နတ်နဂါးစစ်သည်
အခန်း ၂၀၅
( ပြင်းထန်သော ပြိုင်ဆိုင်မှု )
စစ်ဒေသ ၃၆ခု ပြိုင်ပွဲမှာ နိုင်ငံအတွင်းရှိ စစ်ဒေသများအတွက် အရေးပါသောပွဲဖြစ်သလို စစ်ဒေသ တစ်ခုစီမှ ထိပ်တန်းစစ်သည်များ စုဝေးသည့်ပွဲလည်း ဖြစ်၏။
ရန်ကျင်း အနီးရှိ သဘာဝ တောအုပ်ကြီး အနီးတဝိုက်ကို ယခုနှစ် ပြိုင်ပွဲနေရာအဖြစ် ရွေးချယ်ခဲ့၏။ ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများ အရ လက်နက်ကိရိယာများ ခဲယမ်းမီးကျောက်များနှင့် ထောက်ပံ့မှု ကိုယ်စီရရှိထားသော တပ်ဖွဲ့ ၃၆ဖွဲ့သည် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရပေမည်။
ခံစစ်ဖြစ်စေ တိုက်စစ်ဖြစ်စေ အသုံးပြုနိုင်ပြီး အချိန်အကန့်အသတ် မရှိချေ။ ဤတောအုပ်အတွင်း၌ နောက်ဆုံးကျန်ရစ်သည့် အဖွဲ့က ပြိုင်ပွဲ၌ အနိုင်သူ ဖြစ်ပေလိမ့်မည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် ပြိုင်ပွဲ၌ အနိုင်ရရန် ဘာမဆို လုပ်၍ရ၏။
ပြိုင်ပွဲပုံစံမှာ တစ်ကိုယ်တော် အစွမ်းပြသူများအတွက် ပိုမို သင့်တော်ပေသည်။ ဤပြိုင်ပွဲအတွင်း၌ ပုန်းကွယ်ခြင်း၊ ထိုးဖောက်ဖြင်း၊ အဖွဲ့လိုက်တိုက်ခိုက်ခြင်း၊ နည်းဗျူဟာကစားခြင်းနှင့် တောတွင်းရှင်သန်ခြင်း စသည့်နယ်ပယ်များတွင် စစ်သည်များ၏ အရည်အချင်းများကို ကောင်းမွန်စွာ မြင်တွေ့ အကဲဖြတ်နိုင်ပေမည်။
ပြိုင်ပွဲအတွင်း ထူးချွန်သူများကိုလည်း နိုင်ငံတော်အနေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပြင်ဆင်ထားပေး၏။
ပြိုင်ပွဲ၌ နောက်ဆုံး ကျန်ရစ်ခဲ့သော စစ်သား ၃၀ ကို ထိပ်တန်း ကိုယ်ရံတော်စစ်သား စာရင်းတွင် ထည့်သွင်းပေလိမ့်မည်။
စစ်သားများကို နဂါးတပ်ဖွဲ့ လက်အောက်ရှိ ဌာနခွဲတစ်ခုတွင် လေ့ကျင့်သင်ကြားပေးပြီး လွန်စွာ ထူးချွန်သူများမှာ နဂါးတပ်ဖွဲ့သို့ ဝင်ရောက်ခွင့် ရပေလိမ့်မည်။
ထို့အပြင် အဆင့် ၃၁ မှ ၁၀၀ အထိ ရရှိသူများကို ရန်ကျင်း မြို့ရှိ အရေးကြီးအဖွဲ့များ၏ ဌာန အသီးသီး ခန့်အပ်လိမ့်မည်။
အဆင့် ၁၀၁ မှ ၂၀၀ အတွင်း ရရှိသူများမှာ လေ့ကျင့်ရေးကြီးကြပ်ရေးမှူးများအဖြစ် ရာထူးတိုးပေးခံရပြီး ဒေသအသီးသီးရှိ စစ်ဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်ခွင့်ရပေမည်။
အဆင့် ၂၀၁ မှ ၃၀၀ အတွင်း ရရှိသူများမှာ ၎င်းတို့သက်ဆိုင်ရာ ဒေသများရှိ ရဲဌာနများ၌ ရာထူး အဆင့်မြင့်မြင့် ခန့်အပ်ခံပေရမည်။ ၎င်းမှာ ကင်းလှည့်အရာရှိ ရာထူးမျိုး မဟုတ်ဘဲ အလယ်အလတ်အဆင့် အရာရှိရာထူးသို့ တိုက်ရိုက် ခန့်အပ်ခံရခြင်း ခံရပြီး အခြေအနေပေါ်လိုက်၍ ရာထူးတိုးခွင့်လည်း ရှိပေသည်။
ဤသို့သော ရာထူးတိုး အခွင့်အလမ်းများ ရှိသည့်အတွက်လည်း နှစ်စဉ်နှစ်တိုင်း စစ်သားများ ရဲဌာနသို့ ကူးပြောင်းသွားခြင်း ဖြစ်၏။
တည်းခိုရန် ဟိုတယ်သို့ ရှုချန်းနှင့်အဖွဲ့ ဘတ်စ်ကားဖြင့် သွားကြ၏။ ထိုစဉ် အခြားစစ်ဒေသမှ ဘတ်စ်ကား များမှာလည်း ဆိုက်ရောက်လာကြသည်။ ထိုဟိုတယ်အတွင်းသို့ မသက်ဆိုင်သော သူများနှင့် မီဒီယာများကို ဝင်ရောက်ခွင့်မပြုချေ။
ဘတ်စ်ကား ပေါ်မှဆင်းလိုက်သောအခါ အခြားသော စစ်ဒေသမှ စစ်သားများကိုလည်း တွေ့လိုက်ရ၏။ တပ်သားသစ်ကလေးများကို ထိန်းကျောင်းရန် လိုက်လာသော စီနီယာစစ်သားများ ပါလာသည့်အတွက် ရှူချန်းနှင့် မျက်နှာသိအချို့ကိုလည်း တွေ့နေရသည်။ သို့သော် အများစုမှာ လူသစ်ကလေးများ ဖြစ်ကြ၏။
"ရှုချန်း ပါလား... မင်းလည်း ပါမှာလား..."
အခြားစစ်ဒေသမှ စီနီယာ စစ်သား တစ်ယောက်က ရှုချန်းကို တွေ့၍ လာနှုတ်ဆက်သည်။
"ထိပ်တန်းစစ်သည် သုံးယောက်လုံး စစ်ဒေသ ငါးက ထွက်သွားပြီထင်နေတာ..."
ရှုချန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"အင်း... ကျုပ်တို့က ထိပ်တန်းအဆင့် ၃၀၀ ထဲ ဘယ်တော့မှ မပါခဲ့ဘူးလေ... ဒါ့ကြောင့် ကျုပ် ထပ်ပြီး ကြိုးစားချင်လို့လာတာ... ဒါနဲ့ ကောကျင့် ... ခင်ဗျားရော ဘယ်လိုလဲ..."
ရှုချန်း၏ ဘတ်စ်ကား ပေါ်မှ ဆင်းလာသူအားလုံးမှာ လူသစ်များ ဖြစ်သည်ကိုမြင်၍ ကောကျင့် က...
"ဒီကောင်တွေ အားလုံးကို ကူညီဖို့ ကြိုးစားရင်း မင်းလည်း ထိခိုက်သွားဦးမယ်... ငါတို့ နှစ်ဖွဲ့ အတူ ပူးပေါင်းပြီး တိုက်ခိုက်ရင်ကောင်းမလား... ဒီလိုဆိုရင် ငါတို့ကြာကြာနေနိုင်မှာ..."
"ကျုပ် ဆုံးဖြတ်လို့ မရဘူးလေ..."
"ဘာကို ဆုံးဖြတ်မရတာလဲ..."
ကောကျင့် ကြောင်တောင်တောင် ဖြစ်သွား၏။
"မင်းက ခေါင်းဆောင် မဟုတ်ဘူးလား..."
ရှုချန်း ခေါင်းခါရမ်းလိုက်၏။
ထိုစဉ် သူတို့ အနီးသို့ ဟူပင်းဖြတ်သွား၏။ ရှုချန်းက ဟူပင်းကို လက်ညှိုးညွှန်ပြရင်း...
"အဲ့ဒါ ငါတို့ ခေါင်းဆောင်ပဲ..."
ကောကျင့် ပြုံးလိုက်၏။
"ဒီကောင်က ငါ့မျက်စိထဲတော့ သိပ်ပြီးလည်း အားမသန်ပါဘူး... အင်းလေ... ဒီတစ်ခေါက်လည်း စစ်ဒေသ ငါးတော့ စောစောစီးစီး အိမ်ပြန်ရဦးမှာပဲ..."
"မင်းရဲ့ စစ်ဒေသ ၂၃ ကရော စောစောစီးစီး မပြန်ရမှာ ကြနေတာပဲ... မင်းတို့ တစ်ဖွဲ့လုံး အခြားစစ်ဒေသတွေကို အမှတ်လှူမယ့်ကောင်တွေ..."
ရှုချန်းက ကောကျင့် လက်မောင်းပေါ်မှ စစ်ဒေသတံဆိပ်ကို ကြည့်ကာ လှောင်ပြောင်လိုက်၏။
ကောကျင့် တစ်စုံတခု ပြန်ပြောချင်သော်လည်း ရှုချန်းက စစ်ဒေသ ၂၃မှ လူတစ်ဦးကို နှုတ်ဆက်လိုက်သည့်အတွက် ထိတ်လန့်သွား၏။
ယခင်နှစ်က စစ်ဒေသ ၂၃မှာ ဒုတိယနေရာ ရခဲ့သည့်အတွက် အဖွဲ့သားများအားလုံးမှာ ထိပ်တန်း သက်တော်စောင့်စာရင်းဝင်ခဲ့၏။ ရှုချန်း နှုတ်ဆက်လိုက်သောသူမှာ စစ်ဒေသ ၂၃ မှ ဝမ်ကျောက် ဖြစ်နေ၏။
"ရှူချန်း... ဒီကောင့်ကို ထားလိုက်စမ်းပါ... ဒီနှစ်တော့ သူတို့ မနိုင်တော့ဘူးလို့ ထင်တယ်..."
ကောကျင့် က ရှုချန်းကို လှမ်းဆွဲပြီး စစ်ဒေသ ၂၃ကို လှောင်ပြောင်လိုက်၏။
"ရှုချန်း ဟုတ်လား..."
ရှုချန်းဆိုသည့် နာမည်ကိုကြားသောအခါ တပ်သားသစ်လေးတဦးက...
"ရှုချန်းက စစ်ဒေသ ငါးကနေ ဝင်ပြိုင်မယ်လို့ ဘယ်သူထင်မှာလဲ..."
ရှုချန်းက စူးစမ်းလိုစိတ်ဖြင့်...
"ငါ့ကို သိတယ်လား..."
ထိုလူသစ်ကလေးက...
"သိတာပေါ့... ကျုပ်တို့စီနီယာ ဝမ်ကျောက် က ခင်ဗျားကို ကျုပ်တို့ စစ်ဒေသဆီခေါ်ဖို့ ကြီးကြပ်ရေးမှူးကိုတောင် သွားပြောရတာ... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲမှာ ကျုပ်နဲ့ မတွေ့မိစေနဲ့... တွေ့တာနဲ့ ကျုပ်က ပစ်မှာနော်..."
"တကယ်လား..."
ထိုလူသစ်ကလေးကို ရှုချန်း စိတ်မဆိုးချေ။ ပြိုင်ပွဲမတိုင်မီ တစ်ဖက်နှင့်တစ်ဖက် လေတိုက်ရသည်ကို သူအတော်လေး သဘောကျပေ၏။
"ကောင်းပြီလေ... ငါလည်း မင်းကို စောင့်နေပါ့မယ်..."
ထိုလူသစ်ကလေး ထွက်သွားပြီးနောက် ရှုချန်း၏ ရင်းနှီးသူများဖြစ်သော စစ်ဒေသ ရှစ်မှ ဝူဟောက် ၊ ရန်ဝေ့ နှင့် ဝမ်ယင်း တို့ကို တွေ့လိုက်ရ၏။
"မတွေ့တာကြာပြီနော်..."
သုံးဦးသား ရယ်ရယ်မောမောဖြင့် နှုတ်ဆက်ကြ၏။
"ဟုတ်တယ်... မတွေ့ဖြစ်တာကြာပြီ..."
ရှုချန်းက ယူနီဖောင်းအပြည့်အစုံနှင့် ဝမ်ယင်း ကို ကြည့်ကာ...
"နင်လည်း ဒီပြိုင်ပွဲမှာ ပါနေတာလား..."
ဝမ်ယင်း က ရှုချန်းကို မျက်စောင်း ထိုးရင်း...
"ဘာလဲ... အမျိုးသမီး စစ်သားတွေကို ခွဲခြားဆက်ဆံတာလား... ဒီပြိုင်ပွဲမှာ အမျိုးသမီးစစ်သည်တွေ ဝင်ပြိုင်ခွင့် မပေးဘူးလို့ စည်းကမ်းမရှိပါဘူး... ငါတို့လည်း အစွမ်းပြချင်တာပေါ့..."
ရန်ဝေ က ရှုချန်း ပုခုံးကို ပုတ်၍ ရယ်မောပြီး...
"ဒီနှစ်လည်း ခင်ဗျားတို့ စစ်ဒေသက အောက်ဆုံးမှာ ဖြစ်နေရင် နောက်နှစ် ကျုပ်တို့စစ်ဒေသနဲ့ ပူးပေါင်းဖို့ ဘယ်လို သဘောရလဲ..."
ရှုချန်းပြုံး၍...
"အားလုံးပြီးတဲ့အခါမှပဲ ပြောကြတာပေါ့... ဒီနှစ်တော့ ကျုပ်တို့ စစ်ဒေသကို အဆင့်မြှင့်ပေးမလို့လေ..."
ဝူဟောက် က...
"အရင်ဆုံး သဘောတူညီမှု တစ်ခု လုပ်ကြရအောင်... ကျုပ်တို့ အချင်းချင်း တွေ့တဲ့အခါ မပစ်ဘဲ ငြိမ်းချမ်းရေးယူပြီး အခြားစစ်ဒေသတွေကို အရင်ပစ်ကြရအောင်..."
ရှုချန်းက...
"ခင်ဗျားက ကျုပ်ကို အထင်ကြီးနေတာပဲ... ကျုပ်က ဘာကောင်မှမဟုတ်ဘူး... နောက်ပိုင်းမှာ ခင်ဗျား သိလာလိမ့်မယ်..."
"အဲ့လောက်ကြီး နှိမ့်ချမနေပါနဲ့... ခင်ဗျားနဲ့ မတွေ့ခင်က တကယ် သန်မာဆိုတဲ့လူကို မမြင်ဖူးဘူး... ဒါပေမယ့် အဲ့ဒီနေ့ကစပြီး ကျုပ်ကိုကျုပ်တောင် ယုံကြည်မှုမရှိသလို ခံစားလိုက်ရတယ်... ဘာပဲဖြစ်ဖြစ် စစ်မြေပြင်မှာ ခင်ဗျားနဲ့တွေ့ရင် ပူးပေါင်းဖို့ စဉ်းစားထားပြီးသားပါ...ဟုတ်ပြီလား... "
ရန်ဝေ့ ကပြောလိုက်၏။
ရှုချန်း ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ ထို့နောက် ထိုသုံးဦး ထွက်သွားသောအခါ အခြားေသာ မျက်နှာသိများက နှုတ်ဆက်ပြန်သည်။
ထိုစဉ် ဘတ်စ်ကားများ ထပ်မံဆိုက်ရောက်လာကာ လူများလည်း ပိုမိုများပြားလာတော့၏။ ခဏအကြာတွင် ကြီးကြပ်ရေးမှုး ရန် က ရှုချန်း အနီးသို့ ရောက်လာပြီး ဘတ်စ်ကား ပေါ်မှ ဆင်းလာသူများကို ကြည့်ကာ...
"အဲ့ဒီ ထိပ်ပြောင်ကောင်ကို ကြည့်စမ်း...သူ့နာမည်က ပါ့စ် တဲ့... နယ်စပ်က လူနည်းစု မျိုးနွယ်ကနေ မွေးလာတဲ့သူပဲ... သူလည်း အခုနှစ်မှာ ဆရာကြီးပဲ... စစ်ဒေသ ရှစ်မှာ နှစ်တိုင်း ဆရာကြီး တစ်ယောက်တော့ပါတယ်... ဒီနှစ်ရဲ့ ဆရာကြီးကတော့ သူပေါ့... သူ့မှာ ပစ်ခတ်မှုစွမ်းရည် တိုက်ခိုက်ရေးစွမ်းရည် အကုန်လုံးရှိတယ်... ဒီကောင့်ကို ရှင်းဖို့ခက်တယ်... တောထဲမှာဆို မြွေပွေးတစ်ကောင်လိုပဲ..."
"ပြီးတော့ အဲ့ဒီကောင်လေး တိုင်ရှီ... သူက အရမ်းသန်မာတယ် သွက်လည်းသွက်တယ်... ရန်သူကို မျက်ခြေဖြတ်တဲ့နေရာမှာ တော်တယ်.. ဒီကောင်က ပုန်းနေတာများတယ်... ဒါ့ကြောင့် မင်းကျည်ဆန် ကုန်သွားရင် သူနဲ့ထိပ်တိုက် မတွေ့နဲ့... သူ့ရဲ့ အနီးကပ် တိုက်ခိုက်မှု စွမ်းရည်က လုံးဝကြောက်စရာကောင်းတယ်..."
"အဲ့ဒီ မျက်နှာအမာရွတ်နဲ့ကောင်ကို ငါမပြောလည်း မင်းမှတ်မိမှာပါ... မနှစ်က သူ့ကြောင့် မင်းထွက်သွားရတာမလား... အခုနှစ်လည်း မင်းကို ထပ်လုပ်နေဦးမယ်..."
မျက်နှာအမာရွတ်နဲ့သူကို ကြည့်၍ ရှုချန်း ခေါင်းညိတ်လိုက်၏။
"ကျုပ်သိတယ်..."
မျက်နှာအမာရွတ်နှင့် သူကလည်း ရှုချန်းကို သတိထားမိသွားသည်။ ထို့ကြောင့် ရှုချန်းဆီသို့ တည့်တည့်လျောက်လာကာ ပြုံးပြလိုက်၏။
"ငါ့ကို တွေ့တာနဲ့ အံကြိတ်နေပါရောလား..."
ရှုချန်း ဘာမှပြန်မပြောချေ။
မျက်နှာအမာရွတ်နှင့်လူက...
" ကျုပ်ကြောင့် မပျော်မရွှင်ဖြစ်ပေမဲ့ ကျုပ်ကို ဘာမှလည်း ပြန်မလုပ်နိုင်တဲ့သူတွေကို မြင်ရတာ သဘောကျတယ်..."
ရှုချန်းက...
"ခင်ဗျားကြောင့် မပျော်နိုင်ဖြစ်နေတဲ့သူက ခင်ဗျားကို တစ်ခုခုပြန်လုပ်ရင် ခင်ဗျား ဘယ်လို ဖြစ်သွားမလဲဆိုတာ သိလား..."
"ဟုတ်လား..."
မျက်နှာအမာရွတ်နှင့်လူက ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောလိုက်၏။
"အဲ့လို တစ်ခါမှတော့ မတွေးဖူးဘူး... ဒါပေမဲ့ စောင့်နေပါတယ်..."
အခန်း ၂၀၅ ပြီး
နတ်နဂါးစစ်သည်
အခန်း ၂၀၆
(အသင့်ပြင် )
ထိုစဥ် ရှုချန်း ရှိရာသို့ ဟူပင်း ရောက်လာပြီး စူးစူးရဲရဲ စိုက်ကြည့်ရင်း...
" ခင်ဗျား တမင် ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာလား... "
ဟု စွပ်စွဲသံဖြင့် မေးမြန်းလိုက်သည်။
ရှုချန်းက...
" မင်း ဘာပြောချင်တာလဲ... "
" ပြဿနာ မရှာစမ်းနဲ့... ကျုပ်တို့ကို လူမုန်းများအောင် လုပ်နေတာလား... အဲဒီ အားကောင်းတဲ့ စစ်ဒေသတွေက ကျုပ်တို့ကို အရင်ကထက် ပိုပြီး ဖိအားပေး တိုက်ခိုက်နေမယ်... "
" မင်း ယုံကြည်ချက် မရှိရင် ဒီပြိုင်ပွဲကို ဘာကိစ္စ လာနေတာလဲ... အမှတ်ကောင်းကောင်း လိုချင်ရင် ဒီလူတွေကို အနိုင်ယူရမှာပဲ... ပြိုင်ပွဲမှာ ရှုံးခဲ့ရင်တောင် ဂုဏ်သိက္ခာကို ထိန်းထားရမယ်... "
ဟူပင်းက လေသံကျယ်ကျယ်ဖြင့်...
" ခင်ဗျားက သေမထူး နေမထူးဆိုတော့ အရင်ဆုံး ထွက်ရမှာ ဘယ်ကြောက်မလဲ... ကျုပ်တို့ အဖွဲ့ကိုပါ ဆွဲချမသွားဖို့တော့ ပြောချင်တယ်... ပုန်းဖို့ လိုတဲ့အခါမျိုးမှာ တူတူပုန်းပါ... အတူတူပူးပေါင်း လုပ်ဆောင်ပါ... ခင်ဗျား ဒုက္ခက ကျုပ်တို့ ဆီပါ ရောက်မလာပါစေနဲ့... "
ရှုချန်းက...
" စိတ်မပူနဲ့... ငါက အစကတည်းက တစ်ကိုယ်တော် အစွမ်းပြဖို့ လုပ်ထားတာ... မင်းကို လာမရှုပ်ဘူး... "
ရှုချန်းက ခပ်ပြတ်ပြတ်ပြောပြီး ထွက်သွား၏။
ကြီးကြပ်ရေးမှူးလည်း ဟူပင်းကို ကြည့်ပြီး ခေါင်းသာ ခါယမ်းလိုက်တော့သည်။
ထို့နောက် ပြိုင်ပွဲဝင် အဖွဲ့များ နယ်မြေသတ်မှတ်ရန် မဲနှိုက်ရွေးချယ်ကြရာ ဟူပင်းနှင့် ကြီးကြပ်ရေးမှူး အတူ နှိုက်ကြ၏။ နယ်မြေများမှာ တောကြီး အတွင်းမှ အရှေ့၊ အနောက်၊ တောင်၊ မြောက် နှင့် အလယ်ပိုင်း တို့ ဖြစ်ကြ၏။
အလွယ်တကူ ဝိုင်းရံတိုက်ခိုက် ခံရနိုင်သော အလယ်ပိုင်းကို ပြိုင်ပွဲဝင် အဖွဲ့များ မရလိုကြချေ။ အင်အားနည်းပါးသော အဖွဲ့များမှာ သဘာဝတရားက ခုခံကာကွယ်မှု ပေးနိုင်သည့် ချောက်ကမ်းပါးများ တောင်တန်းများ စသည့် နေရာတို့ကို ရရှိရန် ဆုတောင်းတတ်ကြသည်။ တောင့်တင်းခိုင်မာသော အသင်းများမှာမူ မည်သည့်နေရာရရ ဂရုသိပ်မစိုက်ကြပေ။ အလယ်ပိုင်း၌ ကျလျှင်ပင် သူတို့ ပိုင်နက်သို့ ကျူးကျော်လာသည့် ( သို့မဟုတ် ) ဖြတ်သန်းသွားမည့် မည်သည့် အဖွဲ့ကိုမဆို အနိုင်ပိုင်း သတ်ဖြတ်ပစ်ပေမည်။
ကြီးကြပ်ရေးမှူးနှင့် ဟူပင်း မဲနှိုက်ရန် ရောက်လာချိန်တွင် အခြား စစ်ဒေသများမှ တာဝန်ရှိသူများလည်း ရောက်နေကြပြီ ဖြစ်သည်။ ယခင်က ရှုချန်းကို ခေါ်ယူရန် ကြိုးစားခဲ့ဖူးသော စစ်ဒေသ ရှစ်၏ ကြီးကြပ်ရေးမှုးက စစ်ဒေသ ငါး ကြီးကြပ်ရေးမှုး ရန် ကို ရှုချန်း မဟုတ်ပဲ လူသစ် တစ်ဦးနှင့် မြင်လိုက်ရသည့်အတွက် နားမလည်နိုင်စွာဖြင့်...
" မင်း ဘာတွေလုပ်နေတာလဲ... ရှုချန်းက အဖွဲ့ခေါင်းဆောင် မဟုတ်ဘူးလား... "
ထိုစကားကို ဟူပင်း လုံးဝ မကြိုက်ချေ။ ထို့ကြောင့် ချက်ချင်းပင် မနိမ့်မမြင့် ပုံမှန် လေသံဖြင့်...
" ကျုပ်က စစ်ဒေသ ငါး ပြိုင်ပွဲဝင် အဖွဲ့ခေါင်းဆောင် ဟူပင်းပါ... " ဟု ပြောလိုက်၏။
ဟူပင်း၏ အရည်အချင်းကို လုံးဝ မယုံကြည်သော စစ်ဒေသ ရှစ် ကြီးကြပ်ရေးမှူးက...
" မင်းတို့ လိမ်နေတာ ငါသိတယ်နော်... "
ကြီးကြပ်ရေးမှူး ရန် ရယ်ရခက်၊ ငိုရခက် ဖြစ်သွား၏။
ဟူပင်း အနည်းငယ် ဒေါသထွက်သွား၏။
" တဆိတ်လောက်... ကျုပ် ထပ်ပြောပါရစေ... ကျုပ်က အဖွဲ့ခေါင်းဆောင်ပါ... "
စစ်ဒေသ ရှစ် ကြီးကြပ်ရေးမှူးက " မင်းတို့ အကွက်တွေ ငါသိပါတယ် " ဆိုသော မျက်နှာထားဖြင့်...
" ဒါက မင်းတို့ သက်သက်မဲ့ လိမ်နေတာ... တခြား သူကို ခေါင်းဆောင်တင်ထားပေမဲ့ မင်းရဲ့ အဓိက လက်နက်ပုန်းက ရှုချန်း ပဲ မလား... "
ဟူပင်း ဒေါသထောင်းကနဲ ထွက်သွားတော့သည်။
" ထပ်ပြောပါဦး... "
စစ်ဒေသ ရှစ် ကြီးကြပ်ရေးမှူး ခေါင်းညိတ်လိုက်ပြီး...
" အင်အားနည်း အဖွဲ့လေး တစ်ဖွဲ့အတွက် ခက်ခဲတယ်ဆိုတာ ငါ သိပါတယ်... ဒါကြောင့် မင်းတို့ လှည့်ကွက်တွေ သုံးဖို့ လုပ်နေတာ ငါ နားလည်တယ်... "
ဟူပင်း တိတ်တိတ်လေး ကျိတ်ဆဲလိုက်သည်။
ခင်ဗျား အဘကို နားလည်တာလား...။
စစ်ဒေသရှစ် ကြီးကြပ်ရေးမှူး ပြောပြောဆိုဆိုဖြင့် ထွက်ခွာသွား၏။
ကြီးကြပ်ရေးမှူး ရန် က ဟူပင်းကို မဲနှိုက်ခိုင်း၍ မဲလိပ် တစ်ခုကို အလွယ်တကူ ကောက်နှိုက်လိုက်၏။ မဲလိပ်ကို ဖွင့်ကြည့်လိုက်ရာ ကြီးကြပ်ရေးမှူး ရန် မျက်လုံး ပြူးသွားသလို ဟူပင်းလည်း သက်ပြင်းမော ချမိတော့သည်။
အလယ်ပိုင်း...။
အားလုံး ပြီးဆုံးလေပြီ။ စစ်ဒေသ ငါးမှာ အားနည်းသော အဖွဲ့ ဖြစ်ရသည့်အထဲ အလယ်ပိုင်း ဒေသတွင် စခန်းချရန် မဲကျသဖြင့် ပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာရဖွယ် ရှိနေပေသည်။
အခြားစစ်ဒေသများမှ သူများက အမူအရာ ပျက်နေသော ကြီးကြပ်ရေးမှူး ရန် နှင့် ဟူပင်းတို့ကို ကြည့်ပြီး ရယ်မောကာ...
" မင်းတို့ အလယ်ပိုင်းဒေသ ကျပုံပဲ... ဒါပေမဲ့ မင်းတို့ အဖွဲ့က ဘယ်နေရာပဲကျကျ အမှတ်လာလှူတဲ့ အဖွဲ့ပဲလေ... "
ထိုစဉ် လူတစ်ဦးက ဟူပင်းကို အံ့ဩတကြီး ကြည့်ပြီး...
" စစ်ဒေသ ငါး ခေါင်းဆောင်က ရှုချန်း မဟုတ်ဘူးလား... အခုလို တပ်သားကောင်းတွေ ရှားပါးနေတဲ့ အချိန်မှာ ရှချန်းထက် ပိုသန်မာတဲ့ တပ်သားသစ် တစ်ယောက် ရှိနေပြီလား... ကောင်းပြီလေ... စစ်မြေပြင်မှာ တွေ့ကြတာပေါ့... ရှုချန်းရဲ့ နေရာကို အစားထိုးနိုင်တဲ့ သူဆိုတော့ ဘယ်လောက် ခွန်အားရှိလဲ ငါ အရမ်း သိချင်နေပြီ... "
ဟိုတယ် အခန်းသို့ ပြန်ရောက်သည့် အချိန်အထိ ကြီးကြပ်ရေးမှူး ရန် နှင့် ဟူပင်းတို့ မျက်နှာ မသာမယာဖြင့် နှုတ်ဆိတ်နေကြ၏။ အခြားသော အဖွဲ့ဝင်များက အနားသို့ ဝိုင်းအုံလာပြီး...
" ဘယ်လိုလဲ... ငါတို့ ဘယ်နေရာ ရလဲ... "
ဟူပင်း သက်ပြင်း တစ်ချက် ချလိုက်သည်။
" အလယ်ပိုင်း... "
အခြား အဖွဲ့ဝင် ၁၄ ဦး၏ မျက်နှာများ ချက်ချင်းပင် မသာမယာ ဖြစ်သွားကြတော့သည်။
" ငါတို့ ဘာလုပ်သင့်လဲ... ဒီပုံအတိုင်းဆို ငါတို့ကို အလွယ်တကူ တိုက်လို့ ရနေပြီပဲ... "
အဖွဲ့ဝင် တစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။
ပြတင်းပေါက် နံဘေးမှ ကုတင်ပေါ်တွင် ထိုင်နေသည့် ရှုချန်းက...
" စီစဉ်ထားတဲ့ အတိုင်း ပြင်ဆင်ကြရုံပဲပေါ့... အခုမှ ညည်းနေလို့လည်း ဘာမှ ထူးမလာဘူး... ပြင်ဆင်ဖို့က ခုတစ်ညပဲ အချိန်ရှိတော့တယ်... ပြိုင်ပွဲက မနက်ဖန် မနက် စပြီ... "
အဖွဲ့ဝင်များ တစ်ဦး မျက်နှာ တစ်ဦး ကြည့်လိုက်ပြီး နောက်ဆုံးတော့ ကြီးကြပ်ရေးမှူး၏ အကူအညီဖြင့် ဗျူဟာများ စတင် ပြင်ဆင်ခဲ့ကြသည်။ သို့သော် ရှုချန်းကမူ အိပ်ယာထက်တွင် လှဲလျောင်းနေပေသည်။ အကြောင်းမှာ ပြိုင်ပွဲဝင် အဖွဲ့နှင့် သူ အတူ မလေ့ကျင့်ခဲ့ရသည့်အတွက် ဗျူဟာများကို တစ်ခွန်းတစ်ပါဒမျှ မသိသောကြောင့်ပင်။
ဟူပင်းမှာ အတော်လေး တစ်ကိုယ်ကောင်း ဆန်လှ၏။ ဗျူဟာများမှာ သူ့ကို ဦးစားပေး ဗဟိုပြုထားရပေသည်။ အခြားသူများက သူ့ကို ဝိုင်းဝန်းကာကွယ် ပေးရမည် ဖြစ်သည်။ သူ့ကြောင့် အဖွဲ့ဝင်များ အန္တရာယ်ရှိသည်ကို ဂရုမစိုက်ပဲ သူဘေးကင်း၍ ပြိုင်ပွဲဝင် ထိပ်တန်း စစ်သား ၃၀၀ ထဲ ဝင်သည်အထိ အသက်ရှင်နိုင်ရန်ကိုသာ အလေးပေးနေသည်။
ညဘက်...
စောင့်ကြည့်ရေး စင်တာတွင် ရာထူးမြင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အားလုံး နီးပါး ရောက်ရှိနေကြသည်။ နှစ်စဉ် ကျင်းပလေ့ရှိသော စစ်ဒေသ ၃၂ ခု ပြိုင်ပွဲမှာ ထိုသူများ၏ အာရုံကို လွန်စွာ ဖမ်းစား ဆွဲဆောင်နိုင်ပေသည်။ အချို့သော နိုင်ငံရေးသမားများပင်လျှင် အရည်အချင်း ရှိသူများကို ရှာဖွေရန် ပြိုင်ပွဲကို လာရောက် ကြည့်ရှုတတ်၏။
ပြိုင်ပွဲဝင် စစ်ဒေသများ၏ ညွှန်ကြားရေးမှူးများလည်း ရောက်ရှိနေလေပြီ။ သူတို့လက်ထဲတွင်လည်း ပြိုင်ပွဲဝင်များ၏ အချက်အလက်များ ပါဝင်သော တက်ဘလက်ကိုယ်စီ ရှိနေ၏။
စစ်ဒေသ ၂၉ ညွှန်ကြားရေးမှူးက ပြိုင်ပွဲဝင်များ၏ ကိုယ်ရေးအချက်အလက်များကို မြင်သောအခါ...
" သောက်ကျိုးနည်း... စစ်ဒေသ ခြောက်ကတော့ တခြားအဖွဲ့တွေကို အသေဖြုတ်တော့မှာပဲ... အဖွဲ့ဝင် ၁၅ ယောက်လုံးရဲ့ ခန့်မှန်း တိုက်ခိုက်ရေး စွမ်းရည်က ထိပ်တန်း ၅၀ ထဲ ပါနေတယ်... မင်းတို့ စစ်ဒေသ ခြောက်မှာ နှစ်တိုင်း ဆရာကြီးတွေ များတာပဲ... "
ယမန်နှစ်က ပထမ ရရှိခဲ့သည့် အတွက် ဂုဏ်ယူဝံ့ကြွားနေသော စစ်ဒေသ ခြောက် ညွှန်ကြားရေးမှူးက ရယ်မော၍...
" ငါတို့မှာ ရွေးချယ်စရာမှ မရှိတာ... ငါတို့က ထိပ်တန်း စစ်ဒေသ သုံးခုထဲ နှစ်တိုင်း ပါတာပဲလေ... ဒါကြောင့် တစ်ချက်လေး လွဲတာနဲ့ တခြားအဖွဲ့တွေက လှောင်မှာကို ကြောက်ရတယ်... ငါတို့မှာလည်း ဖိအားများတော့ အပြည့်အဝ ပြင်ဆင်ထားရတာပေါ့... "
စစ်ဒေသ ခြောက် ညွှန်ကြားရေးမှူးက ခပ်ပေါ့ပေါ့ ပြောလိုက်သော်လည်း အခြားသော စစ်ဒေသ ညွှန်ကြားရေးမှူးများမှာ အင်အားကောင်းလှသော စစ်ဒေသ ခြောက်ကို မနာလို ဖြစ်မိနေကြသည်။
အထူးသဖြင့် မနာလိုဆုံး သူမှာ စစ်ဒေသ ငါး ကြီးကြပ်ရေးမှူးပင်။ ခန့်မှန်း အဆင့်များကို ကြည့်လိုက်ရာ သူ့အဖွဲ့သားများမှာ ထိပ်တန်း ၁၀၀ စာရင်းပင် မဝင်ချေ။ ထိုအချိန်တွင် အလိုက်ကမ်းဆိုး မသိသော အခြားသော စစ်ဒေသ ညွှန်ကြားရေးမှူးများက...
" ရှီ... မင်း စစ်ဒေသမှာ ထိပ်တန်း ၁၀၀ ဝင်တဲ့ စစ်သား သုံးယောက် ရှိတယ်မလား... အရင် နှစ် နှစ်လုံး တွေ့ပါတယ်... ခုနှစ် ဘယ်လိုဖြစ်သွားတာလဲ... "
စစ်ဒေသ ငါး ညွှန်ကြားရေးမှူးက မျက်နှာ မသာမယာဖြင့်...
" မင်း ဘာပြောချင်တာလဲ... ငါ့ကို စိတ်ပူမနေနဲ့... မင်းအဖွဲ့နဲ့ ငါ့အဖွဲ့ အတူတူပဲ... တခြား အဖွဲ့တွေကို အမှတ်လှူဖို့ ပြိုင်ပွဲထဲ ရောက်လာကြတာချည်းပဲ... "
" ဟုတ်လား... အခုနှစ် ငါတို့မှာတော့ လျှို့ဝှက်လက်နက် ရှိတယ်... စောင့်ကြည့်နေလိုက်... "
ထိုစဉ် အခြား တစ်ဦးက...
" ရှီ... ထိပ်တန်းစစ်သည် သုံးယောက်ထဲက ခေါင်းဆောင် ရှုချန်းက ပြိုင်ပွဲဝင် စာရင်းထဲ ရှိနေတုန်းလား... သူက ဘယ်လိုဖြစ်လို့ အဆင့်ကျသွားတာလဲ... မနှစ်က သူ အဆင့် ၂၅ မဟုတ်ဘူးလား... "
စစ်ဒေသ ငါး ညွှန်ကြားရေးမှူး အောင့်သက်သက် ပြုံးလိုက်ပြီး...
" အဲဒီကိစ္စ မပြောစမ်းပါနဲ့... မတော်တဆမှု ဖြစ်ပြီးနောက်ပိုင်း သူ အရင်လောက် မသန်မာတော့ဘူး... ဒီနှစ် ပြိုင်ပွဲကို ငါရောက်လာတဲ့ အဓိက အချက်က အရည်အချင်းရှိတဲ့ လူသစ်လေးတွေ လာကြည့်ရင်း သဘောကျရင် ငါတို့ စစ်ဒေသကို လာအောင် စည်းရုံးဖို့ပဲ... "
ထိုစကားကြောင့် အခြားသော ညွှန်ကြားရေးမှူးများ အားလုံး ရယ်မောလိုက်ကြသည်။
ဒီကောင် အရှက်မရှိဘူးပဲ...။ ကိုယ့်အဖွဲ့က ပြိုင်ပွဲမှာ အသုံးမကျပေမဲ့ တခြားအဖွဲ့က လူကောင်းလေးတွေကို လာရှာဖို့ ရောက်လာတာပဲ...။
နောက်တစ်နေ့ မနက်တွင်တော့ အဖွဲ့များကို တောတွင်းသုံး ကားများဖြင့် လာကြိုကြ၏။ ပြိုင်ပွဲဝင်အားလုံး၏ နား၊ မျက်လုံးတို့ကို ဖုံးအုပ်ပိတ်ဆို့၍ သတ်မှတ်နေရာသို့ ခေါ်ဆောင်သွားကြသည်။
တစ်ချိန်တည်းမှာပင် ပြိုင်ပွဲ ကျင်းပရာ တောအုပ်အတွင်း၌ ကင်မရာများ အားလုံး အသင့်ဖြစ်နေကြလေပြီ။ ပြိုင်ပွဲ၏ အကောင်းမွန်ဆုံး အခိုက်အတန့်များကို မလွတ်တမ်း ကြည့်ရှု မှတ်တမ်းတင်ထားနိုင်ရန် ဒရုန်းများကိုလည်း အသုံးပြုထား၏။
ပြိုင်ပွဲဝင် အဖွဲ့များ၏ ကြီးကြပ်ရေးမှူးများကိုလည်း စောင့်ကြည့်ရေး စင်တာသို့ ခေါ်ဆောင်သွား၏။ ပြိုင်ပွဲဝင်များ၏ စွမ်းဆောင်ရည်များ၊ လိုအပ်ချက်များ၊ အမှားများကို မှတ်တမ်းတင်ထားနိုင်ရန် ကြီးကြပ်ရေးမှူးများ လက်ထဲ၌ မှတ်စုစာအုပ် ကိုယ်စီ ရှိနေကြသည်။
အခန်း ၂၀၆ ပြီး