နတ်နဂါးစစ်သည်
အပိုင်း - ၂၄၅
( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
ညအချိန်တွင် ဟူပင်းက မိသားစု၏ အော်ဒီကားလေးကို ဇိမ်ခံကားများ ပြည့်နှက်နေသည့် ကလပ်တခုသို့ မောင်းနှင်လာခဲ့သည်။ ကလပ်တွင်ရှိနေသော လုံခြုံရေးအစောင့်က သူ့ကို မတားဆီး မရပ်တန့်ရဲချေ။ ဟူပင်းက ကားထဲမှ ထွက်ပြီးနောက် ကားသော့ကို လုံခြုံရေးအစောင့်ထံ ပစ်ပေးလိုက်သည်။ ထို့နောက်တွင်တော့ သူက ကလပ်၏ အပေါ်ဆုံးထပ်သို့ တက်သွားခဲ့သည်။
ဟူပင်းက ဆူညံနေသောခန်းမကို ဖြတ်လျှောက်လာခဲ့သည်။ ခန်းမထဲတွင် များစွာသော အမျိုးသားနှင့် အမျိုးသမီးများ ရှိနေကြသည်။ အမျိုးသမီး အရေအတွက်က အမျိုးသားများထက်ပင် ပို၍ များပြားပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမူ ဤနေရာတွင် ရှိနေသော တေးဂီတက ပြင်ပတွင်ရှိနေသည့် နိုက်ကလပ်များကဲ့သို့ ဆူညံလှသည်တော့ မဟုတ်။
တေးဂီတက ကိုယ်ပိုင်စတိုင်တခု ရှိနေခဲ့သည်။ ခန်းမထဲတွင် အရောင်စုံ မီးလေးများလည်း ခပ်ဖျော့ဖျော့ လင်းနေ၏။ ခန်းမထဲရှိ အမျိုးသားနှင့် အမျိုးသမီးများမှာ ဝိုင်နီထည့်ထားသော ဖန်ခွက်လေးများ အသီးသီးကိုင်ရင်း တဦးနှင့်တဦး စကားစမြည် ပြောဆိုနေကြသည်။ တဦးနှင့်တဦး ဖက်၍ ကနေသော အမျိုးသမီးများလည်း အများအပြား ရှိကြသည်။
ဟူပင်းက အခန်း ၈၈ သို့ တိုက်ရိုက်ပင်သွားခဲ့ပြီး မိန်းမလှလေးများနှင့် ဖက်လျက် နမ်းရှုံ့နေကြသော လူငယ်လေးများကို မြင်လိုက်ရသည်။ ဟူပင်း ဝင်လာသည်ကို မြင်သည့်အခါ ထိုလူငယ်လေးများက မိန်းမလှလေးများကို တင်ပါးပုတ်၍ အပြင် ထွက်သွားခိုင်းလိုက်ကြသည်။
အခန်းထောင့်စွန်းတွင်တော့ စကားတလုံးမှမပြောဘဲ မတ်တပ်ရပ်နေသော လူတဦးရှိနေသည်။ ထိုသူက သေသပ်ကျနသော အနောက်တိုင်းဝတ်စုံကို ဝတ်စုံပြည့် ဝတ်ဆင်ထားခဲ့သည်။ ထိုသူက အခန်းထောင့်စွန်းတွင် မတ်တပ်ရပ်နေပြီး ထိုင်ခုံ၌ပင် ဝင်မထိုင်ရဲချေ။
ထိုသူက ဟူပင်းကို အကြောက်တရားများ ပြည့်နှက်နေသည့် မျက်ဝန်းဖြင့် လှမ်းကြည့်နေခဲ့သည်။ ထိုသူက အောင်းလီဖြစ်သည်။ အောင်းလီက ဝီရိယ စောလွန်းစွာပင် တောင်းပန်ရန် ရောက်ရှိလာခြင်းပင်။
ဟူပင်းက နှုတ်ခမ်းလှုပ်၍ စကားပြောမည့်ဟန် ပြင်လိုက်ရာ အခန်းထဲရှိ လူငယ်လေးက တေးဂီတကို ချက်ချင်းပင်ပိတ်၍ ဟူပင်းအတွက် ထိုင်ခုံပြင်ပေးလိုက်သည်။ ထို့နောက်တွင်တော့ U ပုံသဏ္ဌာန်ရှိနေသော စားပွဲခုံကြီးထက်ထိုင်ရင်း ဟူပင်းက အောင်းလီကို လက်ဝှေ့ယမ်း ပြလိုက်သည်။
တေးဂီတ ချက်ချင်း ရပ်သွားပြီးနောက် ပတ်ဝန်းကျင်လေထုတခုလုံးက ရုတ်ချည်း တင်းကြပ်သွားသည်ကို အောင်းလီ ခံစားလိုက်ရသည်။ သူက တံတွေးမျိုချရင်း အခန်းထောင့်စွန်းမှနေ၍ U ပုံသဏ္ဌာန် စားပွဲဝိုင်းရှိရာသို့ လျှောက်လှမ်းလာခဲ့သည်။ သူက ခေါင်းငုံ့ရင်း ပြုံးနေခဲ့သည်။
"သခင်လေးဟူ လား..."
ဟူပင်းက အောင်းလီကို တချက်ကြည့်ရင်း ချောင်းဟန့်လိုက်သည်။
"တကယ်အစွမ်းထက်တဲ့လူတွေက ချမ်းသာချင်ယောင် ဘယ်တော့မှ ဟန်မဆောင်တတ်ကြဘူး... ဒါပေမဲ့ တဖက်မှာတော့ မပြည့်တဲ့အိုးတွေက အရမ်းဘောင်ဘင်ခတ်တာပဲ... ခင်ဗျားရဲ့အဝတ်အစားတွေကို ကြည့်ပါဦး... တခြားသူတွေက ခင်ဗျားကို ချမ်းသာတယ်ထင်အောင်လို့ ပြချင်နေတာလား... ပုံမှန်ဆိုရင် ကျုပ် ခင်ဗျားနဲ့စကား အေးအေးဆေးဆေးလေး ပြောမလို့ပဲ... ဒါပေမဲ့ ခင်ဗျားကအခု ဝတ်စုံပြည့်နဲ့ ဝတ်လာတယ်ဆိုတော့ ကျုပ်လည်း လေးစားမှုပြန်ပြတဲ့အနေနဲ့ အလေးအနက် ပြောမှရမယ်လို့ ခံစားလိုက်ရတယ်... ဒါပေမဲ့ ကျုပ်က အဲလိုမျိုး မပြောချင်ဘူး... အဲဒီတော့ စကားပိုပြောလို့ ကောင်းသွားအောင် ပိုရိုးရှင်းတဲ့နည်းလမ်းအနေနဲ့ ခင်ဗျားပဲ အဝတ်လဲလိုက်ပါလား..."
အောင်းလီက ခါးသီးစွာ ပြုံးလိုက်သည်။ "သခင်လေးဟူ... ကျွန်တော် ဘယ်လိုမျိုး အဝတ်အစား သွားပြန်လဲရမလဲ..."
ဟူပင်းက ချောင်းဟန့်လိုက်သည်။ ချမ်းသာသော သခင်လေးများက ဘေးတဖက်တချက်စီတွင် ရှိနေရာမှ ရုတ်ခြည်းပင် မတ်တပ်ထရပ်လိုက်ပြီး အောင်းလီ၏ဒူးခေါင်းများကို ကန်လိုက်သည်။ အောင်းလီတယောက် ဒူးခွေ၍ မြေပေါ်ဒူးထောက်ကျသွားသည်။ သခင်လေးနှစ်ဦးက အောင်းလီကို ဝိုင်း၍ ရိုက်နှက်ကြသည်။
ထို့နောက်တွင်တော့ သူ၏ကုတ်အင်္ကျီနှင့် ရှပ်အင်္ကျီများကို ဆွဲဖြဲ၍ ဆံပင်များ ရှုပ်ပွစေပြီးမှ ပြန်လွှတ်ပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် အောင်းလီတယောက် ယခင်ကကဲ့သို့ ထည်ဝါခန့်ညားသော စီအီးအိုဥက္ကဌတဦးနှင့် မတူညီတော့ချေ။
သူ၏အဝတ်အစားများ စုတ်ပြတ်နေပြီး ဆံပင်များလည်း ရှုပ်ပွကာ မျက်နှာပေါ်တွင် သနားစဖွယ် ဒဏ်ရာများ ပြည့်နှက်နေခဲ့သည်။ သူက အတော်လေး အခြေအနေဆိုးနေသော အိမ်ခြေရာမဲ့တဦးနှင့်ပင် တူညီနေ၏။
ဟူပင်းက စိတ်ကျေနပ်စွာ လက်ခုပ်တီးလိုက်သည်။
"အခုတော့ ခင်ဗျားက အဖိုးတန် အဝတ်အစားတွေနဲ့လူလို့ မထင်ရတော့ဘူး... ခင်ဗျားကို ကြည့်ရတာ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတယ်... အလုပ်ကိစ္စ ပြောကြတာပေါ့... ခင်ဗျား ဒီကို တောင်းပန်ဖို့လာတယ်လို့ ကြားတယ်... ဟုတ်လား..."
အောင်းလီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်... တောင်းပန်ပါတယ်... ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် သခင်လေးကို ထိပါး စော်ကားမိခဲ့တာရှိရင် တောင်းပန်ပါတယ်... သခင်လေးက ဒီတကြိမ်တော့ ခွင့်လွှတ်ပြီး ကျွန်တော်မျိုးကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်... နောက်အနာဂတ်မှာ ဘယ်တော့မှ ဒီလိုမျိုး ထပ်မဖြစ်စေရဘူးလို့လည်း တကယ် ကျိန်ဝံ့ပါတယ်..."
ဟူပင်းက ခေါင်းခါယမ်း လိုက်သည်။
"ခင်ဗျား ကျုပ်ကို မထိပါး မစော်ကားပါဘူး... ဒါပေမဲ့ ကျုပ်အစ်ကိုကို ထိပါး စော်ကားခဲ့တာ... ကျုပ်နဲ့ အရမ်းရင်းနှီးတဲ့လူ... ကျုပ်အတွက် အရမ်းအရေးကြီးတဲ့လူ... ဒါပေါ့... ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချတတ်အောင် သင်ပေးမှရမယ်... မနှိမ့်ချဘဲနဲ့ ကျုပ်ညီအစ်ကိုကို မတောင်းပန်နိုင်ဘူးဆိုရင် ဒီအခန်းထဲက ထွက်သွားလို့ရတယ်... ခင်ဗျားအတွက် လမ်း ကိုယ့်ဘာသာရွေး... ခင်ဗျားကို ဘယ်သူမှ ကယ်မှာမဟုတ်ဘူး... ဒီနယ်ပယ်ထဲမှာ ခင်ဗျားဘယ်တော့မှ ခြေပြန်ချလို့ရမှာ မဟုတ်ဘူး..."
အောင်းလီ၏ မျက်လုံးထောင့်စွန်းက တွန့်ကွေးသွားခဲ့သည်။
"တကယ်လို့ ကျွန်တော်မျိုး တောင်းပန်မယ်ဆိုရင်ရော..."
ဟူပင်းက သွားပေါ်အောင် ပြုံးလိုက်သည်။
"အဲဒါက ခင်ဗျားရဲ့သဘောထား နဲ့ အပြုအမူပေါ် မူတည်တယ်... တဖက်က ခင်ဗျားကို ခွင့်လွှတ်ပေး မပေး ဆိုတာပေါ်လည်း မူတည်တယ်... သူတို့ ခင်ဗျားကို ခွင့်လွှတ်မပေးဘူးဆိုရင် ခင်ဗျားလမ်း ခင်ဗျားလျှောက်ရမှာပဲ..."
အောင်းလီက ဂရုတစိုက်ဖြင့် မေးလိုက်သည်။
"အဲဒါဆိုရင် သခင်လေးဟူရယ်... ကျွန်တော်မျိုး ဘယ်သူ့ကိုများ ထိပါး စော်ကားခဲ့မိတာလဲ..."
ဟူပင်းက ဖုန်းထုတ်ရင်း ဝှေ့ယမ်းလိုက်သည်။
"လာ လာ... ဒီလူ့ကို သိလားဆိုတာ လာကြည့်..."
ထိုသို့ပြောရင်းပင် သူက စားပွဲပေါ်သို့ ဖုန်းကို တင်လိုက်သည်။ အောင်းလီက ဒဏ်ရာများ ရနေသည့်ကြားမှ လေးဖက်ထောက်မတတ် တွားသွားရင်း စားပွဲထံ ရောက်ရှိလာခဲ့သည်။ သူက လည်ဆန့်၍ ဖုန်းကို လှမ်းကြည့်လိုက်သည်တွင် မျက်နှာပျက်ယွင်းသွားခဲ့သည်။ ထိုဓာတ်ပုံက ဟူပင်းနှင့် ရှုချန်းတို့ စစ်ဝတ်စုံဖြင့် ရိုက်ထားသော ပြိုင်ပွဲမှ ဓာတ်ပုံဖြစ်သည်။
"ပြီးတော့ ကျုပ် ထပ်ကြားသေးတာ... ခင်ဗျားက မြေအောက်လောက အဆက်အသွယ်နဲ့ သူ့ကို သင်ခန်းစာပေးဖို့ လူရှာလိုက်သေးတယ်ဆို... ဟုတ်လား..." ဟူပင်းက အောင်းလီကို ခနဲ့ပြုံးပြုံးရင်း မေးလိုက်သည်။
အောင်းလီတယောက် ချက်ချင်းပင် စားပွဲကို ခေါင်းဖြင့်တိုက်၍ သနားပါရန် တောင်းပန်တော့သည်။
"ကျွန်တော်မျိုးက စုံလုံးကန်းနေခဲ့တာပါ... သခင်လေးဟူရယ်... ကျေးဇူးပြုပြီး အခွင့်အရေးတခေါက်တော့ ပေးပါ... လူကြီးမင်းရှုချန်းက သခင်လေးရဲ့မိတ်ဆွေဆိုတာ တကယ့်ကို မသိခဲ့တာပါ..."
"သူက ကျုပ်မိတ်ဆွေ သက်သက်မဟုတ်ဘူး... ထပ်ပြီးသတိပေးလိုက်မယ်... သူက ကျုပ်အတွက်တော့ အစ်ကိုကြီးတယောက်လိုပဲ... အဲဒီတော့ သူ့ဇနီးကလည်း ကျုပ်ရဲ့ မရီးပဲ... ခင်ဗျားတော်တော် သတ္တိရှိတဲ့ကောင်... ပြီးတော့ ကျုပ် ကြားသေးတာ..."
အောင်းလီတယောက် ဟူပင်းစကား ပြီးဆုံးသည်အထိ မစောင့်တော့ဘဲ စားပွဲနှင့်ခေါင်း ထပ်မံတိုက်၍ တောင်းပန်လိုက်ပြန်သည်။ သူက ငိုသံစွက်လျှက်ပြော၏။
"သခင်လေးဟူ... ကျွန်တော်မျိုး အရမ်းမှားသွားပါတယ်... ကျွန်တော်မျိုး တကယ့်ကို မှားသွားပါတယ်... ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ကျွန်တော်မျိုးကို တောင်းပန်ခွင့်ပေးပါ... ကျွန်တော်မျိုး အခုချက်ချင်း သွားပြီး တောင်းပန်ပါ့မယ်... အချိန်လုံးဝ မဆွဲပါဘူး..."
ဟူပင်းက သူ့ကို တချက်ကြည့်လိုက်သည်။
"တောင်းပန်မယ် ဟုတ်လား... ခင်ဗျားတယောက်တည်း တောင်းပန်ရုံနဲ့ လုံလောက်မယ်ထင်နေတာလား..."
အောင်းလီက ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူက သူ၏အပေါင်းအဖော်ဖြစ်သူ ရန်ရှန်းကို သတိရသွား၏။ ဟူပင်းက ခနဲ့လိုက်သည်။
"ဒီည ခင်ဗျားကို အခွင့်အရေးပေးမယ်... အဲဒီ ရန်ရှန်း သူတောင်းစားကိုခေါ်ပြီး လာတောင်းပန်... ခင်ဗျား သူ့ကိုပါ မခေါ်လာနိုင်ဘူးဆိုရင် ဒီညပြီးတာနဲ့ ခင်ဗျားအတွက် ဒုတိယအခွင့်အရေးဆိုတာ မရှိတော့ဘူး..."
အောင်းလီက အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။
"ကျေးဇူးပါ... သခင်လေးဟူရယ်... ကျွန်တော်မျိုး ရန်ရှန်းကို တောင်းပန်ဖို့အတွက် ဒီည ခေါ်လာခဲ့ပါ့မယ်... သူ မလိုက်ချင်ရင်တောင်မှ ကြိုးတုတ်ပြီး ခေါ်လာခဲ့ပါ့မယ်..."
"ကောင်းပြီ... သွားကြစို့... ကျုပ်ခင်ဗျားကို ကားကြုံစီးခွင့်ပေးမယ်..."
ဟူပင်းက မတ်တပ်ရပ်ရင်း အခန်းအပြင်သို့ ထွက်လာခဲ့သည်။ အောင်းလီက အနည်းငယ် တွေဝေ တုံ့ဆိုင်းနေသေးသည်။ သို့သော် ဟူပင်း၏မိတ်ဆွေများက သူ့ကို ချက်ချင်းပင် ဂုတ်မှဆွဲရင်း တွန်းထုတ်လိုက်သည်။
"ထွက်စမ်း... ထပ် အရိုက်ခံချင်သေးလို့လား..."
အောင်းလီက ငြင်းဆန်ဝံ့ခြင်းမရှိတော့ဘဲ ကြောင်အအဖြင့် ဟူပင်းနောက်မှ လိုက်ပါလာခဲ့သည်။ ကားပါကင်သို့ လမ်းလျှောက်လာပြီး Audi ကားကို မြင်သည့်နောက် အောင်းလီ၏မျက်လုံးထောင့်က တဆတ်ဆတ် တုန်ခါနေခဲ့သည်။
Audi ကား၏ လိုင်စင်ပြားကို မြင်လိုက်သည်တွင် အောင်းလီက ချက်ချင်းပင် သက်ပြင်းရှိုက် လိုက်မိသည်။ ဤသည်ကား ရှန်ချန်း တနယ်လုံးသိကြသော ဝန်ကြီးချုပ်၏ လိုင်စင်ပြား မဟုတ်ပေလော။ အောင်းလီက ဟူပင်း၏အသက်အရွယ်ကို ကြည့်၍ ဟူပင်းက ဝန်ကြီးချုပ်၏ ဒရိုက်ဘာ မဟုတ်မှန်း နားလည်သည်။ ဟူပင်း၏အသက်ကို ထောက်ရှုရမည်ဆိုလျှင် သူက ဝန်ကြီးချုပ်၏သားပင် ဖြစ်ရပေမည်။
ဟူပင်းက ကားစက်နှိုးရင်း အောင်းလီကို ပြောလိုက်သည်။
"သွားကြမယ်..."
အောင်းလီက ကားထဲ နေရာကျအောင်ထိုင်၍ ခေါင်းငုံ့ထား၏။ ဟူပင်းက ပြုံးလိုက်သည်။
"ဒီကားက ခင်ဗျားရဲ့ BMW X6 ကားနဲ့တော့ ဘယ်နှိုင်းယှဉ်လို့ရမလဲ... နည်းနည်းတော့ သည်းခံပေါ့..."
အောင်းလီက မျက်ရည်များ ကျဆင်းလာတော့မတတ်ပင်။
"သခင်လေးဟူ... နောက်နေတာပဲဖြစ်ရမယ်... ဒါက ဒီကားထဲမှာ စီးဖူးတဲ့ ကျွန်တော့်ဘဝရဲ့ ပထမဦးဆုံးအချိန်ပါ..."
ဟူပင်းက မေးလိုက်သည်။
"ဘယ်ကိုပို့ပေးရမလဲ..."
"လမ်းဘေးတနေရာမှာသာ ကျွန်တော့်ကို ချထားခဲ့ပါ..."
ဟူပင်းက ခေါင်းညိတ်ရင်း ကားမောင်းထွက်လိုက်သည်။ သူက အောင်းလီတယောက် အငှားယာဉ် ငှားနိုင်မည့်နေရာတွင် ရပ်တန့်၍ သတိပေးသံဖြင့် ပြောလိုက်သည်။
"ကျုပ် ပြဿနာမရှာချင်ဘူး... ဒါပေမဲ့ ကျုပ် တကယ် ဒေါသထွက်လာရင် ခင်ဗျားတွေ့ခဲ့တဲ့ အဲဒီလူတွေထက်ပိုပြီး ရက်စက်ကြမ်းတမ်းတတ်တယ်နော်... ကျုပ် ပြောတာကိုမှတ်ထား... ရန်ရှန်းကို ရအောင်ခေါ်လာခဲ့..."
အောင်းလီက တံတွေးမျိုချရင်း သစ်တောက်ငှက် တကောင်ပမာ ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်သည်။ ကားထွက်ခွာသွားသည့်နောက် အောင်းလီတယောက် ကျောရိုးမကြီးတလျှောက် ကြက်သီးများထရင်း ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။ အပြင်ဘက်မှ လေပြည်အေးလေး တိုက်ခတ်သွားသည့်နောက်တွင် အောင်းလီတယောက် သူ့ကိုယ်သူ ဇောချွေးပျံနေမှန်း နားလည်သွား၏။
အခန်း ၂၄၅ ပြီး
နတ်နဂါးစစ်သည်
အပိုင်း - ၂၄၆
(အလျော့အတင်း )
ထိုည ရန်ရှန်း၏ တိုက်ခန်းနေရာတွင်...
ရန်ရှန်း၏ အေးဂျင့်ဖြစ်သူက ဆေးလိပ်ဖင်စီခံကို တောက်ထုတ်ရင်း ရန်ရှန်းတယောက် အကူအညီတောင်းနိုင်မည့် ဖုန်းများ ခေါ်နေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ ရန်ရှန်း ဖုန်းခေါ်နေသော်လည်း တဖက်မှသူများက ဖုန်းမကိုင်ကြချေ။ ဖုန်းကိုင်သည့်သူတိုင်းကလည်း အလုပ်ရှုပ်နေသည်ဟု အကြောင်းပြကာ ဖုန်းချလိုက်ကြသည်။ အချုပ်အားဖြင့်ဆိုရလျှင် ရန်ရှန်းက လူအယောက် ၂၀ နီးပါး ဖုန်းဆက်ခဲ့သော်လည်း သူနှင့် စကားသုံးခွန်းပြည့်အောင် ပြောသူက တယောက်ပင် မရှိချေ။
ရန်ရှန်းတယောက် စိတ်ပျက်စွာဖြင့် ဖုန်းကို စားပွဲပေါ်ပစ်ချလိုက်သည်တွင် အေးဂျင့်ဖြစ်သူက မေးလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ..."
ရန်ရှန်းက ခေါင်းခါရမ်းလိုက်သည်။ "ဘယ်သူမှ ငါ့ကို ပိုက်ဆံ မချေးချင်ကြဘူးကွာ... ပုံမှန်ဆိုရင် သူတို့က ငါ့ကို အစ်ကိုကြီး အစ်ကိုကြီးနဲ့ ခေါ်နေတာ... ဒီနေ့ နေ့တစ်ပိုင်းကတင် ငါ ဆေးရုံမှာ ရှိနေတုန်းကတောင် သူတို့ ငါ့ကိုကူညီပြီး လင်ချူရွယ်ကို ပညာပေးမယ်လို့ ကတိပေးခဲ့ကြသေးတယ်... ဒါပေမဲ့ အခုတော့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကြောင့် အားလုံးကြောက်ကုန်ကြပြီ... ငါ့ကိုတွေ့တဲ့အခါ ချက်ချင်း သူတို့စကားကို ပြန်ရုပ်သိမ်းသွားပြီ... သတင်းမီဒီယာတွေမှာဆိုရင် ငါ့ကိုမကောင်းတဲ့လူလို့တောင် ပြောနေသေးတယ်... လခွမ်းထဲမှ..."
အေးဂျင့်က ဆေးလိပ်မီးညှိကာ ရှိုက်ဖွာရင်း ပြောလိုက်သည်။
"ဒီနယ်ပယ်လောကထဲမှာ အားလုံးကတော့ ရှင်သန်ချင်ကြတဲ့သူတွေပဲ... သူတို့ကိုလည်း အပြစ်တင်လို့မရပါဘူး..."
ရန်ရှန်းက ခေါင်းခါရမ်းလိုက်သည်။
"ဒီအခြေအနေကနေ ငါ ပြန်အဆင်မပြေနိုင်တာမှ မဟုတ်ဘဲ... လောလောဆယ် ငါက သွားပုပ်လေလွင့်သတင်း ထွက်နေရုံလေးပဲရှိတာ... အဲဒီလင်ချူရွယ်.. အဲဒီကောင်မ... ငါ ဒီကိစ္စပြီးတာနဲ့ အဲဒီကောင်မကို သေချာပေါက် သတ်မယ်..."
အေးဂျင့်က ခပ်ပါးပါး ပြုံးလိုက်မိသည်။
"လူတွေ မသိနားမလည်တာကို ခွင့်လွှတ်ပေးလို့ရတယ်... ဒါပေမဲ့ မသိနားမလည်ခြင်းနဲ့ မောက်မာမှု တွဲဖက်လာရင်တော့ ကံဆိုးတာ ဖြစ်သွားပြီ... လင်ချူရွယ်က မင်းကို သွားပုပ်လေလွင့် သတင်းတခုပဲ ဖန်တီးပေးနိုင်တယ်လို့ ထင်တာလား... အဲဒီ သွားပုပ်လေလွင့်စကားတခွန်းကြောင့် မင်းက ဒီအခြေအနေထိ ရောက်လာတယ်လို့ ထင်နေတာလား... ဖျော်ဖြေရေးလောက ဒီအနုပညာ အသိုင်းအဝိုင်းမှာ သွားပုပ်လေလွင့် အပြောခံရတဲ့ သတင်းတွေဆိုမှ အများကြီးပဲ... တချို့သတင်းတွေဆိုရင် ကြီးကြီးမားမား ပွက်လောရိုက်သွားတယ်... တချို့သတင်းတွေကတော့ ဘယ်လောက်မှ မကြာလိုက်ဘူး... တခြားသူတွေကိုတော့ မသိဘူး... ဒါပေမဲ့ အခုချိန်ထိ မင်းက ဘာကပြဿနာလဲဆိုတာ မမြင်နိုင်သေးဘူးပဲ... မင်းဒီအတိုင်းဆိုရင် ပြန်အဆင်ပြေလာစရာ မရှိဘူးလို့ ငါ အာမခံရဲတယ်... ပြီးတော့ မင်း အကြွေးနွံနစ်ပြီး ဘဝဆုံးသွားလိမ့်မယ်..."
ရန်ရှန်းက အေးဂျင့်ဖြစ်သူကို မျက်လုံးထောင့်စွန်းမှနေ၍ တချက် ကြည့်လိုက်သည်။
"မင်း ငါ့ကိုရယ်ဖို့ ဒီနေရာ ရောက်နေတာလား... ငါ့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ယူနိုင်မယ် ထင်နေတာလား... ငါ့နောက်မှ ဒီလောကထဲဝင်လာတဲ့ မိန်းမတယောက်ကလေ... ငါ့ကို နိုင်မယ်ထင်နေတာလား..."
အေးဂျင့်ဖြစ်သူက သက်ပြင်းချလိုက်သည်။
"အဲဒါဆိုရင် မင်းကို ငါ မေးပါဦးမယ်... သေပြီးသားသူတယောက်က အသက်ပြန်ရှင်လာနိုင်မှာလား.. အခု မင်း သန်း ၃၀ အကြွေးတင်နေပြီ... ပြီးတော့ မင်းရဲ့ကုမ္ပဏီကလည်း ကြော်ငြာကုမ္ပဏီတွေအတွက် ပိုက်ဆံပြန်ပေးနေရပြီ... မင်း ပေးရမဲ့ သန်း ၃၀ ကို မနက်ဖြန် မပေးနိုင်ဘူးဆိုရင် စာချုပ်ဖောက်ဖျက်ရာ ကျသွားလိမ့်မယ်... အဲဒီအခါကျရင် မင်းအကြွေး သန်း ၆၀ တင်သွားလိမ့်မယ်... အခုချက်ချင်း မင်း မဖြေရှင်းနိုင်ဘူးဆိုရင် မင်းရဲ့ ဂုဏ်သတင်းကလည်း သွားပြီ... နာမည်လုံးဝပျက်သွားမှာကွာ... အဲဒါက ဒီသွားပုပ်လေလွင့် အပြောခံရတဲ့သတင်းထက် ပိုဆိုးတဲ့ ကပ်ဘေးကြီးပဲ... ပြီးတော့ ဘယ်သူသိနိုင်မလဲ... အရင်က မင်း ဒုက္ခပေးခဲ့တဲ့သူတွေ... မင်း နှိပ်စက်ခဲ့တဲ့ အနုပညာသည် အသစ်ကျပ်ချွတ်လေးတွေ... သူတို့တွေကလည်း မင်းဒဏ်ရာရနေတုန်း ဆားလာသိပ်ပေးကြလိမ့်မယ်..."
ရန်ရှန်းက ပြောလိုက်သည်။
"ဒါတွေအားလုံး အဆင်ပြေသွားမှာပါ... ငါ သေသေချာချာလေး စဉ်းစားပြီး ဖြတ်ကျော်ဖို့ပဲ ရှိတာ... ငါသာ ဒီအခြေအနေကနေ ပြန်ရုန်းထွက်နိုင်ရင် ငါ့မိန်းမကလည်း ငါ့ကို ကူညီပေးမှာပဲ... သူ့ဘက်က ဘာပြဿနာမှ ရှာမှာမဟုတ်ဘူး... လောလောဆယ် ဒီအကြပ်အတည်းကနေ ထွက်ပြီးသွားရင် ငါ ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်သုံးကားက အကျိုးအမြတ်တွေ ရလာမှာပဲ... လျော်စရာရှိတာလျော် ပေးစရာရှိတာ ပေးပြီးရင်တောင် ငါ့မှာ အနည်းဆုံး သန်း ၁၀၀ လောက် ကျန်ဦးမှာ... အဲဒီ သန်း ၁၀၀ နဲ့ဆိုရင် ငါ့ကိုယ်ပိုင်စတူဒီယိုလေး စလို့ရတယ်... သူများထက်ပိုသက်သာတဲ့ကြေး... ဒီနှစ်တွေမှာ ငါတည်ဆောက်ခဲ့တဲ့ အဆက်အသွယ်နဲ့ နာမည်ကို အသုံးချမယ်ဆိုရင် အနည်းဆုံးတော့ ဇာတ်လမ်း ဇာတ်ညွှန်းကောင်းကောင်းလေးနဲ့ ပြန်ပြီး ဦးမော့လာလို့ ရတာပဲ..."
အေးဂျင့်ဖြစ်သူက အေးစက်စက် ရယ်လိုက်သည်။
"မင်းက အရင်ကလိုပဲ... မင်းဆီမှာ အမြဲတမ်း ဝှက်ဖဲရှိနေသေးတယ်လို့ ထင်နေတာ... တကယ့်ကို မင်းရဲ့အိုင်ကျူက စိုးရိမ်စရာပဲ... ပုံမှန်ဆိုရင် ငါ မင်းနောက်ကို လိုက်ခဲ့ဖို့ အစီအစဉ်မရှိဘူး... ဒါပေမဲ့ မင်း တခြားလူတွေကို ဆက်ပြီး ထိပါး စော်ကားမိနေမှာစိုးလို့ လိုက်ခဲ့ပေးတာ... မင်းနဲ့ အောင်းလီ ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်သုံးကားအကြောင်းပဲ ပြောရအောင်... မင်း သတင်းမကြားရသေးဘူးလား... ရုပ်ရှင် အစည်းအရုံးက အောင်းလီရဲ့ ရုပ်ရှင်တွေကို ပြသခွင့် တစ် ရာခိုင်နှုန်းပဲပေးထားတယ်... အောင်းလီ ရင်းနှီးမြှုပ်နှံထားတဲ့ ဘယ်ရုပ်ရှင်မဆို နောက်ကျရင် ရုပ်ရှင်ရုံတွေမှာ ပြခွင့်လည်းရမှာမဟုတ်တော့ဘူး..."
" အဲဒီသတင်းက ပျံ့သွားပြီးပြီ... ပြီးတော့ အဲဒါက သတင်းအမှန်... ကောလာဟလမဟုတ်ဘူး... အခု အောင်းလီက သူ့ကိုယ်သူတောင် မကာကွယ်နိုင်တာ... မင်းကို ကူညီဖို့ ဝေလာဝေး... ပြီးတော့ အောင်းလီကလည်း မင်းလိုပဲ... သူ့အဆက်အသွယ်တွေနဲ့ ကြိုးစားခဲ့သေးတယ်... ဒါပေမဲ့ အသုံးမဝင်ဘူး... သူ့ကိုယ်သူ တတ်နိုင်တယ် အစွမ်းရှိတယ်ထင်နေတာ... ဒါပေမဲ့ ရုပ်ရှင်အဖွဲ့အစည်းရဲ့ ထိပ်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှု နယ်ပယ်ထဲ သူဘယ်တော့မှ လက်လှမ်းမှီနိုင်မှာ မဟုတ်ဘူး... သူ့အဆုံးသတ်ကလည်း မင်းအဆုံးသတ်ထက် သာမှာမဟုတ်ဘူး..."
အေးဂျင့်ဖြစ်သူက ခဏနား၍ ဆက်ပြော၏။
" ဒီနှစ် ရုံတင်ငွေ စီးပွားရေးဈေးကွက်က အရမ်းကောင်းလာတာကြောင့် သူက သူ့ရဲ့ပိုင်ဆိုင်တာတွေအကုန်လုံးကို အဲဒီရုပ်ရှင်တွေထဲမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်... သူတယောက်တည်း အားနဲ့မလောက်သေးလို့ သူက မင်းကိုပါ အကူအညီ တောင်းခဲ့ရတယ် မဟုတ်ဘူးလား... အခု အဲဒီ မင်းတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်တွေအကုန်လုံး ရုံမှာပြလို့မရတော့ဘူး... အင်တာနက် တခုတည်းပေါ် မှီခိုပြီး မင်းတို့ရဲ့ ဆုံးရှုံးသွားတဲ့ ငွေကြေးပမာဏကို ပြန်ရှာနိုင်မယ် ထင်နေတာလား... အောင်းလီ ဘဝပျက်သွားပြီဆိုရင် မင်းရော ပိုက်ဆံရမယ်ထင်နေတာလား... မင်းရဲ့ကိုယ်ပိုင် စတူဒီယိုကိုစဖို့မပြောနဲ့... လက်ရှိအကြွေးတွေတောင် ဆက်နိုင်မှာမဟုတ်ဘူး..."
" မင်းကိုယ်မင်း နှိမ့်ချပြီး အပြာကားတွေ သွားရိုက်ရင်တောင် ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့် မင်းကို ဘယ်သူမှ ငှားရိုက်မှာမဟုတ်ဘူး... အခု သေသေချာချာ စဉ်းစားကြည့်... ရုပ်ရှင်အစည်းအရုံးက အောင်းလီကို ဖိနှိပ်ထားနိုင်တယ်... သူတို့က မင်းကိုလည်း ဖိနှိပ်နိုင်တယ်... ပြီးတော့ အဲဒီဘက်ကနေပဲ နောက်ထပ် မင်းအကြောင်း ကောလာဟလတွေ အကုန်လုံး မင်းရှုပ်ခဲ့တဲ့အရာတွေ အကုန်လုံးကို လော်ဘီငှားပြီး အင်တာနက်မှာ ဖွပစ်လို့ရတယ်... မင်းနဲ့အောင်းလီတို့ ဒီနှစ်တွေမှာ လျှို့ဝှက်ပြီးတော့ သိုသိုသိပ်သိပ် နေနိုင်ခဲ့ရင်တောင် အခု အဲဒီသတင်းတွေအကုန်လုံးက ပွထနေပြီ..."
"ပြီးတော့ လီဝမ်... လီဝမ်သာ ဝန်မခံဘူးဆိုရင် ဒါက ကောလာဟလ ဖြစ်နေဦးမှာ... ဒါပေမဲ့ အဲဒီလီဝမ်က ရုပ်ရှင်နယ်ပယ်ထဲကို ဝင်ချင်နေတယ်... သူ့ကို အခွင့်အရေး ပေးခဲ့တဲ့သူကလည်း ကြေးကြီးကြီးနဲ့ ကမ်းလှမ်းထားမှာပဲ... အဲဒီအချက်တွေကို ပေါင်းပြီး ကြည့်မယ်ဆိုရင် လင်ချူရွယ်မှာ အစွမ်းအစမရှိဘူးလို့ မင်း ထင်နေသေးတုန်းလား... လင်ချူရွယ်နောက်က လူမှာ အစွမ်းအစမရှိဘူးလို့ မင်းထင်နေသေးတုန်းပဲလား... "
အေးဂျင့်က စကားပြီးဆုံးပြီးနောက် ရန်ရှန်း၏ သွေးမရှိသောမျက်နှာကို ကြည့်ရင်း ခနဲ့ပြုံးပြုံးလိုက်သည်။ ရန်ရှန်း၏မျက်လုံးများက လုံးဝနီရဲနေပြီး ဆောက်တည်ရာမရ ဖြစ်နေခဲ့သည်။ သူက ဘာဆက်လုပ်ရမည်ကို မသိတော့ချေ။
အေးဂျင့်ပြောသည့် စကားများကို ရန်ရှန်းတယောက် မစဉ်းစားမိဘဲ ဘယ်နေမည်နည်း။ သူက လင်ချူရွယ်ထံတွင် ထိုကဲ့သို့ အစွမ်းအစမျိုး ရှိသည်ဟုသာ မယုံကြည်နိုင်ခြင်း ဖြစ်သည်။ ယခုတော့ သူ့နံဘေး မတ်တပ်ရပ်နေသော အေးဂျင့်ဖြစ်သူကိုပင် မျက်စိစပါးမွှေး စူးလာသည်ဟု ရန်ရှန်း ခံစားလိုက်ရသည်။ လူတိုင်းက သူ့ကို လှောင်ရယ်နေသည်ဟုလည်း ထင်မှတ် ခံစားလာမိသည်။
"ငါ ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းပြီးပြီလေ... မင်း ဘာလို့ ငါ့နောက်လိုက်နေသေးတာလဲ... အခု မင်း သွားတော့... "
ရန်ရှန်းက အေးဂျင့်ဖြစ်သူကို မောင်းထုတ်သည်။ အေးဂျင့်က စီးကရက် နောက်ဆုံးလက်ကျန်ကို ရှိုက်ဖွာရင်း တောက်ထုတ်လိုက်သည်။
"ငါကရော နေချင်တယ်ထင်နေတာလား... မင်း ဘယ်လိုရွေးချယ်စရာလုပ်မလဲဆိုတာ စောင့်နေတာ... မင်း သွားတောင်းပန်ဖို့ မရှိဘူးဆိုရင် ငါ အခုချက်ချင်း သွားတော့မှာ... တကယ်လို့ မင်း တောင်းပန်ချင်တယ် ဆိုရင်တော့ ဒီည သွားတောင်းပန်..."
"တောင်းပန်ရမယ် ဟုတ်လား... ဘယ်သူ့ကို တောင်းပန်ရမှာလဲ... လင်ချူရွယ်ကိုလား... "
"မင်း ဘယ်လိုထင်လို့လဲ... "
ရန်ရှန်းက အတော်လေး သွေးပျက်နေခဲ့သည်။ သူ ဘာလုပ်ရမှန်းမသိချိန်တွင် အောင်းလီထံမှ ဖုန်းဝင်လာခဲ့သည်။ တဖက်မှ အောင်းလီက တည့်တိုးပင်ပြော၏။
"အခုချက်ချင်း အောက်ထပ်ကိုဆင်းလာ... ငါ မင်းရဲ့တိုက်ခန်းအောက်မှာ... ငါနဲ့ လိုက်ပြီး လိုက်တောင်းပန်... ရန်ရှန်း... ငါသာ မင်းအတွက် မရပ်တည်ပေးခဲ့ဘူးဆိုရင်... ငါ ဒုက္ခရောက်မှာမဟုတ်ဘူး... မင်း ငါနဲ့ လိုက် တောင်းပန်သင့်တယ်... မင်း မသွားဘူးဆိုရင်လည်း ငါ မင်းနဲ့သေဖို့ပဲရှိတယ်... ငါ မင်းကိုပြောလိုက်မယ်... ဒါ ဟာသ မဟုတ်ဘူး... စနောက်စရာလည်း မဟုတ်ဘူး... ငါ အကြွေးတွေ ပြန်ဆပ်ရမယ်... မင်းလည်း စာချုပ်ဖောက်ဖျက်တဲ့ အကြွေးတွေ ပြန်ဆပ်ရမယ်...ငါတို့ရဲ့ နောက်ဆုံးအသက်ကယ် ကောက်ရိုးလေးတမျှင်က ဒီရုပ်ရှင်တွေအပေါ် မူတည်နေတယ်..."
"ငါတို့သာ ပြသခွင့်မရဘူးဆိုရင် နှစ်ယောက်လုံးသေရမှာ... နှစ်ယောက်လုံး ဘဝပျက်မှာကွ... မင်း ငါ့အတွက် မစဉ်းစားပေးရင်တောင်မှာ မင်းရဲ့ မမွေးသေးတဲ့ ကလေးအတွက် စဉ်းစားပေး... ဟုတ်ပြီလား... မင်း အပြင်မှာခိုးစားတဲ့သတင်းကြောင့် မင်းမိန်းမလည်း မင်းကို စိတ်ပျက်နေလောက်ပြီ... ဒီတခေါက် မင်း ဘာမှမကျန်အောင် မွဲတေသွားပြီ... "
"မင်း မိန်းမနဲ့ကလေးက မင်းကိုကွာရှင်းပေးမှာလား... သေချာစဉ်းစား... ငါ မင်းကို အောက်ထပ်က စောင့်နေမယ်... ငါနဲ့ လိုက်ပြီးတောင်းပန်... မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရင်တောင် ဒီကိစ္စက အဆင်ပြေသွားမှာ မဟုတ်ဘူး... အခု မင်း ငါနဲ့ မလိုက်ခဲ့ဘူးဆိုရင် ငါ့ ဒေါသကို အပြစ်မတင်လေနဲ့... မင်း ငါ့ကို သေရွာ ဆွဲခေါ်သွားချင်တယ်ဆိုရင် ငါမသေခင် မင်းကို ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးသွားဦးမှာ... "
အောင်းလီ၏စကားသံကို ကြားပြီးနောက် ရန်ရှန်းတယောက် ဆောက်တည်ရာမရ စိတ်နှင့်ကိုယ်နှင့် မကပ်တော့ချေ။ အေးဂျင့်ဖြစ်သူက မတ်တပ်ထရပ်ရင်း ပြောလိုက်သည်။
"သွားကြစို့... အောင်းလီက မြေအောက်လောကရဲ့ လူအတော်များများကို သိထားတယ်... သူသာ တကယ်မျက်နှာသာ မပေးချင်ဘူးဆိုရင် မင်းသေတာ ကိစ္စမရှိဘူး... တခြားသူတွေကိုပါ အကျိုးသက်ရောက်မှုတွေ ဖြစ်လာလိမ့်မယ်... အောင်းလီက တကယ် သူ့အတိုင်းအတာနဲ့သူတော့ အစွမ်းအစရှိတယ်... ပြီးတော့ မင်းမိန်းမနဲ့ကလေးကိုလည်း ဂရုစိုက်ရဦးမယ်..."
ရန်ရှန်းတယောက် ချက်ချင်းပင် နှစ်ပေါင်းများစွာ ပိုအိုမင်းသွားသည်ဟု ခံစားလိုက်ရသည်။ သူက စားပွဲပေါ်သို့ ပုံလျက်သား ပစ်ကျသွား၏။
---- ----- ----
Royal Imperial Company ထဲတွင်တော့ လင်ချူရွယ်က အစ်မလဲ့နှင့်အတူ စစ်တုရင် ကစားနေသည်။ မန်နေဂျာဖြစ်သူကတော့ သူမ၏ တည်ငြိမ်အေးဆေးသော မျက်နှာကိုကြည့်ရင်း မနေနိုင်တော့ဘဲ ထပ်ပြောလိုက်သည်။
"တရက်ရှိသွားပြီ... နင်ပြောတော့ နင့်လူကိုယုံကြည်တယ်ဆို... အခုထိ ဘာလို့ ဘာမှ သတင်းမကြားရသေးတာလဲ... အစ်မတော်လေးရယ်... ကျွန်မပြောနေတာကို ကြားရဲ့လား... ဘာလို့မီဒီယာမှာ သွားပြီးရှင်းလင်းချက် မထုတ်တာလဲ... ကုမ္ပဏီထဲမှာပဲ ပုန်းနေလို့ မရဘူးလေ... ဟုတ်တယ်မှတ်လား... ပြီးတော့ ပီဇာကြီးပဲ မှာစားနေရတာကိုလည်း စိတ်ကုန်လာပြီ... "
လင်ချူရွယ်က မျက်လုံးပင့်ကြည့်ရင်း မန်နေဂျာကို ပြောလိုက်သည်။
"အဲဒါဆိုလည်း ဒီနေ့ တရုတ်အစားအစာ မှာစားကြတာပေါ့..."
မန်နေဂျာဖြစ်သူက ပြောစရာစကားလုံးမရှိတော့။
အခန်း ၂၄၆ ပြီး
နတ်နဂါးစစ်သည်
အပိုင်း - ၂၄၇
( ကျွန်မ ချစ်ရတဲ့ လူ )
လင်ချူရွယ်၏ကုမ္ပဏီထံသို့ သွားနေသည့်လမ်းတွင် ရန်ရှန်းတယောက် ဇနီးဖြစ်သူထံမှ စာတိုရရှိခဲ့သည်။
"အစ်ကိုရှန်း... ကျွန်မတို့ကို စောင့်ရှောက်ဖို့အတွက် အစ်ကိုရှန်းကို လိုအပ်သေးတယ်... အစ်ကိုရှန်း အကြွေး အများကြီးတင်နေတယ်လို့ ကြားတယ်... ကျွန်မမှာ သိန်း ၁၀ ဂဏန်းလောက်ရှိတယ်... အဆင်ပြေလောက်မလား... အခုပဲ အစ်ကိုရဲ့ဘဏ်ကတ်ထဲ အဲဒီငွေတွေ လွှဲလိုက်ပြီနော်..."
ရန်ရှန်းက ဖုန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း မျက်လုံးများမှိတ်လိုက်သည်။ သူက အရှုံးပေးလိုက်လေပြီ။ သူ ရှုံးနိမ့်သွားချေပြီ။ သူက လင်ချူရွယ်နှင့်ငြင်းခုန်မိခဲ့သည့်အတွက် နောင်တလည်း ရမိသည်။
တဖက်မှသူ အလစ်အငိုက်ဖြစ်နေစဉ် အကွက်များ ရွှေ့ခဲ့သည်။ ရွှေ့ကွက်တိုင်းကလည်း သေကွင်းသေကွက်များပင်။ သူ့ကို မဖြစ်မနေ ခေါင်းညိတ် ဒူးထောက်ရန် တွန်းအားပေးစေခဲ့သည်။ နောက်ဆုံးတော့ ရန်ရှန်း လုံးဝရှုံးနိမ့်သွားချေပြီတကား။
အဆုံးသတ်တွင် သူ၏ဇနီးဖြစ်သူက ဘာမှမပြော၊ ဘာမှမလုပ်ခဲ့ချေ။ သူမက ကောလာဟလများ အကြောင်းပင် တခုမှ မပြောခဲ့။ သို့ကြောင့် ရန်ရှန်းတယောက် ဇနီးဖြစ်သူနှင့်ကလေးအပေါ် ပို၍ မျက်နှာပူမိသည်။ အောင်းလီကဲ့သို့ မောက်မာဝံ့ကြွားသူပင် စုတ်ပြတ်သပ်သော အဝတ်အစားများ၊ မျက်နှာပေါ် အမာရွတ်များနှင့် ဖြစ်နေပြီ မဟုတ်လော။
ရန်ရှန်းက အောင်းလီအကြောင်း မသိသူမဟုတ်ချေ။ အောင်းလီက မြေအောက်လောကနှင့် အဆက်အသွယ်များပင် ရှိသည်။ ထိုကဲ့သို့သောသူမျိုးပင် အရိုက်အနှက်ခံရသည်ဆိုလျှင် တဖက်အင်အားကို တောင်းပန် တိုးလျှိုးရုံမှတပါး ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်ကြောင်း ရန်ရှန်း နားလည်၏။
အေးဂျင့်ဖြစ်သူနှင့်အတူ တည်ငြိမ်အေးဆေးစွာ စစ်တုရင်ကစားနေသော လင်ချူရွယ်ကိုကြည့်ရင်း မန်နေဂျာက စိတ်မရှည်တော့ချေ။ ထိုအချိန်တွင် မန်နေဂျာ၏အတွင်းရေးမှူးက တံခါးခေါက်ရင်း အံ့အားတကြီး ပြောလိုက်သည်။
"အစ်မယန်... ရန်ရှန်းနဲ့ အောင်းလီတို့ ဒီရောက်နေတယ်... "
မန်နေဂျာဖြစ်သူက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
"သူတို့ ဘာလို့ ရောက်လာတာလဲ..."
"ကျွန်မလည်း မသိဘူး... အခုတော့ အောက်ထပ်မှာ... သူတို့ပြောတာ လင်အစ်မကိုလာရှာတယ်ဆိုပဲ...
"သူတို့ကို ရုံးခန်းထဲ တက်လာဖို့ ပြောလိုက်...ပြီးတော့ ကုမ္ပဏီမှာရှိတဲ့ တခြားသူတွေ အားလုံးကို ရုံးပေါ် မတက်ခိုင်းနဲ့တော့... စကားအများကြီးပြောတဲ့ ဘယ်သူ့ကိုမဆို အလုပ်ထုတ်ခံရမယ်လို့ မှာလိုက်..."
"ဟုတ်ကဲ့ပါ..."
အတွင်းရေးမှူးလေးက ပြန်လည်ထွက်ခွာသွားခဲ့သည်။ ရန်ရှန်းနှင့် အောင်းလီတို့က အတွင်းရေးမှူး၏ နောက်မှတဆင့် လိုက်လာရင်း ဓာတ်လှေကားကိုဖြတ်၍ မန်နေဂျာရုံးခန်းထဲ ရောက်ရှိလာခဲ့သည်။ အတွင်းရေးမှူးက အပေါ်ထပ်တံခါးများ အားလုံးကို ပိတ်လိုက်သည်။ သူမက အခြေအနေများကို ပိုမဆိုးရွားစေလိုပေ။ ရုံးတွင်းမှလူများ၏ ကောလာဟလများ၊ တီးတိုး အတင်းအဖျင်းများကိုလည်း မပြန့်ပွားစေလိုပေ။
ယခု ထိုအောင်းလီနှင့် ရန်ရှန်းတို့နှစ်ဦး မည်သည့်အတွက်ရောက်လာကြောင်း မည်သူမျှမသိကြ။ သူတို့က လင်ချူရွယ်ကို ပညာလာပေးခြင်းလော။ မည်သူမျှမသိကြချေ။
မန်နေဂျာသည်လည်း မသိပေ။ သို့အတွက်ကြောင့် သူမက လင်ချူရွယ်ကို ရုံးခန်းအတွင်း၌ နေရစ်ခဲ့ခိုင်းသည်။ သူမက ဗွီအိုင်ပီဧည့်ခန်းသို့ သွားရောက်၍ အောင်းလီတို့နှစ်ဦးကို အပြုံးဖြင့်မေးလိုက်သည်။
"ဘာကိစ္စများရှိလို့လဲ မသိဘူး..."
အောင်းလီ၏မျက်နှာပေါ်တွင် ဒဏ်ရာဒဏ်ချက်များ ရှိနေဆဲပင်။ ရန်ရှန်းကတော့ တရက်လုံးလုံး စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုများကြောင့် မျက်လုံးများက အသက်မရှိတော့။
"အစ်မယန်...လင်မိန်းကလေး ဒီမှာရှိလား... အထင်မလွဲပါနဲ့... ကျွန်တော်တို့ ပြဿနာလာရှာတာ မဟုတ်ပါဘူး... တောင်းပန်ဖို့ လာတာပါ... လင်မိန်းကလေးရှိတယ်ဆိုရင် ဘယ်မှာလဲ တချက် ပြောပြပေးလို့ရမလား..."
အောင်းလီတယောက် အလျင်လိုနေရာ ရန်ရှန်းသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် မန်နေဂျာကို ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။ အစ်မယန်က ထိုအခိုက်အတန့်တွင် ကြက်သေသေသွားခဲ့သည်။ သူမက တခုခုလွဲမှားနေကြောင်း ခံစားလိုက်မိသည်။
မနက်ပိုင်းတွင် အနုပညာလောက တခုလုံးက လင်ချူရွယ်နှင့် ပတ်သက်၍ သူမထံ ဖုန်းများ တဂွမ်ဂွမ် ဆက်ခဲ့ကြသည် မဟုတ်ပါလား။ သူတို့က ပူးပေါင်းမှုများကို ဖျက်သိမ်းရန်သော်လည်းကောင်း၊ စာချုပ်များ ဖျက်သိမ်းရန်သော်လည်းကောင်း၊ လင်ချူရွယ်နှင့် အလုပ်ဆက်မလုပ်လိုဟု ပြောကြားချက်များ သတင်းစကားများ တောက်လျှောက်ဝင်လာနေခဲ့သည်။
ဤသည်ကို ကြည့်ရုံသက်သက်ဖြင့်ပင် အောင်းလီက အာဏာပြနေကြောင်း ရူးနှမ်းနေသောသူပင် သိနိုင်၏။ သို့သော် ယခုတော့ လင်ချူရွယ်တို့ကို ခေါ်၍ သွားမတောင်းပန်ရဘဲ အောင်းလီတို့က တောင်းပန်ရန် ရောက်ရှိလာခဲ့သည်။
"တကယ်တော့ တောင်းပန်ဖို့မလိုပါဘူး... ဒီကိစ္စကို ထားလိုက်ပါတော့..." အစ်မယန်က ဆက်ပြော၏။
"ပြီးတော့ ကျွန်မတို့ ချူရွယ်ကို ခက်ခဲအောင် ထပ်ပြီးမလုပ်ပါနဲ့တော့..."
"မဖြစ်ဘူး..." အောင်းလီက စိတ်လှုပ်ရှားသွားခဲ့သည်။ သူက အစ်မယန်၏လက်ကို ဖမ်းဆွဲရင်း ပြော၏။
"ငါတို့တကယ် တောင်းပန်ဖို့လာတာပါ... ကျေးဇူးပြုပြီး လင်မိန်းကလေးနဲ့ တွေ့ခွင့်ပေးပါ... သူ့ကို မျက်နှာချင်းဆိုင်ပြီး တောင်းပန်မှဖြစ်မယ်... ကူညီပါ... သူ့ကို ခက်ခဲအောင်မလုပ်ပါဘူး... ရူးမိုက်ခဲ့တာ ကျုပ်ပါ... ကျေးဇူးပြုပြီး သူနဲ့တွေ့ခွင့်ပေးပါ..."
အစ်မယန်က အောင်းလီတို့၏ စိတ်အားထက်သန်မှုအပေါ် ကြောင်အနေခဲ့သည်။ သူတို့နှစ်ဦးက လွန်မင်းစွာ စိတ်လှုပ်ရှားနေရာ သူမလည်း ကူကယ်ရာမဲ့ခဲ့သည်။ နောက်ဆုံးတွင်တော့ ခေါင်းညိတ်ရင်း သူမ၏ရုံးခန်းသို့ အောင်းလီတို့ကို ခေါ်လာခဲ့သည်။ ရုံးခန်းထဲတွင် လင်ချူရွယ်က အစ်မလဲ့နှင့် စစ်တုရင်ထိုးရင်းပင် အစ်မလဲ့ကို ဘုရင်ကြီး ပြေးပေါက်မဲ့စေမည့် အပြီးသတ်ရွှေ့ကွက် အဖြစ် စစ်တုရင်ရုပ်ကို ကိုင်ရင်း အကွက်ရွှေ့လိုက်သည်။ လင်ချူရွယ်က ပြုံးရင်း ပါးစပ်မှလည်း ရေရွတ်၏။
"Checkmate(ချက်ခ် မိတ်) ... ကဲ သေချင်သေးလား... ဆက်ကြည့်ရအောင်..."
အခန်းထဲသို့ ဝင်လာသောသူနှစ်ဦးက ထိုစကားကို ကြားလိုက်သည်တွင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ အောင်းလီက ဆိုဖာခုံပေါ်တွင် ထိုင်နေသော လင်ချူရွယ်ကို မြင်လိုက်သည်တွင် အခန်းထဲ ပြေးဝင်လာပြီး ဒူးထောက်လိုက်သည်။
"လင်မိန်းကလေး... ကျေးဇူးပြုပြီး သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးလို့ရမလား... ကျွန်တော်မျိုးမှားခဲ့ပါတယ်... တကယ့်ကို မှားခဲ့ပါတယ်... လင်မိန်းကလေးကို အဲဒီလိုမျိုး မအော်ခဲ့သင့်ဘူး... ပြီးတော့ ခြိမ်းခြောက်စကားတွေလည်း မပြောခဲ့သင့်ပါဘူး... ကျွန်တော်မျိုးက ရူးနှမ်းနေတာပါ... ကျွန်တော်မျိုးကြောင့် လင်မိန်းကလေးက ညစ်ပတ်တဲ့ဖိနပ်ကို ဝတ်လိုက်ရသလို ဖြစ်သွားရပြီ... လင်မိန်းကလေးရဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း မဖျက်ပါဘူး... ဘယ်အနမ်းဇာတ်ဝင်ခန်းမှလည်း ထပ်ပြီးတော့ မရှိလာစေရပါဘူး... လူစားထိုးရိုက်ချင်လို့ရှိရင်လည်း လူစားထိုးရိုက်ပါ... ပြီးတော့ ရန်ရှန်းနဲ့ အလုပ်မလုပ်ချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်... သူ့နေရာမှာ အခြားတယောက်ကို အစားထိုးပြီး ရုပ်ရှင်ကို ပြန်ရိုက်ပါမယ်...လင်မိန်းကလေး စိတ်ကျေနပ်မယ်ဆို ဘာပဲဖြစ်ဖြစ်ပါ... ကျေးဇူးပြုပြီး ကျွန်တော်မျိုးကိုသာ ခွင့်လွှတ်ပေးပါ... တောင်းပန်ပါတယ်... အရင်နှစ်တွေမှာ ကျွန်တော်မျိုးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဆင်ပြေ ချောမွေ့နေခဲ့တာကြောင့် မပြည့်တဲ့အိုး ဘောင်ဘင်ခတ်သလိုမျိုး စုံလုံးကန်းခဲ့မိပါတယ်... ကျွန်တော်မျိုး သေသင့်ပါတယ်... "
ထိုသို့ပြောရင်းပင် အောင်းလီက ဒူးထောက်ထိုင်၍ ဦးညွှတ်လိုက်သည်။ အစ်မလဲ့က ကြောက်လန့်သွားပြီး ချက်ချင်းပင် ခုံမှ မတ်တပ်ထရပ်၏။ မန်နေဂျာဖြစ်သူ အစ်မယန်ကလည်း တံခါးတွင် မတ်တပ်ရပ်ရင်း ကြက်သေသေနေခဲ့သည်။ လင်ချူရွယ်က တည်ငြိမ်စွာပင်ရှိနေပြီး စစ်တုရင်ခုံကို ဘေးသို့ တွန်းပို့လိုက်သည်။ သူမက စကားပြောရန် အလျင်လိုဟန်မရှိ။
ဤသည်က အနုပညာလောက၏ အလုပ်လုပ်ပုံဖြစ်သည်။ အားနည်းနေလျှင် အခြားသူများက အနိုင်ကျင့် အခွင့်အရေးယူပေလိမ့်မည်။ အထူးသဖြင့် အမျိုးသမီး သရုပ်ဆောင်များအတွက် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် လိုအပ်သည်။ အနုပညာလောကဆိုသည်မှာ ဖျော်ဖြေရေး လောကတခု ဖြစ်သည်။ အားလုံးက အပေါ်ယံ မျက်နှာဖုံးများ ဆောင်းထားပြီး လောကဝတ်နှင့် ယဉ်ကျေးပျူငှာမှုများမှာ အတုအယောင်များဖြစ်သည်။
သို့အတွက်ကြောင့် လင်ချူရွယ်က အောင်းလီတို့၏ တောင်းပန်စကား အနည်းငယ်ဖြင့် သူမ၏အစစ်အမှန် ခံစားချက်များကို ထုတ်ပြရန် အလျင်လိုခြင်းမရှိ။
ထို့အပြင် နောက်ကွယ်မှ တွန်းအားပေးနေသော ရှုချန်းကြောင့်သာ မဟုတ်လျှင် ဤနှစ်ဦးက ဤကဲ့သို့ လာရောက် တောင်းပန် တိုးလျှိုးမည်လော။ အောင်းလီတို့နှစ်ဦးက သရုပ်ဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ အောင်းလီနှင့် ရန်ရှန်းတို့ဆိုသည်မှာ အထက်ဖား အောက်ဖိ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါသူတို့ဖြစ်သည်။
အကယ်၍ သူမသာ အားနည်းခဲ့လျှင်၊ နောက်ခံအင်အား မရှိခဲ့လျှင် ဤအနုပညာလောကမှ ထုတ်ပယ်ခံရသလို အနိုင်ကျင့်နှိပ်စက်မှုများလည်း ခံရပေလိမ့်မည်။ သို့အတွက်ကြောင့် လင်ချူရွယ်က အရာအားလုံးကို ရှင်းရှင်းလင်းလင်းနှင့် တိတိကျကျဖြစ်စေရန် ရည်ရွယ်ထား၏။
လင်ချူရွယ်ဘက်မှ မည်သည့်စကားမှမဆိုသည်ကို အောင်းလီမြင်သည့်အခါ အနောက်ဘက်သို့လှည့်၍ ရန်ရှန်းကို ဆွဲခေါ်လာခဲ့သည်။ အဆွဲခေါ်ခံရသော ရန်ရှန်းသည်လည်း ဒူးထောက်ရင်း အသံနှိမ့်၍ ပြောလိုက်သည်။
"လင်မိန်းကလေး... ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေး တကြိမ်လောက်ပေးပါ..."
သို့နှင့် သူတို့နှစ်ဦးလုံး ဒူးထောက်၍ တောင်းပန်စကားဆိုလိုက်သည်။ အစ်မလဲ့နှင့် အစ်မယန်တို့ နှစ်ဦးလုံးက စိတ်ရှုပ်ထွေးသွားကြသည်။ အပြင်ဘက်ကမ္ဘာကြီးတွင် မည်သည်များ ဖြစ်ပျက်နေသနည်း။ တရက်တည်းဖြင့်ပင် ရုပ်ရှင်ကုမ္ပဏီ၏ စီအီးအိုတဦး၊ နာမည်ကျော်စစ်ပြန် သရုပ်ဆောင် ကြယ်ပွင့်တဦးက ဤကဲ့သို့ ဒူးထောက်နေသည်လော။
ထိုအခိုက်အတန့်တွင် လင်ချူရွယ်က နှုတ်ခမ်းလှုပ်၍ ပြောလိုက်သည်။
"တကယ်တော့ ကျွန်မလည်း ဒါတွေကို မလုပ်ချင်ခဲ့ပါဘူး... အစကတည်းက ပြောပြီးပြီပဲ... အေဂျင်စီနဲ့ ညှိနှိုင်းပြီးတော့ လျော်ကြေးပေးရမယ်ဆိုလည်း ပေးဖို့... ကျွန်မက လုပ်သင့်လုပ်ထိုက်တဲ့အတိုင်းပဲ လိုက်နာခဲ့တယ်... ရှင်တို့ သဘောမတူဘူးဆိုရင် မပူးပေါင်းရုံပဲရှိတာလေ... ကျွန်မက အဆင်ပြေတာပဲ... ဒါပေမဲ့ ရှင်တို့က ဉာဏ်နီဉာဏ်နက်တွေနဲ့ အကောက်ကြံချင်ကြတယ်... ရှင်တို့ကိုယ်တိုင်ပဲ ဒီလိုဖြစ်အောင် တောင်းဆိုခဲ့တာ မဟုတ်ဘူးလား..."
"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော်မျိုးတို့ တောင်းဆိုခဲ့တာပါ... ကျွန်တော်မျိုးတို့နဲ့ ထိုက်တန်ပါတယ်... လင်မိန်းကလေးက ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်ပေးပါ..."
အောင်းလီနှင့် ရန်ရှန်းတို့နှစ်ဦးလုံးက ဒူးထောက်ရင်း ခေါင်းညိတ်လိုက်ကြသည်။
"အရိုးသားဆုံးပြောရရင် ကျွန်မ ဒါတွေ လုပ်ခဲ့တာမဟုတ်ဘူး... ကျွန်မက နှစ်ရက်လုံးလုံး ကုမ္ပဏီမှာပဲ ရှိနေခဲ့တာ... ကျွန်မဖုန်းကိုလည်း စက်ပိတ်ထားခဲ့တယ်... မီဒီယာတွေက ကျွန်မကို ဖုန်းတွေခေါ်ပြီး မေးမြန်းမှာစိုးလို့... အဲဒါကြောင့် ရှင်တို့လူများ မှားနေတာလား..." လင်ချူရွယ်က ထိုသို့ပြော၏။
အောင်းလီက စိတ်လှုပ်ရှားလွန်းပြီး မျက်ရည်များ ထွက်ကျတော့မတတ်ပင်။
"လင်မိန်းကလေး... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါဗျာ... ဖုန်းလေးတကောဆက်ရုံနဲ့ ဒီကိစ္စကို လင်မိန်းကလေး ဖြေရှင်းနိုင်တယ်ဆိုတာ ကျွန်တော်တို့သိပါတယ်... တောင်းပန်ပါတယ်.. ရန်ရှန်းနဲ့ ကျွန်တော်မျိုးတို့ မီဒီယာတွေနဲ့ ရင်ဆိုင်ပြီး အရာအားလုံးအတွက် တာဝန်ယူပါမယ်... လင်မိန်းကလေးရဲ့ ဂုဏ်သတင်း လုံးဝ မထိခိုက်စေရဘူးလို့ အာမခံပါတယ်... ကျေးဇူးပြုပြီး ကျွန်တော်တို့ ခွင့်လွှတ်ပေးပါ... အဲဒီလူကြီးမင်းရှုကိုလည်း ဖုန်းဆက်ပေးပါ... သူ ဒေါသ ထွက်နေသေးတယ်ဆိုရင် သူ့ဆီသွားပြီး ဒူးထောက် ဦးညွှတ်ပြီး တောင်းပန်ပါ့မယ်... "
လင်ချူရွယ်က ပြောလိုက်သည်။ "ကောင်းပြီလေ... ရှင်တို့နှစ်ယောက် မတ်တပ်ရပ်နိုင်ပြီ... အပြင်ဘက် ကုမ္ပဏီအောက်မှာ စောင့်နေတဲ့ မီဒီယာတွေ ရှိတယ်... ဒီကိစ္စကို ရှင်တို့ပဲစခဲ့တာဆိုတော့ သွားပြီး အားလုံး ရှင်းလင်းချေ... ကျွန်မဘဝကို လာမနှောင့်ယှက်နဲ့တော့... အဲဒါဆိုရင် ဒီကိစ္စပြီးပြီ... "
အောင်းလီနှင့် ရန်ရှန်းတို့ နှစ်ဦးလုံးက ဝမ်းသာလုံးဆို့သွားခဲ့သည်။
"ကျေးဇူးပါ... ကျေးဇူးပါ... လင်မိန်းကလေး..."
လင်ချူရွယ်က ပြော၏။
"တံခါးကနေပဲ ထွက်သွားလိုက်တော့... ကျွန်မလိုက်မပို့တော့ဘူး..."
အောင်းလီနှင့် ရန်ရှန်းတို့ နှစ်ဦးလုံးက ဝမ်းသာနေကြသည်။ သူတို့က ချက်ချင်းပင် မတ်တပ်ထရပ်ရင်း ကျေးဇူးတင်စကားများပြောရင်း ဦးညွှတ်၏။ သူတို့က ခြေသုံးလှမ်းနောက်ဆုတ်ပြီးတိုင်း ဦးတခါညွှတ်ရင်း တံခါးပေါက်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။ အစ်မလဲ့နှင့် အစ်မယန်တို့က ကြက်သေသေ ကြောင်အလျက် လင်ချူရွယ်ကို ငေးကြည့်နေကြ၏။
လင်ချူရွယ်က စစ်တုရင်ခုံကို လက်ဖြင့် အသာထိ၍ အစ်မလဲ့ကို ပြောလာသည်။
"အစ်မလဲ့... ကျွန်မ ချစ်မြတ်နိုးတဲ့ ယောက်ျားသားဆိုတာ အဲဒီလိုလူမျိုးပဲ... သူ့မှာ ဇိမ်ခံကားကြီးတွေ မရှိဘူး.. နန်းတာ်ကြီးတွေ ရဲတိုက်ကြီးတွေ မရှိဘူး... စိတ်ကူးယဉ်ဆန်စရာ ကောင်းတဲ့သူမျိုးလည်း မဟုတ်ဘူး... အပြင်ပန်းကြည့်ရင် အရမ်းကို သာမန်ဆန်တဲ့ ယောက်ျားသားတယောက်ပဲ... ဒါပေမဲ့ ကျွန်မ အနိုင်ကျင့်ခံရမယ်ဆိုရင် သူက လူတိုင်းနဲ့ရင်ဆိုင်ပြီး ကျွန်မအတွက် တရားမျှတမှု ယူပေးလိမ့်မယ်..."
အစ်မလဲ့က ပြုံးလျက် ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ကြွားပါ... ကြွားပါ... ဒီလိုယောက်ျားသားမျိုး ရထားမှတော့ ကြွားပေါ့..."
အခန်း ၂၄၇ ပြီး