Strawberry Kisses💋

By unbadslytherin

188 18 3

တစ္ဆေသရဲ‌က ကြောက်ဖို့ကောင်းတယ်လို့ ဘယ်သူပြောလဲ။ သရဲအိမ်ထဲက ရုပ်ဆိုးဆိုး သရုပ်ဆောင်တွေထက် သူ့လက်မောင်းကိုမလွှတ... More

Strawberry Kisses 🍓💋

188 18 3
By unbadslytherin

မဖြစ်ရပါဘူး။ ဒီလိုမျိုးရည်ရွယ်ပြီး အကူအညီတောင်းတာ လက်ခံခဲ့ပေမယ့် အခုတော့ လုံးဝလုံးဝကို ကန့်ကွက်တယ်။

'ဘုန်း ဘုန်း ဘုန်း'

တံခါးကို သော့ပိတ်ပြီး အထဲက တဘုန်းဘုန်းထုပြီး ‌အော်နေတဲ့ ငှက်ဆိုးထိုးသံကိုလည်း လစ်လျူရှုထားလိုက်ပြီး သူ့ဆိုင်ကယ်ကို စက်နှိုးပြီး အမြန် မောင်းထွက်ခဲ့လိုက်တယ်။ မိုင်ကုန်မောင်းလာတာကြောင့် တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ရပ်ကွက်ထဲ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဟောပြောရေးလုပ်နေတဲ့ ပွဲ‌ရှေ့က ဆိုင်းဘုတ်ကိုဝင်ကြုံးခဲ့တာမို့ အရန်စောင့်နေတဲ့ ယာဉ်ထိန်းရဲက ချက်ချင်းကို သူ့နောက်က သံစုံမြည်ကာ စိန်ပြေးလိုက်တမ်းကစားသလို လိုက်လာခဲ့တော့တယ်။

'ငနာလေး ရှေ့မှာ ချက်ချင်းရပ်လိုက်စမ်း'

' မရပ်ဘူးလား။ မင်းတော့ ဂျေးအောင်းရပြီသာမှတ်'

အပြင်ပန်းမှာ တည်တည်ငြိမ်ငြိမ် နဲ့ မြန်နှုန်းမြင့် မောင်းနေပေမယ့် လောလောဆယ် သူရင်ဘတ်ထဲမှာတော့ ဖော်မြူလာဝမ်းကွင်းမှာ အပတ်တစ်ရာလောက် မရပ်မနား ‌ပတ်မောင်းထားတဲ့ ကားလိုပဲ ဗလောင်ဆူနေပြီ။

ဒီလို ဂယောက်ဂယက်တွေဖြစ်နေရတဲ့ အကြောင်းရင်းအစကို ပြန်ပြောရမယ်ဆိုရင်တော့ သူတို့အိမ်ရှေ့ကို အဖြူရောင်အိမ်ပြောင်းရွှေ့ယာဉ်တစ်စီး ဆိုက်ရောက်လာတာကနေ အစချီပြောရလိမ့်မယ်။

'ကျွီ'

အိမ်ရှေ့မှ ကားရပ်သံကြောင့် ရန်ဖြစ်ထား၍ အမေ့တစ်ချက်လွှတ် အမိန့်နဲ့ အိမ်ရှေ့မှ ပန်းခင်းကို ရေလောင်းပေါင်းသင်နေရ‌သည့် မိမိတို့ မောင်နှမနှစ်ယောက်လုံး ချက်ချင်းပဲ လည်တဆန့်ဆန့်ဖြစ်ကုန်တယ်။

' ဟဲ့ အိမ်ရှေ့အိမ်ကို လူသစ်တွေ ပြောင်းလာတာ ထင်တယ်နော်'

' အင်း ဟုတ်မှာပေါ့'

လက်အိတ်စွပ်မထားပဲ မြက်ထိုင်နှုတ်နေတာမို့ လက်ညှိုးနဲ့လက်မကြား အသားနုကို ရှသွားသည့် ခံစားချက်ကြောင့် လက်ဖြန့်ကြည့်ရင်းဘေးမှ အစ်မပြောစကားကို ပျင်းရိပျင်းတွဲပြန်ဖြေလိုက်တယ်။

လက်က အကြည့်လွှဲလိုက်ပြီး အိမ်ရှေ့ကို မျက်နှာမူလိုက်တော့ အချိန်ကိုက် ကားရှေ့ခန်းကနေ ထွက်လာတဲ့ အားကစားဖိနပ်အပြာရောင်နဲ့ ဘောင်းဘီတိုအသားရောင်လေး ဝတ်ထားတဲ့ ဖြူဖြူသွယ်သွယ် ခြေထောက်လေးတစ်ဖက်။ တဖန် မြင်ကွင်းထဲဝင်လာတဲ့ ဆံပင်ငွေရောင်ပျော့ပျော့တို့အုပ်နေတဲ့ ခေါင်းသေးသေးလေး။ ဘေးက အစ်မကို ကြည့်လိုက်တယ်။ ဟိုကောင်‌လေးကို ပြန်ကြည့်တယ်။ သူ့အစ်မခေါင်းက နှစ်ဆလောက်ပိုကြီးနေသလိုလို။

'အဲ့အိမ်က သားလေးလား မသိဘူးနော်။ အရပ်ရှည်ပေမယ့် မျက်နှာလေးကြည့်ရတာ တော်တော်ငယ်မယ့်ပုံလေး။ နင့်ထက်တောင် ငယ်မယ်ထင်တယ်'

'အင်း'

ပြောသမျှ တအင်းအင်းလုပ်နေတဲ့သူ့ကို အစ်မက ကြည့်မရသည့်ပုံစံနဲ့ စွေစောင်းကြည့်လာပါတယ်။ သူကလည်း နဂိုကတည်းက သိပ်မတည့်သူတွေမို့ ပြန်စောင်းကြည့်ဖို့ ဝန်မလေး။

'ဟဲ့ ဝမ်ရိရှန်း ဝမ်ရှင်းရှင်း'

မောင်နှမနှစ်ယောက် အကြည့်တိုက်ပွဲဆင်နွှဲနေတုန်းမှာပဲ အိမ်ထဲမှ အ‌ မေ့ခေါ်သံကြောင့် ချက်ချင်းပဲ ဖုတ်ဖက်ခါထပြီး ပြေးကြရပါတော့တယ်။ မပြေးလို့လည်းမရ။ သူတို့အမေ့ရဲ့ လက်သံပြောင်မှုကို အဖေပါလက်မြှောက်ထားရတာမို့ ဖင်တုန်အောင် ကြောက်ရတယ်လေ။

အိမ်ထဲမဝင်ခင် တစ်ဖက်အိမ်ကို လှမ်းကြည့်လိုက်တော့ အနက်ရောင်လိုလို မီးခိုးရောင်လိုလို ကြောင်တစ်ကောင်ကို ပိုက်ပြီး အိမ်ထဲဝင်သွားတဲ့ ကောင်လေးရဲ့ နောက်ကျောကိုသာ တွေ့လိုက်ရပါတယ်။

နောက်နှစ်ရက်အတွင်း ဝမ်အိမ်မှာ သိသိသာသာပြောင်းလဲနေသူတစ်ဦးကတော့ ဝမ်ရှင်းရှင်း ခေါ် သူ့အစ်မပါပဲ။ အရင်က အိမ်မှာနေရင် အင်္ကျီအစုတ်တွေချည်းဝတ်ပြီး ရေနပ်မှန်အောင် မချိုးတဲ့သူက အခုတော့ တစ်ကိုယ်လုံး မွှေးကြိုင်နေတဲ့အပြင် မိတ်ကပ်တွေပါ လိမ်းထားသည်မို့ တစ်အိမ်လုံး မယုံနိုင်။

အခုလည်းကြည့် ဘယ်မှသွားစရာမရှိပဲ မိတ်ကပ်အဖွေးသားနဲ့ နှုတ်ခမ်းနီက ဆိုးထားလိုက်သေးတာ သူ့မျက်လုံးထဲမှာတော့ တရုတ်စုန်းနဲ့ နင်လားငါလားပဲ။ ရိရှန်း သူ့အစ်မကို ဆိုဖာမှာ ဖုန်းထိုင်သုံးရင်း စိတ်ထဲကနေ ပယ်ပယ်နယ်နယ်ကိုဝေဖန် ပစ်လိုက်တယ်။

'တီ'

လူခေါ်ခေါင်းလောင်းမြည်သံကြောင့် ဝမ်ရိရှန်း သူ့အစ်မကို တစ်ချက်ကြည့်လိုက်တယ်။ အကြီးဆိုတော့ သူများ ထဖွင့်မလားလို့။ စောင့်ကြည့်နေပေမယ့် တုတ်တုတ်မှ မလှုပ်တဲ့ အစ်မတော်ကြောင့် ငါးနှစ်ငယ်တဲ့ သူကပဲ သွားဖွင့်ပေးလိုက်ရတယ်။

တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက မုန့်ဝါး‌ နေလို့ဖောင်းတက်နေတဲ့ ပါးမို့မို့နှစ်ခု။

သူ့ကိုမြင်တော့ ချက်ချင်းမျက်လုံးပြူး မျက်ဆန်ပြူးနဲ့မို့ သူလည်းကြောင်ကြည့်နေတုန်း

' အွန်း အွန်း'

လက်ထဲက မိုချီမုန့်ပန်းကန်ကို ထိုးပြရင်း လည်ပင်းကို အသည်းအသန် လက်ညှိုးညွှန်ပြမှသာ သူရိပ်မိပါတော့တယ်။

ဒီကောင်လေး မုန့်လာပေးရင်း ခိုးစားတော့ လူမိပြီး နင်ကုန်ပြီဆိုတာ။

''ဒီကလေးကတော့ ဖြစ်ရမယ်။ လာ လာ ငါရေယူပေးမယ်'

သူ့ထက် ခေါင်းတစ်လုံးပင် ရှည်ချင်နေတဲ့ ကောင်လေးကို အိမ်ထဲအတင်းဆွဲသွင်းပြီး မီးဖိုထဲကို နှစ်ယောက်သား သုတ်ချေတင်ရတော့တယ်။

ကပျာကယာဖြစ်နေတဲ့ ရိရှန်း မီးဖိုချောင်မှာ အဆင်သင့်တွေ့တဲ့ ရေကရားသာ မပြီး ထိုကောင်လေးပါးစပ် ထဲလောင်းထည့်ပေးလိုက်တယ်။ ရေကတော့ ပါးစပ်ထဲတစ်ဝက်၊ ကြမ်းပြင်ပေါ်တစ်ဝက်။

သူတို့အိမ်က ရေကရားဆောင်တတ်လို့သာ တော်တော့တယ်။

ရေကို မျက်လုံးစုံမှိတ်မျိုချပြီး အခုမှ အသက်ရှူချောင်သွားပုံရသည့် ကောင်လေးက မျက်နှာတစ်ခုလုံး ပန်းရောင်သမ်းလို့။ သူယူလာပေးတဲ့ ဆာကူရာမိုချီတွေနဲ့‌တောင် တူနေပြီ။

'ကျေးဇူးတင်ပါတယ်ခင်ဗျ'

ကောင်လေးက ရှက်ရှက်နဲ့ကျေးဇူးတင်စကားပြောတယ်။

' ရပါတယ်ကွာ။ မင်းက တစ်နေ့ကမှ ပြောင်းလာတာမှတ်လား'

'ဟုတ်။ မေမေက မုန့်ပို့ခိုင်းလို့ လာပို့တာပါဗျ'

ကလေးရုပ်နဲ့ အူကြောင်ကြောင်ကောင်လေးကို ကြည့်ရင်း စချင်လာတာကြောင့်

' ဟုတ်လို့လား။ ငါ မင်းစားလိုက်တာ တွေ့ပါတယ်'

'အယ် အဲ့ဒါက ... တောင်းပန်ပါတယ်ခင်ဗျ''

' ဝမ်ရိရှန်း တအုံးအုံးနဲ့ ဘာဖြစ်တာလဲ။ အိမ်ရှေ့မှာလည်း ဖိနပ်ရာကြီးတွေနဲ့'

ပြောရင်းတန်းလန်း ဆူဖို့ရောက်လာတဲ့ သူ့အစ်မက သူ့ရှေ့မှ ကောင်လေးကို မြင်တော့ ချက်ချင်းပင် မျက်နှာထားက ပျားရည်လောင်းသလို ချိုမြိန်သွားတာများ မျက်နှာတစ်ထောင်ပိုင်ရှင်တောင် သူ့လောက် အပြောင်းအလဲမြန်မယ်မထင်ပါ။

'ဟို မောင်လေးက ရှေ့အိမ်က မှတ်လား။ အာဆာကူရာ အိမ်ကလေ'

' ဟုတ်ပါတယ်ဗျ။ အာဆာကူရာဂျိုလို့ ခေါ်ပါတယ်''

' အငယ်ကောင် သွား ရေခဲသေတ္တာထဲက မုန့်‌တွေထုတ်ပြီးယူလာခဲ့လေ။ အိမ်မှာ ဧည့်သည်ရောက်နေတာကို။ မောင်လေး လာ အိမ်ရှေ့မှာ ခဏထိုင်ဦး'

သူ့အစ်မရဲ့ လက်မြန်ခြေမြန်ရှိမှုကြောင့် ထိုကောင်လေးမှာ အိမ်ရှေ့ကို ယက်ကန်ယက်ကန် ပါသွားရှာတယ်။

သူမုန့်ပန်းကန်နဲ့အတူ အိမ်ရှေ့ကို ထွက်လာတော့ သူ့အစ်မ ဝမ်ရှင်းရှင်းတို့ သဲကဲနေပုံများ အိမ်ရှေ့အိမ်က ကလေးကို ပေါင်ပေါ်တင်မထားရုံတမယ်။

အား။ မျက်စိထဲအဆင်မပြေလိုက်တာနော်။

' မောင်လေး အစ်မကို အစ်မဝမ်ရှင်းရှင်းလို့ ခေါ်တာကြီးက မရင်းနှီးသလိုကြီး။ ကျဲကျဲ လို့ ခေါ်ကြည့်ပါလား'

အမလေး။ နွားအိုမြက်နုကြိုက်ကြီး။ အန်ချင်တာ။

'ဟုတ် ကျဲကျဲ'

ဟိုကလေးရဲ့ မပွင့်တပွင့် မဝံ့မရဲ ကျဲကျဲခေါ်သံမှာ နေရောင်အောက်က ထောပတ်လို အရည်ပျော်သွားပုံရတဲ့ ဝမ်ရှင်းရှင်းတို့ ပြုံးဖြီးနေတာ ပါးစပ်နားရွက်တက်ချိတ်မတတ်။

ကိုယ့်အစ်မကိုယ် အဲ့လောက်ရွမယ်မှန်း မသိခဲ့တဲ့ ဝမ်ရိရှန်းတစ်ယောက် ဘေးက ခေါင်းအုံးနဲ့ ပစ်ပေါက်ချင်နေတာ လက်အတော်ယားနေပြီ။

ထိုနေ့က အာဆာကူရာဂျိုဆိုတဲ့ ကလေး ပြန်သွားပြီး ချက်ချင်း ဝမ်ရှင်းရှင်းတစ်ယောက် သူမငြင်းနိုင်မယ့် ကမ်းလှမ်းချက်ကို ပေးလာတယ်။

' ဝမ်ရိရှန်း နင် ငါ့ကို အဲ့ကလေးနဲ့ အောင်သွယ်ပေး။ ငါမေးကြည့်တာ သူ့ကျောင်းက နင်နဲ့အတူတူပဲဟ'

' ဟဲ့ နင့်အသက်နင်လည်း ပြန်ကြည့်ဦး။ ဟိုကဖြင့် အထက်တန်းတောင် မပြီးသေးတာကို'

' အမယ် ဒီခေတ်မှာ အသက်ကွာတာက အသေးအဖွဲလေး။ ကြီးရင်မှီ၊ ငယ်ရင်ချီတဲ့။ မပူနဲ့ ငါချီနိုင်တယ်'

' ဟွန့် ဟိုကလေးရဲ့ ပုခုံးတောင်မရောက်တဲ့ ပေမမီဒေါက်မမီကများ။ ပိသေနေမှဖြင့်'

'မလုပ်ပေးဘူးလား။ ငါကတော့ ငါ့မောင်လေးကို ဆိုင်ကယ်အမိုက်စားလေး ဝယ်ပေးမလို့ဟာ။ နင်သဘောကျတဲ့ Yamaha YZF-R6 Race အနက်ရောင်လေးလေ'

' မမ နင် တကယ်ပြောတာလား'

'အင်းပေါ့။ နင်က ငါ့ကလေးကို ကျောင်းမှာ ဘယ်သူမှ မကပ်နိုင်အောင် စောင့်ရှောက်ပေး။ ပြီးရင် ငါ့ကောင်းကြောင်းလည်း များများပြော။ ပြီးတော့ အန်တီနဲ့တွေ့ရင်လည်း ငါက ရုပ်ရှိငွေလျှံ အမှန်အကန် career woman မို့ ချွေးမရွေးမယ်ဆို အသင့်တော်ဆုံးဆိုတာ ထည့်ပြောပေးရမယ်။ ကတိပေးနိုင်ရင် ဆိုင်ကယ်က နင့်အတွက်ပဲ'

အစ်မပြောသမျှ စိတ်ထဲတစ်ခုမှ ဘဝင်မကျပေမယ့် သူအရမ်းလိုချင်လွန်းလို့ showroom အပြင်ကနေပဲ သွားရည်ယိုနေရတဲ့ အလှလေးက သူ့အပိုင်ဖြစ်မည်ဆိုတော့ ဝမ်ရိရှန်းတို့ ဘာသားနဲ့ထုထားတာမှတ်လို့။

'အိုခေ အလုပ်ဖြစ်ပြီမှတ်လိုက်'

Xxxx

သူ့အစ်မကို ကတိပေးပြီး နောက်နေ့ ဆိုင်ကယ်သော့ လက်ထဲရောက်လာတာမို့ ဝမ်ရိရှန်းတစ်ယောက် အပေါင်းအသင်းများကြား အတော်လေး စန်းပွင့်နေတယ်ပြောရမယ်။

ဒါပေမယ့်လည်း အာဆာကူရာဂျိုဆိုတဲ့ ကလေးနဲ့ သူက ကျောင်းတူတာကြောင့် အိမ်ကအမေကော၊ သူ့အစ်မ မောင်ထိပ်ထားစံကြောင့်ရော သူ့ရဲ့ ဆိုင်ကယ်လေးဟာ ကျောင်းဖွင့်ရက်တွေမှာဆိုရင်တော့ ကျောင်းကြို၊ပို့ ဖယ်ရီဘဝ ရောက်သွားရှာတယ်။ သူ့အမေကလည်း ဘယ်တုန်းက အဲ့ကလေးနဲ့ တွေ့သွားတယ် မသိ တစ်ချိန်လုံး သား‌လေး၊ သားလေးနဲ့ သူမွေးထားတဲ့ သားအရင်းထက်တောင် ပစားပေးနေသေး။ ‌ပြောင်းပြန်အနေနဲ့ ဂျိုရဲ့ အမေကတော့ သူ့ကို သွက်သွက်လက်လက် အားကိုးရတဲ့ ကောင်လေးဆိုပြီး သားချင်း လဲချင်နေတယ်လေ။

ဒီလိုနဲ့ သူလည်း အောင်သွယ်တော် လုပ်‌ပေးနေတာ သုံးလကျော်သွားပြီ။ သူ့အစ်မကပဲ အဖြစ်မရှိတာလား။ ဟိုကလေးကပဲ အူတူတူလေးမို့လို့လားမသိ။ အမြဲတမ်း တစ်ခုခုတော့ လွဲနေတာ အခုထိ တစ်ခါမှ မမှန်။ သူ့အစ်မကလည်း ကလေးမုန့်ပေးကြိုက်နေတာကြောင့် သူ့မှာ နုနုထွတ်ထွတ်‌လေးဂျိုကိုတောင် ကြားထဲက နှမျောနေသေးတာ။ ဂျိုကို ကြိုက်မယ့်အစား ဘာလို့ သက်တူရွယ်တူ သူ့အစ်ကိုကို သဘောမကျရတာလည်း မသိ။ ထားလိုက်ပါ။ သူယောက်ဖငယ်ငယ်‌လေးမရလည်း ဆိုင်ကယ်အတူစီးမယ့် ညီလေးရတာပေါ့။

ဒီနေ့လည်း မနေ့ကလိုပဲ ဂျိုနဲ့ အတူကျောင်းကို အတူသွားရပါတယ်။ အစကတော့ ရှိုးပဲ့သလို ခံစားရပေမယ့် အခုတော့ သူ့ဆိုင်ကယ်နောက်ခုံမှာ ဂျိုကလွဲ ဘယ်သူမှ ပေးမထိုင်ချင်တော့သလိုပါပဲ။

'ဂျိုဂျို ရောက်ပြီ'

'ဟုတ်'

ဂျိုက သူ့ခါးကို ဖက်ထားရာကနေ လွှတ်လိုက်ပြီး သူဆိုင်ကယ်ကို အနည်းငယ် စောင်းပေးထားတဲ့အတိုင်း မြေပြင်ကို ခြေချပြီးမှ သူ့ပုခုံးကို အားပြုကာ ညာခြေကို လွှဲပြီး ဆင်းလိုက်တယ်။
ရိရှန်းကတော့ ဂျို ဘေးကင်းကင်း ဆင်းတာကို‌စောင့်ပြီးမှ ဆိုင်ကယ်ပေါ်က ခြေချလိုက်တာ အထာကျကျနဲ့။ ခပ်လှမ်းလှမ်းက ဂျူနီယာကျောင်းသူလေးတွေဆီက သဘောကျတဲ့ အသံကြားလိုက်ရတာမို့ စိတ်ထဲပီတိတွေဖြာလို့။

ဂျိုရဲ့ခေါင်းပေါ်က ဆိုင်ကယ်ဦးထုပ်ကို ဖြုတ်ပေးပြီး ဆိုင်ကယ်သော့ခတ်ကာ နှစ်ယောက်သား ကျောင်းဝန်းထဲ ဝင်လာရင်း ကောင်မလေးတွေဘက် အပြုံးတစ်ပွင့် ရူပဒါနအနေနဲ့ စွန့်ကြဲဖို့လည်း မမေ့။

'ဒါဆို အစ်ကိုသွားပြီနော်'

'ဟုတ်'

အမြဲတမ်း ငြိမ်‌ငြိမ်လေးနဲ့ စကားနားထောင်တတ်တဲ့ ဂျိုဟာ သူ့အတွက်တော့ စောင့်ကြည့်ဖို့ရာ သိပ်မခက်လှပါ။ သူ့လို လမ်းမများပဲ ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်းသာ ကူးလူးနေတတ်တာကြောင့် တစ်ခုခုဆို ဂျိုရှိမယ့်နေရာကို ဝမ်ရိရှန်းတို့ GPS ထက်တောင် တိတိကျကျမှန်းနိုင်ပြီးသား။

ကျောင်းမှာ စီနီယာလည်းဖြစ်၊ ကရာတေးကလပ်ရဲ့ ခေါင်းဆောင်လည်းဖြစ်တာကြောင့် သူနဲ့ အမြဲတတွဲတွဲရှိသည့် ဂျို့ကိုလည်း အနိုင်ကျင့်မည့်သူ ရှိမယ်မထင်ပါလေ။ ရှိရင်လည်း သူက ဂျိုခံစားရတာထက် နှစ်ဆ ပြန်ဆုံးမပေးမှာမို့ သိပ်တော့မပူ။ ယောက်ဖလောင်းလေးကို ခလုတ်မထိ ဆူးမငြိအောင် ရိရှန်းက စောင့်ရှောက်ပေးရမှာပေါ့။

'ဟော ငါတို့ရဲ့ ကလေးအဖေကြီး လာပါပြီ'

'မင်းကလည်း ငါ့မြင်တာနဲ့ စမယ်ပဲ'

'ဘာလဲ မင်း ငြိုငြင်နေပြီလား။ အဲ့လိုဆိုလည်းပြောနော်။ မင်းအစား တာဝန်ယူပေးချင်နေတဲ့ သူတွေ ရှိတယ်'

ယုမ စကားကြောင့် ရိရှန်း ဇဝေ‌ဇဝါဖြစ်သွားရတယ်။

'ဘယ်သူတွေတုန်း'

'မင်းမသိဘူးလား။ နောက်ဆုံးနှစ်က စီနီယာ ခိုဂ လေ အမြဲတမ်း ဒုတိယနှစ်တွေဘက်ကို ချောင်းပေါက်မတတ်သွားလွန်းလို့ ကြာရင် ဆည်တောင်ဖြစ်တော့မှာ။ စီနီယာ အစ်မကြီး တချို့တောင် ပါသေးတယ်'

'ဂျိုက ကလေးပဲရှိသေးတာကို'

'အဲ့ဒါက မင်းမျက်လုံးထဲမှာလေကွာ။ အရင်တစ်ခေါက် ကျောင်းပွဲမှာ မော်ဒယ်လျှောက်ခဲ့ကတည်းက သူက ဖန်ကလပ်တောင်ရနေပြီဟ။ မင်းထက်စွံနေပြီ'

ရိရှန်း စိတ်ပူရတော့မှာလား။ အစ်မနဲ့ အဆင်မပြေသေးခင် ဂျို ရည်းစား ရသွားရင် သူ့ဆိုင်ကယ်လေးက ပြန်သိမ်းခံထိမှာ မဟုတ်လား။ အဲ့လိုတော့ အဖြစ်မခံနိုင်ပါ။ ဂျိုက သူ့အပိုင် အဲလေ သူ့အစ်မအပိုင်။

' ငါကန်တင်းသွားလိုက်ဦးမယ်နော်'

ယုမကို ကန်တင်းသွားမည် ပြောခဲ့ပေမယ့်လည်း တကယ်တမ်း သူရောက်နေတာက ဒုတိယနှစ်အခန်းတွေဘက်။ တိတိကျကျပြောရရင် ဂျိုရဲ့ အခန်းရှေ့။ ထမင်းစားချိန်ရောက်တော့မှာမို့ သူဂျို့ကိုပါ တစ်ခါတည်း ခေါ်သွားမယ်ဆိုတဲ့ အကြံနဲ့။ ထမင်းလည်းစားရင်း ခပ်တုံးတုံး ယောက်ဖလောင်းလေးကိုလည်း လူလစ်တုန်း သူများ လာမဆွဲအောင် ကာကွယ်ရမယ်လေ။

'ဂျိုဂျို ထမင်းချည်းပဲ စားမနေနဲ့လေ။ ဟင်းတွေလည်း စားဦး။‌ ချောကလက်က နောက်မှစား အစ်ကိုသိမ်းထားပေးမယ်'

သိတယ်လေ။ အဲ့ချောကလက်က ဂျို အခန်းထဲက မထွက်ခင် စီနီယာ ခိုဂယုဒိုင်း ပေးလိုက်တာကို ရိရှန်း သေချာမြင်လိုက်တယ်။

'အယ် ဆောရီး ဂျို။ အစ်ကို လက်ချော်သွားလို့ ချောကလက်က စားလို့ မရလောက်တော့ဘူး။ ညနေကျောင်းဆင်းမှ ပြန်ဝယ်ကျွေးမယ်နော်'

ဂျို တစ်ပိုင်းတစ်စ စားထားတဲ့ ချောကလက်က သူ့လက်ချက်နဲ့ ဘုတ်ခနဲ မြေကြီးပေါ်ကျသွားတော့ ရိရှန်းက စိတ်မကောင်းတဲ့ပုံဖမ်းလိုက်တယ်။

' အင်း ဘယ်တတ်နိုင်မလဲလေ။ မတော်တဆဖြစ်သွားတာပဲကို။ ရပါတယ်။ လော့ကာထဲမှာ အများကြီး ရှိသေးတယ်'

' ဟမ်'

သူမသိလိုက်တဲ့ အချိန်အတွင်း ဘယ်နှစ်ယောက်တောင် လှုပ်ရှားလိုက်ကြတာလဲဟ။

' မဟုတ်ဘူးလေ။ ဂျို ဘာလို့ သူများပေးထားတဲ့ ချောကလက်တွေကို လက်ခံထားတာလဲ။ အဲ့လို ယူထားလိုက်တော့ သူတို့ကို မျှော်လင့်ချက်ပေးသလို ဖြစ်မသွားဘူးလား'

' ဒါပေမယ့် သူတို့က ဒီအတိုင်း ယူထားပေးရင်ကို ကျေနပ်ပါတယ်လို့ ပြောနေတာကို။ မယူရင် သူတို့ စိတ်မကောင်း ဖြစ်သွားမှာပေါ့'

' နောက်တစ်ခါ အဲ့လို လာပေးတဲ့သူတွေရှိရင် လက်မခံပဲ ငြင်းလိုက်။ အတင်းပေးရင် ဝမ်ရိရှန်းက မယူနဲ့လို့ ပြောထားတယ်လို့သာ ပြောလိုက်'

'ဟုတ်'

ပြီးတာနဲ့ ထမင်းဖြူတွေပဲ ဆက်စားနေတဲ့ ဂျိုကိုကြည့်ရင်း သူ့မှာ မချင့်မရဲ။ နားထောင်တာလား မထောင်တာလားကွာ။

ထမင်းဝါးနေတဲ့ ပါးဖောင်းဖောင်းတွေကို သူ့လက်ညှိုးနဲ့ ထိုးလိုက်တော့ အိခနဲနစ်ဝင်သွားတာကြောင့် ရိရှန်းသဘောကျနေတယ်။ ရိရှန်းငယ်ငယ်က အမြဲဝယ်စားတတ်တဲ့ ဟော့ကိုင်းဒိုးနို့ပေါင်မုန့်နဲ့တူတယ်လေ။ ဖြူဖြူဖွေးဖွေး နို့နံ့ မွှေးတေးတေးလေးနဲ့ ကိုက်လိုက်ရင် အိအိလေး။ ဂျိုကတော့ သူ့ကိုတစ်ချက်သာ ပြုံးပြပြီး ဘာမှမဖြစ်သလို ဆက်ဝါးနေလေတယ်။

သူ့အစ်မတော့ မသိ၊ ရိရှန်းကတော့ တစ်ခါတစ်လေ ဂျိုနဲ့အတူရှိတိုင်း အရုပ်လေးချထားသလို ငြိမ်ငြိမ်လေးနေတဲ့ အူ‌‌တူတူ‌ ကောင်လေးကို အသည်းတယားယားနဲ့ လှုပ်လျက်ခတ်သွားအောင် လုပ်ပစ်လိုက်ချင်တာ။ အဲ့ဒါက သူ့အတွက် ဆိုင်ကယ်ပြိုင်‌မောင်းရတာထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ ပြီးတော့ ဂျိုသွားစွယ်‌ချွန်ချွန်တွေပေါ်အောင် ဟက်ဟက်ပက်ပက် ရယ်နေရင် သူလည်း ပျော်လာတာမို့ ဂျို့အပြုံးတွေကို ရိရှန်း နှစ်နှစ်ခြိုက်ခြိုက် သဘောကျတယ်။ ဒီလိုခံစားချက်က သူ အငယ်မရှိပဲ အစ်မနဲ့ပဲ ကြီးပြင်းလာလို့လားမသိပါဘူးလေ။

ရိရှန်းက ငယ်ငယ်ကတည်းက စတော်ဘယ်ရီသီးကို အရမ်းကြိုက်တယ်။ ချိုချိုချဉ်ချဉ် စတော်ဘယ်ရီသီး နီနီရဲရဲလေးတွေက အရည်ရွမ်းသလို အရသာကလည်း လူကို လန်းဆန်းစေတာမို့ အားလပ်ရက်ရပြီဆို ရိရှန်းတို့ စတော်ဘယ်ရီသီး တစ်ပန်းကန်နဲ့ အိမ်ရှေ့မှာ ဂိမ်းဆော့ရင်ဆော့ မဆော့ရင် တီဗွီကြည့်နေပြီ မှတ်တော့။

အခုလည်း သူ တီဗွီကြည့်ရင်း စတော်ဘယ်ရီတွေ တမြုံ့မြုံ့ ဝါးနေပါတယ်။ သူ့ဘေးမှာတော့ ကျောင်းပိတ်ပေမယ့် ဘယ်မှ သွားစရာမရှိတဲ့ ဂျိုက ဖုန်းသုံးရင်း ရိရှန်းရဲ့ စတော်ဘယ်ရီတစ်ဝက်လောက်ကို မောင်ပိုင်စီးထားတာ။

ရိရှန်း တီဗွီကြည့်ရင်းနဲ့ အနားမှာ မလှုပ်မယှက်လေး ငြိမ်နေတဲ့ ဂျိုကို နောက်ချင်လာလို့ အသီးပန်းကန်ကို သူ့ဘက်ကို ဆွဲယူလိုက်တယ်။

'ဂျိုဂျို စတော်ဘယ်ရီသီး စားချင်လား'

'အင်း'

'အစ်ကို ခွံ့ကျွေးမယ်'

' အာ ရှက်စရာကြီး ကျွန်တော်က ကလေးမှ မဟုတ်တာ'

'မစားချင်ဘူးလား။ ဘယ်လိုလုပ်မလဲ ဒီပန်းကန်က နောက်ဆုံးပဲ။ အင်း စတော်ဘယ်ရီသီးကြီးကြီးက ဒီတစ်လုံးပဲ ကျန်တော့တာကို'

'အာ'

စိုရဲနေတဲ့ သစ်သီးကို ကမ်းပေးတော့ ဂျိုက မဝံ့မရဲ သူ့လက်နားကို တိုးလာပြီး စားရမလို မစားရမလို ဒွိဟဖြစ်နေတဲ့ပုံ။ နှုတ်ခမ်းကို အနည်းငယ်ဟပြီး စတော်ဘယ်ရီ တစ်ဝက်လောက်အထိကို တတိတိကိုက်ချပစ်လိုက်တဲ့အခါ ကျန်ရစ်ခဲ့တာက ရိရှန်းရဲ့ လက်ဖျားတွေနဲ့ ဂျိုရဲ့ နှုတ်ခမ်းသားတို့ ထိခတ်မိသွားတဲ့ ခပ်နွေးနွေးအထိအတွေ့တစ်ခု။ အစကတော့ ‌အဲ့ကလေးကို လှုပ်ခတ်သွားအောင် စလိုက်ပေမယ့် တကယ်တမ်း လှုပ်ခတ်သွားရတာက သူ့ရဲ့တည်ငြိမ်နေတဲ့ အသိစိတ်လေး။ စတော်ဘယ်ရီရည်တို့ စွန်းထင်းနေတဲ့ အနီဖျော့ဖျော့ နှုတ်ခမ်းတို့ကို ကြည့်ရင်း ရိရှန်း တံတွေးမျိုချမိတယ်။ စတော်ဘယ်ရီနံ့စွဲနေတဲ့ ဂျိုရဲ့ နှုတ်ခမ်းလုံးလုံးတွေက သူစားလိုက်တဲ့ စတော်ဘယ်ရီတွေလို ချိုမလားလို့ တွေးကြည့်မိတော့ ရိရှန်းတစ်ကိုယ်လုံး ဓာတ်လိုက်သလို ထူပူသွားလိုက်တာများ ရှိန်းခနဲ ဖိန်းခနဲ။

'အဟမ်း ရော့ ဂျိုဂျို တစ်ပန်းကန်လုံး ကုန်အောင်စားလိုက်တော့'

ခေါင်းစဉ်မဲ့အတွေးတွေက မေးခွန်းမှားတဲ့ သင်္ချာပုဒ်စာလို ပုံမှန်မဟုတ် ရှုပ်ထွေးလာတဲ့အခါ သူလုပ်မိတာက ပြဿနာရဲ့ ရေသောက်မြစ်လေးဆီက ရှောင်ပြေးတာပါပဲ။

Xxxxxx

ကြည့်ရအောင်။ တီရှပ်အနက်လက်ရှည်ကို အပေါ်ကနေ သားရေဂျက်ကတ် အညိုနဲ့တွဲဝတ်ထားပြီး အောက်ပိုင်းမှာ ဂျင်းခပ်ပွပွတစ်ထည်ကို ခုံထူထူဖိနပ်နဲ့ တွဲဝတ်ထားတယ်။ အရှေ့တို အနောက်ရှည် mullet ပုံစံ ညှပ်ထားတဲ့ ဆံပင်တွေက အထူးတလည်ပုံသွင်းစရာမလို ဂျဲလ်နည်းနည်းပွတ်ပြီး ဖွလိုက်ရင်ကို အဆင်ပြေနေပြီ။ နောက်ဆုံးအနေနဲ့ ရိုးရိုးငွေချိန်းကြိုးပျော့ကို လည်ဆွဲတစ်ခုနဲ့ တွဲဖက်ဝတ်ဆင်ပြီးတော့ သူ့ရဲ့ လျှောက်လည်မယ့် ဖက်ရှင်က ပြီးပြည့်စုံသွားပါရော။

ရိရှန်းတို့ စာ‌မေးပွဲဖြေပြီးသွားတာကြောင့် လွတ်လပ်ရေးရနေတာကို မကြည့်ရက်တဲ့ သူ့ရဲ့ အစ်မတော်က အချိန်ရှိခိုက် လုံ့လစိုက်ရမယ်ဆိုပြီး ဂျိုနဲ့ ဒိတ်နိုင်အောင် စီစဉ်ပေးရမယ်တဲ့လေ။

'ဟဲ့ ဝမ်ရိရှန်းရေ ဒိတ်မယ့်လူက ငါလား နင်လားဟေ။ ပြင်နေတာဆိုတာ မပြီးတော့ဘူး'

' ပြီးပါပြီဟ လောလိုက်တာ'

ရိရှန်း နောက်ဆုံးအနေနဲ့ နားဆွဲတစ်ခုဝတ်ပြီး အခန်းထဲက ထွက်လာလိုက်တယ်။

အိမ်ရှေ့ရောက်တော့ တွေ့ပါပြီ။ တီရှပ်၊ ဂျက်ကတ်၊ အပြဲအနည်းငယ်ပါတဲ့ ဂျင်းဘောင်းဘီ၊ ဖိနပ်အဆုံး အပေါ်အောက် အဖြူရောင်တွေချည်းဝတ်ပြီး ငုတ်တုပ်ထိုင်နေရာက ထလိုက်တဲ့ ဂျိုက ဖြူဖြူအိအိဆန်မုန့်လုံးလေးလိုပဲ။ ဒီအဝတ်အစားတွေက ဟိုတလောကမှ ရိရှန်းပဲ လိုက်ဝယ်ပေးထားရတာ။ အမေလိုက်ဝယ်ပေးမှ ဝတ်ရတဲ့ ဂျိုရဲ့ အပြင်ဝတ်အင်္ကျီ‌တွေက ရှပ်လက်တို၊ လက်ရှည်ကလွဲပြီးမရှိဘူးရယ်။ အဖြူတွေချည်းပဲမို့ တခြားလူဝတ်ရင် ကြည့်ရဆိုးမှာပေမယ့် ဂျိုရဲ့ကိုယ်ပေါ်မှာတော့ မော်ဒယ်တစ်ယောက်လိုပဲ ကြည့်ကောင်းနေပြန်ပါတယ်။

' အို ငါတို့ဂျိုဂျို ကြည့်ကောင်းနေတယ်ကွာ'

သူ့စကားကြောင့် ရှက်တတ်တဲ့ဂျိုက ပါးတွေရဲကာ မျက်လွှာချသွားတယ်။

'အစ်ကိုလည်း အရမ်းကြည့်ကောင်းပါတယ်'

ဒီတစ်ခါတော့ ထင်မထားတဲ့ခွန်းတုန့်ပြန်မှုမို့ ရှက်သွားတဲ့သူက ရိရှန်းသာ။

'အဟမ်း'

ချောင်းဝင်ဟန့်တဲ့ ဝမ်ရှင်းရှင်းကြောင့် ဂျိုက သူ့အစ်မကို အမြန် ချီးမွမ်းစကားပြောလိုက်ရတယ်။

' ကျဲကျဲလည်း လှပါတယ်ဗျ'

သူ့အစ်မကိုကြည့်လိုက်တော့ ဒူးအထက် အဝါနုရောင်နဲ့ အဖြူကွက် ဂါဝန်တို ကို Mary Janes ဖိနပ်အနီနဲ့ တွဲဝတ်ထားပြီး Ponytail ကစည်းထားလိုက်‌သေး။ အပျိုကြီးက ကလေးမုန့်‌ပေးကြိုက်‌နေတာဆိုတော့ ငယ်ပုံပေါက်အောင် ပြင်ထားတာလေ။ ဘယ်လိုပဲ သူ့အစ်မကလှနေပါစေ သူကတော့ ဂျိုဘက်ကတွေးပေးရပါလိမ့်မယ်။ လုံးဝ မလိုက်ဖက်ဘူး။

ရိရှန်းအစ်မက ကားရှိတာကြောင့် သုံးယောက်သား စီစဉ်ထားတဲ့အတိုင်း ဦးတည်ရာက Disneyland။
လမ်းတစ်လျှောက် ဂျိုက ကားမောင်းနေတဲ့ သူ့အစ်မဘေးမှာ ငြိမ်နေပေမယ့် ရိရှန်းနဲ့ အစ်မကတော့ ထုံးစံအတိုင်း သီချင်းရွေးပြီး ရန်ဖြစ်လိုက်၊ ပေါက်ပေါက်ဖောက်လိုက်ပါပဲ။

ကစားကွင်းရောက်တော့ အစ်မဆွဲခေါ်တဲ့နောက် ပါသွားပြီး ကလေးကလားဘီးကုပ်‌‌တွေတပ်ပြီး ဓာတ်ပုံရိုက်ခံနေရတဲ့ ဂျိုတို့နှစ်ယောက်နောက်က ကလေးအဖေကြီးလို မုန့်ထုပ်ဆွဲပြီး လိုက်နေရတဲ့ သုံးဘီးသူ့ဘဝကလည်း မသက်သာလှ။

အခုလည်း သူ့အစ်မရဲ့ ဆံစတွေကို ပြင်ပေးပြီး ဘီးကုပ်ပြန်တပ်ပေးနေတဲ့ ဂျိုကို ကြည့်ရင်း ရိရှန်းစိတ်ထဲ ဘာကို အလိုမကျမှန်းမသိ။ ရှက်သွေးဖြာနေတဲ့ အစ်မဖြစ်သူ ဝမ်ရှင်းရှင်းကို စိတ်မကြည်သလို သူ့အစ်မ ဆံနွယ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ဂျိုရဲ့ လက် ချောင်းသွယ်သွယ်တွေကိုလည်း ကြည့်မရ။ ကြည့်မရတာတွေများလာလို့ အကြည့်လွှဲလိုက်မိတော့ သူ့ဘေးမှာ သူ့ကိုလာမော့ကြည့်နေတဲ့ ကလေးတစ်ယောက်နဲ့ မျက်လုံးဆုံမိတယ်။

' ဘာလာကြည့်တာတုန်း မင်းက'

'အဟင့် ဟစ် အီး မေမေ'

ရုတ်တရက်ထငိုတဲ့ ကလေးစုတ်ကြောင့် အမေဖြစ်ဟန်တူတဲ့ အမျိုးသမီးက အနီးမှာရှိတဲ့ မုန့်ဆိုင်အတွင်းက ချက်ချင်းပြေးထွက်လာပါတယ်။ သူ့ကလေးကို ပွေ့ချီပြီး မသွားခင် သူ့ကို မျက်စောင်းထိုးပြီး ပွစိပွစိပြောသွားသေး။ သူလည်း ဘာမှမလုပ်ရပဲနဲ့။ ဟင်းးး ဒီနေ့ အားလုံးက သူ့မျက်လုံးထဲမှာ အဆင်ကိုမပြေပါဘူး။

'ဟဲလို ဟုတ်ကဲ့။ အာ တကယ်လား။ အဲ့ဒါဆို ကျွန်မ ရုံးကို အခုချက်ချင်း လာခဲ့ပါ့မယ်'

' ရိရှန်းရေ နင် ဂျို့ကို အိမ်ပြန်ခေါ်သွားလိုက်တော့နော်။ ငါ အလုပ်မှာ ပြဿနာ တစ်ခုရှိလို့ ချက်ချင်းသွားဖြေရှင်းမှ ရမှာမို့'

' အင်း ရတယ်လေ။ ကျွန်တော်တို့ ရထားနဲ့ပဲ ပြန်လိုက်မယ်'

' အဲ့ဒါဆို ဂျို ရိရှန်းနဲ့ အတူလည်ပတ်၊ မုန့်စားပြီးမှပဲ ပြန်လာလိုက်နော်။ အစ်မ သွားလိုက်ဦးမယ်'

'ဟုတ် အစ်ကိုနဲ့ဆို အဆင်ပြေပါတယ် ကျဲကျဲ'

ဂျိုက အမြဲလို ကြည်စင်နေတဲ့ သူ့မျက်လုံး နက်နက်တွေနဲ့ ရိရှန်းရှိရာကို ကြည့်ပြီးမှ ပြန်ဖြေလိုက်တယ်။

ရိရှန်း အစ်မ ထွက်သွားပြီးတော့ ကစားကွင်းထဲ မုန့်မြင်သမျှ လျှောက်စားနေတဲ့ ဂျိုရဲ့နောက်‌ကို ပိုက်ဆံအိတ်ကိုင်လိုက်နေရ‌တော့တယ်။ အဲ့ကောင်လေးဟာ သူ့ပါးစပ်ပိစိလေးနဲ့မှ မလိုက် အစားကတော့ အတော်သောင်းကျန်းတယ် ပြောရမယ်။ သူလည်း စားသလို ရိရှန်းကိုလည်း သူစားသမျှ ထိုးကျွေးသေးတာကြောင့် သူ့မှာ ကျေနပ်အောင် စားပေးရသေးတာ။
ဗိုက်ဝပြီးတော့ ယောင်လည်လည်ဖြစ်နေတဲ့ သူတို့နှစ်ယောက်က သရဲအိမ်ဘက်ကို ခြေဦးလှည့်မိလျက်သား။

နှစ်ဦးသား ဝင်ကြည့်ရင်ကောင်းမလား ဆုံးဖြတ်နေတုန်းမှာပဲ . ..

' ရိရှန်း ကိုကိုရိရှန်းမှတ်လား။ ဟိုနားက ကြည့်နေတာ။ ကိုကိုရိရှန်းနဲ့ တူပါတယ်လို့'

' ဪ ဟာရှိမိုတိုစံ'

ဟာရှိမိုတိုစံက ရိရှန်းရဲ့ ရည်းစားဟောင်းတွေထဲက တစ်ယောက်။ ကျောင်းတော့မတူ။ မျက်နှာများတာတော့မဟုတ်ပေမယ့် အမေပေးတဲ့ရုပ်ရည်လေးကြောင့် စော်ကြည်တဲ့သူက နည်းနည်းတော့ Romanticist ဆန်တယ်လို့ပြောရမယ်။ လတ်တလောမှာတော့ သူ့မှာ အရင်လို ရည်းစားပင်မထားအား။ စိတ်ထဲတစ်ခုခုက နေရာယူထားသလိုဖြစ်နေလို့ စာ‌မေးပွဲနဲ့ ဂျိုကလွဲ တခြားကိစ္စတွေတောင် ခေါင်းထဲသိပ်မရောက်ဖြစ်။

'ကိုကိုရိရှန်း နဲ့ ညီမနဲ့ မတွေ့ဖြစ်တာ တော်တော်ကြာပြီနော်။ ညီမကတော့ သတိရနေတာ'

'အာ အစ်ကိုမအားလို့ပါ'

' အခု ကိုကိုရိရှန်းတို့ သရဲအိမ်ထဲ ဝင်ဖို့မှတ်လား။ ညီမနဲ့အတူ ဝင်ရအောင်လေ။ တစ်ယောက်တည်း ဖြစ်နေလို့ရယ်'

သူ့မှာ ဂျိုလည်းပါတာကြောင့် တခြားလူ နဲ့ရှိရင် အနေခက်မှာစိုးလို့ သိပ်ဘဝင်မကျ‌ပေမယ့်လည်း မိန်းကလေးဘက်က တောင်းဆိုလာတော့ ငြင်းရခက်ခက်။

' အင်း ရတယ်လေ။ ဝင်ကြတာပေါ့'

ဒီလိုနဲ့ သုံးယောက်သား လက်မှတ်ဖြတ်ပြီးတော့ ဝန်ထမ်းကောင်မလေးက ဝင်ပေါက်ရှိရာကို လမ်းပြပေးပါတယ်။ သူတို့နဲ့အတူ ဝင်မယ့် အခြားလူတွေလည်း နှစ်ယောက်စ သုံးယောက်စ တွေ့ရတယ်။

' ကိုကိုရိရှန်း ညီမကြောက်တယ်။ ညီမလက်ကို ကိုင်ထားပေးလို့ရမလား'

အထဲမဝင်ခင် ဟာရှိမိုတိုက အနည်းငယ်ကြောက်ရွံ့တဲ့ အမူအရာနဲ့ သူ့နားကို ကပ်လာတယ်။ မျက်လုံးဝိုင်းတွေနဲ့ ချစ်စရာကောင်းတဲ့ မိန်းမငယ်လေး ကြောက်နေပုံဟာ သာမန်ယောက်ျားလေးတွေရဲ့ မျက်လုံးထဲမယ် အရိုးကြေကြေအရေခမ်းခမ်း လုံးဝကာကွယ်ပေးချင့်စရာပါ။

ဒါပေမယ့် ....

' ကိုကိုရိရှန်း ကျွန်တော်လည်း ကြောက်တယ်'

ပြောရင်း သူ့ရဲ့ ဂျက်ကတ်အင်္ကျီလက်ကို လက်ညှိုး၊လက်မနဲ့ ညှပ်ပြီး မဝံ့မရဲ လာဆွဲတဲ့ ဂျို။

ကိုကိုရိရှန်း။

ဂျို့နှုတ်ဖျားက ဩရှရှကိုကိုခေါ်သံက ရည်းစားဟောင်း ဟာရှိမိုတိုစံလို ချွဲပျစ်မနေပဲ ဘာလို့ နားထောင် ‌‌ ကောင်းနေပါလိမ့်။ ဂျိုရဲ့ ဒီလိုပုံစံကို တစ်ခါမှ မမြင်ဖူးတဲ့ ရိရှန်းအတွက် အခုအခြေအနေက ရင်ဘတ်ထဲ တစ်ယောက်ယောက်က နူးညံ့တဲ့ငှက်မွှေးနဲ့ ဖွဖွလေး လာတို့ထိ နေသလိုခံစားချက်‌မျိုး။ ရိရှန်း အသည်းယားလွန်းလို့ အံကြိတ်ပြီး လက်သီးဆုပ်မိသွားတယ်။

'ဂျိုလေး ကြောက်လို့လား'

'ဟုတ် ကျွန်တော် တစ်ခါမှ သရဲအိမ်ထဲ မဝင်ဖူးဘူးရယ်'

' ဒီကမောင်လေးက တစ်ယောက်တည်းသွားလို့ မရဘူးလား ယောက်ျားလေးပဲဟာ'

' ယောက်ျားလေး မကြောက်ရဘူးလို့မှ ဥပဒေမရှိတာ နော် ကိုကိုရိရှန်း'

' ဟုတ်သားပဲ။ ဟာရှိမိုတိုစံရယ် ကလေးက ကြောက်နေတာကို။ ဒီလိုလုပ် နောက်ကလူတွေနဲ့ တွဲလိုက်လေနော်။ အစ်ကိုနဲ့ ဂျိုနဲ့က အတူဝင်လိုက်မယ်

'......'

အလိုမကျသလို မျက်မှောင်ကုတ်ပြီး ခြေဆောင့်ထွက်သွားတဲ့ ဟာရှိမိုတိုစံက စိတ်ဆိုးသွားမှန်း သိသာပေမယ့် ရိရှန်း ဂရုမစိုက်အား။ ဂျိုရဲ့ 'ကိုကို' ခေါ်သံမှာ အရည်‌ပျော်ပြီး ထွန့်ထွန့်လူးနေတဲ့ သူ့နှလုံးသားလေးက သူတို့နှစ်ယောက် သရဲအိမ်ထဲက ထွက်လာတဲ့အထိကို မြုံးမိတဲ့ငါးလေးလိုပဲ တုန်ရီနေတုန်း။

တစ္ဆေသရဲ‌က ကြောက်ဖို့ကောင်းတယ်လို့ ဘယ်သူပြောလဲ။ သရဲအိမ်ထဲက ရုပ်ဆိုးဆိုး သရုပ်ဆောင်တွေထက် သူ့လက်မောင်းကိုမလွှတ်တမ်း ဖက်တွယ်ထားတဲ့ နုနုနယ်နယ် ကလေးမျက်နှာလေးနဲ့ အာဆာကူရာဂျိုက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းတို့‌ မသိသေးပါဘူး။

‌ညနေ လေးနာရီ‌လောက်ရှိတော့ အိမ်ပြန်ဖို့ ရထားထဲကို ဂျိုရဲ့လက်ဆွဲပြီး ဝင်လိုက်တဲ့ ရိရှန်းတစ်ယောက် အရှိန်မသေသေးတဲ့ ရင်ဘတ်ထဲက နှလုံးအိမ်ကို ချိုးနှိမ်ရင်း။

ညနေစောင်း အလုပ်ဆင်းချိန်မို့ လူပြည့်နေတဲ့ အများသုံးယာဉ်ထဲ နှစ်ယောက်သား လူတိုးနေရတယ်။ တိုကျိုမြို့ထဲက မထွက်မချင်း လူက ပိုကျပ်လာဖို့ပဲရှိတာကြောင့် လူမကွဲအောင် ရိရှန်း နေရာရှာရတော့မယ်။

'ဂျို ဒီဘက်ကို လာ'

နည်းနည်းလူချောင်ပုံရတဲ့ ထောင့်နေရာကို မြင်လိုက်တာကြောင့် ညာလက်ဖျံနဲ့ ရုံးဝတ်စုံဝတ်ထားကြတဲ့ လူတစ်သိုက်ကို တွန်းတိုက်ရင်း ဂျိုကို ထောင့်ကပ်ထားလိုက်တယ်။ ရထားတံခါးနဲ့ ခရီးသည်ထိုင်ခုံကြားမှာ တြိဂံလို ထောင့်ကျဉ်း ဖြစ်နေတာကြောင့် လူတစ်ယောက်စာ ကွက်တိ။ တံခါးပွင့်ရင် လူမတိုးအောင် ရိရှန်းက ဘယ်လက်နဲ့ ဂျိုရဲ့ ညာဘက်ဘေးက လက်ရန်းကို ကိုင်ထားပြီး ညာလက်ကတော့ ခရီးသည်ခုံနဲ့ ကန့်သတ်ထားတဲ့ သတ္တုတန်းကို ဖမ်းဆုပ်ထားလိုက်တယ်။ အခုအနေအထားမှာ ဂျိုက ရိရှန်းရဲ့ လက်မောင်းလှောင်အိမ်ထဲ အလိုတူအလိုပါ ပိတ်နှောင်မိသွားတဲ့ ငှက်ငယ်လေး။

'ခွင့်ပြုပါ။ တောင်းပန်ပါတယ်ရှင့်'

ရိရှန်းနောက်က လူတိုးနေတဲ့ မိန်းကလေးတစ်ယောက်က သူ့ကျောကို အတင်းဝင်တိုက်မိတော့ ရှေ့ကိုငိုက်ကျသွားတဲ့အခါ သူ့မြင်ကွင်းကိုထဲကို အပြည့်အဝ ဝင်လာတာက ဂျိုရဲ့ စတော်ဘယ်ရီရောင်ဖျော့ဖျော့ နှုတ်ခမ်းပြည့်ပြည့်တစ်စုံအောက်က မှည့်နက်ကလေး။ ပြီးတော့ သူအမြဲတမ်း အသည်းယားလို့ ဖျစ်ညှစ်ပစ်ချင်နေတဲ့ နို့နှစ်ရောင် ပါးနုနုနှစ်ဖက်။

တစိမ့်စိမ့်ထိုင်ကြည့်ချင်နေစရာ ကောင်းတယ်လို့ တွေးမိတော့ ရိရှန်းစိတ်ထဲ မလုံမလဲ။ ဒီခံစားချက်က သူများပိုင်တဲ့ အရာကို သူများမသိအောင် ကိုယ့်ပိုင်ဆိုင်မှုလို့ တိတ်တိတ်လေးခိုးပြီး စာရင်းသွင်းလိုက်မိသလိုပဲ။

ကျူးကျော်လာတဲ့ တရားမဝင်အတွေးတွေကြောင့် လန့်ပြီး ဂျိုကို ကြည့်မိတော့ အာဆာကူရာဂျိုတို့က ဒီအခြေအနေမှာ မျက်လုံးတောင် မှိတ်ထားလိုက်သေး။ သူ့စိတ်ကို ပဒိုင်းသီးမစားပဲ ဘလိုင်းကြီးရူး‌အောင် အနုကြမ်းစီးနေတဲ့ တရားခံလှလှလေးက သူ့ရှေ့မှာတင် ဆက်သွယ်မှုဧရိယာ ပြင်ပရောက်နေတဲ့ အခါ ရိရှန်းခမျာ အဖြေရှာမတွေ့သေးတဲ့ အတွေးတွေကို ပွေ့ပိုက်ရင်း တရုတ်‌ရိုးရာ ခေါက်ယပ်တောင်ငယ်တွေလို ပြန့်ဝဲကျနေတဲ့ ဂျိုရဲ့ မျက်တောင်ရှည်စင်းစင်းတွေကိုသာ ရေတွက်နေမိတော့တယ်။

အဲ့နေ့ညမှာ ရိရှန်း တစ်ရေးမှ အိပ်မပျော်ခဲ့ပါဘူး။ ဘာလို့ဆို ဂျိုနဲ့ပတ်သက်တဲ့ သူ့စိတ်ကိုသူ မေးခွန်းတွေ ထုတ်နေရလို့ပါပဲ။

ညီလေးလို သဘောထားတဲ့သူက သူများနဲ့အတူရှိတာကို မကြိုက်တာ ပုံမှန်လား?

ရည်းစားဟောင်းထက် ညီလေးလို သဘောထားတဲ့သူဆီက ကိုကို ခေါ်သံက ပိုချစ်ဖို့ကောင်းတယ်လို့ ထင်နေရင်ရော ပုံမှန်အခြေအနေလား?

ညီလေးလို သဘောထားတဲ့သူရဲ့ နှုတ်ခမ်း‌ထွေးထွေးတွေက ယစ်မူးချင်စရာလို့ တွေးမိတာ ပုံမှန်လား?

ညီလေးလို သဘောထားတဲ့သူကို ကိုယ့်အပိုင်လို့ တံဆိပ်ခတ်ထားချင်တာကရော ရိုးရိုးသားသားလား?

ဒီလို မေးခွန်းတွေ တသီတတန်းကြီး မေးပြီးတဲ့နောက်မှာ လယ်ပြင် ဆင်သွားသလို ရှင်းရှင်းလင်းလင်း ပေါ်လာတဲ့ အဖြေကြောင့် ရိရှန်း ခေါင်းအုံးပေါ်မျက်နှာအပ်ပြီး အော်လိုက်မိတယ်။

'အား~~~~~'

' ဟဲ့ ဝမ်ရိရှန်း ညကြီးသန်းခေါင် ဘာအရူးထတာလဲ။ ငါရေနဲ့ လာမပက်ခင် အိပ်လိုက်တော့‌နော်'

'ဟုတ် မား'

ဂျပန်ဆန်မုန့်လေးဆီမှာ သူ့ရဲ့နှလုံးသားလေး ပြန်လမ်းမရှိ ဌာပနာခံလိုက်ရပြီဆိုတာ အသိအမှတ်ပြုပြီးနောက်မှာတော့ ဝမ်ရိရှန်းရဲ့ နေ့ရက်တိုင်းဟာ ရိုလာကိုစတာ စီးနေရသလိုပဲ။

ဂျိုနဲ့အတူရှိနေရင် သူ့မှာ စတော်ဘယ်ရီသီးလေးစားရသလို နို့ပေါင်မုန့်လေးဝါးရသလို ချဉ်ချဉ်ချိုချိုနဲ့ ရင်ဖိုရပေမယ့် ဂျိုအိမ်ကိုလာရင် သူ့အစ်မနဲ့ နှစ်ယောက်တည်း ရှိမှာစိုးလို့ ရင်ပူရသလို ကျောင်းမှာလည်း ဂျို့အနားကပ်တဲ့ သူမှန်သမျှနဲ့ သဝန်တိုရလွန်းလို့ ရိရှန်း အသက်ပါတိုချင်လာတယ်။

သူ့ရဲ့အခြေအနေကို ရိပ်မိတဲ့ ယုမကတော့ သူများမဦးခင် ဖွင့်ပြောလိုက်ဖို့ အကြံပေးပါတယ်။ သူပြောမှလား။ ရိရှန်းလည်း သိတာပေါ့။ ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ကခက်တယ်။ ဖွင့်ပြောရမယ်ဆိုတာ သိပေမယ့် ဖွင့်ပြောလိုက်မယ်ကြံတိုင်း ရိရှန်း ချွေးတွေပြန် ဒူးတွေတုန်ပြီး ထွက်ပြေးချင်လာတာရယ်။ အချစ်တစ်ပွဲထက် စစ်ပွဲတစ်ရာသာ နွှဲလိုက်ချင်တယ် ဆိုတဲ့ လူကြီးတွေစကားကို သူနားလည်လာသလိုပဲ။ ပြီးတော့ သူ့မှာက အချိန်ကိုက်ဗုံးတစ်လုံးလည်း လက်ဝယ်ပိုက်မိသား။

တစ်နေ့တော့ သူ့ထဲ‌မထွေးနိုင် မအန်နိုင် သယ်ပိုးထားရတဲ့ ဗုံးရဲ့ စနက်တံကို ဂျိုက လာဖြုတ်လိုက်ပါတယ်။

'ကိုကိုရိရှန်း ကျွန်တော် ကျဲကျဲကို ဝန်ခံရင် ကောင်းမလားဟင်'

'ဟမ်'

' အစ်မရှင်းရှင်းကိုလေ ကျွန်တော် သေချာရည်းစားစကား ပြောတော့မလို့။ ကိုကိုက ရည်းစားတွေအများကြီး ထားဖူးတော့ မိန်းကလေးတွေ ဘာကြိုက်လဲ ပိုသိမှာ မှတ်လား'

' ဟင် အင်း'

ရိရှန်းဘဝမှာ ရည်းစားထားမိလို့ အကြီးအကျယ်နောင်တရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပါ။ ခုတော့ဖြင့် ချစ်ရသူ ရည်းစားရဖို့အရေး သူ့ရဲ့ ရည်းစားထားတဲ့ အတွေ့အကြုံတွေကို အသုံးချပေးနေရတယ်လို့။

' လူရှင်းတဲ့ စားသောက်ဆိုင်မှာ လှလှပပပြင်ဆင်ပြီး နှင်းဆီပန်းစည်းနဲ့ ဖွင့်ပြောရင် အဆင်ပြေမှာပါ'

' အိုး ရိုမန်တစ်ဆန်တာပဲ။ ကျဲကျဲ သဘောကျမှာပါနော်'

ရင်ဘတ်ထဲက စူးအောင့်လာတဲ့ ခံစားချက်ကို လစ်လျူရှုပြီး ရိရှန်း ဂျို့ကို အားပေးစကားပြောလိုက်ပါတယ်။

' အင်း....ကိုယ့် အစ်မက ဂျိုဖြစ်နေလို့ကို သဘောကျမှာပါ'

'အင်းနော်။ ကျေးဇူးပဲ ကိုကိုရိရှန်း'

သူသဘောကျရတဲ့ ကြည်ကြည်တောက်တောက် မျက်နက်ဝန်းတွေက ချစ်ရည်ရွန်းလဲ့ပြီး အပြုံးနုနုက ပါးမိုမို့ထက်မှာ နေရာယူလာတဲ့တစ်ခဏတာမှာ ရိရှန်းစိတ်ထဲကို အတွေးဆိုးလေးတစ်ခုက မဖိတ်ခေါ်ပဲ ဝင်လာပါတယ်။ ဒီအပြုံးတွေကို ဖြစ်စေတဲ့ နောက်ကွယ်ကလူကို သူဒီကမ္ဘာက ပျောက်ကွယ်သွားစေချင်လိုက်တာ။ သတိချပ်မိတဲ့အခါ ရိရှန်း သူ့အစ်မအရင်းကို အားနာမိပြန်ပါတယ်။

ဘာလိုလိုနဲ့ ဂျိုဝန်ခံမယ်ဆို‌တဲ့ ဖေဖော်ဝါရီ 14 ရက်‌နေ့ကို ရောက်ရှိလို့လာပါပြီ။ အချိန်တွေဟာ သူ့အတွက် ကွက်ပြီး မြန်နေတယ်လို့တောင် ထင်မိတယ်။ သူမပိုင်ဆိုင်ပေမယ့် သူ့အပိုင်လို့ တိတ်တခိုး သတ်မှတ်ထားမိတဲ့ ဂျိုကလေးကတော့ မနေ့ညကတည်းက သူရွေးပေးထားတဲ့ အဖြူရောင်လည်ပိတ်ဆွယ်တာနဲ့ အဖြူရောင် suit လေး ဝတ်ပြီး အိမ်ကထွက်သွားနှင့်ပြီ။ ချိန်းတဲ့အကြောင်းရင်းကို မသိသေးတဲ့ သူ့အစ်မကတော့ စိမ်ပြေနပြေ အလှပြင်နေတုန်း။

အသည်းကွဲနေတဲ့ ရိရှန်းတစ်ယောက် ဒီရက်ပိုင်း အိပ်ရေးတွေပျက်ထားတာမို့ မျက်တွင်းဟောက်ပက်ဖြစ်နေရှာတယ်။ ဒါပေမယ့် အစ်မဖြစ်သူကိုတော့ အိမ်ကမထွက်ခင် မျက်နှာတော့ပြလိုက်မယ်လို့ တွေးရင်း ရိရှန်း ဒုတိယထပ်က သူ့အစ်မ အိပ်ခန်းဆီ တက်လာလိုက်တယ်။

' လွမ်းလိုက်တာ Fuma kun။ အလုပ်တွေ မပြီးသေးဘူးလား။ မြန်မြန်ပြန်လာခဲ့နော်'

'......'

'အင်း ကျွန်မလည်း ချစ်တယ်နော်'

တစ်ယောက်ယောက်နဲ့ ဖုန်းထဲမှာ အကြည်ဆိုက်နေတဲ့ အစ်မလုပ်သူက ခပ်ဟဟဖြစ်နေတဲ့ တံခါးနောက်ကွယ်က ရိရှန်းကိုမမြင်။

ဘာလဲ။ သူ့အစ်မက တခြားတစ်ယောက်ရှိရက်နဲ့ ဖြူဖြူစင်စင် ဂျို့ကို ကစားနေတာလား။ ရိရှန်းကတော့ ဂျို စိတ်ညစ်မှာစိုးလို့ ချစ်တာကိုတောင် ဖွင့်မပြောဖြစ်ပဲ တစ်သက်လုံးသိမ်းဆည်းသွားဖို့ လုပ်ခဲ့တာလေ။ သူ့နှလုံးသားကိုတောင် ချနင်းပြီး လမ်းခင်းပေးခဲ့တဲ့ ချစ်ရသူရဲ့ ချစ်ရသူက လတ်စသတ်တော့ ဝေးဝေးရှောင်ရမယ့် အီးပုံကြီးဖြစ်နေတာပဲ။

မိရှင်းရှင်း နင်တော့သေပြီ။

'ဝမ်ရှင်းရှင်း နင် ဘယ်လိုတောင် အတင့်ရဲတာလဲ။ နင် အောင်သွယ်ပေးပါ‌ဆိုလို့ ငါ့မှာ ရင်ကွဲခံပြီး ဂျိုဂျိုကို နင့်ဆီပို့ပေးတာလေ။ ခုတော့ နင်က ဘာမှ မသိနားမလည်တဲ့ ကလေးကို လှည့်စားတယ်ပေါ့'

' ရိရှန်း မောင်လေး စိတ်လျှော့။ အစ်မရှင်းပြမယ်'

' ဘာမှလာမရှင်းနဲ့။ မကြားချင်ဘူး။ နင် အခု ဂျို့ဆီသွားဖို့ ပြင်နေတာမှတ်လား။ ငါပြောမယ် ဒီနေ့ နင် ဘယ်မှမသွားရဘူး'

ရိရှန်း သူ့အစ်မကို အော်ဟစ်ကြိမ်းမောင်းပြီးသည်နဲ့ သူ့အစ်မအခန်းကို အပြင်မှလော့ခ်ချပြီး တံခါးလက်ကိုင်ကိုလည်း ခြေထောက်နဲ့ ကန်ကာ ဖျက်ဆီးပစ်လိုက်တယ်။

'ဝမ်ရိရှန်း ဟဲ့ ကောင်စုတ်လေး အခုချက်ချင်း တံခါးဖွင့်စမ်း ဟဲ့'

တံခါးရွက်ကို ထုရိုက်ပြီး ဖွင့်ခိုင်းနေတဲ့ အစ်မဖြစ်သူကို ပလစ်ပြီး ရိရှန်း အမြန်အခန်းထဲဝင်ပြီး ဆိုင်ကယ်သော့ ပြေးယူတယ်။

အိမ်ထဲက တဘုန်းဘုန်းထုပြီး ‌အော်နေတဲ့ ငှက်ဆိုးထိုးသံကိုလည်း လစ်လျူရှုထားလိုက်ပြီး သူ့ဆိုင်ကယ်ကို စက်နှိုးပြီး အမြန်ပဲ မောင်းထွက်ခဲ့လိုက်တယ်။ မိုင်ကုန်မောင်းလာတာကြောင့် တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ရပ်ကွက်ထဲ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဟောပြောရေးလုပ်နေတဲ့ ပွဲ‌ရှေ့က ဆိုင်းဘုတ်ကိုဝင်ကြုံးခဲ့တာမို့ အရန်စောင့်နေတဲ့ ယာဉ်ထိန်းရဲက ချက်ချင်းကို သူ့နောက်က သံစုံမြည်ကာ စိန်ပြေးလိုက်တမ်းကစားသလို လိုက်လာခဲ့တော့တယ်။

'ငနာလေး ရှေ့မှာ ချက်ချင်းရပ်လိုက်စမ်း'

' မရပ်ဘူးလား။ မင်းတော့ ဂျေးအောင်းရပြီသာမှတ်'

အပြင်ပန်းမှာ တည်တည်ငြိမ်ငြိမ် နဲ့ မြန်နှုန်းမြင့် မောင်းနေပေမယ့် လောလောဆယ် သူရင်ဘတ်ထဲမှာတော့ ဖော်မြူလာဝမ်းကွင်းမှာ အပတ် တစ်ရာလောက် မရပ်မနား ‌ပတ်မောင်းထားတဲ့ ကားလိုပဲ ဗလောင်ဆူနေပြီ။

ချိန်းထားတဲ့ ဆိုင်ကိုရောက်တော့ ဘယ်သူမှ မတွေ့တာကြောင့် သီးသန့်ခန်းတွေကို တစ်ခန်းပြီး တစ်ခန်း လိုက်ဖွင့်ရှာရတော့တယ်။

'ဂျို'

' ဧည့်သည်ခင်ဗျ။ ဒီလိုလုပ်လို့ မရပါဘူး။ တခြားလူတွေကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ'

ရေးကြီးသုတ်ပျာနဲ့ တစ်ခန်းဝင် တစ်ခန်းထွက် လုပ်နေတဲ့ ရိရှန်းကို လိုက်တားနေတဲ့ ဝန်ထမ်းကောင်လေးကို သူတွန်းထုတ်လိုက်တယ်။

' ဖယ်စမ်းပါကွာ'

'ဂျို'

ဟော တွေ့ပါပြီ။ သူ့ရဲ့ ဆန်မုန့်လုံးလေးကို။ စားစရာတွေမှာထားပြီး မတို့မထိရသေးတာကိုကြည့်ရင် အစားမက်တဲ့ဂျို ဘယ်လောက်စိတ်လှုပ်ရှားနေလဲ အသိသာကြီး။ ထိုင်နေတဲ့ ဂျိုရဲ့ ရင်ခွင်ထဲမှာတော့ နှင်းဆီ 99 ပွင့်နဲ့ သူမှာပေးထားရတဲ့ ပန်းစည်းကပိုက်လျက်သား။

'ကိုကိုရိရှန်း'

'ဂျို လာ ကိုယ်တို့ ပြန်ရအောင်။ ဝမ်ရှင်းရှင်းအတွက်နဲ့ ပိုက်ဆံကုန်မခံနဲ့။ သူက မင်းကို လှည့်စားနေတာ သိလား။ သူ့မှာ ရည်းစားကြီးရှိတယ်'

' နေ နေပါဦး ကိုကိုရဲ့'

' ဂျိုက ဘာလုပ်ဦးမလို့လဲ။ ဓာတ်ပုံရိုက်ပြီး ကစားခံရတဲ့အကြောင်း မှတ်တမ်းတင်ဦးမလို့လား'

' အာ မဟုတ်ပါဘူး'

' မဟုတ်ရင် ဘာလုပ်မလို့လဲ။ ကိုယ့်အစ်မပေမယ့်လည်း ရတယ်နော်။ ဒီပန်းစည်းနဲ့ သူ့ကိုသွားရိုက်ချင်ရင်...'

စကားမဆုံးခင် သူ့နှုတ်ခမ်းပေါ်ရောက်လာတဲ့ နုနုအိအိနှုတ်ခမ်းတစ်စုံကြောင့် ရိရှန်း ဦးနှောက် ချာချာလည်သွားသလို ခံစားလိုက်ရတယ်။

' ကျွန်တော် ဘယ်တုန်းကမှ ဝမ်ရှင်းရှင်းကို မချစ်ခဲ့ဘူး'

'ဟမ်'

' ကျွန်တော်ချစ်တာက ကိုကို့ကိုလေ ဝမ်ရိရှန်းဆို‌တဲ့ ကိုကိုငတုံးကြီးကို'

' ဂျို ကိုယ်...'

'ကိုကိုသိလား။ စစချင်း အိမ်ပြောင်းလာတဲ့ နေ့ကတည်းက ကိုကို့ကို သဘောကျခဲ့တာ။ အစ်မရှင်းရှင်းကို အောင်သွယ်ခိုင်းခဲ့တာလည်း ကျွန်တော်ပဲ။ ကျွန်တော့ ဝမ်းကွဲအစ်ကို Fuma ကိုတော့ ထိုးကျွေးလိုက်ရတာပေါ့‌လေ။ အနေနီးအောင်လုပ်ပြီး ကျွန်တော့ကို စိတ်ယိုင်လာအောင်လုပ်ပေမယ့် ကိုကိုက ဘာမှလည်း မလှုပ်ရှားဘူး။ ကျွန်တော့အပေါ် သေချာပေါက် ညီလေးတစ်ယောက်ထက် ပိုနေပေမယ့် ကိုကိုကဝန်မခံဘူးလေ။ ဒါကြောင့် အစ်မရှင်းရှင်းနဲ့ တိုင်ပင်ပြီး ဇာတ်လမ်းဆင်လိုက်ရတာ'

'ဝါးးး ဂျိုဂျို မင်း'

'ကျွန်တော် မှန်တယ်မှတ်လား'

'ကိုယ်က ဂျို့ကို အမြဲ အပြစ်ကင်းတဲ့ ကြောင်ပေါက်စလေးလို့ ထင်ခဲ့တာ လတ်စသတ်တော့ ဂျိုက ဉာဏ်များတဲ့ မြေခွေး‌ပေါက်လေးဖြစ်‌နေတာပဲ'

' အင်း အခုပြောလို့ရပြီ'

' ဘာကိုလဲ'

' ကိုကိုပြောဖို့ပြင်ထားတဲ့စကားလေ'

' မေ့သွားပြီ။ ဘာပြောဖို့ပါလိမ့်'

'ဝမ်ရိရှန်း။ တကယ် အကျင့်မကောင်းဘူး'

မျက်မှောင်လေးကြုတ်ကာ အလိုမကျတဲ့ဟန်နဲ့ပြောနေတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းဖူးဖူးလေးကို သူ လက်ဖျားထိပ်တွေနဲ့ ရွရွလေးဖမ်းဖိဆွဲလိုက်တယ်။

' ဂျိုက ကိုယ့်ကို ပြောင်းဖူးလေးလို လှည့်စားသွားတာလေ။ လျော်ကြေးတော့ ပေးသင့်တာပေါ့'

'...'

သူ့လက်‌ချောင်း တွေကနေ ရုန်းထွက်ပြီးနှုတ်ခမ်းကို တစ်ချက်လာနမ်းကာ ချော့နေတဲ့ ဂျိုက ကလေးတွေ အပြစ်လုပ်မိလို့ လာချွဲနေသလို။

'အဲ့ဒါက နမ်းတာ‌လား'

'ဟုတ်တယ်လေ'

သူ့ကို အူတူတူကြည့်နေတဲ့ ဂျိုကို သူ လက်နှစ်ဖက်နဲ့ ကန့်လန့်ဖြတ်ပဲ စွေ့ခနဲပွေ့ချီပြီး ခုံပေါ်ထိုင်ချရင်း ပေါင်ပေါ်တင်ထားလိုက်တယ်။ သူ့ထက် နည်းနည်းလေး အရပ်ရှည်ပေမယ့်လို့ ဒါက ရိရှန်းအတွက်တော့ လုံးဝအနှောင့်အယှက်တစ်ခု မဟုတ်။

'တကယ်နမ်းတာက ဘယ်လိုမျိုးလဲ ကိုယ်သင်ပေးမယ်'

မျက်လုံးအဝိုင်းသား ငေးကြည့်နေတဲ့ ဂျိုရဲ့ ခပ်ဟဟနှုတ်ခမ်းနီထွေးထွေးတို့က ရိရှန်းဖျောက်ဖျက်မရခဲ့တဲ့ တိုကျိုမြို့ရဲ့ ရထားပေါ်က လိုအင်ဆန္ဒတစ်ခုကို ပြန်အမှတ်ရစေတယ်။

နီးကပ်သွားတဲ့မျက်နှာနှစ်ခု။ ရောယှက်သွားတဲ့ ဝင်သက်ထွက်သက်တို့နဲ့အတူ မှိတ်ကျသွားတဲ့ မျက်လုံးနှစ်စုံ။

သူ မက်မောခဲ့တဲ့ စတော်ဘယ်ရီရောင်နှုတ်ခမ်းတွေဟာ စိတ်ကူးအိပ်မက်ထဲကထက်တောင် ပူနွေးချိုမြလို့နေပါတယ်။ ချိုလွန်းလို့ ရိရှန်းရဲ့ လျှာဖျားတွေကပါ နက်နက်ရှိုင်းရှိုင်း နယ်ချဲ့ပြီး သူ့ရဲ့ပြင်းပြတဲ့ချစ်ခြင်းကို စကားလုံးတွေအစား ချောမွေ့တဲ့ လူးလွန့်လှုပ်ရှားမှုတွေနဲ့ အထိမိဆုံး အဓိပ္ပာယ်ပြန်ဆိုပေးနေသလိုပါပဲ။
စက္ကန့်နဲ့အမျှ ဒီရေလိုမြင့်တက်လာတဲ့ သူ့ရင်ထဲက ခံစားမှုနဲ့အတူ တဖြည်းဖြည်း ဒီဂရီတက်လာတဲ့ ရင်ညွှန့်ထက်က အပူရှိန်ကြောင့် ရိရှန်း လွတ်ချင်နေတဲ့စိတ်ကို ထိန်းပြီး မွတ်သိပ်တဲ့ အနမ်းရိုင်းကို ခပ်ဖွဖွအနမ်းတစ်ခုနဲ့ ဘရိတ်အုပ်လိုက်ရတယ်။

တိတ်ဆိတ်နေတဲ့အခန်းထဲမှာ အဲယားကွန်းသံသဲ့သဲ့နဲ့အတူ အသက်ရှူသံပြင်းပြင်းနှစ်ခုက စည်းချက်ညီညီ ရောလို့သွားတယ်။

' တော်သေးတာပေါ့။ ဒီအကြံအလုပ်ဖြစ်လို့။ မဟုတ်ရင် ကျွန်တော်က ဝမ်မားမားဆီမှာ ကိုကို့ကို လာတင်တောင်းရတော့မလားလို့ တွေးနေတာ'

' အမယ် ဂျိုက ကိုယ့်ကိုဘာခန်းဝင်ပစ္စည်းတွေနဲ့များ လာတင်တောင်းမလို့လဲ'

' အင်း... ဒီမှာလေ ခန်းဝင်ပစ္စည်းဆိုမှတော့ ကျွန်တော်ပဲ‌ပေါ့'

အတည်ပေါက်နဲ့ ရိရှန်းရဲ့ မျက်နှာနားကို တိုးလာတဲ့ ဂျိုဟာ လောလောလတ်လတ်နမ်းထားလို့ စိုရဲဖူးကြွနေတဲ့ သူ့နှုတ်ခမ်းတွေက ဝမ်ရိရှန်းဆိုတဲ့ အန္တရာယ်ကို လက်ယပ်ခေါ်နေမှန်း မသိရှာ။

'ဒါနဲ့ အစ်မရှင်းရှင်းရော ဘယ်လိုဖြစ်သွားလဲ'

'...'

'ထားလိုက်ပါ။ သူ့ကို။ သူလဲ နည်းနည်းတော့ အပြစ်ပေးခံသင့်တာပဲ။ မသကာ အသံဝင်ပြီး လက်နာရုံပေါ့'

ရိရှန်း ဂျိုရဲ့ ပါးအိအိတစ်ဖက်ကို ဖွဖွကိုက်ဆွဲလိုက်ပြီး မျိုသိပ်ထားရတဲ့ စကားတစ်ခွန်းကို ဖွင့်အံလိုက်ပါတယ်။

' ဂျို ကိုယ် မင်းကို ချစ်တယ်။ ကိုယ့်အပိုင်လေး ဖြစ်ပေးမလား'

' အင်း ကျွန်တော်က ကိုကို့အပိုင်။ ကိုကိုကလည်း ကျွန်တော့အပိုင်ပဲနော်'

'အင်း ကိုကိုက အာဆာကူရာဂျိုဆိုတဲ့ မင်း လေးတစ်ယောက်တည်းအပိုင်။ အခုတော့ ကိုယ့်အပိုင်လေးကို တံဆိပ်နှိပ်ပါရစေဦး'

ဒီလိုနဲ့ ချစ်သူများနေ့ရဲ့ နေ့လည်ခင်းမှာ စိမ့်နေအောင်အေးတဲ့ အလုံပိတ်အခန်းက အအေးဓာတ်ကို ကျော်လွန်ပြီး ဂျိုရဲ့ နှုတ်ခမ်းတွေ‌ရော ပါးတွေပါ ရှိန်းရှိန်းပူနေခဲ့တဲ့အထိ ရိရှန်းက အနွေးဓာတ်ပေးခဲ့ပါတယ်။

Xxxxxx

The End.

သတင်းတွေက မကောင်းလို့ မင်မင်လည်း စိတ်ညစ်နေတာ။ အစက ဒါလေးကို V day မှတင်မလို့ရယ်။ ခုတော့ ခဏလေးပဲဖြစ်ဖြစ် စိတ်သက်သာရာလေး ရလိုရငြား စောစောလေး တင်ပေးလိုက်ပါတယ်။ 🥺

Continue Reading

You'll Also Like

648K 43.4K 139
လည်ချောင်းဒဏ်ရာကြောင့် stage ကိုစွန့်ခွါခဲ့ရပြီး ချန်သခင်ကြီး၏ အတင်းဓမ္မဖိအားပေးခံရမှုကြောင့် ချန်အိမ်တော်၏ ၄ယောက်မြောက်ဇနီးဖြစ်လာခဲ့သူ ရွှီယန့်ချင်း...
122K 6.7K 12
jay likes him so much but jungwon just finds him annoying [lower case intented. this will be very short and it will be written in english which isn't...
531K 21.1K 90
Y/N couldn't stand that BigHit is going to debut with another boygroup, that's why she signed for the global audition where actually only males can p...