နတ်နဂါးစစ်သည်
အခန်း ၂၀၇
( ပြည့်စုံသော အစပြုခြင်း တစ်ခု )
ပြိုင်ပွဲဝင်များကို စစ်မြေပြင်သို့ မပို့မီတွင် မေ့မျောစေသည့် ဆေးတစ်မျိုး ခပ်ထားသော ရေကို တိုက်ကျွေးခဲ့၏။ ထို့နောက် ထိုဆေးသောက်ထားသော ပြိုင်ပွဲဝင် တပ်သားများ အားလုံးကို မဲနှိုက် ရွေးချယ်ထားသည့် နေရာအသီးသီးသို့ ပို့ဆောင်ပေးပေလိမ့်မည်။
စစ်သားတစ်ဦး၏ ခံနိုင်ရည်ကောင်းမွန်ပါက ပထမဆုံး ပြန်လည် နိုးထသူများအနက် ပါဝင်ပေလိမ့်မည်။ ထို့ကြောင့် ပြင်ဆင်ချိန် ပိုမို ရသည့်အတွက် အားသာချက် ကြီးကြီးမားမားလည်း ရရှိပေလိမ့်မည်။
ထိုဆေးခပ်ခြင်းကို ယခင်က အသုံးပြုရန် ပယ်ချခဲ့သော်လည်း စစ်သားများ၏ ခံနိုင်ရည်ကို အကဲဖြတ်နိုင်ကြောင်း တွေ့ရှိရသည့်အတွက် နောက်ဆုံးတွင် ပြိုင်ပွဲ၌ ထည့်သွင်းခဲ့၏။
ပြိုင်ပွဲကျင်းပရာ တောအုပ်အတွင်း နေရာအနှံ့ ကင်မရာများ တပ်ဆင်ထားပြီး ဖြစ်၏။ မနက် ခြောက်နာရီခန့်တွင် ပထမဆုံး တပ်သားတစ်ယောက် ပြန်နိုးနေပြီ ဖြစ်၏။
တိုက်ရိုက်ကြည့်ရှုနေကြသော ညွှန်ကြားရေးမှူးများ အားလုံး အံ့အားသင့်သွားကြကာ စစ်ဒေသငါး ညွှန်ကြားရေးမှူးကို တအံ့တဩ ကြည့်လိုက်ကြ၏။
သတိလစ်နေသူ စစ်သားများအနက် ပထမဆုံး နိုးထလာသူမှာ စစ်ဒေသငါးမှ ရှုချန်း ဖြစ်နေသောကြောင့်ပင်။
"သူက ဘယ်သူလဲ... "
အခြား ညွှန်ကြားရေးမှူးများ တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးကြ၏။ သူတို့သည် ရှုချန်း မည်သူဖြစ်သည်ကို မသိဘဲ စစ်ဒေသငါး တံဆိပ်ကိုသာ တွေ့ကြပေသည်။ ထို့ကြောင့် စစ်ဒေသငါးမှ ထို လူထူးဆန်းအကြောင်းကို အတော်လေး သိချင်နေကြ၏။
အချက်အလက် လေ့လာသုံးသပ်သူက ရှုချန်း အကြောင်း မပြောမီမှာပင် စစ်ဒေသငါး ညွှန်ကြားရေးမှူး ရှီ က ဂုဏ်ယူစွာဖြင့်...
"သူ့နာမည် ရှုချန်း လို့ခေါ်တယ်... ခင်ဗျားတို့ အရင်တုန်းက ပြိုင်ပွဲတွေကို အမှတ်ရမယ်ဆိုရင် ကျုပ်အဖွဲ့က ထိပ်တန်းစစ်သည် သုံးယောက်ကို သိလောက်မယ်... သူက အဲ့ဒီထဲက တစ်ယောက်ပဲ... "
အခြားညွှန်ကြားရေးမှူးများ စိုးရိမ်ထိတ်လန့်သွားကြ၏။
"သူက အရမ်း စိတ်အားထက်သန်တယ်... ဒါပေမဲ့ ရန်သူတွေ ဝိုင်းရံထားတဲ့ အချက်အချာကျတဲ့ အလယ်ဗဟို ဧရိယာမှာ ရှိနေတဲ့အတွက် မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ပြိုင်ပွဲက ဖယ်ရှားခံရမှာဘဲ... "
ညွှန်ကြားရေးမှူး ရှီ က...
"ငါ အဲ့လိုတော့ မထင်ဘူး... သူ စောစော ပြန်သတိရလာတာကို အခွင့်ကောင်းယူပြီး ခံစစ်သုံးပြီး ဒီဧရိယာထဲက ထွက်ပြေးလွတ်မြောက်နိုင်တယ်... "
ကင်မရာထဲတွင်
ရှုချန်း နိုးလာပြီးနောက် သူ့အနီးပတ်ဝန်းကျင်မှ အသင်းဖော်များကို နှိုးရန် ကြိုးစား၏။ လန့်နိုးသွားသော ဟူပင်းက အလိုလို တိုက်ခိုက်မိတော့မလို ဖြစ်သွားသော်လည်း ရှုချန်းက ဟူပင်း ပါးစပ်ကို အုပ်ကာ တိတ်တိတ်နေရန် ပြောလိုက်၏။ ထို့နောက် ရှုချန်းက...
"အားလုံး တိတ်တိတ်နေကြ... ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ငါတို့ နေရာရွှေ့ရအောင်... တခြားအဖွဲ့တွေ နိုးလာရင် ငါတို့ သွားနိုင်မှာ မဟုတ်တော့ဘူး... "
ဟူပင်း ဘာမှ ပြန်မပြောသော်လည်း သူ၏ လက်နက်ကိရိယာများ၊ ကျည်ကာအင်္ကျီ၊ ခမောက်၊ စစ်တပ်သုံးဓါး၊ လက်နက်ခဲယမ်းများ၊ ပစ္စတို၊ စနိုက်ပါ ရိုင်ဖယ်၊ မီးခိုးဗုံးနှင့် အခြားသော ပစ္စည်းပစ္စယများကို လျင်မြန်စွာ ထုတ်ပိုးလိုက်၏။
အားလုံး အသင့်ဖြစ်သွားသောအခါ ရှုချန်းက ထိုးဖောက်မြင်နိုင်သော အာရုံကို အသုံးပြုကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး...
"အရင်နှစ်တွေက ပြိုင်ပွဲ အတွေ့အကြုံအရ ဒီနားက တခြား စစ်သားတွေ မနိုးသေးဘူး... အားလုံး ငါ့နောက် လိုက်ခဲ့ကြ... ငါ မင်းတို့ကို ဒီကနေ ဝေးတဲ့ နေရာတစ်ခုကို ပို့ပေးမယ်... ခံစစ်ကောင်းကောင်း လုပ်လို့ရမယ့် နေရာတစ်ခု ရှာပြီး ငါတို့ ဗျူဟာဆွဲရမယ်... "
ထိုစဉ် ဟူပင်း ဒေါသထွက်သွား၏။ ရှုချန်းကို ကြည့်လိုက်ပြီး...
"ဒီအဖွဲ့မှာ ဘယ်သူ ခေါင်းဆောင်လဲဆိုတာ မှတ်မိတယ်မလား... "
ရှုချန်း ဘာမှ ပြန်မပြောချေ။
ယခုအချိန်မှာ နေရာရွှေ့ပြောင်းရန် အကောင်းဆုံး အချိန် ဖြစ်နေသော်လည်း ဤငပိန်းမှာ မည်သူ အမိန့်ပေးသင့်သည်ကို ငြင်းခုံရန် ဆန္ဒရှိနေသေး၏။
ကင်မရာမှ တစ်ဆင့် ကြည့်ရှုနေကြသော အခြားသော ညွှန်ကြားရေးမှူးက စစ်ဒေသငါး အဖွဲ့တစ်ခုလုံးကို ရှုချန်း ကယ်တင်နိုင်ပါ့မလား တွေးတောနေကြသော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံး လှောင်ပြုံးပြုံးလိုက်ကြ၏။
"ညွှန်ကြားရေးမှူး ရှီ... မင်း အဖွဲ့က သိပ်လည်း မသင့်မြတ်ကြပုံဘဲ... "
ညွှန်ကြားရေးမှူး ရှီ လွန်စွာ စိုးရိမ်နေခဲ့၏။ ယခုအချိန်တွင် အခြားသော အဖွဲ့များ ပြန်လည် မနိုးထသေးသည့်အတွက် ချက်ချင်း နေရာရွှေ့ပြောင်း ဆုတ်ခွာခြင်း သို့မဟုတ် အခြားသော အသင်းများကို ဦးစွာ ရှင်းလင်းရန် အကောင်းဆုံး အချိန် ဖြစ်ပေသည်။ သို့သော် ဟူပင်းမှာ ရှုချန်းအား အတိုက်အခံလုပ် ငြင်းခုံနေမည်ကို မည်သူ ကြိုသိမည်နည်း။ အကယ်၍ ညွှန်ကြားရေးမှူးသာ ထိုနေရာတွင် ရှိပါက ဟူပင်းကို ဆွဲထိုးပစ်မိပေလိမ့်မည်။
ရှုချန်းက ဟူပင်းကို စိုက်ကြည့်ပြီး...
"နားထောင်စမ်း... ငါတို့ ဒီနေရာက ထွက်သွားပြီးတဲ့အခါ မင်း ပြောသမျှကို ငါနားထောင်မယ်... ဒါပေမဲ့ အခုချိန်က ငါတို့အချင်းချင်း ဒီလို ငြင်းခုံနေရမယ့် အချိန်မဟုတ်သေးဘူး... အားလုံး မြန်မြန်ထပြီး ငါ့နောက်လိုက်ခဲ့ကြ... "
ဟူပင်းက အခြားသူများကို ဟန့်လိုက်၏။
"ခင်ဗျား သွားချင်ရင် သွားလေ... ကျုပ် ခင်ဗျားကို အစကတည်းက ပြောခဲ့ပြီးသား... ခင်ဗျားက ကျုပ်တို့အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူး... ကျုပ်တို့မှာ ကိုယ်ပိုင် အစီအစဉ် ရှိတယ်... ခင်ဗျား ကျုပ်တို့ကို အနှောင့်အယှက်မပေးသရွေ့ ကျုပ်တို့ အဆင်ပြေနေမှာဘဲ... "
"ဟူပင်း... တော်လိုက်တော့... အခု ငါတို့အားလုံး စစ်မြေပြင်ကို ရောက်နေပြီ... အရာရာကို သတိကပ်ပြီး အတူတူ လုပ်ရမယ်... စီနီယာ ရှုချန်းက အတွေ့အကြုံရှိပြီးသား... ငါတို့ သူ့စကားကို နားထောင်သင့်တယ်... "
"မင်း ပါးစပ်ပိတ်ထားစမ်း... "
ဟူပင်းက ပြောပြောဆိုဆိုဖြင့် အားလုံးကို ဒေါသတကြီး ကြည့်လိုက်ပြီး...
"ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိပြီးသား... ဒီလူက ငါတို့ အစီအစဉ်တွေကို အနှောင့်အယှက်ပေးနေတယ်... အပြင်မှာ အားကောင်းတဲ့ ရန်သူတွေ ဘယ်လောက်ရှိနေပြီဆိုတာ မင်းတို့ သိနိုင်လား... မြန်မြန်ထွက်ရင် မြန်မြန်သေသွားမှာပေါ့... လောလောဆယ်တော့ ဒီနေရာမှာဘဲ ထောင်ချောက်တွေဆင်ပြီး ကိုယ့်ကိုကိုယ် ကာကွယ် စခန်းချနေသင့်တယ်... "
ရှုချန်း စိတ်ပူသွား၏။
"ငါတို့ အချိန်မရှိဘူး... ငါ ထပ်မေးမယ်... မင်းတို့ ငါ့နောက်လိုက်မှာလား... "
အခြားသူများက ဒေါသထွက်နေသော ဟူပင်းကို ကြည့်လိုက်ကြ၏။ နောက်ဆုံးတော့ ဟူပင်း ဒေါသကို မလွန်ဆန်ရဲ၍ မည်သူမျှ ထွက်မသွားကြချေ။ ရှုချန်း စိတ်ပျက်လက်ပျက် ခေါင်းညိတ်လိုက်ပြီး...
"ကောင်းပြီ... ဒါဆို မင်းတို့အားလုံး ကံကောင်းပါစေ... "
ရှုချန်း ပြောပြောဆိုဆိုဖြင့် အံကို တင်းတင်းကြိတ်ကာ ပစ္စည်းပစ္စယများ ကောက်ယူထွက်ခွာသွား၏။ ညွှန်ကြားရေးမှူး ရှီ က သူ့လက်ထဲမှ တက်ဘလက် ကို စားပွဲပေါ်သို့ စိတ်ပျက်လက်ပျက် ချလိုက်သည့်အတွက် အခြားသော ညွှန်ကြားရေးမှူးများ လှောင်ပြောင်ရယ်မောနေတော့၏။
အနောက်ဘက်၌ ထိုင်နေသော ကြီးကြပ်ရေးမှူး ရန် မှာလည်း လွန်စွာ စိတ်လှုပ်ရှားနေ၏။
ဒီခွေးကောင် ဟူပင်းက အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ ထဖောက်ပြန်ပြီ...။ ပြီးပြီ...။ အားလုံး ပြီးသွားပြီ...။ အစက ရှုချန်း ပြောတဲ့အတိုင်း လုပ်ရင် တခြားအဖွဲ့တွေ သတိမရသေးတာကို အခွင့်ကောင်းယူပြီး ဘေးကင်းကင်း ဆုတ်ခွာနိုင်မှာ...။ အခုတော့ ဟူပင်းက အကုန်လုံးကို သေရွာ ခေါ်သွားတော့မယ်...။ ဟူပင်းဆိုတဲ့ ကောင်က တခြားစစ်ဒေသက လွှတ်ထားတဲ့ သူလျှိုလားတောင် ငါ သံသယဝင်လာပြီ...။
အခြားညွှန်ကြားရေးမှူးများ အားလုံး ရယ်မောနေကြသော်လည်း စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူး၏ အပြုံးမှာ ချက်ချင်းပျောက်ကွယ်သွား၏။ အဘယ်ကြောင့်ဆိုသော် ကင်မရာထဲတွင် ရှုချန်းမှာ စစ်ဒေသ အဖွဲ့ ၂၁ တပ်စွဲထားသည့်နေရာသို့ ရောက်ရှိနေသောကြောင့် ဖြစ်သည်။ အဖွဲ့ဝင် ၁၅ လုံး လုံးဝ သတိမရသေးချေ။
"သောက်ကျိုးနည်း... "
စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူး ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး...
"ဒီခွေးကောင် ရှုချန်း ဘာလုပ်ဖို့ ကြံနေတာလဲ... "
ထို့အတူ သူ့စစ်သားများကိုလည်း တီးတိုး ဆဲဆိုနေမိ၏။
"မြန်မြန်ထစမ်း... ထကြတော့ ခွေးကောင်တွေ... မင်းတို့ ဒီကို အလကားသက်သက် လာအိပ်နေတာလား... အခု မင်းတို့ကို တခြားကောင်က သတ်သွားတော့မယ်... "
ကင်မရာထဲတွင် ရှုချန်းမှာ အိပ်ပျော်နေသော စစ်သား ၁၅ အနီးသို့ ကျားသစ်တစ်ကောင်ကဲ့သို့ တစ်လှမ်းချင်း တိုးလာ၏။ ထို့နောက် သူ့ ဓါးမြှောင်ကို ဆွဲထုတ်ကာ တဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
စစ်ဒေသ ၂၁ ကြီးကြပ်ရေးမှူး အသားကုန် အော်တော့၏။
"မြန်မြန် ထကြစမ်းပါ... "
သို့သော် စစ်သားများနှင့် သူ၏ မိုက်ခ်တို့ ချိတ်ဆက်မထားသည့်အတွက် အော်သော်လည်း အချည်းနှီးပင်။ စစ်သားတစ်ဦး အနီးသို့ ရှုချန်း ရောက်သွားပြီး လည်ပင်းကို အသာအယာ ဓါးဖြင့် ပွတ်ဆွဲလိုက်ရာ အနီဖျော့ဖျော့ မျဉ်းတစ်ခု စွဲထင်ကျန်ခဲ့၏။ ထို့နောက် ကျန်သူများ၏ လည်ပင်းများကိုလည်း စပါးရိတ်သကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် အနီရောင် အမှတ်များ စွန်းထင်းစေလိုက်သည်။
"ထပါတော့ ခွေးကောင်တွေရ... "
နောက်ဆုံး သုံးယောက်ကျန်သည်အထိ စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူး ရေရွတ်နေသေး၏။
သို့သော် လွန်စွာ နောက်ကျသွားလေပြီ။ အားလုံးကို ဖယ်ရှားပြီးသည်နှင့် ရှုချန်းတစ်ယောက် တောထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။
ဒိုင်သူကြီး...
"စစ်ဒေသငါး ၁၅ မှတ်... ရှုချန်း ကိုယ်ပိုင်ရမှတ် ၁၅ မှတ်... "
ဒိုင်သူကြီး...
"စစ်ဒေသ ၂၁ လုံးဝ ရှုံးသွားပြီ... "
အခြားသော ညွှန်ကြားရေးမှူးများက စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူးကို ပြုံးပြုံးကြီး လှည့်ကြည့်ပြီး... "ဂုဏ်ယူပါတယ်... ဂုဏ်ယူပါတယ် ကိုယ့်လူ... "
"မင်းအဘကို ဂုဏ်ယူပါလား... "
ဒေါသထွက်လွန်းသဖြင့် စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူး မူးလဲမတတ်ပင်။ ဤကဲ့သို့ ရှုံးနိမ့်ရခြင်းမှာ အရှက်အကွဲဆုံး ဖြစ်ပေသည်။ အိပ်ပျော်နေချိန်တွင် ဝင်ရောက်လုပ်ကြံ သတ်ဖြတ်သွားခြင်း ဖြစ်ပေသည်။ သို့သော် ယခုချိန်အထိ မနိုးသေးသော စစ်သားများကို မြင်သောအခါ ညွှန်ကြားရေးမှူးခမျာ ရှက်လွန်း၍ တွင်းတစ်ခု တူး ဝင်ပြီး ပျောက်ကွယ်သွားချင်ပေတော့သည်။
ထို့ကြောင့် ရှုံးမဲမဲပြီး စစ်ဒေသ ၂၁၏ ကြီးကြပ်ရေးမှူးကို အော်ငေါက်တော့၏။
"ဒီခွေးကောင်တွေ နိုးလာရင် ငါတို့ စစ်ဒေသကို ပြန်မလာခိုင်းနဲ့... ဒီလောက် မျက်နှာပျက်အောင် လုပ်တဲ့ကောင်တွေကွာ... "
စစ်ဒေသ ၂၁၏ ကြီးကြပ်ရေးမှူး ကြောက်လွန်းသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေ၏။
ထိုအချိန်တွင် ညွှန်ကြားရေးမှူး ရှီ မှာတော့ ကျယ်လောင်စွာ ဟားတိုက်ရယ်မောနေတော့၏။ "သောက်ကျိုးနည်း... ကြည့်ရတာ အားရစရာဘဲ... "
ယခုနှစ်တွင် ရှုချန်းမှာ သူတို့ မျှော်လင့်မထားသည့်နည်းဖြင့် ပြိုင်ပွဲဝင်တစ်ဖွဲ့လုံးကို အနိုင်ယူသွားသည့်အတွက် ထိုအဖွဲ့၏ ညွှန်ကြားရေးမှူး ဒေါသထွက်နေသည်ကို မြင်တွေ့ရသည်မှာ ကောင်းမွန်လွန်းသည်ဟု ခံစားနေမိ၏။
အခန်း ၂၀၇ ပြီး
နတ်နဂါးစစ်သည်
အပိုင်း ၂၀၈
( တစ်ယောက် လွတ်သွားတယ်... )
စစ်ဒေသ ၂၁ မှ စစ်သားတစ်ဦး ရုတ်တရက်နိုးလာကာ မတ်တပ်ရပ်လိုက်၏။ လေကိုတစ်ဝ ရှူရှိုက်လိုက်ပြီး သူ့နံဘေးနားရှိ စစ်သားများကို လှုပ်နှိုးလိုက်၏။ ထိုသူများလည်း ချက်ချင်းထကာ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ကြ၏။
ထိုသူများ၏ ခေါင်းဆောင်က အခြား အိပ်ပျော်နေသည့် သူများကို လိုက်နှိုးရာ တစ်ယောက်ပြီး တစ်ယောက် နိုးလာကြ၏။ သူတို့ထဲမှ တစ်ယောက်က အသက်ပြင်းပြင်းရှူသွင်းပြီး ...
"ငါ ကြောက်စရာကောင်းတဲ့ အိပ်မက်တစ်ခု မက်တယ်..."
ခေါင်းဆောင်က ...
"ဘာအိပ်မက်လဲ..."
"ငါတို့အားလုံး ပြိုင်ပွဲက ထွက်ရတယ်ဆိုတဲ့ အိပ်မက်မက်တယ်... ဒါပေမဲ့ ငါတို့အခု အသက်ရှင်နေသေးလို့ တော်ပါသေးတယ်... ဘုရားကယ်လို့ပဲ..."
ခေါင်းဆောင်က အခြားပြိုင်ပွဲဝင်အဖွဲ့များ၏ အရိပ်အခြည်ကို ကြည့်ရှုလိုက်ပြီးနောက် ပစ္စည်းများကို ကောက်ယူကာ စတင်ပြိုင်ပွဲဝင်ရန် ပြင်ဆင်လိုက်၏။
သို့သော် ထိုအချိန်တွင် သူတို့၏ နားကြပ်အတွင်းမှ ဒိုင်သူကြီးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
"မင်းတို့တိုက်ခိုက်ဖို့ မလိုတော့ဘူး... မင်းတို့အားလုံး ပြိုင်ပွဲက ထွက်ရပြီ..."
နားကြားမှားသည်ထင်၍ ခေါင်းဆောင် အနည်းငယ် ကြောင်အမိသွားသည်။
ဒိုင်သူကြီးက ...
"မင်းတို့ လည်ပင်းကိုကြည့်..."
စစ်သားများအားလုံး မိမိတို့လည်ပင်းကို ကြည့်လိုက်ရာ အနီရောင် ဆေးများ စွန်းထင်းနေသည်ကို တွေ့လိုက်ရ၏။ အားလုံး တစ်ဦးကိုတစ်ဦး ကြောင်အစွာ စိုက်ကြည့်နေမိကြသည်။
ထိုအချိန်တွင် ပြိုင်ပွဲမှထွက်ရကြောင်း အိပ်မက်မက်ခဲ့သော စစ်သားက ...
"နေဦး... ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့... တကယ်ပဲ ဒီကို တစ်ယောက်ယောက် ရောက်လာတာပဲ..."
သူတို့ မည်မျှ ရှက်ရွံ့နေသည်ကို မြင်ရသည့်အတွက် စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူး ချောင်တစ်ခုသို့သွားကာ မျက်နှာဝှက်ထားချင်နေမိ၏။
ရှုချန်း နိုးလာသည်မှာ ၁၅ မိနစ်ပင် ရှိလေပြီ။ အခြားသော ထိပ်တန်းအသင်းများစွာလည်း ပြန်လည် နိုးထလာပြီဖြစ်၏။ တိုက်စစ်အားသန်သော ပြိုင်ပွဲဝင်အသင်းအချို့သည် ခံစစ်အသုံးပြုရန် မစဉ်းစားဘဲ တောအတွင်း၌ လှည့်လည်ကာ အခြားအဖွဲ့ဝင်များကို တိုက်ခိုက်တတ်ကြ၏။
ထိုအခါမှသာ စောင့်ကြည့်ရေးစင်တာမှ ညွှန်ကြားရေးမှူးများ အားလုံး သက်ပြင်းချမိကြ၏။ ယခုအချိန်တွင် အနည်းဆုံးတော့ သူတို့အဖွဲ့များသည် သတိလစ်နေသည့်အချိန်၌ ရှင်းလင်းသုတ်သင်ခံရမည် မဟုတ်ချေ။
ပြိုင်ပွဲကြီး စတင်ခဲ့လေပြီ။ သို့သော် အားလုံး သတိလစ်နေချိန်တွင် ရှုချန်း လုပ်ဆောင်ခဲ့ပုံမှာ ညွှန်ကြားရေးမှူး အားလုံးကို အံ့အားသင့်စေခဲ့၏။ အံ့အားအသင့်ဆုံးသောသူမှာ ကာယကံရှင် စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူးပင် ဖြစ်၏။ သူ့အဖွဲ့မှာ နောက်ဆုံးအဆင့်ကို ရက်ရက်ရောရော ရရှိခဲ့လေသည်။
"ညွှန်ကြားရေးမှူး ရှီ... မင်းတို့ စာရင်းမှာကျတော့ ခေါင်းဆောင်က ဟူပင်းဆို... အခုကျ တစ်မျိုးပါလား... တစ်ခုခု လွဲနေပြီနော်..."
စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူးက ဇဝေဇဝါဖြင့် မေးလိုက်၏။
ညွှန်ကြားရေးမှူး ရှီ က စစ်ဒေသသိက္ခာ မထိခိုက်စေလိုသည့်အတွက် အဖွဲ့တွင်းရှိ မပြေလည်မှုတို့ကို ဝန်မခံဘဲ ရယ်မော၍ ...
"ဒါ လှည့်စားတာလို့ ခေါ်တယ်... မင်းတို့လို နောက်ဆုံးအဆင့်ရတဲ့ကောင်တွေ ဘာသိမှာလဲ..."
စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူး ပြန်လည်ငြင်းခုံချင်သော်လည်း ယခင်နှစ်ပြိုင်ပွဲတွင် အဆင့် ၁၅ ရခဲ့သော စစ်ဒေသ ၂၈ က စစ်ဒေသငါး ရှိရာ နေရာအနီးသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရာ ပြုံးမိသွား၏။
"ကြည့်ရတာ မင်းတို့အဖွဲ့နဲ့ ငါ့အဖွဲ့ အရမ်းတော့ မဝေးပုံပဲ... ငါက နောက်ဆုံးက ရေရင် ပထမဆို ဒုတိယက မင်းတို့ပဲ..."
ထိုမြင်ကွင်းကြောင့် ညွှန်ကြားရေးမှူး ရှီ မျက်နှာပြောင်းလဲသွား၏။
"သောက်ကျိုးနည်း... စစ်ဒေသ ၂၈ က ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ... ငါတို့ကံကလည်း ဆိုးလိုက်တာကွာ..."
ထို့ကြောင့် နည်းပညာရှင်ကို ...
"စစ်ဒေသ ၂၈ လာတဲ့ လမ်းကြောင်းလေး တစ်ချက်ပြန်ပြပါ..."
နည်းပညာရှင် ခေါင်းညိတ်ပြီး လွန်ခဲ့သော မိနစ်အနည်းငယ်က ဗီဒီယိုကို ပြန်ပြလိုက်၏။ စစ်ဒေသ ၂၈ ချီတက်လာသည့် လမ်းကြောင်းတွင် အခြားသော စစ်ဒေသများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ သို့သော် မည်သည့် တိုက်ပွဲမျှမဖြစ်ပွားဘဲ စစ်ဒေသငါး ရှိရာသို့ တန်းတန်းမတ်မတ် ရောက်လာသည့်အတွက် ညွှန်ကြားရေးမှူး ရှီ သံသယ ဝင်နေမိ၏။
ပြန်ဖွင့်ပြလိုက်သော ဗီဒီယိုတွင် စစ်ဒေသ ၂၈ မှာ ယခင်နှစ်ပြိုင်ပွဲက အဆင့် ၁၈ ရခဲ့သော စစ်ဒေသ ၃၃ နှင့် တွေ့ဆုံခဲ့လေသည်။ ထိုနှစ်ဖွဲ့ကို ကြည့်ရသည်မှာ တိတ်တဆိတ် ငြိမ်းချမ်းရေး ယူထားပုံရသည့်အတွက် တစ်ဖက်နှင့်တစ်ဖက် မတိုက်ခိုက်ကြချေ။
၄င်းကို မြင်သောအခါ ညွှန်ကြားရေးမှူး ရှီ က ထိုစစ်ဒေသနှစ်ခု၏ ညွှန်ကြားရေးမှူးများကို ...
"အရှက်မရှိတဲ့ကောင်တွေ..." ဟု လှမ်းပြောလိုက်၏။
ညွှန်ကြားရေးမှူး နှစ်ဦးမှာ တစ်ဦးကို တစ်ဦးကြည့်ကာ ရယ်မောလိုက်ပြီး ...
"ဒါကို နည်းဗျူဟာလို့ ခေါ်တယ်... အလယ်အလတ်အဖွဲ့တွေက ထိပ်တန်းအဖွဲ့တွေကို မနိုင်ပေမဲ့လည်း အဖွဲ့ငယ်လေးတွေရဲ့ လက်ချက်နဲ့တော့ မရှုံးပါဘူးကွာ... ဒါနဲ့ ငါနဲ့ အစ်ကိုကြီး ကျင်း က သဘောတူညီမှုတစ်ခု လုပ်ထားတာလေ... စိတ်မကောင်းပါဘူး အစ်ကို ရှီ... မင်းတို့တွေက ဒီနှစ်အတွက်တော့ အမှတ်လာလှူတဲ့ အဖွဲ့ပဲ... မင်းတို့အဖွဲ့ကို အရင်ရှင်းမယ်နော်..."
ညွှန်ကြားရေးမှူး ရှီ မျက်လုံးပြူးသွား၏။ ထို့ကြောင့် ဒေါသတကြီးဖြင့် ...
"ခွေးကောင် ဟူပင်း..." ဟု ဆဲလိုက်တော့သည်။
ရှုချန်းစကားကို နားထောင်၍ ထိုနေရာမှ ထွက်ခွာသွားပါက မည်မျှ ကောင်းလိမ့်မည်နည်း။
ဟူပင်းနှင့်အခြားသူများက ခုခံကာကွယ်ရေးအတွက် ပြင်ဆင်နေချိန်တွင် တောတွင်းမှ စနိုက်ပါတစ်လက် ထွက်လာတာ ရုတ်တရက် ပစ်ခတ်လိုက်၏။ ၄င်းမှာ ဟူပင်းနှင့်အခြားသူများကို သတိပေးလိုက်ခြင်းပင်။
"ရန်သူ ရှိနေပြီ..."
ဟူပင်း၏ အော်ဟစ်သံအဆုံးတွင် အခြားသူများလည်း အနီးအနားရှိ ခြုံပုတ်များ၊ သစ်ပင်များနောက်သို့ ပုန်းအောင်း ဝင်ရောက်သွား၏။ ခြုံပုတ်အတွင်းသို့ ဝင်ရောက်သွားသူများကို ကြိုတင် ခြုံခိုထားသော စစ်ဒေသ ၂၈ မှ တပ်သားများက ဓားဖြင့် တိုက်ခိုက်လိုက်ကြ၏။
ထို့နောက် ခြုံခိုနေသော စစ်ဒေသ ၂၈ မှ တပ်သားသုံးဦး ထွက်လာခဲ့၏။ သူတို့ထွက်လာသည့်အခိုက်တွင် ဟူပင်းမှာ သေနတ်ဆွဲထုတ်ပြီး ပစ်ခတ်ရန် ပြုလိုက်သော်လည်း တစ်စုံတစ်ဦးက မြေပြင်ပေါ်သို့ ချက်ချင်း တွန်းချလိုက်လေသည်။ ဟူပင်းသေနတ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး စစ်ဒေသငါး အဖွဲ့ဝင်များမှာ စစ်ဒေသ ၂၈ ၏ ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။
လက်ထဲ၌ သေနတ်မရှိလျှင်ပင် ဓားကိုင်ထားသော ရန်သူကို တိုက်ခိုက်ရန် ဟူပင်း မကြောက်ချေ။ သို့သော် သေနတ်ကို လှမ်းယူရန် ကြိုးစားလိုက်သည်။ သူ့သေနတ်နှင့် လက် မထိမီမှာပင် စနိုက်ပါသမားက လှမ်းပစ်လိုက်ပြီး တားဆီးလိုက်သည်။
ဓားကိုင်ထားသော စစ်သားက ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ ထို့နောက် ဓားကို တစ်ချက် ဝှေ့ယမ်းပြီး ဟူပင်းရှိရာသို့ တိုးသွားလိုက်သည်။
"ငါ့ကို မှတ်မိသေးလား... မဲနှိုက်တုန်းက ငါတို့တွေ့သေးတယ်လေ... ငါ မင်းတို့အဖွဲ့ကို လာရှာပြီး ငချွတ်လေးတွေကို သတ်မယ်လို့ ပြောသွားတာ မှတ်မိရဲ့လား... အခု မင်းတို့အဖွဲ့ကို စနိုက်ပါတစ်လက်နဲ့ ဓားပဲ သုံးပြီး အနိုင်ယူသွားတာ မြင်လား..."
ဟူပင်းမျက်နှာတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ၏။
"အခု မင်းကို ငါသတ်ပစ်ချင်တယ်..."
ဓားကိုင်ထားသူက ထေ့ပြုံးပြုံးလိုက်၏။
"မင်းက နိုင်မှာမို့လို့လား... ငါ့နာမည် လီဝေ တဲ့... မှတ်ထားလိုက်... စစ်ဒေသငါး ခေါင်းဆောင်ရဲ့ခေါင်းကို ငါယူပြမယ်..."
ဟူပင်းက...
"ငါ..."
လီဝေ ...
"ဘာမှပြောမနေနဲ့တော့... ငါ့မျက်လုံးထဲတော့ မင်းကအရှုံးသမားပဲ..."
လီဝေ က ပြောပြောဆိုဆိုဖြင့် လက်သီးဖြင့် လှမ်းထိုးလိုက်၏။ ဟူပင်းက လျင်မြန်စွာနောက်ပြန်ဆုတ် ရှောင်တိမ်းလိုက်ရသည်။ သို့သော် လီဝေ မှာ လွန်စွာသန်မာပေသည်။ ယခင်နှစ်က အဆင့် ၁၅ ရခဲ့သော အဖွဲ့၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော သူ့စွမ်းရည်မှာ ရယ်စရာ မဟုတ်ပေ။ အနည်းငယ် တိုက်ခိုက်ပြီးချိန်တွင် ခက်ခဲသော ပြိုင်ဘက်ကို ရင်ဆိုင်ရပြီဖြစ်ကြောင်း ဟူပင်း ခံစားမိ၏။
အနည်းငယ်မျှသာ ထိုးရသေးသော်လည်း ဟူပင်း နောက်ဆုတ်ရှောင်တိမ်းနေသည်ကို မြင်ရသည့်အတွက် လီဝေ က ...
"ငပျော့ပဲ... မင်းက ရှုချန်းထက်တောင် ပျော့သေးတာပဲ... မင်းလိုကောင်ကို ခေါင်းဆောင်ပေးထားတယ် ဆိုတော့ ဟာသပဲ... မင်းက ငါ့ကို သွေးပူစေရုံလောက်တော့ ဖြစ်မယ်ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ သွေးတောင် မပူတော့ပါလား... မင်းက ငါနဲ့ အချိန်ကြာကြာ တိုက်ခိုက်ရလောက်တဲ့အထိ အရည်အချင်း မရှိသေးဘူး..."
ပြောပြောဆိုဆိုဖြင့် လီဝေ နောက်လှည့်ထွက်သွား၏။ ရှက်ရမ်းရမ်းနေသော ဟူပင်းက နောက်မှ ချက်ချင်းပြေး တိုက်ခိုက်သော်လည်း လီဝေ က ရုတ်တရက် ပြန်လှည့်ကာ ကန်လိုက်သည့်အတွက် ဟူပင်း လေထဲ မြောက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွား၏။
ထိုအချိန်တွင် စစ်ဒေသငါးမှ အခြားသော စစ်သားများသည် ပြိုင်ဘက်များ၏ ပိတ်ဆို့တားဆီးမှုများမှ လွတ်မြောက်လာပြီး လီဝေ အား တိုက်ခိုက်ရန် ပြေးလာကြသည်။
ဟူပင်းကိုလည်း လှမ်းပြော၏။
"ပြေးထား... ငါတို့ အချိန်ဆွဲထားပေးမယ်..."
ထိုသူများကာကွယ်ရန် ကြိုးစားမည်ကို သိသောကြောင့် ဟူပင်းလည်း တစ်စက္ကန့်မျှ တုံ့ဆိုင်းမနေဘဲ ထွက်ပြေးရန် ကြိုးစားလိုက်တော့၏။ သူအသက်ရှင်နေသရွေ့ အရာအားလုံး လုပ်ဆောင်နိုင်မည်ကို သူ နားလည်ခဲ့သည်။ သူအသက်ရှင်နေသေးလျှင် သူ့တစ်ဖွဲ့လုံး မပျက်သုန်းသေးသည်နှင့် အတူတူပင်။ ထို့ကြောင့် စနိုက်ပါသမား၏ ပစ်ချက်အချို့ကို ရှောင်တိမ်းကာ ခြုံပုတ်အတွင်းသို့ ပြေးဝင် ခိုအောင်းလိုက်၏။
ထိုအချိန်တွင် လီဝေ က ပစ္စတိုနှစ်လက်ဆွဲထုတ်ကာ စစ်ဒေသငါးမှ စစ်သားများအားလုံးကို ပစ်သတ်လိုက်၏။
ထို့နောက် တောအုပ်အတွင်း လျင်မြန်စွာ ထွက်ပြေးနေသော ဟူပင်းကို လီဝေ အမီလိုက်နိုင်ခဲ့၏။ ဟူပင်း ခြေသလုံးအား သေနတ်ဖြင့် လှမ်းပစ်လိုက်သည်။ ဒိုင်းဆိုသော အသံနှင့်အတူ ဟူပင်း မြေပြင်ပေါ်သို့ လဲကျသွား၏။ ကျည်ဆန်အခွံများမှာ မသေစေနိုင်သော်လည်း လွန်စွာနာကျင်စေနိုင်ဆဲပင်။
ကျည်ထိမှန်သွားသော်လည်း ဟူပင်း ဆက်ပြေးရန် ကြိုးစားနေသည့်အတွက် လီဝေ က အခြားသော ခြေထောက်တစ်ဖက်ကို ထပ်မံပစ်ခတ်ပြန်သည်။ ထိုအချိန်တွင်တော့ ဟူပင်းမှာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားတော့၏။
စောင့်ကြည့်ရေးစင်တာမှ ညွှန်ကြားရေးမှူးအချို့က ...
"အခုချိန်မှတော့ ဟူပင်း ရှောင်လို့လည်း မရတော့ပါဘူး... ဟိုဘက်မှာ စစ်ဒေသ ၃၃ ရှိတယ်... သူ ဒီကနေ ထွက်ပြေးနိုင်ရင်တောင် ဟိုဘက်က တစ်ယောက်ယောက်က သူ့ကိုသတ်မှာပဲ..."
စစ်ဒေသ ၂၁ ညွှန်ကြားရေးမှူး ရယ်တော့၏။ နောက်ဆုံးတော့ သူ၏ စစ်ဒေသ ၂၁ တစ်ခုတည်း စောစောစီးစီး ထွက်ခွာရခြင်း မဟုတ်တော့ချေ။
ထိုအချိန်တွင် စစ်ဒေသ ၂၈ ၏ တိုက်ပွဲပြီးဆုံးသွားပြီဖြစ်၍ ရမှတ်များကိုလည်း ကြေညာတော့၏။
ထိုစဉ် ...
"ခေါင်းဆောင် ကျုပ်တို့ တစ်ယောက်ကျသွားတယ်..."
လီဝေ ခေါင်းညိတ်လိုက်၏။
"ရတယ်... စစ်ဒေသငါးကသူတွေ အားလုံးရော ရှင်းပြီးပြီလား..."
"မရှင်းရသေးဘူး..."
လီဝေ အနည်းငယ်ထိတ်လန့်သွား၏။
"မဟုတ်သေးဘူးလေ... တစ်ယောက်ယောက် လွတ်သွားတာလား... မင်း ရေတာများ မှားနေသေးလား..."
"မမှားဘူး... စုစုပေါင်း ၁၄ ယောက်ပဲရှိတယ်... တစ်ယောက် လွတ်သွားတယ်..."
ထိုစဉ် စစ်ဒေသ ၂၈ မှ စစ်သား၏ ဦးခေါင်းကို စနိုက်ပါတစ်ချက် ထိမှန်သွား၏။
အခန်း ၂၀၈ ပြီး