နတ်နဂါးစစ်သည်
အပိုင်း ၂၅၄
( အရိပ်လက်သီး )
တစ်ခေါင်းလုံး ဆံပင်များ ဖွေးဖွေးဖြူနေသော အဘိုးအိုတစ်ဦး ထိုက်ကျိလေ့ကျင့်ရန် လေသာဆောင် မဏ္ဍပ်သို့ ရောက်လာ၏။ တစ်ချိန်တည်းမှာပင် အဘိုးအိုမှာ အဝေးက ရှုချန်းအား လှမ်းမြင်လိုက်ရသည်။
ရှုချန်းက လျှောက်နေသည့် အရှိန်ကို လျှော့ပြီး အဘိုးအိုအား ကျော်သွားရန် ပြင်လိုက်သည်။
ရှုချန်း အနားရောက်လာသည်နှင့် တမြန်နေ့က သူ့အား ပြသခဲ့သော လက်သီးသိုင်းကွက်များအား အဘိုးအိုက ရုတ်တရက် ဆော့ကစားလိုက်လေ၏။
ရှုချန်းလည်း အဘိုးအို၏ ခန့်မှန်းရခက်ခဲလွန်းသော လှုပ်ရှားမှုများကို အသေအချာ စိုက်ကြည့်နေရင်း မျက်လုံးကို မှိတ်ထားလိုက်၏။ စက္ကန့် ၃၀ ခန့်အကြာ အဘိုးအိုက လက်များကို ရုတ်ပြီး ရှုချန်းအား ကြည့်ကာ မေးမြန်းလိုက်သည်။
"မင်း ဘယ်လောက် မှတ်မိလဲ"
"၉ ကွက်"
အဘိုးအို မျက်မှောင်ကြုတ်သွားသည်။
ရှုချန်းက "ဟိုနေ့က မှတ်မိတဲ့ ၁၂ ကွက်ကလွဲရင် အခု ၉ ကွက်"
အဘိုးအို ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အရမ်းကောင်းတယ်။ ဒီလက်သီးသိုင်းကို အရိပ်လက်သီးလို့ ခေါ်တယ်။ သူ့ရဲ့ အဓိကအခြေခံက မြန်ဆန်ရမယ်၊ တိကျရမယ်။ ပြီးတော့ ရက်စက်ရမယ်။ လက်သီးတိုင်းက လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ဦးတည်ထားတယ်။ ဒီလက်သီးကွက်တွေနဲ့ ရန်သူကို တိုက်ခိုက်လို့လည်း ရသလို ခုခံလို့လည်း ရတယ်။ ပူးတွဲလှုပ်ရှားတဲ့ ခြေကွက်ပေါ် မူတည်ပြီး အကန့်အသတ်မရှိတဲ့ သိုင်းကွက်မျိုးစုံ ပြောင်းလဲနိုင်သေးတယ်။ "
"မင်းရဲ့စွမ်းအားနဲ့ဆိုရင် ခုခံတဲ့အခါ ရန်သူရဲ့ တိုက်ခိုက်နှုန်းကို အားပျော့သွားစေနိုင်တဲ့အပြင် လုံးလုံး ပြိုပျက်သွားတဲ့အထိပါ ပြုလုပ်နိုင်စွမ်း ရှိနေတယ်။ အခု ထပ်ကြည့်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ့ရဲ့ ခြေထောက်လှုပ်ရှားပုံတွေကိုပဲ အာရုံစိုက်ကြည့် ဟုတ်ပြီလား"
ရှုချန်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် အဘိုးအိုအား အာရုံစိုက်ကာ ကြည့်နေလိုက်သည်။
အဘိုးအိုက ဆော့ကစားပြနေသည်က တစ္ဆေလက်သီးသိုင်း ဖြစ်သည့်အပြင် အဘိုးအို၏ ခြေထောက် လှုပ်ရှားပုံများက လွန်စွာ ထူးဆန်းနေသည်။ အဘိုးအို၏ ခြေရွေ့ကွက်များကို အသေအချာ မမြင်နိုင်လောက်အောင် သူ့မျက်လုံးအမြင်ပင် လိုအပ်ချက် ရှိနေသလောဟု ရှုချန်း တွေးနေမိသည်။
ထို့အပြင် အဘိုးအို၏ ခြေလက်လှုပ်ရှားမှုများကို ဖမ်းယူမှတ်သားပြီး အလွတ်ကျတ်မှတ်နိုင်ရန် သူ့ဦးနှောက် အာထရာဆောနစ် အာရုံခံနိုင်စွမ်းအား မရပ်မနား အလုပ်ပေးနေရလေသည်။
အဘိုးအိုက သိုင်းကွက်ကို ကစားပြပြီးသွားသည်နှင့် ရှုချန်းအား ကြည့်ကာ မေးလိုက်သည်။
"အခုရော ဘယ်လိုလဲ။ မင်း ဘယ်လောက် မှတ်မိခဲ့သလဲ"
ရှုချန်း ခေါင်းကိုခါပြလိုက်၏။
"ကျွန်တော် မသိတော့ဘူး"
အဘိုးအိုက ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။
"ဒီကိုလာခဲ့"
ရှုချန်းလည်း အဘိုးအိုထံသို့ လျှောက်သွားလိုက်၏။ ရုတ်တရက် အဘိုးအိုက တစ္ဆေလက်သီးသိုင်းနှင့် ခြေသိုင်းကွက်ကို ထုတ်သုံးပြီး ရှုချန်းအား တိုက်ခိုက်လိုက်သည်။ ဆဌမအာရုံ၏ စေ့ဆော်မှုကြောင့် ရှုချန်းလည်း အလိုလို တုံ့ပြန်လိုက်၏။ အဘိုးအို တိုက်ခိုက်လိုက်ချိန်၌ ထုတ်သုံးလိုက်သော ခြေလက်လှုပ်ရှားမှုများကို အနီးကပ် ပြတ်ပြတ်ထင်ထင် မြင်တွေ့လိုက်ရသော ရှုချန်းမှာ မသိစိတ်၏ စေ့ဆော်မှုအတိုင်း ကာကွယ်လိုက်ခြင်း ဖြစ်သည်။
ရှုချန်းတစ်ယောက် သူ၏ မတူညီသော နည်းစနစ်များနှင့် တိုက်ကွက်များအား နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်စေရန် အဘိုးအိုက တကယ့် သိုင်းကွက်များနှင့် တိုက်ခိုက်နေခဲ့သည်။
အဘိုးအို၏ သိုင်းကွက်များ ပြီးဆုံးသွားပြီ ဖြစ်သည်။
ရှုချန်းမှာမူ အဘိုးအို၏ သိုင်းကွက်များအား ကာကွယ်ရုံသာ ကာကွယ်နိုင်ခဲ့၏။ အဘိုးအိုက မသိမသာ ပြုံးပြီး ရုတ်တရက် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ ယခုတစ်ကြိမ်၌ အဘိုးအိုက လက်သီးနှင့်ခြေထောက် ရွေ့ကွက်များကို အစီအစဉ်တကျ မဟုတ်ဘဲ စိတ်ထဲ ရှိသည့်အတိုင်း ရောနှောပေါင်းစပ်ရင်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် ရှုချန်းမှာ အဘိုးအို၏ တိုက်ခိုက်မှုများသည် သိုင်းကွက် ၃၀ အနက်မှ မည်သည့် သိုင်းကွက်ကို အခြေခံ၍ လှုပ်ရှားတိုက်ခိုက်နေကြောင်း အလျင်အမြန် လေ့လာပြီး ခုခံကာကွယ်နိုင်မည့် တိုက်ကွက်တစ်ခုကို အမြန်ပုံဖော်လိုက်သည်။
သူ ခြေတစ်လှမ်း နောက်ကျသွား၏။ အဘိုးအို၏ လက်သီးတစ်လုံးက သူ့ရင်ဘတ်ပေါ် ကျလာသည်။ ရှုချန်းမှာ ပြင်းထန်လှသော နာကျင်မှုကြောင့် ချောင်းပင်သီးသွားသည်။ သူ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်၏။
အဘိုးအိုက "မင်း မှတ်မိနေပြီ ဆိုပေမယ့် အပြည့်အဝ အသုံးမချနိုင်သေးဘူး။ ကဲ နောက်တစ်ကြိမ် လာပြီ"
စကားဆုံးသည်နှင့် အဘိုးအိုက သိုင်းကွက် ၃၀ မှ ကျပန်းသိုင်းကွက်များအား ထုတ်သုံးကာ ရှုချန်းအား တိုက်ခိုက်လိုက်ပြန်သည်။ သို့သော် ဒီတစ်ကြိမ် ရှုချန်းက ပိုမို မြန်ဆန်စွာ လှုပ်ရှားနိုင်ခဲ့၏။ သူက တန်ပြန်တိုက်ကွက်တစ်ခုအား အလျင်အမြန် ပုံဖော်လိုက်သည်။ သို့သော် ၈ ကွက်မြောက်၌ လက်သီးတစ်လုံး သူ့ရင်အုပ်ပေါ် ထပ်မံ ကျရောက်လာပြန်၏။
ပြင်းထန်လှသော လက်သီးချက်ကြောင့် ရှုချန်းလည်း နောက်သို့ ခြေလှမ်းသုံးလှမ်းခန့် ဆုတ်လိုက်ရကာ ချောင်းလည်း မရပ်မနား ဆိုးသွားလေတော့သည်။
"အရမ်းကောင်းတယ်။ ဒီတစ်ကြိမ် ၈ ကွက်မြောက်အထိ ခုခံနိုင်ခဲ့တယ်"
အဘိုးအိုက ခပ်ဖွဖွပြုံးရင်း ပြောလိုက်သည်။ ထို့နောက် အဘိုးအို၏ မျက်နှာအမူအရာ လေးနက်သွားပြန်၏။ ရုတ်တရက် အဘိုးအိုက ခန္ဓာကိုယ်ကို ရှုချန်းဘက်သို့ လှည့်ကာ လှုပ်ရှားလိုက်ပြန်သည်။
ရှုချန်းမှာ တစ်ကြိမ်ထက်တစ်ကြိမ် အဘိုးအို၏ သိုင်းကွက်များနှင့် အသားကျလာပြီး သိုင်းကွက် ၂၀ ထိ ခုခံလာနိုင်၏။ သူ အံ့ကို တင်းတင်းကြိတ်ရင်း အဘိုးအိုအား ပြောလိုက်သည်။
"ကဲ ... နောက်တစ်ကြိမ်"
သည်တစ်ကြိမ် ရှုချန်းက သူပုံဖော်ထားသည့် တစ္ဆေလက်သီးနှင့် ခြေသိုင်းကွက်များကို ပေါင်းစပ်ရင်း တန်ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ အဘိုးအိုက လုံးဝ မမှုသည့်အလား ရှုချန်း၏ တိုက်ကွက်များကို အသာအယာ ခြေဖျက်ပြလိုက်လေ၏။
ရှုချန်းမှာ ခံစစ်ဘက်သို့ လုံးလုံး ကျရောက်သွားပြန်သည်။ သိုင်းကွက်ပေါင်း ၃၀ ကျော်ခန့် ခုခံနေရင်းနှင့် ရှုချန်းမှာ ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သလို ရှိသွားသည်။
ထိုအချိန်မှာပင် အဘိုးအို၏ လက်သီးတစ်ချက်က သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာပြန်၏။ အဘိုးအိုက ပြုံးရင်း မေးလိုက်သည်။
"မင်း နည်းနည်းလေးများ ရှုပ်ထွေးနေသေးလား"
ရှုချန်း ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ် အဘိုး ... အဘိုးကို ကျွန်တော် တိုက်ခိုက်တုန်းက အဘိုးမှာ တိုက်ကွက်ပုံစံ ပုံဖော်ထားတာ လုံးဝ မရှိဘူး။ အဘိုးရဲ့ လက်သီးကွက် ၃၀ လုံးကို ကျွန်တော် မှတ်မိသွားပြီ။ ဒါပေမဲ့ အဘိုးရဲ့ လုံးဝ အစီအစဉ်မကျ စိတ်ထင်တိုင်း ဆော့ပြနေတဲ့ သိုင်းကွက်ပုံစံတွေကို ကြည့်ရင်း အရင်က မှတ်မိခဲ့တဲ့ သိုင်းကွက် ၃၀ ကိုတောင် မေ့ချင်သလိုလို ဖြစ်သွားပြီ"
အဘိုးအိုက ညင်သာစွာ ပြုံးရင်း "အရမ်းကောင်းတယ်။ တကယ်တော့ အဲဒီအကွက် ၃၀ ဆိုတာ အခြေခံတစ်ခုအနေနဲ့ပဲ ရှိတာ။ ဒီလက်သီးသိုင်းရဲ့ အကြီးမားဆုံး အားသာချက်က သိုင်းကွက်တွေကို ခွဲထုတ်နိုင်ပြီး ခန့်မှန်းမရတဲ့ သိုင်းကွက်တွေအဖြစ် ထပ်မံ ဖန်တီးနိုင်တာပဲ။ ဒီသိုင်းကွက် ၃၀ ကိုပဲ မှတ်မိဦး ... ကိုယ့်ဦးနှောက်ကလည်း လျှင်လျှင်မြန်မြန် တိုက်ကွက်အသစ်တွေကို ပုံဖော်နိုင်မယ်ဆိုရင် တိုက်ပွဲအတွင်းမှာ ရန်သူကို အနိုင်ယူနိုင်မှာ မြေကြီးလက်ခတ် မလွဲပဲ"
ရှုချန်း၏ မျက်လုံးများ လင်းလက်သွားလေ၏။
"အဘိုး ... ကျွန်တော် နားလည်ပြီနဲ့ တူတယ်။ စစ်မှန်တဲ့ အရိပ်လက်သီးကွက် ၃၀ မှာ ပထမ သိုင်းကွက် ဆိုတာ မရှိသလို နောက်ဆုံး သိုင်းကွက်ဆိုတာလည်း မရှိဘူး။ သိုင်းကွက်တစ်ခုချင်းစီက အပြန်အလှန် ဆက်နွယ်နေသလို သီးခြားစီလည်း ရပ်တည်နိုင်နေတဲ့အတွက် ပုံစံအသေ လုံးဝ မရှိဘူး။ ဒီတော့ အရိပ်ခြေလှမ်းသိုင်းကွက်ကလည်း အရိပ်လက်သီးသိုင်းကွက်လိုပဲ သဘောတရား အတူတူပဲ မဟုတ်လား"
အဘိုးအိုက ပြုံးလိုက်သည်။
"ဟုတ်တယ်။ ကြည့်ရသလောက် မင်းမှာ ဦးနှောက်ရှိသေးတာပဲ"
ရှုချန်းက ရှက်ပြုံးနှင့် ပြောလိုက်သည်။
"ကျွန်တော်လာမယ်လို့ အဘိုး ထင်တယ်ပေါ့ ဟုတ်လား"
အဘိုးအိုက "မင်းမလာခဲ့ရင်တောင် ငါက စောင့်ဆိုင်းနေဦးမှာပါ"
ရှုချန်းက "ဘာဖြစ်လို့လဲ"
အဘိုးအိုက "အကြောင်းရင်း မရှိပါဘူး။ အားလုံးက မိုးနတ်မင်းအလိုကျပါပဲ။ တကယ်လို့ မိုးနတ်မင်းကသာ ငါ့ရဲ့ပြိုင်စံရှားသိုင်းကွက်ကို ငါနဲ့အတူ မြေကြီးထဲ အတူတကွ မမြှုပ်နှံစေချင်ဘူးဆိုရင် ဘယ်တတ်နိုင်မလဲ။ ဝဋ်ကြွေးရှိသရွေ့ စောင့်ဆိုင်းရဦးမှာပေါ့။ ဒါပေမဲ့ မိုးနတ်မင်းက ငါတို့ ဟွာရှ နိုင်ငံကို ကောင်းချီးပေးတော်မူပါတယ်။ ကာကွယ်စောင့်ရှောက်သူကောင်း တစ်ယောက် ထွက်ပေါ်လာတဲ့အထိ ငါ အောင်အောင်မြင်မြင် စောင့်ဆိုင်းနိုင်ခဲ့တာပဲ"
ရှုချန်းက "သာမန်နဂါးတပ်ဖွဲ့ဝင်တွေက ဘာလုပ်ရသလဲ"
အဘိုးအိုက "ကိုယ့်အရှိအတိုင်း လက်ခံဖို့ပါပဲ"
ရှုချန်းမှာ နားမလည်ဘဲ ဇဝေဇဝါ ဖြစ်သွားသည်။
အဘိုးအိုက ပြုံးရင်း ဆက်ပြောလိုက်သည်။
"မင်း နားကြားမမှားပါဘူး။ ကိုယ့်အရှိအတိုင်း လက်ခံဖို့ပါပဲ။ နဂါးတပ်ဖွဲ့ဝင်တွေဟာ အထူးတပ်ဖွဲ့ဝင်တွေလို ကိုယ့်ကိုကိုယ် တစ်ခြားလူတွေ မသိအောင် ဟန်ဆောင်ရုပ်ဖျက်နေစရာ မလိုဘူး။ အဖွဲ့ဝင်တိုင်းက သူတို့ဘဝကို ရိုးရိုးပုံမှန်အတိုင်း ရှင်သန်နိုင်တယ်။ မင်းဘေးနားမှာ မင်းမသိသေးတဲ့ နဂါးတပ်ဖွဲ့ဝင်တွေတောင် ရှိနိုင်သေးတယ်။ ကမ္ဘာကြီးရဲ့ ထောက်လှမ်းရေးကွန်ရက်က တကယ် အဆင့်မြင့်လာပြီ။ မင်း ပုန်းကွယ်ဖို့ ကြိုးစားလေလေ မင်းကို လွယ်လွယ်ကူကူ ရှာတွေ့နိုင်လေပဲ။ ဒါကြောင့် နဂါးတပ်ဖွဲ့ဝင်တွေဟာ သာမန်လူတစ်ယောက်နဲ့ အတူတူပဲ။ စစ်ဆင်ရေး အချိန်ရောက်မှ သူတို့ရဲ့ ဓားသွားကို ဖော်ထုတ်ပြတဲ့ လူမျိုးတွေ"
ရှုချန်းက အဘိုးအို၏ စကားကို ဖြတ်ကာ ပြောလိုက်သည်။
"ဒါဖြင့် ကျွန်တော်တို့အားလုံးမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိတယ်ပေါ့ ဟုတ်လား"
အဘိုးအိုက "ဟုတ်တယ်။ မင်းမှာ မင်းဘဝနဲ့ မင်းရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိတယ်။ မင်းဘဝမှာ မင်းဟာ စီးပွားရေးသမားတစ်ယောက်၊ အားကစားသမားတစ်ယောက် ကြိုက်ရာ ဖြစ်နိုင်တယ်။ မင်းဘဝ မင်းစိတ်နဲ့ မင်းတစ်သက်လုံး နေထိုင်သွားလို့ရတယ်။ နောက်ပိုင်းမှာ ဗြိတိန်နိုင်ငံရဲ့ မြို့စားတစ်ဦး ဖြစ်ခဲ့ရင်တောင် ဒါမှမဟုတ် အမ်နိုင်ငံသား ဖြစ်ချင်ရင်တောင် ... ဘာပဲဖြစ်လာဖြစ်လာ မင်းဟာ ရှုချန်းပဲ။ နိုင်ငံခြားမိန်းမပျိုတစ်ဦးနဲ့ လက်ထပ်ပြီး ကလေးမွေးခဲ့ရင်တောင် နဂါးတပ်ဖွဲ့က မင်းဘဝကို ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး။"
" ဒါပေမဲ့ စစ်ဆင်ရေးတာဝန် ကျရောက်လာတဲ့အခါ စစ်ဆင်ရေး အောင်မြင်ဖို့ အစွမ်းကုန် ပေးဆပ်ရမယ်။ အဲဒီအခါ မင်းဟာ မင်းမဟုတ်တော့ဘူး။ နဂါးတပ်ဖွဲ့က အသွားထက် ဓားတစ်ချောင်း ဖြစ်သွားပြီ။ ဓားဆိုတာ ဓားအိမ်က ထွက်တာနဲ့ သွေးသံရဲရဲ ကိစ္စတွေ ဖြစ်နေကျ မဟုတ်လား။ တကယ်လို့ အဲဒီဓားသွားဟာ မင်းရဲ့သားအရင်းကို ချိန်ရွယ်ထားတယ် ဆိုရင်တောင် မင်းဟာ မဖြစ်မနေ သုတ်သင်ရှင်းလင်းရလိမ့်မယ်"
ရှုချန်းက "ဒါဖြင့် စစ်ဆင်ရေးတွေက ဘယ်လောက်ထိ ပြင်းထန်နိုင်လဲ"
အဘိုးအိုက "လူပေါ် မူတည်တာပေါ့လေ။ အရေးကြီးတဲ့ စစ်ဆင်ရေးတွေအတွက်ကတော့ နဂါးတပ်ဖွဲ့ရဲ့ အကြီးအကဲတွေဟာ အထူးစစ်ဆင်ရေး အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိမ့်မယ်။ လိုအပ်မှသာ တစ်ကိုယ်တော် လှုပ်ရှားခိုင်းလိမ့်မယ်။ နောက်ဆုံးအနေနဲ့ နဂါးဓားသွားတစ်လက်ရဲ့ တန်ဖိုးဟာ သူလျှို ဒါမှမဟုတ် အထူးအေးဂျင့်တွေထက် တန်ဖိုးပိုကြီးတယ်။ ဒါကြောင့် နဂါးတပ်ဖွဲ့ရဲ့ အကြီးအကဲတွေက လုံခြုံစိတ်ချရတဲ့ အတိုင်းအတာတစ်ခုအတွင်း ရှိမှသာ စစ်ဆင်ရေးတွေကို တာဝန်ပေးလေ့ ရှိပါတယ်"
ရှုချန်းက "နဂါးတပ်ဖွဲ့ထဲမှာ ကျွန်တော် မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းတွေ ရှိသေးသလား"
အဘိုးအိုက လက်ကိုနောက်ပစ်ကာ အေးအေးလူလူ လျှောက်လာရင်း ပြောလိုက်သည်။
"ဒါပေါ့ ... ဘာပဲပြောပြော စည်းကမ်းဆိုတာ အဖွဲ့အစည်းတိုင်း ပုံမှန်လုပ်ဆောင် လည်ပတ်နိုင်လို့ သတ်မှတ်ထားတဲ့ အရာတွေပဲ။ စည်းကမ်းဖောက်ဖျက်သူတိုင်း ကွပ်မျက်ခံရမယ်။ အရေးကြီးဆုံး စည်းကမ်းက မင်းကိုယ်မင်း နဂါးတပ်ဖွဲ့ဝင်တစ်ယောက်ပါလို့ ဘယ်သောအခါမှ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူး။ မင်းပါးစပ်က 'နဂါးတပ်ဖွဲ့' ဆိုတဲ့ စကားကို သေတဲ့အထိ ထုတ်ပြောခွင့် မရှိဘူး။ ပြောခဲ့ရင်တော့ ခေါင်းဖြတ်အသတ်ခံရမယ်"
အခန်း ၂၅၄ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၂၅၅
( ပြိုင်စံကင်းခြင်း၏ အထီးကျန်လမ်းမ )
ရှုချန်း ထိတ်လန့်တုန်လှုပ်သွားသည်။
"အဲဒါက အရေးကြီးဆုံး စည်းကမ်း ဟုတ်လား။ နဂါးတပ်ဖွဲ့ဆိုတာ တစ်ခြားအဖွဲ့တွေထက် ပိုပြီး အရေးပါ အရာရောက်တဲ့ တပ်ဖွဲ့လို့ စောနကပဲ ပြောခဲ့တယ် မဟုတ်လား။ အဖွဲ့ဝင်တွေထဲက အတ္တသမားတွေက နဂါးတပ်ဖွဲ့ရဲ့ နာမည်ကို သုံးပြီး အကျိုးစီးပွားရှာမှာ စိုးရိမ်လို့လား"
အဘိုးအိုက ခပ်ဖွဖွပြုံးလိုက်သည်။
"မင်းကိုယ်မင်း နဂါးဓားတစ်လက်ပါလို့ ထုတ်မပြောသရွေ့ ဘယ်သူက မင်းအကြောင်းတွေ သိနိုင်မှာလဲ။ ဒီလိုမသိနိုင်သရွေ့ ဘယ်သူက မင်းဆီလာပြီး လာဘ်ထိုးဖို့ ကြိုးစားမှာလဲ။ ပြီးတော့ မင်းဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြောလိုက်တာနဲ့ နံပါတ်တစ် စည်းကမ်းကို ချိုးဖောက်လိုက်တာ မဟုတ်ဘူးလား။ ပြီးတော့ ငါပြောနိုင်တာတစ်ခုက ပြည်ထဲရေးဌာနရဲ့ မှတ်တမ်းတွေထဲမှာ နဂါးတပ်ဖွဲ့ရဲ့ ဒေတာအချက်အလက်တွေ မရှိဘူး။ ဒီတော့ ဘယ်လိုအဖွဲ့အစည်းကမဆို မင်းအကြောင်း စုံစမ်းဖို့ ကြိုးစားလာတိုင်း မင်းရဲ့ အရင်ဘဝ အချက်အလက်တွေကလွဲလို့ တစ်ခြား ဘာမှ တွေ့ရမှာ မဟုတ်ဘူး။"
"ဒီလိုပဲ မင်းအနေနဲ့ တရားဥပဒေကို ချိုးဖောက်မိတဲ့အခါတိုင်းမှာလည်း ငါတို့ဆီကနေ ပြစ်ဒဏ်က လွတ်ကင်းနိုင်မယ့် အကူအညီမျိုး လုံးဝ ရမှာ မဟုတ်ဘူး။ တစ်ခြားသော ပြည်သူများနည်းတူ မင်းဟာလည်း တရားဥပဒေရဲ့ အဆုံးအမကို ခံယူပြီး ထောင်ဒဏ်ကို ကျခံရမှာ ဖြစ်တယ်။ ဒါပေမဲ့ နဂါးတပ်ဖွဲ့ပြင်ပက အချိတ်အဆက်တွေကို အသုံးပြုပြီး မင်းကိုယ်မင်း ပြစ်ဒဏ်က လွတ်မြောက်အောင်တော့ ကြိုးစားနိုင်တယ်။"
" အဓိက,ကတော့ မင်းကိုယ်မင်း နဂါးတပ်ဖွဲ့ဝင်တစ်ဦး ဆိုတဲ့ အသုံးအနှုန်း ထုတ်ပြောလို့ မရဘူး။ ထုတ်ပြောခဲ့ရင်လည်း ဘယ်လိုအဖွဲ့အစည်းကမှ မသိတဲ့အတွက် အသုံးမဝင်ဘူး။ စစ်ဆင်ရေး ဆောင်ရွက်နေချိန်မှာတောင် ရဲတွေကို တားပြီး 'ငါက နဂါးတပ်ဖွဲ့က' ပါလို့ အော်ပြောရင်တောင် ကြားဖူးသူ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး။ ဒီလိုပြောလို့ ရဲတွေက မင်းကို သေနတ်နဲ့ ပစ်သတ်ကြရင်လည်း ခံလိုက်၊ သေမယ်ဆိုတောင် ဒါ မင်းနဲ့ ထိုက်တန်လို့ ရလာတဲ့ အသုံးမကျမှု ရလဒ်ပဲ"
ရှုချန်းမှာ ငိုရအခက်၊ ရယ်ရအခက် ဖြစ်သွားသည်။
"ဒါဖြင့် နဂါးတပ်ဖွဲ့ဝင်ဖြစ်ရတာ ဘယ်လို အခွင့်ထူးမှ မရှိဘူးပေါ့။ ဒီတပ်ဖွဲ့ထဲ ဝင်ခွင့်ရခဲ့ရင်တောင် တစ်ခြားလူတွေကို ထုတ်ကြွားခွင့် မရှိဘူးပေါ့ ဟုတ်လား"
အဘိုးအို ကိုယ်တိုင်လည်း ခါးသက်သက် ပြုံးလိုက်ရင်း ပြန်ဖြေလေ၏။
"အရိုးသားဆုံး ပြောရရင် မင်းပြောသလို လုံးဝ သုံးစားမရတဲ့ အချက်ပဲ။ ဒါပေမဲ့ ကြွားဝါတယ် ဆိုမှ မင်းတို့ရဲမှူးကိုယ်တိုင် ငါ့ကို တွေ့တာနဲ့ တရိုတသေ အလေးပြုပြီး နှုတ်ဆက်တယ်။ အော် မေ့နေလို့။ အစိုးရကလည်း ပိုက်ဆံချမ်းသာရင်တောင် ဝယ်လို့မရတဲ့ ဈေးကြီးပစ္စည်းမျိုးတွေ နှစ်စဉ်နှစ်တိုင်း ငါ့အိမ်ကို ပို့ပေးတယ်။ ဒီလောက်ဆို လုံလောက်ပြီလို့ မင်း မထင်ဘူးလား"
ရှုချန်းပါးစပ်မှာ ပန်းသီးတစ်လုံးစာမျှ ပြဲကား ဆွံ့အသွားတော့၏။
"လုံလောက်တယ်ဆိုတာ ဘာကြီးလဲဗျ။ အခုပြောသလောက်ဆိုရင် ဒီလောကကြီးထဲကနေ ထွက်သွားဖို့ အထိတောင် လုံလောက်နေပြီ"
အဘိုးအိုက "ကျေးဇူးပဲ။ ဒါပေမဲ့ ငါ့ဘဝမှာ တစ်ခါမှ မဝါကြွားဖူးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကိုယ်ငါ အရမ်းမိုက်မှန်း သိနေလို့ပဲ"
ဤအဘိုးအိုမှာ လုံးဝ အမှန်အကန် အရှက်မဲ့၍ တစ်ခါတရံ ဟွာရှ ပြည်သူ/သားများ စံထားအပ်သည့် ရိုးရာစံနှုန်းများနှင့်ပင် ဝေးကွာနေသူပါလားဟု ရှုချန်း တွေးမိလိုက်တော့သည်။ နောက်ပိုင်းမှ အဘိုးအိုသည် အမှန်တကယ် ထူးချွန်ထက်မြက်သူ ဖြစ်ကြောင်း ရှုချန်း သိလာရလေ၏။
သူ တစ်စုံတစ်ခုကို သတိရသွားပြီး မေးမြန်းလိုက်သည်။
"အဘိုး ... နဂါးဓားတစ်လက်က အဖွဲ့အပေါ် သစ္စာဖောက်တဲ့ အဖြစ်မျိုး ဖြစ်ဖူးသလား။ သစ္စာဖောက်တစ်ယောက် ရှိတာနဲ့ နဂါးတပ်ဖွဲ့အကြောင်း အားလုံး သိသွားကြမှာပေါ့"
အဘိုးအိုက ခပ်တိုးတိုး ပြုံးလိုက်သည်။
"ငါတို့အဖွဲ့ရဲ့ အမိုက်ဆုံးအချက်က အဲဒါပဲ။ ငါတို့ဟာ ရဲစနစ်တွေ၊ နိုင်ငံရေး စနစ်တွေနဲ့ မသက်ဆိုင်ကြဘူး။ အပွင့်လင်းဆုံး ပြောရရင် ငါတို့ဆိုတာ မရှိသလို ငါတို့တပ်ဖွဲ့ဟာ အာဏာရှိတဲ့ အဖွဲ့လည်း မဟုတ်ဘူး။ အကြောင်းရင်းက တစ်ခြားတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့နဲ့ သွားပတ်သက်မိတာနဲ့ နဂါးတပ်ဖွဲ့ရဲ့ နိဂုံးဖြစ်လာနိုင်လို့ပဲ။ ဒီတော့ နဂါးဓားတစ်လက်ဟာ အဖွဲ့အပေါ် သစ္စာဖောက်ပြီး ရန်သူ့နိုင်ငံတွေကို သူ ဒါမှမဟုတ် သူမက ငါတို့နဲ့ပတ်သက်သမျှ ထုတ်ပြောမယ် ဆိုရင်လည်း ရန်သူတွေက ငါတို့အကြောင်း ဘာမှ ရှာတွေ့မှာ မဟုတ်လို့ပဲ။ နိုင်ငံရဲ့ Firewall ( ကွန်ယက် ) ကို ဖောက်ပြီး နိုင်ငံတော်အဆင့် လုံခြုံရေးဆိုင်ရာ ဒေတာဘေ့စ်ကို ဟက်ခ်ခဲ့ရင်လည်း နဂါးတပ်ဖွဲ့နဲ့ ပတ်သက်တာ တစ်ခုတလေမှ ရှာတွေ့မှာ မဟုတ်ဘူး။ နဂါးဓားတစ်လက်တည်းရဲ့ အချက်အလက် တစ်ခုတည်းလောက်နဲ့တော့ ငါတို့ကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က ပုံစံမဲ့ အရိပ်တွေ ဖြစ်နေလို့ပဲ"
ရှုချန်း ခေါင်းညိတ်ပြလိုက်သည်၊
"ဒါဖြင့် အခု ကျွန်တော်က နဂါးတပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီလို့ ပြောနိုင်တာပေါ့ ဟုတ်လား။ ကျွန်တော့်ကိုယ်ကျွန်တော် နဂါးတပ်ဖွဲ့ဝင်ပါလို့ သက်သေပြနိုင်မယ့် အချက်အလက် တစ်စုံတရာ ရှိနိုင်မလား။ ဥပမာအားဖြင့် လျှို့ဝှက် ကုဒ်နာမည်လိုပေါ့"
အဘိုးအိုက "ရှိတယ်။ နဂါးတပ်ဖွဲ့မှာ ကုဒ်အမည်နဲ့ စကားလုံးတွေ ရှိတယ်။ ပြီးတော့ ပိုကာကဒ်တွေကို အခြေခံထားတဲ့ ဖွဲ့စည်းပုံတစ်ခုလည်း ရှိသေးတယ်။ စပိတ်၊ ဟက်၊ ထောင့်၊ ညှင်း ဆိုပြီး အဖွဲ့လေးဖွဲ့ ရှိတယ်။ အများအားဖြင့်တော့ အဖွဲ့လေးဖွဲ့ဟာ ကိုယ်နဲ့ သက်ဆိုင်တဲ့ စစ်ဆင်ရေးတွေကိုပဲ သီးခြားဆောင်ရွက်ကြတာ များတယ်။ အရေးကြီးတဲ့ စစ်ဆင်ရေးတွေကိုတော့ လူ ၁၃ ဦး ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အဖွဲ့ကပဲ ဦးစီးဆောင်ရွက်ကြတယ်။ အဖွဲ့တိုင်းမှာ ကိုယ်ပိုင် လျှို့ဝှက်ဘာသာ စကားလည်း အသီးသီး ရှိကြတယ်"
ရှုချန်း၏ မျက်လုံးများ အရောင်တလက်လက် တောက်လာ၏။
"မော့စ်ကုဒ်လိုလား"
အဘိုးအို မျက်မှောင်ကြုတ်သွားသည်။
"ဆိုပါတော့ ... ဒါပေမဲ့ အဲဒီလောက် အဆင့်မမြင့်ဘူး။ ဥပမာအားဖြင့် မင်းဟာ ၂ ထောင့်ကဒ် ဆိုရင် မင်းနဲ့မင်းအဖွဲ့ကြား ဆက်သွယ်တဲ့ ဘာသာစကားကုဒ်က ဘလောက်စ် ဒစ်ဂျစ်တယ် ဘာသာစကားကို အသုံးပြုမှာ ဖြစ်တယ်။ ဥပမာအားဖြင့် '၅၂၀' ဆိုတာက 'ငါ မင်းကို ချစ်တယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ 'မင်းက ငါ့ကို ချစ်တယ်' ဆိုတဲ့အတိုင်း လုပ်မယ်လို့ အဓိပ္ပါယ် ရတယ်'"
(မှတ်စု - ၎င်းမှာ တရုတ်ပြည်တွင် အသုံးများသည့် အင်တာနက် ဘာသာစကားတစ်ခု ဖြစ်သည်)
ဘိုးတော်က သူ့အား နောက်ပြောင်နေသလားဟုပင် ရှုချန်းမှာ ခံစားလိုက်ရသည်။ သို့နှင့် မအီမလည်နှင့် "အဘိုး ... ဒီလိုဆက်သွယ်ရေးကုဒ်မျိုး ဘယ်ဆရာသမားက စဉ်းစားမိတာလဲ" ဟု မေးလိုက်လေတော့သည်။
အဘိုးအိုက "ဘာဖြစ်လို့လဲ"
ရှုချန်း ...
"ပါးချချင်လို့ပါ။ အခုမှ အုတ်ကြား မြက်ပေါက် ဆက်သွယ်ရေး ကုဒ်မျိုး သုံးနေတဲ့ အဖွဲ့မှန်း သိလိုက်ရတော့ နဂါးတပ်ဖွဲ့ကို အိပ်မက်ဆန်ဆန် လျှို့ဝှက်ဆန်းပြားတဲ့ ဒဏ္ဍာရီလာ နတ်စစ်သည်တော်အဖွဲ့ကြီးလို့ ထင်ခဲ့မိတဲ့ ကျွန်တော့် စိတ်ကူးတွေ ခဏအတွင်း ပြိုကျပျက်ဆီးသွားလို့ပါ"
၎င်းမှာ လေသာပြတင်းဝ၌ ကပြဖျော်ဖြေနေသည့် ပိတုန်းရောင် ဆံကေသာပိုင်ရှင် အလှနတ်သမီးလေး တစ်ပါး၏ ကျောပြင်အား နေ့စဉ်အမျှ ငေးမော ကြည့်ရှုနေရသည်ဟု မြင်မက်မိသော ဆောင်းအိပ်မက်မျိုးနှင့် ဆင်တူသည်။
နတ်သမီးဟု ထင်မှတ်ထားမိသော အဆိုပါ မိန်းကလေး ကိုယ်ရှိရာ မျက်နှာမူလာသည့်အခါမှ ဝက်နှာခေါင်းနှင့် မယ်ကုဝဏ်မျိုး ဖြစ်နေသည်ကို အလန့်တကြား တွေ့လိုက်ရသလိုမျိုးပင်။ မှန်းချက်နှင့် နှမ်းထွက် မကိုက်လှသော အဆိုပါ ဆန့်ကျင်မှုမျိုးမှာ နှလုံးခုန် ရပ်သွားအောင်ပင် စွမ်းဆောင်နိုင်လေ၏။
အဘိုးအိုက "မင်း နားမလည်သေးဘူးပဲ။ အခုအချိန်မှာ သူလျှိုတွေ အသုံးပြုတဲ့ လျှို့ဝှက်ဆက်သွယ်ရေး ကုဒ်တွေအားလုံးဟာ တစထက်တစ ပိုမို ရှုပ်ထွေးလာနေပြီ။ ဒါပေမဲ့ ငါတို့ဟာ သီးခြားပုံစံတစ်မျိုးနဲ့ ချဉ်းကပ်ကြည့်ဖို့ တကယ် စဉ်းစားခဲ့တာပါ။ မင်း စဉ်းစားကြည့်လေ။ ငါတို့ အသုံးပြုနေတဲ့ လျှို့ဝှက်ကုဒ်တွေကို ရန်သူတွေ ရသွားမယ် ဆိုပါတော့။ အဲဒီအခါ ငါတို့အသုံးပြုတဲ့ နံပါတ်တွေနဲ့ စကားအဓိပ္ပါယ်တွေကို ရှာတွေ့တဲ့အခါ အခုမင်းဖြစ်နေသလိုမျိုး ဖြစ်ကုန်ကြမှာ။ အဲဒီအခါ ရန်သူတွေက 'သောက်ဆန်းကြီး ... တကယ့် အဓိပ္ပါယ်က အဲဒီလောက် မရိုးရှင်းနိုင်ဘူး။ ဒီကောင်တွေ ငါတို့ကိုများ သောက်ရူးတွေလို့ မှတ်နေကြသလား မသိဘူး' လို့ တွေးမိကြမှာ။ "
" အဲဒီနောက် ရထားတဲ့ အဖြေတွေကို လျစ်လျူရှူပြီး သူတို့ရဲ့ တစ်ရာ့တစ်ပါးသော လျှို့ဝှက်ကုဒ် အဖြေရှာနည်းမျိုးစုံနဲ့ အဖြေရှာဖို့ ကြိုးစားကြတော့မှာ။ တကယ်လို့ သူတို့ အဲဒီလို အဖြေမရှာကြဘူးဆိုရလည်း ... ကုဒ်နံပါတ် '၈၇' ကို ဥပမာထားကြည့်ကွာ ... ပုံမှန်အဖြေက 'မသွားဘူး'။ ဒါပေမဲ့ ငါတို့ရဲ့အဖြေက 'သွားမယ်' မဟုတ်လား။ အဖြေတစ်ခုချင်းစီမှာ ၅၀ ရာခိုင်နှုန်း မှန်ကန်နိုင်ချေ ရှိတယ်။ ဒီလို ၅၀-၅၀ ဖြစ်နေတဲ့ အဖြေမျိုးနဲ့ တွေ့ရင် ငါတို့ရန်သူတွေ ဘာလုပ်ကြမယ် ထင်သလဲ"
(စာရေးသူ မှတ်စု - အင်္ဂလိပ်စကား၌ brb သည် ချက်ချင်းပြန်လာခဲ့ဟု အဓိပ္ပါယ်ရသော်လည်း နဂါးတပ်ဖွဲ့ကမူ ဆန့်ကျင်ဘက် 'ပြန်မလာဘူး' ဟု ဖွင့်ဆိုမည် ဖြစ်၏။)
ရှုချန်းကိုယ်တိုင်ပင် "ကျွန်တော်တောင် ဘာပြောရမှန်း မသိတော့ဘူး"
အဘိုးအိုက ဂုဏ်ယူဝံ့ကြွားစွာနှင့် ပြောလိုက်၏။
"ဒါကြောင့် ဒီလို ကုဒ်မျိုး စဉ်းစားမိတဲ့လူက တကယ့် ပါရမီရှင်လို့ ပြောနိုင်တာပေါ့"
ရှုချန်း "ဒါပေမဲ့ အဲဒီလူကို တွေ့ရင် ပါးချချင်တုန်းပဲ။ တကယ့်ကို ဉာဏ်နီဉာဏ်နက်များလွန်းတဲ့ ချီးထုပ်"
အဘိုးအိုက "မင်းစကားက ဘာအဓိပ္ပါယ်လဲကွ"
ရှုချန်းက "စဉ်းစားကြည့်လေ ... မတော်လို့ နဂါးဓားတစ်လက်က အဖွဲ့ကို သစ္စာဖောက်ပြီး ရန်သူတွေကို သူတို့တစ်ခါမှ မကြားဖူးတဲ့ နဂါးတပ်ဖွဲ့အကြောင်း ထုတ်ပြောလိုက်မယ် ဆိုပါစို့။ ရန်သူတွေကလည်း အစကတည်းက သံသယများကြတဲ့လူတွေ။ သစ္စာဖောက်ပြောတဲ့ လျှို့ဝှက်ကုဒ်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါကျတော့ အဲဒီလူ ဘယ်လောက်ပဲ အမှန်ကို ပြောပြော ရန်သူတွေက မယုံဘဲ သူ့ကို သေတဲ့အထိ ရိုက်ကြမှာ"
၎င်းမှာ ဖြစ်သင့်သည့် အကြောင်းရင်းပင်။ သစ္စာဖောက်တစ်ယောက်၏ ပါးစပ်မှ ရန်သူများ ဘဝတွင် တစ်ခါမှ မကြားဖူးသော နဂါးတပ်ဖွဲ့ဆိုသည့် စကားလုံး ထွက်လာသည့်နောက် လျှို့ဝှက်ကုဒ်များ မေးမြန်းကြသည့်အခါ ရန်သူများ ဖြစ်သွားသည့် အမူအရာ မည်သို့ ရှိမည်နည်း။
၎င်းက ...
"သောက်ကျိုးနည်း။ ပြိုင်စံရှားနဂါးတပ်ဖွဲ့လည်း ပြောသေးတယ်။ သုံးထားတဲ့ ကုဒ်တွေက ကလေးအထာနဲ့။ ဘာလဲ ဒီဘဲ ငါ့ကို လာစားနေတာလား။ အေလူး ... အဲဒီလောက် ဖြစ်လှတာ ... မသေမချင်း ရိုက်ကွာ" ဟူသတတ်။
ထိုအခါ တစ်ကိုယ်လုံး သွေးများဖြင့် ရွဲနစ်နေသော နဂါးဓားတစ်လက်သည် ချောင်းတဟွတ်ဟွတ် ဆိုးနေသည့်ကြားမှ အသက်ကို ကြိုးစားရှူပြီး "အကိုကြီးတို့ အမကြီးတို့ရယ် ... ကျွန်တော် ပြောနေတာ အမှန်တွေပါဗျာ" ဟု ပြောရမည်လော။
အသက်ပင် ဘယ်နားက ထွက်သွားမှန်း မသိအောင် အရိုက်ခံရပေဦးမည်။
ထိုအခါ သစ္စာဖောက် နဂါးဓားတစ်လက် အော်ဟစ်ပြောဆိုနေမည်မှာ "တကယ့် သောက်လဒူတွေ။ ငါ အမှန်တိုင်းပြောနေတာကွ။ အမှန်အတိုင်း ဟုတ်ပြီလား။ ဒီအတိုင်း ငါတို့ ဆက်သွယ်ကြတာ။ အကိုကြီးတို့ ... ဘာဖြစ်လို့များ ကျွန်တော့်စကား မယုံကြတာလဲဗျာ"
ထိုအချိန်ရောက်မှ 'ဝန်မခံချင်တဲ့ သကောင့်သား သေမင်းနှင့်ညား' ဟု ဆဲဆိုကြိမ်းမောင်းရင်း ရှိသမျှရန်သူ အယောက်စီတိုင်း ဓားနှင့်တစ်ချက်စီထိုးရင်း သတ်ဖြတ်ပစ်ပေမည်။
ယခုမှ ဦးနှောက်မရှိသူများသာ နဂါးတပ်ဖွဲ့ကပါဟု ဝန်ခံပြောလိမ့်မည် ဖြစ်ကြောင်း ရှုချန်း သဘောပေါက်တော့သည်။ ရန်သူများက သူတို့ ဘာပြောပြော ယုံကြမည် မဟုတ်ချေ။ ၎င်းတို့အား လာနောက်ပြောင်နေသည့် ငမိုက်သားများဟုသာ ထင်မှတ်ကြပေလိမ့်မည်။ နက်ရှိုင်း ကြမ်းတမ်းလွန်းလှသော လှည့်ကွက်ကြီးပါတကား။
အဘိုးအိုမှာ ချောင်းပင် တဟွတ်ဟွတ်သီး သွားတော့သည်။
"ကုဒ်တီထွင်တဲ့လူ ဘယ်လောက် ဉာဏ်ကောင်းမှန်း မင်း အခု သိပြီ မဟုတ်လား။ ငါ မင်းကို ပြောမယ်။ ဒီလိုစဉ်းစားမိတဲ့လူက တကယ့်ကို ပြိုင်စံရှားပါရမီရှင်ပဲ။ ငါသာ မိန်းကလေးဆိုလို့ကတော့ အဲဒီလူကို လက်ထပ်ပါရစေလို့ တောင်းပန်မိမှာ"
ရှုချန်းတစ်ယောက် ဆွံ့အသွားတော့သည်။
"အဘိုးအသက်လည်း ကြည့်ပါဦး။ အတော်နောက်ကျနေပြီ မထင်ဘူးလား။ ဒါပေမဲ့လည်း ထိုင်းသွားပြီး ဖြတ်ဖောက်ချုပ် လုပ်ချင်သပဆိုလည်း မတားပါဘူး။ ဒီနေ့ခေတ် နည်းပညာတွေက အလန်းကြီးတွေ မဟုတ်လား"
အဘိုးအို သက်ပြင်းချလိုက်သည်။
"မိုးကောင်းကင်က ပါရမီရှင်တွေကို အမြဲလိုလို ဂျေဝင်နေတာတော့ ဝမ်းနည်းစရာပဲ"
(စာရေးဆရာ မှတ်စု - စတီဗင်ဟော့ကင်းကဲ့သို့ ကြီးကျယ်ခမ်းနားသူတိုင်း၌ ကြီးကျယ်ခမ်းနားသော အခက်အခဲ ပုစ္ဆာများ/ပြဿနာများ ရှိနေတတ်သည်)
"သူ့မှာ အသက်ရှင်သန်ရမယ့် ကာလတွေ သိပ်မကျန်တော့ဘူး။ အရင်တုန်းကဆိုရင် သူဟာ မိုးတိမ်နဲ့ လေကိုတောင် စေစားနိုင်တယ်။ (၈) နိုင်ငံ စုပေါင်းပြီး သူချစ်တဲ့ နိုင်ငံတော်ကို လာရောက် ကျူးကျော်တုန်းကလည်း သူတစ်ဦးတည်း အစွမ်းနဲ့ အားလုံးကို မောင်းထုတ်ပစ်နိုင်ခဲ့တယ်။ အဲဒီတိုက်ပွဲပြီးကတည်းက သူဟာ ပြိုင်စံရှား ပုဂ္ဂိုလ်ကြီးတွေသာ ခံစားရတဲ့ ပြိုင်ဘက်ကင်း အထီးကျန် ဝေဒနာကို ခံစားခဲ့ရတာပဲ"
အကယ်၍ အထီးကျန် ပြိုင်စံရှားပုဂ္ဂိုလ်ကြီးသည် အဘိုးအိုက သူ့ကိုယ်သူ ရည်ညွန်းပြောဆိုနေသည့် စကားလုံးမှန်း ရှုချန်း သိသွားပါက အောက်ပါအတိုင်း သောက်ကျိုးနည်းလောက်အောင် မရပ်မနား လှောင်ပြောင်မိတော့မည် ဖြစ်၏။
"ချီးလို ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်ကြီးပါလား။ ခင်ဗျားကြီးပြောသလို မိုးကောင်းကင်က တကယ်တမ်း ဂျေဝင်နေတယ်ဆိုလည်း ဘာဖြစ်လို့ ဒီအသက်အရွယ်ထိ လူပျိုကြီးဘဝနဲ့ အသက်ရှင်ခိုင်းသေးတုန်း ... ချီးပဲ မခံစားနိုင်တော့ဘူး"
အခန်း ၂၅၅ ပြီး