နတ်နဂါးစစ်သည်
အခန်း ၁၄၇
( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
ညွှန်ကြားရေးမှူးရုံးခန်းသို့ ရောက်သောအခါ ရှုချန်း တံခါးခေါက်ဝင်ကာ အလေးပြုလိုက်၏။ ရှုချန်းမှန်းသိ၍ ဒါရိုက်တာက ပြုံးပြကာ ...
"ထိုင်လေ..."
ရှုချန်း ထိုင်ချလိုက်၏။ ညွှန်ကြားရေးမှူးက သူ့အား လက်ဘက်ရည်တစ်ခွက် လှမ်းပေးလိုက်သည်။
"အမှုက ဘယ်လိုလဲ..."
"အဲဒါကို လုပ်နေတုန်းပါပဲ... အနောက်ပိုင်းတံခါးဝဂိုဏ်းက မှောင်ခိုဘဏ်နဲ့ အနီးကပ်ဆက်ဆံရေးရှိပုံရတာကြောင့် မှောင်ခိုဘဏ်ရဲ့ အခြေစိုက်စခန်း တစ်ခုက ရှန်ချန်းမှာ ရှိနိုင်ချေများတယ်... ကျုပ် သူတို့ကို အစဖော်ချင်တယ် ညွှန်ကြားရေးမှူး... ဝေ့နိုင်ငံ ကို ဦးတည်သွားတဲ့ သင်္ဘောတွေကို နောက်ပိုင်းမှာ စောင့်ကြည့်ပေးဖို့ အကောက်အခွန်ဌာနကို ပြောပေးနိုင်မလား... အဲဒီသင်္ဘောတွေကနေ ငွေအမြောက်အမြား လွှဲပေးလို့ရတယ်..."
ညွှန်ကြားရေးမှူး ခေါင်းခါကာ ...
"ဒါ တကယ်တော့ မလိုအပ်ဘူး... တစ်ခုခုကို စောင့်ကြည့်ရမယ်ဆိုရင်လည်း အဲဒါက နိုင်ငံတွင်း ကုန်းလမ်း ပို့ဆောင်ရေးပဲ ဖြစ်သင့်တယ်... ဘာဖြစ်လို့လဲဆိုရင် အမေရိကန်ဒေါ်လာနဲ့ မတူလို့ပဲ... ဟွာရှငွေကြေး အတော်တော်များများက အမေရိကန်ဒေါ်လာလို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုတဲ့အတွက် နိုင်ငံတကာ ဈေးကွက်မှာ အခြေခံအားဖြင့် အသုံးမဝင်ဘူး... "
" ဒါ့ကြောင့် ပင်လယ်ရေကြောင်းလမ်းကနေ ငွေသားသယ်ဖို့ဆိုတာ လက်တွေ့မကျဘူး... ပြီးတော့ သူတို့က ဒီအကြပ်အတည်းတွေပြီးတဲ့အထိ စောင့်ဖို့ ငွေတွေကို တခြားမြို့ကို ပို့ထားလိမ့်မယ်လို့ထင်တယ်... ဒါနဲ့ စကားမစပ် အထက်လူကြီးတွေက အနောက်ပိုင်း တံခါးဝဂိုဏ်းကိစ္စမှာ မင်းရဲ့လုပ်ဆောင်မှုကို အရမ်းသဘောကျနေကြတယ်... အသေအပျောက် ဒဏ်ရာ လုံးဝမရှိဘဲ အောင်မြင်ခဲ့တဲ့အတွက် အရမ်းကောင်းတယ်... မင်းရဲ့နောက်လာမဲ့ အစီအစဉ်တွေအကြောင်းလည်း ငါကြားချင်တယ်... "
"ညွှန်ကြားရေးမှူးက ကျုပ်ကို သတိပေးလိုက်တာပဲ... အခုလွှတ်ပေးလိုက်တဲ့ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီသူဌေးကို မှောင်ခိုဘဏ်ကိစ္စမှာ သုံးနိုင်မယ်လို့ထင်တယ်... "
"အိုး..."
ညွှန်ကြားရေးမှူး ပြုံးလိုက်၏။
"မင်း ဘာကိုပြောချင်တာလဲ..."
"အရင်ဆုံးပြောရရင် အဲဒီလူရဲ့နောက်ကွယ်မှာ အာရှတောင်ိပုင်း မူးယစ်ဆေးဂိုဏ်းရှိနေတယ်... ဒီတစ်ခေါက် သူတို့ပိုက်ဆံတွေ အများကြီးဆုံးရှုံးသွားတယ်... ဒီကိစ္စကြောင့် သူတို့ဂိုဏ်းပြိုကွဲသွားမယ်လို့ လူအများစုက ထင်ကောင်းထင်ကြပေမဲ့ ဒီကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ သူဌေးက မှောင်ခိုဘဏ်ထဲက ငွေတွေကို သူ့ကွန်ရက် အသုံးချပြီး သယ်ယူမယ်လို့ထင်တယ်... "
" အခုအချိန်မှာ ချန်းချင် ရဲ့ ဝန်ခံချက်အရ မှောင်ခိုဘဏ်ရဲ့ တည်နေရာနဲ့ ပတ်သက်ပြီး အသေးစိတ် တိတိကျကျ အချက်အလက်တွေ မရသေးသလို သူကိုယ်တိုင်လည်း အဲဒီနေရာကို မရောက်ဖူးသေးဘူး... ဒါပေမဲ့ ဒီနေရာမှာထပ်ပြီး ငွေကြေးခဝါချဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဘေးကင်းလုံခြုံဖို့ ငွေတွေကို မှောင်ခိုဘဏ်က တခြားမြို့တွေကို လွှဲပြောင်းပေးလိမ့်မယ်... ပြီးတော့ ရဲတွေ သတိမထားမိအောင် သူတို့အဓိကသုံးမဲ့ သယ်ယူပို့ဆောင်ရေးပစ္စည်းက ကိုယ်ပိုင်ကားတွေလို့ ထင်တယ်... "
"ဒါက ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ သူဌေးကို ထပ်မစစ်ဆေးဘဲ လွှတ်လိုက်ဖို့ ဆုံးဖြတ်ခြင်းရဲ့ အဓိက အကြောင်းပြချက်လား..."
ညွှန်ကြားရေးမှူး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ရှန်ချန်းက တခြားမြို့တွေလို မဟုတ်ဘူး... မြို့ထဲမှာသွားလာနေတဲ့ ကိုယ်ပိုင်ကားတွေ အများကြီးပဲ... အများစုကတော့ လူလတ်တန်းစားနဲ့ အထက်တန်းလွှာတွေရဲ့ ကိုယ်ပိုင်ကားတွေပေါ့... ဒါတွေကိုရှာချင်ရင် နည်းနည်းတော့ လက်ဝင်လိမ့်မယ်... မြို့တော်ရဲဌာနက မင်းရဲ့စစ်ဆင်ရေးကို အပြည့်အဝထောက်ခံပေမဲ့ ကိုယ်ပိုင်ကားတွေကို ရှာဖွေလို့ ဖြစ်လာမယ့် ပြဿနာတွေ တိုင်ကြားမှုတွေ အများကြီး ရှိလာမှာကိုတော့ ငါ ကြောက်မိတယ်..."
ရှုချန်း ခါးသက်သက် ရယ်မောလိုက်၏။
"ညွှန်ကြားရေးမှူး... ကျုပ်သိပါတယ်... အဲဒါကြောင့် ခင်ဗျားအကြံကို အရင်လိုချင်တာပေါ့... ဒါပေမဲ့ ဒီတစ်ခါ ရှာဖွေရေးကို ကျုပ်ဦးဆောင်မှာဆိုတော့ ဒီလိုဒုက္ခတွေတော့ အများကြီး လျော့ပါးသွားလိမ့်မယ်... ကျုပ်ကိုယ်တိုင် စစ်ဆေးမယ်လို့ ကတိပေးတယ်... ဒါပေမဲ့ ဦးတည်ချက်မရှိ ပျံသန်းနေတဲ့ ယင်ကောင်တစ်ကောင်လိုမျိုးတော့ ကျုပ် စစ်ဆေးမှာမဟုတ်ဘူး... ပြီးတော့ ကျုပ်ထပ်ပြီး အထက်အရာရှိတွေကို ကတိပေးနိုင်သေးတယ်... ဒီငွေမည်းတွေ အားလုံးကို ကိုယ်ပိုင်ကားတွေသုံးပြီး သယ်ပို့မယ်လို့ သူတို့ တကယ်ဆုံးဖြတ်ခဲ့ရင် ကျုပ် ရအောင် ဖမ်းပြမယ်...
ညွန်ကြားရေးမှူးက ...
"ကောင်းပြီ... မင်း တကယ် ယုံကြည်မှုရှိနေတာပဲ... ဒီတစ်ခေါက် မင်းရဲ့မြင့်မားတဲ့ စွမ်းဆောင်ရည်ကြောင့်လည်း ငါ အများကြီး ယုံကြည်ပါတယ်... မင်းမှာ အစီအစဉ် ရှိပြီးသားဆိုတော့ ရလဒ်တွေကိုပဲ ငါ စောင့်နေတော့မယ်... မင်း ဒီအလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ထားတာသေချာပါစေ... "
ထိုအခါ ရှုချန်းက ပြုံးလိုက်ပြီး ...
"ဒါဆို ဘယ်လိုလဲ... ဒီမှာ အလုပ်လုပ်ရတာကြိုက်ရဲ့လား... မင်း စစ်တပ်ကိုပြန်ချင်သေးတယ်လို့ ကြီးကြပ်ရေးမှူးကို ပြောထားတာ ငါ ကြားလိုက်တယ်... ဘယ်လိုဖြစ်လို့လဲ... ဒီနေရာမှာရတဲ့ အောင်မြင်မှုတွေက စစ်တပ်မှာ အောင်မြင်တာလောက် အဆင့်မမြင့်လို့လား..."
ရှုချန်း အောင့်သက်သက် ပြုံးလိုက်၏။
"အဲလိုမျိုး ကျုပ် မဆိုလိုပါဘူး... ဒါပေမဲ့ ကျုပ်က အစကတည်းက စစ်သားတစ်ယောက်မို့လို့ စစ်သား ဖြစ်ဖို့အတွက်ပဲ အာရုံစိုက်ချင်တယ်..."
ညွှန်ကြားရေးမှူးက မျက်လုံးလှန်ကြည့်လာကာ...
"ဒါပေမဲ့ မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးက စစ်တပ်က ငပိန်းတစ်ကောင်မှာ ရှိသင့်တဲ့အရာမျိုး မဟုတ်ဘူး..."
ရှုချန်းအား စိတ်ရှည်လက်ရှည်နှင့်ဖျားယောင်းရန် ကြိုးစားနေခဲ့သည်။
"ရှုချန်း... မင်းမှာ အရည်အချင်းရှိလို့ ဒီမှာဆက်နေမယ်ဆိုရင် မကြာခင်မှာ မင်းရဲ့အနာဂတ်က တောက်ပလာလိမ့်မယ်... ရှန်ချန်းကို မင်းစောင့်ရှောက်ပေးနေတာနဲ့အမျှ ရာဇဝတ်မှုနှုန်း သိသိသာသာ ကျဆင်းသွားလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်..."
ရှုချန်း သက်ပြင်းချလိုက်၏။
"ညွှန်ကြားရေးမှူး... ခင်ဗျား ပြောတာကို ကျုပ် နားလည်ပါတယ်... ဒီနေရာက လူနေမှုဘဝ ဘေးကင်းတိုးတက်စေဖို့ ရှန်ချန်းရဲ့ နောက်ကွယ်မှာ နေထိုင်တာက လူအများကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုပါ... ဒီနေရာမှာ ကျုပ် ဆက်နေမယ်ဆိုရင် ကျော်ကြားမှုတွေ အာဏာတွေ ရလာလိမ့်မယ်... ဒါတွေအားလုံးက အမျိုးသားအများစု လိုချင်တဲ့ အိပ်မက်တစ်ခုပေါ့..."
" ဒါပေမဲ့ ကျုပ်အနေနဲ့တော့ ဓားတစ်စင်းလို ထက်မြတဲ့ စစ်သားတစ်ယောက် ဖြစ်ဖို့အတွက်ပဲ အာရုံစိုက်ချင်သေးတယ်... တစ်နိုင်ငံတည်းက လူမျိုးတွေအပေါ် မရည်ရွယ်ဘဲ နိုင်ငံတကာ စင်မြင့်ထက်မှာ တိုင်းပြည်ရဲ့ ဂုဏ်ဆောင် တစ်ယောက်အနေနဲ့ တိုက်ခိုက်ချင်ပါသေးတယ်... "
ညွှန်ကြားရေးမှူး၏ မျက်လုံးအိမ် အနည်းငယ် ပြူးကျယ်သွားသော်လည်း ခေါင်းညိတ်ပြရင်း ရှုချန်းအား လေးစားစွာ မကြည့်ဘဲ မနေနိုင်တော့ချေ။
"အခု သိပြီ... ဒီနေရာကစင်မြင့်က သေးလွန်းတယ်လို့ ထင်နေတာလား... "
ညွှန်ကြားရေးမှူး ခေတ္တမျှ စဉ်းစားပြီးမှ အောင့်သက်သက်နှင့် ရယ်မောလိုက်၏။
"ဒါလည်း မှန်တာပဲလေ... ဒီမှာဆက်ထားရင်လည်း မင်းကို မုန်းစရာကောင်းလောက်အောင် ထပ်တလဲလဲ ချီးကျူးရတာတွေ ဖြစ်လာမှာပဲ... ဒါပေမဲ့ မင်းသိသင့်တယ်... မင်းသာ ထိပ်တန်းစစ်သား တစ်ယောက် ဖြစ်သွားလို့ရှိရင် ဒီနေရာမှာ နေတာထက်ပိုပြီး ငွေကြေးတွေအာဏာတွေ ရလာမှာ မဟုတ်ဘူး... နိုင်ငံတကာ စင်မြင့်အပေါ်မှာ တိုင်းပြည်ဂုဏ်ဆောင် တစ်ယောက်အနေနဲ့ တိုက်ခိုက်ဖို့က ပုံမှန်ဆိုရင် ခက်ခဲပေမဲ့လည်း မင်းအတွက်ပြန်ပြီး အကျိုးဖြစ်ထွန်းမှာ ဘာမှ မရှိဘူး... မဆုံးဖြတ်ခင်မှာ သေသေချာချာ စဉ်းစားသင့်တယ်... "
ရှုချန်းက ...
"ကျုပ် စဉ်းစားပြီးပါပြီ... ကျုပ်ကိုယ်ကျုပ် အလွန်အကြူးတွေ မျှော်မှန်းနေလို့ ခင်ဗျား လှောင်မှာကိုလည်း မမှုပါဘူး... ဒါပေမဲ့ နဂါးတပ်ဖွဲ့ကို ဝင်ရောက်ချင်တဲ့ဆန္ဒကို ကျုပ် လက်မလျှော့သေးဘူး... ဒီနှစ်တော့ စစ်တပ်ကို ပြန်သွားမယ်..."
ထိုစကားကြောင့် ညွှန်ကြားရေးမှူး သက်ပြင်းမောချလိုက်၏။
"မင်းရဲ့ဆရာကိုပဲ အော်ဆဲလိုက်ချင်တော့တယ်... မင်း နိုင်ငံရေးထဲမဝင်အောင် သူ ဦးနှောက်ဆေးပေးခဲ့တာလား..."
"မဟုတ်ဘူး... ဒါပေမဲ့ သူက ကျုပ်အကြောင်း ကောင်းကောင်းသိတယ်... "
ရှုချန်း ပြုံးကာ ပြောလိုက်၏။
ညွှန်ကြားရေးမှူးက ...
"အေးကွာ... မင်းသွားချင်ရင်လည်း ကောင်းပါတယ်... ဒါပေမဲ့ မင်းမသွားခင် တံခါးဝဂိုဏ်းလေးခုကို ရှင်းသွားပေးလို့ရမလား... "
ရှုချန်း ရယ်မောလိုက်၏။
"အဲဒီ ဂိုဏ်းလေးခုလုံးကို ကျုပ်အနိုင်ယူမယ်လို့ တကယ်ကြီး ယုံကြည်နေတာလား..."
"အရင်ကတော့ မဟုတ်ပေမဲ့ အခုတော့ယုံကြည်မိတယ်... "
ညွှန်ကြားရေးမှူးက ရှုချန်းပခုံးကို ပွတ်သပ်ရင်း ရယ်မောကာ ပြော၏။
"ဒီကိစ္စက အတော်ကြီးတယ်... မင်းကလွဲပြီး ဘယ်သူ့မှ ထမ်းဆောင်နိုင်မယ့်တာဝန် မဟုတ်ဘူး... မင်းရဲ့နောက်မှာ စစ်တပ်နဲ့ တိုင်းပြည်ရှိတယ်... မင်း တလွဲတချော်တွေ လုပ်ရင်တောင် မင်းကိုထောက်ခံမဲ့လူတွေ ဘယ်လောက်ရှိလဲဆိုတာ မင်း မသိနိုင်ဘူး... ဒီကိစ္စမှာ မင်းအပေါ် အရမ်းကြီး မှီခိုနေတဲ့အတွက်တော့ ငါ့ကို အပြစ်မတင်ပါနဲ့... "
ရှုချန်း အလေးပြုလိုက်၏။
"ညွှန်ကြားရေးမှူး... ကျုပ် ကင်းလှည့်အရာရှိ ဘဝကတည်းက ယုံကြည်ပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်... ဒါ့ကြောင့် စစ်တပ်ထဲ မပြန်ခင်အထိတော့ ဒီကိစ္စကို တတ်နိုင်သမျှ အောက်ခြေအထိ ရှင်းလင်းပေးသွားပါ့မယ်...
"ကောင်းပြီလေ... ငါတို့ကြားမှာ အထက်လူကြီးနဲ့ လက်အောက်ငယ်သားဆိုတဲ့ ဆက်ဆံရေး မရှိတော့တဲ့အချိန် ဒီကိစ္စကြီး ပြီးသွားတဲ့အခါ အတူသောက်ကြတာပေါ့... ငါလည်း စစ်တပ်ဘက်ကပဲ လာတာလေ... "
ရှုချန်း ပြုံးပြလိုက်ကာ ...
"ကောင်းပါပြီ... ဒါဆို ကျုပ် အခု အလုပ်သွားလုပ်တော့မယ်...."
"အေးပါ... သွား... သွား... "
ညွှန်ကြားရေးမှူး ခေါင်းညိတ်လိုက်၏။ ထို့နောက် ရှုချန်းလည်း ရုံးခန်းထဲမှ ထွက်ခွာသွားတော့သည်။ ရှုချန်း ထွက်သွားသည်နှင့် အတွင်းရေးမှူး ဝင်လာကာ တံခါးပိတ်လိုက်ပြီး ညွှန်ကြားရေးမှူးအား စိုးရိမ်တကြီး မေးတော့၏။
"ဆရာ... သူ အနောက်တံခါးဝဂိုဏ်းကို ရှင်းနိုင်မယ်လို့ထင်လား... "
"ငါ မသိဘူး... "
ညွှန်ကြားရေးမှူး ခေါင်းခါလိုက်၏။
အတွင်းရေးမှူး ခေတ္တ တုံ့ဆိုင်းသွား၏။ ထို့နောက် ညွှန်ကြားရေးမှူးက ဆက်ပြော၏။
"ဒါပေမဲ့ အထက်လူကြီးတစ်ယောက်က သူ့အကြောင်း ပြောဖူးတာ ငါသိတယ်... သူ တံခါးဝဂိုဏ်းနှစ်ခုလုံးကို လှည့်စားသွားလိုက်ပုံအရဆိုရင်တော့ တံခါးဝဂိုဏ်းလေးခုလုံးကို တစ်စစီ ဖျက်ဆီးနိုင်မယ်လို့ ငါထင်တယ်..."
အခန်း ၁၄၇ ပြီး