နတ်နဂါးစစ်သည်
အခန်း ၁၅၇
( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
ဓာတ်ဆီ ဖြည့်ပြီးနောက် ရှုချန်းက ကားစက်နှိုးလိုက်၏။ ထိုအချိန်တွင် သူ့ဖုန်း မြည်လာ၏။ လီချောင် ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်ပေသည်။
"ခေါင်းဆောင် ခန်းရီ ရဲ့ကားမှာ တပ်ထားတဲ့ Gps က သူအခု စီးပွားရေးမဟာမိတ်အဖွဲ့ကို သွားနေတယ်ဆိုပြီး ပြနေတယ်..."
ဤကဲ့သို့ ညနက်ချိန်မှ စီးပွားရေးမဟာမိတ်အဖွဲ့သို့ သူဘာလုပ်ရန် သွားသနည်း။ ထိုညတွင် ကြီးကြီးမားမား တစုံတခု လှုပ်ရှားမည်လော။
ယခု နေးလ် သူ့နောက်သို့လိုက်နေသည်နှင့် ဆက်စပ်နေ၏။ သူ့ကိုစောင့်ကြည့်ရန် နေးလ် တွင် တာဝန်ရှိမည်လော။
ထို့ကြောင့် ရှုချန်းက လီချောင် ကို...
"မင်း ဘယ်မှာလဲ..."
"စူပါမားကတ်မှာ..."
"မင်းရဲ့ တည်နေရာ ငါ့ကို ပို့ပေးလိုက်... ပြီးတော့ အဝတ်လဲခန်း ဘက်မှာ ငါ့ကိုစောင့်နေလိုက်..."
ထို့နောက် ရှုချန်း ဖုန်းချလိုက်၏။
ထို့နောက် ကားစက်နှိုးပြီး ရှုချန်း မောင်းထွက်သွားရာ လမ်းဆုံတခုသို့ ရောက်သည်နှင့် ရုတ်တရက် ဂငယ်ကွေ့ ကွေ့ချလိုက်၏။ နေးလ် လည်း ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ ရှုချန်းနောက်မှ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။ စူပါမားကတ် တစ်ခုသို့ ရောက်သွားသောအခါ ရှုချန်း ဆင်း၍ ဝင်သွားသည်ကို တွေ့လိုက်ရ၏။ ပစ္စည်းအနည်းငယ်ဝယ်ပြီးနောက် ရှုချန်း ထွက်လာမည်ဟု သူထင်ခဲ့သည်။
သို့သော် ရှုချန်းက စောင့်နေသော လီချောင် ကို တွေ့လိုက်သည့်အခါ အဝတ်လဲခန်းထဲသို့ ဆွဲခေါ်ပြီး...
"အဝတ်လဲရအောင်..."ဟု ပြောလိုက်သည်။
လီချောင် ကြောင်အသွား၏။
"ဘာဖြစ်တာလဲ..."
ရှုချန်းက သူ့အင်္ကျီကို ချွတ်လိုက်ကာ...
"ငါ့နောက်ကို ဟိုကောင်တွေ လိုက်နေတယ်... ငါ့အဝတ်အစားတွေ ဝတ်ပြီး ငါ့ကားကို ရဲဌာနချုပ်ကို တန်းတန်းပဲ ပြန်မောင်းသွား... ပြီးတော့ မင်းအပြင်ကို ထွက်တဲ့အခါ ဖုန်းပြောဟန်ဆောင်ပြီး မျက်နှာကိုကွယ်သွားဖို့ မမေ့နဲ့... ငါတို့ လူချင်းလဲလိုက်တာ သူတို့ မရိပ်မိစေနဲ့... မင်းဌာနချုပ်ကို ရောက်ရင်တော့ မင်းကို သူတို့ သိ မသိဆိုတာ အရေးမကြီးတော့ဘူး..."
ငါးစာ တခုအလား မျှားခေါ်ရမည့် အကြောင်း လီချောင် သိလိုက်ရသောအခါ ခေါင်းညိတ်ပြလိုက်ပြီး အဝတ်အစားနှင့် ကားသေ့ာများကို ရှုချန်းနှင့် လဲလိုက်၏။
လီချောင်က ရှုချန်း၏ အဝတ်အစားများကို ဝတ်ဆင်ပြီး ဖုန်းပြောဟန်ဆောင်ကာ လမ်းဘေးတွင် ရပ်ထားသည့် ရှုချန်း၏ ကားထဲသို့ လျင်မြန်စွာ ဝင်ရောက်ပြီး ကားစက်နှိုး၍ မောင်းထွက်သွား၏။ ဘေးမှ ကြည့်နေသော နေးလ် သည် ရှုချန်းလော သို့မဟုတ် အခြားတယောက်လော ဆိုသည်ကို တပ်အပ် မသိနိုင်ချေ။ သို့သော် ဆီဒင်ကား ထွက်သွားသည်ကို မြင်သည့်အခါ ထိုကားနောက်မှ သူ လိုက်သွားခဲ့၏။ နေးလ် ထွက်ခွာသွားပြီးနောက် ရှူချန်းလည်း စူပါမားကတ်ထဲမှ ထွက်ကာ လီချောင်၏ ကားဖြင့် ထွက်ခွာသွားလိုက်သည်။ ရှုချန်း၏ ဦးတည်ရာမှာ ဝေ့နိုင်ငံ စီးပွားရေး မဟာမိတ်အဖွဲ့သို့ ဖြစ်နေ၏။
ဝေ့နိုင်ငံ စီးပွားရေး မဟာမိတ်အဖွဲ့မှာ မြို့လယ်ရှိ စီမြောင် စီးပွားရေးလမ်းတွင် တည်ရှိ၏။ ထိုနေရာသည် ပုံမှန်အားဖြင့် စတိုးဆိုင်များဖြင့် စားသောက်ဆိုင်များစွာ တည်ရှိသည်။ လူစည်ကားရာအရပ် ဖြစ်၍ နေ့ရောညပါ သွားလာသူတို့ ရှုပ်ထွေးများပြား၏။ ကံကောင်းထောက်မစွာဖြင့် ယာဉ်ကြောပိတ်ဆို့သည့် ရုံးဆင်းချိန် မဟုတ်သည့်အတွက် လမ်းများ ပိတ်နေခြင်း မရှိချေ။
ကားကို ပါကင်တွင် ရပ်လိုက်ရာ ခန်းရီ မောင်းနှင်လေ့ရှိသော ကားကို ရှုချန်း တွေ့လိုက်ရ၏။ ထို့ကြောင့် ဧည့်ခန်းရှိ ကောင်တာသို့သွားကာ....
"တဆိတ်လောက် ဝေ့နိုင်ငံရဲ့ စီးပွားရေးမဟာမိတ်အဖွဲ့က ဘယ်အလွှာမှာလဲ..."
ဧည့်ကြိုက...
"၁၂လွှာကနေ ၈လွှာအထိက စီးပွားရေးမဟာမိတ်အဖွဲ့ ရဲ့ ရုံးခန်းတွေပါ..."
ရှုချန်း...
"ကျေးဇူးတင်ပါတယ်..."
လွန်ခဲ့သော ၁၀မိနစ်ခန့်က ခန်းရီ ရောက်လာကာ လူ ၃၀ခန့် သို့မဟုတ် ထိုမျှလောက်သော ပမာဏကို ဉီးဆောင်လာပြီး ဥက္ကဌကျိုးကျီ ၏ ရုံးခန်းသို့ တိုက်ရိုက်သွားရန် ဓါတ်လှေကား နှစ်စင်း အသုံးပြုခဲ့၏။
ကျိုးကျီ ချက်ချင်းထွက်လာပြီး...
"ခန်းရီ မင်းဘာလုပ်တာလဲ... ဒီအချိန်ကြီးကို လူတွေ အများကြီး ဘာကိစ္စ ခေါ်လာတာလဲ... "
" ငွေထုတ်ဖို့လေ... ညဘက်က အကောင်းဆုံးအချိန်ပဲ..."
ကျိုးကျီ က...
"မဟုတ်သေးဘူး... ဒီမနက်တင် မင်းရဲ့ ပထမ အသုတ် ကျရှုံးခဲ့ပြီးပြီ... ဒီလို အရေးကြီးတဲ့ကာလမှာ ရှူချန်းက မင်းကို ထပ်ဖမ်းဖို့ ကြိုးစားမယ်လို့ထင်တယ်... ဒီငွေတွေရဲ့ လုံခြုံရေးက အရမ်းအရေးကြီးတယ်... အခုလမ်းပေါ်မှာ အသွားအလာတွေရှုပ်နေတယ်... တကယ်လို့ သူတို့သာ တွေ့သွားခဲ့ရင် စီးပွားရေး မဟာမိတ်အဖွဲ့အတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်..."
ခန်းရီ က...
"ရှုချန်းကို သေချာစောင့်ကြည့်ဖို့ နေးလ် ကို ပြောထားပြီးသား... မျှော်လင့်မထားတဲ့ အရာ ဘာတခုမှ ဖြစ်မလာဘူးဆိုရင် သူဒီည ဆက်ပြီး အသက်ရှင်နိုင်မှာတောင် မဟုတ်တော့ဘူး... ရှုချန်းကို ငါတို့ မျက်ချေမပြတ် စောင့်ကြည့်နိုင်သရွေ့ သူ့တပည့်တွေကို ဘာမှ ကြောက်နေစရာ မလိုဘူး..."
ကျိုးကျီ က လမ်းပိတ်ထားဆဲဖြစ်၏။
"ဒီပိုက်ဆံက မင်းပိုင်တာဆိုတော့ ဘာလုပ်ပါဆိုပြီး ငါ့မှာ ပြောပိုင်ခွင့်မရှိဘူး... ဒါပေမဲ့ အခုချိန်မှာ ဒီငွေတွေကို ထုတ်ပြီး လွှဲပြောင်းဖို့ ငါခွင့်မပြုနိုင်ဘူး... ဒီလမ်းက စီးပွားရေး အချက်အချာကျတဲ့လမ်းဖြစ်ပြီး လမ်းပေါ်မှာ ကြည့်နေတဲ့မျက်လုံးတွေ များလွန်းတယ်... တကယ်လို့ ဒီနေရာကနေ ထုတ်သွားတဲ့ ပမာဏများပြားတဲ့ ငွေတွေကို တစ်ယောက်ယောက်သာ တွေ့သွားရင် ငါတို့ စီးပွားရေး မဟာမိတ်အဖွဲ့ ဘယ်လိုဖြစ်သွားမလဲ... မင်းပြောပါဦး... ငါ မင်းကို တစ်ခု ပြောမယ်... မင်းသာ ဒီစီးပွားရေး မဟာမိတ်အဖွဲ့ကို မြောင်းထဲကျအောင် လုပ်ခဲ့ရင် ဝေ့နိုင်ငံကို ငါပြန်သွားပြီး မင်းရဲ့ ရာထူးကို ရုတ်သိမ်းဖို့ မဲခွဲမယ်..."
ခန်းရီ က ကျိုးကျီ ကို ကြည့်ကာ လေးနက်စွာပြောလိုက်၏။
"ငါ့ကို ယုံစမ်းပါဟ... ဒီနေ့ညက ငွေလွှဲဖို့ အကောင်းဆုံး အချိန်ပဲ... ချန်းချင် ပေးတဲ့ သဲလွန်စတွေအရ ရဲတွေက အနှေးနဲ့အမြန်ဆိုသလို ဒီနေရာကို ရှာတွေ့သွားလိမ့်မယ်.... အရင်က ငါတို့ ငွေသယ်တဲ့နေရာမှာ သုံးခဲ့တဲ့ ထရပ်ကားတွေရဲ့ လိုင်စင်နံပါတ်ပြားတွေကို သူတို့ ယာဉ်ထိန်းရဲဌာနမှာ သွားပြီးစစ်ဆေးနိုင်တယ်... သူတို့သာ စစ်ဆေးတွေ့ရှိသွားရင် ငါတို့ လုပ်ကွက်တွေ မြန်မြန်ဆန်ဆန် ကျဉ်းမြောင်းသွားလိမ့်မယ်... အဲ့ဒီအခါ ငါတို့အားလုံး ပြီးသွားပြီ... မင်းရဲ့ စီးပွားရေး မဟာမိတ်အဖွဲ့ကိုလည်း ဟွာရှက ပိတ်ဆို့အရေးယူလိမ့်မယ်..."
ကျိုးကျီ က...
"မင်း ငွေတွေ မပြောင်းလည်း ငါတို့မှာ လျှို့ဝှက်အခန်းတွေ ရှိတယ်လေ... ရဲတွေက ဒီလျှို့ဝှက်အခန်းတွေ ဒါမှမဟုတ် မြေအောက်ခန်းတွေကို လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ဒါက ရှုချန်းက မင်း တမင်သပ်သပ် အမှားတွေ ထပ်လုပ်အောင် ကြိုးစားနေတာ ဖြစ်နိုင်တယ်... ခနလောက် နေစမ်းပါဦး... အစတုန်းက ချန်းချင် က ငါတို့ကို ဆန့်ကျင်မဲ့ပုံစံ ဘယ်လောက်ရှိမယ်ဆိုတာ ငါတို့ မသိခဲ့ဘူး... မင်း စိတ်ပါလက်ပါ သေသေချာချာ အစီအစဉ်တကျ ကြံစည်ခဲ့တာ... ဒါပေမဲ့ ဘယ်လိုဖြစ်သွားလဲ... ရဲတွေက ၁၀ ဘီလီယံကို ကြားဖြတ် သိမ်းသွားတယ်... အခုအချိန်မှာလည်း ရှုချန်းက မင်း နောက်ထပ် ရွေ့မယ့် အကွက်ကို စောင့်နေတာ... ရှန်ချန်းမှာ အခြေစိုက်ထားတဲ့ သူ့ကွန်ရက်အရ မင်းရဲ့ လှုပ်ရှားမှူတိုင်းကို သူမြင်နေလိမ့်မယ်..."
ခန်းရီ က...
"ဒီတစ်ခါတော့ မဖြစ်နိုင်ဘူး... ရှုချန်းရဲ့ကောင်တွေ ငြိမ်နေသရွေ့ ငါတို့ ရွေ့ပြောင်းဖို့ အချိန် လုံလုံလောက်လောက် ရလိမ့်မယ်... နေးလ်က သူ့ကို အောင်အောင်မြင်မြင် ခြေရာခံထားနိုင်ပြီ... ငါ့ရဲ့ လမ်းကို ဝင်မရှုပ်နဲ့... တကယ်လို့ ဒီပိုက်ဆံတွေ ထပ်အသိမ်းခံရရင် ဒီကိစ္စအတွက် မင်းကို အပြစ်တင်ရလိမ့်မယ်... "
ထိုကဲ့သို့ အပြစ်တင်ခံရမည်ကို ကျိုးကျီ သေချာပေါက် မလိုလားသော်လည်း ခန်းရီ ထပ်မံ ဒုက္ခရောက်မည်ကိုလည်း သူ လွန်စွာ ကြောက်ရွံ့နေ၏။ အကယ်၍ ဤငွေများ လွှဲပြောင်းသည့်အချိန်တွင် ဖမ်းဆီးရမိသွားပါက သူတို့အားလုံး အဆုံးသတ်ရပေမည်။ စီးပွားရေး မဟာမိတ်အဖွဲ့ လက်အောက်ရှိ ကုမ္ပဏီ များ အားလုံးလည်း စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု ခံရပြီး နိုင်ငံတွင်းမှ နှင်ထုတ်ခံရဖွယ် ရှိပေ၏။
ထို့အပြင် သူလည်း စီးပွားရေးမဟာမိတ်များ အားလုံး၏ အမြင်တွင် အပြစ်သား တစ်ဦး ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ့တွင်လည်း စိုးရိမ်စရာများ ရှိနေ၏။
သို့သော် သူဘာမှ ပြန်မပြောနိုင်ခဲ့ဘဲ ခန်းရီ က သူ့ကို တွန်းဖယ်ကာ ရုံးခန်းထဲသို့ သူ့လူများဖြင့် ခပ်သုတ်သုတ် လျှောက်သွားသည်။ ထို့နောက် အီလက်ထရွန်းနစ် လက်ဗွေရာနှင့် သူငယ်အိမ် စကင်န် ဖတ်သည့် စက်ကြီးရှေ့သို့ ရောက်သွား၏။
ခန်းရီက စကင်န်ဖတ်စက် ပေါ်သို့ လက်ညှိုး နှိပ်လိုက်၏။ ထို့နောက် ညာဘက်မျက်စိ သူငယ်အိမ်အား စကင်န် ဖတ်လိုက်သည်။ ထို့နောက် ဧရာမ သံမဏိပြား နံရံကြီး တိတ်ဆိတ်စွာ ပွင့်လာပြီး ယွမ် ၁၀၀တန် ငွေစက္ကူများ ပြည့်နှက်နေသည့် စတုရန်း မီတာ ၃၀ခန့်ရှိသော သိုလှောင်ခန်း ပေါ်လာတော့သည်။
"ဒီပိုက်ဆံတွေ အားလုံးကို မြေအောက်ခန်းမှာ ပြင်ဆင်ထားတဲ့ ကျည်ကာကားတွေဆီ သယ်သွားလိုက်..."
ခန်းရီ က လက်ကို ဝှေ့ယမ်းကာ သူ့လူများအား အမိန့်ပေးလိုက်၏။ သူ့လူ အားလုံးလည်း သိုလှောင်ခန်းထဲသို့ ဝင်ကာ ဘီးများ ပါဝင်သော အထူးပြုလုပ်ထားသည့် တစ် ကုဗမီတာ ပုံးများ ထဲသို့ ငွေစက္ကူများ ခပ်သွက်သွက်လေး ထည့်တော့သည်။
ထိုစဥ် ၁၁လွှာတွင် ရောက်နေသော ရှုချန်းက ဖုန်းထုတ်ပြီး ဝူကန်း ကိုဖုန်းဆက်လိုက်၏။
" ဝူကန်း... အထူးရဲတပ်ဖွဲ့ကို မြို့လယ်မှာရှိတဲ့ စီမြောင် စီးပွားရေးလမ်းကို အမြန်ဆုံးလွှတ်လိုက်... ပြီးတော့ ဝေ့နိုင်ငံ စီးပွားရေး မဟာမိတ်အဖွဲ့ အဆောက်အဦး တစ်ခုလုံးကို ဝင်စီးထားလိုက်... ပြီးတော့ အထူးတပ်ဖွဲ့ တစ်ဖွဲ့ကို မြေအောက်ကားပါကင်ဆီ သွားခိုင်းပြီး ဝင်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ခိုင်းထား...."
မူလက အလုပ်ပြီးသည်နှင့် အိမ်ပြန်ရန် ဝူကန်း စီစဉ်ထားခဲ့သော်လည်း ရှုချန်းထံမှ ဖုန်း လက်ခံရရှိလိုက်သည့်အခါ တကိုယ်လုံး တုန်ယင်သွားကာ လုပ်ဖော်ကိုင်ဖက်များကို ချက်ချင်း အော်ဟစ် ပြောဆိုတော့သည်။
"အားလုံးပဲ အရေးပေါ် စစ်ဆင်ရေး... အခုပဲ လုပ်လက်စတွေ ရပ်ပြီး မြန်မြန်လာခဲ့ကြတော့..."
ထို့နောက် အထူးရဲတပ်ဖွဲ့အား စေလွှတ်ပေးရန်လည်း တောင်းဆိုလိုက်၏။
ရှုချန်းက ညွှန်ကြားရေးမှူးကို ချက်ချင်း ဖုန်းဆက်ကာ...
"ဆရာ ကျုပ် ရှာဖွေရေး ဝရမ်းလိုတယ်..."
ညွှန်ကြားရေးမှူး...
" ဘယ်မှာ ရှာရမှာလဲ..."
ရှူချန်းက...
" ဝေ့နိုင်ငံ စီးပွားရေး မဟာမိတ်အဖွဲ့ မှာ..."
ညွှန်ကြားရေးမှူး အသက်ပြင်းပြင်းရှူလိုက်ပြီး...
" မင်းနောက်နေတာ မဟုတ်ဘူးမလား... အဲ့တာ ဟွာရှမှာရှိတဲ့ ဝေ့နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ အခြေစိုက်စခန်းလေ... မင်း အဲ့ဒီမှာ ဘာလုပ်နေတာလဲ... ဒီရှာဖွေမှုက နိုင်ငံနှစ်ခုအကြားမှာ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်သွားလိမ့်မယ်... သံရုံးက ဒီကိစ္စမှာ မင်းကို လွယ်လွယ်နဲ့ လျှော်ပေးလိုက်မှာ မဟုတ်ဘူး..."
ရှုချန်းက...
"ကျုပ် ၇၀%သေချာတယ်... ပြီးတော့ သံရုံးက အကြောင်းပြချက်တွေ ထုချေလွှာတွေ တောင်းရင်လည်း ကျုပ်ကို အလုပ်ထုတ်လိုက်လို့ရတယ်..."
ဖုန်းကိုင်ထားသော တစ်ဖက်မှ ညွှန်ကြားရေးမှူး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။။ ထို့နောက် ညွှန်ကြားရေးမှူး မျက်လုံးမှိတ်လိုက်ပြီး တစ်ခဏအကြာ၌ ပြောလာလေသည်။
"မင်းက အစောကြီးထဲက ထွက်သွားဖို့ စဉ်းစားပြီးပြီ မဟုတ်ဘူးလား..."
ရှုချန်းတွင် ပြီးပြည့်စုံသော အစီအစဉ် တခုရှိပေသည်။ ယနေ့ မှောင်ခိုဘဏ်အား ဝင်ရောက် တိုက်ခိုက်ခြင်းမှာ နောက်ဆုံးဖြစ်ပေမည်။ ဤအရာများ အားလုံး ပြီးဆုံးပါက သူလည်း ရဲတပ်ဖွဲ့မှထွက်ကာ စစ်တပ်ထဲသို့ ပြန်လည် ဝင်ရောက်ပေတော့မည်။
အခန်း ၁၅၇ ပြီး