နတ်နဂါးစစ်သည်
အပိုင်း ၂၆၄
( ကြားဖြတ်ခံရခြင်း )
ရှုချန်းက လင်လဲ့အား စူးစမ်းဟန်နှင့် မေးမြန်းလိုက်သည်။
"မင်း ဘယ်လို သိသလဲ"
လင်လဲ့က အောင့်သက်သက်နှင့် ရယ်ပြလိုက်သည်။
"မိန်းမတစ်ယောက်က တစ်ခြားတစ်ယောက်ကို ရိုက်မိတဲ့အတွက် မနာလိုဖြစ်လို့ ငါ တစ်ကြိမ် ပြန်ပေးဆွဲခံရဖူးတယ်။ နောက်ပြီး ဒီလိုနေရာမျိုးမှာ ညဘက်ရောက်ရင် ဖြတ်သွားဖြတ်လာ ကားတွေ သိပ်ရှိကြတာ မဟုတ်ဘူး။ တစ်စီးတလေတွေ့တာနဲ့ ဒီကောင်တွေက လုဖို့ ပြင်ကြတော့တာပဲ"
ပိုင်ရှန်းက ပြန်ပေးဆွဲသမားများကို ကြည့်ရင်း ပြောလိုက်သည်။
"ဘရို ... ဒီကို ရောက်ဖူးတာ ပထမဆုံးအကြိမ်လည်း မဟုတ်ဘူး။ စည်းကမ်းတွေကို သိတယ် မဟုတ်လား။ ရော့ ဒီမှာ လက်ဖက်ရည်ကြေး"
ထို့နောက် သူက ဒေါ်လာ ၁၀၀၀ တန်အုပ်ကို ထုတ်ပြီး အဖွဲ့ခေါင်းဆောင် ဖြစ်သူထံ ပစ်ပေးလိုက်လေ၏။
ပုံမှန်အားဖြင့် အဖွဲ့ခေါင်းဆောင်က သားကောင်အားလုံးကို ကြိုးတုပ်ကာ ဦးဆုံး ထိန်းချုပ်ရန် ကြိုးစားမည် ဖြစ်၏။ သို့သော် အရပ်ရှည်ရှည်၊ ခန္ဓာကိုယ် ထွားထွားကျိုင်းကျိုင်း ရှုချန်းနှင့် ပိုင်ရှန်းတို့ နှစ်ဦးကို မြင်လိုက်သည်နှင့် အထူးစစ်သည်တော်များ သို့မဟုတ် ကြေးစားစစ်သည်များ ဖြစ်နေမှန်း သိလိုက်သည်။
အရေးကြီးဆုံး အချက်မှာ အသားဝါဝါနှင့် အာရှသားသုံးဦးတည်း ဒုစရိုက်မှုထူပြောလှသော မက္ကဆီနိုင်ငံ နယ်စပ်၌ ညကြီးသန်းခေါင် သွားလာနေခြင်းမှာ သွေးရိုးသားရိုး မဟုတ်နိုင်ချေ။ ထို့ကြောင့် နဂါးလား မြွေလား မသိရသေးခင် ပြဿနာမှန်သမျှ ကြိုတင် ရှောင်ရှားခြင်းက အကောင်းဆုံး ဖြစ်သည် ဆိုသော ထုံးကိုနှလုံးမူလျှက် ခေါင်းဆောင်လည်း ပိုက်ဆံကို ယူကာ လမ်းဖယ်ပေးလိုက်၏၊
"လမ်းဖယ်ပေးလိုက်ကြ"
သူ့နောက်လိုက်များက သေနတ်များကို ဆွဲထုတ်ပြီး လမ်းကို ဖယ်ပေးလိုက်၏။ ပိုင်ရှန်းလည်း ထိုသူတို့ကြားမှ အေးအေးလူလူ ဖြတ်လျှောက်လာလိုက်သည်။
စိုးရိမ်နေဆဲ ဖြစ်သည့် လင်လဲ့ကို ကြည့်ရင်း ပိုင်ရှန်းက အခြေအနေကို ရှင်းပြလိုက်သည်။
"ဒီနေရာကို အုပ်စိုးထားတဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းက လူတွေက လမ်းပေါ်မှာ တွေ့ကရာလူတွေ ဖမ်းပြီး ပြန်ပေးဆွဲလေ့ မရှိကြဘူး။ အခု ငါတို့နဲ့တွေ့တာ အဖွဲ့ငယ်လေးတစ်ဖွဲ့ပဲ။ ဒီကောင်တွေလည်း ဂိုဏ်းကြီး ခြောက်ဂိုဏ်းကို ရန်စ စော်ကားမိသလို ဖြစ်မှာစိုးလို့ ပြန်ပေးဆွဲမယ့် လူကို အသေအချာ ဂရုစိုက် ကြည့်ပြီးမှ လုပ်ကိုင်ကြတာ။ ဒီလိုနေရာမျိုးမှာ အားနည်းသူတွေကို အားကြီးသူတွေက အနိုင်ကျင့် ဗိုလ်ကျတာ မထူးဆန်းပါဘူး"
ရှုချန်းက လက်မထောင်ပြရင်း ထောက်ခံလိုက်၏။
"အစ်ကိုပိုင် ကတော့ လုံးဝ ပရိုအဆင့်ပဲနော်"
ပိုင်ရှန်း "လိလို ပရိုပါလား။ ဒေါ်လာ ၁၀၀၀ ပေးလိုက်ရတယ် တွေ့လား။ ပစ္စည်းတွေ ရောင်းပြီးတာနဲ့ ငါ့ကို ပြန်ဆပ် ... ဒါပဲ"
နောက်ဆုံး၌ ကားလေးမှာ မောင်ခိုဈေးကွက်အတွင်းသို့ အောင်မြင်စွာ မောင်းဝင်နိုင်ခဲ့လေ၏။ မှောင်ခိုဈေးကွက်၌ အရောင်းအဝယ် ပြုလုပ်ရာတွင် ဘေးကင်းလုံခြုံမှု ရှိစေရန် ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ အစောင့်အကြပ်များက ဂိတ်တံခါးဝများကို အသေအချာ စောင့်ကြပ်နေကြလေ၏။ ဧည့်သည်များမှာ မှောင်ခိုဈေးသို့ မဝင်မီ ပါလာသမျှ လက်နက်များကို ၎င်းတို့ထံ အရင်ဦးဆုံး အပ်နှံရလေသည်။ ရှုချန်းတို့ သုံးဦးအား ဈေးထဲ ဝင်ခွင့်မပြုမီ ခန္ဓာကိုယ်အနှံ့ ရှာဖွေကြလေသည်။
"စိတ်လှုပ်ရှားရတာကို တမ်းတမ်းစွဲ ကြိုက်တဲ့ အရူးတွေ ကမ္ဘာပေါ်မှာ အများကြီးပဲ။ ဒီနိုင်ငံမှာ ရာဇဝတ်မှုတွေ ထူပြောသလောက် လာလည်ကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေလည်း အများကြီး ရှိကြတယ်။ မြို့ထဲမှာထက်စာရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းက လူတွေ စောင့်ကြပ်နေတဲ့ ဒီနေရာက အများကြီး ပိုလုံခြုံတယ် ပြောရမယ်။ ဒါပေမဲ့လည်း ဂိုဏ်းကြီးခြောက်ဂိုဏ်း ဆိုတာလည်း ဒုစရိုက်ဂိုဏ်းတွေပဲလေ။ တစ်ယောက်ယောက်က သူတို့ကို ပိုက်ဆံပေးပြီး တစ်ခုခု လုပ်ခိုင်းရင် ဒီနေရာက မင်းအနေနဲ့ ထွက်သွားချင်ရင်တောင် ထွက်သွားလို့ မရနိုင်တော့ဘူး။ ဒါက အစိုးရနဲ့ ပုဂ္ဂလိကတွေရဲ့ ကွာခြားချက်ပဲ"
ညဉ့်နက်နေပြီ ဖြစ်သော်လည်း မှောင်ခိုဈေးတစ်ခုလုံး လူမျိုးစုံ စရိုက်မျိုးစုံနှင့် စည်ကားနေသည်ကို ရှုချန်း တွေ့လိုက်ရသည်။ ပိုင်ရှန်းက သူတို့နှစ်ဦးအား ဟိုတယ်တစ်ခုဆီ ဦးဆောင် ခေါ်သွားလေသည်။
နေကာမျက်မှန် ဝတ်ထားသည့် သက်တော်စောင့်တစ်ဦးက သူတို့သုံးဦးအား ၅ လွှာရှိ အခန်းကြီးတစ်ခန်းဆီ လမ်းပြ ခေါ်သွားလေ၏။ အခန်းထဲ၌ ရေချိုးပြီး၍ ဝတ်ရုံ ဝတ်ထားသည့် အရှေ့အလယ်ပိုင်းမှ မုတ်ဆိတ်မွှေး ထူလဗြစ်နှင့် အမျိုးသားကြီးတစ်ဦးကို တွေ့လိုက်ရသည်။ တံခါးဖွင့်ပြီး ဝင်လာသော ပိုင်ရှန်းကို မြင်သည်နှင့် ထိုအမျိုးသားကြီးက ပိုင်ရှန်းအား ဝမ်းသာအားရ ပွေ့ဖက်လိုက်လေသည်။
"ညီနောင် ... နောက်ဆုံးတော့ ရောက်လာပြီပဲ။ နတ်ရေလွှာ နန်းတော်က (ပြင်သစ်နိုင်ငံမှ ဖောင်တိန်ဗလူး နန်းတော်) ခိုးယူသွားတဲ့ ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းတွေ ညီနောင့်ဆီ ရောက်နေမှန်း သိရလို့ အကျွန်ုပ် အတော်ကလေး စိတ်ဝင်စားနေတာ။ ကဲ ... ညီနောင့်ဆီမှာ အဲဒီပစ္စည်းတွေ ရှိသေးရဲ့လား"
ပိုင်ရှန်းက ရှုချန်းဘက်သို့ လှည့်ပြီး နှုတ်ခမ်း စူပြလိုက်၏။ ရှုချန်းက စားပွဲပေါ်သို့ အထုပ်တစ်ထုပ်ကို ချပြီး ကြိုးဖြေကာ အတွင်းမှ ပစ္စည်းများကို ထုတ်ပြလိုက်၏။ ၎င်းမှာ ရှေးခေတ် မင်းဧကရာဇ်တို့ အသုံးပြုခဲ့သည့် ရာဇလှံတံတစ်ခု၊ အလယ်ခေတ် ဥရောပ ဆင်စွယ်ပြားတစ်ခု၊ ရှေးဟောင်း အထိမ်းအမှတ် ရင်ထိုးတစ်ခုနှင့် ၁၉ ရာစုနှစ် လက်ရာ ဘုရားကျောင်းပုံ ဆီဆေးပန်းချီကားတို့ ဖြစ်လေသည်။
အရှေ့အလယ်ပိုင်းမှ သူဌေးကြီးမှာ မှန်ဘီလူးတစ်ခုကိုကို ယူပြီး ပစ္စည်းတိုင်းကို အသေအချာ ကြည့်ရှုပြီးနောက် ဝမ်းသာအားရ ချီးကျူးစကား ဆိုလိုက်သည်။
"ကျွတ် ကျွတ် ... နတ်ရေလွှာ နန်းတော်ကို စိုးစံတော်မူခဲ့တဲ့ ဘုရင်မကြီး အူးလ် ရန်နီ ကိုယ်တိုင် စိတ်ကြိုက် ရှာဖွေစုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေပဲကိုး။ ဒီပစ္စည်းတွေကို ကျုပ် ပြပွဲအခမ်းအနားမှာ မြင်ဖူးတယ်။ ဒါပေမဲ့ ကောလဟာလတွေအရတော့ ဒီပစ္စည်းတွေအားလုံး ဂရိတ်ဗြိတိန်ကို ရောက်သွားကြပြီဆို။ ညီနောင်တို့လူစုက ဘယ်လိုနည်းနဲ့ ပြန်ရအောင် ယူလာခဲ့သလဲ မသိဘူး"
ရှုချန်းက "ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ ဈေးနှုန်းသာ ပြောပါ"
လူကြီးက အခန်းတစ်ဝိုက် ပတ်လျှောက်ပြီးနောက် ပြောလိုက်သည်။
"ဒီရှေးဟောင်းပစ္စည်းတွေက တန်ဖိုးမဖြတ်နိုင်အောင် အဖိုးထိုက်တန်တယ်။ ပြီးတော့ စုဆောင်းသူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ အဓိပ္ပါယ်တွေလည်း ဆောင်ကြသေးတယ်။ ကျုပ် ဘယ်ဈေးပေးမှ မောင်ရင် ရောင်းချမယ်မှန်း ကျုပ် တကယ် မသိဘူး"
ရှုချန်းက "ခင်ဗျား အချိန်ဖြုန်းနေစရာ မလိုပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ ဒီမှာ အချိန်ကြာလာတာနဲ့အမျှ ကျုပ်တို့အားလုံးအတွက် အန္တရာယ် ရှိလာနိုင်တယ်။ ကဲ .. ယူရိုငွေ ၁.၂ သန်း ... အဲဒါ မရရင်တော့ နိုးပဲ"
အရှေ့အလယ်ပိုင်းသား သူဌေးကြီးက ခေါင်းညိတ်ပြလိုက်၏။ ယင်းက သူ လက်သင့် ခံနိုင်သည့် ငွေပမာဏ ဖြစ်သည်။ အရှေ့အလယ်ပိုင်းမှ အလွန် မဟားတရား ချမ်းသာသော သူလိုလူအတွက် အပေါဆုံးအရာကို ပြပါဆိုလျှင် ပိုက်ဆံကိုသာ ပြရမည် ဖြစ်၏။
သူသာ ကြိုက်နှစ်သက်ပါက ဈေးကွက်ပေါက်ဈေး ၅ ဒေါ်လာ တန်ပစ္စည်းကိုပင် ဒေါ်လာ ၅၀ ပစ်ချပေး၍ ဝယ်ချင် ဝယ်ပေမည်။ အကြောင်းရင်းကို စာဖတ်သူ မိတ်ဆွေ မသိချင်ပါနှင့်။ မပြောမဖြစ် ပြောရလျှင် ထားစရာ မရှိအောင် ချမ်းသာသူများအတွက် ဖြုန်းစရာ ပစ္စည်းနည်းပါး၍ ဖြစ်လေသည်။
သူဌေးကြီး တစ်စက္ကန့်မျှ နှုတ်ဆိတ်သွားသည်။ သူ ဈေးစကားပြောရန် ပါးစပ်ကို ဟလိုက်ချိန်မှာပင် အခန်းတွင်းသို့ သက်တော်စောင့်တစ်ဦး ဝင်လာပြီး သူ့အနားကပ်ကာ လေသံတိုးတိုးနှင့် တစ်စုံတခုကို ပြောသွားလေ၏။ သက်တော်စောင့်၏ စကားဆုံးသည်နှင့် သူဌေးကြီး၏ မျက်နှာ ရုတ်ချည်း မည်းမှောင်သွားလေသည်။
ရှုချန်းက မေးမြန်းလိုက်သည်။
"ဘာပြဿနာရှိလို့လဲ"
သူဌေးကြီးက မျက်မှောင်ကြုတ်၍ "မင်းတို့သုံးယောက်စလုံး ဂရိတ်ဗြိတိန်က လာကြတာလား" ဟု မေးမြန်းလိုက်သည်။
ရှုချန်းတို့သုံးဦးစလုံး တစ်ယောက်မျက်နှာတစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်လိုက်ကြ၏။ ထို့နောက် တစ်ခွန်းမှ မပြောခြင်းဖြင့် သူဌေးကြီး၏ အမေးကို ဖြေကြားလိုက်လေသည်။
သူဌေးကြီး "ဗြိတိန်နိုင်ငံရဲ့ အကြီးဆုံး မီဒီယာကော်ပိုရေးရှင်းတစ်ခုရဲ့ ဥက္ကဌက နတ်ရေလွှာနန်းတော်က ပစ္စည်းတွေ လာရောင်းတဲ့လူတိုင်းကို ဖမ်းဆီးထားပေးဖို့ အခုလေးတင် ဆိုနိုရာ (မက္ကဆီကိုနိုင်ငံ၏ ဂိုဏ်းကြီးခြောက်ဂိုဏ်းအနက်မှ တစ်ဂိုဏ်း) ကို အကြောင်းကြားလာတယ်"
ပိုင်ရှန်းက ရယ်မောလိုက်သည်။
"မစ္စတာ ဟာဗာ ... ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်။ ခင်ဗျားက မစ္စတာ တယ်ရီကို ကြောက်လို့လားဗျ။ ကျုပ်ကြားဖူးတာတော့ ကမ္ဘာ့ရေနံဈေးကွက် အတော်များများကို အရှေ့အလယ်ပိုင်းက ထိန်းချုပ်ထားပြီး ခင်ဗျားနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ လူအတော်များများကလည်း ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံတွေရဲ့ တကယ့် ထိပ်ထိပ်ကြဲ ပုဂ္ဂိုလ်တွေ မဟုတ်လား။ ဒါနဲ့များ ခင်ဗျားက မီဒီယာ ကုမ္ပဏီလေး တစ်ခုကို စိုးရိမ်နေသေးတယ် ဟုတ်လား။ ပြီးတော့ ခင်ဗျား ပါဝင်ပတ်သက်နေမှန်း သိရင် ဒီကဂိုဏ်းကြီးခြောက်ဂိုဏ်းလည်း ကျုပ်တို့ကို လက်လွတ်စပယ် လုပ်ရဲကြမှာ မဟုတ်ဘူး။ ဘာပဲပြောပြော အရှေ့အလယ်ပိုင်းက ပုဂ္ဂလိကပိုင် စစ်တပ်တွေက အရမ်း ကြောက်ဖို့ ကောင်းကြတယ် မဟုတ်လား။ ဒီလိုကြောက်ဖို့ကောင်းလို့ပဲ ခင်ဗျားတို့အဖွဲ့ မြို့ထဲကို သေနတ်ကိုင်ပြီး ဝင်ခွင့်ရနေတာ မဟုတ်ဘူးလား"
အရှေ့အလယ်ပိုင်းမှ သူဌေးကြီးက ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ခင်ဗျားပြောတာ မှန်ပါတယ် မစ္စတာပိုင်ရှန်း ... ဒါပေမဲ့ အရင်းရှင်ဝါဒရဲ့ အကျိုးစီးပွား ရှုထောင့်ကနေ ကြည့်ရင်တော့ သာမန်လူတိုင်း စိတ်ဖောက် ရူးသွပ်သွားနိုင်ကြတာပဲ မဟုတ်လား။ ပြီးတော့ ဒီမှာ လုပ်မယ့် အရောင်းအဝယ် ကိစ္စကို ခင်ဗျားက အကျဉ်းချုံးပဲ ကျုပ်ကို အကြောင်းကြားခဲ့တာ။ ပြောရရင် ကျုပ်လူတွေ သိပ်မပါလာခဲ့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် နှစ်ယောက်တည်း ဆိုပါတော့။ ဒီက ပြန်ပေးဆွဲသမားတွေက ဘုရင်တွေတောင် ပြန်ပေးဆွဲရဲကြတာ ခင်ဗျားလည်း သိမှာပါ။"
" ကျုပ်မှာ ဒီရှေးဟောင်းပစ္စည်းတွေ ပါလာမှန်း သူတို့ သိသွားတာနဲ့ ကျုပ်ရဲ့ သက်တော်စောင့်နှစ်ယောက်က ကျုပ်ရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် အာမခံနိုင်မယ်လို့ ခင်ဗျား ထင်သလား။ ကျုပ်လည်း အခုအနေအထားအရ တကယ်ကို ဘေးကျပ်နံကျပ်ပါပဲ။ ဒီရှေးဟောင်းပစ္စည်းတွေရဲ့ တန်ကြေးက ယူရို ၁.၂ ဘီလီယံ ရှိတယ်။ ဒါက ကျုပ်ယူယူ၊ မယူယူ ဘယ်သူမဆို ပေးကြမယ့် ဈေးပဲ။ ဒီတော့ အခုပစ္စည်းတွေက အပေါ်ယံအရ တန်ဖိုးကြီးတယ် ဆိုပေမယ့် ဒီလို တန်ဖိုးကြီးပစ္စည်းတွေကို အသက်စွန့်ပြီး လုယူကြမယ့် အရူးတွေလည်း ဒီမှာ မနည်းမနော ရှိကြမှာ မလွဲပဲ"
ပိုင်ရှန်းနှင့် ရှုချန်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ပိုင်ရှန်းက သက်ပြင်းချရင်း တရုတ်ဘာသာဖြင့် ပြောလိုက်၏။
"နောက်တစ်ရက်မှ နောက်ထပ် ဝယ်လက်တစ်ယောက် ထပ်ရှာကြရင်ကော ... ဘယ်လိုလဲ"
ရှုချန်းက "ဒီပစ္စည်းတွေကို တကယ်တမ်း သူ မလိုချင်ဘူးဆိုရင် ကျွန်တော်တို့နဲ့ အခုထိ ရပ်ပြီး စကားပြောနေဦးမှာ မဟုတ်ဘူး။ ဒီလူကြီးက တကယ့် ဂျင်ပဲ"
ထို့နောက် ရှုချန်းက မစ္စတာဟာဗာဆိုသော သူဌေးကြီးအား စေ့စေ့ကြည့်ရင်း ပြောလိုက်သည်။
"မစ္စတာဟာဗာ ... ခင်ဗျားကလည်း ဒီပစ္စည်းတွေကို လိုချင်တယ်။ ဒီတော့ အခု အရောင်းအဝယ် မဖြစ်ရင် ကျုပ်တို့အတွက်ရော ခင်ဗျားအတွက်ပါ စိတ်မကောင်းစရာတွေ ဖြစ်ကုန်လိမ့်မယ်။ ဒါ့အပြင် ဒီပစ္စည်းကို ခင်ဗျား မရမက လိုချင်နေမှန်းလည်း ကျုပ် သိတယ်။ ပြီးတော့ ခင်ဗျားမှာ အပေါဆုံးက ပိုက်ဆံပဲ ဟုတ်တယ် မဟုတ်လား"
ဟာဗာက ပခုံးတွန့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ ငါ့မှာ အသက်တစ်ချောင်းပဲ ပါတယ်ကွ"
ရှူုချန်းက ဒဲ့တိုးပင် မေးလိုက်၏။
"ဒီပစ္စည်းတွေကို ခင်ဗျား လိုချင်နေမှန်း ကျုပ် သိတယ်။ ကဲ ပြော ... ဘယ်လို အခြေအနေမျိုးမှာမှ ဒီအရောင်းအဝယ် ဖြစ်မလဲ ဆိုတာ"
ဟာဗာက ပြုံးရင်း ပြောလိုက်သည်။
"ဒီပစ္စည်းတွေကို ကျုပ် ကိုယ်ပိုင် လေယာဉ် ဆိုက်ထားတဲ့နေရာအထိ ယူသွားပေးရမယ်။ ဒီနဲ့ သိပ်မဝေးပါဘူး။ မက္ကဆီကိုရဲတွေက ခင်ဗျားတို့ကို နှောင့်ယှက်ရဲမှာ မဟုတ်ဘူး။ အဲ ... ကျုပ်အတွက်တော့ ဒီပစ္စည်းတွေကို ကျုပ်နိုင်ငံအရောက် ပြန်သယ်နိုင်မယ့် နည်းလမ်း ကျုပ်မှာ ရှိတယ်။ အခု ကျုပ်လိုချင်တာက ဒီပစ္စည်းတွေကို မှောင်ခိုဈေးကွက်အပြင်ကို ဒဏ်ရာအနာတရ ကင်းကင်းနဲ့ သယ်ထုတ်သွားနိုင်ဖို့ပဲ"
ပိုင်ရှန်းမှာ မျက်မှောင်ကြုတ်သွားလေ၏။
"ဆိုနိုရာမိသားစုနဲ့ ကျုပ်တို့ကို တိုက်ခိုက်ခိုင်းနေတာလား"
ဟာဗာက ပြောလိုက်သည်။
"မင်းတို့သုံးယောက်က စာရင်းထဲ ဝင်နေပြီးသားပဲ။ ကျုပ်ကိုတော့ အဆစ်မဆွဲထည့်နဲ့ပေါ့ ဟုတ်ပြီလား။ ၁.၅ ဘီလီယံ ... လက်ဗီးဂတ်စ်က ကာစီနိုရုံမှာ ကျုပ်သိမ်းထားတဲ့ ငွေမည်းတွေ ရှိတယ်။ ဒီအပိုငွေကြေးကတော့ ပစ္စည်းတွေကို ကျုပ် လေယာဉ်ဆီအရောက် ဘေးကင်းကင်းနဲ့ သယ်သွားပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတယ်လို့ မှတ်ပေါ့။ ကဲ ... ဒါဆိုရင် ဘယ်လိုလဲ"
ရှုချန်းက ဖြစ်နိုင်ချေကို စဉ်းစားလိုက်၏။ တအောင့်အကြာ သူက ဆုံးဖြတ်ပြီးဟန်နှင့် ပြောလိုက်သည်။
"ကောင်းပြီလေ ..."
ပိုင်ရှန်းမှာ ပြူးကျယ်နေသော မျက်လုံးအစုံနှင့် မျက်စိမျက်နှာပျက် ဟန့်တားလိုက်သည်။
"မင်း ရူးနေပြီလား"
အခန်း ၂၆၄ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၂၆၅
( အန္တရာယ်လက်တကမ်း )
ရှုချန်းက ဟာဗာအား ပြောလိုက်သည်။
"ဒါပေမဲ့ မစ္စတာဟာဗာ ... ကျုပ်သူငယ်ချင်းနှစ်ယောက်ကို ခင်ဗျားနဲ့ အတူ ခေါ်သွားပေးဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ။ ပို့ပေးရမယ့် နေရာရဲ့ ဂြိုဟ်တုကိုဩဒိနိတ် အမှတ်တွေ ပြောပြ ... ကျုပ် ခင်ဗျားဆီ ပစ္စည်း ယူလာခဲ့ပေးမယ်"
ဟာဗာက "ဒါပေါ့ ... မင်းသူငယ်ချင်းတွေ ဘေးကင်းဖို့ ငါ အာမခံပါတယ်"
ပိုင်ရှန်းက ရှုချန်းအား သူ့နဘေးသို့ ဆွဲခေါ်ပြီး လေသံနက်နက်ဖြင့် မေးမြန်းလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ။ ဒီနေရာက ရှန်ချန်း မဟုတ်မှန်းရော မင်း သိရဲ့လား။ ဒီကလူတွေအားလုံးက သေနတ်ကိုယ်စီ ကိုင်ထားကြတာ။ မင်းမှာ အသက်ဘယ်နှစ်ချောင်း အပိုပါလို့ သေကြောင်းကြံနေရတာလဲ"
စိတ်လှုပ်ရှားနေသော ပိုင်ရှန်းမှာ ရှုချန်းအတွက် အမှန်တကယ် စိုးရိမ်ပူပန်၍ ယခုလို သတိပေးလာခြင်း ဖြစ်သည်။ ရှုချန်းသည် နဂါးတပ်ဖွဲ့ အကြီးအကဲ ကိုယ်တိုင် သဘောကျသည့် အနာဂတ် အကြီးအကဲ လောင်းလျာတစ်ဦး ဖြစ်သည်။ ပိုင်ရှန်းသည် ရှုချန်း စစ်ဆင်ရေး ထွက်သည့်အခါ လိုက်လံ စောင့်ရှောက်ရသည့် သက်တော်စောင့်တစ်ဦးနှင့်သာ ပိုတူလေ၏။ သူ၏ တာဝန်မှာ ရှုချန်း၏ စွမ်းရည်များ ထက်မြက်လာစေရန်နှင့် ထိုသူငယ်လေး အသက်ဆုံးရှုံးစေလောက်သည့် အရာများ မလုပ်မိစေရန် တားဆီးဖို့ ဖြစ်လေသည်။
"အကိုကြီး ... ကျွန်တော့်မှာ အချိန်သိပ်မရှိတော့ဘူး။ ဒီညပြီးတာနဲ့ နောက်တစ်ရက်ကျရင် လက် ဗီးဂတ်စ်ကို သွားရဦးမယ်။ ပြီးတော့ နောက်တစ်နေ့က မွေးနေ့ပွဲ။ ပိုက်ဆံသာ အချိန်မီ မရလာဘူးဆိုရင် လင်ကော်ပိုရေးရှင်းက ကျွန်တော့်မိန်းမကို တစ်ခြားတစ်ယောက်နဲ့ အတင်းအကြပ် ထိမ်းမြားပေးတော့မှာ"
ပိုင်ရှန်းက "လောကမှာ မိန်းမတွေ ပေါပါတယ်ကွာ"
ပိုင်ရှန်း၏ နှလုံးသား၌ ရှုချန်း၏ လုံခြုံရေးသည်သာ အရေးကြီးဆုံး ဖြစ်လေသည်။ အကြောင်းမှာ ရှုချန်းသည် နဂါးတပ်ဖွဲ့ အကြီးအကဲ နေရာအား ဆက်ခံရမည့်လူ ဖြစ်နေသောကြောင့် ဖြစ်သည်။ သက်တော်စောင့်တစ်ယောက် အနေဖြင့် အနာဂတ် အကြီးအကဲ ဖြစ်လာမည့်လူအား အသက်နှင့်ရင်း၍ ကာကွယ်စောင့်ရှောက်ရမည် ဖြစ်၏။
ရှုချန်းက ပြောလိုက်သည်။
"အဘိုးကြီး ပြောခဲ့တဲ့ စကားတွေကို မှတ်မိသေးတယ်။ ကိုယ့်မိန်းမကို ချစ်သလိုမျိုး နဂါးတပ်ဖွဲ့ကို ချစ်ပါတဲ့။ တကယ်လို့ ကိုယ့်မိန်းမအပေါ် သစ္စာရှိရှိ မချစ်နိုင်တော့ရင် ကျွန်တော်က အရည်အသွေး ပြည့်မှီတဲ့ နဂါးဓားတစ်လက် ဖြစ်လာမယ်လို့ အကိုကြီး ထင်သေးသလား"
ရှုချန်း၏ အင်္ကျီကော်လံစအား တင်းတင်းဆွဲဆုပ်ထားသည့် ပိုင်ရှန်း၏ လက်များ အားပျော့သွားသည်။ သူက လေသံအေးအေးနှင့် ပြောလိုက်သည်။
"ဒါဆိုရင် ငါ မင်းရဲ့ အကူ အဖြစ် လိုက်ခဲ့မယ်"
ရှုချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
ရှေးဟောင်းပစ္စည်းများကို ပိုင်ရှန်း ကိုယ်နှင့်မကွာ မဆောင်ထားသရွေ့ ၎င်းထံ ရှေးဟောင်းပစ္စည်းများ ရှိနေမည်ဟု မည်သူမျှ ထင်မှတ်ကြမည် မဟုတ်ချေ။ လူဆိုးများသည် ရှေးဟောင်းပစ္စည်းများ ဘေးကင်းလုံခြုံရေးကိုသာ အဓိက,ထား လိုချင်ကြ၏။ ထို့ကြောင့် ၎င်းတို့သွားမည့် လမ်းကြောင်းပေါ် ဝင်မရှုပ်သရွေ့ သူတို့ လွတ်ကင်းနိုင်ဖွယ် ရှိသည်။ အကယ်၍ ရှေးဟောင်း ပစ္စည်းများ သယ်ဆောင်လာသူမှာ ရှုချန်း ဆိုလျှင် ၎င်းတို့အားလုံး ရှုချန်းတစ်ဦးတည်းကို ပစ်မှတ်ထား တိုက်ခိုက်ကြမည် ဖြစ်၏။
ရှုချန်းက လင်လဲ့ထံ လျှောက်သွားပြီး နားအနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါ့အခန်းထဲမှာ တတိယမြောက် ဘုရင် နပိုလီယံရဲ့ သရဖူပုံတူတစ်ခု ရှိတယ်။ အဲဒါကို နည်းလမ်းရှာပြီး တတိယမြောက်မင်းသားဆီ ပို့ပေး။ နောက်တစ်နေ့ မနက်စောစော ပို့နိုင်လေ ပိုကောင်းလေပဲ။ မင်း သူ့အနားကပ်ပြီး ဘုရင်မကြီးက ဒါကို လိုချင်နေတာ ကြာပြီလို့ အရိပ်အမြွက် ပြောလိုက်ရုံပဲ။ ဒါဆိုရင် အဲဒီသရဖူကို လက်ဆောင်အဖြစ် ပေးဖို့ သူ ကျိန်းသေ ကြိုးစားလိမ့်မယ်။ အဲဒီကိစ္စ ပြီးသွားရင် ငါ့ဆီလိုက်လာခဲ့။ ငါ မင်းကို လက်ဗီးဂတ်စ်မှာ စောင့်နေမယ်"
လင်လဲ့က ရှုချန်းအား ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်
"ယောက်ဖ ... မင်း ဘာမှတော့ မဖြစ်ပါဘူးနော်"
ရှုချန်းက ခေါင်းညိတ်ပြရင်း "ဘာမှမဖြစ်ဘူး။ စိတ်မပူနဲ့"
ထို့နောက် မစ္စတာဟာဗာက လင်လဲ့အား ခေါ်ပြီး သက်တော်စောင့်နှစ်ဦးကို အချက်ပြကာ ထွက်သွားလေတော့သည်။
ရှုချန်းလည်း အိတ်ကြီးကို သယ်ရင်း ဟိုတယ်အပြင်သို့ ပြန်ထွက်လာလိုက်၏။ ပိုင်ရှန်းမှာ ဖြတ်သွားဖြတ်လာ ခရီးသွားတစ်ဦးပုံ ဟန်ဆောင်လျက် ရှုချန်းနောက်မှ မသိမသာ လိုက်လာခဲ့လေသည်။
ရှုချန်းတစ်ယောက် လမ်းလျှောက်သည်မှာ မီတာ ၁၀၀ ပင် မပြည့်သေး ... လက်နက်ကိုင် လူဆိုးများ အပြည့် သယ်လာသည့် ထရပ်ကား တစ်စီး သူ့ရှေ့တည့်တည့် ရပ်ကာ လမ်းပိတ်လိုက်လေတော့၏။
ကားအတွင်းခန်း၌ ရိုင်ဖယ်သေနတ်ကြီးတစ်လက် ကိုင်ထားသည့် လူမည်းတစ်ဦးက စီးကရက်ကို ဖွာရင်း ရှုချန်းအား ခပ်ချဉ်ချဉ်ပြုံးပြရင်း ပြောလိုက်သည်။
"အာရှသားလေးပါလား ... မှောင်ခိုဈေးကို ဘာလာလုပ်တာလဲ ဟေ့ကောင်"
ရှုချန်းက "အရောင်းအဝယ် လုပ်ဖို့"
လူမည်းက "ဒါဖြင့် ဆောရီးပဲ ... မင်း သယ်လာတဲ့ အိတ်ကို ဖွင့်ပြပါဦး"
ကားပေါ်မှ လက်နက်ကိုင် ၇ ဦးကို ကြည့်ရင်း ရှုချန်းက ပြောလိုက်သည်။
"မင်းတို့က ဒီမြို့ထဲမှာ ငါ့ဆီက လုချင်ကြလို့လား။ ဒါ စည်းကမ်းကို ဖောက်ဖျက်ရာ မကျဘူးလား"
လူမည်းက ရယ်မောလိုက်၏။
"စည်းကမ်း ဟုတ်လား။ စည်းကမ်းတော့ ရှိတယ်။ အေး အဲဒါ ငါတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေပဲ။ ကဲ ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေဦး ... ငါတို့က ဆိုနိုရာမိသားစုဝင်တွေပဲ။ ငါတို့ပြောတဲ့အတိုင်း အိတ်ကို ဖွင့်ပြီး အသာအကြည် ထွက်သွားရင် မင်းအသက်ကို ချမ်းသာပေးမယ် ဘယ်လိုလဲ"
ရှုချန်း "မင်းပြောတဲ့အတိုင်း ငါ မလုပ်နိုင်ဘူး ဆိုရင်ကော ..."
ဂျောင်း ...
သေနတ်ခုနစ်လက်စလုံး မောင်းတင်လျက် ရှုချန်းအား ချက်ချင်း ချိန်ရွယ်လိုက်လေတော့သည်။
လူမည်းက ဆေးလိပ်မီးခိုးငွေ့ကို နောက်တစ်ကြိမ် မှုတ်ထုတ်ပြီး ၎င်း၏ သွားဖြူဖြူကြီးများ ပေါ်အောင် ပြုံးပြလိုက်သည်။
"ခွေးဝါ မင်းကို မေးခွန်းထုတ်နေတာ မဟုတ်ဘူး။ ငါ့အမိန့်ကို နာခံခိုင်းနေတာကွ ... သိရဲ့လား"
ရှုချန်း၏ မျက်နှာသွင်ပြင် တဖြေးဖြေး မည်းနက်သွားလေ၏။
"ငါ့ကို ဘယ်လို ခေါ်လိုက်တယ်"
လူမည်းက အားရပါးရ ရယ်မောရင်း "ခွေးဝါလို့ ခေါ်တော့ မင်း ဘာလုပ်မလဲကွာ" ဟူသော အပြုံးမျက်နှာထားနှင့် ပြန်ကြည့်ရင်း နောက်ထပ်တစ်ကြိမ် တစ်လုံးချင်းစီ ပြောလိုက်ပြန်၏။
"မင်းကို ခွေးဝါလို့ ခေါ်တာလေ ... ခွေးဝါလေး"
လူမျိုးစုများကြား အသားအရောင် ခွဲခြားဆက်ဆံခြင်းသည် အကြီးမားဆုံး စော်ကားမှုတစ်ခု ဖြစ်လေ၏။
ရှုချန်း၏ ဒေါသတို့ ပေါက်ကွဲထွက်လာချေပြီ။
'ဒီနိုင်ငံမှာ ငါတို့နှစ်ယောက်စလုံးက လူနည်းစု စာရင်းဝင်တွေ။ အဲဒါကို မင်းက ငါ့ကို အထင်သေးသလို ဆက်ဆံတယ် ဟုတ်လား'
ရှုချန်း အိတ်ကို ချွတ်ပြီး သူ့ရှေ့တည့်တည့်တွင် ပိုက်ကာလိုက်၏။
"မင်း ပစ်ချင်လည်း ပစ်လိုက်ပေါ့။ ဒါပေမဲ့ ဒီထဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးက ယူရို ဘီလီယံနဲ့ချီ တန်တဲ့ ပစ္စည်းတွေချည်းပဲ။ ဒီလိုတန်ဖိုးကြီး ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေအားလုံး ကျည်ဆန် ထိတာနဲ့ ပျက်ဆီးသွားကြမှာ။ အေး မင်း ပစ်လိုက်တော့လည်း အနည်းဆုံးတော့ ငါဆိုတဲ့ကောင်က ရတနာတွေ ပိုက်ပြီး နတ်ပြည်ကို ပျော်ပျော်ကြီး တက်သွားလို့ ရတာပေါ့"
လူမည်းက ကောက်ကျစ်စွာ ပြုံးလိုက်၏။
"ခွေးဝါက တကယ် ဉာဏ်များတဲ့ကောင်ပဲ။ မင်းကို သတ်မယ်လို့လည်း ငါ မပြောမိဘူး။ ငါ မင်းကို ပြောပြီးပြီ။ အိတ်ကို ထားခဲ့လိုက်။ ပြီးရင် မင်း ထွက်သွားတော့။ ဒါ မင်းအတွက် နောက်ဆုံး အခွင့်အရေးပဲ"
ရှုချန်းကလည်း ခပ်ရိုင်းရိုင်း ပြုံးလိုက်၏။ ထို့နောက် အိတ်ကို အောက်သို့ ချလိုက်သည်။ သို့သော် မြေကြီးနှင့်အိတ် ထိမိသည်နှင့် တစ်ပြိုင်နက် ရှေ့သို့တစ်ဟုန်ထိုး ပြေးတက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ပေါက်ကွဲထွက်လာသည့် ခွန်အားများကို စုစည်းလျက် ကားအောက်ကို လက်သီးနှင့် ပင့်ထိုးလိုက်သည်။
ကီလိုဂရမ် ၄၀၀၀ နီးပါး ခွန်အားရှိသော ရှုချန်း၏ ပါဝါအစွမ်းကြောင့် အလေးချိန် ၅၀၀ ကီလိုဂရမ်ခန့်သာ ရှိသော ပစ်ကပ် ထရပ်ကားလေးမှာ အရုပ်လေးတစ်ရုပ်အလား လေထဲသို့ ဒလိမ့်ခေါက်ကွေး လိမ့်တက်သွားတော့သည်။
ကြီးမားလှသော ခွန်အားကြောင့် ဒလိမ့်ခေါက်ကွေး လိမ့်တက်သွားသော ထရပ်ကားပေါ်မှ ဆိုနိုရာ မိသားစုဝင် ၈ ဦးမှာ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ကားနှင့်အတူ မြေကြီးပေါ် ခွေးကျ,ကျသွားလေတော့၏။
အဝေးမှ ကြည့်နေသော ပိုင်ရှန်း၏ မေးရိုးပင် မြေကြီးနှင့် ထိလုမတတ် ပြုတ်ကျသွားလေ၏။
"သောက်ကျိုးနည်း ... ဘာကြီးတုန်း။ ဒီကောင့် ခွန်အားက ဘယ်လောက်ကြီးလို့ ကားတစ်စီးလုံးကိုတောင် လှန်ပစ်နိုင်ရတာလဲဟ။ ကြမ်းလှချည်လား"
ကားပေါ်မှ ပြုတ်ကျလာသော လူ ၈ ဦးအနက် နှစ်ဦးမှာ ကားပိ၍ ပွဲချင်းပြီး သေဆုံးသွားကြ၏။
ရှုချန်းက မြေကြီးပေါ် ကျနေသော သေနတ်ကို ကောက်ယူပြီး လူးလဲထရန် ကြိုးစားနေသော လူ ၆ ဦးအား လက်ဦးမှု ရယူကာ စတင် ပစ်ခတ်လိုက်သည်။ မြေကြီးပေါ် လဲကျနေသော လူမည်းခေါင်းဆောင်လည်း ရှုချန်းအား ပြန်ပစ်လေ၏။ သို့သော် ရှုချန်းက ထိုလူမည်း၏ လက်ကောက်ဝတ်သို့ ကျည်ဆန်တစ်တောင့် လက်ဆောင် ထည့်သွင်းပေးလိုက်လေသည်။
နာကျင်လွန်း၍ လူမည်းမှာ သေလုမြောပါး ငိုကြွေးလေတော့သည်။
"လဗြွတ်ပဲ"
ရှုချန်းက ထိုလူမည်းဆီ လျှောက်လာပြီး အနားတွင် ထိုင်ချလိုက်သည်။ ထို့နောက် ...
"မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တယ်" ဟု ထပ်မေးလိုက်ပြန်၏။
နာကျင်လွန်း၍ ရှုံ့မဲ့နေသော လူမည်းမှာ ရှုချန်းအား အော်ဟစ် ကျိန်ဆဲလေတော့၏။
"မင်း အသေဆိုးနဲ့ သေရစေမယ်ကွ။ ဆိုနိုရာမိသားစုကို မင်းလိုကောင်က ရန်လုပ်ရဲတယ် ဟုတ်လား။ ဒီမြို့ကနေ မင်း အသက်ရှင်လျက် မထွက်သွားစေရဘူး"
ရှုချန်းက စကားမပြော ... လူမည်း၏ ခြေထောက်ကို ကျည်ဆန်တစ်တောင့် ထပ်မံ ပစ်သွင်းလိုက်၏။
ဒိုင်း ...
လူမည်းမှာ မြေကြီးပေါ် လူးလိမ့်ရင်း ဝမ်းနည်းပက်လက် ငိုကြွေးလေတော့၏။
ရှုချန်းက "လုပ်ပါဦး ... ဆက်ပြောစမ်းပါဦး"
ထို့နောက် တစ်ခြား ခြေထောက်တစ်ဖက်ကို ထပ်ပစ်လိုက်ပြန်၏။
"လိလို လူမျိုးရေးခွဲခြားတဲ့ကောင်"
ရှုချန်းက ကျိန်ဆဲပြီး လူမည်း၏ ခြေကျင်းဝတ်၊ လက်၊ ပခုံး၊ ဒူးနှင့် သေစေနိုင်လောက်သည့် အင်္ဂါများကို ရှောင်ပြီး သေနတ်နှင့် စိတ်ကြိုက် ပစ်ခတ်လိုက်လေ၏။ အကြိမ်ပေါင်း ၂၀ ခန့် ပစ်ခတ်ပြီးနောက် လူမည်းတစ်ကိုယ်လုံး သွေးချင်းချင်း နီနေတော့သည်။ လူမည်းမှာ နာကျင်လွန်း၍ သေရန် ဆုတောင်းနေပြီ ဖြစ်သည်။
ရှုချန်းက လူမည်းအား ပြောလိုက်သည်။
"အေး ... ဒီနေ့ မင်း မသေဘူးဆိုရင် အာရှသားတွေကို စော်ကားရင် ဘယ်လို အကျိုးဆက်မျိုး ရတတ်ကြောင်း တသက်လုံး စွဲနေအောင် မှတ်ထားပေါ့ကွာ။ အခု ငါပေးတဲ့ သင်ခန်းစာကို မင်းတစ်ဘဝလုံး မြဲမြဲ မှတ်ထား ဟုတ်ပြီလား"
ရှုချန်းက ရိုင်ဖယ်သေနတ်နှစ်လက်ကို ကောက်ယူပြီး လမ်းနဘေးမှ ကားတစ်စီးဆီ သွားလိုက်၏။ ပြီးလျှင် ပစ္စည်းအိတ်အား ကားအနောက်ထိုင်ခုံတွင် ထည့်လိုက်သည်။ သူ မောင်းမထွက်သွားခင် မြေကြီးပေါ် လဲနေသည့် လူမည်းပါးစပ်မှ သွေးတပွက်ပွက်အန်နေသံကို ကြားလိုက်ရလေသည်။
ရှုချန်းလည်း ကားကို နောက်ပြန်လှည့်မောင်းပြီး လူမည်း၏ ခြေထောက်နှစ်ဖက်စလုံးပေါ် တက်ကြိတ်မောင်းလိုက်လေ၏။
နားကွဲလုမတတ် ငိုသံကြီး ရုတ်ချည်း ထွက်ပေါ်လာတော့သည်။
ထိုအခိုက် သူရှိရာသို့ နေရာပေါင်းစုံမှ မောင်းဝင်လာသော ဆိုနိုရာ မိသားစု၏ ကားများကို တွေ့လိုက်ရသည်။
ရှုချန်းလည်း ကားစတီယာရင်ဘီးကို လှည့်ပြီး လမ်းကျဉ်းထဲ ချိုးဝင်လိုက်၏။
ဆိုနိုရာမိသားစုသားများက ချက်ချင်း သူ့နောက် ထပ်ကြပ်မကွာ မောင်းလိုက်လာကြ၏။ တစ်ချို့ကားအမိုးပေါ်၌ စက်သေနတ်များပင် တပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုလူများက စက်သေနတ်ခလုတ်ကို တရစပ်ညှစ်ရင်း စတင် ပစ်ခတ်လိုက်လေ၏။
သူ့ကားနောက်ဖုံးအား ကျည်ဆန်များ ထိုးဖောက်လာသည့် တဖောင်းဖောင်း အသံကို ရှုချန်း အတိုင်းသား ကြားလိုက်ရသည်။ ကျည်ဆန်က နောက်ခုံကို ဖောက်ပြီး သူ့နှင့် ပစ္စည်းများကို လာမှန်မည် စိုးသောကြောင့် ကားကို ၃၆၀ ဒီဂရီ ပတ်ဆွဲကာ ကွေ့လိုက်၏။
ကားဘီးကြောင့် အလိမ်းလိမ်း ထလာသော ဖုန်မှုန့်များက နောက်မှ လိုက်လာသူများအား မျက်ကွယ် အတားအဆီးတစ်ခုပမာ ဟန့်တားလိုက်သည်။ ရန်သူ အငိုက်မိသွားသည်နှင့် ရှုချန်းမှာ ချိန်သားကိုက်ပင် ထက်မြက်လှသော သူ၏အမြင်အာရုံကို အသုံးချပြီး စက်သေနတ် သမား၏ ဦးခေါင်းထံ ကျည်ဆန် တစ်တောင့် ပစ်သွင်းပေးလိုက်သည်။
ကားလေး ၃၆၀ ဒီဂရီ အပြည့် ကွေ့ပတ်ပြီးသည်နှင့် ရှုချန်းက လီဗာတံကို နင်းပြီး နောက်ထပ် လမ်းကျဉ်းတစ်ခုထဲ လှလှပပပင် ချိုးဝင်လိုက်လေတော့၏။
အခန်း ၂၆၅ ပြီး