နတ်နဂါးစစ်သည်
အခန်း ၂၀၀
( ခေါင်းမာသူ )
မနက်စောစော...
စူးရှကျယ်လောင်စွာ ထွက်ပေါ်လာသော ဝီစီသံက စခန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။
အမျိုးသား နာမည်ကျော်သုံးဦး၏ အဆောင်သို့သွားကာ ရှုချန်း တံခါးခေါက်၏။
"ထတော့... ထတော့... ငါးမိနစ်အတွင်း လေ့ကျင့်ရေးကွင်းကို လာခဲ့..."
အိပ်မက် မက်ကောင်းဆဲဖြစ်သောသူ သုံးဦးမှာ မနည်းအားယူ၍ မျက်လုံးဖွင့်လိုက်ရ၏။ စိတ်အဆတ်ဆုံးဖြစ်သော ရန်ရှန်း က စိတ်မရှည်နိုင်စွာ ဆဲဆိုတော့၏။
"ဒီကောင် တဖြည်းဖြည်း စိတ်ပျက်ဖို့ကောင်းလာတယ်... ငါ အိပ်နေတာကို -ီးဖြစ်လို့ နှိုးတာလား..."
ကျန်နှစ်ဦးကလည်း အိပ်ချင်မူးတူး မျက်လုံးများဖြင့် နာရီကိုလှမ်းကြည့်လိုက်၏။
"သောက်ကျိုးနည်း လေးနာရီပဲ ရှိသေးပြီ..."
အိပ်မှုန်စုံမွှား နိုးလာကာ ညည်းညူနေသူတို့၏ အသံကို ကြား၍ ရှုချန်း တံခါးဆောင့်ဖွင့်ကာ ဝင်လာ၏။ ညည်းညူနေသော သုံးဦးသား ပါးစပ်ပိတ်သွားကြသည်။
ရှုချန်းက ...
"ထကြတော့..."
ရှုချန်း လှေကားမှ ဆင်းသွားသောအခါ ရန်ရှန်း က ကျိုးကျိုဟူ ကို ...
"တံခါးသော့ခတ်ဖို့ မင်းကို ငါ ပြောတယ် မဟုတ်ဘူးလား..."
ကျိုးကျိုဟူ ငိုချင်သွား၏။
"ငါ ခတ်ခဲ့ပါတယ်..."
ထိုအချိန်တွင် အပေါ်ထပ်မှ မိန်းကလေးသုံးဦးမှာ နိုးလာပြီး ယူနီဖောင်းများ လဲနေကြပြီဖြစ်၏။ ရှုချန်း၏ ခြေသံကို ကြား၍ တံခါးဖွင့်ဝင်လာမည် စိုးသောကြောင့် လင်ချူရွယ်က ...
"ငါတို့ အဝတ်လဲနေတယ်... အထဲဝင်မလာနဲ့..."
"ကောင်းပြီ... ငါးမိနစ်အတွင်း လေ့ကျင့်ရေးကွင်းကို လာခဲ့ကြ..."
အိပ်ချင်မူးတူး မျက်လုံးမပွင့်တပွင့်ဖြင့် လော့ကျိချီး က ငုတ်တုတ်ထိုင်ရင်း ဆောင့်ကြီးအောင့်ကြီးဖြင့် ...
"ငါ့ကောင်လေးက အိပ်မက်ထဲမှာ ငါ့ကို နမ်းခါနီးဟာ..."
ကျောက်ယာကျင်း ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ...
"ငါတော့ အဆင်မပြေဘူး... မနေ့က ငါရာသီလာနေပြီ..."
လော့ကျိချီး က လင်ချူရွယ်ကို ...
"အစ်မချူရွယ်... အစ်မက ရိုက်ကူးရေးအဖွဲ့သားတွေကို ပြောလို့ရတော့ ညီမတို့ ဒီအပိုင်းမှာ မပါဘူး ပြောပေးလို့ရမလား... ညီမ တကယ် အိပ်ချင်နေလို့ပါ..."
သူမကို လင်ချူရွယ် တစ်ချက်ကြည့်လိုက်၏။
"ဘာပြောနေတာလဲ... ဒီထက်ပိုပြီး နာမည်ကြီးချင်ရင် ကြိုးစားရမှာပေါ့..."
လော့ကျိချီး ဘာမှပြန်မပြောဘဲ အပျင်းတစ်နေ၏။
မကြာမီ လေ့ကျင့်ရေးကွင်းသို့ ရောက်လာသူများကို ရှုချန်းက လက်နောက်ပစ်ကာ ကြည့်နေ၏။
သူတို့ခြောက်ဦးကို တန်းစီစေပြီးမှ ရှုချန်း စ စကားပြောသည်။
"ဒီမနက် မိုးမလင်းခင် ခင်ဗျားတို့အားလုံး အပြီးလုပ်ရမဲ့ အရေးကြီး မစ်ရှင်တစ်ခုရှိမယ်..."
အားလုံး စိတ်ဝင်စားသွား၏။ ရှုချန်းက နံဘေးသို့ ညွှန်ပြလိုက်ရာ ထိုင်နေသော သားရည် တမြားမြားနှင့် စစ်ခွေးသုံးကောင်ကို တွေ့လိုက်ရ၏။
"ခင်ဗျားတို့ နှစ်ယောက်တစ်တွဲစီ အဲဒီစစ်ခွေးတစ်ကောင်နဲ့ သွားရမယ်... ဒီစစ်ဒေသရဲ့ အရေးအကြီးဆုံး ပစ္စည်းတွေ ခိုးယူခံထားရတယ်... အဲဒါကို ခင်ဗျားတို့ ရှာပေးရမယ်..."
လင်ချူရွယ်က စိတ်ဝင်တစားဖြင့် ...
"တဆိတ်လောက် နည်းပြ... ခိုးခံရတဲ့ ပစ္စည်းတွေက ဘာလဲ..."
ရှုချန်းက ဓာတ်ပုံတချို့ ထုတ်ပေးလိုက်၏။ သူခိုးများ၏ ကျန်ရစ်နေသော သဲလွန်စ ခြေရာ၊ လက်ရာတို့ကို မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
"ခိုးခံရတဲ့ ပစ္စည်းတွေက ဆုတံဆိပ်တွေပဲ... ဒါက အခင်းဖြစ်သွားတဲ့နေရာ... ဘယ်ပစ္စည်းတွေကို သူခိုးတွေ ယူသွားလဲဆိုတာတော့ ကျုပ် မပြောတော့ဘူး... အခု ခင်ဗျားတို့ အဖွဲ့သုံးဖွဲ့ ခွဲရမယ်... တစ်ဖွဲ့ကို စစ်ခွေးတစ်ကောင်စီ ရမယ်... ဒီစစ်ခွေးနဲ့အတူ သူခိုးတွေသွားတဲ့ လမ်းကြောင်းအတိုင်း လိုက်ပြီး ဆုတံဆိပ်တွေ ပြန်ရှာရမယ်... တစ်ချက်တော့ သတိထား... စစ်ခွေးက အနံ့မှားခံပြီး လမ်းကြောင်းလွဲသွားရင် ခင်ဗျားတို့လည်း ဆုတံဆိပ်မဟုတ်ဘဲ တခြားပစ္စည်း တစ်ခုဆီ ရောက်သွားလိမ့်မယ်... ကဲပါ... ဒါတွေအားလုံးက ခင်ဗျားတို့အပေါ် မူတည်တယ်... အရင်ဆုံး အခင်းဖြစ်ပွားတဲ့နေရာကို သွားစုံစမ်းကြ... သူခိုးတွေ ချန်ထားရစ်ခဲ့တဲ့ သဲလွန်စတွေကို စဉ်းစားဆုံးဖြတ်ပြီး သူတို့ရဲ့အနံ့ ဒါမှမဟုတ် ထွက်သွားမယ့် လမ်းကြောင်းတွေကို စဉ်းစားလိုက်ကြ... နားလည်ကြရဲ့လား"
ခြောက်ယောက်လုံး ခေါင်းညိတ်လိုက်၏။
ရှုချန်းက ...
"ကဲ ဒါဆို ခင်ဗျားတို့ အဖွဲ့တွေ ခွဲလို့ရပြီ..."
ရန်ရှန်း က ဦးစွာ ပြောလိုက်၏။
"တစ်ဖွဲ့ကို မိန်းကလေးတစ်ယောက် ယောက်ျားလေးတစ်ယောက်ဆိုရင်ကော ဘယ်လိုလဲ... ဒါမှ တစ်ယောက်ကို တစ်ယောက် အကူအညီပေးနိုင်မှာလေ..."
ရှုချန်း ခေါင်းညိတ်လိုက်၏။
"ဒါဆို ခင်ဗျားနဲ့ ကျောက်ယာကျင်း တစ်ဖွဲ့ သွားမယ်... ခင်ဗျားတို့က ကုမ္ပဏီတစ်ခုတည်း လက်အောက်က အနုပညာ ညီအစ်ကို မောင်နှမတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသား ဖြစ်မှာပါ... ပြီးတော့ ခင်ဗျားက ဒဏ်ရာတွေ ရနေတယ်... ကျောက်ယာကျင်း က လူတွေကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိတယ်..."
ကောဟို တစ်ယောက် အသံထွက် မရယ်မိစေရန် မနည်းအောင့်ထားရ၏။ ထိုအချိန်တွင် ရန်ရှန်း မှာ ရှုချန်းကို ပြေး၍ ရိုက်ချင်နေပေသည်။
"ကောဟို... ခင်ဗျားက လော့ကျိချီး နဲ့ တစ်ဖွဲ့သွား..."
သူ့အလှည့်ရောက်သောအခါတွင်တော့ ကောဟို မရယ်နိုင်တော့ပေ။ မကျေမနပ်ဖြင့် ...
"အဆင်ပြေပါ့မလား..."
"ပြေပါတယ်... လော့ကျိချီး က အသည်းငယ်တယ်... လွယ်လွယ်နဲ့ကြောက်တတ်တယ်... ခင်ဗျား သတ္တိ အရမ်းကောင်းတယ်ဆိုတာ ကျုပ်မြင်တယ်... ဒါ့ကြောင့် ခင်ဗျားတို့နှစ်ယောက် ပေါင်းလိုက်ရင် လုံးဝ အဆင်ပြေသွားပြီ..."
ကောဟို ဘာမှပြန်မပြောနိုင်ခင်မှာပင် ရှုချန်းက ...
"ကျိုးကျိုဟူ... ခင်ဗျားနဲ့ လင်ချူရွယ် တစ်ဖွဲ့ သွားရမယ်... ဂျူနီယာ တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့စီနီယာကို ဂရုစိုက်ပေးပါ..."
ကျိုးကျိုဟူ မှာ တက်သစ်စ ကြယ်ပွင့်တစ်ဦး ဖြစ်သည့်အတွက် အခြားသူများကဲ့သို့ လင်ချူရွယ်အား မရိုးမသားစိတ် ရှိဝံ့မည် မဟုတ်ကြောင်း ရှုချန်း သိ၏။ ထို့အပြင် အသက် ၁၉ နှစ်သာ ရှိသေးပြီး အလွန် ရိုးသား ဖြူစင်သောကြောင့် လင်ချူရွယ်နှင့် တစ်ဖွဲ့တည်းလုပ်ဆောင်ရန် ရှုချန်း စိတ်ချယုံကြည်ခဲ့၏။
ထက်မြက်သူ လင်ချူရွယ်က ရှုချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွား၏။ ထို့ကြောင့် သူမ ရယ်၍သာ နေလိုက်သည်။ ဘာမှ ပြန်မပြောချေ။ သူမ၏ စိတ်ထဲတွင်လည်း ရန်ရှန်း တို့ကဲ့သို့သော သူများနှင့် တစ်ဖွဲ့တည်း မကျလိုချေ။ သူမ စိတ်အနှောင့်အယှက် မဖြစ်ချင်။
ရန်ရှန်း နှင့် ကောဟို တို့က အဖွဲ့များပြန်၍ ဖွဲ့စည်းလိုကြ၏။ ဤတီဗွီရှိုးတွင် ပါဝင်ရန်မှာ လင်ချူရွယ်နှင့် ပိုမို ရင်းနှီးမှု ရနိုင်ရန် ဖြစ်ပေသည်။ သို့သော် ရိုက်ကူးရေး နှစ်ရက်ကြာခဲ့သည့်တိုင် သူမနှင့် စကားပြောခွင့်ရရန် လွန်စွာခဲယဉ်းနေ၏။ ယခုအချိန်တွင် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခု ရောက်လာသော်လည်း ရှုချန်း လက်ချက်ကြောင့် သူတို့၏ လေထဲမှ တိုက်အိမ်ငယ်လေး တစ်စစီ ပျက်စီးသွားလေရတော့သည်။ ယခုအချိန်တွင် သူတို့နှစ်ဦးစိတ်ထဲ၌ ရှုချန်းအား အမှန်တကယ် အရေခွံဆုတ်ကာ သတ်ချင်နေသော်လည်း စိတ်ကူးထဲ၌သာ သတ်၍ ရပေသည်။
ထို့နောက် ရှုချန်းက တစ်ဖွဲ့စီကို စစ်ခွေးတစ်ကောင်စီ ပေးလိုက်၏။ သူခိုးများ ကျန်ရစ်ခဲ့သော သဲလွန်စများ၊ အနံ့အသက်များကို စစ်ဆေးရန် အခင်းဖြစ်ပွားရာနေရာသို့ ကြည့်ရှုခွင့်လည်း ပေးလိုက်သည်။
စစ်ခွေးများက ပစ္စည်းအချို့ကို အနံ့ခံပြီးနောက် ပြေးထွက်သွားတော့၏။
လက်တစ်ဖက် ဒဏ်ရာရနေသော ရန်ရှန်း မှာ ရုတ်တရက်ကြီး စစ်ခွေးက ထွက်ပြေးသွားသည့်အတွက် လဲလုမတတ် ဖြစ်သွားသည်။
စစ်ခွေးများမှာ အတော်လေး သန်မာ အားကောင်း၏။ လင်ချူရွယ်၏ အဖွဲ့တွင် ကျိုးကျိုဟူ က စစ်ခွေးလည်ပတ်ကြိုးကို ကိုင်ထား၏။ လင်ချူရွယ်မှာ စစ်ခွေး သွားရာနောက်သို့ အမြန်ပြေးမလိုက်နိုင်ဘဲ နောက်တွင် ပြတ် ပြတ် ကျန်နေခဲ့၏။ သို့သော် သူမ အဖွဲ့ကို မရှုံးနိမ့်စေလိုသည့်အတွက် အံကိုကြိတ်ကာ အားတင်းထားရသည်။ ဇွဲမလျှော့တတ်သော လင်ချူရွယ်ပင်။ သို့သော် ချိုင့်ဝှမ်းများ ပြည့်နေသည့် နေရာအရောက်တွင် လင်ချူရွယ် ခလုတ်တိုက် လဲသွား၏။
"အစ်မချူရွယ်..."
ကျိုးကျိုဟူ က စစ်ခွေးကိုဆွဲထားပြီး ပြန်လှည့်ကာ ...
"အဆင်ပြေရဲ့လား..." ဟု မေးလိုက်၏။
နဖူးပြင်မှ ချွေးများကို လင်ချူရွယ် သုတ်ကာ ခေါင်းရမ်းလိုက်၏။
"အဆင်ပြေပါတယ်... ငါ့ကို စိတ်မပူနဲ့..."
ထိုအချိန်တွင် သူတို့အနီးသို့ ရှုချန်း ရောက်လာကာ နံဘေးသို့ ထိုင်ချလိုက်၏။ နဖူးပြင်မှ ချွေးစေးများကို မြင်သောအခါ ...
"အစာအိမ်ပြန်ဖြစ်နေတာလား..."
လင်ချူရွယ် ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။ ဤရက်များအတွင်း စစ်တပ်အတွင်းရှိ အစားအသောက်များ တစ်ကိုယ်ရည် သန့်ရှင်းမှုတို့ကြောင့် သူမ၏ အစာအိမ်ပြဿနာ ပြန်ဖြစ်လာစေသည်မှာ မလွဲမသွေပင်။ အမှန်တော့ မိန်းကလေးအတော်များများမှာ ခန္ဓာကိုယ် အချိုးအစား ထိန်းသိမ်းသည့်အနေဖြင့် အစားအသောက် ချင့်ချိန်စားသောကြောင့် အစာအိမ်ပြဿနာ ရှိတတ်ကြပေသည်။ ထို့အပြင် လင်ချူရွယ်မှာ ငယ်စဉ်ကတည်းက မင်းသမီးတစ်ပါးကဲ့သို့ ဆက်ဆံခံရသူ ဖြစ်သည့်အတွက် ဆူညံပွက်လောရိုက်နေသော ခန်းမအတွင်း၌ အစားအသောက်ကို မြန်မြန်ဆန်ဆန် စားသုံးရန်မှာ အနည်းငယ် ခက်ခဲကာ ကျင့်သားမရသေးချေ။
ထို့ကြောင့် ရှုချန်းက သူမလက်ကို ဆုပ်ကိုင်ကာ ...
"လာ... ဆေးရုံ လိုက်ပို့ပေးမယ်..."
"မဟုတ်ဘူး... ကျွန်မ လုပ်နိုင်တယ်..."
လင်ချူရွယ် အံကြိတ်ကာ ပြော၏။
"ခန္ဓာကိုယ်ထိခိုက်တဲ့အထိ မလုပ်ပါနဲ့..."
"လွန်ခဲ့တဲ့နှစ်တွေအတွင်း ရှင် ခက်ခဲနေတဲ့အချိန်မှာ ရှင့်ကို ကူညီပေးဖူးတဲ့သူ ရှိလား..."
လင်ချူရွယ်က ရှုချန်းကို မျက်လုံးချင်းဆုံကြည့်ကာ ပြောလိုက်၏။
ရှုချန်း ခေတ္တတုံ့ဆိုင်းပြီးမှ ခေါင်းခါရမ်းလိုက်သည်။
"ဒါပေမဲ့ ကိုယ်က ယောက်ျားလေး... မင်းက မိန်းကလေးဆိုတော့ မတူဘူးလေ... ကိုယ့်စကားကို နားထောင်ပါ... မင်း အခက်အခဲတွေ တွေ့နေရမယ်ဆို ပင်ပန်းဆင်းရဲခက်ခဲမှုတွေကို ကိုယ် သည်းခံကျော်ဖြတ်ခဲ့တဲ့ နှစ်တွေအားလုံးက အဓိပ္ပါယ်မရှိ ဖြစ်သွားလိမ့်မယ်... အရင်တုန်းက ကိုယ် မင်းကို ကတိပေးခဲ့နိုင်ပေမဲ့ အခုချိန်ကစပြီး ငါ ရှုချန်းရဲ့ မိန်းမ ဘယ်တော့မှ မနာကျင်စေရဘူး..."
"တကယ်လည်း မနာကျင်ပါဘူး... ငါ လုံးဝ မနာဘူး... ဒါပေမဲ့ ငါ စိတ်မကောင်းဘူး... အရင်နှစ်တွေအတွင်း နင်ကြုံတွေ့ခဲ့ရတဲ့အရာတွေက ငါ အခုနာကျင်နေတာရဲ့ ၁၀ ဆ... ဒါမှမဟုတ် အဆ ၁၀၀ လောက် နာကျင်နေမယ်ဆိုတာ ငါ သိပါတယ်... နင် ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေမှာ တစ်ယောက်တည်း မထားချင်သလို အောင်မြင်တဲ့အချိန်ကျရင်လည်း နင့်အနားမှာပဲ ရှိနေချင်တယ်..."
ထို့နောက် လင်ချူရွယ် ဖြည်းညင်းစွာ ထလိုက်ပြီး ကျိုးကျိုဟူ ဆီသို့ ထွက်သွား၏။ ထွက်သွားသော သူမ၏ နောက်ကျောပြင်ကို ကြည့်ရင်း ဤအမျိုးသမီး၏ ခေါင်းမာတတ်ပုံကို ရှုချန်း ခံစားမိသွားသည်။
အခန်း ၂၀၀ ပြီး
နတ်နဂါးစစ်သည်
အခန်း ၂၀၁
( အတားအဆီးများ )
လင်ချူရွယ်နောက်မှ လိုက်သွားရင်း ရှုချန်း ငေးကြည့်မိ၏။ ဟုတ်တိုင်းမှန်ရာ ဝန်ခံရပါက ထိုမိန်းကလေးမှာ အတော်လေး ချစ်ဖွယ်ကောင်းပေသည်။ အခြား မိန်းကလေးများထက် လှပသော လင်ချူရွယ်က သူ့အတွက် အရာအားလုံး ပြုလုပ်ပေးနေသည်ကို မြင်၍ ရှုချန်း အနည်းငယ် အံ့အားသင့်မိသေးသည်။
သူ သာမန် မိန်းကလေး တစ်ဦး ဖြစ်သွားလျှင်လည်း သဘောကျဦးမည်လား ဟု ဖုန်းဆက်မေးသည်ကို ရှုချန်း အမှတ်ရမိသည်။
ထိုစကားမှာ အကြောင်းမဲ့ သက်သက် မေးခဲ့ခြင်း မဟုတ်ပေ။ ရှုချန်းအတွက် ပိုမို လွယ်ကူစေရန် သူမကိုယ်သူမ သာမန် မိန်းကလေး တစ်ဦးအဖြစ် အတတ်နိုင်ဆုံး နေ နေလေပြီ။ ခက်ခဲကြမ်းတမ်းသော်လည်း သူမ လျှောက်လှမ်းခဲ့သည့် ခြေလှမ်းတိုင်းကို သူမ နှစ်သက်နေမိ၏။
ရှုချန်း နှလုံးသားထဲတွင် နွေးထွေးမှုတို့ ခံစားမိလေသည်။
မာနကြီးသော မိန်းကလေး လင်ချူရွယ်က သူ့အတွက်နှင့် ဤကဲ့သို့ ပြောင်းလဲသွားမည်ဟု ရှုချန်း တစ်ခါလေးပင် မတွေးခဲ့ဖူးပေ။ တစ်ချိန်တည်းမှာပင် ထိုမိန်းကလေးအား ကာကွယ် စောင့်ရှောက်သွားမည်ဟု သူ တိတ်တဆိတ် ကတိပြုမိ၏။
အဖေဖြစ်သူကဲ့သို့ ချစ်ရသော အမျိူးသမီးကို ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်ခဲ့သူ မဖြစ်ချင်...။ မည်မျှပင် နာကျင်ခက်ခဲစေကာမူ သူမကို ကာကွယ်ပေး၍ မိမိနံဘေးတွင် နေစေပေမည်။
ခန္ဓာကိုယ်ထဲမှ မအီမသာ ဖြစ်နေ၍ လင်ချူရွယ် နဖူးတပြင်လုံး ချွေးစေးများ ရွဲနေသည်။ သို့သော် ခွေးကိုင်ထားသော ကျိုးကျိုဟူနှင့်အတူ ပြေးလွှားရင်း ပစ္စည်း ဆက်၍ ရှာဖွေနေသည်။
အခြား အဖွဲ့များလည်း အဆင်ပြေမနေပါ။ စစ်စခန်း တစ်ခုလုံးမှာ ကြီးမား ကျယ်ဝန်းလွန်းသည်။ ထို့ကြောင့် ခွေးများက အနံ့ခံရင်း မရပ်မနား ပြေးလွှားနေ၏။ ထို့ကြောင့် နောက်မှ လိုက်ပါလာသူများ မောဟိုက်လာတော့သည်။ မှောင်မဲနေ၍ ချိုင့်ခွက်များ၊ ခလုတ်ကန်သင်းများကိုလည်း သတိထားနေရသည်။
ထိုမျှ ခက်ခဲသော လေ့ကျင့်ရေးကို ဒါရိုက်တာ ထည့်သွင်း ရိုက်ကူးမည်ဟု သူတို့ မသိခဲ့ကြပေ။ ငါး ကီလိုမီတာ ပြေးပြီးသည့်တိုင် ခွေးများမှာ အရှိန်လျော့မည့် အရိပ်အယောင် မပြသေး။ ဤကဲ့သို့ အခိုးခံရသော ပစ္စည်းများကို လိုက်လံရှာဖွေသည့် လေ့ကျင့်ခန်းမှာ ညှင်းပန်းနှိပ်စက်မှု တစ်ခုလိုပင်။
လက်တစ်ဖက်ကျိုးနေသော ရန်ရှန်းက ပြေးရင်း လွှားရင်း မအောင့်နိုင်တော့၍ စောဒက တက်တော့သည်။
" သောက်ဂွပဲ... နှိပ်စက်ခံဖို့ ဒီနေရာကို ရောက်လာရတာလား... ဘာလို့ အခု မစ်ရှင်ကြီး လုပ်နေရတာလဲ... ခင်ဗျားတို့ ရိုက်ကူးရေးအဖွဲ့က စီစဉ်ထားတာလား... "
လိုက်ပါရိုက်ကူးနေသော ကင်မရာသမားက ခေါင်းခါပြီး...
" ဒါက နည်းပြရှု စီစဉ်တာပါ... " ဟု သူတို့နှင့် မဆိုင်ကြောင်း ပြော၏။
ရန်ရှန်းပေါက်ကွဲလေပြီ...။
" သောက်ကျိုးနည်း... နည်းပြရှု လက်ချက်ကိုး... "
ကင်မရာသမားက...
" သူ ဝက်လက်စားလို့ တစ်ညလုံး ဝမ်းလျှောပြီး အိပ်မရတာနဲ့ မနက်စောစော လေ့ကျင့်ခန်း လုပ်ဖို့ ဆုံးဖြတ်လိုက်တာတဲ့... "
ထိုစကားကြောင့် ကောဟို သေချင်စိတ် ပေါက်သွားသည်။ ဘုရားရေ...။ ဒီကောင်က သူ အိပ်မပျော်တာနဲ့ပဲ တခြားသူတွေကိုပါ အိပ်မခိုင်းတာလား...။
ခွေးများ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာရင်း သုံးဖွဲ့စလုံး လေ့ကျင့်ရေးကွင်းသို့ ရောက်လာကြ၏။
" ကျုပ်တို့ ဒီနေရာကို ဖြတ်သွားရမှာလား... "
အဖွဲ့များနောက်မှ လိုက်ပါလာသော ရှုချန်းက...
" ဟုတ်တယ်... ခင်ဗျားတို့ ခွေးတွေက သူခိုးကို ခြေရာခံမိသွားပုံပဲ... ဒါပေမဲ့ တစ်ဖွဲ့ပဲ နိုင်လိမ့်မယ်... ခင်ဗျားတို့ သုံးဖွဲ့လုံး ဒီလေ့ကျင့်ရေးကွင်းကို ဖြတ်သွားရမယ်... "
သူတို့ရှေ့တွင် မြစ်တစ်စင်း ရှိနေသည်ကို မြင်ရ၍ ခြောက်ဦးသား အံ့ဩသွားကြ၏။ မြစ်ကမ်းပါးနှစ်ဖက်ကို ဆက်သွယ်ပေးထားသော သစ်လုံးအချို့တော့ ရှိနေသည်။ ထိုသစ်လုံးများကို ဟန်ချက်ညီညီ ဖြတ်သန်းပြီးနောက် နှစ်မီတာ မြင့်သော အတားအဆီး ငါးခုကို ကျော်ဖြတ်၍ နောက်ဆုံးတွင် တွားသွား ဖြတ်ကျော်ရန် ကြိုးများကို ခပ်နိမ့်နိမ့် တားထားသော ကွင်းပြင် တစ်ခု ရှိနေသည်။
" သောက်ကျိုးနည်း... ဒါ အရမ်းခက်တယ်... "
လော့ကျိချီး စိတ်ပျက်လက်ပျက် ညည်းလိုက်သည်။
လင်ချူရွယ်လည်း ခက်ခဲမည်ဟု ခံစားမိသော်လည်း သူမ မမှုချေ။ ပျော်ရွှင်ဖွယ်ပင် ကောင်းဦးမည်ဟု တွေးလိုက်၏။
အတားအဆီးများကို ကြည့်ပြီး ကောဟိုက ဂရုမစိုက်ဟန်ဖြင့်...
" ဒါ လွယ်လွန်းပါတယ်... "
ရှုချန်းက...
" ဒါက ယောက်ျားလေးတွေ အတွက်တော့ အတော် လွယ်ကူသင့်ပါတယ်... ဒါကြောင့် တစ်ဖွဲ့စီမှာ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက် ထားပေးတာပေါ့... အဖွဲ့ဝင်နှစ်ယောက်လုံး ဒီအတားအဆီးတွေကို တူတူ ကျော်ဖြတ်ရမယ်... "
ကောဟိုမျက်နှာပျက်သွား၏။ ဟန်ဆောင်ပန်ဆောင်ပင် မပြုံးနိုင်တော့။ လော့ကျိချီးနှင့် တစ်ဖွဲ့တည်း ထားပေးခြင်းမှာ သူ့ကို ထောင်ချောက်ထဲ ထည့်ခြင်းဖြစ်ကြောင်း ခံစားမိလိုက်သည်။
ထို့နောက် ရှုချန်းက ရန်ရှန်းကို ကြည့်ပြီး...
" ရန်ရှင်းက လက်ထိထားတော့ ဒီဟာကို ကျော်ဖြတ်ဖို့ မလိုဘူး... ကျောက်ယာကျင်း တစ်ယောက်တည်း ကျော်ဖြတ်ပြီး ခိုးခံရတဲ့ ပစ္စည်း ရှာရမယ်... "
မြှောက်ပင့်မလိုနှင့် ဖြတ်ရိုက်လိုက်ခြင်းပင်။ အစကတော့ ရန်ရှန်း စိတ်ထဲတွင် ရှုချန်းမှာ လူသားဆန်သော နှလုံးသား ရှိသေးကြောင်း ပထမဆုံး တွေးထင်မိသော်လည်း စကားအဆုံးသတ်ကို ကြားလိုက်ချင်တွင်တော့ ဆဲချင်စိတ်ပေါက်သွားသည်။
ရှုချန်း ဆိုလိုရင်းမှာ " မင်းက ယောက်ျားလေး ဆိုပေမဲ့ ဒါကို လုပ်စရာမလိုဘူး... မိန်းကလေးဖြစ်တဲ့ ကျောက်ယာကျင်းကို မင်းအစား လုပ်ခွင့်ပေးလိုက်... " ဆိုသည့် ပုံစံမျိုးပင်။
ကြည့်ရှုသူ ပရိတ်သတ်များ အမြင်တွင် ရန်ရှင်းမှာ ယောက်ျား မပီသ၍ မိန်းကလေး တစ်ဦးကို သူ့အစား အတားအဆီးများ ဖြတ်ကျော်ခိုင်းသည်ဟု ထင်မြင်ပေတော့မည်။
ဒီတီဗွီရှိုးမှာ သောက် နည်းပြရှု ဆိုတဲ့ ကောင် ရှိနေတာ တကယ့် အကုသိုလ်ပဲ...။
" ရပါတယ်... ကျုပ်လည်း လုပ်နိုင်ပါတယ်... ယာကျင်း... ကျုပ်တို့ တူတူ လုပ်ကြတာပေါ့... "
ကျောက်ယာကျင်းက...
" ဟုတ်ကဲ့ စီနီယာ... ဒါနဲ့ ကျွန်မ ရေထဲကျသွားရင် ဆင်းကယ်ဖို့ မမေ့နဲ့နော်... "
ရန်ရှန်း ခေတ္တ တွ့န်သွား၏။
" ရေမကူးတတ်ဘူးလား... "
" ဟုတ်တယ်... "
ရန်ရှန်း ဆွံ့အသွား၏။ သောက်ကျိုးနည်းပြန်ပြီဟေ့...။
ရှုချန်းက လင်ချူရွယ်ကို ကြည့်၍...
" ၁၅ မိနစ်နေရင် သူခိုး ထွက်ပြေးတော့မယ်... ဒါကြောင့် ဒီ အဆင့် ကို ကျော်ဖြတ်ဖို့ ၁၅ မိနစ်ပဲ အချိန်ရမယ်... အခုစတော့... "
ကျိုးကျိုဟိုက လင်ချူရွယ်ကို ကြည့်ပြီး...
" အစ်မ ချူရွယ်... အဆင်ပြေတယ်မလား... "
နှစ်ဦးသား သစ်လုံးဆီသို့ ရောက်လာပြီး လင်ချူရွယ်က ပြုံး၍...
" စိတ်မပူပါနဲ့... ငါ အရင်က ဘဲလေး ကဖူးတော့ ဟန်ချက်ညီအောင် ထိန်းတတ်ပါတယ်... "
ထို့နောက် သစ်လုံးပေါ် တက်သွားပြီး ဟန်ချက် ထိန်းရန် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်ပြီး ရှေ့သို့ လျှောက်သွားတော့သည်။
အခြားသူများကလည်း လင်ချူရွယ် ပုံစံအတိုင်း ဟန်ချက်ထိန်းကာ သစ်လုံးကို ကျော်ဖြတ်နေကြသည်။ ကျော်ဖြတ်နေသူများအထဲ အဆိုးဆုံးမှာ ရန်ရှန်း ပင်။ လက်တစ်ဖက် ကျိုးထား၍ ဆန့်ထုတ် မရပေ။
တစ်လှမ်း၊ နှစ်လှမ်း လှမ်းပြီးသည်နှင့် ခန္ဓာကိုယ်မှာ ယိမ်းထိုးလာ၏။ သစ်လုံးမှာ ခြေတစ်ဖဝါးစာသာ ကျယ်၍ ဟန်ချက်မှာ လွန်စွာ အရေးကြီးပေသည်။ ဟန်ချက် အနည်းငယ် ပျက်ရုံမျှဖြင့် ရေထဲ ပြုတ်ကျသွားနိုင်၏။ ရေ သိပ်နက်ပုံ မရသော်လည်း ညအချိန်ဖြစ်၍ အေးစက်နေမှာတော့ အသေအချာ။
တစ်ခုခု ဖြစ်ပါက ထိန်းပေးနိုင်ရန်အတွက် ကောဟိုက လော့ကျိချီးကို ရှေ့က သွားခိုင်းသည်။ သို့သော် သူမလည်း တစ်လှမ်း နှစ်လှမ်း လျှောက်ပြီးချိန်၌ ရုတ်တရပ် ရပ်တန့်သွား၍ ကောဟိုက ပြူးပြူးပြာပြာ မေးလိုက်သည်။
" ဆက်သွားလေ... ဘာဖြစ်သွားတာလဲ... "
လော့ကျိချီး ထိုင်ငိုချင်စိတ် ပေါက်လာသည်။
" အစ်ကို ဟို... ကျွန်မ... ကြွက်တက်နေလို့... "
ကောဟို စိတ်လေသွားတော့သည်။
ထို့နောက် ဘေးဖက်သို့ ကြည့်လိုက်ရာ ဘယ်ညာယိမ်းထိုးနေသည့် ရန်ရှန်းကို တွေ့ရပြန်သည်။ ကျောက်ယာကျင်းသာ မထိန်းပေးပါက ရန်ရှန်းတစ်ယောက် ရေထဲ ကျနေလောက်လေပြီ။
ထိုအချိန်တွင် ကျောက်ယာကျင်းမှာတော့ နောင်တတို့ တပွေ့တပိုက် ရနေလေ၏။
ဒါတွေသာ ကြိုသိရင် ငါတစ်ယောက်ထဲပဲ ဒီအတားအဆီးတွေကို ဖြတ်ပါတယ်...။ ဒဏ်ရာ ရနေရင်လည်း အေးဆေး ဆေးရုံတက်နေပါလား ဘာကိစ္စ တခြားသူအတွက် အရှုပ်ထုတ် လုပ်နေတာလဲ...။ ဒဏ်ရာကို ယောက်ျားပီပီ တောင့်ခံနိုင်ပုံ ပြနေလည်း တကယ်ကျ ဘာမှ မလုပ်နိုင်ပဲနဲ့...။
ထိုစဉ် လင်ချူရွယ်မှာ သစ်လုံးကို အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်လေပြီ။ ထို့အတူ ကျိုးကျိုဟူလည်း အောင်မြင်ခဲ့၏။ သူတို့ အဖွဲ့မှာ သစ်လုံးတံတားကို ပထမဆုံး ဖြတ်ကျော် အောင်မြင်ခဲ့သူများပင်။
အခန်း ၂၀၁ ပြီး