နတ်နဂါးစစ်သည်
အခန်း ၁၆၆
( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...)
နောက်တစ်နေ့ နံနက်တွင် ရှန်ယောင် တစ်ယောက် ခေါင်းထဲ အနည်းငယ် ရီဝေဝေဖြစ်ရင်း နိုးထလာပြီး သူမ နံဘေးတွင် ယန်ကျင်း အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ အခန်းမျက်နှာကျက်ကို သူမ မော့ကြည့်နေမိသည်။ ရှန်ယောင်နိုးလာကြောင်း ယန်ကျင်း ခံစားမိ၍ သူမလည်း ထလိုက်ပြီး...
" နင် ရေငတ်နေလား... "
ရှန်ယောင်က...
" ဘာလို့ မေးတာလဲ... "
ယန်ကျင်းက ကျီစားသည့် အနေဖြင့်...
" နင် ညက ပေါက်ကရတွေ လျှောက်ပြောနေလို့ ဘားပိုင်ရှင်က ငါတို့ကို ကန်ထုတ်မလိုတောင် ဖြစ်သွားတယ်... ချောမောလှပတဲ့ အမွေဆက်ခံသူ သူဌေးသမီးက ယောက်ျားလေး တစ်ယောက်ကို မုဒိန်းကျင့်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ဇာတ်လမ်းက ဒီတစ်ဝိုက်မှာ အတော် ပျံ့နှံ့နေပြီ... နင်တော့ ရှုချန်းကို အခု တော်တော်လေး ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ... "
ရှန်ယောင်၏ မျက်နှာလေး ညိုသွား၏။
" ဘာလို့ ဒုက္ခရောက်မှာလဲ... ငါ မူးပြီး ပြောတာလို့ သူ မထင်ဘူးလား... "
ယန်ကျင်းက ရှန်ယောင်ကို ပြောင်စပ်စပ် ပြုံးကာ ကြည့်ပြီး မေးလိုက်၏။
" ဒါပေမဲ့ နင် တကယ် မလုပ်ဘူးမလား... ဟုတ်တယ်ဟုတ်... ငါ သိပါတယ်... "
ရှန်ယောင်က...
" ငါကသာ အရမ်းတွေ ရေလာမြောင်းပေးနေတာ သူကတော့ တုတ်တုတ်တောင် မလှုပ်ဘူး... မြင်းကမလှုပ် ခုံကလှုပ် ဖြစ်နေပြီ... ငါလည်း ဘာပြောရမှန်း မသိတော့ပါဘူး... ယန်ကျင်း... နင် ပြောစမ်းပါဦး... ငါ မလှတာလား... ဒါမဟုတ် တစ်ခုခု လိုအပ်နေတာလား... "
"မဟုတ်ဘူး... နင့် တစ်ကိုယ်လုံး လှတယ်... "
" ဒါဆို ငါ တော်တော်လေး နားမလည်နိုင်ဘူး ဖြစ်နေတယ်... ငါ့ကို တစ်ချက်လေးတောင် ပြန်ပြီး အီစီကလီ မလုပ်ချင်ပုံပဲ... ငါက သူကြိုက်တဲ့ ပုံစံ မဟုတ်ဘူးဆိုတာ ရှင်းနေတာပြ... "
" ဘာကိုလဲ... နင် တကယ်ကြီး ခံစားနေတာလား... "
" ဘာကို တကယ်ကြီးလားလဲ... "
" အရင်က သူ နင့်ကို ချစ်လာအောင် လုပ်မယ်... ပြီးရင် ထားခဲ့မယ်ဆိုပြီး ငါတို့ လောင်းကြေးထပ်ခဲ့ကြတယ်မလား... ငါတို့ လောင်းထားတာ သူ သိသွားလို့ အခုလို ဖြစ်နေတာများလား... "
ရှန်ယောင်က ယန်ကျင်း မျက်လုံးများကို တည့်တည့် စိုက်ကြည့်ပြီး...
" လောင်းကြေး နိုင်ဖို့အတွက် ရှုချန်းကို ငါ လိုက်နေတယ်လို့ နင် ထင်နေတာလား... "
ယန်ကျင်းက...
" အဲလိုမျိုး မဟုတ်ဘူးဆိုတာ ငါ သိပါတယ်... ရှုချန်း နှလုံးသားထဲမှာ တစ်ယောက်ယောက် ရှိပြီးသားလို့ ငါထင်နေတယ်... အဲဒါကြောင့် နင် ရှုချန်းကို တကယ် ချစ်မိသွားမှာ ငါ စိုးရိမ်မိတယ်... "
ရှန်ယောင် ခေါင်းငုံ့ကာ ခါးသက်သက် ပြုံးလိုက်၏။
" ဟုတ်တယ်... ငါလည်း သိတယ်... နောက်ဆုံး တစ်ကြိမ် မေးတုန်းကလည်း သူ့မှာ ကြိုက်နေတဲ့သူ ရှိတယ်လို့ ပြောတယ်... ဒါပေမဲ့ သူတို့ မတွဲသရွေ့တော့ ငါ ကြိုးစားရင် သူ့ကို ရနိုင်မယ်လို့ ထင်တယ်... "
ထိုသို့ ပြောလိုက်ပြီးနောက် ရှန်ယောင် ပို၍ စိတ်ဓာတ်ကျသွား၏။ သက်ပြင်းမော တစ်ချက် မှုတ်ထုတ်လိုက်ပြီး...
" ငါ ဒီခံစားချက်ကြီးကို ထုတ်ပစ်ချင်တဲ့ အချိန် တစ်ခု ရှိခဲ့ပေမဲ့ ရလဒ်ကတော့ ဆန့်ကျင်ဘက်ပဲ... သူ့အကြောင်း ပိုသိရလေလေ သူက ထူးဆန်းတယ်လို့ ပို ခံစားရလာလေလေပဲ... သူက တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှု ရှိတယ်... ကိစ္စတိုင်းကိုလည်း သူ့ အစီအစဉ်အတိုင်း အမြဲ လုပ်နေတာ... သူ့ဆီကရတဲ့ ဘေးကင်းမှု၊ လုံခြုံမှု ခံစားချက်က တကယ်ကို ကြည်နူးဖို့ ကောင်းတယ်ရယ်... ဒါပေမဲ့ သူ သဘောကျတာ ငါမဟုတ်မှန်း ပိုပြောလေလေ ငါ့ကို သူ သဘောကျလာအောင် ပိုကြိုးစားချင်လေလေ... သူ့အပေါ် ပိုပြီး လေးလေးနက်နက် ခံစားမိလာလေလေ ဖြစ်နေတယ်... အခုလည်း ဒီစိတ်တွေထဲမှာပဲ ပိတ်မိနေတယ်... နေ့ရှိသရွေ့ သူ့မျက်နှာလေး မြင်ချင်တယ်... နောက်လာမယ့် နေ့ရက်တွေကိုလည်း သူနဲ့ အတူ ဖြတ်သန်းနိုင်မယ် တွေးလိုက်မိတိုင်း ငါ တကယ်ကို ပျော်မိတယ်... ညတာတွေ ရှည်လွန်းပြီး နောက်တစ်နေ့ ရောက်တာ ကြာတယ်လို့တောင် ထင်မိတယ်... "
ယန်ကျင်းက ရယ်ရယ်မောမောဖြင့်...
" နင် အလုပ်ပြန် မဝင်သေးပဲ အားလပ်ရက်တွေကို ဆွဲဆန့်နေတဲ့ အဓိက အကြောင်းအရင်းက ဒါပေါ့နော်... "
ရှန်ယောင်က ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် ဖြေရှာသည်။
" ဟုတ်တယ်... ညက ငါ ဘာလို့ အရမ်း စိတ်အလိုလိုက်ပြီး အိတ်သွန်ဖာမှောက် ပြောမိလဲ မသိပါဘူး... ဒါပေမဲ့ အခု ငါ ဘယ်လို ခံစားနေရတယ်ဆိုတာ သူ သိသွားပြီလေ... ငါ ဒီလို ပြောထွက်သွားတာက သူ့ရဲ့ ငါ့အပေါ် အေးတိအေးစက် တုံ့ပြန်မှုတွေကြောင့် ဖြစ်မယ် ထင်တယ်... တချို့ ကိစ္စတွေက အတင်းအကြပ် လုပ်ယူလို့ မရဘူးလေ... အခုတော့ သူ့ကို အကုန် ပြောမိသွားပြီဆိုတော့ ငါတို့ နှစ်ယောက် ပြန်တွေ့တဲ့အခါ အနေတော့ ခက်လိမ့်မယ်... ဒါပေမဲ့ အခုလို ငါ့ ခံစားချက်တွေ သူ့ကို ထုတ်ပြောလိုက်မိတဲ့အတွက် နောင်တ မရပါဘူး... ငါ့ရဲ့ အားလပ်ရက်တွေလည်း တော်တော်များနေပြီ... ငါ အလုပ်ပြန်ဝင်ဖို့ အချိန်တန်ပြီ... "
ယန်ကျင်း အနည်းငယ် အံ့အားသင့်သွား၏။
" ဘယ်ကို သွားမှာလဲ... "
ရှန်ယောင်က ပေါ့ပါးစွာ ရယ်မောပြီး ဘာမှ မဖြစ်ဟန် ဆောင်ကာ...
" ဟုတ်တယ်.. ငါ အလုပ် ပြန်ဝင်တော့မယ်... ဒီတစ်ခါလည်း ငါ နေရာအနှံ့ ထပ်ပြီး ပျံဝဲဖြစ်လိမ့်မယ်... အဲဒီလို လေယာဉ်လိုက်နေတဲ့ ရက်တွေကိုပဲ အားလပ်ရက် အနေနဲ့ မှတ်ယူလိုက်တော့မယ်လေ... ငါ ပြန်လာတဲ့အခါ အကုန်လုံး သူငယ်ချင်းတွေ အဖြစ် ပြန်ဆုံဖို့ မျှော်လင့်ပါတယ်... "
ထို့နောက် ရှန်ယောင်လည်း အခန်းထဲမှ ထွက်သွားတော့၏။ အထုပ်အပိုးများနှင့် ထွက်လာသည့် ရှန်ယောင်ကို မြင်လိုက်သောအခါ ရှန်ဝမ်ဆန်း တစ်ယောက် စိုးရိမ် ထိတ်လန့်တကြား မျက်မှောင်ကြုံ့မိလေသည်။
" ယောင်ယောင်... ဘာဖြစ်လို့လဲ... သမီး ဘာဖြစ်လို့ ရုတ်တရက်ကြီး ထွက်သွားဖို့ လုပ်နေတာလဲ... အိမ်မှာနေရတာ အဆင်မပြေဘူးလားကွယ်... ဒီတစ်ခေါက် ဘယ်သူက အဖေ့ သမီးကို မပျော်အောင် လုပ်လိုက်လို့လဲ... "
ရှန်ယောင်က ဘာမှ ခံစားရပုံ မပေါ်သော အမူအရာဖြင့်...
" သမီး အလုပ်ပြန်ဝင်တော့မယ်... ခဏ ခဏ လည်း ပြန်မလာတော့ဘူး... "
" ဘာအလုပ်လဲ... သမီး ပိုက်ဆံပြတ်နေလို့လား... အဖေ မုန့်ဖိုးပိုပေးမှာပေါ့ သမီးရယ်... "
" အဲဒီ ပိုက်ဆံတွေက အဖေပိုင်တာလဲ... သမီး ပိုင်တာမှ မဟုတ်တာ... "
" အဖေ့ပိုက်ဆံက သမီးပိုက်ဆံပဲပေါ့ကွယ်... မဟုတ်ဘူးလား... "
ရှန်ယောင်က အဖေဖြစ်သူကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်ပြီး...
" အဖေ... ဘယ်သူက သမီးကို လိုက်နေလဲ... သမီးက ဘယ်သူနဲ့ သူငယ်ချင်း ဖြစ်နေလဲဆိုပြီး အဖေ အမြဲ စိတ်ပူနေခဲ့တယ်... ဒါပေမဲ့ သမီးကို မကြိုက်တဲ့ ယောက်ျားတွေလည်း ရှိတယ်ဆိုတာ အဖေ သိရဲ့လားဟင်... အခု သမီး အလုပ်ပြန်ဝင်မယ့် ကိစ္စကို ဝင်မစွက်ဖက်ပါနဲ့... သမီးနဲ့ အဆင်ပြေပြေ ရှိချင်ရင် သမီး ဆုံးဖြတ်ချက်ကို လေးစားတာ အကောင်းဆုံး ပါပဲ... "
စကားဆုံးသည်နှင့် ရှန်ယောင်လည်း အထုတ်အပိုးတို့ ယူငင်ကာ ထွက်ခွာသွားတော့၏။
...
ရှုချန်း၏ ကွန်ဒို...
အိပ်ယာနိုးနေပြီ ဖြစ်သော ရှုချန်းက ဝရံတာတွင် အကြောဆန့်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နေသည်။ ထိုစဉ် လင်လဲ့ တစ်ယောက် မျက်လုံးများကို ပွတ်သပ်ရင်း အိပ်မှုန်စုံမွှားနှင့် ထလာကာ...
" အစ်ကိုချမ်း... ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်... ငါ့ အစ်မအတွက်နဲ့တော့ မင်းကို ကြိုက်နေတဲ့ ကောင်မလေး တစ်ယောက်ကို စွ့န်လွှတ်ဖို့ မလိုပါဘူး... "
" မင်း ပါးစပ်က ဒီလို စကား ထွက်လာတာ မထူးဆန်းဘူးလား... ငါက မင်းယောက်ဖ ဖြစ်နေတာတောင် တခြား ကောင်မလေးနဲ့ တွဲစေချင်တာလား... "
" မင်းနဲ့ ငါ့အစ်မကလည်း အစကတည်းက တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ဘာလို့ သိုဝှက်ပြီး နေတာလဲ... လခွမ်းပဲ... ငါကျတော့ ဘာလို့ အစ်မရှန်ယောင်လို ကောင်မလေးနဲ့ မဆုံနိုင်ရတာလဲကွာ... "
လင်လဲ့ သက်ပြင်းချရင်း စိတ်ညစ်ဟန်ဖြင့် ပြောလိုက်၏။
ရှုချန်း က မျက်လုံးထောင့်ကပ်ကြည့်လိုက်ပြီး...
" မင်း ဘဝမှာ မိန်းမတွေ ရှားနေလို့လား... "
" စိတ်ရင်းအမှန်နဲ့ လာတဲ့ မိန်းကလေးတွေမှ တပုံကြီးပဲ... ဒါပေမဲ့... ခန္ဓာကိုယ်၊ ရုပ်ရည်၊ အမူအကျင့်၊ နောက်ခံ အသိုင်းအဝိုင်း၊ ဉာဏ်ရည်ဉာဏ်သွေး အဲ့လိုမျိုး အဖက်ဖက်က ပြည့်စုံနေတဲ့ ကောင်မလေးမျိုး တစ်ယောက်တောင် တကယ် မတွေ့ဖူးဘူး... ငါ ပြောချင်တဲ့ ပုံစံက မင်းကို သဘောကျနေတဲ့ အစ်မ ရှန်ယောင်လို ပုံစံမျိုးလေးကွာ... သူ မင်းကို ကြိုက်တယ့်နေရာမှာ ရည်ရွယ်ချက် တစ်ခု ရှိတယ်ဆိုရင်တောင် အဲဒါက မင်းအတွက် ကလေးတွေ မွေးပေးဖို့ပဲ ဖြစ်ဖို့များတယ်... ငါ့ကို သဘောကျနေတဲ့ ကောင်မလေးတွေ အားလုံးက တကယ်စိတ်ရင်းနဲ့ ဆိုပေမဲ့ သူဌေးသားမို့ သဘောကျတာလား... ဒါမှမဟုတ် တခြား အချက်တွေကြောင့်လားဆိုတာ မသိတော့ပါဘူး... "
လင်လဲ့တစ်ယောက် ရှည်ရှည်ဝေးဝေး ပြောလိုက်၏။
ရှုချန်း ဘာမှ ပြန်မပြောပဲ အထဲပြန်ဝင်သွားရာ ဝရံတာတွင် တစ်ယောက်တည်း ကျန်ခဲ့သော လင်လဲ့က အစ်မ ဖြစ်သူကို ဖုန်းဆက်လိုက်သည်။
လင်ချူရွယ်အား လက်ထောက်က မိတ်ကပ်ပြင်ပေးနေစဉ်တွင် ဖုန်းဝင်လာ၍ ချက်ချင်း ကိုင်လိုက်၏။ လင်လဲ့က...
" အစ်မရေ... နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းက နင့်ယောက်ျားကို ညက ဖွင့်ပြောလိုက်ပြီဟေ့... "
လင်ချူရွယ် ခေတ္တမျှ တိတ်ဆိတ်သွား၏။ ပြီးမှ သူမ ဆက်မေးလိုက်သည်။
" ပြီးတော့ရော... "
လင်လဲ့က...
" ယောက်ဖက သူ့ကို လက်ခံလား၊ ငြင်လား ဆိုတဲ့ အဖြေကို ကြားချင်တာမလား... ယောက်ဖက သူ့အပေါ်မှာ ခံစားချက် တစ်ခုခု ရှိနေမှာကို နင် အရမ်း ကြောက်နေတယ်မလား... နင် ဒီလို စိတ်ပူနေရင်လည်း ဘာလို့ အချိန်ပေးပြီး ခံစားနေရတာတွေကို ရင်မဖွင့်တာလဲ... အရင်ရက်တွေတုန်းက ယောက်ဖနဲ့ စကားပြောရင်း သူ့ စကားတွေကို ငါ နားလည်လာပြီ... နင်နဲ့ သူ့ အကြောင်းကို လျှို့ဝှက်ထားရလို့လည်း သူ တစ်ချက် မညည်းဘူး... ဒီလို ကိစ္စမျိုးကို သာမန် ယောက်ျားတွေတောင် သည်းမခံနိုင်ဘူး... အထူးသဖြင့် ယောက်ဖလို မာနကြီးတဲ့ ယောက်ျားတွေဆို ပိုဆိုးပေါ့... ဒါပေမဲ့ သူ တစ်ချက်လေး စောဒက မတတ်ခဲ့ဘူး... ဒီကိစ္စကို ထုတ်မပြဘူးဆိုတဲ့ နင့် ဆုံးဖြတ်ချက်ကို သူ လေးစားပေးခဲ့တယ်... ဒါပေမဲ့လေ ယောက်ျားတစ်ယောက်အတွက် ဒီလို ဆုံးဖြတ်ရတာ တကယ့်ကို အရှက်ရစရာပဲ... "
လင်ချူရွယ် သက်ပြင်း တစ်ချက် ချလိုက်၏။
" ဒါဆို ငါတို့ ကိစ္စကို လူသိရှင်ကြား ချပြလိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ဂယက်တွေကိုရော နင် စဉ်းစားပြီးပြီလား... "
" သိတယ်... ဒါပေမဲ့ ယောက်ဖ အမြင်ကို ဘာလို့ မမေးတာလဲ... သူက နင့်အတွက်ဆို တစ်ကမ္ဘာလုံးနဲ့ ရန်သူဖြစ်လည်း ရတယ်ဆိုတဲ့ သူမျိုးနော်... ဟွာရှကို ပြန်လာပြီး ရဲထဲ ဝင်ပြီးသွားကတည်းက သူ လုပ်ဆောင်ခဲ့တာတွေ ကြည့်ရင် ငါတို့ အရင်က သိခဲ့တဲ့ ရှုချန်း လို့ကို မထင်ရတော့ဘူး... သူအများကြီး ပိုသန်မာလာတယ်... "
လင်ချူရွယ် ဘာမှ ပြန်မပြောပဲ နှုတ်ဆိတ်နေ၏။
လင်လဲ့လည်း ခေတ္တ စဉ်းစားပြီးမှ သက်ပြင်းလေပူ တစ်ချက် မှုတ်ထုတ်ကာ...
" အစ်မ... မနေ့ကညက ယောက်ဖကို အရူးအမူးဖြစ်ပြီး ဖွင့်ပြောလိုက်တဲ့ ကောင်မလေးက နင့်လိုပဲ လှတယ်နော်... ဘယ်ယောက်ျားမဆို အဲ့လို ကောင်မလေး ဖွင့်ပြောတာ ခံရတဲ့ ယောက်ဖနဲ့ စက္ကန့်ပိုင်းလောက်လေး လူချင်းလဲချင်စိတ် ဖြစ်နေမှာ အသေအချာပဲ... ဒါပေမဲ့ ယောက်ဖက သူ့ကို ငြင်းလိုက်တယ်... အစ်မ ရှန်ယောင်က ယောက်ဖကို နင့်မိန်းမ ခေါ်လာပြလေ လို့ ပြောလိုက်တုန်းက ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်ပြီး ဝမ်းနည်းသွားတဲ့ ယောက်ဖ မျက်နှာကို ငါ အခုထိ မျက်လုံးထဲက မထွက်သေးဘူး... နင်တို့ နှစ်ယောက် လက်ထပ်ပြီးသားဆိုတာ တကမ္ဘာလုံးကို ချပြစေချင်တယ်... "
အခန်း ၁၆၆ ပြီး