နတ်နဂါးစစ်သည်
အခန်း ၁၄၈
( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
အတွင်းရေးမှူး ခေတ္တမျှ တုံ့ဆိုင်းသွားကာ မနေနိုင်တော့ဘဲ ...
"ဘယ် အထက်လူကြီးက ပြောတာလဲမသိဘူး... ကျုပ် သိခွင့်ရှိမလား..."
ညွှန်ကြားရေးမှူး ပြုံးကာ ပြောလိုက်၏။
"ငါ ပြောပြရင်တောင် မင်း သူ့ကို မသိဘူး... အဲဒီအဖွဲ့အစည်းက အာဏာကြီးမားတဲ့ လွတ်လပ်တဲ့ ဌာနတစ်ခုလေ... သူတို့ လုပ်ကိုင်နေတာတွေကိုသာ မင်းမြင်ရင် ငါတို့ဒီနေရာမှာ လုပ်နေတဲ့ဟာတွေက မယုံချင်စရာကောင်းလောက်အောင် အရေးမပါဘူးလို့ ခံစားမိသွားလိမ့်မယ်... ဘယ်လိုပဲဖြစ်ဖြစ် သူတို့လိုမျိုး အမြင်ရှိတဲ့သူတွေက အနာဂတ်မှာ ကြောက်စရာကောင်းလောက်တဲ့ အမြင့်အထိရောက်မှာသေချာတယ်... ဒါ့ကြောင့် အနာဂတ်မှာ ငါတို့ရဲ့ အရည်အချင်းတွေ မဆုံးရှုံးခင်မှာ ရှုချန်းနဲ့ မိတ်ဆွေဖွဲ့တာ ကောင်းတယ်..."
ဟွာရှရှိ ဝေ့နိုင်ငံ တည်ထောင်ထားသော ရှန်ချန်းမြို့မှ စီးပွားရေးအသင်း ရှုံးချုပ်၏ ဌာန တည်ရှိရာ ကုန်တိုက်တစ်ခု၏ အထပ်မြင့်တွင် အဝတ်အစား အပြည့်အစုံ ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦး ထိုင်နေသည်။ တစ်ဦးမှာ စိတ်အားထက်သန်ပုံရနေသော်လည်း ကျန်တစ်ဦးက ပင်ပန်းနွမ်းနယ်နေပုံပေါက်၏။
ထိုနှစ်ဦးအနက်မှ ခေါင်းပြောင်ပြောင်နှင့်လူမှာ ချန်းချင် မကြာခဏ ရည်ညွှန်းပြောဆိုတတ်သော မစ္စတာ ဟဲထျန်း ဖြစ်ပေသည်။ သို့သော် သူ့တွင် ရာဇဝတ်လောက၌ အခြားသောအမည်များစွာ ရှိသေးသည့်အတွက် ဟဲထျန်း ဆိုသည်မှာလည်း ထိုများမြောင်လှသော နာမည်များအနက်မှ တစ်ခုသာဖြစ်သည်။ သူသည် ရှန်ချန်းရှိ မှောင်ခိုဘဏ်တွင် ဟဲထျန်း ဆိုသော နာမည်ကို အသုံးပြုခဲ့၏။
သူ့နံဘေးတွင် ထိုင်နေသူမှာ ဝေ့နိုင်ငံ မှ မိတ်ဆွေတစ်ယောက် ဖြစ်၏။ လက်ဘက်ရည်ခွက်ကို ချလိုက်ပြီး ဟဲထျန်း က သူတို့ မိခင်ဘာသာစကားဖြင့် နှစ်သိမ့်စကားပြော၏။
"မစ္စတာ ဟဲထျန်း.... ခင်ဗျား ဒီလို စိတ်ပူမနေသင့်ဘူး... ဒါ ခင်ဗျားရဲ့နာမည်တစ်ခုပဲ ပေါ်သွားတာ... ခင်ဗျားရဲ့ အသွင်အပြင် ဒါမှမဟုတ် ခင်ဗျားရဲ့ ပုံပန်းသဏ္ဌာန်တစ်ခုမှ ပေါ်တာမဟုတ်ဘူး... ဒါ အဆိုးထဲက အကောင်းလို့ ဆိုရမယ်..."
ဟဲထျန်း အောင့်သက်သက် ပြုံးကာ လက်ကို ခါယမ်းလိုက်၏။
"ဒေါ်လာ ၄.၅ ဘီလီယံ... ငါ့လက်ကျန်ဘဝတစ်ခုလုံး ရှာဖွေရင်တောင် လောက်မှာမဟုတ်ဘူး... အထက်လူကြီးကလည်း ငါ့ကို ဒီငွေတွေ မြန်မြန်လွှဲခိုင်းပြီး ဒီတာဝန်ကနေ ခဏလောက် လက်ရှောင်နေဖို့ ပြောထားတယ်... ဒါကို ကြည့်ရင် သူတို့အားလုံး ဒီအခြေအနေနဲ့ပတ်သက်ပြီး ကြီးကြီးမားမားတစ်ခု ကြိတ်ကြံနေတာဖြစ်ရမယ်... ဒီမုန်တိုင်းကြီးစဲသွားတဲ့အခါ ငါ့ရဲ့ ရွှေရောင်နေ့ရက်တွေလည်း ကုန်ဆုံးသွားတော့မယ်..."
ထိုအကြောင်းများ ပြောဆိုရင်း သူ့မျက်လုံးထဲတွင် လူသတ်လိုစိတ်များ ပေါ်လာ၏။
"ဒါပေမဲ့ ငါမသေခင် ဒီကိစ္စဖြစ်အောင်လုပ်တဲ့ကောင်ကို မသတ်ဘဲတော့ မကျေနိုင်ဘူး..."
သူ့နံဘေးတွင် ထိုင်နေသော ဝေ့နိုင်ငံ မှ လူက ခါးသက်သက် ပြုံးလိုက်ကာ ...
"ဒါဆိုရင် မစ္စတာ ဟဲထျန်း... ဒီအချိန်မှာ ကျုပ်တို့လက်ကိုငှားပြီး အဲဒီရဲအရာရှိကို သတ်ချင်နေတာလား..."
မစ္စတာ ဟဲထျန်း အနည်းငယ် ခေါင်းညိတ်လိုက်၏။
"အခုချိန်မှာ အဲဒီရဲအရာရှိက သတိထားပြီးနေလို့ ရှန်ချန်းလိုမျိုး လုံခြုံရေး တင်းကြပ်တဲ့မြို့ထဲမှာ သူ့ကို ကိစ္စတုံးပစ်ဖို့က ခက်ခဲတယ်... အခုချိန်မှာ တခြားတံခါးဝဂိုဏ်းသုံးခုရဲ့ အစွယ်လိုဖြစ်နေတဲ့ မြောက်ပိုင်း တံခါးဝဂိုဏ်းလည်း ဖျက်သိမ်းခံလိုက်ရပြီ... ပြီးတော့ ရှုချန်းဆီကို လွှတ်လိုက်တဲ့ လူသတ်သမား နှစ်ဖွဲ့လည်း ပြန်မလာနိုင်ကြတော့ဘူး... သခင်ကြီးကျိုးကျီ... ဒီ ရဲငမိုက်သားကို ဘယ်လိုရှင်းပစ်မလဲ မသိဘူး..."
ကျိုးကျီ ရယ်မောလိုက်၏။
"မစ္စတာ ဟဲထျန်း... ခင်ဗျား သိထားသင့်တယ်... ကျုပ်တို့ရဲ့ စီးပွားရေးအဖွဲ့အစည်းမှာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး အရှေ့တောင်အာရှတစ်ခွင်မှာလည်း ပျံ့နှံ့ခဲ့တယ်... ဘာပြဿနာမှ မရှာဘဲ ငွေကိုပဲ အမြဲ ရှာနေခဲ့တာ... စီးပွားရေးချဲ့ထွင်တဲ့လမ်းကြောင်းမှာ ပေါ်လာတဲ့ အတားအဆီးတွေကို ရှင်းလင်းဖို့ လက်ရွေးစင် တိုက်ခိုက်ရေးသမားတစ်စုကို ပြုစုပျိုးထောင်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့ကို တိုက်ရိုက်ကြီးတော့ မတိုက်ခိုက်ပါဘူး မစ္စတာ ဟဲထျန်း... ကျုပ်တို့က ခင်ဗျားကို ကူညီချင်ပေမဲ့လည်း မလုပ်နိုင်မှာ စိုးရိမ်မိတယ်..."
ဟဲထျန်း ၏ အတွင်းစိတ်ထဲတွင် စိုးရိမ်စိတ်များ ကိန်းအောင်းနေသော်လည်း မျက်နှာပြင်ပေါ်မှာမူ ပကတိ တည်ငြိမ် ငြိမ်သက်နေဆဲဖြစ်၏။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ခင်ဗျားရဲ့ စီးပွားရေးမဟာမိတ်အဖွဲ့က အရှိန်အဟုန်နဲ့ ချဲ့ထွင်ခဲ့ပေမယ့် ဘယ်လုပ်ငန်းခွဲကများ သန့်ရှင်းတဲ့ငွေကြေးရခဲ့လို့လဲ... စီးပွားရေးလုပ်ငန်းကြီးတွေမှာ သန့်ရှင်းတဲ့ငွေ မရှိဘူးလို့ ငါပြောရဲတယ်... ပြီးတော့ ခင်ဗျားရဲ့ စီးပွားရေး အဖွဲ့အစည်းက လုပ်ငန်းအတော်များများမှာလည်း ပါဝင် ပတ်သက်နေတယ်... နိုင်ငံခြားငွေစာရင်းတွေမှာ အခွန်ရှောင်နိုင်ဖို့ ကျုပ်တို့ မှောင်ခိုဘဏ်သာ မကူညီခဲ့ရင် ခင်ဗျားအနေနဲ့ ဒီလောက် ငွေပမာဏ အများအပြား ဘယ်လိုလုပ် စုမိနိုင်မှာလဲ မစ္စတာကျိုးကျီ... ဒီနေရာကို ကျုပ် ခြိမ်းခြောက်ဖို့ ရောက်နေတာ မဟုတ်ဘူး... ပြီးတော့ ကျုပ်မှာသာ တခြားရွေးချယ်စရာရှိမယ်ဆိုရင် ဒီကိုလာပြီး အကူအညီတောင်းမှာလည်း မဟုတ်ဘူး... တကယ်လို့ ရှန်ချန်းမှာရှိတဲ့ မှောင်ခိုဘဏ်သာ ပြိုလဲသွားရင် ခင်ဗျားတို့ ထည့်ထားတဲ့ ငွေမည်းတွေအားလုံး လုံးဝ အသိမ်းခံရလိမ့်မယ်... ကျုပ် ဒီနေရာကို ဆွေးနွေးဖို့ ရောက်လာတာ မဟုတ်ဘူး... ဘာလို့လဲဆိုရင် ကျုပ်တို့က အခုချိန်မှာ တစ်လှေတည်းစီးနေတဲ့သူတွေ ဖြစ်နေပြီလေ..."
ထိုသို့ ပြောပြီးနောက် ဟဲထျန်း က စိတ်ရင်းမှန်ဖြင့် ဦးညွှတ်ကာ ...
"နိုင်ငံရပ်ခြားမှာရောက်နေတဲ့ ဆွေမျိုးသားချင်းတစ်ယောက်ကို ကူညီတယ်လို့ပဲ မှတ်ယူလိုက်ပါ... ကျေးဇူးပြုပြီးတော့ ကူညီပါ..."
မစ္စတာကျိုးကျီ တစ်ယောက် ခေတ္တမျှသက်ပြင်းချလိုက်ပြီး...
"ရှန်ချန်းလိုမြို့ကြီးမှာ ရဲတစ်ယောက်ကိုသတ်တဲ့ ရာဇဝတ်မှု ဘယ်လောက်ကြီးတယ်ဆိုတာ ခင်ဗျား သိရဲ့လား... ပြီးတော့ လုပ်ကြံသတ်ဖြတ်တဲ့သူက ဝေ့နိုင်ငံ ကလို့ သတ်မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် နှစ်နိုင်ငံအကြားက သံတမန်ရေးရာ ကိစ္စတွေအထိ ရန်မီး အလျင်အမြန် ပွားလာနိုင်တယ်... ဒါတွေကိုဆွေးနွေးဖို့ ခင်ဗျား သံရုံးကို ရောက်ဖူးလား... ခင်ဗျား ရဲ့ ပန်းတိုင်အောင်မြင်ရင်တော့ မင်း စိတ်သက်သာရာရလိမ့်မယ်... ဒါပေမဲ့ ဟွာရှမှာ ထူထောင်ထားတဲ့ ကျုပ်တို့ နိုင်ငံက ကုမ္ပဏီတွေအားလုံး ရေနွေးပူပူထဲမှာ အပြုတ်ခံရသွားလိမ့်မယ်... စီးပွားရေး မဟာမိတ်အဖွဲ့က လူနေထူထပ်တဲ့ ဟွာရှနိုင်ငံမှာ အရေးပါနေပြီ... ဒီဈေးကွက်ကို ကျုပ်တို့ လက်လွတ် အဆုံးရှုံးမခံနိုင်ဘူး... မစ္စတာ ဟဲထျန်း ကျုပ် အခက်အခဲတွေကို ခင်ဗျား နားလည်ရဲ့လား... "
ဟဲထျန်း တစ်ခုခုပြောချင်သေးသော်လည်းကျိုးကျီ က စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် လက်ဖက်ရည်ကိုသာ ငှဲ့နေပြီး ထိုအကြောင်းကိုလည်း ထပ်၍ မဆွေးနွေးတော့ချေ။
"ငွေလွှဲပြောင်းဖို့ ခင်ဗျား လူတွေ ဘယ်လိုစီစဉ်ထားလဲ... လိုအပ်ရင် ကျုပ်တို့ ကူညီနိုင်ပါတယ်..."
ငွေအများစုကို သယ်ပို့ရန် စီစဉ်ထားပြီး ဖြစ်၍ ဤငွေများအတွက် စိုးရိမ်စရာ မလိုတော့သည်ကို သိသိကြီးနှင့်ကျိုးကျီ တစ်ယောက် သဘောကောင်းပြနေသည့်အတွက် ဟဲထျန်း တိတ်တဆိတ် ကျိန်ဆဲမိ၏။
အစအဦးကတည်းက သူတို့အားလုံး ငွေလွှဲပြောင်းခြင်းကိုသာ ဂရုစိုက်ကြ၏။
ဟဲထျန်း က ...
"မလိုအပ်ပါဘူး... ကျုပ်တို့ မှောင်ခိုဘဏ်မှာ နယ်မြေခံဖောက်သည်တွေ အများကြီးပဲရှိတယ်... လုပ်ငန်းသုံး ယာဉ်တွေနဲ့ ငွေလွှဲပြောင်းဖို့ ကြိုးစားရင် ရှာဖွေခံရနိုင်ချေများတော့ အဲဒီဖောက်သည်တွေရဲ့ ကိုယ်ပိုင်ကားတွေကို အဓိက အားကိုးပြီးတော့ လွှဲပြောင်းဖို့စီစဉ်ထားတယ်... ရှန်ချန်းမြို့အဝင် လမ်းတွေကတော့ အရင်အတိုင်း တင်းကြပ်တယ်... တကယ်လို့ ရဲတွေက ကိုယ်ပိုင်ကားတိုင်းကို စစ်ဆေးချင်တယ်ဆိုရင် ဒီမြို့တော်ရဲ့ ယာဉ်သွားလာမှုကို အများကြီး ထိခိုက်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ အတော်ဖြစ်စေလိမ့်မယ်... ကြီးကျယ်ခမ်းနားတဲ့ စီးပွားရေးကို ဗဟိုပြုတဲ့ ဒီမြို့အတွက် ဒီလိုမျိုးအသေးစိတ် စစ်ဆေးတာက အကောင်းထက် အဆိုးဘက်ကိုပဲ ပိုပြီး ဦးတည်နေမယ်ဆိုတာ သိသာတယ်... "
ကျိုးကျီက ...
"အပြောင်းအရွေ့က စနေပြီလား... "
ဟဲထျန်း က ...
"ဒါပေါ့... အချိန်ဆိုတာ ငွေ ပဲ... ချန်းချင် ဆိုတဲ့ကောင် ရဲကိုဝန်ခံခဲ့တဲ့ အချက်အလက်တွေ ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးဘူး... ဒါ့ကြောင့် အမြန်လုပ်တာ အကောင်းဆုံးပဲ... ရှုချန်းဆိုတဲ့ရဲက အရည်အချင်း နည်းနည်းရှိတယ်လို့ ကျုပ် ထင်တယ်... ဒါကြောင့် ကျုပ်ရဲ့ အိပ်မပျော်တဲ့ညတွေ ပြီးဆုံးဖို့ ကိုယ်ပိုင်ကားတွေနဲ့ ငွေသယ်ပို့နေပြီ... "
ကျိုးကျီ က ...
"ဒီ မနက်ကတည်းက ရှန်ချန်းမြို့ အပြင်ဖက် တလျှောက်မှာ ရဲတွေ စစ်ဆေးရေးဂိတ်တွေ ချထားတယ်လို့ ကြားတယ်..."
...
ရှန်ချန်း၏ အဓိကထွက်ပေါက်တွင် ရပ်ထားသော ကင်းလှည့်ကားပေါ်တွင် ရှုချန်းတစ်ယောက် စီးကရက်တစ်လိပ် ထိုင်သောက်နေ၏။ ရှန်ချန်းမှ ထွက်ခွာလာသောကားများရှိရာသို့ မျက်နှာမူထားသည့်အတွက် သူ့ဆီ မောင်းနှင်လာသော ကားအားလုံး၏ အတွင်းခန်း အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။
လီချောင် က ဘာဂါကို ဝါးရင်းနှင့် မျက်မှောင်ကြုတ်ကာ မေးသည်။
"ခေါင်းဆောင်... ကျုပ်တို့ ဒီကားတွေအားလုံးကို လိုက်ရှာမှာလား... တစ်စီးပြီးတစ်စီး တားပြီးရှာနေရင်တော့ ယာဉ်ကြောပိတ်ဆို့မှုက ပြင်းထန်လာလိမ့်မယ်... ကျုပ်တို့ကို မကျေမနပ်ဖြစ်ပြီး အထက်ကိုတိုင်လိမ့်မယ်.. "
ရှုချန်းက လက်တေးတစ်ခွက်ကို ကောက်ယူကာ ပြုံးလိုက်၏။
"ရာဇဝတ်ကောင်တွေက ငွေတွေ အခုချက်ချင်း လွှဲပြောင်းဖို့ ဒီအချက်ကို အခွင့်ကောင်းယူချင်နေတာ ဖြစ်နိုင်တယ်.. ဒါပေမဲ့ ကားတိုင်းကို လိုက်ရှာစရာမလိုပါဘူး... ပြီးတော့ ငါ့စကားကိုသေချာနားထောင်... မင်းကို ငါပြောသမျှ ကားတိုင်းကိုတော့ ရပ်ခိုင်းလိုက်... "
လီချောင် ခေါင်းညိတ်လိုက်၏။
မှောင်ခိုဘဏ်မှငွေများကို မြို့ပြင်သို့သယ်ပို့ရန် ဤနည်းလမ်းကို အသုံးပြုမည်လော။ ရှုချန်း မသိသေးသော်လည်း ယခုအချိန်၌ ငွေလွှဲပြောင်းရာတွင် အမြန်ဆန်ဆုံးနှင့် အလုံခြုံဆုံးနည်းလမ်းမှာ ဒီနည်းလမ်းတစ်ခုသာဖြစ်၏။ ရဲတပ်ဖွဲ့အနေနှင့် လုပ်ငန်းသုံးထရပ်ကားများနှင့် ဘတ်စ်ကားများကို ရှာဖွေခွင့်ရှိသော်လည်း ကိုယ်ပိုင်ကားများကိုမူ လိုင်စင်စစ်ဆေးခြင်း (သို့မဟုတ်) ယာဉ်မောင်း၏ အရက်သေစာ သောက်စားထားမှု ရှိမရှိကိုသာ စစ်ဆေးခွင့်ရှိ၏။ အထူးအခြေအနေများတွင် ကိုယ်ပိုင်ကားများကို ရှာဖွေရန် ခွင့်ပြုထားသော်လည်း သာမန်အခြေအနေတွင် ရှာဖွေပါက ရှန်ချန်းမြို့ရှိ လူများမှ တိုင်ကြားပေလိမ့်မည်။ ရှန်ချန်းကဲ့သို့သော မြို့ကြီးတွင် မြို့တော်နေလူတန်းစား အင်အားများပြားလှသည့်အတွက် ညွှန်ကြားရေးမှူးလည်း ရှုချန်း၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဝန်လေးနေပေသည်။
သို့သော် ရှုချန်း မမိုက်မဲ၊ မတုံးအချေ။ သူသည် ဟက်ကာတစ်ဦး ဖြစ်ပေသည်။ အားလုံး၏ သာမန် ဆိုသည့် အရာ အပေါ် ကျော်လွန်၍ ဟက်ထားသည်ဟု ပြောနိုင်၏။ သူ၏ ထွင်းဖောက် မြင်နိုင်စွမ်းရှိသော အမြင်က အဝေးမှ ကားတစ်စီးအား မြင်နိုင်ပေသည်။ အကယ်၍ ကားတစ်စီးသည် ငွေသားများ ဖုံးအုပ် သယ်ဆောင်လာပါက ကားကို ရပ်ခိုင်းကာ ထိုသူများကို ဆင်းခိုင်းပေမည်။ ထို့အတွက် ယာဉ်ကြော ပိတ်ဆို့မှုလည်း သိပ်၍ ထိခိုက်မည် မဟုတ်ချေ။
နာရီဝက်ခန့် စောင့်ပြီးသည့်တိုင် ငွေများဝှက်ကာ သယ်ဆောင်လာသောကားကို ရှာမတွေ့သေးချေ။ သူ မှားနေပြီလောဟု သံသယဝင်လာချိန်မှာပင် BMW X6 တစ်စီး ဖြည်းညင်းစွာ မောင်းနှင်လာသည်ကို တွေ့ရ၏။ ထိုကားအတွင်းမှ ပိုက်ဆံများသယ်လာသည်ကို ရှုချန်း မြင်လိုက်ရသော်လည်း လီချောင် နှင့်အခြားသူများက သံသယ နည်းနည်းမျှ မဝင်သည့်အတွက် ပိုမိုသေချာစေရန် လီချောင် အား ရည်ရွယ်ချက်ရှိရှိ မေးလိုက်၏။
"BMW X6 က တခြားလမ်းကြောကို ပြောင်းသွားတာ မြင်လိုက်လား... အစက အဲဒီကားက လမ်းကြော တစ်ထဲမှာပါ... ဒါပေမဲ့ ငါတို့သံသယဝင်မှာစိုးလို့ ငါတို့နဲ့ဝေးတဲ့ လမ်းကြောသုံးကို ပြောင်းသွားတယ်... "
လီချောင် တို့မှာ လမ်းကြောတစ်တွင် ရပ်နေသည့်အတွက် ၎င်းကို သတိမထားမိလိုက်ပေ။ လမ်းကြောသုံးအား မြင်ရရန် လမ်းကြောတစ်နှင့် နှစ်မှကားများက ပိတ်ဆို့ ကာဆီးထား၏။
"ဒီကောင့်ကိုကြည့်ရတာ ကားပိုင်ရှင်နဲ့လည်း မတူဘူး.. သူ့ပုံက ယာဉ်မောင်းအတိုင်းပဲ... တစ်ခုခုတော့ မသင်္ကာစရာပဲ... BMW X6 ကို ရပ်ခိုင်းလိုက်... "
ရှုချန်း အော်ပြောလိုက်၏။
လီချောင် က ခေါင်းညိတ်ပြလိုက်ကာ လမ်းကြောသုံးရှိ ဝူကန်း ကို ...
"BMW X6 ကို ရပ်ခိုင်းလိုက်..." ဟု လှမ်းပြောလိုက်သည်။
ဝူကန်း လည်း သူ့လူများနှင့်အတူ လမ်းကြောထဲသို့ ချက်ချင်းလျှောက်သွားလိုက်၏။ ထို့နောက် ကားကိုရပ်ရန် လက်ဟန်ပြလိုက်ပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ရဲများအားလုံး တန်းစီ ရပ်လိုက်ကြသည်။
"ကားပေါ်က ဆင်းစမ်း... "
BMW မောင်းသူ စိတ်ရှုပ်သွား၏။ ထို့နောက် ပြတင်းပေါက်မှန်ကိုချကာ ဝူကန်း ကို စူးစိုက်ကြည့်ပြီး မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ အရာရှိ... "
ဝူကန်း က ရဲတံဆိပ်ကို ထုတ်ပြလိုက်ကာ...
"တဆိတ်လောက်... ကျုပ်တို့ ခင်ဗျားကားကိုရှာရမယ်... ကျေးဇူးပြုပြီး ကားနောက်ဖုံးတံခါး ဖွင့်ပေးပါ... "
ယာဉ်မောင်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ ရဲတပ်ဖွဲ့ဝင်များ ရှာဖွေရန် ကားပေါ်မှ ဆင်းလိုက်၏။ ကားမောင်းသူ၏ ပြုမူပုံကို အဝေးမှ လှမ်းမြင်နေရသော ရှုချန်း သက်ပြင်းချလိုက်သည်။
"သူ့သူဌေးက ကားထဲမှာ ငွေအမြောက်အမြား ဝှက်ထားတယ်ဆိုတာ ဒီကောင် မသိပုံပဲ... "
ဤလူများသည် တစ်စုံတစ်ခု မှားယွင်းပါက ယာဉ်မောင်းအား ဓားစာခံအဖြစ် ထိုးချရန် ကြံရွယ်ထားပုံရ၏။ ထိုသူများသည် အတော်လေး လိမ္မာပါးနပ်ကြပေသည်။
အခန်း ၁၄၈ ပြီး