နတ်နဂါးစစ်သည်
အခန်း ၁၄၁
( ခင်ဗျား ကျုပ်ကို နောက်တစ်ခေါက် ထပ်ထိုးနိုင်ရင် ခွေးကို သွား -ိုး လိုက်မယ်... )
ထိုအခိုက်တွင် ရှန်ယောင်က အဖေဖြစ်သူကို ဒေါသတကြီးကြည့်ကာ ...
"အဖေ..."
သူ အဆင်ပြေကြောင်း ရှန်ယောင်သိစေရန် ရှုချန်း လက်ဝှေ့ယမ်းပြလိုက်၏။ အိမ်ပြန်ရောက်ခဲသော ရှန်ယောင်အဖို့ အဖေဖြစ်သူနှင့် ထိပ်တိုက်စကားများရမည်ကို သူ မလိုလားချေ။ ထို့ကြောင့် ရယ်ကာမောကာဖြင့် ...
"ဒီက စီနီယာကြီး ... တိုက်ခိုက်တာကတော့ နည်းနည်းများတယ်လေ... ဒါပေမဲ့ ကျုပ်တို့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ တခြားအရာတွေနဲ့ ပြိုင်ရင်ရော ဘယ်လိုလဲ..."
ဝမ်ကျောက် က ရှန်ဝမ်ဆန်း ကို ကြည့်လိုက်ရာ လက်ဘက်ရည်ခွက် မြှောက်ပြီး ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်၏။ ထို့ကြောင့် ဝမ်ကျောက် လည်း ချက်ချင်းဆိုသလို ...
"ဒါဆိုလည်း ကောင်းတာပဲ... စစ်တပ်က ပင်စင်ယူပြီးကတည်းက ငါ့အစွမ်းတွေပြဖို့ အခွင့်အရေးအများကြီး မရခဲ့ဘူး..."
ရှုချန်းက ပြုံးလိုက်ကာ ဝမ်ကျောက် အား ...
"စီနီယာအစ်ကို... ခင်ဗျားရဲ့ ဘယ်ခြေထောက်က ညာခြေထက် နည်းနည်းပိုရှည်တယ်... ဒါက ခင်ဗျား ကန်တဲ့နေရာမှာ ကျွမ်းကျင်တယ်ဆိုတာကို ပြသလို ဘယ်သန်ဆိုတာကိုလည်း ပြတယ်... ခင်ဗျား လက်နှစ်ဖက်လုံးက လက်ဆစ်တွေမှာ အသားမာတွေ ရှိနေတာကြောင့် ခင်ဗျားက လက်သီးနှစ်ဖက်လုံးရော ခြေထောက်နှစ်ဖက်လုံးကိုပါ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတဲ့သူ ဖြစ်ရမယ်... ဒါပေမဲ့ ခင်ဗျား လက်ဆစ်တွေပေါ်က အသားမာတွေက အရင်ကတည်းက ရှိပုံပဲ... ပြောချင်တာက ခင်ဗျား အရင်လို မလေ့ကျင့်တာ အချိန်တစ်ခုအထိ ကြာနေပြီမဟုတ်လား... ဟုတ်တယ်ဟုတ်..."
ဝမ်ကျောက် က ရှုချန်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်... ဘာလို့လဲ..."
ရှုချန်းက ဝမ်ကျောက် ဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ...
"အစ်ကိုကြီး... ခင်ဗျားက စည်းကမ်းအရမ်းကြီးတယ်... ဒါပေမဲ့ ခေတ်မီလူ့အဖွဲ့အစည်းရဲ့ စုံစမ်း သွေးဆောင်မှုတွေကိုတော့ ခင်ဗျား မရှောင်တိမ်းနိုင်ခဲ့ဘူး... ခင်ဗျား နှစ်အတော်ကြာ ဘီယာသောက်လာပုံပဲ... ခင်ဗျားဗိုက် အတော်ရွှဲနေပြီ... ကြည့်ရတာ မစ္စတာ ရှန် ပေးတဲ့ လစာ စာအိတ် ခပ်ထူထူက စစ်တပ်ထဲဝင်ခဲ့တဲ့ ခင်ဗျားရဲ့ မူလ ရည်ရွယ်ချက်တွေကို မေ့သွားအောင် လုပ်လိုက်နိုင်တာပဲ..."
ဝမ်ကျောက် မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ကာ အရှက်ပြေ ချောင်းဟန့်လိုက်၏။
ရှုချန်းက သူ့ကို ဆက်ကြည့်ပြီး ...
"ကဲ... ကျုပ်တော့ ခွဲခြမ်းစိတ်ဖြာပြီးသွားပြီ... အခု စီနီယာ အလှည့်ပဲ... ကျုပ်ကို ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာမိတဲ့ အရာတွေအကြောင်း ပြောပြလို့ရမလား..."
ဝမ်ကျောက် ခေတ္တ ငြိမ်သက်သွား၏။ ရှုချန်းနှင့် သူ၏ ပြိုင်ဆိုင်မှုမှာ တိတ်တဆိတ် စတင်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ယခုအချိန်တွင် သူတို့နှစ်ဦးမှာ မည်သည့် လှုပ်ရှားမှု စွမ်းရည်ကိုမျှ ပြသခြင်း မရှိသေးသော်လည်း စောင့်ကြည့်မှု စွမ်းရည်အရ စတင်ယှဉ်ပြိုင်နေလေပြီ။ ရှုချန်းသည် သူလေ့လာထားသမျှ အသေးစိတ်ကို ချဲ့ထွင်၍ ဝမ်ကျောက် ၏ အားသာချက်၊ အားနည်းချက်များကို ပြောပြနိုင်ခဲ့သည်။
သို့သော် ဝမ်ကျောက် ၏ အလှည့်သို့ ရောက်သောအခါ အပြစ်ကင်းဟန်ဆောင်နေသော ရှုချန်း၏ အပြုံးမျက်နှာအောက်တွင် ဖုံးကွယ်ထားသောအရာ တစ်ခုခုရှိနေကြောင်း ရုတ်တရက် သိလိုက်၏။
ရှုချန်းကို ခေတ္တမျှ ကြည့်နေသည့်အတွက် ရှန်ဝမ်ဆန်း သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် ချောင်းဟန့်လိုက်ကာ ...
"ခင်ဗျား ပြောမှာလား..."
ဝမ်ကျောက် အနှောင့်အယှက်ဖြစ်နေ၏။ ရှုချန်းကို သူ ထွင်းဖောက် မကြည့်နိုင်ပေ။ သို့သော် သူသည် ငပိန်းတစ်ယောက်တော့ မဟုတ်။ ရှုချန်း၏ အရပ် မည်မျှရှည်သည် ကဲ့သို့သော အခြေခံ ရုပ်ပိုင်းဆိုင်ရာများကို ကြည့်ရှုကာ စတင် အကဲဖြတ်လိုက်၏။
"မင်း ရဲ့ အရပ်က မင်း အမြန်နှုန်းကို ကန့်သတ်ထားတယ်... ဒါက မင်း ကို တခြားသူတွေထက် အများကြီး နှေးစေတယ်... ပြီးတော့ မင်းက အရမ်းဉာဏ်ကောင်းတယ်... ဒါပေမဲ့ မင်း ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကတော့ အရမ်းမမြင့်မားဘူးလို့ ခန့်မှန်းမိတယ်... ပြီးတော့ မင်းဘေးက အလှလေး နှစ်ယောက်အပေါ်မှာထားတဲ့ သဘောထားကိုကြည့်ရင် မင်း က အဆိုးမြင်ဝါဒီရှိတဲ့ ရိုးရိုးရှင်းရှင်း ကောင်လေးတစ်ယောက် ဖြစ်ရမယ်..."
ယန်ကျင်းနှင့် ရှန်ယောင်က ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်၏။
ဤကဲ့သို့ ပြောဆိုလိုက်နိုင်သည့်အတွက် ဝမ်ကျောက် စိတ်ပျော်သွား၏။ သူ ပြောသည်မှာ မှန်သည့်အတွက် မျက်နှာထက်တွင် မထီမဲ့မြင် ပြုံးလိုက်မိသည်။
ရှန်ဝမ်ဆန်း က ခပ်ယဲ့ယဲ့ပြုံးကာ သူ၏ သက်တော်စောင့်မှ ရှုချန်းကို ဤကဲ့သို့ ပြန်လည် ထိုးနှက်နိုင်ခဲ့သည်ကို ဂုဏ်ယူနေမိ၏။
ရှုချန်းက ရယ်မောလိုက်ပြီး ဝမ်ကျောက် အား လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ...
"အစ်ကိုကြီး... ကျုပ် အရှိန် အရမ်းနှေးနေတယ်လို့ ခင်ဗျား ဆုံးဖြတ်ခဲ့တာလား..."
"မနှေးပေမဲ့ အရမ်းတော့ မြန်မှာ မဟုတ်ဘူး... အရပ်မြင့်တဲ့သူတွေက အရှိန်နဲ့ အလိုအလျောက် တုံ့ပြန်မှုမှာ ယေဘုယျအားဖြင့် နှေးကြတယ်..."
"ဒါဆိုရင် ကျုပ်တို့ နည်းနည်းလောက် စမ်းကြည့်မလား..."
ရှုချန်း ပြုံးကာ မေးလိုက်၏။
ဝမ်ကျောက် ပခုံးတွန့်လိုက်ကာ ...
"ဘယ်လိုစမ်းချင်လဲ..."
"မျက်လုံးကို လက်သီးနဲ့ထိုးမှာ..."
ရှုချန်း လက်ကိုမြှောက်လိုက်ကာ ...
"စီနီယာက ကျုပ်ရဲ့တုံ့ပြန်မှုနဲ့ လှုပ်ရှားမှု နှေးကွေးနေတယ် ထင်တော့ ခင်ဗျား မျက်လုံးကို ကျုပ်ထိုးမယ်... ဘယ်ဘက်ပဲဖြစ်ဖြစ် ညာဘက်ပဲဖြစ်ဖြစ် ကျုပ်ထိုးလို့ ရတယ်... ဒါပေမဲ့ ခင်ဗျားအနေနဲ့ ကာကွယ်ဖို့ မျက်လုံးတစ်ဖက်ကိုပဲ ရွေးချယ်ရမယ်..."
"ဒါပဲလား... သေချာရင် ဆက်လုပ်လေ..."
ဝမ်ကျောက် က ချက်ချင်း ပြုံးလိုက်ကာ အရေးတယူ မဟုတ်သကဲ့သို့ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
ထို့နောက် နှစ်ဦးသား ကုလားထိုင်နှစ်လုံးပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
ယန်ကျင်း၊ ရှန်ယောင်နှင့် ရှန်ဝမ်ဆန်း တို့ကလည်း ဤကစားပွဲကို လွန်စွာကြည့်ရှုနေလိုကြသည်။ မျက်စိကို ထိုးနှက်ခြင်းအား ကြည့်ရသည်မှာ ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ခံစားရသည်။
"အဆင်သင့်ပဲလား စီနီယာ..."
ရှုချန်းက လက်ကိုမြှောက် အသင့်ပြင်ကာ ပြုံးလိုက်၏။
ဝမ်ကျောက် ကလည်း ရင်ဘတ်ပေါ်တွင် လက်တစ်ဖက်တင်ကာ ရှုချန်း ထိုးနှက်သည်နှင့် လိုက်လျောညီထွေ တားဆီးနိုင်ရန် အသင့်ပြင်ထား၏။
ဤကစားနည်းမှာ လူနှစ်ဦး၏ တုံ့ပြန်မှုနှင့် လက်အမြန်နှုန်းများကို ယှဉ်ပြိုင်ကြသည့် ကစားနည်းဖြစ်ပေသည်။ ဝမ်ကျောက် တစ်ယောက် လုံးဝ ယုံကြည်မှုရှိနေ၏။ အခက်အခဲဟူ၍ မြူတစ်မှုန်မျှပင် မရှိချေ။ အရေးကြီး နိုင်ငံ့ဝန်ထမ်းများကို အကာအကွယ်ပေးခဲ့သည့် အထက်တန်းစား သက်တော်စောင့် စစ်သားတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သူ၏ ယခင်အချိန်များကို ပြန်တွေးကြည့်ရာ သေနတ်သံ ကြားသည်နှင့်တစ်ပြိုင်နက် ချက်ချင်းတုံ့ပြန်နိုင်ရန် လိုအပ်ပေသည်။ သို့မဟုတ် ကျည်ဆန်များကို ပိတ်ဆို့ကာကွယ်ပေးရပေမည်။ ထိုကဲ့သို့ တုံ့ပြန်မှု အရှိန်မှာ ဟာသတစ်ခု မဟုတ်ပေ။
"စကြရအောင်..."
တိုးတိုးလေး ပြောလိုက်၏။
ရှုချန်း ပြုံးလိုက်သည်။ သားကောင်ကို စိုက်ကြည့်နေသော ကျားရဲတစ်ကောင်အလား ရှုချန်း ဝမ်ကျောက် ကို စိုက်ကြည့်ပြီးမှ သူ့လက်တို့ကို တစ်ချက်ပြန်ကြည့်လိုက်၏။
ဝမ်ကျောက် ၏ မျက်လုံးထဲတွင် ရှုချန်း၏ လက် ရုတ်တရက် လှုပ်သွားသည်။ သို့သော် ဝမ်ကျောက် ၏ အမြင်အာရုံထဲတွင် တစ်ခုခုကို ချက်ချင်း ခံစားလိုက်ရ၏။ ထိုမျှ လျင်မြန်လှသော လက်အရှိန်ကို ခန့်မှန်းရန် လုံးဝ မဖြစ်နိုင်ပေ။ လျှပ်စီးကဲ့သို့ လျင်မြန်လှသော ရှုချန်း၏ လက်မှာ မည်သည့်မျက်လုံးကို ထိုးမည်မှန်း သူ မသိချေ။
"သွားပြီ..."
ထို့ကြောင့် ဘယ်ဘက်မျက်လုံးကို ကာကွယ်ရန် လက်ကိုအတတ်နိုင်ဆုံးအမြန် လှုပ်ရှားလိုက်၏။
သို့သော် ရလဒ်မှာ ကွဲပြားပေသည်။
အား...
ဝမ်ကျောက် ၏ ညာမျက်လုံး ထိုးနှက်ခံလိုက်ရသည်။
ရှုချန်း လက်ကို ပြန်ရုတ်လိုက်၏။ ညိုမဲစွဲသွားသော ဝမ်ကျောက် ၏ ညာဘက်မျက်လုံးကို မြင်လိုက်ရသည့်အခါ အနည်းငယ် ထိတ်လန့်သွားပုံရသည်။
"ဘယ်လိုဖြစ်တာလဲ စီနီယာ... ခင်ဗျား စိတ်တွေ ရှုပ်ထွေးနေလို့လား... ဒါမှမဟုတ် တစ်ခုခုဖြစ်နေလား..."
နာကျင်မှုကြောင့် ဆဲဆိုလိုက်ချင်သော်လည်း မိမိပုံရိပ်ကို မဖျက်ဆီးလိုသည့်အတွက် မျက်လုံးများကိုသာ အရှက်ပြေ ပွတ်သပ်နေလိုက်၏။
"ကျုပ် ခင်ဗျားကို လျှော့တွက်ပြီး အနောက်က လိပ်ပြာကိုကြည့်နေလို့ အာရုံပြောင်းသွားတာပါ... လာ ... ဆက်လုပ်ရအောင်... ကျုပ်က ဒီဂိမ်း ကျွမ်းပြီးသားပါ..."
ရှုချန်း ခေါင်းညိတ်လိုက်၏။
"ဒါဆို ထပ်ပြီးလုပ်ဦးမလား..." ဟု ပြုံးကာ မေးလိုက်သည်။
ဝမ်ကျောက် ခေါင်းညိတ်လိုက်၏။ သူ၏ အာရုံကြောများ တင်းကြပ်နေသလို ခံစားရ၏။ သူ့မျက်လုံးများက ရှုချန်း၏ လက်များကို မခွာစတမ်း ကြည့်နေ၏။
"ဒီတစ်ခေါက်တော့ ငါ သေချာပေါက် အနိုင်ယူရမယ်..."
သေချာပေသည်။
ရှုချန်းလက် လှုပ်သွား၏။ ဝမ်ကျောက် လည်း အချိန်မီတုံ့ပြန်ကာ လက်ဖြင့်ကာလိုက်နိုင်၏။
သို့သော်...
"ဒီကောင့်ရဲ့ အရှိန်က သောက်ကျိုးနည်းပဲ... အစကတော့ သူ့လှုပ်ရှားမှုကို မြင်လိုက်ရသလိုပဲ... နောက်တော့ ဘာမှမမြင်ရတော့ဘူး..."
"ငါ့ရဲ့မျက်လုံးတွေက ဘာလို့ သူ့လက်တွေကို မမြင်နိုင်ရတာလဲ... သူ ထိုးမှာ ငါ့ ဘယ်ဘက်မျက်လုံးလား ညာဘက်မျက်လုံးလား..."
ရှုချန်း၏ လက်သီးက သူ့မျက်လုံး တစ်လုံးလုံးနှင့် မိတ်ဆက်တော့မည်ကို သိသည့်အတွက် ဝမ်ကျောက် ထပ်၍ မှန်းဆရပြန်သည်။
"ခုနက ညာမျက်လုံးကို ထိုးလိုက်တာပဲ... ဒီတစ်ခါ ဘယ်မျက်လုံးကို ထိုးလိမ့်မယ်..."
"ဟုတ်တယ်... အဲဒါဖြစ်မယ်..."
ထို့ကြောင့် ဘယ်မျက်လုံးကို ထပ်ကာ ပိတ်ဆို့လိုက်သည်။
ရလဒ်မှာ...
"အား ငါ့မျက်လုံး..."
ရှုချန်း လက်ကို ရုတ်သိမ်းလိုက်၏။ ဝမ်ကျောက် ၏ မျက်လုံးများ ပိုမိုညိုမဲစွဲလာသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း ရယ်မောလိုက်သည်။
"စီနီယာ... ကျုပ် ထိုးတဲ့နေရာပြောင်းမယ်လို့ ထင်နေတာလား..."
ဝမ်ကျောက် က သူ၏ ညာမျက်လုံးကို ဖုံးအုပ်ကာ ကျန်မျက်လုံးများဖြင့် ရှုချန်းအား စူးစူးရဲရဲ စိုက်ကြည့်ကာ ...
"အေး ဟုတ်တယ်... မင်းလည်း အဲလို ခန့်မှန်းလိုက်တာလား..."
ရှုချန်းက နစ်နာစေလိုစိတ် မရှိသော အပြုံးဖြင့်ပြုံးလိုက်ကာ ...
"ထပ်ပြီး လုပ်ကြည့်ချင်သေးလား..."
ဝမ်ကျောက် အံကြိတ်လိုက်၏။
"ဟုတ်ပြီ... ထပ်လုပ်ကြတာပေါ့... မင်း နောက်တစ်ချက် ငါ့ကို ထပ်ထိုးနိုင်ရင်... ခွေးကို သွား -ိုး လိုက်မယ်..."
ရှန်ဝမ်ဆန်း ချောင်းဟန့်လိုက်၏။
"မင်း စကားပြောတာ ဆင်ခြင်ဦး..."
အခန်း ၁၄၁ ပြီး