နတ်နဂါးစစ်သည်
အခန်း ၁၉၆
( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
ရှုချန်းကို ကြည့်ကာ လင်ချူရွယ် အနည်းငယ် ထိတ်လန့်သွား၏။ ရှုချန်း ပြောင်းလဲသွားကြောင်းကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိ၏။ မည်သည့်အချိန်ကမှန်း မသိသော်လည်း ရှုချန်းမှာ လုံးဝ ပြောင်းလဲသွားလေပြီ။
သခင်ကြီးရန်ကို တိုက်ခိုက်ခဲ့သည့်အချိန်က ပြောင်းလဲခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သလို မြောက်ပိုင်း တံခါးဝဂိုဏ်းမှ လူမိုက်အယောက် ၅၀ ကို တစ်ဦးတည်း တိုက်ခိုက်ခဲ့ချိန်၌ ရှုချန်း ပိုမို သန်မာလာကြောင်း သူမ ခံစားမိ၏။ ရှုချန်း မည်ကဲ့သို့ သန်မာလာကြောင်း သူမ အတိအကျ မသိသေးချေ။ ခွန်အားသာမက အခြားသော အရာများ၌ပါ ရှုချန်း အပြောင်းအလဲ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူမ အမှန်တကယ် အံ့အားသင့်မိ၏။
ရှန်ချန်းတွင် ရှုချန်း လုပ်ဆောင်ခဲ့သမျှမှာ သူ တစ်ခါမှ မသိသော သူတစ်ယောက်ကဲ့သို့ လင်ချူရွယ် ခံစားနေမိ၏။ ရှုချန်း၏ ပြောင်းလဲမှုများကို မမြင်လိုက်ရဘဲ လွတ်သွားသလို ခံစားမိ၍ သူမ နောင်တလည်း ရမိသည်။ ငယ်ချစ်ဦး ရှုချန်းနှင့် အတူ မရှိခဲ့ရသည့် ဆုံးရှုံးခဲ့သော အချိန်များကို ပြန်လည်ရယူရန် ကြိုးစားသင့်သည်ဟု ခံစားမိ၍ ဤစစ်ဒေသသို့ ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ယခုဆိုလျှင် ရှုချန်းကို သူမ ပိုမို သိကျွမ်း မြင်တွေ့ခွင့် ရလေလေ မည်မျှ ထူးချွန်လာသည်ကို တွေ့ရလေလေဖြစ်ကာ ပိုမိုပျော်ရွှင်မိလာလေသည်။ ထို့အတူ သူမ လွန်စွာလည်း ဂုဏ်ယူနေမိ၏။
ထိုအထဲတွင်မှ သူမ စိတ်အကြည်နူးရဆုံးနှင့် ကျေးဇူးအတင်ရဆုံး အချက်မှာ အရာအားလုံး ပြောင်းလဲသွားသော ရှုချန်းမှာ သူမအပေါ် မပြောင်းလဲသော ခံစားချက်တို့ ရှိနေခြင်းပင်။ သူမ ရှိသည်ဖြစ်စေ၊ ဝေးကွာနေသည်ဖြစ်စေ သူမကို ရှုချန်း အစဉ်အမြဲ မျှော်လင့်စောင့်စားနေခဲ့၏။
မိမိ နှစ်သက် သဘောကျသူတစ်ဦး အောင်မြင်သည်ကို မပျော်ရွှင်သောသူ အဘယ်မှာ ရှိမည်နည်း။ အထူးသဖြင့် အမျိုးသမီးများအနေဖြင့် သူတို့၏ ချစ်သူများကို ထိုကဲ့သို့ အောင်မြင်နိုင်ရန် မျှော်လင့်ကြပေသည်။ ကြီးကြပ်ရေးမှူး၏ ချီးကျူးစကားများကြောင့် ရှုချန်းအတွက် လင်ချူရွယ် အမှန်တကယ် ဂုဏ်ယူမိ၏။ သူတို့နှစ်ဦး ဆက်ဆံရေးကို လူသိရှင်ကြား ထုတ်ဖော်မထားသော်လည်း ရှုချန်းအတွက် လွန်စွာဂုဏ်ယူ ပျော်ရွှင်နေမိသည်။
ထိုအခိုက်တွင် လင်ချူရွယ်မှာ ရှုချန်းကို ရုတ်တရက် ကြည့်မိ၏။ သူမနှင့်အတူ ဗြိတိန်ရှိအိမ်သို့ ပြန်မည်ဆိုသည့် မျှော်လင့်ချက်မှာ အမှန်တကယ် ဖြစ်လာပေလိမ့်မည်။
ထိတ်လန့်သွားသော ကောဟို ကို ရှုချန်း လျစ်လျူရှုလိုက်ကာ ကျိုးကျိဟို ထံသို့ သေနတ်တစ်လက် ပစ်ပေးလိုက်ပြီး ...
"လာ... အသင့်အနေအထား ချိန်ဖို့ ကျုပ် သင်ပေးမယ်..."
ရန်ရှန်း နှင့် အခြားသူများ သေနတ်ပစ်သည့်ဆီသို့ အာရုံ ပြန်ရောက်သွားကြသည်။ ရှုချန်း၏ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်ကို ကင်မရာမှ အမိအရ မှတ်တမ်းတင်သည်ကို မြင်လိုက်ရ၍ ရှုချန်း အောင်မြင်တောက်ပခွင့် ရပေတော့မည်။ ထို့ကြောင့် ရန်ရှန်း မကျေမနပ် ဖြစ်နေ၏။ ထို့ကြောင့် မနာလိုစွာဖြင့် ...
"နည်းပြရှုက နည်းနည်းနှေးနေသေးတယ်... ကမ္ဘာ့စံချိန်က 0.35 စက္ကန့်ဆိုတာ ကျုပ် မှတ်မိတယ်... အခု နည်းပြရှုက တစ်စက္ကန့်လောက် ကြာမယ်ထင်တယ်နော်..."
ရှုချန်း ပြုံးရုံသာ ပြုံးလိုက်၏။ ရန်ရှန်း နှင့် ငြင်းခုံမနေလိုပေ။ တီဗွီရှိုး အမှန်တကယ် ထုတ်လွှင့်ပြသသည့်အခါ ရှုချန်း၏ အမြန်နှုန်းကို လေ့လာသုံးသပ်သူများ ရှိလာပေလိမ့်မည်။
ရှုချန်းက သူတို့အားလုံးကို သေနတ်ပစ်ကွင်းအတွင်း ဝင်လာရန် လက်ပြလိုက်၏။
"အားလုံး အထဲကိုလာပြီး အသင့်ပြင်ကြ... မိန်းကလေးတွေက ပစ္စတို သုံးလို့ရတယ်... ယောက်ျားလေးတွေက ရိုင်ဖယ်သုံးမယ်... ကျုပ်တို့ ဂိမ်းတစ်ခုကစားကြမယ်... ရှုံးတဲ့သူက တခြားသူတွေ ခိုင်းတဲ့ဟာကို လုပ်ရမယ်..."
မိန်းကလေးများမှာ ရိုင်ဖယ်သေနတ်များကို မကိုင်နိုင်ကြချေ။ ထို့အပြင် ကိုင်နိုင်သည့်တိုင် ဟန်ချက်ထိန်းရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ရှုချန်းက ပစ္စတိုများ အသုံးပြုခွင့်ပေးခြင်း ဖြစ်သည်။ သို့သော် ယောက်ျားလေးများမှာမူ ရိုင်ဖယ်များကို အသုံးပြုရပေသည်။
ထိုစဉ် ရန်ရှန်း က ပစ္စတိုတစ်လက် ကောက်ကိုင်လိုက်၏။ သူ၏ လက်တစ်ဖက်သာ အကောင်းပကတိ ရှိတော့သော်လည်း ပတ်တီးစည်းထားသည့်လက်ဖြင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းထားနိုင်ဆဲ ဖြစ်၏။ အစက ဒါရိုက်တာက သူ့ကို မပါဝင်စေချင်သော်လည်း ရန်ရှန်း မှာ ရိုက်ကူးရေး၌ ပါဝင်နေချင်ခဲ့၏။
"ရှေ့က ပစ်ကွင်းတွေကို မြင်လား... အဲဒါတွေ အားလုံးက ကျည်ဆန်ထိမှန်တာနဲ့ မှတ်တမ်းတင်ပေးမဲ့ အီလက်ထရောနစ် ဘုတ်ပြားတွေပဲ... ဘုတ်ပြားပေါ်မှာ စက်ဝိုင်း ၁၀ ခု ရှိတယ်... အပြင်ဘက်ဆုံး စက်ဝိုင်းကိုထိရင် တစ် မှတ်ရမယ်... အတွင်းဘက်ဆုံးက စက်ဝိုင်းကိုထိရင်တော့ ၁၀ မှတ်ရမယ်... အခု တစ်ယောက်ကို ၁၀ ချက်စီ ပစ်ခွင့်ရှိတယ်... ဘယ်သူ အမှတ်အများဆုံးရမလဲ ကြည့်ရအောင်... "
"အခု ပစ္စတိုသုံးနည်း သင်ပေးမယ်... ပထမဆုံး သုံးတဲ့သူတွေ အနေနဲ့ သေနတ်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ပစ်မှတ်ကို ချိန်ထား... ခန္ဓာကိုယ်ကို မတ်မတ်ထားရမယ်... လက်နှစ်ဖက်နဲ့ ထိန်းထားတဲ့အတွက် ပိုတိကျပြီး ကျောရိုး ဟန်ချက် ပိုပြီးမှန်တယ်... ပြီးတော့ လက်ကောက်ဝတ် အားနည်းတဲ့သူတွေအတွက်လည်း ဒီပုံစံက သင့်လျော်တယ်..."
လင်ချူရွယ်က ...
"ဒါပေမဲ့ ရုပ်ရှင်ထဲမှာတော့ တစ်ဖက်တည်းနဲ့ ပစ်လေ့ရှိတယ် မဟုတ်လား..." ဟု စပ်စုလိုက်၏။
ရှုချန်း ပြုံးကာ ပြန်ပြောသည်။
"ဟုတ်တယ်... လက်တွေ့တိုက်ပွဲတွေမှာတော့ အဲဒီလိုသုံးတယ်... ဒါပေမဲ့ သုံးရလည်း ခက်တယ်... သုံးတဲ့သူက လက်ကောက်ဝတ် အားကောင်းဖို့ လိုသလို လက်မောင်းကြံ့ခိုင်ဖို့လည်း လိုတယ်... ပြီးတော့ ပစ်ချက်ကောင်းတွေ ရဖို့ အကြိမ်ရေ တော်တော်များများလည်း လေ့ကျင့်ထားဖို့ လိုတယ်... အထူးသဖြင့် သေချာ လေ့ကျင့်ထားတဲ့ ထူးချွန်စစ်သားတွေ ဒါမှမဟုတ် အထူးတပ်ဖွဲ့တွေပဲ ဒီပုံစံအတိုင်း ကျွမ်းကျွမ်းကျင်ကျင် ပစ်နိုင်တာ..."
"အိုး... တကယ်လား"
ရန်ရှန်း က အခွင့်အရေးတစ်ခု ရသွားသကဲ့သို့ ဝင်ပြောလိုက်၏။
"တစ်ကိုယ်တော်သူရဲကောင်းအဖြစ် ကျုပ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားထဲမှာဆို ဒီပုံအတိုင်းပဲ ပစ်ခဲ့တာ... ဒါတွေအားလုံးကို ကျွမ်းကျင်တဲ့သူပဲ လုပ်လို့ရတာပေါ့နော်..."
ရှုချန်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ရန်ရှန်း ထံသို့ ကျည်ဆန်များပါသော ပစ္စတိုတစ်လက် ပေးလိုက်ပြီး ...
"ခင်ဗျား လက်တွေ့ စမ်းကြည့်လို့ရတယ်..."
သေနတ်နှင့် ကျည်ဆန်များကို ယူပြီးနောက် ရန်ရှန်း သေနတ်ပစ်ခန်းသို့ သွားခဲ့သည်။ နားကြပ်တပ်၊ အကာအကွယ်မျက်မှန် တပ်လိုက်၏။ မီတာ ၅၀ အကွာရှိ ပစ်မှတ်များကို လက်တစ်ဖက်ဖြင့် ချိန်ရွယ် ထားလိုက်သည်။ သူ အမှန်တကယ် အာရုံစိုက် ပစ်ခတ်သော်လည်း နှစ်ချက်သာ ထိမှန်ခဲ့၏။ ထိုနှစ်ချက်မှာလည်း တစ်မှတ်နှင့် နှစ်မှတ် စုစုပေါင်း သုံးမှတ်သာ ရပေသည်။
ရှုချန်းက ...
"တကယ်တော့ ဒီပစ်မှတ်က ကြီးလွန်းတယ်... ပုံမှန်ဆိုရင် ပစ်ရမဲ့လူဆိုးက အမြဲတမ်း လှုပ်ရှားနေတာ... လက်မတည့်တဲ့ ရဲတစ်ယောက်အနေနဲ့ ထိအောင်ပစ်ဖို့ ခဲယဉ်းတယ်..."
ရန်ရှန်း မှာ လက်တစ်ဖက်တည်းဖြင့် ပစ်ခတ်ခြင်း ခက်မခက် စမ်းသပ်လိုစိတ်သာ ရှိသည့်အတွက် အမှတ်ကောင်းကောင်း မရခြင်းအပေါ် ရှက်ရွံ့စိတ်မရှိချေ။ ယခုအချိန်မှ သူ၏ရည်ရွယ်ချက် အစစ်အမှန် ရောက်လာခဲ့လေသည်။
"နည်းပြရှု... ဒါကို ကောင်းကောင်းလေ့ကျင့်ထားတဲ့ တပ်သားတွေ ဒါမှမဟုတ် အထူးတပ်ဖွဲ့ဝင်တွေပဲ သေချာ လုပ်နိုင်တယ်လို့ ခင်ဗျားပြောခဲ့တယ် မဟုတ်လား... ခင်ဗျားက အထူးတပ်ဖွဲ့ရဲ့ ကိုယ်စားလှယ် မဟုတ်ဘူးလား... ဒါဆို ကျုပ်တို့ကို လက်တွေ့ပစ်ပြပါလား..."
သူ အမှန်တကယ် ကြိုးစားပစ်ခတ်ခဲ့သော်လည်း နှစ်ချက်သာ ပစ်ခတ်နိုင်ခဲ့သည်။ ထို့ကြောင့် ရှုချန်းကိုလည်း ပစ်ခတ်ရန် စိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။
ဒါကို ခင်ဗျား ငြင်းရင် ဒါရိုက်တာကို ခင်ဗျားကို တခြားသူနဲ့ လဲပေးဖို့ ကျုပ် ဘယ်လိုဖိအားပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်...။
ရန်ရှန်း တွေးတောနေမိ၏။
ရှုချန်း ခေတ္တ ရပ်ကာ ရယ်မောလိုက်ပြီး ...
"ရတယ်လေ... ကျုပ်က ခင်ဗျားတို့ကို သင်ပေးရုံပဲ... ခင်ဗျားကမှ ဒီတီဗွီရှိုးရဲ့ ကြယ်ပွင့်လေ... ဒါ့ကြောင့် ကျုပ်ကို အဓိကထား ရိုက်ပြဖို့ မလိုပါဘူး..."
ရှုချန်း စကားကြောင့် ရန်ရှန်း စိတ်ထဲမှ လှောင်ပြောင်နေမိ၏။
ထို့နောက် ကောဟို ကို အဓိပ္ပါယ်ပါပါ ချက်ချင်း လှမ်းကြည့်လိုက်သည်။
ကောဟို က ရယ်မောပြီး ...
"ကောင်းပြီလေ... နည်းပြရှု... ခင်ဗျားသာ အမှတ်များများရရင် ဒီတီဗွီရှိုးက နောက်နှစ် ခင်ဗျားတို့ စစ်ဒေသ လူသစ် စုဆောင်းရေးမှာ အထောက်အကူ ပေးမှာပဲ... ခင်ဗျားရဲ့စစ်ဒေသ ကိုယ်စားပြုအနေနဲ့ လုပ်သင့်တယ်နော်... ကျုပ်တို့တိုင်းပြည်ရဲ့စစ်သားတွေ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ ကျုပ်တို့က ပရိသတ်တွေကို ချပြချင်လို့ပါ..."
ကျိုးကျိဟို ကလည်း ...
"နည်းပြရှု... ကျုပ်တို့ ထပ်ပြီး အံ့ဩသွားအောင် လုပ်ပြပါဦး..."
လော့ကျိချီး က ...
"ဟုတ်တယ်... ရှင်က အက်ရှင်ကားတွေထဲမှာ ဝင်ရိုက်သင့်တယ်နော်... အရမ်းမိုက်မှာ... ရုပ်ရှင်ထဲမှာဆိုရင် အစ်ကို ရန်ရှန်း က သေနတ်ပစ်ခန်းတွေ ရိုက်တဲ့အခါ လုံးဝယောက်ျားဆန်တယ်လို့ ခံစားရတယ်..."
ချီးကျူးစကားကြောင့် ရန်ရှန်း က အကောင်းပကတိ ရှိနေသော လက်တစ်ဖက်ဖြင့် ဆံပင်ကို နောက်သို့ ဟန်ပါပါ သပ်လိုက်သည်။
ရှုချန်း ရယ်မောလိုက်၏။
"ရုပ်ရှင်ထဲကလို လုပ်နေရင် ပြန် အပစ်ခံရလိမ့်မယ်... တစ်စက္ကန့်အတွင်း ကြမ်းပြင်ပေါ် မှောက်လဲသွားမှာပဲ..."
ရန်ရှန်း အော်ပြောလိုက်၏။
"တကယ်လား... နည်းပြရှု... ခင်ဗျား လက်တွေ့ပြစမ်းပါ..."
ရှုချန်းက ကျည်ဆန် ၁၂ တောင့်ကို ပစ္စတို နှစ်လက်ထဲသို့ ခွဲထည့်လိုက်၏။
ထို့နောက် ရုတ်တရက် ပစ္စတို တစ်လက်ကိုမြှောက်ကာ ပစ်မှတ်ကို ခြောက်ချက် ဆက်တိုက် ပစ်ပြလိုက်၏။ မှတ်တမ်းတင်စက်မှ ရလာဒ်များ ချက်ချင်းပြသပေသည်။
၁၀...
၁၀...
၁၀...
ခြောက်ချက်စလုံး ၁၀ မှတ်ရပေသည်။
ပစ်ချက် ခြောက်ချက်စလုံး ပြီးပြည့်စုံ၏။
ရှုချန်းက ...
"တွေ့လား... ဒါ ခေါင်းကို တည်ပစ်တဲ့ အချက်တွေပဲ..."
ထို့နောက် ရှုချန်းက သေနတ်ချိန်လျက်သားဖြင့် ပစ်မှတ်၏ ဆန့်ကျင်ဘက်တွင် ရှိနေသော လင်ချူရွယ်၏ ပစ်မှတ်ဆီသို့ ပစ်လိုက်သည်။
၁၀...
၁၀...
၁၀...
ပစ်မှတ်ကို မကြည့်ဘဲ ပစ်သော်လည်း တစ်ချက်မှ မလွဲချေ။
တုန်လှုပ်ချောက်ချားနေသောသူများကို ကြည့်လိုက်ပြီး ရှုချန်းက ...
"ခင်ဗျား ရုပ်ရှင်ရိုက်မယ်ဆိုလည်း အနည်းဆုံး ဒီလောက်တော့ မိုက်တဲ့ အက်ရှင်ကားမျိုးပဲ ရိုက်စမ်းပါဗျာ..."
အခန်း ၁၉၆ ပြီး
နတ်နဂါးစစ်သည်
အခန်း ၁၉၇
( ရှုချန်း၏ မပြောင်းလဲသော အချက်များ...)
ရန်ရှန်း က သူဆင်ထားသော ထောင်ချောက်မှာ ရှုချန်းအတွက် အခွင့်အရေးအဖြစ် ပြောင်းလဲသွားပုံကို တအံ့တဩ ငေးကြည့်နေမိ၏။ ဤကဲ့သို့ ရှုချန်း ပစ်ခတ်ခြင်း ထိုမျှ ကောင်းမွန်ကြောင်း သူသိပါက လက်တွေ့ သရုပ်ပြရန် တွန်းအားပေးမည် မဟုတ်ချေ။
" ခင်ဗျားကို ပြောမိတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်... ခင်ဗျားရဲ့ စွမ်းရည်တွေကို ကျေးဇူးပြုပြီး ပြပေးပါ..."
ရှူချန်း၏ ပစ်ခတ်ပုံ အစအဆုံး မြင်တွေ့ရသည့်အတွက် ရန်ရှန်း လွန်စွာ အံ့အားသင့်နေသေး၏။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှုချန်းသည် ပစ်မှတ်ကို မကြည့်ဘဲ ခြောက်ချက်တိတိ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်မှာ အားလုံးကို တုန်လှုပ်စေခဲ့၏။ ၎င်းသည် ရုပ်ရှင်ရိုက်ကွင်း တစ်ခုသာ ဖြစ်ပါက လက်တွေ့ဆန်လွန်းသည်ဟု ပြောဆိုကြပေလိမ့်မည်။ သို့သော် ယခု ရှူချန်း ပစ်ခတ်သွားသည်မှာလည်း လက်တွေ့ပင်။
ယောင်္ကျားဆန်ဆန် ဆွဲဆောင်မှုရှိရှိ ပစ်ခတ်ပြသွားသော ရှုချန်းကို လော့ကျိချီး နှင့် ကျောက်ယာကျင်း တို့နှစ်ဦးသား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။ ယောင်္ကျားတစ်ဦးသည် ချောမောလှပရန် မလိုချေ။ ယောင်္ကျား ပီသရန်သာ လိုပေသည်။ ရှုချန်း၏ လှုပ်ရှားမှု တစ်ခုချင်းစီမှာ ယောင်္ကျားဆန်လွန်းလှ၍ ထိုအမျိုးသမီးနှစ်ဦး၏ စိတ်များ တိမ်းညွှတ်သွားလုမတတ် ဖြစ်သွား၏။
လင်ချူရွယ်ကလည်း ရှုချန်းကို အပြုံးမပျက် ကြည့်နေ၏။
ရှုချန်း ထိုကဲ့သို့ အစွမ်းပြခဲ့သည့်အတွက် အံ့ဩသွားသော်လည်း သူမ ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်ပေသည်။
ဒါရိုက်တာ က ကင်မရာသမားဆီသို့ ချက်ချင်း ပြေးသွားကာ...
"ဒါရော ဘယ်လိုလဲ..."
ကင်မရာသမားက စိတ်လှုပ်ရှားစွာဖြင့်...
"ကျုပ်တို့ သုံးလို့ရတဲ့ နောက်ထပ် အမိုက်စား ရိုက်ချက်တခုပဲ..."
ဒါရိုက်တာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။
"အခုကစပြီး နည်းပြရှုရဲ့ နောက်ထပ် ဗီဒီယိုတွေကိုပါ ထည့်ရမယ်... သူ့ကို ဒီအစီအစဉ်ရဲ့ အဓိက ဇာတ်ကောင်ထဲက တစ်ယောက်ဖြစ်အောင် လုပ်မယ်..."
ကင်မရာ သမား ခေါင်းညိတ်လိုက်၏။
ရှုချန်းက ပစ္စတိုကို ချလိုက်ပြီး လူအုပ်ကို ဂရုမစိုက်သော အမူအရာဖြင့် ကြည့်လိုက်၏။
"လာကြ... အားလုံးပဲ ပစ်ကြည့်မယ်... ကျုပ် သင်ပေးတဲ့အတိုင်း လိုက်လုပ်ကြ... ရမှတ် အနည်းဆုံး ရတဲ့သူက အားလုံးခိုင်းတာ လုပ်ရလိမ့်မယ်..."
နာမည်ကျော်များ အားလုံး စမ်းသပ် ပစ်ခတ်ရန် လွန်စွာ စိတ်အားထက်သန်နေကြ၏။ အားလုံး ပစ်ခတ်ပြီးချိန်တွင်တော့ အရာအားလုံးတွင် လွန်စွာ ထူးချွန်သူဟု လူတိုင်းက သတ်မှတ်ခဲ့သော လင်ချူရွယ်မှာ တစ်မှတ်သာ ရပေသည်။ ထို့ကြောင့် သူမ အပြစ်ပေးခံရပေတော့မည်။
သို့သော် ကင်မရာ ရှေ့တွင် လင်ချူရွယ် လုံးဝ စိတ် မလှုပ်ရှားပေ။ သူမက သေနတ်ပစ်ကွင်း အလယ်တွင် ကျော့ကျော့မော့မေ့ာ ရပ်နေ၏။
ကောဟို က...
"က ရင် ဘယ်လိုလဲ..."
ကောဟို မှာ ကခုန်ခြင်း၌ ထူးချွန်သူဖြစ်၏။ ထို့ကြောင့် သူ့အနေဖြင့် လင်ချူရွယ်နှင့် အတူ တွဲကရန် အခွင့်အရေး ရပေမည်။
ထိုစကားကြောင့် ရန်ရှန်း မျက်မှောင်ကြုံ့မိ၏။ ကောဟို အတွေးကို သူ သိပေသည်။ မြွေမြွေချင်း ခြေမြင်သူများပင်...။
လင်ချူရွယ်က သူမ၏ ပါးစပ်ကို လက်ကလေး အုပ်၍ ပြုံးလိုက်သည်။
"ကျွန်မ တခြား အကတွေ မကတတ်ဘူး... ဘဲလေးအကဆို အဆင်ပြေလား..."
ကောဟို မကတတ်သော အကဖြစ်၍ ရန်ရှန်း က ချက်ချင်း အားပါးတရ လက်ခုတ်ထတီးတော့၏။
ထိုအမျိုးသားနှစ်ဦး၏ စိတ်ထဲတွင် လင်ချူရွယ် ဘာလုပ်လုပ် သဘောကျ နှစ်သက်နေပေသည်။ လင်ချူရွယ်က ခန္ဓာကိုယ် အကြောလျှော့လိုက်၏။ ထို့နောက် ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ထိန်းကာ ရှည်လျားလှသော မျက်တောင်ကော့များကို မှေးစင်းထားပြီး ခြေဖျားထောက်ကာ မတ်တပ်ရပ်လိုက်၏။ ဗြိတိန်တွင် နေထိုင်ခဲ့စဉ်က ဘဲလေးအကကို သင်ယူခဲ့သည့်အတွက် လွန်စွာ ကျွမ်းကျင်ပေသည်။
ချက်ချင်းဆိုသလိုပင် တင့်တယ်လှပသော သူမ၏ ကိုယ်ဟန် အနေအထား အသွင်အပြင် ထွက်ပေါ်လာတော့၏။ ခြေထောက် တစ်ဖက်တည်းပေါ်တွင် ငြိမ်သက်စွာ ဟန်ချက်ညီညီ ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်၍ အရုပ်လေး တစ်ရုပ်အလား သိမ်မွေ့နူးညံ့စွာ လှည့်ပတ်ကခုန်တော့၏။ နောက်ခံတေးဂီတမှာလည်း သာယာညှင်းပြောင်းစွာ ထွက်ပေါ်နေသည်။
သို့သော် ခုန်လိုက်သည့် အခိုက်တွင် ရုတ်တရက် ဟန်ချက်ပြတ်သွားကာ လဲကျမလို ဖြစ်သွားသည်။ ကြည့်ရှုနေသော အမျိုးသား နာမည်ကျော်သုံးဦး အချိန်မီ မတုံ့ပြန်နိုင်သော်လည်း အရိပ်တစ်ခု လှစ်ကနဲ ပြေးဝင်သွားကာ လင်ချူရွယ် မြေပြင်ပေါ် မကျမီတွင် ခါးမှကိုင်၍ ထိန်းနိုင်ခဲ့သည်။
ထို့နောက် သီးသန့်အင်တာဗျုးတွင် လင်ချူရွယ်က...
" အဲ့ဒီတုန်းက ကျွန်မစီးထားတဲ့ စစ်ဖိနပ်ရဲ့ အလေးချိန်နဲ့ ဖိနှောင့် အထူကို မေ့သွားတော့ ခြေကျင်းဝတ် ခေါက်မလိုဖြစ်သွားတာ... လဲပြီး ဒဏ်ရာရပြီထင်ထားလို့ တော်တော်လန့်သွားတာ... ဒါပေမဲ့ နည်းပြရှုက ချက်ချင်း အချိန်မီ ဝင်ကယ်မယ်လို့ ထင်မထားဘူး..."
ထိုစကားပြောပြီးနောက် လင်ချူရွယ မျက်နှာ အနည်းငယ် နီရဲသွား၏။
ရိုက်ကူးရေးအဖွဲ့၏ ကင်မရာ တွင်...
လင်ချူရွယ် မျက်လုံးမှိတ်ထားသော်လည်း ပြန်ဖွင့်လိုက်သည့်အခါ သူမကို ထိန်းထားပေးသော ရှုချန်းကို တွေ့လိုက်ရ၏။ သူမ အနည်းငယ် စိတ်လှုပ်ရှားသွားသလို ပါးပြင်မို့မို့တို့မှာလည်း ရဲရဲနီလာ၏။ သူတို့နှစ်ဦးသား တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဆုံနေပုံကို ရုပ်သံတည်းဖြတ်သည့်အခါ စက္ကန့် အနည်းငယ် တမင်တကာ ရပ်တန့်ထားလိုက်သည်။ ထိုအခန်း၏ အဆုံးသတ်တွင် ယောင်္ကျားလေး သုံးဦး၏ နောင်တရသော အမူအရာများနှင့် မိန်းကလေးနှစ်ဦး၏ မနာလိုသော အကြည့်တို့နှင့်အတူ လင်ချူရွယ်နှင့် ရှုချန်း တစ်ဦးစီ မတ်တပ်ရပ်လိုက်သည်နှင့် အဆုံးသတ်ထားလေသည်။
ရန်ရှန်း နှင့် ကောဟို မှာ လျင်မြန်စွာ တုံ့ပြန်နိုင်မှု မရှိသည့်အတွက် အလွန်တရာ နောင်တရနေမိ၏။ ထိုအချိန်တွင် လင်ချူရွယ်ကို ထိန်းထားပေးသူမှာ ရှုချန်း မဟုတ်လဲ သူတို့သာဖြစ်ပါက မည်မျှ ကောင်းမည်နည်းဟု စိတ်ကူးယဉ်နေမိသည်။
သွယ်လျလှပသော ခါးလေးနှင့် မွှေးပျံ့သော ကိုယ်သင်းရနံ့ကို သူတို့ ခံစားနိုင်ပေလိမ့်မည်။
ကျောက်ယာကျင်း လည်း အမှန်ပင် မနာလိုဖြစ်သွား၏။ အကယ်၍ လဲကျမည်ဟု ထင်ထားချိန်တွင် ယောင်္ကျားတစ်ဦးက သန်မာသော လက်မောင်းဖြင့် လာရောက်ပွေ့ယူကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပါက လုံးဝဘေးကင်း လုံခြုံသွားသည့် ခံစားချက်ကို ရရှိပေလိမ့်မည်။ ထိုသူမှာလည်း အမျိုးသမီးတိုင်း ဆုံတွေ့ရန် မျှော်လင့်စိတ်ကူးထားသော ချစ်သူဖြစ်လိမ့်မည် မဟုတ်လော။
လင်ချူရွယ် ကနေစဉ်က ဖွင့်ပေးထားသော နောက်ခံတေးဂီတမှာ လှပ ကောင်းမွန်သော်လည်း အမှတ်မထင်ဖြစ်သွားသော ဖြစ်ရပ်ကြောင့် အချစ်ဇာတ်လမ်းအား ပံ့ပိုးပေးသော နောက်ခံတေးဂီတပမာ ဖြစ်သွားတော့သည်။
"အား... နည်းပြရှု ကျွန်မ လဲတော့မယ်...ကျွန်မကို လာပြီးထိန်းပေးပါဦး..."
ကျောက်ယာကျင်း က စစနောက်နောက်ဖြင့် လဲကျဟန်ဆောင်လိုက်သည်။ သို့သော် ရှုချန်းက အမှန်တကယ် လာမပွေ့ဘဲ ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်၏။
လင်ချူရွယ်လည်း ရယ်မောနေမိသည်။ သူမ၏ နှင်းပွင့်ပမာ ဖွေးဖြူလှသော မျက်နှာကို လက်ဖဝါးဖြင့် အုပ်ရင်း မျက်ဝန်းလဲ့ပြာပြာတို့သည် ရှုချန်းကို စိုက်ကြည့်နေမိသည်။
ထိုအချိန်တွင် ဒါရိုက်တာ အသံထွက်ပေါ်လာသည်။
"ကောင်းပြီ... ခဏနားကြရအောင်..."
ထို့နောက် ရှုချန်းက လင်ချူရွယ်ကို စိုက်ကြည့်၍ ငေါက်ငမ်းသော လေသံဖြင့် တိုးတိုးလေး ပြောလိုက်၏။
"နင် ဘဲလေး အက မကတာ နှစ်တော်တော်ကြာပြီလေ... ဘာလို့ ပြန်ကရတာလဲ..."
သူမအား ရှုချန်းမည်မျှ ဂရုစိုက်ကြောင်း ပေါ်လွင်နေသည့်အတွက် ဒေါသလုံးဝ မထွက်ဘဲ ပျော်ရွှင်နေမိ၏။ ထို့ကြောင့် ရွှင်ပြစွာ ပြုံးလိုက်ပြီး ...
"ငါ မကတာ နှစ်ချီကြာနေပြီဆိုတာ နင် ဘယ်လိုသိတာလဲ..."
"ငါ..."
ရှုချန်း ဘာပြန်ပြောရမှန်းမသိဘဲ ထွက်သွားရန် ဟန်ပြင်လိုက်၏။ သို့သော် လင်ချူရွယ်က နောက်မှ လှမ်းဆွဲလိုက်ပြီး "ငါ သိပါတယ်" ဆိုသော အကြည့်နှင့်...
"နင် စစ်တပ်ထဲမှာ နှစ်အတော်ကြာနေခဲ့ပေမယ့် ငါ့ သတင်းတွေ အာရုံစိုက်နေတုန်းပဲ မဟုတ်လား..."
ထိုစကားပြောသည့်အချိန်တွင် လင်ချူရွယ် အပြုံးမှာ ပိုမိုတောက်ပလာခဲ့သည်။ သာမန်အားဖြင့် သူမသည် ရေခဲဖြင့် ထုလုပ်ထားသော နတ်သမီး တစ်ပါးကဲ့သို့ အေးစက်စက်နိုင်လှ၏။ သို့သော် ရှုချန်းနှင့် တွေ့သည့်အခိုက် သူမ ပြုံးလိုက်ပုံတိုင်းမှာ အေးစက်နေသော ဆောင်းရာသီတွင် နွေးထွေးလှသော နေခြည်နုလေးများ ဖြာကျ၍ အေးစက်သော ရေခဲများ အရည်ပျော်သွားသည့် အတိုင်းပင်။
ရှုချန်းမှာ အရှက်အကြောက်ကြီးသူဖြစ်၍ ထိုအကြောင်းကို ဆက်မပြောလိုတော့ပေ။ ထို့ကြောင့် စကားမပြောတော့ချင်ဟန်ဆောင်၍ ထွက်ခွာသွားသော်လည်း လင်ချူရွယ်က အရူးမလေး တစ်ယောက်အလား သူ့လက်မောင်းကို ဆွဲထားပြီး...
"လာ... ပြောပြစမ်း... ငါ အဲ့ဒီအကြောင်းကို သိချင်လို့..."
ရှုချန်း ခေတ္တမျှ ရပ်ကာ လှည့်ကြည့်လိုက်၏။ လှပသော အပြုံးနှင့် မျှော်လင့်ချက်တို့ ပြည့်နေသော မျက်ဝန်းပြာတို့ကို တွေ့လိုက်ရ၏။ သို့သော်...
"တခြားသူတွေ ငါတို့ကို ဒီလိုမြင်သွားရင် ယုန်ထင်ကြောင်ထင် ထင်ကုန်လိမ့်မယ်..."
လင်ချူရွယ်က အရေးမစိုက်သည့်အလား ပြုံးပြီး...
" ငါတို့ကြားထဲမှာ ထင်စရာ ရှိနေပြီးသားလေ... အမှန်တရားကို နင် လက်မခံချင်ဘူးလား..."
ရှုချန်းက သူမကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။
"ဒါဆို ငါ့ကို ယောင်္ကျားလို့ခေါ်လေ...ကြားချင်လို့..."
လင်ချူရွယ်က ခေါင်းခါကာ ရှုချန်းကို ပြုံး၍ကြည့်ပြီး...
"ရှင် ဒူးထောက်ပြီး ပြောလေ..."
ရှုချန်း အားပါးတရပြုံးလိုက်၏။ ထို့နောက် ချောင်းတစ်ချက်ဟန့်ပြီး...
"ဟုတ်တယ်... ပြီးခဲ့တဲ့ နှစ်တွေမှာလည်း ငါ့မိန်းမရဲ့ ကိစ္စတွေကိုပဲ အာရုံစိုက်နေတာ ဟုတ်ပြီလား..."
လင်ချူရွယ် ရယ်မောပြီး ရှုချန်းကို လွှတ်ပေးလိုက်၏။ ထို့နောက် ကျေနပ်သော လေသံဖြင့် တိုးတိုးကလေး ရေရွတ်လိုက်သည်။
"ငါသိတာပေါ့... ဟိုးငယ်ငယ်လေးကထဲက အရမ်းချစ်ခဲ့တဲ့ ကောင်လေးက ငါ့ကို ဒီလောက်လွယ်လွယ်နဲ့ ဘယ်မေ့နိုင်မှာလဲ..."
အခန်း ၁၉၇ ပြီး