နတ်နဂါးစစ်သည်
အခန်း ၁၈၀
( လေးလေးနက်နက် တွေးတောခြင်း )
လင်ချူရွယ်၏ လုပ်ဆောင်မှု သေးသေးလေးကြောင့် ရှုချန်း၏ Weibo အကောင့်ကို ရှာဖွေသူများ လွန်စွာ များပြားလာခြင်းကို ရှုချန်း မသိချေ။
ရှုချန်းမှာ နောက်တစ်နေ့တွင် ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်၍ ထရပ်ကားနှင့်အတူ တောထဲသို့ ဝင်သွားခဲ့၏။
ယခုနေ့မှာ လေ့ကျင့်ရေး ဒုတိယနေ့ဖြစ်ပြီး ဟူပင်းနှင့်အဖွဲ့၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရမည့်နေ့လည်း ဖြစ်သည်။
သူတို့၏ ခံစစ်ကို ဟူပင်းက နှစ်နာရီအတွင်း ဖျက်ဆီးပြမည်ဟု ပြောသည့်စကားကြောင့် ဝေ့ယွမ် နှင့် အခြားသူများ လွန်စွာ ဟားတိုက်လှောင်ပြောင် ရယ်မောခဲ့ကြ၏။
ဝေ့ယွမ် က ...
"ဒီကောင် ဟူပင်းက ငါတို့ခံစစ်ကို နှစ်နာရီအတွင်း ထိုးဖောက်နိုင်ရင် ငါ့ အချောင်း ( မျိုးပွား အင်္ဂါ ) မှာ ခဲဆွဲပြီး စခန်းတစ်ခုလုံး ပတ်ပြေးပြမယ်..."
လောင်ရှုဟန် က ...
"ငါတို့တောင် မိုင်းတွေ အများကြီး ထောင်ထားတဲ့ မြေပြင်ကို အချိန်တော်တော်ပေးပြီး ဖြတ်ရတာ... ပြီးတော့ သူတို့စခန်းကို ငါတို့ဝိုင်းထားတာ နှစ်နာရီလောက်ရှိမယ်ထင်တယ်... ဒီကောင် ဘာဆေးတွေစားပြီး ဒီလောက် မာနကြီးနေတာလဲ မသိဘူး... ငါလည်း အဲဒီဆေး စားချင်လိုက်တာ..."
ထရပ်ကားပေါ်၌ လှောင်ပြောင်ရယ်မောရင်း စီးလာကြ၏။ ထိုအချိန်တွင် တခြားထရပ်ကားပေါ်မှ ဟူပင်းမှာ သူ၏ အဖွဲ့သားများနှင့် စကားပြောနေ၏။
"မနေ့က ငါ မဆင်မခြင်လုပ်လို့ ရှုံးခဲ့ရတာ ဝန်ခံပါတယ်... ဒါပေမဲ့ ဒီနေ့တော့ ငါတို့ ထပ် အရှုံးမခံနိုင်တော့ဘူး...စီနီယာစစ်သားတွေလှောင်တာကို ခံချင်လား... ငါတို့အားလုံးက လူသစ်တွေထဲက အရွေးခံရတဲ့ ထိပ်တန်း စစ်သည်တွေပဲ... ငါတို့က သူတို့နဲ့ မတူဘူးဆိုတာ သက်သေပြလိုက်..."
အခြားလူသစ်များက ...
"ဒါပေမဲ့ နှစ်နာရီအတွင်း သူတို့ခံစစ်ကို ဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... ပြီးတော့ ဒီစီနီယာစစ်သားတွေမှာ အတွေ့အကြုံများတယ်... မနေ့တုန်းက ခေါင်းဆောင်ရှုချန်း တစ်ယောက်တည်းနဲ့ ငါတို့ခြောက်ယောက်ကို ပစ်သွားတာ တွေ့တယ်မလား..."
ဟူပင်းက လေးနက်သော အသံဖြင့် ...
"နှစ်နာရီဆို လုံလောက်ပြီထင်တယ်... သူတို့တုန်းက လေးနာရီကြာတယ်... ဘာလို့ သူတို့ထက်ပိုကောင်းအောင် မလုပ်နိုင်ရမှာလဲ... အဲဒီလိုမလုပ်နိုင်ရင် ငါတို့ ဘာကိစ္စ စစ်ဒေသ ငါး ကိုယ်စားပြုအနေနဲ့ ပြိုင်ပွဲဝင်ဖြစ်မှာလဲ... မင်းတို့ အခုလုပ်နေတာက ရန်သူကို အထင်ကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်အောင် လုပ်နေတာ... ဒါ ငါတို့လုပ်သင့်တဲ့အရာ မဟုတ်ဘူး..."
ဟူပင်း၏ ကြိမ်းမောင်းစကားကြောင့် အခြားသူများ ဆက်မပြောတော့ချေ။ ထရပ်ကားသည် တောထဲသို့ ရောက်သောအခါ သူတို့အားလုံး ကားပေါ်မှ ဆင်း၍ နည်းဗျူဟာများ ပြုလုပ်ရန် ထွက်သွားကြတော့၏။
အခြားတစ်ဖက်တွင်လည်း ရှုချန်းနှင့်အဖွဲ့က ခုခံရေးဗျူဟာများကို ဆွေးနွေးနေကြ၏။ လူတိုင်းက ရှုချန်းကို ဗဟိုအဖြစ်ထားကာ ဗျူဟာဆင်နေလိုမှန်း ထင်ရှားပေသည်။ ရှုချန်းမှာ ထိုပြိုင်ပွဲတွင် အတွေ့အကြုံ သုံးနှစ်ရှိ၍ နည်းဗျူဟာများစွာကို သိရှိပေသည်။ ထို့ကြောင့် သူ ရှင်းလင်း ပြောဆိုသည့်အခိုက်တွင် လူတိုင်းက စေ့စပ် သေချာစွာ အာရုံစိုက် နားထောင်တတ်ကြ၏။ ထို့နောက်မှ မိမိအမြင်တို့ကို လွတ်လပ်စွာ ပြောဆို ဆွေးနွေးကြပေသည်။
ဝေ့ယွမ် က ...
"ငါတို့ တစ်ယောက်ကို တစ်ယောက် ကူညီကြမယ်လေ... ငါ့ကို နောက်တစ်ခါတော့ ငါးစာအနေနဲ့ မသုံးနဲ့ဦး..."
ရှုချန်းက ...
"မင်း အသံပြဲကြီးက ရန်သူကို ဆွဲဆောင်နိုင်တယ်ဟ... မင်း မဟုတ်ရင် ဘယ်သူ့ကို သုံးရမှာလဲ..."
ဝေ့ယွမ် မှာ အသံဆိုးဖြင့် အော်တတ်ခြင်းကြောင့် စစ်တပ်အတွင်းမှ လူအများ၏ လှောင်ပြောင်ခြင်းကို ခံရသူဖြစ်၏။ ဝေ့ယွမ် မှာ ဘွင်းဘွင်းပြောတတ်သော လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် တစ်ခါတရံ အပြောအဆို ကြမ်းတမ်းသည့်အတွက် တပ်သားသစ်များစွာ၏ မုန်းတီးမှုကို ရင်ဝယ်ပိုက်ထားရသူတစ်ဦးလည်း ဖြစ်ပေသည်။
လောင်ရှုဟန် က ...
"ရှုချန်း ငါတို့ ဘာဗျူဟာသုံးမှာလဲ..."
ရှုချန်းက ပြုံးလိုက်ပြီး ...
"ငါတို့ ဘာမှ အထွေအထူး လုပ်စရာမလိုဘူး..."
ထိုစကားကြောင့် အားလုံး အံ့အားသင့်သွားကြသည်။
"ဟုတ်ပါ့မလား..."
ရှုချန်းက ...
"မနေ့က သူတို့သုံးခဲ့တာတွေကိုပဲ ပြန်သုံးကြည့်မယ်လေ... မနေ့က သူတို့ မိုင်းတွေ ထောင်ချောက်တွေ ဖြန့်ထားတာ အဆင်ပြေပေမဲ့ ဒီနေ့ ငါတို့ နည်းနည်း ထပ်ပြင်ကြမယ်..."
ဝေ့ယွမ် က ...
"ငါတို့ ဘာလုပ်မှာလဲ..."
ရှုချန်းက ...
"မနေ့ကလိုပဲ... လာမယ့် အလယ်လမ်းမှာ မိုင်းတွေဆင်မယ်... ငါတို့က သူတို့ကို ထိပ်တိုက် မတိုက်ခိုက်နိုင်မှန်းသိလို့ ဒီအချက်ကို အခွင့်ကောင်းယူပြီး သူတို့ အလယ်လမ်းကနေ ထိပ်တိုက်ကို လာတိုက်လိမ့်မယ်... တကယ်လို့ ငါသာ ဟူပင်းဆိုရင် အလယ်လမ်းကနေ ခပ်ကြမ်းကြမ်း ချီတက်လာပြီး ထိပ်တိုက်ရင်ဆိုင်မယ်... အချိန်တိုအတွင်း အောင်ပွဲခံဖို့ ကြိုးစားမယ်... ဒါ့ကြောင့် ဘေးလမ်းတွေမှာ ချထားတဲ့ ထောင်ချောက်တွေက သူတို့ကို တစ်စက်လေးမှ မိမှာ မဟုတ်ဘူး... ဒါပေမဲ့ အလယ်လမ်းမှာရှိတဲ့ မိုင်းကွင်းကိုတော့ အာရုံစိုက်ရမယ်... အလယ်လမ်း မပါပဲ ဘယ်ခြမ်း ညာခြမ်း တစ်ဖက်စီကို ငါတို့ ခုနှစ်ယောက်စီ နေရာယူမယ်... တကယ်လို့ သူတို့ အလယ်လမ်းအတိုင်း ဆင်းလာရင် ငါတို့ရဲ့ ဘယ်ညာ နှစ်ဖက်က လူတွေက သူတို့ကို ဖိပြီးတိုက်မယ်... အဲဒီအခါ သူတို့ အလယ်လမ်းကို မရောက်ရောက်တဲ့နည်းနဲ့ သွားရမှာပဲ... အလယ်လမ်းမှာက မိုင်းတွေ ရှိလိမ့်မယ်... သူတို့ တိုက်ခိုက်တာနဲ့ အလယ်ကို ရောက်အောင်ပဲ တွန်းပို့ကြမယ်... ဒီလိုဆို သူတို့ မိုင်းတွင်းထဲရောက်မှာပဲ..."
အားလုံးက ခေါင်းတညိတ်ညိတ်ဖြင့် ၄င်းမှာ ကောင်းမွန်သော ဗျူဟာတစ်ခု ဖြစ်ကြောင်း ထောက်ခံကြ၏။ လောင်ရှုဟန် က အနည်းငယ် အံ့အားသင့်သွားပြီး ...
"ဒါဆို မင်းကော ဘယ်လိုလဲ..."
ရှုချန်း ပြုံးလိုက်ပြီး ...
"ငါ့အတွက် စိတ်မပူနဲ့... ငါ့ အစီအစဉ်အတိုင်းသာ လုပ်စမ်းပါ..."
ဝေ့ယွမ် က တဟားဟား ရယ်မောလိုက်၏။
"ဒီကောင်က ဟူပင်းကို ထပ်ပြီး ပညာပေးချင်ပုံပဲ..."
"ဟုတ်တယ်... အရင်ဆုံး ငါတို့ အခြေစိုက်စခန်း သွားရှာရအောင်... လောင်ရှုဟန် နဲ့ ဝေ့ယွမ်... ထောင်ချောက်တွေ သွားဆင်လိုက်တော့... ငါလည်း မိုင်းတွေဆင်လိုက်မယ်..."
အားလုံး စတင်လှုပ်ရှားလာကြ၏။
...
ဟူပင်းမှာလည်း ဗျူဟာတစ်ခုကို စဉ်းစားပြီးနောက် တောထဲသို့ တန်းတန်းမတ်မတ် ဝင်သွား၏။ ရှုချန်း ခန့်မှန်းခဲ့သည့်အတိုင်း ဟူပင်း၏ ဗျူဟာမှာ တိုက်ရိုက်အင်အားသုံး တိုက်ခိုက်ရေး ဖြစ်ပေသည်။ စီနီယာ စစ်သားများကို အနိုင်ယူရန် ဟူပင်းနှင့်အဖွဲ့က သူတို့၏ သာလွန်ကောင်းမွန်သော တိုက်ခိုက်မှုစွမ်းရည်ကို အားကိုးလိုနေကြ၏။
အခြားအသင်းဖော်များက ...
"ငါတို့ ဘယ်လမ်းက တိုက်ကြမလဲ..."
"ငါတို့ အလယ်လမ်းကပဲ တိုက်မယ်လေ..."
ဟူပင်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
"ငါတို့ စနိုက်ပါက သူတို့ စနိုက်ပါတွေထက် ပိုတော်တယ်... ပြီးတော့ ငါတို့က ပိုလည်းသွက်တယ်... ငါတို့နောက်က စနိုက်ပါ ကာဗာ ပစ်ပေးရုံနဲ့ သူတို့ခံစစ်ကို လွယ်လွယ်လေး ဝင်ဖောက်နိုင်မှာ..."
"သူတို့ အလယ်လမ်းမှာ ထောင်ချောက်တွေ မိုင်းတွေ ချထားရင်ရော ဘယ်လိုလုပ်မလဲ..."
ဟူပင်းက ...
"ဒါဆိုလည်း သူတို့ပဲ မြန်မြန်သေလိမ့်မယ်... ငါတို့ မနေ့က သုံးထားတဲ့ ဗျူဟာအတိုင်း ဒီနေ့ သူတို့ သုံးရင် သူတို့ကို အနိုင်တိုက်ဖို့ ငါတို့ပဲ အားသာချက် ကြီးကြီးမားမား ရလိမ့်မယ်... ဒီလူတွေက ငါတို့ကို တစ်ယောက်ချင်း မနိုင်တော့ အဖွဲ့လိုက်ပဲ တိုက်ခိုက်လိမ့်မယ်... ဒါ့ကြောင့် သူတို့အားလုံး အလယ်လမ်းမှာ နေရာယူထားရင်ထား... မဟုတ်ရင် ဘယ်ခြမ်းဖြစ်ဖြစ် ညာခြမ်းဖြစ်ဖြစ် တစ်ဖက်ဖက်မှာ နေရာယူထားလိမ့်မယ်... ငါ ပြောဦးမယ်... ရှုချန်းကို ငါ့အတွက်ပဲ ထား... သူ့ခေါင်းကို ငါကိုယ်တိုင်ပစ်ပြမယ်..."
အားလုံး ခေါင်းညိတ်လိုက်ကြ၏။ ဟူပင်း မည်မျှ မာနကြီးကြောင်း သူတို့သိသလို ရှုချန်းနှင့်လည်း သူတို့ ရင်မဆိုင်လိုကြချေ။
"ကောင်းပြီ... လှုပ်ရှားကြရအောင်..."
ဟူပင်း၏ အသံနက်ကြီး အဆုံးတွင် လူသစ်များအားလုံး တောထဲသို့ ဝင်သွားကြ၏။
ရှုချန်း ဘယ်ရောက်သွားလဲ။ ဟူပင်း လုပ်သည့်အတိုင်း ရှုချန်းလည်း အလယ်လမ်းတွင် တွင်းတစ်ခု တူးကာ ပုန်းအောင်းနေခဲ့၏။ သူ ယမန်နေ့က အသုံးပြုခဲ့သော နည်းဗျူဟာကို ရှုချန်း ပြန်သုံး၍ တိုက်ခိုက်မည်ဟု ဟူပင်း လုံးဝ မျှော်လင့်မထားချေ။
"ဒီကောင့်ကိုကြည့်ရတာ ဟူပင်းကို သင်ခန်းစာပေးချင်နေပုံပဲ..."
တွင်းထဲ၌ပုန်းအောင်းနေသော ရှုချန်းကိုကြည့်ပြီး နည်းပညာရှင်က ပြောလိုက်၏။
ကြီးကြပ်ရေးမှူးက ...
"ဒါ အကောင်းဆုံး ဖြစ်နိုင်တယ်... ဟူပင်း သုံးတဲ့ဗျူဟာနဲ့ ဟူပင်းကိုပြန်ပြီး ပါးရိုက်လိုက်တာက ဟူပင်းကို သူ့ကိုယ်သူ ပြန်ပြီး သုံးသပ်ဖို့ ဖြစ်စေနိုင်တယ်..."
နည်းပညာရှင်က စီနီယာစစ်သားများ၏ နည်းဗျူဟာကို ကြည့်ကာ ပြုံးလိုက်၏။
"စိတ်ဝင်စားဖို့ကောင်းတယ်... သူတို့အားလုံးက ဟူပင်းကို ဖတ်ပြီးသား စာအုပ်တစ်အုပ်လိုမျိုး အစအဆုံး သိပြီးသား ဖြစ်နေတယ်... ဟူပင်း အလယ်လမ်းကို အဓိကထား တိုက်မယ်ဆိုတာ သိတော့ အလယ်မှာ ပင်မခံစစ်ကြောင်း ပြင်ထားတယ်... တကယ့်စစ်မြေပြင်မှာဆိုရင် လုံးဝသေသွားအောင် အဝေးကနေ ဖောက်ခွဲနိုင်လောက်တယ်..."
ကြီးကြပ်ရေးမှူးက ...
"ဒါလည်း ဟူပင်းရဲ့ အကြီးမားဆုံး အားနည်းချက်ပဲလေ... ဒီကောင်က ခေါင်းမာတယ်... စိတ်ကလည်း ဆတ်တယ်... ဒါကိုကြည့်ပြီး ရန်သူတွေက လွယ်လွယ်လေး တိုက်သွားတာ... ဒီကောင်က တစ်ကိုယ်တော် အစွမ်းပြချင်ပြီး အဖွဲ့ကိုလည်း တစ်ကိုယ်တော်ဆန်ဆန် ဦးဆောင်ချင်နေတာ... ဒီလေ့ကျင့်မှုပြီးရင် ဒီကောင်နဲ့ စကားပြောရမယ်..."
နည်းပြတစ်ဦးက ...
"ရှုချန်းရဲ့တည်နေရာနဲ့ ဟူပင်း ဘယ်လောက်ဝေးလဲ.."
ကြီးကြပ်ရေးမှူးက ...
"၈၀၀ မီတာ..."
နည်းပြက ...
"ရှုချန်းက လေးလေးနက်နက် စဉ်းစားတာပဲ... ဟူပင်းရဲ့ စနိုက်ပါက တစ်ဖွဲ့လုံးကို အကာအကွယ် မပေးနိုင်မှန်း သူ သိတယ်... ပုံမှန်ဆို စနိုက်ပါတစ်ယောက်ရဲ့ ကာကွယ်ပေးနိုင်စွမ်းက တစ်ကီလိုမီတာ ပတ်လည်ပဲ... ဒါပေမဲ့ ဟူပင်းရဲ့စနိုက်ပါက နောက်ဘက်ကို အရမ်းရောက်နေတယ်... ရှုချန်း နေရာယူထားပုံက ရန်သူကို ပစ်ကွင်းကောင်းတဲ့နေရာပဲ... ဒါ့ကြောင့် ဟူပင်းနဲ့ အဖွဲ့ကို လွယ်လွယ်ကူကူပဲ ပစ်နိုင်လိမ့်မယ်..."
အခန်း ၁၈၀ ပြီး