"ဝလုံး! ဒီဘက်မှာငါးတွေအများကြီးပဲ ဒီဘက်လာ!"
"အေး လာပြီ!!!"
"ကိုကြီးဝလုံး ဒီမှာကြည့်!!"
"ဟ အကြီးကြီးပဲဟစိန်ပုရ"
အင်းစပ်မှာငါးဖမ်းနေကြတဲ့ဝလုံးတို့အုပ်စု...အကြီးဆိုလို့ ဝလုံးနဲ့ဝလုံးငယ်သူငယ်ချင်းကြယ်ကလေးသာပါသည်...ကျန်တဲ့လူတွေက ဂျူမုံတို့သာကူစိတို့လို ၁၀ နှစ် ၁၁နှစ်အရွယ်များသာ...
ဝတ်လာတဲ့ပုဆိုးကိုအိတ်လိုမျိုးလွယ်ထားတဲ့ဝလုံးကကြက်တောင်စည်းတစ်လှုပ်လှုပ်နဲ့ ရွှံ့ဗွက်တွေကြားအားကြိုးမာန်တက်ပုစွန်လုံးပါနှိုက်နေသေးသည်..ပါးဖောင်းဖောင်းလေးပေါ်ကသနပ်ခါးအကွက်လိုက်ကြီးတွေသာမက ဗွက်တွေပါပေလူးနေတဲ့ဝလုံး
ကြယ်ကလေးကလည်းဆံပင်ထူထူကိုထိပ်မှာစုထုံးလို့ ပုဆိုးခါးတောင်းကျိုက်နဲ့ပါလာတဲ့ခြင်းထဲရသမျှငါးတွေအကုန်စုထည့်နေသည်..
"ကိုကြီးဝလုံးမပြန်ခင်ရေကူးသွားရအောင်"
"ဟာ ရေတော့မကူးကြနဲ့ အိမ်ပြန်ရောက်ရင်ဆူခံရလိမ့်မယ် ဒီအင်းထဲလာတာအမေသိသွားရင်ကို ငါအဆူခံရမှာကွ"
ငါးနှိုက်ရတာအားမဝသေး ရေပါကူးချင်နေတဲ့သကောင့်သားတို့အုပ်စုကိုအမြန်တားရသည်..အမေကအင်းဘက်ကိုတောင်သွားခိုင်းတာမဟုတ်...
ဒီနေ့ရွာထဲကဝလုံးတို့ဘော်ဒါတွေကျောင်းပိတ်ရက်မို့ အင်းထဲငါးနှိုက်သွားဖို့အစောပိုင်းရက်တွေကတည်းက တိုင်ပင်ထားကြပြီးသား...
ဒါ့ကြောင့်လဲအစောကြီးကတည်းက အမေ့ကိုနေလို့သိပ်မကောင်းချင်လို့ ချွေးထွက်သွားအောင်သာကူစိတို့နဲ့ရွာထိပ်ဒိုးပစ်ကစားဆိုပြီးထွက်လာတာ..
အင်းထဲလာတာသာသိသွားကြည့်ပါလား...ရိုက်တောင်ရိုက်လိမ့်အုံးမည်ထင်သည်...အမေတင်မဟုတ် ရွာထဲကလူကြီးတွေကလည်း ကလေးတွေကိုအင်းဘက်မသွားခိုင်း...
လွန်ခဲ့တဲ့နှစ်နှစ်လောက်က ရွာထဲကကလေးတစ်ယောက်ငါးနှိုက်ရင်းရေဆင်းကူးတာ ရေလည်ရောက်တုန်းကြွက်တက်ကာရေမကူးနိုင်တော့ပဲရေနစ်သေဆုံးရာက ရွာထဲကကလေးတွေကိုအင်းဘက်မသွားခိုင်းတော့ခြင်း...
ခုကအမေမသိအောင်တားမြစ်ထားတဲ့နေရာကိုခိုးလာခဲ့ရုံမက ငါးပါနှိုက်နေသေးသည်...ရေပါဆင်းကူးမည်ဆိုလျှင်...
မဖြစ်ရေးချမဖြစ်ပေ...
"ပြန်ကြစို့ဟေ့...ထမင်းစားချိန်တောင်ရောက်ပေါ့.."
"အေး ငါလည်းဗိုက်ဆာလာပြီ ဟေ့ကောင်တွေ တက်ကြစို့"
အိတ်သဖွယ်လွယ်ထားသည့်ပုဆိုးထဲ ငါးလေးတွေအတော်အသင့်ရပြီးချိန်ကမွန်းတောင်တည့်နေပြီ...
အုပ်စုလိုက်အင်းနားကရေတွင်းမှာခြေလက်ဆေးကြောပြီး ပါလာတဲ့ငါးတွေ၊ဂဏန်းတွေ၊ပုစွန်တွေကိုပါရေတစ်ခါတည်းဆေးကြသည်...ဒါမှဝယ်လာတာတွေလို့ထင်မှာကိုး...
"ဟော ဟိုညီလေး.."
"ဟာ ဆရာလေးတို့ "
ကျောင်းပိတ်ရက်မှာငြိမ်ဦးတို့သူငယ်ချင်းနှစ်ယောက်လိုအပ်တာတွေဝယ်ရန်မြို့ကိုသွားဖို့ရွာကအထွက်ထိုအုပ်စုနှင့်တည့်တည့်တိုးခြင်း...
ကြက်တောင်စည်းနဲ့ပေစုတ်စုတ်မျက်နှာလေးကိုမြင်လိုက်ရတဲ့ခဏရုတ်တရက်လစ်ဟာနေသောတစ်စုံတစ်ရာကပြန်ရောက်လာသလိုငြိမ်ဦးခံစားလိုက်ရသည်...
"ဆရာလေးတို့မင်္ဂလာပါ.!!"
"ဟုတ်ပါပြီ ဒါနဲ့ဘယ်ကပြန်လာကြတာလဲ..."
"သားတို့ အင်းထဲ"
"ရွာပြင်မှာဆော့လာကြတာဆရာလေး"
စိန်ပုစကားမဆုံးသေး အလောတကြီးဖြတ်ပြောလိုက်ဝလုံး..
"ဟုတ်တယ်မလား "
"ဟုတ်တယ် ဟုတ်တယ်"
"ကိုကြီးဝလုံးပြောသလိုပဲ"
ခုမှသတိရသလိုခေါင်းလေးတွေကိုယ်စီငြိမ့်နေကြတဲ့ကလေးတွေကိုကြည့်ပြီးထူးဆန်းသလိုတော့ထင်လိုက်ပေမဲ့မျက်လုံးလေးတွေမှိတ်အောင်အားကုန်ရယ်ပြနေကြတာမို့ ထွေထွေထူးထူးမတွေးမိတော့...
"လက်ထဲကဘာတွေလဲ"
စူးစမ်းသလိုမျက်လုံးတွေဝေ့ကြည့်ကာမေးလာတဲ့ဆရာမိုးသားကြောင့် ကိုယ့်အထုပ်ကလေးတွေကိုယ် နောက်ကိုအသာပို့ရင်း
"ဪ ငါးဝယ်လာတာဗျ"
"ဪ..."
"ဒါနဲ့ဆရာလေးတို့ကဘယ်သွားမလို့လဲ ဒီအချိန်ကြီး"
ခေါင်းထိပ်မှာဆံထုံးကြီးကြီးနဲ့ပုဆိုးတိုတိုဝတ်ထားတဲ့ ကြယ်ကလေးကိုအသာပြုံးပြလိုက်တဲ့မိုးသား..
"အာ ကျွန်တော်တို့မြို့ထဲခဏ"
"ဟပ်ချိုး!!"
ရုတ်တရက်ထချေတဲ့ဝလုံးကြောင့်အကုန်လုံးရဲ့အကြည့်တွေကဝလုံးဆီရောက်လာသည်...
ခုနကတည်းကသူ့တစ်ယောက်တည်းကိုပဲစူးစိုက်ကြည့်နေတယ်လို့ခံစားရတဲ့မျက်ဝန်းနက်တွေကို မသိကျေးကျွံပြုကာနေရသည်မှာမသက်သာလှ...
"ကန်တော့ပါဗျ ဟီး...ဟပ် ဟပ် ဟပ် ဟပ်ချိုး!!!"
နေ့တစ်ပိုင်းလုံးရေစိုထားတဲ့ကိုယ်က မျက်စိတွေကျိန်းစပ်ကာ နှာခေါင်းကနှာမွှန်ချေပြီ...
"...."
ခေါင်းငုံ့ကာနှာခေါင်းထိပ်ကိုပွတ်ချေနေတုန်း နဖူးပြင်ပေါ်ရောက်လာတဲ့အထိအတွေ့...ခေါင်းငုံ့နေတာကြောင့်မြင်လိုက်ရတဲ့ကတ္ထီပါဖိနပ်နဲ့နှာခေါင်းဝမှာခံစားလိုက်ရတဲ့ကိုယ်သင်းနံ့ခပ်သင်းသင်း...
တဖြေးဖြေးပေါ်လွင်လာတဲ့ သစ်လွင်သန့်ရှင်းနေသော မိုးပြာရောင်တီရှပ်နဲ့လူ...
သိသိသာသာကြီးကွာဟနေတဲ့အရပ်ကြောင့် ဆတ်ခနဲမော့ကြည့်လိုက်မိသည်...လေထုကတိတ်ဆိတ်သွားသလို အသက်ရှူတောင်အောင့်လိုက်မိသလားမပြောတတ်...
မျက်ခုံးတန်းတွေတွန့်ချိုးလို့ခပ်စူးစူးအကြည့်တွေသည် တစ်စုံတစ်ရာကိုအလိုမကျဟန်...
ရန်စဖို့တွေးထားသောဝလုံးသည် အကြည့်မလွှဲသောမျက်လုံးနက်နက်တွေကြောင့်ရော နဖူးပြင်ပေါ်ကိုအပြည့်အဝထိကပ်ထားသောလက်ဖဝါးကြီးကြီးတစ်ဖက်ကြောင့်ရော လူကသူ့ရှေ့မှာသေးသေးလေးဖြစ်သွားကာ ပျောက်ကွယ်သွားတော့မယောင်ခံစားလိုက်ရသည်...
မျက်စိရှေ့ကကိုယ်သေးသေးလေးကဆတ်ခနဲတုန်သွားပြီး မျက်လုံးလေးတွေဂနာမငြိမ်ဖြစ်နေတာကိုမြင်လိုက်ရမှငြိမ်ဦးသက်ပြင်းအသာချကာ ခပ်နွေးနွေးနဖူးပြင်လေးပေါ်ကလက်ကိုဖယ်ကာ ကိုယ်ကိုနောက်ဆုတ်ပေးလိုက်သည်...
ရှေ့ကလူဖယ်လိုက်တာနဲ့တစ်ပြိုင်တည်း ကြယ်ကလေးလက်ကိုဆွဲကာ ကမန်းကတန်းထွက်လာခဲ့သည်...ကြယ်ကလေးနဲ့ဂျူမုံတို့အုပ်စုကလည်း မပြေးရုံတမယ်လျှောက်သွားတဲ့ဝလုံးနောက်အူကြောင်ကြောင်လေးတွေအတန်းလိုက်ပါလာကြသည်...
ကျန်နေခဲ့တဲ့သူတွေကိုလည်းနှုတ်မဆက်မိ ကြယ်ကလေးကတော့ "ဆရာမိုးသား နောက်မှတွေ့မယ်ဗျ" ဆိုပြီးအော်လိုက်သေးသည်...
လက်ထဲမှာခုထိခံစားနေရဆဲဖြစ်သည့်ပူနွေးနွေးအထိအတွေ့...လှုပ်စိလှုပ်စိကြက်တောင်စည်းလေးမြင်ကွင်းကပျောက်သွားမှခေါင်းကိုအသာခါယမ်းကာ ခပ်တိုးတိုးဖွင့်ဟလာတဲ့စကားသံ...
"ဖျားနေပြီ~~"
******************
ဖတ်ရတာမျက်စိထဲပေါ်လားမသိဘူးနော် ㅠ ㅠ