နတ်နဂါးစစ်သည်
အခန်း ၁၇၆
( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
ဝေ့ယွမ် ၏ အားပါးတရ တစ်တစ်ခွခွ ပြောသံကို ရှုချန်း ကြားလိုက်ရသည်။ ဓားမြှောင်တစ်ချောင်းကို ရှုချန်း ထုတ်ယူလိုက်ပြီး နားကြပ်မှ တဆင့်...
" အားလုံးပဲ နေဦး... ငါ အနောက်ဘက်က လာခဲ့မယ်... အရမ်းကြီး ရန်လိုပြီး မတိုက်ခိုက်ကြနဲ့ဦး... သူတို့ကို တစ်ယောက်မကျန် ရှင်းလိုက်ကြစို့... ပွတ်ကာသီကာလေး အနိုင်ရတာ ငါ့ ပုံစံ မဟုတ်ဘူး... "
ဝေ့ယွမ် ၏ စကားကြောင့် သစ်ပင်များနောက်တွင် ပုန်းကွယ်နေသော စီနီယာစစ်သားများ အရယ်မရပ်သေးချေ။
" ရှုချန်း... ဟူပင်း မျက်နှာ ဘယ်လိုနေလဲ အရင် ပြောစမ်းပါဦး... "
ရှုချန်း ပြုံးလိုက်ပြီး ရန်သူ နယ်မြေအတွင်းသို့ နက်ရှိုင်းစွာ တိုးဝင်လိုက်သည်။
" ငါ မကြည့်ရဲဘူး... တော်ကြာ ငါ့ကို ကိုက်စားသွားရင် ဘယ်လိုလုပ်မလဲ... "
" ဟားဟား... "
ရှုချန်းစကားကြောင့် စီနီယာစစ်သားများ အားလုံး အားပါးတရ ရယ်မောလိုက်ကြသည်။
စောင့်ကြည့်ရေး စင်တာမှ ကြီးကြပ်ရေးမှူးလည်း အားပါးတရ ရယ်မောလိုက်ပြီး...
" ဒီကောင် ရှုချန်းက ဟိုနွားလေးကို တေးထားတာပဲဟ... "
အခြား လေ့သာသုံးသပ်သူများက...
" ကြီးကြပ်ရေးမှူး... ရှုချန်းကို ဟူပင်း မတိုက်ခိုက်ခင် ကျုပ်တို့ တားသင့်လား... "
ကြီးကြပ်ရေးမှူးက...
" သူတို့ တိုက်ရင်လည်း တိုက်ကြပါစေ... တစ်ယောက်နဲ့ တစ်ယောက် လက်ရည်ချင်းယှဉ်ပြီး စည်းရုံးတာက ငါတို့ စစ်တပ်ရဲ့ ပုံစံပဲကို... ဒီကိစ္စထဲ ငါတို့ ဝင်မပါကြတာ ကောင်းမယ်... သူတို့ နှစ်ယောက်ကြားက အဖုအထစ်တွေ စောစောဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ... "
ညာခြမ်းကို စစ်ကူထွက်သွားသော တပ်သားများမှာ သူတို့ ခေါင်းဆောင် ဟူပင်း ဖယ်ရှားခံရကြောင်း သိသောအခါ အံ့အားသင့်သွားကြ၏။ သို့သော် ချက်ချင်းပင် သူတို့ကိုယ်သူတို့ စိတ်တင်းထားလိုက်ကြပြီး...
" ငါ့ကောင်တို့... ဟူပင်း မရှိလည်း ငါတို့က တိုက်ရည်ခိုက်ရည်က ကောင်းနေတုန်းပဲ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်စမ်းပါ... ဟူပင်း နှိမ်တာ ခံချင်လို့လား... ဟူပင်းမရှိတာနဲ့ ငါတို့တွေ အစွယ်မရှိတဲ့ကျား ဖြစ်သွားတယ်လို့ စီနီယာတွေ ထင်တာ မခံနိုင်ဘူး... "
ကြီးကြပ်ရေးမှူးက...
" ဒီလူသစ်တွေက အတော် စိတ်ဝင်စားဖို့ကောင်းတယ်... ဒီလို အရေးကြီးချိန်မှာ သူတို့ရဲ့ စိတ်ခံစားချက်ကို တည်ငြိမ်အောင် ထိန်းထားဖို့ သိကြတယ်... အန္တရာယ်ဝိုင်းနေချိန်မှာ စစ်သားတွေ အနေနဲ့ ဒီလိုစိတ်ထားမျိုး ရှိဖို့ ပိုလိုအပ်တယ်... "
နည်းပညာရှင်က...
" ဒါပေမဲ့ ရှုချန်းက ဒီကောင်လေးတွေကို အလွတ်ပေးမယ် မထင်ဘူး... "
...
လူသစ်များဘက်တွင်...
" နောက်ဘက်ကို နှစ်ယောက် ကာဗာယူ ပစ်ပေးရမယ်... ရှုချန်းက အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်တယ်... သူ့ကို လျှော့တွက်လို့ မရဘူး... "
လူသစ်နှစ်ဦးက စိတ်လှုပ်ရှားစွာဖြင့်...
" ငါတို့ ကာပစ်ပေးမယ်... "
ထို့နောက် နှစ်ဦးသား နောက်ချန် ကျန်ရစ်ခဲ့ပြီး အခြားသူများက ညာခြမ်းသို့ စစ်ကူ ထွက်သွားကြ၏။
မြက်ပင်ရှည်များ ထူထပ်စွာ ပေါက်ရောက်သောနေရာတွင် နှစ်ဦးသား ဝပ်နေလိုက်ကြသည်။ ရိုင်ဖယ်သေနတ်များကို အသင့်မောင်းတင်ပြီး အရှေ့သို့ အာရုံစိုက်ကြည့်လိုက်သည်။ သို့သော် အနည်းငယ် ကြာသည်အထိ ရှုချန်းကို မတွေ့ရ၍ နှစ်ဦးသား အနည်းငယ် ဇဝေဇဝါ ဖြစ်လာလေသည်။
" ရှုချန်း ဝင်လာတာကို တွေ့လိုက်လား... အလယ်ကနေ ဝင်လာတာ မတွေ့မိဘူး... "
" အေး... ငါတို့ဘက်ကို ဘယ်သူမှ ရောက်မလာသေးဘူး... သူ့ကို ရှင်းနိုင်ရင် စီနီယာအဖွဲ့ ပြာသွားနိုင်လောက်တယ်... "
ရှုချန်းအား စောင့်ဆိုင်းနေသည့် လူသစ်ကလေး နှစ်ဦး ပခုံးထက်တွင် လေးလံသော ဝန်ထုတ်ဝန်ပိုးကြီးတို့ ရှိနေလေသည်။ ကြားဖူးခဲ့သော ထိပ်တန်း စစ်သည်တော် သုံးဦး၏ တစ်ကိုယ်တော် တိုက်ခိုက်ရေး စွမ်းရည် ဒဏ္ဍာရီများကို ယနေ့ သူတို့ မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။ ထိုသို့ မြင်တွေ့ခွင့်ရရန် သူတို့ အမှန်ပင် မျှော်လင့် စောင့်စားခဲ့ပေသည်။
လူသစ်နှစ်ဦး ရှိနေရာကို စောင့်ကြည့်ရေး စင်တာမှ သူများက ကင်မရာမှ တစ်ဆင့် ကြည့်နေကြ၏။ လူသစ် နှစ်ဦး ရှိရာ အနောက်ဖက်သို့ ရှုချန်း တရွေ့ရွေ့ တွားသွား လာနေသည်ကို မြင်နေရသည်။
လေ့လာသုံးသပ်သူများက ချက်ချင်း မှတ်ချက်ပြုလိုက်သည်။
" လူသစ်တွေက သေချာ သတိမထားဘူး... ရန်သူက ကိုယ့်နောက်ကို တွားသွား လာနေတာတောင် သတိမထားမိဘူး... "
ကြီးကြပ်ရေးမှူးက...
" ရှုချန်းက အတော်ခြေသံလုံတာပဲ... ကိုယ်ယောင်ဖျောက်တဲ့ နေရာမှာ အမြဲဆရာကျနေတုန်းပဲ... "
တောအုပ်ကြီးကို ဖြတ်သန်းလာသော ရှုချန်း သူတို့ အနောက်ဖက်တွင် ရောက်နေသည်ကို လူသစ်နှစ်ဦး သတိ မပြုမိကြချေ။ ရှုချန်း လာမည့် ခန့်မှန်းလမ်းကြောင်းဆီသို့သာ သေနတ်ပြောင်းဝ ချိန်ထားပြီး အာရုံစိုက်နေကြသည်။ သူတို့ စိတ်ထဲတွင် ရှုချန်းအား အနိုင်ယူ နိုင်ခဲ့ပါက စစ်ဒေသ၏ တာဝန်ရှိသူများက သူတို့ကို အထင်ကြီးပြီး လေ့ကျင့်ရေး အရင်းအမြစ်များ ပိုမို ပေးအပ်မည်ဟု တွေးပျော်နေရှာသည်။
ထိုသို့ဖြင့် နာမည်ကျော် အစွမ်းထက် စစ်သားများ ဖြစ်လာပြီး အမွေဆက်ခံသူ မိန်းမလှလေး တစ်ဦး၏ နှလုံးသားကို သိမ်းပိုက် လက်ထပ်၍ နောက်ဆုံးတွင် ကုမ္ပဏီ CEO ဖြစ်လာသည်အထိ စိတ်ကူးယဉ် ပျော်မွေ့နေကြလေသည်။
တောက်ပသော အနာဂတ် အကြောင်း စိတ်ကူး၍ မဆုံးမီမှာပင် လည်ပင်းမှ အေးစက်စက် အထိအတွေ့ တစ်ခုကို ခံစားလိုက်ရ၏။ ရှုချန်း၏ ဓားမြှောင်မှာ သူ့ လည်ပင်းကို လှီးဖြတ်လိုက်ကြောင်း သိရ၍ တပ်သားသစ်ကလေး အံ့အားသင့်သွားသည်။
ထို့နောက် ရှုချန်းက ချက်ချင်း လှိမ့်ထွက်ပြီး အခြား တပ်သားသစ်၏ လည်ပင်းကို ဖြတ်လိုက်ပြန်သည်။ တပ်သားသစ်ခမျာ ဘာမှ တုံ့ပြန်ချိန် မရလိုက်ပေ။
" လိလန်း... မိုလုံ... ထွက်... "
ရှုချန်းက တပ်သားသစ် နှစ်ဦးကို ပြုံးပြလိုက်ပြီး...
" နောက်တစ်ခေါက်ကျ တစ်နေရာနဲ့ တစ်နေရာ ရောက်နိုင်မယ့် အချိန်ကို မှတ်ထားကြ... အလယ်လမ်းကနေ မင်းတို့ဆီ လာဖို့ သုံးမိနစ်ပဲ ကြာတယ်... ဒါပေမဲ့ ငါ ဒီအထိရောက်ဖို့ ၁၀ မိနစ် ကြာခဲ့တယ်... "
တပ်သားသစ် နှစ်ဦးလည်း ရှက်ရွံ့စွာဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်သည်။ ရန်သူအား နောက်ဘက်မှ အံ့အားသင့်ဖွယ် တိုက်ခိုက်ပြီးနောက် ရှုချန်းလည်း ဆက်လက် ထွက်ခွာသွား၏။
"ခွေးကောင်တွေ... မင်းတို့ ဆက်မပစ်နိုင်တော့ပါဘူး... မင်းတို့ အသက်ကို မိစ္ဆာဘုရင် ရောက်လာပြီး နှုတ်ယူသွားတဲ့အထိ စောင့်နေလိုက်တော့... သူ့ကို အဓိက သတိထားကြပေါ့... မင်းတို့ ဘေးဘီလေးလည်း သေချာကြည့်ဦး... "
ဝေ့ယွမ် က ကျောက်တုံးကြီး တစ်တုံးကို အကာကွယ်ယူကာ သူ့ကို ဝိုင်းထားသော လူသစ်များကို အော်ဟစ် ကြိမ်းမောင်းနေ၏။ ဘယ်ခြမ်းမှ လူသစ် သုံးဦးက သူ့ကို ဝန်းရံထားနေသည်။
ဘယ်ခြမ်းမှ လူသစ် သုံးဦးတွင် ကိုယ်ပိုင် အစီအစဉ်များ ရှိပေသည်။ အကောင်းဆုံးသော အစီအစဉ်များကိုလည်း သူတို့ သိ၏။ ဟူပင်း ထွက်ခွာရပြီးနောက် သူတို့အတွက် အကောင်းဆုံး အစီအစဉ်မှာ အလယ်လမ်းကို စစ်ကူပေး၍ ဖောက်ထွက်ရန် ဖြစ်သည်။ သို့သော် ရှုချန်းက အလယ်လမ်းမှ တပ်သားသစ် နှစ်ဦးကိုပါ ရှင်းလိုက်၍ သွားရန် မဖြစ်နိုင်တော့။ ညာခြမ်းတွင်လည်း တပ်သားသစ် ခုနစ်ဦးသာ ရှိပြီး ဝန်းရံထားသော စီနီယာစစ်သား ၁၂ ဦးခန့် ရှိနေပေသည်။ ထို့ကြောင့် အနှေးနှင့် အမြန်ဆိုသလို ရှုံးနိမ့်ရပေတော့မည်။ သို့သော် အရှုံးကို ထိုင်စောင့်မည့်အစား ဝေ့ယွမ် ကို တိုက်ခိုက်၍ မိမိတို့ လွတ်လမ်းရှာနိုင်သေးကြောင်း သုံးဦးသား တွေးမိကြသည်။
ထို့ကြောင့်လည်း သုံးဦးသား ဝေ့ယွမ် ကို ဝိုင်းဝန်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။ ဝေ့ယွမ် အား ပစ်ကူပေးမည့်သူများ မရှိကြောင်း သိလိုက်၍ သုံးဦးသား ခံစစ်မှ တိုက်စစ်ပြောင်းကာ ရှေ့သို့ တက်လာကြသည်။
အကာအကွယ် ယူထားသော ကျောက်တုံးထံသို့ ကျည်ဆံများ တရစပ် ကျလာကြောင်း သိလိုက်၍ သူ့ကို ရန်သူများ ဦးစွာ ရှင်းလင်းတော့မည် ဖြစ်ကြောင်း ဝေ့ယွမ် ချက်ချင်း သိလိုက်သည်။ ယခုအချိန်၌ ထိုကျည်ဆံများကို ရှောင်ကွင်းပြေးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ တပ်သားသစ် သုံးဦး သူ့နားသို့ တရွေ့ရွေ့ နီးလာသည့်တိုင် ဝေ့ယွမ် တစ်ယောက် ဟာသ လုပ်နိုင်သေးသည်။
" ရှုချန်း... ငါ မင်းကို သောက်ရမ်းမုန်းသွားပြီ... ငါ့ကို ထိုးမကျွေးဘူးလို့ ပြောခဲ့ပြီး အခုတော့ ငါ အဝိုင်းခံထားရတာတောင် လာမကယ်သေးဘူးလား... "
ထိုအချိန်၌ ရှုချန်းမှာ တပ်သားသစ် သုံးဦးနောက်တွင် ရှိနေသည့်အတွက် ဝေ့ယွမ် အား ပြန်မပြောနိုင်ချေ။ သူ့တွင် သေနတ်တစ်လက်ပင် မရှိပဲ လက်နက်ဟူ၍ ဓားမြှောင်တစ်ချောင်းသာ ရှိနေသည်။ တပ်သားသစ် သုံးဦးက ကျောက်တုံးနောက်တွင် ပုန်းနေသော ဝေ့ယွမ် ကိုသာ အာရုံစိုက်လွန်းနေ၍ နောက်ဘက်မှ တရွေ့ရွေ့ ချဉ်းကပ်လာသော ရှုချန်းကို သူတို့ ဂရုမပြုမိချေ။
ကျောက်တုံးကို ကျောမှီရင်း ဝေ့ယွမ် ထိတ်လန့်နေသည်။ စစ်ကူများ အချိန်မီ ရောက်မလာနိုင်သည်ကို သူသိ၏။ ထို့ကြောင့် ယခုအချိန်တွင် တစ်ကိုယ်တော် အစွမ်းပြရမည်လော သို့မဟုတ် သူရဲဘောကြောင်စွာ ပုန်းနေရမည်လော...။
တစတစ နီးကပ်လာသော ခြေသံများကို အတိုင်းသား ကြားနေရသည်။ သူ အံကို တင်းတင်းကြိတ်ရင်း သူ့ကိုယ်သူ အားပေးစကား ပြောလိုက်သည်။
" အနည်းဆုံး တစ်ခေါက်လောက်တော့ ကြိုးစားကြည့်တာပေါ့... "
ထို့ကြောင့် ပုန်းအောင်းနေရာမှ ထွက်ကာ တပ်သားသစ် သုံးဦးကို ပစ်ခတ်မည် အလုပ်တွင် တပ်သားသစ် သုံးဦးမှာ ရှုချန်း လက်ချက်မိထားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။ သူတို့ လည်ပင်းထက်တွင် ရှုချန်း ဓားမြှောင်ဆီမှ အနီရောင် အမှတ်အသားတို့ စွန်းထင်းနေသည်။
" ကျန်းကိုင်... လီဝမ်ရှန်း... ယန်ကုန်ရှ... ထွက်... "
ဝေ့ယွမ် က မြေပြင်ပေါ် ထိုင်ချလိုက်ပြီး ရယ်မောရင်း...
" မင်းလောက် ချောတဲ့ကောင် မမြင်ဖူးသေးဘူး ရှုချန်း... မင်း ဒီကောင်တွေကို သတ်ပေးလို့ ပြောတာ မဟုတ်ဘူးနော်... "
ရှုချန်း ရယ်မောလိုက်ပြီး...
" ထိုးကျွေးခံရတဲ့ ကောင်လေးမှာလည်း လူ့အခွင့်အရေးရှိလို့ ကယ်လိုက်တာပါ... "
ရှုချန်းက ပြောပြောဆိုဆိုဖြင့် ညာခြမ်းသို့ ထွက်သွား၏။ သို့သော် ဝေ့ယွမ်က နောက်မှ လိုက်၍...
" ဟေ့ကောင် ခဏနေဦး... ငါ့အသက်ကို ကယ်ပေးတဲ့အတွက် နမ်းချင်လို့... "
ထိုသို့ စနောက်နေသည်ကို ကြည့်ရင်း ကြီးကြပ်ရေးမှူးက...
" အခု နှစ်ဖက်လုံးမှာ လူ ဘယ်လောက်စီကျန်သေးလဲ... " ဟု လေ့လာသုံးသပ်သူများကို မေးလိုက်သည်။
" လူသစ် ခုနစ်ယောက်... စီနီယာစစ်သား ၁၄ ယောက် ကျန်သေးတယ်... "
ကြီးကြပ်ရေးမှူး ခေါင်းခါယမ်းလိုက်ပြီး...
" ပြီးပြီ... အတိအကျ ပြောရရင် ဟူပင်းကို ရှင်းလိုက်တကည်းက ပြီးသွားခဲ့ပြီ... တစ်ကိုယ်တော် အစွမ်းပြချင်တဲ့သူက ဒီလောက် အန္တရာယ်များတာ လုပ်လို့ မဖြစ်ဘူး... အခုတော့ သူ ရှုချန်း လက်စာ မိသွားပြီ... "
လေ့လာသုံးသပ်သူ...
" ဒါပေမဲ့ လူသစ် ခုနစ်ယောက် ကျန်နေတုန်းပဲလေ... "
ကြီးကြပ်ရေးမှူး...
" အဲဒါ ဘာမှ သုံးမရဘူးလေ... စီနီယာအဖွဲ့မှာ ရှုချန်း ရှိတယ်... ပြီးတော့ နှစ်ဖွဲ့လုံးက အဆင့်မတူဘူး... ပြီးသွားပြီ... လေ့ကျင့်မှု အဆုံးသတ်ပြီး နေမဝင်ခင် ပြန်လာခိုင်းလိုက်တော့... "
ထို့နောက် ကြီးကြပ်ရေးမှူးလည်း စောင့်ကြည့်ရေးစင်တာထဲမှ ထွက်သွားတော့သည်။ သို့သော် ရှုချန်း၏ စွမ်းအားများ လုံးဝ ယုတ်လျော့သွားခြင်း မဟုတ်ကြောင်း သိလိုက်ရ၍ ကြီးကြပ်ရေးမှူး နှုတ်ခမ်းထောင့်စွန်းများမှ အပြုံးတစ်ပွင့် ပေါ်လာသည်။
အခန်း ၁၇၆ ပြီး