နတ်နဂါးစစ်သည်
အခန်း ၁၃၇
( မယုံနိုင်ဖွယ် ဖြစ်ရပ် )
လွန်စွာဖိအားများနေပြီဖြစ်သော လူသတ်သမား ခုနှစ်ဦးသည် တောက်ပသွားသော ဖုန်းမျက်နှာပြင်ကြောင့် အာရုံပြောင်းသွား၏။ အချို့သူများဆိုလျှင် ထိုဖုန်းကိုပင် ကြောက်အားလန့်အားဖြင့် ပစ်ခတ်လိုက်၏။
ဤကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ နံဘေးတွင် ပုန်းနေသောရှုချန်း ချက်ချင်း ထွက်လာပြီး အနီးရှိ လူနှစ်ဦး၏ လည်ပင်းကို သစ်သီးလှီးဓား နှစ်လက်ဖြင့် ထိုးသွင်းကာ အမြန် ပြေးထွက်သွားလိုက်၏။
သွေးများ ပန်းထွက်လာကာ လူနှစ်ဦး မြေပြင်ပေါ်သို့ လဲကျသွားသံ ကြားလိုက်ရသည့်အတွက် ကျန်သော လူသတ်သမားငါးဦး ထိတ်လန့်သွားကြ၏။
"ကန့်လန့်ကာတွေဖယ်လိုက်... အလင်းဝင်မှဖြစ်မယ်... ဒီကောင့်ကို ငါတို့မြင်မှရတော့မယ်..."
တစ်ယောက်က အော်လိုက်သည်။
အခြားသူများသည် ကန့်လန့်ကာများကို ဖယ်ရှားရန် နီးစပ်ရာ ပြတင်းပေါက်များဆီသို့ ချက်ချင်း သွားကြသည်။ ထိုအချိန်တွင် ရှုချန်း၏ timer မှ အလန်းသံ ထွက်ပေါ်လာသည့်အတွက် လူသတ်သမားငါးဦး ကြောက်လန့်သွားကာ အလန်းသံမြည်ရာ နေရာသို့ ဝိုင်းဝန်း ပစ်ခတ်လိုက်ကြ၏။ ထိုအချိန်မှာပင် သူတို့နောက်တွင် ရှိနေသော ရှုချန်းသည် ဖြည်းညင်းစွာ ထရပ်ကာ လက်ကျန် ကျည်ဆန် ငါးတောင့်ဖြင့် တစ်ဦးချင်းစီ၏ ခေါင်းကို တစ်ချက်စီ ဆက်တိုက်ပစ်ခတ် လိုက်၏။
ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...
သေနတ်သံ ငါးချက် အဆုံးတွင် လူသတ်သမား ငါးဦးလုံး ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားတော့သည်။
ထိုအချိန်တွင် သေဆုံးသွားသော လူသတ်သမားတစ်ဦး ဝတ်ဆင်ထားသည့်နားကြပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"ပစ်မှတ်အခြေအနေ ဘယ်လိုလဲ... သေသွားပြီလား..."
သို့သော် ပြန်လည်ဖြေကြားနိုင်မည့်သူ မရှိတော့ချေ။
တုံ့ပြန်မှု တစ်စုံတစ်ရာ မရသည့်အတွက် မှားယွင်းလွဲချော်မှုရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၍ ဓာတ်အားပေးခန်း အတွင်းမှ လူသတ်သမားသည် လှေကားထိပ်တွင် စောင့်နေသော လူသတ်သမားများအား...
"အထဲကို ဝင်သွားကြည့်စမ်း... သေနတ်သံတွေကြားပေမဲ့ ဘာမှပြန်မဖြေဘူး..."
လှေကားထိပ်တွင် စောင့်နေသော လူသတ်သမားနှစ်ဦးလည်း အခန်းတွင်းသို့ ဝင်သွားလိုက်ကြ၏။ အခန်းတံခါး ဖွင့်ဖွင့်ချင်းတွင် လဲကျနေသောသူတစ်ဦးကို တွေ့လိုက်ရ၏။ သို့သော် မည်သူမှန်းမသိချေ။ ထို့ကြောင့် ဓာတ်အားပေးခန်းမှသူအား "မီးဖွင့်လိုက်..."
ဓာတ်အားပေးခန်းမှလူက ရှုချန်း၏ ကွန်ဒိုအတွက် ပါဝါခလုတ်ကို ပြန်ဖွင့်လိုက်၏။ အခန်းတစ်ခုလုံး လင်းထိန်သွားကာ အလဲလဲအပြိုပြို သေဆုံးနေသော အလောင်းကိုးလောင်းကို မြင်လိုက်ရ၏။
"ကျုပ်တို့ကောင်တွေအကုန် သေသွားပြီ... တခြားလူတွေ မြန်မြန်လွှတ်လိုက်..."
ထိုသို့ အထိတ်တလန့် ပြောကြားနေစဉ်မှာပင် ထိုသူနှစ်ဦး၏ လည်ဝသို့ ရှုချန်း၏ ဓားချက်များ ရောက်ရှိလာတော့သည်။
ထို့နောက် ထိုလူသတ်သမားနှစ်ဦးထံမှ ပစ္စတိုနှစ်လက်ကို ဆွဲယူလိုက်၏။ သေနတ်နှစ်လက်လုံး ကျည်အပြည့်ရှိနေကြောင်း တွေ့လိုက်ရသည်။ ထို့နောက် အခန်းထဲမှထွက်ကာ လှေကားဆီသို့ လျှောက်သွားလိုက်သည်။
အောက်ထပ်တွင် စောင့်ဆိုင်းနေသော လူသတ်သမား လေးဦး ( ဓာတ်အားပေးခန်းမှ လူ အပါအဝင် ) လည်း အပေါ်ထပ်သို့ နှစ်ယောက်တစ်တွဲ ချက်ချင်း တက်လာကြသည်။
ရှုချန်းသည် လှေကားထစ်မှ ဆင်းလာစဉ် သေနတ်များကို အသင့် မောင်းတင်ထားလိုက်၏။ လူသတ်သမားနှစ်ဦးကို လှမ်းမြင်လိုက်ရသည့်အတွက် ရပ်တန့်ကာ စောင့်ဆိုင်းနေလိုက်သည်။
အလျင်စလို ပြေးတက်လာကြသော လူသတ်သမားနှစ်ဦးသည် ရှုချန်းကို တွေ့လိုက်ရသည့်အတွက် ထိတ်လန့်သွားကြသည်။
သို့သော် လူသတ်သမား ဖြစ်ကြောင်း ရှုချန်း သတိမထားမိနိုင်စေရန် အတွက် သာမန် ကွန်ဒိုနေထိုင်သူများအဖြစ် ဟန်ဆောင်လိုက်ကြ၏။ သူတို့၏ လက်များမှာမူ ကုတ်အင်္ကျီရှည်အတွင်းမှ သေနတ်များပေါ်သို့ အသင့် တင်ထားကြလေသည်။
သာမန်လူများအဖို့ မဖြစ်နိုင်သော်လည်း ထွင်းဖောက်မြင်နိုင်စွမ်းရှိသော ရှုချန်းမှာမူ ထိုသူများ၏ ခါး၌ ချိတ်ဆွဲထားသော သေနတ်များကို ရှင်းရှင်းလင်းလင်း မြင်နေရပေသည်။
သေနတ်သမားနှစ်ဦး၏ လက်များကို ရှုချန်း ခပ်ဆတ်ဆတ်လေး ရိုက်ချလိုက်ရာ နာကျင်စွာအော်ဟစ်သံတို့ ထွက်ပေါ်လာသည်။
ထိုသူနှစ်ဦးကို ရှုချန်း ကန်ထုတ်လိုက်ကာ သေနတ်နှစ်လက်ကို ဆွဲယူလိုက်သည်။ ထို့နောက် လူသတ်သမားနှစ်ဦး၏ ကျန်နေသော လက်တစ်ဖက်ဆီကိုလည်း ရိုက်ချိုးလိုက်တော့သည်။
အပေါ်မှ ဆူဆူညံညံ အော်ဟစ်သံများကြောင့် အခြားလူသတ်သမားနှစ်ဦးလည်း အမြန်ပြေးလာကြသည်။ သို့သော် တံခါးနားတွင်ကပ်ကာ ပုန်းနေသည့် ရှုချန်းကို သတိမထားမိဘဲ ကျော်သွားကြသည်။
ထိုစဉ် ရှုချန်းက နှစ်ဦးလုံး၏ ခြေထောက်များအား နောက်မှ လှမ်းကန်လိုက်၏။
အကန်ခံလိုက်ရသည့်အတွက် လူသတ်သမားနှစ်ဦး ဟန်ချက်ပျက်ကာ လဲကျသွား၏။ သို့သော် လှည့်ကာ ရှုချန်းအား ပစ်ရန် ကြိုးစားလိုက်သေးသည်။ သို့သော် ရှုချန်းက လူသတ်သမားနှစ်ဦး၏ လက်များမှ သေနတ်များ လွင့်စင်သွားအောင် လက်ဦးမှုရယူ ရိုက်ထုတ်လိုက်၏။
သေနတ်များ မရှိကြသော်လည်း ထိုသူနှစ်ဦးသည် ပြန်လည် တိုက်ခိုက်နေကြဆဲပင်။ ထို့ကြောင့် လူသတ်သမားများ အနီးသို့ လျှောက်သွားကာ တစ်ဦးကို ခပ်ပြင်းပြင်းကန်လိုက်ပြီး တစ်ဦး၏ မျက်နှာကို လက်သီးဖြင့် ဆွဲထိုးလိုက်သည်။ နှစ်ဦးလုံး သတိလစ်သွားလေသည်။
ထို့နောက်မှသာ ရှုချန်း သက်ပြင်းတစ်ချက်ချကာ လှေကားမှ ဆင်းလာခဲ့လိုက်သည်။
မြေညီထပ်ရှိ ဧည့်ခန်းသို့ရောက်သောအခါ ယန်ကျင်း၏ တပ်ဖွဲ့များ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ့အားမြင်သည်နှင့် အားလုံး ချက်ချင်း အလေးပြုလိုက်ကြသည်။
"ခေါင်းဆောင်ရှု ခင်ဗျားအဆင်ပြေရဲ့လား..."
ရှုချန်းသည် အပေါ်ထပ်သို့ လက်ညှိုးညွှန်ပြလိုက်၏။
ထို့ကြောင့် တပ်သားများလည်း ခေါင်းညိတ်ပြကာ လှေကားထစ် တလျှောက် တက်သွားတော့၏။
"ရှုချန်း... နင် အဆင်ပြေရဲ့လား..."
ရှန်ယောင်နှင့် ယန်ကျင်း စိုးရိမ်တကြီး မေးလိုက်၏။
ရှုချန်း ခေါင်းညိတ်ပြကာ "အားလုံး အဆင်ပြေတယ်..."
ယန်ကျင်းက ရှုချန်းကို ကြည့်ကာ "အကုန်လုံး ရှင်းလိုက်ပြီလား..."
ရှုချန်း ထပ်မံ ခေါင်းညိတ်ပြပြန်သည်။
"ဒါပေမဲ့ လူသတ်သမားတွေ ထပ်ရောက်လာမလားတော့ မသိနိုင်ဘူး..."
ယန်ကျင်းက "ဒီကောင်တွေက တော်တော်ဆိုးတာပဲ... သူတို့ကိုယ်သူတို့ ဥပဒေအထက်မှာ ရှိတယ်များ ထင်နေလားမသိဘူး... အခု ရဲတွေကို ရန်စနေပြီ..."
"အန္တရာယ်ရှိတယ်လို့ ဘာလို့မပြောတာလဲ... ငါက အထုပ်ဆွဲပြီး အိမ်ပေါ်ကဆင်းတော့မလို့... ရှက်စရာကောင်းလိုက်တာ..."
ရှန်ယောင်က ရှုချန်းကို နှုတ်ခမ်းလေးစူကာ ပြစ်တင်ဟန်ဖြင့် ပြောဆိုလိုက်၏။
ရှုချန်း ပြုံးလိုက်ကာ "နင်က ဒီလိုအရှုပ်အထွေးတွေထဲမှာ ဝင်ပါရတာကြိုက်မှန်း ငါသိတယ်... ဒါ့ကြောင့် မရမက နှင်ထုတ်တာလေ... နှင်မထုတ်မချင်း နင် ထွက်သွားမှာ မဟုတ်ဘူး... ဒါပေမဲ့လည်း အခုလို အထုပ်အပိုးပြင်ပြီးသွားတာလည်း ကောင်းပါတယ်... သူတို့က နောက်ထပ်လူသတ်သမားတွေ ထပ်ပို့မှာလား မသိနိုင်ဘူး... ဒါ့ကြောင့် ငါ တခြားမှာ လောလောဆယ် နေမှဖြစ်မယ်..."
ရှန်ယောင်က ...
"ဒါဆို ငါ့အိမ်မှာ ခဏ လိုက်နေရင်နေလေ... ငါ့အိမ်မှာ တကယ်တော်တဲ့ လုံခြုံရေးတွေရှိတယ်... ဒါ့ကြောင့် နင် ဘေးကင်းမှာပါ... နင့်ကွန်ဒိုမှာ အချိန်အကြာကြီးနေခိုင်းခဲ့တာကို ပြန်ပြီးကျေးဇူးဆပ်တယ်လို့ သဘောထားပေါ့..."
ယန်ကျင်းကလည်း "ဟုတ်တယ်... ရှန်ယောင့်စကားကိုနားထောင်လိုက်... သူ့အိမ် ခဏသွားနေလိုက်ပါ..."
ရှန်ယောင်ကလည်း ထပ်မံ၍ "နင် လာနေသင့်တယ်... ဒီနေရာမှာ နင် နေလို့မရတော့ဘူး ဆိုတာ နင့်အမြင်ပဲ... တံခါးဝဂိုဏ်းလေးခုရဲ့ ကိစ္စ မပြီးမချင်း နင်တို့နှစ်ယောက်လုံး ငါ့အိမ်ကို ပြောင်းနေသင့်တယ်... ဒီကိစ္စကြီးပြီးမှပဲ ပြန်ပြောင်းရင်ပြောင်းပေါ့..."
ရှုချန်းက "နင့်မိဘတွေနဲ့ အဆင်ပြေပါ့မလား..."
ရှန်ယောင် မျက်ခုံးပင့်လိုက်ကာ "သူတို့သာ ငြိုငြင်ကြည့်ပါလား... ငါ ဘယ်တော့မှ အိမ်မပြန်ဘဲ နေလိုက်မှာ..."
ယန်ကျင်းက "ကောင်းပြီလေ... ဒါဆို ရှုချန်းကို အရင်ခေါ်သွားလိုက်... ငါ ဒီကိစ္စတွေ အစီရင်ခံစာတင်ရမှာမို့ နောက်ကျလိမ့်မယ်..."
ထို့ကြောင့် ရှုချန်းနှင့် ရှန်ယောင်လည်း ခေါင်းညိတ်ကာ ထွက်ခွာသွားလိုက်သည်။
မှုခင်းဖြစ်ပွားရာနေရာသို့ ယန်ကျင်း သွားလိုက်၏။ အခုချိန်တွင် ကွန်ဒိုတစ်ခုလုံးကို ပိတ်ဆို့ထားကာ သံသယရှိသူများ အားလုံးကို ဖမ်းဆီး အရေးယူထားလိုက်သည်။ သူမကို မြင်လိုက်ရသည့်အတွက် တပ်သားတစ်ဦးက "ခေါင်းဆောင်ယန်... ကျုပ်တို့ ဓာတ်လှေကားပြန်ပြင်ဖို့ လိုသေးလား..."
ယန်ကျင်း ခေါင်းညိတ်လိုက်၏။
"ထိခိုက်မိတဲ့အရပ်သား မရှိဘူး မဟုတ်လား..."
"လုံးဝမရှိပါဘူး... ဒါပေမဲ့ ခေါင်းဆောင်ယန်... ခေါင်းဆောင်ရှုနဲ့ စကားပြောတယ်မလား... သူ တကယ်ရော အဆင်ပြေရဲ့လား... ထိခိုက်မှု နည်းနည်းလေးတောင်မရှိတာ သေချာရဲ့လား..."
"ဘာလို့ ဒီလိုမေးတာလဲ..."
"ဒီတစ်ခေါက် လူသတ်သမားစုစုပေါင်း ၁၅ ယောက်လာတယ်... ၁၁ ယောက်က သေသွားပြီ... ကျန်တဲ့ လေးယောက်ကို အသက်ရှင်လျက်ဖမ်းမိတယ်... ဒါပေမဲ့ ၁၁ ယောက်မှာ ငါးယောက်က လည်ပင်းမှာ ဓားဒဏ်ရာတွေနဲ့ သေနေတာ... ကျန်တဲ့ခြောက်ယောက်က ခေါင်းမှာ ကျည်တစ်ချက်စီ အပစ်ခံထားရတယ်... ကျည်တစ်တောင့်မှ မလွဲခဲ့ဘူး... တစ်ယောက်ကို တစ်ချက်စီ တိတိကျကျပဲ... ဒါကြီးက လုံးဝ မယုံနိုင်စရာကောင်းလွန်းတယ်... "
အခန်း ၁၃၇ ပြီး