အခုတလော ထယ့်ကျန်းမာရေးက တော်တော်
ဆိုးလာတယ်။
ထယ့်မေမေလည်းခေါင်းကိုက်နေမှာပဲ။
ထယ်နေကောင်းဖို့ ဂရုစိုက်ရတာ တစ်ဖက်
အစားထိုးဖို့လိုတဲ့အခါ
ကျွန်တော့်ကို ဘယ်လို ရှင်းပစ်ရမလဲလို့
ကြိုတင်ကြံစည်နေရတာ တစ်ဖက်နဲ့ပေါ့။
လူသတ်တယ်လည်း မမည်ရအောင် ....ကျွန်တော်
အသက်မရှိတော့ဘူးဆိုတာနဲ့ ချက်ချင်း
နှလုံးအစားထိုးဖို့လည်းစီစဉ်နိုင်အောင်....
အစစအရာရာ ပိပိရိရိသပ်သပ်ရပ်ရပ်နဲ့ အံဝင်ခွင်ကျ
ဖြစ်ရအောင်စဉ်းစားတွေးခေါ်ရတာ
လွယ်တော့ဘယ်လွယ်ပါ့မလဲ။
ညတိုင်းလိုလို ဘေးမှာ အသက်ရှူသံမှန်မှန်.....အေးအေးလူလူ
အိပ်ပျော်နေတဲ့ ထယ်နဲ့ဆန့်ကျင်စွာ
ကျွန်တော့်မှာတော့ မအိပ်နိုင်....မစားနိုင်။
သူတို့မကြာခင် ကျွန်တော့်ကို သတ်ပစ်ကြ
တော့မယ်။အဲ့ဒီကိစ္စဟာ အနှေးနဲ့အမြန်ဆိုတာ
ကျွန်တော်ရိပ်မိသားပဲ။
အမှန်အတိုင်းဝန်ခံရရင် ကြောက်ပါတယ်။
အသက်ရှင်ရမှာကိုရော....သေရမှာကိုရော
တူညီစွာတစ်ပြိုင်တည်းကြောက်ခဲ့ဖူးပါတယ်။
ဘာကိုမှ မတွေးနိုင်တာကြောင့် တစ်ညမှာတော့
သူတို့နဲ့ဝေးရာကိုမျက်လုံးစုံမှိတ်ပြေးဖူးတယ်။ဒါပေမဲ့ဘယ်ကိုပြေးရမလဲ ကျွန်တော်မသိဘူး။
ဘယ်နေရာက လုံခြုံသလဲ ဆိုတာကိုရောပဲ။
ဖွက်ပေးထားမဲ့ ....ထွေးပွေ့ထားမဲ့ တစ်စုံတစ်ရာ
ဆိုတာလည်း မရှိပါဘဲနဲ့လေ။
အဲ့ဒီအချိန် ကျွန်တော့်နားထဲမှာ အသံတစ်ခုကြား
လိုက်ရတယ်။ကျယ်ကျယ်လောင်လောင်ဩရှရှ
အသံဟာကျွန်တော့်ကို အားကိုးတကြီး ခေါ်တဲ့အခါတိုင်း
ကြားရတဲ့အသံ...။
ကျွန်တော့်ကို ကာကွယ်ချင်တိုင်းကြားရတတ်တဲ့အသံ....။
တုန့်ကနဲ ခြေလှမ်းတွေကို ရပ်ပစ်ပြီးနောက်လှည့်
ကြည့်တော့ကျွန်တော့်ဆီပြေးလာတဲ့ ထယ့်နဖူးမှာ ချွေးစတွေနဲ့။သူမှအမောမခံနိုင်တာ။
ပြီးတော့သူ့နှုတ်ခမ်းလေးတွေပြာနေတယ်။ရင်ဘက်ကိုလည်း လက်တစ်ဖက်နဲ့ဖိထားသေးတယ်။ဘယ်လောက်တောင်နာသည်းစရာကောင်းသလဲဆိုရင်.....မောဟိုက်နေရင်းတောင်မှ သူဟာလေ
မရမကနဲ့ကျွန်တော့်ကိုပြုံးပြနေပါသေးတယ်။
အဲ့ဒီအခိုက်မှာ ထွက်ပြေးမိတဲ့ ကိုယ့်ကိုယ်ကိုယ်
မုန်းမိသလိုလိုပါပဲ။
ကျွန်တော့်ကိုသာမတွေ့ရင် သူဘယ်လောက်တောင်
ဝမ်းနည်းသွားလိုက်မလဲ။
မျက်စိအောက်ကအပျောက်မခံနိုင်တာကို
သိရက်နဲ့။
အိပ်နေရင်းတောင် ယောင်ယမ်းပြီး
လိုက်ရှာတတ်တာသိသားနဲ့။
အကယ်၍များ....အကယ်၍များပေါ့.....။
ထယ်သာကျွန်တော့်နှလုံးကိုလိုအပ်လာမယ်
ဆိုရင်ဒီမတော်တဆမူ့ကို ထယ့်မေမေတောင်
ဖန်တီးစရာမလိုဘဲ ကျွန်တော်ကိုယ်တိုင်
ဖန်တီးလိုက်တော့မယ်လို့တွေးမိလိုက်တာဟာ
ထယ့်အပေါ်ထားတဲ့ ကျွန်တော့်မေတ္တာပါ။
ဘယ်လောက်ချစ်ပါတယ်ဆိုတာကို
ဖော်ပြဖို့ စကားလုံးတွေ မစီတတ်ခဲ့ပေမဲ့
အသက်အရွယ်နဲ့ မမျှတဲ့ ဆုံးဖြတ်ချက်ဟာ
ထယ့်ကို အသက်ရှင်စေချင်တဲ့စေတနာပါ။
ကမ္ဘာပေါ်မှာ ထယ်အသက်ရှူနေမှ
အညိုရောင်တွေကအသက်ဝင်နေမှာ။
ထယ်ပြုံးနေမှ နွေဦးပန်းကလေးတွေပွင့်လာမှာပါ။ကျွန်တော်က ထယ့်ကို သိပ်ချစ်တာပါ။
•
တကယ်တော့ လူတစ်ယောက်ရဲ့ ကံဆိုတာဘယ်သူမှကြိုမမြင်နိုင်တဲ့ လျို့ဝှက်ချက်တစ်ခုလိုပါပဲ။ဘယ်သူကတော့
ဘယ်နေရာ၊ဘယ်ဇာတ်ကောင်လို့ မတည်မြဲနေသလို
ပေါ့။အထူးသဖြင့် ထယ့်ကိုပဲကြည့်လေ။
အပြင်းအထန်နှလုံးဝေဒနာခံစားနေရတဲ့
ကလေးက သိပ်တော်တဲ့ဆရာဝန်နဲ့တွေ့တော့
ကောက်ကာငင်ကာ နေပြန်ကောင်းခဲ့တာပဲ။
ဒီလိုနဲ့ ကျွန်တော်ရယ်...ထယ်ရယ်...ရွှေဝါရောင်ဆံနွယ်ပိုင်ရှင်ရယ်....သုံးယောက်သား တစ်ပူးပူးတတွဲတွဲနဲ့
"ရယ်လိုက်မောလိုက် ၊ရန်ဖြစ်လိုက်.... ပြန်တည့်လိုက်"နဲ့ပေါ့။
ရယ်လိုက်မောလိုက်မှာတော့ ထယ် မပါဝင်ဘူး။
အဲ့ဒီကလေးမ သိပ်ရှုပ်တာလို့ ငြူစူတတ်တယ်။
ဘေးအိမ်က ကလေးမဟာလည်း ထယ့်ကို
ဆို သိပ်မကြည်လင်ပါဘူး။သူတို့နှစ်ယောက်က
ရန်ဖြစ်လိုက်ပြန်တည့်လိုက်ပါ။
ဘာရယ်ကြောင့်မှန်းမသိ ထယ့်မိဘ တွေ ကွာရှင်းပြတ်ဆဲကြတုန်းကဆိုရင်ထယ့်ကို အရိပ်တကြည့်ကြည့်နေရင်း ဘယ်နေ့ ထယ် ဘာဖြစ်မလဲ
ကြောက်ရတာဟာကျွန်တော် ထမ်းပိုးထားရမဲ့
သိပ်သိပ်သည်းသည်းထုထည်တွေလိုပါပဲ။
ဘယ်အထိတောင်လဲ ဆိုရင် အထက်တန်းရောက်တဲ့အထိ။ဘေးအိမ်က ကလေးမရဲ့
ရွှေရောင်ဆံပင်တွေ ခါးလောက်ရောက်တဲ့အထိ။ပြီးတော့ အဲ့ဒီကလေးမဟာ
ကျွန်တော့်ကို "မောင်" လို့ခေါ်တဲ့အထိပေါ့။
အရွယ်ရောက်လာတဲ့ တစ်လျောက် ထယ့်မှာ
အရယ်အပြုံးတွေ မရှိသလောက်ရှားသွားတယ်။
တစ်ယောက်တည်းပန်းချီဆွဲတဲ့အခါဆွဲ....ကျွန်တော့်ကို
သူ့ဘေး ခေါ်ထားပြီး ဘာစကားတစ်ခွန်းမှ
မပြောဘဲ လှဲအိပ်နေတဲ့အခါ လှဲအိပ်ပေါ့။
စန္ဒယားတီးပြီး အချိန်ကုန်တတ်သလို
တစ်ခါတစ်ရံ ကျွန်တော်ရည်းစားနဲ့ ချိန်းထားတာကို
ညစ်ပတ်ပြီး လိုက်ရှုပ်တဲ့အခါလည်းလိုက်ရှုပ်တာပဲ။
အဲ့ဒီလို အချိန်တွေဆိုရင် "မောင်က ဘာလို့သူ့ကို
ခေါ်လာပြန်ရတာလဲ "လို့ အပြစ်တင်ခံရတယ်။
ဒါပေမဲ့ကျွန်တော်ကတော့ ရယ်ပဲရယ်နေလိုက်တယ်။ထယ့်ကို တစ်ခါမှတောင်မငြိုငြင်ခဲ့ဖူးဘူး။
ဘယ်သူကမှ မိဘတစ်ကွဲ၊ဖတစ်ကွဲ ဘဝမှာ
မနေချင်သလို ကိုယ်စီနောက်အိမ်ထောင်တွေနဲ့
ပျော်ပါးနေတာမျိုးဆို ပိုလို့တောင်မြင်ချင်လိမ့်မှာ
မဟုတ်ပါဘူး။
ကျွန်တော်ဖြင့်လေ "ငါ့သားအတွက်ဆို ဘာမဆို
လုပ်ရမှာပဲ"ဆိုတဲ့
ထယ့် မေမေရဲ့စကားကိုသိပ်ရွံမိတာပဲ။
တစ်ချို့မိဘတွေက အသက်ရှင်အောင်ပဲ
ပျိုးထောင်ချင်တာ....ပျော်အောင်ထားဖို့ကိုတော့
မတတ်နိုင်ကြဘူး။
ကျွန်တော်သာဆိုရင်တော့ ထယ့် ကိုပဲရွေးချယ်မှာ။