နတ်နဂါးစစ်သည်
အပိုင်း ၂၇၉
( ညစာစားပွဲ )
ပလက်တီနမ်နန်းတော်...
ဘုရင်မကြီး၏ မွေးနေ့ အမှတ်တရ ညစာစားပွဲ ကျင်းပမည့် နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ ဗြိတိန်နိုင်ငံ၏ ညရှုခင်းမှာ ကြက်ပျံမကျ စည်ကား သိုက်မြိုက်နေလေ၏။ နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံရေး ပါတီအသီးသီးမှ ခေါင်းဆောင်များအပြင် ဖိတ်ကြားထားသည့် ဂုဏ်သရေရှိ မှူးမတ်၊ သူကြွယ်များ အပြင် တခြားသော တော်ဝင် မင်းညီမင်းသားများလည်း စုရုံး ရောက်ရှိနေကြသည်။
ကားပါကင်တွင်လည်း အမျိုးမျိုးသော တန်ဖိုးကြီး ဇိမ်ခံကားတို့နှင့် ပြည့်ကျပ်နေသည်။
ညနေခင်း ရောင်ခြည်အောက်၌ ပလက်တီနမ်နန်းတော်ကြီး တစ်ခုလုံးအား ကြီးကျယ်၍ ခမ်းနားထည်ဝါလှသော ရွှေဝါရောင် အလင်းတန်းများဖြင့် လွှမ်းခြုံထားလေ၏။
တာဝန်ကျ အစောင့်စစ်သည်များက ဝင်လာသမျှ ကားတိုင်းကို နန်းတော်ဝင်းပြင်ပ စစ်ဆေးရေးဂိတ်၌ ဖိတ်ကြားထားသည့် ဧည့်သည်တော် ဟုတ်၊ မဟုတ် စစ်ဆေးနေကြ၏။
ဖိတ်ကြားထားသည့် ဧည့်သည် မှန်ပါက နန်းတော်ဝင်းတံခါး အတွင်းသို့ ဝင်ခွင့်ပြုလိုက်ကြသည်။ နန်းတော်ဝင်းအတွင်းသို့ ရောက်သည့်အခါ အသင့်စောင့်ကြိုနေသော ဧည့်ကြိုဝန်ထမ်း တစ်ချို့က ၎င်းတို့၏ ကားကို ယူ၍ ကားပါကင်သို့ မောင်းထွက်သွားကြသည်။ ထို့နောက် ကျန်ဝန်ထမ်းတစ်ချို့က ညစာစားပွဲ ကျင်းပမည့် ခန်းမဆောင်ကြီးရှိရာသို့ ဧည့်သည်တော်များအား လမ်းပြ ခေါ်ဆောင်သွားကြသည်။
လင်ချူရွှယ်မှာ ခံစားချက်မဲ့နေသော မျက်နှာအမူအရာနှင့် မာစီဒီးကားလေးပေါ် ထိုင်လိုက်လာ၏။ သူမ၏ စကားလုံးမဲ့နေသော မျက်နှာလေးမှာ ရေခဲတမျှ အေးစက်နေသည့်တိုင် စွဲမက်ဖွယ် ကောင်းနေဆဲပင်။ လင်ချူရွှယ်၏ ဒူးပေါ်လက်တင်၍ စကတ်အနားစတို့ကို လက်နှစ်ဖက်နှင့် တင်းတင်းဆုပ်ထားသည့် ပုံစံမှာ သူမ စိတ်လှုပ်ရှားလာလျှင် ပြုမူနေကျပုံစံမျိုးမှန်း မိခင်ဖြစ်သူ သိလေ၏။
လင်ချူရွှယ်က လက်တစ်ဖက်ကို မိခင်၏လက်မောင်းပေါ် တင်ပြီး ခေါင်းလေးကို ငုံ့လျက် ကားအပြင်သို့ ထွက်လိုက်သည်။ နူးညံ့သွယ်လျသော မျက်တောင်နှစ်ဖက်ကို အနည်းငယ် ပင့်တင်လိုက်သည်နှင့် ကန်ရေပြင်အလား ကြည်လင်စိမ်းမြနေသည့် သူမ၏ မျက်လုံးပြာကြီးများကို ရှုမြင်လိုက်ရသည့် အနီးနားမှ ယောက်ျားသားတိုင်း၏ ရင်မှာ အေးမြသွားသလို ခံစားလိုက်ရလေသည်။
မြင်ရသူတိုင်းမှာ သူမ၏ အလှကြောင့် အံ့ဩပင့်သက်သွားကြလေ၏။
သူမ အသက် ၁၅ နှစ်အရွယ်တွင် မတော်တဆ မီဒီယာသမားများ၏ ဓာတ်ပုံရိုက်ခံခဲ့ရသည်။ ထို့နောက် သူမ၏ အလှသည် မီဒီယာထက်မှ တစ်တိုင်းပြည်လုံး ချက်ချင်း ပျံ့နှံ့သွားပြီး ဗြိတိန်နိုင်ငံ၏ ဘုရင်မလေးရို့စ်ဆိုသော ဘွဲ့ထူးကို ရခဲ့လေ၏။
အချိန်ကြာလာလေ သူမမှာ နတ်မိမယ်ရှုံးအောင် အလှပိုလာလေပင်။ ထို့အပြင် လူမြင်ကွင်းရှေ့ မထွက်ချင်သော နတ်မိမယ်လေး သူမ၏ရုပ်ပုံတို့အား မဂ္ဂဇင်းတိုက်များက ပါပါရာဇီတို့အား ရယ်စရာကောင်းလောက်အောင် ဈေးကြီးကြီးပေးလျက် ခိုးကြောင်ခိုးဝှက် ဓာတ်ပုံ ရိုက်စေပြီး မိမိတို့၏ မဂ္ဂဇင်း စာမျက်နှာများထက် အလုအယက် တင်ယူကြသည်။
သို့နှင့် အလှနတ်မိမယ်လေး လင်ချူရွှယ်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် လူကုံထုံ အသိုင်းအဝိုင်းကြား ပြင်းပြင်းထန်ထန် အားပေး အခံရဆုံး နာမည်ကျော် မင်းသမီးလေးတစ်ပါး ဖြစ်လာလေ၏။
ပန်းချီဆရာတစ်ဦး ရေးဆွဲထားသော သူမပုံတူ ပန်းချီကားအား ပေါင်တစ်သိန်းကျော်ဖြင့် ဝယ်ယူခဲ့ကြပြန်သည်။ ထိုပန်းချီဆရာသည်လည်း သူမ၏ပုံတူပန်းချီကားကြောင့် နာမည်ကျော်ခဲ့၏။
ရှေးရိုးဆန်၍ လူမှုရေးပါတီပွဲများကို တက်ခဲသွားခဲသည့်အပြင် အထက်တန်းလွှာ အသိုင်းအဝိုင်း၏ ရှားရှားပါးပါး မိန်းမလှလေးတစ်ဦး ဖြစ်သော လင်ချူရွှယ်အား ဗြိတိန်၏ မင်းမျိုးမင်းနွယ်များနှင့် ငယ်ငယ်ရွယ်ရွယ် သူဌေးသားလေးများက အိမ်ထောက်ဖက်အဖြစ် ရွေးချယ်ရန် အကောင်းဆုံး စံနှုန်းရှိသူလေး အဖြစ် တညီတညွတ်တည်း သတ်မှတ်ထားကြလေသည်။
ထို့အပြင် ယနေ့ည ဗြိတိန်ဘုရင်မကြီး၏ မွေးနေ့ညစာစားပွဲသို့ လင်ချူရွှယ် တက်ရောက်မည့် သတင်း ပေါက်ကြားလာခဲ့ရာ မိဘများနှင့်အတူ လူငယ်အတော်များများ မွေးနေ့ပွဲသို့ တက်ရောက်လာကြလေသည်။ အထူးသဖြင့် အသက် ၃၀ အောက် ဩဇာအာဏာကြီးမား၍ ချမ်းသာကြွယ်ဝသော လူပျိုကြီး အများအပြား တက်ရောက်လာကြသည့်အတွက် ယခုနှစ် မွေးနေ့ညစာစားပွဲမှာ ပို၍ စည်ကား အသက်ဝင်နေလေတော့သည်။
ရှေ့ဆုံးမှ လျှောက်သွားသော ဖခင်၏အနောက်မှနေ၍ မိခင်ဖြစ်သူ၏လက်ကို တွဲလျက် ကော်ဇောနီ လမ်းမထက် လျှောက်လှမ်းလာသော လင်ချူရွှယ်၏ ပုံစံလေးမှာ မြင်မြင်သမျှ လူငယ်အားလုံး၏ စိတ်ဝယ် အခမ်းနား အလှပဆုံး ရှုမြင်ကွင်းတစ်ခုကို မြင်တွေ့နေရသည့်အလား ခံစားနေရသည်။
အပြာရောင် ကြိုးမဲ့ လည်ဟိုက် ဂါဝန်ရှည်လေးနှင့် သူမ၏ ပြာလဲ့လဲ့ မျက်လုံးပြာကြီးများက အလယ်ခေတ် ဒဏ္ဍာရီဇာတ်လမ်းများမှ နတ်သူငယ်မလေးတစ်ပါး ကြွလှမ်း လာနေသည်နှင့်ပင် တူနေတော့သည်။
နတ်ဘုရားမလေးတစ်ပါးအလား လှပလွန်းသော လင်ချူရွှယ်ကြောင့် မြင်မြင်သမျှ မဟာပုရိသ ယောက်ျားသားတို့မှာ ရေပခြုပ်နှင့် ထည့်သိမ်း၍ အာခံတွင်းထဲ ငုံ့ထားတော့မတတ် စိတ်ကူး ကြံရွယ်နေမိကြတော့သည်။
တတိယမြောက်မင်းသား ဝေဲလ်မှာ ဝိုင်နီဖန်ခွက်ကို ကိုင်လျက် သူငယ်ချင်းများနှင့် စကားစမြည် ပြောဆိုနေလေ၏။ တစ်စုံတစ်ရာကြောင့် ပင့်သက်ရှိုက် အံ့ဩဘနန်း ဖြစ်ကုန်ကြသော လူအုပ်ကြီး၏ အသံဗလံများကို ကြားလိုက်သည်နှင့် ဝေလ်က ဝင်ပေါက်ရှိရာသို့ ခေါင်းကို ငဲ့ကြည့်လိုက်သည်။ ထိုအခါ မိဘနှစ်ပါးနှင့်အတူ ပွဲတက်လာသော လင်ချူရွှယ်ကို တွေ့လိုက်ရ၏။ ချက်ချင်းဆိုသလိုပင် နန်းတော်ဝင်း အတွင်း ရှိရှိသမျှ ရွှေပွဲလာ ပရိသတ်တို့မှာ လင်ချူရွှယ်ကိုသာ အာရုံစိုက် ကြည့်နေကြတော့သည်။
ဝေလ်၏ မျက်လုံးတို့ တစစ အရောင်တောက်လာ၏။ သူ့စိတ်ထဲ လင်ချူရွှယ်အား မဖြစ်မနေ အရယူရန် စိတ်ပိုင်းဖြတ်လိုက်သည်။
"မင်းအတွက် ပြိုင်ဘက်တွေ အတော်များနေတဲ့ပုံပဲ"
သူငယ်ချင်းဖြစ်သူက ပြောလိုက်၏။
"ကျွတ် ကျွတ် ... ဝေလ် ... ကျောထောက်နောက်ခံ ကောင်းကောင်း မရှိတဲ့ ငါတို့လို ကံမကောင်း အကြောင်းမလှ သူတွေကလွဲရင် ဘယ်လို တော်ဝင်မျိုးနွယ်မဆို၊ သူဌေးသူကြွယ်မဆို ဒီနတ်မိမယ်လေးကို လိုချင်သိမ်းပိုက်လိုကြမှာပဲကွ "
တခြားသူငယ်ချင်းတစ်ဦးက နှာခေါင်းရှုံ့ရင်း ဝင်ပြောပြန်သည်။
"ဝေလ်လို မင်းညီမင်းသားတစ်ပါးအတွက်တောင် ပြိုင်ဘက်တွေ များနေတာပဲ။ ရောက်နေတဲ့ သူဌေးသားတွေကိုလည်း ကြည့်ဦး ... ဒီနတ်သမီးလေးကို ရဖို့ ရှိရှိသမျှ စည်းစိမ်တွေ ပုံအော ပေးရမယ်ဆိုလည်း ပေးကြမယ့်ပုံ ... အားလုံးက ဒီလှပဂေးလေးကို ရဖို့ ဘယ်နည်းလမ်းမဆို သုံးကြမှာပဲ"
ဝေလ်က နှာခေါင်းရှုံ့ရင်း "ဟေ့ ... ငါသာ အိမ်ရှေ့စံဖြစ်လို့ကတော့ ဒီနတ်သမီးလေးကို ငါနဲ့ ယှဉ်ဝံ့တဲ့လူ တစ်ယောက်မှ ရှိမှာ မဟုတ်တော့ဘူး"
အိမ်ရှေ့စံ မင်းသား ဆိုသည်မှာ ဗြိတိန်နိုင်ငံ၏ ဘုရင်မင်းမြတ်နေရာ ဆက်ခံရမည့် ဘုရင်လောင်း ဖြစ်လေသည်။
တကယ့် အိမ်ရှေ့စံ မင်းသားကြီးမှာ လမ်းလျှောက်ဝင်လာသော လင်ချူရွှယ်အား မြင်မိသည်နှင့် မျက်လုံးအိမ်ထဲ လိုချင်တပ်မက်သည့် အခိုးအငွေ့များ ဖြတ်ပြေးသွားသည်။ သို့သော် အိမ်ရှေ့စံမင်းသားကြိးမှာ သက်ပြင်းကို ချလိုက်၏။
"ငါကိုက အချိန်မှားပြီး မွေးလာခဲ့တာ အတော် နှမျောစရာ ကောင်းတာပဲ။"
အိမ်ရှေ့စံမင်းသားကြီးမှာ တတိယမြောက်မင်းသားလေးထက် အသက်များစွာ ကြီးရင့်ကာ ယခုနှစ်တွင် အသက် ၄၀ ပြည့်တော့မည် ဖြစ်သည်။ ထို့ကြောင့် လင်ချူရွှယ်နှင့် မသင့်တော်သည့် အရွယ် ဖြစ်နေပြီ ဖြစ်၏။
နဘေးမှ မိတ်ဆွေရင်းကြီးက မင်းသားကြီးအား ကြည့်ကာ ရယ်မောလိုက်သည်။
"ဒီစကားကို ခင်ဗျားရဲ့ ကြင်ယာတော် မကြားမိစေနဲ့ဦးနော်။ ကြားလို့ကတော့ ရန်ပွဲ ကြီးကြီးမားမား ဖြစ်နေဦးမယ်။ ဒါပေမဲ့လည်း အဲဒီနီကိုးလ်ဆိုတဲ့ မိန်းမချောလေးက ရာစုနှစ်ရဲ့ ပြိုင်စံရှားတဲ့ မိန်းမချောလေးပဲ။ ဒါကြောင့်လည်း နိုင်ငံရဲ့ ကုမ္ပဏီကြီးတွေထဲက အမွေဆက်ခံသူ သူဌေးသားတွေရယ်၊ တော်ဝင်မျိုးနွယ်တွေရယ်က ဒီမိန်းကလေးကို လက်ထပ်ချင်နေကြတာကိုး။ ကဲပါလေ ... ခင်ဗျားမှာလည်း အခွင့်အရေး ရှိပါသေးတယ်။ ခင်ဗျားသာ ဘုရင်ဖြစ်လာလို့ကတော့ သူမကို သိမ်းပိုက်တော်ကောက်လို့ ရတာပဲ ... ဟား ဟား"
အိမ်ရှေ့စံမင်းသားကြီးက သူ့ကိုယ်သူ လှောင်ပြောင်ဟန်နှင့် နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ကျုပ်ဘုရင်ဖြစ်တဲ့အချိန်ဆို အရမ်း နောက်ကျနေသွားပါပြီဗျာ။ ကျုပ်တို့ တော်ဝင်မိသားစုတွေက ရှေ့မျိုးဆက်ဘုရင်တွေ နတ်ရွာမစံမချင်း ထီးနန်းသရဖူကို ဆွတ်ခူးခွင့် ရှိတာ မဟုတ်ဘူး မှတ်လား။ ဒါကို ခင်ဗျားလည်း မသိတာ မဟုတ်ဘဲနဲ့။ ဝေလ်ကို ကြည့်စမ်းပါဦး။ တကယ်တမ်း သူ့မှာ အာဏာ မရှိပေမယ့် စိတ်ရှိသလို ဆုံးဖြတ်ပြုမူလို့ ရတယ်ဗျ။ ပြီးတော့ မင်းမျိုးမင်းနွယ်ဖြစ်တဲ့ သူ့ကို အစ်ကိုတော် ဖြစ်တဲ့ ကျုပ်တို့က သူ လုပ်သမျှ အရှုပ်တွေ ရှင်းပေးရမှာပဲ။"
"ကျုပ်တို့တတွေက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ထိန်းသိမ်းစောင့်ရှောက်ကြတာ။ ဒီတော့ ကျုပ်တို့ မိသားစု ဂုဏ်သတင်း ညှိုးနွမ်း ထိခိုက်စေမယ့် ဘယ်လို မကောင်းကြံမှုမျိုးကိုမှ ဖြစ်စေမှာ မဟုတ်ဘူး။ အာဏာဆိုတာမျိုးက ပွင့်ပွင့်လင်းလင်း ပြောရရင် ဟာသပဲ။ ဘုရင်မကြီးသာ သက်တော် ၈၀ ထိ နန်းစံရမယ် ဆိုရင် ကျုပ်အသက်လည်း သောက်ကျိုးနည်း ၅၀ ဖြစ်နေမှာ။ အဲဒီအချိန်လောက်ဆို နီကိုးလ်ဆိုတဲ့ နတ်သမီးလေးလည်း လင်ရလို့ ကလေးတွေတောင် မွေးနေလောက်ပြီ။ ပြီးတော့ နန်းတော်မှာ ရှိနေတဲ့ ကျုပ်ရဲ့ ကြင်ယာတော်ဆိုတဲ့ မိန်းမကြီးကိုလည်း တော်ဝင်မိသားစုဝင်တွေ လိုက်နာရမယ့် စည်းမျဉ်းအရ ကွာရှင်းလို့ရမှာ မဟုတ်ဘူး။ အိမ်ရှေ့စံ မင်းသားကြီးဆိုတဲ့ ကျုပ်ရဲ့ ဘဝထက်စာရင် ဝေလ်ရဲ့ ဘဝကမှ ပိုကောင်းဦးမယ်။ ဝေလ်နဲ့ နေရာချင်း လဲခွင့်ရလို့ကတော့ ကျုပ်ဆိုတဲ့ မင်းသားကြီးက လုံးဝ တွေဝေတုံ့ဆိုင်းနေမှာ မဟုတ်ဘူး"
လွန်စွာ ဩဇာအာဏာကြီးမားလှသော မိသားစုကြီး၏ ဦးဆောင်သူ ဖခင်နှင့်အတူ အကြီးဆုံးသားဖြစ်သူတို့ လင်ကွေ့ရန် ထံ လာရောက် နှုတ်ခွန်းဆက်လေ၏။
"မတွေ့ဖြစ်တာ အတော်ကြာပြီနော် ... လူကြီးမင်း လင်"
လင်ကွေ့ရန် လည်း ခေါင်းကိုခါရင်း "ဟုတ်ပါ့ဗျာ။ မတွေ့ရတာတောင် အတော်ကြာပေါ့"
"လင်ကော်ပိုရေးရှင်းမှာ ဘဏ္ဍာရေး အကြပ်အတည်း တစ်ချို့ ရင်ဆိုင်နေရတယ်လို့ ကျွန်တော် ကြားမိတယ်။ ဟုတ်သလားဗျ။ ကျွန်တော့်ကို ဖုန်းသာဆက်လိုက်စမ်းပါဗျာ။ ကျွန်တော်တို့ မိသားစုနှစ်စု ဆိုတာ သူစိမ်းတွေမှ မဟုတ်ပဲ။ ကျိန်းသေ သည့်ထက် ပိုတွေ့သင့်တာပေါ့ ... မဟုတ်ဘူးလား"
ဖခင်ဖြစ်သူ၏ နောက်တွင် ရပ်နေသော အကြီးဆုံးသား၏ မျက်လုံးများက လင်ချူရွှယ်ထံမှ လုံးဝ မခွာ။ မိခင်၏လက်မောင်းကို လက်တစ်ဖက်နှင့် ချိတ်ထားသည့် လင်ချူရွှယ်က ထိုသားအဖအား ဘာမှမပြောဘဲ အပြုံးနှင့်သာ နှုတ်ဆက်လိုက်၏။
"ကျုပ် အဆင်ပြေအောင် ကြိုးစားထားပါတယ်။ ခင်ဗျား အခုလို စိတ်ပူပေးတာ ကျေးဇူးပါပဲ။ ဒါပေမဲ့ မစ္စတာ ဂျန်ကင် ... ကျုပ်တို့အတွက် ဘာမှ စိုးရိမ်ပူပန်စရာ မလိုပါဘူး"
လင်ကွေ့ရန် က ပြုံးလျက် ပြောလိုက်၏။
"အလို ... တကယ်လားဗျ"
ဂျန်ကင်ဆိုသော လူက ပြုံးကာ ပြောလိုက်သည်။
"ဒါပေမဲ့ လူကြီးမင်းလင်ရဲ့ ကုမ္ပဏီ အခြေအနေပြန်ကောင်းဖို့ အနည်းဆုံး ယူရိုနှစ်သန်းကျော် လိုအပ်နေတယ်လို့ ကျွန်တော် ကြားမိတာပဲ။ ခင်ဗျားတို့မှာလည်း ကျောက်မျက်ရတနာ လုပ်ငန်းတွေ ရှိတာပဲ။ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုကြောင့် ခင်ဗျား ကုမ္ပဏီက အာရှမှာ ဈေးကွက်ကြီးတစ်ခု ပိုင်ဆိုင်ထားတာပဲ။ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေ ... အထူးသဖြင့် အာရှနိုင်ငံတွေဆီ ကျွန်တော်တို့ အမှန်တကယ် လုပ်ငန်းချဲ့ထွင်ချင်ကြတယ်။ ပြောရရင် ရေနံကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့မှာ အပေါဆုံးက ပိုက်ဆံပဲ။ ကဲ ... ဘယ်လိုလဲ။ ကျွန်တော်တို့ နှစ်ယောက် လက်တွဲကြစို့လား"
လင်ကွေ့ရန် က ရယ်မောလိုက်၏။
"ခင်ဗျားတို့က ငွေထွက်တဲ့ ရေနံတွင်းတွေကို ဖင်ခုထိုင်နေကြတာပဲ။ ဘာဖြစ်လို့များ တစ်ခြား လုပ်ငန်းတွေမှာ ဝင်ပါချင်နေရတာလဲ"
"အခုခေတ်က နည်းပညာခေတ်လေ။ နည်းပညာ တစစ တိုးတက်လာတာနဲ့အမျှ အခုဆိုရင် လျှပ်စစ်ကားတွေ အပြိုင်အဆိုင် ထုတ်နေကြပြီ မဟုတ်လား။ ရေနံစည်ပေါ် ဈေးနှုန်းကပ်ခွင့် ဘယ်လောက်ကြာကြာ ရှိမယ်မှန်း ဘယ်သူ သိနိုင်ပါ့မလဲ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ကျောက်မျက်ရတနာ ဈေးကွက်နဲ့ ပတ်သက်ပြီး အကောင်းမြင်မှုတွေ အများကြီး ရှိနေပါတယ်"
ဂျန်ကင်က အပြုံးနှင့် ပြန်ပြောလိုက်သည်။
"ကျုပ်တို့ အကူအညီလိုတဲ့အခါ ကျိန်းသေ ပေးသိပါ့မယ်။ ဒါပေမဲ့ လောလောဆယ်တော့ ခင်ဗျားရဲ့ ကမ်းလှမ်းမှုကို ကျုပ်တို့ စိတ်မဝင်စားသေးဘူးလို့ပဲ ငြင်းပါရစေ"
လင်ကွေ့ရန် က ပြောလိုက်သည်။
ရေနံတွင်းသူဌေး မိသားစုနှင့် စကားဖြတ်ပြီးသည်နှင့် လင်ကွေ့ရန် အား နောက်ထပ် မိသားစုတစ်စုက လာရောက် နှုတ်ဆက်ပြန်သည်။ ၎င်းမှာ တယ်ရီ ဦးစီးသည့် မီဒီယာကုမ္ပဏီကြီး တစ်ခု ဖြစ်သည်။ တယ်ရီက အပြုံးနှင့် လျှောက်လာရင်း နှုတ်ဆက်လိုက်သည်။
"မစ္စတာ လင် ... အရည်အသွေး မကောင်းတဲ့ ခင်ဗျားတို့ မိသားစုပိုင် ကျောက်မျက်ပစ္စည်းတွေ အကြောင်းကို ကျုပ် ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ သတင်းမီဒီယာ ကုမ္ပဏီက အမြဲလိုလို သတင်းကြေညာတဲ့ အပေါ် ခင်ဗျားအနေနဲ့ စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်ဗျာ"
လင်ကွေ့ရန် က ဟန်ဆောင်ပြုံးလျက် လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်သည်။
"ရပါတယ်ဗျာ ... ကျုပ်တို့ရဲ့ ကျောက်မျက်ရတနာ တစ်ချို့က တကယ်ပဲ အရည်အသွေး ညံ့ဖျင်းတာကိုး။ အမ်နိုင်ငံက တန်ဖိုးကြီး ကျောက်မျက်ကုမ္ပဏီတွေကို ကျုပ်တို့ ကုမ္ပဏီ ယှဉ်ပြိုင်နိုင်ရတဲ့ အကြောင်းရင်းကို ခင်ဗျားလည်း သိတာပဲ။ ကျုပ်တို့က ကျောက်စိမ်းကို အကြမ်းထည် ပစ္စည်းအဖြစ် အသုံးပြုထားတာလေ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်အတောအတွင်းမှာ ကျုပ်တို့ မျှော်လင့်ထားသလို မဟုတ်ဘဲ အရည်အသွေးနိမ့် ကျောက်စိမ်းတွေကိုပဲ ဝယ်မိခဲ့ရာကနေ ကုမ္ပဏီ စတော့ရှယ်ယာဈေးတွေ ထိုးကျကုန်တာ မဟုတ်လား။ ဆိုတော့ ... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး"
"ကျုပ် သိတာပေါ့ မစ္စတာလင်း ... ခင်ဗျားအနေနဲ့ ဒီလောက်ထိ ကြိုးစားရုန်းကုန်လာပြီးမှ ကုမ္ပဏီ ပြိုလဲမယ့် အဖြစ်မျိုး လုံးဝ လက်ခံမှာ မဟုတ်ဘူး မှတ်လား။ ကဲ ... ခင်ဗျားလိုတာရှိ ကျုပ်တို့ကို ပြောလှည့်ဗျာ"
တယ်ရီက ရယ်မောပြီး သားဖြစ်သူကို ခေါ်ကာ လှည့်ထွက်သွားလေတော့သည်။
တယ်ရီ၏ သားအကြီးဆုံးမှာ လင်ချူရွှယ်အား မြင်မကောင်းအောင် ငမ်းနေ၍ စကားပင် ဝင်မပြောနိုင်ပေ။
လှည့်ထွက်သွားသော တယ်ရီတို့ သားအဖကို ကြည့်ရင်း လင်ချူရွှယ်က ဖခင်အား မေးမြန်းလိုက်၏။
"သမီးတို့ ကုမ္ပဏီကို သွားပုပ်လေလွင့် မဟုတ်တမ်း လျှောက်ပြောတာ သူတို့ မီဒီယာ ကုမ္ပဏီပဲ မဟုတ်လား"
"ဟုတ်တယ် ... သူတို့မိသားစုထက် အဆတစ်ရာ၊ အဆတစ်ထောင် ပိုချမ်းသာတဲ့ မိသားစုတွေကို ထိန်းချုပ်ထားနိုင်တဲ့ အကြောင်းရင်းက ဗြိတိနိုင်ငံရဲ့ မီဒီယာလောကကို တယ်ရီတို့ ကုမ္ပဏီက ချုပ်ကိုင်ထားလို့ပဲ။ သူတို့အတွက် တစ်စုံတယောက်ရဲ့ နာမည်ဂုဏ်သတင်းကို ခြေမွပစ်ဖို့ဆိုတာ လွယ်လွယ်ကလေးပဲ။ အခုလည်း သူ့ရဲ့ခြေတံလက်တံတွေက ဗြိတိန်တော်ဝင် မိသားစုဝင်တွေနဲ့ မှူးမတ်တွေကြားထိ ဖြန့်ကျက်ထားနိုင်လို့ အဖေတို့ ကုမ္ပဏီရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးရဲတာပဲ"
လင်ကွေ့ရန် က ပြောလိုက်၏။
မေမေလင်က သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။
"ပြီးတော့ သူတို့ဘက်က ကမ်းလှမ်းလာပါသေးတယ်။ ငွေရေးကြေးရေး အကူအညီအပြင် အမေတို့ ကုမ္ပဏီနာမည်ကို ကြေညာဖို့ ပလက်ဖောင်းတစ်ခု ဖွင့်လှစ်ပေးမယ်တဲ့"
လင်ချူရွှယ်၏ အေးစက်စက် မျက်နှာလေးတွင် ခံစားချက်တို့ ကင်းမဲ့နေဆဲပင်။
မေမေလင်က "ဒါကြောင့်လည်း တယ်ရီတို့ မိသားစုက သမီးနဲ့ တတိယမြောက်မင်းသားလေး လက်မထပ်ဖြစ်အောင် လာတားနေကြတာပေါ့။ တော်ဝင်မိသားစုနဲ့ လက်ထပ်ပြီးတဲ့နောက် မေမေတို့ မိသားစုဟာ သူတို့ ထိန်းချုပ်မှုအောက်မှာ မရှိတော့မှာကို အရမ်း စိုးရိမ်နေကြတာလေ"
ထိုအခိုက် ခရုပတ် လှေကားထစ် လျှောက်လမ်းပေါ်တွင် လွန်စွာ ကျက်သရေ မင်္ဂလာနှင့် ပြည့်စုံသော အမျိုးသမီးကြီးတစ်ဦး လျှောက်လှမ်းလာလေသည်။
"ဧကရီ ဘုရင်မကြီး ကြွချီတော်မူလာပါပြီ"
ခန်းမဆောင်အတွင်းမှ ထိုင်နေသည့် ဧည့်သည်အားလုံး အသီးသိးထလျက် ဘုရင်မကြီးရှိရာတွင် စုရုံးလိုက်ကြ၏။
နန်းတော်တံခါးမကြီးမှာ တဖြေးဖြေး ပိတ်ဆို့သွားလေ၏။ တစစ ပိတ်ဆို့လာနေသော နန်းတော်တံခါးမကြီးကို ကြည့်ရင်း လင်ချူရွှယ်၏ နှလုံးအိမ်လေး လှုပ်ယမ်းသွားလေတော့သည်။
အခန်း ၂၇၉ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၂၈၀
( ရှူချန်း ... ငါဘာလုပ်ရမလဲ )
ဧကရီဘုရင်မကြီးသည် ဗြိတိသျှအင်ပါယာမှ မင်းညီမင်းသား၊ မင်းမှုထမ်းများ ခြံရံလျက် လှေကားထစ်များအတိုင်း ဖြည်းညှင်းစွာ လျှောက်လှမ်းလာလေ၏။
ကြွချီလာသော ဘုရင်မကြီးအား ဥရောပနိုင်ငံတစ်ချို့မှ ကိုယ်စားလှယ်များ သွားရောက် နှုတ်ဆက်ကြပြန်သည်။
မင်းသား၊ မင်းသမီးများနှင့် ဧကရီဘုရင်မကြီးသည်လည်း ကြွရောက်လာသည့် ဧည့်သည်တော်များအား တစ်ဦးချင်းစီ ပြန်လည် နှုတ်ဆက်ကြလေသည်။ ဧကရီဘုရင်မကြီး၏ သက်တော်မှာ ကြီးရင့်နေပြီ ဖြစ်သော်လည်း ယခုအခါ သူမကပင် ရှေ့ဆုံးမှ ဦးဆောင်လျက် ခင်မင်ရင်းနှီးစွာနှင့် ဧည့်သည်တော်များအား တက်တက်ကြွကြွ နှုတ်ဆက်နေလေ၏။
ဧကရီဘုရင်မကြီးက ပြုံးရွှင်သော မျက်နှာထားဖြင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား "ကျွန်မရဲ့ ၈၈ နှစ်မြောက် မွေးနေ့မင်္ဂလာပွဲကို တက်ရောက် ချီးမြှင့်တဲ့အတွက် လွန်စွာ ကျေးဇူးဥပကာရ တင်ရှိပါတယ်။ အဆွေတော်တို့အားလုံးနဲ့ ခင်မင်ရင်းနှီးစွဲ ရှိပြီးသားမို့ အားလုံး စိတ်လက်ပေါ့ပါးစွာနဲ့ မွေးနေ့ညစာစားပွဲကို ဖြတ်သန်းကြဖို့လည်း တိုက်တွန်းလိုပါတယ်" ဟု နှုတ်ခွန်းဆက်လိုက်လေသည်။
ထို့နောက် ရံရွေတော်တစ်ပါးအား လက်မောင်းကို ကူညီဖေးမခိုင်းရင်း ဘုရင်မကြီးလည်း ဆိုဖာပေါ် တက်ကာ အစိုးရ အရာရှိတစ်ချို့နှင့် တိုင်းရေးပြည်ရေးများကို ဆွေးနွေးပြောဆိုနေတော့သည်။
ယနေ့ညအတွက် အချိုရည်နှင့် အဆာပြေမုန့်မျိုးစုံကို တည်ခင်း ဧည့်ခံပေးထားလေ၏။ ပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များမှာလည်း ဧကရီ ဘုရင်မကြီးအတွက် မွေးနေ့လက်ဆောင်များ ယူလာကြလေသည်။
ထိုသူအားလုံး ဆိုဖာပေါ် ထိုင်နေသည့် ဧကရီ ဘုရင်မကြီးထံ လျှောက်သွားပြီး လက်ဆောင်ကို အပ်နှင်းကာ ဆုတောင်းမင်္ဂလာစကားများ ပြောဆိုကြလေသည်။ ဧကရီ ဘုရင်မကြီးမှာ ဧည့်ပရိသတ် အစုံလင်နှင့်ကြား လွန်စွာ ပျော်ရွှင်နေလေ၏။
ပိတ်စဖြူ တစ်ထည်နှင့် ဖုံးအုပ်ထားသည့် ဖန်ဘူးတစ်ဗူးကို သယ်ဆောင်လာသည့် လူတစ်ယောက်ကြောင့် ခန်းမဆောင်အတွင်းမှ လူအားလုံး ယင်းအရာအား စိတ်ဝင်စားသွားကြသည်။ ထိုသူက ဘုရင်မကြီးထံ လျှောက်လှမ်းသွားကာ အလေးအမြတ် ပြုလိုက်၏။
"မယ်တော်ကြီး ... မယ်တော်ကြီးအတွက် မြေးလေး လက်ဆောင်တစ်ခု ပြင်ဆင်လာပါတယ်"
"အလို တယ်ဆိုတဲ့ စကားပါလား ... နှစ်တိုင်း မြေးတော်လေး ဝေလ်ရဲ့ လက်ဆောင်က အကောင်းဆုံး ဖြစ်ခဲ့တာ မဟုတ်လား။ ဒီနှစ်ရော မယ်တော်ကြီးအတွက် ဘာတွေ ပြင်ဆင်ခဲ့သလဲ။ ကဲ ကဲ မယ်တော်ကြီး ကြည့်ရအောင် ပြပါဦး"
ဝေလ်က ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။ အိမ်ရှေ့စံမင်းသားကြီး ပြောခဲ့သည့် စကားအတိုင်းပင်။ ဝေလ်သည် အိမ်ရှေ့စံမင်းသားကြီးကဲ့သို့ စိတ်ဖိစီးပူပန်စရာ မလိုဘဲ လွတ်လွတ်လပ်လပ် နေထိုင်နိုင်သည်။ ထို့ကြောင့် မည်သူနှင့်ပေါင်းသင်းသည်၊ မည်သူ့ဆီက တံစိုး လာဘ်ငွေ ရယူသည် စသည့်ကိစ္စတို့နှင့် ပတ်သက်၍ များစွာ တွေးပူစရာ မလိုပေ။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဘုရင်မကြီးအတွက် ပေးအပ်သည့် သူ၏ လက်ဆောင်မှာ အားလုံးထက် တန်ဖိုးကြီး ထူးကဲနေလေသည်။
ဝေလ်က လက်ကိုဝေ့ယမ်းကာ အချက်ပြလိုက်၏။ ထိုအခါ တော်ဝင်စစ်သည်က ပိတ်စဖြူကို မတင်လိုက်သည်။ အတွင်း၌ ဖန်ပြွန်ချောင်တစ်ခု ရှိနေ၏။ ဖန်ပြွန်ချောင်အတွင်း၌ ရတနာကိုးပါးနှင့် ဖုံးအုပ်ထားပြီး ကြီးကျယ်ခမ်းနားသော လက်ရာနှင့် ရွှေရောင်တောက်ပလင်းလက်နေသည့် သရဖူတစ်ခု ရှိနေသည်။
ခန်းမဆောင်အတွင်းရှိ လူတိုင်းမှာ သရဖူအား မြင်လိုက်ရသည်နှင့် စိတ်ကိုမထိန်းနိုင်ဘဲ အော်ပြောမိလိုက်ကြသည်။
"ဒါ ... အရင်ရာစုက သရဖူ မဟုတ်လား။ သမိုင်းစာအုပ်တွေထဲမှာ တွေ့ဖူးမှန်း ကျုပ် အတိအကျ မှတ်မိနေတယ်"
"ဒီသရဖူကို ကျုပ်လည်း မြင်ဖူးသလိုပဲ"
"ဟုတ်တယ် ... ကျုပ်လည်း မြင်တွေ့ဖူးတယ်။ ဒီသရဖူကို ပြင်သစ် ဖောင်တိန်ဗလျူနန်းတော်မှာ နောက်ဆုံးပြသခဲ့တဲ့ ပြပွဲမှာ နောက်ဆုံး မြင်ဖူးခဲ့တာ မဟုတ်လား"
"ဟုတ်တယ် ... ဟုတ်တယ်။ ဒီသရဖူက တတိယမြောက် နပိုလီယံဘုရင်မင်းမြတ်ရဲ့ သရဖူ မဟုတ်လား"
လူတိုင်း၏ စိတ်ဝင်စားနေပုံကို ကြည့်ပြီး ဝေလ်က ရယ်မောလိုက်ည်။
"တကယ့် သရဖူအစစ်ကတော့ စစ်ပွဲမှာ ပျောက်ဆုံးသွားခဲ့တယ်။ ပုံတူပြုလုပ်ခဲ့တဲ့ သရဖူကလည်း သိပ်မကြာခင်က ဖောင်တိန်ဗလျူ နန်းတော်ကနေ အခိုးခံလိုက်ရတယ်။ ကျွန်တော်ကိုယ်တိုင် နေရာစုံ လှည့်ပတ်ရှာဖွေပြီး အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့လို့ ဒီသရဖူကို ရယူနိုင်ခဲ့တာပါ။ ပုံတူ သရဖူတစ်ခုဆိုပေမယ့် မူရင်းသရဖူနဲ့ နှစ်ကာလမခြား၊ ပုံစံမခြား ထုလုပ်ခဲ့လို့ ရှေးဟောင်းပစ္စည်းတစ်ခုအနေနဲ့ တန်ဖိုး မနည်းလှဘူး ဆိုနိုင်ပါတယ်။ မယ်တော်ကြီးက သရဖူတွေ စုဆောင်းရတာ နှစ်သက်မှန်း မြေးတော် သိတယ်လေ။ ဒါကြောင့် မယ်တော်ကြီးရဲ့ ၈၉ နှစ်မြောက် မွေးနေ့အတွက် ဒီသရဖူကို လက်ဆောင်အဖြစ် ဆက်ကပ်လိုက်တာပါ "
အင်္ဂလန်ဘုရင်မကြီးမှာ လွန်စွာ ကျေနပ်အားရဟန်နှင့် ပြုံးနေလေ၏။ ယခုည သူမအတွက် ပေးအပ်လာသည့် လက်ဆောင်ပဏ္ဍာများအနက် ဝေလ်၏ လက်ဆောင်ကို သူမ စိတ်အဝင်စားဆုံးပင်။
"ကောင်းပေစွ ... ကောင်းပေစွ။ မြေးတော်လေး ဝေလ် ပေးအပ်တဲ့ လက်ဆောင်ကို မယ်တော်ကြီး အလွန် သဘောကျတော်မူတယ်ကွယ်။ မယ်တော်ကြီး မင်းရဲ့ လက်ဆောင်ကို လက်ခံတယ်။ ကဲ ... ဒီလက်ဆောင်ပေးအပ်လာတဲ့ မြေးတော်လေးမှာရော ဘာတောင်းဆုပြုချင်တာ ရှိသလဲ။ မယ်တော်ကြီးအနေနဲ့ မင်းရဲ့ တောင်းဆုကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ် ဟုတ်ပြီလား"
ဘုရင်မကြီး၏ စကားကြောင့် လင်မိသားစုတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ဝေလ်၏ မျက်လုံးအိမ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု လင်းလက်သွား၏။ သူလိုချင်တာကို အတိအကျ ရသွားပြီဟု တွေးလိုက်သည်။
အထူးသဖြင့် ဝေလ်၏ လက်ထဲမှ သရဖူကို မြင်လိုက်သည့် တယ်ရီတို့ မိသားစု၏ မျက်နှာအမူအရာနှာ သိသိသာသာ ပြောင်းလဲသွားလေသည်။ တယ်ရီ၏ သားအကြီးဆုံး ဖြစ်သူမှာ ဒေါသူပုန်ထနေ၏။
"သူခိုး ... ငါတို့ ပစ္စည်းတွေ ခိုးသွားတာ ဒီကောင်ပဲ"
တယ်ရီ၏ မျက်နှာသည်လည်း ပါးစပ်တခုလုံးအပြည့် ချီးများငုံထားရသလို ဖြစ်နေသည်။
ထို့နောက် ဝေလ်က ဘုရင်မကြီးအား လျှောက်တင်လိုက်လေသည်။
"မယ်တော်ကြီး ... မြေးလည်း မငယ်တော့ဘူး။ မယ်တော်ကြီးကို သက်သေထားပြီး မြေးတော် စိတ်ထဲက စကားကို ဆိုပါ့မယ်"
ဧကရီဘုရင်မကြီးမှာ အံ့အားသင့်သွား၏။
"အလို ... မြေးတော်မှာ ချစ်ခင်ရသူ ရှိနေပြီပေါ့ ဟုတ်လား။ ကဲ ... မယ်တော်ကြီးကို ပြောစမ်း။ မယ်တော်ကြီးက မင်းရဲ့ အဆိုပြုချက်အတွက် သက်သေပဲ"
ဝေလ်တစ်ယောက် ဝမ်းသာသွားသည်။ သူက ချက်ချင်းပင် လူကြီးလူကောင်းတစ်ဦး၏ ပုံစံဖြင့် ...
"မယ်တော်ကြီး ... မြေးတော် ချစ်ကြိုက်တဲ့ မင်းသမီးလေးက ဒီပွဲမှာ ရှိပါတယ်။ မြေးတော်အနေနဲ့ လင်မိသားစုရဲ့ သမီး နီကိုးလ်နဲ့ လက်ဆက်ချင်ပါတယ်"
လူအုပ်ကြီးထံမှ ချက်ချင်းဆိုသလို တီးတိုးဆွေးနွေးသံများ ထွက်လာတော့၏။
တယ်ရီ၏ အကြီးဆုံးသားမှာ စိုးရိမ်သွားတော့သည်။
"အဖေ ... ဒီလင်မိသားစု လုံးဝ အဆင်ပြေသွားလို့ မဖြစ်ဘူးနော်။ တော်ဝင်မိသားစုနဲ့ လင်မိသားစု ဆွေမျိုးတော်သွားရင် သားတို့မိသားစုအတွက် အန္တရာယ်ရှိလာလိမ့်မယ်"
"စိတ်ကို ထိန်းစမ်း။ ငါ ဘာလုပ်ရမယ်ဆိုတာ မင်းပြောစရာ မလိုဘူး"
တယ်ရီက သူ့သားအား ထိန်းလိုက်၏။
လင်ချူရွှယ်မှာ ဧကရီဘုရင်မကြီး အပါအဝင် လူတိုင်း၏ အာရုံစူးစိုက်မှုကို ချက်ချင်း ခံလိုက်ရလေတော့၏။
ဧကရီဘုရင်မကြီးက လင်မိသားစုအား ငုံ့ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။
"မယ်တော်ကြီးရဲ့ ဒီမြေးတော်လေးက ကြင်နာပြီး တာဝန်သိတတ်တဲ့ လူငယ်တစ်ယောက်ပါ။ လူကြီးမင်းလင်အနေနဲ့ ဒီတောင်းရမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လို ထင်သလဲ မသိဘူး"
လင်ကွေရန် နှင့် သူ့မိန်းမတို့ မျက်နှာများမှာလည်း သိပ်ကြည့်ကောင်းပုံ မရချေ။ လင်ကွေရန်က ယဉ်ယဉ်ကျေးကျေးပင် ငြင်းဆိုနေသော်လည်း တတိယမြောက်မင်းသားလေးက သူ့အား အခွင့်အရေး မပေးဘဲ "နီကိုးလ်က သဘောတူပြီးပါပြီ မယ်တော်ကြီး" ဟု ချက်ချင်း ဝင်ပြောလိုက်လေ၏။
"အလို တကယ်ပဲလား"
ဧကရီဘုရင်မကြီးက ဝမ်းမြောက်သွားဟန်နှင့် လင်ချူရွှယ်အား ကြည့်လိုက်၏။ ဝေလ်က လင်ကွေရန်အား အသိပေးသလိုအကြည့်မျိုးနှင့် လှမ်းကြည့်လိုက်သည်။
လင်မိသားစုကြီး၏ အရေးမပါသည့် မိသားစုခွဲလေးများအားလုံး တော်ဝင်မိသားစု၏ နို့ကို အလုအယက် ချက်ချင်း ပြေးစို့ကြလေတော့၏။
"အမှန်ပါပဲ ... နီကိုးလ်က မင်းသားလေး ဝေလ်နဲ့ လက်ဆက်ဖို့ သဘောတူထားပြီးပါပြီ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ နီကိုးလ်က စိတ်ကူးယဉ်ဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတွေကို နှစ်သက်တတ်သူ ဖြစ်သလို တတိယမင်းသားလေးကလည်း ဒီပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်ိကု လူတိုင်းကို သက်သေပြ မျှဝေချင်တဲ့အတွက်ကြောင့် အခုလို ဧကရီဘုရင်မကြီးရဲ့ မွေးနေ့မင်္ဂလာ အခမ်းအနားမှာမှ ထုတ်ပြောရခြင်း ဖြစ်ပါတယ်။ ဧကရီဘုရင်မကြီးအနေနဲ့လည်း ဇနီးမောင်နှံနှစ်ဦးအပေါ် ကောင်းချီးမင်္ဂလာတွေ ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ"
ဧကရီဘုရင်မကြီးက စိတ်လိုလက်ရ ရယ်မောလိုက်၏။
"အိုး ... ဒီလိုလား ... မယ်တော်ကြီးတော့ အံ့ဩမိပါရဲ့။ နီကိုးလ်က ငယ်ငယ်လေးကတည်းက အားလုံးရဲ့ အာရုံစိုက်စရာ ဖြစ်ခဲ့တာ မဟုတ်လား။ ဒီကလေးမက ဘယ်လိုလူကို ပြန်မေတ္တာမျှမလဲဆိုတာ အမြဲသိချင်နေခဲ့တာ။ အခုတော့ ငါ့မြေးဝေလ်က သူမရဲ့ ချစ်ခြင်းမေတ္တာကို လက်ခံရရှိခဲ့တာ ဆိုတော့ ကောင်းချီးခံစားရမှာ အသေအချာပေါ့။ ဗြိတိန်ရဲ့ အလှဘုရင်မလေးရို့စ်ဟာ နောက်ဆုံးတော့ တော်ဝင်မိသားစုနဲ့ လက်ထပ်ထိမ်းမြားရတော့မှာပဲ။ ဒါဟာ မလွဲမသွေ ဂုဏ်ပြုရမယ့် ပွဲဆိုမှတော့ မယ်တော်ကြီးရဲ့ ကောင်းချီးလည်း ကျိန်းသေ ပေးအပ်ရမှာပေါ့ကွယ်။ ကဲ ... နီကိုးလ် ... သမီးလေး ... ဝေလ်ရဲ့ လက်ထပ်ခွင့်ကို သမီး လက်ခံရဲ့လား"
ဝေလ်က ချက်ချင်းပင် လင်ချူရွှယ်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်၏။
"နီကိုးလ် ... ကိုယ့်ကို လက်ထပ်နိုင်မလား"
ဝေလ်က ပြောရင်းနှင့် သူ့အပေါ်ရုံအင်္ကျိအိတ်ကပ်အတွင်းမှ လက်ထပ်လက်စွပ်ဗူးလေးကို ထုတ်ကာ လင်ချူရွှယ်နှင့် မျက်လုံးချင်းဆုံအောင် ကြည့်လိုက်လေ၏။
လင်ချူရွှယ်လည်း ဝေလ်နှင့် သူမတို့နှစ်ဦးအား ဝိုင်းအုံကြည့်နေကြသည့် ပရိသတ်များကို ဝေ့ဝဲကြည့်လိုက်၏။ ဝေလ်၏ လက်ထပ်ခွင့်ကို ငြင်းဆိုရန် သူမ ပြင်လိုက်၏။
သို့သော် သူမအား သတိပေးနေသည့် အမူအရာများနှင့် အဘိုးနှင့် တခြားလင်မိသားစုဝင်များ၏ မျက်လုံးများကို မြင်မိသည့်အခါ တွေဝေသွားပြန်သည်။
လင်ကွေရန်က စကားပြောရန် ပြင်လိုက်၏။ သို့သော် သူ၏ ယောက္ခထီး ဖြစ်သူက သူ့အား တားဆီးပြီး လေသံတိုးတိုးနှင့် သတိပေးလိုက်လေသည်။
"ကုမ္ပဏီရှေ့ရေးကို မင်း မစဉ်းစားတော့ဘူးလား"
လင်ကွေရန်က "ဒါပေမဲ့ ကုမ္ပဏီကို ကျွန်တော့်သမီးရဲ့ ပျော်ရွှင်မှုနဲ့တော့ မလဲနိုင်ဘူး"
ထို့နောက် အားလုံး၏ ရှေ့မှောက်မှာပင် သူက ကျယ်လောင်စွာ ပြောဆိုလိုက်လေသည်။
"ဒီလက်ထပ်ပွဲကို သဘောမတူနိုင်ဘူးလို့ ကျွန်တော် စိုးရွံ့စွာနဲ့ပဲ ငြင်းဆိုပါရစေ"
လူအုပ်ကြီးတစ်ခုလုံး ချက်ချင်း ဆူညံ့ပွက်လောရိုက်သွားတော့၏။
ဧကရီဘုရင်မကြီးပင် မျက်မှောင်ကြုတ်သွားလေသည်။ ဝေလ်၏ မျက်နှာသည်လည်း မည်းနက်သွား၏။
ဧကရီဘုရင်မကြီးက မေးခွန်းထုတ်လိုက်သည်။
"ဘာဖြစ်လို့ သဘောမတူနိုင်ရတာလဲ။ ကလေးနှစ်ယောက်စလုံး သဘောတူပြီးပြီ မဟုတ်လား။ ဒါ လူငယ်တွေ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စပါ။ မယ်တော်ကြီးတို့က လူကြီးပီပီ လူငယ်တွေအတွက် အကောင်းဆုံးဖြစ်အောင်ပဲ လုပ်ပေးရမယ် မဟုတ်လား။ ဘာပဲပြောပြော နီကိုးလ်ဟာ အခုဆိုရင် ၂၄ နှစ် ရှိနေပြီ။ ငယ်တော့တဲ့ အရွယ် မဟုတ်ဘူး။ သူ့သဘောနဲ့သူ ဆုံးဖြတ်ခွင့် ရှိတယ်"
လင်ကွေရန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ မိသားစုဟာ တော်ဝင်မျိုးရိုး မဟုတ်ပါဘူး။ ဒါကြောင့် သမီးလေး နီကိုးလ်ဟာ မင်းသားလေးဝေလ်နဲ့ မထိုက်တန်ပါဘူး'
ဝေလ်က "နီကိုးလ်ဟာ ဒုက္ခသည်တစ်ဦး၊ ဒါမှမဟုတ် သူဖုန်းစားတစ်ဦး ဖြစ်နေပါစေဦး ... ကျွန်တော်ကတော့ သူမကို လက်ထပ်နိုင်ပါတယ်"
လက်ကွေရန်မှာစိတ်ထဲ၌ ကျိတ်ကာ ကျိန်ဆဲလိုက်၏။
"သူတောင်းစား ... ငါ့သမီးရဲ့ ချောမောလှပတဲ့ မျက်နှာကြောင့် မင်း သူမကို လက်ထပ်ချင်နေတာပေါ့ကွ"
"ဒါဖြင့် ကျွန်တော်တို့ နီကိုးလ်ရဲ့ ဆန္ဒကို မေးမြန်းကြည့်တာပေါ့။ လူငယ်တွေကြားက လွတ်လပ်တဲ့ ချစ်ခြင်းမေတ္တာကိစ္စဆိုတော့ သူမရဲ့ သဘောဆန္ဒကို မေးမြန်းကြည့်တာက အသင့်တော်ဆုံးပါပဲ"
လင်ကွေရန်က ပြောပြောဆိုဆိုနှင့် လင်ချူရွှယ်အား လှမ်းကြည့်လိုက်သည်။ သူ့အကြည့်တွင် လင်ချူရွှယ်အတွက် စိတ်ထဲရှိသည့်အတိုင်း ဆုံးဖြတ်ရန် တိုက်တွန်းသလို သတ္တိများ ပါဝင်နေ၏။
သူမ မည်သို့ ဆုံးဖြတ်သည် ဖြစ်စေ ... သူ့အနေဖြင့် သူမသမီးအတွက် ရှေ့က အမြဲ ရှိနေမည် ဖြစ်သည်။
လင်ချူရွှယ်၏ နှုတ်ခမ်းလေးမှာ ပွင့်ဟမလာဘဲ တင်းတင်းစေ့နေ၏။ မသိစိတ်၏ စေ့ဆော်မှုအတိုင်း သူမ နန်းတော်တံခါးဝဘက်သို့ လှည့်ကာ မျှော်ကြည့်လိုက်သည်။
'ရှူချန်းရေ ... ငါဘာလုပ်ရမလဲဟင်'
အခန်း ၂၈၀ ပြီး
နတ်နဂါးစစ်သည်
အခန်း ၂၈၁
( ကျုပ်က သူမ ခင်ပွန်းပဲ...)
ပလက်တီနမ် နန်းတော်သို့ ရှုချန်း ရောက်သောအခါ တော်ဝင်ကိုယ်ရံတော် တပ်ဖွဲ့က တားဆီး စစ်ဆေးလိုက်သည်။
" ကျုပ်က လင်ကွေ့ရန် မိသားစု အဖွဲ့ဝင်တစ်ယောက်ပါ... စနစ်ထဲမှာ ကျုပ်ရဲ့ အချက်အလက်တွေ စစ်ဆေးလို့ရပါတယ်... "
ကိုယ်ရံတော်က ခေါင်းညိတ်ပြပြီး ရှုချန်း၏ ပတ်စပ်ပို့နံပါတ် တောင်းလိုက်သည်။ စစ်ဆေးကြည့်ရာ လင်ကွေ့ရန်၏ တူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သို့သော် ကိုယ်ရံတော်က ရှုချန်းကို ခေါင်းအစ ခြေအဆုံးကြည့်ပြီး...
" ခင်ဗျားက ပွဲတက်ဝတ်စုံလည်း ဝတ်မလာဘူး... ဝင်လို့မရဘူး... "
ရှုချန်း စိတ်မရှည်နိုင်တော့။
" ဒီနေ့က ဘုရင်မကြီးရဲ့ မွေးနေ့လေ... ကွန်ဂရက်လွှတ်တော်နေ့ မဟုတ်ဘူး... သူမက အသက်အရွယ်လည်း ထောက်နေပါပြီ... ပွဲနေပွဲထိုင် ဝတ်စုံတွေ ဆိုတာထက် အားလုံး သူမ မွေးနေ့မှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတာပဲ မြင်ချင်မယ် ထင်တယ်... လူကြီးတွေရဲ့ ခံစားချက်ကို မသိဘူးလား..."
ရှုချန်း စကားကြောင့် ကိုယ်ရံတော်နှစ်ဦး အနည်းငယ် ဝေဝါးသွားစဉ် ထပ်မံ ဖိအားပေးလိုက်ပြန်သည်။
" ဒါက သီးသန့်ပါတီတစ်ခုပါ... မီဒီယာတွေလည်း မရှိဘူးလေ... ဆိုလိုချင်တာက ဒီ ပါတီက ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ပါပဲ... "
" ကောင်းပြီလေ... ဝင်သွားလိုက်ပါ... "
နန်းတော်တံခါးကြီး ပိတ်စပြုနေမှန်း သိ၍ ဝင်ခွင့်ရသည်နှင့် ရှုချန်း ချက်ချင်း ပြေးဝင်သွားတော့သည်။
သို့သော် တံခါးစောင့် လေးဦးက...
" ပွဲစနေပြီ... နောက်ကျတဲ့သူတွေ ဝင်ခွင့် မရတော့ဘူး... "
ရှုချန်းက...
" ကျုပ် ပွဲတက်ရမှာ... "
တံခါးစောင့်များက ပလက်တီနမ်နန်းတော်၏ ထူထဲသော သံတခါးကို စိုက်ကြည့်ရင်း ရယ်မောပြီး...
" ဒါက အီလက်ထရွန်းနစ် တံခါးဆိုတော့ ဖွင့်ချင်ရင် ပတ်စစ်ဝေါ့တ် လိုလိမ့်မယ်... ကျုပ်တို့မှာတော့ မရှိဘူး... ဒါကြောင့် ခင်ဗျား ကိုယ်တိုင် တွန်းဖွင့်ရင်တော့ ရမလားပဲ... "
ငါး မီတာ မြင့်သော ခမ်းနားလှပသည့် တံခါးကြီးကို စိုက်ကြည့်ပြီး ထွင်းဖောက်မြင်နိုင်စွမ်း ရှိသည့် အမြင်အာရုံကို ရှုချန်း အသုံးပြုလိုက်သည်။
ညနေခင်းတွင်...
ဆုံးဖြတ်ချက်တစ်ခု ချရန် လင်ချူရွယ် ခဲယဉ်းနေပုံ ရသည်။ မင်းသား ၃ က ဒူးတစ်ဖက် ထောက်လျက် ရှိနေပြီး အခြားသူများနှင့် လင်မိသားစုဝင်များက လင်ချူရွယ်၏ အဖြေကို ငံ့လင့်နေ၏။
ခန်းမကြီး တစ်ခုလုံး အပ်ကျသံ ကြားရသည်အထိ တိတ်ဆိတ်နေသည်။ အားလုံး၏ အကြည့်များက လင်ချူရွယ်ဆီ၌သာ ဝိုင်းအုံနေလျက်။ တီးတိုးပြောဆိုသံတို့ကလည်း တစ်ချက်တစ်ချက် ထွက်ပေါ်နေ၏။
တီးတိုးသံ တစ်ခုက...
" သူမက တစ်ယောက်ယောက်နဲ့ လိုက်ပြေးသွားတာ မဟုတ်လား... "
" ဟုတ်မယ်... ပျောက်သွားတာတောင် နှစ်နည်းနည်း ရှိရောပေါ့... ငါကြားတာတော့ တခြား နိုင်ငံကို ထွက်သွားတယ်ဆိုပဲ... အခုကျ ဘာဖြစ်လို့ ပြန်လာတာပါလိမ့်... "
" အခက်အခဲတွေ ကြုံခဲ့ရပြီးတဲ့နောက်တော့ တော်ဝင်မိသားစုဝင်နဲ့ လက်ထပ်တာ ပိုကောင်းတယ်လို့ ယူဆမိသွားလို့ နေမှာပေါ့... မိန်းမတွေက ဒီလိုပါပဲ... "
" ဟုတ်တယ်... ဖြစ်နိုင်တယ်... သူ့မိသားစုက ငွေရေးကြေးရေးလည်း ကျပ်တည်းနေတယ် ကြားတယ်... ဒါကြောင့် အခုလို အိမ်ထောင်ပြုဖို့ စီစဉ်လိုက်တာ နေမယ်... ဒီလိုလုပ်မှာပဲ လင်မိသားစုက နာလန်ပြန်ထူနိုင်မှာ... "
သို့သော် လှောင်ပြောင်သံ စွက်နေသည့် အသံတစ်ခု ပေါ်လာ၏။
" ဒါပေမဲ့ သူမ လက်ထက်မယ့်သူ အပေါ်လည်း မူတည်သေးတယ်လေ... အာဏာမရှိ၊ ငွေမရှိတဲ့ မင်းသား ၃ နဲ့ လက်ထပ်တော့ ဘာအသုံးဝင်မလဲ... နေ့ရှိသရွေ့ ရူးကြောင်ကြောင်တွေပဲ လုပ်နေတဲ့ သူကို လက်ထပ်မှတော့ လင်မိသားစုက အလကား ဝန်ပိုပိတာပဲ ရှိမယ်... "
" နီကိုးလ်က အဲ့လို မိန်းကလေးမျိုးလို့ ငါတော့ မထင်မိဘူး... မိသားစု ကြပ်တည်းနေလို့ ပြန်လာတာ ဖြစ်ဖို့များတယ်... ဒီလို အခက်အခဲ ကြုံနေတဲ့ မိသားစုတွေ အတွက်တော့ သမီးတွေက ကောက်ရိုးတစ်မျှင်ပဲ... လင်မိသားစုက သမီးကို လက်ထပ်ချင်တဲ့ အာဏာရှိ လူချမ်းသာ မိသားစုတွေမှ တပုံကြီးပဲ... "
ဘေးပတ်ဝန်းကျင်မှ ဝေဖန်သံတို့ကို ကြားပြီးနောက် လင်ချူရွယ်က ဘုရင်မကြီးကို ကြည့်ပြီး...
" တောင်းပန်ပါတယ် ဘုရင်မကြီး... ကျွန်မ မလုပ်ဆောင်မှာ စိုးရွံ့မိပါတယ်... "
လင်ချူရွယ်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း ဝေလ် ၏ လက်ထဲမှ လက်စွပ်ဘူး ရုတ်တရက် လွတ်ကျသွား၏။ မျက်နှာချက်ချင်း ညိုမဲသွားပြီး အံကြိတ်သံဖြင့်...
" မင်းတို့ မိသားစု ဘာဆက်ဖြစ်မယ်ဆိုတာ တွေးပြီးပြီလား... မိသားစု စီးပွားရေးကို မကယ်တင်ချင်တော့ဘူးလား... "
လင်ချူရွယ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးမှ ရဲရဲဝံ့ဝံ့ဖြင့်...
" ဟုတ်တယ်... ကျွန်မ ဗြိတိန်ကနေ ထွက်သွားတာ ငါးနှစ် ရှိပါပြီ... ဒီတစ်ခေါက် ပြန်လာတဲ့ အကြောင်းအရင်းက ကျွန်မ လက်ထပ်ပြီးပြီဆိုတာ အားလုံးကို အသိပေးချင်လို့ပါ... ကျွန်မ အမျိုးသားက ကျွန်မအပေါ် အရမ်းကောင်းသလို အရမ်းလည်း ချစ်ပါတယ်... ဒါကြောင့် ဘုရင်မကြီး... ကျွန်မ နှလုံးသားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မင်းသား ဝေလ်ကို လက်မထပ်နိုင်ပါဘူး... ကျွန်မ အမျိုးသားကို ကျွန်မ အရမ်းချစ်ပါတယ်... သူက ကျွန်မ အဖေလိုမျိုး လူကောင်းတစ်ယောက်လို့ ထင်ပါတယ်... သူနဲ့ လက်ထပ်ခဲ့တဲ့အတွက် နောင်တရစရာ လုံးဝ မရှိပါဘူး... "
လင်ချူရွယ်၏ နှုတ်ဖျားမှ ထိုစကားတို့ ထွက်လာမည်ဟု လုံးဝ ထင်မထားသောကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ ပိုမို အံ့ဖွယ်ကောင်းသည်မှာ သူမ အမှန်ပင် လက်ထပ်ခဲ့သည်လော။ ဤ အလှနတ်ဘုရားမပင် စိတ်လိုလက်ရ လက်ထပ်ခဲ့သော အနှီအမျိုးသားမှာ မည်သို့သောသူမျိုး ဖြစ်သနည်း။
ထိုအချိန်တွင် မင်းသား ဝေလ် မျက်နှာတပြင်လုံး လငပုတ်ဖမ်းသကဲ့သို့ မည်းမှောင်နေလေပြီ။ လင်ချူရွယ် ငြင်းပယ်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ သူမ မိသားစု စီးပွားရေးကို မကယ်ဆယ်လိုသည်လော။
မည်သို့ပင် ဆိုစေကာမူ မင်းသား ဝေလ်မှာ လူဘုံအလယ် အရှက်တကွဲ ဖြစ်ခဲ့ရလေပြီ။ သူ လက်ထပ်ခွင့်တောင်းသည်ကို လင်ချူရွယ် လက်ခံပြီး ဖြစ်ကြောင်း အားလုံးကို သူ ပြောပြထားပြီး ဖြစ်လေသည်။ ထို့ကြောင့် ဤကိစ္စမှာ မင်းသား ဝေလ်အဖို့ အလွန်တရာ ရှက်ဖွယ်ပင်။
လင်ချူရွယ် အမေဘက်မှ ဆွေမျိုးများ အားလုံးလည်း အံ့ဩသွားကြသည်။ အဒေါ်ဖြစ်သူက ရှေ့သို့ ချက်ချင်း ထွက်လာပြီး အရှက်ပြေ ရယ်မော၍...
" သူ နောက်နေတာ အတည်မယူနဲ့နော်... စိတ်တွေလှုပ်ရှားပြီး စကားတွေ မှားနေတာပါ... မင်းသား ဝေလ် ... သူ့ကို နည်းနည်းလောက် အသက်ရှူခွင့် ပေးလိုက်ပါဦး... ရုတ်တရက်ကြီး လက်ထပ်ခွင့်တောင်းတော့ သူလည်း ကြောင် သွားမှာပေါ့... ကြည့်ပါဦး... ဒီကလေးမလေး ဘာနဲ့ ဘာတွေ ပြောနေမှန်းကို မသိဘူး... ဘာကို အမျိုးသားလဲ... နီကိုးလ်... ဘယ်နှခွက်တောင် သောက်ထားပြီးပြီလဲ... "
မင်းသား ဝေလ်လည်း အားတင်းပြုံးကာ မိမိ အရှက်မရရေးအတွက် ထပ်ကြိုးစားကြည့်ပြန်သည်။
" နီကိုးလ်... မင်း အဆင်ပြေရဲ့လား... ဘယ်လောက်တောင် သောက်လိုက်လို့လဲ... အဖွား... နီကိုးလ်က ကျွန်တော့်ကို လက်ထပ်မှာဗျာ... "
" ဘာအတွက် လက်ထပ်ရမှာလဲ... လက်ထပ်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ လွတ်လပ်ပါတယ်... "
လင်ချူရွယ်က သူမ၏ ရည်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထပ်ပြော၏။
" ပြီးတော့ ကျွန်မ မမူးသေးဘူး... အမှန်အတိုင်း ပြောနေတာပါ... တောင်းပန်ပါတယ် ဘုရင်မကြီး... ကျွန်မက ကျွန်မ အမျိုးသားရဲ့ နိုင်ငံမှာ နိုင်ငံသား ခံယူလိုက်ပါပြီ... ဒါကြောင့် အခုအချိန်မှာ ဟွာရှနိုင်ငံသား ဖြစ်နေပါပြီ... အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးဖြစ်တဲ့ တရားဝင်အမျိုးသား ရှိတဲ့ ကျွန်မ အနေနဲ့ တခြား အမျိုးသား တစ်ယောက်ကို လက်ထပ်ဖို့ မဖြစ်နိုင်ပါဘူး... ကျေးဇူးပြုပြီး ကျွန်မ အမျိုးသားကို လေးစားပေးကြပါ... "
ထို့နောက် နှုတ်ဆိတ်နေသူများကို လင်ချူရွယ် ရဲဝံ့စွာ ကြည့်လိုက်၏။ သို့သော် သူမ လက်ဖဝါးပြင်တွင် ချွေးစေးတို့ ထွက်နေပြီး မေ့လဲမသွားအောင် ထိန်းထားရသည်။ ယခုဆိုခဲ့သော စကားတို့ကို ပြောနိုင်ရန် သူမ ခွန်အား အစွမ်းသတ္တိ အကုန် သုံးလိုက်ရသကဲ့သို့ ခံစားမိ၏။
ဘုရင်မကြီး အရှေ့တွင် ဤသို့ ပြောခဲ့ခြင်းအတွက် အပြစ်ပေးခံရနိုင်သော်လည်း သူမ မကြောက်ပေ။
ထိုအချိန်တွင် ရှုချန်းက အားကုန်သုံးပြီး ကြီးမားခိုင်ခန့်လှသော သံတံခါးကို တွန်းဖွင့်ဝင်လာ၍ ကိုယ်ရံတော်များ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ရှုချန်းက အားလုံးကို ကြည့်လိုက်ဦး....
" ကျုပ်က လင်ချူရွယ် ခင်ပွန်း ရှုချန်းပဲ... "
ခပ်ကျယ်ကျယ် ရှုချန်း အသံက ခန်းမထဲမှ လူအားလုံး နားထဲ ပဲ့တင်ထပ်သွားသည်။
မွေးနေ့ပွဲသို့ တက်ရောက်သည် ဆိုသော်လည်း ရှုချန်း တစ်ယောက် ပွဲတက်ဝတ်စုံ ဝတ်မထားပေ။ တီရှပ်နှင့် ဂျင်းဘောင်းဘီ ဝတ်ထားပြီး အပေါ်မှ ကုတ်အင်္ကျီ တစ်ထပ် ထပ်ထား၏။ လေတိုးထားသဖြင့် နောက်လန်နေသော ဆံပင်ပုံစံမှာ လေယာဉ်ပေါ်မှ ခုန်ချထားကြောင်းကို သိသာနေစေသည်။
နှုတ်ခမ်းထောင့်စွန်းတွင်လည်း တိုက်ခိုက်ထား၍ သွေးစတို့ စွန်းနေပြီး အဝတ်အစားများတွင်လည်း ခြစ်ရာ ပြဲရာတို့ ပြည့်နေ၏။ ရှုချန်း ပုံစံမှာ ကပိုကရို နိုင်လှသည်။
သို့သော်လည်း ဤနေရာတွင် ရှုချန်း ရပ်နေရုံမျှဖြင့် လင်ချူရွယ် စိတ်အေးသွားလေပြီ။ မည်သည့်အခြေအနေတွင် ဖြစ်စေ ရှုချန်းကို မီခိုအားထားတတ်သည့် အလေ့အကျင့်မှာ သူမ နှလုံးသားတွင် အမြစ်တွယ် နေခဲ့လေပြီ။ ဟိုယခင် ငယ်စဉ်ဘဝက သူမကို အနိုင်ကျင့်သူ သို့မဟုတ် အသားယူသူများနှင့် တွေ့ရတိုင်း ရှုချန်း ချက်ချင်းရောက်လာပြီး ရိုက်နှက်တတ်ပေသည်။ ပြီးလျှင် နှစ်သိမ့်အားပေးသည့်ဟန်ဖြင့် အမြဲ ပြုံးပြတတ်သေး၏။
အခန်း ၂၈၁ ပြီး