နတ်နဂါးစစ်သည်
အခန်း ၁၄၉
( ဟဲထျန်း ၏ ဗျူဟာ )
ဝူကန်း က နောက်ဖုံးကို ဖွင့်လိုက်ကာ ခေတ္တ ရှာဖွေပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ ရှုချန်း ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့ နံဘေးသို့ ရွှေ့ပေးလိုက်၏။
ရှုချန်း၏ ယူနီဖောင်းပေါ်မှ တံဆိပ်ကို မြင်လိုက်သောအခါ ဤနေရာ၏ တာဝန်ခံဖြစ်ကြောင်း ယာဉ်မောင်း သိလိုက်သည်။ ထို့ကြောင့် စီးကရက်တစ်လိပ် ပေးလိုက်ပြီး ...
"မင်္ဂလာပါ အရာရှိ... ဒီကားမှာ ပြဿနာတစ်ခုခုရှိလို့လား... ကျုပ်ကို ဘာလို့ ရပ်ခိုင်းတာလဲ..."
ရှုချန်းက စီးကရက်ကို ငြင်းပယ်သည့်ဟန် လက်ခါယမ်းပြကာ ဝူကန်း အား ...
"ဒီလို SUV ကားတွေမှာ အခန်းတွေ အများကြီးရှိတယ်... ဒီလိုကုန်လှောင်ခန်းအောက်မှာ အခြားအလွှာတစ်ခု ပါအောင် ဒီဇိုင်းထုတ်ထားတာ... အခြားအလွှာတစ်ခု ရှိမရှိသိအောင် ခေါက်ကြည့်ပါလား..."
ဝူကန်း ခေတ္တမျှ ရပ်ဆိုင်းပြီးနောက် ကြမ်းပြင်ကို ချက်ချင်း ခေါက်လိုက်၏။ အတွင်းမှ လှိုဏ်သံ ကြားလိုက်ရသောအခါ သူ၏ တပည့်တစ်ဦးအား ...
"ဖွင့်လိုက်စမ်း..." ဟု ပြောလိုက်၏။
ယာဉ်မောင်း ထိတ်လန့်သွားသည်။
"ဒီကားက ကျုပ်ကား မဟုတ်ဘူး... ကျုပ်က ယာဉ်မောင်းသက်သက်ပဲ... ဒီကားက ဇိမ်ခံကားဖြစ်ပြီး နှစ်သန်းကျော်လောက် တန်တယ်... ကားကို ဖွင့်လိုက်ရင် အရင်အတိုင်းဖြစ်မှာ မဟုတ်တော့ဘူး... တစ်ခုခု ပျက်စီးသွားရင် သူဌေးက ကျုပ်ကို အလုပ်ထုတ်လိမ့်မယ်..."
ရှုချန်း ဘာမှဆက်မပြောဘဲ ဝူကန်း နှင့် အခြားသူများကို ဆက်လုပ်ခွင့်ပေးလိုက်၏။
အခြားသူများလည်း လိုအပ်သော ကိရိယာများကို ရယူလိုက်ကာ ကုန်လှောင်ခန်း အောက်ခြေအလွှာကို ဝက်အူလှည့်ကာ ဖြုတ်နေကြသည်။ ဤသို့ ခက်ခက်ခဲခဲဖွင့်ပြီးနောက် တစ်စုံတစ်ခုဖြင့် ပြည့်နှက်နေပုံရသော လေးထောင့်ပုံးတစ်ခုကို တွေ့လိုက်ရ၏။ ထို့ကြောင့် ဝူကန်း က ဓားဖြင့် ခွဲဖွင့်လိုက်ရာ ငွေသားအပြည့်ကို တွေ့လိုက်ရ၏။
ဝူကန်း ချက်ချင်း စိတ်လှုပ်ရှားသွား၏။
"ခေါင်းဆောင်... ယွမ် ၁၀၀ တန် အထပ်လိုက်ချည်းပဲ..."
ယာဉ်မောင်း အံ့အားသင့်သွားသည်။ တစ်စုံတစ်ခုပြောချင်သော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေ၏။ သူ၏ ဤကဲ့သို့ ကယောင်ချောက်ချား တုံ့ပြန်မှုကို ကြည့်ရုံမျှဖြင့် သူ့သူဌေးဖြစ်သူ ဘာလုပ်ခဲ့သည်ကို အံ့အားသင့်ကာ သိချင်နေမှန်း ထင်ရှားပေသည်။
ရှုချန်းက လီချောင် ကို ...
"ဒီကားကို ဘယ်သူပိုင်လဲ သွားရှာကြည့်... သူ့ကား ပြန်လိုချင်ရင် ရဲစခန်းကို လာယူဖို့ ပြောလိုက်... ယာဉ်မောင်းရော ကားရော ငါတို့ဖမ်းထားတယ်... ပြီးတော့ ငွေတွေဘယ်လောက်ရှိလဲ တွက်ကြည့်ရအောင်..."
လီချောင် က ...
"ဟုတ်ကဲ့ ခေါင်းဆောင်..."
ယာဉ်မောင်းက ...
"ကျုပ်မှာ ဘာအပြစ်မှ မရှိပါဘူး... ကျုပ်က ကားမောင်းသမားပါ... ကျုပ် သူဌေးဆီ ဖုန်းဆက်ရမယ်..."
ရှုချန်းက ဝူကန်း ကို တစ်ချက်ကြည့်လိုက်ရာ ယာဉ်မောင်း၏ လက်ထဲမှ ဖုန်းကို ဝူကန်း ချက်ချင်း ယူလိုက်ပြီး ...
"စိတ်မကောင်းပါဘူး... အခုချိန်မှာတော့ ဖုန်းခေါ်လို့မရသေးဘူး..." ဟု ပြောလိုက်သည်။
ရှုချန်းက ယာဉ်မောင်းနံဘေးသို့ သွားလိုက်ကာ ...
"မင်းရဲ့သူဌေးက မင်းကို ဘယ်သွားခိုင်းတာလဲ..." ဟု မေးလိုက်သည်။
ယာဉ်မောင်းက ...
"မသိပါဘူး..."
ရှုချန်းက ...
"မင်း ရာဇဝတ်မှုတစ်ခု ကျူးလွန်တယ်ဆိုတာ သိရဲ့လား..."
ယာဉ်မောင်းက ...
"ကျွန်တော်..."
ရှုချန်းက ...
"မင်း ဘယ်ကိုသွားနေတာလဲ... မင်း ဘယ်သူနဲ့တွေ့ရမှာလဲ..."
ယာဉ်မောင်း ကြောက်ရွံ့လာသဖြင့် ငိုချင်သကဲ့သို့ဖြစ်လာ၏။
"တကယ် မသိတာပါ... သူဌေးက သူ့ဆွေမျိုးတွေကို ခေါ်ဖို့ တခြားမြို့ကို သွားခိုင်းတာပါ... ကျန်တာတော့ ကျုပ်လည်း မသိဘူး..."
ထိုသူ ဟန်ဆောင်နေခြင်းမဟုတ်ဘဲ အမှန်တကယ် အံ့အားသင့်နေသည်ကို တွေ့လိုက်ရသည့်အတွက် ရှုချန်းက ထိုသူ့ပခုံးပေါ် သို့ လက်တင်ကာ ...
"မင်း အခုတော့ ဖုန်းဆက်လို့မရသေးဘူး... ငါတို့နဲ့ လိုက်ခဲ့ဖို့လိုတယ်... မင်းမှာအပြစ်မရှိဘူးလို့ ပြောတယ် မလား... ဒါဆိုရင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ ငါတို့နဲ့ပူးပေါင်းပါ... အဲလိုမှမဟုတ်ရင် မင်းကားထဲမှာ ငွေအမြောက်အမြား သိမ်းဆည်းရမိတယ်... ဒီငွေရဲ့ တရားဝင်အရင်းအမြစ်ကိုလည်း သက်သေမပြနိုင်ရင် မင်း ထောင်ထဲ ရောက်သွားနိုင်တယ်..."
ယာဉ်မောင်းက နားလည်သွားသည်ကြောင့် ရိုးရိုးသားသား ခေါင်းညိတ်လိုက်၏။
"ပူးပေါင်းဆောင်ရွက်ပါမယ်..."
ယာဉ်မောင်းအား အဝေးသို့ ခေါ်ဆောင်သွားပြီးနောက် သတင်းပို့ရန် ဝူကန်း ရောက်လာ၏။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူပြီးမှ ...
"ခေါင်းဆောင်... ငွေသား ယွမ် သန်း ၅၀ ရှိပါတယ်... ဒီမှောင်ခိုဘဏ်မှာ ငွေမည်း ဘယ်လောက်သိမ်းထားလဲ မသိဘူး..."
ရှုချန်းက အသံတိုးတိုးဖြင့် ...
"သူတို့မှာ ငွေအများကြီးမရှိရင် မှောင်ခိုဘဏ်လို့ ခေါ်မှာမဟုတ်ဘူး... လွန်ခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံအတွင်းမှာရှိတဲ့ ကုမ္ပဏီအတော်များများက စံချိန်တင် ဝင်ငွေတွေ အဆက်မပြတ် ရရှိခဲ့ပြီး အများစုက အခွန်ရှောင်မှုတွေနဲ့ ပတ်သက်နေတယ်... သူတို့အများစုက မှောင်ခိုဘဏ်ဆီကို သွားကြတယ်... ရှန်ချန်းလို စီးပွားရေးဗဟိုချက်မဖြစ်တဲ့ မြို့အတွက် မှောင်ခိုဘဏ်မှာ သိမ်းထားတဲ့ ငွေမည်းတွေက အံ့ဩစရာကောင်းလောက်တဲ့ ပမာဏဖြစ်မှာ သေချာတယ်..."
"သူတို့က ငွေတွေကို သယ်ပို့ဖို့ ကိုယ်ပိုင်ကားတွေကို သုံးဖို့ ကြိုးစားနေပုံရတယ် ခေါင်းဆောင်... ခင်ဗျား ပြောတာ မှန်ပေမဲ့ ဒီကားကို ကြည့်ရုံနဲ့ ဘယ်လို သံသယဝင်နိုင်တာလဲ..."
လီချောင် က စူးစမ်းလိုသော မျက်နှာဖြင့် မေးလိုက်၏။
ရှုချန်း ဆင်ခြေပေးရန် စဉ်းစားလေပြီ။
"ငွေသား ယွမ် သန်း ၅၀ က ဘယ်လောက်လေးတယ်ထင်လဲ... ကားရဲ့ မောင်းနှင်မှုနှုန်း သိသိသာသာ ကွဲပြားသွားအောင်ကို လေးလံတယ်... ဒီ BMW X6 က စွမ်းဆောင်ရည်ကောင်းပေမဲ့ အထဲမှာ ယာဉ်မောင်းယောက်ျားလေး တစ်ယောက်ပဲ ထိုင်နေတာတောင် ကားဘီးတွေက ဝန်အလေးကြီးကို ရုန်းကန်နေရတယ်ဆိုတာ မင်း မမြင်ဘူးလား... "
လီချောင် နှင့် ဝူကန်း တို့ ချက်ချင်း သဘောပေါက်သွား၏။ သူတို့၏ ခေါင်းဆောင်တွင် မယုံနိုင်ဖွယ် ကောင်းမွန်သော ဦးနှောက်ရှိပြီး အသေးစိတ် အချက်အလက်များစွာကို အာရုံစိုက်နိုင်ကြောင်း သူတို့ ဝန်ခံရပေမည်။
ထိုအခိုက်တွင် ရှုချန်း ထပ်မံလှမ်းကြည့်လိုက်ရာ ယာဉ်ကြောပိတ်ဆို့မှုအလယ်တွင် အခြားကားတစ်စီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။ သူ မျက်လုံးမှေးလိုက်ကာ ...
"တိုယိုတာ Highlander ကို ရပ်ခိုင်းလိုက်..." ဟု ပြောလိုက်၏။
ဝူကန်း နှင့် အခြားရဲများ အတူတကွ ပြေးသွားကာ ကားကိုတားလိုက်၏။
တစ်ဖက်တွင်မူ စီးပွားရေးဆိုင်ရာ အထပ်အမြင့် အဆောက်အအုံတစ်ခုရှိ လက်ဘက်ရည်ဆိုင် တစ်ဆိုင်တွင် ဟဲထျန်း ကကျိုးကျီ ကို သူ၏ အစီအစဉ်အကြောင်းအား နေ့လယ်မှ မွန်းလွဲချိန်အထိ ပြောပြနေခဲ့သည်။
ကျိုးကျီ က နောက်ထပ် လက်ဘက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး ...
"မင်းရဲ့ ဖောက်သည်တွေက မင်းအတွက် ဒီပိုက်ဆံတွေကို စွန့်စွန့်စားစား ဘာလို့ သယ်ပို့ပေးမှန်း ငါ မသိဘူး..." ဟု သိချင်စိတ်ဖြင့် မေးလိုက်၏။
ဟဲထျန်း က ရယ်မောကာ ...
"သူတို့အားလုံးက မှောင်ခိုဘဏ်မှာ ငွေထည့်ထားတဲ့သူတွေပဲလေ... သူတို့အားလုံးက အရမ်းထက်မြက်ကြပြီး သယ်ယူပို့ဆောင်ဖို့အတွက် ယာဉ်မောင်းတွေအားလုံးကို ညွှန်ကြားထားတယ်... ယာဉ်မောင်းတွေက ကားထဲမှာ ပိုက်ဆံဝှက်ထားတဲ့အကြောင်း ဘာမှမသိဘူး... ဒါ့ကြောင့် စုံစမ်းဖို့ ကားရပ်ခိုင်းရင်တောင် သူတို့ ဘာမှ တုန်လှုပ်နေမှာ ကြောက်နေမှာမျိုး ရှိမှာမဟုတ်ဘူး... ပြီးတော့ ကျုပ်တို့က ကားတွေကို အထူး မွမ်းမံ ပြင်ဆင်ထားတဲ့အတွက် ငွေသားတွေကို အလွယ်တကူ ဝှက်ထားလို့ရတယ်... သူတို့ လွယ်လွယ်နဲ့ ရှာဖွေနိုင်မှာ မဟုတ်ဘူး... တကယ်လို့ ကားအနည်းအကျဉ်း ဖမ်းမိပြီး ရှာတွေ့ခဲ့ရင်တောင် ကျုပ်ဖောက်သည်တွေအနေနဲ့ သူတို့မသိနိုင်ဘူးလို့ ဘူးခံပြီး ငြင်းလို့ရတဲ့အတွက် ဘာမှထိခိုက်မှုရှိမှာ မဟုတ်ဘူး..."
ကျိုးကျီ က ...
"ငွေသယ်ဖို့ ကိုယ်ပိုင်ကားတွေကိုပဲ သုံးတယ်ဆိုတော့ ကားဘယ်နှစ်စီးလောက် လိုမလဲ... မင်းရဲ့ မှောင်ခိုဘဏ်မှာ ဒီလောက် ငွေပမာဏများများစားစား ရှိလား... ဘယ်နှစ်ရက်လောက် ကြာမှာလဲ..."
ဟဲထျန်း က သူ့အစီအစဉ်နှင့်ပတ်သက်၍ ပိုမိုဂုဏ်ယူသည့်ဟန်ဖြင့် ...
"ငွေသားတွေကို ဘေးကင်းစွာလွှဲပေးဖို့အတွက် ဒီနည်းလမ်းကို လုပ်ဖို့ကလွဲပြီး ကျုပ်တို့မှာ ရွေးချယ်စရာ မရှိတော့ဘူး... ဒါပေမဲ့ ရဲတပ်ဖွဲ့က အနည်းအကျဉ်းဖမ်းမိရင်တောင် ကျုပ်တို့ရဲ့ ဆုံးရှုံးမှု အနည်းအကျဉ်းပဲ ရှိမှာပါ... ကားတစ်စီးစီမှာ သန်း ၅၀ နဲ့ ၁၀၀ ကြားထည့်ထားတဲ့အတွက် ဆုံးရှုံးရင်လည်း အရမ်းကြီးတော့ မသိသာပါဘူး..."
ဟဲထျန်း က ရယ်မောလိုက်ပြီး ...
"စိတ်မပူပါနဲ့... ကျုပ်ဖောက်သည်တွေ အားလုံးက သူတို့ယာဉ်မောင်းတွေကို ရှန်ချန်းမြို့ထဲကနေ ထွက်ပြီးမှ သွားရမယ့် နေရာကို ပြောလိမ့်မယ်... အဲဒီမတိုင်ခင်မှာ ဘယ်ကိုသွားရမယ်ဆိုတာ သူတို့မသိတဲ့အတွက် ဖမ်းမိရင်တောင် ဘာမှဝန်ခံနိုင်မှာ မဟုတ်ဘူး... ပြီးတော့ ကျုပ်ဖောက်သည်တွေ အားလုံးရဲ့ယာဉ်မောင်းတွေ ရှန်ချန်းကနေ ထွက်သွားခြင်းရှိမရှိ စစ်ဆေးဖို့ GPS စနစ်လည်း ရှိတယ်..."
ထိုအချိန်တွင် ဟဲထျန်း ၏ လက်ထောက်တစ်ယောက် ရောက်လာကာ ...
"မစ္စတာ ဟဲထျန်း... ခင်ဗျားဖုန်းလာတယ်..."
"ဘာလဲ..."
ဟဲထျန်း က ထိုသူအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"ငါ မစ္စတာကျိုးကျီ နဲ့ ဆွေးနွေးနေတာ မမြင်ဘူးလား..."
ဗျူဟာမှူး တစ်ဦးအလား သူ၏ စွမ်းပကားကို သရုပ်ပြ၍ သူ့အစီအစဉ်အကြောင်း ကြွားလုံးထုတ်နေချိန်တွင် နှောင့်ယှက်ခံရသည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်သွား၏။
ထို့ကြောင့် လက်အောက်ငယ်သားလည်း ခေါင်းငုံ့ကာ ထွက်သွားလိုက်၏။
ကျိုးကျီ က ...
"ဒီတစ်ခေါက် ဘယ်လောက်လွှဲပေးရမှာလဲ..."
ဟဲထျန်း က ...
"ယွမ် ၁၀၀ ဘီလီယံအတိပေါ့... နေ့ခင်းဘက်မှာ ကိုယ်ပိုင်ကားတွေနဲ့ သယ်လိမ့်မယ်... တကယ်လို့ ကိုယ်ပိုင်ကားတစ်စီးကိုမှ ဖမ်းမမိဘူးဆိုရင် ကျုပ်တို့ ဒီနေ့လွှဲပြောင်းမှု မရှိဘူးလို့ ရဲတွေ ထင်လိမ့်မယ်... ပြီးရင် ညကျတဲ့အခါ သူတို့အားလုံး အိမ်ပြန်ကြလိမ့်မယ်... အဲဒီအချိန်ကျမှ ငွေပမာဏအများစုကို ထရပ်ကားနဲ့ သယ်ပို့လိမ့်မယ်..."
ကျိုးကျီ က ...
"ဒါဆို မင်းက နေ့ခင်းဘက်မှာ အစမ်းအနေနဲ့ သယ်နေတာလား..."
ဟဲထျန်း က သူ၏လက်ဘက်ရည်ခွက်ကို ချလိုက်ပြီး ...
"ဟုတ်တယ်..." ဟု ပြောလိုက်၏။
အခန်း ၁၄၉ ပြီး