နတ်နဂါးစစ်သည်
အခန်း ၂၃၀
(ထိပ်တန်းအထူးအဖွဲ့ )
ဓါးသမားသုံးဦးရဲ့ခေါင်းဆောင် ရှုချန်း...
ယခင်က ထိုနာမည်က အခြားသော စစ်ဒေသများအတွက် ဟာသတစ်ခုပမာ သတ်မှတ်ခံရသည်။ သို့သော်လည်း ယနေ့တွင်တော့ ရှုချန်းက စစ်ဒေသအမှတ်(၅) ဓါးသမားသုံးဦး၏ ခေါင်းဆောင်ဟူသော နာမည်ကို အားလုံး၏ နှလုံးသားတွင် တံဆိပ် ခတ်နှိပ်ပေးလိုက်လေပြီ။
ထိုက်ချီနှင့်တကွ အခြားသော ထိပ်တန်းထိပ်တန်းစစ်သည်များအားလုံး ထမ်းစင်များပေါ်တွင် ရှိနေကြစဉ် အချို့က ထုံဆေး၊ မေ့ဆေးများ မသုံးဘဲ ဒဏ်ရာများကို ချုပ်သူချုပ်၊ ဆေးထည့်သူထည့်၊ ကိုယ့်ဘာသာ ပြန်ကုသ နေကြသည်။
ရှုချန်းသည်လည်း ထမ်းစင်တစ်ခုပေါ်တွင် လဲလျောင်းနေ၏။
ထိုထိပ်တန်းစစ်သည်များက ထမ်းစင်ပေါ်တွင်ရှိရင်း ရှုချန်းအကြောင်း တီးတိုး ပြောနေကြသည်။ ထမ်းစင်ပေါ်တွင် ရှိနေသော ပတ်တီးလိပ် အဖွေးသားနှင့် သူများမှာ သူ၏ ရိုက်နှက်ခြင်း ခံထားရသူများဖြစ်ရာ ရှုချန်းတစ်ယောက် အနည်းငယ်တော့ မျက်နှာမထားတတ် ဖြစ်နေခဲ့၏။
ရဲချူက အကြောဆေး သွင်းထားရသလို ပေါင်တွင်လည်း ရေခဲများ ကပ်ထားရသည်။ ပါ့စ်နှင့် အခြားသူများ စုပေါင်း၍ ရှုချန်းကို စိန်ခေါ်တိုက်ခိုက်ခဲ့ကြောင်း သူ သတင်းကြားပြီး ဖြစ်သည်။ ပါ့စ်နှင့် အခြားသူများကို ကြည့်ပြီးနောက် ရဲချူတစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိ၏။
"ဒီခြောက်ယောက်နဲ့ယှဉ်ရင် ငါရှုံးနိမ့်သွားတယ်ဆိုတာ ဘာမှ မဟုတ်သေးဘူးပဲ..."
ထိုက်ချီက မျက်လုံးပင့်ရင်း ကြည့်ကာပြောသည်။
"ဒါပေမယ့် မင်းကတော့ အကျည်းတန်ဆုံးကောင်ပဲ... ဆရာဝန်ပြောတာ မင်းဖင်ပါ ပွင့်သွားတယ်ဆို..." ကျန်ထိပ်တန်းစစ်သည်များကလည်း ကျယ်လောင်စွာ ရယ်မော လိုက်မိသည်။
ယနေ့မှစ၍ ရဲချူဟူသော အေးစက်၍ မာနထောင်လွှားပြီး သူ၏ စစ်ဒေသတွင် ထိပ်ဆုံးအဆင့် ရှိနေသူက 'ဖင်ပွင့်ကောင်' ဟူသောနာမည် ရရှိသွားပေတော့မည်။
ထိုက်ချီက ရဲချူအကြောင်းကို လက်သီးလက်မောင်းတန်းကာ ရယ်မော ပြောဆိုလိုက်သည်တွင် သူ၏ ဒဏ်ရာက ပြန်ပွင့်သွားခဲ့သည်။ ထိုက်ချီက နာကျင်စွာ အံတင်းတင်းကြိတ်ရင်း ပြောလိုက်၏။
"အား... ဆရာ... ဖြည်းဖြည်း... ဖြည်းဖြည်း..."
ဝမ်အန်က ရယ်မောရင်း ထိုက်ချီကို လှမ်းကြည့်လိုက်သည်။
"ဆရာဝန်ပြောတာတော့ မင်းရဲ့ဒဏ်ရာက အပြင်းဆုံးပဲတဲ့... တန်ပါတယ်... ပြီးတော့ ငါကြားတာ မင်း စည်းကမ်းဖောက်ခဲ့သေးတယ်တဲ့..."
ထိုက်ချီက ဝမ်အန်ကို ပြန်စိုက်ကြည့်ရင်း ပြော၏။
"ငါ့ညီအစ်ကိုလေးယောက်နဲ့ လျူဝေ ကို ပါ့စ်တို့ကို သွားရှာနိုင်အောင် လွှတ်ပေးလိုက်တာ... ငါသူ့ကို မတားနိုင်တဲ့အတွက် စည်းမျဉ်းစည်းကမ်း ချိုးဖောက်ပြီး သူ့ကို ငါနဲ့တိုက်ခိုင်းဖို့ တစ်ခုပဲ ရှိတော့တယ်လေ... ဒါပေမယ့် ဒီသူတောင်းစားက ငါအရှုံးပေးတာတောင်မှ ငါ့ကို ထိုးနှက်ခဲ့သေးတယ်..."
ရှုချန်းက မျက်လုံးထောင့်စွန်းမှနေ၍ ထိုက်ချီကို လှမ်းစိုက်ကြည့် လိုက်သည်တွင် ထိုက်ချီတစ်ယောက် ဖင်ရှုံ့ရင်း ချက်ချင်းပင် စကား ပြန်ပြင်ပြောလိုက်သည်။
"သူတောင်းစားက ငါပါ..." ထိုက်ချီက ရှုချန်း၏အကြည့်ကို အမှန်ပင် ကြောက်ရွံ့မိသည်။
သူက နောက်ပြန်လှည့်ရင်း ပါ့စ်တို့ကို ဆူပူကြိမ်းမောင်း လိုက်၏။
"ငါ မင်းတို့ကို ဝေဖန်တာတော့မဟုတ်ဘူး... ဒါပေမယ့် မင်းတို့ ခြောက်ယောက် ပေါင်းတာတောင်မှ သူ့ကို အနိုင်မယူနိုင်ဘူး... မင်းတို့ကောင်တွေ တကယ် ရှက်ဖို့ကောင်းတာပဲ... မင်းတို့ကောင်တွေက ငါတို့ကလပ်ရဲ့ မျက်နှာကို အိုးမည်းသုတ်လိုက်တာပဲ..."
ပါ့စ်က ခါးသီးစွာ ပြုံးလိုက်သည်။
"ထိုက်ချီ... မင်းက အလျင်နှုန်းမှာ နာမည်ကြီးတယ်... ဒါပေမယ့် မင်းတောင် သူ့ကို မတားနိုင်ခဲ့ဘူး မဟုတ်လား... မင်းရဲ့အလျင်တောင် သူ့ကို မမီမှတော့ ငါတို့တွေထဲက ဘယ်သူက မင်းထက်ပိုမြန်နိုင်မှာလဲ... ပြီးတော့ ခွန်အားအရဆိုရင် နောက်ဆုံးတော့ ငါ့ထက် ပိုသန်မာတဲ့လူကို တွေ့ခဲ့ပြီ... အဲ့တာကြောင့် ရှုံးရလည်း ကိစ္စမရှိပါဘူး..."
လျူဝေကလည်း ဝင်ပြော၏။
"အဲ့လိုဆိုရင် ငါရှုံးရတာ ပိုတောင်တန်သေးတယ်... ငါလို လက်ဖြောင့်တပ်သားက သေနတ်ပစ် ကျွမ်းကျင်တာ တစ်ခုပဲ ရှိတာလေ... အဲ့တာလေးပါ အခု အားသာချက် မရှိတော့ဘူးပေါ့..."
ရဲချူက အခြားလူများကို တစ်ချက်ကြည့်ရင်း လှမ်းမေး၏။
"မင်းတို့ရော... ဘယ်လိုလဲ..."
ဝေကျိ၊ ကျန်းချောင်နှင့် ဝမ်အန်တို့အားလုံးက ခေါင်းခါယမ်းလိုက်သည်။ ရဲချူက ပြုံးရင်း ပြောလိုက်သည်။
"ဘယ်သူမှ မငြင်းဘူးဆိုတော့ ပယ်မဲလုံးဝမရှိ အသိအမှတ်ပြုတာပေါ့..."
ပါ့စ်က မျက်မှောင်ကြုတ်ရင်း ဝင်ပြော၏။
"အမာရွတ်မျက်နှာလီမှာတော့ ငြင်းချက် ရှိမယ် ထင်တယ်..."
ရဲချူက ဖြတ်ပြောလိုက်သည်။ "သူ့မှတ်ချက်ကို ထည့်မတွက်ဘူး... ပြီးတော့ ငါတို့ကလပ်ရဲ့ စည်းမျဉ်းအရ ဘယ်လောက်သန်မာသလဲဆိုတာ အပေါ်ပဲ အခြေခံတယ်... အဲ့တာကြောင့် ပယ်မဲမရှိလို့ပဲ သတ်မှတ်လိုက်ရအောင်..."
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ သူတို့စကားပြောနေသည်ကို ကြားသည့်အခါ ရှုချန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ပယ်မဲမရှိ အသိအမှတ်ပြုတယ်ဆိုတာ ဘာကိုပြောတာလဲ..."
ရဲချူက သွားပေါ်အောင်ပြုံးရင်း ပြန်ဖြေ၏။
"ငါတို့ရဲ့ ထိပ်သီးအင်အားစုကလပ်ကနေ ကြိုဆိုပါတယ်..."
ရှုချန်းက ကြောင်အသွားခဲ့သည်။
"ထိပ်သီးအင်အားစုကလပ်... ဟုတ်လား..."
ပါ့စ်က ပြုံးရင်း ပြန်ဖြေ၏။
"မှန်တယ်... နိုင်ငံရေးနယ်ပယ်ထဲမှာဆိုရင် ချမ်းသာတဲ့ သားသမီးတွေက သူတို့ရဲ့ ကိုယ်ပိုင် စူပါကားကလပ်လို အဖွဲ့မျိုး ရှိသလိုပဲ ငါတို့ရဲ့ စစ်ဒေသမှာလည်း စစ်သားသမီးတွေက ကိုယ်ပိုင်ကလပ်တွေရှိတယ်... အဲ့ထဲမှာ ငါတို့ရဲ့ကလပ်ကို ထိပ်သီးအင်အားကလပ်လို့ခေါ်တယ်... ငါတို့နဲ့ နိုင်ငံရေးသမားတွေ ကြားထဲက ကွာခြားချက်ကတော့ ငါတို့စစ်သားတွေက နောက်ခံအင်အားတွေကို ထည့်မတွက်ဘဲ ကိုယ်ပိုင်ခွန်အားပေါ်ပဲ အရေးပေးကြတယ်... ပြီးတော့ ငါတို့ရဲ့ ထိပ်သီးအင်အားကလပ်မှာ ဘာပရိယာယ်မှမရှိဘူး... ဘာကိစ္စတွေပဲ ဖြစ်လာဖြစ်လာ ငါတို့လက်သီးနဲ့ပဲ ကိုယ်တိုင်ဖြေရှင်းကြတယ်..."
ရှုချန်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမယ့် မင်းတို့ပြောတာ ဒီကလပ်က စစ်မိသားစုရဲ့ မျိုးဆက်တွေဆို ငါက နောက်ခံမရှိတဲ့ မိဘမဲ့တစ်ယောက်... အဲ့တာကြောင့် မင်းတို့နဲ့ပေါင်းဖို့ မသင့်လျော်ပါဘူး... ဟုတ်တယ်ဟုတ်..."
ရဲချူက နှုတ်ခမ်းသပ်ရင်း ဝင်ပြော၏။
"ညီအစ်ကို... ညီအစ်ကိုက ကိုယ့်ကိုယ်ကို အရမ်းလျှော့တွက်နေတာပဲ... ပြီးတော့ ငါတို့က နိုင်ငံရေးနယ်ပယ်ထဲက လူတွေလိုမျိုး မဟုတ်ဘူး... တစ်ယောက်နဲ့တစ်ယောက် ဘယ်သူပိုသာမလဲ... နောက်ကျောဓါးထိုးဖို့ ချောင်းနေတဲ့သူတွေ မဟုတ်ဘူး... စစ်သားတွေက ညီညွတ်မှုကိုပဲ ဦးစားပေးတယ်... ပြီးတော့ စစ်သားတစ်ယောက် ဖြစ်မယ်ဆိုရင် မင်းမှာ အစွမ်းလည်း ရှိမယ်ဆိုရင် ငါတို့နဲ့ ပူးပေါင်းနိုင်တယ်... တခြားအဖွဲ့တွေနဲ့ ရန်ဖြစ်တဲ့အခါ သူတို့ရဲ့နောက်ခံကိုကြည့်ပြီး အပေါ်ဖားအောက်ဖိ လုပ်တတ်တဲ့ နိုင်ငံရေးနယ်ပယ်ထဲက သူဌေးသားသမီးတွေလိုလည်း မဟုတ်ဘူး... ငါတို့အဖွဲ့ထဲက တစ်ယောက် အနိုင်ကျင့်ခံရပြီဆိုရင် လေယာဉ်တစ်စီး၊ တင့်ကားတစ်ကားနဲ့ ဝင်လာပြီး အပြောက်ရှင်းလိုက်ရုံပဲ... ပြီးတော့ သာမန်လူတွေကိုလည်း ဖိတ်ခေါ်တာ မဟုတ်ဘူး..."
"မဟုတ်ရင် ဘာလို့ ထိပ်သီးဆိုတဲ့နာမည် ထည့်မှာလဲ...ငါတို့မှာလည်း ကိုယ်ပိုင်ကလပ်တွေရှိတယ်... ကလပ်တွေမှာလည်း အဆင့်နိမ့် ကလပ်တွေရှိတယ်... ထိပ်သီးဆိုတဲ့နာမည်ကတော့ မင်းအရှေ့က လူတွေမှာပဲ အသုံးပြုဖို့ အရည်အချင်းပြည့်မီတယ်... ပြီးတော့ ညီအစ်ကို... ညီအစ်ကိုက ငါတို့ထဲက တစ်ယောက်ဖြစ်လာဖို့ အရည်အချင်း ပြည့်မီတာထက်ကို ပိုပါတယ်... ညီအစ်ကို့မှာ နောက်ခံ ဘာမှမရှိဘူးလို့ ပြောခဲ့တယ်... ဒါပေမယ့် လက်ရှိ အရည်အချင်းတွေနဲ့ဆိုရင် ဒီပြိုင်ပွဲရဲ့ ချန်ပီယံလည်း ဖြစ်သွားပြီမို့ စစ်ဒေသထဲမှာ အနာဂတ်အလားအလာတွေ အများကြီးရှိနေပြီလေ... ချမ်းသာတဲ့ မိသားစုကြီးတွေရဲ့ ဒုတိယမျိုးဆက် မဟုတ်ရင်တောင် ကိုယ်ပိုင် ပထမမျိုးဆက် ဖြစ်လာဖို့ အရည်အချင်းတွေ အများကြီး ရှိနေတာပဲ..."
လင်ချူရွယ် ၏ ယောကျ်ားအဖြစ် လူလုံးထွက်ပြရတော့မည်ဆိုလျှင် ရှုချန်းက အဆက်အသွယ်နှင့် ဂုဏ်ဒြပ်များ လိုအပ်ကြောင်းကို နားလည်၏။ ထိုထိပ်သီးအင်အားစု အဖွဲ့ထဲကို ဝင်ရောက်ခြင်းက ရှုချန်း၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာလည်း မရောက်ချေ။
ထို့ကြောင့် ခေတ္တမျှ စဉ်းစားပြီးနောက်တွင် ရှုချန်းက အဖွဲ့အားကြည့်ကာ ပြောလိုက်သည်။
"အဲ့တာဆိုရင် လက်ရှိအဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲ..."
ပါ့စ်က ရဲချူကိုကြည့်ကာ ရှုချန်းကို ပြော၏။
"ရဲချူက လက်ရှိ ငါတို့အဖွဲ့ရဲ့ ဥက္ကဌပဲ... ဒါက သူ့ရဲ့ နောက်ခံနဲ့ မဆိုင်ဘူး... ငါတို့လူငယ်မျိုးဆက်ထဲမှာ သူက အသန်မာဆုံး ဖြစ်တာကြောင့်ပဲ... သူက အတော်ဆုံး... အဲ့တာကြောင့် လက်ရှိ ယာယီဥက္ကဌပေါ့..."
ရဲချူက ရှုချန်းကို ပြော၏။
"တကယ်လို့ မင်းသာ ဝင်မယ်ဆိုရင် မင်း ဥက္ကဌဖြစ်နိုင်ပါတယ်..."
ရှုချန်းက ပြန်မေး၏။
"ဘာလို့လဲ..."
"ပြောပြီးပြီပဲ... အရာအားလုံးက ဘယ်သူပိုသန်မာသလဲ ဆိုတဲ့အပေါ်ပဲ မူတည်တယ်..."
ရှုချန်းက အိပ်ရာပေါ်လှဲရင်း လက်ကိုခေါင်းခုကာ ခေါင်းခါယမ်း လိုက်သည်။
"ထားလိုက်တော့... ငါ အဖွဲ့ထဲဝင်မှာပါ... ဒါပေမယ့် ငါ ဥက္ကဌ၊ ဘာခေါင်းဆောင်မှ မလုပ်ချင်ဘူး... ပြီးတော့ တစ်ခု ကြိုပြောထားမယ်... ငါမလုပ်ချင်တဲ့အရာ ငါ့သိက္ခာနဲ့ ငြိမယ့်အရာမျိုးတွေ လုပ်ခိုင်းမယ် ဆိုရင်တော့ အဖွဲ့ထဲ မဝင်ခိုင်းတာ ပိုကောင်းမယ်..."
ရဲချူနှင့် ကျန်သူများအားလုံးက ရယ်မောလိုက်သည်။
"မင်းက ငါတို့ကို ဘာမှနားမလည်တဲ့ သူဌေးသားသမီးတွေ ထင်နေတာလား... ငါတို့က စစ်သည် သားသမီးတွေပါ... နိုင်ငံရဲ့အနာဂတ်ကို ကိုယ်စားပြုတယ်... ပြီးတော့ ငါတို့သာ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ဘယ်သူက လိုက်နာဦးမှာလဲ... ငါတို့က စကားလုံး လှလှလေးတွေ မပြော၊ စာကောင်းပေကောင်းတွေ မဖတ်လို့ စကားလုံးတွေ ကြမ်းရင် ကြမ်းနေလိမ့်မယ်... ရိုင်းရင် ရိုင်းနေလိမ့်မယ်... ဒါပေမယ့် ငါတို့အားလုံး ရိုးသားပွင့်လင်းပြီး တဲ့တိုးပဲပြောတတ်ကြတယ်... ဘာပဲဖြစ်ဖြစ်ပါ... နေရာတိုင်းမှာ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်... ပြီးတော့ စစ်သားတွေမှာလည်း စစ်သားတစ်ယောက်ရဲ့ သိက္ခာရှိပါသေးတယ်..."
ရှုချန်းက ပြော၏။
"အဲ့တာဆိုလည်း ကောင်းပြီလေ... ငါမင်းတို့အဖွဲ့ထဲဝင်မယ်... ဒါပေမယ့် အဖွဲ့ဝင်ကြေးအဖြစ် ငါ့မှာပေးစရာ ပိုက်ဆံတော့မရှိဘူး..."
ယင်းစကားကို ကြားသည်တွင် ရဲချူက ဒေါသတကြီးပြော၏။
"မင်းမေလင်ကို အဖွဲ့ဝင်ကြေးပါလား... အဖွဲ့ဝင်ကြေးပေးရမယ်ဆိုရင် စီးပွားရေး လိုင်စင်မရှိဘဲ အဖွဲ့တည်ထောင်တဲ့ ဥပဒေပြင်ပအဖွဲ့ ဖြစ်သွားတော့မှာပေါ့... ပြီးတော့ ငါတို့စစ်တပ်ရဲ့ ရှေ့မျိုးဆက်တွေအားလုံးက အဲ့ဒီလူချမ်းသာ သားသမီးတွေကို အမုန်းဆုံးပဲ... ပြီးတော့ အဲ့လိုသာ လုပ်မယ်ဆိုရင် သူတို့လို ဖြစ်သွားတော့မှာပေါ့... အဲ့အကြောင်း ထပ်မပြောနဲ့တော့... အနာဂတ်မှာ ငါတို့ဘယ်လောက်ထိ နိုင်ငံကြီးသား ပီသလဲဆိုတာ မင်းတွေ့မှာပါ..."
ပါ့စ်က ပြုံးရင်း ရှုချန်းကို ကြည့်လိုက်သည်။
"မင်းက မလိုအပ်ဘဲ အပိုတွေတွေးနေတာပဲ... ငါလည်းပဲ မင်းလို နောက်ခံမရှိတဲ့လူပါ... ဒီကလပ်ကိုဝင်ပြီးတော့ ငါသိလာတာက ကြိုးစားပြီး ပိုသန်မာအောင်လုပ်ဖို့ပဲ... တခြား အရေးမပါတာတွေအတွက် အချိန်မရှိဘူး... တကယ်လို့ ရဲချူနဲ့ တခြားလူတွေကလည်း ဖာခေါင်းတွေဆိုရင် သူတို့မိသားစုက စစ်တပ်ထဲ ဝင်ခိုင်းမှာ မဟုတ်ဘူး... မိသားစုကနေ ကန်ထုတ်ပစ်ကြလိမ့်မယ်..."
ပါ့စ်စကားများကို ကြားပြီးနောက် ရှုချန်းက တစ်စုံတစ်ဦးကို တွေးလိုက်မိသည်။
"မင်းတို့ ဟူပင်း ကို သိလား..."
ရဲချူက ဇက်ပု၍ ပြော၏။
"ငါသိတယ်... သူက တော်တော်လေး မောက်မာဝင့်ကြွားတဲ့လူပဲ... သူ့ဝါသနာကလည်း ငါတို့နဲ့ အတူတူပဲ... ဒါပေမယ့် သူ့ရဲ့ပါရမီကတော့ အကန့်အသတ်ရှိနေတယ်... ပြီးတော့ သူ့မိသားစုကိုလည်း မဖျောင်းဖျနိုင်ဘူး... သူသာ ဒီပြိုင်ပွဲကို ဖြတ်ကျော်နိုင်ပြီး ငါတို့ ထိပ်သီးအဖွဲ့ထဲ ဝင်နိုင်မယ်ဆိုရင် သူ့မိသားစုက သူ့ရွေးချယ်မှုကို လေးစားပြီး စစ်တပ်ထဲ ဝင်ခွင့်ပြုမှာ... ဒါပေမယ့် အခုတော့... ကြည့်ရတာ သူ နိုင်ငံရေးနယ်ပယ်ထဲပဲ သွားရမယ် ထင်တယ်..."
အခန်း ၂၃၀ ပြီး
နတ်နဂါးစစ်သည်
အခန်း ၂၃၁
(အခြားသူများ၏ ခေါင်းဆောင် )
ရှုချန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘာလို့ သူ့မိသားစုကို မဖျောင်းဖျနိုင်ရတာလဲ..."
ယဲ့ချူက ခေါင်းညိတ်ရင်း ပြန်ဖြေ၏။
"သူ့မိသားစုက ထင်သလောက် မရိုးရှင်းဘူး... ပြီးတော့ ငါတို့ မိသားစုတွေနဲ့လည်း မတူဘူး... ငါနဲ့မတူတာက သူ့မိသားစုကို ဖျောင်းဖျလို့မရတာ သူက စစ်တပ်အတွက် ပိုပြီး သင့်လျော်တယ်လို့ သက်သေမပြနိုင်လို့ပဲ... ပြီးတော့ သူက မိသားစု တတိယမျိုးဆက်ရဲ့ အကြီးဆုံးသား... သူ့နောက်က အငယ်တွေက မိသားစုထဲမှာ သွေးနှောတွေ ပါနေတယ်... အဲ့တာကြောင့် သူက တစ်ဦးတည်းသော မိသားစုရဲ့ ဆက်ခံသူဖြစ်လာတာပဲ... ဒါပေမယ့် သူ့နှလုံးသားက စစ်တပ်ထဲမှာပဲရှိပြီး နိုင်ငံရေးဘက်ကို မသွားချင်ဘူး... ငါကြားတာတော့ ဒီတစ်ကြိမ် မင်းအဖွဲ့ကနေ ဘေးဖယ်ထုတ်ခံရပြီး တစ်ယောက်တည်း တိုက်ခဲ့ရတယ်ဆို... သူ့မိသားစုသာ လုံလောက်တဲ့အစွမ်းအစ မရှိဘူးဆိုရင် မင်းကို အဲ့လိုမျိုး ဘေးဖယ်ထုတ်နိုင်မယ့် နည်းဗျူဟာတွေ ချနိုင်မယ်ထင်လား... ဒါပေမယ့် မင်းက သူ့ထက် အများကြီး သာပါတယ်... မင်းအဖွဲ့က စွန့်ပစ်သွားတာတောင်မှ တစ်ယောက်တည်း အင်အားနဲ့ ပထမနေရာကို ရခဲ့တယ်... အဲ့လိုမျိုး တစ်ယောက်တည်းနဲ့ ပထမနေရာ ရဖို့ဆိုတာ ငါအမြဲတမ်း မက်ခဲ့ရတဲ့ အိပ်မက်မျိုးပဲ... ငါ့ရဲ့ အထွတ်အထိပ် အခြေအနေနဲ့တောင် တစ်ယောက်တည်း အင်အားနဲ့ ပထမရဖို့ ကြိုးစားခဲ့ကြည့်သေးတယ်... ဒါပေမယ့် ဒီသူတောင်းစားတွေ နောက်ကလိုက်တာကို လမ်းဘေးကြွက်တစ်ကောင်လို ပြေးခဲ့ရတယ်... နောက်ဆုံးတော့ ငါ့အဖွဲ့နဲ့ ပြန်ပူးပေါင်းပြီး အိပ်မက်နဲ့ လက်တွေ့ကြား ကွာဟချက်တွေကို ပြန်နားလည်သွားရတယ်..."
သူတို့ စကားပြောနေစဉ်ပင် စစ်ဆေးရုံသို့ ကုသမှုခံယူရန် အားလုံး ပို့ဆောင်ခံလိုက်ရသည်။ ရှုချန်းက များစွာသော စွမ်းအင် ကုန်ဆုံးမှုများကြောင့် ရေဓာတ် ခမ်းခြောက်နေခဲ့သည်။ သူ၏ ခွန်အားက ကြောက်စရာကောင်းသည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သက်လုံကတော့ လိုအပ်နေသေးသည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ကြွက်သားမျှင်များက ခွန်အားအဆနှစ်ဆယ် တိုးပွားလာမှုအပေါ် များစွာ လုံလောက်အောင် ခံနိုင်ရည် မရှိသေးချေ။
ဤတစ်ကြိမ် သူက ထိုကြွက်သားမျှင်များ ပြန်လည် အသားကျ စေရန်အတွက် အိပ်ရာထဲတွင် ရက်အနည်းငယ် အနားယူရပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမူ သူ၏ ဒဏ်ရာများက အရိုးရှင်းဆုံးနှင့် အနည်းဆုံးဟု ပြောနိုင်၏။ ကျန်သော ထိပ်သီးစစ်သည်များမှာ အုံနာကျိုးကန်း ဖြစ်သွားသည်မို့ ဆေးရုံတွင် လနှင့်ချီ ကုသမှုခံယူရပေလိမ့်မည်။
ပြိုင်ပွဲပြီးဆုံးသွားပြီးနောက် ညွှန်ကြားရေးမှူး ရှီက ရှုချန်းကို တုပ၍ ကျန် ခေါင်းဆောင်များကို အော်ဟစ်လိုက်သည်။
"ဘယ်ကောင်ကျန်သေးလဲကွ..."
စစ်ဒေသခေါင်းဆောင်များ အားလုံးက ကြက်သေသေနေကြပြီး ပြန်ပြောစရာစကားလုံး ပျောက်ရှနေခဲ့သည်။ ညွှန်ကြားရေးမှူး ရှီက ထိုကျန်ခေါင်းဆောင်များကို စနောက်ရင်း ပြောလိုက်သည်။
"သြော်... ဒါနဲ့ မင်းတို့ကို သတိပေးရဦးမယ်... ပါ့စ်နဲ့ တခြားသူတွေက လက်ပတ်တွေကို တစ်ချိန်တည်း ဖြုတ်လိုက်တယ်ဆိုပေမယ့် ဒုတိယနေရာကနေ သတ္တမနေရာအထိ ပြန်ပြီး အဆင့်စီရမှာဖြစ်လို့ မင်းတို့အချင်းချင်း တိုက်ခိုက်ကြပေတော့..."
ထို့နောက်တွင်တော့ ညွှန်ကြားရေးမှူး ရှီက ကြီးကြပ်ရေးမှူးရန်နှင့်အတူ စောင့်ကြည့်ခန်းထဲမှ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လာခဲ့တော့သည်။ သူက နှလုံးပီတိဂွမ်းဆီထိကာ အပျော်ကြီး ပျော်နေလေသည်။
ကျန်ခေါင်းဆောင်များကတော့ ဒိုင်လူကြီးကို ဝန်းရံရင်း ဒုတိယနေရာမှ သတ္တမနေရာအထိ အဆင့်များအတွက် စတင်ငြင်းခုံ ရန်ဖြစ် ကြလေတော့သည်။
ညွှန်ကြားရေးမှုး ကျိုး က တံတွေးများ စင်ထွက်အောင် အော်ဟစ်ရင်း အထွန့်တက်လိုက်သည်။
"စောက်တောသားတွေ... ယဉ်ကျေးမှုကို ဖျက်ဆီးနေတဲ့ကောင်တွေ..."
---- ----- ----
ဆေးရုံပေါ်တွင်တော့ ရှုချန်းက ဆေးသွင်းပိုက်ချိတ်ရင်း အနားယူနေခဲ့သည်။
ဆေးရုံဟောခန်းမ တစ်ခုလုံးက ပြိုင်ပွဲဝင်သူများနှင့် အပြည့်ဖြစ်နေခဲ့သည်။ အချို့က ထိုင်၍ နားသူနား၊ လှဲ၍ နားသူနားနှင့် တစ်ဦးနှင့်တစ်ဦး စကားစမြည် ပြောဆိုနေကြ၏။
စစ်သားများက အတော်လေး ရိုးရှင်းလှသည်။ တိုက်ပွဲကွင်းပြင်တွင် ရန်သူများ ဖြစ်သော်လည်း ပြိုင်ပွဲပြီးဆုံးပြီး နောက်တွင်တော့ အားလုံးက အတူတကွ လက်ရည်တစ်ပြင်တည်း ထိုင်ရင်း ပြိုင်ပွဲအကြောင်းကို ဆွေးနွေးနေကြသည်။ သူတို့က ဖြတ်ကျော်ခဲ့ရသော အတွေ့အကြုံများအတွက် လွန်မင်းစွာ ကျေနပ် နှစ်ခြိုက်နေ၏။
ထိုအခိုက်အတန့်တွင် ရှုချန်း၏ ခုတင်နံဘေး လူနှစ်ဦး လျှောက်လှမ်းလာခဲ့သည်။ တစ်ဦးက လက်ဆန့်ထုတ်ရင်း ရှုချန်း၏လက်ကို လက်ဆွဲနှုတ်ဆက်လိုဟန် ပြသည်။
"ဟယ်လို... ငါ့နာမည်က ဟောင်အန်ပါ... ခေါင်းတည့်တည့် မင်း စနိုက်ပါနဲ့ ချောင်းပစ်ခံလိုက်ရတဲ့သူပေါ့..."
ဟောင်အန်က ကြီးကြပ်ရေးမှူးထံသို့ သွား၍ မေးမြန်းခဲ့ပြီး ရှုချန်းက ပြိုင်ပွဲတစ်လျှောက်လုံး တစ်ဦးတည်း တိုက်ခိုက်ခဲ့ကြောင်း ကြားရသည်တွင် နှလုံးသွေး ပွက်ပွက်ဆူမတတ် အံ့သြလေးစားခဲ့ရသည်။ သို့အတွက်ကြောင့် ရှုချန်းအကြောင်းများကို သိလိုခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်အထိ ရှုချန်း၏ သတင်းများကို စောင့်ဆိုင်းနေခဲ့သည်။
ပြိုင်ပွဲပြီးဆုံးရာတွင်တော့ ရှုချန်း အနိုင်ရခဲ့ကြောင်း ကြားသိရချိန်တွင် ဟောင်အန်မှာ ရှုချန်းကို စံပြတစ်ကိုယ်တော် တိုက်ခိုက်ရေးသမားအဖြစ် နမူနာ ယူမိခဲ့သည်။
ရှုချန်းက လက်ဆွဲ၍ ပြန်နှုတ်ဆက်ရင်း ဟာသသဘော ပြောလိုက်သည်။
"ငါ့ကို လက်စားချေဖို့ ရောက်လာတာတော့ မဟုတ်ဘူးမလား..."
ဟောင်အန်က သွားပေါ်အောင်ပြောရင်း ပြောလိုက်သည်။
"လက်စားချေချင်တာပေါ့... ဒါပေမယ့် ထိပ်သီးစစ်သည် ခြောက်ယောက်ပူးပေါင်းပြီး ရင်ဆိုင်ခဲ့တာတောင် မနိုင်မှတော့ ကျုပ်ဆိုရင် အိမ်ပြန်ပြီး အိပ်မက်မက်နေဖို့ပဲ ရှိတော့တယ်..."
သူ့နံဘေးမှ အားပေါင်က ရှုချန်းကို လေးစားမှုအပြည့်ဖြင့် ကြည့်ရင်း ဘောလ်ပင်ပေးကာ ပြောလိုက်သည်။
"ကျွန်တော့်ကို လက်မှတ်လေးများ ထိုးပေးနိုင်မလား..."
ရှုချန်းက အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သို့သော် အားပေါင်က လွန်မင်းစွာ အလေးအနက်ထား၍ ပြောနေရာ ဘောလ်ပင်ကိုယူ၍ လက်မှတ် ထိုးပေးလိုက်၏။
ထို့နောက်တွင်တော့ အားပေါင်က ရှုချန်းနှင့်အတူ ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးက ရှုချန်း၏ခုတင်ကို ညွှန်ပြလိုက်ပြီးနောက် အခန်းထဲသို့ နောက်တစ်ဦး ထပ်ဝင်လာခဲ့သည်။ ထိုလူက ရှုချန်းထံ ရောက်ရှိလာခဲ့ပြီး လက်ဆွဲနှုတ်ဆက်၏။ ရှုချန်းကလည်း ခေါင်းညိတ်ရင်း နွေးထွေးစွာပင် ပြန်လည်လက်ဆွဲနှုတ်ဆက်လိုက်သည်။ ထိုသူက ရှုချန်းကို မေး၏။
"ဒီလောက် မြူခိုးတွေ ထူထဲနေတာကို ကျုပ် ခေါင်းပြူထွက်မယ်လို့ ဘယ်လိုလုပ်ပြီး ခန့်မှန်းပြီး သိနေရတာလဲ..."
ရှုချန်းက ပြုံးရင်း ပြန်ဖြေ၏။
"မင်းရဲ့ စိတ်အားထက်သန်နေတဲ့အပေါ် လောင်းကြေးထပ်ကြည့်လိုက်တာ... မင်းရဲ့စစ်ဒေသက တစ်မှတ်တောင် မရသေးဘူးဆိုတာ ငါသိထားတယ်လေ... အဲ့တာကြောင့် ကပ္ပတိန်ဟောင်အန်တို့ အဖွဲ့ ထွက်ပြေးသွားတဲ့အပေါ် မင်း အရမ်း စိတ်အားထက်သန်နေလိမ့်မယ်... မီးခိုးငွေ့ထွက်တာနဲ့ မင်းတန်းပြီး ပြေးလိုက်မယ်လို့ ငါလောင်းကြေးထပ်လိုက်တာပဲ... လောင်းကြေးထပ်တာ မှန်သွားတဲ့သဘောပေါ့..."
"ဒါပေမယ့် လက်ဖြောင့်စွမ်းရည် မရှိဘူးဆိုရင်လည်း လောင်းကြေးထပ်မှန်ရင်တောင် အသုံးမဝင်ပါဘူး... မင်းက တကယ့်ကို တော်လွန်းတယ်ဆိုတာတော့ ပြောရမယ်..." ထိုသူက စိတ်နှစ်ကာ ချီးကျူးရင်း နှုတ်ဆက်ထွက်ခွာသွား၏။
ထိုသူထွက်သွားပြီးနောက်တွင် တံခါးပေါက်ကိုဖြတ်၍ ထမ်းစင်နှစ်ခု ထပ်မံ ရောက်ရှိလာကြောင်း ရှုချန်းတွေ့လိုက်ရ၏။ ထပ်မံဝင်ရောက်လာသူက ပြိုင်ပွဲ၏ တစ်ဦးတည်းသော အမျိုးသမီး(စစ်သမီး) ဖြစ်သော ဝမ်ယင်းပင်။
ဝမ်ယင်း က ရှုချန်းနံဘေးမှ ထမ်းစင်ဖြင့် ဖြတ်သွားချိန်တွင် နှာခေါင်းရှုံ့ရင်း မျက်လုံးပင့်ကြည့်လိုက်သည်။ အာဃာတ အမုန်းတရားများ ပြည့်နှက်နေသော အကြည့်ကြောင့် ရှုချန်းက အတော်လေး ကြောင်အသွား၏။
ထိုထမ်းစင်နှစ်ခုက ရှုချန်းနံဘေး ခုတင်တွင် နေရာချသည်။ ရှုချန်းက ပေါက်စီများကဲ့သို့ ပတ်တီးလိပ်များ ခေါင်းတွင် အဖွေးသားဖြစ်နေသည့် လူနှစ်ဦးကို ကြည့်ကာ ဝမ်ယင်းကို မေးလိုက်သည်။
"အဲ့နှစ်ယောက်က ဘယ်သူတွေတုန်း..."
ဝမ်ယင်းက ရှုချန်းကို စကားမပြောလိုပေ။ သို့အတွက်ကြောင့် လက်ပိုက်ရင်း မကြားသယောင် ဆောင်နေခဲ့သည်။ တစ်ဖက်တွင်တော့ ထိုပေါက်စီခေါင်းနှင့်တူသော ပတ်တီးအဖွေးသားနှင့် လူနှစ်ဦးက ဒေါသတကြီး အော်ဟစ်လာတော့သည်။
"ငါတို့ကို ဒီလိုအခြေအနေရောက်အောင်လုပ်ပြီး အခုမှဘယ်သူလဲ မေးနေတာလား... လခွမ်းထဲမှ..."
ထိုပေါက်စီခေါင်း နှစ်လုံး လှည့်လာချိန်တွင် ရှုချန်းက နောက်ဆုံးတော့ မှတ်မိသွားခဲ့သည်။ ထိုလူနှစ်ဦးက ဝူဟောက် နှင့် ရန်ဝေတို့ပင်။
"ဟာ... မင်းတို့... မင်းတို့ဘယ်လိုလုပ်ပြီး ခေါင်းတွေ ဒဏ်ရာရနေရတာလဲ... ငါမင်းတို့ ခေါင်းတွေကို မရိုက်ခဲ့တာ သေချာပါတယ်..."
ရှုချန်းက မျက်လုံးများ မှေးကျဉ်းရင်း မေးလိုက်သည်။ ရန်ဝေက ရှုချန်းကို စိုက်ကြည့်ရင်းဖြေ၏။
"ပြောမှ ပြောထွက်ရဲသေးတယ်နော်... ဘယ်သူတောင်းစားက ငါတို့ဘေးနားမှာ မြေမြှုပ်မိုင်းတွေ လာထားသွားတာလဲ... နားစည်တွေပါ ကွဲကုန်ပြီလား မသိဘူး... တစ်ခေါင်းလုံး ပတ်တီးစည်းထားရတယ်..."
ရှုချန်းက ထိုအခါမှ မျက်လုံးပင့်ကြည့်ရင်း ပြန်မေး၏။
"အဲ့တာဆိုလည်း မင်းတို့နားတွေကို ... ပိတ်ထားလို့ ရတာပဲလေကွာ..."
ထိုနှစ်ဦးလုံးက ချက်ချင်းပင် မည်သည့်စကားမှ ထပ်မပြောတော့။ ထိုအကြောင်း ပြန်တွေးလိုက်တိုင်း ဒေါသထွက်ရ၏။ သူတို့တွင် ဝက်ကဲ့သို့ ဦးနှောက်မဲ့သော အဖွဲ့သားများ ရှိနေသည် မဟုတ်ပါလား။ ဝူဟောက်က နောင်တရစွာ ပြောလိုက်သည်။
"မင်းက ဒီလိုမျိုး မွန်းစတားဆန်မှန်းသာ သိရင် ငါမင်းနဲ့အတူ အဖွဲ့ပူးပေါင်းခဲ့ပါတယ်... အနည်းဆုံးတော့ ပထမသုံးနေရာလောက် ရမှာပေါ့... အခုတော့ အားလုံးသွားပြီ..."
"ဟုတ်တယ်မလား... ငါအစောကြီးထဲက ပြောပါတယ်... မင်းတို့ကို ဆင်ဖြူတော်မှီပြီး ကြံစုပ်ခွင့်(စိန်နားကပ်အရောင်ဖြင့် ပါးပြောင်ခွင့်) ပေးမယ်လို့... ဒါပေမယ့် မင်းတို့က ငါ့ကိုပဲ တိုက်ခိုက်ချင်နေကြတယ်... အခု မင်းတို့အဆင့်ရော ဘယ်လောက်ဖြစ်သွားပြီလဲ..."
ရှုချန်း ထိုသို့ပြောလိုက်ရာတွင် ဝမ်ယင်းက နှာခေါင်းရှုံ့လိုက်သည်။ ရှုချန်းနှင့် အဖွဲ့မဖွဲ့လိုသူက သူမ ဖြစ်ကြောင်း အားလုံး သိရှိထားသည် မဟုတ်ပါလား။ ယခု ထိုအမျိုးသမီးက ရှုချန်းကို အတော်ကြီး မကျေမနပ် ဖြစ်နေခဲ့သည်။
ဒါ့အပြင် ရှုချန်းက သူမကို ပခုံးပေါ် ကျောပိုးရင်း ကျည်ဆံများကို သူမခန္ဓာကိုယ်နှင့် ကာခဲ့သည် မဟုတ်ပါလား။ တစ်ကြိမ်တည်းက ကိစ္စမရှိသေးချေ။ သို့သော် ရှုချန်းက နောက်တစ်ကြိမ် ထပ်လုပ်ခဲ့သည်။
သူမ၏ တင်ပါးများက သေနတ်ဒဏ် အပေါက်များကြောင့် ယခုတိုင် နာနေဆဲပင်။
သို့သော် ယခုတိုင်အောင် ရှုချန်းထံမှ တောင်းပန်စကားတစ်ခွန်း ထွက်လာသည်ကို မမြင်ရသေးချေ။ ကြည့်ရသည်မှာ ရှုချန်းက ထိုအကြောင်းကို နားလည်ပုံပင် မရ။ တောင်းပန်မည့်ဟန်လည်း မရှိ။
"ပြောမနေနဲ့တော့... နောက်ဆုံး မနှစ်ကတုန်းက ပဉ္စမနေရာ ရတယ်... ဒီနှစ်တော့ အဆင့် ၁၅ လောက်ဖြစ်မှာပေါ့... ခေါင်းဆောင်ကတော့ အတော်ကြီး ဒေါသထွက်နေပြီ ကြားတယ်..." ဝူဟောက်က ခါးသီးစွာ ပြုံးလိုက်သည်။ ထိုအခိုက်အတန့်တွင် ညွှန်ကြားရေးမှူး ရှီနှင့် ကြီးကြပ်ရေးမှူး ရန်တို့ ဝင်ရောက်လာခဲ့သည်။
ညွှန်ကြားရေးမှူး ရှီက ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးရင်း တစ်လှမ်းချင်း လျှောက်ဝင်လာ၏။ သူက ရှုချန်းနံဘေး ပြတင်းပေါက်တွင်ထိုင်ရင်း လက်ဆွဲနှုတ်ဆက်ကာ စိတ်လှုပ်တရှား ပြောလာတော့သည်။
"တော်တယ် ရှုချန်း... ဒဏ်ရာတွေကို ဂရုစိုက်ဦး... ပြီးရင် ငါတို့ရဲ့ ယူနီဖောင်းကိုဝတ်ပြီး နောက်သုံးရက်နေရင် ငါတို့စစ်တပ်အတွက် တောက်ပပေးပါဦး... မင်းငါ့ကို တကယ် စိတ်မပျက်စေခဲ့ဘူးပဲ... မင်းထွက်သွားတုန်းက မင်းရဲ့စစ်တပ်ရာထူးတွေကို တစ်ခုမှ မဖယ်ရှားဘဲ မျှော်လင့်ချက်ထားခဲ့တာ တကယ်မမှားခဲ့ဘူး... ဒီတစ်ကြိမ် ရှောင်ရန်က မင်းကို တစ်နေရာပေးဖို့ အကြံပေးခဲ့တယ်... ငါကလည်း သဘောတူခဲ့တယ်... ဘာလို့လဲဆိုတော့ မင်းက အံ့အားသင့်စရာတွေ ဖန်တီးနိုင်မယ့်လူဆိုတာ ငါအမြဲတမ်း ယုံကြည်ခဲ့လို့ပဲ... ပြန်ရောက်ရင် ဘာမှပြောနေစရာ မလိုအောင် ငါမင်းကို ရာထူးတိုးပေးမှာပါ..."
တစ်ဖက်ခြမ်းမှ ဝူဟောက်က တီးတိုးရေရွတ်လိုက်သည်။
"ကြည့်ပါဦး... တခြားခေါင်းဆောင်တွေကို..."
အခန်း ၂၃၁ ပြီး