နတ်နဂါးစစ်သည်
အခန်း ၁၄၅
( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
ရှန်ယောင်က ရှုချန်းကို အလုပ်သို့ ကားမောင်းပို့ရန် စီစဉ်လိုက်၏။ သူမ၏ ပြိုင်ကားကို ကိုယ်တိုင်မောင်းနှင်ကာ ရှုချန်းက ခရီးသည်ခုံမှ လိုက်ပါလာသည်။ ထိုစဉ် ရှုချန်း၏ ဖုန်း မြည်လာ၏။ ရှုချန်း ကြည့်လိုက်ရာ လင်ချူရွယ်ထံမှ ဖြစ်နေ၏။ လင်ချူရွယ်၏ ဖုန်းနံပါတ်အား 'မိန်းမ' ဟု မှတ်ထားသည်။
လင်ချူရွယ် ဖုန်းခေါ်ခဲ့သည့်အတွက် ရှုချန်း ကောက်ကိုင်လိုက်၏။
"ဟယ်လို ရှုချန်း... ငါ နင့်ကွန်ဒို ရောက်နေတယ်... ဒါပေမဲ့ ဒီမှာ ဘယ်သူမှလည်း ရှိတဲ့ပုံမပေါ်ဘူး... ရဲတွေက အပေါ်ဆုံးအထပ်ကိုတောင် ပိတ်ထားတယ်... ဘာတွေဖြစ်နေတာလဲ..."
ဖုန်းထဲမှ လင်ချူရွယ် အသံ ထွက်ပေါ်လာသည်။
"မနေ့ညက ကိစ္စတစ်ခုဖြစ်ခဲ့လို့... ငါ အဲဒီမှာ နောက်ထပ် ခဏလောက် နေလို့မရသေးဘူး..."
တစ်ဖက်တွင် ဖုန်းကိုင်ထားသော လင်ချူရွယ်မှာ " ရှုချန်း အဆင်ပြေရဲ့လား" ဟု အမှန်တကယ် မေးလိုသောကြောင့် သူမ၏ နှုတ်ခမ်းများကို ဖွင့်ရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုစကားလုံးများမှာ ပါးစပ်ထဲသို့သာ ရောက်လာပြီး နှုတ်မှ ထုတ်ဖော်ပြောနိုင်ခြင်း မရှိခဲ့ချေ။
၄င်းအစား ...
"ဒါဆို နင် နေစရာ နေရာရော ရှိလား..." ဟုသာ မေးလိုက်၏။
ယာဉ်မောင်းထိုင်ခုံတွင် ရှိနေသော ရှန်ယောင်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ရှုချန်းက ...
"ငါ ရှန်ယောင့်အိမ်မှာ နေ နေတယ်... အဲဒီမှာ အတော်လေး လုံခြုံတယ်... ဒီကိစ္စပြီးရင်တော့ ပြန်ပြောင်းမှာပါ..."
လင်ချူရွယ် ခေတ္တ တုံ့ဆိုင်းသွား၏။ ထို့နောက် နှုတ်ခမ်းကိုကိုက်ကာ ...
"သူရော အဆင်ပြေပါ့မလား... နင်က အရွယ်ရောက်ပြီးသား လူတစ်ယောက်လေ..."
ရှုချန်းက ...
"ယန်ကျင်းလည်း ရှိတယ်ဆိုတော့ အဆင်ပြေပါတယ်... ရှန်ယောင်ရဲ့ မိသားစုကလည်း ခင်ဖို့ကောင်းတယ်..."
"အို..."
လင်ချူရွယ် ဘာပြန်ပြောရမှန်းမသိ။
"ကောင်းပြီ... ဒါဆိုလည်း ငါ ဖုန်းချလိုက်တော့မယ်..."
ဖုန်းချပြီးနောက် ရှုချန်း၏ ကွန်ဒိုကို ကြည့်ကာ လင်ချူရွယ်တစ်ယောက် အထီးကျန်သကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ မိဘများ ပြန်သွားပြီဖြစ်၍ ရှားရှားပါးပါးရသော အားလပ်ရက်ကလေးတွင် ရှုချန်းဆီသို့ သူမ လာရောက် လည်ပတ်ချင်ခဲ့သည်။ သို့သော် ထို အနှီအမျိုးသားမှာ ရှန်ယောင်၏အိမ်သို့ အမှန်တကယ် ပြောင်းရွှေ့သွားမည်ဟု မည်သူ ကြိုတင် သိရှိနိုင်ပါမည်နည်း။
ရှန်ယောင် ခေါင်းငဲ့ကြည့်လိုက်ကာ ...
"ဘယ်သူလဲ... မိန်းကလေးအသံကြားလိုက်တယ် ထင်တယ်... နင့်ရည်းစားလား..." ဟု ရယ်ရင်းမောရင်း မေးလိုက်၏။
ရှုချန်းက ရိုးသားပေသည်။
"ချူရွယ် ဆက်တာလေ..."
ရှန်ယောင် တစ်စက္ကန့်မျှ ကြောင်အသွား၏။ သို့သော် ရှုချန်းနှင့် ချူရွယ်မှာ ငယ်ရွယ်စဉ်ကတည်းက သိကျွမ်းခဲ့သည်ကို ရှန်ယောင် သတိရမိသည့်အတွက် သက်ပြင်းတစ်ချက်သာချ၍ ချက်ချင်းမေးလိုက်၏။
"ဒီလို ဖုန်းဆက်ပုံကိုထောက်ရင် နင်နဲ့ ချူရွယ်မှာ တော်တော်လေးကောင်းတဲ့ ဆက်ဆံရေးရှိတယ် မဟုတ်ဘူးလား..."
ရှုချန်း ခေတ္တမျှ ရပ်လိုက်ကာ ရှန်ယောင်ကို ကြည့်၍ ခါးသက်သက် ပြုံးလိုက်သည်။
"ငါတို့ ငယ်ငယ်တုန်းကတော့ ရှိခဲ့တာပေါ့..."
"ဪ... ဒါဆိုရင် အခုတော့ အခြေအနေ သိပ်မကောင်းဘူးပေါ့..."
ရှုချန်း မည်သို့ဖြေရမှန်းမသိ၍ ခေါင်းခါယမ်းပြလိုက်သည်။
ဖွင့်မပြောဘဲ တိတ်တခိုး ငယ်ရည်းစားများအဖြစ် ကြီးပြင်းလာခဲ့သော်လည်း ရှုချန်း၏ နောက်ခံကြောင့် လင်ချူရွယ်အတွက် ပေးစွမ်းနိုင်မည့်အရာ မရှိ၍ ရှုချန်းခမျာ ခံစားချက်များကို မြှုပ်နှံကာ နောက်ဆုတ်ရန်မှ တစ်ပါး ရွေးချယ်စရာမရှိဟု ဆိုရပေမည်။ ထို့အတူ လင်ချူရွယ်မှာလည်း မာနကြီးသော မိန်းကလေးတစ်ဦး ဖြစ်၍ ရှုချန်းအပေါ် ခံစားချက်များ ရှိနေသည့်တိုင် စတင်ဖွင့်ပြောရန် မဖြစ်နိုင်။ ထို့ကြောင့် နှစ်ဦးစလုံး၏ အကောင်းဆုံးသော အချိန်အခါများ လွဲချော်ခဲ့ရလေတော့သည်။
ကွန်ဒိုမှထွက်လာပြီး မျက်နှာမကောင်းဖြစ်နေသော လင်ချူရွယ်ကို ကားထဲတွင်စောင့်နေသော လင်လဲ့က ...
"အစ်မ ဘာဖြစ်လာတာလဲ... နင် ခုနက တက်သွားတုန်းက အရမ်းပျော်နေပုံပဲ... ဒါပေမဲ့ အခုကျ သိပ်ပျော်တဲ့ပုံ မပေါ်ဘူး..."
"ရှုချန်း အိမ်မှာမရှိဘူး..." ဟု လင်ချူရွယ် ပြောလိုက်၏။
လင်လဲ့က...
"ဒါဆို သူ့ကို ဖုန်းဆက်လိုက်လေ..."
လင်ချူရွယ် ဘာမှပြန်မပြောတော့။ ခရီးသည်ထိုင်ခုံတွင် အချိန်အတော်ကြာ ထိုင်ကာ စဉ်းစားနေပြီးမှ မောင်ဖြစ်သူဘက် လှည့်လိုက်ကာ ...
"နင် ရှုချန်း နောက် မလိုက်ချင်ဘူးလား... ငါ့နောက်ပဲ အမြဲလိုက်နေရတာ ပျင်းရောပေါ့... တစ်နေ့တစ်နေ့ ငါ့ရဲ့ခရီးတွေ အလုပ်တွေနောက်ပဲ လိုက်နေရတာ... နင့်အတွက် လွတ်လပ်မှုဆိုတာ မရှိသလောက်ပဲ..."
လင်လဲ့က အစ်မဖြစ်သူကို အူကြောင်ကြောင်ဖြင့် ကြည့်လိုက်၏။
"ဟဲ့ အစ်မ... ဟွာရှမှာ ငါ နေချင်သလိုနေမှာစိုးလို့ အမြဲဘိုင်ကျအောင်လုပ်ပြီး အနားမှာခေါ်ထားတာ ဘယ်သူလဲ... အခုကျမှ ရုတ်တရက် စိတ်ကောင်းဝင်လို့ နင့်မောင်လေးအတွက် လွတ်လပ်မှုတွေဘာတွေ လိုအပ်တယ်ဆိုပြီး လာပြောနေတာပဲ..."
လင်ချူရွယ်က မျက်စောင်းထိုးကြည့်လိုက်ကာ ...
"ဒါဆို နင်က ရှုချန်းနောက် လိုက်ချင်လား... ဒါမှမဟုတ် ငါ့နောက် လိုက်ချင်လား..."
လင်လဲ့က ...
"ငါ့ယောက်ဖနောက်ပေါ့... ဒီတစ်ခေါက် ဟွာရှကိုလာလည်တော့ အစကတည်းက သူ့နောက်ကို လိုက်ဖို့ စီစဉ်ထားတာ..."
လင်ချူရွယ် အကြံတစ်ခုရသွားသည့်အတွက် ပြုံးလိုက်၏။
"ဒါဆိုရင် သူ့နောက်ကို လိုက်သွားလေ... သူ့ကို ဖုန်းဆက်ပြီး သူ ဘယ်မှာရှိလဲလို့မေးပေါ့... အဲဒါမှ နင် သူ့ကို သွားရှာလို့ရမှာ..."
လင်ချူရွယ်၏ အကြံအစည်မှာ ရိုးရှင်းပေသည်။ ရှုချန်းအား စုံစမ်းထောက်လှမ်းရန်အတွက် လင်လဲ့အား တစ်ဖက်လှည့်ဖြင့် စေခိုင်းခြင်းဖြစ်သည်။ ရှုချန်းတစ်ယောက် ရှန်ယောင်၏အိမ်တွင် ယန်ကျင်းနှင့်အတူ နေထိုင်ကြောင်း သိလိုက်ရသည့်အတွက် သူမ စိတ်ထဲတွင် သဝန်တိုသကဲ့သို့ အောင့်သီးအောင့်သက် ဖြစ်နေခဲ့ရသည်။
သို့သော် သူမ အနေနှင့်လည်း ရှုချန်းအား ထိုသို့မလုပ်ရန် တောင်းဆိုနိုင်သည့် အနေအထား မဟုတ်သောကြောင့် သူငယ်နှပ်စားကလေး လင်လဲ့မှာ ဤအခြေအနေမျိုးတွင် အသုံးဝင်ကြောင်း စမ်းသပ်ရပေတော့မည်။
"အစ်မ... နင် ငါ့ကို တကယ် သွားခွင့်ပေးလိုက်တာလား..."
လင်လဲ့ ယုံကြည်ရခက်နေ၏။
လင်ချူရွယ်က သူ့ကို စိုက်ကြည့်ကာ ...
"တကယ် သွားချင်ရင်တော့ ကောင်းတာပေါ့... ဒါပေမဲ့ ရှုချန်းစကားကို နားထောင်ပြီး သူ သွားတဲ့နေရာတိုင်းကို လိုက်ရမယ်နော်... ပြီးတော့ အဆင်ပြေတဲ့အချိန်တိုင်း ငါ့ကိုဖုန်းဆက်ပြီး နင် ဘယ်လိုနေတယ်ဆိုတာ ပြောပြသင့်တယ်..."
လင်ချူရွယ်၏ ပြောစကား အစပိုင်းမှာ အတော်လေးသင့်လျော်ကြောင်း လင်လဲ့ ခံစားမိသော်လည်း နားထောင်လေလေ ပိုမိုထူးခြားလာမှုကို ခံစားရလေလေ ဖြစ်လာသည်။
ထို့ကြောင့် အစ်မဖြစ်သူအား ...
"ကျွတ် ကျွတ် အစ်မ... နင်က ငါ့ကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးတာလား... ဒါမှမဟုတ် နင့်ယောက်ျားကို စောင့်ကြည့်ဖို့ ငါ့ကို စီစီတီဗွီတစ်လုံးအနေနဲ့ သုံးချင်နေတာလား... ငါ့ယောက်ဖ သွားလေရာတိုင်းကို ငါပါ လိုက်သွားပြီး နင့်ဆီ သတင်းပြန်ပို့စေချင်တာလား... ငါ့ယောက်ဖ နေတဲ့နေရာကို နင်တကယ်သိချင်နေတယ် ထင်တယ်... ဟုတ်လား..."
သူမ၏ အကြံအစည်ကို လင်လဲ့ မြင်လိုက်ရသဖြင့် ဖုံးကွယ်ရန်လည်း ခက်ခဲနေသည့်အတွက် ဒေါသထွက်ဟန်ဆောင်ကာ မျက်စောင်းထိုးရုံသာ ရှိတော့သည်။
"နင် ဘာတွေလာပြောနေတာလဲ... သွားမှာလား မသွားဘူးလား... မသွားရင်လည်း ငါနဲ့ ကုမ္ပဏီကိုသာ လိုက်ခဲ့တော့..."
"ကောင်းပြီ... ငါ နင့်ကုမ္ပဏီမှာ အလုပ်လုပ်နေသလိုမျိုး နေ့တိုင်းလာရတာ မဟုတ်သေးဘူး... အဲဒါ အရမ်းပျင်းဖို့ကောင်းတယ်... နင် သတိထားပြီး ကားမောင်းပြန်ဦး... ငါ အခုပဲ ယောက်ဖကို သွားရှာတော့မယ်..."
လင်ချူရွယ် ခေါင်းညိတ်လိုက်၏။ သူမ၏ မောင်လေး ထိုနေရာကို သွားခြင်းဖြင့် အနည်းဆုံးတော့ ရှုချန်း ဘာလုပ်နေသည်ကို သိနိုင်ပေသည်။
ချက်ချင်းဆိုသလို စိတ်ကြည်သွားသော လင်ချူရွယ်က လင်လဲ့ကို ...
"ကောင်းပြီ... တခြားသူတွေရှေ့မှာ ရှုချန်းကို ယောက်ဖလို့မခေါ်နဲ့ဦး... ရှန်ယောင်ရော ယန်ကျင်းရော နှစ်ယောက်လုံးက နင့်ကို ငါ့မောင်မှန်း သိတယ်... ဒါ့ကြောင့် သူ့ကို ယောက်ဖလို့ခေါ်လိုက်ရင် ငါနဲ့ရှုချန်း လက်ထပ်ထားတာ ဖော်လိုက်သလို ဖြစ်သွားမယ်..."
"ငါ သိပါတယ်ဟ... အဲဒါ နင့်ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ကုမ္ပဏီရှယ်ယာဈေးကို အဟန့်အတား ဖြစ်စေလိမ့်မယ်... ပြီးတော့ ဗြိတိန်က ပြန်လာတဲ့ကောင်တွေက နင်လက်ထပ်ထားတာကိုသိရင် ယောက်ဖကို အငြှိုးထားမှာ သေချာတယ်... ငါအဲလောက် မ အ ပါဘူး အစ်မရဲ့..."
ရုတ်တရက် လင်လဲ့ လေသံပြောင်းသွားကာ လင်ချူရွယ်အား ...
"အစ်မ... နင် ရှုချန်းကို လက်ထပ်ခဲ့တာ အဖေ ပြောသလိုမျိုးပဲလား... နင့်အပေါ် ရှုချန်း လုပ်ပေးခဲ့တာတွေကို သဘောကျတာရယ်... ပြီးတော့ တခြားကောင်တွေကို လက်မထပ်ချင်တာတွေရယ်ကြောင့် လက်ထပ်ခဲ့တာလား... သူ့အပေါ် နည်းနည်းလေးတောင် ချစ်မိတယ်လို့ မခံစားရဘူးလား..."
"ဒါ ငါ့ကိစ္စပါ... အငယ်ကောင်ရဲ့..."
လင်ချူရွယ် အော်ဟစ်လိုက်၏။
"ငါက အချစ်ရေးကိစ္စတွေမှာ အရမ်းတော်တယ်... နင် သိလား... ငါ့ဆီလာပြီး အကြံတောင်းသင့်တယ်... အဖေသာ ငါ့ကို ဒီလိုချုပ်ကိုင်ပြီး မျက်စိဒေါက်ထောက် ကြည့်မနေရင် အင်္ဂလန်ကို ပြန်ပြီး ဘောလုံးအသင်း ထောင်လို့ရလောက်တဲ့အထိ ကလေးတွေ ငါ့မှာ ရှိနေလောက်ပြီ..."
လင်ချူရွယ် တစ်ယောက် မောင်ဖြစ်သူနှင့် စကားထပ်မပြောတော့ဘဲ စိတ်မရှည်စွာဖြင့် ကားပေါ်မှ တွန်းချလိုက်၏။ ထို့နောက် တံခါးကို ဆောင့်ပိတ်ကာ မောင်းထွက်သွားတော့သည်။
မောင်းထွက်သွားသော အစ်မဖြစ်သူ၏ ကားကို ကြည့်ကာ လင်လဲ့ သက်ပြင်းတစ်ချက်ချပြီးမှ ပြုံးလိုက်၏။
ထို့နောက် အသံတိုးတိုးကလေးဖြင့် ...
"အစ်မ... အစ်မ... နင်သိမှာမဟုတ်ပေမဲ့ ငါ ယောက်ဖနဲ့ အတူတူနေခဲ့ဖူးတယ်... နင်တို့နှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ယောက်အကြောင်း တစ်ယောက် သိကြပေမဲ့ ယောက်ဖက သိမ်ငယ်စိတ်ရှိတယ်... နင်က မာနကြီးတယ်... နင်တို့နှစ်ယောက်ကြားက ဒီစည်းကို မကျော်နိုင်ကြတော့ဘူးလား... ယောက်ဖကို နင်မကြိုက်ဘူးလို့ ပြောရင် ငါ လုံးဝမယုံဘူး... နင်တို့နှစ်ယောက် ဒီလိုဖြစ်နေတာကို ဘေးက ကြည့်ရတာ ပင်ပန်းနေပြီဆိုတော့ ငါ့ရဲ့ မှော်အစွမ်းတွေ ထုတ်သုံးရတော့မှာပဲ... အစက နင် ယောက်ဖနောက်ကို လိုက်သွားတော့ နင်တို့ အချစ်ရေး ပြန်အဆင်ပြေပြီ ထင်ခဲ့တာ... ဒါပေမဲ့ အခုလိုမျိုး တစ်ယောက် တစ်ဘဝစီနေပြီး စကားတောင်မပြောကြမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး... အဖေ ဒီကိုရောက်လာပြီး နင်တို့နှစ်ယောက် ကွာရှင်းမလား... မကွာရှင်းဘူးလားဆိုတာ လာစစ်ဆေးခဲ့တယ်... ဒါပေမဲ့ နင်တို့နှစ်ယောက်လုံး မကွာရှင်းဖို့ ရွေးချယ်ခဲ့တဲ့အတွက် ငါ အရမ်း ဝမ်းသာမိတယ်..."
အခန်း ၁၄၅ ပြီး