မိဘတွေ ဆုံးတာ လောလောလတ်လတ်မို့ နေ့ရက်တိုင်းကို သိပ်ချစ်အထီးကျန် စွာဖြတ်သန်းနေရသည်။ မာမားရဲ့ကုမ္ပဏီရော ပါးပါးရဲ့ ခြံတွေကိုပါ ဦးဆောင်လုပ်နေရသည့်အတွက် လူက အတော်လေး ပင်ပန်းနေပါပြီ။ တစ်ခါတရံများ မမ ကို သိပ်သတိရတာပဲ။ သူသာ သိပ်ချစ်အနားမှာရှိရင် ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ။
..................
ဖုန်းမြည်သံကြားပေမဲ့ ဖုန်းမကိုင်အားပါ။ ကုမ္ပဏီကနေ ပြန်ရောက်ရောက်ခြင်း နားမည် မကြံရသေး ခြံဘက်က လူတွေ ဆက်သွယ်လာကြပြန်သဖြင့် စာရင်းတွေကို ဆက်ပြုစုနေလိုက်သည်။ အချိန်ကြည့်တော့ ည ၈နာရီရှိနေပြီ။ အလုပ်တွေကို လက်စသပ် ကာ ရေချိုး အနားယူဖို့ ပြင်ဆင်ရတော့မည်။ ရေချိုးပြီးသွားတော့ အိပ်ယာထက်မှာ ခဏ မှိန်းနေလိုက်သည်။ ဟူးးးးး သက်ပြင်းရှည်ကြီးချကာ အမောဖြေနေမိသည်။ တကယ်ပါ သိပ်ချစ် လူရော၊စိတ်ရော တကယ်ပင်ပန်းနေပါပြီ။
ကလင်!ကလင်!
“အမေ့! လန့်တာ"
“ Hello!”
“ Hello!”
တစ်ဖက်က ပြန်ဖြေသံ မကြားရသည်မို့ သိပ်ချစ် အနည်းငယ် စိတ်တိုချင်သွားသည်။ ဖုန်းမှားခေါ်သည်အထင်နှင့် ဖုန်းချလိုက်သည်။ သို့သော် ခဏ အကြာတော့ ထိုဖုန်းနံပါတ်ကထပ် ဆက်လာပြန်သည်။
“ တကယ့် အာရုံပဲကွာ !”
📞“ Hello”
📞“ ....”
📞“ အဲ့ဒီဘက်က ဖုန်းမှားခေါ်မိတာလား”
သိပ်ချစ် စိတ်မရှည်စွာ မေးလိုက်သည်။
📞“ ဟို အစ်မပါ ဝတ်မှုံပါ”
📞“..... ”
ဒီတစ်ခါ နှုတ်ဆိတ်သွားရသူမှာ သိပ်ချစ်ပင်။ မမ ဆက်တာတဲ့။ အကြာကြီး လွမ်းနေရတဲ့ အသံလေးကို ပြန်ကြားရတော့ ပြောမည့်စကားတွေတောင် ပျောက်ရှသွားသည်။ သိပ်ချစ် နှလုံးတွေ အဆမတန် လှုပ်ရှားရုံတင်မကသေး အားအင်တွေပါ စုပ်ယူခံရသလိုဖြစ်သွားသည်။
📞“ Hello!ညီမလေး နားထောင်နေလားဟင် ”
📞“...... ”
တစ်ဖက်က ဘာသံမှ တုံ့ပြန်မှုမရှိတော့ပြီမို့ လိုင်းမကောင်းသည်အထင်နှင့် ဖုန်းချလိုက်သည်။ လွမ်းလိုက်တာ ကလေးရယ်၊ မင်းဘာတွေများ လုပ်နေမလဲ၊ အဆင်ပြေလားလို့ မမေးရက်ပါဘူး။ ဒီလိုအခြေအနေ တွေနဲ့ ကြုံရတဲ့ လူတစ်ယောက်ဟာ အဆင်ပြေပါတယ်လို့ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ မမ မကောင်းတာပါကွာ၊အမှန်တော့မင်းအနားမှာပဲရှိနေခဲ့သင့်တာ။
......................
သိပ်ချစ် သတိပြန်ဝင်တဲ့ အချိန်ကျ မမဘက်က ဖုန်းချလေပြီ။ ထပ်ခါထပ်ခါ ပြန်ခေါ်မိပေမဲ့ တစ်ဖက်က စက်ပိတ်ထား ပြီဖြစ်သည်။ ညတွေဟာ ရှည်ကြာပေမဲ့ အတွေးပေါင်းစုံနဲ့ စီးမျှောရတာဟာလဲ ကျေနပ်ဖို့ကောင်းသည်။ မမ ကို လွမ်းတယ်၊ ဒီစကားကိုတော့ ရင်ထဲမှာပဲ သိမ်းထားတော့မည်။ အိပ်မက်လှလှ မက်ပါစေမမ။
.................................
ဒီနေ့ဟာ သိပ်ချစ်အတွက် ပုံမန်နေ့တွေလိုပါပဲ၊ အလုပ်သွားအလုပ်ပြန်၊ အလုပ်ပြီး အလုပ် ဆက်လုပ်နေရတုန်းပါပဲ။ ထိုခန တံခါးခေါက်သံ ကြားရသဖြင့်....
“ Happy birthday !!”
မိငယ်နဲ့ လွယ်လင်ပါလား အချိန်မတော်ကြီး။ဘာတဲ့ BD wish တွေနဲ့ ဘယ်သူ့မွေးနေ့များလဲ။ သိပ်ချစ်တွေးနေတုန်းမှာပဲ မိငယ်နှင့် လွယ်လင်က အိမ်ထဲ ရောက်ပြီးနေပြီ။
“ ဟဲ့! အဲ့မှာဘာရပ် လုပ်နေတာလဲ ကိတ်လာခွဲလှည့်”
“ နင်တို့ ရူးနေလား ဒီနေ့ ငါ့မွေးနေ့မှ မဟုတ်တာ”
“ သိတယ်၊ မနက်ဖြန် တို့တွေ အလုပ်အတွက် ခရီးထွက်ရအုံးမှာ အာ့ကြောင့် ကြိုပြီး လာ လုပ်ပေးထားတာ”
ဒီလိုဆိုတော့လဲ သူငယ်ချင်းတွေကို အချစ်ပိုရပြန်ရော။ ဝမ်းသာအားရနဲ့ ကိတ်ကို ခွဲကာ မွေးနေ့အကြိုပွဲလေးကို ကျင်းပကြကာ၊သုံးယောက်သား ပါတီပွဲ ဆင်နွှဲ နေကြသည်။
“ မိငယ် အရမ်းမသောက်နဲ့အုံး မနက်ဖြန်ခရီးထွက်ရအုံးမှာလေ”
“ ထားလိုက်ပါ သိပ်ချစ်ရယ် ဒီကောင်မက အသောက်များလို့ သေမဲ့သူမဟုတ်ဘူး၊ မသောက်ရလို့သေမဲ့ဟာ”
ထိုသို့လွယ်လင်ပြောတော့ အနည်းငယ် ရီဝေနေပြီဖြစ်တဲ့ မိငယ်က လွယ်လွင်ကို ကြည့်ကာ..….
“ ဘာလဲ! ခုတော့ ငြိုငြင်နေပြီပေါ့၊ နင်ပဲ ပြောတော့ ငါ့က ဘယ်လိုပဲ ဖြစ်နေနေ နားလည် ပေးပါ့မယ်ဆို၊ ငါကလွဲပြီး ဘယ်သူ့ကိုမှ ခံစားလို့ မရလို့ပါဆို ခုတော့!”
လွယ်လင် မိငယ်ပါးစပ်ကို အလျင်အမြန်ပိတ်တော့ သိပ်ချစ်က သံသယမျက်လုံးဖြင့်ကြည့်ကာ......
“ နင်တို့နှစ်ယောက်က?”
သိပ်ချစ်အမေးကို လွယ်လင်က ခေါင်းညိမ့်ပြသဖြင့် သိပ်ချစ်နားလည်သွားသည်။ သူတို့တောင် ချစ်သူတွေဖြစ်နေကြပြီကော။ မတည့်အတူနေတဲ့ လူနှစ်ဦးတောင် ချစ်သူတွေ ဖြစ်နိုင်သေးရင်၊ တစ်ယောက်ကိုတစ်ယောက် အမြဲ လွမ်းနေကြတဲ့ လူနှစ်ယောက်က ပိုလို့တောင် နီးစပ်သင့်တယ်မလား မမရယ်။
“ ဒါနဲ့ နင့်မိန်းမ နဲ့ အဆက်အသွယ်မရဘူးလား”
“ ဘယ်ကမိန်းမ! အော် မဝတ်မှုံကိုပြောတာလား”
သိပ်ချစ် အနည်းငယ်ရှက်သွားကာ ရယ်ကျဲကျဲဖြင့် မိငယ်ကို ပြန်မေးသည်။
“ ဒါနဲ့ နင်တို့က အဲ့အကြောင်းတွေ သိတယ်?”
“ မသိဘဲ နေမလား၊ ဝတ်မှုံကို နင့်နောက်လိုက်သွားခိုင်းတာ ငါတို့ပဲ”
“ ဟေ!”
“ နင်ရန်ကုန်မပြန်ခင်ညက ဝတ်မှုံ ငါတို့ဆီ လာသွားတယ်လေ၊ နင်နဲ့ ပတ်သက်တဲ့ သူ့ခံစားချက်တွေကို ပြောပြတော့ အရမ်းသနားသွားတာနဲ့.....”
“ ပြန်သွားခေါ် လိုက်ပါဟယ်၊ သူက နင်သွားခေါ်ရင် ပြန်လာမဲ့သူပါ၊ သူ့ကြည့်ရတာ နင့်ကို သိပ်ချစ်မဲ့ပုံပါဟ”
“ဟင့်အင်း သွားမခေါ်တော့ဘူး! ”
“ ဟော ဘာလို့လဲ နင်သူ့ကို မချစ်လို့လား”
ထိုသို့ မိငယ်က မေးတော့......
“ သူများ သားသမီးကို ဒဏ်ရာတွေ ထပ်မပေးချင်တော့ဘူး၊ အတူတူရှိနေကြ တုန်းက သူ့ကို နာကျင်စရာတွေပဲပေးခဲ့ဖူးလို့”
“ ဟဲ့! မဟုတ်မှလွဲ နင်သူ့ကို နှိတ်စက်တာလား၊ မထင်ရဘူးနော် နင့်ရုပ်ရည်လေးနဲ့ အိမ်တွင်းအကြမ်းဖက်လုပ်နိုင်တာ”
“ မူးနေလဲ အေးဆေးနေ!” ပေါက်ကရပြောတတ်လွန်းတဲ့ မိငယ်ကို လွယ်လင်က ငေါက်လိုက်သည်။
“ ငါသူ့ကို ကိုယ်ထိလက် ရောက်မကျူးလွန်မိပါဘူး၊ စကားလုံး တွေနဲ့ပဲသူ့ကိုနာကျင်စေခဲ့မိတာ”
“ ဘာလဲ! နင်သူများသားသမီးကို ဆဲဆို ရမ်းကားတာလား”
“ ကဲ! မိငယ် မူးနေရင်စကားမများနဲ့တော့လို့! ပေါက်ကရတွေပဲ ပြောနေတာတစ်ချိန်လုံး” အမူးလွန်နေတဲ့ ချစ်သူလေးကို လွယ်လင် ဆူရပြန်သည်။
“ ကဲ..ထားပါအာ့တွေ ခုတော့ အေးဆေး ဆက်သောက်ရအောင်၊ မနက်ဖြန်နင်တို့ ခရီးသွားရမှာမလား ၊စောစောလဲ ပြန်ကြအုံး ”
“ ဘာလဲ !ငါတို့ကို နှင်ထုတ်တယ် ပေါ့”
“ နင်ရည်းစားရသွားမှ တော်တော် အရစ်သန်လာတယ် မိငယ်ရယ်၊ လွယ်လင်ကို တောင်သနားတယ်”
သိပ်ချစ် မိငယ်၏ခေါင်းကို အသာအယာ ပုတ်ကာ ပြောနေမိသည်။ လွယ်လင့် ကိုကြည့်တော့ ဂရုမစိုက်နဲ့ ပုံစံလုပ်ပြသည်။
ပြန်ခေါ်ချင်တာပေါ့။ ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံးအနေနဲ့ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို။ မမ သိလား၊ မမသိမယ်မထင်ဘူး၊ ကိုယ့်ရဲ့ သတ္တိတွေဟာ မမကြောင့် ဖြစ်တည်လာတာရှိသလို၊ မမကြောင့် ပျောက်ဆုံးသွားတာလဲ ရှိတယ်။ မမ အားကိုးရတဲ့လူဖြစ်ပေးဖို့ မမ ကိုချစ်တဲ့ အချစ်တွေကနေ သတ္တိတွေ ရှိလာပေမဲ့ မမကို ပြန်ခေါ်ဖို့ကျတော့ သတ္တိတွေဟာ ပျောက်ဆုံးကုန်တယ် ။
သည်လိုပါပဲ၊ အဝေးကနေ ဆက်၍ပဲလွမ်းနေပါရစေ မမ။
...................................................
Hsan Kyal 🍁☕