နတ်နဂါးစစ်သည်
အခန်း ၂၁၇
( ဒါဆို ငါ စ လှုပ်ရှားပြီ )
ညွှန်ကြားရေးမှူး ရှီ သည်လည်း ကျိန်ဆဲမိတော့ဆဲဆဲ ကိုယ့်ကိုကိုယ် ပြန်ထိန်းချုပ်လိုက်ရသည်။ ထို့နောက် ညွှန်ကြားရေးမှူး ကျိုး ကို လှမ်းကြည့်ကာ အော်ပြောလိုက်၏။
"မင်း ဘာလုပ်နေတာလဲကွ... ငါတို့ စစ်ဒေသမှာ တစ်ဦးတည်းကျန်ခဲ့တဲ့ စစ်သားကို ထိပ်တန်း ၂၀ အတွင်း ဝင်ခွင့်လေးတော့ ပေးပါဦး... ဘာလို့ အတင်းတွေ လုယူချင်နေရတာလဲ... "
ညွှန်ကြားရေးမှူး ကျိုး...
" ငါတို့ဘက်ကနေ စစ်မြေပြင်ကို လှမ်းပြီး သတင်းပို့လို့ မရဘူးဆိုတာ မင်းလည်း အသိပဲလေ... သူတို့တွေ ဘယ်မှာတွေ့ပြီး ဘယ်မှာတိုက်ဖို့ လှမ်းပြောလို့မှ မရတာ... "
ညွှန်ကြားရေးမှူး ရှီ က ... " အဘိုးကြီးကျိုး... မင်း စစ်သားတွေက ငါ့လူကို ပထုတ်ဖို့ ကြိုးစားရင်တော့ မင်းနဲ့ ငါပါ ဒီမှာတင် ပွဲသိမ်းသွားမယ်မှတ်... "
"စိတ်လျှော့ပါဦး... ဘာတွေ ဒီလောက် အသည်းအသန် ဖြစ်နေတာလဲ... ငါလည်း သူတို့ကို မတိုက်စေချင်ပါဘူး... စိတ်အေးအေးထားပြီး စောင့်ကြည့်တာပေါ့... "
ဖန်သားပြင်ပေါ်တွင် မြင်ရသလောက် ရှုချန်းက ရန်ဝေ၊ ဝူဟောက်နှင့် ဝမ်ယင်းတို့ကို မထိတထိ လှမ်းပြုံးပြနေသည်။ သူ့တစ်ကိုယ်လုံးလည်း ဖုန်များ ပေကျံလျက် စုတ်ပြတ်သတ်နေလေ၏။
ခဏအကြာတွင် ရန်ဝေနှင့် ဝူဟောက်က ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းရန် ရှေ့သို့ ထွက်လာသည်။ ဝမ်ယင်းကမူ ရှုချန်း ပုံစံကို မြင်သည်နှင့် သူ၏ အသင်းသားများကို လှမ်းတားလိုက်ကာ...
"အဖွဲ့မှာ ရှင် တစ်ယောက်ပဲ ကျန်တော့တာမလား... "
ရှုချန်း ခေါင်းညိတ်ပြလိုက်သည်။
"အဲ့လိုသာဆို ကျွန်မတို့နဲ့ လက်တွဲလည်း ရှင် မကြာခင် ထုတ်ပယ်ခံရမှာပဲ... မပူးပေါင်းတာဘဲ ပိုကောင်းမယ်... "
ရှုချန်း... "သေချာရဲ့လား... ငါ မင်းတို့ကို ထိပ်တန်း သုံးဖွဲ့ ထဲ ရောက်အောင် လုပ်ပေးနိုင်တယ်နော်... "
"ကျွန်မတို့ အရင် ရှင့်ကို ပူးပေါင်းဖို့ ခေါ်တုန်းကရော လက်ခံခဲ့လို့လား... အခုမှတော့ ဘာမှ မထူးဘူးလေ... ရှင့်ကို လိုလည်း မလိုအပ်ဘူး... အဲ့ဒါကြောင့် ထိပ်တိုက်ပဲ ရင်ဆိုင်ကြတာပေါ့... "
ရှုချန်းသည် လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ဝမ်ယင်းက သူ၏ နောက်စေ့ကို စနိုက်ပါ ရိုင်ဖယ်ဖြင့် ချိန်ရွယ်ကာ အော်ပြောလိုက်၏။
"ရှင် လက်မခံဘူးဆိုရင် ကျွန်မ ပစ်မှာနော်... "
ရှုချန်း အနည်းငယ် ကျောချမ်းသွားကာ နောက်ပြန် လှည့်ကြည့်လိုက်သည်။
"ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မဖြစ်မနေ တိုက်မှ ရမှာလား... "
"ဒါ စစ်မြေပြင်လေ... ကျွန်မတို့ မတိုက်တော့ ဖက်နမ်းရမှာလား... "
သူမ၏ စကားကြောင့် ရှုချန်း မျက်ခုံးများပင် လှုပ်သွားသည်။
"ကဲ အဲ့ဒါဆို ပြောပါဦး... ဘယ်လို တိုက်မှာလဲ... "
"ရှင် ကျွန်မတို့ သုံးယောက်ကို ရအောင် ကျော်နိုင်ရင် နိုင်ပြီ... ရှင် ရှုံးသွားရင်တော့ ဒီတိုက်ပွဲအတွက် အရည်အချင်း မပြည့်ဝသေးဘူးဆိုတာ ဖော်ပြနေတာပဲ... အဲ့ဒါဆိုရင် ကျွန်မတို့ ရှင့်ကို လွှတ်ပေးလိုက်ရင်တောင် တခြား တစ်ကိုယ်တော် ထိပ်တန်းသမားတွေနဲ့ တွေ့ရင် ကျည်ကုန်တာနဲ့ သေမှာပဲ... စောစော အထုတ်ခံရမှာနဲ့ နောက်ကျမှ အထုတ်ခံရမှာဘဲ ကွာတာ... ကျွန်မတို့ ကိုယ်တိုင်ပဲ ရှင့်ကို ရှင်းပစ်တော့မှာပေါ့... "
ရှုချန်းသည် ရန်ဝေ နှင့် ဝူဟောက်တို့ကို လှမ်းကြည့်လိုက်သည်။
"မင်းတို့တွေကရော ဘယ်လိုထင်လဲ... "
ရန်ဝေက ဝင်ပြောသည်။
" ယင်း ပြောတာမှန်တယ်... ငါတို့ သုံးယောက်လုံးကို ကျော်နိုင်ပြီဆိုရင်တော့ မင်း အဆုံးထိ သွားဖို့ အရည်အချင်း မီလို့ပေါ့... ဒါပေမဲ့ အထုတ်ခံရရင်လည်း ခံရမှာပေါ့... ဘာပဲဖြစ်ဖြစ်လေ မင်း စွမ်းရည် ဘယ်လောက်ရှိလဲ ကြည့်ရတာပေါ့... "
စောင့်ကြည့်ခန်းထဲတွင် ညွှန်ကြားရေးမှူး ကျိုး သည် အတွေးပေါင်းများစွာဖြင့် ညွှန်ကြားရေးမှူး ရှီ ကို လှမ်းကြည့်နေမိသည်။
"သူက အဲ့လောက်တောင် သန်မာလို့လား... သူ့ရဲ့ ကိုယ်ခံစွမ်းရည်တွေ လျော့ကျသွားတယ် မဟုတ်ဘူးလား... ကြည့်ရတာတော့ တိုက်ခိုက်နိုင်စွမ်းတွေ လျော့ကျသွားလို့ လက်တည့်စွမ်းရည်ကို ပိုပြီး တိုးတက်အောင် ကြိတ်လေ့ကျင့်နေတယ်နဲ့ တူတယ်... မှန်မှန် ပြောစမ်းပါ... စနိုက်ပါ ရိုင်ဖယ်သာ မရှိရင် သူ ဘာမှ သုံးစားလို့ ရတော့မှာ မဟုတ်ဘူး... ဟုတ်တယ်မလား... "
ညွှန်ကြားရေးမှူး ရှီ က မကျေမနပ်ဖြင့် နှာခေါင်း ရှုံ့လိုက်သည်။
"မင်းရဲ့ စစ်သားတွေက တကယ် အရှက်မရှိတာပဲ... ရှုချန်းကို သုံးယောက် တစ်ယောက်တိုက်မယ် ဟုတ်လား... ဘာလို့ တစ်ယောက်ချင်းစီ မျှမျှတတ မတိုက်နိုင်ရတာလဲ... ရှက်ဖို့ ကောင်းလိုက်တာကွာ... "
ညွှန်ကြားရေးမှူး ကျိုး ကလည်း ဆတ်ဆတ်ထိမခံ ပြန်အော်ပြောသည်။
"အရည်မရ အဖတ်မရတွေ... အခုအချိန်မှာ ရှုချန်းက ငါတို့ စစ်သား ဆယ့်တစ်ယောက်နဲ့ ရင်ဆိုင်နေရတာနော်... သူ့ကို အဲ့ဒီနေရာမှာတင် သေနတ်တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်လို့ရတယ်... ဒါပေမဲ့ မပစ်သေးဘဲ အခွင့်အရေး ပေးထားတာကို မင်း ထိုင်ရှိခိုးသင့်နေပြီ... မကျေနပ်လို့ရှိရင် သူ့တစ်ယောက်တည်းကို စစ်သား ဆယ့်တစ်ယောက်နဲ့ ရင်ဆိုင်ခိုင်းလိုက်လေ... အရိုးပါ ပြန်ရှာမရ ဖြစ်သွားဦးမယ်... "
ထိုအချိန်တွင် ကြီးကြပ်ရေးမှူး ရန် ပြန်ရောက်လာသည်။ ညွှန်ကြားရေးမှူး ရှီ က စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်၏။
"ရှုချန်းရဲ့ စွမ်းရည်တွေ ဘယ်လိုနေလဲ... "
ကြီးကြပ်ရေးမှူး ရန် အံ့အားသင့်သွားပြီး ... " ဘာလို့ မေးတာလဲ... "
ညွှန်ကြားရေးမှူး ရှီက ကြီးကြပ်ရေးမှူး ရန်ကို ဖန်သားပြင်သို့ ညွှန်ပြလိုက်သည်။ ရှုချန်းသည် ရန်ဝေ၊ ဝူဟောက်နှင့် ဝမ်ယင်းတို့ကို မျက်နှာမူနေပြီး စစ်ဒေသ ၈အဖွဲ့မှ စစ်သား ရှစ်ယောက်ကလည်း သူတို့၏ ရဲဘော် သုံးယောက်နောက်တွင် ရပ်ကာ အသင့်အနေအထားဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည်။
ထိုအချိန်တွင် စစ်ဒေသ ၅ ဝတ်စုံနှင့် ရှုချန်း၏ အသွင်အပြင်မှာ စစ်တပ် တစ်တပ်နှင့် လူ တစ်ယောက် ယှဉ်တိုက်နေသည့်အလား ကြီးကျယ်ခမ်းနားလှသော အရှိန်အဝါများ ထွက်ပေါ်နေလေ၏။
"သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ချကြတော့မှာလား... "
ကြီးကြပ်ရေးမှူး ရန် က လှမ်းမေးလိုက်သည်။ " တစ်ယောက်ချင်းစီလား... "
ညွှန်ကြားရေးမှူး ရှီ " ဟုတ်တယ်လေ တစ်ယောက်ချင်းစီပဲ... ဒါပေမဲ့ ဟိုဘက်ကတော့ သုံးယောက်... စစ်ဒေသ ၈အဖွဲ့ရဲ့ အဓိက တိုက်ခိုက်ရေးသမား သုံးယောက်က ရှုချန်းကို အမဲဝိုင်းဖြတ်ကြတော့မှာ... "
"စောက်ရှက်မရှိတာကွာ... "
ညွှန်ကြားရေးမှူး ကျိုး ဆွံ့အသွားတော့သည်။
ကြီးကြပ်ရေးမှူး ရန် က တစ်ခုခု နားလည်ထားဟန်ဖြင့်...
" အင်း... သေချာတော့ ပြောလို့မရဘူး... မျှော်လင့်ရတာပဲလေ... "
ညွှန်ကြားရေးမှူး ရှီ သည် သူ၏ အဖြေကို မကျေနပ်သေးဘဲ ကြီးကြပ်ရေးမှူး ရန်အား စိုက်ကြည့်နေသည်။
"ဘာ မျှော်လင့်ရတာလဲ... သူက မင်း သူငယ်ချင်းလေ... မင်းဘဲ အသိဆုံးနေမှာပေါ့... မသေချာ မရေရာတာတွေ မပြောနဲ့... "
ကြီးကြပ်ရေးမှူး ရန်သည် ခဏတာ တွေးတောပြီးနောက် ပြန်လည် တုန့်ပြန်လိုက်သည်။
"ဘာဖြစ်လို့လဲဆို ငါ ကိုယ်တိုင် သူနဲ့ တစ်ခေါက် တိုက်ဖူးတယ်... "
"ဘယ်သူနိုင်သွားလဲ... "
"သူနိုင်သွားတာ... "
"ငါ့ရဲ့ အဓိက စစ်သားသုံးယောက်မှာ နှစ်ယောက်လောက်က မင်းကို အလွယ်လေး အနိုင်ယူနိုင်တယ်ကွ... ရှုချန်းက မင်းကို နိုင်သွားတယ်ဆိုတာ အထင်ကြီးစရာမှ မရှိတာ... သူ ငါ့စစ်သားတွေကို နိုင်ချင်မှ နိုင်မှာပေါ့... "
ကြီးကြပ်ရေးမှူး ရန်သည် တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်ပြီးမှ ရုတ်တရက် ပြန်ရုတ်လိုက်သည်။ ညွှန်ကြားရေးမှူး ရှီ က သူ့ကို စိုက်ကြည့်ပြီး...
"ဘာပြောချင်လို့လဲ... "
ကြီးကြပ်ရေးမှူး ရန်...
" မျှော်လင့်ရတာပဲ လို့ ပြောလိုက်တာ အကြောင်းရှိတယ်... ငါ သူနဲ့ တိုက်တုန်းက တစ်ခေါက်မှ အသာစီးမရခဲ့ဘူး... သူ့ အရည်အချင်းတွေကို ငါကိုယ်တိုင်တောင် နားမလည်နိုင်တဲ့ အချိန်တွေ ရှိခဲ့ဖူးတယ်... ညွှန်ကြားရေးမှူး ကျိုး... မင်းကို သေချာပေါက် ပြောနိုင်တာ တစ်ခုက ငါ မင်းရဲ့ စစ်သား သုံးယောက်ကို အနိုင်မယူနိုင်ပေမယ့် ပြန်တော့ တိုက်နိုင်ပါသေးတယ်... ဒါပေမဲ့ ရှုချန်းနဲ့တုန်းက သံတုတ်တစ်ချောင်းကို လက်ဗလာနဲ့ ကွေးဖို့ ကြိုးစားနေတဲ့ သာမန်လူတစ်ယောက်လိုပဲ... ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ် အထိနာတာပဲ အဖက်တင်တယ်... "
ညွှန်ကြားရေးမှူး ကျိုး သည် အတွေးပေါင်းများစွာနှင့် မယုံသင်္ကာ ဖြစ်နေသည်။
"ဟုတ်လို့လားကွာ... ရန် မင်း အသက်ကြီးလာတာနဲ့ ဆင်ခြင်တွေးခေါ်နိုင်စွမ်းတွေပါ ကျလာတယ် ထင်တယ်... မင်းကို စာများများ ဖတ်ဖို့ ပြောသားပဲ... အခုတော့ မင်းပြောနေတဲ့ပုံက မသိရင် ရှုချန်းက မကောင်းဆိုးဝါးကြီး အတိုင်းပဲ... ငါ့ရဲ့ အဓိက စစ်သား သုံးယောက်က သူ့ကို မယှဉ်နိုင်ဘူးလို့ ပြောတယ်နော်...ဟုတ်ပြီ... "
"မျှော်လင့်ရတယ်လို့ဘဲ ပြောတာပါ... "
ညွှန်ကြားရေးမှူး ကျိုး က လျစ်လျူရှုကာ ဖန်သားပြင်ပေါ်သို့ အကြည့်ရောက်သွားသည်။
ရန်ဝေ၊ ဝူဟောက်နှင့် ဝမ်ယင်းတို့သည် ရှုချန်းအနားသို့ ချဉ်းကပ်လာကြသော်လည်း ရှုချန်းက ခြေတစ်လှမ်းမှ မရွေ့၊ ကျောက်ရုပ်အလား အတိုင်းသား ရပ်နေ၏။
တစ်ဖက်ရှိ ပြိုင်ဘက် စစ်သားသုံးဦးမှာ တုပ်တုပ်မလှုပ်သော ရှုချန်းကို ကြည့်ကာ ရှေ့ဆက်တိုးရန် မဝံ့မရဲ ဖြစ်နေကြသည်။
ညွှန်ကြားရေးမှူး ကျိုး က ဖန်သားပြင်ကို ကြည့်နေရင်း အားမရတော့ဘဲ ထထိုးတော့မည့် အလား ဟန်တပြင်ပြင် ဖြစ်နေလေ၏။
"တောက်ခ် သူတို့ ဘာတွေ စောင့်နေတာလဲ... "
သူ့ဘေးတွင် ထိုင်နေသော လက်ထောက်ကြီးကြပ်ရေးမှူးက ..." ရန်ဝေ အရင်တုန်းက ရှုချန်းကို ရှုံးသွားခဲ့ဖူးတယ်... အဲ့တာကြောင့် သူတို့တွေ သတိထားပြီး လှုပ်ရှားနေကြတာ... ရေထဲမဆင်းခင် ဘယ်လောက်အေးမအေး အရင် စမ်းသပ်နေတဲ့ သဘောပဲ... "
ငါးမိနစ်ခန့်ကြာသောအခါ...
ညွှန်ကြားရေးမှူး ကျိုး ပါးစပ် အဟောင်းသား ဖြစ်နေရသည်။
"ရေ ဘယ်လောက်အေးလဲ စမ်းဖို့ ငါးမိနစ်ကြီးများတောင် လိုလို့လား... "
တိုက်ပွဲအတွင်း၌...
ခြေတစ်လှမ်းချင်း လျှောက်ကာ အခြေအနေကို စူးစမ်းလေ့လာနေသော ထို စစ်သား သုံးယောက်ကို ရှုချန်းပင် စိတ်မရှည်တော့။
"မင်းတို့ တိုက်မှာလား မတိုက်ဘူးလား... မတိုက်ရင်လည်း ငါ သွားတော့မယ်... "
ရန်ဝေနှင့် အခြား နှစ်ယောက်မှာ အနည်းငယ် အရှိုက်ထိသွားသည်။ သူတို့ သုံးယောက်လုံး ရှုချန်း၏ အားနည်းချက်ကို အပြင်းအထန် ကြိုးစား ရှာဖွေနေကြသော်လည်း တစ်ဖက်လူကမူ တစိုးတစိမျှပင် ကြောက်ရွံ့ပုံ မရဘဲ ရပ်မြဲအတိုင်း ရပ်နေလေ၏။
ဝူဟောက်သည်လည်း စိတ်ရှည် သည်းခံနိုင်စွမ်းများ တဖြည်းဖြည်း လျော့ကျလာကာ ရုတ်တရက် ဒေါနှင့်မောနှင့် တိုက်ခိုက်လေတော့သည်။
ထို့နောက် ရှုချန်း ရှိရာသို့ တဟုန်ထိုး ပြေးသွားရင်း ခြေထောက်ဖြင့် ဆောင့်ကန်ချလိုက်၏။
တိုက်ပွဲ စတင်လေပြီ။
ညွှန်ကြားရေးမှူးနှစ်ဦးမှာ အသက်ပင် ကောင်းကောင်း မရှူနိုင်၊ ရင်တမမနှင့် စောင့်ကြည့်နေကြသည်။
ဝူဟောက်၏ ခြေထောက်က ရှုချန်း၏ ခါးတစ်ဖက်ခြမ်းနှင့် ထိတွေ့သွားသည့်အခိုက်တွင် ရှုချန်းသည် ရှောင်တိမ်းခြင်း မပြုခဲ့သလို နာကျင်မှု အရိပ်အယောင်ကိုလည်း ဖော်ပြခြင်း မရှိခဲ့။
သူ့အား ကြည့်ရသည်မှာ ကျောက်တုံးတစ်တုံးကို ဆောင့်ကန်ရသည့်အလား ခံစားချက်မဲ့လွန်းလှသည်။
ထို့နောက်တွင်...
"မင်းတို့ကို သနားလို့ တစ်ကွက် အကျောပေးထားတာ... ကိုယ့်အလှည့်ရောက်ရင်တော့ မငိုကြနဲ့နော်... ငါ စပြီ... "
အခန်း ၂၁၇ ပြီး
နတ်နဂါးစစ်သည်
အခန်း ၂၁၈
( ရှင့်ကို လုံးဝ ခွင့်မလွှတ်ဘူး )
ရှုချန်းသည် ပြောပြောဆိုဆိုနှင့် သူ၏ လက်မောင်းကို အသုံးပြုကာ ဝူဟောက်၏ ခြေထောက်ပျံကို လှမ်းဖမ်းလိုက်သည်။ ထို့နောက် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို မကိုင်ကာ အဝေးသို့ တွန်းထုတ်လိုက်လေ၏။
ဖန်သားပြင်ပေါ်တွင် ဝူဟောက်၏ ခန္ဓာကိုယ်မှာ ရှစ်မီတာခန့် အဝေးထိ လွင့်စင်ပြီးမှ သစ်ပင်နှင့် ဝင်တိုက်မိသွားကြောင်းကို တွေ့မြင်နိုင်သည်။ ရှုချန်း၏ လေသီးတစ်ချက်က လေထဲ လွင့်ထွက်သွားစေသည်ဟူသော ရန်ဝေ၏ စကားကို ချဲ့ကားပြောနေခြင်းဟု ထင်ထားခဲ့သော်လည်း ယခု လက်တွေ့ ခံစားလိုက်ရသည့်အခါတွင်မူ မယုံကြည်၍ မရတော့ချေ။
သူ၏ ခန္ဓာကိုယ်မှာ သစ်ပင်နှင့် ဝင်တိုက်ခံရသောကြောင့် အရိုးများ အားလုံး ကျိုးလုနီးပါး ဖြစ်သွားပြီး နာကျင်မှုမှအပ စကား သုံးလုံးသာ ခေါင်းထဲ ရောက်လာသည်။
"ခွေး... မ... သား... "
ကြီးကြပ်ရေးမှူး ရန်သည် ညွှန်ကြားရေးမှူးကျိုး ပါးစပ် အဟောင်းသားဖြစ်နေသည်ကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရသည်။
"အနည်းဆုံးတော့ ဝူဟောက်က ရှုချန်း အသားကို ထိလိုက်ရပါသေးတယ်... ဒါနဲ့တင် တော်တော် ကျေနပ်စရာ ကောင်းနေပါပြီ... "
ညွှန်ကြားရေးမှူးကျိုး သည် သူ့အား မထိတထိ လှောင်ပြောင်နေသော စကားများကို လျစ်လျူရှုနေ၏။
ကြီးကြပ်ရေးမှူး ရန်သည် ရှုချန်းနှင့် အဆောင် တိုက်ခန်း အပြင်ဘက်တွင် တိုက်ခိုက်စဉ်က သူ၏ ဆံပင်မွေး တစ်ချောင်းပင် မထိနိုင်ခဲ့သော အဖြစ်ကို ပြန်တွေးမိသွားကာ အိုးမလုံ အုံပွင့် ဖြစ်နေလေသည်။
မိမိ၏ ပြိုင်ဘက်က မိမိအား ထပ်တလဲလဲ ကန်ကျောက်နေချိန်တွင် ပြိုင်ဘက်၏ အင်္ကျီစလေးကိုပင် မထိနိုင်ခဲ့သော ထို တိုက်ပွဲကို မြင်ယောင်ကြည့်လျှင် သူ့ကိုယ်သူ သတ်သေချင်စိတ်ပါ ပေါက်လာသည်။
ဤသည်မှာ အဆင့်မြင့် တိုက်ခိုက်ရေးသမား တစ်ယောက်အဖို့ ရှက်ဖွယ် အတွေ့အကြုံ တစ်ခုဖြစ်သလို အရက်စက်ဆုံး ညှဉ်းပန်းမှု တစ်ခုလည်း ဖြစ်သည်။
ထိုစဉ် ဝူဟောက်၏ အော်သံကို ကြားသောအခါ ရန်ဝေနှင့် ဝမ်ယင်းတို့ စူးစူးဝါးဝါး အော်ဟစ်ရင်း တဟုန်ထိုး ပြေးဝင် တိုက်ခိုက်ကြတော့၏။
ရှုချန်း၏ ခြေထောက်စာကို ခံခဲ့ရဖူးသော ရန်ဝေသည် ဤတစ်ကြိမ်တွင် တဇွတ်ထိုး မလုပ်ရဲတော့ပေ။ ထို့ကြောင့် ထိပ်တိုက်ရင်ဆိုင်မည့်အစား သူ၏ မျက်နှာ ဘယ်ဘယ်ခြမ်းကို လက်သီးဖြင့် ထိုးဟန်ဆောင်ကာ ချိန်ရွယ်လိုက်သည်။ ရှုချန်းက ၎င်းကို လှမ်းတားစဉ် တစ်ဖက်လှည့်ဖြင့် ဝမ်ယင်းအား ကြားဖြတ် ဝင်တိုက်ရန် အခွင့်အရေး ပေးလိုက်သည်။
ထို့နောက် ဝမ်ယင်းက ရှုချန်း ၏ခြေကျင်းဝတ်ကို ခြေထောက်များဖြင့် လိမ်ကာ ဖမ်းလိုက်သည်။ ရှုချန်းသည် အမှတ်မထင် ဝင်လာသော တိုက်ကွက်ကြောင့် ရန်ဝေနှင့် မျက်နှာချင်းဆိုင်နေသည်ကို သတိမထားမိဘဲ လဲကျသွားကာ ဒူးထောက်လျက်သား ဖြစ်သွားတော့၏။
ထိုစဉ် ဝမ်ယင်းသည် အသည်းအသန် ကုန်းရုန်းထကာ သူမ၏ သန်မာတောင့်တင်းသော ခြေထောက်များဖြင့် ရှုချန်း ခါးကို ညှပ်ဖမ်းသည်။ ပြီးလျှင် အနောက်မှ နေ၍ သူ၏ လည်ပင်းကို ညှစ်ထားရင်း ဓားမြှောင်အား ထုတ်ရန် ကြံသည်။ ရှုချန်းက ၎င်းကို ပုတ်ထုတ်ကာ အချိန်မီ တားဆီးနိုင်လိုက်၏။
ရှုချန်း "ငါ မိန်းမတွေကို မရိုက်တတ်ဘူး... "
တိုက်ပွဲတွင် ရှုချန်းဘက်မှ အရေးနိမ့်နေပုံရသော်လည်း အပြောမလျှော့သေးသောကြောင့် ဝမ်ယင်း စိတ်တိုသွားသည်။
သူမ၏ ခန္ဓာတစ်ကိုယ်လုံး အလေးချိန်ဖြင့် ရှုချန်း နောက်ကျောကို ဖိထားပြီး ခြေထောက်များကလည်း ခါးကို ခိုင်ခိုင်မြဲအောင် ချိတ်လျက်၊ လက်များကလည်း လည်ပင်းကို သိုင်းဖက်လျက် ချုပ်နှောင်ထားသည်။ ရှုချန်းမှာ ခါးဆန့်၍လည်း မရနိုင်၊ ထ၍လည်း မရနိုင် အခက်တွေ့နေတော့၏။
"ငါတို့ မိန်းမတွေလည်း အားမနည်းဘူးဆိုတာ ရှင့်ကို သိအောင်ပြရမှာပေါ့... "
ထိုသို့ဆိုကာ သူမ၏ ကိုယ်အလေးချိန်ဖြင့် ထပ်မံ ဖိချလိုက်သည်။
ဖန်သားပြင်ပေါ်မှ ဗီဒီယိုကို ကြည့်နေသော စစ်ဒေသ ၈ ကြီးကြပ်ရေးမှူး က ...
" ရန်ဝေရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေက စပါးအုံးမြွေတစ်ကောင်လိုပဲ... သားကောင် ရဲ့ ရှိသမျှ အရိုးတွေအားလုံးကို အလွယ်လေး ရစ်ပတ်ပြီး သူရဲ့ ကြွက်သားတွေနဲ့ ညှစ်သတ်ပစ်လိုက်နိုင်တယ်... သူ ရှုချန်းရဲ့ အားသာချက်တွေ၊ ခွန်အား အသုံးချပုံတွေကို သိနေတယ်... အဲ့ဒါကြောင့် ဒီ ကာကွယ်တိုက်ခိုက်ရေး နည်းပညာကို လေ့ကျင့်ထားတာ ဖြစ်ရမယ်... ရှုချန်းကို ချုပ်ပြီး သူ့ စွမ်းအားတွေကို တဖြည်းဖြည်း လျော့ကျလာအောင် လုပ်နေတာ တွေ့လား... "
ကြီးကြပ်ရေးမှူး ရန် တစ်ယောက် ခေါင်းခါယမ်းလိုက်သည်။
" စိတ်ပျက်ဖို့ ကောင်းလိုက်တာ... "
စစ်မြေပြင်တွင် ဝမ်ယင်းက ရန်ဝေကို တိုးသက်သော လေသံဖြင့် လှမ်းပြောလိုက်သည်။
"လုပ်တော့လေ... ဘာတွေ စောင့်နေတာလဲ... "
ရန်ဝေက ခေါင်းညိတ်ပြကာ ရှုချန်း ပုတ်ချလိုက်သော ဓါးမြှောင်ကို ကောက်ယူလိုက်သည်။ ထိုအချိန်တွင် ရှုချန်းသည် ဝမ်ယင်း၏ ချုပ်နှောင်မှု လက်အောက်မှ မလွတ်မြောက်သေးပေ။
သို့သော် သူကိုယ်တိုင် မရုန်းထွက်နိုင်၍တော့ မဟုတ်... အားကုန်သုံး ရုန်းထွက်လိုက်လျှင် သူမ၏ အရိုးအဆစ်များ ကျိုးသွားမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။
ရန်ဝေက ဓါးမြှောင်ကိုင်လျက် သူ့ထံ ပြေးဝင်လာချိန်တွင်မူ အချိန်ဆွဲနေ၍ မရတော့ချေ။ ထို့ကြောင့် အားအင်များ အလျင်အမြန် ပြန်လည်စုစည်းကာ ထောက်ထားသော ဒူးကို အားပြုလျက် မတ်တပ်ရပ်လိုက်သည်။
ထို့နောက် ရန်ဝေ၏ ဝမ်းဗိုက်ကို ဦးခေါင်းနှင့် တိုက်ချလိုက်လေ၏။
"အား... "
ရန်ဝေသည် ကိုယ်ဟန်အနေအထား ပျက်ယွင်းသွားကာ သူ၏ အတွင်းကလီစာများ နေရာရွေ့သွားပြီဟုတောင် ထင်မိသည်။ ဦးနှောက်သည်လည်း သွေးလည်ပတ်နိုင်စွမ်း မရှိတော့ပဲ မျက်ဖြူစိုက်လျက် ပက်လက် လန်ကျသွားတော့သည်။
ထိုသို့ ဝေဟင်ထဲတွင် လွင့်ကာ နောက်သို့ လန်ကျနေစဉ် လက်ထဲမှ ဓါးမြှောင်ကလည်း လွတ်ကျသွားပြီး ရှုချန်း၏ လက်သီးကြောင့် မိုးပေါ် ပျံတက်သွားသော အတိတ်မှ ပုံရိပ်များက အတွေးထဲ ပြန်ပေါ်လာသည်။ ဤတစ်ခေါက်တွင်မူ သံလက်သီးအစား သံမဏိခေါင်း ဖြစ်သွားကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ထပ်မံ လွင့်ပျံသွားရပြန်သည်။
တစ်ဖက်တွင် ညွှန်ကြားရေးမှူး ကျိုး သည် သူ၏ နောက်ထပ် ပင်မ စစ်သားတစ်ယောက် လွင့်ထွက်သွားသည်ကို မျက်လုံးပြူး မျက်ဆံပြူးဖြင့် အတိုင်းသား ကြောင်ကြည့်နေမိ၏။ သူ၏ ဘေးရှိ ကြီးကြပ်ရေးမှူးမှာလည်း ယင်ကောင် ဝင်ဥသွားနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ဖန်သားပြင်ထက်တွင် စစ်သားများ တစ်ယောက်ပြီး တစ်ယောက် လွင့်စင်ထွက်သွားကြသည်များကို ကြည့်ကာ စောင့်ကြည့် ကင်မရာများ ချို့ယွင်းနေသလားဟုပင် ယုန်ထင်ကြောင်ထင် တွေးမိကြတော့သည်။
ထိုစဉ် ကြီးကြပ်ရေးမှူး ရန်က ပုခုံးလာပုတ်ပြီး အားပေးသည်။
"အော် ဟုတ်သားပဲ... ရှုချန်းမှာ ခြေထောက်တွေ လက်တွေ မလှုပ်ရှားနိုင်ရင်တောင် သူ့ရဲ့ သံမဏိခေါင်း ရှိသေးတာဘဲ... ငါလည်း အရင်တုန်းက ဝမ်ယင်း ချုပ်သလိုမျိုး လုပ်ခဲ့ဖူးတယ်လေ... အဲ့ဒီမှာ သူ့ခေါင်းကို လက်နက်တစ်ခုလိုပါ အသုံးချနိုင်တယ်ဆိုတာ သိခဲ့ရတာ... "
ညွှန်ကြားရေးမှူး ကျိုး သည် အားပေးသယောင်ယောင်နှင့် မထိတထိ ပြောနေသော ကြီးကြပ်ရေးမှူး ရန်ကို သည်းမခံနိုင်တော့ပေ။
" -ီးဖြစ်လို့ မင်း အဲ့ဒါကို အခုမှ ပြောတာလား... "
ကြီးကြပ်ရေးမှူး ရန်က လက်မလျှော့သေးဘဲ စစ်ဒေသ ၈ကြီးကြပ်ရေးမှူးဘက်သို့ လှည့်သွားပြန်၏။
"ငါ့အထင်တော့ ရှုချန်းမှာ အားနည်းချက်ဆိုလို့ သူ့ဘောင်းဘီအောက်က ဟာဘဲ ရှိမယ်ထင်တယ်... နောက်နှစ်ကျရင် ဝမ်ယင်းကို သူ့မှာ ရှိတဲ့ လယ်တစ်ကွက်သုံးပြီး ချုပ်ခိုင်းလိုက်ပေါ့ကွာ... "
စစ်ဒေသ ၈ကြီးကြပ်ရေးမှူးမှာ သွေး နားထင်တက်လုမတတ် ဖြစ်သွားသည်။ သို့သော်လည်း အမူအရာကို အတတ်နိုင်ဆုံး ပြန်လည် ထိန်းချုပ်လိုက်ပြီး စိတ်ထဲမှသာ ကြုံးဝါးလိုက်လေ၏။
"နောက်နှစ်အထိ ရှုချန်း အသက်ရှည်ပါဦးမလား ဆိုတာဘဲ အရင် စောင့်ကြည့်လိုက်ပါဦး... "
ထိုအချိန်တွင် ညွှန်ကြားရေးမှူးရှီ က သူ၏ အတွေးများကို ကြားနေရသည့်အလား ကြားဖြတ် ဝင်ပြောသည်။
"ခင်ဗျား အခု သေလောက်အောင် မကျေမနပ်တွေ ဖြစ်နေတယ်မလား... စိတ်ထဲမှာလည်း နောင်နှစ်ကျမှ ကောင်းကောင်း ပညာပေးပစ်မယ် ဆိုပြီး ကြုံးဝါးနေတယ်မလား... ဘယ်လိုလုပ် သိနေတာလဲ ဆိုပြီး လန့်မသွားပါနဲ့... စစ်ဒေသ ၈ ၊ စစ်ဒေသ ၃၃ နဲ့ စစ်ဒေသ ၁၃ က ညွှန်ကြားရေးမှူးတွေလည်း ဒီလို ကြုံးဝါးခဲ့ကြတာဘဲ... အဘိုးကြီး ပိုင် ကြီးဆို ဆဲပါဆဲသွားသေးတာ... "
...
စစ်မြေပြင်တွင်...
ရှုချန်းက ခေါင်းနှင့် တိုက်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားသော ဝမ်ယင်းသည် တုန့်ဆိုင်းနေသော ရန်ဝေကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ဟဲ့ သေပြီလား... မသေသေးရင်လည်း ထပြီး သူ့ကို ရှင်းလိုက်တော့... "
နာကျင်မှုဒဏ်အောက်မှ မလွတ်မြောက်သေးသော ရန်ဝေမှာ ဆဲဆိုလေတော့သည်။
"ခွေးကောင် ရှုချန်း... ဘာတွေ စားထားလို့ ခေါင်းက အဲ့လောက် မာနေရတာလဲ... "
ရှုချန်းသည် သူ၏ လည်ပင်းနှင့် ခါးကို သိုင်းဖက်ကာ ချုပ်နှောင်ထားသော ဝမ်ယင်းကို လှမ်းပြောလိုက်သည်။
"မင်း ငါ့ကို အခု မလွှတ်ရင် ငါ နောက်ပြန် ခေါင်းတိုက်မိတော့မယ်နော်... မင်းရဲ့ ခေါင်း ဖရဲသီးကွဲသလို ကွဲသွားမှာမျိုး မဖြစ်ချင်ဘူးမလား... ငါတို့က စွမ်းရည်ချင်းလည်း အဆင့်တူတာ မဟုတ်ဘူး... အချိန်ရှိတုန်း လွှတ်လိုက်တော့... "
ထိုအချိန်တွင် ရှုချန်း၏ အနောက်မှ ဝူဟောက် နိုးထလာပြီး ကျန် အသင်းသားများကို အမိန့်ပေးလိုက်သည်။
"ပစ်ကြ... "
စစ်သား ရှစ်ယောက်လုံး ရှုချန်းကို ချိန်ရွယ်ကာ တရစပ် ပစ်ကြသည်။ ရှုချန်းသည် လျင်မြန်စွာ မတ်တပ်ထရပ်ကာ နောက်ကျောကို စစ်သားများဘက်သို့ လှည့်လိုက်၏။
ကျောပေါ်ရှိ ဝမ်ယင်းမှာ တွဲခိုလျက်သားဖြင့် ပစ်မှတ်အဖြစ် အသုံးချခံလိုက်ရတော့သည်။
"ထုတ်ပယ်ခံလိုက်ရပါပြီ... "
ဝမ်ယင်းတစ်ယောက် သွေး နားထင်ဆောင့်တက်ကာ သတိလစ်လုမတတ် ဖြစ်သွားသည်။
ရှုချန်းက အခြေအနေကို ပိုဆိုးအောင် လုပ်နေသည့်အလား စကားများဖြင့် ဆက်၍ ထိုးနှက်ပြန်သည်။
"မင်း အခုထိ မဆင်းသေးဘူးလား... တိုက်ပွဲပြီးရင် ငါ့အိမ်မှာ အကူလာလုပ်မလား... "
အမှန်တကယ်တွင်မူ သူမအား လက်မပါလိုသောကြောင့် နည်းအမျိုးမျိုးဖြင့် ခါချနေခြင်းသာ ဖြစ်သည်။ သို့သော် ထိုသည့်တိုင် မလွှတ်ပေးသေး။
နောက်ထပ် စကားလုံးများနှင့် မခံချင်အောင် ဆက်၍ ထိုးနှက်သော်လည်း ဝမ်ယင်းမှာ ဇွဲကောင်းလွန်းလှသည်။
"ငါ လုံးဝ မဆင်းဘူး... အခု သေနတ်ဒဏ်ရာကြောင့် သေသွားပြီဆိုတော့... အငြှိုးကြီးတဲ့ သရဲမ ဖြစ်လာပြီး ရှင့်အနားမှာ တစ်သက်လုံး တွယ်ကပ်နေတော့မှာ... "
ရှုချန်း " ... "
ထိုစဉ် ရှုချန်းအဖို့ ကံကောင်းသည်ဟု ဆိုရမည်။ ဒိုင်လူကြီး၏ အသံမှာ ဝမ်ယင်း၏ နားကြပ်တွင်းမှ ထွက်ပေါ်လာ၏။
"လွှတ်ပေးလိုက်... လျှောက်ဆော့မနေနဲ့တော့... "
နောက်ဆုံးတွင် ဝမ်ယင်းသည် ရှုချန်းပေါ်မှ မကျေမနပ်ဖြင့် ဆင်းလာရတော့သည်။ ထို့နောက် သူ့အား မျက်စောင်း လှမ်းထိုးပြီး မြေကြီးပေါ်တွင် လဲလျောင်းကာ သေချင်ယောင်ဆောင်လိုက်လေ၏။
သူ မရှိတော့သည်နှင့် ရှုချန်းမှာ စစ်သား ရှစ်ဦး၏ ပစ်မှတ်အတွင်းသို့ အကာအကွယ် မရှိ ပြန်ရောက်သွားသည်။ သူ၏ ဆုံးဖြတ်ချက်ကို အနည်းငယ်တော့ နောင်တရမိသွား၏။
ထိုစဉ် စစ်သားများက စတင် ပစ်ခတ်ကြပြန်ရာ မတတ်သာတော့သည့်အဆုံး မြေပြင်ပေါ်မှ ဝမ်ယင်းကို စွေ့ခနဲ့ ပြန်လည်ကောက်ယူပြီး ကျည်ကာအဖြစ် အသုံးပြုလိုက်ရပြန်သည်။
ဝမ်ယင်းခမျာ ပြန်လည် တုန့်ပြန်ချိန်ပင် မရလိုက်။ခန္ဓာကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာသော ကျည်တောင့်များကို ကြိတ်မှိတ် တောင့်ခံနေရင်း ရှုချန်း၏ ပြေးရာ အရပ်သို့ ဆန့်တငင်ငင်ဖြင့် ပါသွားတော့သည်။
ထို့နောက် ရှုချန်းသည် ကျည်လွတ်ရာ နေရာသို့ အရောက်တွင် ဝမ်ယင်းကို မြက်ခင်းပြင်ပေါ် ပစ်ချကာ ပုန်းခိုရန် ထွက်ပြေးသွားလေ၏။
ဝမ်ယင်းသည် ကျည်ဒဏ်များကို အလူးအလှိမ့်် ခံလိုက်ရသည်က တစ်ကြောင်း၊ ယောကျ်ားတစ်ယောက်ထံမှ အဓမ္မပြုကျင့်ခံလိုက်ရသလို ခံစားလိုက်ရသည်က တစ်ကြောင်းနှင့် ကြိတ်မနိုင်ခဲမရ ဖြစ်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
"ရှုချန်း မသာကောင် စောက်ကျင့်မကောင်းတဲ့ကောင်... ငါ့ကို ထိခိုက်မိမှာ စိုးလို့ဆိုပြီး ဂရုစိုက်သလိုလိုနဲ့ အောက်ဆင်းခိုင်းပြီးမှ ကျည်ကာဖို့ အတွက် အသုံးချသွားတာ... ခွေးသူတောင်းစားလေး...အေး ကြည့်နေ ... အပြင်ရောက်မှ နင် ငါ့အပေါ် လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်စေရမယ်... "
အခန်း ၂၁၈ ပြီး