နတ်နဂါးစစ်သည်
အခန်း ၁၅၀
( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
ဟဲထျန်း စကား ပြောနေချိန်တွင် ဖုန်း ထပ်ဝင်လာသဖြင့် လက်အောက်ငယ်သား ထပ်ရောက်ပြီး ဦးညွှတ်၍...
" ဆရာ... ဒါနဲ့ဆို ဖောက်သည်တွေဆီက ဖုန်းခေါ်တာ အခါ ၂၀ ရှိနေပါပြီ... "
ဟဲထျန်း က သူ့လက်အောက်ငယ်သားကို ကြည့်ကာ အနည်းငယ် ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွား၏။
" ဘာကိစ္စ စောစောက မပြောတာလဲ... "
လက်အောက်ငယ်သား အောင့်သက်သက် ပြုံးပြလိုက်ပြီး မိမိကိုယ်ကိုယ်သာ သတ်သေချင်စိတ် ပေါ်သွား၏။
စောစောက ဆရာ့ကို ပြောချင်ပေမဲ့ ဒီသောက်ရေးမပါတဲ့ဟာတွေ လာမပြောနဲ့ဆိုပြီး ဆရာပဲ ငေါက်ခဲ့တာလေ...။ ကျုပ် ဘယ်လိုလုပ် ပြောနိုင်မှာလဲ...။
ဟဲထျန်း က ဖုန်းယူလိုက်ပြီး...
" ဟဲလို... "
" မစ္စတာ ဟဲထျန်း လား... နောက်ဆုံးတော့ ခင်ဗျား ဖုန်းပြန်ဆက်ပြီပေါ့... "
" ဥက္ကဌကျန်း... ဘာဖြစ်လို့လဲ... "
ဥက္ကဌ ကျန်း က တုန်လှုပ်ခြောက်ခြားစွာဖြင့်...
" GPS အရဆို ကျုပ် ယာဉ်မောင်းက ရှန်ချန်းမြို့ထဲမှာပဲ ရှိသေးတယ်... မြို့ထဲကနေ မထွက်ရသေးဘူးလို့ ပြနေတယ်... "
ဟဲထျန်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွာ၏။
" ဘာဖြစ်တာလဲ... ဒီ ယာဉ်မောင်းက ယုံကြည်ရတယ်လို့ ခင်ဗျားပဲ ပြောခဲ့တယ် မဟုတ်ဘူးလား... ဒီပိုက်ဆံတွေကို မြင်လို့ ယူပြေးဖို့ ကြိုးစားနေတာလား... "
ဥက္ကဌ ကျန်း က...
" အဲ့လို ထွက်ပြေးဖို့အတွက် ကျုပ်တို့ စိတ်ပူစရာ မလိုဘူး... သူ့ကို ရဲ ဖမ်းမှာ ဒါမှမဟုတ် တစ်ခုခု ဖြစ်နေမှာပဲ ကျုပ် စိုးရိမ်တာ... ကျုပ် သူ့ကို ဖုန်းခေါ်တာ မနည်းဘူး... တစ်ခါမှ မကိုင်ဘူး... "
ဟဲထျန်း ၏ မျက်လုံးများ အနည်းငယ် မှေးကျဥ်းသွားလေ၏။
" ဖမ်းခံလိုက်ရတာလား.... ခဏ... ကျုပ် တခြား တစ်ယောက်ကို ဖုန်းခေါ်လိုက်ဦးမယ်... "
ထို့နောက် ဖုန်းချလိုက်ပြီး " ဒီနေ့မနက် ငွေသယ်ပေးဖို့ တာဝန်ပေးထားတဲ့ ဖောက်သည် စာရင်း ပေးစမ်း... " ဟု လက်အောက်ငယ်သားအား သူ ပြောလိုက်၏။
လက်အောက်ငယ်သားက ခေါင်းညိတ်ပြပြီး အင်္ကျီအိတ်ထဲမှ စာရင်းကို ထုတ်ပေးလိုက်သည်။
ဟဲထျန်း လည်း စာရင်းထဲမှ လူတစ်ယောက်ပြီး တစ်ယောက် ဖုန်းဆက်တော့၏။
" ဟဲလို... မစ္စတာလီ... ကျုပ် ဟဲထျန်း ပါ... "
" မစ္စတာ ဟဲထျန်း ... နောက်ဆုံး ခင်ဗျား ကျုပ်ဖုန်းကို ပြန်ခေါ်ပြီပေါ့... ကျုပ် ခင်ဗျားကို ပြောစရာ ရှိတယ်... ကျုပ် ကားနဲ့ ဒရိုင်ဘာက ရှန်ချန်းက လုံးဝ ထွက်မသွားပဲ လုံးဝ ဆန့်ကျင်ဘက်ကို မောင်းသွားတယ်... GPS ကနေ ခြေရာခံကြည့်တော့ ကားက ရဲစခန်း ရောက်နေတာ တွေ့ရတယ်... "
" ဘာ... "
ဟဲထျန်း ဆဲမိမတတ် ဖြစ်သွား၏။
ထို့ကြောင့် ဖုန်းချလိုက်ပြီး အခြား နံပါတ် တစ်ခုအား ခေါ်လိုက်ပြန်သည်။
" ဟဲလို မစ္စတာ လင်... မြို့ပြင်ကို ငွေတွေ လုံလုံခြုံခြုံ သယ်သွားပြီလား... "
တစ်ဖက်မှ အသံ တခဏမျှ တိတ်ဆိတ်သွား၏။
" ကျုပ် ကားသမား ဘာမှ ပြန်မဖြေဘူး... ကားက မြို့ထဲကနေ လုံးဝ မထွက်သေးဘူး... "
" -ီးပဲ... "
ဟဲထျန်း ဒေါသတကြီး ဖုန်းချလိုက်သည်။
" မစ္စတာ ဟဲထျန်း စိတ်မပူပါနဲ့... ဒီနေ့ ကားတွေ အများကြီး လွှတ်လိုက်တာပဲ... တစ်စီးတစ်လေ အဖမ်းခံရတာ ပုံမှန်ပါပဲ... "
တစ်စက္ကန့်မျှ စဉ်းစားပြီးနောက် ထိုစကားများ မှန်ကန်သည်ဟု ထင်ခဲ့၏။ သို့သော် ကားပိုင်ရှင် တစ်ယောက် မကျန် သူ ဖုန်းခေါ်လိုနေသည်။ ယခုအချိန်တွင် ကားပိုင်ရှင် သုံးဦးကိုသာ ခေါ်ရသေး၍ ကားပိုင်ရှင် ၅၀ ကျော် ကျန်နေသေး၏။ ကား သုံးစီးပေါင်း ၂၅၀ မီလီယံသာ ပါသည့်အတွက် ကျန်သည့် ကား တစ်စီးမျှ အဖမ်းမခံရပါက ထိုပမာဏမှာ လက်ခံနိုင်ပေသည်။
၎င်းကိုတွေး၍ ဟဲထျန်း ဖုန်း ချက်ချင်း ထပ်ဆက်ပြန်သည်။
" ဟဲလို... ကျုပ် ဟဲထျန်း ပါ... "
" မစ္စတာ ဟဲထျန်း... ကျုပ်ကား ဖမ်းခံထားရတယ်... "
ဟဲထျန်း တစ်ယောက် နှုတ်ခမ်းမဲ့လိုက်ပြီး အသက်တစ်ချက် ရှူထုတ်လိုက်၏။
" ကျုပ် သိပြီ... "
ထို့နောက် အခြားသော ဖုန်းနံပါတ် တစ်ခုကို ခေါ်ပြန်၏။ အခြား တစ်ဖက်မှ ဖုန်းကိုင်သည်နှင့် တပြိုင်နက် စိုးရိမ်တကြီး အသံဖြင့်...
" မစ္စတာ ဟဲထျန်း... ကျုပ် ထပ်ပြောပါရစေ... ဒီကိစ္စအတွက် ကျုပ်တို့ ကုမ္ပဏီမှာ ဘာတာဝန်မှ မရှိဘူး... "
ဟဲထျန်း မျက်မှောင် ကြုံ့လိုက်၏။
" ခင်ဗျားကားကို ဖမ်းထားတာလား... "
" ဟုတ်တယ်... "
ဟဲထျန်း လန့်ဖျတ်သွားပြီး ဆိုဖာပေါ်သို့ စိတ်မချမ်းမြေ့စွာ ထိုင်ချလိုက်၏။ ချက်ချင်းပင် သူ့လက်အောက်ငယ်သားကို ဖုန်းပေးလိုက်ပြီး...
" မင်းပဲ ဖုန်းဆက်လိုက်တော့... စပီကာ ဖွင့်ထား... "
ထိုသူက ခေါင်းညိတ်ပြီး နောက်ဖုန်းနံပါတ် တစ်ခုကို ခေါ်၏။ ဖုန်းဝင်သွားသည်နှင့် တစ်ဖက်က မေးခွန်းက အရင်ပေါ်လာသည်။
" မစ္စတာ ဟဲထျန်း... ခင်ဗျား ပိုက်ဆံ ရပြီလား... ကျုပ် ယာဉ်မောင်းက ဖုန်းမကိုင်ဘူး... "
ဖောက်သည်၏ စကားကို ဝတ္တရား ရှိသည့်အတိုင်း နားထောင်ရင်း စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံး မှိတ်ထားလိုက်၏။
ထိုသူ၏ စကား အဆုံးတွင်တော့ ဟဲထျန်း က လေးနက်သော အသံဖြင့်...
" မစ္စတာ ရန်... ခင်ဗျား လူကို ကျုပ်တို့ ကြန့်ကြာအောင် လုပ်ထားတယ်လို့ ပြောချင်တာလား... "
" မစ္စတာ ဟဲထျန်း... ဒီ ငွေပမာဏများမှန်း ကျုပ် သိပါတယ်... ဒါပေမဲ့ ရဲတွေ သိမ်းသွားတဲ့ ပိုက်ဆံတွေအတွက် ကျုပ်တို့ ခင်ဗျားကို လျှော်မပေးဘူးဆိုတာ အရင်ဆုံး အမှတ်ရ ရမယ်... ဒါ ကျုပ်တို့ ပထမဆုံး သဘောတူထားတဲ့ အချက်ပဲ... "
ဟဲထျန်း က ဖုန်းကို ချက်ချင်းဆွဲယူကာ ကြမ်းပြင်ပေါ် ဝုန်းကနဲ ကိုင်ပေါက်ချလိုက်၏။ သူ့ မျက်နှာ တစ်ခုလုံး ဒေါသခိုးတို့ ဝေနေ၏။
ကျိုးကျီ က ဘာမှမသိသူကဲ့သို့ ပြုံးနေရင်း ထိုင်နေ၏။
" ခင်ဗျားပြောတာ မှန်ပုံပဲ... အဲဒီရဲက တကယ်ကို အစွမ်းထက်တယ်... ဒီလို အရည်အချင်းမျိုးနဲ့ ဒီလို ရာထူး ရထားတာ တကယ် ထိုက်တန်ပါတယ်... "
ရှုချန်းအား ချီးမွမ်းခန်း ဖွင့်နေသည့်အတွက် ဟဲထျန်း အံကို တင်းတင်းကြိတ်ကာ အမှန်တကယ် အသေ သတ်ပစ်ချင်နေ၏။ ထို့ကြောင့် အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းပြီး သူ့ လက်အောက်ငယ်သားဘက် ချက်ချင်း လှည့်ကာ...
" ငွေလက်ခံမယ့် မြို့ပြင်က တာဝန်ရှိသူတွေကို ဖုန်းခေါ်လိုက်စမ်း... မနက်ကတည်းက အခုထိ ကား ဘယ်နှစီး ရောက်ပြီလဲနဲ့ ငွေပမာဏ ဘယ်လောက် ပို့ပြီးပြီလဲ မေးလိုက်... "
လက်အောက်ငယ်သားက ခေါင်းညိတ်၍ ချက်ချင်း ဖုန်းခေါ်ပြီး ဟဲထျန်း အနီးသို့ ဖုန်းကို တိုးပို့လိုက်၏။
" သူဌေး... "
" ခင်ဗျားတို့ ပိုက်ဆံတွေ ရပြီလား... ကား ဘယ်နှစီး ရောက်ပြီလဲ... "
တစ်ဖက်မှ လူက ချက်ချင်း ပြန်ဖြေ၏။
" ကျုပ်တို့ မနက်ကတည်းက စောင့်နေတာ... ခင်ဗျားတို့ ပေးထားတဲ့ စာရင်းထဲက ဘယ်ကားကိုမှ မတွေ့ဘူး... ဘယ်လိုဖြစ်တာလဲ... "
"ဘာ... "
ဟဲထျန်း က ချက်ချင်းပင် ဖုန်းကောက်ကိုင်လိုက်၏။
" ထပ်ပြောစမ်း... ခင်ဗျားတို့ဆီ ကားတစ်စီးမှ မရောက်သေးဘူးလား... "
" ဟုတ်တယ်... ဒီစစ်ဆင်ရေးကို ဖျက်သိမ်းလိုက်ပြီတောင် ထင်ထားတာ... ဒါပေမဲ့ ကျုပ်တို့တွေ စားသောက်ဆိုင်မှာ ဆက်စောင့်နေခဲ့ကြတယ်... အခုထိ စာရင်းထဲက ကားတစ်စီးမှ မတွေ့ရသေးဘူး... "
" -ီးပဲ... "
ဟဲထျန်း တစ်ယောက် ဖုန်းကို ထပ်မံ ပစ်ပေါက်ပြန်သည်။ ဆိုဖာပေါ်သို့ ဒေါသတကြီး ထိုင်ချလိုက်၏။ ဒေါသကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေကာ မျက်လုံးတို့မှာလည်း သွေးများ ယိုစီးကျမတတ် ရဲရဲနီနေ၏။
" ရှုချန်း... မင်းကို သေစေချင်တယ်... မင်းသေမှ အေးမယ်.... "
...
ရဲဌာနချုပ်...
ဌာနချုပ်ရှိ ကားပါကင်တွင် ဒေါ်လာသန်းပေါင်းများစွာ တန်သော ဇိမ်ခံကားများကို အဘယ်ကြောင့် သိမ်းဆည်းထားကြောင်း အခြား ဌာနများက သိချင်နေကြ၏။ စုစုပေါင်း ကားအစီးရေ ၈၀ ခန့် ရှိပြီး အားလုံးကို သပ်ရပ်စွာ စီတန်းရပ်ထား၍ ယာဉ်မောင်းများကိုလည်း လက်ထိပ်ခတ်ကာ ဌာနချုပ်ထဲသို့ တန်းစီ ခေါ်ဆောင်သွားနေကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ယန်ကျင်းက ယာဉ်မောင်းများအား ဦးဆောင် ခေါ်လာသည့် လီချောင်ကို စူးစမ်း မေးမြန်းလိုက်၏။
" ဒါဘာတွေလဲ... ဘာလို့ ဇိမ်ခံကားတွေ ဒီလောက် များနေရတာလဲ... "
လီချောင် ခေါင်းညိတ်လိုက်၏။
" ခေါင်းဆောင်ယန်... ကား တစ်စီးစီမှာ ငွေသား ၅၀ မီလီယံကနေ မီလီယံ ၂၀၀ အထိ ပါတယ်... ဒီ ကားလုံးကို မှောင်ခိုဘဏ်က ငွေမည်းတွေ သယ်ပို့ဖို့ နေရာမှာ သုံးနေတာလေ... ကျုပ်တို့ ခေါင်းဆောင်က ဒီကားတွေ အားလုံးကို ရှာတွေ့ပြီး ဖမ်းမိခဲ့တာ... ဘုရား မ လို့ပဲနော်... "
ထိုစကားမှာ ကြားရသူတိုင်းအား မေးရိုးများ ပြုတ်ကျလုမတတ် ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။
ထို့နောက် အခြားသော ရဲများက ငွေထည့်ထားသော အိတ်များကို သယ်ဆောင်ကာ ဌာနချုပ်ထဲ ဝင်လာသည်ကို တွေ့လိုက်ရသောအခါ အားလုံး ထိတ်လန့်သွားကြတော့၏။
အဖွဲ့ ( ၂ ) က ခုရက်ပိုင်းထဲ သောက်ရမ်း ကြမ်းနေတယ်...။
ယန်ကျင်းက ငွေအိတ်များကို ကြည့်လိုက်ပြီး...
" ဒီတစ်ခေါက် ဘယ်လောက် မိတာလဲ... "
လီချောင်က...
" အကြမ်းဖျဉ်း ခန့်မှန်းခြေ... ယွမ် ၁၀ ဘီလီယံလောက်ပေါ့... အကုန်လုံး ငွေမည်းတွေချည်းပဲ... "
အခြားသူများ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွား၏။ ကိုယ်စီ ကိုယ်စီ အလုပ်ရှုပ်နေကြသော အဖွဲ့ ( ၂ ) အဖွဲ့ဝင်များကို သူတို့အားလုံး မနာလိုစွာ ငေးကြည့်နေမိကြ၏။ မကြာသေးမီ အချိန်က စ၍ အဖွဲ့ ( ၂ ) ဆိုသော အမည်မှာ ဌာနချုပ်ရှိ အောက်ခြေမှ စ၍ အထက်အထိ ရှိသမျှ လူတိုင်း၏ ပါးစပ်ဖျားထဲ၌ နေရာယူ ထားလေပြီ။
ရဲဌာနချုပ်ရှိ ကြီးကြပ်ရေးမှူးများ အားလုံးလည်း ၎င်းကို အပြုသဘောဆောင်သော ပြယုဂ် တစ်ခုအဖြစ် သုံးနှုန်းနေကြလေ၏။ အနောက်ပိုင်း တံခါးဝဂိုဏ်းကို ဖြုတ်ချနိုင်ခဲ့၍ အဖွဲ့ ( ၂ ) အား ချီးမွမ်းသံများ မဆုံးသေးမီ မှောင်ခိုဘဏ် ကိစ္စအား သူတို့ ကိုင်တွယ်ခဲ့ပြီး နှစ်ရက်အတွင်း၌ ဤသို့သော ကြီးကြီးမားမား ဖြစ်ပျက်ခဲ့လေသည်။
အားလုံးလည်း သိချင်စိတ်တို့ ပြင်းပြနေကြ၏။ နှစ်ပေါင်းများစွာ ဆူးညှောင့်ခလုတ် သဖွယ် အနှောင့်အယှက် ပေးခဲ့သော ဤ အမှု နှစ်ခုသည် မည်သည့် အချိန်မှစ၍ ရုတ်တရက် လွယ်ကူသွားသနည်း။
ယန်ကျင်းက လီချောင့် အင်္ကျီလက်မောင်းစကို လှုပ်ကိုင်၍...
" နင်တို့ ခေါင်းဆောင် ဘယ်မှာလဲ... "
" သူ အလုပ်ရှုပ်နေတုန်းပဲ... ဖမ်းထားတဲ့ ကားပိုင်ရှင်တွေကို သွားကြည့်ဖို့ ဝူကန်းနဲ့ လိုက်သွားတယ်... ခေါင်းဆောင်က မှောင်ခိုဘဏ်ကို ဖမ်းဖို့ တကယ်ကြီး စိတ်ပိုင်းဖြတ်ထားပုံပဲ... "
တစ်ဖက်တွင် ရှုချန်းနှင့် ဝူကန်းက ရှန်ချန်းမြို့ရှိ လွန်စွာ နာမည်ကြီသော ကုမ္ပဏီ တစ်ခုသို့ ရောက်လာခဲ့သည်။ ဧည့်ခန်းထဲ ရောက်သည်နှင့် ဧည့်ကြိုကောင်တာသို့ တန်းသွား၍...
" ခင်ဗျားတို့ ဥက္ကဌနဲ့ တွေ့ချင်တယ်... "
" ဆောရီးနော်... ကြိုပြီး ချိန်းဆိုထားတာ ရှိလားရှင့်... "
ရှုချန်းက ရဲတံဆိပ်ကို ချက်ချင်း ထုတ်ပြပြီး...
" ကျုပ်တို့က ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့က လာတာ... ခင်ဗျား သူဌေးကားထဲမှာ ငွေမည်း ၂၀၀ မီလီယံ ဝှက်ထားတာ တွေ့လို့ ယာဉ်မောင်းရော ကားပါ အဖမ်းခံထားရတယ်... ကျုပ်တို့ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်... "
အခန်း ၁၅၀ ပြီး