည်။
ကနေဒါလေယာဥ် ဆိုက်ရောက်ကြောင်း ကြော်ငြာလိုက်တော့ ပိုလိုကပဲ ဆိုင်းပုဒ်ကိုင်၍ သွားစောင့်သည်။ သူကတော့ ထိုင်ခုံမှာ စောင့်နေလိုက်သည်။ ဆယ့်ငါးမိနစ်လောက် ကြာတဲ့အခါ ပိုလိုနဲ့အတူ အမျိုးသမီးတဦးပါလာသည်။ ဖေဖေကြိုခိုင်းတဲ့ အမျိုးသမီးလေ။
'' လာလီဆာမာနိုဘန်လား ''
'' ဟုတ်ပါတယ် မစ်စ်ကင် ''
'' ကျွန်မ အိမ်ကိုပဲ လိုက်ပို့ပေးပါ။ လိပ်စာကို ကားပေါ်ရောက်ရင် ပြောပြပါ့မယ် ''
ဖေဖေပြောသလို မမအရွယ် မမနဲ့ပုံစံတူလေးပဲ။ ဒါပေမယ့် မမလိုတော့ လီဆာ့ကို ရင်မခုန်စေဘူး။ မစ်စ်ကင်ဂျီဆူးပြောတဲ့ လိပ်စာကို ပိုလိုဟာ ဦးတည်သည်။ လီဆာရော မစ်စ်ကင်ဂျီဆူးပါ စကားမပြောပဲ ပြတင်းပေါက်ကို ငေးကာ လိုက်ပါလာခဲ့သည်။
လီဆာကတော့ မမအပူပေါ့။ မစ်စ်ကင်ဂျီဆူးကတော့ ဘာတွေးနေလဲမသိဘူး။ အချိန်အတော်ကြာ မောင်းနှင်ပြီးနောက် ခြံဝန်းတခုထဲကို ကားကွေ့သွားသည်။
'' ဒီခြံမလား မမလေး ''
မစ်စ်ကင်ဂျီဆူးကို မမလေးခေါ်တဲ့ ပိုလို့ကို လစ်ခါမှ ထုရဦးမည်။ မြင်သမျှ မမလေး ခေါ်နေတော့တာပဲ ဒီကောင်။ မစ်စ်ခေါင်းငြိမ့်ပြတော့ ပိုလိုဟာ ကားပေါ်ကဆင်း၍ လီဆာတို့ကို တံခါးဖွင့်ပေးသည်။
ခြံထဲကို ခြေချလိုက်သည့်အခါ နှင်းဆီပန်းရနံ့တွေ ထုံသင်းသွား၏။ ဘေးဘီဝဲရာကို အကဲခတ်လိုက်တော့ နှင်းဆီနီနီတွေ ရဲရဲနီအောင် လှလှပပ ပွင့်နေကြသည်။
'' ကျွန်မက နှင်းဆီကြိုက်တယ်လေ။ လာလီဆာမာနိုဘန်က ကျွန်မနဲ့အတူနေရဦးမှာမလား။ လာပါ နောက်မှ ပန်းတွေကိုကြည့်ပါ။ အခုတော့ ရှင်တို့နားရမယ့်အခန်းကို ပြပေးမယ် ''
အောက်ထပ်မှာပဲ လီဆာတခန်း၊ ပိုလိုတခန်း ပေးပြီး သူမကတော့ ထပ်ခိုးလေးဆီ တတ်သွားသည်။ အိမ်ကလေးက တထပ်အိမ်လေးဖြစ်သော်ငြား ထပ်ခိုးခန်းလေး ပါသည်။
ညစာကို ခရီးပမ်းလာတဲ့ မစ်စ်ကင်ဂျီဆူးကပဲ ပြင်ဆင် ကျွေးမွေးသည်။ ပိုလိုက နည်းနည်းပါးပါး ကူလုပ်ပေမယ့် လီဆာကတော့ ထိုင်နေသည်။ ညစာက အများကြီး ချက်ပြုတ်မနေပဲ အရွက်သုပ်လေးကိုသာ ကျွေးသည်။ မကြိုက်သော်လည်း စားလိုက်ပါသည်။
လီဆာ့တကိုယ်လုံး ချွေးများ ရွှဲနစ်နေသည်။ လီဆာ့ရှေ့မှာ ကတိကဝတ်ပြုနေတဲ့ ဇနီးမောင်နှံကို ရင်နာနာနဲ့ ကြည့်နေခဲ့သည်။ မမဟာ လီဆာ လက်မလွှတ်ချင်အောင် ပြုံးနေသည်။ ထို့နောက် ထိကပ်သွားသော နှုတ်ခမ်းနှစ်လွှာ။
မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်မိသည်။ တော်သေးတာပေါ့ အိမ်မက်ဖြစ်နေလို့။ ဆက်အိပ်ရမှာ ကြောက်လို့ အိတ်ထဲက စီးကရက်ဘူးနဲ့ မီးခြစ်ကိုယူပြီး ခြံထဲကို ဆင်းခဲ့သည်။
'' ဘယ်လိုဖြစ်နေတာလဲ ပိုလို။ ငါ့ကိုယ်ငါ သတ်မသေဘူးလို့ ကတိပေးတယ်။ နင်သွားအိပ်ပါတော့ ငါ့ကိုတယောက်တည်း လွှတ်ထားစမ်းပါ ''
ပိုလိုက ပေကပ်ကပ်လုပ်ပြီး ခပ်လှမ်းလှမ်းကနေ လီဆာ့ကို ကြည့်နေသည်။ ပိုလို့ကိုကြည့်ပြီး သူ့မှာ ငိုရခက် ရယ်ရခက်။ ဗတ်စ်ဂါ ဒက်ဒီပြောတဲ့ သစ္စာဆိုတာ ဒါကိုပြောတာဖြစ်လိမ့်မည်။
'' ဘာလုပ်နေကြတာလဲဟင် '
ညအိပ်ဂါဝန် ခရမ်းရောင်နဲ့ အမျိုးသမီးဟာ သူတို့နှစ်ဦးကို မေးသည်။ စီးကရက်ခဲထားတဲ့ သူ့ကိုမြင်သွားတော့ မျက်ဝန်းအရောင်တွေ လှုပ်သွားသလိုမျိုး။
'' ဆေးလိပ် သောက်တယ်လား ''
'' မွန်းကြပ်စရာတွေ ရှိမှပါ ''
'' ကျွန်မ ထိုင်မယ်နော် ''
'' မစ်စ် ခြံထဲမှာ ရှိနေတာကို ခွင့်တောင်းနေတာလား ''
'' ကျွန်မပိုင်တဲ့ခြံဆိုပေမယ့် ဦးသူရှိနေတယ်လေ။ သူ ခွင့်မပြုရင် ကျွန်မ လှည့်ပြန်မှာပါ ''
လီဆာ့ဘေးနား ဝင်ထိုင်ပြီး အမျိုးသမီးက ပြောသည်။ လီဆာ အားနာမနေနိုင်တော့ဘူး။ စီးကရက်ငွေ့တွေကို အားရပါးရ မှုတ်ထုတ်လိုက်သည်။
'' မစ်စ်မှာ ချစ်သူရှိလား ''
'' ကျွန်မက မကြာခင် လက်ထပ်တော့မယ့် အမျိုးသမီးပါ ''
'' ဝိုး ... တကယ်ကြီးလား ''
'' ရှင်မသိဘူးလား ''
'' ဘာကိုလဲ မစ်စ် ''
'' ရှင်က ကျွန်မနဲ့လက်ထပ်ရမှာကိုလေ ''
'' ဘာ!! ''
လီဆာ့ ခေါင်းမွှေးတွေ ထောင်သွားလားမသိပါ။ ကြက်သီးတွေ တဖြန်းဖြန်း ထသွား၏။ လရောင်အေးအေးလေးအောက်မှာ လှပတဲ့အမျိုးသမီးနဲ့ အတူတူထိုင်နေရတဲ့ သူ့အဖြစ်။ ဒါ့အပြင် ထိုလှပတဲ့မိန်းမလှသည် လီဆာ့ဇနီးလောင်းတဲ့လေ။
'' မစ်စ် ဒါနောက်စရာ ကိစ္စမဟုတ်ဘူးနော်။ ဟာသက မရယ်ရဘူး ''
'' ကျွန်မက Lesbian မဟုတ်ဘူး လာလီဆာမာနိုဘန်။ ကျွန်မထက် ငါးနှစ်ငယ်တဲ့ မိန်းကလေးကို လက်ထပ်ဖို့ ခေါင်းငြိမ့်လိုက်ရတာ လွယ်တယ်များထင်လား ''
အဲဒါဆို ဘာလို့ခေါင်းငြိမ့် လက်ခံလိုက်တာလဲလို့ မေးဖို့ ပါးစပ်ပြင်နေချိန်မှာပဲ အမျိုးသမီးက ထရယ်သည်။
'' ကြောက်သွားတာလား လက်ထပ်ရမှာကို။ မိန်းကလေးချင်း အဲလောက်တောင် စိတ်မဝင်စားတာလား လာလီဆာက။ ကျွန်မက တမင်နောက်လိုက်တာပါ။ ရှင့်ကြည့်ရတာ အသည်းကွဲနေတဲ့လူနဲ့ တူလို့ ''
ထိုအခါမှ လီဆာ သက်ပြင်းချနိုင်သည်။ အမျိုးသမီးစကားကို လီဆာပြန်မပြောသေးပဲ ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။
'' ကျွန်မမှာ ချစ်ရတဲ့မိန်းကလေးရှိတယ်။ သူမကို ကျွန်မ ငယ်ငယ်လေးတည်းက ချစ်ခဲ့ရတာ။ သူမက ကျွန်မအချစ်ဦးလေ ''
ပိုလိုနဲ့ ချယ်ယောင်းအပြင် သူစိမ်းတယောက်အား လီဆာ့နှလုံးသားရေးရာကို ပထမဆုံးပြောပြမိခြင်းဖြစ်သည်။ ဒါကလည်း ကင်ဂျီဆူးဟာ ယုံကြည်ရတဲ့လူဆိုတာ ခံစားမိ၍သာ။
'' အဲ့ဒီမိန်းကလေးက ကံကောင်းလိုက်တာနော်။ လာလီဆာ့လိုလူမျိုးချစ်တာ ခံရတယ် ''
ရွဲ့ပြောနေတာလားလို့ လီဆာငဲ့ကြည့်မိတော့ အမျိုးသမီးက တကယ်ပြောနေတဲ့ပုံစံ။ သေချာကြည့်မိတဲ့ မျက်နှာလှလှဟာ အင်မတန်မှ အေးချမ်းပါသည်။ သို့သော် မမလောက်တော့ မအေးချမ်းနိုင်ပါ။
'' အခုတော့ သူမက လက်ထပ်တော့မယ်လေ။ ကျွန်မ မဟုတ်တဲ့ တခြားတယောက်နဲ့ တဘဝလုံး ကုန်ဆုံးသွားတော့မှာ ''
'' ခိုးပြေးပေါ့ရှင် .. ဒါလေးများ ''
အမျိုးသမီးက စနောက်ပေမယ့် လီဆာ့ခေါင်းထဲမှာ ဖြတ်ခနဲ မီးလင်းသွားသည်။ အထိအခိုက်နည်းမယ့် နည်းလမ်း။ ထို့အပြင် မမကို ပိုင်ဆိုင်ရမယ့် နည်းလမ်း။
လီဆာ အလုပ်တွေ မဟားတရား ရှုပ်ပါတော့သည်။ မြို့ပြင်က လူသူအလှမ်းဝေးတဲ့ ခြံကို မတန်တဆပေးဝယ်ပြီး ဆယ့်ငါးရက်အတွင်း အိမ်တလုံးကို ဆောက်ခိုင်းလိုက်သည်။
'' တောင်းသလောက်ပေးမှာမို့လို့ ရအောင်ဆောက်ပေး။ ဆယ့်ငါးရက်အတွင်း အပြီးသတ်မှ ဖြစ်မယ် ''
ကန်ထရိုက်ကို ငွေပုံပေးပြီး နေ့ညမပြတ် ဆောက်ခိုင်းခဲ့သည်။ နှစ်ထပ်အိမ်လေးဟာ လှလှလေး ပုံပေါ်လာပြီးနောက် ခြံထဲမှာ ဒေစီတွေ စိုက်သည်။
နှစ်ပတ်အတွင်း သူ့အိမ်လေး ပြီးစီးသွားသည်။ ဒေစီပန်းများလည်း ပွင့်နေသည်။ ကျေကျေနပ်နပ်ပြုံးလိုက်ကာ မစ်စ်ကင်ဂျီဆူးအိမ်ကို ပြန်လာခဲ့သည်။
'' ဟေး .. နေ့လည်စာ စားကြမယ် ''
'' ဆူးရ ကျွန်မ သွားစရာရှိလို့။ တယောက်တည်း နေရဲလား ''
'' ကျွန်မလည်း ပြောစရာရှိတယ် နိုဘန် ''
'' ဟုတ်ကဲ့ ''
'' ကနေဒါကို ခဏပြန်ရလိမ့်မယ်။ ဒီညပဲ ကျွန်မသွားရမှာ။ နိုဘန် အိမ်ကို ပြန်ချင်ပြန်လိုက်နော် ''
ဒီနေ့က ဆယ့်ခြောက်ရက်နေ့။ အင်း ... ကံတရားက လီဆာ့ဘက်မှာပဲ။ ရင်းနှီးတဲ့ နှစ်ပတ်မှာ သူတို့အချင်းချင်း နာမည်တွေကို အဖျားစွတ်ခေါ်ခဲ့သည်။ မစ်စ်ကင်ဂျီဆူးက စာရေးဆရာမဖြစ်ပြီး ဆူးရဆိုသည့် ကလောင်နာမည်ကို သုံးသည်။ ထို့ကြောင့် သူမရဲ့ကလောင်နာမည်ကို လီဆာခေါ်ခဲ့သည်။
ဆူးရကို လေဆိပ်လိုက်ပို့ပြီး အိမ်ကိုပြန်သည်။ သူ့ကား မီးရောင်ကို မြင်လိုက်တဲ့မမက လီဆာတို့ခြံထဲကို ဆင်းပြေးလာသည်။
'' လီလီ ... မင်း ငါ့ကိုပြစ်ထားပြန်ပြီ။ နောက်နှစ်ရက်နေရင် ငါလက်ထပ်တော့မယ့်အချိန်ကိုတောင် အနားမှာရှိမပေးဘူး ''
သူ့ရင်ဘတ်ကို မမက လက်သီးဆုပ်လေးတွေနဲ့ ထုရိုက်သည်။ မျက်နှာဟာ ဟန်မဆောင်နိုင်တော့ပဲ ပြုံးလိုက်ပြီး မမကို ပွေ့ချီလိုက်သည်။
'' မောင် မမကို ဘယ်တော့မှ ပြစ်မထားတော့ဘူး။ တကယ်ကတိပေးတယ် အခု မောင့်အခန်းထဲမှာ အိပ်မလား။ မမအခန်းထဲမှာ အ်ိပ်မလား ''
ဘာမှမသိရှာတဲ့ မမကတော့ လီဆာ့အခန်းထဲမှာ အိပ်မယ်တဲ့လေ။
အိပ်ရမှာပါ မမရယ်။ မောင့်အခန်း မောင့်ဘေးမှာ မမ တသက်လုံးအိပ်ရမှာပါကွာ။
ရင်ခွင်ထဲမှာ လှဲနေတဲ့ မမကို ကြည့်ပြီး လီဆာ မေးလိုက်သည်။ မမက သူမကို ငရဲကျစေမည့် စကားမှန်းမသိပဲ မုသားလှလှကို သုံးခဲ့၏။
'' တကယ်လို့ လီလီက မမမုန်းစေမယ့်ကိစ္စမျိုးလုပ်ခဲ့မယ်ဆိုရင်ပေါ့။ အချိန်တခုရောက်ရင် ခွင့်လွှတ်ပေးမှာ မဟုတ်လား ''
'' မမက မင်းကို ဘယ်လိုမုန်းနိုင်ပါ့မလဲ မောင်ရယ်။ မင်းအပြစ်တွေကို မင်းက ငယ်သေးလို့ဆိုတဲ့စိတ်နဲ့ပဲ ခွင့်လွှတ်ပေးမှာ။ ဘာလုပ်လုပ် အပြစ်ကို မယူဘူး စိတ်ချနော် ''
ကိုယ့်စကားနဲ့ကိုယ် ပိတ်လှောင်ခံရလိမ့်မယ်လို့ မမဟာ ဘယ်တုန်းကမှ ထင်ခဲ့မှာမဟုတ်ဘူး။
မနက်ဖြန်ဆို မမ လက်ထပ်မယ့်နေ့။ ငိုနေမယ်လို့ ထင်ထားတဲ့ ပိုလိုက သူပြုံးပျော်ပြီး စျေးဝယ်ထွက်နေတော့ အံ့အားသင့်နေ၏။
'' ဘော့စ် ''
'' နင် လုပ်ပေးရမှာရှိတယ် ပိုလို ''
'' ပြောပါ ဘော့စ် ''
'' ငါ မမကို ခိုးပြေးမှာ။ ငါတို့ပျောက်သွားတာနဲ့ နင်ပြောရမှာက ငါတို့နှစ်ယောက်က တယောက်ကိုတယောက် မခွဲနိုင်တော့လို့ ထွက်ပြေးကြတာပါလို့ မမရဲ့မိဘတွေကို ပြောရမယ်။ မမက ငါ့တယောက်တည်းကိုပဲချစ်ပြီး အဲ့ကောင်ကို ဘယ်တုန်းကမှ မချစ်ဘူးလို့ နင်ပြောပေးရမယ်။ နားလည်လား ပိုလို ''
'' စိတ်ချပါ ဘော့စ် ''
'' ငါတို့ အိမ်အသစ်မှာရှိမယ်။ နင် ၂၁ရက်နေ့မှ မိဘတွေကိုခေါ်ပြီး လိုက်ခဲ့ ''
'' ဟုတ်ကဲ့ ဘောစ့် ''
ပိုလို့ကို သေချာမှာကြားပြီး အဝတ်တွေ ရွေးလိုက်သည်။ အဟင်းး.. မမရဲ့ bra size ကအစ သိနေတာလည်း အရမ်းကောင်းတာပဲ။ underwear တွေအထိပါ မမအတွက် လီဆာ ဝယ်ထားပြီးပြီ။
၁၉ရက်နေ့ မနက်..။
'' မမက အရမ်းလှတာပဲ ''
'' မြှောက်ပြောနေပြန်ပြီ။ မမဖြင့် မိတ်ကပ်တောင် လိမ်းမပြီးသေးပါဘူး ကလေးရဲ့ ''
လိမ်းလေ .. လိမ်းစမ်း။ လှအောင်ပြင်။ ပြီးရင် မမက ငါ့အတွက်ဖြစ်မှာ။
စောက်အကြံဆိုးကြီးနဲ့ လီဆာ ရယ်ပစ်လိုက်သည်။ မမကတော့ လီဆာသဘောကျပြီး ရယ်တယ်ပေါ့။ တကယ်လည်း သဘောကျတယ်။ သူများသတို့သမီးကို ငါ့မိန်းမ ဖြစ်စေမှာလေ။
မိတ်ကပ်ဆရာ အပြင်ကို ထွက်သွားတဲ့အခါ မမကို လီဆာယူလာတဲ့ အအေးဘူးကို တိုက်လိုက်သည်။ မိတ်ကပ်ပြင်ထားပေမယ့် နှုတ်ခမ်းနီ မဆိုးရသေးတာကြောင့် မမက လီဆာ့အအေးကို သောက်သည်။ ဒါမှမဟုတ် ရင်ခုန်နေ၍လည်း သောက်တာဖြစ်နိုင်သည်။ ဒါတွေ စိတ်မဝင်စားပါ။ အိပ်ပျော်သွားသော မမကို မေ့ဆေး အနည်းငယ် ထပ်၍ အုပ်လိုက်သည်။
မမရဲ့ခန္ဓာကိုယ်လေးကို ပိုလိုက ပွေ့ချီပြီး ကားပေါ်တင်ပေးသည်။ အိမ်ကိုတော့ မလိုက်ခိုင်းပဲ CCTV တွေကိုသာ ဖျက်ခိုင်းလိုက်သည်။ လီဆာကတော့ မမနဲ့အတူ အိမ်အသစ်လေးဆီသို့...။
5 _ 4 _ 2024