မည်သို့ပင်ဆိုစေ၊ ခေါင်းဆောင်လင်က ကျွမ်းကျင်သိုင်းပညာရှင်တစ်ဦးဖြစ်၍ သေရေးရှင်ရေးအခြေအနေတွင် လျင်မြန်စွာတုံ့ပြန်နိုင်သည်။ သူက ဓားကို လက်နှစ်ချောင်းဖြင့်ညှပ်၍ ထိန်းချုပ်လိုက်ရာ ဓားဦးက ရင်ဘတ်ကို စိုက်ဝင်သွားသော်လည်း လျိုရိမည်မျှအားသုံးပါစေ၊ တစ်လက်မတောင် မတိုးနိုင်တော့ပေ။
ထိုစဥ် သွမ့်လင်က ကိုယ်ဖော့၍ အနားသို့ရောက်လာပြီး လျိုရိ၏ဂုပ်ပိုးကို လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သည်။
လျိုရိက အစနဂိုတည်းကပင် သိုင်းပညာအဆင့်မြင့်လွန်းသူမဟုတ်ပေ။ ထို့ကြောင့် တောင့်ခံနိုင်စွမ်းမရှိဘဲ တစ်ချက်ညည်းညူကာ လဲကျသွားတော့သည်။ နံဘေးတွင်ရှိနေသော သူ့ဆရာသခင်က အမြန်ပြေးလာပြီး ထိန်းပွေ့ထားလိုက်၏။
သွမ့်လင်က ခေါင်းဆောင်လင်၏ဒဏ်ရာကို စစ်ဆေးကြည့်လိုက်သည်။ ခေါင်းဆောင်လင်၏ မျက်နှာသည်ကား ပျက်ယွင်းနေပြီဖြစ်၏။ ရင်ဘတ်မှဒဏ်ရာက သွေးများစွာယိုစိမ့်ထွက်နေပြီး ဓားရှည်က သူ့ရင်အုံကို ထိုးဖောက်ဝင်ရောက်နှင့်နေသည်။
သူ့ဒဏ်ရာက ပြင်းထန်ကြောင်းတွေ့သောအခါ သွမ့်လင်လည်း ဓားကိုအလျင်စလိုဆွဲမထုတ်ရဲပေ။ ရင်ဘတ်ရှိအကြောများကို အရင်ပိတ်လိုက်ပြီးမှ သတိကြီးကြီးထား၍ဓားကို ဆွဲထုတ်ကာ မေးလိုက်၏။
"ခေါင်းဆောင်လင်၊ ဘယ်လိုနေသေးလဲ။"
ခေါင်းဆောင်လင်က ကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး အားလျော့စွာ ပြန်ဖြေသည်။
"ကိစ္စမရှိပါဘူး။ အသက်အန္တရာယ်နီးမယ့်နေရာကို မထိသွားဘူး။"
သွမ့်လင်က ဆောင်ယူလာသော ရွှေဆေးမှုန့်ကိုထုတ်ကာ ဒဏ်ရာပေါ်တွင် ဖြူးပေးလိုက်သည်။ ဒဏ်ရာမှာ အတော်ပြင်းထန်လှပြီး ဓားသွားက အနည်းငယ်ထပ်နစ်သွားခဲ့ပါလျှင် ခေါင်းဆောင်လင် အသက်ဆုံးရှုံးရနိုင်သည်။ သူ၏ကျွမ်းကျင်မှုကြောင့် အသက်ဘေးမှရှောင်တိမ်းနိုင်ခဲ့သော်လည်း အချိန်အနည်းငယ်အနားယူရန်လိုမည်ဖြစ်ရာ ချက်ချင်းတိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။
သူတို့အခြေအနေကိုမြင်ပြီးနောက် ကျန်သူများလည်း ဆူညံပွက်လောရိုက်လာတော့သည်။
"ဘယ်လိုဖြစ်တာလဲ။ မဟာမိတ်အဖွဲ့ခေါင်းဆောင် ဒဏ်ရာရသွားတာလား။'
"မိစ္ဆာဂိုဏ်းရဲ့သူလျှိုရှိနေတာလား။"
"မဟုတ်သေးဘူး! တစ်ယောက်ယောက်က မိစ္ဆာအတတ်နဲ့ပြုစားခံရပြီး စိတ်ဖောက်သွားတာပဲ။"
လက်ရှိတွင် သူတို့က ဈာနပခန်းမထဲတွင်ရှိနေပြီး ကဗျည်းတိုင်များရှေ့တွင် ရပ်နေရသည်။ ၎င်းအခြေအနေကပင် စိုးထိတ်စရာကောင်းလှပြီဖြစ်၏။ ထိုစကားကိုကြားပြီးနောက်တွင်တော့ လက်နက်များကိုတင်းတင်းဆုပ်ကာ မိမိနှင့်ကျောချင်းကပ်တိုက်ပွဲဝင်နေသူက သစ္စာဖောက်လေမလားဟု သတိကပ်နေကြရတော့သည်။
ထိုစဥ် အသံကျယ်ကြီးနှင့်အတူ အခန်းဝရှိကျောက်တံခါးက တဖြည်းဖြည်းပိတ်သွားပြီး အခန်းထောင့်လေးခုမှ မီးတောက်များကလည်း ရုတ်ချည်းငြိမ်းသွားရာ တစ်ခန်းလုံးကို အမှောင်ထုက ဖုံးလွှမ်းသွားတော့သည်။
ဤအခန်းထဲတွင် အခြားထွက်ပေါက်မရှိပါချေ။ ကျောက်တံခါးပိတ်သွားသည်နှင့်တပြိုင်နက် သူတို့လည်း ပိတ်မိသွားပြီဖြစ်သည်။ ထို့အပြင် အမှောင်ထုအလယ်သို့ကျရောက်သွားသည်ကလည်း အခြေအနေကို တင်းနေသည့်ကြိုးတစ်ချောင်း ပြတ်ထွက်သွားသည်နှင့် ဆင်တူစေသည်။
တစ်စုံတယောက်က ကြောက်ရွံ့စွာ 'အား' ခနဲ အော်လိုက်ပြီးနောက် "သေစမ်း၊ နောက်တစ်ယောက် ပြုစားခံရပြန်ပြီ" ဆိုသည့်အသံက နောက်မှကပ်ပါလာ၏။
ထို့နောက် အခန်းထဲတွင် ဓားလက်နက်တို့၏တိုက်ခိုက်သံများ ပဲ့တင်ထပ်လာတော့သည်။
အမှောင်ထဲတွင် ရန်သူ၊မိတ်ဆွေ ခွဲခြားရန် ခက်ခဲလှသဖြင့် လူတိုင်းက အသက်ရှင်ရန်အလို့ငှာ လက်ဦးမှုရရန်ကြိုးစားနေကြသည်။
မျက်စိရှေ့မှအခြေအနေက လွန်စွာရှုပ်ထွေးလာပြီး အခြေအနေကိုထိန်းချုပ်နိုင်မည့် ခေါင်းဆောင်လင်ကလည်း ဒဏ်ရာရထားပြန်သည်။ သွမ့်လင်လည်း ကြည့်မနေနိုင်တော့ဘဲ ရှေ့ထွက်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။
"အားလုံးရပ်ကြစမ်း!"
အတွင်းအားထည့်သုံးထားသော သူ့အသံက မိုးခြိမ်းသံအလား လူတို့၏နှလုံးသည်းပွတ်ကို တုန်ယင်သွားစေသည်။
သိုင်းလောကတွင် အင်အားကြီးသူက လေးစားခံရစမြဲပင်။ သွမ့်လင်က သူ့စွမ်းရည်ကိုထုတ်ပြလိုက်သောအခါ ကျန်သူများအားလုံး မဖြစ်မနေရပ်တန့်လိုက်ရသည်။
သွမ့်လင်က ခေါင်းဆောင်လင်၏နည်းကိုသုံး၍ လူအများငြိမ်သက်အောင်ထိန်းလိုက်ပြီးနောက် ပုံမှန်အသံပြန်ပြောင်းကာပြောလိုက်သည်။
"အားလုံးပဲ မိစ္ဆာဂိုဏ်းရဲ့လှည့်ကွက်ထဲ အရောက်မခံကြပါနဲ့။ ပြုစားခံရတဲ့သူ တကယ်ရှိတယ်ဆိုပေမဲ့ လူတိုင်းကတော့ ရန်သူတွေမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အခြေအနေက ဒီလိုပျက်ပြားနေမယ်ဆိုရင် မိစ္ဆာဂိုဏ်းက အကျိုးအမြတ်ရသွားပါလိမ့်မယ်။"
လေယူလေသိမ်းက ယဥ်ကျေးသော်လည်း စကားလုံးတိုင်းက တိကျပြတ်သားလှပြီး လူတိုင်း၏နားထဲတွင် ရှင်းလင်းစွာ ပဲ့တင်သွားသည်။ အချို့သူများက အလိုမကျသည့်တိုင်အောင် သူ၏သိုင်းအဆင့်က မြင့်မားလှသည်ကို သိလိုက်ရ၍ မငြင်းဆန်ရဲကြပေ။
သွမ့်လင်က တခဏရပ်ပြီးမှ ဆက်ပြောလိုက်၏။
"မီးစာယူလာတဲ့သူရှိလား။ အမြန်မီးပြန်ညှိလိုက်ပါ။"
ထိုအခါမှ သတိပြန်ဝင်လာကြပြီး ဟိုသည်ရှာဖွေကြတော့သည်။
မီးတောက်က အမြန်ထွန်းလင်းလာပြီး အမှောင်ထုကို ဖြိုခွင်းလိုက်သည်။ အနီးအနားမှလူများ၏မျက်နှာကို ရှင်းလင်းစွာပြန်မြင်ရချိန်တွင် သူတို့၏သံသယစိတ်များလည်း မနည်းပျောက်ကွယ်သွားတော့၏။
သွမ့်လင်က ပြောလိုက်သည်။
"အားလုံးပဲ လျိုရိအပြင် တခြားစိတ်ညှို့ခံရတဲ့သူရှိမရှိ စစ်ဆေးကြည့်ပေးကြပါ။"
အခန်းထဲမှလူအများစုက အချင်းချင်းရင်းနှီးသိကျွမ်းကြသည်။ အလင်းရောင်အောက်တွင် အပြန်အလှန်စစ်ဆေးကြည့်ပြီးနောက် အားလုံးပုံမှန်ဖြစ်ကာ ပြုစားခံထားရသူမရှိကြောင်း အတည်ပြုနိုင်သွား၏။
"အယ်၊ ဒါဆို ခုနကတုန်းက ဘယ်သူအော်လိုက်တာလဲ။"
"ဟုတ်တယ်၊ ကျုပ်လည်း အဲဒီအော်သံကြောင့် ဓားဆွဲထုတ်လိုက်မိတာပဲ။"
သွမ့်လင်က အားလုံးကို စိတ်ငြိမ်ငြိမ်ထားရန် အချက်ပြလိုက်သည်။
"ခုနက အမှောင်ဖုံးနေတဲ့အချိန် အော်လိုက်တဲ့သူက ကျွန်တော်တို့ထဲကလား၊ မိစ္ဆာဂိုဏ်းရဲ့လူလားဆိုတာ ခွဲခြားပေးနိုင်မယ့်သူရှိလား။"
"သေချာပေါက် မိစ္ဆာဂိုဏ်းကလူပဲဖြစ်ရမယ်။"
"ကျုပ်လည်း အဲဒီအသံကိုကြားတော့ မူမမှန်ဘူးလို့ တွေးမိလိုက်တယ်။ အသံက အပြင်ဘက်ကနေ ပျံ့လာသလိုပဲ။"
"ဒါဆို လက်ဝဲအရှင်က ငါတို့ကို အချင်းချင်းပြန်သတ်စေချင်တာပဲ။"
ထိုသူ၏ဆိုးယုတ်သောအကြံကို တွေးဆမိသောအခါ လူတိုင်းကျောစိမ့်သွားရသည်။
လူအချို့က မနေနိုင်စွာ ထုတ်မေးလာကြ၏။
"သူရဲကောင်းသွမ့်၊ လူငယ်လေးလျိုက ဘယ်လိုများပြုစားခံလိုက်ရတာလဲ။"
ဤအချက်ကို သွမ့်လင်ကိုယ်တိုင်လည်း တွေးဆနေဆဲပင်။
သူက ကိုယ်ကိုငုံ့ကိုင်းကာ လျိုရိကိုတစ်ချက်စစ်ဆေးကြည့်သည်။ မျက်ခွံကိုလှန်ကြည့်သောအခါ အောက်မျက်ခမ်းတွင် အနက်ရောင်ဖျော့ဖျော့ထင်နေကြောင်း တွေ့လိုက်ရပြီး သဘောပေါက်နားလည်သွားသည်။
"သူက ကူအဆိပ်မိထားတာပဲ"
"ကူအဆိပ် ... ခုနက ပိုးကောင်နီတွေဆီကမိတာလား။"
"မဟုတ်ဘူး။ ကူအဆိပ်ရဲ့ပျံ့နှံ့ပုံက အတော်လေးရှုပ်ထွေးတယ်။ ဒီလောက်တခဏလေးအတွင်း စိတ်ကိုမထိန်းချုပ်နိုင်ဘူး။ ဒါပေမဲ့...."
"ဒါပေမဲ့ ဘာဖြစ်လဲ"
သွမ့်လင်က တခဏတွေးတောနေပြီး လျင်မြန်စွာ အဖြေထုတ်နိုင်သွားသည်။
"ဒါပေမဲ့ လျိုရိက ဒီဂူထဲကို မဝင်ခင်တည်းက အဆိပ်မိထားတာဆိုရင်တော့ ဖြစ်နိုင်လိမ့်မယ်။"
သွမ့်လင်က ပြောပြီးနောက် အရပ်လေးမျက်နှာကိုဝန်းရံနေသည့် အမှောင်ထုထဲသို့ စိုက်ကြည့်လိုက်သည်။ ထို့နောက် အမှောင်ထဲတွင်ပုန်းကွယ်နေသူကို မြင်န်ုင်သည့်အလား တစ်လုံးချင်းပြတ်သားစွာပြောလိုက်၏။
"ကျွန်တော်ပြောတာမှန်ရဲ့လား၊ ထျန်းကျွယ်ဂိုဏ်းရဲ့ လက်ဝဲအရှင်။"
သူက စကားကိုတခဏရပ်လိုက်လိုက်ပြီး နှုတ်ခမ်းထောင့်များက အသာတွန့်ကွေးသွားသည်။
"ဒါမှမဟုတ်၊ ခင်ဗျားကို နတ်ဆေးသမားတော်ဝေ့လို့ ခေါ်သင့်လား။"
"ဟားဟားဟား----"
သွမ့်လင်စကားအဆုံးတွင် ကျယ်လောင်သောရယ်သံကြီး ပျံ့နှံ့လာသည်။ အသံက ထူးဆန်းလွန်းလှပြီး မြေအောက်မှာပျံ့နှံ့လာဟန်တူကာ လူကို ထိတ်လန့်စေနိုင်၏။
ထို့နောက် အသံတစ်သံနှင့်အတူ ကဗျည်တိုင်များရှိရာစားပွဲက အောက်သို့ကျဆင်းသွားပြီး နောက်ဘက်တွင် လျှို့ဝှက်တံခါးတစ်ချပ် ပေါ်ထွက်လာသည်။
လူတစ်ဦးက ထိုတံခါးကို အသာအယာတွန်းဖွင့်၍ ထွက်လာ၏။
လူအုပ်ကြီးက အသက်အောင့်ထားလျက် စောင့်ဆိုင်းနေမိကြသည်။
သိုင်းလောက၏လူအများကို ကြောက်ရွံ့တုန်လှုပ်စေသော လက်ဝဲအရှင်က မှိန်ဖျော့ဖျော့အလင်းရောင်အောက်တွင် တစ်လှမ်းချင်းလျှောက်ရင်း သူတို့ရှေ့သို့ ရောက်လာခဲ့သည်။ သူက တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း မျက်နှာဖုံးနက်ဖြင့် ဖုံးကွယ်ထားရာ မူရင်းအသွင်အပြင်ကို မည်သူမှမသိမြင်နိုင်ပါချေ။ သို့သော် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မားမားမတ်မတ်ရပ်ရင်း လူအုပ်ကြီးကိုဝေ့ဝဲကြည့်လိုက်ပုံက လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါနှင့်ပြည့်နှက်နေ၏။
သွမ့်လင်က ပြောသည်။
"ဆရာဝေ့၊ ဒီလောက်အမြန်ပြန်ဆုံရမယ်လို့ ထင်မထားမိဘူး။"
ထိုလက်ဝဲအရှင်က "အွန်း" ဟုတုံ့ပြန်ပြီး မျက်နှာဖုံးကို ဖြည်းညင်းစွာချွတ်လိုက်သည်။ သူက အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိပြီး အသွင်အပြင်က ကြည့်ကောင်းသည်ဆိုရုံသာ။ သို့သော် နားသယ်မှဆံစများ မီးခိုးရောင်သမ်းနေခြင်းက သူ့ကို အတွေ့အကြုံရင့်သန်သည့်ပုံစံပေါ်နေစေ၏။ ထိုသူသည်ကား သွမ့်လင်တို့၏မိတ်ဆွေဖြစ်သူ နတ်ဆေးသမားတော်ဝေ့ပင်။
"တကယ်ပဲ ခင်ဗျားဖြစ်နေတာကိုး!"
သွမ့်လင်က အေးစက်စက်ပြောသည်။
"ဆရာဝေ့၊ ခင်ဗျားရဲ့ရန်သူရော။ အခုထိ ခင်ဗျားကိုလိုက်ဖမ်းနေတုန်းပဲလား။"
လက်ဝဲအရှင်က အသာရယ်လိုက်သည်။
"ငါ့ရဲ့ရန်သူက သေသွားတာကြာလှပေါ့။"
သူက ရှေ့မှလူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးပြောသည်။
"ဒီနေ့က ရှစ်လပိုင်း၊ ရှစ်ရက်နေ့။ အင်း၊ သူသေသွားတဲ့နေ့ကလည်း ... တိုက်တိုက်ဆိုင်ဆိုင် ရှစ်လပိုင်း၊ ရှစ်ရက်နေ့ပဲလေ။"
သွမ့်လင်က ချက်ချင်းရိပ်မိသွား၏။
"လက်စသတ်တော့ အဲဒီလူက မိစ္ဆာဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲ။"
လက်ဝဲအရှင်က ထိုအကြောင်းကို စကားဆက်ချင်ပုံမရဘဲ တခြားမေးခွန်းကိုမေးလာသည်။
"ငါ့ရဲ့သရုပ်မှန်ကို မင်း ဘယ်လိုခန့်မှန်းမိသွားတာလဲ။"
"အဓိကကတော့ လျိုရိကြောင့်ပဲပေါ့။ ဒီတစ်လမ်းလုံးမှာ သူ့ကိုအဆိပ်ခတ်နိုင်ဖို့ ဖြစ်နိုင်ချေအများဆုံးလူက ခင်ဗျားပဲရှိတယ်။ ပြန်တွေးကြည့်လိုက်တော့ အဲဒီညတုန်းက တည်းခိုဆောင်ကို ခင်ဗျား ရုတ်တရက်ရောက်လာတာကလည်း တိုက်ဆိုင်လွန်းတယ်လေ။"
"မတတ်နိုင်ဘူးပေါ့ကွာ။ ငါနဲ့လုရှိုးဝမ်က မဟာမိတ်အဖွဲ့ခေါင်းဆောင်လင်ရဲ့ခေါင်းကို ဘယ်သူအရင်ဖြတ်နိုင်မလဲလို့ လောင်းကြေးထပ်ထားတယ်။ သူ့မှာလည်း သူ့နည်းလမ်းရှိသလို ငါ့မှာလည်း ငါ့ရဲ့နည်းလမ်းရှိတာပေါ့။"
ယခုတစ်ကြိမ် သူ၏အကွက်ရွှေ့ပုံက လွန်စွာပြင်းထန်လှသည်။ သွမ့်လင် သတိပေးလိုက်ခြင်းကြောင့်သာမဟုတ်လျှင် ခေါင်းဆောင်လင် အသက်ဆုံးရှုံးသွားနိုင်၏။
သွမ့်လင်က လုရှိုးဝမ်အကြောင်းကြားသောအခါ ဆက်ပြောသည်။
"လုရှိုးဝမ် အသက်ပြန်ရှင်လာတဲ့ကိစ္စကလည်း ခင်ဗျားကို သံသယဝင်မိစေတဲ့အကြောင်းတွေထဲက တစ်ခုပဲ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့က ခင်ဗျားအိမ်မှာ ဆေးကုနေခဲ့တာ။ သူ့ရောဂါအခြေအနေကို ခင်ဗျားသိတယ်။ သူသေတဲ့အချိန်ကိုလည်း သိတယ်။ သူ့ရဲ့အခေါင်းကိုပြန်သယ်မယ့်အချိန်ကိုလည်း ခင်ဗျားသိတယ်။ ဒီတော့ အလောင်းကိုလုယူချင်ရင် အလွယ်လေးပဲမဟုတ်လား။ သေချာတွေးကြည့်ရင် သူသေသွားရတာကလည်း ... ခင်ဗျားရဲ့ပယောဂကင်းရဲ့လား အတပ်မပြောနိုင်ဘူး။"
လက်ဝဲအရှင်က ဝန်မခံသလို ငြင်းလည်းမငြင်းပယ်ဘဲ ပြောသည်။
"အဲဒီအချိန်တုန်းက သူရဲကောင်းသွမ့် ဘယ်လောက်တောင်စိတ်ထိခိုက်ခဲ့ရသလဲဆိုတာ ငါမှတ်မိနေသေးတယ်။"
သွမ့်လင်က လက်ကိုကျစ်ကျစ်ဆုပ်ရင်း မေးလိုက်၏။
"တကယ့်အစစ်အမှန် နတ်ဆေးသမားတော်ဝေ့က ဘယ်မှာလဲ"
"ဒီလောကကြီးထဲမှာ နတ်ဆေးသမားတော်ဝေ့ဆိုတာ မရှိဘူး။"
"ဘာရယ်"
"မင်း သိုင်းလောကတခွင်ကအသိအကျွမ်းတွေကို နတ်ဆေးသမားတော်ရှာခိုင်းဖူးတယ်မဟုတ်လား။ ငါက မင်းမိတ်ဆွေရဲ့စာကိုလဲပြီး နတ်ဆေးသမားတော်ဝေ့ဆိုတဲ့လူကို ဖန်တီးလိုက်တာပဲ။ မင်းတို့တွေ ချန်ကျားရွာမှာ ငါ့ကိုလာရှာအောင်ပေါ့။"
သွမ့်လင် အံ့အားသင့်သွားသည်။ လက်ဝဲအရှင်၏ထောင်ချောက်အတွင်း ဤမျှစောလျင်စွာ ကျရောက်ခဲ့မည်ဟု ထင်မထားပါချေ။
"တုဖုန်းကိုလည်း ခင်ဗျားလွှတ်လိုက်တာပဲလား"
"သေချာတာပေါ့။ မင်းတို့ကိုယ်ပေါ်က ဝိညာဥ်လိုက်ရနံ့ကို ပထမဆုံးအကြိမ် ဆေးကုဖို့ လာတောင်းဆိုတုန်းက ငါထည့်ပေးလိုက်တာ။"
"ဒီလိုဆိုရင် လုရှိုးဝမ်က တုဖုန်းကိုသတ်တဲ့အချိန် ခင်ဗျား ဘာလို့ဝင်မကူခဲ့တာလဲ။"
လက်ဝဲအရှင်၏မျက်နှာက အမူအရာကင်းမဲ့လျက် ပြန်ဖြေသည်။
"သိုင်းအတတ်ဆုံးရှုံးထားတဲ့ လုရှိုးဝမ်ကိုတောင် အနိုင်မယူနိုင်တဲ့ လူ့အမှိုက်ကို ငါက ဘာလို့ချန်ထားရဦးမလဲ။"
လက်ဝဲအရှင်၏စိတ်နေသဘောထားက ဆိုးယုတ်၍ရက်စက်လှသည်။ ဤသည်မှာ သူ၏ပုံစံစင်စစ်ပင်။ သို့သော် သွမ့်လင်၏ရင်ထဲတွင် သံသယအချို့ကျန်ရစ်နေဆဲဖြစ်၏။
"တုဖုန်းသေပြီးတော့ရော ဘာလို့ကျွန်တော်တို့ကို မတိုက်ခိုက်ခဲ့တာလဲ။ လုရှိုးဝမ် သေသွားတော့ရော ဘာကြောင့်အသက်ပြန်သွင်းပေးခဲ့တာလဲ။"
"ဒီကိစ္စတွေမှာ အကြောင်းအရင်းရှိတယ်။ ဒါပေမဲ့ မင်းသိဖို့မလိုအပ်ဘူး။"
လက်ဝဲအရှင်က သေလူများကိုကြည့်သည့်အကြည့်မျိုးဖြင့် လူအုပ်ကြီးကို တစ်ချက်ဝေ့ဝဲကြည့်လိုက်သည်။
"ဘာဖြစ်ဖြစ်... မင်းတို့အားလုံး ဒီနေ့သေကြရမှာပဲ။"
ပြောပြီးနောက် လက်ခုပ်တီးလိုက်၏။
နောက်ဘက်ရှိ ကျောက်တံခါးကြီးက တဖန်ပွင့်လာပြီး လက်နက်ကိုင်ဆောင်ထားသော အနက်ဝတ်အမျိုးသား ဆယ်ယောက်ကျော်ခန့် ထွက်လာသည်။ လက်ဝဲအရှင်၏ လက်အောက်ခံများပင်။
လက်ဝဲအရှင်က လက်ကိုခပ်ဖြည်းဖြည်းမြှောက်ပြီးနောက် အသာပြန်ချကာ ပြောလိုက်၏။
"တစ်ယောက်မှ အသက်ရှင်မကျန်စေနဲ့"
ထိုလူများက အမိန့်နာခံစွာ သတ်ဖြတ်ရန်ပြေးဝင်လာတော့သည်။
လူအုပ်ကြီးက ဂူထဲတွင် အချိန်အတန်ကြာလှည့်ပတ်ခဲ့ရပြီး ရန်သူ၏အရိပ်အယောင်ကို မမြင်တွေ့ရသဖြင့် ဒေါသစိတ်ကို ထိန်းချုပ်ထားသည်မှာ ကြာပြီဖြစ်သည်။ ယခုအချိန်တွင်တော့ ကျယ်လောင်စွာ ဟစ်ကြွေး၍ စတင်တိုက်ခိုက်ကြတော့သည်။
သွမ့်လင်လည်း တုံ့ဆိုင်းမနေဘဲ ဓားကိုချက်ချင်းဆွဲထုတ်ကာ လက်ဝဲအရှင်ကို တိုက်ခိုက်လိုက်သည်။
လက်ဝဲအရှင်က ပြန်လည်တိုက်ခိုက်ခြင်းမရှိဘဲ လက်ကိုနောက်ပစ်ထားလျက် ဓားချက်များကိုရှောင်တိမ်းရင်း နောက်သို့ပြန်ဆုတ်သွားသည်။
သွမ့်လင်၏ဓားချက်များက အလင်းအလျင်ဖြင့် မြန်ဆန်စွာလှုပ်ရှားနေရင်း မေးလိုက်၏။
"လုရှိုးဝမ် ဘယ်မှာလဲ"
"စိတ်ချ၊ မင်း မကြာခင် သူ့ကိုတွေ့ရတော့မှာ။"
လက်ဝဲအရှင်က ပြုံးလိုက်သော်လည်း မျက်လုံးများက ပြုံးရိပ်မသမ်းပါဘဲ ရေခဲတမျှ အေးစက်နေသည်။
"အဲဒီနေ့တုန်းက မိစ္ဆာဂိုဏ်းကိုတိုက်ခိုက်ကြတော့ သူရဲကောင်းသွမ့်က အများကြီးအားစိုက်ထုတ်ပြီး ပါဝင်ခဲ့တာမဟုတ်လား။ ဒီတော့ ငါကလည်း မင်းနဲ့အသင့်တော်ဆုံး သေလမ်းကိုရွေးပေးထားတယ်။ မင်းအချစ်ရဆုံးလူရဲ့လက်ထဲမှာ သေရမယ်ဆိုရင်ရော ဘယ်လိုလဲ။"
စကားအဆုံးတွင် လက်ဝဲအရှင်က လက်ဝါးသိုင်းတစ်ချက်ကို ထုတ်သုံးလိုက်တော့သည်။
သွမ့်လင်၏စိတ်နှလုံးက တင်းကြပ်သွားသည်။ ထိုအခါမှသာ လက်ဝဲအရှင်နောက်ကိုလိုက်လံတိုက်ခိုက်ရင်း လျှို့ဝှက်တံခါးရှိရာသို့ရောက်လာခဲ့ကြောင်း သတိပြုမိတော့၏။ လက်ဝဲအရှင်၏လက်ဝါးချက်ကိုရှောင်တိမ်းရန် တံခါးရှိရာသို့ သွမ့်လင် မဖြစ်မနေလှည့်လိုက်ရသည်။ ထိုအချိန်တွင် လက်ဝဲအရှင်က သူ့ကို လျှို့ဝှက်ခန်းထဲသို့ အချိန်ကိုက်တွန်းပို့လိုက်တော့သည်။
ကျောက်တံခါးက ယန္တရားတစ်ခုဖြင့်ချိတ်ဆက်ထားပြီး မြည်သံနှင့်အတူ စေ့ပိတ်သွားသည်။ သွမ့်လင်မည်မျှအားထုတ်ပါစေ၊ ပြန်မပွင့်တော့ချေ။
တံခါးနောက်ဘက်တွင် လားရာမသိနိုင်အောင် မှောင်မည်းနေသည့် လျှို့ဝှက်လမ်းတစ်ခုရှိသည်။ သွမ့်လင် နားစိုက်ထောင်ကြည့်သောအခါ တံခါးအပြင်ဘက်မှတိုက်ခိုက်သံများအပြင် လျှို့ဝှက်လမ်းအဆုံးမှာ လှုပ်ရှားသံအချို့ကိုလည်းကြားလိုက်ရ၏။
လက်ဝဲအရှင်ပြောသွားသည့်စကားကို သူပြန်ကြားယောင်ရင်း တခဏစဥ်းစားပြီးနောက် နက်ရှိုင်းသည့် လျှို့ဝှက်လမ်းအတိုင်း လျှောက်ဝင်ခဲ့လိုက်သည်။
သူ့လက်ထဲတွင် မီးတုတ်မပါလာသဖြင့် ရှေ့ကိုမမြင်နိုင်ဘဲ စမ်းတဝါးဝါးဖြင့် ခပ်ဖြည်းဖြည်းသာ လျှောက်လာခဲ့ရသည်။ ကံကောင်းထောက်မစွာ လျှို့ဝှက်လမ်းက သိပ်မရှည်လှပေ။ သွမ့်လင် လျှောက်လာခဲ့ရင်း သိပ်မကြာမီ ကျောက်တံခါးနောက်တစ်ချပ်ကို လက်ဖြင့်စမ်းမိတော့သည်။
သွမ့်လင်က တံခါးကိုတွန်းဖွင့်ပြီး အထဲသို့တစ်ချက်ကြည့်လိုက်ရာ ရုတ်ချည်းဆိုသလို မှင်သက်သွားရ၏။
တံခါးနောက်တွင်ရှိနေသည်က အခန်းတစ်ခန်းပင်။ အခန်း၏လေးဘက်လေးတန်ထောင့်များတွင် အလင်းပုလဲများရှိနေပြီး မှိန်ဖျော့ဖျော့အလင်းရောင်ကို ဖြန့်ကျက်ပေးနေသည်။
အခန်းထဲတွင် ပရိဘောဂပစ္စည်းများမရှိသော်လည်း ကျောက်သားစားပွဲထက်တွင်တော့ ဗျပ်စောင်းတစ်လက်ရှိနေခဲ့သည်။ ငယ်ရွယ်သောအမျိုးသားလေးက စားပွဲနံဘေးတွင်ထိုင်ရင်း ကြိုးများကို ဂရုမပြုစွာတီးခတ်နေ၏။ သူက သွမ့်လင်ကိုမြင်သောအခါ ခေါင်းမော့ကြည့်ရင်း အပြုံးနှင့်အတူ ခေါ်လိုက်သည်။
"အားလင်"
နက်မှောင်သော ဆံနွယ်ရှည်များက သူ၏ ကျောက်စိမ်းသဖွယ် ဖွေးဆွတ်နူးညံ့လှသောအသွင်ကို အားဖြည့်ပေးနေခဲ့သည်။
လွန်ခဲ့သောတစ်နှစ်က မိစ္ဆာဂိုဏ်း၏လျှို့ဝှက်အခန်းငယ်လေးထဲတွင် သူနှင့်နှစ်ပေါင်းများစွာကွဲကွာနေခဲ့သော လုရှိုးဝမ်အား ပြန်တွေ့သည့်အချိန်လေးကို သွမ့်လင် အမှတ်ရမိသွားသည်။
မထင်မှတ်ပါဘဲ ဂူထဲမှ ဤလမ်းသည်လည်း ထိုအခန်းငယ်လေးရှိရာကို ဦးတည်နေခဲ့သည်ပင်။
သွမ့်လင်က တခဏမှင်သက်နေပြီး လုရှိုးဝမ်က သူ့အား လက်ယပ်ခေါ်သည်ကို မြင်လိုက်ရ၏။
သူ မနေနိုင်စွာ ရှေ့သို့အလိုလိုလျှောက်သွားရင်း ခေါ်မိသည်။
"လုရှိုးဝမ်"
"ငါပါ"
လုရှိုးဝမ်၏ မျက်ဝန်းအကြည့်များက နူးညံ့သိမ်မွေ့လှပြီး အသာရယ်ကာပြောသည်။
"အားလင်၊ ငါ မင်းကိုဘယ်လောက်တောင် လွမ်းနေလဲသိရဲ့လား။"
သွမ့်လင်၏နှလုံးသားက တသိမ့်သိမ့်ခုန်လှုပ်နေပြီး လုရှိုးဝမ်ကိုဆွဲကာ ပွေ့ဖက်လိုက်မိသည်။
"ရှစ်ရှုန်း၊ မှတ်ဉာဏ်တွေပြန်ရသွားပြီလား။"
လုရှိုးဝမ်က ရယ်၏။
"ငါက ဘယ်လိုလုပ် မင်းကို မေ့နိုင်ပါ့မလဲ အားလင်ရယ်"
သွမ့်လင်က သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်း -
"ခင်ဗျားသိလား၊ သမားတော်ဝေ့က လက်ဝဲအရှင်ပဲ။"
"ဟုတ်လား"
လုရှိုးဝမ်လည်း တခဏအံ့အားသင့်သွားပုံရသည်။
"သူက အမြဲမျက်နှာဖုံးတပ်ထားလို့ မျက်နှာအစစ်ကို ငါမမြင်ဖူးဘူး။"
"ခေါင်းဆောင်လင်က ဒဏ်ရာရထားတယ်။ လျိုရိကလည်း ကူအဆိပ်မိထားတယ်။ အခု သူတို့ကို လက်ဝဲအရှင်ရဲ့လူတွေက ဝိုင်းတိုက်နေကြတယ်။ ကျွန်တော်တို့ အမြန်သွားကူကြရအောင်။"
ပြောပြီးနောက် သွမ့်လင်က လက်ကိုလွှတ်လိုက်သော်လည်း လုရှိုးဝမ်က ပြန်ဖမ်းဆွဲထားသည်။
"အားလင်၊ ဒီလိုရှားရှားပါးပါးအခွင့်အရေးလေးရတုန်း ငါနဲ့နှစ်ယောက်တည်း တခဏလောက် အတူမနေချင်ဘူးလား။"
"ကျွန်တော်...."
လုရှိုးဝမ်က လက်ကိုဆန့်ထုတ်ကာ သွမ့်လင်၏နှုတ်ခမ်းထောင့်ကို အသာထိတွေ့ရင်း မေးသည်။
"အရင်တစ်ခါ ငါကိုက်လိုက်တဲ့ဒဏ်ရာက ပျောက်သွားပြီလား။ နာနေသေးလား။"
သွမ့်လင်က ခေါင်းသာယမ်းပြ၏။
လုရှိုးဝမ်က ပြုံးလိုက်မိရင်း -
"ဒါဆိုလည်း နောက်တစ်ကြိမ်ထပ်ကိုက်ရတာပေါ့"
သူက ပြောရင်း မျက်လုံးများကိုမှိတ်ကာ သွမ့်လင်၏နှုတ်ခမ်းကို အသာအယာနမ်းလိုက်သည်။
သွမ့်လင်နှလုံးသားက အထိန်းအကွပ်မဲ့ခုန်လှုပ်လာတော့၏။
နှစ်ဦးသားနမ်းရှိုက်ရင်း လက်တစ်ဖက်က သူ့ခါးကို ထိတွေ့လာသောအခါ သွမ့်လင် ရုတ်တရက်ဖမ်းဆွဲလိုက်သည်။
"ဘာလုပ်မလို့လဲ"
လုရှိုးဝမ်က သူ့ခါးထက်မှ အမွှေးအိတ်လေးကို လက်ညှိုးညွှန်ပြရင်း -
"ငါပြောဖူးတယ်လေ။ ဒီအနံ့ကိုမကြိုက်ဘူးလို့။"
"အဲဒီအမွှေးအိတ်က ခင်ဗျားပေးထားတာလေ"
"ဟုတ်လား"
လုရှိုးဝမ်က သွမ့်လင်ကို နောက်တစ်ကြိမ်နမ်းကာ ချော့မြှူ၏။
"ဒါဆို နောက်ပိုင်းကျရင် ပိုကောင်းတာပေးမယ်နော်"
နောက်ဆုံးတော့ သွမ့်လင် သံသယဝင်မိတော့သည်။
"လုရှိုးဝမ်၊ ခင်ဗျားမှတ်ဉာဏ်ပြန်ရတာလား၊ မရသေးတာလား။"
လုရှိုးဝမ်က မျက်ခုံးပင့်သွားပြီး ခပ်ပြုံးပြုံးအမူအရာနှင့်ပင် တုံ့ပြန်၏။
"ငါက မင်းရဲ့နှလုံးသားထဲကလူဟုတ်တယ်၊ မဟုတ်ဘူးဆိုတာက ဒီလောက်တောင်အရေးပါတာလား၊ သူရဲကောင်းသွမ့်။"
ထိုအခေါ်အဝေါ်ကိုကြားလိုက်ချိန်တွင် သွမ့်လင်၏နှလုံးသားက ရုတ်ချည်းဆိုသလို နစ်မွန်းသွားတော့သည်။
"ခင်ဗျား ကျွန်တော့်ကို လိမ်ပြန်ပြီပဲ"
"ငါ့ဆီက ... အလိမ်ခံရတာကို မင်း သဘောကျတယ်လို့တောင် ထင်နေတာ။"
လုရှိုးဝမ်က မကြာသေးမီက အနမ်းကို ဆက်ချင်သည့်အလား သူ့ပခုံးကိုလက်နှစ်ဖက်ဖြင့် ဖက်တွယ်လာသည်။ သွမ့်လင်က မျက်နှာလွှဲ၍ရှောင်ဖယ်ရန်ပြင်လိုက်စဥ် သူ့ပခုံးများက ထုံထိုင်းသွားပြီး လုရှိုးဝမ်ဆီမှ အကြောပိတ်ခံလိုက်ရ၏။
"လုရှိုးဝမ်၊ ခင်ဗျား...."
"သူရဲကောင်းသွမ့်က ငါ့ကိုအကြောပိတ်ဖူးတော့ ငါကလည်း တစ်ကြိမ်ပြန်ပိတ်ပြီး လက်စားချေတယ်လို့မှတ်လိုက်ပါ။"
လုရှိုးဝမ်က နှုတ်ခမ်းများကို သူ့နှုတ်ခမ်းထက်သို့ အသာဖိကပ်လိုက်ပြီး ကြင်နာလှသောလေသံဖြင့်ပြောသည်။
"'ခုနက မင်းသာ ထုတ်မပြောလိုက်ဘူးဆိုရင် ဒီလောက်အလုပ်ရှုပ်မှာမဟုတ်ဘူး"
"ခင်ဗျား ဘာလုပ်ချင်တာလဲ"
"သူရဲကောင်းသွမ့်က ငါပြောခဲ့တဲ့စကားကို မေ့သွားပြီလား။ နောက်တစ်ကြိမ်ပြန်ဆုံရင် ငါ့ဘက်က သက်ညှာပေးမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်လေ။"
သွမ့်လင်က မလှုပ်ရှားနိုင်သဖြင့် လုရှိုးဝမ်ကို ငေးစိုက်ကြည့်ရုံသာတတ်နိုင်ရှာသည်။
"ခင်ဗျားက ကျွန်တော့်ကို သတ်ချင်တာလား"
"အစကတော့ မသတ်ရက်ပါဘူး။ ဒါပေမဲ့ သူရဲကောင်းသွမ့်လည်း အတတ်ခုနစ်ပါးသိုင်းကို လေ့ကျင့်ထားမယ်လို့ ဘယ်သူကထင်ပါ့မလဲ။ ငါက အရင်နှစ်တွေတုန်းက အတွင်းအား အတော်လေးထိခိုက်ထားလို့ လက်ဝဲအရှင်ကို အနိုင်ယူနိုင်ပါ့မလား အတပ်မသိနိုင်ဘူးလေ။ ဒီတော့ .... မင်းကိုအသုံးချဖို့ သင့်တော်တယ်မလား။"
လုရှိုးဝမ်က သွမ့်လင်၏မေးဖျားကို လက်ဖြင့်အသာထိကိုင်ကာ မျက်နှာကိုအသေအချာကြည့်ရင်း ဆိုသည်။
"သူရဲကောင်းသွမ့်၊ မင်းက အရမ်းကြည့်ကောင်းတာပဲ။ ဒီအတိုင်းသတ်လိုက်ရင် အတော်လေးနှမြောစရာကောင်းလွန်းတယ်။ ငါတို့... တစ်ခေါက်လောက် ထပ်လုပ်ကြမလား။"
လုရှိုးဝမ်က မျက်ဆံလေးများကို ကစားလိုက်ပြီး အပြုံးဖွဖွနှင့် ဆက်ပြော၏။
"ငါတွေးကြည့်ဦးမယ်။ အဓမ္မကျင့်ပြီးမှ သတ်ပစ်တာကောင်းမလား။ သတ်ပြီးမှ အဓမ္မကျင့်တာကောင်းမလား။"
သွမ့်လင်က စကားမပြန်ပါဘဲ မျက်လုံးမှိတ်ရင်း အတွင်းအားကိုစုစည်းကာ အကြောများကိုပြန်ဖွင့်ရန် ကြိုးစားကြည့်နေသည်။ လွန်ခဲ့သောရက်က သူအကြောပိတ်ထားသည်ကို လုရှိုးဝမ်ကိုယ်တိုင်ပြန်ဖွင့်ခဲ့ပြီးနောက် သွမ့်လင်၏စိတ်ထဲတွင် ရက်အတန်ကြာအောင် မတင်မကျဖြစ်နေခဲ့ရသည်။ အဆုံးတွင်တော့ နည်းလမ်းက သူတို့လေ့ကျင့်ထားသော အတတ်ခုနစ်ပါးသိုင်းနှင့် ဆက်နွယ်နေကြောင်း သိသွားခဲ့၏။ သူနှင့် လုရှိုးဝမ်က အတတ်ခုနစ်ပါးသိုင်းကိုအတူလေ့ကျင့်ပြီး အကြောများ၏တည်နေရာကလည်း ဆင်တူသည်။ ထို့ကြောင့် ကြိုးစားကြည့်နေခြင်းပင်။
သိပ်မကြာလိုက်၊ လုရှိုးဝမ်၏အနမ်းဖွဖွက သူ့မျက်ခွံများပေါ်သို့ ကျရောက်လာသည်။
"သူရဲကောင်းသွမ့်၊ ဒီအတိုင်းပဲ မျက်လုံးမှိတ်ပြီး သေဖို့စောင့်နေတော့မှာလား။ ငါက မင်းရဲ့ချစ်သူနဲ့ တစ်ထေရာတည်းတူတယ်ဆို။ မျက်လုံးပြန်ဖွင့်ပြီး တစ်ခါလောက်ထပ်ကြည့်ပါဦးလား။"
သူ မည်မျှဆွပေးနေပါစေ၊ သွမ့်လင်က စကားမဆိုဘဲ အကြောများကိုပြန်ဖွင့်ရန်သာ အာရုံစိုက်ထားသည်။
လုရှိုးဝမ်က အနည်းငယ်စိတ်ပျက်သွားပြီး ပြော၏။
"ရှိစေတော့။ ဘာဖြစ်ဖြစ် မင်း လိမ်လိမ်မာမာလှဲနေပေးရင် ရပြီပဲလေ။"
ပြောရင်း အဝတ်ကြားသို့လက်လျှိုကာ သွမ့်လင်၏ရင်ဘတ်ကို ပွတ်သပ်ကျီစယ်တော့သည်။
အထိအတွေ့ကြောင့် သွမ့်လင်၏အတွင်းအားက အနည်းငယ်လှုပ်ရှားသွားသော်လည်း အကြောများကိုပြန်ဖွင့်နိုင်လိုက်သည်။ သို့သော် အားသုံး၍ပြန်ဖွင့်လိုက်ခြင်းကြောင့် သွေးကြောများထိခိုက်သွားရာ အချိန်တခဏကြာအောင် ညာလက်တစ်ဖက်တည်းကိုသာ အသုံးပြုနိုင်မည်ပင်။ သူက တုံ့ဆိုင်းမနေဘဲ လုရှိုးဝမ်၏လက်ကို ရုတ်ချည်းဖမ်းဆွဲလိုက်၏။
လုရှိုးဝမ်က အံ့အားသင့်သွားသော်လည်း ချက်ချင်းတုံ့ပြန်နိုင်ပြီး လက်ကိုလှည့်ရှောင်ကာ လက်ဝါးသိုင်းဖြင့် တုံ့ပြန်လာသည်။
"သူရဲကောင်းသွမ့်က ငါ့ရဲ့နည်းကို တတ်သွားပြီပေါ့။ မဆိုးဘူး၊ မဆိုးဘူး။"
နောက်ဆုံးနှစ်ခွန်းကို ထုတ်ပြောချိန်တွင် သူ့လေသံက ပိုမာသွားပြီး လှုပ်ရှားမှုများကလည်း သတ်ဖြတ်လိုစိတ် စွန်းထင်လာသည်။
သူတို့နှစ်ဦးက နီးကပ်လွန်းနေသဖြင့် သိုင်းအတတ်အများစုကို ထုတ်သုံး၍မရပါဘဲ လက်ဝါးသိုင်းဖြင့်သာ တိုက်ခိုက်နေရသည်။ လုရှိုးဝမ်၏အတွင်းအားက သွမ့်လင်ထက်နည်းနေဆဲဖြစ်၍ မကြာမီမှာပင် ရှုံးနိမ့်စပြုလာတော့၏။
သွမ့်လင်က သူ့ကိုဖမ်းမိလုဆဲဆဲတွင် လုရှိုးဝမ်က ရုတ်တရက်သူ့ကိုစိုက်ကြည့်လာပြီး တီးတိုးခေါ်လိုက်သည်။
"အားလင်"
သွမ့်လင်၏စိတ်နှလုံးက ရှုပ်ထွေးသွားပြီး လှုပ်ရှားမှုလည်း အနည်းငယ်နောက်ကျသွားတော့သည်။
လုရှိုးဝမ်က ထိုအခြေအနေကို အခွင့်ကောင်းယူကာ နောက်ပြန်ဆုတ်လိုက်ပြီး ကျောက်စားပွဲပေါ်မှဗျပ်စောင်းကိုယူကာ သွမ့်လင်ရှိရာသို့ ပစ်လိုက်သည်။
ဗျပ်စောင်းကို ပစ်လိုက်သည့်အရှိန်က ပြင်းလှပြီး လက်တစ်ဖက်တည်းသာလှုပ်နိုင်သည့် သွမ့်လင်ကလည်း တစ်ပန်းရှုံးနေရာ လွတ်အောင်မရှောင်နိုင်လိုက်ချေ။ ဗျပ်စောင်းက သူ့ရင်ဘတ်ကိုထိမှန်သွားပြီး လူလည်းကြမ်းပေါ်သို့လဲကျသွားတော့၏။
"အဟွတ် အဟွတ်.."
အတွင်းဒဏ်ရာကြောင့် သူ့နှုတ်ခမ်းထောင့်မှ သွေးစများစိမ့်ထွက်လာပြီး တစ်ကိုယ်လုံးထုံထိုင်းနေကာ မည်မျှအားစိုက်ပါစေ၊ မတ်တပ်ပြန်မရပ်နိုင်တော့ပေ။
လုရှိုးဝမ်က အသက်ကိုပြင်းပြင်းရှူပြီး သူ့ကို အပေါ်စီးမှငုံ့ကြည့်နေသည်။
"ငါက အစတုန်းကတော့ သူရဲကောင်းသွမ့်နဲ့ နီးစပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ မင်းက ဒီလိုခေါင်းမာလွန်းတော့ ငါလည်း အားမနာတော့ဘူးနော်။"
သူက ကိုယ်ကိုငုံ့ကိုင်းရင်း သွမ့်လင်၏နှုတ်ခမ်းထောင့်မှ သွေးများကိုယူကာ သူ့နှုတ်ခမ်းထက်တွင် သုတ်လိမ်းလိုက်ရင်း တီးတိုးဆိုသည်။
"တကယ်တော့ ငါက မင်းကို နည်းနည်းလေးသဘောကျမိပါရဲ့။ ဒါပေမဲ့ မင်းရဲ့နှလုံးသားထဲမှာ တခြားသူရှိနေနှင့်ပြီလေ။"
ပြောပြီးနောက် နှုတ်ခမ်းထောင့်များကော့ညွှတ်သွားပြီး ပြုံးလိုက်သည်။ သွေးစများစွန်းထင်းနေသည့် နှုတ်ခမ်းတစ်စုံသည်ကား မြင်ရသူ၏နှလုံးသားကို ဖမ်းစားနိုင်လွန်းပါ၏။
"ငါမပိုင်ဆိုင်နိုင်တဲ့အရာကို ငါ့လက်နဲ့ ကိုယ်တိုင်ဖျက်ဆီးပစ်ရုံပဲရှိတာပေါ့။"
သွမ့်လင်က သူ့ကိုငေးကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော့်နှလုံးသားထဲကလူက .... ခင်ဗျားပါပဲ"
လုရှိုးဝမ်က သူ့ကို မယုံကြည်ပါချေ။ လက်ချောင်းများက အောက်သို့လျှောဆင်းသွားပြီး သူ့ခါးပေါ်မှအမွှေးအိတ်ကို ဆုပ်ကိုင်လိုက်သည်။
"အရင်တစ်ခါ သူရဲကောင်းသွမ့် ပြောတယ်လေ။ မင်းသေမှပဲ ဒီအမွှေးအိတ်ကိုဖြုတ်မယ်လို့။ အွန်း.. အခုဖြုတ်လို့ရပြီမလား။"
သွမ့်လင်က တုန်လှုပ်သွားပြီး ရုန်းတော့သည်။
"မထိနဲ့!"
လုရှိုးဝမ်က သူ့စကားကို နားထောင်မည်မဟုတ်ချေ။ တစ်ချက်တည်းနှင့် အမွှေးအိတ်ကိုဆွဲဖြုတ်လိုက်ပြီး အိတ်ငယ်လေးက သူ့လက်ထဲတွင် ခပ်သာသာလွှဲယမ်းနေတော့၏။ သူက ဤရနံ့ကို လွန်စွာမုန်းတီးပုံထောက်ပြီး အနီးကပ်ရှူရှိုက်မိသောအခါ မျက်မှောင်ကြုတ်ရင်း မျက်ခုံးနှစ်ဖက်ကြားကို အသာနှိပ်လိုက်၏။
သွမ့်လင်က ဖမ်းဆွဲရန်ပြင်သော်လည်း အချည်းနှီးသာ။
"ကျွန်တော့်ကို ပြန်ပေးပါ...."
"သူရဲကောင်းသွမ့်က ကိုယ်ကိုယ့်ကိုယ် မကယ်နိုင်တဲ့အခြေအနေမှာတောင် ဒီအမွှေးအိတ်ကို တန်ဖိုးထားနေတုန်းပဲ။ ဒီထဲမှာ ဘာများဝှက်ထားသလဲလို့ ကြည့်ဖြစ်အောင်ကြည့်ဦးမယ်။"
လုရှိုးဝမ် အမွှေးအိတ်ကိုဖွင့်ကြည့်လိုက်သောအခါ ပထမဆုံးမြင်တွေ့ရသည်က မည်းနက်သော ဆံစအချို့ပင်။
ဤအမွှေးအိတ်ကို သွမ့်လင်၏ချစ်ရသူက ပေးထားခြင်းဖြစ်သည်။ ဤဆံစများ၏ပိုင်ရှင်ကိုတော့ ခန့်မှန်းနေစရာမလိုတော့ပါချေ။
လုရှိုးဝမ်က ရုတ်တရက်ဒေါသဖြစ်သွားပြီး မျက်လုံးကိုတစ်ချက်ဝေ့ဝဲကြည့်လိုက်ရာ အမွှေးနံ့သာတိုင်ထွန်းသည့်ခွက်ငယ်လေးကို မြင်သွားသည်။ သို့ဖြင့် ခွက်အဖုံးကိုဖွင့်ပြီး အမွှေးအိတ်နှင့် မီးတစ်စကို တွဲလျက်ထည့်ပိတ်ကာ လောင်ကျွမ်းစေလိုက်၏။
အမွှေးအိတ်ကို မီးစွဲ၍ တမြေ့မြေ့လောင်ကျွမ်းသွားချိန်တွင် အစနဂိုက ရနံ့ဖျော့ဖျော့မှာလည်း ပို၍ပြင်းထန်လာပြီး တစ်ခန်းလုံးဖုံးလွှမ်းသွားတော့သည်။
သွမ့်လင်၏မျက်လုံးများ နီမြန်းသွားသည်။
လုရှိုးဝမ်၏မျက်လုံးများ မမြင်နိုင်တော့သည်အချိန်က အမွှေးနံ့သာများကို ဖြည်းဖြည်းချင်းယူငင်ကာ အမွှေအိတ်လေးထဲထည့်ပြီး သူ့ခါးထက်တွင် ကိုယ်တိုင်ချည်ပေးခဲ့သည်။
ဤအမွှေးအိတ်လေးကို တခဏပင် ကိုယ်နှင့်မကွာစေရန် လုရှိုးဝမ်ကို သူ ကတိပေးခဲ့သေး၏။
သို့သော်ငြား ယခုတော့ .....
သွမ့်လင်၏ခြေထောက်များက မလှုပ်ရှားနိုင်သေးချေ။ ထို့ကြောင့် ညာလက်ကိုသာအားပြု၍ထောက်ရင်း စားပွဲရှိရာသို့ တရွေ့ရွေ့တွားသွားမိသည်။
လမ်းတစ်ဝက်မှာပင် ခြေထောက်တစ်ဖက်က သူ့လက်ကိုဖိနင်းကာ တားလိုက်၏။
သွမ့်လင်ခေါင်းမော့ကြည့်မိချိန်တွင် လုရှိုးဝမ်၏ချောမောကြည့်ကောင်းလှသောမျက်နှာကို မြင်တွေ့လိုက်ရသည်။
ဤသည်ကား သူချစ်မြတ်နိုးရသူပင်။
သို့သော် ထိုသူက သူ့ကို မမှတ်မိနိုင်တော့ပါချေ။
သွမ့်လင်၏ရင်ထဲတွင် စူးရှသောနာကျင်မှုကို ခံစားလိုက်ရပြီး မီးတောက်ငယ်ကဝါးမြိုသွားသော အမွှေးအိတ်လေးကိုကြည့်ရင်း နှုတ်ဖျားမှ ရေရွတ်မိသည်။
"ရှစ်ရှုန်း ... ရှစ်ရှုန်း...."
သူ့အသံက တဖြည်းဖြည်းတိုးလျော့လာပြီး စကားလုံးဖြင့်မဖော်ပြနိုင်သော နာကျင်ကြေကွဲခြင်းတို့က မျက်လုံးထဲတွင် ထင်ဟပ်နေသည်။
လုရှိုးဝမ်က သူ့လက်ကို ဖိနင်းထားဆဲဖြစ်ပြီး မေးလာသည်။
"နောက်ဆုံးအနေနဲ့ ဘာများပြောချင်သေးလဲ"
သေခြင်းတရားကို ရှောင်လွှဲနိုင်တော့မည်မဟုတ်ကြောင်း သွမ့်လင် သိနားလည်လိုက်ပြီဖြစ်သည်။ လက်ဝဲအရှင်၏စကားအတိုင်း ချစ်ရသူ၏လက်ထဲတွင် သေဆုံးရတော့မည်ပင်။ မျက်လုံးများကိုအသာမှိတ်ရင်း သူပြောလိုက်သည်။
"အကယ်၍ အနာဂတ်မှာ ခင်ဗျားပြန်အမှတ်ရခဲ့ရင် ...."
သူ့စကားက ရုတ်ချည်းရပ်တန့်သွားပြီး နောက်ဆုံးအနေဖြင့် လုရှိုးဝမ်ကို ငေးကြည့်နေသည်။ ထို့နောက် ဖော်မပြနိုင်လောက်အောင် နူးညံ့ညင်သာသောအသံဖြင့် ခပ်တိုးတိုးဆက်ပြောလိုက်၏။
"မဟုတ်ဘူး။ ခင်ဗျားသာ ဂိုဏ်းချုပ်အဖြစ် ချောချောမွေ့မွေ့ဆက်ခံနိုင်မယ်ဆိုရင် .... ကျွန်တော့်ကို တစ်သက်လုံးမမှတ်မိလည်း ကျွန်တော် ကျေနပ်ပါတယ်။"
လုရှိုးဝမ်က အေးစက်စက်ရယ်လိုက်သည်။
"ဒါက မင်းရဲ့နောက်ဆုံးဆန္ဒပေါ့။ ပျင်းစရာကောင်းလွန်းတယ်။"
ပြောပြီးနောက် သွမ့်လင်၏ဓားရှည်ကို ကောက်ယူလိုက်ပြီး လက်တစ်ချက်ဝှေ့ယမ်းကာ ဓားသွားကို သက်ဆင်းစေလိုက်တော့သည်။