စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၂၈)
ခင်စန်းဦး တောင်ပေါ် လက်ဖက်ခူး လိုက်သွားမယ်တဲ့။
နံနက်စောစော အမေကြီး နဲ့ အဖေ့ကို ခင်စန်းဦး ထိုင်ကတော့
တာမြင်မှ ထားထားဦး သိလိုက်ရခြင်း ဖြစ်သည်။
အရင်စိတ်လိုသာဆို တစ်နယ် တစ်ကျေး
အဝေးကြီး ညည်းဘာလို့ လိုက်သွားမလဲအေ ဆိုပြီ ထားထားဦး တားမိပါလိမ့်မယ်။
အခု တော့ ရုတ်တရက်ကြီး လိုက်သွားမယ် သိလိုက်တာတောင်
မတားဖြစ်။
ဟိုရောက်ရင် စားဖို့ အခြောက်အခြမ်းကလေးတွေဖြစ်တဲ့ ပဲလှော် ၊ငါးပိ၊
ငါးခြောက် တွေတောင် သေချာထုပ်ပေးလိုက်မိသည်။
ညနေ့စောင်းတော့ ရေးကြီးသုတ်ပျာ ကိုစံထွန်း ရောက်လာသည်။
ရောက်ရောက်ချင်း သီးသီးပင်အောက် တင်လှ နှင့်အတူ
ထိုင်နေသော မြကျော်တို့ လင်မယား နှစ်ယောက်ဆီတန်းတန်းမတ်မတ်
လျှောက်လာပြီ မေးသည်။
“ခင်စန်းဦး လက်ဖက်ခူး လိုက်သွားတယ်ဆို ဟုတ်သလား ..”
“ဟုတ်ပါရဲ့ ..”
ထားထားဦး အဖြေကြားသည်နှင့် ကိုစံထွန်း မျက်နှာ မှာညိုးငယ်ချင်များ
စုဝေးသွားသယောင် ။
ငိုင်လျက် လှည့်ပြန်သွားသည်။
ဒါကို မြင်လိုက်သည့် တင်လှက
“ကိုကြီး စံထွန်း ဒီနေ့ညတော့ အရက်မူးတော့မယ်ထင်တယ်..”
ဟုတ်ပါသည်။ တင်လှ ခန့်မှန်းစကားမှန်ပါ၏။ထိုညက ကိုစံထွန်း လယ်ခုံ
တဲမှာ အရက်တွေမူးနေအောင် ထိုင်သောက်သည်။
နောက်ရက် ..နောက်ရက် တွေမှာ ရွာထိပ်က အိမ်ကြီးဆီ သူခြေမလှမ်းတော့။
ညနေ့ခင်းတိုင်းလိုလို ထမင်းလာ မစားတော့။
@@@
ရာသီတွေ ပြောင်းလို့ ရက်တွေဟောင်းကုန်ပါပြီ။
တစ်နွေရဲ့ တန်ခူး မြန်မာနှစ်သစ်ကူး လို့ သက္ကရာဇ်များမှာ
တစ်နှစ်တိုး သွား၏။
မုတ်သုန်လေ တွေဟာ မိုး နှင့်အတူ ပါလာခဲ့သည်။
သစ်ကြီးပင် အကိုင်း အခက်တို့ ကျိုးပဲ့ကုန်သည်။
သရက်ပင်ပေါ်ကအသီးတွေ မြေပြင် ပေါ် ပြန့်ကျဲကုန်သည်။
သီးနှံစားပင် ကလေးတွေ လေပြင်းကြောင့် အနည်းငယ်
ပျက်စီးကုန်သည်။
နှမြောစရာကြီးပဲနော်လို့ အညာကလူတွေ နူတ်ကနေ ပြော နေပင်မယ့် လက်တွေ့မှာတော့
ပျက်စီးသွားတဲ့ အရာတွေကို အသုံး၀င် အောင် အသုံးတည့်အောင်
လုပ်ကြသည်။
လေတိုက်ပြီသည်နှင့် သူသူငါငါ ဓါးတွေယူလာပြီ
လဲပြိုသွားသော သစ်ပင် သစ်ခက် တွေကို ထင်းစိုက်နိုင်အောင်
ခုတ်ကြ ရှင်းကြသည်။
မြေပြင်ပေါ် ပြန့်ကျဲနေသော သရက်သီးများကို တောင်းကြီး တောင်းငယ်
ကလေး လူကြီး ပျော်ပျော်ပါးပါး လုကောက်ကြသည်။
အိမ်ရောက်လျှင် သရက်သီးတွေကို ဓါးဖြင့် ခွဲ စဉ့်အိုးတွေထဲ
ဆားရေစိမ် ၊နေထုတ်လှန်း ၊သရက်သီးဆီစိမ်ဖတ် လုပ်ကြသည်။
ငုပ်တုပ်ထိုင်လျက် စိတ်အားမငယ် ။စိတ်မညစ်။
လေ တိုက်ချိန်က
ကြောက်ရွံ့ စရာများကို အခုတော့ တပျော်တပါး ဟာသ ကြီးတွေလို
ထိုင်ပြောနေကြ၏။
မြကျော်နှင့် ထားထားဦးမှာလည်း အများနည်းတူပါပဲ။
လေတိုက်လို့ နှမ်းပင်တွေယိမ်း၊ မိုးနောက်ကျလို့ စပါးပင်တွေ
သိပ်မဖြစ်ထွန်းတာကိုပင် ခေါင်းထဲမရှိတော့။
နို့ဆီချက် စက်ရုံက မယူတဲ့ နွားနို့တွေကို အိမ်မှာ တစ်ပိုင်တစ်နိုင်
နို့ဆီပြန်ချက်ဖို့ နို့ဆီချက်ဖို အိမ်မှာ ဆောက်နိုင်ရေးသာ စိတ်စောနေသည်။
ဒါ့ကြောင့် လင်မယား နှစ်ယောက် နေ့နေ့ညည နို့ဆီချက်ဖို့ ဖို နဲ့ ဒယ်တွေ
၀ယ်ရေး ၊ပြန် ရောင်းချရေး တို့ကို ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်။
ဤသို့ ထားထားဦးတို့ ကိုယ့်အလုပ် နဲ့ကိုယ် အလုပ်ရူပ်နေကြခိုက်
လက်ဖက်ခူးသွားသူတို့ ပြန်လာကြသည်။
ခင်စန်းဦး တော့မပါ စာသာပါလာသတဲ့။
ဒီသတင်းကြားရတော့ အလုပ်တွေ လုပ်ရင် မေ့ချင် ယောင်ဆောင်ထားသည့် ထားထားဦးမှာ ဟန်မဆောင်နိုင်တော့
“ကိုမြကျော် ...ကျုပ် ညီမ ကို ကျုပ်သွားခေါ်မယ်တော်။
ကျုပ် ညီမလေး သူများနယ်မှာ ဆွေမရှိ မျိုးမရှိ မျက်နှာငယ် နေရမှာ။
ကျုပ် ဒီလိုတော့ မနေနိုင်ဘူး..”
ဒီလိုချည်းပဲ နေ့နေ့ညည ထားထားဦးကပြော။
မြကျော် ရင်ထဲမှာလည်း ခင်စန်းဦး လေး အခုလို တစ်နယ် တစ်ကျေး
ထွက်သွားပြီ အိမ်ထောင်ပြုလိုက်တာကို စိတ်မကောင်း။
သူ့နှမအရင်းပမာ နေလာတဲ့ ကလေးမလေး သူတို့ကိုများ
စိတ်နာပြီ လုပ်ချင်ရာတွေ လုပ်ပါ့လိုက်လေသလား။
ဒီလိုသာဆို သူတို့အပြစ် မကင်းဘူး ။ အကျိုး အကြောင်း သိရအောင်
လိုက်သွားတာ အကောင်းဆုံးပဲ လို့ တွေးလိုက်သည်။
ဒါ့ကြောင့် ရှိတဲ့ပိုက်ဆံ နဲ့ စာထဲက လိပ်စာကို အသေအချာထုပ်
လင်မယား နှစ်ယောက် လိုက်သွားကြဖို့ပြင်သည်။
တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးတဲ့ တောင်တက် ခရီးလမ်းမများ ပေါ်
ကားကလေးက ဘယ်ညာယိမ်း။
အကွေ့ကောက် များက တစ်ခါတစ်ခါမတ်စောက် လွန်းလို့ ထားထားဦး အောက်ကို ငုံ့မကြည့်ရဲ။
မျက်လုံးမှိတ်လျက် မြကျော် လက်မောင်း ကိုသာ ခပ်တင်းတင်း
ဆုပ်ကိုင် လျက် လိုက်ပါလာသည်။
မြကျော်ကတော့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသော် တောင်
တက်လမ်းနှင့် ဘေးဘီက စိမ်းစိုနေသော သစ်ပင်၊ဝါးပင် များကို
ငေးမောနေမိသည်။
ဤသို့ ငေးမောရင် ကားဆရာတို့ နားသည့် နေရာမှာ နား၊စားသည့်
နေရာစား အလွတ်နီးပါး ရအောင်ကျက်လာသော လိပ်စာ နေရာ
သို့ ချီတက်လာခဲ့သည်။
လိပ်စာအရ ကျောက်မဲမြို့ ထဲမှာ မဟုတ် ။ တောင်ယာ တွေ လုပ်ကိုင်သော
မြို့ပြင်က တောင်ယာ တဲအစု ကလေးတွေဆီ သွားရမည်တဲ့။
ကံကောင်းချင်တော့ မြို့ထဲ ဈေးလာ၀ယ်ပြီ တောင်ယာတဲစု ကလေးတွေ
ဆီပြန်မည့် အမျိုးသား တစ်ယောက် နှင့် ဆုံမိသည်။
သူလမ်းပြပေးမည် လိုက်ခဲ့ပါတဲ့။
ခြေလျင်ပေါ့လေ။
မတုံ့မဆိုင်း မြကျော်တို့ ဇနီးမောင်နှံ ထိုအမျိုးသားနှင့်အတူ လိုက်ခဲ့သည်။
တောင်ဆင်း ၊တောင်တက် မြေနီလမ်းကလေး တွေ ပေါ် ဖြတ်သွားရင်
လမ်းပြအမျိုးသားက လက်ညိုး ထိုးပြသည်။
“အေ..ဟိုမှာ ..အဲ့ဒါ နင်တို့ ပြောတဲ့ လက်ဖက်ခြံ လေ ..”
သူပြောလိုက်လို့ လက်ဖက်ပင် မှန်းသိလိုက်၏။
နို့မို့ရင် လက်ဖက်ပင်ကို ကိုယ်စားဖူးတဲ့ လက်ဖက်ရွက်လို ရွက်ဝါနုကလေး
တွေညွန့်နေတဲ့ အပင်လို့ မြကျော်တို့ ထင်မိပါလိမ့်မည်။
တောင်စွယ် နေကွယ် ချိန်မို့ နီနီရဲရဲ နေရောင်ကလေးတွေက တောင်ကုန်းပေါ်က အနိမ့်အမြင့် လှေကားထစ် လက်ဖက်ပင်တွေကြား
တိုး၀င်နေသလို။
လမ်းညွန်သူ ၏ လမ်းပြမူ့နောက် စီတန်းနေသော လက်ဖက်ပင် တွေကြားက တောင်ကုန်းလေး တစ်ခုကိုဆင်း ၊
ချောင်းစပ်ကလေး
ဖြတ်လိုက်တော့ အဝေးကနေ မူန်ဝါးဝါး မြင်ခဲ့ရသော တဲအိမ်ကလေး တစ်လုံးက အခုတော့ မျက်စိရှေ့မှာ လာရပ်နေပြီ။
လမ်းပြသူ အမျိုးသား ၏ ဝဲသံကလေးနဲ့ အော်ခေါ်သံကြောင့်
ဖျင်နီ ဘောင်းဘီ အင်္ကျီ နှင့် ရှမ်းအမျိုးသားတစ်ယောက်
ထွက်လာသည်။
ထွက်လာရင် ဗမာ ဟန်ပန် ပုဆိုး ထဘီ ၀တ်ထားသူတို့ကို မြင်သည်
နှင့် အိမ်ထဲသို့ အလျင်ပြန်၀င် သွား၏။
အသက်တစ်အောင့် အကြာမှာ အမျိုးသမီးတစ်ယောက်နှင့်အတူ
ယှဉ်တွဲ ပြန်ထွက်လာသည်။
အံ့ဩတကြီး စိုက်ကြည့်နေမိသော ထားထားဦး နှင့်မြကျော် မှာ
ထိုအမျိုးသမီး၏ မမ ၊ကိုကြီး မြကျော် ငိုသံနှော ခေါ်လိုက်သံ
ကြားမှ
“ခင်စန်းဦး ..” “ခင်စန်းဦး..”ဟု နူတ်ကနေထွက် ခေါ်မိသည်။
သူတို့ခေါ်သံကြားသည်နှင့် ခင်စန်းဦးက
“ဟုတ်ပါ့တော် ..ဟုတ်ပါ့ .. လိုက်လာကြတယ်နော် ..”
အားရ၀မ်းသာ စကားဆိုလျက် အစ်မ လက်ဖျားတွေကို ဆွဲယူလိုက်သည်။
💙💙💙
တွေ့လျှင် တွေ့ချင် ခင်စန်းဦး လက်ကိုဆွဲ အိမ်ပြန်ခေါ်ခဲ့မယ်ဟု
စိတ်ထဲ ကြုံးဝါးလာသော ထားထားဦးတို့ လင်မယားမှာ သူတို့
ရောက်ကတည်းက ပျာပျာသလဲ တည်းခင်း ဧည့်ခံ ပေးဖို့ ပြင်နေသူ
တွေကြောင့် မီးဖိုဘေးမှာ နူတ်ဆိတ်လျက် ထိုင်နေကြသည်။
အမေကြီး အရွယ် အဘွားက ပြုံးလျက် ရေနွေးကြမ်း ပန်းကန်
ထိုးပေးမှ ငေးမောနေရာမှ လှမ်းယူမိသည်။
ခင်စန်းဦးကတော့ စကားလာပြောလိုက် အိမ်ပြင်ထွက်ပြီ
စီမံလိုက် လုပ်နေသည်။
အခုလိုဆိုတော့ ခင်စန်းဦးက ဒီအိမ်ကလေး၏ တစ်ကယ့်အိမ်ရှင်မကြီး
ဟန်အပြည့်ပါ။
ခင်စန်းဦး မိတ်ဆက်ပေးပုံအရဆို ဒီအိမ်ကလေးမှာ ခင်စန်းဦးအပါအ၀င် လူသုံးယောက်မျှသာ နေထိုင်သည်။
ခင်စန်းဦး အမျိုးသား ကိုစိုင်းလုံရယ် မိုင်းနင်းမိ၍ ခြေပြတ်ထား အဘွားရယ် ခင်စန်းဦးရယ် တဲ့။
ဒီလောက်မျှသာ သိရသေးသည်။
အကြောင်းစုံ မေးမြန်း စကားပြောရအောင် ခင်စန်းဦးကို အနားခေါ်တော့
“မလောပါနဲ့ မမရယ် ။ထမင်းစားပြီ ညကျမှ တစ်၀ကြီးပြောရအောင်..”
တစ်ကယ်လည်း ပူနွေးသော ညစာစားပြီ
မှောင်သည်နှင့်ခင်စန်းဦးက သူမအစ်မ ထားထားဦးခေါ်ပြီ အိပ်ရာ၀င်သည်။
မြကျော်က စိုင်းလုံနှင့် ယောကျာ်းချင်း စကားပြောလျက် မီးဖိုဘေး ကျန်ရစ်ခဲ့၏။
အိပ်ရာထဲ ရောက်သည်နှင့် ထားထားဦး
ရော ခင်စန်းဦး ရော ညီအစ်မနှစ်ယောက် ဖက်ပြီ ငိုကြသည်။
ငိုရင် ခင်စန်းဦးက အရင်မေးသည်။
"အဖေ ရော အမေကြီးရော နေကောင်းတယ်မို့လား.."
"မေးမှ မေးရက်တယ်အေ .."
"အဖေက ညည်းကို မျှော်နေတာ ။ညည်းသွားကတည်းက ညည်းချက်တဲ့ မန်းကျည်းရွက်စပ်ချဉ်ချက်ကလေး စားချင်တယ်ပြောလိုက်၊ ဘယ်နှရက်နေ့ ရောက်ပြီ လဲ မေးလိုက်နဲ့ .."
ထားထားဦးလည်း စကားရှေ့မဆက်နိုင်သလို ခင်စန်းဦးလည်း နားမထောင်နိုင်။
ငိုမိပြန်သည်။
ငိုရင် ခင်စန်းဦး စိတ်ထဲ တွေးမိတွေးရာတွေး
မိတော့ မေးမိမေးရာမေး ပြောလိုရာ ပြောလိုက်သည်။
"အမေ ကတော့ ကျွန်မကို မလွမ်းလောက်ပါဘူး။ ကျွန်မက သမီးမိုက် ဆိုတော့ မမြင်ရတဲ့
အရပ်မှာ နေ တော့ အမေ စိတ်ချမ်းသာ မှာပါ.."
ခင်စန်းဦးစကားကြားတော့ ထားထားဦးက
မျက်ရည်များသုတ်ပြီ
"အိုအေး ...ဘယ်လိုပြောလိုက်သလဲ ။အမေ ဘယ်စိတ်ချမ်းသာပါ့မလဲတော်။
အမေက နူတ်ကနေ ညည်း အကြောင်းထုတ်မပြောပင်မယ့် အမေက ညည်းကို ဘယ်လောက် ချစ်သလဲ .."
"ဟုတ်ပါဖူးတော် ..အမေ ကျုပ်ကို မချစ်တော့ပါဘူး။
လင်ကောင် မပေါ်ဘဲ ကျုပ်ဗိုက်ကြီး ကလေး
မွေးလိုက်ကတည်းက အမေက ကျုပ်ကို မချစ်တော့ပါဘူး။
ကျုပ်ကလေးမွေးလိုက်ကတည်းက အမေမျက်လုံးထဲမှာ ကျုပ်က ပုပ်နေတဲ့ ငါးခုံးမ။
ကျုပ်ကြောင့် အမေ့သမီးပျိုတွေမျက်နှာငယ်ရတယ်။
ကျုပ်ကြောင့် ခဲအို နာမည် ဖျက်ခံရတယ်။
ကျုပ်ကြောင့် ..."
ခင်စန်းဦး စကားများမဆုံးနိုင်ခင် ထားထားဦးက သူမညီမ လက်မောင်း နှစ်ဖက် ခပ်တင်းတင်း ဆုပ်ကိုင်လျက် ခပ်တိုးတိုးလေး
စကားဆိုသည်။
"အိုအေး ...ဘာတွေ လျှောက်ပြောနေသလဲ။
မဟုတ်တာတွေ...ညည်း ယောကျာ်း ကြားသွားမှ ဖြင့် မကောင်းပါဘူးတော် ..."
"သူသိတယ် မမရဲ့။ ခင်စန်းဦး အကြောင်း အားလုံး အစ်ကို စိုင်းလုံ သိတယ်။
ခင်စန်းဦး ကလေး မွေးဖူးပြီ မွေးဖူးတဲ့ ကလေးလေး သေသွားတာကစ အစ်မယောကျာ်း ခဲအိုနဲ့ သမုတ်ခံရတာအဆုံး အကုန်လုံး အကုန်လုံး အစ်ကို စိုင်းလုံသိတယ်။
ခင်စန်းဦး ခံစားခဲ့ရသမျှ အရာအားလုံး အစ်ကိုစိုင်းလုံ သိတယ် ။
အစ်ကို စိုင်းလုံသိအောင် ခင်စန်းဦး ကိုယ်တိုင် ပြောပြထားတာ ။
"အံ့ဩပါ့တော် ညည်းကို ဘယ်သူက ရိုက်စစ်နေလို့ ညည်းက သူများ အထင်သေးခံရအောင် လျှောက်ပြောပြသလဲ .."
မခံချင်ဒေါသဖြင့် ထားထားဦးက ညီမဖြစ်သူကို အပြစ်တင်သည်။
ညီမဖြစ်သူ ခင်စန်းဦးက ရယ်သည်။
ရယ်ရင်
"ရိုက်စစ်မှ ဖြေရအောင် ကျွန်မက အပြစ်သား လည်း မဟုတ်ဘူး တရားခံလည်း မဟုတ်ဘူး မမရဲ့။
ကျွန်မက မိန်းမသား။
ရိုးသားတဲ့ မိန်းမသား။ သူများပိုင်တဲ့ ပစ္စည်း ဥစ္စာမပြောနဲ့ လူတစ်ယောက်ရဲ့ ချစ်ခြင်း မေတ္တာကိုတောင် လိမ်လည်လှည့်ဖျားပြီ
မယူလိုတဲ့ မိန်းမသားပါ။
မရင့်ကျက်စဉ်က ချစ်မိတဲ့သူကို ယုံ၊ဘ၀ကို ပုံအပ်ပေးထဲထိ မိုက်ခဲ့ဖူးပင်မယ့် တစ်ပါးသူ
လင်ယောကျာ်း ကို ပြစ်မှား မြူဆွယ်တဲ့အချိုးမျိုးထိ မိုက်ရိုင်းစိတ်မ၀င်ခဲ့ပါဘူး။
ခင်စန်းဦးက မလိမ်မာပါဘူး ။ ဒါပင်မယ့် ကိုယ်ကျင့် တရား တော့ ရှိပါတယ်လေ.."
(ကဲ ..တိုတော့ ဖတ်လို့မ၀ ဘူးပေါ့ ✌️
ဒါပင်မယ့်လည်း သည်းခံဖတ်ပေးပါနော်💙
အကြာကြီး မမျှော်စေချင်လို့ ရေးပြီသမျှလေးတင်ပေးလိုက်တာပါ 💙
ဝေဖန် ၊အကြုံ ပြုနိုင်ပါတယ် ။စာမပြန်ပင်မယ့် အချိန်ရရင်ရသလို မန့်၀င်ဖတ်ဖြစ်ပါတယ်။
>>>>>ဆက်ရန်
ကြိုးစားရေးသားပါအုံးမည် 💪💙
#Skykyiphyu