နတ်နဂါးစစ်သည်
အခန်း ၁၅၂
( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
ရှုချန်းလည်း လင်လဲ့ကို ကားထဲတွင်စောင့်နေရန် ပြောပြီးနောက် နေကာမျက်မှန်တပ်ထားသော သက်တော်စောင့် နောက်သို့ လိုက်သွားခဲ့၏။ ကော်ဖီဆိုင် ထောင့်ဆုံးဝိုင်းတွင် မျက်နှာဖြူဖြူနှင့် အထက်တန်းစား အမျိုးသားတစ်ဦး ထိုင်နေ၏။ ရှုချန်း ဝင်လာသည်ကို မြင်သောအခါ သူ လက်ပြလိုက်၏။
"ဒီမှာ ထိုင်ပါ..."
ရှုချန်း ထိုင်ရန် သက်တော်စောင့်က ခုံပြင်ပေးလိုက်၏။ ထို့နောက် စားပွဲထိုး ရောက်လာကာ ရှုချန်းအတွက် လက်ဘက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
ရှုချန်းက သူ့ရှေ့မှ လူကို သေချာ စိုက်ကြည့်ကာ...
"ကျုပ် ခင်ဗျားကို မသိဘူးနော်..."
ထိုသူက ပြုံးလိုက်ကာ လေသံအေးအေးဖြင့်...
"ကျုပ်က ဝေ့နိုင်ငံ စီးပွားရေးမဟာမိတ်အဖွဲ့ရဲ့ ဥက္ကဌကျိုးကျီ ပါ..."
ရှုချန်း ထရန် ဟန်ပြင်လိုက်ပြီး...
"ဆက်ပြောဖို့ မလိုဘူးထင်တယ်..."
ကျိုးကျီ က ချက်ချင်းဆိုသလိုပင်...
"မစ္စတာရှုချန်း... ခင်ဗျား သဘောထားကြီးမယ်လို့ မျှော်လင့်ပါတယ်... ပြီးတော့ ခင်ဗျားအနေနဲ့လည်း မှောင်ခိုဘဏ်မှာ ရှယ်ယာရှိနေတာပဲ..."
ရှုချန်းက နားမလည်နိုင်စွာဖြင့်...
"ဘာကို ပြောချင်တာလဲ..."
ကျိုးကျီ က ချောင်းတချက်ဟန့်ပြီး...
"တကယ်တော့ မှောင်ခိုဘဏ်ဆိုတာ မကောင်းတဲ့နေရာ တစ်ခု မဟုတ်ပါဘူး... တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ငန်းရှင်တွေကြောင့်သာ အခုလိုမျိုး နာမည်ဆိုးထွက်နေတာ... ပြီးတော့ အခွန်ရှောင်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေ မရှိရင် မှောင်ခိုဘဏ်ဆိုတာလည်း ရှိလာမှာမဟုတ်ဘူး... ဒါပေမဲ့ အခွန်ရှောင်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေက အများကြီးပဲ... ဒါ့ကြောင့် မှောင်ခိုဘဏ်တစ်ခု ပျက်စီးရင်တောင် နောက်တစ်ခုပေါ်လာမှာပဲ... အခွန်ရှောင်ချင်တဲ့သူတွေ ရှိနေသရွေ့ တရားမဝင်လုပ်ငန်းတွေ ရှိနေသရွေ့ ငွေကြေးခဝါချမဲ့သူတွေ ရှိနေသရွေ့ မှောင်ခိုဘဏ်ဆိုတာ ရှိနေဦးမှာပဲ.... လူတွေရဲ့ လောဘကို တားလို့မရဘူး... ဒါ့ကြောင့် မှောင်ခိုဘဏ်တစ်ခုကို ဖျက်ဆီးတယ်ဆိုတာ ဘာမှမထူးပါဘူး..."
ရှုချန်း ရယ်မောလိုက်၏။
"ခင်ဗျားက ခန်းရီ ရဲ့ လော်ဘီမလား..."
ခန်းရီ ဆိုသည်မှာ ဟဲထျန်း ၏ တရားဝင်အမည် ဖြစ်ပေသည်။
ကျိုးကျီ က ရယ်မောကာ...
"ခင်ဗျား အဲလိုတွေးရင်လည်း ရတာပဲ... ဒါပေမဲ့ ခင်ဗျားရဲ့ အကျိုးစီးပွားအတွက် ပြောနေတာ..."
ထို့နောက်ကျိုးကျီ က ပြတင်းပေါက်မှတစ်ဆင့် ပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်ပြီး...
"ဒီလောကကြီးထဲမှာ ယောက်ျားတွေ ဘာအတွက် အသက်ရှင်နေတာလဲ သိလား... တကယ်တော့ အာဏာ ငွေ မိန်းမ... ဒီသုံးခုကြောင့် အသက်ရှင်နေတာ... ခင်ဗျားမှာ အာဏာရှိရင် ငွေဆိုလည်း အလိုလို ရှိလာမှာပဲ... ငွေရှိပြီဆိုရင်တော့ မိန်းမဆိုနဲ့ အမျိုးက ခင်ဗျား အနားကို လွယ်လွယ်နဲ့ ရောက်လာလိမ့်မယ်... ဒါပေမဲ့ ကျုပ် သိချင်တာရှိတယ် မစ္စတာရှု... ခင်ဗျားက အလုပ် အရမ်း ကြိုးစားတယ်... "
" ဒါပေမဲ့ ခင်ဗျား အမြင့်ဆုံးရနိုင်မဲ့ ရာထူးက ရှန်ချန်းရဲဌာနရဲ့ အလယ်အလတ် အဆင့်ပေါ့... အဲဒီအဆင့်က ဟွာရှ ရဲအဖွဲ့အစည်းမှာဆိုရင် ဘာမှမရေးမပါတဲ့ ရာထူးတစ်ခုပဲ... ဒါ့ကြောင့် ခင်ဗျားဘဝကို ဒီမြို့မှာပဲ ကုန်ဆုံးတော့မှာလား... စဉ်းစားစမ်းပါဦးဗျာ... ဘာကြောင့် ဒီလမ်းကို ခင်ဗျား ရွေးချယ်ခဲ့တာလဲ... ကျုပ် အကြံပေးချက်ကို ခင်ဗျား နားထောင်ကြည့်ပါလား မစ္စတာရှု... ခင်ဗျားသာ ကျုပ်တို့ မှောင်ခိုဘဏ်အပေါ် သက်သက်ညှာညှာလုပ်ရင် ခင်ဗျားအတွက် အကျိုးအများကြီးရှိမှာ သေချာတယ်... ခင်ဗျား စီးနေတဲ့ကားကို ကြည့်ပါဦး... ဒီမှောင်ခိုဘဏ် ကိစ္စကို ခင်ဗျား မသိသလိုနေလိုက်ရင် ခင်ဗျားလိုချင်တဲ့ ကားတွေ ပိုက်ဆံတွေ မိန်းမတွေ အကုန်ရနိုင်တယ်... ပြီးတော့ ခင်ဗျား လုပ်ထားခဲ့တဲ့ လုပ်ရပ်တွေကလည်း ရှန်ချန်းမှာ နာမည်ကောင်းတစ်ခု ရနေပါပြီ... ဒီလောက်ဆို လုံလောက်ပြီ မဟုတ်ဘူးလား..."
ရှုချန်း တစ်စုံတစ်ခု ပြောမည်ဟန်ပြင်လိုက်သော်လည်းကျိုးကျီ က ဆက်လက်၍...
"မစ္စတာရှု... ခင်ဗျား တစ်ကိုယ်တည်းသမား ဆိုတာ ကျုပ် သိတယ်... တစ်ခါတလေတော့ ဘဝမှာ ပျော်ဖို့လိုအပ်တယ် မဟုတ်ဘူးလား... အလုပ်ပြီးရင်း အလုပ်ပဲ လုပ်နေတော့မှာလား... ခင်ဗျားဘဝကို ဒီအလုပ်ထဲမှာပဲ နှစ်မြုပ်ထားတော့မှာလား... ဒီမှာ ဒေါ်လာ ၂၀ မီလျံ ပါတဲ့ ဘဏ်ကတ်နဲ့ အမ်နိုင်ငံ မှာ ရှိတဲ့ ဗီလာ ပိုင်ဆိုင်မှု စာချုပ်ပါ... ဒါတွေအားလုံးက ခင်ဗျားကို လက်ဆောင်ပေးတာ... စိတ်ပူစရာမလိုဘူး... ဒါတွေက ငွေမည်းမဟုတ်ဘူး... ခင်ဗျား စိတ်သန့်သန့်နဲ့ သုံးလို့ရတယ်... ပြီးတော့ နောင်တစ်ချိန်မှာ ခင်ဗျားကို ခြိမ်းခြောက်ဖို့ဆိုပြီး ဒီဆွေးနွေးမှုကို သက်သေယူထားတာလည်း မရှိဘူး... ကျုပ်က မိတ်ဆွေအသစ် လိုချင်နေတာ..."
ရှုချန်း ရယ်မောလိုက်၏။
"ကျုပ်ကို ပိုက်ဆံမက်တဲ့ကောင် ထင်နေတာလား..."
"မဟုတ်ဘူးလား... ခင်ဗျားရဲ့ ရဲဝန်ထမ်းလစာနဲ့ ရှန်ချန်းလိုမြို့ကြီးမှာနေရတာ ခက်ခဲတယ် မဟုတ်လား... ယောက်ျားတစ်ယောက်အနေနဲ့ ပိုက်ဆံအိတ်က ပြားချပ်နေရင် ဘယ်ကိုပဲသွားသွား သိမ်ငယ်နေရလိမ့်မယ်... ဒါ့ကြောင့်လည်း ခင်ဗျား ခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေတာ မဟုတ်ဘူးလား... ရှန်ချန်းလိုမြို့မှာ ပိုက်ဆံနည်းနည်းတောင် မရှိရင် ရည်းစားရဖို့ တကယ်ကို မလွယ်ဘူး... ဒီ ဒေါ်လာ ၂၀ မီလျံက ခင်ဗျားရဲ့ အိပ်မက်တွေ ဖြစ်လာဖို့ အကူအညီပေးနိုင်မှာပါ..."
ဘဏ်ကတ်ကို ရှုချန်း ကောက်ကိုင်လိုက်သည်။ ထို့ကြောင့်ကျိုးကျီ ပြုံးလိုက်၏။ သို့သော် ထို ဘဏ်ကတ်အား ကော်ဖီဆိုင် ပြတင်းဝမှ တစ်ဆင့် သာမန်ကတ်ပြားလေးတစ်ခုကဲ့သို့ ရှုချန်း ပစ်ချလိုက်မည်ဟု မည်သူ ထင်မှတ်မည်နည်း။
ကျိုးကျီ မျက်နှာ ခက်ထန်တင်းမာသွားလေပြီ။
"ခင်ဗျား..."
"ကျုပ် စကားတစ်ခွန်း ထပ်ပြောမယ်... ခင်ဗျားရဲ့ စီးပွားရေး မဟာမိတ်အဖွဲ့ကိုလည်း စုံစမ်းမယ်... ကျုပ်ဆိုတဲ့ ကောင်က ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်..."
ရှုချန်း မျက်နှာထားတင်းတင်းနှင့် ချာခနဲလှည့်ကာ ထွက်ခွာသွား၏။
သို့သော်ကျိုးကျီ လက်ထဲတွင် ဝှက်ဖဲများ ရှိသည်ကို မည်သူသိနိုင်မည်နည်း။
လှည့်ထွက်သွားသော ရှုချန်း၏ နောက်ကျောပြင်ကို ကြည့်ကာ မနိမ့်အမြင့် ပုံမှန် လေသံဖြင့်...
"မစ္စရှန်ယောင် လောင်းကစားလုပ်ပြီး နိုင်ထားတဲ့ ၁၀ ဘီလီယံက တကယ်တော့ မစ္စတာရှုရဲ့ ပိုက်ဆံတွေဆိုတာ ကျုပ် သိတယ်... မှောင်ခိုဘဏ် ပျက်စီးသွားရင် ခင်ဗျားရဲ့ ပိုက်ဆံတွေလည်း သွားမှာပဲ... ဒါ့ကြောင့် ခင်ဗျားသာ သဘောတူရင် ခင်ဗျားရဲ့ ပိုက်ဆံတွေကို ငွေဖြူပြောင်းပေးပြီး လွှဲပေးလိုက်မယ်..."
ရှုချန်း တုံ့ခနဲ ရပ်လိုက်၏။ ထိုငွေများကို သူအမှန်ပင် မေ့နေခဲ့လေသည်။ သူသည် လောင်းကစားပြုလုပ်ခြင်းကို မနှစ်သက်သည့်အတွက် မြောက်ပိုင်း တံခါးဝခေါင်းဆောင်နှင့် ထိုးသတ်ပွဲမတိုင်မီတွင် အပျော်တမ်းအနေဖြင့်သာ လောင်းခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် လက်ရှိ ရဲအရာရှိတစ်ဦး ဖြစ်နေသည့်အတွက် ထိုငွေများကို အသုံးပြုရန် ရည်ရွယ်မထားပေ။ ထို့အပြင် ရှန်ယောင်မှာ ထိုငွေကြေးများကို စီမံခန့်ခွဲနိုင်သည်ဟု ရှုချန်း ပြောဆိုခဲ့ပေသည်။
"ယွမ် ၁၀ ဘီလီယံ ကျော်တယ်နော်... ဒါ မက်လောက်စရာ ပမာဏပဲ မဟုတ်ဘူးလား... ရဲဌာနရဲ့ ညွှန်ကြားရေးမှူး ဖြစ်လာပြီး တစ်သက်လုံးရှာရင်တောင် ဒီပမာဏကို မရနိုင်ဘူး... ပြီးတော့ နောက်ခံကောင်းကောင်းမရှိတဲ့သူ တစ်ယောက်ကလည်း ညွှန်ကြားရေးမှူး ရာထူးအထိ တက်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာနေတာပဲ... ခင်ဗျား အတွေးတွေ မမှားနဲ့နော်..."
ကျိုးကျီ က ရှုချန်းကို ဆက်လက်စည်းရုံးနေ၏။
သို့သော် ရှုချန်း ပြုံးလိုက်၏။ အကယ်၍ ယခင်အချိန်အခါကသာဆိုလျှင် ဤငွေကြေးပမာဏကို ရှုချန်း မက်မောမိပေမည်။ သို့သော် ယခုအချိန်တွင် ရှုချန်း၏ ခန္ဓာကိုယ်၌ ပြောင်းလဲမှုအချို့ကို ကြုံတွေ့ခဲ့ရကာ စိတ်ဝင်စားဖွယ် စွမ်းရည်အချို့ကို ပိုင်ဆိုင်ခဲ့လေပြီ။ ထို့ကြောင့် သူ့ကိုယ်သူ ပိုမို ယုံကြည်မှုရှိလာခဲ့သည်။
ယခုအချိန်တွင် ရှုချန်း လက်ထဲ၌ ငွေအများအပြားမရှိသော်လည်း လောက်ငှအောင် သုံးစွဲနိုင်သည့် ပမာဏတော့ ရှိပေသည်။ ထို့အပြင် ငွေကြေးလိုအပ်ပါကလည်း ကာစီနိုသို့သွားကာ ဖောက်ထွင်းမြင်နိုင်သော အစွမ်းကို အသုံးပြု၍ ဖဲလိမ်ရိုက်နိုင်၏။ ထို့ကြောင့် ဘာမျှမသိသေးဘဲ ယုံကြည်မှုလွန်ကဲနေသောကျိုးကျီ ကို ပြုံးပြလိုက်၏။
ထို့နောက် ဖုန်းကိုထုတ်ကာ လင်လဲ့ကို ဆက်လိုက်၏။
"ခုံပေါ်မှာ တင်ထားတဲ့ဖိုင်တွေယူပြီး ငါ့ဆီလာခဲ့..."
လင်လဲ့လည်း ဖိုင်များကိုယူကာ ဆိုင်ထဲသို့ ဝင်လာလိုက်၏။
ထိုဖိုင်များကို စားပွဲပေါ်သို့ ဘုန်းကနဲ ပစ်ချလိုက်ပြီး ရှုချန်းက...
" ခင်ဗျားကို အတည်ပြောနေတာ... ဒီကောင်ကို ကျုပ် ဖမ်းတော့မယ်..."
ထိုစကားကြောင့် ကျိုးကျီ ဒေါသထွက်သွား၏။
"ဟွာရှမှာ နာမည်ကောင်းရှိနေတဲ့ ဝေ့နိုင်ငံ ရဲ့ ပရဟိတသမားတစ်ယောက်ကို ဖမ်းတဲ့အတွက် ဖြစ်ပေါ်လာမဲ့ အကျိုးဆက်ကို ခင်ဗျား ခံနိုင်ရည် ရှိပါ့မလား..."
"တခြားလူတွေဆီကလည်း ဒီလိုခြိမ်းခြောက်မှုတွေ ကြားခဲ့ရတာပဲ... ဒါပေမဲ့ ဒီကောင်တွေ အခုဘယ်ရောက်နေလဲ သိလား... ပထမဆုံး ခြိမ်းခြောက်ခဲ့တဲ့ မြောက်ပိုင်းတံခါးဝခေါင်းဆောင်ကတော့ သေပြီ... ဒုတိယတစ်ယောက်ကတော့ အနောက်တံခါးဝကာစီနိုရဲ့ မန်နေဂျာ... သူဆို ငါ့ကို နှစ်ကြိမ် ခြိမ်းခြောက်ခဲ့တယ်... ပထမတစ်ကြိမ်တော့ သူ ဆေးရုံတက်လိုက်ရတယ်... ဒုတိယတစ်ကြိမ်တော့ ထောင်ထဲရောက်သွားပြီ... ပြီးတော့ အနောက်တံခါးဝဂိုဏ်း တစ်ခုလုံးလည်း ပျက်စီးသွားပြီ..."
ထိုစကားကို ပြောပြီးနောက် ရှုချန်းကကျိုးကျီ ကို သေချာစွာ စိုက်ကြည့်ကာ...
"အခု ခင်ဗျားကလည်း ကျုပ်ကို ခြိမ်းခြောက်ပြန်ပြီ... ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့... ဒုဥက္ကဌ ခန်းရီ ထောင်ကျမလား မကျဘူးလား ကြည့်လိုက်ရအောင်လေ..."
ထို့နောက် ရှုချန်း ကော်ဖီဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။
အခန်း ၁၅၂ ပြီး