Beyond the horizon [Heejake]

By kangseorim_nyo

6.1K 792 554

မင်းမျက်ဝန်းတွေမရှိရင် ငါ့ကမ္ဘာက ကာလာမဲ့တဲ့ ပန်းချီ More

Now, we are friends.
My troublemaker
I like the person like you
The night
Is that you Ethan?
It's time to......
Lee Heeseung
Is loving a mistake?
THE END or THE BEGINNING
Where?
That's so dangerous but also beautiful
Please,...
Lost the way
The last day with Ethan
Sim Jae..
My Hoon.
Let's go home, Ethan.
THE LAST PAGE (end)
saying good bye!

Who am I?

966 71 23
By kangseorim_nyo

     လိမ္မော်ရည်အေးအေးလေး တစ်ခွက်လောက်သောက်ရင်း နွေရာသီရဲ့ ညနေခင်းတွေအကြောင်း ဒဿနဖွင့်ကြည့်ရအောင်။
လိမ္မော်ရောင် ဆည်းဆာရောင်ခြည်၊ ကဗျာဆရာရဲ့ ကလောင်သွားက ထွက်လာတဲ့ စာလုံးလေးတွေလို နူးနူးညံ့ညံ့တိုက်ခတ်နေတဲ့ လေညင်း၊ ပြီးတော့ ဘာကျန်ဦးမလဲ။

အာ..အခုလို ငြိမ်ငြိမ်လေးထိုင်ရင်း ကိုယ်သိပ်ကြိုက်တဲ့ လိမ္မော်ရည်အေးအေးလေး သောက်နေရတဲ့ မိနစ်တွေလည်း ပါဦးမယ်။ ကိုယ်သဘောကျတာတွေကိုသာ ထည့်ရရင် ဂျယ်ယွန်းစားနေကျ ငှက်ပျောသီးအရသာ ရေခဲချောင်းလည်း ပါမှာပဲ။

ပြီးတော့ နီရဲရဲ ဖရဲသီးကို ထိပ်ဖျားလေးတွေပဲ ကွက်ပြီးစားလိုက်ရသလို ခံစားချက်ချိုချိုလေးတွေလည်း ရှိရင်ရှိဦးမှာ။

မိုးလင်းတာနဲ့ ဆိုင်ဖွင့်ပြီး ရွှံ့စေးပျော့ပျော့လေးတွေကို ပုံစံအမျိုးမျိုး သွင်းရသလိုမျိုး နွေရာသီရဲ့ ညနေတွေကိုလည်း ဂျယ်ယွန်းကြိုက်သလို စာမျက်နှာသီလို့ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

လိမ္မော်ရည်ဘူးကို နောက်ဆုံးအနေနဲ့ စုပ်သောက်လိုက်တဲ့အချိန်မှာ မှန်ကြည်ကြည်ကိုဖြတ်ပြီး ဂျယ်ယွန်းမျက်နှာပေါ်ကျနေတဲ့ ဆည်းဆာက ဂျယ်ယွန်းနေထိုင်လာမြို့ပြကို နှုတ်ဆက်သွားခဲ့ပြီ။ မြေထည်လေးတွေနဲ့ ရွှံ့စေးအကြွင်းအကျန်ကလွဲလို့ ထူးထူးခြားခြား ဘာမှမရှိတဲ့ ဂျယ်ယွန်းရဲ့ ကမ္ဘာငယ်လေးထဲမှာ ရွှံ့စေးနံ့လေး နည်းနည်းသင်းနေတတ်တယ်။ ဘာလို့ဆို ကိုယ်က မြေထည်ပြုလုပ်သူကိုး..။ တနည်းအားဖြင့်ဆိုရသော် အိုးထိန်းသမားပေါ့..။

ယောကျာ်းလေးဖြစ်ပြီး မြေထည်လုပ်ရောင်းနေတဲ့ ဂျယ်ယွန်းပုံစံက အချို့လူတွေအတွက် ရယ်စရာ ကောင်းနေမလားမသိပေမယ့် ဂျယ်ယွန်းကတော့ ညိုညစ်ညစ် မြေစေးလေးတွေကို ကိုယ်ကြိုက်သလို အသွင်ပြောင်ပေးနေရရင်ကို ကျေနပ်နေတော့တာ။

အဖော်လည်းမရှိဘူး။ တစ်ယောက်တည်းပဲ။ ဆိုင်မှာ ဝန်ထမ်းလည်း မထားပါဘူး။ ဂျယ်ယွန်းရဲ့ အဖော်ဆိုရင်တော့ တစ်နာရီခြားတစ်ခါ တတောက်တောက် အသံပေးတတ်တဲ့ အညိုရောင် နာရီအိုတစ်လုံးတော့ ရှိမယ်။ သက်ရှိအဖော်မရှိတဲ့ဘဝဟာ ဘယ်လောက်အေးချမ်းတယ်ဆိုတာ ပိုင်ဆိုင်ဖူးတဲ့လူတွေသာ သိမှာပဲ။

''တောင်..တောင်..တောင်..တောင်..တောင်..တောင်..တောင်..''

ပြောရင်ဆိုရင်းမှ ဂျယ်ယွန်းရဲ့ ဘော်ဒါဟာ အသံပြုလာပါပြီ။ ဒါဟာ သာမာန်လူတွေနားထောင်ရင်တော့ ညနေခြောက်နာရီထိုးပြီးဖြစ်ကြောင်း အချက်ပေးသံဆိုပေမယ့် ဂျယ်ယွန်းအတွက်ကတော့ ''၆နာရီထိုးနေပြီ ကိုယ့်လူ။ ဆိုင်ပိတ်ပြီး အပေါ်တက်တော့'' လို့ ပြောနေတဲ့အသံပဲ။ နှစ်ထပ်တိုက်အိမ်သေးသေးလေးကို အပေါ်ထပ်က နေအိမ် အောက်ထပ်က ဆိုင်ဆိုပြီး သတ်မှတ်ထားသူ ဂျယ်ယွန်းအဖို့ အိမ်နဲ့ဆိုင်ဆိုတာ ခွဲခြားပြီး ပြောပြလို့တော့ မရဘူး။

ဆိုင်အဝင်ဝတံခါးကို ပိတ်ဖို့ ထသွားလိုက်တဲ့ဂျယ်ယွန်းအတွက် နာရီမိနစ်တွေက ရိုးရိုးရှင်းရှင်းလေးပဲ။ အင်း....အဲ့လို ဖြစ်မယ်လို့ပဲ ထင်ခဲ့တာပေါ့။

ဘုရားသခင် စေလွှတ်လိုက်တာလား၊ ကံကြမ္မာက စီရင်တာလား မသိရပေမယ့် ဂျယ်ယွန်းရဲ့ ဘဝစာမျက်နှာ အချို့မှာ နာရီအိုနဲ့ မြေထည်တွေအပြင် ကာရိုက်တာ အသစ်တစ်ခုတိုးလာခဲ့တာ ရုတ်တရက်ဆန်ဆန်။

ထိုဇာတ်ကောင်အသစ်က ဂျယ်ယွန်းအတွက် နွေရာသီရဲ့ညနေခင်းဆည်းဆာလို၊ သောက်နေကျ လိမ္မော်ရည်လေးလို၊ ဖရဲသီးထိပ်ဖျားပိုင်းချိုချိုလေးလို၊ စားနေကျ ငှက်ပျောသီးအရသာ ရေခဲချောင်းလေးလို ချစ်စရာကောင်းစွာနဲ့ နေသားတကျဖြစ်လာခဲ့တာ။ ပြီးတော့ လျှို့ဝှက်ဆန်းကျယ်စွာ။

ဆိုင်တံခါးပိတ်ဖို့ သွားနေတဲ့ခြေလှမ်းတွေကို ထိတ်လန့်တကြားရပ်တန့်မိသွားလောက်တဲ့အထိ သူဂျယ်ယွန်းဘဝထဲကို ဝင်ရောက်လာပုံက အလန့်တကြားတော့ ရှိလှတယ်။

ဘယ်အချိန်တုန်းကတည်းက ဂျယ်ယွန်းရဲ့ ဆိုင်တံခါးကို မှီရပ်နေမှန်းမသိတဲ့လူက ခေါင်းပေါ်မှာ အနီရောင်တောက်တောက် အရည်အချို့ ပေကျံလို့။ စုတ်ပျက်သတ်နေတယ် ဆိုတဲ့အဆိုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ထိုလူ့အပြင်အဆင်ဟာ လျော့ရဲရဲ ခဲရောင်ဆွယ်တာကို ဆင်ယင်လျက်..။

သူဝတ်ထားတဲ့ Jeans pants ဟာအောက်ဖျားနားတွေမှာ ညိုညစ်ညစ် ရွှံ့တွေပေကျံနေပြီး အချွန်တစ်ခုခုနဲ့ ထိုခြစ်ခံထားရသလို မွစာကျဲနေတာ။ ပေရေနေတဲ့ မျက်နှာပိုင်ရှင်ဆီကနေ ကူညီပေးပါဆိုတဲ့ စကားသံဖျော့ဖျော့ကိုကြားလိုက်ရတဲ့အခါမှာတော့ ဂျယ်ယွန်းအင်မတန်လန့်သွားတယ်။ ဒီလူဟာ ဘာတွေဖြစ်လာတာလဲ။

မျက်စိရှေ့က လူဟာ အကူအညီလိုနေတဲ့သူဆိုတာကို သဘောပေါက်ပြီးချင်းမှာတင် ဂျယ်ယွန်းထိုလူဆီ ခြေလှမ်းကျဲတွေနဲ့သွားမိတယ်။ အဲ့တော့မှ သိခဲ့ရတာပါ။ ဂျယ်ယွန်းမြင်နေရတဲ့ အနီရောင်အရည်တွေဆိုတာ သွေးတွေဖြစ်နေမှန်း။

''ဒီမှာ..အဆင်ပြေရဲ့လား''

ထိုလူဟာ ဂျယ်ယွန်းကို ဘာမှပြန်မဖြေနိုင်ခဲ့ဘူး။ သူ့အနားကို ရောက်ရောက်ချင်းမှာတင် လမ်းပျောက်နေတဲ့ကလေးလေးဟာ သူ့အမေနဲ့ပြန်တွေ့လိုက်ရသလိုမျိုး ထိုလူဟာလည်း ဂျယ်ယွန်းနဲ့ကိုယ်ပေါ်ကို အိခနဲ ပြိုလဲကျလာတော့တာပဲ။

တောင်ပေါ်မှာပေါက်တဲ့ ထင်ရှူးပင်ရှည်တွေလို ခြေတံတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ဂျယ်ယွန်းထက် အနည်းငယ် ပိုထွားသယောင်ထင်ရတဲ့ လူတစ်ယောက်ဟာ ကိုယ်ပေါ်ကို အထိန်းအကွပ်မရှိ ပြိုလဲကျလာတာမို့ ဂျယ်ယွန်းမှာ နောက်ကိုပြန်လန်ကျမသွားအောင် ထိန်းယူလိုက်ရတာ မနည်း။

''ဒီမှာ..လူကြီမင်း...သတိထားပါဦး။''

ဂျယ်ယွန်းသိပါတယ်...ရင်ခွင်ထဲကလူဟာ လူကြီးမင်းလိုခေါ်ရလောက်အောင် အသက်မကြီးသေးမှန်း။ ဒါပေမယ့် အခုမှတွေ့ဖူးတဲ့ သူစိမ်းတရံကို အစ်ကိုလို့ခေါ်ဖို့ကလဲမသင့်၊ နာမည်ဆို ပိုဝေး သိတောင်မသိ။

ဂျယ်ယွန်း ကြောက်ရွံ့စွာနဲ့ပဲ အကူအညီရလိုရငြားဆိုပြီး လမ်းပေါ်ကို အကြည့်အချို့ပို့လွှတ်မိတယ်။ ဒါပေမယ့် နယ်မြို့ငယ်လေးပေမို့ နေဝင်တာနဲ့ လမ်းပေါ်မှာ လူရှင်းသွားတတ်တဲ့အခါ ဒီလူကို တာဝန်ယူရမှာ ဂျယ်ယွန်းတစ်ယောက်သာလိုပဲ..။

လူကောင်းလား လူဆိုးလား မသိပေမယ့် အကူအညီလိုနေတဲ့သူဆိုတာကိုတော့ သေချာပေါက်သိနေတာမို့ ဂျယ်ယွန်းရှိရှိသမျှ အားအင်တွေထုတ်သုံးပြီး ထိုလူကို ဆိုင်ထဲ တွဲခေါ်လာခဲ့လိုက်တယ်။

နီးစပ်ရာခုံတစ်လုံးမှာ မနာကျင်စေရအောင် ဖြည်းဖြည်းချင်းချပေးရင်း ဆိုင်တံခါးကို အပြေးသွားပြန်ပိတ်ရတဲ့ ဂျယ်ယွန်းဟာ နွေဦးမှာ ပန်းဝတ်ရည်စုပ်ရင်း အလုပ်ရှုပ်နေတဲ့ ပျားပေါက်လေးလိုပဲ။ ဒါပေမယ့် ဒီပျားပေါက်လေးကတော့ ပန်းပွင့်လေးဆီက ဝတ်ရည်ယူရသလိုမျိုးတော့ အေးချမ်းမနေတာ သေချာသလောက်ရှိတယ်။

ခြောက်ပေလောက်ရှိမယ်ထင်ရတဲ့ ခန္ဓာကိုယ် အရှည်ကြီးကို အပေါ်ထပ်အထိရောက်အောင် သယ်ပိုးရတဲ့ ကိစ္စက ဒီလောက်ပင်ပန်းလိမ့်မယ်လို့ တွေးမထားမိတာ အမှန်။ ခုနကလေးမှသောက်ခဲ့တဲ့ လိမ္မော်ရေည်အေးအေးလေးရဲ့ အရသာကိုတောင် ဂျယ်ယွန်းမေ့ချင်ချင် ဖြစ်သွားတာပဲ။

ဂျယ်ယွန်းအခန်းထဲအထိ မရောက်ရောက်အောင် သယ်ပြီးတဲ့နောက်မှာတော့ ချွေးတောင်စို့လှပြီ။ အား...အခုမှ နွေရာသီစစ်စစ်ပဲ။

ခုတင်ဘေးက ဆိုဖာပေါ် ဝုန်းခနဲလဲချရင်း အမောဖြေမိတဲ့အခိုက်မှာတော့ မောပန်းမှုဟာ ပိုပြီးသိသာလာခဲ့တယ်။ ထိုလူကပဲ အရမ်းနစ်နေသလား ဂျယ်ယွန်းကပဲ ငါးနှစ်သားလေးလို အားမရှိအင်မရှိဖြစ်နေသလား။

လျော့ရဲနေတဲ့ ခန္ဓာကိုယ်ကို ပြန်ပြင်ထိုင်ရင်း ခုတင်ပေါ်က လူသားဆီ အကြည့်ရောက်မိတော့.. အမှန်တိုင်းဝန်ခံတာပါ။ ဂျယ်ယွန်း တော်တော် ထိတ်လန့်သွားတာ။

ဂျယ်ယွန်းရဲ့အိပ်ရာပေါ်မှာ အသိစိတ်မဲ့စွာ လဲလျောင်းနေတဲ့အမျိုးသားက သာမာန်သူလိုငါလို ရုပ်ရည်မျိုးမှ မဟုတ်ပဲ။ မှိတ်ထားတာဆိုပေမယ့် ခပ်ဝိုင်းဝိုင်းမျက်ခွံတွေကို ကြည့်ခြင်းအားဖြင့် ဒီလူမှာ မျက်လုံးလှလှတွေရှိမယ်မှန်း ဂျယ်ယွန်းသိလိုက်တယ်။ မျက်ခုံးမျက်တောင်ကလည်း အပြစ်ပြောစရာမရှိ။

ဂျယ်ယွန်းသိပ်ကြိုက်တဲ့ Hollywood မင်းသားတွေလို နှာတံမြင့်မြင့်ကိုလည်း အနှီလူက ပိုင်ဆိုင်ထားသေးတာ။ ပန်းချီဆရာရဲ့ လက်ရာမြောက်အနုပညာတစ်ခုလို သေသေသပ်သပ် ရှိလှတဲ့ မထူမပါး နှုတ်ခမ်းလွှာမှာတော့ ခြောက်ကပ်နေတဲ့ သွေးစအချို့က ကျူးကျူးကျော်ကျော်။

ဒီတစ်ခေါက်မှာတော့ ဂျယ်ယွန်းကိုယ့်ဦးနှောက်ကို မရပ်မနား အလုပ်ပေးမိပြီ။ ဂျယ်ယွန်းကယ်တင်ထားမိတဲ့လူက ဘယ်လိုလူမျိုးလဲဆိုတာ..။ နယ်မြို့ကျဥ်းကျဥ်းလေးပေမို့ ဂျယ်ယွန်းဖတ်နေကျ ဝတ္ထုတွေထဲကလို မားဖီးယားတို့ဘာတို့တော့ မဟုတ်တာသေချာပါတယ်။ ဒါဖြင့် ဂိုဏ်းသားတွေဘာတွေများလား..။

ဒါလည်းမဟုတ်လောက်သေး..။ ဂျယ်ယွန်း ဒီမြို့မှာ နေလာတာပဲ နှစ်တွေလက်ချိုးရေလို့မရတော့ဘူး။ ဂျယ်ယွန်းတို့မြို့ဟာ အဲ့လိုရှုပ်ရှုပ်ရှက်ရှုက်တွေမရှိတဲ့ အေးချမ်းတဲ့မြို့လေးပါ။

ဂျယ်ယွန်းစိတ်ရှုပ်စွာနဲ့ ခေါင်ပေါ်ကဆံပင်တွေကို အကြိမ်ကြိမ်ထိုးဖွမိတော့တာပဲ။ ဘယ်လိုပဲ နောက်ကြောင်းမသိရဘဲ ရောက်လာတဲ့လူဆိုစေဦးတော့ ဂျယ်ယွန်း ဒီလူကို မျက်ကွယ်ပြုလိုက်တဲ့အထိ မရက်စက်နိုင်။ ဂျယ်ယွန်းကို ဘုရားသခင်က နှလုံးသားလှလှလေး ပေးထားတာ..။

အဲ့တော့ ဂျယ်ယွန်းဘာလုပ်မလဲ။ ဒီအမည်မသိလူကိုပဲ သဘောထားကြီးစွာ စောင့်ရှောက်ထားပေးရုံပေါ့။
_________________

အနာဂါတ်ဟာ ဘာဖြစ်မယ်ဆိုတာကို
မသိရသေးခင်
ငါ့ရဲ့ပစ္စုပ္ပန်ဆီ မင်းရောက်လာပုံဟာ
တကယ့်ကိုမှ ရုတ်တရက်..။
_________________

🍃

မတ်လရဲ့ နွေနေ့ရက်တွေဟာ ဂျယ်ယွန်းဖတ်နေကျ ရသဝတ္ထုတွေလိုမျိုး လှလှပပနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေဆဲ..။

ကိုယ့်ကိုယ်ကို အရွယ်ရောက်ပြီးသား လူတစ်ယောက်အဖြစ် သတ်မှတ်လိုက်တဲ့ ရက်ကစလို့ ဂျယ်ယွန်းရဲ့ မနက်စာဟာ ကိုယ်တိုင်ပြင်ဆင်ထားတဲ့ လက်ရာ။ မျက်စိရှေ့က ဒယ်ပြားထဲမှာ ရှိနေတဲ့ ကြက်ဥကြော်က မနေ့ကအထိ တစ်လုံးထဲပါ။ ဒီနေ့တော့ တစ်လုံးတိုးလာပြီ။

ဒါတင်ပဲလား ဆိုတော့ ဟင့်အင်း..မဟုတ်သေးဘူး။ ထမင်းကလည်း နှစ်ပန်းကန် ကြက်အူချောင်းလည်း နှစ်ချောင်း၊ နောက်ဆုံးကုန်ကုန်ပြောရရင် ထမင်းစားပြီး တည်းဖို့ပြင်ထားတဲ့ အချိုပွဲကအစ နှစ်ဆိုတဲ့ စုံဂဏန်းထဲမှာ နေသားတကျ။

အမြဲတမ်း တစ်ကိုယ်တည်း တောက်ပလာတဲ့ ရှင်းမ်ဂျယ်ယွန်းက ဘာလို့မနက်စာကို နှစ်ယောက်စာပြင်နေရသလဲ မေးလာရင်တော့ အပေါ်ထပ်က သူစိမ်းကို မေးငေါ့ပြမိမှာပဲ။ ခေါင်းပေါ်က ကွဲဒဏ်ရာ၊ လက်ဖျံပေါ်က ရှရာတွေနဲ့ သွေးစတွေပြည့်နေတဲ့ ခြေထောက်တွေကို ညကဆေးထည့်သန့်စင်ပေးရင်းနဲ့ ဂျယ်ယွန်း အများကြီး တွေးတောစဥ်းစားခန်း ဖွင့်ပြီးပါပြီ။

ဘယ်လိုပဲ ထူးဆန်းတဲ့လူဆိုစေဦး ဂျယ်ယွန်း ဒီလူကျန်းမာလာတဲ့အထိ စောင့်ရှောက်ပေးသွားမယ်လို့..။

ဒဏ်ရာတွေရထားတယ်ဆိုပေမယ့် အဖျားဘာညာတော့ မရှိတာမို့ ဂျယ်ယွန်းမနက်စာကို ကိုယ်စားသလို ထမင်းပဲပြင်ပေးထားလိုက်တာရယ်။ ကိုယ်တိုင် နေမကောင်းဖြစ်ရင်တောင် ထမင်းပြဲပြဲတည်ပြီး နှစ်ပါးသွားလိုက်တာမို့ ဂျယ်ယွန်းအတွက် ဆန်ပြုတ် ပြုတ်တဲ့ အလေ့အကျင့်ဆိုတာ နွေဦးမှာ ရွာတဲ့မိုးလို ခပ်ရှားရှား..။

ဂျယ်ယွန်းမနက်စာ ပြင်ပြီးတဲ့အချိန်မှာ ကောင်းကင်ပေါ်မှာ ရွက်လွှင့်နေတဲ့နေမင်းလည်း ခရီးအတော်ပေါက်လှပြီ။ နာရီအိုကြီးလည်း ခုနစ်သံပေးလို့ ဟစ်ကြွေးပြီးပြီ။ အပေါ်က လူလည်း နိုးလောက်ပြီထင်ပါရဲ့။

ဂျယ်ယွန်းအေပရွန်ကို ချွတ်လိုက်ရင်း သူစိမ်းအတွက် ရည်ရွယ်ထားတဲ့ ထမင်းပန်းကန်နဲ့ ကြက်ဥကြော်ကို လင်ဗန်းထဲထည့်ပြီး အိပ်ခန်းနားကို ခြေသံလုံလုံနဲ့ ချဥ်းကပ်သွားမိတယ်။ အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်တဲ့အထိ အခန်းထဲက သူစိမ်းဟာ တိတ်ဆိတ်နေမြဲ..။

ဂျယ်ယွန်းရဲ့ ခုတင်ပေါ်မှာ လဲလျောင်းနေသူက အိပ်မောကျနေတာလား သတိလစ်နေတာလား ဂျယ်ယွန်းကိုယ်တိုင်တောင် မသိတော့ပါဘူး။ ဆေးရုံခေါ်သွားဖို့ကြပြန်တော့......ဘုရားရေ...ငါအခုမှ အဲ့တာကို တွေးမိသတဲ့လား။ ငါဘာလို့ ဒီလူကို ဆေးရုံပို့ဖို့ မစဥ်းစားမိရတာပါလိမ့်။

ဂျယ်ယွန်းရယ်..မင်းဟာ လည်မလိုလိုနဲ့ တုံးချေရန်ကော။ လက်ထဲက ဗန်းကို စားပွဲပေါ်ချလိုက်ရင်း ဂျယ်ယွန်း သက်ပြင်းရှည်ကြီးကို ချလိုက်မိတယ်။ အခုနေများ ဖွဟဲ့.. လွဲပါစေ ဖယ်ပါစေ၊ ဒီလူ​သေသွားခဲ့ရင် ဂျယ်ယွန်းအားလူးပြုတ်စားရမလား ပဲထမင်းစားရမလားပဲ။

ကိုယ်ဘာမှမလုပ်ခဲ့ပေမယ့် ဂျယ်ယွန်းရဲ့ လက်ထဲမှာ သေသွားခဲ့တာ။ ဂျယ်ယွန်းရဲ့ အိမ်ထဲမှာ၊ ဂျယ်ယွန်းရဲ့ အိပ်ရာပေါ်မှာ။

ဂျယ်ယွန်း ကြောက်အားလန့်အားကြီးစွာနဲ့ပဲ ရှိရှိသမျှဘုရား အကုန်တမိတော့တယ်။ မဖြစ်သေးပါဘူး ဆိုတဲ့အတွေးနဲ့အတူ ဖုန်းဖွင့်ပြီး အရေးပေါ်နံပါတ်ကို နှိပ်လိုက်မိတဲ့လက်တွေဟာ လျင်မြန်လိုက်ပုံများ တောင်ခြေနားက ယုန်ကလေး ပြေးသွားသလိုပဲ။

နှိပ်ပြီးပြီလေ..119..။ Call ကိုနှိပ်ဖို့ပဲ ကျန်တော့တာကို၊ နှိပ်မလို့လဲ လုပ်နေပြီ..အခုခါမှ ခုတင်ပေါ်က သူစိမ်းဆီကနေ အသံသေးသေးလေး ကြားလိုက်ရတယ်လို့ ဘာလို့ထင်မိလိုက်တာပါလိမ့်။ ဂျယ်ယွန်း အတည်ပြုလိုတဲ့ သဘောနဲ့ လက်ချောင်းတွေကို ခဏရပ်တန့်စေလိုက်ပြီး ခုတင်ပေါ်က လူကို ငုံ့မိုးကြည့်မိတယ်။

''အ..အင်း..''

WTH!
သူတကယ် သတိလည်လာတာဟ..။

ခုတင်စွန်းမှာ ဝင်ထိုင်လိုက်တဲ့ ဂျယ်ယွန်းရဲ့ လှုပ်ရှားမှုဟာ တောင်ခြေက ယုန်လေးထက် ပိုမြန်သွားပြီ။ ဂျယ်ယွန်း မျက်တောင်မခတ်စတမ်း ကြည့်နေရင်းမှ ထိုလူဟာ မျက်ခုံးလေးတွေလှုပ်လာတယ်။ ခြောက်ကပ်ကပ် နှုတ်ခမ်းတွေက တစ်ခုခုကို ပြောချင်နေသလိုမျိုး အရှိန်ယူနေတာ ပွင့်ခါနီးပန်းတစ်ပွင့်လိုပဲ။ ဒါပေမယ့် ဒီပန်းက နည်းနည်းတော့ ခြောက်သွေ့သွေ့နိုင်တာပေါ့။

''လူကြီးမင်း..ကျွန်တော့်အသံကို ကြားရလား။''

''အာ့...ရေ..ရေ..''

ဟုတ်တာပေါ့။ သူရေသောက်ချင်ရှာမှာပေါ့။ ဂျယ်ယွန်းပြူးပြူးပြာပြာနိုင်စွာ အခန်းတစ်ပတ် ဝေ့ပတ်ရင်း ရေနဲ့တူတဲ့ အရိပ်အယောင်လေးတစ်ခုခုကို လိုက်ရှာမိတယ်။ အခန်းထဲမှာ ရေတကောင်းပြင်မထားမိတဲ့ အကျင့်ကို နောင်တရမိတာ အဲ့တုန်းက စခဲ့တာထင်ပါရဲ့။
ဘယ်မှာလဲ..ရေ။ ဘယ်မှာလဲဆိုတော့ ရေခဲသေတ္တာထဲမှာပေါ့။

''လူကြီးမင်း ခဏလေးစောင့်နေနော်။ ကျွန်တော် အခုချက်ချင်း ရေသွားယူလာပေးမယ်။''

အလယ်တန်းတုန်းက အိပ်ရာထနောက်ကျလို့ စာမေးပွဲခန်းထဲဝင်ဖို့အချိန် မိနစ်နှစ်ဆယ်လောက် လွတ်သွားတုန်းကတောင် ဂျယ်ယွန်း ဒီလောက် ပြာပြာသလဲ မဖြစ်ခဲ့မိပါဘူး။ အမြဲတမ်း အေးအေးချမ်းချမ်းနဲ့တည်ငြိမ်နေတတ်တဲ့ ရှင်းဂျယ်ယွန်းမှာ ဒီလိုsideမျိုးလည်း ရှိနေသေးမှန်း ဖန်ဆင်းပေးခဲ့တဲ့ ဘုရားသခင်သာ သိမှာပဲ။

အလင်းရဲ့အလျင်နှုန်းနဲ့ ရေခဲ့သေတ္တာဆီပြေးပြီး အလင်းရဲ့အလျင်နှုန်းနဲ့ပဲ အခန်းထဲ ပြန်ဝင်သုတ်လာတဲ့ ဂျယ်ယွန်းဆီမှာ သူစိမ်းကို ရေသောက်စေချင်တဲ့ စိတ်တစ်ခုတည်းသာရှိတယ်ဆိုတာ တကယ်အမှန်ပါ။ အဲ့စိတ်လေးတစ်ခုနဲ့တင် ဂျယ်ယွန်းတစ်ယောက် ပုတ်သင်ညိုလေးလို အရောင်တစ်မျိုးတစ်သွင်တွေ ပြောင်းနေတာ။

''လူကြီးမင်း..အများကြီးမသောက်နဲ့ဦးနော်။ နည်းနည်းပဲသောက်။''

ဂျယ်ယွန်း ဇွန်းလေးတစ်ဇွန်းစာ ရေခပ်ပြီး သူစိမ်းရဲ့ လက်ရာမြောက် နှုတ်ခမ်းလွှာတွေဆီ တေ့ပေးလိုက်မိတယ်။ အအေးဓာတ်ကြောင့်ထင်ပါရဲ့ သူ့ရဲ့နှုတ်ခမ်းလွှာတွေဟာ ဇွန်းထဲက ရေတွေအကုန်လုံးကုန်အောင် စုပ်ယူသွားတော့တာ။ ဂျယ်ယွန်း သုံး၊လေးခေါက်လောက် ရေတိုက်လိုက်ပြီးတဲ့နောက်မှာတော့ ဇွန်းကိုဗန်းထဲ ပြန်ချထားလိုက်တယ်။ ဓားထိုးဒဏ်ရာ ရထားတဲ့လူမဟုတ်ပေမယ့် ဂျယ်ယွန်းသူ့ကို ရေတောင်အများကြီး တိုက်ချင်သေးတာမဟုတ်ဘူး။

''လူကြီးမင်း..ဘယ်လိုနေလဲဗျ။ ဟို..လူကြီးမင်းရဲ့ခေါင်းမှာ ဒဏ်ရာရထားတယ်။ ခေါင်းတွေဘာတွေရော ကိုက်နေလား။ အမြင်အာရုံတွေရော ကြည်ကြည်လင်လင် ရှိပါရဲ့နော်။ ဒါ....ဒါ လက်ဘယ်နှချောင်းလဲ မြင်ရလားခင်ဗျ။''

နွေဦးမှာ တေးသီတဲ့ငှက်တစ်ကောင်လို မေးခွန်းပေါင်းများစွာကို သီကျူးမိတော့ ညှိုးရော်ရော် ကြယ်တာရာအပိုင်းအစတွေက ဂျယ်ယွန်းကို ဗလာနတ္ထိဆန်စွာ ငေးကြည့်လာတယ်။

စကြာဝဠာမှာ ကြယ်တွေတောက်ပဖို့ ဂျယ်ယွန်းငေးကြည့်နေမိတဲ့ မျက်ဝန်းတွေရဲ့ အလင်းလိုလိမ့်မှာ.. ။

ကမ္ဘာကြီးဟာ ဘယ်မှာစပြီး ဘယ်မှာဆုံးသလဲ မသိရပေမယ့် သူစိမ်းရဲ့မျက်ဝန်းတွေထဲမှာတော့ တစ်စုံတစ်ရာရဲ့ နိဒါန်းတွေကို ဂျယ်ယွန်းဖမ်းလို့မိလိုက်တယ်။

ဒါပေမယ့် အဲ့နိဒါန်းဟာ ဘာအတွက်စတင်တဲ့ နိဒါန်းလည်း ဂျယ်ယွန်းမသိဘူး..။

ကောင်းကင်တမာန်တွေရဲ့ သံပြိုင်ချီးမွမ်းသံလည်းဖြစ်နိုင်သလို နတ်ဆိုးတစ်ကောင်ရဲ့ ဆင့်ခေါ်သံလို့လည်း ထင်ရပြန်တယ်။

ကောင်းမွန်ခြင်းတွေရဲ့ တေးချင်းငြီးသံဟာ ဒီမျက်ဝန်းတွေနဲ့ဆုံတော့ အပြိုင်ကမ္ဘာတွေအထိ ပျံ့လွင့်သွားတယ်။

အဖဘုရားသခင်..ကျွန်တော့်ကို ဒီမျက်ဝန်းတွေနဲ့ဆုံစည်းစေတာ ကောင်းချီးပေးခြင်းလား ဒဏ်ခတ်ခြင်းလား။

အပြစ်ဒဏ်ဆိုလည်း ဖြည်းဖြည်းသက်သာတော့ ပေါ့လျော့ပေးပေါ့ အရှင်။ အရှင် ဒီသူစိမ်းကိုပေးထားတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေကို ကျွန်တော်ရထားတဲ့ နှလုံးသားနုနုက ခံနိုင်ရည် မရှိပုံပဲအရှင်ရဲ့။

''ဒါ ဘယ်နေရာလဲ''

ဖျော့တော့နေတဲ့ နှုတ်ခမ်းလွှာတွေကြားကနေ မိုးသက်လေညင်းလို အသံမျိုးနဲ့ တုန်ခါမှုတစ်ခုထွက်လာတယ်။

''ဒါ ကျွန်တော့်အိမ်လေ။ လူကြီးမင်း မနေ့က ညနေတုန်းက ဒဏ်ရာတွေနဲ့ ရောက်လာတာ။''

ဆင်ဆွယ်ရောင် ချည်သားကန့်လန့်ကာကို တိုးဖြတ်ဝင်ရောက်လာတဲ့ လေတိုးသံမှအပ တိတ်ဆိတ်သွားတဲ့ စက္ကန့်တွေမှာ ဒရယ်တွေလို မျက်ဝန်းတစ်စုံက ဂျယ်ယွန်းကို တွေတွေငေးငေးကြည့်လာတယ်။

နှလုံးခုန်နှုန်းဟာ သာမာန်ဆိုတဲ့ နယ်နိမိတ်ကိုကျော်ပြီး စည်းချက်တွေလွန်လာတော့ ဂျယ်ယွန်း ကိုယ့်ကမ္ဘာကိုတောင် ပြန်စိမ်းသက်သွားတယ်။ ပုံမှန်မဟုတ်ခြင်းတွေနဲ့ ချည်နှောင်ခံရမှာကို ဂျယ်ယွန်းမုန်းလှချေရဲ့။

''ကျွန်တော် မနက်စာပြင်ထားတယ်။ စားလို့တော့ အဆင်ပြေမယ်လို့ တွေးထင်ရတာပဲ။ လူကြီးမင်း ကြက်ဥကြော် ကြိုက်ပါရဲ့နော်။''

အခု ဂျယ်ယွန်းအဖြစ်က တစ်စုံတစ်ယောက်ဆီ massage ပို့တဲ့အခါ seenပဲပြပြီး reply ပြန်မလာတဲ့အချိန်မှာ ခံစားရတာမျိုးနဲ့ အသွင်တူသယောင်ပဲ။ ဘာလို့ဆို ဂျယ်ယွန်းကသာ မေးနေပေမယ့် သူစိမ်းက ကြောင်စီစီနိုင်စွာ တိတ်ဆိတ်နေဆဲ..။

ဖျော့တော့နေပေမယ့် တစ်ချိန်တည်းမှာပဲ တောက်ပနေတဲ့ စကြာဝဠာ မျက်ဝန်းတစ်စုံဟာ အဖြေမဲ့တဲ့ ပုစ္ဆာတစ်ပုဒ်လို..။ တဖျက်ဖျက်လက်နေတဲ့ ကြယ်စင်အစုအဝေးတွေကနေ တောက်ပခြင်းကလွဲလို့ ဘာတုံ့ပြန်မှုမှ ပေးမလာတဲ့အခါ၊ ဂျယ်ယွန်းမှာ အကျပ်ရိုက်မှုတွေကြား ယက်ကန်ယက်ကန်။

''လူကြီးမင်း၊ ခေါင်းမူးနေလို့လား။ စကားပြောဖို့ အဆင်မပြေလို့လားဗျ။''

''လူကြီးမင်း နာမည် ဘယ်လိုခေါ်လဲ။''

''ကျွန်တော့်ကို ကြောက်လို့လား။ မကြောက်ပါနဲ့..ကျွန်တော်က ခြောက်ကပ်ကပ်နိုင်ပေမယ့် ဘုရားစူး၊မိုးကြိုးပစ် မိကောင်းဖကောင်း သားသမီးပါ။''

သူစိမ်းနဲ့ ဂျယ်ယွန်းကြား ဘယ်ကမ္ဘာက လေဟာနယ် လာခံနေပါလိမ့်နော်။ လက်ချိုးရေရင် ငါးချောင်းမကတော့တဲ့ နှစ်ကာလတွေကြာအောင် တစ်ကိုယ်တည်း ကိုယ့်​ခြေထောက်ပေါ် ကိုယ်ရပ်တည်လာတဲ့ ရှင်းမ်ဂျယ်ယွန်း မေမေ့ခြေသလုံးဖက်ပြီးတော့သာ အော်ဟစ်ငိုယို လိုက်ချင်တော့တယ်။

ဒီစကြာဝဠာမှာ သူစိမ်းဆီက စကားသံထွက်လာအောင် လုပ်နိုင်တဲ့ သူရဲကောင်းများ မမွေးဖွားသေးဘူးလား..။

''ဒီမယ်...''

''မင်းက...ဘယ်သူလဲ။''

ဟောဗျာ..မပြောချင်တော့လည်း အ,နေသလိုပဲ၊ ပြောချင်ပြန်တော့လည်း သူများစကားဆုံးအောင်တောင် မစောင့်..။

ဘာပဲဖြစ်ပါစေဦး သူစိမ်းဆီက ဒုတိယအကြိမ်အနေနဲ့ စကားသံထွက်လာတာမို့ ဂျယ်ယွန်း ပျော်မိတာ အမှန်ပဲ။

''အာ..ဟုတ်သား။ ကျွန်တော့်ကို မိတ်ဆက်မပေးရသေးဘူးပဲ။ ကျွန်တော့်နာမည်က ရှင်းမ်ဂျယ်ယွန်း။ မြေထည်အရောင်းဆိုင် ဖွင့်ထားတယ်။ အောက်ထပ်မှာ ကျွန်တော့်ဆိုင်။ လူကြီးမင်း နာမည်ကရော..။''

''ရှင်းမ် ဂျယ် ယွန်း''

''ဟုတ်တယ်။ လူကြီးမင်းနာမည်ကိုရော မှတ်မိရဲ့လားဟင်။''

သူစိမ်းဟာ တစ်စုံတစ်ရာကို စဥ်းစားဟန်ပြုကာ နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်တယ်။ နှုတ်ခမ်းဖျားကနေ ''နာမည်..နာမည်'' ဆိုတာကို တဖွဖွရွတ်ဆိုလာတဲ့ အခိုက်မှာတော့ ဂျယ်ယွန်းကိုယ်ထဲ မသင်္ကါမှုလို့ အမည်တပ်လို့ရလောက်တဲ့ ခံစားချက်အချို့ စီးဝင်လာတာ တောအုပ်ထဲက စမ်းချောင်းလေးလို..။

''မသိဘူး..''

''ဗျာ!''

''နာမည်..မမှတ်မိတော့ဘူး။''

''ဒါ..ဒါဖြင့်..မနေ့ညက ဘာဖြစ်ခဲ့တယ်ဆိုတာကိုရော သတိရသေးလား။ အသက်ရော ဘယ်လောက်ရှိပြီလဲ။''

သူစိမ်းဟာ ဖြည်းဖြည်းချင်း ခေါင်းခါယမ်းလာတယ်။ ဒါပေမယ့် ဂျယ်ယွန်းကတော့ ဂျင်လည်သလို သွက်သွက်လည်သွားခဲ့တာ။ ကိုယ့်ကိုယ်ကိုတောင် မမှတ်မိတော့တဲ့ သူစိမ်းနဲ့အတူ ရွက်စုတ်ပြက္ခဒိန် ဘယ်နှရွက်စာလောက် ရှင်သန်သွားရမှာပါလိမ့်။

ဂျယ်ယွန်းရဲ့နွေပြယုဂ်ထဲကို ငှက်ပျောသီးအရသာ ရေခဲချောင်းနဲ့ လိမ္မော်ဖျော်ရည်အေးအေးလေးအပြင် ဝင်ရိုးစွန်းအလွန်က glaxy ငွေ့တန်းကို မျက်ဝန်းထဲ ထည့်ဖွက်ထားတဲ့ သူစိမ်းတစ်ယောက်ကပါ တိုးတိုးတိတ်တိတ် ပြီးတော့ ဆန်းဆန်းကြယ်ကြယ် တံခါးလာခေါက်လာတယ်။

ဒီတစ်ခါမှာတော့ ဘုရားတင်မဟုတ် ရှိရှိသမျှ ဘိုးဘေးတွေကိုပါ တလိုက်မိတော့တာ။

ခေါင်းထိထားတယ်ဆိုပေမယ့် အဲ့လောက်ထိ ပြင်းထန်သတဲ့လား။ ဂျယ်ယွန်းငယ်ငယ်က သစ်ပင်ပေါ်တက်ဆော့ရင် မေမေဆူတာ ဒါကြောင့်များလားနော်။

မနက်စာကိုလည်းမေ့၊ နေရောင်ခြည်ကိုလည်းမေ့၊ ကိုယ်အသက်ရှင်နေတယ် ဆိုတဲ့အသိကိုတောင် လွတ်ထွက်မသွားအောင် ဂျယ်ယွန်းမှာ အနိုင်နိုင်ရယ်။

''ကျွန်တော် ရဲစခန်းကို ဖုန်းလှမ်းဆက်ပြီး လူကြီးမင်းရဲ့ မိသားစုနဲ့ ပြန်ဆက်သွယ်ပေးမှာမို့ စိတ်မပူနဲ့နော်။ အယ်..ဒါပေမယ့် အဲ့လိုလုပ်ဖို့က နာမည်သိမှ ဖြစ်မှာကို..ဟား~မေမေရေ..။

''မနေ့ကတုန်းကလေ.. လူကြီးမင်းက တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ ကျွန်တော့်အိမ်ထဲ ရုတ်တရက် ရောက်လာခဲ့တာ။ ကူညီပေးပါ ဆိုလည်းပြီးရောလေ..။မမှတ်မိဘူးလားဟင်။''

ဂျယ်ယွန်းကောက်ရိုးမျှင်လောက်ရှိတဲ့ မျှော်လင့်ချက်လေးကို သင်္ဘောတစ်စင်းလို့မှတ်ယူပြီး ပြန်အစဖော်ပေးမိတယ်။ နည်းနည်းလေးပဲဖြစ်ဖြစ် သတိရလာလို ရလားငြားတော့ ကြိုးပမ်းမိတာပေါ့။

''ဟင့်အင်း..''

ဒါပေမယ့် ကောက်ရိုးမျှင်က ဂျယ်ယွန်းကိုခေါင်းနာနာခေါက်ပြီး ပြောတယ်။ အိပ်မက်မမက်နဲ့တဲ့။ ငါ့ကိုသေချာကြည့်ဦး..ကောက်ရိုးကွ ငါ့ကောင်ရ တဲ့။

တကယ်ပါ..ဂျယ်ယွန်း ဆံပင်တွေပါ ထိုးထောင်သွားခဲ့တာ..။

______________________

ကာလာမဲ့တဲ့ သက္ကရာဇ် အစွန်းတွေမှာ
ငါလိုက်ဖမ်းရတဲ့ အဖြေက
မင်းဆိုတဲ့ ပုစ္ဆာအတွက် ထင်ပါရဲ့..။
______________________

🍃

Heejake ရေးစေချင်တဲ့ တစ်စုံတစ်ဝိုင်သောသူအတွက် ချို့တဲ့ တဲ့လက်ဆောင်လေးရယ်ပါ။
မခမ်းနားပေမယ့် မေတ္တာတွေ အပြည့်ထည့်ထားပါတယ် ဝိုင်ဝိုင်ရေ💚
For @Yyunnie-

_🎻

Continue Reading

You'll Also Like

13.3M 438K 41
Limited Time: 50 Coins or less! September Sale Alert! From fresh starts to lasting love, these stories have it all. Unlock now until Sept 22! When D...
9.9M 386K 38
*COMPLETED* (Y.O.L.O stands for: YOU ONLY LIVE ONCE) *** Carter Jones, the school nerd, and Killian Henderson, the reputated troublemaker, somehow en...
Knight By m

Teen Fiction

19.6M 674K 57
COMPLETED [boyxboy] Mason Maloney has lived his whole life in the shadow of his twin brother, Nathan, star quarterback of the football team. While N...
13.1M 528K 57
"Have you tried turning it off and back on again?" •• Christian Ivonov, CEO of Ivonov enterprises, had always been the best at fucking things up. Whe...