Beyond the horizon [Heejake]

Autorstwa kangseorim_nyo

4.4K 659 554

မင်းမျက်ဝန်းတွေမရှိရင် ငါ့ကမ္ဘာက ကာလာမဲ့တဲ့ ပန်းချီ Więcej

Who am I?
Now, we are friends.
I like the person like you
The night
Is that you Ethan?
It's time to......
Lee Heeseung
Is loving a mistake?
THE END or THE BEGINNING
Where?
That's so dangerous but also beautiful
Please,...
Lost the way
The last day with Ethan
Sim Jae..
My Hoon.
Let's go home, Ethan.
THE LAST PAGE (end)
saying good bye!

My troublemaker

254 42 23
Autorstwa kangseorim_nyo

အမြဲတစေ တိတ်ဆိတ်နေတတ်တဲ့ ဂျယ်ယွန်းရဲ့ဘဝထဲ ဆည်းလည်းလေးတစ်လုံးရောက်လာမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

ရှင်သန်ခဲ့ဖူးတဲ့ ဘဝအစိတ်အပိုင်းရဲ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးထားသူမို့ ဂျယ်ယွန်းနဲ့ အတူရှိနေရတဲ့ နေ့ရက်တွေဟာ အီသန့်အတွက် ဘဝအသစ်တစ်ခုလို..။

ဒါကြောင့် ဘဝအသစ်မှာ မျက်စိလည်လမ်းမမှားမိလေအောင် ဂျယ်ယွန်းကို အားကိုးမိတာပေါ့။ ဘာပဲတောင်းဆိုတောင်းဆို အရာရာကို အီသန့်သဘောဆိုတဲ့ အပြုံးနုနုနဲ့သူက အားကိုးထိုက်တယ် မဟုတ်လား။

ဒီနေ့မှာရောပဲ ဂျယ်ယွန်းရဲ့ အင်္ကျီစကို လက်ဖျားလေးနဲ့ဆွဲပြီး မျက်နှာချိုချိုလေးနဲ့ ခွင့်တစ်ခုတောင်းလာသူက အပြင်ထွက်လည်ချင်ပါသတဲ့..။
အိမ်ထဲမှာပဲ နွေနေ့ရက်တွေကို ကုန်ဆုံးလိုက်ရရင် နှမြောဖို့ကောင်းလှချေရဲ့ ဂျယ်ယွန်းရယ် ဆိုပြီး စကားစပျိုးကာ လိမ့်ရင်းပတ်ရင်းနဲ့ပဲ ဂျယ်ယွန်းနှလုံးသည်းပွတ်တစ်ခုလုံးကို တဖြုတ်ဖြုတ် ချွေယူနေသူကို ဘယ်လိုစိတ်နဲ့ တားမြစ်ရက်ပါ့မလဲ ပြောပါဦး..။

''ဒါဖြင့်လည်း ခဏစောင့်..လက်ရှည်သွားယူလာခဲ့မယ်။''

''ဟာ..ဒီလောက်ပူနေတာ လက်ရှည်ကြီးက ဘာလုပ်ဖို့တုန်းလို့။ ကိုယ်က ခရီးထွက်မှာမှ မဟုတ်တာ..လမ်းထိပ်လောက် ရောက်မယ့်ဥစ္စာ။''

''အီသန့်အသားနုနု နေလောင်မှာကို ဒီကောင်က စိုးရိမ်ရတာကိုးဗျ။ မ​ဆိုးရဘူး..ဝတ်သွားရမယ်။''

ဒီလိုဆိုပြန်တော့လည်း နွေဦးရဲ့ချယ်ရီရောင်လွှမ်းတဲ့ နှုတ်ခမ်းဖျားလေးတွေ နည်းနည်းစူထွက်လာတာကလွဲလို့ ဘာမှတော့ ပြန်မပြောလာပဲ လိမ္မာတုံးလေး လုပ်ပေးပြန်တယ်။

ဒီရပ်ကွက်ဟာ အီသန်နဲ့ စိမ်းသက်လှတာမို့ အဖော်လိုက်ပေးချင်ပေမယ့် အဝေးကြီးမသွားဘူးမို့ ဆိုင်စောင့်နေခဲ့ပါ ဆိုတဲ့ တစ်ချက်လွှတ်အမိန့်သေးသေးလေးအောက် ဂျယ်ယွန်းမှာ ဒူးတုပ်ခစားလျက်ရယ်..။

အင်း...အမိန့်လို့မဆိုသာတဲ့ စကားစုလေးလည်း အီသန့်နှုတ်ဖျားကထွက်ရင် ဂျယ်ယွန်းလိုက်နာရမယ့် ဥပဒေသပဲ..။

ရက်ပိုင်းအတွင်းမှာတင် သူစိမ်းတစ်ယောက်အပေါ် ပိုသာမိတဲ့ ခံစားချက်အပိုင်းအစတွေက ဂျယ်ယွန်းကိုယ်ထဲ အားကောင်းတဲ့ဗိုင်းရပ်စ်လို ပျံနှံ့နေလိုက်တာများ ရောဂါကျွမ်းလို့ သေရလောက်ပါရဲ့..။

ဆိုပေမယ့်လည်း ဝေဒနာဟာ လှပလွန်းတာမို့ သေခြင်းတရားကပါ တပ်မက်ချင်စရာ ကောင်းလွန်းနေပြန်ပါရောလား..။

''နေပြင်းတာမို့ အကြာကြီးလျှောက်မသွားရဘူးနော်။ အီသန်က ဒီဒေသအကြောင်း ဘာမှသိသေးတာ မဟုတ်ဘူး။ လမ်းမပျောက်ဘဲ ငါ့ဆီ တည့်တည့်မတ်မတ် ပြန်လာရမယ်။ ဟုတ်ပြီလား။''

''ဟုတ်ပါပြီ''

''အဟင်း..လိမ္မာလိုက်တာဗျာ''

သွေးကြောထဲက ဆန္ဒအချို့ကို ထိန်းချုပ်ဖို့ရာ ခြေတစ်လှမ်းနောက်ကျသွားခဲ့တဲ့နောက်မှာတော့ ဂျယ်ယွန်း အီသန့်ရဲ့ ဆံပင်ပျော့ပျော့တွေကို လက်နဲ့ထိုးဖွမိတယ်။ အရပ်အမောင်းနဲ့မှမလိုက် ချစ်ဖို့ကောင်းနေတာ ဒီလူ့အပေါ် သဘာဝတရားကြီးရဲ့ မျက်နှာလိုက်မှုပဲ..။

''မရိုမသေနဲ့..ငရဲကြီးမယ်။''

''ကြီးပါစေပေါ့..အီသန့် ဆံနွယ်တွေကို ထိတွေ့မိလို့ ကျတဲ့ငရဲက ဘယ်လောက်တောင်မှ လှလိုက်မလဲ။''

ဂျယ်ယွန်းယူလာပေးတဲ့ အဝါရောင်ဖလန်နယ် လက်ရှည်လေးကိုဝတ်ထားတဲ့ နာမ်တရားက မျက်စောင်းတစ်ချက်ကို မညှာမတာ ပစ်လွှတ်လို့ ဂျယ်ယွန်းကို သတ်ပြန်တယ်။

တစ်နေ့တစ်နေ့ ဂျယ်ယွန်းဗီရိုထဲက အဝတ်အစားတွေကို မှီဝဲနေသူကြောင့် ဂျယ်ယွန်းရဲ့ အဝတ်အစားတွေမှာ အီသန့်ကိုယ်သင်းနံ့လေးတောင် စွဲကပ်လို့နေပြီ..။

အင်္ကျီအသစ်တွေ ဝယ်ပေးလို့ရပေမယ့် အီသန့်အငွေ့အသက်တွေပြည့်နေတဲ့ အဝတ်တွေပြန်ဝတ်ရတာကို ဂျယ်ယွန်း လိမ္မော်ရည်အေးအေးလေးနီးပါး သဘောကျတယ်ရယ်..။

ဆင်ဆွယ်ရောင် လျှာထိုးဦးထုပ်လေးကို ဦးခေါင်းပေါ် နေရာချပြီး လှည့်ထွက်သွားတဲ့ အီသန်၊ ခြစ်ရာတစ်ခုတောင်မရစေရဘဲ အိမ်ပြန်ရောက်လာဖို့ ဆုတောင်းပါရဲ့။

ပိုတယ်ပဲပြောပြော အီသန်နဲ့ပက်သက်လာရင် ဂျယ်ယွန်းက မေတ္တာတွေကို လျှံထွက်လောက်တဲ့အထိ အပြည့်ဖြည့်ထားတာဆိုတော့ ခပ်ပြုံးပြုံးနဲ့ပဲ ပုခုံးတွန့်ပြရုံသာ တတ်နိုင်ပါတယ်လေ..။

​​ မြောက်စွမြောက်စွနိုင်လှတဲ့ အဝါရောင်ကျောပြင်လေး မြင်ကွင်းထဲက ပျောက်သွားခါမှ ဂျယ်ယွန်း မပြီးသတ်သေးတဲ့ ရွှံ့စေးလေးတွေကို ပြန်ထိတွေ့မိတယ်။

သာမာန်ရွှံ့တစ်တုံးကို ပန်းတွေဝေနိုင်တဲ့ နေရာဖြစ်စေရန် အလို့ငှာ ဂျယ်ယွန်းလက်ချောင်းတွေဟာ ညင်သာစွာဖြင့် ထိတွေ့ကစားရင်း ပန်းအိုးတစ်လုံးဖြစ်သွားအောင်ဖန်တီးယူလို့သွားပုံဟာ လှလှပပ..။

ဂျယ်ယွန်းဟာ ရွှံ့စေးလေးတွေနဲ့ပက်သက်ရင် နှစ်ယောက်မရှိတဲ့ ကျွမ်းကျင်သူပဲလေ။ ဘုရားသခင်က ဂျယ်ယွန်းအတွက် အထူးအနေနဲ့ပေးထားတဲ့လက်ဆောင်ကိုမေးလာရင်တော့ ဂျယ်ယွန်း ကိုယ့်မှာရှိတဲ့ ပါရမီလေးကို လက်ညိုးထိုးပြမိမှာပဲ..။

ရွှံ့စေးကလည်း အသွင်ပြောင်းလာပြီ..။ နေအပူရှိန်လည်း ပိုပြင်းလာပြီ..။

မိနစ်လက်တံတွေ အကြိမ်ပေါင်းများစွာ လည်ပြီးတော့ နာရီအိုက ရိုးရာမပျက် အသံပေးလာပြန်ရဲ့..။ ဂျယ်ယွန်း ပန်းအိုးလေးကို လက်စသတ်ရင်း နာရီသံကို သေချာနားစွင့်မိတယ်။

ဆယ့်တစ်ချက်..။

နေ့လည်စာစားချိန်..။ အီသန် ဘယ်မလဲ။

လမ်းမပေါ် မျှော်ကြည့်မိတဲ့ မျက်ဝန်းတွေထဲ ဖြတ်ပြေးသွားတဲ့ အရိပ်အယောင် အချို့ကို စကြာဝဠာထဲက အပြာရောင် လိပ်ပြာအချို့ ခံစားမိလောက်ပါရဲ့..။

ဂျယ်ယွန်းထိုင်ရာမှထရင်း လက်မှာပေနေတဲ့ ရွှံ့တွေကို ရေနဲ့စင်အောင် ဆေးချလိုက်တယ်။ အတွေးတွေမလွန်ခင် ခဏနေပြန်ရောက်လာမပေါ့ ဆိုပြီး စိတ်ကို ဖြေလျော့ရင်း သူပြန်လာရင် အတူစားဖို့ နေ့လည်စာတစ်နပ်ကို ပြင်ဆင်နေတဲ့ဂျယ်ယွန်းဟာ လုံးဝ ဟန်မပျက်..။

သို့သော် ထမင်းဝိုင်းပြင်ပြီးသည်အထိ လမ်းမပေါ်မှာ အဝါရောင်အရိပ်ကလေးကို မတွေ့ရလေတော့၊ ပုံမှန်မဟုတ်တဲ့ ခြေလှမ်းတွေနဲ့ ဆိုင်ပေါက်ဝထိထွက်လာပြီး သူပြန်လာမယ့် လမ်းဘက်ကို မျှော်ငေးမိပြန်တယ်။

ဆယ့်တစ်နာရီကျော်လို့ ဆယ့်ငါးမိနစ်စွန်းလုပြီ..။မင်းဘယ်မှာလဲ အီသန်..။

တဖြည်းဖြည်းနဲ့ ဆိုင်ပေါက်ဝကနေ လမ်းမပေါ်အထိ ကျူးကျော်လာမိတဲ့ ခြေလှမ်းတွေနောက်ကွယ်က ဂဏာမငြိမ်ဖြစ်နေတဲ့ စိတ်အစဥ်ကို ဂျယ်ယွန်းကလွဲလို့ ဘယ်သူခံစားနိုင်မယ်တဲ့လဲ..။

တဖြည်းဖြည်းချင်း...တဖြည်းဖြည်းချင်း...။

အရာရာဟာ စိတ်ပူခြင်းနယ်နိမိတ်ကို ကျော်လွန်လာခဲ့အခိုက်အတန့်မှာတော့  ဂျယ်ယွန်း ချစ်ရသူရဲ့ အမည်နာမကို တမ်းတမ်းတတ ခေါ်မိပါရဲ့..။

''အီသန်!!အီသန်!!''

''အစ်ကိုရေ!! အီသန်!!!''

လမ်းထိပ်အထိလောက်ပဲ ရောက်မှာပါဆိုတဲ့သူရေ..ငါအခု လမ်းထိပ် ရောက်နေပြီလေ။ မင်းဘယ်ဝင်ရိုးစွန်းတွေအထိများ ခြေဆန့်နေလေသလဲကွယ်။

''ဦးလေး..အီသန့်ကို တွေ့မိသေးလားဗျ''

မနေနိုင်တဲ့အဆုံးမှာတော့ ဂျယ်ယွန်းရေခဲချောင်းဝယ်စားနေကျ ကုန်စုံ​ဆိုင်ထဲဝင်ပြီး ပိုင်ရှင်ဦးလေးဆီ အပူကပ်မိပြန်တယ်။ အခုဆို ဒီပတ်ဝန်းကျင်က လူအချို့ကပါ အီသန့်ကို မျက်မှန်းတန်းမိနေကြပြီမို့ ဂျယ်ယွန်းအားကိုးမိလေခြင်းရယ်ပါ..။

''တော်တော်ကြာတုန်းကတော့ တွေ့မိသားကွ။ ဟိုဘက်ထွက်သွားတာ ပြန်မလာသေးလို့လား။''

ပြန်မဖြေနိုင်ပါဘူး..။ ဂျယ်ယွန်း အပြေးတစ်ပိုင်းနဲ့ ဆိုင်ထဲက ပြန်ထွက်လာပြီး ဦးလေးညွှန်ပြလိုက်တဲ့ဘက်ဆီ လျှပ်စီးတစ်ကြောင်းလို နှင်မိပြန်တယ်။ အဲ့ဘက်မှာဆို စာသင်ကျောင်းတွေနဲ့ ဆေးရုံရှိတယ်။ မြို့ရဲ့ဗဟို အချက်အချာကျပြီး လူရှုပ်လှတဲ့နေရာကိုမှ ဘာလို့သွားရတယ်ဆိုတာကို မင်းပြန်လာရင် အကြောင်းပြချက် ကောင်းကောင်းပေးလှည့်။

အီသန်..အီသန်..။ ပြန်တွေ့တော့မှ စိတ်ပူအောင် လုပ်တဲ့အပြစ်နဲ့ ခေါင်းနာနာခေါက်ရဦးမယ်။

မိနစ်ပေါင်းများစွာ လှည့်ပတ်ရှာပါသော်လည်း ရှာလို့မတွေ့နိုင်သူကြောင့် ဂျယ်ယွန်းရင်ထဲ ငရဲမီးလို တလှိုက်လှိုက်ပူလောင်လာတယ်။ မင်းမနက်ကပြောတဲ့ ငရဲကြီးမယ်ဆိုတာ ဒါမျိုးကို ဆိုလိုချင်တာလား အီသန်ရယ်။ ဒါဆိုရင်တော့ ငါနောင်တရပါပြီဗျာ..။

နှစ်တွေအကြာကြီး ဂျယ်ယွန်းနဲ့ အလှမ်းဝေးနေတဲ့ မျက်ရည်စတွေဟာ အခါများတော့ မျက်ဝန်းထဲမယ် နေရာယူလာလိုက်ကြတာ။
ဝေဝါးလာတဲ့ မြင်ကွင်းတွေကြား ခြေလှမ်းတွေ ယိုင်မကျသွားခင်မှာ ဘုရားသခင်ဟာ သိုးပေါက်လေးဂျယ်ယွန်းကို ကယ်တင်လာခဲ့ပါတယ်..။

''ဂျယ်ယွန်း''

အသံ..ဒီအသံက ကောင်းကင်ဘုံမှာ ပျောက်ဆုံးနေတယ်ဆိုတဲ့ ပြည့်စုံခြင်း အရှင်သခင်ရဲ့အသံ။ အီသန်ရဲ့ အသံ..။ ဂျယ်ယွန်းရဲ့ အသက်သွေးကြောတွေ လှုပ်ခုန်တဲ့အသံ။

''အီသန်!!''

မြင်မြင်ချင်းမှာတင် ဂျယ်ယွန်းဆီ အပြေးတစ်ပိုင်း ရောက်လာသူဟာ ပြိုတော့မယောင် မျက်နှာလေးနဲ့။ စကြာဝဠာမျက်ဝန်းတွေထဲက တွယ်တာရိပ်အချို့ကို ဖမ်းဆုပ်မိသွားတဲ့ အခိုက်မှာတော့ ဂျယ်ယွန်း ချစ်ရသူကို ရင်ခွင်ထဲ ဆွဲသွင်းမိတယ်။ မင်းအငွေ့အသက်တွေမရှိတဲ့ နာရီတွေကြား ငါ့ကိုထားခဲ့လို့ ရကြေးလား.. ။

''ဘယ်တွေလျှောက်သွားနေတာလဲ။ နေ့လည်စာစားချိန်မှာတောင် ပြန်ရောက်မလာလို့ ဘယ်လောက်တောင် စိတ်ပူနေရလဲ မင်းသိရဲ့လား..ဟမ်!''

အသံတစ်ခုကနေ အပူလှိုင်းတွေဖြတ်ပြေးနေတဲ့ အချိန်မှာ သူဟာ ဘာမှပြန်မဖြေဘဲ ဂျယ်ယွန်းရှေ့မှာ မျက်စိပျက်မျက်နှာပျက်..။ အဲ့အစား ရဲဝတ်စုံဝတ်ထားတဲ့ အမျိုးသားနှစ်ယောက်က ဂျယ်ယွန်းတို့အနားကပ်လာပြီး ဂျယ်ယွန်းရဲ့မေးခွန်းတွေကို ဖြေသွားပေးလေရဲ့။

''ဒီကောင်လေးက ဂျယ်ယွန်းအသိလား။ စခန်းကို လမ်းပျောက်နေလို့ အိမ်ပြန်ပို့ပေးပါဆိုပြီး ရောက်လာတာလေ။''

တစ်မြို့တည်းမှာ နှစ်အကြာကြီး နေထိုင်လာသူတွေမို့ အိုးထိန်းသမားလေးဂျယ်ယွန်းကို မသိတဲ့သူက ခပ်ရှားရှားရယ်။ အခုတောင် ကိုယ်နဲ့ မျက်နှာသိ ရဲသားတွေနဲ့ တွေ့လို့သာ တော်သေးတာပေါ့..။

''စခန်းကိုရောက်လာတာလားဗျ''

''ဟုတ်တယ်။ ဒီကောင်လေးကို မတွေ့ဖူးဘူးနော်။ ပြောင်းလာတဲ့ အသစ်လေးလား။''

''ဪ..ဟို..အဲ့..အဲ့တာက..သြစီမှာနေတဲ့ အစ်ကိုဝမ်းကွဲလေ။ အလည်လာတာဗျ။ အစ်ကိုက ကျွန်တော်တို့မြို့ကို သိပ်မကျွမ်းဝင်သေးလို့ လမ်းပျောက်သွားတာဖြစ်မယ်။''

''အား....ငါတို့မြို့က သေးပေမယ့် လမ်းတွေ အားကြီးရှုပ်တာရော်။ သူစိမ်းတွေဆို လမ်းပျောက်သွားမှာ..။ နောင်တစ်ခါ အပြင်ထွက်ရင် မင်းညီကို ခေါ်သွား..ကြားလား ကောင်လေး။''

ရဲဝန်ထမ်းဟာ အီသန့်ဆီ ဦးတည်ပြီးပြောနေတာ ဖြစ်သော်လည်း ခေါင်းငိုက်စိုက်ချလို့ တိတ်ဆိတ်နေသူကြောင့် ဂျယ်ယွန်းကပဲ ကြားဝင်ကာ နောင်မဖြစ်စေရကြောင်း အာမခံပေးရင်း ကျေးဇူးအထပ်ထပ် တင်ရပြန်တယ်။

ရဲဝန်ထမ်းနှစ်ယောက် ပြန်လှည့်ထွက်သွားတော့မှ ဂျယ်ယွန်း နံဘေးက သက်ရှိဆီ အကြည့်အချို့ပို့လွှတ်မိတယ်။ ခေါင်းကို ငုံ့မြဲငုံ့ထားတဲ့သူဟာ သူ့အမှားကိုသူသိပုံပါပဲ..။

နေနှင့်ပါဦး..ငါအခု မပြောသေးဘူး။

''ပြန်ရအောင်လေ''

ဂျယ်ယွန်းနောက် ခြေတစ်လှမ်းအကွာက လိုက်လာတဲ့ သက်ရှိကို လက်ကောက်ဝတ်ကဆွဲပြီး ဘေးချင်းကပ်သွားအောင် ဆွဲခေါ်ရ​သေးတယ်။ နေမင်းတောင် ခေါင်းပေါ်တည့်တည့် ရောက်ခါနီးနေတဲ့ အခြေအနေမှာ သူသေချာပေါက် ဗိုက်စာနေပါလိမ့်မယ်။

ပြင်ထားတဲ့ ထမင်းဝိုင်းလည်း သူတို့နှစ်ယောက်ကို မျှော်နေရှာရော့ထင့်..။

အိမ်ပြန်ရောက်သည်အထိ အီသန့်ဆီက ဘာစကားသံမှ ထွက်မလာသလို ဂျယ်ယွန်းဘက်ကလည်း ဘာစကားမှ မစခဲ့မိဘူး..။

​ နောက်ဆုံး မထူးတော့တဲ့ အခြေအနေမှာ အရင်ဆုံးအလျော့ပေးလိုက်ရတာကတော့ နှစ်ယောက်မရှိ ရှင်းမ်မျိုးနွယ်..။

ချစ်မိသွားပြီလေ..သွေးပူနေတုန်းမို့ စိတ်ဆိုးချင်ပေမယ့် မပစ်ပယ်ရက်ပါဘူး။
ဒါပေမယ့် နောင်တစ်ခါ ဒါမျိုးတွေ ထပ်မဖြစ်အောင်တော့ နည်းနည်း ဆူထားဦးမှာ..။

''လက်သွားဆေး အီသန်..ဗိုက်စာနေရောပေါ့။ ထမင်းစားကြမယ်။''

''ဂျယ်ယွန်း..ကိုယ့်ကို စိတ်ဆိုးသွားလား။''

''ဆိုးတာပေါ့။ ပြောစကားနားမထောင်တဲ့ကလေးတွေဆို ငါက နေ့လည်စာ အငတ်ထားတာ..။ စိတ်မပြောင်းခင် မြန်မြန်စား။''

ဘေစင်ကနေ ထမင်းစားပွဲဆီ ပြန်ပြေးလာတဲ့ အမျိုးသားဟာ ဗရုတ်သုတ်ခကျနေရင်တောင် ချစ်ဖို့ကောင်းမှုတွေ တစ်ထစ်မှလျော့ကျမသွားဘူး..။ ကွေးညွှတ်ချင်လာတဲ့ နှုတ်ခမ်းသားတွေကို သွားနဲ့ကိုက်ရင်း ထမင်းစားပွဲကို ကျောခိုင်းထားရတယ်။တော်ကြာ ဒီအမျိုးသားရဲ့ ပန်းရောင်ဖျောဖျော့ ပရိယာယ်နုနုတွေကြား ဂျယ်ယွန်း ကူရာကယ်ရာ မဲ့နေမှဖြင့်..။

ရူးသွပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ချိန်ကစလို့ အရာအရာအတွက် ခံနိုင်ရည်ရှိအောင်ပါ ကြိုးစားခဲ့ပေမယ့် အီသန့်အပြုံးတွေနဲ့ စကြာဝဠာမျက်ဝန်းတွေကို တည့်တည့်ငေးကြည့်နိုင်တဲ့အထိ ခံနိုင်ရည်တော့ရမလာတာမို့ ဂျယ်ယွန်းအတွက် မှီဝဲလို့ရတဲ့ဆေးဝါးဆိုတာ ဘယ်ကမ္ဘာဆီ သွားရှာရမယ်မှန်း မသိ..။

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သက်ရှိကံကောင်းခြင်းကို ခိုးခိုးကြည့်ရုံနဲ့လည်း ဂျယ်ယွန်းရဲ့ နေ့လည်စာတစ်နပ်ဟာ ပြီးပြည့်စုံခြင်း ရပ်ဝန်းဆီ ခြေချနိုင်သကိုး..။

''အီသန်..ပန်းကန်တွေ ငါနောင်မှဆေးမယ်။ ထားခဲ့လိုက်။''

''ကိုယ်ဆေးပေးမယ်လေ။ ဂျယ်ယွန်း နားနေပါ။''

ငယ်ငယ်က မေမေမသိအောင် တစ်ခုခုလုပ်ထားမိရင် ဂျယ်ယွန်းသုံးနေကျ အကွက်တွေပါ..။ ထင်ရာလုပ်ပြီးမှ အဆူခံထိမှာ ကြောက်ရသလား အီသန်ရဲ့။

ဘေစင်မှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့ ကျောပြင်လေးကိုကြည့်ရင်း ဂျယ်ယွန်း အသံတိတ်ရယ်မိပြန်တယ်။ ဒီလူဟာ ဘယ်လိုတောင်မှ.....။

''အီသန်..ငါတို့ပြောစရာရှိတယ်လေ။ လာထိုင်ပါဦး။''

ဒီလိုဆိုပြန်တော့လည်း လိပ်ဆန်တဲ့ခြေလှမ်းတွေနဲ့ ဂျယ်ယွန်းဆီ လာနေသူဟာ အဆိုးဆုံးအတွက်ပါ ပြင်ဆင်ထားတဲ့ မျက်နှာပေးမျိုးနဲ့။ ဂျယ်ယွန်း ပြုံးနေရင်းနဲ့ပဲ ခေါင်းခါမိပြန်ပါတယ်။

''လာပါ..။ငါမင်းကို ဘာလုပ်မှာ မို့လို့လဲ။ ပြိုတော့မယောင် မိုးလို မျက်နှာကြီးကို ပြင်ပြီး ပြုံးပြလှည့်ပါဦး။ မင်းစကြာဝဠာ မတောက်ပတဲ့ နာရီတွေကြား ငါတော်တော် ပူလောင်ခဲ့ကြောင်း ပြောပြချင်ရုံပဲ။''

''ဂျယ်ယွန်း ကိုယ့်ကို စိတ်ဆိုးတယ်ဆို။''

''အင်း..ဆိုးတာပေါ့။ အခု ဒီမှာလာထိုင်..ဘယ်လိုဖြစ်လို့ လမ်းထိပ်ကနေ ရဲစခန်းရောက်သွားရသလဲဆိုတာ ဝေမျှလှည့်ပါဦးဗျာ။''

ဂျယ်ယွန်းနား ဝင်ထိုင်လိုက်တဲ့ လူဘေးနားကို ပိုပြီး ကပ်ကပ်လေ တိုးသွားလိုက်ရင်း ပြုံးစစနဲ့ မေးခွန်းထုတ်မိတော့ တဖျက်ဖျက်လက်နေတဲ့ မျက်ဝန်းတွေက ဂျယ်ယွန်းရဲ့ မျက်ဝန်းတွေနဲ့ ဆက်သွယ်လာခဲ့တယ်။

''ဟို...ကိုယ်အစတုန်းကတော့ တကယ်လမ်းထိပ်က ကစားကွင်းအထိပဲ။ ဒါပေမယ့် အဲ့နားမှာလေ.....''

''အင်း..အဲ့နားမှာ ဘာတွေ့တုန်း...''

''ခွေးပေါက်လေး..''

''ခွေးပေါက်?''

''အဖြူရောင် အမွှေးအိအိလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတာပဲ ဂျယ်ယွန်းရယ်။ မျက်လုံးလက်လက်လေးတွေကိုကြည့်ရင်း ဂျယ်ယွန်းကိုတောင် ကိုယ်သတိရမိသေးတယ်။''

''ဘယ်လိုရယ်?''

''ဒီအတိုင်း သာမာန်ခွေးပေါက်လေးဆို သွားချင်ရာသွား လွှတ်ထားလိုက်မှာဆိုပေမယ့်.. ၊ သူလေးက ဂျယ်ယွန်းနဲ့ တူတယ်သိလား။''

''အလိုလေးဗျာ''

ဂျယ်ယွန်း ကိုယ့်နဖူးကို ဖြန်းခနဲမြည်အောင် ပြန်ရိုက်ရင်း ဆိုဖာပေါ်လဲချကာ ခွက်ထိုးခွက်လန် ရယ်မိတော့တာပါပဲ။ အဲ့တော့ သူလမ်းပျောက်သွားတာ ဂျယ်ယွန်းနဲ့ 50%လောက် သက်ဆိုင်နေတယ် ဆိုတဲ့သဘောပေါ့။

ရှင်းမ်ဂျယ်ယွန်းနဲ့ ရုပ်ချင်းဆင်သော ခွေးပေါက်နောက်လိုက်ရင်း လမ်းပျောက်သွားသော အီသန်....။
အောင်မလေး..ဘုရားသခင်..ကျွန်တော်ရယ်ရင်း အသက်ထွက်သွားခဲ့ရင် ကျွန်တော့်အစား ဒီစကြာဝဠာ မျက်ဝန်းပိုင်ရှင်ကို စောင့်ရှောက်ပေးပါ။

ပြင်းပြင်းထန်ထန် အဆူခံရတော့မယ်လို့ တွေထားပုံပေါ်တဲ့ အီသန်ကတော့ ဗိုက်နှိပ်ရယ်နေတဲ့ ဂျယ်ယွန်းကို ပြူးတူးကြောင်တောင်လေး ငေးကြည့်လို့..။ ဂျယ်ယွန်းက စိတ်ဆိုးရင် ဒီလိုပုံစံမျိုး ဖြစ်သွားတတ်တာလား။ ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ အိုးထိန်းသမားက ဒီလိုလည်း ခန့်မှန်းရခက်တာပဲလားနော်..။

''အီသန်ရယ်..အဲ့တော့ ခွေးနောက်ကို လိုက်ရင်း လမ်းပျောက်သွားတယ်ပေါ့။''

''အင်း..သူက အိမ်ကြိုအိမ်ကြားဝင်ပြေးတဲ့ဥစ္စာ။ ကြာလာတော့ သူ့ကိုလည်း မျက်ခြေပျက်၊ ကိုယ်လည်း လမ်းသွယ်တွေကြား ဘယ်အပေါက်က ပြန်ထွက်ရမယ်မှန်းတောင် မမှတ်မိတော့ဘူး။ ဂျယ်ယွန်းတို့မြို့က ရှိရှိသမျှ ပထဝီမြေကြီးကို လမ်းဖောက်ထားတာကိုး..။''

''ရဲစခန်းကိုရော..ဘယ်လိုရောက်သွားတုန်း''

''ဟိုသွားဒီသွားနဲ့ ဂျယ်ယွန်းမ,တော့ ရဲစခန်းရှေ့ တည့်တည့်ရောက်တာပဲ။''

''ငါ မ,တာလား၊ ဘုရားသိကြား မ,တာလား။''

''တစ်လောကလုံးက အခြားသတ္တဝါတွေကို ဘုရားနဲ့သိကြား မ,ချေပေါ့။ ကိုယ့်ကိုတော့ ဂျယ်ယွန်းမ,ရမယ်။''

ဪ.. ဒီလူ..။ စကားနဲ့လည်း တုပ်နှောင်တတ်တာပဲ။ ရေနစ်ပြီးသားလူမို့ ဝါးကူမထိုးပါနဲ့ အီသန်ရဲ့။
ငါငြိတွယ်မိလို့ ပြန်ရုန်းမထွက်နိုင်တဲ့အခါကျ မင်းကယ်တင်ပေးမှာ မို့လို့လား။

မိုးလင်းကနေမိုးချုပ်တဲ့အထိ ငေးကြည့်သော်လည်း ကြည့်လို့မဝနိုင်သော မျက်နှာဖြူဖြူလေးကို ဂျယ်ယွန်းစက္ကန့်ပိုင်းလောက် သတိလက်လွတ်ငေးမိပြန်တယ်။

လှစ်ခနဲပြုံးလိုက်သူကို နားမလည်သလို မျက်ခုံးပင့်ပြမိတော့ အပြုံးမပျက်ဘဲ ပြောလာသည်က..

''ဂျယ်ယွန်းဆူတာက ဆူတာနဲ့မတူလို့ပါ'' တဲ့။

ဂျယ်ယွန်း နှုတ်ခမ်းဖူးဖူးကို စိတ်လိုလက်က ပြီးတော့ နူးနူးညံ့ညံ့ ပြုံးလိုက်တယ်။

''မဆူရက်ပါဘူး..။ စိတ်လည်း မဆိုးရက်ဘူး။ အစကတော့ ပြန်လာရင် ခေါင်းနာနာလေး ခေါက်မလို့ပဲ။''

''ဒါဖြင့် ဘာလို့ မခေါက်တာတုန်း''

''အီသန့်ကမ္ဘာမှာ နာကျင်မှုလို့အမည်တပ်လို့ရတဲ့ အရာတစ်ခုမှ မရှိစေရဘူး။ အသံမာမာနဲ့ ဆူဖို့မပြောနဲ့ လေပြင်းပြင်းတောင် တိုက်ခွင့်မပေးနိုင်ပါဘူး။ အဲ့လိုဖြစ်အောင်လည်း ငါက ကာကွယ်ပေးမှာ..။''

ဒီကမ္ဘာကချစ်ခြင်းမေတ္တာတွေ အပြိုင်စကြာဝဠာတွေအထိ ပျံ့နှံ့ကုန်ပြီ အီသန်။
မင်းသေချာနားစွင့်ကြည့်ရင် လိပ်ပြာတွေရဲ့ အတောင်ပံခတ်သံကို ငါ့ဝဲဘက်ရင်အုံဆီက ကြားရပါလိမ့်မယ်။

အချစ်ဆိုတာ ဘာလဲလို့မေးရင် သကြားလုံးတွေ ပျားသကာတွေကို ဥပမာပေးလို့ ကဗျာလင်္ကါ ဖွဲ့မပြလိုပါဘူး အီသန်ရယ်..။
ဒါပေမယ့် အဲ့ဒီအစား ငါမင်းမျက်ဝန်းတွေကို အမြတ်တနိုးငေးကြည့်လိုက်မယ်။

ဒီလောက်ဆို မင်းသဘောပေါက်ပေါ့ ..။

နာရီအိုဆီက စက္ကန့်လက်တံတွေရဲ့ တချက်ချက်မြည်သံကို နားထောင်ရင်း စကြာဝဠာထဲ လက်ပစ်ကူးမိခိုက် ဂျယ်ယွန်း အီသန့်ဆံနွယ်တွေကို ညင်သာမှုနဲ့ ထိတွေ့မိတယ် တူပါရဲ့..။
____________________

ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်ခြင်းက မင်းဆိုတဲ့ ကောင်းမွန်ခြင်း ဖြစ်မယ်လို့ ငါမထင်ခဲ့ရိုးအမှန်..။
____________________
🍃

tbc~
_🎻

Czytaj Dalej

To Też Polubisz

220K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1K 101 5
☆゚ⁱᵐ ᵘʳˢ , ᵘʳ ᵐⁱⁿᵉ*⁠・⁠。゚
1.8K 267 12
(Unicode) အမှားတခုသာရှိခဲ့မယ်ဆိုရင် ဘဝခြင်းမတူတဲ့အမှားပဲဖြစ်ပါလိမ့်မယ် (Zawgyi) အမှားတခုသာရှိခဲ့မယ်ဆိုရင် ဘဝွခင်းမတူတဲ့အမှားပွဲဖစ်ပါလိမ့်မယ်
85.3K 7.2K 48
𝐌𝐚𝐫𝐫𝐲𝐢𝐧𝐠 𝐛𝐲 𝐟𝐨𝐫𝐜𝐢𝐧𝐠 𝐚 𝐜𝐨𝐮𝐩𝐥𝐞 𝐰𝐢𝐥𝐥 𝐧𝐨𝐭 𝐥𝐞𝐚𝐝 𝐚 𝐡𝐚𝐩𝐩𝐲 𝐥𝐢𝐟𝐞 𝐛𝐮𝐭 𝐦𝐚𝐲 𝐛𝐞 𝐲𝐞𝐬 𝐦𝐚𝐲 𝐛𝐞 𝐧𝐨𝐭. 𝐒...