နတ်နဂါးစစ်သည်
အခန်း ၁၄၀
( ခင်ဗျားရဲ့ စီနီယာ တစ်ယောက် အနေနဲ့ အကြံဉာဏ် နည်းနည်းပါးပါး ပေးနိုင်ပါတယ်...)
ရှန်ဝမ်ဆန်း ခေတ္တ အံ့ဩသွားပြီး ဒေါသတကြီးဖြင့် " သူက ရဲတပ်ဖွဲ့ရဲ့ ကျားဘွဲ့ ပေးခံထားရတဲ့သူ ဖြစ်နေရင်တောင် အဖွဲ့ခေါင်းဆောင်လေးပဲ... ကျုပ် သမီးကို ချဉ်းကပ်တာကြည့်ရင် သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် တစ်ခု ရှိမှာသေချာတယ်... ဒီကောင့်မှာ ပိုက်ဆံရော အာဏာရော မရှိဘူး... ကျုပ် သမီးက ပိုက်ဆံရှိတယ်... ဒီကောင့် ခြေလှမ်းတွေ ကျုပ် ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်... "
ထို့နောက် ယာဉ်မောင်းကို ကြည့်လိုက်ပြီး...
" ပင်စင် မယူခင်က ခင်ဗျားက သက်တော်စောင့် စစ်သား တစ်ယောက်လို့ ပြောတယ် မဟုတ်လား... ဒါဆို ရှုချန်းကို အနိုင်ချနိုင်မလား... "
ယာဉ်မောင်းတွင်လည်း မာနရှိ၏။ သူဌေး၏ စကားကို ကြားသောအခါ ဟက်ကနဲ ရယ်မောလိုက်ပြီး...
" သူဌေး... ခင်ဗျား ကျုပ်ကို သူနဲ့ ယှဉ်လိုက်တာက ကျုပ်ကို စော်ကားလိုက်တာပဲ... "
" ဝိုး.. "
ရှန်ဝမ်ဆန်း က ယာဉ်မောင်းအား ပိုမို အထင်ကြီးစွာ မကြည့်မိပဲ မနေနိုင်တော့။
" ဒါကို ပြောရမယ်ဆိုရင်... ခင်ဗျားကို ကျုပ်ရဲ့ သက်တော်စောင့်ရော ယာဉ်မောင်းပါ ခန့်ထားတာ နှစ်တွေ မနည်းတော့ဘူး... အခုထိ ခင်ဗျား ခွန်အား အစစ်ကို တစ်ခါမှ မတွေ့ဖူးခဲ့ဘူး... သာမန်နေ့တွေမှာ လူရမ်းကားတွေ အနိုင်ကျင့်တဲ့ သူတွေကို ခင်ဗျား အလွယ်တကူ ကိုင်တွယ်နိုင်ပုံပဲ... ဒါပေမဲ့ အဲဒါ ခင်ဗျားရဲ့ အမြင့်ဆုံး ခွန်အား မဟုတ်သေးဘူးလို့ ကျုပ်ထင်တယ်... ဟုတ်တယ်ဟုတ်... "
ယာဉ်မောင်းက လက်လေးချောင်း မြှောက်ကာ ဂုဏ်ယူဝံ့ကြွားသော မျက်နှာဖြင့်...
" ၄၀ %... ပုံမှန်အားဖြင့် ကျုပ်ရဲ့ စွမ်းအား ၄၀ % ထက် ပိုပြီး ဘယ်တော့မှ မသုံးဘူး... သူဌေး... ကျုပ်တို့ သက်တော်စောင့် စစ်သားတွေရဲ့ သဘောသဘာဝကို ခင်ဗျား မရင်းနှီးနိုင်လောက်သေးဘူး... နိုင်ငံတဝှမ်းမှာ ရှိတဲ့ စစ်ဒေသ ၃၆ ခုထဲက အတော်ဆုံး စစ်သားတစ်ယောက်စီကို ငါးနှစ် တစ်ကြိမ် တရားဝင် ရွေးချယ်တယ်... အဲဒီ စစ်သား ၃၆ ယောက်က ကျင်း မြို့တော်က နိုင်ငံ အရာရှိတွေကို အနီးကပ် ကာကွယ်စောင့်ရှောက်ပေးရမယ့် သက်တော်စောင့်တွေ ဖြစ်လာလိမ့်မယ်..."
" အဲဒီ ၃၆ ယောက်ကို သူတို့ရဲ့ ဆိုင်ရာ စစ်ဒေသတွေက ဂရုတစိုက် သေချာ ရွေးချယ်ထားတာ... သာမန် အထူးတပ်ဖွဲ့ စစ်သားတွေထက် ပို အားကောင်းတယ်... ဘယ်အပိုင်းတွေမှာ ပိုအားကောင်းလဲ... တစ်ဦးချင်း တိုက်ခိုက်ရေး စွမ်းရည် အပိုင်း အားလုံးမှာ ပိုအားကောင်းတယ်... ဒါကြောင့် ကျုပ်ကို ရှာတွေ့ခဲ့တာ ခင်ဗျား ကံကောင်းတယ်လို့ ပြောရမယ်... ဒါ ကျုပ် ကြွားဝါပြီး ပြောတာ မဟုတ်ဘူး... ဒါပေမဲ့ အဲလို ရွေးချယ်ခံရတဲ့ ၃၆ယော်ကထဲမှာ ကျုပ် ပါတယ်... "
ရှန်ဝမ်ဆန်း က ဂုဏ်ယူစွာ ကြည့်လိုက်ကာ...
" ဒါတွေ ပြောနေတော့ ခင်ဗျား လစာတိုးတောင်းနေတာလား... ဒါနဲ့ အဲဒီ သက်တော်စောင့် ၃၆ ယောက်ထဲမှာ ခင်ဗျားက အဆင့်ဘယ်လောက်လဲ... "
ယာဉ်မောင်းက ဂုဏ်ယူစွာ ဖြေ၏။
" ကျုပ်က ထိပ်ဆုံး ၁၀ယောက်ထဲမှာပါတယ်... "
ရှန်ဝမ်ဆန်း က
" ခင်ဗျား အရင်က ရှုချန်းနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးပဲနဲ့ သူက ခင်ဗျား ပြိုင်ဘက် မဟုတ်ဘူးဆိုတာ ဘယ်လိုသိတာလဲ... "
" တစ်ယောက်ယောက်ရဲ့ အရည်အချင်းကို သိအောင် တိုက်ခိုက်ဖူးဖို့ လိုလို့လား... သူဌေး... ဒါကို ခင်ဗျား မသိဘူး... သက်တောင်စောင့် စစ်သားတွေ အားလုံးက အနည်းဆုံးတော့ A အဆင့် ရောက်နေတဲ့ ဆရာတွေချည်းပဲ... ပြီးခဲ့တဲ့ နှစ်တွေထဲမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်တာ နည်းသွားတော့ ကျုပ် အဆင့် နည်းနည်း ကျဆင်းသွားပေမဲ့ ဘယ်သူမှ ကျုပ်နဲ့ မယှဉ်နိုင်သေးဘူး... ရှုချန်း အတော်လေး အားကောင်းတယ်လို့ ကျုပ် ထင်တယ်... ဒါပေမဲ့ မြောက်ပိုင်းတံခါးဝ ခေါင်းဆောင်နဲ့ ပွဲကို ကျုပ် အကဲဖြတ် နှိုင်းယှဉ်ကြည့်တော့ ရှုချန်းက B အဆင့် တိုက်ခိုက်ရေးသမား ဖြစ်ဖို့များတယ်လို့ ကျုပ် ထင်တယ်... ဒါကြောင့် သူနဲ့ တိုက်ခိုက်မယ်ဆိုရင် ကျုပ်နိုင်ဖို့ ၈၀ % ရှိတယ်လို့ ယုံကြည်နေတုန်းပဲ... "
ရှန်ဝမ်ဆန်း ခေါင်းညိတ်လိုက်၏။
" ဒါဆို ဒီကောင့်ကို ကျွေးလိုက်တော့... နောက်ပေါက်လေးတွေ အနေနဲ့ နှိမ့်ချနေတာက အကောင်းဆုံးပဲဆိုတာ ဒီကောင် သိအောင် သင်ပေးလိုက်စမ်းပါ... "
ယာဉ်မောင်း ခေါင်းညိတ်လိုက်၏။
" ကောင်းပြီဗျာ... ဒါပေမဲ့ သူဌေး... သူက မမလေး ဧည့်သည်ဆိုတော့ နည်းနည်းတော့ လုပ်ရကိုင်ရ ကြပ်နေတယ်... ခုရက်ပိုင်း ရောက်နေတဲ့ ဧည့်သည်တွေကို ကျုပ်တို့ ကောင်းကောင်းမွန်မွန် မဆက်ဆံရင် အိမ်ကနေ ထပ်ပြီး ထွက်ပြေးသွားမယ်လို့ မမလေး ပြောထားတယ်လေ... "
ယာဉ်မောင်းကို ရှန်ဝမ်ဆန်း စိုက်ကြည့်လိုက်၏။
" ကျုပ် သမီးအကြောင်း ကျုပ် မသိဘူး ထင်နေတာလား... အခုချိန်မှာ ကျုပ်က သူ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်သလို သူကလည်း ကျုပ်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ... ကျုပ်ကို စွန့်လွှတ်မယ့် နှလုံးသား သူ့မှာ ရှိမယ်လို့ ထင်လား... သမီးက ကျုပ်ကို သပ်သပ်မဲ့ ခြိမ်းခြောက်နေတာ... ပြီးတော့ ဒီကောင့်ကို အမှောက်သိပ်ဖို့ ပြောတာ မဟုတ်ဘူး... ကမ္ဘာပေါ်မှာ ဒီကောင့်ထက် ပိုသန်မာတဲ့ တိုက်ခိုက်ရေးသမားတွေ ရှိတယ်ဆိုတာ သိအောင်နဲ့ နှိမ့်ချတတ်ဖို့ သင်ပေးရုံတင်ပါ... ကျုပ် အိမ်ထဲဝင်လာတော့ သူ ကျုပ်ကို ဆက်ဆံတဲ့ပုံ ခင်ဗျား မမြင်လိုက်ဘူးလား... အဲဒါ လူငယ် တစ်ယောက်က လူကြီး တစ်ယောက်အပေါ်ကို ဆက်ဆံသင့်တဲ့ ပုံစံ မဟုတ်တာ သေချာတယ်... ရှုချန်းဆိုတဲ့ကောင်က နောက်ခံမရှိသလို ငွေလည်း မရှိဘူး... ဒါကြောင့် တစ်ခုတည်း ရှိတဲ့ တိုက်ခိုက်ရေး စွမ်းအားလေးကို သောက်ရမ်းတွေ ဖက်တွယ်ပြီး မာနကြီးနေတာ... ဒါကြောင့် ဒီငနဲရဲ့ ထောင်လွှားနေတဲ့ မာနကို အရင် ရိုက်ချိုးပေးရအောင်... "
အပေါ်ထပ်ရှိ အိပ်ခန်းကို ကြည့်ရှုပြီးနောက် ယန်ကျင်းက ရှုချန်း ပုခုံးကို လှုပ်ယမ်းကာ...
" နင် သူဌေး ရှန်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လိုက်တာလား... "
ရှုချန်း ခနဲ့ပြုံး ပြုံးကာ...
" သူသမီးဘေးမှာ ယောက်ျားတစ်ယောက် ရှိနေသရွေ့ မျက်နှာ ကြည်ကြည်လင်လင် ရှိနိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်... ငါ ပါးစပ် မဟခင်ထဲက ငါ့ကို သူ့သမီးနား ရည်ရွယ်ချက်ချက် ရှိရှိ ကပ်နေတဲ့ ကောင်လို့ ထင်နေမှတော့ ငါ ဘယ်လို ဆက်ဆံရမှာလဲ... "
ထို့နောက် နှစ်ဦးသား ရှန်ယောင်နောက်မှ လိုက်၍ လှေကားပေါ်မှ ဆင်းလိုက်ကြသည်။ ယခုအချိန်မှာ စောနေသေး၍ အိမ်ထောင်ဦးစီး ရှန်ဝမ်ဆန်း နှင့် စကားစမြည် မပြောဆိုပဲ ဘာသိဘာသာ နေပါက မယဉ်ကျေးရာ ကျပေမည်။ ရှန်ယောင်က အောက်ထက်သို့ ဆင်းလာပြီး အသစ်ရောက်လာသူများ ဖခင်နှင့် မိတ်ဆက်ပေး၏။
" အဖေ... ဒါလည်း သမီးရဲ့ သူငယ်ချင်းကောင်းပဲ... ယန်ကျင်း လို့ ခေါ်တယ်... သူက ရဲဌာနချုပ်မှာ အလုပ်လုပ်တယ်... "
" အဖေတို့ စောစောက စကားပြောပြီးပြီ... "
ယန်ကျင်းမှာ ရှန်ယောင်အတွက် အမျိုးသမီးတစ်ဦး သူငယ်ချင်း တစ်ဦး ဖြစ်နေ၍ ရှန်ဝမ်ဆန်း အတော်လေး အမြင်ကြည်ပေသည်။ ထို့အပြင် ယန်ကျင်းမှာ လွန်စွာ ယဉ်ကျေးသေး၏။
သို့သော် ဖော်ရွေပုံ တစ်စက်ကလေးမျှပင် မရှိသော ရှုချန်းကိုမူ ရှန်ဝမ်ဆန်း တစ်ယောက် သူ့အိမ်တွင်ပင် မြင်တောင် မမြင်ချင်။
" ထိုင်ဦးလေ ရှုချန်း... အဖေ့ကို စိတ်မရှိနဲ့နော်... "
ရှန်ယောင်က ရှုချန်းကို ဆိုဖာပေါ်ထိုင်ရန် ဆွဲခေါ်လိုက်၏။
ထိုအခိုက်တွင် ရှန်ဝမ်ဆန်း က လက်ဖက်ရည် တစ်ငုံခန့် သောက်ရန် ခွက်ကို မော့ဟန်ဆောင်ကာ ယာဉ်မောင်းအား လျှို့ဝှက်စွာ ကြည့်လိုက်၏။
အရိပ်ပြလျှင် အကောင်မြင်သော ယာဉ်မောင်းက ချောင်းတချက်ဟန့် လည်ချောင်းရှင်းကာ " မစ္စတာ... " ဟု ပေါ့ပေါ့ပါးပါး ခေါ်လိုက်သည်။
" မစ္စတာ ရှုချန်း... ခင်ဗျားက စစ်တပ်ကလား... "
ယာဉ်မောင်းကို ကြည့်ကာ ရှုချန်း ခေါင်းညိတ်ပြ၏။ တဆက်တည်း တည်ငြိမ်စွာ ဆက်ပြောလာလေသည်။
" ဟုတ်တယ်... အင်း ဝါစဉ်အရဆိုရင် ခင်ဗျားက ကျုပ်ရဲ့ စီနီယာပဲ... "
ယာဉ်မောင်း မျက်လုံး မှေးလိုက်ကာ...
" ကျုပ် စစ်တပ်ကဆိုတာ ခင်ဗျား ဘယ်လို သိတာလဲ... "
ရှုချန်း ပြုံးလိုက်ပြီး...
" မတ်တပ်ရပ်တဲ့အခါ ခင်ဗျားရဲ့ ကိုယ်နေဟန်ထားကြောင့်ပါ... စစ်သားတွေပဲ ဒီလို စည်းကမ်း ရှိကြတာ... ဒီလို သံမဏိ စည်းကမ်းကို လိုက်နာနိုင်တယ်ဆိုတော့ ခင်ဗျားက သာမန် တပ်ဖွဲ့ကတော့ မဟုတ်ဘူး... "
ရှန်ဝမ်ဆန်း နှင့် ယာဉ်မောင်းတို့ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။ ရှုချန်းမှာ စူးရှထက်မြက်စွာ လေ့လာနိုင်သူဖြစ်ကြောင်း သူတို့ ဝန်ခံပေသည်။
ယာဉ်မောင်းက ရယ်မောကာ " ကျုပ်က စစ်တပ်ကဆိုပေမဲ့ အဆင့်မြင့် တပ်ဖွဲ့ကလို့ မပြောနိုင်ပါဘူး... ဒါပေမဲ့... မင်း မှာ တောက်ပတဲ့ အနာဂတ် တစ်ခု ရှိမှာ သေချာတယ်... ဘယ်လိုပဲ ဖြစ်ဖြစ် မင်း အသက်အရွယ်နဲ့ စွမ်းအား အရဆို ဒီလို အချိန်မှာ ပင်စင် မယူသင့်ဘူး... ဒီအကြောင်းအရင်းကို ကျုပ် အတော်သိချင်နေတယ်... စစ်တပ်က ထွက်ပြီး ဒီမှာ အလုပ်လုပ်ဖို့ ဘာလို့ ဆုံးဖြတ်ခဲ့တာလဲ... "
ရှုချန်း ခါးသက်သက် ပြုံးကာ...
" ကျုပ်က ပင်စင်ယူလိုက်တာ မဟုတ်ဘူး... ဒါပေမဲ့ ကိစ္စလေး တစ်ခု ဖြစ်ထားလို့ လနည်းနည်းလောက် ယာယီ အလုပ်နားပြီး ဒီမှာ ရဲအရာရှိ လာလုပ်နေတာ... အနာဂတ်မှာ စစ်တပ်ထဲ ကျုပ် ပြန်သွားမှာပါ... "
ယာဉ်မောင်း သက်ပြင်းချကာ...
" ကျုပ် ပင်စင်ယူပြီးကတည်းက အခုနောက်ပိုင်း စစ်တပ်မှာ ဘာတွေ ဖြစ်နေမှန်း ကျုပ် မသိတော့ဘူး... တပ်သားသစ်လေးတွေ တစ်နှစ်ထက် တစ်နှစ် ပိုတိုးတက်လာလား... ဒါမှဟုတ် ပိုဆုတ်ယုတ်လာလား... မသိဘူး... ဒါပေမဲ့ မနှစ်က G 20 အထူးတပ်ဖွဲ့ ပြိုင်ပွဲ အစည်းအဝေးမှာ ကျုပ်တို့ နိုင်ငံ နောက်ကောက်ကျ ကျန်ခဲ့ပြန်တယ်လို့ ကြားတယ်... ကျုပ် အတော် စိုးရိမ်မိတယ်ဗျာ... အခုနောက်ပိုင်း တပ်သားသစ်လေးတွေလည်း အတော်ညံ့ဖျင်းသွားပုံပဲ... "
ရှန်ဝမ်ဆန်း က ချောင်းတချက် ဟန့်ပြီး...
" ခင်ဗျား အရှေ့မှာ လူသစ် တစ်ယောက် ရှိတယ် မဟုတ်ဘူးလား... ခင်ဗျားရဲ့ ကိုယ်နေဟန်ထားကို ကြည့်တာနဲ့ တပ်ကမှန်း သိပုံကို ထောက်ရင် ရှုချန်းက ရိုးရိုး စစ်သား တစ်ယောက် မဟုတ်ဘူးဆိုတာ ပြနေတယ်... ပြီးတော့ မြောက်ပိုင်းတံခါးဝဂိုဏ်း ခေါင်းဆောင်ကို ဖြုတ်ချနိုင်တာ ကြားရတော့ မောင်ရင်ရဲ့ စွမ်းရည်တွေကို တကယ် သိချင်နေတာ... အမှန်အတိုင်း ပြောရရင် ဦးလေးရဲ့ ယာဉ်မောင်းလည်း ဖြစ်... သက်တော်စောင့်လည်း ဖြစ်တဲ့ ဝမ်ကျောက် ကို အလုပ်ခန့်ပြီးထဲက သူ့ရဲ့ စွမ်းအား အစစ်အမှန်ကို တစ်ခါမှ မမြင်ဖူးသေးဘူး... ပုံမှန်ဆို ဦးလေးက ကိုယ့်ဘာသာပဲ နေတတ်ပြီး ရန်သူများအောင်လည်း မလုပ်ဘူးလေ... ဒီလို သဘော သဘာဝတွေကြောင့် ဦးလေးမှာ ပြဿနာ နည်းတယ်... ဒါကြောင့်လည်း ဦးလေးရဲ့ သက်တော်စောင့်က သူ့ အစွမ်းပြဖို့ အခွင့်အရေး နည်းလွန်းတာပေါ့... "
ထိုစကားကို ကြားလိုက်သည်နှင့် လိမ္မာပါးနပ်သော ရှန်ယောင်က ချက်ချင်း နှာခေါင်းရှုံ့ကာ စကားဖြတ်ပြောလိုက်၏။
" အဖေ... ဘာတွေ ထပ်ကြံနေပြန်ပြီလဲ... "
ယန်ကျင်းက ရယ်မောကာ ရှုချန်းကို ပြောင်ချော်ချော် ဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေးမှာ " ကြည့်စမ်း... သူက အခု ပြသနာ ရှာနေပြီ... " ဆိုသော အဓိပ္ပါယ်မျိုးဖြစ်၏။
ယန်ကျင်း၏ မျက်နှာရိပ် မျက်နှာကဲတွင် ထင်ဟပ်နေသာ အဓိပ္ပါယ်များကို ရှုချန်း အလွယ်တကူ နားလည်သည်။ ထို့ကြောင့် ယဲ့ယဲ့လေး ပြုံးကာ...
" သခင်ကြီး ရန်နဲ့ တိုက်ခိုက်တုန်းက ကျုပ် ကံကောင်းသွားလို့ပါ... ခင်ဗျားက ကျုပ် စီနီယာ တစ်ယောက်ဆိုတော့ တိုက်ခိုက်ရင် မလေးစားရာ ကျမှာပေါ့... "
ဝမ်ကျောက် ရယ်မောလိုက်၏။
" ကျုပ်တို့က ယောက်ျား စစ်စစ်တွေပဲ... ယောက်ျားဆန်ဆန် လုပ်ကြတာပေါ့... စစ်တပ်ရဲ့ စည်းမျဉ်းတွေကြောင့် မင်း တွန့်ဆုတ်နေတာမလား... အနောက်ပိုင်း တံခါးဝဂိုဏ်းကိုလည်း မင်း ရန်စလိုက်တဲ့ သတင်း ကျုပ် ကြားတယ်... ဒီနေရာမှာ အမြဲတစေ လာပုန်းနေတာက ရေရှည်ဖြေရှည်းနည်း မဟုတ်ဘူး... မင်း ရဲ့ စီနီယာ တစ်ယောက် အနေနဲ့ အကြံဉာဏ် နည်းနည်းပါးပါး ပေးနိုင်ပါတယ်... "
အခန်း ၁၄၀ ပြီး