စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၂၂)
“ငါ့ကို တစ်ခါတည်း ဟွင်း ဘာဖြစ်သလဲ ။ နှစ်ယောက်တည်း ရှိနေလို့
အနိုင်ကျင့်မယ်မကြံနဲ့ နော် ..မြကျော် ..ငါ့များ ဘာမှတ်နေ ..”
သူမကိုယ်ပေါ် စောင်လုံ အောင်ခြုံရင် ရန်တွေ့နေတဲ့ ထားထားဦးကို
မြကျော် အနီးကပ်သေချာစိုက်ကြည့်ပြီ
“ဘာမှ မမှတ်ဘူး ..ဟိုဖက်တိုး .. ငါ ညောင်းနေပြီ ကျောလှဲ အုံးမယ် ..”
“လှဲပါ့လား .. လွတ်လွတ်လပ်လပ် စင်ပေါ်တက်ပြီ ..”
“စောင်မပါ နင်မပါနဲ့ ငါ ခြင်ကိုက်မှာပေါ့ ..”
“ကိုက် ခံလိုက် ..”
“ထားထားဦး..”
“ဘာတုန်း ..”
“နင် ဒူးထောင်ပြီ အဘွားကြီးလို မထိုင်စမ်းနဲ့ လူငယ်ငယ်ပီပီတပလင်ခွေထိုင်ပါ့လား ..”
“မထိုင်ပါဘူး ..”
“ထိုင်စမ်းပါဟာ.. ငါ နင့်ပေါင်ပေါ် ခေါင်းတင် အိပ်ချင်လို့ ..”
မြကျော်က ပြောတော့ ထားထားဦးက အံ့ဩတကြီး
“အမယ်လေးတော် ..နင်က ဘာဖြစ်လို့ ငါ့ပေါင်ပေါ် ခေါင်းတင် အိပ်ချင်နေသလဲ ၊ နင့် ဘုန်းနိမ့် လိမ့်မယ် ဟဲ့ ..”
“မနိမ့်ပါဘူးဟာ ..ငါ ငယ်ငယ်တုန်းက အမေ့ပေါင်ပေါ် ဒီလိုအိပ်နေကျ ပဲ ..”
“ဟဲ့ ..အဲ့တာ နင့်အမေမို့လို့လေ ၊နင်က ငါ့ပေါင်ပေါ် အိပ်စရာလား
သွား ..နင်အိပ်ချင်ရင် စင်ပေါ်တက်အိပ် ..”
“နင်ရော လိုက်ခဲ့ ..”
“နင် အိပ်ချင်တာ ငါအိပ်ချင်တာမှမဟုတ်တာတော် လိုက်စရာလား..”
“အေး .. ဒါဆို နင် တစ်ညလုံးမအိပ်ဘူးပေါ့ ..”
“အိပ်ပါဘူးတော် ..”
“နင် နေနိုင်လို့လား ..”
“အို ..နေနိုင်သားပဲတော် ၊ ဇာတ်ပွဲ ဆို အလင်းပေါက်တောင် ကြည့်လာတာ..”
“အေး ..ရတယ် ၊ နင်မအိပ်ရင် ငါအိပ်မယ် ..”
ပြောပြီ မြကျော်က မျက်နှာချင်းဆိုင် ထိုင်ရာကနေ ထ ထားထားဦးကျောပြင်ကို သူ့ကျောပြင်ဖြင့် မှီ ပြီ လှဲအိပ်လိုက်သည်။
ထားထားဦးက အမှီမခံဘဲ ရှေ့ကုန်းပြီ ဖယ်ဖို့ ကြံတော့ မြကျော်က
“အေးနော် .. ငြိမ်ငြိမ်နေ ..နို့မို့ရင် ..”
“နို့မို့ရင် .. ဘာဖြစ်သလဲ ...”
ထားထားဦးက တံတောင်းဖြင့်တွတ် ပြန်မေးတော့
“ငါ နင့်ကို ဖက်ပစ်လိုက်မယ် ..”
သည်တစ်ကြိမ် မြကျော် စကားကြားတော့ ထားထားဦး ငြိမ်သက်သွားသည်။
ခဏအကြာမှာ မြကျော် ထားထားဦး ကျော်ပြင်ကို မှီလျက်သားကောင်းကင်ပေါ်က လမင်းကြီးကို မော့ကြည့်သည်။
သာ လိုက်တာ ။ ဆောင်း ရဲ့ လရောင်က တိမ်တွေ ကင်းပြီ တည်တည်ငြိမ်ငြိမ်ကလေးနဲ့ အသာဆုံး။ အလှဆုံး။
ချစ်သူကျောပြင်နွေးနွေးကလေး မှီ ကောင်းကင်ကြီးကိုကြည့်။
ဘေးပတ်လည် က လယ်ပြင်ထဲက စပါး နှံတွေရဲ့ ရနံ့ ကို ဆောင်းလေကလေး သယ်လာတဲ့အခိုက် ရူရိူက်ကြည့်။
သင်းပျံ့ လေခြင်း။
မြကျော် တွေးရင်
“မိထား ..”
“အေး ..”
“ကောင်းကင်ကြီးကို မော့ကြည့်စမ်း ..”
သူပြောတော့ ထားထားဦး ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
မော့ကြည့်လိုက်ပြီ
“လမင်း ကြီးကို မြင်တယ်လေ ဟယ်..”
“လမင်းကြီးက မလှဘူးလား ..”
“လမင်းကြီးပါဆို လှတာပေါ့တော် ၊ ၀င်း၀င်းပပကလေးနဲ့ သူ့ကြည့်ရင် မျက်စိကလေးကိုအေးလို့ ..”
“အေး .. နင် နဲ့တူတယ် ..”
မြကျော် စကားကြားတော့ ထားထားဦးငြိမ်သက်သွားပြီရင်ထဲ မပြောပြတတ်သော ကြည်နူးမူ့ကလေးတွေ စိမ့်၀င်သွားပုံရသည်။
ဆောင်းလေကလေး ဖြတ်တိုက်၍ လွင့်ခါသွားသော ဆံစကလေးတွေကိုသူမနားကြားကလေးထဲ ညှပ်ပြီ
“မြကျော် ..နင်လျှောက်မပြောနဲ့ ၊ ငါက မြေကြီးပေါ်မှာ လမင်းကြီးက ကောင်းကင်ပေါ်မှာ တူမှမတူပဲ ..”
“အေးလေ လမင်းကြီးက လမင်းကြီး နင်က နင်ပါပဲ။
သို့ပင်မယ့် ငါ့အတွက်တော့ နင်က လမင်းကြီးလိုပဲ။
နင့်ကို မြင်ရင် ငါ့စိတ်တွေ အေးချမ်းတယ်။
နင့်ကိုမြင်ရင် ငါ အားရှိတယ် ။
နင့်ကို မြင်ရင် ငါ ပျော်တယ် ။ အဲ့တာ နင် သိလား ..”
“နင် ပြောမှ ငါသိမယ်ပေါ့ အလိုလိုတော့ ဘယ်သိမလဲ..”
“ အေးလေ အခု ငါ ပြောပြလို့ နင်သိသွားပြီ မို့ လား..”
“အေးလေ ..”
“အေးလေ ..နင် သိသွားတော့ ငါ့ကို ပြန်ပြောလေ ..”
“ဟဲ့ .. ဘာပြန်ပြောရမှာလဲ ..”
ထားထားဦးကပြန်မေးတော့ မြကျော် သက်ပြင်းချပြီ
“မိထား ..နင့်ကို ငါအခု ရည်းစားစကား ပြောနေတာ ..နင် အဲ့တာရော သိလား..”
“မသိဘူးလေတော် ...ငါမှ အဲ့လို အပြောမခံရဖူးတာ ..”
ထားထားဦး စကားကြားသည်နှင့် မြကျော် ရယ်သည်။
ရယ်ရင် သူမကျောကိုပိုပြီ အားထည့်မှီ နောက်စေ့ချင်းထိတိုက်လိုက်သည်။
ထားထားဦး က သူမနောက်စေ့ နာသည်နှင့်
“မြကျော် သူတောင်းစား နာတယ်ဟဲ့..”
“အေး ..နင် အဲ့လို အပြောဆိုးလို့
ငယ်ငယ်ကတည်းကနေ အခုထိ နင့်ကို ကြိုက်တယ် ပြောကြတာ ငါတစ်ယောက်တည်း ရှိတာပေါ့ ..”
“အံ့မယ်လေး ဟယ် ငါမေ့နေလို့ ပါတော် .. နင်တစ်ယောက်တည်း တော့မဟုတ်ဘူး။
ကျန်တဲ့သူတွေ လည်း ပြောဖူးပါတယ်။
တစ်ခါကဆို ဒို့ခြံနား နွားကလှည်းတိုက် ရွေ့လာတဲ့ ဒေါ် ခင်ရွှေကြီးကဆို ထားထားဦးရယ် ညည်းက အလုပ်ကို တယ်ကြိုးစားတဲ့ကလေးမ။
ညည်းကို ငါ ချွေးမတော်ချင်လိုက်တာ။
ငါရှိတဲ့ ရွှေတွေနဲ့ တင်တောင်းမယ်။ငါ့သားသုံးယောက်ထဲကကြိုက်တဲ့ တစ်ယောက်ရွေးလို့ ပြောဖူးပါ့ ..”
“သူ့သားတွေ တစ်ယောက်မှ ရေမချိုး ချေးမတွန်းလို့ နင်ကမလိုချင်ပါဘူး ပြောပြီ အဘွားကြီးက ငါ့ချွေးမလို့ ခေါ်တိုင်း
နင် ငိုတာ ငါ မှတ်မိသားပဲ ဟား .. ဟား ..”
မြကျော်က ဟားတိုက် ရယ်တော့ သူမအား လှောင်သလို ထားထားဦး ခံစားမိသည်။
ဒါ့ကြောင့် မခံချင်စိတ်ဖြင့်
“ရယ်မနေနဲ့ ၊ အဲ့ဒါ ငါငယ်ငယ်တုန်းက မသိတတ်ခင်တုန်းကငိုတာ ၊ အခုနေခါများ ငါ့ချွေးမလို့ လာခေါ် ငါက ရှင်လို့ ပြန်ထူး
ပစ်မယ် သိရဲ့လား ..”
“အောင်မာ နင်က ဘာဖြစ်လို့ ပြန်ထူးချင်ရသလဲ ..”
“ထူးချင်လို့ပေါ့ ..”
“ထူးစရာလား ..ငါ့အမေ ခေါ်ရင်သာ နင်ထူး။
အခြားလူ ခေါ်ရင် နင်ထူးစရာမလိုဘူး။
ပြီတော့ အခုချိန်ကစ သေသည်ထိ
နင့်ကို ငါ မြကျော် တစ်ယောက်တည်းကပဲ ချစ်တယ် ကြိုက်တယ် ပြောဖူးတယ်လို့မှတ် ထား ကြားလား ..”
“ကြားပါဘူး ..”
ထားထားဦး ဂျစ်ကန်ကန်ဖြေတော့ မြကျော် ကသူမနောက်စေ့ကိုသူ့နောက်စေ့ဖြင့် အားပြင်းပြင်းတိုက်သည်။
ဆံထုံး ခံနေ၍ မဟုတ်လျှင် နာလိုက်မည့်ဖြစ်ခြင်း။
လူကိုမှီပြီ ရန်ရှာနေတဲ့ မြကျော်ကို ထားထားဦး စိတ်မရှည်တော့။
“မြကျော် ..နင် နွားလား ၊ငါ့ ခေါင်း လာခွေ့နေတာ..”
“အေး ငါ နွားထီးဆို နင်က နွားမပဲ ..”
“အံ့မယ် နင့်ဘာသာ နွား စိတ်ပေါက်တာ ငါနဲ့ ဘာဆိုင်သလဲ..”
“ဆိုင်တာပေါ့ဟ နင်က ငါ့မိန်းမ ဖြစ်တော့မှာ
ဒါ့ကြောင့်မို့ ငါက နွားထီးဆို နင်က နွားမ ၊ ငါက ခွေးထီး ဆို နင်က ခွေးမ..ဟုတ်ဖူးလား..”
“ဟုတ်ပါဖူး တော် .. ငါက ငါ နင်ကနင်ပဲ ပြီတော့ ငါက နင့်မိန်းမ မဟုတ် သေးပါဘူး ..”
“ဖြစ်တော့မယ်လေဟာ မနက်ဖြန် ဆို ငါ နင့်ကိုကတော့ပွဲနဲ့ ပြန်အပ်မယ်။
အဖေနဲ့ အမေ နဲ့ လူကြီးတွေကိုခေါ် ဒီနှစ် ရမယ်ြကောက်ကြီးစပါး တစ်ရာရယ် ၊
နွားမ ဆယ် ကောင်ရယ် အခုငါ စွပ်ထားတဲ့ အုတ်ပုံလက်စွပ် တစ်ကွင်းရယ် ငါတင်တောင်းမယ်။
နင် ကျေနပ် လား ..”
မြကျော် မေးသည်နှင့် ထားထားဦး ချက်ချင်းမဖြေတော့မြကျော် ထပ်မေးသည်။
“မိထား .. ငါ နင့်ကို တင်တောင်းတာ နည်းလို့လား ..”
“မဟုတ်ပါဘူး ဟယ် ..”
“ဒါဖြင့်ရင် နင်ဘာဖြစ်လို့ ငြိမ်နေသလဲ။
နင့် ငါ့ကို မကြိုက်ဘူးလား။
မေးမြန်းရင် မြကျော်က ကျောချင်းကပ်လျက် မှီရာကနေ ထားထားဦး
ပုခုံး ဆွဲလူပ် မေးသည်။
သူမေးသည် နှင့် ထားထားဦးက
"မြကျော် ငါက ရုပ်ဆိုးတယ် ။အပြောကြမ်းတယ်။ ဈေးရောင်းရတယ်။
ပြီတော့ ငါ့ညီမတွေက လည်း ငယ်သေးတယ်။
ငါလုပ်ကျွေးရအုံးမှာ ။ အဲ့တာ နင် သိလား .."
မြကျော် ထားထားဦးကို မအံ့ဩစွာ ကြည့်လိုက်သည်။
ကြည့်ပြီနောက် လေးနက်သော အသံဖြင့်စကားပြောလိုက်သည်။
"နင် ..ဒီလို ပြောမယ်ဆိုတာ ငါ ကြိုသိပြီသား။
သိလို့ နင် နဲ့ငါ အသက် နှစ်ဆယ်ကျော် သူများတွေ ကလေး နှစ်ယောက် လောက်မွေးပြီချိန်မှ ငါ နင့်ကို ဖွင့်ပြောတယ်။
အခုဆို ငါ နင့်ကို ခိုးပြေးထားတယ်။
ခိုးပြေးတယ်ဆိုတာ ငါ့စိတ်ကို ငါ မထိန်းတော့လို့။
မထိန်းချင်တော့လို့။ မထိန်းသင့်တော့ဘူးထင်လို့။
ငါ့ကိုယ်ငါ သူများသားသမီး ရှာကျွေးနိုင်ပြီ
ထင်လို့။
ဇိမ်နဲ့ ထားနိုင်ပြီထင်လို့ ။
ပြီတော့ ငါ ဘယ်လို ကောင်စားလဲဆိုတာ နင်သိမယ်ထင်လို့ ။
အခု နင်က ငါ့ကို ယူဖို့ မဝံ့ရဲ ၀န်လေးနေတယ်ဆို အခုချက်ချင်းထ ငါ ပြန်ပို့ပေးမယ်။
နင့်မိဘ တွေရှေ့ ရှိခိုး တောင်းပန် ပြန်ပို့ပေးမယ် .."
မြကျော် နောက်ဆုံးစကားကြားတော့ ထားထားဦး ရင်ထဲ မြားစိုက်ခံရသည့်သဖွယ် နာကျင်ရသည်။
လွယ်လွယ်ကူကူမကျဖူးသော မျက်ရည်စများကပင် ပါးပေါ်တလိမ့်လိမ့်ကျလာပြီ
"မြကျော် ..သူတောင်းစား နင်ပဲ ငါ့ကို
တစ်သက်လုံးပေါင်းမယ်ဆို .."
"အေးလေ .."
"ဒါဆို ဘာလို့ ငါ့ကို အခု ပြန်ပို့ပေးမယ်
ပြောနေသလဲ .."
"နင်က မပူသင့်တာတွေ တွေးပူပြီ
ငါ့ကို ယူဖို့ ကြောက်နေတယ်မို့လား။
ဒါကြောင့် ငါက ပြောတာ ပေါ့ဟ ..
မငိုစမ်းပါနဲ့ဟာ ။
နင်မပြန်ချင်ရင် ငါက ဇွတ်ပို့ပါ့မလား။
ခြေညောင်းခံ အားကုန်ခံ ဒီနေရာထိ နင့်ထမ်းပြေးလာရတာ လွယ်တယ်များမှတ်နေ .."
"မမှတ်ပါဘူး .."
"အေး ..နင်သိပြီးတာပဲ ..တိတ် ..တိတ် ..မငိုနဲ့
တော့ နင် ဒီထက်ပိုပြီ အာပြဲကြီးနဲ့ငိုရင် ကြားတဲ့လူတွေက တစ္ဆေ ခြောက်တယ် ထင်လိမ့်မယ် ဟ.."
သူပြောတော့ ထားထားဦး မျက်ရည်တွေ
ပွတ်သတ် ချ ပြီ လေသံတိုးတိုးကလေးဖြင့်
ပြန်မေးသည်။
"ဟဲ့ နင်ကလည်း ..ဘယ်သူတွေကြားမှာလဲ.."
"မသိဘူးလေဟာ ..မဖဲဝါ ကြားချင်ကြားမှာပေါ့ .."
မဖဲဝါ ဟုမြကျော်က ပြောလိုက်သည်နှင့် ထားထားဦးက မြေပြင်ဖက် လှမ်း တံတွေးထွေလိုက်ပြီ
" ဟဲ့ ဖတ် ..ဖတ် လွဲပါစေ ချော်ပါစေဟယ်။
နင် ဘာတွေ လျှောက်ပြောနေတာလဲ ။
အရှေ့အင်းထဲမှာ ငါးလုပ်တဲ့ မိသားစုတွေ
ရွှေ့လာကြတယ်လို့ ငါကြားထားတယ် .."
"ဘာဆိုင်လို့လဲဟာ .. အဝေးကြီးကို.."
"ဟဲ့ ပြောရမလား မဖဲဝါက သူ့မောင်ကြီးကို အသိတရား၀င်စေချင်သလို ...အခြားလူတွေကိုပါ အသိတရား ၀င်စေချင်ပြီတော့...အမယ်လေး တွေးရင် ကြောက်လာပြီ .."
"ဟာ ..နင်ကလည်း ဘာတွေ လျှောက်တွေး ၊လျှောက်ပြောနေသလဲဟာ ..နင်ပြောမှ ငါတောင် ကျောချမ်းလာပြီ .."
မြကျော် တစ်ကယ်ကျောချမ်းလာတာပါ။
ငယ်ငယ်ကဇာတ်ပွဲထဲမှာ မဖဲဝါအ ကြောင်းဇာတ်ထုပ်ခင်းကပြတာ ကြည့်ပြီးကတည်းက အခုထိ ကြောက်တာ။
သူ့လိုပဲ ထားထားဦး လည်း ကြောက်တာသူသိသည်။
အတူတူဇာတ်ပွဲကြည့်လာကြတာ။
အကြောင်းသိတွေ ဆိုတော့ နှစ်ယောက်သား
ပြောစရာမလို စောင်အတူတူ ခြုံ မီးလူံပြီ ရတဲ့ ဘုရားစာတွေ ရွတ်ကြသည်။
ရွတ်ရင် တောလည်တဲ့ ခွေးအူသံကြားတော့
နှစ်ယောက်သား ဖက်ပြီ ဘုရားတကြ၏။
ဘုရားတရင် မီးပုံးထဲ မီးစာထည့်ရင်ဖြင့်
လယ်ခုံပေါ်က တဲကလေးရှေ့ ၊
သရက်ပင်အို အောက်က စင်ကလေးဘေး မီး လူံလျက် နှစ်ယောက်သား နံနက် မိုးလင်း ခဲ့ကြသည်။
@@@
"ဟျောင့် မြကျော် ထ ၊ ထားထား ထ .."
ကိုစံထွန်း နိူးမှ နှစ်ယောက်သား ဖက်လျက်သားဖျာပေါ် ကနေ ကတန်းမန်းတန်းထ လိုက်ကြသည်။
ကိုစံထွန်းက သူတို့ကို တစ်ချက်ကြည့် မျက်နှာကို လယ်ခင်းဖက် လှည့်ပြီ
"မင်း တို့ဟာကလည်း ခိုးပြေးမယ်ဆို လွတ်လွတ်ကျွတ်ကျွတ် တစ်ရွာ တစ်ကျေး ရောက်အောင် ခိုးပြေးမယ် မရှိဘူး။
ငါ့တဲ ခိုးပြေးရတယ်လို့။
ကြား မကြားဖူးပေါင်ကွာ ။
အရေးထဲ အိပ်တော့လည်း တဲထဲလည်း ၀င်မအိပ်။ စင်ပေါ်လည်းမအိပ် ။ မြေကြီးပေါ် ဖျာခင်း အိပ်နေကြတယ်လို့ ။
မြင်မကောင်း ရူ့မကောင်း .."
ကိုစံထွန်း ပြောသမျှ မှန်နေသည်မို့ နှစ်ယောက်သား ငြိမ်နေလိုက်သည်။
ဘာမျှ မပြော။
ခဏအကြာမှ ထားထားဦးက ရှက်ရှက်နှင့် စကားထပြောလိုက်သည်။
" အလှူကူဖို့ ရွာထဲ ပြန်အုံးမှပဲ လက်ဖက် ပွဲချ ပါသေးတယ်တော့ .."
ထားထားဦးကပြောလိုက်သည်နှင့် ကိုစံထွန်းက
"ဟ..ထားထား နင် ဒီလို လွယ်လွယ် ပြန်လို့ ဘယ်ဖြစ်မလဲ .."
"အိုတော် ..ကိုကြီး စံထွန်းကလည်း ကိုယ့်အိမ်ကို ပြန်တာ လွယ်လွယ် ပြန်လို့ ဘာလို့ မဖြစ်ရမလဲ .."
"ဟ .. နင့်ကို ကတော့ပွဲ နဲ့ လူကြီး နဲ့မှ မအပ်ရသေးတာ ။ ဘယ်လို လုပ် လွယ်လွယ်ပြန်လို့ရမလဲ ။နင်တို့ နှစ်ယောက်စလုံး တစ်ယောက်မှ ရွာထဲ မပြန်နဲ့ ။ မနက်ဖြန်မှ ပြန် .."
"ကျွန်မ အိမ်က ကျွန်မ မေးနေကြမယ်ပေါ့ .."
"မမေးပါဘူး ဟာ ၊နင်တို့အိမ်ကလူတွေ နင်နဲ့မြကျော် ခိုးပြေးတဲ့ အကြောင်း သိထားကြပြီသား။
ငါတို့အိမ်က လည်း သိထားတယ်။
ဘယ်သူ့မှ ဘာမှ မပြောဘူး။
အေး ..ပြောပြီ ငို နေတာ ငါတို့အိမ်ရှေ့က
ကောင်မလေး မြင့်မြင့်စန်း .."
"ဟောဗျာ.. သူက ဘာဆိုင်လို့ ငိုသလဲ .."
တစ်ချိန်လုံး ငြိမ်နေတဲ့ မြကျော်က ထမေးတော့ ထားထားဦးက
"နင် လွမ်းလို့ ငိုတာနေမှာပေါ့တော် .. သွား ချော့ ချည်း .."
ပြောပြီးသည်နှင့် ထားထားဦးက လယ်စပ်နားက မြောင်းပေါက်ကလေးနား ဆင်းသွားသည်။
(ကဲ ...ဗျာ အစက ဒီထက်မက ရှည်ရှည်ကလေး ရေးတင်ပေးဖို့ပါ ။တစ်ကယ်ပါ။
အခုတလော အလုပ်ကလေး နည်းနည်းရူပ်နေ
လို့ပါ ။ နားလည်ပေးကြပါ။
ကျွန်တော်ကိုယ်တိုင် စာဖတ်သူမို့ မပြီးမပြတ် စောင့်ဖတ်ရတဲ့ ခံစားချက်ကို နားလည်ပါတယ်✌️
စောင့်ပြီ သည်းခံဖတ်ပေးလို့ ကျေးဇူးပါ💙
'တစ်ခဏတာ စိတ်အမောပြေကြပါစေ '
>>>ဆက်ရန်
ကြိုးစားရေးသားပါအုံးမည် 💪💙
#Skykyiphyu