" သို့/ ဆွန်းယောင်း
ညနေ midterm အတွက် စာသေချာလုပ်ထားတယ်မလား။
အတွေးတွေမပြန့်ပဲ စာမေးပွဲကို သေချာဖြေနော်!
ပုဂ္ဂိုလ်ရေးဆန်ဆန် ပြောမိသလို ဖြစ်သွားမယ်ထင်တယ်ရယ်။
ငါ ဒီနေ့ သိပ်နေလို့မကောင်းဘူး။ နေမကောင်းရင် စိတ်လည်း မကောင်းဘူးလေ။ ဒါပေမဲ့ စာမေးပွဲတော့ သေချာပေါက် ဖြေရမှာပေါ့ ㅠㅠ
စာမေးပွဲဖြေခါနီး ကော်ဖီတွေ အရမ်းမသောက်ပါနဲ့။
ညဘက်အိပ်ရင် အိပ်မပျော်ပဲ ဖြစ်လိမ့်မယ်။
ချစ်တယ်
-♡ "
ဒီတစ်ခေါက်တော့ ထူးဆန်းစွာပဲ ညနေဘက် အင်္ဂလိပ်စာအတန်းထဲကို ဝင်ကာမှ ရောက်နေသော စာ။
ညနေဘက်မှ စာလက်ခံရရှိခြင်းမျိုး တစ်ခါမှ မကြုံဖူးပါပဲနဲ့။
မနက် နေ့လည် ညနေ။
ဒီလောက်ဆိုရင် ဆွန်းယောင်းနဲ့ အတန်းတိုင်းနီးပါးကို အတူတူတက်နေတာ..မဟုတ်ဘူးလား။
တစ်ပါတ်မှာ သုံးရက် ကျောင်းကိုလာတယ်။ နေ့လည်ခင်းအတန်းက နှစ်ရက်ပဲရှိပြီး ညနေခင်းအတန်းက တစ်ရက်ပဲကို နာရီများများစာသင်ရတယ်။
အထက်တန်းအောင်ပြီးပြီးချင်း တက္ကသိုလ်တန်းတက်တဲ့ မေဂျာတူတွေက ဒီအတန်းတွေအကုန် အစီအစဉ်က အတူတူဖြစ်သလောက်ပဲ။
ဒီလောက်လေး အရိပ်ပြတာက ဘာမှ ဆွဲတွေးကြည့်လို့မရသလို နာမည်စာလုံးလေးတစ်လုံးဖြစ်ဖြစ် ထည့်ပေးတာတော့ မဟုတ်ဘူး။
အိပ်မရတာလည်း ဒီစာတွေကြောင့်ပဲကို။
အိပ်မပျော်မှာ စိုးလို့ရှိရသေးတယ်။
ဪ.. ရေးထားတဲ့ ဘောပင်မှင်က ဆွန်းယောင်း သုံးနေကျ ဘောပင်မဟုတ်တော့ပဲ ပြောင်းသွားပြီ။
ထို့အပြင် လက်ရေး။
လက်ရေးဟာ အရင်ကလောက် ဝိုင်းစက်မနေတော့ပဲ အမြန်ရေးထားတာနှင့်တူလာသည်။ ပုံပျက်တဲ့ထိ မဟုတ်တိုင် ဝိုင်းစက်ပြီး လှမနေတော့။
" ဘယ်သူလဲသာ မသိရတာ တကယ့်လူဆိုးကောင်"
လက်ထဲပါလာတဲ့ ကော်ဖီခွက်ကိုတော့ သောက်လက်စရပ်ပြီး ဘေးမှာ ချလိုက်သည်။
" ဆွန်းယောင်း"
လက်ထဲမှ ပေးစာကို မြန်မြန်ခေါက်လိုက်ပြီးမှ လှမ်းခေါ်သည့်အသံကို လှည့်ကြည့်မိသည်။
ဆွန်းယောင်း စာတွေရနေကျကို မြင်လေ့မရှိသူရဲ့ အသံမှန်း တစ်ထစ်ချသိလိုက်တဲ့ တုံ့ပြန်မှူ။
" စာမေးပွဲဖြေရမှာဆိုတော့ စောစောပြန်ရလောက်တယ်။ ဂျွန်းဟွီနဲ့ငါ basketball သွားကစားမလို့ လိုက်ခဲ့ချင်လား"
" သုံးယောက်ပဲလား ဂျီဟွန်း။ တခြား ဘယ်သူပါသေးလဲ"
" ဝန်းနူကိုလည်း မေးထားတယ်တဲ့ ဂျွန်းက။ ဘာလို့ ခုထိ ရောက်မလာသေးတာပါလိမ့်"
ဂျွန်ဝန်းနူအကြောင်း တွေးမိတော့မှ ဒီနေ့ မနက်ခင်းအတန်းမှာ ပေါ်မလာ။ အတန်းတော်ရုံပျက်တာလည်း မဟုတ်ပဲ။
နေ့လည်ခင်းအတန်းမရှိလို့ တောက်လျှောက် စာကြည့်တိုက်ထဲ နေနေခဲ့တဲ့ ဆွန်းယောင်းအနေဖြင့် စာကြည့်တိုက်ထဲမှာတောင် အရိပ်အယောင်မတွေ့ပုံထောက် အိမ်မှာပဲ နေနေတာလို့ မှတ်ခဲ့သည်။
" လိုက်မယ်တဲ့လား"
" message တောင် ဝင်မဖတ်သေးဘူး"
" စာမေးပွဲဖြေပြီးရင် ပြန်ပြောမယ်လေ ဂျီဟွန်း"
ပါးတွေမို့တက်ကုန်သည်ထိ ရယ်ပြကာ ဂျီဟွန်းကလည်း ခေါင်းငြိမ့်ပြီး သူ့ခုံနေရာသို့ ပြန်သွား၏။ ထိုစဉ် ပြတင်းပေါက်ထောင့်တစ်ခုမှ လှစ်ခနဲမြင်လိုက်ရသော ခဲရောင်အနွေးထည်။
စာမေးပွဲမို့ နေရာခွဲထိုင်ရမည့်အသိနှင့် အတန်းထဲကို ဝင်လာသော သူက နောက်ဆုံးခုံထောင့်မှာပဲ ဝင်ထိုင်သည်။
ဆွန်းယောင်းလှည့်ကြည့်သည့်အခါ လက်ယမ်းပြလို့ နှူတ်ဆက်၏။
အတန်းနောက်ကျနေတဲ့လူက ဆွန်းယောင်း ခုံပေါ် စာတင်ပေးထားစရာ အကြောင်းမှ မရှိတာ။
ဟိုတစ်ရက်က ဘာကြောင့်များ သူဖြစ်ရင် ကောင်းမယ်လို့ တွေးလိုက်မိတာပါလိမ့်။
အဆက်အစပ်မရှိ။
စာမေးပွဲဖြေတာ ဆွန်းယောင်းပဲ စာသေချာမရလို့ ကြာနေတာလား။ အတန်းထဲမှာ နှစ်ယောက်သုံးယောက်ပဲ ကျန်တော့ကာမှ ထွက်လာခဲ့ရသည့်အဖြစ်။
အဖြေလွှာအပ်ပြီး အတန်းပြင်ထွက်ခဲ့သည့်အခိုက် တံခါးဝတွင် စောင့်နေသည့် သုံးယောက်သားကြောင့် ခြေလှမ်းပင်တွန့်သွားရသည်။
အီဂျီဟွန်း မွန်းဂျွန်းဟွီနဲ့ ဂျွန်ဝန်းနူ သုံးယောက်သား basketball ဆော့ဖို့ သွားဖြစ်ကြမယ့်ပုံ။
" ဆွန်းယောင်း လိုက်ခဲ့ဖြစ်လား? ဝန်းနူရော?"
" အာ..ငါက.."
ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေစဉ် မျက်စိရှေ့က တစ်စုံတစ်ယောက်က အရင်ဖြေပေးသွားရင် ပိုပြီးလွယ်သွားလောက်သည်။
" ငါတော့ လိုက်ခဲ့မယ်လေ။ ကြာကြာတော့ မနေနိုင်လောက်ဘူးရယ် နည်းနည်း အအေးမိထားလို့။ ဆွန်းယောင်း?"
" ငါလည်း လိုက်ခဲ့မယ်"
အတုံ့တုံ့အဆိုင်းဆိုင်း တွေးနေရပေမဲ့ နှူတ်သွက်တဲ့အတိုင်း မြန်မြန်အဖြေပေးလိုက်သည်။ သဘောကျရာ ကစားကွင်းထံသို့ မိနစ်နှစ်ဆယ်လောက်တော့ ကားမောင်းရမှာဖြစ်ပြီး ဂျီဟွန်းရဲ့ ကားနဲ့ သွားဖို့ဖြစ်လာ၏။
ကားလမ်းတစ်လျှောက်လုံး ဆွန်းယောင်း မှေးလာခဲ့ပေမဲ့ ကစားကြတဲ့ အချိန်မှာတော့ တက်ကြွမှူ နည်းနည်းတောင် ရှိမနေတဲ့ ဂျွန်ဝန်းနူ။
အအေးမိထားလို့ ကြာကြာမနေနိုင်ဘူးလို့လည်း ပြောသေးတယ်။
*ငါ ဒီနေ့ သိပ်နေလို့မကောင်းဘူး။ နေမကောင်းရင် စိတ်လည်း မကောင်းဘူးလေ*
အာ..တိုက်ဆိုင်တာပဲ ဖြစ်လောက်မှာပါလေ။
ဂျီဟွန်းနဲ့ ဂျွန်းတို့ အာရုံလွဲနေကြတုန်း ငြိမ်နေတဲ့ ဝန်းနူအနားကို အလိုအလျောက် ရောက်သွားမိတယ်။
" ဝန်းနူ မင်း ဒီနေ့ ကျောင်းကိုလာတာ နောက်ကျတယ်။ မနက်ပိုင်းအတန်းလည်း မလာဘူး"
အမေးလေသံနှင့် စကားဆုံးလိုက်သည့်အခါ တကူးတက လုပ်မေးသည့် ဆွန်းယောင်းကများ ထူးဆန်းသွားသလား။ မျက်မှန်အောက်မှ မျက်လုံးအဝိုင်းသားနှင့်လှည့်ကြည့်သည်။
" ဟို..ကျောင်းသားရေးရာကို ခဏသွားနေတာပါ။ ရောက်တုန်းက အတန်းထဲမှာတောင် လူမရှိသေးဘူးရယ်"
" အဲ့လိုကိုး"
ဂွမ်ဆွန်းယောင်းရဲ့ အတွေးလွန်မှူတွေက အာရုံတစ်ခုခုကို အလှမ်းဖမ်းချင်နေပေမဲ့ စဉ်းစားဆင်ခြင်ဉာဏ်အရတော့ သဲလွန်စတွေဟာ လိုအပ်နေဆဲ။
" ငါ ဒီနေ့လည်း စာရတယ်။ စာမေးပွဲမဖြေခင်လေးတင်ပဲ"
ဝန်းနူကို လှစ်ခနဲ ပြောပြလိုက်တော့ အာရုံစိုက်ပေးလာတဲ့ အနေအထားကို အကဲခတ်ကြည့်။
သေချာပေါက် အပြင်လူအနေနဲ့ နားထောင်ပေးနေတာကို။
" အဲ့ဒီတော့.."
" ဒီအတိုင်းပဲ စိတ်ထဲတွေးမိနေတဲ့သူရှိလာလို့။ ပေးစာနဲ့ ဆိုင်တဲ့သူဖြစ်ပုံတော့မရဘူး။"
"အွန်?"
ဆွန်းယောင်းစကားကို ဂရုစိုက်တာ ဟုတ်မဟုတ် ဝေခွဲမရသည့် တုံ့ပြန်ချက်ဟာ နှလုံးသားထဲ ကျောက်စရစ်ခဲလေး ဝင်ပြီး ခလောက်ဆန်နေသလို ဖြစ်လာသည်။
အကြောင်းအရင်းကို မသိ။
" ပေးစာနဲ့ ဆိုင်တဲ့သူ ဖြစ်ရင် ကောင်းမှာပဲ။ အဲ့ဒီလူဖြစ်နေရင် ကောင်းမယ်"
ဘယ်သူ့ကို ရည်ညွှန်းတယ်ရယ် မရှိပဲပြောသည့်စကားကိုလည်း သူငယ်ချင်း ရင်ဖွင့်တာ နားထောင်ပေးနေသည့် မျက်နှာသက်သက်ပဲ။
ဂျွန်ဝန်းနူ သေချာပေါက် မဟုတ်ဘူး။
အဲ့တာကြောင့် ဆွန်းယောင်းလည်း တွေးမိမနေသင့်တာ သေချာသွားပြီ။
" အရင်ပြန်တော့မယ် ဆွန်းယောင်း"
ရောက်နေတာ အတော်အတန်ကြာပြီ ဖြစ်သလို စောစောပြန်မယ်လို့ ပြောထားတာအလျောက် သူ့လွယ်အိတ်သူ ကောက်ယူကာ ဆတ်ခနဲ ထ၏။
" ငါလိုက်ပို့ပေးမယ်လေ"
အလိုအလျောက် ထွက်သွားတဲ့ အိမ်လိုက်ပို့ပေးဖို့ စကားကို ပြုံးချိုကာ ဆိုလိုက်သည့် ဆွန်းယောင်းမှာ တစ်နေကုန် ဝေ့လည်ကြောင်ပတ်လုပ်နေရတာတောင် အားအင်အပြည့်ပဲ။
ခဏလေးတင်ကပဲ အတွေးတွေများနေတယ်ဆိုပြီး..။
" ဟင့်အင်း !"
ဆွန်းယောင်းရဲ့ အဆိုပြုချက်ကို လန့်သွားတဲ့အလား မျက်နှာတွေနီရဲကာ တားတဲ့ ဝန်းနူ။
" မလိုက်ပို့ပါနဲ့"
" ဘာဖြစ်လို့"
"ငါ..ငါအခန်းမရှင်းခဲ့ရသေးဘူး။ စာမေးပွဲဖြေဖို့ အိပ်ယာထဲက ကုန်းရုန်းထလာရတာ"
ဘယ်လောက်တောင် ရှူပ်ပွနေနိုင်မှာမို့လဲ။
ဝန်းနူ သပ်သပ်ရပ်ရပ်နေတတ်တယ်ဆိုတာကို သိတယ်လေ။ ပထမဆုံး ရုတ်တရက်ရောက်သွားတုန်းကတောင် ရှင်းလင်းနေတာကို။
" အိမ်ရှေ့ထိပဲ—"
" အနားလည်း မကပ်စေချင်လို့ပါ။ အအေးမိတာကူးသွားအုံးမယ်"
ပြောရင်းဆိုရင်းတောင် နှာခေါင်းတရှူံ့ရှူံ့ဖြစ်လာတဲ့ ဝန်းနူကို ကြည့်ပြီး စိတ်မချသလိုဖြစ်ပေမဲ့.. ဖြောင်းဖျသလို လေသံအေးအေးဖြင့်သာ ပြုံးပြသော ဝန်းနူကို ခေါင်းငြိမ့်ပြလိုက်ရသည်။
" ဒါဆိုလည်း သတိထားပြန်"
ဆွန်းယောင်းရဲ့ အမှာစကားကို ခေါင်းငြိမ့်ကာ ချက်ချင်း လှစ်ခနဲ လှည့်ပြန်သွားတဲ့ ဂျွန်ဝန်းနူကို ကြည့်ရင်း ခေါင်းကုတ်ကာ တွေးလိုက်ပြန်တယ်။
ဆွန်းယောင်းကို ချစ်ပြီးကြိုက်ပြီး စာတွေရေးပို့နေတဲ့သူသာဆို ဆွန်းယောင်း အိမ်ပြန်လိုက်ပို့ပေးမှာကို နည်းနည်းတောင် မတုံ့ဆိုင်းပဲ ငြင်းဖို့က မဖြစ်နိုင်။
ရူးနေပြီဆိုတာ သိလိုက်သည်။
စာပို့တဲ့လူ ဘယ်သူမှန်းသာ မသိရတာ ဂျွန်ဝန်းနူဖြစ်စေချင်နေတယ်ဆိုတဲ့ မျှော်လင့်ချက်သည် တစ်စထက်တစ်စပိုကြီးလာပြီး ထိုကား ဆွန်းယောင်းကိုယ်တိုင် သတိမထားမိသော ဂွမ်ဆွန်းယောင်းရဲ့ ချစ်မိခြင်းအစဖြစ်လာတော့မည် ထင်ရတော့၏။
✶ ✶ ✶
ဂျီဟွန်းရဲ့ကားပေါ်မှာ ဝန်းနူပုခုံးကို မှီပြီး မှေးလာခဲ့မှန်း သူ့ကိုယ်သူလည်း သိပုံမရတဲ့ ဂျုံလုံးလေးသည် အတော်ကို ချစ်ဖို့ကောင်းပါ၏။
ပါးအိအိလေးကို ပုခုံးပေါ်တင်ပြီး စိတ်ချလက်ချနေနေတဲ့အခါ ဒီလူဖြင့် ထိုပါးလေးကို သွားကိုက်ချင်စိတ်တွေ တဖွားဖွား။
လက်ဖျားလေးနဲ့ သွားတို့ကြည့်မိရင် ကြိုက်ပါ့မလား။
သက်ရှိလူသားလေးတစ်ယောက်သည် ထိုမျှတောင် ချစ်ဖို့ကောင်းနိုင်ပါသလား။
ဝန်းနူအပေါ် သက်သောင့်သက်သာရှိလာပုံ ပေါ်လာတာကြောင့်ရော ဒီရက်ပိုင်း အပျော်လုံးဆို့နေရတဲ့တိုင် ထိုအချင်းအရာတွေအကုန် basketball ကစားကွင်းမှ ပြန်လာခါနီး အကုန် ပျောက်ကုန်ရသည်။
ဆွန်းယောင်း သက်သက်သဘောကျတဲ့သူ ရှိနေတာပဲ။
ထိုအတွေးကြောင့် အိမ်ပြန်လမ်း ဘတ်စ်ကားပေါ်မှာပင် မှိူင်တွေလာရပြီး ငိုချင်ရက်လက်တို့။
ဆွန်းယောင်းက သူစိတ်ယိုင်နေတဲ့လူကို လက်ရေးစာတွေ ပေးနေသူ ဖြစ်စေချင်တာတဲ့။
ဟောဒီက ဂျွန်ဝန်းနူပါလို့ သိသွားရင် စိတ်ပျက်သွားမှာပဲ။
ကိုယ့်ကိုယ်ကို အသည်းမာလှပြီ မှတ်နေတာ။ ဒီလောက်လေးနဲ့တောင် အိပ်ယာထဲ သုံးရက်လောက် လဲတော့မယ့် သဘောရှိတယ်။
ဂွမ်ဆွန်းယောင်းနဲ့ ပတ်သက်ရင် နှလုံးသားက အထိမခံ နုနယ်နေပြီး ဦးနှောက်ကကျ စဉ်းစားဉာဏ်မရှိတော့တဲ့ ငတုံးဖြစ်သွားနေကျ။
အိမ်ပြန်ရောက်တာနဲ့ မုန့်စားရင်း ရုပ်ရှင်ကြည့်နေသော ဆောမြောင်ဟိုနဲ့ ဂျောင်ဟန်ဟျောင်းတို့ကို နှောင့်ယှက်ရတော့တာပါပဲ။
" ဒါပေမဲ့ ဝန်းနူ သဲလွန်စတွေ များများချသင့်တယ်"
" အဲ့တာမှ သူ ရွေးချယ်လို့ရမှာပေါ့။
စာပေးနေတဲ့သူ ဖြစ်နိုင်ချေလာတဲ့ ဟျောင်းနဲ့ သူကြိုက်နေတဲ့ တခြားတစ်ယောက်နဲ့ကို"
နဖူးကို လက်ဖဝါးအုပ်ကာ မှိူင်တွေနေသော ဝန်းနူမယ် မြောင်ဟို့စကားမှာပါလာတဲ့ " ဆွန်းယောင်း ကြိုက်နေသော တခြားတစ်ယောက်" ဆိုတာကို ကြားရုံပင် မျက်ရည်ပါ ဝဲတက်လာသည်။
ဂျောင်ဟန်ဟျောင်းက မြောင်ဟို့ လက်မောင်းကို ဆတ်ခနဲ လှမ်းရိုက်လိုက်တယ်။
" အာ မြောင်ဟို အဲ့လိုကြီးမပြောနဲ့လေ။ သူကြိုက်တဲ့တစ်ယောက်က အပြင်က ဂျွန်ဝန်းနူ အကောင်လိုက်ကြီးလည်း ဖြစ်နေနိုင်တာပဲ မဆက်စပ်မိသေးလို့သာဆိုရင်"
တစ်ယောက်က စိတ်ကူးယဉ်ဖို့ ရှိရှိသမျှ ဖြစ်နိုင်ချေလေးတွေ ထုတ်ပြီးအားပေးတယ်။
နောက်တစ်ယောက်က လက်တွေ့နဲ့ ပြန်ပြန်ရိုက်ချ။
သက်ပြင်းသာချလိုက်ပြီး တွေးကြည့်ရင်း
အခု ဘယ်ခေတ်ပဲ ရောက်နေပြီလဲ။
လက်ရေးစာ ရေးပေးပြီး ချစ်စကားပြောတယ်ဆိုတာကိုက အရမ်း ခေတ်နောက်ကျနေပြီ။
ဘယ်သူမှန်းမသိရတဲ့ ခေတ်နောက်ကျတဲ့လူထက် မျက်စိရှေ့ မြင်နေရတဲ့ တခြားတစ်ယောက်ယောက်ကို သဘောကျသွားရင် ယုတ္ထိရှိပါတယ်။
" ဝန်းနူ ထင်ထားတာထက် ကြောက်တတ်တာပဲ"
" စိတ်လည်း ပျော့ အသည်းနုတာလည်း တအားပဲ"
ဂျောင်ဟန်ဟျောင်းက တစ်ခွန်းပြောတိုင်း ဆောမြောင်ဟိုက တစ်ခွန်းဝင်ထောက်။
ဝင်ထောက်တဲ့ တစ်ခွန်းက အရမ်းမှန်လွန်းနေရင် ဂျောင်ဟန်ဟျောင်း လက်စာမိလို့။
" ဒါပေမဲ့ ဝန်းနူဟျောင်းရာ.. you better play hard to get.. လက်ရေးစာတွေ မြင်တိုင်း သိချင်တယ် တဖွဖွဖြစ်နေပြီဆို သူလိုက်ရှာဖို့ ကြိုးစားနေလို့ပဲ။ တခြားသူအပေါ်ကို စိတ်ယိုင်နေတာရှိရင်တောင် အခွင့်အရေးရှိသေးတယ်"
" အဲ့ တခြားသူဆိုတာကြီး ထည့်ထည့် မပြောပါနဲ့ဆို ငိုတော့မယ် ဝန်းနူက !"
ဘယ်လိုအကြောင်းပဲရှိရှိ မျက်နှာသေနဲ့ တောင့်ခံနိုင်ပေမဲ့
ထိုနာမည်လေးကတော့ မျက်ရည်လွယ်အောင်ပဲ လုပ်ချင်နေသလိုလို။
ဒါပေမဲ့ အငိုမစောသေးပါဘူး!
" ဆိုတော့ကာ အဲ့ဒီ တစ်ယောက်ယောက်က ငါလည်း ဖြစ်နိုင်တာပဲလေ။ စာရေးပေးတာ ဂျွန်ဝန်းနူမှန်းမသိလို့ ဂျွန်ဝန်းနူဖြစ်ဖို့ မျှော်လင့်နေတာ နေမှာ ဟားဟား"
တစ်ယောက်တည်း စကားတွေပြောရင်း စိတ်မပါစွာ ရယ်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့တဲ့နောက် နှလုံးသားထဲ ဝင်ခလောက်ဆန်နေသည့် ထိုဖြစ်တည်မှူလေးကိုသာ သတိရတော့သည်။
ချစ်တာမှာ မဖြစ်မနေရယူဖို့မှ မလိုတာ။
အဲ့တာက မလိုချင်ဘူးဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ချေ။
✶ ✶ ✶
ကြားထဲမှာ တစ်ပါတ်တိတိ ဆွန်းယောင်း မျှော်နေကျ စာအိတ်ဖြူတွေဟာ စားပွဲခုံပေါ်နေရာယူလာခြင်းမရှိခဲ့ချေ။
လက်ရေးစာ မဖတ်ရတဲ့ တစ်ပါတ်သုံးရက်သည် သုံးနှစ်လိုကြာသည်။ ထိုသုံးရက်လုံးမှာ ဘေးခုံတွင်လည်း လူရှိ၏။
စာရတိုင်း " စာရပြန်ပြီလား" လို့ မေးနေကျ ဝန်းနူဟာ စာမရတဲ့အခါမှာတော့ " စာမရဘူးလား" လို့ မမေး။
အခုစာကို ဖတ်ပြီးတဲ့အချိန် ဘေးကနေပေါ်လာပြီး တစ်ခုခုပြောလေမလား။
" သို့/ ဆွန်းယောင်း
နှစ်လကျော်လောက် ပေးစာတွေ ဆက်တိုက်ရနေတဲ့ မင်းအနေနဲ့ ငါ ဘယ်သူလဲဆိုတာကို နည်းနည်းလေးဖြစ်ဖြစ် သိချင်နေမယ်လို့ ထင်တယ်။
လူကိုယ်တိုင် ထွက်လာပြီး သေချာပေါက် မင်းကို ဖွင့်ပြောချင်တာလည်း ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒပါ။
အဲ့ဒီလိုနဲ့ အတွေးတွေများရတယ်။
ငါရဲ့ အနေအထိုင်ပုံစံကို ကြိုက်ပါ့မလား။ ရုပ်ရည်ကရော ဆွန်းယောင်းအကြိုက်ဖြစ်ပါ့မလား။ အကျင့်စရိုက်ချင်းကရော မကိုက်ညီနေရင် သဘောကျပါ့မလား။
အကောင်းဆုံး ပုံစံဖြစ်နေချိန်မှပဲ မင်းရှေ့မှာ ရပ်ချင်တယ်။
ငါက ဒီလိုမျိုး ကြောက်နေရင်းမှာပဲ တခြားတစ်ယောက်ယောက်ကများ မင်းအချစ်ကို ရသွားမလားလို့လေ။
ငါမဟုတ်ရင်တော့ နှမြောမိနိုင်ပေမဲ့ မင်း ပျော်ရင် ငါလည်း ပျော်တယ်။
မကြာခင်မှာ သေချာပေါက် မင်းမျက်စိရှေ့ အရောက်လာခဲ့ပါမယ်!!
အခု စာရေးဖို့အတွက် မျက်မှန် ပျောက်နေလို့ မမြင်မစမ်းရေးလိုက်ရတာနဲ့..အမှားပါသွားရင် ဖြည့်တွေးပေးနော်။
ချစ်တယ်
-♡"
ဒီမတိုင်ခင် ညနေဘက်ရခဲ့သော လက်ရေးစာထက်တောင် ပိုပြီး ချွန်ထော့လာသော လက်ရေး။ နောက်ထပ် သုံးလေးဆလောက်သာ လက်ရေးပိုဆိုးနေလိုက်လျှင် ဂျွန်ဝန်းနူ လက်ရေးနဲ့များ တူနေလိမ့်မလား။
မဟုတ်မှလွဲရော ဆွန်းယောင်းကို စာရေးပေးရတာ စိတ်ကုန်လာသလား။
စိတ်ကုန်လာရင် စာအိတ်ပေါ်မှ ရေမွှေးနံ့သည်လည်း ဒီလောက် သင်းပျံ့နေမှာ မဟုတ်။
စိတ်ကုန်တယ်ဆိုရင် ပေးစာတောင် ရနေတော့မှာ မဟုတ်ဘူး။
သဲလွန်စပေးနေတာလို့ပဲ မှတ်ရမည်။
ထိုစဉ် ဘေးခုံသို့ လူရောက်လာပြီမှန်း သိလိုက်သည်။ စာရွက်ကိုင်ဖတ်နေတဲ့ ဆွန်းယောင်းအား တစ်ချက်သာကြည့်လို့ ပြုံးပြကာ ထိုင်ခုံမှာ အကျအန ဝင်ထိုင်၏။
စိတ်မဝင်စားဟန်ပြုနေသည့်အခါ စာရွက်ကိုင်ထားတဲ့ လက်ကို ဆွန်းယောင်း တရမ်းရမ်းလုပ်မိသည်။
ဘာမှ မေးခွန်းထုတ်မလာ။
ထပ်ဆင့်ကာ သတိထားမိလိုက်တာကတော့ ပုံမှန်တပ်နေကျ မျက်မှန် ဝတ်လာခြင်းမဟုတ်နေပေ။
လေးထောင့်မျက်မှန်ကိုင်း နက်နက်အစား ကိုင်းပါးပါးမျက်မှန်ဝိုင်းငွေရောင်က အစားထိုးနေသည်။
အသစ်အဆန်းတော့မဖြစ်။ အထက်တန်းကတည်းက မျက်မှန်လဲလို့ မြင်ဖူးနေတာ ဖြစ်မှာပေါ့။
" ငါ ဒီနေ့တစ်ရက် နေ့လည်ခင်းအတန်း မတက်တော့ဘူး။ အချိန်ပိုင်းအလုပ်က အစ်ကိုတစ်ယောက်နဲ့ shift လဲပေးလိုက်လို့"
ပထမအတန်းချိန် ကုန်ခါနီးမှာ ပြောလာတဲ့ ဝန်းနူက အသိပေးရုံသာ။
သို့ပေမဲ့ အေးအေးလူလူ လွှတ်ပေးချင်စိတ်မရှိတဲ့ ဆွန်းယောင်းအနေဖြင့် ဦးနှောက်ကို စဉ်းစားချိန်မပေးတော့ပဲ နှူတ်မှ အရံသင့် ပြောထွက်ကုန်သည်။
" ငါလည်း အတန်းမတက်ချင်လို့ လိုက်ခဲ့ချင်တယ်။ လိုက်ခဲ့လို့ရလား"
ငယ်ငယ်ကတည်းက ကိုယ်သွက်မှန်း ကိုယ်သိပါတယ်။
အဲ့ဒီအပြင် စည်းရုံးဆွဲဆောင်ရတာလည်း အရမ်းတော်တယ်လေ။
" ငြိမ်ငြိမ်လေး ထိုင်ပြီးပဲ ကြည့်နေပါ့မယ်"
" ငါ့အလုပ်ချိန်က ခြောက်နာရီလောက်ကြာမှာ။ မင်းက ဘယ်လောက် ကြာအောင် နေမှာလဲ"
" နေနိုင်သလောက်ပေါ့။ ခြောက်နာရီလောက်ကြာတဲ့ထိ နေဖြစ်တယ်ဆိုရင် အလုပ်ပြီးတာနဲ့ ဝန်းနူအိမ် လိုက်ခဲ့ချင်တယ်။"
ဆွန်းယောင်းတစ်ယောက် အလိမ္မာလေးလို အချိုသတ်သော ပညာတွေအား ဘယ်ငြင်းနိုင်ပါလိမ့်မလဲ။
" မင်းသဘော" ဆိုသည့် အဖြေအား ကျေနပ်အားရသွားသည်နှင့် အတန်းပြီးသည့်အခါ တစ်ဖက်လူလက်ကို သွားချိတ်တွယ်ပြီး နောက်မှ တကောက်ကောက် လိုက်သွားဖြစ်ပါတော့သည်။
ဝန်းနူ အချိန်ပိုင်းအလုပ်လုပ်လျှင် ဘယ်လိုနေရာမျိုး ဖြစ်မလဲ သိချင်ပေမဲ့ အင်တာနက်ဆိုင်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့။
တော်တော်လေးတော့ လူသန့်တဲ့ ရပ်ကွက်ဘက်မျိုးမို့ ဝရုန်းသုန်းကားတွေ ရှိပုံမရ။
အလုပ်ဧရိယာသည်လည်း အဆင်ပြေပုံရ၏။
ဆွန်းယောင်းမှာ မအူမလည်ဖြင့် လှည့်ပတ်ကြည့်နေတုန်း ဝန်းနူက reception နောက်သို့ ခဏဝင်သွားပြီး တစ်ခုခုကို ရေးခြစ်နေသည့်ပုံ။
နောက်မှ ဆွန်းယောင်း ထံသို့ ပြန်လာပြီး reception နဲ့ အနီးကပ်ဆုံး ခုံနေရာအလွတ်နှစ်ခု ကွဲထွက်ပြီးရှိနေရာမှာ နေရာချပေးသည်။
" မင်း ဒီမှာ ထိုင်နေလို့ ရတယ်"
ပြီးတော့ ဆွန်းယောင်းရဲ့ ဘေးခုံရှိ monitor မှာ စာရွက်တစ်ခုခုကပ်နေသလို
(ယာယီပြုပြင်နေဆဲ)
" မင်း တစ်ယောက်တည်း အေးအေးဆေးဆေးနေလို့ရအောင်"
ဂျွန်ဝန်းနူက အဲ့လို တွေးပေးတတ်တဲ့ ပုံစံမျိုးမှန်း သတိမထားမိခဲ့ဘူးပဲ။ ဒီအတိုင်း သဘောကောင်းတာလည်း ရိုးရိုးကောင်းမှပေါ့။
" သူဌေးမြင်ရင် အဆူခံနေရအုံးမယ်"
" အေးဆေးပါ။ တကယ်လည်း ဟိုတစ်ရက်မှ ပြင်ဆိုင်နေ ပြန်ရောက်လာတာ။ အရမ်းကောင်းနေတဲ့ စက်မဟုတ်လို့ မငှါးဖြစ်ဘူး"
" အဲ့တာဆိုလည်း"
ယာယီပြုပြင်နေဆဲဆိုတဲ့ စာရွက်ကို ကြည့်ရင်း ဝိုင်းစက်နေသော လက်ရေးဟာ ဆွန်းယောင်းကို မျက်ခုံးကြုံ့မိစေလျက်သား။
" ဒါ မင်းရေးထားတာလား"
" အွန်း"
" လက်ရေးလှတာပဲနော်"
လှလွန်းလို့ ဆွန်းယောင်းရနေကျ လက်ရေးစာတွေထဲမှ လက်ရေးနဲ့တောင် တူတယ်။
ဆွန်းယောင်းစိတ်က ဂျွန်ဝန်းနူဖြစ်စေချင်နေလို့ပဲ ထင်ယောင်ထင်မှား ဖြစ်နေတာများ..။
ဂျွန်ဝန်းနူကို စိတ်ယိုင်နေလို့များ အတင်းလုပ်ယူချင်နေတာဆိုရင် စာပေးတဲ့တစ်ယောက်အတွက် စိတ်မကောင်းစရာ ဖြစ်ကုန်တော့မှာပဲ။
" ဆွန်းယောင်း ငါပြောနေတာ ကြားရဲ့လား"
" ဟမ် "
ခဏ အတွေးတွေ ပြန့်ကုန်တာ ဘာပြောသွားသလဲ မကြားလိုက်။
" ဒီအတိုင်း ငယ်ငယ်က လက်ရေးလှအောင် ကျူရှင်ထပ်တက်ခဲ့ရလို့ဆိုပြီး ပြောပြနေတာပါ။ မင်း တကယ် ချစ်ဖို့ ကောင်းတယ်"
ဆွန်းယောင်း ခေါင်းကိုပါ ပုတ်လို့ ထွက်သွားတဲ့ ရည်ရွယ်ချက်က ဘာပါလိမ့်။
ချစ်ဖို့ကောင်းတယ်တဲ့ တစ်မိုးအောက်တစ်ယောက် မျက်နှာသေကြီးနဲ့ ဂျွန်ဝန်းနူက ပြောသွားတာ။
သူ့အလုပ်သူ လုပ်နေတဲ့ ဂျွန်ဝန်းနူကို ခြောက်နာရီကြာအောင် ထိုင်ကြည့်ခဲ့သလား။ ထိုင်ကြည့်နေရင်းပဲ တစ်ခုခုကိုများ အာရုံလွဲပြီး အိပ်ပျော်သွားသလား မမှတ်မိတော့ချေ။
အိမ်ပြန်ရောက်သည့်အခါမှာတော့ ခြေတွေလက်တွေပါ မိုးပေါ်ပစ်ပြီး အငြိမ်မနေနိုင်။
ဆွန်းယောင်းရဲ့ တိုက်ခန်းထဲမှ အိမ်ငှါးတစ်ဖြစ် တက္ကသိုလ်မတူတဲ့ ဂျူနီယာကို တကူးတက သွားပြီး နားပူမိ၏။
" ငါက တစ်ယောက်ယောက်ကို ကြိုက်လား မကြိုက်ဘူးလား ဝေခွဲမရရင် အဲ့လူကို အကြာကြီး ထိုင်ကြည့်ပြီး ဆုံးဖြတ်တယ်။ အခုတလော ဂျွန်ဝန်းနူနဲ့ ပတ်သက်ပြီး တစ်မျိုးဖြစ်နေလို့ သူ့အလုပ်ထိလိုက်ပြီး ထိုင်ကြည့်လာတာ အိပ်ပျော်သွားတာပဲ။ အဲ့တာ မကြိုက်နေလို့ပေါ့"
" သူကလည်း ငါ့ကို ထိုင်ဖို့နေရာရွေးပေးပြီးတာနဲ့ အဖက်မလုပ်တော့ဘူး။"
" ဒါပေမဲ့ အာရုံခံအရ တစ်ခုခုပဲကွာ။ အဲ့ တစ်ခုခုကလည်း ဘာမှန်းမသိဘူး။ လက်ရေးစာတွေလည်း ပြန်ဖတ်လွန်းလို့ အလွတ်တောင်ရနေပြီ လူက ပေါ်မလာသေး။ အဲ့ဒီအချိန်မှ ဟိုလူက ရုတ်တရက် တိုက်ဆိုင်တာတွေ လုပ်နေတယ်"
" သူ့ လက်ကောက်ဝတ်ကနေ ရေမွှေးအနံ့လေး ဆင်တူတာ ရလိုက်ရုံနဲ့.. ငါတော့ ကြွေကျသွားတာများ..အာ—"
တစ်ဖက်လူကို စကားပြောခွင့်မပေးတော့ပဲ ပြောချင်ရာတွေ ပြောပြီးတဲ့အဆုံး ကိုယ့်မျက်နှာကိုယ် အုပ်ကာ မျက်နှာပူမှူကို ဖုံးကွယ်မိပြန်သည်။
" ဂင်မ်မင်းဂယူ မင်းပဲ စဉ်းစားကြည့်စမ်း"
" ဟုတ်"
အိမ်ငှါးဆိုတော့လည်း အိမ်ရှင် ဂွမ်ဆွန်းယောင်း ပြောသမျှ ခေါင်းမငြိမ့်ပေးရင် နှင်ချခံရမှာကလည်း အပူတစ်ခု မဟုတ်ပါလား။
" ငါအိပ်ပျော်နေတာကို သူ့အလုပ်ချိန်ပြီးမှ လာနှိူးတယ်။ ငါပြောထားတဲ့ သူ့အိမ်လိုက်မယ်ဆိုတာကို မေ့ချင်ယောင်ဆောင်ပြီး ငါ့ကို အိမ်ပြန်ဖို့ ဘတ်စ်ကားဂိတ်လိုက်ပို့ပေးတယ်လေ"
" ဟုတ်"
" အဲ့တာ ဘာစိတ်မှ မရှိလို့ပေါ့..။ တိုက်ဆိုင်တာတွေ များလာလေ အပြင်က ဂျွန်ဝန်းနူက ပိုအေးစက်လာသလိုကြီးပဲ။ သူ့ကို မုန်းလိုက်တာ"
စိတ်ရင်းမဟုတ်တဲ့ အပေါ်ယံ ဂျီတိုက်သလို မုန်းလိုက်တာဟူသည့် စကား။ ဝန်းနူကြားရင် ဘယ်လို တုံ့ပြန်မလဲ။
အမည်မသိ လက်ရေးစာအရ ထိုလူ မျက်မှန်ပျောက်သွားတယ်။
ဝန်းနူလည်း တပ်နေကျမဟုတ်တဲ့ မျက်မှန်အဟောင်း ပြန်တပ်လာတယ်။
လက်ရေးတူတာတွေ ရှိလာတယ်။
စာပေးသူက နေမကောင်းဘူးဆိုတဲ့ရက် ဝန်းနူ အအေးမိနေတယ်။
အချိန်ဇယားတူတယ်။
ပထမဆုံးပေးစာအရ တိုက်ဆိုင်တာတွေရှိတယ်ဆိုရင် အထက်တန်းကတည်းက မထင်မှတ်ပဲ ဒီလိုအထိ တူညီနေတာလေ။
မျှော်လင့်တာတွေ လောဘများလာတာ လွန်သလား။
" ဂျွန်ဝန်းနူ ဖြစ်စေချင်တဲ့စိတ်ကနေ ဂျွန်ဝန်းနူကို ကြိုက်သွားပြီလားနော်။ လက်ရေးစာတွေ ပေးနေတဲ့သူက သူမဟုတ်ရင် ငြင်းနိုင်မှာလည်း မဟုတ်ဘူး။ အဲ့အခါကျ ဘယ်လိုလုပ်ရမှာလဲ"
" ဟိုက ပြန်ကြိုက်အုံးမှ ရွေးချယ်ရမှာပေါ့"
မင်းဂယူရဲ့ လက်မောင်းကို လှစ်ခနဲ ရိုက်ချလိုက်သည်။
ပြောမကောင်းဆိုမကောင်းတွေ။
တော်ပါပြီ။ ပြောလေ ပြောလေ ရင်လေးစရာတွေ များလေမို့။
" မင်းကရော လေ့ကျင့်ရေးမှာ ဘာတွေ ဖြစ်နေလို့ မနက်တိုင်း သွားခါနီးဆို သက်ပြင်းချနေရတာလဲ"
" မဟုတ်ပါဘူး။ သေနတ်ပစ်အသင်းက တစ်ယောက်လေ ကျွန်တော်က ရန်စတယ်ချည်းပဲ လုပ်နေတယ်။ သူ့ပစ်ချက်တွေ အားနည်းလို့ နည်းတယ်လေး ပြောမိတာ။ လက်ချော်ရင် ချော်တယ်ပြောမိရုံ"
" အလကားသက်သက် သွားဝေဖန်နေတာကိုး။ ဟိုက မင်းကို ထပစ်မထည့်လိုက်တာပဲ ကံကောင်း"
" တကယ် ကြည့်မရဘူး ဆောမြောင်ဟို"
" ဆောမြောင်ဟို?"
" သိလို့လား။ သူ ပထမနှစ် အလယ်ကြီးမှာ ကျွန်တော်တို့ဆီ transfer လာတာ"
ဆွန်းယောင်း ခေါင်းသာ ခါပြလိုက်သည်။
လေးလုံးတစ်ယောက်ရဲ့ အဆောင်နေဘက်လို့ ထုတ်ပြောလိုက်ရင်းက ထိုလေးလုံးကို စိတ်ထဲပြန်မြင်ယောင်မိပြီး အိပ်မပျော်တော့ပဲ ထပ်ဖြစ်နေအုံးမယ်။
ဆွန်းယောင်းရဲ့ စိတ်စွဲမှူတွေဆိုရင်ဖြင့် ညဘက်ညဘက် အိမ်မက်ထဲမှာတောင် ဆွန်းယောင်းအတွက် ချစ်ရေးဆိုစာတွေ ရေးပေးနေတဲ့ ဂျွန်ဝန်းနူရဲ့ ပုံရိပ်တွေပါလာသည်အထိပင် ဖြစ်တော့သည်။
✶ ✶ ✶
မျက်မှန်ကိုင်းအရိပ်ကျနေသော ပါးပြင်တွေက မသိမသာတော့ ပန်းရောင်သန်းသွားသည်။
ထိုအဖြစ်ကို သတိမထားမိလိုက်တာကတော့ ဆွန်းယောင်းသာ။
ဒီတစ်ခေါက်ပေးစာနဲ့ ပတ်သက်လို့ ထူးခြားတဲ့ တန်ပြန်ဝေဖန်မှူ မရသလို ခံစားရသည်။ မကြာခင်မှာ အရောက်လာခဲ့မယ်ဆိုတဲ့ အာမခံချက်ကို သဘောမကျလို့ ဝန်းနူကို မပြတော့တာများလား။
သဘောကျတဲ့သူ သက်သက်ရှိပြီဆိုပြီး လက်ရေးစာတွေကို ရင်မခုန်တော့တာလား။
ဒါမှမဟုတ် သိသိသာသာရော မသိမသာပါ အရိပ်အယောင်ပြနေတဲ့ ဝန်းနူကိုများ သတိထားမိလို့..။
အာ..ခေါင်းရှူပ်ချက်။
ဒီ အချွဲလေးက ဝန်းနူကို ပိုရင်းနှီးပြီး ပိုကပ်လာလေ နီးလျက်နဲ့ ဝေးရမည့် အတွေးမျိုးမြင်ယောင်မိလေပဲ။
အလုပ်ကို လိုက်လာတဲ့ လမ်းတစ်လျှောက်လုံး ဝန်းနူရဲ့ လက်မောင်းကို အမှူမှတ်အမှတ်မဲ့ လာချိတ်ဆွဲထားသေးတာလေ။
ဝန်းနူ အလုပ်လုပ်နေတဲ့ တောက်လျှောက် ဆွန်းယောင်းက ပေးထားတဲ့ ခုံနေရာမှာ ထိုင်ပြီး တစ်ချက်တစ်ချက် ချောင်းကြည့်နေတာကို မြင်သည်။
ကြာတော့လည်း စောင့်ရတာ ပျင်းပြီ ထင်ပါရဲ့။
ခုံပေါ်ကို ခေါင်းမှောက်ကာ အိပ်ပျော်သွားတာ သိလိုက်သည်။
အိပ်ပျော်နေတာ နှစ်နာရီလောက်ရှိသွားပေမယ့် ဝန်းနူရဲ့ အလုပ်ချိန်ကလည်း ကျန်နေသေးတာကြောင့် အသာနှိူးပြီး တစ်ခုခုစားမလား မေးလိုက်ပါသေးတယ်။ အိပ်ပုတ်က ခေါင်းတောင် ပြန်မထောင်လာပဲ " တော်ပြီ" တဲ့။
ပြောထားတဲ့အတိုင်း ဝန်းနူအိမ်ထိ လိုက်ရင် ပင်ပန်းမှာစိုးလို့ အိမ်ကို တန်းတန်းမတ်မတ်ပြန်ဖို့ရာ ဘတ်စ်ကား လိုက်စောင့်ပေးပြီးမှ ဝန်းနူက အိမ်ပြန်ခဲ့တာ။
ဒီနေ့ တစ်နေ့လုံး ကောင်းကောင်းပင် အကြည့်ချင်းမဆုံရဲခဲ့။
ဂျုံလုံးလေး ဆွန်းယောင်းက ဒီနောက်ပိုင်း ဝန်းနူကို တွယ်ကပ်လာတယ်လို့ အမှန်ထင်ရသည်။
ထိုကား မျှော်လင့်ချက်များနေသည့် ဝန်းနူချည်း ထင်ယောင်ထင်မှား ဖြစ်နေတာတော့ မဟုတ်နိုင်။။
ချပေးတဲ့ သဲလွန်စတွေကို သတိထားမိနေတာတော့ သေချာ၏။ ဝန်းနူရဲ့ လက်ရေးလှလှကို မြင်သွားသည့်အခိုက် ပုလဲနက်လေးတွေ လဲ့နေသလို မော်ကြည့်ပြီး မေးလာတာလေ။
ချစ်ဖို့ကောင်းလွန်းလို့ အိတ်ကပ်ထဲ ထည့်ပြီးသာ ဖွက်ထားချင်တော့သည်။
နောက်တစ်ရက်မှာ ဆွန်းယောင်းအတွက် လက်ရေးစာလေးတစ်ရွက် သွားချမပေးခင် ဆွန်းယောင်းရဲ့ စားပွဲနေရာပေါ်မှာ ရှိနေနှင့်သည့် စာအိတ်ဖြူတစ်ခုက ဝန်းနူကို ဘာမသိညာမသိ အသည်းကွဲအောင် ထပ်လုပ်တော့မည်ဆိုတာ မသိလိုက်ပဲနှင့်။
" ပထမဆုံး ပြန်စာရေးတာမို့ အမှားပါသွားရင် ခွင့်လွှတ်ပါ။ ဒီ စာကို စိတ်ချလက်ချ ဖတ်လို့ ရပါတယ်။
ဘယ်သူမှန်း မသိစေချင်တဲ့ မင်းရဲ့ ဆန္ဒကို အလေးထားတယ်လို့ မှတ်ပေးပါ။
တကယ်လို့ ရေစက်ရှိနေခဲ့တယ်ဆိုရင် ဘယ်အချိန်ကတည်းက မင်းနဲ့ ဆုံဖူးနေသလဲ ငါမသိဘူး။ ထူးခြားတဲ့လူလို့ ထင်ပြီး မင်းကို တကယ် သိချင်ပါတယ်။ ယုံကြည်လို့ရမယ့်လူလို့လည်း ငါ သဘောပေါက်တယ်။
ဒါပေမဲ့..ငါ သဘောကျနေပြီလို့ ထင်တဲ့လူက မင်းဖြစ်နေပါ့မလား..။
ခန့်မှန်းရတာ ခက်ခဲနေလို့ ချစ်မိသွားတာက ငါ့ကို တိတ်တိတ်လေး လက်ရေးစာတွေ ပေးနေတဲ့သူ မဟုတ်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုလည်း အရမ်းစိတ်ပျက်မိမှာ။
မင်း ငါ့အပေါ် အေးစက်စက်များ ဆက်ဆံနေတယ်ဆိုရင် အဲ့လို မလုပ်ပါနဲ့။
မင်းရေးပေးတဲ့ လက်ရေးစာတွေကိုလည်း တန်ဖိုးထားပါတယ်။ တစ်စောင်မကျန် အိမ်က အံဆွဲထဲမှာ သိမ်းထားတာလေ။
ဆိုတော့ နိဂုံးချုပ်အနေနဲ့ ဘယ်လိုပုံစံဖြစ်နေဖြစ်နေ အရင်ဆုံး..သေချာပေါက်တွေ့ချင်ပြီ။
- Kwon Soonyoung"
ဒီနေ့အဖို့ ပေးမယ့် လက်ရေးစာကို ချက်ချင်းပဲ လုံးချေကာ အိတ်ကပ်ထဲ ပြန်ထည့်လိုက်၏။
ပေးဖို့ရာ ဒီနေ့အဖို့ မသင့်တော့ဘူး ထင်ပါတယ်။
ဝန်းနူအနေနဲ့ ဆွန်းယောင်းကို အေးတိအေးစက်များ ဆက်ဆံမိသလားဆိုရင် ဟင့်အင်းပါ။
တစ်ချက်ကလေးတောင် မအေးစက်မိပါဘူး။ အေးစက်ချင်တဲ့ ရည်ရွယ်ချက်က အခုလည်းမရှိ နောင်လည်း ရှိမှာ မဟုတ်။
ဒီရက်ပိုင်းတော့ အကြောက်လွန် အတွေးလွန်ပြီး စကားပြောမထွက်တာတော့ မှန်ပါရက်။ ဝန်းနူရဲ့ နှလုံးသားက ဆွန်းယောင်းအပေါ် အမြဲနွေးထွေးနေတာပဲ။
ဟန်ဆောင်ပြီးတောင် မအေးစက်နိုင်တာလေ။
အဲ့တာဖြင့် ဆွန်းယောင်း သဘောကျလာတယ်ဆိုတာ ဝန်းနူမဟုတ်ပဲ ဘယ်က အေးတိအေးစက်ကောင်ကိုများ သွားဖြစ်ရသလဲ။
ဆွန်းယောင်းလို ချစ်စရာဖြစ်တည်မှူလေးအပေါ် အေးတိအေးစက်လုပ်နိုင်တဲ့ကောင်ကရော ဘယ်လိုလူစားမျိုးပါလိမ့်။
ရင်နာလာရတာနှင့်အပြိုင် ဝန်းနူလည်း သိချင်လွန်းလို့ ရူးနိုင်ပါတော့၏။
✶ ✶ ✶
♡
short story ဆိုတဲ့အလိုက် အများဆုံး 5 ပိုင်း သို့မဟုတ် ခြောက်ပိုင်းအထိ ပဲရှိပါမယ် !!><