နတ်နဂါးစစ်သည်
အခန်း ၁၃၆
( ပုန်းလျှိုးကွယ်လျှိုး )
ရှန်ယောင် စိတ်ကောက်နေသော်လည်း တစ်စုံတစ်ခု လွဲမှားနေပြီဖြစ်ကြောင်း ခံစားမိလိုက်၏။ ထို့ကြောင့် သူမအား လှေကားမှဆင်းရန် ဆွဲခေါ်သွားသော ယန်ကျင်းကို စိုးရိမ်တကြီးဖြင့် "ရှုချန်းကော... သူ့ကို ဒီတိုင်းထားခဲ့လို့ မရဘူးလေ..."
"သူက ဘယ်အခြေအနေမှာမဆို လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံရှိတယ်... ငါတို့ရှိနေတာက သူ့ကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်... အခုအချိန်က ထိလွယ်ရှလွယ်ဖြစ်နေတယ်... လုပ်ကြံသတ်ဖြတ်တဲ့သူတွေက ရှိနေတဲ့ သူတိုင်းကို ရအောင် သတ်သွားမှာ... ငါတို့ရှိနေရင် ရှုချန်းအတွက် ပိုပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မယ်... သူ့ကို စိတ်မပူဘဲ ထားခဲ့ရအောင်..."
ရှန်ယောင် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် လှေကားမှ ခြေသံတချို့ကြောင့် ယန်ကျင်းသည် ရှန်ယောင် ပါးစပ်အား ပိတ်လိုက်၏။ ထို့နောက် နှစ်ဦးသား လှေကားမှ ဟန်မပျက်ဆင်းသွားရာ ၁၀ လွှာသို့ အရောက်တွင် ကုတ်အင်္ကျီရှည် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။
ပထမတော့ ရှန်ယောင် ဘာမှ မခံစားရသော်လည်း သူမ အနီးသို့ ဖြတ်လျှောက်သွားသည့်အခိုက်တွင် ထိုသူ၏ မျက်နှာပေါ်မှ အမာရွတ်ကို တွေ့လိုက်၏။ ထိုသူမှာ လူသတ်သမားဖြစ်နိုင်ကြောင်း သိလိုက်ရသည့်အတွက် သူမ ကျောရိုးထဲမှပင် စိမ့်ခနဲ ဖြစ်သွား၏။
ရှန်ယောင် အရမ်းကြောက်မနေစေရန် ယန်ကျင်းက ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အားပေးလိုက်၏။ လူသတ်သမားသည် သူတို့နှစ်ဦးကို တစ်ချက်ကြည့်ကာ အပေါ်သို့ ဆက်တက်သွားတော့သည်။
လူသတ်သမားထွက်သွားပြီး ခဏအကြာတွင် ရှန်ယောင် တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်သော်လည်း နောက်ထပ် လူသတ်သမားတစ်စု ပေါ်လာသည့်အတွက် ယန်ကျင်းက ပါးစပ်ကို ပိတ်လိုက်၏။ ဤတစ်ကြိမ်တွင်တော့ လေးယောက်ရှိလေသည်။ ရှန်ယောင်၏ နှလုံးခုန်သံ ပိုမိုမြန်ဆန်လာကာ ပိုမို စိုးရိမ်လာမိသည်။ ရှုချန်းအား သတ်ရန် လူများစွာ ရောက်ရှိလာကြလေပြီ။ ရှုချန်း အဆင်ပြေမည်လော။
သို့သော် သူမတို့ နှစ်ဦးသား မျက်နှာကို အတတ်နိုင်ဆုံး တည်အောင်ထား၍ ဟန်မပျက် ဆက်လက် ဆင်းနေခဲ့သည်။ လူသတ်သမားများကို ဂရုမစိုက်သည့်ဟန်ဖြင့် ဤကွန်ဒိုမှ သာမန် အခန်းပိုင်ရှင်များအဖြစ် ဟန်ဆောင်၍ ဆင်းလိုက်ကြ၏။ ထို့ကြောင့် လူသတ်သမားများကလည်း သူတို့ကို တစ်ချက်မျှသာကြည့်ကာ စိတ်အေးလက်အေး ဖြတ်ကျော်သွားကြသည်။
ကွန်ဒိုထဲမှ ထွက်လာပြီးနောက်တွင် ရှန်ယောင်က ယန်ကျင်း၏ လက်ထဲမှ အဝတ်အစားအိတ်ကို ချက်ချင်းပြန်ဆွဲယူကာ "ဒီလူတွေက လူသတ်သမားတွေလား..." ဟု မေးလိုက်၏။
ယန်ကျင်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီည အန္တရာယ်ဖြစ်မယ်ဆိုတာသိလို့ ရှုချန်းက ငါတို့ကို ရှောင်ခိုင်းလိုက်တာ..."
"အင်း... ရှုချန်း ငါတို့ကို တမင်သက်သက် နှင်ထုတ်တယ်ပဲ ထင်ခဲ့တာ... ငါ တော်တော်တုံးတာပဲ... ရဲကို အကြောင်းကြားရအောင်လေ... ရှုချန်းကို လာသတ်တဲ့လူတွေ အများကြီးပဲ... သူ ဒုက္ခရောက်လိမ့်မယ်..."
ယန်ကျင်းကလည်း "ငါတို့ တွေ့တဲ့လူတွေထက်တောင် များနိုင်သေးတယ်... ငါတို့က ငါးယောက်လောက်ပဲ တွေ့လိုက်တာလေ... အခုချိန်မှာ ဓာတ်လှေကားကိုလည်း သုံးမရအောင် လုပ်ထားပြီးသားဆိုတော့ ကွန်ဒိုရဲ့ တခြား လှေကားတွေကနေလည်း တက်လာမယ့် လူသတ်သမားတွေ ရှိလိမ့်မယ်..."
ထိုစကားကြောင့် ရှန်ယောင်၏ မျက်နှာ အမူအရာ ပြောင်းလဲသွား၏။
"ရဲကို အခု ချက်ချင်းခေါ်ရအောင်... ရှုချန်း ခဏလောက်တော့ တောင့်ခံနိုင်မှာပါနော်..."
ယန်ကျင်း ခေါင်းညိတ်ပြကာ မှုခင်းရဲဌာနကို အကြောင်းကြားလိုက်သည်။
အပေါ်ဆုံးထပ်...
ရှုချန်း အခန်းထဲသို့ အမြန်ပြေးဝင်ကာ ပစ္စတိုကို ထုတ်ကာ ကျည်ဆန်များကို ရေတွက်လိုက်၏။ စုစုပေါင်း ကျည် ခြောက်တောင့်သာ ရှိပေသည်။ သူ၏ ထိုးဖောက်မြင်နိုင်စွမ်းရှိသော အမြင်ဖြင့် လှေကားနှစ်ခုကို ကြည့်လိုက်ရာ အနည်းဆုံး လူကိုးဦးခန့် တက်လာသည်ကို တွေ့လိုက်ရ၏။ ထို့အပြင် လှေကားထိပ်၌ အနည်းဆုံး လူငါးဦးခန့် စောင့်ဆိုင်း၍လည်း နေသေးသည်။
ထိုသူများသည် သူ့အား သတ်ဖြတ်မည့်လူများ ဖြစ်ကြောင်း ရှုချန်း မည်ကဲ့သို့ သိနေသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသူများ၏ လက်၌ ကိုင်ဆောင်ထားသော သေနတ်များကြောင့်ပင်။ ကျည်ဆန် အလုံအလောက် မရှိသည့်အတွက် သစ်သီးလှီးဓား နှစ်ချောင်းကို ကောက်ယူကာ လက်ထဲ၌ ဝှက်ထားလိုက်၏။ ထို့နောက် လူသတ်သမားများ ရောက်လာမည့်အချိန်ကို တွက်ဆကာ နာရီကို Timer ဖွင့်၍ ဧည့်ခန်းထဲတွင် ထားလိုက်၏။
လူသတ်သမားများ အပေါ်ဆုံးထပ်သို့ ရောက်ရှိလာသောအခါ ရှုချန်း၏ ကွန်ဒိုကို တစ်ချက်ကြည့်လိုက်ပြီး ဓာတ်အားပေးခန်းထဲမှ အဖွဲ့သားကို "သူ အထဲမှာ ရှိနေလား..."
"ဟုတ်တယ်... ကားပါကင်မှာ သူ့ကားရပ်ထားတယ်... ဓာတ်အားပေးခန်းမှာလည်း သူ့ကွန်ဒိုက မီတာ တက်နေသေးတယ်... ဒါကို ကြည့်ရင် သူ လျှပ်စစ်ဓာတ်အားသုံးနေတာပဲ... သူ အခန်းမှာရှိလို့ပေါ့..."
"ကောင်းပြီ... သူ့အခန်းကို လျှပ်စစ်ဖြတ်လိုက်... အမှောင်ထဲမှာ ဒီကောင်ဘယ်လောက် ကောင်းကောင်း မြင်နိုင်မလဲဆိုတာ ငါသိချင်တယ်..."
ရှုချန်း၏ ကွန်ဒိုတစ်ခုလုံး မီးများမှိတ်သွား၏။ ထို့နောက် တစ်စုံတစ်ဦးက တံခါးကို ဖွင့်ရန် ကြိုးစားနေသည့်အသံ ကြားလိုက်ရ၏။ ရှုချန်းသည် တံခါးဝသို့ သေနတ်ချိန်ရွယ်ကာ ဘေးကင်းလုံခြုံသော ထောင့်တစ်ခုတွင် ပုန်းနေလိုက်သည်။
လူသတ်သမားများနှင့် ရင်ဆိုင်ရန် ရှုချန်း မစောင့်ဆိုင်းနိုင်တော့ပေ။ မီးပြတ်နေ၏။ ကိစ္စမရှိချေ။ ထိုသူများ တံခါးဖွင့်ဝင်လာသည့်အခိုက်တွင် အာထရာစိုးနစ်လှိုင်းများ၏ တုံ့ပြန်မှုမှတစ်ဆင့် ထိုသူများ မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း ရှုချန်း အလိုလို ခံစားသိရှိပေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေသော်လည်း ရှုချန်း၏ စိတ်ထဲတွင် နေ့အချိန်ကဲ့သို့ ကြည်လင်ပြတ်သားစွာ မြင်နေရ၏။
လူသတ်သမား ခေါင်းဆောင်သည် တံခါးကိုဖွင့်လိုက်ရာ ကော်ရစ်ဒါဆီမှ အလင်းရောင်မှုန်ပျပျလေး တိုးဝင်လာသည်။
ဒိုင်း...
လူသတ်သမားခေါင်းဆောင်၏ နဖူးထဲသို့ ကျည်ဆန် စိုက်ဝင်သွား၏။ ထိုသူသည် နောက်သို့ ပက်လက်လှန် လဲကျသွားကာ အခြားသော လူသတ်သမားများရှေ့သို့ ရောက်သွားသည်။ သူသည် သေဆုံးသွားသော်လည်း မျက်လုံးများ ပြူးလျက် ရှိနေဆဲပင်။ ထိုမြင်ကွင်းကြောင့် အခြားသော လူသတ်သမားများ တုန်လှုပ်သွား၏။
"ကောင်းလိုက်တဲ့ပစ်ချက်..."
"တစ်ချက်တည်းနဲ့ ခေါင်းကိုထိတာပဲ..."
ထို့ကြောင့် အခြားသော လူသတ်သမား ရှစ်ဦးသည် တံခါးကို အမြန်တွန်းဖွင့်ကာ အထဲသို့ ဝင်လာလိုက်ကြ၏။ သို့သော် မည်းမှောင်နေသော ပတ်ဝန်းကျင်ကြောင့် ရှုချန်းကို သူတို့ မမြင်ရချေ။
သို့သော် ရှုချန်းမှာမူ ထိုလူသတ်သမား ရှစ်ဦးအား မြင်နိုင်ပေသည်။ ထို့အပြင် သူနေထိုင်ရာ ကွန်ဒို ဖြစ်သည့်အတွက် နယ်မြေကျွမ်းကျင်မှုတွင်လည်း ရှုချန်းက သာ၏။ ရှုချန်းသည် မျက်စိအုပ်ထားသည့် အကြားမှပင် ပျံသန်းနေသော စက်ဝိုင်းပြားများကို တိကျမှန်ကန်စွာ ပစ်ခတ်နိုင်သူ ဖြစ်သည့်အတွက် ဤလူသတ်သမား ရှစ်ဦးကိုလည်း လွယ်ကူစွာပင် ပစ်ခတ်နိုင်ပေသည်။
လူသတ်သမား တစ်ဦးက အခန်းတဝိုက် လှုပ်ရှားသွားလာကာ ရှာဖွေနေကြသည်။ သူသည် ရှုချန်း မည်သည့်နေရာတွင်ရှိကြောင်း ရှာဖွေနေ၏။ ထို့နောက် မီးဖိုချောင်ထဲသို့ သေနတ်တစ်ချက်ပစ်လိုက်ကာ ရှုချန်း ရှိမရှိ စစ်ဆေးလိုက်၏။
ဤကဲ့သို့ စမ်းတဝါးဝါးနှင့် ရှာနေသော်လည်း ရှုချန်းမှာမူ ထိုသူများကို မြင်နေရပေသည်။ အာထရာစိုးနစ်လှိုင်းများ၏ တုံ့ပြန်မှုကို အခြေခံ၍ ထိုသူများ၏ တည်နေရာနှင့် လုပ်ကိုင်နေသည့်ပုံစံ တို့ကို ရှုချန်း ကောင်းကောင်းသိ၏။ ထို့ကြောင့် ထိုရှစ်ဦး၏ လှုပ်ရှားပုံအတိုင်း ရှုချန်းလည်း အလိုက်သင့် နေရာ ရွှေ့ပြောင်းနေလေသည်။
အမှောင်ထုကို အခွင့်ကောင်းယူကာ ရှုချန်း ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
သရဲတစ္ဆေတစ်ကောင်အလား ပျောက်ကွယ်စွာ ရွေ့လျားနေသော ရှုချန်းကို ထိုသူများ သတိမထားမိကြချေ။ ထိုစဉ် လူသတ်သမားတစ်ဦး၏ ပါးစပ်အား နောက်မှ ရုတ်တရက်အုပ်လိုက်ကာ လည်ပင်းကို သစ်သီးလှီးဓားဖြင့် လှီးဖြတ်လိုက်၏။
ရွှပ်...
အသံထွက်ပေါ်လာသဖြင့် အခြားသူများ အသံရှိရာဆီသို့ ပစ်ခတ်လိုက်ကြ၏။ သို့သော် ရှုချန်းသည် ကျည်ကွယ်သော ထောင့်တစ်ခုသို့ လှိမ့်ဝင်ကာ ပုန်းလိုက်သည်။
ထို့ကြောင့် သေနတ်ဖြင့် အပစ်ခံလိုက်ရသူမှာ ရှုချန်း မဟုတ်ဘဲ လူသတ်သမား တစ်ဦးသာ ဖြစ်နေတော့သည်။ နောက်ဆုံးတွင် "ရပ်လိုက်..." ဟူသော အသံနက်ကြီးကို ကြားလိုက်ရ၏။
လူသတ်သမားများလျှောက်လာကာ သေဆုံးသူ၏ အဝတ်အစားများကို စမ်းသပ်လိုက်၏။ ကုတ်အင်္ကျီအရှည် တစ်ထည် ဖြစ်နေလေသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ ယခုအချိန် အခန်းမီးဖွင့်လိုက်ပါက သူတို့အနီးအနားတွင် ရှုချန်းရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိရပေလိမ့်မည်။ သို့သော် မှောင်မည်းနေသော အခန်းတိုင်းတွင် ရှုချန်းအား မည်သူမျှ မမြင်နိုင်ချေ။
ချောင်ထဲ၌ ပုန်းနေသော ရှုချန်း ဖုန်းကိုထုတ်လိုက်၏။ ထို့နောက် လူသတ်သမား ခုနှစ်ဦးရှေ့သို့ ဖုန်းကို လွှင့်ပစ်လိုက်ရာ ဖုန်းမျက်နှာပြင် ပွင့်ကာ လင်းလာလေတော့သည်။
အခန်း ၁၃၆ ပြီး