၁၉၈၃၊မတ်လ ၁၆ရက်၊ ကြာသပတေးနေ့။
အချိန်တွေတရစ်ရစ်ကုန်ရင်း နွေ၊မိုး၊ဆောင်းရာသီသုံးပါးဟာလည်း သူ့ရာသီနဲ့သူလည်ပတ်နေသည်။ ခုဆိုအေးရိပ်ကိုတစ်ယောက် တက္ကသိုလ်နောက်ဆုံးနှစ်စာမေးပွဲလည်းပြီးဆုံးသွားပြီ။ မနက်ခြောက်နာရီရထားနဲ့ တရွေ့ရွေ့လာတော့ မနက်ဆယ်နာရီဆိုဆင်းရမည့် ဘူတာကိုရောက်သည်။ ဘူတာရှိရာနီးစပ်ရာမြို့မှဆင်းပြီး ကျုပ်ရွာကို အိမ်က လာကြိုခိုင်းထားသည့်ဘကြီးစော နွားလှည်းနဲ့ဆက်လက်ချီတတ်ရအုန်းမည်။ ကျုပ်နေသည့် ညောင်ပင်ဦးရွာကိုရောက်ဖို့ ထန်းတပင်ရွာကိုဖြတ်ရသေးသည်။ ထန်းတပင်ရွာနှင့်ညောင်ပင်ဦးရွာအကြား နွေဦးရောက်ခါစမို့ လက်ပံပင်ပေါ်ကနီနီရဲရဲလက်ပံပွင့်တွေဟာလည်း တမေ့တမောငေးနေစရာပင်။ လှည်းလမ်းတစ်လျှောက် ဖုန်တွေကလည်းအရင်ကလို ခြေသလုံးလောက်ပင်မြုပ်လုနီးနီးပါ။သို့ပင်မဲ့ ဘယ်အရပ်ဆီပဲရောက်ရောက် သူဒီရွာနဲ့ဒီအငွေ့အသက်တွေကိုမေ့လို့ရမည်မဟုတ်။
အနီးပတ်ဝန်းကျင်ရွာလေးရွာမှာတော့ ကျုပ်တို့ညောင်ပင်ဦးရွာက လယ်ယာလုပ်ငန်းအဆင်ပြေဆုံး အိမ်ခြေအများဆုံးရွာဖြစ်သည်။ ထန်းတပင်ရွာနှင့်ညောင်ပင်ဦးရွာက ကျန်ရွာများထက်နီးသည်။လမ်းလျှောက်သွားရင်တောင် ဆယ့်ငါးမိနစ်မျှသာကြာလိမ့်မည်။ ဘကြီးစောနဲ့ရွာအကြောင်းပြောပြီး ဘေးကရှုခင်းတွေငေးရင်း ရွာနားရောက်မဲ့မလှမ်းမကမ်းမှာ လုံမပျိုတစ်ယောက်ကို ယောက်ျားသုံးယောက်လောက်ဝိုင်းစကားပြောနေကြသည်။ ကြည့်ရတာတော့မဟန် ထိုယောကျ်ားသုံးယောက်ဟာ ထန်းရည်မူးနေပုံရသည်။ ဘကြီးစောက အသက်ကြီးနေပြီမို့ ခပ်လှမ်းလှမ်းကအဖြစ်အပျက်ကို အသေအချာမြင်မည်မဟုတ်။သို့သော်အေးရိပ်ကိုကတော့ လူငယ်ပီပီထိုမြင်ကွင်းကို ထင်းလင်းစွာမြင်သည်။
မနေသာသည့်အဆုံးမှာလှည်းပေါ်က ခုန်ဆင်းလိုက်ပြီး ထိုလူတွေရှိရာကိုလျှောက်သွားလိုက်သည်။
"ကိုယ့်လူတို့ ဘာများဖြစ်ကြသလဲ။ "
ထိုလူထဲမှတစ်ယောက်က မည်သူမည်ဝါဆိုတာမကြည့်ပဲ။
"နေစမ်းပါ။ ကျုပ်ဒီလုံမကိုချစ်ကြောင်းတွေ
ပြောနေတာ။ "
အေးရိပ်ကိုကဟန်ပါပါလက်ပိုက်လိုက်သည်။
"ကျုပ်ကိုကြည့်ပါအုန်း။ ခုချစ်ကြိုက်ကြောင်းပြောချင်သေးသလားလို့။ "
သုံးယောက်လုံးအေးရိပ်ကိုဖက် လှည့်ကြည့်လာကာအနည်းငယ်ကြောက်သွားပုံရသည်။
"ဟဲဟဲ ကျွန်တော်တို့က ဒီတိုင်းစတာပါ။ "
ဒီနယ်တွင် အေးရိပ်ကိုရဲ့အဘသြဇာသည် သူကြီးမဟုတ်သော်လည်း သူကြီးများထက်တောင် ကြီးမားလှသည်။ ခဏကြာတော့ ထိုလူသုံးယောက်ထွက်သွားကြသည်။
အနှောက်ယှက်ခံရသည့်လုံမမှာခေါင်းကိုသာငုံ့ထားသည်။ သူလာတည်းက ဒီတိုင်းမို့သူမျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရ။သူတစ်ယောက်တည်း လူပြတ်သည့်လမ်းမှာ ဘာကြောင့်သွားနေသည်လည်းစဥ်းစားမရ။ မိန်းခလေးတစ်ယောက် တည်း လူပြတ်သည့်လမ်းမှာ သွားနေသင့်သလားဆိုပြီး ဒေါသအနည်းငယ် ထွက်လာသည်။ ကြည့်ရတာ ဒီနားရွာတစ်ရွာက သူဌေးသမီးယောက်ယောက်ဖြစ်လောက်သည်။ ဝတ်စားဆင်ယင်ပုံမှာသပ်ရပ်သည်။ အသားမှာ အညာသူဆိုသော်လည်း ဖြူဖွေးဥနေသည်။ ဒီလိုအသားရေကို အညာမှာကနေပူတောမှာ အလုပ်ကြမ်းလုပ်နေသည့်လုံမတော့ဘယ်နည်းနဲ့မှမရနိုင် အိမ်ထဲမှာနေပြီးအိမ်ကဖူးဖူးမှုတ်ထားသည့် သူသာဖြစ်ရမည်။
"ခဗျားကော ဒီလောက်လူပြတ်တဲ့ နေရာကိုဘာလို့တစ်ယောက်တည်း လာသလဲ။ အန္တရာယ်ရှိတယ်ဆိုတာ
မသိတာလား။ "
ငေါက်သံလေးနည်းနည်းပါသွားတော့ ထိုလုံမခေါင်းလေးမှာပို၍တောင်ငုံ့သွားသေးသည်။ခဏအကြာ ဘကြီးစောလှည်းသည် အေးရိပ်ကိုအနားရောက်လာသည်။
"သမီးဘာမှမဖြစ်သွားဘူးမလား။"
အေးရိပ်ကိုကခေါင်းခါပြလိုက်တော့ ဘကြီးစောကရှေ့ကလုံမကို သေချာကြည့်ပြီး။
"ဒါအိမ်ကိုလာနေကျ ထန်းတပင်ရွာသူကြီးသမီးမလား။ "
ဘကြီးစောစကားအဆုံးမှာ ထိုလုံမလေးခေါင်းမော့လာသည်။ အိုလှလိုက်တာ သူကြီးသမီးဆိုတဲ့ဂုဏ်ပုဒ်နဲ့လိုက်အောင်လှတာ။အသားရောင်မှာဖြူဖွေးဥနေပြီး ဆံပင်ကို ဆံမြိတ်ပါးပါးလေးချထားသည့်အပြင် ကျောလယ်လောက်ဆံပင်ကိုစည်းနှောင်ထားသည်။ပါးပြင်ပေါ်တွင်လည်းပါးကွက်လေးကို လှပစွာကွက်ထားသေးသည်။လုံမလေးမော့လိုက်ခြင်းမှာပင် မည်သို့မှမခုန်ဖူးသည့် ရင်တစ်စုံဟာသူ့အလိုလိုခုန်လာသည်။
"ဟုတ်ပါတယ်။ "
"အဲဆိုလှည်းပေါ်တတ် တစ်ယောက်တည်းလာလို့
ဘယ်ဖြစ်ပါ့မလဲ။ "
အေးရိပ်ကိုတစ်ယောက် ဘာမှဝင်မပြောပါပဲ။
ထိုလုံမကိုသာတွယ်တွယ်လေး ငေးကြည့်နေသည်။ ဘကြီးစောယူလာသည့် လှည်းမှာတခြားလှည်းတွေထက် အတော်လေးမြင့်နေသည်မို့ လုံမလှည်းပေါ်တတ်လို့ရောက်ဟန်မပေါ်ပေ။ ဒါကြောင့် အေးရိပ်ကိုအရင်လှည်းပေါ်တတ်ပြီး လုံမကိုလက်ကမ်းပေးလိုက်သည်။ လုံမလက်ကိုဆွဲယူလိုက်သည်နှင့်တပြိုင်တည်းရင်တစ်စုံဟာ ထပ်မံခုန်တတ်လာပြန်သည်။အေးရိပ်ကိုက လှည်းအလယ်တွင်ထိုင်လိုက်ပြီး ထိုလုံမကတော့ လှည်းနောက်မှာခြေဆင်းထိုင်နေသည်။
"ကျေးဇူးပါ။ "
"အင်းရတယ်နောက်ခါသာ တစ်ယောက်တည်း
သွားမနေနဲ့။ "
"ဟု..ဟုတ်"
လုံမအသံမှာထစ်နေသည် အေးရိပ်ကိုလည်းဒေါသသံအနည်းငယ်ပါသွားကြောင်း ကိုယ့်ဘာသာသိလိုက်သည်။
ငါးမိနစ်လောက်လှည်းထပ်မောင်းတော့လာတော့ အေးရိပ်ကိုနေသည့်အိမ်ကိုရောက်သည်။ အိမ်ရှေ့မှာအေးရိပ်ကိုအမေကရပ်စောင့်နေသည်။အဘကတော့ရှိပုံမရ သူ့အလုပ်ထဲမှာဖြစ်ဖို့များသည်။ လှည်းပေါ်ကဆင်းသည်နဲ့ လှည်းပေါ်ကအထုပ်တွေကို အိမ်ကအလုပ်သမားတွေလာသယ်သည်။
"အမေအဘကော။ "
"ဟိုဖက်ရွာကိစ္စရှိလို့ ခဏသွားတယ်သမီးရဲ့။ "
ထင်သည့်အတိုင်းပဲ အေးရိပ်ကိုဘဝမှာလိုလေသေးမရှိလိုသမျှရသော်လည်း၊ မေတ္တာတော့ငတ်သည်ဟုဆိုရမည်။
ခုကြည့်သမီးတစ်ယောက်လုံးမြို့ကပြန်လာတာလာကြိုဖို့မအားလပ်ချေ။ ဒါတော့ထားပါ သူ့ကိုမတောင်းမတကြောင်းကျအောင်ထားနိုင်ခြင်းကို ပင်ကျေးဇူးတင်ရမည်မလား။
"အော်။ "
"စာမေးပွဲဖြေနိုင်တယ်မလားသမီး။"
"ဖြေနိုင်တာပ မေမေရဲ့။"
အမေသည် ဘေးမှလုံမလေးကို ကြည့်လိုက်ပြီး
"သမီးအိမ်ကလိုက်မပို့လား။ "
"ဟုတ်တယ် ဒေါ်ဒေါ်။ ဒီနေ့အဘမြို့တတ်သွားတော့ အိမ်မှာ လှည်းမရှိတော့တာနဲ့ ဒီတိုင်းလမ်းလျှောက်လာလိုက်တာပါ။ "
"သွားတယ်ဆိုလည်း အဖော်နဲ့ဘာနဲ့သွားပါလား။
ခုတော့ကိုယ့်ဘာသာ တစ်ယောက်တည်းသွားနေတော့
ရွာနားမှာ ထန်းရည်မူးနေတဲ့ကောင်တွေဆီ အစခံနေရတယ်လေ။ "
အေးရိပ်ကိုမှ ဝင်ပြောလိုက်သောအခါ သူ့စကားအပြောအဆိုကြောင့် အမေအနည်းငယ်မျက်နှာပျက်သွားသည်။
"စိတ်ထဲမထားနဲ့သမီးရယ်။ အဲလိုပဲသူက
စကားကိုသေချာမပြောတတ်ပင်မဲ့ စေတနာတော့ကောင်းပါတယ်။ "
"ရပါတယ်ဒေါ်ဒေါ်။ သမီးနားလည်တယ်။"
"ဒါနဲ့သမီးလေးဘာမှမဖြစ်ဘူးမလား။ "
"ဟုတ်။ ဘာမှမဖြစ်ပါဘူး။ "
"ဒါနဲ့ ထန်းတပင်ရွာကသူကြီးသမီးကအမေ့ဆီဘာလို့
လာတာလဲ။ "
အေးရိပ်ကို အနည်းငယ်မျက်နှာကျုံ့ပြီး မေးလိုက်သည်။
"သူကြီးသမီးလို့မခေါ်ပါနဲ့ ဒီတိုင်းပဲခေါ်ပါ။ "
ထိုလုံမမှ အေးရိပ်ကိုအားဆိုသည်။
"မယ်မင်းကြီးမ မသင်ချင်လှပါပြီဆိုတဲ့ အပ်ချုပ်ပညာကို ဒီသမီးလေးကျွန်မဆီလာသင်တာပါတော့်သိပြီလား။ "
"မေမေကလည်းဗျာ။ သမီးမှစိတ်မဝင်စားတာကို
မသိတာလည်းမဟုတ်ပဲ။ "
"ခုနားက သူကြီးသမီးလို့မခေါ်နဲ့ဆိုတော့ကျုပ်ဘယ်လို ခေါ်ရမလဲ။ "
အမေ့ကိုပြောပြီး ထိုလုံမဖက်လှည့်ပြောလိုက်ခြင်းပင်။
"မြရစ်နွယ်လို့ခေါ်ပါ။ "
" ရတယ်လေ။ အမေဒါဆိုသမီးခရီးပန်းလာလို့ ရေမိုးချိုးပြီး ခနအိပ်အောင်သွားပြီနော်။ "
ပြောပြီးဖြတ်ခနဲဆိုအိမ်ထဲဝင်သွားတော့
"ထမင်းစားအုန်းနော် ဒီခလေးနှင့်"
"နိုးလာရင်စားမှာပေါ့။ "
မြရစ်နွယ်မွေးတည်းက ဘယ်သူ့ဆီမှလေသံမာမာဖြင့် အပြောမခံဖူးပါ။အဘတို့အမေတို့ကတောင်ဖူးဖူးမှုတ်ထားတာ။ ခုမှမြင်ဖူးတဲ့ အစ်မဆီမှတော့ အပြောခံရသည်။ သို့သော်လည်း သူအနည်းငယ်ကြောက်တာကလွဲရင် မငြိုငြင်ပါ။ဟိုတစ်နေ့ကတည်းက ကြားမိသည်။ဒေါ်ဒေါ်ကရန်ကုန်မှာကျောင်းတတ်နေတဲ့သူ့သမီးကို ပြန်လာမည်ဆိုတာကို အစ်မကချောသည် ဒါမဲ့မိန်းခလေးတစ်ယောက်လိုမျိုးတော့မဟုတ်။ အမျိုးသားတစ်ယောက်လို။ ခုလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဝတ်လေ့ရှိတဲ့ စတိုင်ပင်စ်ဘောင်းဘီအနက်ကို ရှပ်အဖြူဗြောင်နဲ့ဝတ်ထားသည်။ ဆံပင်ကို လည်ဂုတ်ကျော်ကျော်လောက်ရှည်ပြီး ရှေ့ကဆံမိတ်ချထားတာမျိုးမဟုတ်ပဲ ဆံမိတ်ထက်အနည်းငယ်အရှည်ညှပ်ထားတာကြောင့် မေးရိုးသွယ်သွယ်နဲ့ အလွန်ကြည့်ကောင်းသည်။
"လာသမီးလာ။ "
အစ်မအိမ်ထဲဝင်သွားပြီးနောက် ဒေါ်ဒေါ်ကအိမ်ထဲကိုခေါ်လာသည်။
📎
၁၁ ချက်ထိုးမှာ ဒေါ်ဒေါ်အိမ်ရောက်ပြီး ၁၂ချက်ကျော်ကျော်လောက်မှာ ခုနားကအစ်မအိမ်ချင်မူးတူးနဲ့ မြရစ်နွယ်တို့ရှိတဲ့အောက်ခန်းကိုဆင်းလာသည်။
"အမေဗိုက်ဆာတယ်ဘာချက်ထားလဲ။ "
သန်းသံအနည်းငယ်နဲ့ ခလေးငယ်တစ်ယောက်လို
သူ့အမေကိုဆိုသည်။
"ကြက်သားချက်ထားတယ်။ ပြီးရင်ဒီနေ့သမီးကြိုက်တာတော်တော်များချက်ထားသေးတယ်။သမီးစားတော့မယ်ဆိုဒေါ်အေးကိုပြင်ခိုင်းလိုက်မယ်မေမေရယ်။ "
"ဟုတ်ကဲ့။ "
အမေကအိမ်ခန်းထဲကနေပြီး ဒေါ်အေးကို ထမင်းပွဲပြင်ပေးဖို့လှမ်းပြောသည်။ ခုနားကလုံမလေးကတော့ဘာမှမပြော တကုတ်ကုတ်နဲ့ဘာတွေလုပ်နေတယ်မသိပါ။
ထမင်းစားခန်းထဲရောက်တော့ သူကြိုက်တဲ့ဟင်လျာတွေနဲ့မို့ အိမ်ထမင်းအိမ်ဟင်းတွေ မစားဖြစ်တာကြာတာ
ကြောင့်ကော ထမင်းအတော်လည်းစားဖြစ်သွားသည်။
ထမင်းစားပြီး အိမ်ရှေ့က ထွက်မယ်ကြံတော့အမေကလှမ်းအော်သည်။
"အိမ်ကိုရောက်တာမှမကြာသေး ထန်းရည်ဆိုင်သွားမို့လား။ "
"ဟဲဟဲ ညနေအမှီပြန်လာပါ့မယ်မေမေရဲ့။ "
"အေးအေးသွားသွား။"
မေမေကအေးရိပ်ကိုဘာလုပ်ချင်ချင်ခွင့်ပြုထားသည်။
ဘယ်အရာမဆိုအလွန်အကျွံမဖြစ်ရင်တော်ပြီ သူ့သမီး ဘယ်လိုဖြစ်ဖြစ်လက်ခံပေးနိုင်သည်။ မိန်းခလေးဖြစ်လို့မိန်းခလေးလိုပဲ နေရမယ်ဆိုတာမျိုးမေမေ့မှာမရှိ ကိုယ့်လွတ်လပ်ခွင့်နှင့်ကိုယ်မို့ အရာအားလုံးခွင့်ပြုခြင်းပင်။ပြီးတော့ဒီနယ်တစ်ဝိုက်မှာ သူ့သမီးကိုဘယ်သူမှာဘာမှမလုပ်နိုင်ဘူးဆိုတာသိသည်။လက်စွဲတော် စက်ဘီးလေးကိုဆွဲပြီး ရွာလယ်ကအကိုဝမ်းကွဲကိုဝင်ခေါ်တော့ အကိုကရှိမနေ အဲကြောင့်သူသူငယ်ချင်း ဘကြည်ကိုသာခေါ်ပြီးထန်းတောထဲနှစ်ယောက်ရောက်ချလာသည်။
"ရန်ကုန်မှာနေရတော့ ဒီကထန်းရည်လေးလွမ်းနေတာခုမှပဲသောက်ရတော့မယ်။ "
"ဟုတ်တာလည်းမဟုတ်ကွာ။ရန်ကုန်မှာဝီစကီတို့သောက်လို့ရသားနဲ့။ "
"ဘယ်တူမလဲကွ။ ဒီအညာက ထန်းပင်ကျရည်နဲ့လယ်ကြွက်ကင်နဲ့မှကောင်းတာကွ။ "
"ဟားဟား ဟုတ်ပါပြီကွာ။ပညာတတ်ကြီးကပြောမှတော့ပြိုင်မငြင်းတော့ပါဘူး။ "
ခနကြာတော့ ဘကြည်သူငယ်ချင်းတွေရောက်လာသည်။
ဘကြည်သူငယ်ချင်းဆိုပင်မဲ့သူ့အပေါင်းအသင်းဆိုလည်းဟုတ်သည်။
"လာထိုင်ဗျို့။ ဒီနေ့ငါတို့အေးရိပ်ကိုကြီးရောက်တာ။ "
နောက်ထပ်လူသုံးယောက်ဝင်ထိုင်လိုက်တော့ အေးရိပ်ကိုတော့အဖွဲ့နည်းနည်းအုပ်စုတောင့်သွားသည်။
"မင်းတိုက်မို့လား။ "
"ဒါပေါ့ကွ။ "
"ကြိုက်သလောက်သာသောက်။ "
" ဒီနေ့တော့စားရကံပါပြီဟော့။ ဒါနဲ့ဟိုဖက်ရွာမှဖဲဝိုင်းရှိတယ်မင်းတို့လိုက်မလား။ "
"တော်ပါပြီကွာ။ လောင်းကစားဝါသနာမပါဘူး။
ကြက်ဝိုင်းဆိုတော်သေး။"
"အေးရိပ်ကိုတို့ကတော့လုပ်ပြီ။"
📎
ညနေမစောင်းခင်လေး ထန်းတောထဲကငါးယောက်သားထွက်လာကြသည်။ ကျန်သုံးယောက်လည်း အေးရိပ်ကိုမပါလာတာကြောင့် ဖဲဝိုင်းကိုမသွားဖြစ်ကြ။ငကြည်ကအေးရိပ်ကိုညစက်ဘီးလေးကိုအသာတွန်းကာလာသည်။ အေးရိပ်ကိုကတော့စီးကရက်ဖြူတစ်လိပ်ကိုလက်ကြားတွင်ညှပ်တာ ဘေးကပ်လျှောက်လာသည်။ခဏကြာတော့ဟိုသုံးကောင်က သူကြိုက်တဲ့လုံမကိုတွေ့လို့ထင်သည်။ ရှေ့ကတော့ခပ်သုတ်သုတ်သွားလေသည်။ အေးရိပ်ကိုက မတရားလုပ်တာပဲမကြိုက်တာထန်းရည်မူးနေပင်မဲ့ သူတို့နှစ်သက်တဲ့သူကို စကားလိုက်ပြောရင်တော့မတားပါ။ လူတိုင်းချစ်ပိုင်ခွင့်ရှိတာပဲလေဟုတ်တယ်မလား။ သူတို့နားတဖြည်းဖြည်းရောက်သွားတော့ သူတို့စကားပြောသည့်လုံမမှာ မနက်ကအမေ့ဆီလာတဲ့လုံမလေး ဟိုသုံးယောက်ထဲကတစ်ယောက်က ချစ်ကြိုက်ကြောင်းပြောနေတာမှန်ပင်မဲ့ ထိုလုံမလေးမှာခေါင်းငုံ့နေသည်။
"ငါ့ကောင်တွေတော်ကြတော့။ဒါငါ့အိမ်ကိုလာနေကျ
မိန်းခလေးငါ့မှာ စောင့်ရှောက်ခွင့်ရှိတယ်။ မင်းတို့ချစ်ကြိုက်တာသိပင်မဲ့ သူတပါးမကြိုက်ရင်လုပ်စရာမလိုဘူးကွ။ "
"ငါတို့ကဒီတိုင်းပါကွာ။ "
"အဲဆိုပြန်တော့ ငကြည်သူတို့ကိုခေါ်သွား ငါ့ကိုစက်ဘီးထားခဲ့။ "
သူ့သူငယ်ချင်းတွေလည်းဟုတ် သူမတရားတာကိုမခံတာသူဆိုတာလည်း သိတာကြောင့်ဟိုသုံးယောက်အသာတကြည်ပင်လိုက်သွားသည်။ ဟိုလုံမကိုကြည့်ပြန်တော့ ခေါင်းလေးငုံ့ရက်သွားဖြစ်နေပြန်သည်။တစ်ယောက်တည်းမလာနဲ့လို့ ပြောတာကို လာပြန်ပြီ။ ကျုပ်နဲ့တွေ့လို့ပေါ့ မဟုတ်ရင် ဘယ်လိုလုပ်မလဲဆိုပြီးတွေးတာဒေါသထွက်လာပြန်သည်။
"တစ်ယောက်တည်းသွားမနေနဲ့လို့ ကျုပ်မပြောဘူးလား။ "
"ဟု...ဟုတ် ပြေ..ပြောပါတယ်။ "
လေသံမှာထန်းရည်အရှိန်ကြောင့်ကောဒေါသထွက်နေတာကြောင့်ကောအရင်တစ်ခါထက်တောင်တင်းမာနေတာကြောင့် ထိုလုံမ ကြောက်နေသည်ဆိုသည်မှာမဆန်းပေ။
"တတ်ကျုပ်လိုက်ပို့မယ်။ "
"ထန်း...ထန်းရည်...မူ...မူးနေတယ်မလားအစ်မ။ "
အေးရိပ်ကိုမှကုန်ခါနီးစီးကရက်ဖြူကို
ဘေးသို့လွှတ်ပြစ်ပြီး
"ကျုပ်ကို ထန်းရည်မူးနေလို့ လူမှန်းသူမှန်းမသိဘူး ထင်နေသလား။ "
"အဲ...အဲလိုမဟုတ်..ဟုတ်ပါဘူး။ "
"အဲဆိုတတ်။ "
အေးရိပ်ကိုရဲ့အမိန့်ဆန်ဆန်စကားတွေကြောင့် လုံမလေးမှာ အေးရိပ်ကိုစက်ဘီးပေါ်တတ်လိုက်သည်။
"ရွာပြင်လောက်ဆိုရပါပြီ။ အဘတို့လာမယ်ပြောတယ်။ "
"အေးအေး။ "
ရွာပြင်ကိုသိပ်မနင်းရပါ။သို့ပင်မဲ့ တစ်ဆယ့်ငါးမိနစ်ကြာအောင်စောင့်နေသော်လည်း သူ့အဘကရောက်မလာသေးချေ။
"ကျုပ်စိတ်မရှည်တော့ဘူး။ ကျုပ်ပဲလိုက်ပို့ပါ့မယ်။ "
"အားနာစရာ တစ်ယောက်တည်းစောင့်နေလည်းအဆင်ပြေပါတယ်။ "
"ခုနားတုန်းကလို ထန်းရည်မူးသမားတွေလာရင်ကော။
အစခံနေအုန်းမို့လား။ "
သူကျမူးနေတဲ့သူမဟုတ်လို့လား
"....."
"ခဗျားအစခံနိုင်ပင်မဲ့ကျုပ်စိတ်ပူတယ်။ "
ထိုစကားမှာ မြရစ်နွယ်ရင်ခွင်တစ်စုံဟာထွေးခနဲ
ခံစားရသွားသည်။
"ကျုပ်အိမ်ကိုလာတဲ့ သူတိုတော့တာဝန်ရှိတယ်လို့ပြောချင်တာ။"
ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ခင်မဲ့ ထွက်သွားတာစကားကိုပြန်ထောက်ရခြင်းပင်။
"အဆင်ပြေရင်လိုက်ပို့ပေးပါ။ "
"ကျုပ်ကလိုက်ပို့မို့ပြောနေတာကို ခဗျားကအဆင်ပြေရင်လိုက်ပို့ပါဆိုတော့ ခဗျားတော်တော်ဂွကျတဲ့လုံမပဲ။ "
အေးရိပ်ကိုအသံမှာ အလိုမကျဟန်တွေအများကြီးပါသည်။ သူကအားနာတာတွေမကြိုက် သူ့ကိုပွင့်ပွင့်လင်းလင်းပြောမှသဘောကျသည်။
"ဟုတ်။ "
သူတို့ရွာကိုစက်ဘီးနင်းရင် ဆယ်မိနစ်လောက်သာသွားရပင်မဲ့ လုံမစက်ဘီးစီးကျင့်မရှိကြောင့်ထင်တယ်။အေးရိပ်ကိုအကျ်ီစကို သူ့လက်လေးဖြင့်ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို လှည့်မကြည့်ပင်မဲ့ ခံစားမိနေသည်။ရွာအလယ်လောက်ရောက်တော့စက်ဘီးကိုရပ်လိုက်ပြီး
"ကျုပ်သူကြီးအိမ်မသိဘူး။"
"ဟိုရှေ့လေးတင်ပါ။အစ်မလည်း အိမ်ထဲဝင်ပါအုန်းလား။ "
"ဒီကနှမကိုယ့်ဘာသာသွားလိုက်ပါ။ ကျုပ်ဒီလိုပုံစံနဲ့တော့လူကြီးတွေနဲ့တွေ့ဖို့အဆင်မပြေဘူး။ "
"ဟုတ်ကဲ့။ကျေးဇူးပါနော်။"
"ကျုပ်ကိုကျေးဇူးတကယ်တင်သပါ့ဆို နောက်ခါတစ်ယောက်တည်းမလာစမ်းနဲ့ နောက်တစ်ခါဒီလို့အခြေအနေမျိုးထပ်တွေ့ရင်ကျုပ်ခဗျားကို ဘာလုပ်မိမယ်မသိဘူး။ "
လုံမလေးမှခေါင်းကိုတဆတ်ဆတ်ညှိတ်ကာ အေးရိပ်ကိုမှသွားတော့ဆိုမှ ချာခနဲ့လှည့်သွားလေသည်။
အိမ်ပြန်ရောက်တော့အဘကမရောက်သေးချေအချိန်ကြည့်တော့ လေးချက်ထိုးပြီ။ ဟိုအစ်မကောအိမ်ကောင်းကောင်းပြန်ရဲ့လား လမ်းမှာစီးကရက်တွေများသောက်နေသေးတာလား။ တကယ်တော့မြ အစ်မကိုအများကြီးကျေးဇူးတင်ရမည်။ အဲနှစ်ခါလုံးအစ်မသာဝင်မပါရင် မြတကယ်ငိုမိမှာအမှန်ပင်။အမေ့ကိုအကျိုးအကြောင်းပြောပြတော့ နောက်ခါခြေထောက်နဲ့မလွှတ်တော့ဘူးဟုဆိုသည်။အစ်မကိုလည်းအတော်လည်းကျေးဇူးတင်နေသည်။အစ်မထန်းရည်တွေမူးနေတဲ့အကြောင်းတော့မပြောဖြစ်ခဲ့ပါ။
9.3.2024
နှောင်းသက်ဝေ