နတ်နဂါးစစ်သည်
အခန်း ၁၆၇
( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
မောင်ဖြစ်သူထံမှ ဆရာကြီးလုပ်ခြင်းကို ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင် ကြုံတွေ့ခဲ့ရသည့်အတွက် လင်ချူရွယ် တစ်ယောက် အနည်းငယ် အံ့အားသင့်မိသွား၏။ မှန်ထဲမှ သူမကိုယ်သူမ ပြန်ကြည့်နေမိသည်။ စင်မြင့်ပေါ်ရှိ လှပသည့် မင်းသမီးတစ်ဦးဘဝမှာ သူမ လိုချင်သည့်အရာ မဟုတ်မှန်း သူမ သိခဲ့၏။ ထို့အပြင် သူမနှင့် ရှုချန်းအကြား နားလည်မှုတို့ လွဲမှားနေခြင်းက နှစ်ဦးသား ဝေးကွာသည်ထက် ဝေးကွာစေလာကြောင်း တွေးတောကာ သက်ပြင်းချမိ၏။
ဖုန်းချပြီးနောက် မှိုင်တွေတွေဖြစ်နေသော လင်ချူရွယ်ကို လက်ထောက်က ...
"ဘာဖြစ်လို့လဲ... ဘာလို့ ရုတ်တရက်ကြီး စိတ်မကြည်တော့တာလဲ..."
လင်ချူရွယ် ခေါင်းခါလိုက်၏။
"ဘာမှမဖြစ်ပါဘူး..."
ထိုအချိန်တွင် သူမ၏ဖုန်း ထပ်မြည်လာပြန်သည်။ ဖုန်းခေါ်ဆိုသူကို ကြည့်လိုက်ရာ လင်ချူရွယ် အတော်လေး အံ့အားသင့်သွား၏။ ရှန်ယောင်ထံမှ ဖြစ်နေသောကြောင့်ပင်။ သူမ ဖုန်းကောက်ကိုင်လိုက်သည်နှင့် ရှန်ယောင်က သူမနှင့် တွေ့ဆုံလိုကြောင်း ပြောလိုက်သည်။ သူမ ထွက်ခွာသွားတော့မည်ဖြစ်၍ လင်ချူရွယ်ကို နှုတ်ဆက်လိုခြင်း ဖြစ်ပေသည်။
"ကောင်းပြီလေ... အခု နင်ဘယ်မှာလဲ... ငါ နင့်ဆီ လာခဲ့မယ်..."
လင်ချူရွယ် ပြောလိုက်၏။
"တော်ပါတော့... ငါ နောက်တစ်ခါ အရှုပ်ထုပ်ထဲ မပါချင်တော့ပါဘူး... ငါ့ရဲ့ အားလပ်ရက် နောက်ဆုံးနေ့လေးမှာ နင့်ပရိသတ်တွေ လိုက်ဖမ်းတာ မခံချင်တော့ဘူး... ငါ နင့်ကုမ္ပဏီက ကော်ဖီဆိုင်ကို လာခဲ့လိုက်မယ်လေ..."
ရှန်ယောင် ပြုံးကာပြောလိုက်ပြီး ဖုန်းချလိုက်၏။
လင်ချူရွယ်လည်း ပစ္စည်းများကို ထုပ်ပိုးကာ ကုမ္ပဏီ၏ ကော်ဖီဆိုင်သို့ သွားခဲ့သည်။
ကော်ဖီဆိုင်လေး၏ ထောင့်ဆုံးဝိုင်းတွင် ထိုင်နေသော မိန်းမချောလေးနှစ်ဦးမှာ ဆိုင်တစ်ခုလုံးအတွက် အာရုံစိုက်စရာ မြင်ကွင်းတစ်ခု ဖြစ်နေခဲ့၏။ သို့သော် ထိုမိန်းမချောလေးနှစ်ဦး ပြောဆိုနေသည့် အကြောင်းအရာမှာ ယောက်ျားတစ်ဦး၏ အကြောင်း ဖြစ်နေပေသည်။
ရှန်ယောင်က သူ့ကိုယ်သူ ညည်းညူသည့်လေသံဖြင့် ...
"ငါ ခွင့်ရက်ရတုန်း ဖုန်းတစ်ချက်မဆက်ဘဲ ငါ့ကိုလာရှာတယ်မလား... တကယ်တော့ ရှုချန်းကိုတွေ့ဖို့ လာခဲ့တာ ဟုတ်တယ်ဟုတ်..."
လင်ချူရွယ် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေ၏။ သူမတို့နှစ်ဦးမှာ အခင်ဆုံးသူငယ်ချင်းများဖြစ်ပြီး စကားများများ ပြောခြင်းက နားလည်မှုများ လွဲမှားသွားစေမည်ကို သူမ ကြောက်ရွံနေမိ၏။
ရှန်ယောင်က ဆက်ပြောသည်။
"ပြီးတော့ နင် ငါ့ကိုတွေ့ဖို့ ဒုတိယတစ်ခေါက် လာခဲ့တယ်ဆိုတာကလည်း ရှုချန်း သခင်ကြီးရန်နဲ့ တိုက်ခိုက်မဲ့ သတင်းကြားလို့ စိတ်ပူပြီး လာခဲ့တာမလား... ပြီးတော့ တိုက်ခိုက်ပြီးလို့ ရှုချန်း လဲကျသွားတဲ့အချိန်မှာလည်း ဝိုင်းအုံနေတဲ့သူတွေကို တွန်းဖယ်ပြီး နင် သူ့အနားကို ပြေးသွားကတည်းက နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခု ရှိနေပြီဆိုတာ ငါသိလိုက်တယ်..."
ထိုစကားပြောပြီးနောက် ရှန်ယောင် အောင့်သက်သက်ပြုံးကာ ဆက်ပြောပြန်သည်။
"နောက်တော့ နင်တို့နှစ်ယောက်က ငယ်သူငယ်ချင်းတွေလို့ နင်ပြောပြလိုက်တဲ့အချိန်မှာ ငါ ကြောင်အသွားတယ်... အဲဒီနောက်ပိုင်းမှာ ရှုချန်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေ ရုတ်သိမ်းဖို့ စလုပ်ခဲ့ပေမဲ့ အဲဒီ လ အနည်းငယ်အတွင်းမှာပဲ ရှုချန်းအပေါ် ငါ့ရဲ့ခံစားချက်တွေ ပိုတိုးလာပြီး ငါကိုယ်တိုင် အဲဒီထဲမှာ ပိတ်မိနေတယ်ဆိုတာ သတိထားမိလာတယ်... ဒါပေမဲ့ သူကတော့ ငါ့အပေါ် အရင်အတိုင်းပါပဲ... သူ့ရဲ့ သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် သူ့အိမ်မှာ ငှားနေတဲ့သူ တစ်ယောက်အနေနဲ့ပဲ အမြဲ မြင်တယ်လေ... မနေ့ညက ငါသူ့ကို ဖွင့်ပြောခဲ့တယ်... ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ရဲ့တုံ့ပြန်မှုကြောင့် ငါအတော်လေး စိတ်ပျက်ခဲ့ရတယ်... ငါ ဒီမှာ ဆက်လည်းမနေချင်တော့ဘူး... ငါ့ကိုယ်ငါလည်း အရူးထပ်မလုပ်ချင်တော့ဘူး..."
"ဒါပေမဲ့ တစ်ညလုံး တွေးပြီးတဲ့နောက်မှာတော့ ငါ့စိတ် အဆင်ပြေလာပါပြီ..."
ရှန်ယောင် ရယ်မောလိုက်သော်လည်း သူမ၏ အပြုံးတွင် စိတ်ပျက်အားငယ်မှုတို့ အနည်းငယ် ရောယှက်နေ၏။
"ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းကို မဆုံးရှုံးလိုက်ရပါဘူးလေ..."
ရှန်ယောင်ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည့်အတွက် လင်ချူရွယ်၏ လှပသော မျက်ဝန်းများ အနည်းငယ် ပြူးကျယ်နေ၏။ သူမ မည်ကဲ့သို့ သိသနည်း။
"ငါ ဘယ်လိုသိလဲလို့ နင်မေးချင်နေတယ် မဟုတ်လား..."
ရှန်ယောင်က ပြုံးကာ ပြောသည်။
"ရှုချန်း ဆေးရုံတက်တုန်းက စကားနှိုက်ကြည့်တော့ သူ့မှာ သဘောကျနေတဲ့သူရှိတယ်လို့ ပြောတယ်... ငါ့ကိုယ်ငါ မြှောက်ပြောတာတော့ မဟုတ်ဘူးနော်... ငါ့အနေအထားနဲ့ဆို ဘယ်မိန်းကလေးထက်မှ မလျော့ဘူး... ပြီးတော့ ငါ နည်းနည်းလေး ရေလာမြောင်းပေးလုပ်လိုက်တာနဲ့ ဘယ်ယောက်ျားလေးမှ ငါ့ကို လျစ်လျူရှု နေနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ရှုချန်းကတော့ ငါ့အပေါ် ဘာမှ မတုံ့ပြန်ဘူး... ရေခဲတုံးအတိုင်းပဲ... သူ ဒီလိုမျိုး မတုန်မလှုပ် ရေခဲတုံးလုပ်နေရတဲ့ အကြောင်းအရင်းက သူ သဘောကျနေတဲ့ မိန်းကလေးက ငါ့ထက် ပိုထူးချွန်တာ ပိုလှတာ ဖြစ်မယ်လို့ တွေးမိတယ်... ပြီးတော့ ငါ နင့်အကြောင်းတွေးမိတယ်... နင်တို့နှစ်ယောက်က ငယ်ငယ်ကတည်းက အဆက်အသွယ်ရှိခဲ့ ခင်မင်ခဲ့ကြတဲ့သူတွေဆိုတော့ သူ နင့်ကို သဘောကျနေမှာ ငါ သဘောပေါက်လိုက်တယ်..."
လင်ချူရွယ် ခေါင်းငုံ့လိုက်ပြီး မျက်တောင်ရှည်များဖြင့် သူမ၏ မျက်လုံးများကို ကာထားလိုက်၏။ လောလောဆယ်တွင်တော့ ရှန်ယောင်ကို မည်ကဲ့သို့ ရင်ဆိုင်ရမှန်း သူမ မသိချေ။
သို့သော် ရှန်ယောင်က စိတ်မဆိုးဘဲ လင်ချူရွယ်၏ လက်ကလေးများကို အသာဆုပ်ကိုင်ကာ ...
"တကယ်တော့ နင်လည်း ရှုချန်းကို သဘောကျတယ်မဟုတ်လား..."
"ငါ..."
လင်ချူရွယ် မည်သို့ ပြန်ပြောရမှန်းမသိ ဖြစ်နေ၏။ သူမက ရှန်ယောင်ကို ဤအကြောင်းအရာများအားလုံး ကြိုမပြောပြသည့်အတွက် ရှန်ယောင် သူမအပေါ် ဒေါသထွက်မည်ကိုလည်း စိုးရွံ့နေမိ၏။
"နင် အခုထိ ဖုံးကွယ်ထားနေတုန်းလား... နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကိုတောင် ပြောမပြဘူးလား..."
ရှန်ယောင်က လေသံအေးအေးလေးဖြင့် ပြောလိုက်၏။
လင်ချူရွယ်က သက်ပြင်းတစ်ချက် ချပြီးမှ ဖြည်းညင်းစွာဖြင့် ...
"နိုင်ငံခြားမှာ မွေးစားခံရတဲ့ ကောင်လေးတစ်ယောက်မှာ လူမျိုးရေး ခွဲခြား လှောင်ပြောင်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်... ပြီးတော့ သူက ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရတာ... အဲဒီကြားထဲက သူ့ရဲ့တစ်ဦးတည်းသော ဆွေမျိုးရင်းချာဖြစ်တဲ့ အဖေကိုပါ ဆုံးရှုံးခဲ့ရသေးတယ်... သူ့မှာ သိမ်ငယ်စိတ်တွေ အပြည့်ရှိနေတော့ သူ့ခံစားချက်တွေကို ကောင်းကောင်း ထုတ်မပြောနိုင်ဘူးလေ... အဲဒီတော့ သူ သဘောကျတဲ့ မိန်းကလေးအတွက် တတ်နိုင်သမျှ တိတ်တိတ်ကလေး ကူညီပေးဖို့ပဲ တွေးနေခဲ့တာ..."
ရှန်ယောင်က ...
"အဲဒီကောင်လေးက ရှုချန်း မဟုတ်ဘူးလား..."
လင်ချူရွယ် ခေါင်းညိတ်လိုက်၏။
"ပြီးတော့ မိန်းကလေးတစ်ယောက်... သူမက ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်လိုမျိုး တဖြည်းဖြည်းချင်း ဖူးပွင့်လာခဲ့တယ်... သူမရဲ့ အပြစ်ကင်းစင်မှုနဲ့ အလှတရားက သူတို့ အသိုင်းအဝိုင်းထဲက ယောက်ျားလေး များစွာရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့တယ်... တက္ကသိုလ်တက်တဲ့နှစ်တွေမှာ သူမကို အပိုင်ရဖို့ မရေမတွက်နိုင်တဲ့ ယောက်ျားတွေက ဘယ်လိုမျိုး အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်ဆိုတာ သူမ မသိခဲ့ဘူး... ဒါပေမဲ့ သူမကို အဲလို အန္တရာယ်တွေကနေ ကင်းဝေးအောင် မွေးစားထားတဲ့ကောင်လေးက ကာကွယ်ပေးခဲ့တယ်လေ... အဲဒီကောင်လေး ကျေးဇူးနဲ့ပဲ သူမရဲ့ အလှအပတွေ အပြစ်ကင်းစင်မှုတွေကို ထိန်းသိမ်းထားနိုင်ခဲ့တာ... ကောင်မလေးကို ရယူဖို့ကြံတဲ့ တော်ဝင်မျိုးနွယ် တစ်ယောက်နဲ့ အဲဒီကောင်လေး ထိပ်တိုက်တွေ့ကြတာပေါ့... "
" ကောင်လေးရဲ့ မွေးစားအဖေလည်း ရွေးချယ်စရာ မရှိတော့တဲ့အတွက် သူ ဘေးကင်းလုံခြုံဖို့ တခြားကို ပို့ရတော့တယ်လေ... ဒါပေမဲ့ ကောင်မလေးကလည်း ကောင်လေး သွားရာနောက်ကို လိုက်ချင်ခဲ့ပါတယ်... ဒါ့ကြောင့် အဖေဖြစ်တဲ့သူက ကောင်လေးနဲ့ လက်ထပ်ပေးမယ်ဆိုတာကို ကောင်မလေးက သဘောတူ ခေါင်းညိတ်ခဲ့ပြီးတော့ ကောင်လေးရဲ့ မွေးရပ်ဇာတိနိုင်ငံကို ပြန်လာခဲ့ကြတယ်... "
" ဒါပေမဲ့ ကောင်မလေးရဲ့ အသက်မွေးဝမ်းကြောင်းကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို လူအများကို ထုတ်မပြခဲ့ဘူး... ကောင်မလေးကို ဗြိတိန်ကို ပြန်ခေါ်မသွားနိုင်သေးတဲ့အတွက် သူ့ကိုယ်သူ အမြဲတမ်း အပြစ်တင်နေခဲ့တယ်... တစ်နေ့နေ့ ဗြိတိန်ကို ပြန်ရောက်တဲ့အခါ သူတို့ရဲ့ အိမ်ထောင်ရေးကို လူသိရှင်ကြား ထုတ်ဖော်ဖို့လည်း သူကြိုးစားခဲ့တယ်... ဟွာရှမှာ ရှိနေတဲ့ နှစ်တွေအတွင်း တစ်ယောက် တစ်ကမ္ဘာစီ နေခဲ့ကြပြီး ဘယ်တော့မှလည်း မဆုံကြဘူး... ကောင်လေးရဲ့စိတ်ထဲမှာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လုံလုံလောက်လောက် အစွမ်းထက်လာမယ်ဆိုပြီး ယုံကြည်ချက် မရှိဘူးလို့ ကောင်မလေးက ခံစားမိတယ်... အဲဒီ မယုံကြည်စိတ်ကြီးကပဲ ကောင်လေးကို ရှုံးနိမ့်သူတစ်ယောက် ဖြစ်စေခဲ့ပြီးတော့ သူတို့နှစ်ယောက်ကြားကို ပိုဝေးကွာသွားစေတာပေါ့... ဒါပေမဲ့ ဒီနိုင်ငံမှာ ကောင်လေး စိတ်အပူဆုံး အစိုးရိမ်ရဆုံးက အဲဒီကောင်မလေး တစ်နည်းအားဖြင့် ငါဆိုတာ ငါသိတယ်..."
ရှုချန်းနှင့် လင်ချူရွယ်၏ အတိတ်ဇာတ်လမ်းကို ကြားလိုက်ရသည့်အတွက် ရှန်ယောင် အံ့အားသင့်သွား၏။ သို့သော် လွင့်ပျယ်နေသော သူမ၏ အာရုံများကို ပြန်လည်စုစည်းလိုက်ရင်း လင်ချူရွယ်ကို ...
"ဒါဆို တစ်နေ့ကျရင် နင့်ကို ဗြိတိန်ပြန်ခေါ်သွားပြီး အဲဒီတန်ခိုးအာဏာကြီးတဲ့သူတွေကို ဆန့်ကျင်နိုင်ဖို့ လုံလောက်တဲ့စွမ်းအား ရှုချန်းမှာ ရှိလာမယ်လို့ ယုံကြည်လား..."
လင်ချူရွယ်က ပြတ်သားစွာ ပြုံးလိုက်၏။
"ဟုတ်တယ်... ဒါပေမဲ့ ကြာဦးမယ်ထင်တယ်..."
ရှန်ယောင် ရယ်မောလိုက်သည်။
"အခုတော့ ကွန်ဒိုကို နင် ပထမဆုံးရောက်လာတဲ့နေ့က ရှုချန်း ဘာလို့ အဲလောက်အကြာကြီး စိုက်ကြည့်နေလဲဆိုတာ ငါသိသွားပြီ... သူ့မျက်လုံးတွေထဲမှာ ထိတ်လန့်တုန်လှုပ်မှုတွေရော... နူးညံ့သိမ်မွေ့မှုတွေကိုပါ မြင်နေရတယ်... ဒီလျှို့ဝှက်ချက် ငါ့ကို ပြောပြချင်စိတ်ရှိတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်... ငါချစ်ရတဲ့သူနဲ့ မဆုံဆည်းနိုင်ခဲ့ပေမဲ့ ငါ့အချစ်ဆုံး သူငယ်ချင်းနဲ့ ငါချစ်ရတဲ့သူ ဆုံဆည်းသွားတော့ ငါ ဝမ်းသာပါတယ်ဟာ..."
ထို့နောက် ရှန်ယောင်က မျက်ရည်စတို့ တွဲလွဲခိုနေသော မျက်ဝန်းဖြင့် နာရီကိုကြည့်လိုက်ပြီး ...
"ကဲ ငါ့လေယာဉ်ထွက်ချိန် ရောက်တော့မယ်... ငါ သွားတော့မယ်နော်..." ဟု ပြောလိုက်၏။
"ငါ နင့်ကို လိုက်ပို့ပေးရမလား..."
"ရပါတယ်... ကိစ္စမရှိဘူး..."
ရှန်ယောင် တစ်လှမ်းချင်းလှမ်းကာ ထွက်ခွာသွား၏။ သို့သော် ခြေလှမ်း အနည်းငယ်ခန့် လှမ်းပြီးနောက် လင်ချူရွယ်အား ရုတ်တရက် ပြန်လှည့်ကြည့်ကာ ပြုံးလိုက်ပြီး ...
"ချူရွယ် ပိုကြိုးစား... နင် အဲဒီယောက်ျားနဲ့ လွဲချော်သွားရင် ငါ သူ့ကိုယူမှာနော်..."
ရှန်ယောင် စနောက်လိုက်၏။
သို့သော် အတည်လားလည်း မသိနိုင်ချေ။
လင်ချူရွယ် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ပြုံးလိုက်၏။
"ကောင်းပြီလေ... ဒါပေမဲ့ နင့်အတွက် အခွင့်အရေး လုံးဝမရှိဘူး..."
ရှန်ယောင် ပြုံးပြကာ ထွက်သွားတော့၏။
ထိုအချိန်တွင် ကွန်ဒိုအတွင်း၌ ရှိနေသော ရှုချန်းမှာ ယန်ကျင်းထံမှ စာတစ်စောင် ရခဲ့၏။
"ဒါ နင့်အတွက် ရှန်ယောင် ထားခဲ့တဲ့စာပဲ..."
ရှုချန်းလည်း ဝရန်တာသို့သွားကာ စာကိုဖွင့်ဖတ်လိုက်၏။
စာတွင် ရေးထားသည်မှာ...
"ငါ ထွက်သွားတော့မယ်... ချစ်သူတွေ မဖြစ်နိုင်တော့တဲ့ဘဝမှာ နင့်ရဲ့ ညီမတစ်ယောက်လိုမျိုး... သူငယ်ချင်း တစ်ယောက်လိုမျိုး နင့်အနားမှာနေဖို့ သတ္တိလည်း မရှိတော့ပါဘူး... ငါ့ကို ကတိတစ်ခုတော့ပေးပါ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ... ဘဝကို ဘယ်တော့မှ အရှုံးမပေးဘဲ ရှေ့ဆက်သွားပါနော်..."
အခန်း ၁၆၇ ပြီး