နတ်နဂါးစစ်သည်
အခန်း ၂၀၄ -
(မင်းက ဆရာကြီးပဲ... )
စစ်ဒေသငါး...
ညနေစောင်းတွင် တောင်ကုန်းတစ်ခုပေါ်၌ ရှုချန်း စီးကရက်ဖွာရင်း အရှေ့မှ တောအုပ်ကို ငေးကြည့်နေ၏။ မကြာမီမှာပင် တောင်ကုန်းပေါ်သို့ အမျိုးသမီးတစ်ဦး ဖြည်းဖြည်းချင်း တက်လာသည်။ ရှုချန်း နေဝင်ချိန်ကို ထိုင်ငေးနေသည်ဟု သူမ ထင်ခဲ့သော်လည်း ရှုချန်း နံဘေး ဝင်ထိုင်လိုက်သည့်အခါမှ မြေပြန့်တွင် လေ့ကျင့်နေသော စစ်သည်တစ်ဖွဲ့ကို သူမ တွေ့လိုက်ရ၏။ ထိုအဖွဲ့မှာ ဟူပင်း နှင့်အဖွဲ့ ဖြစ်ပေသည်။ ရှုချန်းမှာ သူတို့နှင့်အတူ လေ့ကျင့်ခွင့် မရသောကြောင့် ဤနေရာတွင် ရှိနေခြင်း ဖြစ်၏။
လင်ချူရွယ်က ...
"တီဗွီရှိုး ပြီးပြီဆိုတော့ ရိုက်ကူးရေးအဖွဲ့သားတွေ မနက်ဖြန် မနက် ပြန်ကြတော့မယ်... လောလောဆယ်တော့ ကော်ဖီဆိုင်မှာ နှုတ်ဆက်ပွဲလုပ်နေတယ်... မသွားဘူးလား..."
သို့သော် ရှုချန်းက ဟူပင်းနှင့်အဖွဲ့ လေ့ကျင့်နေသည်ကို ကြည့်ပြီး ...
"ကောင်းပါပြီ... ငါနဲ့ ဒီပတ်ဝန်းကျင်နဲ့ဆိုတာ မသက်ဆိုင်တော့ပါဘူး..."
လင်ချူရွယ်က ရှုချန်းလက်ကို အသာဆုပ်ကိုင်ရင်း ညင်သာသော အသံဖြင့် ...
"ပြိုင်ပွဲကနေ ပြန်လာရင် ငါ့ကိုလာတွေ့တာ စောင့်နေမယ်... ဗြိတိန်ကို ငါပြန်သွားဖို့လည်း မလိုပါဘူး... နင် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ဖိအားပေးမနေနဲ့နော်... ငါတို့ ဖြည်းဖြည်းချင်း ကြိုးစားကြတာပေါ့..."
နေဝင်ရီတရော မှိန်ဖျော့ဖျော့ ဖြာကျနေသော နေရောင်ခြည်အောက်တွင် လှချင်တိုင်း လှနေသော လင်ချူရွယ်၏ မျက်နှာကို ရှုချန်း ငေးကြည့်လိုက်၏။ ထို့နောက် ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ... ပြိုင်ပွဲပြီးရင် မင်းကို လာတွေ့ပါ့မယ်..."
လင်ချူရွယ်လည်း ကျေနပ်စွာဖြင့် တောင်ကုန်းပေါ်မှ ဆင်းသွားတော့၏။
ရှုချန်း တစ်ယောက် နေဝင်ချိန်ကို ထိုင်ငေးနေမိ၏။ မကြာမီမှာပင် နတ်ဆိုးတစ်ကောင်အလား ပြင်းထန်သော သူ၏ လေ့ကျင့်ခန်းများကို စတင် လေ့ကျင့်တော့သည်။
နောက်တစ်နေ့ နံနက်တွင် စစ်ဒေသမှ မထွက်ခွာမီ လင်ချူရွယ်က ရှုချန်း နေထိုင်သော လူပျိုဆောင်သို့ ရောက်လာခဲ့၏။ အပြင်းအထန် လေ့ကျင့်ထားသောကြောင့် ရှုချန်း ပင်ပန်းစွာ အိပ်မောကျနေဆဲ ဖြစ်သည်။ ထို့ကြောင့် ရှုချန်းကို အနှောင့်အယှက်မပေးမိစေရန် အသံမထွက်ပဲ အိပ်ရာဆီသို့ တိတ်တိတ်ကလေး လျှောက်လာခဲ့၏။ ထို့နောက် ရှုချန်း နိုးမသွားစေရန် သူမဆံနွယ်စများကို အသာသပ်တင်၍ ရှုချန်း၏ နဖူးပြင်ကို အသာအယာ နမ်းလိုက်၏။
...
လင်ချူရွယ်တို့ ထွက်ခွာသွားပြီး တစ်ပတ်အကြာတွင်တော့ စစ်ဒေသ ၃၆ခု ပြိုင်ပွဲ စတင်ခဲ့လေပြီ။
ရှုချန်း၊ ဟူပင်းနှင့် အခြားသူများက ခရီးဆောင်အိတ် ကိုယ်စီဖြင့် ပြိုင်ပွဲကျင်းပမည့် ရန်ကျင်း သို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ တက်လာကြသည်။ အဖွဲ့နှင့်အတူ လေ့ကျင့်မှု မပြုခဲ့သည့်အတွက် အဖွဲ့သားများနှင့် ရှုချန်း မရင်းနှီးသေးချေ။ ထို့ကြောင့် လေယာဉ် နောက်ပိုင်းတွင် လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးနှင့်သာ အတူထိုင်ခဲ့၏။
ကြီးကြပ်ရေးမှူး ရန် က ဟူပင်းနှင့် အခြားသူများ ခေါင်းချင်းဆိုင်တီးတိုးပြောနေသည်ကို မြင်သော်လည်း ရှုချန်းမှာမူ နားကြပ်တပ်၍ တစ်ယောက်တည်း သီချင်းနားထောင်နေသည်ကို တွေ့လိုက်၏။ ထို့ကြောင့် သူ လျှောက်လာပြီး ရှုချန်းဘေးတွင် ထိုင်နေသော လေယာဉ် တာဝန်ရှိသူကို လက်ဟန်ခြေဟန်ပြကာ ဖယ်ခိုင်းလိုက်သည်။ ထို့နောက် ထိုင်လိုက်ကာ ရှုချန်း နားကြပ်ကို ချွတ်လိုက်ပြီး ...
"ဘာဖြစ်လို့လဲ... အဆင်မပြေဘူးလား..."
"ကိစ္စမရှိပါဘူး... ကျုပ် နေသားကျနေပါပြီ..."
ရှုချန်း ဘာသိဘာသာ ပြန်ပြော၏။
"နောက်နှစ်ကော ဘယ်လိုလဲ... နောက်နှစ်ကျရင် မင်းရဲ့ ဒီအစ်ကိုကြီးက မင်းကို ဗဟိုထားတဲ့ ဗျူဟာတွေနဲ့ လေ့ကျင့်မယ့် ပြိုင်ပွဲဝင်အဖွဲ့ ဖန်တီးပေးမယ်... ဒီနှစ်အတွက်တော့ စိတ်မကောင်းပါဘူး..."
ရှုချန်း ဘာမှမပြောချေ။ ပြုံးရုံသာ ပြုံးပြလိုက်၏။
ထိုအချိန်တွင် လေယာဉ်မယ်တစ်ဦးက အီလက်ထရောနစ်ပစ္စည်းများ ပိတ်ထားပေးရန် အားလုံးကို တောင်းဆိုလိုက်၏။ ထို့နောက် သူမ လေယာဉ်အနောက်သို့ ဖြည်းဖြည်းချင်း လျှောက်လာသောအခါ ရှုချန်းနှင့် အကြည့်ချင်းဆုံပြီး နှစ်ဦးသား အံ့အားသင့်သွားကြ၏။
"ရှန်ယောင်..."
"ရှုချန်း..."
နှစ်ဦးသား နာမည်ကို ပြိုင်တူ ရေရွတ်မိကြ၏။
ရှန်ယောင် မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။
"ရှန်ချန်းမှာ မနေတော့ဘူးလား... ရန်ကျင်း ကို သွားမလို့လား..."
"ငါ ရှန်ချန်းမှာ မနေတော့ဘူးလေ... စစ်တပ်ထဲ ပြန်ရောက်နေတာ... အခုက ရန်ကျင်း ကို အလုပ်ကိစ္စနဲ့ သွားတာလေ..."
"ဪ... ဒါ့ကြောင့် ဒီလေယာဉ်ပေါ်မှာ စစ်သားတွေ အများကြီးရှိနေတာကိုး... လေယာဉ်စီးနေတဲ့အချိန်မှာ ဖုန်းကို airplane mode လုပ်ထားဖို့ မမေ့နဲ့.ဦး.. ဒါမှမဟုတ် ပိတ်ရင်လည်း ပိတ်ပစ်နော်..."
ရှန်ယောင် ရှုချန်းကို မျက်လုံးပြူးပြကာ ထွက်သွား၏။ ရှန်ယောင် ထွက်သွားပြီး နောက်တွင်တော့ ကြီးကြပ်ရေးမှူးက ရှုချန်းကို စပ်စုစွာဖြင့် ...
"မင်း သူ့ကို သိတယ်လား..."
ရှုချန်း ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်... ရှန်ချန်းမှာတုန်းက သူ ကျုပ်ကွန်ဒိုမှာ ခဏလာနေတယ်လေ..."
"ဘာ... မင်းတို့ အတူနေခဲ့တာလား..."
ကြီးကြပ်ရေးမှူး အသံအနည်းငယ် ကျယ်သွား၏။ ရှုချန်းကို လက်ဖြင့် အားပါးတရ ရိုက်လိုက်ပြီး...
"သောက်ကျိုးနည်း... မင်း ငါ့ကို ဘာလို့ ဒီအကြောင်းမပြောခဲ့တာလဲ... နံပါတ်တစ် လေယာဉ်မယ်က မင်းနဲ့အတူနေတဲ့ အကြောင်းသာ ပြောရင် ရှန်ချန်းက မင်းကွန်ဒိုကို ငါနေ့တိုင်း ထမင်းလာစားမှာပေါ့..."
"ဘာ နံပါတ်တစ် လေယာဉ်မယ်လဲ... အစ်ကိုကြီး... ခင်ဗျား ဘယ်အချိန်ကတည်းက ဒါတွေ အာရုံစိုက်ဖြစ်တာလဲ..."
ရှုချန်း ရယ်ကာမေး၏။
"ငါက အလုပ်ကိစ္စတွေကြောင့် အမြဲတမ်း လေယာဉ်နဲ့ ခရီးသွားနေရတာလေ... လေယာဉ်မယ်တွေ အများကြီးတွေ့ဖူးတယ်... ငါတွေ့ဖူးသမျှ လေယာဉ်မယ်တွေကို အကဲဖြတ်ကြည့်တော့ ရှန်ယောင်က အလှဆုံးပဲ... အစက မင်းကို သူနဲ့မိတ်ဆက်ပေးဖို့တောင် တွေးသေးတယ်... ဒါပေမဲ့ အခုတော့ မင်းက သူနဲ့ အတူနေခဲ့တယ်ပေါ့... ရှုချန်း ငါ သဘောပေါက်တယ်နော်..."
ရှုချန်း ကြောင်အ သွား၏။
"အစ်ကိုကြီး.. ခင်ဗျားက မဟုတ်တော့ဘူး... ကျုပ် တစ်ယောက်တည်း နေတုန်းကလည်း ဂေးလို့ပြောတယ်... အခု ကောင်မလေးနဲ့ အတူနေတယ်ဆိုတော့လည်း ပြောရင်ရာတွေ ပြောပြန်ပြီ..."
ကြီးကြပ်ရေးမှူးက အသံလျှော့၍ ...
"မင်း သူနဲ့ တကယ်ပဲ အတူနေခဲ့တာလား..."
"မဟုတ်ဘူး... ကျုပ်နဲ့အတူနေတဲ့ နောက်ထပ်တစ်ယောက် ရှိသေးတယ်..."
ကြီးကြပ်ရေးမှူး မျက်ကလူးဆန်ပြာ ဖြစ်သွား၏။
"ဘာ... မင်းက ငါ့ရှေ့မှာတော့ မခုတ်တတ်တဲ့ ကြောင်လိုလို လူပျိုလေးလိုလို ဟန်ဆောင်နေပြီး ငါတို့နောက်ကွယ်မှာတော့ သုံးဘီးဆိုင်ကယ်တောင် စီးနေတာပါလားဟ..."
"ခင်ဗျား အဘကို သုံးဘီးဆိုင်ကယ်... ကွန်ဒိုပြုပြင်ရေးအဖွဲ့က အခန်းနံရံတွေကို ဖျက်ပစ်လိုက်လို့ သုံးခန်းတွဲ ဖြစ်သွားတာ... ပြီးတော့ ပြန်လည်း ပြင်မပေးဘူးလေ... အဲလိုနဲ့ပဲ ဒီကောင်မလေးနှစ်ယောက်ကို ရှက်ရှက်နဲ့ပဲ ကျုပ်တို့ အတူနေဖို့ ပြောလိုက်ရတာပေါ့... ကျုပ်တို့က အတူနေတယ်ဆိုပေမဲ့ ကိုယ့်အခန်းနဲ့ကိုယ်ပါ... နံရံတွေ ကာမထားတာဘဲ ရှိတော့တာ... ဒါနဲ့ ခင်ဗျားပြောတဲ့ သုံးဘီးဆိုင်ကယ်ဆိုတာ ဘာလဲ..."
"မထူးဆန်းပါဘူး... ဒါနဲ့ နံပါတ်တစ် လေယာဉ်မယ်က မင်းကို ဘယ်လို သဘောကျသွားတာလဲ..."
ရှုချန်း မသိမသာ ပခုံးတွန့်ပြလိုက်၏။ ရှန်ယောင် သူ့ကို ဖွင့်ပြောခဲ့သည့်အကြောင်း ကြီးကြပ်ရေးမှူးကို မပြောခဲ့ချေ။ အချို့သောအရာများမှာ မပြောဘဲထားသည်က ပိုကောင်းပေသည်။
လေယာဉ်မှာ ရန်ကျင်း လေဆိပ်သို့ ဆိုက်ရောက်လာ၏။ ဤခရီးစဉ်မှာ ရှန်ယောင်အတွက် ခဏတာ ခက်ခဲခဲ့ပေသည်။ သူမခမျာ ရှုချန်းနှင့် ပတ်သက်သော အမှတ်တရများ အားလုံးကို မေ့ဖျောက်လို၍ ရှန်ချန်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်၏။ ရှုချန်းနှင့်လည်း အဆက်အသွယ် ဖြတ်ခဲ့လေသည်။ သို့သော် ယခုကဲ့သို့ အမှတ်မထင် တွေ့လိုက်ရသည့်အခါ သူမ ရင်ခုန်နေဆဲပင်။ သူမ ရှုချန်းကို လုံးဝ မေ့မရခဲ့။ မတွေ့ဆုံသည့်အခါ၌ မေ့နိုင်ပြီဟု ထင်သော်လည်း ပြန်ဆုံတွေ့သည့် အခါတော့...။
လေဆိပ်ထဲ၌ စောင့်နေသော ရှန်ယောင်က ခရီးသည်များ ထွက်လာသည်ကို မြင်လိုက်ရ၏။ ခရီးသည်များ အားလုံးနောက်မှ ထွက်လာသော ရှုချန်းကို တွေ့သောအခါ ...
"ရှုချန်း ခဏစောင့်ဦး..."
ရှုချန်းနှင့် ကြီးကြပ်ရေးမှူး အတူလျှောက်လာရာမှ ရှန်ယောင်၏ ခေါ်သံကြား၍ လှည့်ကြည့်လိုက်မိကြသည်။ အနားသို့ ရှန်ယောင် ရောက်လာကာ ...
"နင့်ဖုန်းနံပါတ် ပေးပါဦး..."
သူမ ချီတုံချတုံ မေးလိုက်၏။ ကြီးကြပ်ရေးမှူး မျက်လုံးပြူးသွား၏။
ရှုချန်း အားပါးတရ ပြုံးလိုက်ပြီး ...
"ရှန်ယောင်.. ငါတို့တကယ် အဆင်မပြေဘူးနော်..."
"နင် ဆက်မပြောနဲ့တော့..."
ရှန်ယောင်က ရှုချန်းကို စိုက်ကြည့်ပြီး လက်ကို လှမ်းကိုင်လိုက်၏။
"ငါ့ကို နင့်ဖုန်းနံပါတ်ပေး... ငါတို့ သူငယ်ချင်းဖြစ်လို့ မရတော့ဘူးလား... ဒါမှမဟုတ် ချူရွယ်ကို ငါနဲ့ သူငယ်ချင်း မဖြစ်စေချင်တာလား..."
သို့ဖြစ်၍ ရှုချန်းလည်း ဖုန်းနံပါတ် ပေးလိုက်၏။
ရှုချန်းပေးသော ဖုန်းနံပါတ်အတိုင်း ရှန်ယောင် ခေါ်လိုက်၏။
ထို့နောက် ...
"ဒါ ငါ့ဖုန်းနံပါတ် အသစ်လေ... နင် တစ်ခုခုလိုတာ ဒါမှမဟုတ် သတိရရင် ဖုန်းဆက်လို့ရတယ်နော်..."
ထို့နောက် ရှန်ယောင် တစ်ယောက် ထွက်ခွာသွားတော့၏။
ကျော့ကျော့မော့မော့ လှလှပပ လှည့်ထွက်သွားသော ရှန်ယောင်ကို ကြည့်ပြီး ရှုချန်းရှေ့သို့ ကြီးကြပ်ရေးမှူး ဒူးထောက်လိုက်၏။
"အစ်ကိုကြီး... ခင်ဗျား ဘာလုပ်နေတာလဲ..."
ရှုချန်း အနည်းငယ် ကြောင်သွား၏။
ကြီးကြပ်ရေးမှူးက ရှုချန်း ခြေထောက်များကို ပွေ့ဖက်ရင်း ...
"ညီလေး... ငါ မှားသွားပြီ... မင်းက အရမ်းတော်တာပဲ... မင်း သူမကို ဘယ်လိုမျိုး ကြွေအောင် လုပ်လိုက်တာလဲ... နတ်ဘုရားမတစ်ပါးလို လှတဲ့ ကောင်မလေးတွေ ကိုယ့်ကို လာကြိုက်အောင် ဘယ်လိုလုပ်ရလဲဆိုတာ ကျေးဇူးပြုပြီး သင်ပေးစမ်းပါကွာ... ကျေးဇူးပြုပြီး ငါ့ကို သင်ပေးပါ..."
ရှုချန်း စကားလုံးတို့ ပျောက်ရှသွား၏။
"အစ်ကိုကြီးကတော့ အတော်ဆိုးနေပြီ..."
"အစ်ကိုကြီး... ခင်ဗျား ထတော့... ဒါ အံ့ဩစရာလည်း မဟုတ်ပါဘူး..."
"အေး... အေး... မင်းက သောက်ရမ်း ရုပ်ဆိုးပြီး သောက်ရမ်း ပိန်းပေမဲ့ အဲဒီလို ကောင်မလေး လှလှပပတွေနဲ့ကျ အဆင်ပြေတယ်... ပြီးတော့ မင်းက သူ့ကိုတောင် ငြင်းလိုက်ပေမဲ့ သူက မင်းဖုန်းနံပါတ်ကို လိုချင်တုန်းပဲ... ဘာ... သူငယ်ချင်း ဆက်ဖြစ်ချင်တယ်ဆိုပဲ... အချိန်မရွေး ဖုန်းခေါ်ဖို့တောင် ပြောလိုက်သေးတယ်... ဒီ အဆင့်က ဘယ်လောက်တောင် ဖြစ်နေပြီလဲ... တောင်းပန်တယ်ကွာ... ငါ မင်းကို ဘယ်မိန်းကလေးမှ မကြိုက်တဲ့ ရုပ်ဆိုးကောင်လို့ အမြဲတမ်း ပြောခဲ့တာအတွက် တကယ်တောင်းပန်တယ်... မင်းက သိုသိုဝှက်ဝှက်နေတော့ ဒါတွေကို မသိဘူးလေ... မင်းကို ငါတို့က ဂေးတောင်ထင်နေတာ..."
ရှုချန်း ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ သူ့အား အမှန်တကယ် ချီးကျူးနေသည်လော။ သို့မဟုတ် အခွင့်ကြုံ၍ ဖဲ့နေသည်လော။
ရှုချန်း မျက်လုံးပြူးပြီး ...
"အစ်ကိုကြီး တော်လိုက်တော့..."
"မဟုတ်ဘူး... မင်းက ငါ့ရဲ့ ညီလေးပဲ... ဒါပေမဲ့ မိန်းကလေးတွေနဲ့ ပတ်သက်လာရင်တော့ အဲဒီနယ်ပယ်မှာ မင်းက ငါ့အတွက် အစ်ကိုတစ်ယောက်ပဲ... ငါ မင်းမရီးကို လိုက်တုန်းက နှစ်နှစ်တောင် ကြာခဲ့တယ်... တကယ် မလွယ်ဘူး... ဒါပေမဲ့ ဒီနေ့တော့ မင်းက ငါ့ကို သင်ခန်းစာတစ်ခုပေးသွားပြီ... မင်းက ငါတို့အားလုံးအတွက် ရုပ်ဆိုးပေမဲ့ စော်ချောချောလေး ရနိုင်တယ်ဆိုတဲ့ စံနမူနာကောင်း တစ်ယောက်ပဲ..."
ရှုချန်း...
" .... "
( မင်းမရီး = ကြီးကြပ်ရေးမှူးက ရှုချန်းကို ညီအစ်ကိုကဲ့သို့ သဘောထား၍ သူ့အမျိုးသမီးကို မင်းအစ်မ ဟု သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ )
အခန်း ၂၀၄ ပြီး