ကဝေမဒီလေး

By Alice_Yizhan_7012

6.7K 562 16

ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေ... More

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၁ ။
အခန်း ၂ ။ ကျွန်မက ရှင်နဲ့စေ့စပ်ထားတဲ့သူပဲ
အခန်း ၃+၄+၅ ။
အခန်း ၆ မှ ၁၀ ထိ။
အခန်း ၁၁ ၊ ၁၂ ။
အခန်း ၁၃ ၊ ၁၄ ။
အခန်း ၁၅ ။
အခန်း ၁၆ ၊ ၁၇ ၊ ၁၈ ။
အခန်း ၁၉ မှ ၂၅ ။ (zawgyi)
အခန်း ၂၆ ၊ ၂၇
အခန်း ၂၆ ၊ ၂၇ (zawgyi)
အခန်း ၂၈ မှ ၃၀

အခန်း ၁၉ မှ ၂၅ ။ (Unicode)

354 29 5
By Alice_Yizhan_7012

အခန်း ၁၉ ။ ငမိုက်သားတစ်ယောက်၏ ဖြစ်ချင်သော စိတ်ကူး

မှုခင်းစုံစမ်းစစ်ဆေးရေးဌာန၏ အစည်းအဝေးခန်းတွင် ဟောက်မင်ကျီသည် အနီရောင် မာကာကို အသုံးပြုပြီး ဟိုင်မြို့မြေပုံပေါ်ရှိ နေရာလေးနေရာကို စက်ဝိုင်းပုံဆွဲရန် အတော်လေးအားစိုက်ထုတ်လိုက်သည်။

"အခုကစပြီး မြို့နယ်ခရိုင်အသီးသီးမှာရှိတဲ့ နယ်မြေရဲစခန်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ဒီဧရိယာလေးခုအတွင်းမှာရှိတဲ့ ဟိုတယ်၊တည်းခိုခန်း ဒါမှမဟုတ် တည်းခိုနိုင်တဲ့နေရာတွေမှာ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးရမယ်။ပစ်မှတ်ထားရမှာက အသက် (၂၅)ကနေ(၃၀) ဝန်းကျင်လောက်ရှိပြီး အရပ် (၁၇၈) စင်တီမီတာနီးပါးရှိတဲ့ အမျိုးသားတစ်ယောက်ပဲ။စကားပြောလည်းကောင်းတယ်။ဟိုင်မြို့မှာ တိုက်ခန်းတစ်ခန်းကို ပိုင်ဆိုင်ထားတယ်။လွန်ခဲ့တဲ့လအနည်းငယ်အတွင်း ဒီခရိုင်လေးခုထဲမှာ တည်းခိုနေခဲ့တာပဲ။"

"နားလည်ပါပြီ။"

"ငါ မင်းကို အခုရှာဖို့ လာနေပြီလေ အသည်းတူးသမား လူယုတ်မာ။"

ဟောက်မင်ကျီသည် သူ၏သေနတ်ကို ကိုင်ကာ ခြေလှမ်းကျဲကျဲဖြင့် အခန်းထဲကနေ ထွက်သွားလေသည် ။

နောက် (၃)နာရီအကြာတွင် ဟိုင်မြို့ရှိ ရဲတပ်ဖွဲတစ်ခုလုံးကို ဖြန့်ကျက်ချထားလိုက်ပြီဖြစ်သည်။

[ငါ ဒီမြို့ မှာ ရှိနေ သေး တယ်။မင်း ငါ့ကို ရှာတွေ့ နိုင် လို့လား။]

နောက်ဆုံးပုဒ်ဖြတ်ပုဒ်ရပ်ကို ဝင်ရောက်ပြီးနောက် ကျိလန်မှာ သူ၏ထိုင်ခုံပေါ် သို့ လဲကျသွားလေသည်။အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက်မှသာ စွမ်းအင်အချို့ ပြန်လည်ရရှိလာခဲ့သည်။ထို့နောက် အချိန်ကိုကြည့်လိုက်တော့ နေ့လည်( ၂ )နာရီထိုးနေပြီမှန်း သိလိုက်ရသည်။

သူ၏ဝတ္ထုကို ၅ နာရီလောက် ဆက်တိုက် စာရိုက်နေခဲ့တာဖြစ်သည်။နောက်ဆုံးတွင် သူသည် လက်ကောက်ဝတ်များ နာကျင်ကိုက်ခဲလာပြီး ကိုက်ခဲမှုကြောင့် လက်ချောင်းများ တုန်တုန်ယင်ယင် ဖြစ်လာသည်ကို ခံစားမိလာသည်။သူသည် ဝတ္ထုရေးဖို့အတွက် အပြည့်အဝအာရုံစိုက်ထားချိန်တွင် စောစောက မသက်မသာဖြစ်သည်ဟု မခံစားရပေမဲ့ စွမ်းအင်တွေကတော့ ကုန်ဆုံးသွားခဲ့သည်။

ကျိလန်အတွက်တော့ သူဝတ္ထုတစ်ပုဒ်ရေးတိုင်း အိပ်မက်ဆိုးကြီးတစ်ခုလုံးထဲကို တစ်ဖန်ပြန်လည် အစားထိုးဝင်ရောက်လိုက်ရသလိုပင်။ထို့ကြောင့် သူခံစားရသော ဆင်းရဲဒုက္ခကို အတိုချုံးရေးရန်အတွက် သူ ဇာတ်လမ်းကို စရေးသည့်အချိန်တိုင်းတွင် ဇာတ်လမ်းကို အဆုံးအထိ အပြီးတိုင်ရေးဖို့ရာ သူ့ကိုယ်သူ တွန်းအားပေးရပေသည်။သို့မှသာ အိပ်မက်ဆိုးထဲတွင် တတိယကြိမ်မြောက် ပြန်လည်၍ ကိုယ်စား ခံစားစရာမလိုအပ်တော့မှာဖြစ်သည်။

အခြားသူများသည် သူ၏စာရေးသည့်အရှိန်နှင့် ဈာန်ဝင်စားမှုကို မနာလိုကြသော်လည်း ထိုအရာများနှင့်အတူပါလာသော ကူကယ်ရာမဲ့မှုနှင့် စိတ်ပျက်ဖွယ်ခံစားချက်များကိုတော့ မသိကြပေ။

သူသည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဝတ္ထုအခန်းများ၏ မှတ်ချက်များကို အကျင့်အတိုင်း တစ်ချက်ကြည့်ပြီးနောက် သူ၏လက်ချောင်းများကို ခွန်အားတွေ ပြန်လည်ရရှိစေဖို့ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူလေသည်။

[ဘာလဲ။"ငါ ဒီမြို့မှာရှိနေသေးတယ်။မင်းငါ့ကိုရှာတွေ့နိုင်လို့လား။" လို့ပြောရဲတယ်ပေါ့။အား... သူအရမ်းစိတ်ကြီးဝင်နေတာပဲ။]

[စိတ်ကြီးတင်+၁။ရဲတွေ ဘယ်မှာလဲ။သူ့ကို မြန်မြန် ဖမ်းကြစမ်းပါ။ငါ သူ့အကြောင်းကို ရဲသွားတိုင်မယ်။သူက XX ခရိုင်ထဲက XX အဆောက်အအုံရဲ့ XX Unit မှာရှိတယ်။]

ထိုလိပ်စာကို ကျိလန်က သူ၏ဝတ္ထုတွင် ထည့်သွင်းရေးထားခဲ့သည်။

[အား! အရမ်းစိတ်တိုတာပဲ။အဲ့ဒီလူယုတ်မာ သေကိုသေသင့်တယ်။]

[အဲ့ဒီလူယုတ်မာ သေကိုသေသင့်တယ်။]

[အဲ့ဒီလူယုတ်မာ သေကိုသေသင့်တယ်။]

ပရိသတ်များသည် ဒေါသကို မထိန်းနိုင်တော့ပေ။

အောက်တွင် မရေမတွက်နိုင်သော အလားတူမှတ်ချက်များ ရှိနေခဲ့သည်။စာမျက်နှာ( ၂ )ခုကို လှန်ကြည့်ပြီးနောက်တွင်ပင် အခြားကွဲပြားနေသော မှတ်ချက်များကို မတွေ့ခဲ့ရပါ။ဆက်ဖတ်ရန် စိတ်မပါတော့သဖြင့် သူ့ဖုန်းကိုချလိုက်လေသည်။သူသည် မျက်မှန်ကို ချွတ်ကာ အနားယူရန် ရုံးခန်းထောင့်ရှိ ဆိုဖာသို့ သွားလေသည်။

စာရေးခြင်းလုပ်ငန်းစဉ်တစ်ခုလုံးသည် သူ့အတွက် အလွန်အမင်း စိတ်စွမ်းအားကုန်ဆုံးစေသည်။ဇာတ်လမ်းတစ်ပုဒ်ပြီးတိုင်း နာရီအနည်းငယ်လောက် အနားယူဖို့ လိုအပ်ပေသည်။ပင်ပန်းနွမ်းနယ်နေချိန်တောင် အလွယ်တကူ အိပ်မပျော်နိုင်ပေမဲ့ အနည်းဆုံးတော့ သူ၏ ပင်ပန်းနွမ်းနယ်မှုမှ ပြန်လည် သက်သာလာနိုင်ပြီး သူ၏ စိတ်ခံစားမှုများကိုလည်း တည်ငြိမ်စေနိုင်သည်။သူနိုးလာသောအခါတွင် သူ၏လက်ချောင်းများသည် အနည်းဆုံး သူတို့၏ခွန်အားတစ်ဝက်ကို ပြန်လည်ရရှိလာမည်ဖြစ်သည်။

သူ လှဲလိုက်သည့်အချိန်တွင် သူ့ကိုယ်သူ မတ်မတ်ရပ်ဖို့ ဆိုဖာရဲ့ နောက်ကျောကို ကိုင်ထားရင်း ရုတ်တရက် လက်ဖမိုးထက်တွင် သူစွဲလမ်းနေသာမြင်ကွင်းသည် ပေါ်လာလေ၏။

အနမ်းပေးနေရင်း သူ၏လက်နှစ်ဖက်ကို ကိုင်ထားခဲ့သည့် မိန်းကလေးတစ်ယောက်၏ပုံရိပ်ကို သတိရမိလေသည်။သူ့လက်ပေါ်ရှိ နူးညံ့နွေးထွေးသော ခံစားချက်ကို ပြန်လည်တမ်းတမိလေသည်။

"မှော်ကဝေမျိုးနွယ်၏အမည်နာဖြင့် ကောင်းချီးပေးပါစေ။"

ထိုအရာမှာ သူတကယ် ကောင်းချီးမင်္ဂလာကို ပထမဆုံးအကြိမ် ရဖူးတာဖြစ်သည်။အိပ်မက်မမက်ဘဲ အေးချမ်းသာယာသောညတစ်ညကုန်သောအခါ လန်းဆန်းတက်ကြွစွာ နိုးထလခြင်းနှင့် နှိုင်းယှဉ်လို့နိုင်သည့် ခံစားချက်တစ်ခုပင်။

သူ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် စိတ်ပြောင်းသွားလေသည်။ရုံးခန်းစားပွဲဆီသို့ ပြန်လာပြီး သူ၏ဖုန်းကိုယူကာ ရုံးခန်းထဲမှထွက်လာ၍ အောက်ထပ်သို့ ဆင်းသွားလေသည်။

"သူဌေး?"

ကျိလန် ဆင်းလာသည်ကို တွေ့လိုက်တာကြောင့် စတူဒီယိုမှ ဝန်ထမ်းလေးယောက်က အော်ပြောလေသည်။သူတို့မျက်နှာများမှာ အံ့အားသင့်မှုများနှင့် ပြည့်နေကြသည်။

*ဒါမဖြစ်နိုင်ဘူး။သူဌေးက ဝတ္ထုရေးပြီးတိုင်း လေးနာရီကနေ ငါးနာရီအထိ အနားယူဖို့ လိုတာမဟုတ်ဘူးလား။ဒီတစ်ခါ သူ ဘာလို့ ချက်ချင်း ထွက်လာတာလဲ။*

"သူဌေး ဘာလို့ ရုံးခန်းထဲကထွက်တာလဲ။"

ယီကွမ်သည် သူ့သူဌေး၏အသားအရောင်သည် သူမြင်ဖူးသမျှထဲ၌ အဆိုးဆုံးဖြစ်နေသည်ကို သတိထားမိလိုက်သည်။

"သူဌေး ခဏလောက် ပိုပြီး အနားယူဖို့ အပေါ်ထပ်ကို ပြန်တက်ချင်လား။"ဟု စိုးရိမ်စိတ်ဖြင့် မေးလေသည်။

"ငါ ဗိုက်ဆာနေလို့။"

ကျိလန်သည် မသိစိတ်က စာဖတ်ထောင့်ဆီသို့ ကြည့်လိုက်ရာ တောက်ပြောင်နေသည့် မျက်လုံးများဖြင့် ဝူမြောင်မြောင်က သူ့ဆီ အမြန်ပြေးလာသည်ကို တွေ့လိုက်ရလေသည်။

"တောင်းပန်ပါတယ် သူဌေး။ကျွန်တော် အခုပဲ သူဌေးအတွက် စားစရာထွက်ဝယ်လိုက်ပါ့မယ်။"

သူ့သူဌေး၏ အဖြေကို ကြားပြီးနောက် တုန်ရုန်းယွမ်က ချက်ချင်း အပြေးထွက်သွားတော့သည်။

စတူဒီယိုတွင် ၂ နှစ်ကျော် အလုပ်လုပ်ပြီးနောက် ကျိလန်မှာ ​​သူ၏ဇာတ်လမ်းအသစ်ပြီးတိုင်း ပင်ပန်းပြီး ဆာလောင်နေလိမ့်မည်ဆိုတာ အလိုလို သိလာခဲ့သည်။အရင်ကတော့ ကျိလန် အိပ်ရာကနိုးလာမည့်အချိန်ကို ခန့်မှန်းပြီး ​​အစားအသောက်ဝယ်ဖို့ သွားဝယ်ခဲ့သည်။သို့မှသာ ကျိလန်က လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ထားသည့် အစားအစာကို စားနိုင်မှာဖြစ်သည်။

ဒါပေမယ့် ဒီနေ့တော့ ကျိလန်သည် သူ့ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း မလုပ်ခဲ့ပေ‌။တစ်ရေးမှမအိပ်ဘဲ အောက်ထပ်သို့ တန်းဆင်းလာခဲ့သည်။ထို့ကြောင့် တုန်ရုန်းယွမ်တွင် ပြင်ဆင်ထားသည့် အစားအသောက်များ တစ်ခုမျှ မရှိသေးပါ။

"ရှန်ကုန်း ရှင် အောက်ထပ်ကို ဆင်းလာခဲ့တာပဲ။တုန်ရုန်းယွမ်က ကျွန်မကို လိမ်ခဲ့တာပဲ။ဝတ္ထုအသစ်တစ်ပုဒ် ရေးပြီးတိုင်း ရှင့်ရဲ့ရုံးခန်းမှာ အမြဲတစ်ရေးတစ်မောအိပ်တတ်တယ်လို့ ပြောခဲ့တယ်။ပြီးတော့ ပြောသေးတယ်။ရှင့်ကို သွားမနှောင့်ယှက်ပါနဲ့တဲ့။"

ဝူမြောင်မြောင်က ကျိလန် အနားသို့ ရောက်သွားပြီး စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်လေသည်။

"ရှင် ဆင်းလာမယ်ဆိုတာ သိရင် နေ့လယ်စာကို အရင်မစားနှင့်ပါဘူး။ရှင်ဆင်းလာတဲ့ထိ ကျွန်မ စောင့်နိုင်ပါတယ်။ဒါမှ အတူတူစားလို့ရမှာပေါ့။"

"ရပါတယ်။"

သူ့ကိုယ်သူ လက်ရန်းပေါ် မှီထောက်လိုက်ပြီး နောက်ဆုံးခြေလှမ်းကို လှေကားထစ်ပေါ်မှ ဆင်းလိုက်လေသည်။သို့သော် သူ့ခန္ဓာကိုယ်က အတော်လေး ပင်ပန်းနေပြီဖြစ်သဖြင့် လဲကျသွားတော့သည်။

သူမသည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏လက်ကောက်ဝတ်ကို အသာလေး လှမ်းဆွဲလိုက်သည်။ထို့နောက် သူ့လက်များမှာ တုန်ယင်နေသည်ကို သိလိုက်ရသည်။

အနည်းငယ်တုန်လှုပ်ခြင်း။

"ရှန်ကုန်း။"

သူမ နှလုံးသားလေး နာကျင်သွားရသည်။

ကျိလန်က သူ့လက်များကို ပြန်ရုတ်ဖို့ ကြိုးစားပေမယ့်

မအောင်မြင်ခဲ့ပါ။သူမကို လှည့်ကြည့်ကာ သူ့ကို လွှတ်ပေးစေချင်ခဲ့သည်။သို့သော် သူအဲဒီလိုမလုပ်နိုင်ခင်မှာပင် သူက ရှေ့သို့လျှောက်သွားရင်း သူ၏ခန္ဓာကိုယ်ကို ဆွဲထားလေသည်။

"အနားယူဖို့ ဟိုနားကိုသွားရအောင်။"

ငြင်းဆန်မှုမရှိသဖြင့် သူမ သူ့ကို အနီးနားရှိ စာဖတ်ခန်းထောင့်နားသို့ ခေါ်ဆောင်သွားလေသည်။

ပေဖန်းနှင့် ကျန်တဲ့သူတွေကလည်း ကျိလန်၏ အခြေအနေအတွက် တော်တော်လေး စိုးရိမ်နေခဲ့ကြသည်။သို့သော်လည်း ဝူမြောင်မြောင်က သူ့ကို စောင့်ရှောက်ပေးနေသည်ကို တွေ့လိုက်ရတော့ သူတို့ မသွားတော့ဘူးဟု ဆုံးဖြတ်လိုက်ကြသည်။

"နောက်ဆုံးတော့ သူဌေးက ဇာတ်လမ်းတစ်ပုဒ်ရေးပြီးတိုင်း အရင်ဆုံး သူ့ရုံးခန်းမှာ ဘာလို့ အနားယူဖို့လိုလဲဆိုတာ သိသွားပြီ။"

ရှန့်ကျွင်းယီက သက်ပြင်းချလိုက်သည်။သူ့သူဌေးကြည့်ရသည်မှာ အချိန်မရွေး မူးလဲသွားနိုင်ပုံပေါ်နေသည်။

"ကျွန်တော် သူဌေးရဲ့ စာရေးအမြန်နှုန်းကို မနာလိုမိပေမယ့် သူ့ကိုယ်သူ အရမ်းကြီး အရမ်းကြီး တွန်းအားပေးနေဖို့ မလိုဘူးလို့ ခံစားမိတယ်။"

ပေဖန်းက ပြောလေ၏။

"ကျွန်တော်သဘောတူတယ်။ဘာလို့များ တစ်ထိုင်တည်းနဲ့ ဇာတ်လမ်းတစ်ခုလုံးကို အလျင်စလိုရေးရတာလဲ။ဇာတ်လမ်းကို ပုံမှန်အရစ်ကျနဲ့ ထုတ်ဝေရတာလည်း အဆင်ပြေပါတယ်။"

ယီကွမ်က ပြန်ဖြေလေသည်။

သူ ဇာတ်လမ်းတွေကို ဖတ်တဲ့အချိန်ဆို များသောအားဖြင့် စာရေးသူက အားလုံးကို တစ်ခါတည်း ရေးပေးဖို့ တောင့်တမိပါသည်။သို့သော် ကျိလန်တစ်ယောက် ဒီလောက်ထိ အားနည်းလာသည်ကို မြင်လိုက်ရပြီးနောက်တွင် ပုံမှန်အရစ်ကျဖြင့်ထွက်ရှိမည့် ဇာတ်လမ်းကို စောင့်ရသည်မှာ ပိုကောင်းသည်ဟု ခံစားခဲ့ရသည်။

ရုံးခန်း၏ အခြားတစ်ဖက်တွင် ဝူမြောင်မြောင်သည် ကျိလန်ကို စာဖတ်သည့်ထောင့်နားသို့ ထိုင်ရန် တွဲခေါ်သွားလေသည်။ထို့နောက် သူမသည် သူ့အတွက် ထမင်းစားခန်းသို့ ရေနွေးတစ်ခွက် အပြေးသွားယူလေသည်။

"ရှန်ကုန်း ရေလေး အရင်သောက်ပါဦး။"

သူ့နှုတ်ခမ်းသားများ အက်ကွဲနေသည်ကို သူမ မြင်လိုက်သည်။သေချာပေါက် ရေငတ်နေတာဖြစ်မည်။

ကျိလန်သည် ခွက်ကို တိတ်တဆိတ် ကြည့်နေသော်လည်း လက်လှမ်း၍ မယူခဲ့ပေ။

"ရှန်ကုန်း?"

"လက်တွေ တုန်နေတယ်။ကောင်းကောင်းမကိုင်နိုင်လောက်ဘူး။"

သူက ပြန်ပြောလေသည်။

"ဒါဆို ကျွန်မ ခွံ့တိုက်ရမလား။"

သူမသည် ရေခွက်ကိုယူ၍ သူ၏ပါးစပ်ထဲသို့ ခွံ့တိုက်လေ၏။ကျိလန်သည် ချက်ချင်းပင် မျက်ခုံးတွန့်လိုက်ပြီး အထင်အမြင်သေးစွာဖြင့် ခေါင်းကို လှည့်လိုက်၏။

*ဒီကောင်မလေး မနေ့ညက အရမ်းတွေကို လည်မွတ်နေတာမဟုတ်ဘူးလား။ဒီနေ့မှ ဘာလို့ဒီလောက်တုံးအနေရတာလဲ။*

"ထားလိုက်ပါတော့။ငါ အနားယူတော့မယ်။"

ကျိလန်သည် စိတ်ပျက်လက်ပျက်ဖြင့် ထကာ အပေါ်ထပ်သို့ ပြန်တက်သွားချင်နေခဲ့သည်။

"ရှင် ဗိုက်ဆာနေတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။"

ဝူမြောင်မြောင်က စိုးရိမ်တကြီးမေးလေသည်။

"အနားမယူခင် အစားလေး အရင်စားလိုက်ပါလား။ဗိုက်ထဲမှာ ဘာမှမရှိရင် ကောင်းကောင်း အနားယူနိုင်မှာ မဟုတ်ဘူး။"

"ခေါင်းကိုက်နေတာ။စားဖို့ကို အားမရှိဘူး"

သူက ပြန်ဖြေလေသည်။

သူခေါင်းကိုက်နေတယ်ဆိုတာ သေချာပြောလိုက်ပြီးပြီဖြစ်သည်။သူမ သူလိုချင်တာကို အရိပ်အမြွတ်တော့ စဉ်းစားမိသင့်တယ် မဟုတ်လား။

"ခေါင်းကိုက်နေပြန်ပြီလား"

ကျိလန်သည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေလေသည်။

"အဲ့ဒါဆို..."

ဝူမြောင်မြောင်က သူ့ကို သေချာကြည့်လေသည်။

"မနေ့ညကလိုပဲ လုပ်လို့ရမလား။"

နောက်ဆုံးတော့ သူမ မှတ်မိသွားပြီဖြစ်သည်။

အခုလေးတင် ပျောက်သွားသော ကျိလန်၏ စိတ်အနှောက်အယှက်ဖြစ်မှုမှာ သူမ၏စကားများကို အပြည့်အ၀ ကြားလိုက်ရသောအချိန်တွင် သူ့အမူအရာမှာ စိတ်ပျက်သွားသော အမူအရာဖြစ်သွားပြန်သည်။

*'မနေ့ညက လုပ်ခဲ့သလိုမျိုး' က ဘာကို ဆိုလိုတာလဲ။အဲ့ဒီစကားတွေက အရမ်းကြီး ကသိကအောက်ဖြစ်လွန်းတာပဲ။*

အနေခက်သည့် အခြေအနေမျိုးကို ရောက်နေသော်လည်း ကျိလန်သည် သူမ၏အကြံပြုချက်ကို မငြင်းပယ်ပေ။ထို့နောက် သူက အရင်ပြန်နှင့်ရန် ဆက်လက်တောင်းဆိုလေသည်။

သို့သော် ဝူမြောင်မြောင်သည် ဉာဏ်ပြေးသောသူဖြစ်လေသည်။သူမ၏ အချစ်ရဆုံးခင်ပွန်းသည် ရှက်ရွံ့နေမှန်း ချက်ချင်း သဘောပေါက်သွားလေသည်။သူမ၏အကြံပြုချက်ကို မကန့်ကွက်ခဲ့ကတည်းက ၎င်းကို သဘောတူလက်ခံကြောင်း ဆိုလိုနေတာမဟုတ်ပါလော။

"ရှန်ကုန်း အရင်ဆုံး ထိုင်လိုက်ပါ။"

သူမသည် ကျိလန်အား ဆိုဖာပေါ်သို့ ဆွဲချ၍ ထိုင်ခိုင်းလိုက်၏။

ကျိလန်သည် ဟန်ဆောင်ပန်ဆောင်ဖြင့် ခုခံမှု အနည်းငယ် ပြုလုပ်ပြီးနောက်(TN-မူနေတာပါ) သူမ၏ တောင်းဆိုချက်ကို လက်ခံခဲ့သည်။

"ရှင့်ရဲ့အခြေအနေက မနေ့ညကထက်တောင် ပိုဆိုးနေတယ်။ဒါကြောင့်မို့ ရှင့်ရဲ့လက်ဖမိုးကိုပဲ ကောင်းချီးပေးတာက သက်ရောက်မှု ရှိချင်မှရှိတော့မှာ။ကျ..ကျွန်မ..ရှင့်ရဲ့နဖူးကို ကောင်းချီးပေးလို့ရမလား။"

ဝူမြောင်မြောင်သည် တောက်ပြောင်နေသော မျက်ဝန်းကြီးကြီးတစ်စုံဖြင့် သူ့ဆီသို့ စိတ်အားထက်သန်စွာ ကြည့်လာလေသည်။တောက်ပနေသော မျက်ဝန်းများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး မလုံမလဲဖြစ်မှုလည်း အနည်းငယ်ရှိနေသည်။

*မကြောက်ပါနှင့်။သူမ၏ဆရာက သူမသည် ကဝေမျိုးနွယ်စုတစ်ခုလုံး၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်ဟု ပြောပြခဲ့သည်။ထိုအရာကို သူမ မဝန်ခံသရွေ့ သူမ ကျိလန်ကို အမှန်တကယ် အခွင့်ကောင်းယူနေမှန်း မည်သူမျှ မသိနိုင်ပေ။

ဝူမြောင်မြောင်၏မေးခွန်းကို ကြားပြီးနောက် ကျိလန်သည် တုံ့ဆိုင်းသွားလေသည်။သူသည် အခြားသူများနှင့် ရင်းနှီးစွာ ဆက်ဆံရသည်ကို မကြိုက်ပါ။သူ့၏လက်ဖမိုးကို နမ်းခွင့်ပြုလိုက်​သည်မှာ​

သူ၏ကန့်သတ်ချက်တွေကို ရောက်နေပြီဖြစ်သည်။အခု သူမက သူ့နဖူးကို နမ်းချင်နေတယ်တဲ့လား။

ကျိလန်၏ တုံ့ဆိုင်းသွားသည့်ကို အမူအရာအပေါ် သူမ သတိထားမိလိုက်သည်။ငြင်းပယ်ခံရမှာကို စိုးရိမ်ပြီး သူ၏သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ သူ့ဆီသို့တိုက်ရိုက်ချဉ်းကပ်သွားလေသည်။သူမ၏ လှုပ်ရှားမှုများကို ကျိလန်က မတုံ့ပြန်နိုင်ခင်မှာပင် သူ၏မျက်ခုံးများအကြားတွသ် အနမ်းတစ်ခုကို ခံစားလိုက်ရသည်။

သူ၏မျက်ခုံးများကြားတွင် နွေးထွေးသော ခံစားမှုကို ပထမဆုံး ခံစားမိလိုက်ပြီး သူမ၏ နူးညံ့သိမ်မွေ့သော အသံတိုးတိုးကို ကြားလိုက်ရသည်။

"ကဝေမျိုးနွယ်၏ အမည်နာမဖြင့် ကောင်းချီးပေးပါစေ။"

ချက်ချင်းပင် သူ၏မျက်ခုံးနှစ်ခုကြားရှိ ဧရိယာမှ ရင်းနှီးနေသော စွမ်းအားတစ်ခု ပျံ့နှံ့သွားပြီး သူ၏တစ်ကိုယ်လုံး အားအင်အသစ်များပြန်လည်ဖြစ်တည်လာသလို ခံစားလိုက်ရသည်။

ကျိလန် သူမကို အံ့သြစွာ စိုက်ကြည့်နေလေသည်။ထိုကဲ့သို့သော အတွေ့အကြုံအား မည်သို့ဖော်ပြရမည်ကို သူ မသိပေ။တစ်ဖက်တွင် ဝူမြောင်မြောင်သည် သူနှင့် တိုက်ရိုက် ရင်ဆိုင်ရမည်ကို ရှောင်နေလေသည်။သူမ၏ နှလုံးသားသည် သူမကိုယ်သူမ စိတ်အနှောင့်အယှက်ဖြစ်မှုနှင့်သာ ပြည့်နေပေသည်။

*အိုး မဟုတ်ဘူး။သူမ စောစောက ကျိလန်ကို အခွင့်ကောင်းယူဖို့ပဲ အရမ်းအာရုံရောက်နေတော့ ကောင်းချီးပေးရမယ့်စကားလုံးကို အရင်ပြောဖို့မေ့သွားတယ်။သူမရဲ့ချစ်ရတဲ့ ခင်ပွန်းက သူမအမှားကို သတိမထားမိဖို့ မျှော်လင့်မိတယ်။*

စုန်းကတောတစ်ယောက်၏အစွမ်းမှာ မန္တာန်ကို ရွတ်ပြီးမှသာ အသက်သွင်းပြီးသားဖြစ်တာဖြစ်သည်။မနေ့ညက သူ့လက်ကို မနမ်းခင် မန္တာန်ကို အရင်ရွတ်ခဲ့သည်။သို့သော် စောစောကတော့ မန္တာန် မရွတ်ခင် သူ့ကို အရင်နမ်းလိုက်မိသည်။

"အဟမ်း...."

ဘေးမှ ချောင်းဆိုးသံတစ်သံ ထွက်လာလေသည်။သူတို့နှစ်ဦးစလုံး ထိုဘက်လမ်းကို လှမ်းကြည့်လိုက်ရာ သူတို့နောက်တွင် ရပ်နေသည့် တုန်ရုန်းယွမ်သည် ပါဆယ် သေတ္တာတစ်လုံးနှင့်အတူ အနေခက်စွာ ကြည့်နေသည်ကို သတိပြုမိကြလေသည်။

"ဟို ကျွန်တော် သူဌေးတို့ကို မနှောင့်ယှက်ချင်ပါဘူး။ဒါပေမယ့်...အခုအချိန်အတွင်း ခေါက်ဆွဲမစားရင် ပွကုန်လိမ့်မယ်။"

တုန်ရုန်းယွမ်သည် ကျိလန်ဆာနေမှာကို စိုးရိမ်သည့်အတွက် ချက်ရလွယ်ပြီး အစာကြေလွယ်သည့် ခေါက်ဆွဲတစ်ပန်းကန်ကို ဝယ်လာခဲ့သည်။ကျိလန်က တုန်ရုန်းယွမ်ကို ကြည့်လိုက်သည်။ထို့နောက် သူသည် စောစောက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည် သတိရလာပြီး သူ၏ အမူအရာသည် တဖြည်းဖြည်း အေးစက်လာတော့သည်။

တစ်ဖက်တွင် ဝူမြောင်မြောင်သည် ထိုအခိုက်အတန့်တွင် ကျိလန်ကို အာရုံပြောင်းစေသည့် တစ်စုံတစ်ယောက် ပေါ်လာသည့်အတွက် ဝမ်းသာမိသည်။ခေါက်ဆွဲကိုအပြေးသွားယူပြီး ကျိလန်ထံသို့ ပေးလိုက်၏။

"ရှန်ကုန်း မြန်မြန်

စားလိုက်ပါ။"

ကျိလန်သည် အမှန်တကယ်ပင် ဗိုက်ဆာနေခဲ့သည်။တူကိုယူ၍ထိုးဆွလိုက်သည်။

ထမင်းစားပြီးတာနှင့် အောက်ထပ်ကို ပြန်ဆင်းမလာခင် နောက်ထပ် ၂ နာရီ ၃ နာရီလောက် အနားယူဖို့ အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။လှေကားထစ် အဆုံးသို့ ရောက်သည်နှင့် လူအနည်းငယ် ‌ဒေါသတကြီး ငြင်းခုံနေကြသံကို ကြားလိုက်ရသည်။

"ဘာလို့ အဲ့ဒါကို ရုတ်တရက်ဖြုတ်ချလိုက်တာလဲ။"

"အဲဒီရဲ့ မူပိုင်ခွင့်ချိုးဖောက်တဲ့ ကော်ပီတွေတောင် ဖြုတ်ချပစ်တာလေ။အင်တာနက်တစ်ခုလုံးမှာအဲ့ဒါရဲ့ ဘာလက္ခဏာမှ မတွေ့ပါဘူး။" "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။သူဌေးက ဒီလို ထူးချွန်‌ပြောင်မြောက်တဲ့ ဝတ္ထုတစ်ပုဒ်ရေးဖို့ အရမ်းအားစိုက်ခဲ့ရတာလေ။ဒါကိုသတိပေးတာမရှိဘဲနဲ့ ဒီအတိုင်း အဖယ်ခံလိုက်ရတာလား။"

"ဘာဖြစ်ကြတာလဲ။"

ကျိလန်အသံထွက်လာလေသည်။

"သူဌေး?"

ပေဖန်းသည် ကျိလန်အ‌‌ပေါ် မတားပြုလုပ်ခဲ့သည့် ကိစ္စကို အတော်လေး စိတ်ဆိုးဒေါသထွက်သလို ခံစားမိသည်။

"ဝတ္ထုပလက်ဖောင်းက သူဌေး ခုနကရေးခဲ့တဲ့ဝတ္ထုကို ဖြုတ်ချပစ်လိုက်တယ်။"

ကျိလန်သည် ထိုသတင်းကို ကြားပြီးနောက် တုံ့ပြန်မှု သိပ်မရှိပေ။

သူရေးခဲ့သော အကြောင်းအရာသည် အလွန်ထိလွယ်ရှလွယ်ဖြစ်သောကြောင့် သူ၏ဝတ္ထုကို ဖယ်ရှားခြင်းသည် သူ့မျှော်လင့်ထားသည့်အတိုင်းပင်။

"ဆင်ဆာဖြတ်ခံရရင်လည်း ကိစ္စမရှိပါဘူး။"

သူက အမှုမထားသလို ခပ်တည်တည်ဖြင့် ဖြေလေသည်။

"သေလိုက်ပါတော့။!"

ကျိလန်၏ လျစ်လျူရှုမှုနဲ့ ဆန့်ကျင်ဘက်မှာ ကျန်တဲ့သူတွေကတော့ ကိုယ်တိုင်ရေးထားသည့် ဝတ္ထု ဖြုတ်ခံရသလိုမျိုး အတော်လေး စိတ်မကောင်းဖြစ်ခဲ့ကြရသည်။

"ဒီနေ့ မင်းတို့ရဲ့ ဇာတ်ညွှန်းတွေ အကုန်ပြီးပြီလား။"

ကျိလန်၏မေးခွန်းကို ရုတ်တရက် ကြားလိုက်ရသောအခါ အစက ဒေါသထွက်နေသော အယ်ဒီတာများ၏ မျက်နှာများမှာ ချက်ချင်း ဖြူဖျော့သွားခဲ့သည်။

*အိုး ဘုရား သူတို့က ချက်တင်အဖွဲ့မှာရှိတဲ့ ပရိသတ်တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို ခွဲခြမ်းစိတ်ဖြာဖို့ အရမ်း စိတ်၀င်စားနေကြတာမို့ သူတို့ရဲ့အလုပ်အကြောင်း မေ့သွားကြတာပဲ။*

"မနက်ဖြန် မနက်ကျရင် ငါ့စားပွဲပေါ်မှာ ဇာတ်ညွှန်းတွေကို အရင်ဆုံးတွေ့ချင်တယ်။"

ကျိလန်သည် ဝူမြောင်မြောင်ကို ခေါ်ပြီး အတူ အိမ်ပြန်ကြရန် စာဖတ်သည့်ထောင့်နားဆီသို့ လျှောက်သွားလိုက်သည်။

"နားလည်ပါပြီ။"

သူတို့ ၃ ယောက်စလုံး အံ့သြတကြီးဖြင့် ပြန်ဖြေကြလေသည်။သူတို့၏ သူဌေးက သူတို့ကို တကယ် ခွင့်လွှတ်ပေးလိုက်တယ်ဆိုတာ သူတို့မယုံနိုင်ကြပေ။

ထိုအချိန်တွင် စတူဒီယို၏ဝင်ပေါက်မှ ခေါက်သံများကို ကြားလိုက်ရသည်။

"စစ်ဆေးရေးမှူး ဟောက် ခင်ဗျား ဒီကို ရှောင်ပေအတွက် ရောက်လာတာလား။"

စစ်ဆေးရေးမှူးကို သတိထားမိသော တုန်ရုန်းယွမ်က အသံထွက်လာသည်။

"မဟုတ်ဘူး။ကျွန်တော် ဒီမှာ ကျိလန်ကို လာရှာတာပါ။"

ဟောက်မင်ကျီက ပြန်ပြောလေသည်။ သူ့နာမည်ကြားသောအခါ ကျိလန်က ဝင်ပေါက်ဘက်ကို လှည့်လာလေသည်။

ဟောက်မင်ကျီလည်း သူ့ကိုမြင်တာနှင့် သူ့ဆီ လျှောက်လာလေ၏။

သူသည် ကျိလန်ရှေ့တွင် သူတို့ကြား 2 မီတာ အကွာအဝေးချန်ကာ ရပ်လိုက်သည်။

"ကျေးဇူးတင်စကား ပြောချင်လို့ ဒီကို ရောက်လာတာပါ။ငါတို့ လင်းဝေကို ဖမ်းမိပြီ။"

ကျိလန်က သူ၏ပြောစကားကို တုံ့ပြန်ခြင်းမရှိဘဲ ဘာဘာမှမသိဟန်ဆောင်လေ၏

"ဘာလို့ ခင်ဗျား ဘယ်သူ့ကို ဖမ်းမိတယ်ဆိုတာကို ဂရုစိုက်နေရမှာလဲ။"

ဟောက်မင်ကျီက ရှင်းရှင်းလင်းလင်းပြောလေသည်။

"တောင်းပန်ပါတယ်။ငါ ရှင်းရှင်းလင်းလင်း မပြောခဲ့မိဘူး။ငါတို့ဖမ်းမိတဲ့ လင်းဝေက အသည်းတူးသမား လူယုတ်မာပဲ။"

"ဘယ်လို?"

‌လေးယောက်စလုံး၏ ညီညီညာညာ အော်ဟစ်သံကို ကြားလိုက်ရပေသည်။သူတို့သည် တုန်ရုန်းယွမ်နှင့် တည်းဖြတ်သူ သုံးဦးတို့ ဖြစ်ကြသည်။သူတို့ လေးယောက် ပြေးကြလာပြီး ဟောက်မင်ကျီကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြလေသည်။တစ်ချိန်တည်းမှာပင် မေးခွန်းများနှင့် သံသယများသည် စိတ်ထဲတွင် ပြည့်နှက်နေပြီး သူ၏ပြောကြားချက်အပေါ်၌ တွေးတောချင့်ချိန်နေကြလေသည်။

*အသည်းတူးသမားလူယုတ်မာကို ဘာလို့ ရုတ်တရက် ဖမ်းမိတာလဲ။စုံစမ်းစစ်ဆေးရေးမှူးဟောက်က သူတို့ဘော့စ် ဒီအကြောင်းကို အကြောင်းကြားဖို့ ဘာကြောင့် အထူးတလည်ရောက်လာတာလဲ။ပြီးတော့ သူက

ဘော့စ်ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သေးတယ်။*

"ဒါက ကျွန်‌တော်နဲ့ ဘာဆိုင်လို့လဲ။"

ကျိလန်က မေးလေသည်။

ဟောက်မင်ကျီက ရိုးရိုးရှင်းရှင်းဖြင့် ပြုံးပြီး ပြန်ပြောလာသည်။

"အသည်းတူးသမားကို ငါတို့ ဖမ်းနိုင်ခဲ့တာ မင်းရဲ့ကောက်ချက်ချမှုကို ကျေးဇူးတင်ရမှာ။မင်းရဲ့ ဝတ္ထုထဲမှာ အသည်းတူးသမားက သူနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို တမင်တကာ ရွေးခဲ့တာလို့ မင်းပြောခဲ့တယ်။သူ့ခြေရာခံမိမှာကနေကာကွယ်ဖို့အတွက် သူ့ပစ်မှတ်တွေကို သူ့အိမ်ကနေ ဝေးတဲ့နေရာကို ရွေးတယ်လို့လေ။ဟိုင်မြို့က အကျယ်ကြီးပဲလေ။သူရွေးချယ်တဲ့ နေရာတွေက မြို့အနှံ့ ပြန့်ကျဲနေတယ်။ပြီးတော့ သူ့အစီအစဉ်ကို အကောင်အထည်မဖော်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေအများကြီး လုပ်ဖို့လိုတယ်လေ။ဒါကြောင့် ပြင်ဆင်မှုတွေကို တစ်ရက်တည်းနဲ့ အပြီးသတ်ဖို့က မဖြစ်နိုင်ဘူး။ဒါကြောင့်မို့ သူ့ရဲ့ပစ်မှတ်ကို ရွေးချယ်ပြီးတဲ့အခါမှာ သူ့ပစ်မှတ်ရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ကို အချိန်အတိုင်းအတာတစ်ခုအထိ သေချာ စောင့်ကြည့်နေမှာပဲလေ။ဒီတော့ အဲ့ဒီအချိန်အတွင်းမှာ သူက အဲ့ဒီအနီးတစ်ဝိုက်မှာပဲ ရှိနေရမှာပဲ။"

"သံသယတွေဖြစ်မလာစေဖို့အတွက် သူနေဖို့အတွက်ကို တရားဝင်တဲ့ နေရာထိုင်ခင်းတွေကို သေချာရွေးချယ်မှာပဲ။ဒီသီအိုရီအရ မှုခင်းဖြစ်ပွားရာအနီးတစ်ဝိုက်မှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေနဲ့ အငှားတိုက်ခန်းတွေအားလုံးကို စစ်ဆေးခဲ့တယ်။ဒီနည်းလမ်းကို သုံးပြီး သံသယရှိသူ လင်းဝေကို ရှာဖွေမှုနယ်ပယ် ကျဉ်းမြောင်းအောင် လုပ်ခဲ့ကြတယ်။"

"သူ့အလုပ်က မြို့ထဲတစ်ဝိုက်မှာ မကြာခဏ ခရီးသွားဖို့လိုတဲ့အလုပ်လည်း မဟုတ်ဘူး။ကိုယ်ပိုင်တိုက်ခန်းကိုလည်း ပိုင်ဆိုင်လျက်နဲ့ လွန်ခဲ့တဲ့ ၂ လလုံးလုံး မြို့ထဲမှာရှိတဲ့ ဟိုတယ်တွေမှာပဲ နေခဲ့တယ်။တစ်ချိန်တည်းမှာပဲ သူ့မှာ အရင်က အသည်းရောင်ရောဂါရှိခဲ့ဖူးတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ပြီးတော့ သူ့ရဲ့ချစ်သူက အသည်းရောင်အသားဝါရောဂါကနေ အပြည့်အဝပြန်ကောင်းလာခဲ့ပေမဲ့ ကြာရှည် ကုသမှုခံယူခဲ့ရသည့်မှတ်တမ်းတွေလည်း ရှိတယ်။နောက်ဆုံးတော့ သူ့ကောင်မလေးကို ရှာတွေ့ခဲ့ပြီး သူ့အိတ်ထဲက ဆေးပုလင်းတစ်ဘူးကိုလည်း ရှာတွေ့ခဲ့ပါတယ်။မှုခင်း‌ဆေးပညာစစ်ဖို့ ပို့ပြီးတော့ DNA ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာ အပြည့်အဝ မပြီးသေးပေမဲ့ ဆေးပြားထဲကနေ လူသားတွေရဲ့ အသည်းဖွဲ့စည်းမှု သဲလွန်စတွေကို တွေ့ရှိခဲ့တယ်။"

"ခင်ဗျား မှုခင်စစ်ဆေးတဲ့အချိန် လုပ်ဆောင်ချက်တွေကို ကျွန်တော်စိတ်မဝင်စားပါဘူး။"

ကျိလန်က ပြန်ဖြေလေသည်။

"တကယ်လား။မင်းရဲ့ဝတ္ထုထဲက နောက်ဆုံးစာကြောင်းက ငါ့ကို ဦးတည်နေတာလ။"

ဟောက်မင်ကျီသည် အသံထွက်ရယ်လေသည်။

ကျိလန်က ပြန်လည် သရော်လိုက်လေသည်။

"ခင်ဗျား ဖြစ်ချင်နေတဲ့အကြံအစည်တွေတွေးနေတာကို ရပ်လိုက်ပါ။"

"ကောင်းပြီ။ဒါ ငါဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်မှုပဲ။ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့အကူအညီမပါဘဲ ငါတို့ အသည်းတူးသမားကို ဒီလောက်မြန်မြန် ဖမ်းနိုင်မှာ မဟုတ်ဘူး။"

ဟောက်မင်ကျီက ဆက်ပြော၏။

"အင်း။ဝတ္ထုအတွင်းထဲမှာ ရေးထားတဲ့ အသေးစိတ်အချက်အလက်တွေက အရမ်းထိလွယ်ရှလွယ်တာကြောင့် မင်းရဲ့ဝတ္ထုကို ဖြုတ်ချခံလိုက်ရတာပဲ။သူ့ရဲ့အကျိုးသက်ရောက်မှုကို ငါတို့စိုးရိမ်မိလို့ ဖြုတ်ချပစ်ဖို့ အမိန့်ထုတ်ခဲ့တာပါ။ရဲတပ်ဖွဲ့ထဲမှာဆိုရင် ငါတို့ရဲ့အတိုင်ပင်ခံတွေကို ယွမ် ၅၀၀၀၀ လောက်ပေးလေ့ရှိတယ်။မင်းရဲ့ဇာတ်ညွှန်းတွေရဲ့ စျေးနှုန်းနဲ့ မကိုက်လောက်ပေမဲ့ ဘာမှမရတာထက်တော့ ပိုကောင်းပါတယ်။"

"ဘယ်သူက ခင်ဗျားရဲ့အတိုင်ပင်ခံဖြစ်ချင်လို့လဲ။"

ကျိလန်က စိတ်အနှောင့်အယှက်ဖြစ်စွာ ပြန်ဖြေလေ၏။

"ကြည့်ရတာ မင်း အဲဒါကို လက်မခံချင်တဲ့ပဲ။ကောင်းပါပြီ။မင်းရဲ့ဝဘ်ပရိုဖိုင်အတွက် မဲတွေအဖြစ် ငါပြောင်းပေးပါ့မယ်။ငါမင်းကိုမဲပေးချင်နေတာပဲမို့ မင်းအကောင့်ကို ပိတ်ချဖို့ ရွေးချယ်မှာ မဟုတ်ဘူးမလား။"

ဟောက်မင်ကျီက ရယ်လေသည်။

ကျိလန်မှာ ဆွံ့အသွားလေသည်။

"မင်းက ဝန်ခံဖို့ ငြင်းနေပေမယ့်လည်း မှုခင်းစုံစမ်းစစ်ဆေးရေးဌာနတစ်ခုလုံးနဲ့ နစ်နာသူ ၄ ဦး ကိုယ်စား ကျေးဇူးတင်ချင်နေသေးတယ်။"

ဟောက်မင်ကျီက ပြန်ဖြေသည်။

"ကျွန်တော် ထပ်ပြောမယ်။ကျွန်တော် သဘောကျတယ်လို့ ခံစားမိတာကို ဒီဇာတ်လမ်းအဖြစ်ရေးတာပါ။ခင်ဗျားတို့နဲ့ဘာမှမဆိုင်ဘူး။"

ကျိလန်က အလေးပေးပြောလေသည်။

"ငါ နားလည်ပါတယ်။အဲဒါ အသည်းသမားက မင်းနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကို ပစ်မှတ်ထားနေလို့ပဲ။ငါကျေးဇူးတင်ကြောင်း ပြောပြီးပြီဆိုတော့ စစ်ဆေးမေးမြန်းတာကို ဆက်လက်လုပ်ဖို့ ပြန်ရဦးမှာမို့ အရင်သွားလိုက်ဦးမယ်။" ထိုစကားကို ‌ပြောပြီးသွားသောအခါ ဟောက်မင်ကျီသည် ချက်ချင်းပင် စတူဒီယိုမှ လှည့်ထွက်သွားသည်။

"အရူး။"

ကျိလန်သည် သူ၏ စိတ်ကြီးဝင်နေသော အပြုအမူကြောင့် အံ့ဩတုန်လှုပ်သွားခဲ့သည်။

ထို့နောက် သူလှည့်ကာ ဝူမြောင်မြောင်ကို အိမ်ပြန်ရန် လှမ်းခေါ်သောအခါ ပေဖန်းသည် ရုတ်တရက် မျက်ရည်ကျကာ သူ့ထံ ပြေးလာသည်ကို တွေ့လိုက်ရသည်။

ကျိလန်က နောက်ပြန်ဆုတ်လိုက်ပေမဲ့

သိပ်နောက်ကျသွားပြီဖြစ်သညာ။ပေဖန်းသည် သူ့ဆီသို့ လျှောက်လာပြီး

သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်း ငိုယိုအော်ဟစ်တော့သည်။

"သူဌေးက ကျွန်တော့်အတွက်နဲ့ ဒါတွေအားလုံး လုပ်ပေးမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။သူဌေး ကျွန်‌တော့အတွက် အသည်းတူးသမားကို ကိုယ်တိုင် ဖြေရှင်းပေးခဲ့တာလား။ကျွန်‌တော့်အမေတောင်မှ ကျွန်တော့်ကို ဒီလောက် ကောင်းကောင်းမဆက်ဆံဘူး။ဘူး.. သူဌေး အခုကစပြီး သေချာပေါက် အလုပ်ကြိုးစားမယ်လို့ ကတိပေးပါတယ်။ကျွန်တော် အလုပ်ကို အလေးအနက်ထားပြီး ဘယ်တော့မှ နုတ်ထွက်မှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်။တစ်သက်လုံး သူဌေးအတွက် အလုပ်လုပ်ပေးပါ့မယ်။ဒီကျေးဇူးကို ဘယ်တော့မှ ပြန်ဆပ်မကုန်နိုင်လောက်ဘူးလို့ ခံစားရတယ်..."

"လွတ်ပေးတော့!"

ကျိလန်သည် တနုံ့နုံ့နှင့် ဒေါသထွက်နေလေသည်။

*ဒီလူတွေတော့ ဖြစ်ချင်သော စိတ်ကူးတွေနဲ့ ပြည့်နှက်နေတဲ့ ငမိုက်သားတွေပဲ။*

*******

စာရေးသူ မှတ်ချက်-

ဝူမြောင်မြောင်: သူက ငါ့အတွက် လုပ်ခဲ့တာ ရှင်းနေတာပဲ။ငါတောင်

ချစ်ရတဲ့ခင်ပွန်းလေးကို မပွေ့ဖက်ရသေးဘူး။စိတ်တိုလိုက်တာ။!

...

အခန်း ၂၀ ။ ကုတင်တစ်လုံးတည်းမှာ အတူတူအိပ်ရမယ့် နေ့ရက်တွေ နီးလာပြီလား

ကျိလန်သည် အစကတော့ စတူဒီယိုမှထွက်လာပြီးနောက် ဝူမြောင်မြောင်ကို တစ်ခုခုစားရန် ခေါ်သွားလိုခဲ့သည်။သို့သော် သူမသည် ပင်ပန်းနေပြီဖြစ်ပြီး ယနေ့တွင် အိမ်စောစော ပြန်ချင်သည်ဟု ပြောလာသည်။

*တစ်နေကုန် ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူမက ဘယ်လိုများ ပင်ပန်းနိုင်မှာလဲ။သူ့ကို အေးအေးဆေးဆေး အနားယူစေချင်လို့ အိမ်ကို စောစောပြန်ချင်ခဲ့တာဖြစ်မယ်။*

ကျိလန်သည် သူမ၏စုန်းကဝေ ကောင်းချီးကြောင့် လုံလုံလောက်လောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သူမအား ပြောပြချင်သော်လည်း အဆုံးတွင် သူ၏အတွေးများကို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့ပေ။

သူ့အပေါ် ဂရုစိုက်မှုနှင့် စိုးရိမ်ပေးမှုတို့ကို စိတ်ပျက်သွားမှာမလိုလားပေ။

နှစ်ယောက်လုံး တက္ကစီစီးပြီး အိမ်ပြန်လာခဲ့ကြသည်။ရပ်ကွက်အဝင်ဝတွင် တက္ကစီပေါ်မှ ဆင်းလာကြပြီးနောက် နှစ်ယောက်စလုံး ပင်မဝင်ပေါက်ရှိ ပါဆယ်အိတ်လော်ကာဆီသို့ လမ်းလွှဲမှသွား ဖြည်းဖြည်းချင်း အိမ်သို့ပြန်ခဲ့ကြသည်။

"ရှန်ကုန်း ရှင် ဒီနေ့ ဘယ်အချိန်အိပ်ဖို့ စီစဉ်ထားလဲ။"

ဝူမြောင်မြောင်က ရုတ်တရက် မေးလိုက်သည်။

"ဘာလို့လဲ။"

ကျိလန်သည် သူမ၏မေးခွန်းကြောင့် ‌ခေါင်းခြောက်သွားလေသည်။

"ရှင် ဒီနေ့ ရှင့်ရဲ့ စွမ်းအားတချို့ကို ဝါးမြိုဖို့ရာ ကျွန်မကို ကျိန်စာတိုက်တဲ့အရုပ်လေး သုံးခွင့်ပြုမယ်လို့ လွန်ခဲ့တဲ့ ၂ရက်တုန်းက ပြောခဲ့ဖူးတယ် မဟုတ်လား။ရှင် အိပ်ရာဝင်တဲ့အချိန်မှာ ရှင့်ရဲ့ စွမ်းအားတွေကို စုပ်ယူတာက ပိုလွယ်တယ်လေ။"

သူမက ပြန်ဖြေလေသည်။

လွန်ခဲ့သော ၂ ရက်လောက်က သူ ပြောခဲ့တာတွေကို ပြန်သတိရသွားလေသည်။

"ဒီ​နေ့နည်းနည်း​တော့ ပင်​ပန်း​နေတယ်​။ ညစာစားပြီးရင်​ အိပ်​​တော့မှာပါ။​"

အိပ်မက်မမက်ဘဲ အိပ်စက်နိုင်တဲ့ ကြိမ်အခွင့်အရေးက တစ်ပတ်တစ်ကြိမ်ပဲရတော့ အခွင့်အရေးကို အသုံးချဖို့ စောစောအိပ်တာက သေချာပေါက် ပိုကောင်းပေမည်။ထိုအကြောင်းတွေးလိုက်ရုံနဲ့ ကျိလန်၏စိတ်ကို လန်းဆန်းသွားစေသည်။

ဝူ‌မြောင်မြောင်သည် သူ၏အဖြေကြောင့် ပြုံးလိုက်မိသည်။သူ၏အဖြေကို သူမ အတော်လေးသဘောကျပုံရသည်။

"အင်း အိမ်ပြန်ကြရအောင်၊ ကျွန်မတို့စားစရာတွေ မြန်မြန်ပြီးအောင် စားကြတာပေါ့။ပြီးရင် စောစောအိပ်လို့ရတာပေါ့။"

"ဟုတ်တယ်။"

ကျိလန်သည် မသိစိတ်က အရှိန်တင်၍လျှောက်လေသည်။သူမ၏ အဓိပ္ပာယ်နှစ်ခွထွက်‌သော စကားလုံးများကို သတိမထားမိခဲ့ပေ။

"အိုး ဟုတ်သား။"

သူမသည် ရုတ်တရက် ရှေ့သို့ ခပ်သုတ်သုတ် ခြေလှမ်းအနည်းငယ်လှမ်းကာ သူ့ထံသို့ မျက်နှာချင်းဆိုင် လှည့်ကြည့်လိုက်သည်။သူမသည် နောက်ပြန်လမ်းလျှောက်လာရင်းနှင့် မေးလိုက်၏။

"ကျွန်မတို့ ဘာစားကြမလဲ။ကျွန်မ အခုချက်ချင်း ဒလီဗာရီမှာလိုက်မယ်။"

"အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး။ငါတို့ အိမ်ပြန်‌ရောက်တဲ့အခါမှ ဆုံးဖြတ်လို့ရပါတယ်...-သတိထား!"

အစားအစာပို့သည့် အီလက်ထရွန်းနစ်စက်ဘီးတစ်စီးသည် ထောင့်တစ်နေရာကနေ အရှိန်ပြင်းပြင်းနှင့် ရုတ်တရက် ထွက်ပေါ်လာခဲ့ပါသည်။သူမသည် အရှေ့ဘက်ကို မျက်နှာမမူထားသောကြောင့် သတိမထားမိချေ။ကျိလန်သည် ရှေ့သို့ ခြေလှမ်းကျဲကျဲလှမ်းပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ဗုန်းခနဲမြည်သံနှင့်အတူ သူမ၏ခေါင်းသည် သူ့ရင်ဘတ်နှင့် တိုက်မိသွားလေသည်။

အီလက်ထရွန်းနစ်စက်ဘီးသည် (၁၀)စင်တီမီတာမျှသာအကွာ၌ သူတို့နှစ်ယောက်ရှေ့တွင် လဲကျလုမတတ်ဖြစ်ကာ ရပ်တန့်သွားခဲ့သည်။ကြောက်ရွံ့တုန်လှုပ်သောအမူအရာနှင့် ပို့ဆောင်ရေးသမားက မေးလေသည်။

"တောင်းပန်ပါတယ်။ကျွန်တော် ခင်ဗျားတို့ကို တိုက်မိသွားသေးလား။"

"မင်း ဘာလို့ ရပ်ကွက်ထဲမှာ ဒီလောက် အရှိန်ပြင်းပြင်းနဲ့ စီးနေရတာလဲ။"

ကျိလန်က ဟောက်လိုက်‌လေသည်။

"တောင်းပန်ပါတယ်။တောင်းပန်ပါတယ်။ဒလီပို့ဖို့အမှာစာတွေကို အမီလိုက်ဖို့ အလျင်စလိုဖြစ်နေတာမို့......"

"ဒါက လမ်းဆုံတစ်ခုလေ။ထောင့်နားရောက်တဲ့အခါ အရှိန်လျှော့ရမယ်ဆိုတာ မင်းမသိဘူးလား။"

"ကျွန်တော်...."

ကျိလန်၏ အဟန့်‌ကောင်းသောအမူအရာအောက်တွင် ဒလီပို့သူကောင်လေး၏ ခန္ဓာကိုယ်အနှံ့ တုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်သွားလေသည်။

"ကျွန်မ အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်။စောစောက ကျွန်မကို မတိုက်မိလိုက်ပါဘူး။ရှင် သွားလို့ရပါပြီ။"

ဝူမြောင်မြောင်သည် စိတ်ကောင်းဝင်နေသဖြင့် ကျိလန်၏ အမျက်ဒေါသကို ဆန့်ကျင်လိုက်လေသည်။သူမသည် အထူးတလည် ကြင်နာတတ်သည်ဟု ခံစားရပြီး သူမအဆင်ပြေကြောင်း ပြောပြပြီးနောက် သွားလို့ရပြီဖြစ်ကြောင်း ဒလီပို့ဆောင်သူကို ပြောလိုက်သည်။

သို့သော်လည်း ဒလီပေးပို့သူသည် မလှုပ်ဝံ့ပေ။သူသည် ကျိလန်ကို အပြစ်ရှိတဲ့ အသိစိတ်နဲ့ ကြည့်လိုက်၏။ကျိိလန်သည် သူ့ကို သန့်တားရန် မရည်ရွယ်ကြောင်း သဘောပေါက်သွားသောအခါ သူသည် သူ၏အီလက်ထရွန်းနစ်စက်ဘီးကို ဒယိမ်းဒယိုင်ဖြင့် စီးပြီး အခင်းဖြစ်ရာ‌နေရာမှ ထွက်ခွာသွားလေသည်။

"ဟီးဟီးဟီးဟီး။"

ဒလီပို့သူ ထွက်ခွာသွားပြီးနောက် ဝူမြောင်မြောင်သည် ပျော်ရွှင်မြူးထူးစွာနှင့် အရူးလေးလို ပြုံးပြလိုက်လေသည်။

"လမ်းကို သေချာလျှောက်စမ်းပါ။တခြားကားတစ်စီးက ထပ်ပြီး တိုက်တာခံချင်လို့လား။"

ကျိလန် မျက်မှောင်ကြုတ်လိုက်မိသည်။အကယ်၍ ဒီကောင်မလေးက စောစောတုန်းက နောက်ပြန်မလျှောက်ခဲ့ဘူးဆိုလျှင် လာနေသည့် အီလက်ထရွန်းနစ်စက်ဘီးကို သတိထားမိမှာပင်။

"ရှင်သာ ကျွန်မကိုပြန်ပွေ့ဖက်ထားဦးမယ်ရင် ထပ်ပြီးတိုက်ခံရလည်း ကိကိစ္စမရှိပါဘူး။"

သူမက လေးလေးနက်နက် ပြန်ပြောလာသည်။

ကျိလန်သည် သူမအား စိတ်တိုနေဟန် အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး သူ့ခြေလှမ်းကျဲကြီးများဖြင့် အမြန်လျှောက်ကာ ကောင်မလေးကို အဝေးသို့ ချန်ထားခဲ့‌လေသည်။

"အာ ရှန်ကုန်းရေ။ကျွန်မကို စောင့်ပါဦး။!"

သူမသည် သူ့နောက်ကို အမီလိုက်ရန် ပြေးလာလေသည်။

အိမ်ပြန်ရောက်သည်နှင့် အစားအသောက်ဒလီဗာကို ဖုန်းခေါ်လိုက်ကြသည်။ကျိလန်သည် ထမင်းစားပြီးသည်နှင့် ရေချိုးလိုက်သည်။

ဝူမြောင်မြောင်သည် ကျိလန်ထွက်လာမည်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း ဧည့်ခန်းတွင် ရုပ်မြင်သံကြား အစီအစဉ်ကို ကြည့်လျက် ထိုင်နေခဲ့သည်။သူမသည် အိမ်မက်ဆိုးသခင်၏စွမ်းအားကို စုပ်ယူဖို့အတွက် သူမ၏ကျိန်စာအရုပ်လေးကို အသုံးပြုရန် ပြင်ဆင်ထားခဲ့သည်။

ကျိလန် ရေချိုးသည်မှာ အချိန် သိပ်မကြာလိုက်ပေ။ခေါင်းလျှော်သည့် အချိန်အပါအဝင် ၁၅ မိနစ်သာကြာသည်။ သို့သော်လည်း သူ ရေချိုးခန်းထဲက ထွက်လာပြီး ဝူမြောင်မြောင်အား ကျိန်စာအရုပ်လေးမှ သူ့စွမ်းအားတွေကို စုပ်ယူရန် တောင်းဆိုမည့်အချိန်တွင် ဧည့်ခန်းရှိ ဆိုဖာပေါ်၌ သူမ အိပ်ပျော်နေသည်ကို သတိထားမိလိုက်သည်။

သူမသည် ကျိန်စာအရုပ်လေးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ကာ တီဗွီရီမုဒ်ကွန်ထရိုးကို အခြားတစ်လက်ဖက်နှင့် ကိုင်ထားသည်။ခြေထောက်နှစ်ဖက်ကို ကွေးထားကာ တစောင်းအနေအထားဖြင့် ဆိုဖာပေါ် မှီအိပ်နေသည်။

သူမအိပ်ပျော်နေသော အနေအထားသည် အတော်လေး အဆင်မပြေဖြစ်နေပုံရသည်။အလွန်ပင်ပင်ပန်းနွမ်းနယ်နေသူများသာ ထိုကဲ့သို့အနေအထားမျိုးနှင့် အိပ်နိုင်မှာဖြစ်သည်။

ကျိလန်သည် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး သူမဘက်သို့ ကိုယ်ကိုကိုင်းလိုက်သည်။သူမကို ဆန်းစစ်ကြည့်ပြီးနောက် သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပုံပေါ်မှန်း သိလိုက်ရသည် ။

"ဒီ​နေ့ နည်းနည်း​လေး ပင်​ပန်း​နေတယ်​။ကျွန်မ အိမ်​​စော​စောပြန်​ချင်​တယ်​။"

သူမ တကယ်ပင် ပင်ပန်းနေပုံရသည်။

*ဘယ်လိုများ ဒီလောက်တောင် ပင်ပန်းလာရတာလဲ။ဒီနေ့ သူမ အင်အားသုံးရတာ တစ်ခုခုများ လုပ်ခဲ့လို့လား။*

အကြောင်းအရာများက ရုတ်​တရက်​ ​ပေါ်လွင်​လာ​သော​ကြောင့်​ ကျိလန် တစ်​ခဏတာ ငြိမ်​သက်​သွားခဲ့သည်​။

*စုန်းက‌ဝေရဲ့ ကောင်းချီး။*

ဝူမြောင်မြောင်သည် သူ့အပေါ် စုန်းက‌ဝေကောင်းချီးကို နှစ်ကြိမ်တိုင်တိုင် သွန်းလောင်းပေးခဲ့သည်။ပထမတစ်ကြိမ်မှာ မနေ့ညကဖြစ်ပြီး ဒုတိယတစ်ကြိမ်က ဒီနေ့မွန်းလွဲပိုင်းကပင် ဖြစ်သည်။ဤကောင်းချီးနှစ်ခုကြားရှိ အချိန်ကာလသည် ၁၀ နာရီကျော်ခန့်သာ ကွာခြားသည်။

ဒါကို သူ စောစောကတည်းက သဘောပေါက်သင့်သည်။အိမ်မက်ဆိုးသခင်တစ်ယောက်အနေဖြင့် သူ၏စွမ်းအားများကို မရည်ရွယ်ဘဲ အသက်သွင်းလိုက်မိသည့် အချိန်မျိုးတွင် အိပ်မက်တွေထဲသို့ ဆွဲခေါ်ခံရလျှင် အလွန်ပင်ပန်းနွမ်းနယ်လာလိမ့်မည်ဖြစ်သည်။သူမသည် အစွမ်းထက်သော မှော်ကဝေမန္တာန်များကို တမင်တကာ အသုံးပြုခြင်းက သူမထံမှ စွမ်းအားများစွာ ထွက်သွားစေလိမ့်မည်။သူ၏စွမ်းအားများကို မစုပ်ယူခင် မတော်တဆ အိပ်ပျော်သွားမည်ကို သူမ စိတ်ပူပြီး အိမ်ပြန်ဖို့ အစောကြီးကတည်းက အလျင်စလို ပြန်ခိုင်းပြီး သူ ဘယ်အချိန်အိပ်မလဲ ဆိုတာ မေးနေခဲ့ဖြစ်မည်။

ကျိလန်သည် သူ့ရင်ဘတ်ကိုသူ ဆုပ်ကိုင်လိုက်သည်။ထိုနေရာတွင် သူ ရုတ်တရက် တစ်ခုခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ဒါက ဘာလဲ။

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမလက်ထဲမှ ရီမုဒ်ကွန်ထရိုးကို လက်လှမ်းယူကာ သူမအား ညင်သာစွာ ပွေ့မလိုက်သည်။စာကြည့်ခန်းဆီသို့ ဦးတည်သွားကာ သူမကို ဆိုဖာပေါ်တွင် တင်ပေးလိုက်သည်။ထို့နောက် စောင်ခြုံပေးကာ ပြတင်းပေါက်များကို ပိတ်၍ လိုက်ကာများကို ဆွဲချလိုက်သည်။ထို့နောက် အခန်းထဲမှ တိတ်တိတ်ဆိတ်ဆိတ် ထွက်မလာမီတွင် လေအေးပေးစက်ကို ဖွင့်ကာ အပူချိန်ကို သင့်လျော်သော အဆင့်သို့ ချိန်ညှိပေးခဲ့သည်။

ဝူမြောင်မြောင် နိုးလာသောအခါ နံနက် ၉း၃၀ ပင်ရှိနေပြီဖြစ်သည်။မနေ့ညက သူမ မေ့နေခဲ့သည့်အရာကို သိလိုက်သောအခါ အမောတကောနှင့် ကုတင်ပေါ်ကနေ ခုန်ချပြီး ပြေးထွက်သွားလေသည်။

"ရှန်ကုန်း...ရှန်ကုန်း..."

"နိုးပြီလား။"

ကျိလန်သည် ဧည့်ခန်းထဲတွင် သတင်း ကြည့်နေလေသည်။ဝူမြောင်မြောင်တစ်ယောက် အခန်းထဲမှ အပြေးအလွှားထွက်လာသည်ကို သူသတိထားမိပြီး အေးဆေးပေါ့ပါးစွာဖြင့် ပြောလိုက်၏။

"မနက်စာမစားခင် အရင်သွားပြီး ဆေးကြောလိုက်။"

"အာ ကောင်းပါပြီ။"

သူမသည် နာခံစွာဖြင့် သန့်စင်ခန်းဆီသို့ ဦးတည်သွားခဲ့သည်။

သူမဆေးကြောသန့်စင်ပြီးနောက် ကျိလန်သည် မိုက်ခရိုဝေ့မီးဖိုတွင် နံနက်စာကို အပူပေးထားပြီး ထမင်းစားပွဲပေါ်တွင် တင်ထားသည်ကို တွေ့လိုက်ရသည်။

"ရှန်ကုန်း ရှင်ရော ထမင်းစားပြီးပြီလား။"

ဝူမြောင်မြောင်က မေးလိုက်သည်။

"၁၀နာရီထိုးခါနီးနေပြီလေ။မင်းဘယ်လိုထင်လဲ။"

သူက မေးခွန်းကို ပြန်မေးလိုက်သေးသည်။

"တောင်းပန်ပါတယ်။ကျွန်မ အိပ်ယာထနောက်ကျသွားတယ်။ကျွန်မကိုယ်ကျွန်မ ဒီလောက်ကြာအောင်အိပ်မိလိမ့်မယ်လို့ ထင်မထားမိဘူး။မနေ့က ရှင့်ရဲ့စွမ်းအားတွေကို စုပ်ယူဖို့ ကူညီမယ်ဆိုတဲ့ ကတိကိုလည်း ကျွန်မမေ့သွားတယ်။"

သူမ၏မျက်နှာသည် နောင်တတရားများဖြင့် ပြည့်နှက်နေပေသည်။

ကျိလန်က ပြန်မပြောပေ။ထိုအစား သူသည် ပူနွေးသော ပင်လယ်စာ ဂျုံဆန်ပြုတ်ပန်းကန်လုံးအား သူမဆီသို့ တွန်းပို့ပေးလာသည်။

ဝူမြောင်မြောင်သည် ထိုနေရာတွင်ပင် မလှုပ်မယှက် ထိုင်နေမိသည်။အရင်ဆုံး သူမအား ခွင့်လွှတ်ပေးမည်ကို အလိုရှိသလိုပုံဖြင့် ကျိလန်ကို စူးစူးစိုက်စိုက်စိုက်ကြည့်နေလေသည်။

"ဒီညတော့ မေ့လို့မရတော့ဘူးနော်။"

သူက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလာသည်။

"ကောင်းပါပြီ။"

သူမ စိတ်အခြေအနေသည် ချက်ချင်း ကောင်းမွန်လာပြီး သူမ ခေါင်းကို အပြင်းအထန် ငြိမ့်ပြလိုက်သည်။သူမ ဇွန်းကိုယူကာ ပင်လယ်စာ ဂျုံဆန်ပြုတ်ကို ပါးစပ်အပြည့်ဖြစ်အောင် စတင်သောက်လေတော့သည်။

"ငါ ခဏနေရင် စတူဒီယိုကို သွားတော့မှာ။မင်း ဒီနေ့ အိမ်မှာ စောင့်နေလို့ရတယ်။"

ကျိလန်က ရုတ်တရက် အသံထွက်ပြောလာသည်။

"ကျွန်မ ဒါကို မြန်မြန်ပြီးအောင် စားနိုင်ပါတယ်။နောက်ထပ် ၂ မိနစ်လောက်ပဲ အချိန်ပေးပါ။"

သူမ၏ အစာစားသည့်နှုန်းကို အရှိန်မြှင့်လိုက်သည်။

"ငါ တစ်ခုခုဝယ်ထားသေးတယ်။မနက် ၁၁ နာရီမှာ လာပို့ပေးလိမ့်မယ်။အိမ်မှာနေပြီး အဲ့ဒီပစ္စည်လေး ကူယူပေးထားပါ။"

သူက ရှင်းပြလာသည်။

"အိုး..ကျွန်မသိပြီ။ဒါဖြင့် ကောင်းပါပြီ။"

ဝူမြောင်မြောင်က ခဏလောက်စဉ်းစားပြီး မေးလေသည်။

"အဲ့ဒီပစ္စည်းရောက်လာပြီးရင် နေ့ခင်းဘက် ကျွန်မ တစ်ယောက်တည်း အပြင်ထွက်လို့ရမလား။ဘယ်လိုပဲဖြစ်ဖြစ် အသည်းတူးသမားကိုလည်း ရှင်ဖမ်းမိသွားပြီလေ။"

"သူ့ကို ဖမ်းမိသွားပြီဆိုပေမဲ့ မျက်လုံးနီကြောင်က ကျန်နေသေးတယ်လေ။မင်းက... အဲဒီအရာကို ကိုင်တွယ်နိုင်မယ်ထင်လို့လား။"

သူကမေးလေသည်။

ဝူမြောင်မြောင်သည် ကျိလန် ပြောခဲ့ဖူးသော ကြောင်လေးရဲ့ အသေးစိတ် အချက်အလက်တွေကို ပြန်စဉ်းစားကြည့်လိုက်သည်။သူမသည် သူ၏အခြားစာဖတ်သူများနှင့် မတူပါ။စုန်းကဝေတစ်ယောက်အနေနှင့် ကျိလန် သူ၏ဝတ္ထုထဲတွင် ဖော်ပြခဲ့သော ကြောင်သည် သူဖန်တီးထားသည့် အရာမဟုတ်မှန်း သူမသိပါသည်။တကယ့်လက်တွေ့မှာ တည်ရှိနေသော နတ်ဆိုးဝိညာဉ်တစ်ခုပင်။

"အဲ့ဒါက ဒီအတိုင်း နတ်ဆိုးတစ်ကောင်သက်သက်ပါပဲ။အစွမ်းထက်တဲ့သူတော့ မဟုတ်ဘူးလေ။နေ့ခင်းဘက်မှာ ကျွန်မ သွားဖမ်းပေးရမလား။ရဲတွေက ဒီနတ်ဆိုးကို သေချာပေါက် ဖမ်းမိမှာ မဟုတ်ဘူး။"

ရဲများ၏အမြင်တွင် ထိုနတ်ဆိုးသည် သာမန်ကြောင်တစ်ကောင်မျှသာဖြစ်သည်။ထို့အပြင် အချိန်အကြာကြီး လွတ်မြောက်နေပေလိမ့်မည်။

"ထွေထွေထူးထူး သွားရှာနေစရာ မလိုပါဘူး။"

ကျိလန်က ပြန်ပြောလိုက်သည်။

"ကျွန်မတို့ ဒါကို ဘယ်လိုနည်းနဲ့မှ လွတ်ပေးမိမှာမဟုတ်ပါဘူး။အသည်းတူးသမားက လူပေါင်းများစွာကို သတ်ပစ်ခဲ့တယ်။သူ စိတ်ဖောက်နေတယ်ဆိုရင်တောင် နတ်ဆိုးကတော့ ဒီကိစ္စမှာ တာဝန်တော်တော်ရှိတယ်လေ။ကျွန်မတို့ ဒီကိစ္စကို မဖြေရှင်းဘူးဆိုရင် သေချာပေါက် နောက်ထပ် လူတစ်ယောက်ကို ထပ်ပြီး လမ်းလွဲအောင် လုပ်ဦးမှာပဲ။ဒါကြောင့် ကျွန်မတို့ ဖမ်းကိုဖမ်းရမယ်။နောက်ထပ်လူတွေ ထပ်ပြီး ပြုစားခံရဦးမှာကို ခွင့်ပြုမပေးနိုင်ဘူး။"

ဝူမြောင်မြောင်က အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။

ကျိလန်က သူမစကားကို မချေပပေ။သို့သော် သူ၏နှလုံးသာ အနက်ရှိုင်းဆုံးတစ်နေရာတွင် သူမနှင့် ကွဲပြားသော အယူအဆတစ်ခု ရှိနေသည်။သူ့အတွက်တော့ နတ်ဆိုးများသည် လူသားများကို လမ်းလွဲစေသော သူများပင်ဖြစ်သော်လည်း လူသားများသည် အစကတည်းက မကောင်းသော ရည်ရွယ်ချက်များကို လက်ခံမထားကြလျှင် နတ်ဆိုးများသည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းရန် မည်သို့ အောင်မြင်နိုင်မည်နည်း။

"ပြီးတော့ ကျွန်မရဲ့ရှန်ကုန်းက အသည်းတူးနေတဲ့ လူယုတ်မကို ဖမ်းမိသွားတဲ့သူဆိုတော့ ကျွန်မက နတ်ဆိုးကို အဆုံးသတ်ပေးမယ့်သူဖြစ်ရမယ်လေ။ကျွန်မတို့ကို နတ်ဆိုးတွေကို အတူတူ သုတ်သင်တဲ့ ဇနီးမောင်နှံလို့ သတ်မှတ်လို့ရတယ်လေ။"

ဝူမြောင်မြောင်က "ကျွန်မပြောတာ မှန်တယ်မဟုတ်လား။"ဟူသောစကားဖြင့် အဆုံးသတ်ပြောရာတွင် အတော်လေးပျော်ရွှင်နေလေသည်။

*ရှင်က အိမ်မက်ဆိုးသခင်လေ။သာမန်လူသားတွေရဲ့ အိပ်မက်တွေထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်ထွက်နိုင်တယ်လေ။လူသားတွေရဲ့ မသိစိတ်ထဲကို ဝင်သွားပြီး သူတို့ရဲ့ အိပ်မက်တွေကို စိတ်ကြိုက်ထိန်းချုပ်နိုင်တယ်။လူသားတွေရဲ့နှလုံးသားတွေက နုနယ်ပါတယ်။သူတို့အရဲ့တွင်းစိတ်ထဲမှာ ထုတ်မပြောပြနိုင်တဲ့ လျှို့ဝှက်ချက်တွေနဲ့ အငြိုးတရားဖြစ်လာရတဲ့ ရည်ရွယ်ချက်တွေကို ဆုပ်ကိုင်ထားမိနိုင်တယ်။တစ်ယောက်ယောက်ရဲ့ အိပ်မက်ထဲမှာ ရှင်လုပ်လိုက်တဲ့ ဘယ်လို လုပ်ဆောင်ချက်မဆို သူ ဒါမှမဟုတ် သူမရဲ့ အငြိုးတရားဖြစ်လာရတဲ့ ရည်ရွယ်ချက်တွေကို ချဲ့ကားသွားမိစေနိုင်တယ်လေ။ဒီလိုဆို နောက်ပြန်ဆုတ်လို့မရနိုင်တဲ့ ရလဒ်များကို ဖြစ်ပေါ်စေနိုင်တာပေါ့။*

ကြည့်ရတာသူသည် ဤနတ်ဆိုးမိစ္ဆာနှင့် တော်တော်ဆင်တူပုံရသည်။

"ရှန်ကုန်း?"

ကျိလန်သည် သူ့အတွေးကမ္ဘာထဲမှ ရုန်းထွက်လိုက်သည်။ဝူမြောင်မြောင်သည် သူ့ကို တွေတွေကြီး စိုက်ကြည့်နေသည်ကို သူသတိထားမိပါသည်။

"မင်းသွားချင်ရင် သွားလေ။ငါတော့ အရင်သွားနှင့်တော့မယ်။"

စကားပြောပြီးသည်နှင့် တိုက်ခန်းမှ ထွက်လာခဲ့လိုက်သည်။

ကျိလန်နှင့် ဝူမြောင်မြောင် အပြင် တုန်ရုန်းယွမ်ကလည်း မျက်လုံးနီကြောင်သည် နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်းကို သိနေခဲ့သည်။

"ဆရာ အသည်းတူးတဲ့လူယုတ်မာကို ပြုစားခဲ့တဲ့ အဲဒီနတ်ဆိုးကို ဖြေရှင်းဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်မှာလား။"

မနေ့ညက အလုပ်ဆင်းသည်နှင့် အသည်းတူးသည့် လူယုတ်မာမှာ နတ်ဆိုး၏ လှည့်စားခံခဲ့ရကြောင်း သူ၏ဆရာသခင်ကို အသိပေးခဲ့သည်။

"ငါက တာဝန်ချပေးလိုက်ပြီးသားပါ။ဒီနေ့ ဒီကိစ္စကို ဖြေရှင်းဖို့ အဖွဲ့ထဲကနေ တပည့်တစ်ယောက် ရောက်လာလိမ့်မယ်။"

ဆရာကြီးရှုက ပြန်ဖြေလိုက်သည်။

"အဲဒီနတ်ဆိုးက အရမ်း ဉာဏ်များတယ်။သူကိုယ်တိုင် လုပ်တာမျိုး မဟုတ်ဘူး။ဒါကြောင့် အမှုအခင်းဖြစ်ခဲ့တဲ့ နေရာတွေမှာ မိစ္ဆာ စွမ်းအင်တွေ လုံးဝ မရှိသလောက်ဖြစ်နေခဲ့တာ။ရဲတွေထက်အရင် မိစ္ဆာစွမ်းအားနဲ့ထိတွေ့မိခဲ့တဲ့ ဆေးပုလင်းကို သိမ်းယူပြီးတာနဲ့ သူ့ရဲ့ တည်နေရာအတိအကျကို ခြေရာခံနိုင်မှာပါ။"

နတ်ဆိုးသည် လူတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ မသတ်ခဲ့သော်ငြားလည်း ဆေးကို ဖန်တီးသူဖြစ်နေပေသည်။

"အဲဒီလိုကြားရတာ စိတ်ချပါပြီ။ဒီနတ်ဆိုးကို မဖမ်းမိရင် တခြားလူတွေကို ထပ်ပြီး ပြုစားသွားနိုင်တယ်။"

တုန်ရုန်းယွမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။

"မေ့နေတာ။အိမ်မက်ဆိုးသခင်ရော ဘာတွေဖြစ်နေပြီလဲ။ဒီတစ်ခါ သူက အလိုအလျောက် အသည်းတူးနေတဲ့လူရဲ့အိပ်မက်ထဲကို ဝင်ခဲ့တာလား။ဒါမှမဟုတ် သူ့ကို မရည်ရွယ်ဘဲ ဆွဲသွင်းခံခဲ့ရတာလား။"

ဆရာကြီးရှုက မေးလိုက်၏။

"သူ့ရဲ့ စွမ်းအားတွေကော ပိုအားကောင်းလာပြီလား။"

တုန်ရုန်းယွမ် အနည်းငယ် တောင့်တင်းသွားပြီး သူ၏လက်သည် သူ့ဖုန်းကို မရည်ရွယ်ဘဲ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည်။

"ရုန်းယွမ်?"

"အာ..မကောင်းလာပါဘူး။သူဌေးက အိမ်မက်ထဲကို တမင်တကာ ဝင်သွားတာလို့ မထင်မိပါဘူး။"

တုန်ရုန်းယွမ် အသိစိတ် ပြန်ဝင်လာခဲ့သည်။

"ဒါဖြင့်ရင် သူက အသည်းတူးသမားရဲ့ အိပ်မက်ထဲကို မတော်တဆ ဘယ်လိုများ ရောက်သွားနိုင်မှာလဲ။"

"ဘာလို့လဲဆို​တော့...အဲ့ဒီအချိန်​တုန်းက​...အင်း... အဲ့ဒီအချိန်​အတွင်းမှာ အသည်းတူးသမားက ကျွန်​​တော့်​လုပ်​​ဖော်​ကိုင်​ဖက်တွေထဲက ​တစ်​​ယောက်​ကို ပစ်​မှတ်​ထားခဲ့တယ်​။အဲ့အချိန်​အတွင်းမှာ ကျွန်​​တော့်​လုပ်​​ဖော်​ကိုင်​ဖက်​က ည​ပေါင်းများစွာ အိမ်​မက်​ဆိုး​တွေ မက်ခဲ့ရတယ်​... ဖြစ်နိုင်တာတော့ အဲ့ဒါကြောင့်မို့ အဲ့ဒီသူဌေး..အိမ်မက်ဆိုးသခင်က မတော်တဆ အိပ်မက်ထဲကို ဆွဲသွင်းခံခဲ့ရတာဖြစ်မယ်။"

တုန်ရုန်းယွမ်က ရှင်းပြလိုက်သည်။

"ပြီးတော့ အသည်းတူးသမားကလည်း ၂ လလောက် အဲ့နားဝန်းကျင်မှာ ရှိနေခဲ့တာလေ။အိမ်မက်ဆိုးသခင်က သူ့ကို ရှာနေမယ်ဆိုရင် အခုအချိန်အထိတောင် စောင့်စရာ မလိုပါဘူး။"

"ဟုတ်ပါတယ်လေ။‌

ဆရာကြီးရှုသည် တုန်ရုန်းယွမ်၏ ရှင်းပြချက်ကို ယုံကြည်ခဲ့သည်။

ဖုန်းချလိုက်ပြီးနောက် တုန်ရုန်းယွမ်သည် နံရံကို အားပျော့စွာ မှီ၍ ရပ်နေလေသည်။သူက ခါးသီးနေသည့် အပြုံးနှင့် အသံထွက်ပြောလိုက်။

"သူဌေး မင်း အနာဂတ်မှာ မင်းရဲ့ အိမ်မက်ဆိုးစွမ်းအားတွေသုံးတာ ရှောင်သင့်တယ်။မဟုတ်ရင် မင်း ငါ့ကို ခက်ခဲအောင် လုပ်နေတာပဲ။"

"ဒီမှာ ဘာလုပ်နေတာလဲ။"

ကျိလန်၏ အသံထွက်လာလေသည်။

တုန်ရုန်းယွမ်သည် အလန့်တကြားဖြင့် သူ့ဖုန်းကို ပစ်ချလိုက်လုနီးပါးပင်။

"သူဌေး ဒီနေ့ ဘာလို့ ဒီရောက်နေတာလဲ။အိမ်မှာ အိပ်မနေဘူးလား။"

"မင်း စောစောက ဘာလုပ်နေတာလဲ။"

စောစောက "သူသူဌေးက"ဟု ပြောလိုက်သည်ကို ကျိလန် တိုးတိုးလေးလေး ကြားလိုက်ရသည်။

"ကျွန်တော်-...ကျွန်တော် ကားပြင်ဆိုင်ကို ဖုန်းဆက်နေတာပါ။သူဌေးရဲ့ကားကို ပြင်ပြီးပါပြီ။နေ့လယ်ကျ လာယူဖို့ ပြောလာပါတယ်။"

တုန်ရုန်းယွမ်သည် ဆင်ခြေဆင်လက် မြန်စွာပေးကာ ထွက်လာခဲ့လိုက်သည်။

"ငါ့ကို လိပ်စာပေးဦး။နေ့လယ်ကျ ငါကိုယ်တိုင် ကားသွားယူလိုက်မယ်။"

ကျိလန် သူ့ကို မသင်္ကာပေ။

"ဟုတ်ကဲ့ပါ။"

တုန်ရုန်းယွမ်က အလျင်စလို ပြန်ဖြေလိုက်သည် ။

ဝူမြောင်မြောင်သည် ပို့ဆောင်ရေးဝန်ထမ်းမှ ပစ္စည်းကို အချိန်မီ အိမ်တံခါးသို့ ပို့ပေးလာသည်အထိ အိမ်တွင် (၁၁)နာရီထိတိုင်အောင် စောင့်ခဲ့သည်။

ဝူမြောင်မြောင်သည် လုံလုံခြုံခြုံထုပ်ပိုးထားပြီး ရယ်စရာကောင်းနေသောသေတ္တာကို ကြည့်လိုက်သည်။

"အရမ်းကြီးတာပဲ။ဘာကြီးပါလိမ့်။"

သူမ စပ်စပ်စုစုနှင့် မေးလိုက်မိလေသည်။

"ဒါက ကုတင်တစ်လုံးပါ။"

ဒလီပို့ဆောင်ရေးဝန်ထမ်းက ပို့ခငွေတောင်းခံလွှာကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။

"ကျီလူကြီးမင်းက စာကြည့်ခန်းထဲမှာ ကုတင်ကို တပ်ဆင်ပေးဖို့ တောင်းဆိုထားပါတယ်။အဲဒီအခန်းက ဘယ်အခန်းလဲ သိလို့ရမလား။"

*ကုတင်?စာကျက်ခန်း?*

သူမ လက်ကို မြှောက်လိုက်ပြီး သူမ၏အခန်းဘက်ကို ညွှန်ပြလိုက်သည်။

ပို့ဆောင်ရေးဝန်ထမ်းများသည် ရှေ့သို့လျှောက်လာပြီး အခန်း၏ဝင်ပေါက်ကနေ တစ်ချက်ကြည့်လိုက်သည်။

"လောလောဆယ် အတွင်းမှာရှိနေတဲ့ ဆိုဖာကို အခန်းထဲမှာ ဆံ့မှာမဟုတ်လောက်တော့ဘူး။ကျီလူကြီးမင်းက ဒီဆိုဖာကို ဖယ်ပစ်ခိုင်းလိုက်ပါတယ်။ကျွန်တော်တို့ကို ဒီဆိုဖာ ပြန်ပေးလိုက်မယ်ရင် ယွမ်(၆၀၀)လျှော့ပေးလို့ရပါတယ်။အဲ့ဒီလိုဆို အဆင်ပြေမလား။ "

ဝူမြောင်မြောင်သည် သူမ၏စိတ်အရင်းခံအတိုင်း စိတ်ထဲစနိုးစနောင့်ဖြစ်တာမျိုး မရှိပေ။

နောက်မိနစ် (၃၀)လောက်ကြာသောအခါ အခန်းထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေသော ပို့ဆောင်ရေးဝန်ထမ်းများမှ တိတ်ဆိတ်ငြိမ်သက်စွာ ကုတင်ကို စနစ်တကျ တပ်ဆင်နေသည်ကို သူမ ငြိမ်ငြိမ်လေး ကြည့်နေလိုက်သည်။အရာအားလုံးကို အစားထိုးပြီး ပြင်ဆင်ပြီးသည်နှင့် သူမသည် အသိအမှတ်မပြုနိုင်လောက်အောင် ပြောင်းလဲသွားပုံပေါ်နေသည့် အခန်းထဲသို့ ၀င်ကြည့်လိုက်သည်။ဘေးအခန်းနှင့် တစ်ထပ်တည်းတူနေသော ကုတင်ကို သူမ စိုက်ကြည့်နေမိသည်။သူမမှာ အရမ်းပျော်လွန်းလို့ လေထဲမှာ လွင့်မျောနေသလို ခံစားနေရသည်။

သူမရဲ့ အချစ်ရဆုံးခင်ပွန်းလေးက သူမအတွက် ကုတင်တစ်လုံး ဝယ်ပေးခဲ့သည်။

သူမသည် ဤတိုက်ခန်း နေနေသည်မှာ တစ်ပတ်မျှသာ ရှိသေးသည်။ယခုအခါတွင် သူမ၏ အချစ်ရဆုံးခင်ပွန်းနှင့် တူညီသော အိပ်ရာပေါ်တွင် အိပ်နေနိုင်ပြီဖြစ်သည်။

*ဒီလိုဆိုရင် ကုတင်တစ်လုံးတည်းမှာ အတူတူအိပ်ရမယ့် နေ့ရက်တွေက နီးလာပြီလား။*

"ဟီးဟီးဟီးဟီး...ဟားဟားဟားဟား..."

ဝူမြောင်မြောင်သည် ကုတင်ပေါ်သို့ ခုန်တက်ကာ ရွှင်မြူးစွာ လှည့်ပတ်နေလိုက်သည်။

ဆယ်ကြိမ်မြောက် လှိမ့်လိုက်စဉ်တွင် တစ္ဆေတစ်ကောင်သည် သူမအပေါ်၌ တိတ်တဆိတ် လွင့်မျောနေလေသည်။သူမမှာ ထိတ်လန့်တုန်လှုပ်သွားပြီး အလိုအလျောက်တုံ့ပြန်မှုအရ သူမလက်ဖြင့် ပါးရိုက်ချလေသည်။

သူမ၏ လက်ဖဝါးသည် ထိုတစ္ဆေ၏ရင်ဘတ်ကို ဖြတ်သွားသော်လည်း တစ္ဆေသည် ငြိမ်သက်နေမြဲဖြစ်သည်။

"မင်းဘာလုပ်နေတာလဲ။ငါတို့ရဲ့ဝိညာဉ်စာချုပ်ကြောင့်သာမဟုတ်ရင် မင်းကို တစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်နိုင်တယ်နော်။"

ဝူမြောင်မြောင်သည် ယနေ့နံနက်အစောပိုင်းက နတ်ဆိုးကိုရှာဖွေရန် သူမစေလွှတ်လိုက်သော တစ္ဆေကို မှတ်မိသွားသောအခါ အံ့ဩထိတ်လန့်သွားလေသည်။

"ငါ မင်းကို ပြတင်းပေါက်ကနေ လှမ်းအော်နေတာကြာပြီ။ဒါပေမယ့် မင်း ငါ့ကို သတိတောင် မထားမိဘူးလေ။"

ထိုတစ္ဆေသည် အပြစ်ကင်းသော အမူအရာဖြင့် ငြင်းဆန်လေသည်။သူမသည် အသက် ၂၅ နှစ်မှ ၂၆ နှစ်ကြား အမျိုးသမီးတစ်ဦးဖြစ်သည်။

"အိုး အဆင်ပြေပါတယ်။"

ဝူမြောင်မြောင်သည် ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။

"နတ်ဆိုးကိုတွေ့ခဲ့ပြီလား။"

ဟိုင်မြို့သည် အတော်လေး ကြီးမားကျယ်ပြန့်သည်။ဝူမြောင်မြောင်သည် နတ်ဆိုးကို ရည်ရွယ်ချက်မဲ့ ရှာဖွေနေဖို့က မဖြစ်နိုင်ပေ။ထို့ကြောင့် သူမအား ရှာဖွေရာတွင် ကူအအညီရရန် တစ္ဆေကို ဆင့်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။

"ငါတွေ့ခဲ့ပြီ။"

တစ္ဆေအမျိုးသမီးက ဖြေလာသည်။

"အဲဒီနတ်ဆိုးက လေလွင့်ကြောင်တစ်ကောင်ကို ဝင်ပူးထားတုန်းပဲ။အခုလောလောဆယ် ဟိုင်ရှင်းဉယျာဉ် ရေကန်ဘေးက ခြုံပုတ်လေးထဲမှာ ရှိနေတယ်။"

"ကောင်းပြီ။နားလည်ပါပြီ။ကျွန်မ နောက်လိုက်ခဲ့ပါ။"

ဝူမြောင်မြောင်သည် သူမကို မီးဖိုချောင်သို့ ခေါ်သွားပြီး ရေခဲသေတ္တာထဲမှ ကိုလာတစ်ဘူးကို ထုတ်ယူလိုက်သည်။ထို့နောက် သူမသည် သူမ၏ စုန်းစွမ်းအားအချို့ကို သူမ၏လက်ချောင်းထိပ်သို့ ဖြန့်ကာ ဘူးနှင့်ထိလိုက်၍ ထိုဘူးအား အမျိုးသမီးတစ္ဆေထံသို့ ပေးလိုက်လေ၏။

"ဒီမှာ မင်းရဲ့ဆုလာဘ်။"

စုန်းကဝေမျိုးနွယ်စုသည် သရဲတစ္ဆေများနှင့်ဆက်ဆံရန် ဝိညာဉ်စာချုပ်များကို အသုံးပြုနိုင်စွမ်းရှိကြသည်။အလဲအလှယ်တစ်ခုချင်းစီအတွက် ကဝေဖြစ်သူသည် အလုပ်ပြီးမြောက်ချိန်တွင် နှစ်ဖက်သဘောတူထားသည့် လျော်ကြေးကို ပေးဆောင်ရမည်။ဤတစ္ဆေအမျိုးသမီးအတွက် လျော်ကြေးအဖြစ် သူမသည် ကိုလာတစ်ဘူးလိုချင်နေခဲ့တာဖြစ်မည်။

ကိုလာဘူးကိုတွေ့လိုက်သည့် သရဲတစ္ဆေအမျိုးသမီး၏ မျက်လုံးများမှာ တောက်ပလာသည်။ကိုလာဘူးအား စိတ်အားထက်သန်စွာ လှမ်းဆွဲလိုက်သည်။ထို့နောက် အံ့ဩဖွယ် အခင်းအကျင်းတစ်ခု ဖြစ်ပွားလေသည်။ဝူမြောင်မြောင်၏ လက်ထဲမှကိုလာဘူးသည် နှစ်ဘူးဖြစ်သွားလေသည်။တစ်ဘူးမှာ ဝူမြောင်မြောင်၏လက်ထဲ၌ ရှိနေသေးသလို တစ္ဆေအမျိုးသမီးကလည်း တစ်ဘူးကိုင်ထားလေသည်။

ကိုလာဘူးကိုယူပြီးနောက် သူမ လေ့ကျင့်ထားသည့်အတိုင်း သူမ၏လက်ချောင်းဖြင့် သံဘူးမှ အကွင်းလေးအား ဆွဲဖွင့်လိုက်သည်။သံဘူးဖွင့်သံကိုကြားရပြီးနောက် ဝူမြောင်မြောင် ကိုင်ထားသည့် သံဘူး၏အကွင်း‌လေးမှာလည်း သူ့ဘာသာသူ ဆွဲဖွင့်လိုက်သလို အလိုလိုပွင့်လာသည်။

ဝူမြောင်မြောင်၏ စုန်းကဝေနည်းပညာကို အသုံးပြုထားသဖြင့် တစ္ဆေအမျိုးသမီးသည် သူမ၏ ကိုလာဘူးကို ပြုလုပ်သမျှ မူရင်းဘူးပေါ်တွင် တစ်ထေရာတည်းဖြစ်နေသည်။

တစ္ဆေအမျိုးသမီးသည် ကိုလာကို ကျေနပ်စွာဖြင့် ခပ်ကြီးကြီး တစ်ကျိုက်သောက်ပြီး သက်ပြင်းချလိုက်၏။

"ဘူးကိုဖွင့်လိုက်တဲ့အသံလေး ကိုလာရဲ့ လန်းဆန်းတဲ့အရသာလေး ငါပြန်အသက်ရှင်နေသလို ခံစားရတယ်။"

"မင်းရဲ့ဝိညာဉ်‌ပုံစံက အရမ်းအားနည်းနေတယ်။ကိုလာတစ်ဘူး တောင်းမယ့်အစား မင်းရဲ့ဝိညာဉ်ပုံစံကို တည်ငြိမ်အောင်ကူညီပေးဖို့ ငါ့ကို ဘာလို့မတောင်းဆိုတာလဲ။"

ဝူမြောင်မြောင်သည် သူမ၏ တောင်းဆိုမှုကြောင့် အံ့ဩသွားခဲ့မိသည်။

"ငရဲပြည်ကို သွားဖို့ ၃ ရက်ပဲ ​​ကျန်တော့တယ်။ငါ အဲဒီကို ရောက်တာနဲ့ ငါ့ရဲ့ ဝိညာဉ်ပုံစံက အလိုလို တည်ငြိမ်သွားလိမ့်မယ်။တစ်ခုခုစားဖို့ ဒီအခွင့်အရေးကို အရမယူရင် ဟိုမှာ စားနိုင်မှာမဟုတ်တော့ဘူးလေ။"

တစ္ဆေအမျိုးသမီးက ကြေကွဲစွာဖြင့် ညည်းညူပြောဆိုလေသည်။

"ပြီးတော့ အခုခေတ် လူတွေက ခေါစာပစ်တဲ့အချိန်ဆို သူတို့အလှူပစ္စည်းထဲမှာ ကိုလာ ဒါမှမဟုတ် ကြက်ကြော်တောင် မထည့်ကြပါဘူး။အသီးတွေနဲ့ မုန့်တွေလောက်ပဲ ထည့်ဖို့ သိကြတာ။လူတွေက အသက်ရှင်နေတဲ့အချိန်မှာ အသင့်စားတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ပြောကြပေမယ့် ငါက သေ‌နေပြီလေ။ဒီအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ဒါတောင် သူတို့က ငါ့ကို အသင့်စားတွေ စားခွင့်မပြုသေးဘူး။"

"ဒါ အရမ်းမှန်တာပဲ။"

ဝူမြောင်မြောင် သူမ၏အမြင်ကို အခိုင်အမာ သဘောတူပါသည်။သူမသေသွားလျှင်လည်း လူတွေကို သူမကြိုက်သည့်အစားအစာများ လှူဖို့ မျှော်လင့်မိသည်။

တစ္ဆေအမျိုးသမီးက ကိုလာတစ်ငုံသောက်ပြီး စိတ်ကျေနပ်ဟန်ဖြင့် ပြောလာ၏။

"စာချုပ်က ပြီးပြီဆိုတော့ ငါ အခုသွားတော့မယ်။"

သူမ ကိုလာကို ယူလိုက်သည်နှင့် သူမနှင့် စုန်းကဝေတစ်ယောက်ကြားမှ ဝိညာဉ်စာချုပ်သည် အလိုအလျောက် ပျက်ပြယ်သွားလေသည် ။တစ္ဆေအမျိုးသမီးသည် ခေါင်းကို အာသာငမ်းငမ်းဖြင့် ပြန်မလှည့်မီ ပြတင်းပေါက်ဆီသို့ ပျံဝဲတက်လေသည်။

"စကားမစပ် ငါ မြေအောက်ကမ္ဘာကို မသွားခင် အချိန်၃ ရက်ကျန်သေးတယ်။မင်းမှာ တခြားအလားတူကိစ္စတွေရှိသေးရင် ငါ့ကို လာရှာဖို့ မမေ့နဲ့နော်။ငါလိုချင်တာတစ်ခုပဲ။ကြက်သားကသလိတ်အစပ်လေးပဲ။"

ဝူမြောင်မြောင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ထို့နောက် တစ္ဆေအမျိုးသမီးသည် ပြတင်းပေါက်မှ လွင့်ပျံသွားလေသည်။

တစ္ဆေအမျိုးသမီး ထွက်သွားသည်နှင့် ဝူမြောင်မြောင်သည် ဟိုင်ရှင်း ပန်းခြံသို့ သို့မသွားခင်တွင် သူမ၏ကျိန်စာတိုက်သည့် အရုပ်လေးယူရန် သူမအခန်းဆီသို့ ပြန်သွားလေသည်။

စာရေးသူ၏ မှတ်စုများ-

ကျိလန် :အသည်းအသန် အရိုင်းဆန်ချင်နေတဲ့ မင်းရဲ့ စိတ်ကူးယဉ်ဆန်မှုတွေကို ဘယ်လိုတားဆီးရမလဲ။

ဝူမြောင်မြောင်:ကျွန်မကိုနမ်းပါ။

တည်းဖြတ်သူ၏မှတ်ချက်-ဒါဖြင့် ပိုပြီးမြန်အောင်ပြေးလေ။

...

ကဝေမဒီလေး:
အခန်း ၂၁ ။ ချစ်စရာကောင်းတဲ့ထိတ်လန့်ဖွယ်အရုပ်

ဟိုင် ပန်းခြံ

ပန်းခြံဝင်ပေါက်ရှိ ရေပန်းအနီးတွင် မီးခိုးရောင်မှိုင်းမှိုင်းတရုတ်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်လေးတစ်ယောင်ရပ်နေသည်။ သူ၏ဝတ်စားပုံမှာ ရှေးခေတ်ကာလကနေ ရောက်လာသူလိုဖြစ်နေသောကြောင့် လူအများ၏အကြည့်အမျိုးမျိုးကို ဆွဲဆောင်လျက်ရှိ၏။
ထိုသူသည် လက်ထဲတွင် ရှေးဟောင်းသံလိုက်အိမ်မြှောင်တစ်ခုနှင့် တစ်ဖက်က ပုလင်းတစ်လုံးကိုကိုင်ဆောင်ထားပြီး တစ်စုံတစ်ရာကို ရှာဖွေနေဟန်ရှိလေသည်။

ထိုလူငယ်မှာ တခြားသူတော့မဟုတ်။ တုန်ရုန်းယွမ်၏ ဒုတိယဆရာတူအစ်ကို ရှုဝေဖြစ်၏။
မနေ့ညက သူ၏ဆရာတူညီလေးတုန်ရုန်းယွမ်၊ သူ၏ဂိုဏ်းဆရာတို့နှင့်စကားပြောခဲ့ကြပြီးနောက် ဤမျက်လုံးနီ ကြောင်မိစ္ဆာအား ဖမ်းဆီးရန်မစ်ရှင်ကို တာဝန်ယူဖို့ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးတွင် သူ၏သံလိုက်အိမ်မြှောင်သည် တည်နေရာတစ်ခုကိုညွှန်ပြလာ၏။

''အဲ့ဒီမှာပဲ''

သူသည်သံလိုက်အိမ်မြှောင်၏ဦးတည်ရာအတိုင်း ဆယ်မိနစ်ခန့်လျှောက်လာပြီးနောက်တွင် ပန်းခြံအလယ်ရှိ သစ်တောအုပ်ငယ်လေးတစ်ခုဆီသို့ရောက်လာ၏။

ထိုနေရာတွင်ရေကန်ငယ်တစ်ခုလည်းရှိနေသည်။ နေရောင်သည် ပူပူပြင်းပြင်းတောက်ပနေသော်လည်း ထိုတောအုပ်ငယ်လေး၌ မူမမှန်သောမကောင်းသည့်အငွေ့အသက်များရှိနေလေသည်။

''မိစ္ဆာက ဒီနားမှာပဲဖြစ်ရမယ်''

သူသည် သံလိုက်အိမ်မြှောင်ကိုသိမ်းကာ မိစ္ဆာသုတ်သင်ရေးအဆောင်ကို ထုတ်လိုက်၏။ ထို့နောက် မိစ္ဆာအငွေ့သက်များလားရာအတိုင်းဖြေးဖြေးချင်း ခြေရာခံလိုက်လာခဲ့ရာ တောအုပ်လေးအလယ်သို့ရောက်သွားသည်။ နောက်ဆုံးတွင် မိစ္ဆာအငွေ့သက်တို့၏အရင်းအမြစ်ကို တွေ့လိုက်ရတော့၏။ ထိုအရာက တောအုပ်၏အလယ် သစ်သားခုံတန်းလေးပေါ်တွင်ရှိနေလေသည်။

ထိုအရာမှာ ဘယ်ကမှန်းမသိတဲ့ကြောင်ဝတုတ်ကြီးတစ်ကောင်ဖြစ်ပြီ၊ ၎င်းဟာ ခြေလက်တွေကိုကားဆန့်လျက် ခုံတန်းပေါ်တွင်ပျင်းရိစွာလှဲလျောင်းကာ နေပူဆာလှုံနေဟန်တူ၏။

*ဒီမကောင်းဆိုးဝါးက နေပူဆာတောင်လှုံနေလိုက်သေးတယ်။*

ရှုဝေ တစ်ခုခုမှားယွင်းနေသလိုမျိုး မျက်မှောင်ကျုံ့လိုက်သည်။

တစ္ဆေများနှင့် မကောင်းဆိုးဝါး များသည် နေရောင်ခြည်ကြောင့်မသေနိုင်ကြသော်လည်း မကောင်းသော အရာအများစုသည် နေကို မကြိုက်ကြပေ။ သို့ရာတွင် ဤမကောင်းဆိုးဝါး သည် လုံးဝသန်မာနေပုံရသည်။

ရှုဝေ သည် မျက်လုံးနီကြောင်ကို တွေ့လိုက်တဲ့အခါ မျက်လုံးနီကြောင်ကလည်း သူ့ကို မော့ကြည့်လာသည်။ ကြောင်၏ဦးခေါင်းသည် အနည်းငယ် လှည့်လာပြီး မျက်လုံးနီကြောင်နှင့် အကြည့်ချင်းဆုံသွားသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

"မင်းသေဖို့ပြင်ထား မကောင်းဆိုးဝါး''
ရှုဝေ က သူ့လက်ထဲက မိစ္ဆာသုတ်သင်အဆောင်ကို ပစ်လွှတ်လိုက်၏။
ကျက်သရေရှိလှသော တောက်ပသည့် အဝါရောင်အလင်းရောင်ဟာ အလင်းစီးချောင်းလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်လုံးနီကြောင်ဆီ တည့်တည့်ပြေးသွားခဲ့သည်။

"ညောင်!!!"

စူးရှသော ကြောင်အော်သံနှင့်အတူ မျက်လုံးနီကြောင်သည်လည်း အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့၏။ ၎င်းသည်အဆောင်တော်ကို လှိမ့်၍ရှောင်လိုက်ပြီးနောက် ရှုဝေဆီသို့ ပြေးသွားသည်။
အဆီပိတ်နေသည့် ယင်းခန္ဓာကိုယ်ဟာ ပြေးလွှားရာ၌ အလွန်သွက်လက်လှပါသည်။ မယုံနိုင်လောက်အောင် အရှိန်ဖြင့် လေထဲတွင် ရွေ့လျားသွားပြီးနောက် မှော်ပညာကို အသုံးပြုကာ အရှိန်အဟုန်ဖြင့် ရှုဝေ၏ပခုံးပေါ်သို့ တိုက်ရိုက်ခုန်ဆင်းလာလေပြီး လက်သည်းချွန်ဖြင့် ကုတ်ခြစ်လိုက်တော့လေ၏။

ရှုဝေ က နာကျင်စွာ ညည်းတွားပြီး သူ့ဘယ်လက်က ဒဏ်ရာရသွားသောနေရာကို အလိုလို ထိလိုက်သည်။ ထို့နောက်ကြည့်လိုက်ရာ လက်ထဲတွင် သွေးများရှိနေပြီး သွေးထဲတွင် အနက်ရောင်အငွေ့များ ရှိနေသေးသည်။

"မိုက်မဲတဲ့ တိရစ္ဆာန်!" ရှုဝေ ဒေါသတကြီး ဖြင့် မျက်လုံးနီကြောင်ကို လက်ညိုးထိုးမာန်မဲလိုက်ရင်း တာအိုဓားကိုထုတ်လိုက်၏။

မျက်လုံးနီကြောင်သည် သစ်ပင်ရိပ်ထဲတွင် ရပ်နေကာ သူ့မျက်နှာမှာ သရော်မှုများ ပြည့်နှက်နေသည်။ ရှုဝေကို ကုတ်ဖဲ့ခဲ့သောသူ့လက်ဖဝါးမှာသွေးများကို လျှာဖြင့်လျက်ကာ လှောင်ပြောင်နေသည်။

*ကြောင်က လှောင်ပြောင်တာကိုခံရတယ်၊ ဒါကို ဘယ်လိုသည်းခံနိုင်မှာလဲ။*

ရှုဝေ သည် ဒေါသထွက် နေသော်လည်း သူကိုယ်တိုင်က ဤနတ်ဆိုး၏ အစွမ်းကို လျှော့တွက်မိကြောင်း သူ ရှင်းရှင်းလင်းလင်းသဘောပေါက်လိုက်သည်။

ရှုဝေသိသလောက်တော့ မကောင်းဆိုးဝါးဟူသည်မှာ လူတို့၏စိတ်နှလုံးကို မကောင်းမှုအငွေ့သက်တို့ဖြင့် ရှုပ်ထွေးအောင်သာပြုလုပ်လို့ရသည်။ ကိုယ်ထိလက်ရောက်ကျူးလွန်၍မရပေ။

ဒါမှမဟုတ် ဒီမကောင်းဆိုးဝါးက မိစ္ဆာလမ်းစဉ်ကျင့်ကြံပြီးမြောက်ထားသူပဲလား။

အမှန်တွင် ယခုအချိန်၌ ဤနတ်ဆိုးသည် သူထင်ထားသည်ထက် ပို၍ အားကောင်းနေပုံရသည်။ အသည်းတူးသမားဆီမှာ ဒီနတ်ဆိုးရဲ့အငွေ့အသက်ကိုခြေရာမခံမိခြင်းမှာလည်း၊ နတ်ဆိုးဟာ ၎င်းရဲ့အရှိန်အဝါကိုတမင်ထိန်းသိမ်းထား၍ ဖြစ်လိမ့်မည်။

*ပါးနပ်လွန်းတယ်။*

"မြှောင် ~~ မင်းရဲ့လက်ထဲက ဖန်ပုလင်းကို ထားခဲ့လိုက် ဒါဆို ငါ မင်းကို လွှတ်ပေး နိုင်တယ်" မျက်လုံးနီကြောင်က ပြောသည်။

"စိတ်ကူးယဉ်မနေနဲ့! " ဤဖန်ပုလင်းသည် ၎င်းကြောင်နတ်ဆိုးကို ​ခြေရာခံနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။ ဤဖန်ပုလင်းပျောက်သွားပါက နတ်ဆိုးကို ပြန်ရှာရခက်လိမ့်မည်ပင်။

ရှုဝေသည် အကြည့် စူးစူးဖြင့် မျက်လုံးနီကြောင်ကို စိုက်ကြည့်နေသည်။ အခွင့်အလမ်းကို ရှာတွေ့သည်နှင့် ဤနတ်ဆိုးကို ဓားနဲ့ ထိုးသတ်ဖို့ အသေအချာကြံရွယ်ထားလေ၏။

"ညောင် ~~~ မင်းကငါ့ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး။ ငါမင်းရဲ့အသည်းအရသာကိုမြည်းကြည့်ရရင်ရော ဘယ်လိုနေမလဲသိချင်တယ် မင်းတို့ ရုပ်လွန်ပညာကျင့်ကြံသူဂိုဏ်းသားတစ်ယောက်လောက်ကိုတော့ သတ်ပစ်ဖို့ မခက်ပါဘူး''

မျက်လုံးနီကြောင် ထို့သို့ပြောပြီးပြီးချင်း ရှုဝေခန္ဓာကိုယ်ပေါ်တွင်ကျရောက်နေသော အမှောင်ဖိအားများ ချက်ချင်းပျက်ပြယ်သွားကာ ကြောင်သည် အနက်ရောင်အငွေ့တန်းအဖြစ် ကောင်းကင်ပေါ်သို့လွင့်တက်သွားလေ၏။ ၎င်းနက်ရောင်စွမ်းအင်များသည် ငှက်များအဖြစ်သို့ပြောင်းကာ ကောင်းကင်တစ်ခွင်လုံးကိုလွှမ်းမိုးသွားတော့လေသည်၊ ပတ်ဝန်းကျင်သည်လည်း အမှောင်မြူခိုးတို့ဖြင့် လွှမ်းခြုံသွားလေ၏။

ရှုဝေ ကြောင်ကြည့်နေမိသည်။ လက်ရှိတွင် သူသည် ဤကဲ့သို့အဆင့်မြင့်မိစ္ဆာနတ်ဆိုးနှင့်တိုက်ခိုက်ရန် ပြင်ဆင်မှုအလုံအလောက် မပြုလုပ်လာမိသည့်အပြင် အဆင့်မြင့်မန္တာန်အင်းကွက်လည်း ၃ခုသာပါလာခဲ့သည်။ ထို့ကြောင့် ယခုအချိန်တွင်နောက်ပြန်ဆုတ်ပြီး နတ်ဆိုးခြေရာခံနိုင်သည့်ဖန်ပုလင်းကို လုံခြုံစွာသိမ်းထားဖို့ပြင်ဆင်ခြင်းကသာ အကောင်းဆုံးဖြစ်လိမ့်မည်။

သို့သော် ထိုအချိန်၌ ရုတ်ချည်းဆိုသလို လူတစ်ယောက်၏ပုံရိပ်သည် သူတို့ရှိနေရာ သစ်တောသို့ ချဉ်းကပ်လာ၏။

''ဟမ်...ဟေ့လူ ဒီနားကိုမလာခဲ့နဲ့!''

ရှုဝေ သတိပေးအော်ဟစ်ပြီး ချက်ချင်းပဲ ထိုမိန်းကလေးရှိရာသို့ပြေးသွားလိုက်သည်။

''မြန်မြန်..ထွက်ပြေးတော့!''

ရွှီး!...

ထိုအချိန်ကိုအခွင့်ကောင်းယူကာ မျက်လုံးနီကြောင်သည် အလွန်လျင်မြန်သောအရှိန်ဖြင့် ရှုဝေကိုတိုက်ခိုက်တော့လေ၏။ ရှုဝေခါးရှိ ခါးပါတ်အိတ်ကိုကုတ်ဖြတ်လိုက်ခြင်းကြောင့် ခါးပတ်ရှိသံလိုက်အိမ်မြှောင်နှင့် ဖန်ပုလင်းတို့ပြုတ်ကျသွားသည်။ ကြောင်သည် သူ့လက်သည်းများကိုသုံးကာ ပုလင်းအား လျှပ်တပြတ်လုယူသွားနိုင်လေသည်။

ရှုဝေလည်း ရုတ်တရက်ဖြစ်သွားသည်မို့ သတိမမူနိုင်၊ သူပြန်လှည့်ကြည့်လိုက်တဲ့အခါ သံလိုက်အိမ်မြောင်သည်မြေပြင်ပေါ်ပြုတ်ကျနေပြီး၊ မျက်လုံးနီကြောင်ကတော့ ဖန်ပုလင်းကို ချီကာ ထွက်ပြေးလွတ်မြောက်သွားလေပြီ။

''ညောင်...ညောင်..ညောင်''

ကြောင်သည် သူလိုချင်သောပစ္စည်းကိုရသည်နှင့်အောင်ပွဲခံအော်ဟစ်ကာ၊ ရှုဝေ အနောက်ဘက်ရှိသစ်ပင်ကြီးပေါ်သို့ နှစ်လွှားသုံးလွှားခုန်ပျံရုံဖြင့် ဆယ်မီတာအမြင့်လောက် ခုန်တက်သွား၏။ ထို့နောက်၎င်းက ရှုဝေအား အထင်သေးသလိုကြည့်လိုက်သည်။

ရှုဝေမှာ မျက်လုံးနီကြောင်နဲ့ယှဉ်နိုင်လောက်တဲ့စွမ်းအားရှိမနေပါ၊ ယခုဆိုရင် ထိုမိစ္ဆာထက်အစွမ်းထက်မှသာ ၎င်းကြောင်ကိုဖမ်းနိုင်တော့မှာပဲဖြစ်သည်။

ရှုဝေကြိတ်မနိုင်ခဲမရဒေါသဖြစ်နေသည်။ သို့သော်လည်းဘာမှမတတ်နိုင်ပေ။ သူ့တွင်ရှိသော ဝိညာဉ်စွမ်းရည်နှင့် အင်းကွက်တို့သည် ယင်းမျက်လုံးနီကြောင်ကို မယှဉ်နိုင်ပေ။ ဒါ့အပြင် အနီးအနားမှာ မိန်းမငယ်လေးကလည်း ရှိနေသေးသည်။ အန္တရာယ်များမည်ပင်။

ထို့ကြောင့်သက်ပြင်းအခါခါချပြီးနောက်မှာတော့ မိန်းမငယ်လေးကိုသာ ကယ်တင်ပြီး ဒီနေရာကခေါ်ထုတ်သွားဖို့ ရှုဝေဆုံးဖြတ်လိုက်တော့လေ၏။

''ကောင်မလေး၊ ဒီတောကြီးထဲ တစ်ယောက်တည်း ဘာလာလုပ်တာလဲ၊ မင်းဒီကနေမြန်မြန်ထွက်သွား''

ရှုဝေက ရှေ့ဆက်တိုးလာသောမိန်းကလေးကိုပြောလိုက်သည်။

''ကျွန်မ ဒီကြောင်ကိုလာရှာတာပါ''

မထင်မှတ်ထားစွာပင် မိန်းကလေးသည်မျက်လုံးနီကြောင်သို့လက်ညိုးတည့်တည့်ထိုးကာ ရဲရဲတင်းတင်းဆိုလေသည်။

ရှုဝေသည် ကောင်မလေးကိုအလန့်တကြားကြည့်လိုက်မိသည်။ မိန်းကလေးသည်အနည်းငယ်ထူးခြားသောအသွင်ပြင်ရှိသော်လည်း သူမတွင် ဝိညာဉ်စွမ်းရည်အတက်အကျများမရှိသောကြောင့် ရုပ်လွန်ပညာရှင်ဖြစ်ဟန်လည်းမတူပေ။

''ဒီကြောင်ကမင်းရဲ့ကြောင်လား?''

ဖြစ်နိုင်ချေရှိသည်ကို ရှုဝေမေးလိုက်ခြင်းဖြစ်သည်။

*ဒီမကောင်းဆိုးဝါးအမှောင်တွေဖုံးလွှမ်းနေတဲ့ ကြောင်က တကယ်ပဲ သူမရဲ့အိမ်မွေးတိရိစ္ဆာန်ဖြစ်နေနိုင်သလား။*

''ဒီမှာရှင့် ဦးလေးကြီးဆိုရင်ရော မကောင်းဆိုးဝါးမိစ္ဆာကြောင်ကိုအိမ်မှာမွေးထားမှာလား'' ဝူမြောင်မြောင်က မေးခွန်းပြန်ထုတ်လိုက်၏။

''ဦးလေးကြီး?''
အမှန်တွင် ရှုဝေကအသက်၂၈သာရှိပါသေးသည်။ ဤသုံးဆယ်ဝန်းကျင်ယောကျ်ားတစ်ယောက်ဟာ ငယ်ရွယ်ဖျက်လက်တဲ့အရွယ်ကောင်း မဟုတ်ပါလား။

''ကဲပါ ဦးလေးကြီးနဲ့ ဆက်မပြောနေတော့ဘူး၊ ကျွန်မဒီမိစ္ဆာနဲ့ရှင်းစရာကိစ္စရှိသေးတယ်''

ဝူမြောင်မြောင်၏အကြည့်စူးစူးတို့က သစ်ပင်ထိပ်ဖျားတွင်ထိုင်နေသော မျက်လုံးနီကြောင်ဆီသို့ ချက်ချင်းရောက်သွား၏။ ထို့နောက် သူမခြေလှမ်းများ ရှေ့သို့တိုးသွားသည်။

''ညောင်...ဒီအရှုပ်ထုပ်မလေးက ဘယ်ကရောက်လာပြန်တာလဲ? လက်တောင့်လောက်တောင်မရှိတဲ့ဝိညာဉ်စွမ်းအားပိစိလေးနဲ့ မကောင်းဆိုးဝါး တစ္ဆေတွေကိုစိန်ခေါ်ဝံ့သတဲ့'' မျက်လုံးနီကြောင်က လှောင်ပြောင်လိုက်သည်။

''ကျွန်မက မကောင်းဆိုးဝါးမိစ္ဆာတွေကိုဖမ်းဖို့ ဝိညာဉ်စွမ်းအားတွေဘာတွေလိုမနေဘူးလေ''

ပြောရင်းဆိုရင်း ဝူမြောင်မြောင်က ကျိန်စာအရုပ်ကိုထုတ်ကာ သူမရင်ဘတ်ရှေ့ထားလိုက်ပြီး ''ဒီအရုပ်လေးပဲ သုံးတယ်''

ဝူမြောင်မြောင်၏ ကျိန်စာအရုပ်ကိုမြင်လိုက်ပြီးနောက် ရှုဝေထူးဆန်းတယ်လို့ခံစားမိသောကြောင့် အနီးကပ်ကြည့်ရန်တိုးသွားသည့်အခါ၊ ဝူမြောင်မြောင်က နောက်သို့​​ခြေလှမ်းအနည်းငယ်ဆုတ်သွားလေပြီ။

ထို့နောက် ဝူမြောင်မြောင်က သေနတ်ပစ်တိုက်ခိုက်တော့မလို ကိုယ်နေဟန်ထားယူလိုက်ပြီးနောက် အရုပ်ကိုပစ်ပေါက်လိုက်လေသည်။

*ပစ်ပေါက်လိုက်တယ်? ဒါဟာသာမန်အရုပ်လေးတစ်ရုပ်သာဖြစ်ပြီး ပစ်ပေါက်လိုက်ချိန်တွင်သုံးသောအားကလည်းသာမန်သာဖြစ်သည်။ ဒီဟာလေးက ပန်းနဲ့ပေါက်သလောက်တောင်ထိရောက်ပါ့မလား?*

မည်သို့ပင်ဆိုစေကာမှု ရှုဝေသည် စူးစမ်းလိုစိတ်အပြည့်ဖြင့် အရုပ်၏ဦးတည်ရာကိုတဆုံးလိုက်ကြည့်မိသည်။ အရုပ်သည်သစ်ပင်ထိပ်ဖျားရှိမျက်လုံးနီကြောင်ထံ တန်းတန်းမတ်မတ်ထိမှန်သွားလေသည်။

*ဝိုး..ဒီကလေးမတော်တော်လက်တည့်ပါလား?

အိုး ဘုရားရေ..ဒါဘာဖြစ်တာလဲဟ!*

အလွန်လှပ၍နူးညံ့သိမ်မွေ့သော သဏ္ဍာန်ရှိတဲ့ အရုပ်လေးဟာ သစ်ပင်နှင့်ထိတွေ့သွားတဲ့အခါ ရုတ်တရက် အသက်ဝင်လာတာကို တွေ့လိုက်ရသည်။ ပျော့ပျောင်းသည့် ခြေလက်တွေသည် သန်မာစွာဖြင့် သစ်ပင်၏ပင်စည်ကို ကုတ်တွယ်ကာ တက်သွားသည်။ ၎င်း၏ တွားသွားသည့် အရှိန်သည် မျက်လုံးနီကြောင်ထက်မနည်းပေ။ သူမ၏ သစ်ပင်ပေါ်ကုတ်တွယ်တက်သွားသည့်အမူအရာသည် ပို၍ပင် စွဲမက်ဖွယ်ကောင်းပြီး ကျွန်းသရဲဇာတ်ကားတစ်ကားကိုပင် အမှတ်ရစေလေသည်။

*ဒါက ဆန်ဒါကို ရဲ့ ရုပ်သေးလား။*

ကျိန်စာတိုက် အရုပ်လေးသည် အလွန်လျင်မြန်စွာ တက်သွားကာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် အရုပ်သည် မျက်လုံးနီကြောင်ဆီသို့ ရောက်သွားသည်။ မျက်လုံးနီကြောင်သည် ၎င်း၏ခြေသည်းများကို မြှောက်လိုက်သည်။ ကျိန်စာရုပ်၏လက်ကိုဟပ်၍ ကိုက်ဖြတ်ခါနီးတွင် ကျိန်စာအရုပ်၏ မျက်လုံးများသည် ရုတ်တရက် လှည့်ကြည့်လာပြီး ပါးစပ်ပွင့်ကာ မျက်လုံးနီကြောင်ကို ကိုက်လိုက်သည်။

"ညောင်!!!"

ပြင်းထန်သော ကြောင်အော်သံသည် ကောင်းကင်ယံသို့ ထိလုနီးပါးထိပင် ထွက်ပေါ်လာပြီးနောက် သစ်ပင်ထိပ်များမှ တစ်စုံတစ်ရာက ပြုတ်ကျလာတော့လေသည်။

ထိုအခိုက်၌ ရှုဝေသည်လည်း စေ့စေ့ကြည့်လိုက်ရာ ရှေ့မြင်ကွင်း၍ ကြောင်နှင့် အရုပ်တို့ ရောထွေးလုံးသတ်နေသည်ကို တွေ့လိုက်ရတော့လေ၏။ ထို့နောက် သူ့မျက်စိရှေ့၌ ထူးဆန်းသည့် မြင်ကွင်းတစ်ခုလည်း ပေါ်လာသည်။ မျက်လုံးနီကြောင်သည် သက်ရှိသတ္တဝါဖြစ်ပြီး မြေပြင်ပေါ်တွင် အဆက်မပြတ်ရုန်းကန်နေရသော်လည်း တစ်ဖက်မှာ ရုပ်သေးရုပ်လေးတစ်ရုပ်သာဖြစ်ကြောင်း သိသာထင်ရှားသည်။ တစ်ဆက်တည်းမှာပင် မျက်လုံးနီကြောင်သည် ကျိန်စာအရုပ်၏လက်တစ်ဖက်ကို ကိုက်ခဲရန်ဟန်ပြင်လိုက်ချိန်မှာပဲ ၎င်းပါးစပ်ထဲမှ တစ်စုံတစ်ရာသည်ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ထွက်လာလေသည်။

"လွှတ် လွှတ် လွှတ် ငါ့ကိုလွှတ်စမ်း ၊ အား~~~"

မျက်လုံးနီကြောင်၏ အော်ဟစ်သံသည် ကြောက်ရွံ့မှု နှင့် ထိတ်လန့်အားငယ်မှု အပြည့် ရှိနေလေသည်။

ဤရုန်းရင်းဆန်ခတ်အခြေနေက ဘယ်လိုဆက်ဖြစ်သွားသည်ကိုတော့ ရှုဝေ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရချေ။ နောက်ဆုံးတွင် ကျိန်စာအရုပ်သည် မျက်လုံးနီကြောင်ထံမှ အမည်းရောင်အငွေ့အသက်တို့ကိုဆွဲထုတ်ကာ နောက်သို့ခုန်ထွက်လိုက်လေသည်။
ကြောင်ကတော့ မြေကြီးပေါ်တွင် မလှုပ်မယှက်ဆန့်ဆန့်ကြီးလဲကျနေလေပြီ။

တစ်ဆက်တည်းမှာပင် အရုပ်သည် ထိုမကောင်းသည့်အငွေ့သက်တို့ကို လက်နှစ်ဖက်ဖြင့် ကျွမ်းကျင်စွာဖမ်းယူလိုက်ပြီး ကလေးတစ်ယောက်က ပလက်စတစ်ဘောလုံးလေးကိုလုံးချေသကဲ့သို့ ဆုပ်နယ်လုံးချေကာ နောက်ဆုံးတွင်တော့ ၎င်း၏လက်ထဲ၌ အနေတော်အရွယ် အမည်းရောင်ဘောလုံးလေးဖြစ်သွားတော့လေသည်။

ထို့နောက် ယင်းအရုပ်လေးသည် ထိုအနက်ရောင်ဘောလုံးအား ပါးစပ်ထဲသို့ထည့်ကာ မျိုချစားသောက်လိုက်တော့သည်။

*စား...စာပစ်လိုက်တယ်?!*

ကျိန်စာအရုပ်လေးသည် ထိုအနက်ရောက်အလုံးကိုသုံးဆောင်ပြီးတဲ့နောက်မှာတော့၊ လူသားများကဲ့သို့ပင် လေချဉ်တောင်တက်လိုက်သေးသည်။ ထို့နောက် ဝူမြောင်မြောင်ဆီသို့ပြန်သွားခဲ့သည်။

''မင်း စားလို့ဝရဲ့လား?''

ဝူမြောင်မြောင်က ဝမ်းသာအားရဆီးကြိုပြီး အရုပ်ကိုကောက်ယူလိုက်၏။

ဤကြောင်နတ်ဆိုးသည် သူမ မှန်းထားတာထက် အားပိုကောင်းသည်။

*ထားလိုက်ပါတော့၊ ကျန်တာတွေ ဂရုမစိုက်တော့ဘူး၊ ငါ အပြင်ထွက်နေတာကြာပြီ အခုအိမ်ပြန်ရမယ်၊ ရှောင်ကုန်း အလုပ်မဆင်းခင် အတူတူ ညစာစားဖို့ အိမ်ပြန်ရမယ်။*

"မင်း.. နေပါဦး''
ရှုဝေသည် ကောင်မလေး ထွက်သွားတော့မည်ကို မြင်သောအခါ သူမကို ရုတ်တရက် လှမ်းခေါ်လိုက်မိသည်။

ဝူမြောင်မြောင်ကလည်း သံသယစိတ်ဖြင့် လှည့်ကြည့်လိုက်သည်

"ဘာလို့လဲ?''

"မင်း...မင်းလက်ထဲကဟာက ဘာလဲ?''

ရှုဝေ သည် ဝူမြောင်မြောင် ရဲ့လက်ထဲက ကျိန်စာအရုပ်ကို ညွှန်ပြလိုက်ခြင်းဖြစ်သည်။

"ကျိန်စာအရုပ်လေ''
ဝူမြောင်မြောင်က ကျိန်စာအရုပ်လေးကို ​မြှောက်ပြပြီး မိတ်ဆက်ပေး လိုက်သည်။

ဤ ရုပ်လွန်ပညာကျင့်ကြံသူဆီကနေ ထိုမေးခွန်းမျိုးကြားရခြင်းကို ဝူမြောင်မြောင်မအံ့သြတော့ပေ။
သူမတို့၏ မျိုးနွယ်စုရှိ စုန်းပညာသည် အရေအတွက်မှာ အလွန်နည်းပါးပါသည်။

ဒါ့အပြင် သူမဆရာ၏အဆိုအရ သူမသည်ကမ္ဘာပေါ်ရှိ စုန်းမျိုးရိုးတွင် တစ်ဦးတည်းကျန်ရှိသည့် စုန်းပညာသည်ဖြစ်သည်။

ဒါကြောင့် ပြင်ပလူများ သူမတို့စုန်းပညာ၏စွမ်းအားကို မသိနားမလည်ခြင်းက မထူးဆန်းပေ။

*ကျိန်စာသင့်အရုပ်တဲ့? ဒီမိန်းကလေးက အမှောင်လမ်းစဉ်ကျင့်ကြံသူ ဖြစ်နေမလား? ခွေးအချင်းချင်းပြန်စားတယ်ဆိုတဲ့စကားတောင်ရှိသေးတာပဲ၊ အမှောင်မိစ္ဆာက မိစ္ဆာကိုပြန်စားတယ်ဆိုတာဖြစ်နိုင်တယ်။

ဆိုးဝါးလိုက်တာ။*

*သူမက တကယ်ပဲအမှောင်လမ်းစဉ်ကျင့်ကြံသူဖြစ်နေတယ်ဆိုရင်တောင် ရုပ်လွန်ပညာဂိုဏ်းသားဖြစ်တဲ့ ရှုဝေအနေနဲ့ သူမကို ကိုင်တွယ်ဖြေရှင်းဖို့မဖြစ်နိုင်ဘူး။ ဒါ့ထက်စောစောက ကျိန်စာအရုပ်နဲ့မျက်လုံးနီကြောင်တိုက်ပွဲကိုကြည့်လိုက်မယ်ဆိုရင် ဒီမိန်းကလေးက ရှုဝေရဲ့ပြိုင်ဘက်မဟုတ်ဘူး။ ဒါကြောင့် ဒီပြဿနာကို ချက်ချင်းကြီး အလောတကြီးဖြေရှင်းလို့မရသေးဘူး။*

နောက်ဆုံးတွင် ရှုဝေသည် ဂိုဏ်းသို့ပြန်ကာ ဂိုဏ်းဆရာအားမေးမြန်း၍ အကြံပြုချက်ယူဖို့ရန်အတွက် ဆုံးဖြတ်လိုက်သည်။

*ဘယ်လိုဂိုဏ်းမျိုး ဘယ်လိုပညာသည်ကျောင်းမျိုးကများ ဒီလောက်ဆိုးဝါးတဲ့ကျိန်စာအရုပ်ကို အသုံးပြုနိုင်ရတာလဲ။*

ရှုဝေသည် ကျိန်စာအရုပ်အား စူးစူးစိုက်စိုက်အကြည့်ဖြင့် အသေအချာကြည့်နေခဲ့လေသည်။အကြောင်းမှာ သူ့၏ဆရာကိုအသေးစိတ်တင်ပြနိုင်ရန် ဒီထက်ပို၍ အနီးကပ်လေ့လာဖို့လိုသည်။ ထို့ကြောင့်ပိုကြည့်ရန်ကြိုးစားသော်လည်း ရုတ်တရက်၎င်းအရုပ်နှင့်အကြည့်ချင်းစုံကာ အရုပ်က ကြက်သီးထဖွယ်အပြုံးကြီးပြုံးပြလိုက်လေသည်။

*အိုး..ဘုရားရေ သေတော့မှာပဲ!*

ရှုဝေမှာ လန့်လွန်းလို့ ထအော်မိမတတ်ပင် ဖြစ်သွားလေသည်။

''နောက် ဘာများပြောဦးမလဲရှင့်?'' ဝူမြောင်မြောင်ကမေးသည်။

''မရှိတော့ဘူး ရပါပြီ''

ရှုဝေ သည် သူ့လက်ထဲတွင် မက်မွန်သစ်သားဓားကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး တင်းကျပ်စွာ ပြောလိုက်သည်။

''ဒါဆိုရင်လည်း ကျွန်မသွားလိုက်ပါဦးမယ်''

ဝူမြောင်မြောင် သည် ရှုဝေကိုပုံမှန်အတိုင်းလက်ပြနှုတ်ဆက်ကာ တောထဲမှထွက်သွားတော့လေသည်။ သူမ၏ ကျောပြင်သည် အလွန်လှပနေခဲ့သည်။ စောစောက တိုက်ပွဲကိုသာ မြင်ခွင့်မရခဲ့ပါက ဤမိန်းကလေးသည် သစ်တော၏သဘာဝတရားကို ရှုစားရန် ရောက်လာသောမိန်းမငယ်လေးဟုသာ ထင်မိလိမ့်မည်။ ထိုမိန်းကလေးက စောစောက ကြောက်မက်ဖွယ်အမှောင်စွမ်းအားများနှင့် သက်ဆိုင်လိမ့်မည်ဟု မည်သူမှထင်မည်မဟုတ်ပေ။

''ညောင်...''

ရုတ်တရက်ကြောင်အော်သံကိုကြားလိုက်ရသော​ကြောင့် ရှုဝေမှာ တစ်ကိုယ်လုံးရှိသမျှအမွှေးတွေ အကုန်ထောင်သွားရသည်။ ဤသည်မှာ မျက်လုံးနီကြောင်မိစ္ဆာရဲ့အော်သံ ဖြစ်သည်။

စင်စစ်တွင်ကြောင်မျက်လုံးနီရခြင်းသည် မိစ္ဆာအမှောင်စွမ်းအင်၏လွှမ်းမိုးမှုကြောင့်သာဖြစ်ပြီး၊ ယခုအခြေနေတွင်ကြောင်ဝတုတ်၏မျက်လုံးထဲ၌ မည်သည့်အမှောင်စွမ်းအင်မှရှိမနေတော့ပဲ ပကတိအတိုင်းပြန်ဖြစ်နေပြီ။ ကြောင်သည် အကြိမ်မြောက်များစွာအော်မြည်နေပုံမှာ သူကိုယ်တိုင်ဘယ်နေရာကိုရောက်နေမှန်းမသိပဲ လမ်းပျောက်နေတာဖြစ်မည်။ ထို့နောက် ကြောင်သည် အမြီးကိုလှုပ်ယမ်းကာ လေးတိလေးကန်လျောက်လှမ်းရင်း အဝေးသို့ထွက်သွားလေသည်။

ရှုဝေမှာ ဆရာသခင်ကိုဖြစ်ကြောင်းကုန်စင်တင်ပြဖို့တာဝန်ရှိသေးသည်။ ထို့ကြောင့် မျက်လုံးနီကြောင်ထိုင်ခဲ့သောခုံတန်းဆီသို့သွားထိုင်ကာ လက်ထဲရှိသံလိုက်အိမ်မြောင်နှင့် မက်မွန်သားဓားကိုချထားလိုက်သည်၊ ထို့နောက်ဖုန်းထုတ်၍ ဆရာသခင်ရှုကို ဖုန်းခေါ်လိုက်လေသည်။ သို့သော်သူဖုန်းခေါ်နေစဉ်မှာပဲ ရင်းနှီးသည့်ပုံရိပ်လေးက သူ့ရှေ့တွင်ထပ်ပေါ်လာ၏။

''မင်း...ဘာလို့ပြန်လာတာလဲ''

ရှုဝေကြောက်အားလန့်အားဖြင့် ဖုန်းကိုနောက်ကျောဘက်သို့ဖွက်လိုက်၏။

''အမ်း..ရှင်ဒီနေ့ဒီနေရာကိုလာတာ မိစ္ဆာကိုဖမ်းဖို့မဟုတ်လား''
ဝူမြောင်မြောင်မေးလိုက်သည်။

''ဟုတ်တယ်''

*ဒီအမှောင်လမ်းစဉ်ကျင့်ကြံတဲ့မိန်းကလေးက ဘာလုပ်ချင်နေတာလဲ။ စောစောက ဘာဖြစ်ခဲ့တယ်ဆိုတာ မြင်နေတာပဲမဟုတ်လား။*

''ကောင်းပြီဒါဆို ကျွန်မရှင့်ကို မိစ္ဆာရဲ့ဝိညာဉ်ပြန်ပေးလိုက်မယ်လေ''

ဝူမြောင်မြောင်က ပြောပြီးသည်နှင့် သူမ၏ကျိန်စာအရုပ်ကို တဖန်ထုတ်လိုက်သည်။
ကျိန်စာအရုပ်သည် ရှုဝေကိုပြန်တွေ့ရသောအခါ အရမ်းပျော်ရွှင်နေဟန်တူပြီး မျက်လုံးများသည် တောက်ပကာ စောစောကကဲ့သို့နှယ် ကြောက်မက်ဖွယ်အပြုံးကြီးကို ပြုံးနေလေသည်။

ရှုဝေ အသည်းနှလုံးပေါက်ထွက်မတတ်ခံစားလိုက်ရသည်။

ထိုထိတ်လန့်ဖွယ်အပြုံးအားမြင်ရခြင်းသည် မည်သို့ပင်ဒုတိယအကြိမ်ဆိုစေကာမူ ယခုအကြိမ်သည်ပိုနီးကပ်သည့်အနေထားတွင်ဖြစ်သောကြောင့် ပို၍ပင် ကြောက်စရာကောင်းလှသေးသည်။

''ရှင့်မှာလက်ခံပြီး ထည့်သွားစရာတစ်ခုခုမရှိဘူးလား၊ ကျွန်မအဲ့ဒီအမှောင်ဝိညာဉ်ကို အရုပ်က ထွေးထုတ်အောင်လုပ်လိုက်မယ်''

*ထွေး ထုတ်မယ်?*

ရှုဝေသည် ကျိန်စာအရုပ်ကို နားမလည်နိုင်စွာကြည့်လိုက်သောအခါ၊ ကျိန်စာအရုပ်သည် မိစ္ဆာဝိညာဉ်ကိုယူရန်အဆင်သင့်ဖြစ်နေပြီအထင်ဖြင့် ပါးစပ်ဟကာ အမည်းရောက်အခိုးအငွေ့များ ထုတ်ပေးလာလေသည်။

''ခဏနေပါဦး!''

ရှုဝေသည် ချက်ချင်းပင် မကောင်ဆိုးဝါးဖမ်းဆီးခြင်းအင်းကွက်ကိုထုတ်ပြီး အရုပ်၏နဖူးမှာကပ်လိုက်လေသည်။

ဒါဟာ မိစ္ဆာဖမ်းရာတွင်ပြုလုပ်သော ရုပ်လွန်ပညာရှင်ဖြစ်သည့် ရှုဝေ၏အလိုအလျောက်အကျင့်တစ်ခုဖြစ်နေပြီး ထိုသို့လုပ်ပြီးမှ မိမိမှားမှန်း ရှုဝေသတိထားမိသည်။

ဝူမြောင်မြောင်ကတော့ တည်တည်ငြိမ်ငြိမ်ပဲရယ်မောလိုက်ပြီး ''ဝါဝါ ပြီးရင်အဲ့အင်းကွက် သူ့ကိုပြန်ပေးလိုက်နော်'' ဟုမှာသည်။

ထိုသို့အမိန့်ပေးပြီးသည်နှင့် အရုပ်၏ညာဘက်လက်သည် မြှောက်တက်လာပြီး နဖူးမှအဝါရောင်အင်းကွက်စာရွက်ကိုခွာကာ၊ ဘယ်ဘက်လက်ဖြင့် ၎င်းပါးစပ်အတွင်းမှ အနက်ရောင်မိစ္ဆာဝိညာဉ်အလုံးကို နှိုက်ထုတ်လိုက်လေသည်။ ထို့နောက် ညာဘက်တွင်ကိုင်ထားသော အင်းကွက်ကိုသုံးကာ အမည်းရောင်ဝိညာဉ်လုံးအား ချိတ်ပိတ်လိုက်၏။

*စောက်ကျိုးနဲ!လာနောက်နေတာတော့မဟုတ်ဘူးမလား၊ ဒီအရုပ်ကတော်တော်ထူးဆန်းတာပဲ၊ သူက မကောင်းဆိုးဝါးဖမ်းတဲ့အင်းကွက်ကို မကြောက်ရုံတင်မကဘူး သုံးပါသုံးပြသွားသေးတယ်!*

ဤမြင်ကွင်းကိုမြင်ပြီးသည်နှင့် ရှုဝေ၏ခြေထောက်များလည်း ဂျယ်လီလိုပျော့ခွေကာတုန်လှုပ်နေလေသည်။

အရုပ်သည် ၎င်း၏လုပ်ငန်းပြီးဆုံးသည်နှင့် လက်ကိုဆန့်ထုတ်ကာ ချိတ်ပိတ်ထားသောဝိညာဉ်အား ရှုဝေကိုပေးလေသည်။

သို့သော် ရှုဝေမှာ သူ၏ထိတ်လန့်မှင်သက်နေခြင်းမှ သတိပြန်မဝင်လာသေးပေ။
ရှုဝေက ဝိညာဉ်ဘောလုံးအား မယူနိုင်တာကိုမြင်သောအခါ အရုပ်သည် ခေါင်းကိုမော့ကာ ပါးစပ်ဟ၍ ကြက်သီးထဖွယ်ရယ်မောလေသည်။

*ဟားဟားဟားဟား..ဟား*

ထိုရယ်သံကြောင့် ရှုဝေမှာ လိပ်ပြာလွင့်မတတ်ဖြစ်သွား၏။ သူသည် ချက်ချင်း သတိပြန်ဝင်ကာ ဓားကိုထုတ်၍ အရုပ်၏ရင်ဘတ်ကိုချိန်ရွယ်လိုက်သည်။ ထိုလှုပ်ရှားမှုအားလုံးသည် လုပ်နေကျအတိုင်း သေသပ်ချောမွေ့လှ၏။

ဤမျက်တောင်တစ်ခတ်စာအတွင်း အဖြစ်အပျက်ကို ဝူမြောင်မြောင်မြင်ပြီး သဘောပေါက်သွား၏။ ရှုဝေကိုလည်း အားနာသွားသည်။

''စိတ်မကောင်းပါဘူး ရှင်လန့်အောင်လုပ်မိသွားတယ်ထင်တယ်၊ ဝါဝါက ရှင် သူ့ကို အာရုံစိုက်လာအောင်လုပ်လိုက်တာပါ''

နောက်ပြီး သူမက အရုပ်ကိုလှည့်ကာ ခပ်ဖွဖွဆူငေါက်လိုက်သေးသည်။

''ဝါဝါ ဘာအသံမှမလုပ်ပါနဲ့လို့ ပြောမထားဘူးလား''

*ဘယ်လိုများ သူအာရုံစိုက်လာအောင်လုပ်ဖို့အတွက် ဒီကြောက်စရာရယ်သံကြီးကိုထုတ်ရတာလဲ? အသံကြီးက သူ့အသက်ဝိညာဉ်တွေကိုတစ်စဆီဖဲ့ခြွေနေသလိုပဲ။*

လက်ရှိအခြေနေတွင် မိမိသည်အကြောက်လွန်နေသူဖြစ်မှန်း ရှုဝေ ကိုယ့်ကိုယ်ကိုသိလာသည်။
စင်စစ်ရှုဝေသည် ရုပ်လွန်ပညာအဖွဲ့စည်း၏ ထိပ်တန်းတပည့်ဆယ်ဦးအနက် အသန်မာဆုံးမျိုးဆက်သစ်လူငယ်တစ်ယောက်ဖြစ်ပေသည်။

*ဘာကြောင့်ဒီအရုပ်ပိစိလေးကိုကြောက်လန့်နေရမှာလဲ။

မတတ်နိုင်ဘူး၊ လောလောဆယ်တော့ ကိုယ့်ကိုယ်ကို သတိကပ်ထားမှဖြစ်မယ်။*

ထို့နောက် ရှုဝေသည် စိတ်တည်ငြိမ်ဖို့အကောင်းဆုံးကြိုးစားလိုက်ကာ မက်မွန်သားဓားကိုလည်း ကျစ်ကျစ်ပါအောင်ကိုင်ပြီး ပြန်သိမ်းလိုက်သည်။

''အမ်း ဒါနဲ့...မင်းက ဘာလို့ငါ့ကို ဒီမကောင်းဆိုးဝါးဝိညာဉ်ပြန်ပေးရတာလဲ''

''ဝါဝါက ဒီညစားဖို့တစ်ခုရှိသေးတယ်လေ၊ အခုဒီမကောင်းဆိုးဝါးဝိညာဉ်ကိုစားလိုက်ရင် ညကျမစားနိုင်ပဲဖြစ်နေလိမ့်မယ် အဲ့ဒါကြောင့်ပါ''

ဝူမြောင်မြာင်သည် ဒီသစ်တောကနေထွက်သွားပြီးရင် ရှောင်ကုန်းနဲ့တွေ့ရမယ်အရေးကိုတွေးမိသည်။ ဒီညမှာရှောင်ကုန်းရဲ့ အမှောင်အိပ်မက်ဆိုးစွမ်းအင်တွေကို စားပေးမယ်ဟု ကတိပေးထားသည်။ ဒါကြောင့်အရုပ်ကို အဲ့အချိန်ထိစားနိုင်အောင်ထားပေးဖို့လိုပေသည်။

အမှန်တွင် ယခုစားသုံးလိုက်သောအသည်းတူးသမားမကောင်းဆိုးဝါးသည် ဝူမြောင်မြောင်၏အဓိကပစ်မှတ်မဟုတ်ပေ၊ ၎င်း၏စွမ်းအင်ငြို့ငင်မှုကြောင့် သူမဒီနေရာအထိရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုမကောင်းဆိုးဝါးက ဒီလောက်စွမ်းအားကြီးမယ်လို့လည်း မထင်ခဲ့ပေ။

ရူဝေအနေဖြင့် အံ့သြခြင်းများ အတောမသတ်နိုင်ပေ။ ဤမိန်းကလေးနှင့်အရုပ်တို့သည် ညကျရင် စားသုံးစရာရှိသေးသည်ဟုဆိုသည်။ ၎င်းတို့မှာ အမှောင်စွမ်းအင်ကျင့်ကြံသူတွေဖြစ်မည်မှာသေချာနေပြီပင်။

''ရှင် ယူမှာလားမယူဘူးလား? မယူရင်လည်း ဒါကို အရုပ်လေးနောက်တစ်ပတ်ကျရင်စားဖို့သိမ်းထားလိုက်တော့မယ်''

တစ်ဖက်လူက ဘာမှမတုန့်ပြန်သောကြောင့် ဒါကို ထိုလူမလိုချင်လို့များလားဟု ဝူမြောင်မြောင်တွေးမိ၏။

''ငါ ယူမယ်''

ရှုဝေလည်း ချက်ချင်းပဲ ထိုမကောင်းဆိုးဝါးဝိညာဉ်အလုံးကိုလှမ်းယူလိုက်၏။

*ဒီကောင်မလေးလာနောက်နေတာလား? အဲ့ဒီမကောင်းဆိုးဝါးက အရမ်းအန္တရာယ်များတာ တစ်နေရာရာမှာ တစ်ပတ်လောက်ထားလိုက်ရင် ထပ်ပြီးထွက်ပြေးသွားမှာပေါ့။

ဒါ့အပြင် ဒီမကောင်းဆိုးဝါးကို အဖွဲ့အစည်းဆီအပ်နိုင်ရင် သူကဆုတော်ငွေယွမ်တစ်သန်းတောင်ရမှာလေ၊ ဒါလောက်များတဲ့ငွေပမာဏကို အသားလွတ်ကြီးလက်လွတ်ခံစရာလား။*

''ဒါဆိုလည် ရှင့်သဘောပါ၊ ရှင့်ကိုစေတနာနဲ့ပေးလိုက်တယ်''

ရှုဝေသည် သူမ၏ "လက်ဆောင်" ကိုလက်ခံသည်ကိုမြင်ပြီးနောက် ရုတ်တရက် ဝူမြောင်မြောင် မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာကာ ရှုဝေအနားသို့ ချဉ်းကပ်လာသည်။

မကောင်းဆိုးဝါးဝိညာဉ်ကိုကိုင်ထားသောသူ၏လက်သည် အေးခဲမှုကိုခံစားနေရသည့်အတွက် ဝူမြောင်မြောင်ဘာတွေကြံရွယ်နေလဲသူသတိမထားမိပေ။

ထိုစဉ်မှာပဲ သူမကစကားပြောလာသည်။ ''ကျွန်မ လူတစ်ယောက်အကြောင်းမေးကြည့်ချင်တယ်''

ရှုဝေခဏလောက်စဉ်းစားသွားပြီးမှ ပြန်ပြောလိုက်သည်။ ''ပြောလေ ဘယ်သူလဲ''

*ဒီမိန်းက​လေးက တစ်ယောက်ယောက်ကို ရှာဖွေချင်နေတာလား၊ ဒါကသိပ်ကြီးမားတဲ့ကိစ္စတော့ မဟုတ်လောက်ပါဘူး။*

''ရှင်တို့ ရုပ်လွန်ပညာဂိုဏ်းထဲမှာ ဒီလိုလူမျိုးရှိလား? အရပ်က 1.7မီတာလောက်ရှိမယ်၊ မျက်ခုံးထူထူ ကြွက်လိုမျက်နှာနဲ့၊ နည်းနည်းလည်းဝတယ်၊ အိုး! နောက်ပြီးတော့ အဲ့လူရဲ့ ဝိညာဉ်စွမ်းအားကလည်း တော်တော်လေးကိုသာမန်ပဲ၊ နောက်ပြီးတော့ သူက စစ်မှန်သောမီးတောက်အင်းကွက်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တယ်၊ အသက်ကတော့ သုံးဆယ်နဲ့လေးဆယ်ကြားပဲ''

သူမက အတတ်နိုင်ဆုံး စဉ်းစားပြီး ထိုလူပုံစံကိုပြောပြလိုက်လေသည်။

ရှုဝေကတော့ သူမပြောတဲ့သူမျိုးကို စဉ်းစား၍မရပေ။ သိလည်းမသိပေ။

ဒါပေမယ့်စူးစမ်းချင်စိတ်ကြောင့် ပြန်မေးလိုက်မိသည်။

''မင်းက သူ့ကိုဘာလို့ရှာချင်တာလဲ?''

''အဲ့ဒီလူကို ရိုက်ပစ်ချင်လို့ပေါ့''

ဝူမြောင်မြောင်က မဆိုင်းမတွချက်ချင်းပြန်ဖြေ၏။ သူမ၏စကားတွင် သတ်ဖြတ်လိုသောအငွေ့သက်များ အပြည့်ဖြစ်သည်။

ရှုဝေကတော့ ပြောစရာစကားလုံးများ ပျောက်ဆုံးသွားရ၏။

''အိုး ဟုတ်သားပဲ ငါဒီလိုမျိုးကြီးတိုက်ရိုက်ပြောလို့မဖြစ်ဘူးလေ ရဲဖမ်းခံရမှာပေါ့''

ဝူမြောင်မြောင်က သူမစကားကိုသူမပြန်ပြင်၏။ ''ကျွန်မသူနဲ့ ရုပ်လွန်ပညာတိုက်ပွဲ လုပ်ချင်လို့၊ ရုပ်လွန်ပညာတိုက်ပွဲလို့ခေါ်တယ်မလား အဲ့ဒါကိုရှင်တို့ဂိုဏ်းအနေနဲ့ဆိုရင်''

*အိုး! ဘုရားရေ၊ အဲ့ဒီလူသာဒီကောင်မလေးရိုက်တာကို ခံရလို့ကတော့ သွေးအလိမ်းလိမ်း၊ဒဏ်ရာပလပွနဲ့အဆုံးသတ်သွားမှာသေချာတယ်၊ ဒါတင်ဘယ်ကမလဲ အရိုးတွေပါကျိုးကျေပြီး ဆေးရုံပေါ်အတော်ကြာကြာလှဲနေရတော့မှာပေါ့။ ဒါ့အပြင် ဒီကောင်မလေးက ရိုးရိုးရိုက်ရုံတင်မကပဲ ရုပ်လွန်ပညာပါပြိုင်ချင်နေသေးတယ်တဲ့။
ရုပ်လွန်ပညာနဲ့သာ တိုက်ခိုက်ကြလို့ကတော့ သေချာပါတယ်၊ ရှုဝေ အဲ့ဒီလူကိုသိလည်းမသိ မြင်လည်းမမြင်ဖူးပေမယ့်၊ အတွေးနဲ့တင် သူ့အစား အလိုလိုလန့်မိတယ်။ အရင်ဆုံး ကျိန်စာအရုပ်ရဲ့ ကြောက်စရာအပြုံးနဲ့ရယ်သံကြီးကို ကြားယောင်မိပြီး၊ အဲ့ဒီကံမကောင်းတဲ့လူရဲ့ခန္ဓာကိုယ်အပေါ် အရုပ်က လွှမ်းမိုးသွားလိမ့်မယ် နောက်ပြီးရင် အဲ့လူရဲ့ဝိညာဉ်ကိုဆွဲထုတ်၊ ဘောလုံးလေးလိုလုံးပြီး ပါးစပ်ထဲထည့် တစ်လုပ်တည်းမျိုချလိုက်လိမ့်မယ်။*

''သူက မင်းကိုဘာလုပ်လို့လဲ''

ရှုဝေ တံတွေးမျိုချပြီး ထပ်မေးကြည့်၏။

''သူက ကျွန်မယောကျ်ားကိုအနိုင်ကျင့်တယ်'' ဝူမြောင်မြောင်က ဒေါသတကြီးပြောလိုက်၏။

''အရင်တစ်ခါက တစ်ချက်ပဲရိုက်လိုက်ရလို့ အားမရဘူး၊ ထပ်ပြီး မှတ်လောက်သားလောက်ရှိအောင် ဆုံးမပစ်ရမယ်''

''ဒီတော့ မင်းသူ့ကိုတစ်ခါရိုက်ပြီးပြီပေါ့''

ရှုဝေတုန်ရီစွာပြောလိုက်မိ၏။ ''ဟုတ်တယ်၊ ရှင်ဘာလို့မေးခွန်းတွေအရမ်းများနေတာလဲ အဲ့ဒီလူကိုသိလား၊မသိဘူးလားပဲဖြေပါ''

ဝူမြောင်မြောင် စိတ်မရှည်တော့ပါချေ။

''မသိဘူး.....ငါတကယ်မသိဘူး''

ရှုဝေ တကယ်သိရင်တောင် ဒီကောင်မလေးကိုအမှန်တိုင်းထုတ်ပြောမှာမဟုတ်ပါချေ။

*သူမက အရမ်းရက်စက်ကြမ်းတမ်းတယ်။*

''ဒါဆိုလည်း ရှင်တစ်နေရာရာမှာ အဲ့လူကိုတွေ့မိရင် ကျွန်မကိုပြောပြဖို့မမေ့နဲ့နော်''

ဝူမြောင်မြောင်က ချက်ချင်းပဲ သူမ၏ဖုန်းကိုထုတ်ကာဖွင့်ပြီး ရှုဝေကိုကမ်းပေးလိုက်၏။

''လာ ကျွန်မတို့ wechat accတွေမိတ်ဖွဲ့ထားရအောင်၊ ကျွန်မQR ကုဒ်ကို scanဖတ်လိုက်''

ဒါဟာ ရှုဝေလုပ်ချင်ချင်မလုပ်ချင်ချင် လုပ်ကိုလုပ်ရမည့်အရာဖြစ်၏။
နောက်ဆုံးရှုဝေမှာဘာမှမပြောနိုင်ပဲ ဝူမြောင်​မြောင်ပြုသမျှနုရလေတော့သည်။

[စာရေးသူ၏ မှတ်စုများ ။

ကြောက်စရာ ဝါဝါ။ သမီးက အရမ်းလိမ္မာပြီးနာခံတတ်တဲ့အရုပ်ကလေးပါ။
သခင်မကပြောတယ် ပြုံးရယ်နေတဲ့အရုပ်လေးတွေက ဘယ်တော့မှကံမဆိုးဘူးတဲ့။

ရှုဝေ ။ မင်းကကံမဆိုးပါဘူး မင်းနဲ့တွေ့ရတဲ့သူတွေပဲ ကံဆိုးကြတာလေ။ ]

အခန်း ၂၂ ။ ကျွန်မကိုယ်တိုင်ရပ်တည်ဖို့အပြင် ရှင့်ကိုလည်းပံ့ပိုးပေးချင်တယ်

ကျိလန် သည် ကားပြင်ဆိုင်သို့ရောက်သွားသည့်အခါ တွေ့လိုက်သည်မှာသူ့ကားဟာ အသစ်စက်စက်ဖြစ်နေသလိုပင်။

၎င်း၏ အပြင်ပုံပန်းသဏ္ဌာန်သည် ယခင်ကပျက်စီးခဲ့သောအသွင်ပင် လုံးလုံးမရှိချေ။

"ဆရာ၊ ကျွန်တော်တို့ဆိုင်က ကားရေဆေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ပေးပါတယ်။မင်းရဲ့ကားကို ရေဆေးချင်လားဗျ။"

စက်ပြင်ဆရာက အားပါးတရ မေး၏။ အခမဲ့ ဝန်ဆောင်မှု ပေးတာကိုတောင်
တချို့ဖောက်သည်များသည် ၎င်းတို့၏ကိုယ်ပိုင်ပစ္စည်းအပေါ် အလွန်အကဲဆတ်တတ်ကြသည်။
ထို့ကြောင့် ၎င်းတို့၏ သဘောဆန္ဒမပါဘဲ၊ ဆိုင်၌ ဖောက်သည်တို့ရဲ့ ကားတွေကိုမထိဝံ့ကြပေ။
ဖောက်သည်၏ သဘောတူညီချက်က အရေးအကြီးဆုံးဖြစ်သည်။

"ကြာမှာလား?" ကျိလန်က မေးသည်။

"ဆရာလာတဲ့အချိန်က စောနေလို့ ဖောက်သည် သိပ်မရှိသေးပါဘူး။ ဆရာလုပ်စေချင်ရင် အခုချက်ချင်းရေဆေးလိုက်ပါ့မယ်၊ မိနစ်၂၀တော့ အများဆုံးကြာနိုင်ပါတယ်''
စက်ပြင်ဆရာက ပြန်ဖြေသည်။

"ကောင်းပြီ၊ ရေဆေးလိုက်ပါ။" ကျိလန်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ ကျွန်တော်တို့ဆရာ့ ရဲ့ကားကို အခုချက်ချင်းရေဆေးလိုက်ပါ့မယ်။
ဒီရှေ့မျက်စောင်းထိုးမှာ ရှောပင်းမောလ်တစ်ခုရှိပါတယ် ။ ဆရာ အဲ့ဒီမှာ ခဏလောက်သွားလည်ပတ်ပြီး ပြန်လာတဲ့အချိန်ကျရင်တော့ ဆရာ့ကားပြီးသွားလောက်ပါပြီ''

စက်ပြင်ဆရာက မှန်တံခါးအပြင်ဘက်ကိုညွှန်ပြရင်း မဝံ့မရဲအကြံပြု၏။
ကျိလန်နှင့် ကြံဖန်များစွာ ပြောဆိုဆက်ဆံဖူးသည့်နောက်တွင် စက်ပြင်ဆရာသည် ကျိလန်အပေါ်ရှိနေသော ကြောက်ရွံ့မှုများ လုံးဝပျောက်ကင်းသွားသည်၊ ယခုဆို ကျိလန်တစ်ယောက်တည်း ထိုင်စောင့်နေရပြီးပျင်းနေမှာကိုတောင် စိတ်ပူပေးသေးသည်။

ကျိလန် ဆိုင်အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ပြီးတော့ မျက်စောင်းထိုးရှိ ရှော့ပင်းမောလ်ကို တွေ့လိုက်ရသည်။
ကားပြင်ဆိုင်နဲ့ မဝေးပေ။ အပြင်အဆင်က သင့်လျော်လှပြီး မကြာသေးမီကမှ ဖွင့်လှစ်ထားပုံရကာ မောလ်ရှေ့၌ ရောင်စုံမီးပုံးပျံများစွာ ချိတ်ဆွဲထားလေသည်။

ကျိလန်၏ ခန္ဒာကိုယ်ပေါ်ရှိ အမှောင်စွမ်းအားတို့မှာ အလွန်ကြီးမားသည်။ အကယ်၍ လူတွေကြားထဲ မှာကြာကြာနေပါက ဘေးလူကိုအနေရခက်စေပြီး အနှောက်အယှက်ဖြစ်စေလိမ့်မည်။

ဒါကြောင့် စက်ပြင်ဆရာအကြံပေးသည့်အတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်၏။
သူ ကုန်တိုက်သို့ထွက်လာခဲ့လိုက်သည်။

အသစ်ဖွင့်တဲ့ ရှော့ပင်းမောလ်တွေမှာ အများအားဖြင့် ပရိုမိုးရှင်းလှုပ်ရှားမှုများ အများအပြားရှိတတ်သည်။

ဒါကြောင့် ကုန်တိုက်ကြီးသည် စျေးဝယ်သူ လူအုပ်ကြီးနှင့် ပြည့်နှက်နေ၏။

ကျိလန်ကတော့ ကုန်တိုက်ထဲတွင် လမ်းလျှောက်၍ ပတ်ကြည့်နေရင်း တွေးမိသည်။ လူတွေဟာ လျော့စျေးချထားသော ပစ္စည်းများကိုကြိတ်ကြိတ်တိုးဝယ်ယူနေကြသည်။ စျေးဝယ်သည့် လူအုပ်အား ကြည့်ကာ ကျိလန် မသိစိတ်က မနာလိုဖြစ်မိသည်။

*ဒီလူတွေ..ဒီလူတွေ ဘာလို့ ဒီလောက်ပျော်နေနိုင်တာလဲ။
ပျော်ဖို့က ဒီလောက်တောင်လွယ်ကူတဲ့ကိစ္စလား?*

"သစ်အယ်သီးလှော် မွှေးမွှေးလေး ၊ သစ်အယ်သီးလှော်ရမယ်နော်
500ဂရမ် ဝယ်ယူသူတိုင်း နောက်ထပ် 500gအခမဲ့ ရမယ်နော်။ ဆရာလေး သစ်အယ်သီးဝယ်သွားပါဦးလားရှင့်''

သစ်အယ်သီးမွှေးလှော်ရောင်းတဲ့ မိန်းကလေးသည် ကျိလန်၏လမ်းကြောင်းကို ရုတ်တရက် ပိတ်ဆို့လိုက်သည်။

ကျိလန် သူမကို ငုံ့ကြည့်လိုက်သည်။

သူဘာမှပြန်မပြောခင်မှာပင် ထိုမိန်းကလေး၏ မျက်နှာသည် ဖြူဖျော့သွားကာ ကြောက်လန့်ဟန်ပေါ်နေ၏။

အသံလည်းမထွက်နိုင်တော့ပဲ သူမလည်ချောင်းထဲတွင်တစ်စို့နေလေသည်။

ဒီလူရဲ့အသွင်ပြင်ဟာ အလွန်ကြောက်စရာကောင်းသည်။

ကောင်မလေးက ကျိလန်ရှေ့မှာ မျက်နှာမပျက်အောင် ဟန်ဆောင်အားတင်းထားလေသည်။
သို့သော် ဤကြောက်စရာလူသည် သူမအနားသို့ချည်းကပ်ကာ သစ်အယ်သီးတစ်လုံးကိုယူပြီး ကိုက်စားလိုက်သည်။

မွှေးကြိုင်လှသောသစ်အယ်သီးလှော်ရနံ့က ကျိလန်ခံတွင်းထဲတွင် အရသာလှိုင်းတံပိုးလေးများတလိမ့်လိမ့်တတ်လာသလို ခံစားလိုက်ရ၏။ ဤအနံ့အရသာကောင်းလှသောသစ်အယ်သီးများကိုကြည့်ကာ ကျိလန်မှာ ဝူမြောင်မြောင် ကိုသတိရသွား၏။

*ဝူမြောင်မြောင်အတွက်ဝယ်သွားရမယ်။*

"ငါ့ကို 500g ပေးပါ" သူ ပြောလိုက်သည်။

ကောင်မလေးက အသံထစ်ထစ်ဖြင့် ''ဟုတ်ကဲ့..ဟုတ်ကဲ့ပါရှင့်'' ဟုဆိုကာ တုန်တုန်ရီရီဖြင့် သစ်အယ်သီးထုပ်ပေးရှာသည်။
ကျိလန်လည်း သစ်အယ်သီးသည်လေး ကြောက်လန့်ပြီးထွက်မပြေးခင်အထုပ်အမြန်ယူပြီး ၅၀၀ဂရမ်အတွက် ၃၅ယွမ်ပေးလိုက်သည်။
သို့သော် စက္ကူအိတ်ထဲတွင် သစ်အယ်သီး၅၀၀ဂရမ်အတိသာ ပါလာ၏။

''၅၀၀ဂရမ်ဝယ်ရင် ၅၀၀ဂရမ်အပိုရမယ်ဆို၊ ဒါဘယ်လိုဖြစ်ရတာလဲ''
ကျိလန်က ဖုန်းကိုထုတ်ကြည့်ရင်း စောဒကတက်လိုက်သည်။

ကောင်မလေးက ခဏလောက် လန့်သွားပြီး တောင်းပန်သည်။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်ရှင့်"

ထို့နောက်သူမက သစ်အယ်သီး၅၀၀ဂရမ်နောက်တစ်ထုပ်ထည့်ပေးလိုက်၏။
နောက်တစ်ထုပ် ထုပ်ပိုးခြင်းသည် အရင်ကထက်ပင် ပိုမြန်ဆန်လှလေသည်။
ထို့နောက် ကျိလန်လည်း သစ်အယ်သီးအိတ်နှစ်လုံးကိုယူလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ငွေပေးချေပြီးပါပြီ။"

ကျိလန်သည် အိတ်များကို လက်ခံပြီး အပြင်သို့ ထွက်လာခဲ့သည်။

သူ ရှော့ပင်းမောလ်ထဲ နေချင်စိတ် ပျောက်သွားပြီ။

ကျိလန်အပြင်ရောက်သွားခါမှ မုန့်အချိုရောင်းတဲ့မိန်းကလေးက သစ်အယ်သီးသည်ကောင်မလေးထံ ကပ်လာပြီး တီးတိုး​ပြောသည်။

"အဲ့ဒီလူက တော်တော်ရုပ်ဖြောင့်တယ်နော်၊ ဒါပေမယ့် သူ့ရဲ့ လေးနက်ပြီး မှောင်ကုတ်နေတဲ့မျက်လုံးဝိုင်းတွေကြောင့်သာ သူ့ကြည့်ရတာ မှောင်ပြီး အုံ့မှိုင်းနေတာ''

ကျိလန် ပြန်ရောက်သောအခါ ကားလည်း အဆင်သင့်ဖြစ်နေလေပြီ။ ထို့နောက်
သစ်အယ်သီးလှော်အိတ်တွေကို ကားထဲထည့်ပြီး သူ့အိမ်ကိုတည့်တည့်မတ်မတ်မောင်းပြန်လာခဲ့၏။

သူသည် သူ့အိမ်ရှေ့တံခါးဝဆီသို့ လျှောက်သွားပြီး လျှို့ဝှက်ကုဒ်ကိုနှိပ်ကာ သော့ဖွင့်ရန်ပြင်၏။ သို့သော် ပထမ ဂဏန်းကို နှိပ်နေစဉ်မှာပဲ တံခါးပွင့်လာလေ၏။ အတွင်းမှတစ်စုံတစ်ယောက်က ခရီးဦးကြိုပြသည်။

"အချစ်ဆုံးခင်ပွန်း၊ ရှင်ပြန်လာပြီလား"
ဝူမြောင်မြောင် သည် ကြီးမားသော အပြုံးဖြင့် တံခါးဝတွင် ရပ်နေလေသည်။
အချိန်တော်တော်ကြာ သူ့ကို စောင့်မျှော်နေသကဲ့သို့ပင်။

ကျိလန် အံ့သြသွားသည်။ သူ့ကိုအိမ်မှာ စောင့်နေတဲ့လူရှိနေတာကို သူ နေသားမကျပေ ၊ နေရခက်သည်။ သို့သော် သူသည် သူမ၏ နှုတ်ဆက်ခြင်းကို သိမ်မွေ့စွာ အသိအမှတ်ပြုလိုက်ပြီး တိုက်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ဒါပေမယ့် သူ လှမ်းမဝင်မီမှာပင် သူမသည် သူ့ခါးကို လက်နှစ်ဖက်ဖြင့်တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။
ကျိလန် လဲကျလုနီးပါးဖြစ်သွား၏။

"ကျွန်မကို အိပ်ရာကောင်းကောင်း လက်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ရှင့်ကြောင့် ကျွန်မအခုကစပြီး ညတိုင်း သက်တောင့်သက်သာ အိပ်ပျော်နိုင်တော့မယ်''

ဒီကျေးဇူးတင်စကားကို သူမ ကိုယ်တိုင်ကိုယ်ကျပြောလိုတာကြောင့် အိပ်ရာရောက်ရောက်ချင်း မနက်ခင်းမှာ ကျေးဇူးတင်ကြောင်းပြောဖို့ ကျိလန် ကို ဖုန်းမခေါ်ခဲ့ပါချေ။

ထိုစဉ်

ဒုံး!

ကျယ်လောင်သော အသံတစ်ခု ကြားလိုက်ရသည်။

ကျိလန်လှည့်ကြည့်လိုက်တော့ သူနဲ့ တစ်ထပ်တည်းမှာအတူနေနေသည့် တခြားတိုက်ခန်းပိုင်ရှင် အမျိုးသားကို တွေ့လိုက်သည်။ ထိုသူက တိုက်ခန်းတံခါးဝမှာ ရပ်ပြီး ကျိလန်တို့ကိုအံ့သြတကြီး ကြည့်နေလေသည်။ ထိုသူက လက်တစ်ဖက်တွင် အမှိုက်အိတ်ကို ကိုင်ထားပြီး တံခါးလက်ကိုင်ကို အခြားတစ်ဖက်နှင့် ကိုင်ထားသည်။ အစောကြီးကတည်းက ကျယ်လောင်တဲ့ ပေါက်ကွဲသံဟာ တံခါးကိုပိတ်ဖို့ ကြိုးစားရာမှာ မထင်မှတ်ဘဲ ပြင်းပြင်းထန်ထန် ထွက်လာတယ်ဆိုတာ ထင်ရှားသည်။

*အိုး ဘုရား၊ အခုခေတ် မိန်းမပျိုတွေ ဒီလောက်တောင် ပွင့်လင်းမြင်သာနေပြီလား။ ဒီလို ပြတ်သားတဲ့ အတွေးတွေကို ထုတ်ပြောဖို့ မကြောက်ကြတော့ဘူးပဲ။*

ကျိလန်၏မျက်နှာသည် မည်းမှောင်လာပြီး ဝူမြောင်မြောင်ကို အိမ်တွင်းသို့ ဆွဲသွင်းလိုက်သည်။ ထို့နောက် သူ့တိုက်ခန်းတံခါးကို အားပြင်းပြင်းနှင့် ပိတ်ချလိုက်တော့သည်။

"နောင်မှာ ဒီလို မသင့်တော်တဲ့ စကားတွေ မပြောနဲ့။" ကျိလန် သူမကိုသတိပေးလိုက်၏။

"အိုကေ၊ ဒါပေမယ့် ခုနက ကျွန်မဘာမှားလို့လဲ" သူမက ပေါ့ပေါ့ပါးပါး မေးသည်။

"မင်း..."

ကြည်လင်ပြတ်သား၍ ပကတိရိုးသားကာ ဖြူစင်တောက်ပသော မျက်လုံးများနှင့် ကျိလန်ရင်ဆိုင်လိုက်ရသည် ။ -- သူမစကားက ယောကျ်ားတစ်ယောက်ကိုပြောဖို့သင့်တော်သောစကားမဟုတ်ကြောင်း သူမ သဘောမပေါက်သည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရရ၍ ကျိလန် အံသြသွားမိသည်။

ထားလိုက်ပါတော့။ ဝူမြောင်မြောင်အနေဖြင့် လူအများရှေ့တွင် စကားလွဲမှားစွာ ပြောဆိုမိသည့်တိုင် ကျိလန်မျက်စိရှေ့မှာတော့ သူမကို မည်သူမျှ အတင်းအဖျင်းပြောဝံ့မည်မဟုတ်ပေ။

"အချစ်ဆုံးလောင်ကုန်းရေ၊ အရသာရှိတဲ့အနံ့တစ်ခုခု ရနေတယ်.. အိုး၊ သစ်အယ်သီးလှော်ပဲ မွှေးလိုက်တာ။"

သူမ၏အမြင်အာရုံများသည် သူ့လက်ထဲက အိတ်တွေဆီကို ရွေ့သွားသည်။

"မင်းအတွက် ငါဝယ်ခဲ့တာ။" ကျိလန်က အိတ်တွေကို ပေးလိုက်၏။

"ကျွန်မအတွက်?" ဝူမြောင်မြောင် တအံ့တသြဟန်ဖြင့် ဝမ်းသာသွားသည်။
"ရှင် ကျွန်မအတွက် အထူးတလည်ဝယ်လာတာလား"

ကျိလန် သူမစကားကြားတော့ ခဏလောက် တုံ့ဆိုင်းသွား၏။

*သူမစားဖို့ကိုပဲ တကူးတကဝယ်လာပေးတယ်လို့ ဘာကြောင့်တွေးရတာလဲ။ ကျိလန်ဆိုတဲ့လူက နှစ်ပေါင်းများစွာ ကြာအောင်တစ်ယောက်တည်းနေခဲ့ရတဲ့အတွက် ကိုယ့်အတွက်ကိုယ် ပစ္စည်းတွေဝယ်ခြမ်းဖို့တောင် မေ့နေခဲ့တာ။ သူမလေးအတွက်ကျမှ ပစ္စည်းတွေဝယ်ဖို့ ဘာလို့စဉ်းစားပေးနေရတာလဲ။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူ့အတွက် ဟင်းချက်ပေးခဲ့လို့များလား။ ဒါကြောင့် သူမရဲ့သိမ်မွေ့တဲ့ အပြုအမူတွေကသူ့ကို လွှမ်းမိုးသွားတာလား။*

"ဒီနေ့ နေ့လည်က မင်းအပြင်သွားတာလား"
ဖိနပ်ပြောင်းစီးပြီးနောက် သူက မသိမသာ မေးလိုက်သည်။

"ဟုတ်တယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့ အချစ်ဆုံးခင်ပွန်း၊ ကျွန်မ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ နောက်ပြီး ကျွန်မကအဲ့ဒီရက်စက်ကြမ်းတမ်းတဲ့လူတွေကို ပြန်ရိုက်နိုင်ပါတယ်''
ဝူမြောင်မြောင်က ပါးစပ်ထဲကို သစ်အယ်သီးတွေအပြည့်ထည့်ရင်း နားမလည်နိုင်အောင် ပြန်ဖြေသည်။

*ဒဏ်ရာရခဲ့လားလို့ရော ဘယ်သူကမေးနေလို့လဲ။....

သူမရဲ့ ဒီလောက် ပြင်းထန်နေတဲ့ အစာစားချင်စိတ်ကိုမြင်တာနဲ့ ဘယ်နေရာမှာမှ ထိခိုက်နာကျင်မှုမရှိဘူးဆိုတာ အသိသာကြီး။ *

"ညစာ ဘာစားချင်လဲ အစားအသောက်မှာပေးမယ်" ကျိလန်က ခေါင်းစဉ်ပြောင်းလိုက်၏။

"ကျွန်မက ဘာမဆို အကုန်စားလို့ရတယ်။ အချစ်ဆုံးခင်ပွန်း ရှင်စားချင်သလိုသာ မှာလိုက်ပါ၊ ရတယ်။" သူမက ဖြေ၏။

*ဒါအမှန်ပါပဲ။ ဒီကလေးမလေးက မကြိုက်တဲ့ အစားအသောက်ရယ်လို့မရှိဘူး။ ဘာလို့သူ့ကိုများသွားမေးနေမိတာလဲ။ *

ကျိလန် သည် အစားအသောက်များ မှာယူရန် သူ၏ လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။ သူသည် မှာယူမှုများသည့် နာမည်ကြီး စားသောက်ဆိုင်ကို တွေ့ပြီးနောက် လူ ၂ ယောက်အတွက် လုံလောက်သော အစားအစာတို့ကို ရွေးချယ်မှာယူလိုက်သည်။
သူကအစားအသောက်တွေကိုမြန်မြန်ဆန်ဆန်ပဲမှာလိုက်သည်၊ တစ်ခုမှာတိုင်းလည်း ဝူမြောင်မြောင်၏ထင်မြင်ချက်ကို တစ်ခါမေးသေးသည်။ သူ၏ အပြုအမူများက လုံးဝကို လေ့ကျင့်ထားသလိုပင်။

စင်စစ် သူကိုယ်တိုင်တောင် သတိမမူမီချိန်တွင် ကျိလန်သည် သူ့ဘ၀တွင် သူမ၏ဖြစ်တည်မှုကို လုံးလုံးလက်ခံထားပြီးဖြစ်ပုံရသည်။

ညစာစားပြီး ရေချိုးပြီးသည်နှင့် ဝူမြောင်မြောင်ကို သူ့အခန်းထဲကို ခေါ်လာခဲ့သည်။ ထိုအခါ နှစ်ယောက်စလုံး စကားသံနည်းနည်းလေးမှ အသံမထွက်ကြပေ။

ထို့နောက် ကျိလန်သည် ကုတင်ပေါ်တွင် လှဲလျောင်းကာ စောင်နှင့်ခြုံလျက် သက်တောင့်သက်သာ အိပ်မည့် အနေအထားသို့ပြင်ဆင်လိုက်သည်။ သူအဆင်သင့်ဖြစ်ပြီးနောက်၊ ကုတင်ခေါင်းရင်းနားတွင် ငုတ်တုတ်ထိုင်နေသော ဝူမြောင်မြောင် ဆီသို့ ခေါင်းလှည့်ကာ
"ရပြီလား? ငါအဆင်သင့်ဖြစ်ပြီ" ဟုပြောလိုက်သည်။

သို့ရာတွင် အခြေအနေက တစ်ခုခုမှားနေပြီဟု တွေးမိသောကြောင့် သူ့အမူအရာကမသက်မသာဖြစ်လာ၏။

သူ ခဏလောက် စဉ်းစားနေပေမယ့် ဒီလွဲမှားနေတဲ့ အခြေအနေမှာ ဘာကထူးခြားလဲဆိုတာ အတိအကျ မသိနိုင်ပါချေ။ ထို့ကြောင့် သူသည် သူ၏မှားသည်၊မှန်သည်ဟူသောအတွေး များကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ ဤအချိန်တွင်၊ အိပ်ရေးဝဝအိပ်လိုသောဆန္ဒကို မည်သည့်အရာကမျှ အနှောင့်အယှက်ပေးခွင့်မပြုလိုပေ။

အိပ်မက်ဆိုးများ မနှောင့်ယှက်နိုင်သော ဒဏ္ဍာရီလာ ငြိမ်းချမ်းသောအိပ်စက်မှု ၊ နိုးထပြီးသည့်တိုင် မျက်လုံးနီခြင်း လက္ခဏာမရှိသည့် ၊ လုံးဝစိတ်အေးလက်အေးနှင့် စိုးရိမ်မှုကင်းသော မဟာအိပ်စက်မှုကြီးအတွက် ကျိလန်အဆင်သင့်ဖြစ်နေပါပြီ။

"ဒါဆို ကျွန်မ အခု စလိုက်မယ်။"
ဝူမြောင်မြောင် သည် အရုပ်လေးကို လက်ထဲတွင် မြှောက်လိုက်သည်။

ဟမ်?

ဝူမြောင်မြောင်ရဲ့လှုပ်ရှားမှုကလည်း တစ်နည်းနည်းနဲ့ ထူးဆန်းနေသည်။ သို့သော် ဤနေရာတွင် အိပ်စက်ခြင်းသည် ကျိလန်၏ အရေးကြီးဆုံး ဦးစားပေးဖြစ်သောကြောင့် ၎င်းနှင့် ပတ်သက်၍ သူ စိုးရိမ်စိတ်မထားတော့ပေ။

"လာ မျက်စိမှိတ်ထားလိုက်''

ကျိလန်လည်း သူမစကားအတိုင်း မျက်လုံးမှိတ်လိုက်၏။
ဝူမြောင်မြောင်သည် သူမ၏ စုန်းမစွမ်းအားများကို ဖြန့်ကျက်ပြီး ကျိလန်ခန္ဓာကိုယ်ပေါ်ရှိ အိပ်မက်ဆိုး စွမ်းအားကို စတင်စုပ်ယူရန်အတွက် ကျိန်စာအရုပ်ကို ထိန်းချုပ်လိုက်သည်။ ဤအချိန်တွင် ကျိလန်သည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သောကြောင့် သူ၏စွမ်းအားများ ဝါးမျိုခံပြီးနောက် ချက်ချင်းပင် အိပ်ပျော်သွားတော့လေသည်-ကျိလန်၏ အသက်ရှုသံများ နှေးကွေးလာပြီး အမူအရာမှာ ငြိမ်သက်သွားခဲ့သည်။

"ဝါဝါ၊ ငါ့အချစ်ဆုံးခင်ပွန်း အိပ်ပျော်နေပြီ၊ ကြည့်ရတာ ပင်ပန်းနေပုံပဲ။"
ဝူမြောင်မြောင် သည် ဗိုက်ပြည့်သွားသောအရုပ်နှင့် စကားပြောလိုက်လေသည်။

ကျိလန် အိပ်ပျော်သွားပြီးနောက်တွင် ကျိန်စာအရုပ်သည် အသက်ဝင်လာသော်လည်း ဘာအသံမှမထွက်ဝံ့ ။ ၎င်း၏ သခင်မစကားကြားတော့ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းသောညပါ။" ကျိလန် ငြိမ်သက်စွာ အိပ်နေတာကို မြင်လိုက်ရတာကြောင့် ဘာ အနှောင့်အယှက်မှမရှိစေရန် သူမဟာ မီးတွေပိတ်ပေးပြီး အခန်းထဲကနေ တိတ်တဆိတ်ထွက်သွားခဲ့သည်။

ဤညသည် ကျိလန်ရော၊ ဝူမြောင်မြောင်ရော သူတို့နှစ်ဦးစလုံးအတွက် ငြိမ်သက်တိတ်ဆိတ်သောညတစ်ညဖြစ်ခဲ့သည်။ သူမတို့၏ငြိမ်သက်နေသော အ​ခြေအနေနှင့် ဆန့်ကျင်ဘက်မှာ နေ့ခင်းတုန်းက ဝူမြောင်မြောင် wechat အဆက်အသွယ်ကို အတင်းထည့်ခိုင်းခဲ့သော ရှုဝေပင်ဖြစ်သည်။ ထိုည၌ ရှုဝေ သည် အလွန်ကြောက်လန့်တုန်လှုပ်နေခဲ့သည်။

"တုန်းရုန်းယွမ် ဒီအိပ်မက်လှစေတဲ့အရုပ် လေးတွေရဲ့ ပိုင်ရှင်အကြောင်း မေးပါရစေ။ သူက အသက် 17 နှစ်ကနေ 18 နှစ်ကြား မိန်းကလေးနဲ့ တူလား။ ဆံပင်ကို ကျစ်ဆံမြီး ၂ ဘက် ကျစ်ထားလား။ မျက်လုံးကြီးကြီး၊ အသားအရမ်းဖြူပြီး စကားပြောသွက်တယ်မဟုတ်လား။
သူမက လူစိမ်းတွေနဲ့လည်း အလွယ်တကူ ပေါင်းသက်ဆက်ဆံတတ်လား၊
အရေးကြီးဆုံးကတော့ သူ့မှာ ဒီရုပ်နဲ့ ဆင်တူပေမယ့် ပိုကြောက်စရာကောင်းတဲ့ အရုပ်လေးတစ်ရုပ် ရှိလား''

မေးခွန်းတရပ်စပ်ထုတ်ပြီးနောက် ရှုဝေ အသက်တစ်ချက်ရှူသွင်းလိုက်သည် ။

နေ့ခင်းတုန်းက ဝူမြောင်မြောင် ၏ အဆက်အသွယ်ကို ပေါင်းထည့်ပြီးနောက် ရှုဝေသည် အိမ်သို့ပြန်လာပြီး စောစောက သူကြုံတွေ့ခဲ့ရသည့်အရာများကို သူ့ဆရာထံ ချက်ချင်းပြောပြခဲ့သည်။ ရှုဝေ၏ဇာတ်လမ်းကိုကြားပြီးနောက်၊ ဆရာကြီး ရှု ၏စိတ်ထဲတွင် အတွေးတစ်ခုဝင်လာပြီး အရုပ်သေးသေးလေးတစ်ရုပ်ကိုထုတ်ယူရန် သူ့အခန်းထဲသို့ဝင်သွားသည်။ ရှုဝေ သည် သူ့ဆရာလက်ထဲရှိ မျက်လုံးပြူးပြူး အရုပ်ကို ချက်ချင်း မှတ်မိသွား၏။ ဤနူးညံ့သိမ်မွေ့သော အရုပ်သေးသေးလေးသည် နေ့ခင်းက သူမြင်ခဲ့သော ဝူမြောင်မြောင်၏ကျိန်စာအရုပ် နှင့် အလွန်ဆင်တူလှပေသည်။

တစ်ခုတည်းသော ခြားနားချက်မှာ ကျိန်စာအရုပ်၏ မျက်နှာသွင်ပြင်မှာ ပိုမိုအသက်ဝင်ပြီး လက်တွေ့ဆန်ခြင်းပင်ဖြစ်သည်။

၎င်းတို့သည် တစ်ခုနှင့်တစ်ခု ရှင်းရှင်းလင်းလင်း ဆင်တူသော်လည်း၊ ဤအသေးစားပုံစံသည် သူမြင်ဖူးသည့် ချောက်ချားဖွယ်ရာ အရုပ်ထက် အဘယ်ကြောင့် ပို၍လက်ရာမြောက်ပြီး ချစ်စရာကောင်းနေရသနည်း။

အလုပ်ပြီးဆုံးပြီးနောက်၊ တုန်းရုန်းယွမ်သည် သူ၏ဒုတိယဆရာတူအစ်ကိုဖြစ်သူမှ ချက်ချင်းလာခဲ့ဖို့ခေါ်တာကြောင့် ရှုဝေဆီသို့ သူအမြန်သွားခဲ့သည်။ သူ တံခါးကို လှမ်းဝင်လိုက်သည်နှင့် ဒုတိယအစ်ကိုဖြစ်သူက မေးခွန်းထုတ်ရင်း တရပ်စပ်ပြောလိုက်ခြင်းဖြစ်သည်။ မေးခွန်းတွေကို သူတိတ်တဆိတ်စဉ်းစားနေပြီးနောက်မှာတော့ တုန်းရုန်းယွမ်ပြန်​ပြောလိုက်သည်။

"နောက်ဆုံးမေးခွန်းကလွဲပြီး ကျန်တဲ့ဖော်ပြချက်တွေကတော့ သူဌေးကတော်နဲ့ တော်တော်လေးတူညီပါတယ်။ ကျွန်တော်တို့ သူဌေးကတော်ရဲ့ အရုပ်လေးတွေက အရမ်းချစ်စရာကောင်းတယ်။ သူတို့က လုံးဝကြောက်စရာမရှိပါဘူး။"

"အဲ့ဒီသူဌေးကတော် နာမည်ကဘယ်လိုခေါ်လဲ?" ရှုဝေ မေးသည်။

"ဝူမြောင်မြောင်'' တုန်းရုန်းယွမ် က ပြန်ဖြေ၏။

ရှုဝေ သည် ၎င်း၏ လက်ကိုင်ဖုန်းကို ထုတ်လိုက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် သူထည့်ထားသော WeChat အဆက်အသွယ်ဆီသို့ သွားသည်။ အလယ်ဗဟိုတွင် အနီရောင်ဖြင့် 'မြောင်' ဟူသော စာလုံးကြီးရေးထားသော အနက်ရောင် ပရိုဖိုင်ပုံကို တွေ့လိုက်ရသည်။ အလွန် မျက်စိကျစရာဖြစ်သည်။ ဤပရိုဖိုင်ပုံပိုင်ရှင်၏ အသုံးပြုသူအမည်သည်လည်း 'မြောင်' ဟူသော စာလုံးတစ်လုံးတည်းဖြစ်သည်။

"ဒါက သူ့Wechatလား ''
ရှုဝေ သည် WeChat ပရိုဖိုင်ပုံကို တုန်းရုန်းယွမ်အား ပြလိုက်သည်။

"အယ်၊ အစ်ကိုမှာ ဘာလို့ ငါတို့ရဲ့ သူဌေးကတော် ရဲ့ WeChat ရှိတာလဲ။"
ဝူ​မြောင်မြောင် သည် သူ့ဒုတိယအစ်ကို၏အဆက်အသွယ်စာရင်းတွင် ရှိနေသည်ကိုတွေ့လိုက်ရသောအခါ တုန်းရုန်းယွမ်အံ့ဩသွားသည်။

''ထင်တဲ့အတိုင်း သူတစ်ယောက်ထဲပဲ''
ရှုဝေ ၏အမူအရာမှာ သုန်မှုန်သွားသည်။ ထို့နောက် သူက လှည့်၍ ဆရာကြီးရှု ကို မျက်နှာမူပြီး "ဆရာကြီး၊ အိပ်မက်ဆိုးအရှင်ကိုယ်တိုင်က အန္တရာယ်များတဲ့ အကောင်ကြီး ဖြစ်နေပြီး အခု သူ့ဘေးမှာ အမှောင်စွမ်းအင် ကျင့်ကြံသူတစ်ယောက်ပါ ရှိနေပြီ"

အဘိုးကြီးရှု သည် မျက်ခုံးနှစ်ဖက်ကို တဆတ်ဆတ်တွန့်ချိုး၍ သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လာသည်။

''အစ်ကိုကြီး ဘယ်လိုပြောလိုက်တာလဲ ကျွန်တော်တို့ သူဌေးကတော်က လူကောင်းပါ''
တုန်းရုန်းယွမ် စိတ်ဆိုးလာသည်။

ဝူမြောင်မြောင်ဟာ တကယ်ကို ချစ်စရာကောင်းတဲ့ မိန်းကလေးဖြစ်၏။ သူမစတူဒီယိုကိုရောက်ကတည်းက အစားအသောက်သွားဝယ်လာပြီး ဝန်ထမ်းတစ်ဦးချင်းစီကိုလည်း တစ်စိတ်တစ်ပိုင်းကို သေချာခွဲဝေကာ ကျွေးမွေးခဲ့သည်။ ဒါ့အပြင်ဝန်ထမ်းများ လုံလောက်စွာအိပ်စက် အနားယူရခြင်း မရှိသည်ကို သူမ သတိပြုမိသောအခါ၊ သူမကိုယ်တိုင် ဝန်ထမ်းအချို့ကို အိပ်မက်ကောင်းသော အရုပ်လေးတွေလည်း လက်ဆောင်ပေးတတ်သည်။ ထို့ပြင် သူမသည် ဘယ်တုန်းကမှ ဆိုးဝါးစွာမပြုမူခဲ့သလို အမြဲတမ်း အပြုံးများဖြင့် ပြည့်နှက်နေခဲ့ပြီး အလွန်ချစ်စဖွယ်ကောင်းသော မိန်းကလေးငယ်တစ်ဦးတည်းဖြစ်သည်။

"လူကောင်းလား။ မင်း ဘာသိလို့လဲ!"
ရှုဝေသည် နေ့လည်က အဖြစ်အပျက်များကို တုန်းရုံးယွမ် အား ပြန်ပြောပြသည်။
အားလုံးပြောပြပြီးနောက် ရှုဝေက ထပ်မေးသည်။
"အဲ့ဒီမိန်းကလေးက လူကောင်းတစ်ယောက်လို့ မင်းထင်နေသေးသလား၊ ကျိန်စာအရုပ်လိုမျိုး အရာဝတ္ထုတွေကို အသုံးပြုတဲ့သူက ဘယ်လိုလူကောင်းဖြစ်နိုင်မှာလဲ"

တုန်းရုန်းယွမ် သည် အစပိုင်းတွင် ထိတ်လန့်သွား၏။ သူဌေးကတော် သည် လောကုတ္တရာပညာ၌ လျှို့ဝှက်ကျင့်ကြံနေသော ကျွမ်းကျင်သူဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော်၊ သူ၏စိတ်ကြီးဝင်နေသော စီနီယာအစ်ကိုသည် အခြားသူတစ်ဦး၏လက်အောက်တွင် အရှက်ခွဲခံလာရသည်ကို သိလိုက်ရတော့ သူ အနည်းငယ် ဝမ်းသာမိသည်။

ဆရာကြီးရှု လက်အောက်ရှိ တပည့်များအားလုံးတွင် တုန်းရုန်းယွမ် ၏ ရုပ်လွန်ပညာရပ်သည် အဆိုးဆုံးဖြစ်သည်။ သူသည် ရုပ်လွန် ပညာရပ်များကို ကောင်းစွာ အသုံးချနိုင်ခြင်း မရှိသည့်တိုင် သရဲတစ္ဆေဖမ်းယူနိုင်မှုစွမ်းရည်မှာလည်း အားနည်းသဖြင့် တော်တော်လေး စိတ်ဓာတ်ကျစရာဖြစ်သည်။ ထို့အပြင် သူ၏ဒုတိယဆရာတူအစ်ကိုသည် ၎င်းအားနည်းချက်ဒဏ်ရာများကို မကြာခဏဆိုသလို အနာပေါ်ဆားတို့ပေးလေ့ရှိသည်။

ဒုတိယအစ်ကိုပြောသည်မှာ
"မင်းမှာ အရည်အချင်းမရှိရင် ဘာလို့ရုပ်လွန်ပညာရပ်ကို လေ့ကျင့်နေရတာလဲ။ အချိန်ဖြုန်းတာပဲ"

"မင်းက သရဲတစ္ဆေဖမ်းဖို့ ထွက်သွားတာလား၊ ဒါမှမဟုတ် မင်းကို ဖမ်းဖို့ သရဲတစ္ဆေတွေ လာနေတာလား" ဟူ၍လည်း​ပြောသည်။

ဒါမှ မဟုတ်

"မင်း တက္ကသိုလ်ကောင်းကောင်းလိုက်လျှောက်ဖို့ဆိုပြီး စာမေးပွဲစာရွက်တွေ ထပ်မဖြုန်းတီးနေနဲ့၊ အနည်းဆုံးတော့ အနာဂတ်မှာ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အလုပ်လက်မဲ့မဖြစ်အောင်ပေးမယ့် အလုပ်တစ်ခုခုတော့မင်းရလာမှာပါ''

အခြား အလားတူ လှောင်ပြောင်သော စကားလုံးများစွာကိုအသုံးပြု၍လည်း သူ့ကိုတိုက်ခိုက်လေ့ရှိသည်။

တုန်းရုန်းယွမ်သည် ငယ်စဉ်ကတည်းက သူ့အစ်ကိုကြီး၏ ဝေဖန်ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။ သို့သော် သူ၏စွမ်းရည်မှာ အမှန်တကယ်ပင် အားနည်းနေသဖြင့် တိတ်ဆိတ်နေရုံမျှသာ ကြိတ်၍ ခံစားခဲ့ရသည်။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် ရှုဝေ ရှုံးနိမ့်လာသော မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရင်တွင်း၌ သိုဝှက်ထားရသော ခံစားချက်များသက်သာသွားသလို ခံစားလိုက်ရသည်။ ကောင်းကင်ဘုံရှိ နတ်ဘုရားများသည် အမှန်ပင် မျက်ကန်းမဟုတ်ခဲ့ဘဲ နောက်ဆုံးတွင် သူသည် သူ၏ နာကြည်းမှုကို ဖြေဖျောက်နိုင်ခဲ့သည်။

"သူဌေးကတော်ရဲ့ စွမ်းအားတွေကို ငါသေချာမသိပါဘူး။ ဒါပေမယ့် သူမဟာ လူဆိုးမဟုတ်တာတော့ သေချာပါတယ်။"

ဝူမြောင်မြောင် နှင့် အချိန်အတော်ကြာ ဆက်ဆံပြီးနောက် သူသည် ဤအချက်အပေါ်တော့ အလွန်ယုံကြည်မှု ရှိသည်။

"စောစောက ငါပြောခဲ့တာကို မင်းမကြားဘူးလား။ သူမရဲ့ ကျိန်စာအရုပ်က စိတ်ဝိညာဉ်တွေကို တိုက်ရိုက် ဝါးမြိုသွားနိုင်တယ်။ အရင်တုန်းက စိတ်ဝိညာဉ်တွေကို တိုက်ရိုက်စားသောက်နိုင်တဲ့ မကောင်းဆိုးဝါးမျိုး မင်းမြင်ဖူးလို့လား။"
ရှုဝေက ပြန်ခံငြင်း၏။

"ကျွန်မတို့ရဲ့ သူဌေးကတော်မှာရှိတဲ့ ဒီအိပ်မက်ကောင်းစေတဲ့အရုပ်လေးက လူတွေဆီက အမှောင် စွမ်းအင်တွေကို စုပ်ယူနိုင်ပြီး လူတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ သူမသာ မကောင်းတဲ့လူဆို တခြားလူတွေအတွက် ဒီလိုကောင်းမွန်တဲ့ပစ္စည်းမျိုးကို အချိန်ကုန်ခံ အားစိုက်ထုတ်ပြီး ဖန်တီးပေးပါ့မလား''
တုန်းရုန်းယွမ်ကလည်း မဟုတ်မခံပြန်လည် ငြင်းဆန်၏။

"သူ မင်းတို့ကို လှည့်စားဖို့ ကြိုးစားနေတာ။"

"ဒီ အိပ်မက်ကောင်းစေတဲ့အရုပ်လေးမှာ သန့်စင်ပြီး နူးညံ့သိမ်မွေ့တဲ့ စွမ်းအင်တွေ ပါ၀င်တယ်လို့ ဆရာကြီး ပြောခဲ့ဖူးတယ်။ အဲဒါက အသုံးပြုသူအတွက် ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေမယ့် ရှားပါးတဲ့ ရုပ်လွန်ပစ္စည်းတစ်ခုပဲ။ သူသာတကယ်လို့ အတွင်းအမှောင်တွေနဲ့ ပြည့်နှက်နေတဲ့ စိတ်ဝိညာဉ်ကိုစားသုံးတဲ့ အမှောင်စွမ်းအင်ကျင့်ကြံသူဆိုရင် ဒါမျိုးသန့်စင်မှုကို ဘယ်လိုလုပ်ပြီးဖန်တီးနိုင်ပါ့မလဲ၊ နောက်ပြီး သူမရဲ့ဝိညာဉ်စွမ်းအင်က နူးညံ့သိမ်မွေ့တယ်ဆိုတာ ကျွန်တော်အသိပဲ''

"မင်းကိုယ်မင်း ဘာထင်နေလဲ'' ရှုဝေက ရုတ်တရက်မောက်မာစွာမေး လိုက်သည်။

"ငါ....?" တုန်းရုန်းယွမ် အံ့အားသင့်သွားသည်။

*မကောင်းတော့ဘူး၊ သူအစကတည်းက ကိုယ့်နေရာကိုယ်မေ့ပြီး ဒီလိုမိုက်ရူးရဲကောင် ရှုဝေနဲ့ ပြိုင်ငြင်းခုံမိတာ သူ့အမှားပဲ။*

နောက်ဆုံးတွင် ရှုဝေသည် ပြင်းထန်သောအကြည့်တစ်ချက်ဖြင့် တုန်းရုန်းယွမ်၏ပါးစပ်ကို ပိတ်သွားစေ၏။ ထို့နောက် ရှုဝေက ဆရာကြီးရှုကိုလှည့်ကြည့်ပြီး
"ဆရာကြီး၊ ဒီ ဝူမြောင်မြောင်ကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကို အဖွဲ့အစည်းက စေလွှတ်သင့်တယ်လို့ မထင်ဘူးလား"

တုန်းရုန်းယွမ် ထိတ်လန့်သွားသည်။ စိုးရွံ့သောအမူအရာဖြင့် သူ့ဆရာဆီသို့ လှမ်းကြည့်လိုက်လေ၏။

"ဘာမှ ကောက်ချက်မချရသေးပဲ၊ ဘာမှလုပ်လို့မရဘူး'' အဘိုးကြီးရှု က သူ့လက်ထဲက အိပ်မက်လှစေသော အရုပ်ကို စိုက်ကြည့်နေ၏။ ထို့နောက် သူက ဖြည်းညှင်းစွာပြောသည်။
"ရုန်းယွမ် မှန်ပါတယ်။ ဒီရုပ်ထဲက ဝိညာဉ်စွမ်းအင်တွေက နူးညံ့ပြီး ဖြူစင်တယ်။ ဒါက မကောင်းတဲ့စွမ်းအင်တွေကို ချုပ်ကိုင်ထားသူတစ်ယောက် ဖန်တီးနိုင်တဲ့ အရာမဟုတ်ဘူး"

ယခင်က တုန်းရုန်းယွမ် ပေးပို့ခဲ့သော အိပ်မက်လှလှ အရုပ်ကို စစ်ဆေးပြီးနောက် ၎င်း၌ ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ ဘာအမှားအယွင်းမရှိသည်ကို တွေ့ရှိပြီးနောက် ဆရာကြီးရှု က အရုပ်ကို သူ၏အိပ်ခန်းထဲတွင် ထားခဲ့သည်။ နောက် ၃ရက်အတွင်းမှာ ပုံမှန်ထက်ပို၍ ကောင်းမွန်စွာအိပ်ပျော်နိုင်ခဲ့သည်။ မနက်ခင်း အိပ်ရာက နိုးလာတိုင်း ထူးထူးခြားခြား လန်းဆန်းမှုကို ခံစားရသည်။ ၎င်းအရုပ်၏စွမ်းအားနည်းလမ်းသည် ပျော့ပြောင်းညင်သာပြီး သူ၏မြင့်မားသော ရုပ်လွန်ပညာ စွမ်းအားအပေါ် ဘာထိခိုက်မှုမှ မသက်ရောက်စေခဲ့ပေ။ ထို့ကြောင့် ဤအရုပ်ဖန်တီးသူသည် သာမန် ရုပ်လွန်ပညာကျင့်ကြံသူမဟုတ်ဟု သူခံစားမိသည်။

သို့ရာတွင် အိပ်မက်လှလှ အရုပ်များအတွင်းရှိ ဝိညာဉ်ရေးစွမ်းအားသည် အားနည်းလွန်းလှသည်။ ထို့ကြောင့် သူသည် ထိုအကြောင်းကို သိပ်ပြီး မစဉ်းစားခဲ့ပေ။

"ဒါပေမယ့် ကျွန်တော်တို့ရဲ့ မော်ကွန်းတိုက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကတော့ စိတ်ဝိညာဉ်တွေကို ဝါးမျိုနိုင်တဲ့ မည်သည့်နည်းပညာကိုမဆို အမှောင်ဂိုဏ်းများရဲ့ နည်းပညာများအဖြစ် မှတ်ယူပါတယ်တဲ့''

"ဒါလည်း မင်းပြောတာ မှန်ပါတယ်။ ဒါပေမယ့် ဒီနည်းပညာကို တစ်နေရာရာမှာ ငါမြင်ဖူးတယ်လို့ ခံစားရတယ်။ နောက်ထပ် ဘာဆက်လုပ်ကြမလဲဆိုတာ မဆုံးဖြတ်ခင် နောက်ထပ်နည်းနည်းလောက် စုံစမ်းကြည့်ရအောင်။" ထိုသို့ပြောပြီးနောက် ဆရာကြီး ရှု သည် တုန်းရုန်းယွမ်ကိုကြည့်ကာ
"ရုန်းယွမ် ၊ မင်း အဲ့ဒီမိန်းကလေးနဲ့ရင်းနှီးတယ်မလား ဒီရက်ပိုင်း သူ့ဘေးမှာသတိထားနေပြီး သေချာစောင့်ကြည့်ထား''

"နားလည်ပါပြီ ဆရာကြီး''
တုန်းရုန်းယွမ် က သဘောတူလိုက်သည်။

တုန်းရုန်းယွမ်သည် ဝူမြောင်မြောင်ကို သတိထားနေဖို့ သူ့သခင်ကို ကတိပေးခဲ့ပေမယ့် နောက်နေ့ အလုပ်သွားတဲ့အခါ သတိထားရမယ့်အစား သူမကို ပိုလို့တောင် ခင်မင်လာခဲ့၏။ သူ့အိတ်ထဲက အဆာပြေမုန့်တွေ အကြိမ်ကြိမ်ထုတ်ကျွေးမိနေလေသည်။

သူမသည် သူ၏ 10 နှစ်ကျော် စိတ်ပျက်အားငယ်မှုမှ လွတ်မြောက်အောင် ကူညီပေးခဲ့သော သူ၏ ကျေးဇူးရှင်ဖြစ်သည်။

အသည်းတူးသည့်နတ်ဆိုးကို ဖမ်းမိပြီးတဲ့နောက်မှာတော့ သတင်းချန်နယ်တွေက ထိုရက်သတ္တပတ်လုံးလုံး ဒီအကြောင်းကို နေ့စဉ် ဖော်ပြထုတ်လွင့်နေဆဲဖြစ်သည်။

ကျိလန် သည် ညအချိန်တွင် အိပ်မက်ဆိုးများ နည်းပါးသွားသည်ကို ထင်ရှားစွာ ခံစားရသည်။ ယင်းကဲ့သို့စိတ်ခံစားချက်ကောင်းမွန်လာခြင်းက အခြားသူများနှင့်အတူ လုပ်ကိုင်ရသော လုပ်ငန်းခွင်အတွင်း အကျိုးကျေးဇူးများစွာ ရှိလာစေသည်။

"အိုး၊ သူဌေးကိုပေးခဲ့တဲ့ အမြင့်ဆုံးမဲပမာဏက ယွမ် ၂ သန်းကျော်တောင် ရှိသွားပြီ။" စတူဒီယိုတွင်၊ ဝန်ထမ်းများသည် နေ့လည်စာစားချိန်အတွင်း ၎င်းတို့၏သူဌေး၏ ဝဘ်ပရိုဖိုင်ကိုဝင်ကြည့်ကာ ဆွေးနွေးကြလေသည်။

"ဒါက သူဌေးရဲ့ ပုံမှန်စာရင်းသွင်းမှု ဝင်ငွေထက် ကျော်လွန်နေပြီ''
ယီကွမ်က ဝင်ဆွေးနွေးသည်။

ထိလွယ်ရှလွယ် ခေါင်းစဉ်အောက်ရှိ ဝတ္ထုတို့၏ ကန့်သတ်ချက်များကို စာဖတ်သူများ နားလည်ကြ သော်လည်း၊ စာရေးဆရာကျိဟဲ၏ဝတ္ထုကို ပြီးပြီးချင်း ပလက်ဖောင်းမှ ဖယ်ရှားခံလိုက်ရသည့်အတွက် ၎င်းသည် အလွန်မတရားဟု ခံစားနေကြဆဲဖြစ်သည်။ နောက်ဆုံးတော့၊ ဆရာကျိဟဲ က အသည်းတူးသမား နတ်ဆိုးကို ဖမ်းဖို့ ကူညီပေးခဲ့တာတောင် သူ့စာရေးဆရာတစ်ယောက်၏ဝင်ငွေများ ဆုံးရှုံးသွားရသည်။

စာရေးဆရာအတွက် ဒီဝတ္ထုရေးဖို့ အပြင်းအထန် အားထုတ်ခဲ့ရတာ မတရားဘူးဟုခံစားရသည်။ ထို့ကြောင့် စာဖတ်သူများသည် ဝတ္ထုပလက်ဖောင်းပေါ်ရှိ ဆရာကျိဟဲ ၏ ပရိုဖိုင်ကို အလိုအလျောက်လာ၍ မဲပေးကြသည်။ ရက်အနည်းငယ်အတွင်းမှာပဲ မဲအရေအတွက်ဟာ ယွမ် ၂ သန်းကျော်အထိ တိုးလာခဲ့ပါ၏။

စာဖတ်သူများကြားတွင် စုံထောက်ဆရာကြီးဟောက် ဟုခေါ်သော တစ်စုံတစ်ယောက်ရှိသည်။ ထိုသူသည် တစ်ကြိမ်တွင် ယွမ်ငွေ 100,000 ဖြင့် ပေးပို့ခဲ့ပြီး ၎င်း၏ ကြွယ်ဝမှုကို ပြသခဲ့သည်။

"ဒါက ဘာကြီးလဲ။ ငါတို့ရဲ့ သူဌေးက သူ့စာဖတ်သူတွေရဲ့ စာရင်းသွင်းမှုအပေါ် မူတည်ပြီး အသက်မွေးဝမ်းကြောင်းပြုတဲ့ လူတစ်ယောက်နဲ့ တူနေပြီလား''

တုန်းရုန်းယွမ် သည် စတူဒီယိုရှိ မူပိုင်ခွင့်စာချုပ်များကို တာဝန်ယူခဲ့ပြီး အခြားသူများထက် အခြေအနေကို ပိုနားလည်သည်။

"ကျွန်တော်တို့သူဌေးက ပျမ်းမျှအားဖြင့် ဝတ္ထုတစ်အုပ်ကို စကားလုံး 50,000 ကနေ 100,000 ဝန်းကျင် ရေးတယ်။ ဝတ္ထုတွေရဲ့တစ်ဝက်ကျော်လောက်က VIP ငွေပေးချေမှုကဏ္ဍနောက်မှာ သိမ်းထားတယ်။ ဒီပလက်ဖောင်းရဲ့စာဖတ်သူ စာရင်းသွင်းမှုတွေကနေ သူ့အတွက် ဝင်ငွေအများကြီးရနေတာမဟုတ်ဘူး။ အဲ့ဒါက ဝင်ငွေအားလုံးရဲ့ပမာဏနည်းနည်းလေးလောက်ပဲ ရှိပါသေးတယ်။

ဥပမာ ကျွန်တော်တို့တွေ ရပ်ကွက်စတိုးဆိုင်ကနေ စျေးအရမ်းကြီးပြီး အထူးထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို ဝယ်လို့မရသလိုပေါ့၊ သူဌေးရဲ့အဓိကဝင်ငွေက မူပိုင်ခွင့်ရောင်းချမှုပေါ်မှာပဲ မူတည်နေပါတယ်''

''ဒါပေမယ့် အခုကိစ္စကြီးက လုံးဝမဟုတ်သေးဘူးလေ၊ အခုသူဌေးရဲ့ဝတ္ထုက အရမ်းကောင်းနေပေမယ့် သူ့မှာမူပိုင်ခွင့်တောင် ရောင်းခွင့်မရှိတော့ဘူး''
ရှန်ကျွင်းယီကလည်း ဆင်ခြင်ကာဝေဖန်၏။

"ဒါပေမယ့် တခြားစာအုပ်တွေက ရောင်းနေရတာပဲ၊ အခုလက်ရှိမှာရော ဒီအသည်းတူးသမားဖြစ်ရပ်ဆိုးကြီးကြောင့် ဒီစာအုပ်ထုတ်ရောင်းရင်တောင် ဘယ်သူကဝယ်ချင်ပါ့မလဲ''
တုန်းရုန်းယွင်က ပြန်ပြော၏။

''ငါက ရောင်းလို့ရရင်ပြောတာပါ''

ရှန်ကျွင်းယီက စကားပြန်ပက်၏။

"မဟုတ်ဘူး၊ ငါသည်းမခံနိုင်ဘူး။ ငါလည်း မဲပေးမယ်။ ဘော့စ်က ငါတို့အတွက် ဒီဝတ္ထုကိုရေးတာ၊ ငါတို့ကို လုပ်ခလစာလည်း ပေးတယ် သူ့ကို မဲမပေးပဲ နေလို့မရဘူး''

ကျိလန်က သူတို့အတွက်အလုပ်ကြိုးစားပေးတယ်ဟု ခံယူထားသော ပေဖန်းကတော့ ကိုယ့်အတွေးနဲ့ကိုယ် စိတ်လှုပ်ရှားနေသည်။

"ဘော့စ် အနေနဲ့ ပိုက်ဆံနည်းနည်းလောက်မသုံးရတာ ဘာမှမထိခိုက်သွားဘူး။ မင်းတို့ဘော့စ် အတွက်တစ်ခုခုလုပ်ပေးချင်ရင် သူ့ဖို့ စားစရာ၊သောက်စရာတွေဖြစ်ဖြစ် ဝယ်ပေးလိုက်ပါလား၊ နောက်ပြီး အဲ့ဒီမဲပေးတဲ့ပိုက်ဆံတွေက ဘော့စ်အကုန်လုံးရမှာမဟုတ်ဘူးလေ။ အခွန်ငွေတွေ အဖြတ်ခံရဦးမှာသိရဲ့သားနဲ့''
တုန်းရုန်းယွမ်က ထပ်၍ အကြံပြုသည်။

"ငါ ဘာလို့အဲ့လိုမတွေးခဲ့မိတာလဲ သူဌေးက ဘာစားချင်လဲမေးရမယ်"
ဤကျေးဇူးဆပ်ရန် စိတ်အားထက်သန်စွာဖြင့် ပေဖန်း မတ်တပ်ထရပ်ကာ စာဖတ်ခန်းဆီသို့ ဦးတည်သွားခဲ့သည်။ သို့သော် သူလမ်းလျှောက်လာသောအခါတွင် ထိုနေရာ၌ ဝူမြောင်မြောင် မရှိသည်ကို သူတွေ့လိုက်ရသည်။

*သူမ ဘယ်မှာလဲ။ သူမဒီမှာခုနကလေးတင်ရှိသေးတယ်။*

ဤအခိုက်အတန့်တွင် တစ်နေရာမှ တိုးညှင်းသောတေးသံကြားရပြီး အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။ စားပွဲပေါ်တင်ထားသော ဝူမြောင်မြောင်၏ ဖုန်းမြည်နေသည်ကို သူ သိလိုက်၏။ ဖန်သားပြင်ကို ကြည့်လိုက်တော့ 'ဆရာ ကျောက်' ဟူသောနာမည်ကို တွေ့လိုက်ရလေသည်။

လက်ကိုင်ဖုန်းက အချိန်အတော်ကြာအောင် ဆက်တိုက်မြည်လျက်ရှိသည်။ ပေဖန်းက အရေးတကြီးကိစ္စဖြစ်နိုင်သည်ဟု တွေးကာ ဝူမြောင်မြောင်ကိုရှာဖို့ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဒါပေမယ့် သူလှည့်ကြည့်လိုက်တော့ သူ့သူဌေးက သူ့နောက်မှာ ဘယ်အချိန်ကတည်းက လာရပ်နေမှန်း မသိပေ။

"ဘော့စ်''

"မြောင်မြောင် ဘယ်မှာလဲ" ကျိလန်က မေးသည်။

"မသိဘူး၊ ကျွန်တော်လည်း သူ့ကို ရှာနေတယ်။ သူ့လက်ကိုင်ဖုန်းက မြည်နေတာကြာပြီ။" ပေဖန်း က ပြောပြီးပြီးချင်းမှာပဲ အချိန်အတော်ကြာအောင် မြည်နေခဲ့သောဖုန်းသံသည် ဘယ်သူမှ မဖြေကြားသည့်အတွက် အလိုအလျောက်ဖုန်းကျသွားခဲ့သည်။

"ငါ့ကိုပေး။" ကျိလန်သည် စောစောက ဝူမြောင်မြောင်ထံ မက်ဆေ့ချ်ပို့ပြီး ထမင်းအတူတူစားကြရန် ပထမထပ်တွင် သူ့ကိုစောင့်နေခိုင်းထားသည်။ လောလောဆယ် စာဖတ်ခန်းမှာ သူမ မရှိနေတာကြောင့် သန့်စင်ခန်းကို သွားဖြစ်မယ်ထင်သည်။

ဖုန်းကိုယူလိုက်သည်နှင့် အကြောင်းကြားစာဝင်သံတစ်ခု ကြားလိုက်ရသည်။ မျက်နှာပြင်ပေါ်တွင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။ သူသည် မက်ဆေ့ချ်ကို ငုံ့ကြည့်ကာ စာကို မျက်မှောင်ကြုတ်ကာ ဖတ်နေသည်။

မက်ဆေ့ချ်- မြောင်မြောင် မင်းလျှောက်ချင်တဲ့ တက္ကသိုလ်တွေအတွက် လျှောက်လွှာကို ဘာလို့လာမတင်တာလဲ၊ လျှောက်လွှာပိတ်ဖို့ နောက်ဆုံးနှစ်ရက်ပဲ လိုတော့တယ်။

မကြာခင်မှာပဲ နောက်ထပ်သတိပေးချက် ထပ်မံထွက်ပေါ်လာ၏။

မက်ဆေ့ချ်- ဆရာ့စကားကို နားထောင်ပါ၊ မင်းတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာကို ကျိန်းသေလာတင်ပါ။ မင်းမှာ တောက်ပတဲ့ အနာဂတ်ရှိတယ်၊ တောင်ပေါ်ဒေမှာ နေထိုင်တဲ့ကလေးတွေအတွက် တက္ကသိုလ်မှာ ပညာရေးက ဘယ်လောက် အရေးကြီးလဲဆိုတာ မင်းသိပါတယ်''

ဒုတိယစာလေးကို ဖတ်ပြီးသောအခါ ကျိလန် မျက်ခုံးနှစ်ဖက်ကို တင်းတင်းကျုံ့လိုက်သည်။

ထိုအချိန်တွင် ဝူမြောင်မြောင်လည်း သန့်စင်ခန်းထဲမှ ထွက်လာသည်။ ကျိလန် က သူမကိုစောင့်နေတာကိုတွေ့ပြီး ချစ်စဖွယ်ကောင်းတဲ့ပုံစံဖြင့် သူ့ဆီ သွားခဲ့သည်။

"အချစ်ဆုံးခင်ပွန်း၊ သွားကြရအောင်။" သူမရဲ့ အချစ်ဆုံးခင်ပွန်းက ဒီနေ့ နေ့လယ်စာစားဖို့အတွက် သူကိုယ်တိုင် အပြင်ထွက်ဖို့ ဖိတ်ခေါ်ထားတာကြောင့် သူမ အရမ်းပျော်နေခဲ့ခြင်းဖြစ်သည်။

ကျိလန်က သူမဆီ လက်ကိုင်ဖုန်းကို ပြန်ပေးပြီး "စောစောက တစ်ယောက်ယောက်က ဖုန်းဆက်တယ်" ဟု သူမကို ပြောပြလိုက်လေ၏။

"ဟုတ်လား'' ဝူမြောင်မြောင် ဖုန်းကိုယူကာ စခရင်ကို သော့ဖွင့်ပြီး ခဏလောက် ကြည့်လိုက်သည်။ ထို့နောက် တုံ့ပြန်မှုတစ်စုံတစ်ရာ မပြဘဲ ဖုန်းကို သိမ်းလိုက်၏။

"အကြောင်းပြန့်ဖို့ မလိုဘူးလား" ကျိလန်က မေးသည်။

"ဒါက အရေးကြီးတဲ့ ကိစ္စမဟုတ်ပါဘူး။"
ဝူမြောင်မြောင် က အလေးအနက်မထားပဲ ပြန်ဖြေသည်။

*အရေးမပါဘူးလား?*

"မက်ဆေ့ချ်တွေလည်း ရှိမယ်ထင်တယ်။" ကျိလန် ထပ်၍သတိပေးလိုက်သည်။

"ကျွန်မတွေ့ပါတယ်။ ဒါကို ဂရုစိုက်မနေပါနဲ့၊ ကျွန်မတို့ အခုဘာစားကြမလဲ။ ငါးကင်စားရမလား၊ ဒီနေ့ငါးစားလို့ရလား"

ဒီအချိန်မှာ သူမ၏စိတ်က အစားအသောက်တွေနဲ့ ပြည့်နေလေပြီပင်။

''ငါသိသလောက် မင်းဒီနှစ်မှာ အထက်တန်း စာမေးပွဲအောင်ခဲ့တယ်မဟုတ်လား''

"ဟုတ်ပါတယ်။ စာမေးပွဲက ဇွန်လမှာ ပြီးသွားတာ''

"ဒါဆိုရင် မင်းရဲ့တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်ရမယ့်အချိန်ရောက်နေပြီမဟုတ်လား။ မင်းကိုမေးဖို့မေ့နေတာ၊ မင်းရဲ့ရလဒ်တွေကို စစ်ဆေးပြီးသွားပြီလား။ ဘယ်တက္ကသိုလ်တွေကို လျှောက်ဖို့ စီစဉ်ထားလဲ။" ကျိလန်ကဆက်၍ မေးသည်။

"ကျွန်မ တက္ကသိုလ်တက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး''
သူမက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည် ။ လက်ရှိ သူမ အတွေးထဲတွင် ငါးကင်တို့ဖြင့်သာ ပြည့်နှက်နေ‌သည် ။

"ကျွန်မ ဒီငါးကင်ဆိုင်ကို စောင့်ကြည့်နေတာ ၂ရက်လောက် ရှိပြီ။ သူတို့ လုပ်ငန်းက ညဘက်မှာ ထူးထူးခြားခြား ရောင်းကောင်းပေမယ့် နေ့ခင်းဘက်မှာ လူသိပ်မရှိဘူး၊ ဒါကြောင့် အကြာကြီးတန်းစီဖို့ မလိုဘူး...''

"မင်းအခုမှ ဘာပြောလိုက်တာလဲ။"
ကျိလန်သည် အစောပိုင်းက ကြားခဲ့သည့် စကားကို မယုံနိုင်။

*အထက်တန်း စာမေးပွဲအောင်ခဲ့ပြီးပေမယ့် တက္ကသိုလ် မတက်ချင်ဘူးတဲ့လား။

လျှောက်လွှာတင်ဖို့ မေ့သွားတယ်လို့ အစကတော့ သူထင်ခဲ့တာ။ ဒါကြောင့် သူမရဲ့ဆရာက သူမကို ဖုန်းဆက်ပြီး သတိပေးတယ်ပေါ့။*

ယခုအချိန်သည် စာမေးပွဲရမှတ်များ စစ်ဆေးရန်နှင့် တက္ကသိုလ်များ လျှောက်ထားရမည့် ကာလဖြစ်သည်ကို သတိမထားခဲ့မိသည့်အတွက် ကျိလန်မှာ သူ့ကိုယ်သူပင် အပြစ်တင်မိသည်။ ယင်းအစား၊ ဤကာလသည် နွေရာသီအားလပ်ရက်အချိန်ပဲရှိသေးသည်ဟုထင်ကာ သူ ဝူမြောင်မြောင်ကို အလိုလိုက်ပြီး နေ့စဉ် ဝတ္ထုတွေဖတ်ပြီး စတူဒီယိုတွင် အချိန်ဖြုန်းနေဖို့ခွင့်ပြုထားမိသည်။

"ကျွန်မ ဘာအမှားလုပ်မိလို့လဲ?''

သူမ၏ အချစ်ဆုံးခင်ပွန်းသည် အဘယ်ကြောင့် စိတ်ဆိုးနေရသနည်း။

"မင်း တက္ကသိုလ်မတက်ရင် မင်းရဲ့အနာဂတ်အတွက် မင်းမှာဘာလုပ်ဖို့ စီစဉ်ထားလဲ။ ဒီမှာနေပြီး နေ့တိုင်း ဝတ္ထုတွေဖတ်နေမှာလား''

ကျိလန်သည် ဒေါသကိုထိန်းကာ မေးလိုက်သော်လည်း သူဘာကြောင့် စိတ်ဆိုးနေရသလဲဆိုတာ သူကိုယ်တိုင်တောင် သေချာမသိပေ။

"ဟုတ်တယ် ရှင့်ရဲ့ဝတ္ထုတွေအကုန်ဖတ်ပြီးတဲ့နေ့ကျရင် ငွေရှာဖို့ ကျွန်မထွက်သွားမှာပါ''

"ပိုက်ဆံရှာမယ်ဟုတ်လား? အထက်တန်းကျောင်းဆင်းလက်မှတ်တစ်ခုနဲ့ မင်းဘယ်လိုအလုပ်မျိုးကို ရှာမှာလဲ၊ မင်း ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်မယ်ထင်နေတာလား''

''အင်း ကျွန်မရပ်တည်နိုင်မှာပါ၊ ကျွန်မတစ်ယောက်တည်း ရပ်တည်ဖို့တင်မကဘူး ရှင့်ကိုလည်းပံ့ပိုးပေးချင်တယ်''

ဝူမြောင်မြောင်သည် ကျိလန်၏ အမူအရာ ပျက်သွားသည်ကို သတိပြုမိ၏။

*သူက သူမအပေါ်အယုံအကြည်မရှိဘူးလား။*

ထို့ကြောင့် သူမသည် လေးနက်သော မျက်နှာထားဖြင့် ဆက်၍ပြောသည်။ "ဒီမှာ ကျွန်မ မုသားစကား မပြောပါဘူး။ ရှင့်ကို လက်ထပ်ဖို့ ဟိုင်မြို့ကို လာဖို့ ဆုံးဖြတ်လိုက်ကတည်းက ကျွန်မတို့ရဲ့ အနာဂတ်ကို တွေးထားပြီးသားပါ"

ဝုန်း! ဒိုင်း! ခလွမ်း!

အရာဝတ္ထုပစ္စည်းများစွာသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်ပြီး ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်။ ထိုအသံတို့ကြောင့် သူမတို့ နှစ်ယောက်စလုံး အသံလာရာဆီ အာရုံရောက်သွား၏။

စတူဒီယိုမှ ဝန်ထမ်း ၄ ယောက်စလုံးနှင့် တုန်းရုန်းယွမ်သည် အမှိုက်များသဖွယ် မြေပြင်ပေါ်တွင်ပုံလျက်သားလဲကျနေကြသည်ကို တွေ့လိုက်ရသည်။

*သူဌေးကတော်က သူဌေးကိုလက်ထပ်ဖို့ ဟိုင်မြို့ကို လာခဲ့တာလား။

ထင်ထားတဲ့အတိုင်း သူတို့သူဌေးကတော်က တော်တော်ထူးဆန်းပြီးအံ့သြဖို့ကောင်းတယ်။*

သူတို့သည် သူတို့၏သူဌေးကတော်ကို အရမ်းလေးစားသွားကြသည်။
သူမ၏စိတ်ဓာတ်အား လေးစားကြည်ညိုရုံမှတစ်ပါး သူတို့ဘာမှမတတ်နိုင်ကြတော့ပေ။


...

အခန်း ၂၃ ။ တစ်လကို ယွမ်သုံးသိန်းရှာမယ်

တုန်းရုန်းယွမ်နှင့် ဝန်ထမ်း လေးယောက်သည် သူတို့ သူဌေး၏ဇနီးကို စိတ်နှလုံးထဲကလှိုက်လှိုက်လှဲလှဲလေးစားအားကျမိပေမယ့် သူတို့ဘော့စ်၏ နဂါးမျက်စောင်းကြောင့် သူတို့လေးစားမှုကိုကြာကြာမဖော်ပြနိုင်လိုက်ပေ။ သူတို့ထိုနေရာမှ လျင်မြန်စွာထကာ ထွက်ခွာရန် အကြောင်းပြချက်များကမန်းကတန်း ရှာဖွေလိုက်ကြသည်။

စိတ်အနှောက်အယှက်ဖြစ်စေသောလူများထွက်သွားပြီးနောက် ကျိလန် က သူ့ခေါင်းကိုပြန်လှည့်လညကာ ဝူမြောင်မြောင်အား ထပ်မံစိုက်ကြည့်နေသည်။ ကျောင်းမတတ်ချင်တဲ့ ကျောင်းသားကိုကျောင်းတတ်အောင် ဆွဲဆောင်ဖို့ ဘာအကြောင်းပြချက်နဲ့ သုံးရမှန်း သူတကယ် မသိတော့ပေ။
ကျိလန်ကပြောလိုက်သည်။

''လျှောက်လွှာတင်ဖို့အချိန်၂ရက်ရသေးတယ်၊ ငါမင်းကိုကွန်ပြူတာပေးမယ် အခုချက်ချင်းလျှောက်လွှာတင်ဖို့ပြင်လိုက်ပါ''

''ကျွန်မ ကျောင်းမတတ်ဘူး ပိုက်ဆံရှာမှာပါဆို''

သူမသည် ငွေရှာပြီး မိသားစုကို ထောက်ပံ့ပေးနိုင်စွမ်းရှိကြောင်း အခုချက်ချင်း သက်သေပြရန်လိုအပ်နေပြီဟု ဝူမြောင်မြောင်ခံစားလိုက်ရသည်။

"ဒါမှမဟုတ် အခုပဲ အပြင်ထွက်ပြီး အလုပ်လုပ်တော့မယ်''

ကျိလန်ပြောစရာစကားမဲ့သွား၏။

ထပ်ပြီး ငွေရှာမယ့်ကိစ္စပဲလား?

''ကျွန်မ ပိုက်ဆံဘယ်လောက်ရှာနိုင်မယ်လို့ရှင်ထင်သလဲ၊ ရှင်ပမာဏတစ်ခုပြောကြည့်လိုက် ကျွန်မရအောင်ရှာပြမယ်''

သူမသည် ငွေရှာရုံသာမက ချစ်ခင်ပွန်းကိုထောက်ပံပေးနိုင်ကြောင်းကိုလည်း ရှန်ကုန်းကို သိစေချင်သည်။

"အဲ့ဒပိုက်ဆံရှာတဲ့ကိစ္စကို မင်းကောလိပ်ကျောင်းပြီးတဲ့အခါမှ ဆက်ပြောရအောင်''
ကျိလန်ကတစ်ချက်လွှတ်ဆိုလိုက်၏။

ရှန်ကုန်း သူမကိုမယုံသေးဘူးပဲ၊ ချက်ချင်း သက်သေပြရမယ်။

ဒါပေမယ့် သူမ သစ်လုံးရွာမှာနေတုန်းက တစ်လကို ယွမ် ၁၀၀၀၀ ဝင်ငွေနဲ့ မိသားစုကို ထောက်ပံ့နိုင်ခဲ့တယ်။ ဒီမှာဈေးက အသုံးစရိတ် အရမ်းဈေးကြီးတယ်ဆိုတော့ တစ်လကို ဘယ်လောက်ရှာနိုင်ရင် သင့်လျော်မလဲ?

"တုန်းတုန်း! ရှောင်ပိုင်!''
ဝူမြောင်မြောင် က ရုံးခန်းရှိရာသို့ လှည့်၍ အော်လိုက်သည်။

"ဗျာ..''

''ဟုတ်..ဟုတ်ကဲ့''

ကောင်လေး နှစ်ယောက်မှာနာမည်အခေါ်ခံရ၍အပြေးလွှားထွက်လာကြ၏။ ကျန်နှစ်ယောက်ကလည်း ထိုကိစ္စကိုစိတ်ဝင်တစားစပ်စုရန်ရုံးခန်းထဲကလိုက်၍ထွက်လာကြသည်။

သခင်ကို ခေါ်ပြီး ကျန်နှစ်ယောက်က စိတ်လှုပ်ရှားစွာ ကြည့်ရင်း သူတို့လေးယောက် ရုံးခန်းထဲက အတူတူ ထွက်လာကြသည်။

"ရှင်တို့တစ်လကိုလစာဘယ်လောက်ရလဲ"

ဝူမြောင်မြောင် ကတည့်ထိုးမေး၏။

အလုပ်ကပေးတဲ့ လစာ? ဒါဟာ အလုပ်ရှင်နဲ့ဝန်ထမ်းကြားက သီးသန့် ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်လား။

"သူဌေးကတော်လေး ကျွန်တော့် လစာက ဒီကုမ္ပဏီမှာ အနိမ့်ဆုံးပဲ၊ အဲ့ဒါက...''

"အမြင့်ဆုံးကို သိချင်တယ်။"
တုန်းရုန်းယွမ်စကားမဆုံးမီ ဝူမြောင်မြောင်ကဖြတ်ပြီးမေး၏။

အနိမ့်ဆုံးလစာပမာဏလောက်နဲ့ သူမရဲ့ပိုက်ဆံရှာနိုင်စွမ်းကိုပြသနိုင်မှာမဟုတ်ဘူး။

''ဒါကိုတော့ ကျွန်တော်သိသလောက်ပြောပြပါမယ်''
တုန်းရုန်းယွမ်ဟာ စတူရီရိုတစ်ခုလုံးရဲ့စျေးကွက်တာဝန်ခံဖြစ်သည့်အပြင်၊ HRပိုင်းနဲ့ စီမံခန့်ခွဲရေးကိုလည်းတာဝန်ယူထားရသူ၊ ဒါ့အပြင် သူဌေးရဲ့အတွင်းရေးမှူးလည်းဖြစ်နေသည့်အတွက် စတူရီရို၏ကိစ္စအဝဝကိုသူအကုန်သိထား၏။

"ပြီးခဲ့တဲ့လက လစာအမြင့်ဆုံးက ယီကွမ် ပါ။ စာလုံးရေ 30,000ရှိတဲ့သူကိုယ်ပိုင်ဝတ္ထုတိုတစ်ပုဒ်ကိုရောင်းခဲ့တဲ့ငွေအပြင် လစာ 80,000 ရပါတယ်။ ပြီးတော့ ၂လဆက်တိုက်လစာအများဆုံး 85,000ယွမ် ရတဲ့သူကတော့ ရှန်ကျွင်းယီ ပါ။"

"မင်းက ငါ့ထက် ငါးထောင်ကျော်လား ဘာလို့ပိုများတာလဲ" တဘက်ခူ၏လစာကိုသိတော့ ယီကွမ် က ချက်ချင်းဒေါသထွက်သွား၏။

''ငါကမင်းထက်အလုပ်ပိုကြိုးစားတယ်လေ''
ရှန်ကျွင်းယီကလည်း လေသံမာမာနဲ့ပြန်အော်၏။

''မင်းတို့ဒီလောက်ထိလစာအများကြီးရတာ ငါမသိခဲ့ဘူး''

၂လဆက်တိုက်အနည်းဆုံး လစာ ၃၀၀၀၀ သာရရှိသော ပေဖန်း သည် ရုတ်တရက် ဝမ်းနည်းလာ၍ငိုသည်။

''စိတ်မကောင်းမဖြစ်ပါနဲ့ကွာ၊ ဒီလမင်းကိုယ်တိုင်ရေးထားတဲ့ဝတ္ထုတွေထုတ်ပေးလေ ငါရောင်းပေးပါ့မယ်''

တုန်းရုန်းယွမ်ကပေဖန်းကိုနှစ်သိမ့်၏။

ပေဖန်းသည်ရှေ့လကအသည်းတူးသမားနှင့်လည်း ပက်ပင်းတိုးခဲ့ရသည်။ သူ့တွက်မကောင်းတဲ့ကိစ္စတွေဆက်တိုက်ကြုံနေရ၏။ ထို့ကြောင့် သူ့ကိုကူညီပေးလိုက်တာအကောင်းဆုံးဖြစ်မည်ဟု တုန်းရုန်းယွမ်တွေးမိ၏။

ယွမ်ရှစ်သောင်း? ယွမ်ရှစ်သောင်းခွဲလား?
ဒါဆိုသူမအနည်းဆုံး ယွမ်တစ်သိန်းလောက်ရှာမှဖြစ်မည်။ ဒါ့အပြင် ချစ်ခင်ပွန်း၏ဘဝကို ပြည့်ပြည့်စုံစုံရွှေပေါ့်မတင်ထားနိုင်ဖို့အတွက် သူမတစ်လဝင်ငွေယွမ်သုံးသိန်းရှာရန်ဆုံးဖြတ်လိုက်၏။
လက်ရှိ ရှန်ကုန်းမှာကိုယ်ပိုင်အတည်တကျအလုပ်အကိုင်ရှိနေတယ်ထားဦး တစ်ချိန်ကျ သူမ၏ရှန်ကုန်းအလုပ်မလုပ်တော့ပဲအနားယူချင်လာတဲ့အခါကျ သူမကအပြည့်အဝထောက်ပံ့ပေးနိုင်အောင်ကြိုးစားထားရပေမည်။

"ဒါဆို တစ်လကို ယွမ် သုံးသိန်းရှာ ရမယ်"
ဝူမြောင်မြောင် က ချက်ချင်း လက်ခုပ်လက်ဝါးတီးပြီး
"ကျွန်မ အခု ပိုက်ဆံရှာဖို့ အပြင်ထွက်လိုက်ဦးမယ် ညကျ အိမ်ပြန်လာခဲ့မယ်"

သူမပြောချင်ရာပြောပြီးသည်နှင့် ကျိလန် သဘောတူသည်ကိုမစောင့်ဘဲ ကျောပိုးအိတ်ကိုကိုင်ကာ ပြေးထွက်လာခဲ့သည်။
ကျိလန်က သူမကိုတားရန်လက်လှန်းလိုက်ပေမယ့်၊ ဝူမြောင်မြောင်ကလျှင်မြန်စွာပဲ မျက်စိတစ်မှိတ်အတွင်း တံခါးကနေလှစ်ကနဲပြေးထွက်သွား၏။ ထို့နောက်သူမက ကျိလန်ကိုပြန်လှည့်ကြည့်ကာအော်ပြောခဲ့သည်။

''ရှန်ကုန်း ဒီညကျွန်မ ပိုက်ဆံထုပ်ပိုက်ပြီးအိမ်ပြန်လာခဲ့မယ်''

ကျိလန်၏ မျက်နှာသည်ချက်ချင်းမဲမှောင်သွား၏။ ဝူမြောင်မြောင်ထွက်သွားပြီးနောက် ကျိလန်၏မိုးကြိုးမုန်တိုင်းသည် ဘာမှမသိသလိုဟန်ဆောင်နေသည့်တရားခံလေးဦးဘက်သို့လှည့်လာလေ၏။

သကောင့်သားလေးယောက်မှာလည်း ကျိလန်၏ မိုးကြိုးစက်ကွင်းမှလွတ်မြောက် အသီးသီးရှောင်ပြေးကုန်ကြလေသည်။

''မိုးမီးလောင်တော့မယ်ကွ''

''နဂါးမျက်စောင်းအကြောင်းသုံးပါးမရွေးဘူးဟ''

''ကမ္ဘာမီးလောင် သားကောင်ချနင်းဖြစ်တော့မယ် လစ်မှ''

''မင်းတို့ပါးစပ်တွေပိတ်ကြတော့၊ ဘော့စ်က မင်းတို့စောင်းပြောနေတဲ့ စကားပုံတွေကိုမသိပဲမနေဘူး''

တုန်းရုန်းယွမ်က မျက်စပစ်၍အရိပ်အကဲပြလိုက်၏။
ထိုသူများသူ့နေရာသူအသီးသီးပြန်သွားပြီးနောက်မှာတော့ တုန်းရုန်းယွမ်လည်း စတူရီရိုတံခါးဝသို့စိတ်ပူပင်စွာလှမ်းကြည့်မိလေသည်။

တစ်လကို ယွမ် သုံးသိန်း ရအောင်ရှာမယ်ဆိုတော့ တစ်နှစ်စာဆို ယွမ် 3.6 သန်းပဲ။
ဟိုင်ရှီမြို့နေလူဦးရေရဲ့ ပျမ်းမျှလစာက တစ်လကို တစ်ထောင့်ရှစ်ဆယ့်ခြောက်ယွမ်ပဲရှိမယ်။ သူတို့ စတူဒီယိုက ဝန်ထမ်းလေးဦး လစာအများကြီးရနေတဲ့အကြောင်းအရင်းကတော့ ဘော့စ်ရဲ့စာအုပ်မူပိုက်ခွင့်တွေကောင်းကောင်းရောင်းနေရလို့ပါ၊ ဒါ့အပြင် ဘော့စ်က ဘောနပ်တွေလည်းရက်ရက်ရောရောပေးတတ်တယ်လေ။
ဒါပေမယ့် ဘော့စ်ရဲ့ဇနီးက ကောလိပ်လည်းမတတ်ပဲ၊ နောက်ခံအသိုင်းအဝိုင်းလည်းမကောင်းပဲ ထူးချွန်တဲ့အရည်အချင်းလည်းမရှိပဲနဲ့ဒီလောက်များတဲ့ပိုက်ဆံတွေဘယ်လိုရှာမှာလဲ။

နေပါဦး ဘော့စ်ရဲ့ဇနီး ကျွမ်းကျင်တာ...?

ဘော့စ်ရဲ့ဇနီးက စုန်းပညာကျွမ်းကျင်တယ်လေ။

သူ့ရဲ့ပိုက်ဆံရှာတဲ့နည်းလမ်းက စုန်းပညာကိုသုံးပြီးရှာမှာလား။
မဟုတ်လောက်ပါဘူး...ဒါပေမယ့် စုန်းပညာကိုသုံးမယ်ဆိုရင် သူပိုက်ဆံတွေအများကြီးရှာနိုင်မှာကျိန်းသေတယ်။

မဟုတ်ဘူး၊ ငါ့ကို သတိပေးရမယ်။
တုန်းရုန်းယွမ် သည် သူ့လက်ကိုင်ဖုန်းကို အမြန်ဖွင့်လိုက်ပြီး ဝူမြောင်မြောင် ၏ WeChat ကို ရှာလိုက်၏။
သူပြောရမယ့် စကားတွေကိုစဥ်းစားလိုက် ရေးလိုက်ဖျက်လိုက်လုပ်နေမိ၏။
စကားမှာ သူတို့ရဲ့သရုပ်မှန်တွေလည်းမပေါ်ရအောင်ရေးမှဖြစ်မည်။ ထို့နောက် နောက်ဆုံးတွင်သူမက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။

[သူဌေးကတော် ပိုက်ဆံကိုရိုးရိုးသားသားပဲရှာရမယ်နော်၊ လွဲမှားတဲ့နည်းလမ်းတွေသုံးပြီးရှာလို့မဖြစ်ပါဘူး]

မကြာမီ၊ ဝူမြောင်မြောင် ၏ WeChat ပြန်စာရောက်လာသည်-
[စိတ်မပူပါနဲ့၊ ကျွန်မက ပိုက်ဆံရှာတဲ့နေရာမှာဆရာမကြီးပါ 】

" ... "
တုန်းရုန်းယွမ် စကားလုံးများပျောက်ရှာသွားရ၏။

ငါဘယ်လိုလုပ်စိတ်ချနိုင်မှာလဲ။
ဒါမှဟုတ် သူမအကြောင်း အဖွဲ့အစည်းကို အစီရင်ခံစာတစ်ခုလောက်ပို့ထားသင့်လား? အား....!

ဝူ​မြောင်မြောင် သည် စတူဒီယိုမှထွက်လာပြီးနောက် သူမဘာလုပ်ရမည်ကို စိတ်မပူခဲ့ပေ။ အဲဒီအစား သူမဟာ မိန်ယောင်လမ်းမကြီးပေါ် မှာရှိတဲ့ အင်တာနက်နာမည်ကြီး ကိတ်မုန့်ဆိုင်ကိုသွားပြီး ကိတ်မုန့်ဝယ်ဖို့ တန်းစီလိုက်တာ တစ်နာရီလောက်ကြာသွား၏။ အဲဒီနောက် ကိတ်မုန့်ဆိုင်ထဲမှထွက်လာပြီး လမ်းတစ်ဖက်ကမက နို့လက်ဖက်ရည်ဆိုင်မှာ နို့လက်ဖက်ရည်တစ်ခွက်ဝယ်ခဲ့၏။ သူမ နို့လက်ဖက်ရည်သောက်ရင်း လမ်းမကြီးအတိုင်း တည့်တည့်လျှောက်လာခဲ့ရာ မြို့၏ကောင်းကင်သည်မှောင်စပျိုး နေဝင်၍ ညမိုးချုပ်လုပင်ရှိလာသည်။
ထိုအချိန်တွင် အဆောက်အဦးတစ်ခု၏ခေါင်မိုးပေါ်၌ သူမ တစ်ခုခုကိုတွေ့လိုက်ပြီး ထို အရှေ့တောင်ဘက်ယွန်းယွန်းသို့ တည့်တည့်ကြည့်နေလိုက်သည်။

ထိုနေရာတွင် ရွေ့လျားနေသော မီးခိုးရောင် တိမ်တိုက်တစ်ခုရှိသည်။
ထိုအရာကအမှောင် စွမ်းအင်ဧရိယာကြီးမားကာ အနံနှစ်မီတာနှင့် အမြင့် ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာခန့်ရှိသည်။ ၎င်းမီးခိုးရောင်တိမ်တိုက်သည် အမှောင် စွမ်းအင်ဖြင့် ပြည့်နေသည်။
အကယ်၍ ဝူမြောင်မြောင်မှာသာ ထူးခြားတဲ့အမြင်အာရုံရှိမနေပါက ၎င်းကိုသတိထားမ်လိမ့်မည်မဟုတ်ပေ။

"အပျက်သဘောဆောင်တဲ့ စွမ်းအင်က အရမ်းကြီးမားပေမယ့် ခါးသီးမှုနည်းတယ်၊ မင်းက ငါ့ရဲ့ ပထမဆုံးဖောက်ပဲ''

အခွင့်ကောင်းကိုစောင့်ပြီးသည်နှင့် ဝူမြောင်မြောင်သည် သူမ၏ဝိညာဥ်စွမ်းအားကိုသုံးကာ မီးခိုးရောင်တိမ်ဆီသို့ ချက်ချင်းချည်းကပ်ရန်လှုပ်ရှားလိုက်၏။


ဆယ်မိနစ်ခန့်အကြာတွင် ဝူမြောင်မြောင် ထိုမီးခိုးရောင်စွမ်းအင်များ၏အရင်းအ့မစ်ဆီသို့ရောက်လာခဲ့လေသည်။
၎င်းမှာ အဆင့်မြင့် ဆေးရုံတစ်ခုဖြစ်ပြီး၊ မီးခိုးရောင်စွမ်းအင်များသည် အဆင့်မြင့် ဆေးရုံရှိ အတွင်းလူနာဌာန၏ ခေါင်မိုးတည့်တည့်ပေါ်တွင် ရှိနေသည်။ ထိုအဆောက်အဦးထိပ်မှာ စိတ်ပျက်အားငယ်သည့်အသွင်နှင့်လူတစ်ယောက်ရှိနေ၏။ သူ့ကြည့်ရတာ အဆောက်အဦးပေါ်ကနေ ခုန်ချပြီး သတ်သေတော့မည့်ဟန်ပေါ်နေသည်။

ဝူမြောင်မြောင် ခေါင်းမော့ပြီး တစ်ချက်ကြည့်လိုက်တဲ့အခါ မီးခိုးရောင် စွမ်းအင်တွေ ပိုပိုပြီး ပြင်းထန်လာနေတာကို တွေ့လိုက်ရတာကြောင့် အလန့်တကြားရေရွတ်မိသည်။

''အိုး..မဖြစ်ဘူး''

သူမ စိုးရိမ်တကြီးဖြင့် အဆောက်အဦးထဲကို ပြေးဝင်သွားခဲ့သည်ါ

အဆောက်အဦး၏ထိပ်တွင် ဆေးရုံဝတ်စုံဝတ်ထားသည့် အမျိုးသမီးငယ်တစ်ဦးရှိနေသည်၊ သူမကခေါင်မိုး၏အစွန်းတွင် မလှုပ်မယှက်ရပ်နေ၏။ သူမရှေ့ကိုနည်းနည်းလောက်တိုးလိုက်တာနဲ့ခေါင်မိုးပေါ်ကပြုတ်ကျလိမ့်မည်။ ညနေခင်းလေနုအေးက သူမဆံနွယ်ရှည်များကြားတွင်လူးလွင့်တိုက်ခတ်လျှင် ထိုမိန်းကလေးကတော့ ဗလာကျင်းနေသောမျက်ဝန်းတွေနဲ့ ကောင်းကင်ကိုမော့ကြည့်လျှက်ရှိသည်။

''ဟန်မုန် အဲ့လိုမလုပ်ပါနဲ့ကွာ၊ မင်းရဲ့ အန်ကယ်နဲ့ အန်တီတို့ဆီပြန်သွားလိုက်ပါ''

ဝိညာဉ်ဖြစ်နေသောလူငယ်လေးသည် ထိုမိန်းကလေး၏ ရှေ့တွင် လွင့်ပျံလျက် ရှိုက်ကြီးတငင် အော်နေ၏။

''ဟန်မုန် မင်းဆင်းလာခဲ့ပါ။ မင်း သုံးလပဲနေရတော့မယ်လို့ ဆရာဝန်က ပြောရင်တောင် လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့။ မင်းသေရင် ဘာမှကျန်ခဲ့​မှာမဟုတ်ဘူး၊ ဟန်မုန် ငါပြောနေတာ မင်းကြားလား"

ကောင်းကင်ယံရှိ မှိတ်တုတ်မှိတ်တုတ်ကြယ်များကြားတွင် လေယာဉ်ပျံတစ်စင်း ပျံသန်းသွား၏။ ဟန်မုန်၏ ခံစားချက်ကင်းမဲ့နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်-
"ကြယ်တွေကို မြင်နိုင်တာ ဒါနောက်ဆုံးအကြိမ်ဖြစ်မယ် ထင်တယ်"

ထိုစကားကိုတိုးဖွဖွရွတ်ဆိုပြီးနောက် ဟန်မုန် သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

"မဟုတ်ဘူး မလုပ်ပါနဲ့!" တစ္ဆေကောင်လေးသည် စိုးရိမ်တကြီးအော်ရင်း ဟန်မုန် ရဲ့ ခန္ဓာကိုယ်ကို ဆွဲထားဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်ပေမယ့်၊ ဟန်မုန့ခန္ဓာကိုယ်ကိုဆွဲထားဖိူ့ ကြိုးစားပေမယ့် သူဘာမှမထိတွေ့ နိုင်ပေ။

"ခဏစောင့်မယ် ခဏစောင့်ကြည့်ဦးမယ်..ခဏနေရင် ကြယ်တွေကိုဒီထက်ပိုပြီးမြင်ရမယ်ထင်တယ်''

ထိုအခါမှ တစ္ဆေကောင်လေးလည်း အနည်းငယ် စိတ်သက်သာသွားရသည်။ ထိုခဏတာအချိန်အတွင်း ဟန်မုန်စိတ်ပြောင်းသွားပြီး သတ်မသေဖြစ်ဖို့သူဆုတောင်းမိသည်၊ ဒါမှမဟုတ် ထိုအချိန်အတွင်းမှာ ခေါင်မိုးပေါ်ကသူမကို တစ်​ယောက်ယောက်ရှာတွေ့သွားပြီး သက်မသေဖြစ်တော်အောင်တားပေးမည်ဆိုလျှင်လည်းကောင်းသည်။

ဒါပေမယ့် ဟန်မုန် သည် သူမ၏ခြေထောက်ဘေးရှိ ဖုန်းကို တစ်ချက်ယူလိုက်ပြီး သေတမ်းစာတစ်စောင် ရေးလိုက်သည်။

"အမေ အဖေ..ကျွန်မထွက်သွားတော့မယ်၊ ကိုယ့်ကိုယ်ကိုဂရုစိုက်ကြပါ'

"မဟုတ်ဘူး မလုပ်ပါနဲ့!" တစ္ဆေလေးက စိတ်ပျက်အားငယ်စွာ အော်လိုက်သည်။

ရုတ်တရက် စာရေးနေရင်း ဟန်မုန် ရပ်တန့်သွားသည်။

တစ္ဆေလေးလည်း အံ့သြကယ မျက်လုံးပြူးသွား၏။ ဟန်မုန် က သူ့အသံကို ကြားသွားတာလား။

''မလုပ်..မလုပ်နဲ့! မခုန်ချလိုက်နဲ့ဦး..ခဏ ခဏလေး..ငါအရမ်းမောနေလို့''

ဝူ​မြောင်မြောင်သည် အမောတကောပြေးလာရသည့်အတွက် ခန္ဓာကိုယ်တွင်ရှိသမျှအင်အားများကုန်ခမ်းကာ အမောစို့နေ၏။ မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်သေးပေ။

''ငါ ဟိုဘက်သုံးလမ်းကျော်ကနေပြေးပြီးလာရတာ၊ တော်တော်မောနေပြီ ခဏနပါရစေ''

ဟန်မုန် ခေါင်းလှည့်ကြည့်လိုက်တော့ အထက်တန်းကျောင်းသူလေးနဲ့တူတဲ့ မိန်းကလေးတစ်ယောက်လို့ မြင်လိုက်ရသည်။ ဒီကောင်မလေးက အရမ်းလှသည်။ ထူထဲ၍ ရှည်လျားသော ဆံပင်များကို အနက်ရောင် ကျစ်ဆံမြီး နှစ်ဖက်ဖြင့် ကျစ်ထားကာ ကောင်မလေး၏ မျက်နှာဖြူဖြူကလေးသည် အပြေးအလွှားလာခဲ့ရသော အရှိန်ကြောင့် ချွေးများစို့၍ နီမြန်းနေသည်။

ငယ်ရွယ်နုပျိုတဲ့အရွယ်၊ ရှည်လျားပြီး ကျန်းမာသန်စွမ်းတဲ့ဆံပင်ထူထူတွေ၊ ဒါတွေဟာ သူမမှာ တစ်ချိန်က ရှိခဲ့ဖူးသည်။

"ညီမငယ်၊ အဆောက်အဦးထိပ်က အန္တရာယ်များတယ်၊ မင်းပြန်ဆင်းသွားပါ နောက်ပြီး ဒီနားကိုထပ်မလာခဲ့နဲ့''

ဟန်မုန် က သူ့သေဆုံးမှုကို ဤ မိန်းကလေးနှင့်မပတ်သတ်စေချင်ပါ။ ထို့ကြောင့် ကောင်မလေးပြန်ဆင်းသွားပြီးမှခုန်ချဖို့စဥ်းစားလိုက်သည်။

"ဟင့်အင်း ညီမလေး မသွားပါနဲ့၊ မင်းထွက်သွားပြီးရင် သူအဆောက်အဦးပေါ်က ခုန်ချလိမ့်မယ်၊ သူ့ကိုခုန်မချအောင် တားပေးပါ''

တစ္ဆေကောင်လေးက ဝူမြောင်မြောင် Wu ၏မျက်နှာအနီးသို့ ပြေးလာပြီး အော်ပြောသည်။

သူသည် ယခုတစ္ဆေဖြစ်နေမှန်း သူသိသည်၊ သက်ရှိများက သူ့ကို မမြင်နိုင်သော်လည်း၊ ဟန်မုန်ခုန်မချအောင်တားဖို့အရေး အချိန်အတော်ကြာအောင် စောင့်ခဲ့ပြီးသည့်နောက်တွင် အထက်တန်းကျောင်းသူလေးနှင့်တူသော မိန်းကလေးက နောက်ဆုံးသောကြိုးစလေးအနေဖြင့်ပေါ်လာခဲ့သည်၊ ထို့ကြောင့်သူလုပ်မိလုပ်ရာအကူညီတောင်းလိုက်ခြင်းဖြစ်သည်။

"မအော်နဲ့ ကျွန်မသိပါတယ်၊ ကျွန်မကို ခဏလောက် အနားယူခွင့်ပေးပါလို့ ပြောထားတယ်မလား''

ဒီမြို့ရဲ့လမ်းတွေက ရှုပ်ထွေး လွန်းသည်။ လမ်းသုံးလမ်းအကျော်ဟူသောအကွာအဝေးမှာလည်း အတော်ဝေးလှသည် သူမအချိန်မှီရောက်ရန် ဗိုက်ပေါက်ထွက်မတတ်ပြေးလာခဲ့ရတာဖြစ်သည်။

သူမထိုသို့ပြောလိုက်သောအခါ တစ္ဆေကောင်လေးနှင့် ဟန်မုန်တို့ နှစ်ယောက်လုံး အံ့ဩသွားကြ၏။

ဟန်မုန်: ငါမအော်မိပါဘူး။

တစ္ဆေကောင်လေး - မင်းငါပြောတာကိုကြားရတာလား

"မင်းငါပြောတာကိုကြားရတယ်?!'' တစ္ဆေကောင်လေးက ရုတ်တရက် ထအော်လိုက်ပြန်သည်။

ဝူမြောင်မြောင်အနေနဲ့ အခုသူမဘာမှမပြောပဲဆက်နေနေရင် ဒီတစ္ဆေအော်နေတာနဲ့သူမနားစည်ကွဲထွက်တော့မည်ဆိုတာသိလိုက်သည်။ ထို့ကြောင့်ခါးထောက်ကာအားယူ၍မတ်တပ်ရပ်လိုက်ပြီး စကားစ၏။

''ဟို..မမ ရှင်ဒီခေါင်မိုးထပ်ကနေခုန်ချမလို့လုပ်နေတာလား?''

ဟန်မုန် ၏ အမူအရာ အနည်းငယ် ပျက်သွားသည်။ သူမ စကားပြန်ပြောမလို့ဟန်ပြင်ချိန်မှာပဲ ကောင်မလေးက လက်ကိုဝှေ့ယမ်းပြီး
"မငြင်းပါနဲ့၊ ရှင် အဆောက်အဦးပေါ်က ခုန်ချချင်နေတာ ကျွန်မသိတယ်''

ဟန်မုန် က နှုတ်ဆိတ်နေပြီး ဘာစကားမှမပြောနိုင်ပေ၊ ဒါ့အပြင် ဒီကောင်မလေးရှေ့မှာ သူမခုန်ချဖို့ တွန့်ဆုတ်နေမိသည်။
ယခု ခုန်လိုက်လျှင် ကောင်မလေးအပေါ် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးတစ်ခုဖြစ်သွားစေနိုင်သည်။
သို့သော် မခုန်ချပါက၊ ကောင်မလေးက သူမကို အဆောက်အဦးပေါ်မှ မခုန်ချဖို့တားဆီးနေမှာဖြစ်သည့်အတွက် နောက်တစ်ကြိမ် အခွင့်အရေးရှာရန် ခက်ခဲလိမ့်မည်။

"မမ နာမည်ဘယ်လိုခေါ်လဲ"

နောက်ဆုံးတွင်ဝူမြောင်မြောင်အသက်ဝဝရှုနိုင်ပြီဖြစ်သော်လည်း ဟန်မုန်ရုတ်တရက်ခုန်ချသွားမှာစိုး၍ အနားကိုမတိုးရဲပေ။

''သူနာမည်က ဟန်မုန် တဲ့''
တစ္ဆေကောင်လေးက ဟန်မုန် အစား ပြန်ပြောသည်။

"ဟန်မုန်" ဝူမြောင်မြောင် ခေါင်းညိတ်လိုက်သည်။

"ညီမ ငါ့နာမည် ဘယ်လိုသိတာလဲ"
ဟန်မုန် က ဝူမြောင်မြောင် ကို ထူးဆန်းစွာကြည့်သည်။

"မင်း ငါပြောတာကို တကယ်ကြားရတာလား?" ဝိဥာဉ်ကောင်လေးက ဝူမြောင်မြောင် ရှေ့တွင် စိတ်လှုပ်ရှားစွာလာရပ်ပြန်သည်။

''ဖယ်စမ်းပါ..ရှင်ကျွန်မရှေ့ကိုလာပိတ်မထားနဲ့''

ဝူမြောင်မြောင် သည် သူမ၏ မြင်ကွင်းကို ပိတ်ဆို့နေသော တစ္ဆေကောင်လေးအား ဘေးသို့တွန်းဖယ်လိုက်သည်။ တစ္ဆေကောင်လေးမှာ လေဖြင့်လွင့်နေသော စက္ကူလူသားကဲ့သို့ ရုတ်တရက် လွင့်ပျံသွားသည်။

"မင်း အခု ဘာလုပ်နေတာလဲ"
ဒီမိန်းကလေးက နည်းနည်းထူးဆန်းတယ်လို့ ဟန်မုန် ခံစားရသည်။ အခုလေးတင် လေထဲက တစ်ခုခုကို တွန်းထုတ်လိုက်သလိုပင်။

"ဟယ်လို၊ ကျွန်မနာမည်က ဝူမြောင်​မြောင် ၊ ကျွန်မ မှော်ဆရာတစ်ယောက်ပါ။"

ဝူမြောင်မြောင် က သူ့ကိုယ်သူ အပြုံးလေးနဲ့ မိတ်ဆက်လိုက်၏။

"မှော်ဆရာ?!"

"ဟုတ်သားပဲ၊ ခုနက လမ်းသုံးလမ်း​ကျော် လူကူးမြင်းကြားမှာ ကျွန်မဈေးဝယ်နေရင်းနဲ့ ဒီက မမက အဆောက်အဦးပေါ်က ခုန်ချဖို့လုပ်နေတာကို မြင်လိုက်တာနဲ့ မမနဲ့ စီးပွားရေးကိစ္စဆွေးနွေးဖို့ အမြန်ပြေးလာလိုက်တာ''

ဝူမြောင်မြောင် သည် သူရောက်လာရခြင်း၏ ဇာတ်လမ်းတစ်ခုလုံးကို အတိုချုံး ရှင်းပြသည်။

"လမ်းသုံးလမ်းကျော် လူကူးလမ်းလား? အဲ့နေရာကနေဒီကို ဘယ်လိုလုပ်ပြီး မြင်ရတာလဲ။"
ဆေးရုံတံခါးမှာတစ်ယောက်ယောက် ရပ်နေမယ်ဆိုရင်တောင် အဲ့ဒီလူကဆေးရုံခေါင်မိုးပေါ်က ဟန်မုန်ကိုမြင်ရမှာမဟုတ်ဘူး။

"ဘယ်လိုပြောရမလဲ၊ ကျွန်မမြင်ခဲ့တာက ရှင့်ကိုမဟုတ်ဘူး၊ ရှင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ အမှောင်စွမ်းအင်တွေကို''
ဝူမြောင်မြောင် က ရှင်းပြသည်။

"အမှောင်စွမ်းအင်?''

"ရေပန်းစားတဲ့စကားနဲ့ပြောရရင် အဲ့ဒါ နက်ဂတစ် အင်နာဂျီပေါ့။ မိမိကိုယ်ကို သတ်သေဖို့ ပြင်ဆင်နေတဲ့အခြေနေမှာဆိုရင် လူရဲ့ ခန္ဓာကိုယ်ထဲက စိတ်ပျက်အားငယ်မှုတွေဟာ အထွတ်အထိပ်ကို ရောက်သွားပြီး အမှောင်စွမ်းအင်ထုတည်ကလည်း ခုနစ်မီတာ ဒါမှမဟုတ် ရှစ်မီတာအထိ မြင့်တက်လာတတ်တယ်။"
ဝူမြောင်မြောင်ကဆက်ရှင်းပြ၏။
"ကျွန်မ အမှောင်စွမ်းအင်နောက်ကိုလိုက်လာခဲ့တာ''

သို့ရာတွင် လက်ရှိအခြေနေမှာလည်း ဟန်မုန် ၏အမှောင်စွမအင်များသည် မြင့်မားဆဲဖြစ်ပြီး နဲနဲမှမှေးမှိန်သွားခြင်းမရှိပေ။
ဟန်မုန် လို့ခေါ်တဲ့ ဒီအမျိုးသမီး ဟာ သေဖို့ ဆုံးဖြတ်ထားပုံရသည်။

ဟန်မုန်၏ မျက်နှာသည် မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။ သူမသည် သတ်သေဖို့ကြံရွယ်ထားသည့်တိုင် သူမ အသက်ရှင်နေစဥ် ဘာသာမဲ့ဝါဒီတစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့်သူမမြင်နေကြားနေရတာတွေကိုယုံကြည်နိုင်ဖို့ခဲယဥ်း၏။

"မင်းကမှော်ဆရာလား။ ဒါဆို မင်းငါ့ကိုကြားရမြင်ရတာ အံ့သြစရာမဟုတ်တော့ပါဘူး'' တစ္ဆေကောင်လေး က လေထဲတွင်လေးပင်စွာလွင့်မျောနေ၏။

"ဟန်မုန် က မင်းကို လွယ်လွယ်နဲ့ယုံမှာတော့မဟုတ်ဘူး၊ စကားနဲ့ပြောတာထက် မင်းရဲ့ အရည်အချင်းကို သက်သေပြဖို့လိုလိမ့်မယ်''

ဒါက ပုံမှန်ပဲဖြစ်သည်၊ သူမတို့သစ်တုံးရွာအနီးတစ်ဝိုက်ကလွဲပြီး လူတွေကမှော်ဆရာတွေ၊ စုန်းကဝေတွေကိုအယုံအကြည်မရှိကြပေ။ ထို့ကြောင့် လူတွေ သူမတို့ကိုယုံကြည်လာအောင်အားထုတ်ပြရမြဲဖြစ်သည်။

''ဒါဆို ခဏနေဦး''
ဝူမြောင်မြောင် သည် သူမ၏ ကျောပိုးအိတ်မှ အိပ်မက်လှလှ အရုပ်တစ်ရုပ်ကို ဆွဲထုတ်လိုက်ပြီး သူမဘေးရှိ တစ္ဆေကောင်လေးကို ကြည့်လိုက်၏။ ထို့နောက် သူမက တစ္ဆေကောင်လေးကို စိတ်အားထက်သန်စွာ လက်ညိုးထိုးပြ၍ စေခိုင်းလိုက်သည်။

''နင် ဒီအရုပ်ကိုဝင်ပူးရမယ်''

ရုတ်တရက် တစ္ဆေကောင်လေးသည် တစ်စုံတစ်ရာက သူ့ရဲ့နာမ်ခန္ဓာကိုယ်ကို စုပ်ယူသွားပြီး စုတ်ပြဲလိုက်သလို ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာတော့ အမြင်အာရုံတွေ ပြောင်းလဲသွားတာကို တွေ့ရ၏။ သူသည် အလွန်သေးငယ်သွားပုံရပြီး မှော်ဆရာ၏လက်ဖဝါးတွင် ရပ်နေသည်။

"ရှင်က ဒီမမရဲ့ သူငယ်ချင်းမဟုတ်လား၊ ဒီတော့ ရှင် ကိုယ်တိုင်သွားပြောပါ"
ထိုသို့ညွှန်ကြားပြီးနောက် ဝူမြောင်မြောင် သည် အရုပ်ကို မြေပြင်ပေါ်သို့ချပေး လိုက်သည်။

တစ္ဆေကောင်လေးသည် သူ၏ခြေထောက်အသစ်တွေကို မြေပြင်ပေါ့မှာလျောက်လှမ်းကြည့်သည်။ နှစ်ကြိမ်တိုင်လှမ်းဖို့ ကြိုးစားပြီးတဲ့နောက်မှာတော့ ခြေထောက်နှင့်မြေပြင်၏အထိတွေ့ကိုသူတစ်ဖန်ပြန်ခံစားလိုက်ရသည်။ တစ္ဆေကောင်လေး ဝမ်းသာသွားသည်။ သူချက်ချင်း လှည့်ပြီး ဟန်မုန် ဆီကို ပြေးသွားသည်။

"ဟန်မုန် ငါပါ ချီရွေ့ ပါ ။ ငါ လွန်ခဲ့တဲ့ ခုနစ်ရက်က ဆုံးသွားတဲ့ မင်းရဲ့အထူးကုသဆောင်က အခန်းဖော်လေ မှတ်မိလား၊ ဟန်မုန်မကြောက်ပါနဲ့ ငါတို့ရဲ့ ဝေသနာတွေကို နောက်ဆုံးမိနစ်အထိ အစွမ်းကုန်တိုက်ထုတ်မယ်လို့ ကတိပြုခဲ့ကြတယ်လေ''

ဟင်.. ငါ အသံထွက်နိုင်နေတယ်။

ဟန်မုန်သည် ပါးစပ်လှုပ်စိလှုပ်စိဖြင့်စကားတွေအော်ပြောရင်း သူ့ဆီပြေးလာနေသော လက်ဖဝါးအရွယ်အရုပ်လေးကိုကြည့်ကာ သရဲတစ္ဆေမြင်သကဲ့သို့ကြောက်လန့်နေ၏။
ထိုအရုပ်က သူ့ကိုယ်သူ ချီရွေ့ဖြစ်ကြောင်းလည်းရှင်းပြနေသည်။
အကယ်၍ သူမမှာသာ ကိုယ့်ကိုယ်ကိုသတ်ပေဖို့ပြင်းထန်တဲ့ဆုံးဖြတ်ချက်ရှိမနေဘူးဆိုရင် ဒီမြင်ကွင်းကိုမြင်ရတာနဲ့တင် သတိလစ်သွားလောက်ပြီးမှာအမှန်ပင်။

"ဟန်မုန် မင်းကဘာလို့ဒီလောက်မိုက်မဲတာလဲ။ မင်းအသက်ရှင်ဖို့ သုံးလကျန်သေးတယ်လို့ ဆရာဝန်က မပြောဘူးလား။ မင်းဘာလို့ဒီလောက်တောင်ခေါင်းမာနေရတာလဲ။ ဦးလေးတို့ အဒေါ်တို့တွေသာ မင်းခေါင်မိုး ပေါ်ကနေ ခုန်ချသွားတယ်ကြားရင် ဘယ်လောက် ရင်ကွဲလိုက်မလဲ။ မင်းကသူတို့ကိုဒုက္ခမပေးရက်လို့ထားခဲ့ပေမယ့် သူတို့ကရောတစ်သက်လုံးပျော်နိုင်ပါ့မလား။

အရုပ်ထဲဝင်ပူးနေတဲ့ ချီရွှေ့ ဟာ ဟန်မုန် ရပ်နေတဲ့ လက်ရန်းဘောင် ပေါ်ကိုသူ့လက်တွေနဲ့တွယ် တက်ဖို့ ကြိုးစားပေမယ့် ထိုနေရာကို တက်ဖို့အတွက်သူ့အရုပ်လက်တွေ တိုလွန်းနေသည်။ ထို့ကြောင့် ခြေထောက်တွေကိုအားပြုပြီးခုန်တက်လိုက်၏။

''မင်းတကယ်ကို မင်းမိဘတွေကိုဝန်မလေးစေချင်ဘူးဆိုရင် သုံးလပဲနေရနေရသူတို့နဲ့အတူပျော်ပျော်ဖြတ်သန်းလိုက်ပါ၊ မင်းအခုသေသွားရင်ဘာမှကျန်ခဲ့တော့မှာမဟုတ်ဘူးလေ''

"နင်က တကယ် ချီရွေ့ လား?"

အရုပ်ကလေးဖြစ်နေပေမယ့် ထိုအသံက ချီရွေ့၏အသံမှန်းသူမအတပ်သိ၏။

"ဟုတ်တယ် ငါ ပါ။"
အရုပ်လေးချီရွေ့ကစိုးရိမ်တကြီးပြောသည်။

"ငါ မိဘတွေအိမ်မှာခုနစ်ရက်နေပြီးတော့ မင်းကိုနှုတ်ဆက်ဖို့အတွက် ဆေးရုံကို ပြန်လာခဲ့တာ။ မင်းကိုယ်မင်း သတ်သေဖို့လုပ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ မင်းဘာလို့ ဒီလောက်မိုက်မဲရတာလဲ။

"အစ်ကို ချီရွေ့၊ ကျွန်မရဲ့ရောဂါကဘယ်လိုမှကုသလို့မရတော့ဘူးတဲ့၊ ကျွန်မနေချင်ရင်တောင် နောက်သုံးလဆက်နေရင်တောင်ဆေးကုသစရိတ်တွေအများကြီးကုန်လိမ့်မယ်''

ထိုအရုပ်က ချီရွေ့ဖြစ်ကြောင်းအတည်ပြုပြီးတဲ့နောက်မှာ ဟန်မုန်တစ်ယောက် ချုန်းပွဲချငိုလေသည်။

''ဒီမှာကြည့်ပါလား ကျွန်မဆံပင်တွေအရင်ထက်ပိုပါးလာပြီ''

"ဓာတုကုထုံးကြောင့် ဒီလိုဖြစ်လာတာနေ လိမ့်မယ်..."

"ဒါပေမယ့် ကျွန်မရောဂါကို မကုသနိုင်ဘူးလေ''
ဟန်မုန်ကရှိုက်ကြီးတငင်ငို၏။

''အဲ့ဒီ ဓာတုကုထုံးကသာ ကျွန်မတို့ရောဂါကိုကုသနိုင်ရင် အစ်ကိုလည်းဒီလိုသေရမှာမဟုတ်ဘူးမလား''

သူမမျက်စိရှေ့တင် အစ်ကိုချီရွေ့၏နောက်ဆုံးထွက်သက်ကို ဟန်မုန်မြင်ခဲ့ရပြီးပြီ။

"ကျွန်မ သေရမှာမကြောက်တော့ဘူး၊ ဒါပေမယ့် နာကျင်မှာကြောက်တယ်၊ ကျွန်မ မိဘတွေ ဝမ်းနည်းမှာကြောက်တယ်၊ အစ်ကို့လိုမျိုး ကျွန်မရဲ့နောက်ဆုံးထွက်သက်မှာပိုက်တွေတန်းလန်းနဲ့အိပ်ရာပေါ်မှာဝေသနာခံစားနေရတာမျိုးမဖြစ်ချင်ဘူး''

သူမကဆက်လက်၍ စိတ်ပျက်အားငယ်စွာငိုကျွေး၏။

''အခုမှ ကျွန်မ အသက်၂၈နှစ်ပဲရှိသေးတယ်၊ တကယ်တော့ တကယ်တော့ကျွန်မအသက်၃၀ကျရင် မိဘတွေနဲ့ကမ္ဘာပတ်ခရီးထွက်ဖို့အတွက်ပိုက်ဆံတွေစုခဲ့တယ်၊ သေလောက်အောင်ပိုက်ဆံတွေရှာခဲ့တယ်၊ ကျွန်မအပေါင်းအသင်းတွေထဲမှာဆိုရင် ကျွန်မကဝင်ငွေအမြင့်ဆုံးအလုပ်အကိုင်ရှိတဲ့သူတစ်ယောက်အဖြစ်မော်ကြွားနိုင်ခဲ့တယ်။ အခုတော့..ဒီဝေသနာဆိုးကြီးကြောင့်ကျွန်မရှာထားသမျှကုန်သွားခဲ့ပြီ၊ ဒါတောင်မှ ဒီရောဂါကကုသလို့မရတော့ဘူးတဲ့ ကျွန်မဘာဆက်လုပ်ရမှာလဲ? နောက်ဆုံးကျွန်မတတ်နိုင်တာက ကျွန်မမြန်မြန်သေသွားပြီး ကျွန်မအတွက်ကုန်မယ့်ပိုက်ဆံတွေကို မိဘတွေအတွက်ထားခဲ့ပေးဖို့ပဲရှိတော့တာ၊ ကျွန်မမိဘတွေ ဒီတလျောက်လုံးပင်ပန်းဆင်းရဲခဲ့သမျှအတွက် ကျွန်မကျေးဇူးဆပ်နိုင်တဲ့နောက်ဆုံးနည်းလမ်းက ဒါပဲရှိတော့တယ်''

"ဒါပေမယ့် မင်းရဲ့အဖေနဲ့အမေ လိုအပ်တာကမင်းပဲလေ၊ မင်း သူတို့အတွက် အဖိုးအတန်ဆုံးပဲ၊ မင်း သူတို့နဲ့ နောက်ထပ် တစ်ရက် အတူတူနေနိုင်ရင်တောင်သူတို့သိပ်ပျော်ကြမှာ''

"ဒါပေမယ့် သူတို့လာတွေ့တိုင်း သူတို့မျက်လုံးတွေ ရောင်ရမ်းပြီးဖောင်းမို့နေတယ်၊ ဘယ်နည်းနဲ့ဖြစ်ဖြစ် အချိန်တန်ရင်နာကျင်ရမှာပဲမို့ စောစောစီးစီးခံစားလိုက်ရတာပိုမကောင်းဘူးလား''

ဟန်မုန်ကဆက်ပြော၏။

''ကျွန်မ ဆက်ပြီးအသက်မရှင်ချင်တော့ဘူး၊ အစ်ကိုချီရွှေ့''

"အဟမ်း..စကားမစပ် ကျွန်မတို့ အခု စီးပွားရေးကိစ္စအကြောင်း တွေးနွေးလို့ရပြီလား''
ဤအချိန်သည် သူမစကားပြောရန် အလှည့်ကျပြီးဟု ဝူမြောင်မြောင် ခံစားမိသည်။

ထိုအခါကျမှ ထိုအမျိုးသမီးနှင့် အရုပ်​တို့ငည် ဝူမြောင်မြောင် ကို သတိရသွား၏။

"ဘာစီးပွားရေးလဲ?"
ဟန်မုန် သည် ခုဏက ဒကောင်မလေး ပေါ်လာကတည်းက သူမနဲ့ စီးပွားရေးလုပ်မည်ဟု ပြောခဲ့သောစကားကိုပြန်စဥ်းစားမိသွား၏။

"အခုမှ ရှင်တို့ပြောနေတာ ကျွန်မကြားပြီးသလောက်တော့''
ဝူမြောင်မြောင်က အကျဥ်းချုပ်သုံးသပ်ပြ၏။

"ရှင့်နာမည်က ဟန်မုန် ၊ အသက် 28 နှစ်ရှိပြီ၊ ရှင့်မှာ ပြင်းထန်တဲ့ရောဂါရှိလို့ မကြာခင်သေတော့မှာ၊ ရှင့်အသက်ရှင်ချိန်က သုံးလပဲရှိတော့တယ်။ ဒါကြောင့် ဝေသနာတွေအားလုံးအဆုံးသတ်သွားဖို့ ကိုယ့်ကိုယ်ကိုသတ်သေချင်နေတယ်၊ တစ်ချိန်တည်းမှာပဲ
သက်ကြီးရွယ်အိုမိဘတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ ရှင် စုဆောင်းထားတဲ့ ငွေတွေကို ချန်ထားခဲ့ချင်တယ်။ ဒါပေမယ့် ရှင့်ဘဝရဲ့နောက်ဆုံးလက်ကျန်အချိန်သုံးလအတွင်းမှာ ရှင့်ရဲ့ခန္ဓာကိုယ်ကို ပုံမှန်လူကောင်းတစ်ယောက်လိုမျိုးနေထိုင် လှုပ်ရှားနိုင်အောင်ကျွန်မလုပ်ပေးမယ်ဆိုရင် ရှင်ကျွန်မနဲ့စီးပွားရေးအရလက်တွဲဖို့သဘောတူမှာလား''

"မင်းဘာပြောလိုက်တာလဲ?" ဟန်မုန် သည် လက်ရန်းဘောင်ပေါ်မှ စိတ်လှုပ်ရှားစွာဖြင့် ဆင်းလာသည်။

ဟန်မုန် နောက်ဆုံးတွင် အန္တရာယ်ရှိသော လှေကားထစ်အစွန်းမှ ဆင်းလာသည်ကို မြင်လိုက်ရသောအခါ အရုပ် ချီရွှေ့လည်း သက်ပြင်းရှည်ကြီးချလိုက်ပြီး သူ၏ ရင်ဘတ်ကို လက်သေးသေးလေးဖြင့် ဖိထားသည်။

''ဒါပေမယ့် အပြန်အလှန်အနေနဲ့ ကျွန်မတောင်းဆိုတာကိုရှင်ပေးရမယ်''

ဝူမြောင်မြောင်က စီးပွားရေး၏အဓိကရည်ရွယ်ချက်ကိုတန်းပြောလိုက်သည်။

''ဘယ်လောက်ပေးရမလဲ? ဘာတွေပေးရမလဲ?''

''အခကြေးငွေအနေနဲ့ကတော့ ရှင့်ပိုင်ဆိုင်မှုရဲ့ ၁၀ ရာခိုင်နှုန်းကိုပေးရမယ်၊ ကျန်တဲ့ကိစ္စတွေကတော့ သူ့အချိန်ကျလို့လိုအပ်လာရင်ကျွန်မထပ်တောင်းမယ်၊ ဒါပေမယ့်စိတ်မပူပါနဲ့ မလိုအပ်ပဲအလကားသပ်သပ်တောင်းတာမျိုးမလုပ်ပါဘူး၊ ဘယ်လိုလဲ ရှင်ကျွန်မနဲ့အပေးအယူလုပ်ချင်လား?''

ဝူမြောင်မြောင်က တည့်တည့်မေးလိုက်၏။

သူမပိုက်ဆိုင်မှုရဲ့ ၁၀ ရာခိုင်နှုန်းပေးရမယ်တဲ့၊ လက်ရှိဆေးကုသစရိတ်တွေတောင် အဲ့ဒီ၁၀ ရာခိုင်နှုန်းမကတော့ဘူး၊ ဒါဆိုဘာလို့မစမ်းကြည့်ပဲနေရမှာလဲ?

''ကောင်းပြီ၊ ငါလုပ်မယ်''
ဟန်မုန်ကတုန့်ဆိုင်းခြင်းမရှိပဲသဘောတူလိုက်သည်။

''ဒါပေမယ့် ကျွန်မတစ်ခုထပ်သတိပေးမယ်နော်၊ ရှင့်ရဲ့ပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းဆိုတာက ရှင့်ဘဝရဲ့ကျန်နေတဲ့သက်တမ်းသုံးလစာမှာကောင်းကောင်းမွန်မွန်နေနိုင်ဖို့ပဲလုပ်ပေးမှာ၊ ရှင့်ရောဂါကိုပျောက်အောက်ကုပေးမယ်လို့ပြောတာမဟုတ်ဘူး၊ အချိန်တန်လို့ရောဂါကျွမ်းလာရင် ရှင်သေရမှာပဲ၊ သဘောတူရဲ့လား''

ဝူမြောင်မြောင်က ထပ်မံသတိပေးလိုက်၏။

''ငါနားလည်ပါတယ်၊ ဒီအပေးအယူကိုလုပ်မယ်''

ဟန်မုန်ကလည်းအခိုင်အမာသဘောတူ၏။

"ကောင်းပြီ ဒါဆို တစ်ခုပဲလုပ်ဖို့ကျန်တော့တယ် အဟမ်း ကတိကဝတ်စာချုပ်လုပ်ဖို့ အဆင်သင့်ပဲလား"
ဝူမြောင်မြောင် သည် သူမ၏ ကျောပိုးအိတ်မှ အနီရောင် သစ်ကြံပိုးခေါက်မှင်ဗူးကို ထုတ်ကာ ဖွင့်၍ လက်ညှိုးဖြင့် နှစ်ပြီး မြေပြင်ပေါ်တွင်တစုံတစ်ရာကိုရေးဆွဲ လိုက်သည်။

ခဏအကြာတွင် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သောအင်းကွက် ပုံစံတစ်ခု မြေပြင်ပေါ်တွင် ပေါ်လာသည်။ ၎င်းပုံစံသည် အလွန်ရှုပ်ထွေးဆန်းကြယ်ပြီး အင်းကွက်၏ ဘယ်ဘက်ထောင့်နှင့်ညာဘက်ထောင့် တွင် မျက်လုံးပုံစံနှစ်ခုဆီအထင်အရှားရှိနေသည်။

"ကောင်းပြီ ရှင့်ရဲ့သွေးတစ်စက်ပေးပါ"
ဝူမြောင်မြောင် က ဟန်မုန် ကို ပြောသည် ။

ဟန်မုန် သည် တုံ့ဆိုင်းမနေဘဲ သူ့လက်ကို တိုက်ရိုက်ဆန့်ထုတ်လိုက်၏ သွယ်လျလျဖြူဝင်းသော သူမ၏လက်ကောက်ဝတ်ရှိအပြာရောင်သွေးပြန်ကြောတို့တွင် အပ်ပေါက်ရာများဖြင့် ပြည့်နေသည်။

ဝူမြောင်မြောင် သည် သစ်ကြံပိုးခေါက်မှင်ဘူးကို အဖုံးပိတ်ပြီးနောက် သူမကျောပိုးအိတ်ထဲသို့ ပြန်ထည့်လိုက်ကာ အတွင်းမှ သွယ်လျသော ငွေရောင် အပ်တစ်ချောင်းကို ထုတ်၍ ဟန်မုန်၏ ဖြူဖျော့ဖျော့ လက်ညိုးပေါ်တွင် အပ်ဖြင့်ဆက်ကနဲဖောက်လိုက်သည်။

သွေးတစ်စက်သည် လက်ချောင်းထိပ်မှထွက်လာကာ အင်းကွက်ပေါ်သို့ ကျဆင်းသွားသည်။

ဝူမြောင်မြောင် က ဟန်မုန်၏လက်ကို လွှတ်လိုက်ပြီးနောက် သူမလက်ဖဝါးတွင် မှော်စွမ်းအားတွေ စိမ့်ဝင်သွားအောင် ဖန်တီးကာ အင်းကွက်၏ အလယ်ဗဟိုကို လက်ဖဝါးနဲ့ရိုက်ချလိုက်သည်။

''စုန်းကဝေအဖွဲ့အစည်းရဲ့ အမည်နာမနဲ့ စစ်မှန်သောဝိညာဥ်ကိုဆင့်ခေါ်ပါတယ်''

အနီရောင် သစ်ကြံပိုးခေါက်မှင်လိုင်းကြောင်းတို့မှ ရုတ်တရက်ဆိုသလို ကဿ်သွေးနီရောင် အလင်းတန်းများ ပေါ်ထွက်လာပြီး အတွင်းရှိမှင်လမ်းကြောင်းများ၌ အလိုလျောက်ရွေ့လျားမှုများဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပဲ ဆေးရုံနဲ့ဝေးတဲ့ မြို့စွန်က စွန့်ပစ်ထားတဲ့ မိဘမဲ့ဂေဟာတစ်ခုမှာ ရှုဝေ နဲ့ သူ့ရဲ့ ရုပ်လွန်ပညာဂိုဏ်းက လုပ်ဖော်ကိုင်ဖက်တွေဟာ သရဲတစ္ဆေတွေကို လိုက်လံနှိမ်နင်းနေကြ၏။

ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်ရှိသော ရန်လိုနေသည့် သရဲတစ္ဆေကောင်လေးသည် ရုပ်လွန်ပညာရှင် သုံးဦးကြား၌ ပိတ်မိသွား၏။ သူ့မျက်လုံးတွေက စူးရှကာ အန္တရာယ်အငွေ့အသက်များတော်လောင်နေသည်။

"တစ္ဆေလေး၊ မင်းအရှုံးပေးလိုက်ပါတော့''
ရှုဝေ က သူ့လက်ထဲမှာကိုင်ထားတဲ့ မက်မွန်သစ်သားဓားဖြင့် တစ္ဆေလေးကိုချိန်ရွယ်ထားသည်။
''မင်းဆက်ပြီးရုန်းကန်နေရင်ငါတို့မင်းကိုမညှာတော့ဘူးနော်၊ အဆိုးမဆိုနဲ့''

''ထွက်သွားကြစမ်း! အယုတ်တမာ တစ္ဆေဖမ်းသမားတွေ!''

တစ္ဆေလေး က ပြင်းပြင်းထန်ထန် အော်လိုက်သည်။

''ဂိုဏ်းတူအစ်ကိုရှု ကျွန်တော်တို့ဒီတစ္ဆေနောက်လိုက်ဖမ်းနေတာ နေ့တစ်ဝက်ရှိပြီ။
ဒီတစ္ဆေကအငြိုးတေးတော်တော်ကြီးတယ်၊ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုကြည့်ပါလား အသတ်ခံရလို့သေပြီးတစ္ဆေဖြစ်လာတာနေလိမ့်မယ်၊ ကျွန်တော်တို့တစ်ခါတည်းသူ့ကိုအစွဲချွတ်လိုက်မယ်ဆိုရင်ရော?''

ရုပ်လွန်ပညာဂိုဏ်း၏ဝတ်စုံကိုဝတ်ဆင်ထားသော အဖွဲ့သားကဆိုသည်။

ရှုဝေ က မျက်မှောင်ကြုတ်ကာစဥ်းစားပြီး နောက်ဆုံးတော့သဘောတူလိုက်သည်။
"ကောင်းပြီ၊ ငါတို့အတူတူလုပ်တာပေါ့''

သူတို့ သုံးယောက်သည် ဝိညာဉ်စွမ်းအားကို တပြိုင်နက်တည်း အသုံးပြုကာ အလယ်ရှိ တစ္ဆေငယ်လေးဆီသို့ တည်ငြိမ်စွာစွမ်းအားများပို့လွှတ်ကြသည်။ တစ္ဆေငယ်လေးက သူ့တို့ကိုစူးရှစွာ စိုက်ကြည့်နေသည်။ သူတို့တွေ သေတဲ့အထိ တိုက်ပွဲဝင်တော့မယ့်အချိန်မှာ ထူးဆန်းတဲ့ စွမ်းအင်တွေ ရုတ်တရက် ထွက်ပေါ်လာပြီး သူတို့ရှေ့က တစ္ဆေတစ်ကောင်လုံး ထိုနေရာမှရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။

"ဘာဖြစ်တာလဲ?"

"တစ္ဆေကောင်လေး ဘယ်မှာလဲ"

ပစ်မှတ်လွတ်သွားသည်ကိုသိလိုက်သော လူသုံးယောက်သည် တစ်ယောက်ကိုတစ်ယောက်သံသယဖြင့် ကြည့်နေကြသည်။

တစ်ဖက်တွင် ၎င်းတစ္ဆေကောင်လေးကို စုန်းစွမ်းအားများစွာက မှောင်မိုက်သောနေရာသို့ သယ်ဆောင်သွားခဲ့သည်။ တစ္ဆေငယ်လေး ထိတ်လန့်နေသောအချိန်၌ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

"သေခါနီးလူရဲ့ စိတ်ပျက်အားငယ်မှုနဲ့ မင်းရဲ့စွမ်းအားကို သုံးလစာလောက် လဲလှယ်ချင်တယ်၊ လဲလှယ်ဖို့ ဆန္ဒရှိလား။"

"ရှိပါတယ်" သူသာထိုလဲလှယ်မှကိုမလုပ်ရင် ဒီအသံပိုင်ရှင်က သူ့ကို သေချာပေါက်အရင်နေရာ ပြန်ပို့မယ်ဆိုတာ တစ္ဆေလေးကသိသည်။ ပြန်ဖို့ခံရရင် သူ့ဝိညာဥ်ကိုဖမ်းချုပ်ထားတဲ့အင်းကွက်တွေအစွမ်းကြောင့် ဒီညသေရမှာသေချာသည်။ သေရမယ့်အတူတူမထူးဘူးဟုတွေးကာ အလဲလှယ်ကိုလက်ခံလိုက်ခြင်းဖြစ်သည်။

"ကောင်းပြီ၊ စာချုပ်ချုပ်ပြီးပြီ။ စုန်းကဝေအဖွဲ့အစည်းရဲ နာမည်နဲ့ ရှင်တို့နှစ်ဦးနှစ်ဖက်စလုံး အတွက် သဘောတူညီမှု စာချုပ်တစ်ခု ချုပ်ဆိုပြီးသွားပြီ''

ထိုစကားသံဆုံးသည်နှင့် တစ္ဆေငယ်လေးသည် သူ့ခန္ဓာကိုယ်ထဲက စွမ်းအားတွေ ချင်ချင်းကုန်ဆုံးသွသလို ခံစားလိုက်ရသည်။ သူ အနည်းငယ် ထိတ်လန့်သွားသော်လည်း အသံပိုင်ရှင်က ဤစွမ်းအားချေးငှားမှုသည် ယာယီမျှသာဖြစ်ပြီး အန္တရာယ်မဖြစ်နိုင်ဟု သူ့အား ပြောပြသည်။

ဆေးရုံခေါင်မိုးထပ်၌။

''ပြီးသွားပြီ''
ဝူမြောင်မြောင် က လက်ခုပ်တီးလိုက်၏။ ထို့နောက် "စာချုပ်ပြီးပါပြီ၊ ငွေပေးချေပါ'' ဟု ဟန်မုန်ကိုတောင်း၏။

လက်ရှိတွင် ဟန်မုန်သည် ဝေသနာကြောင့်ချိနဲ့နေသော်လည်း ရုတ်တရက် ထူးဆန်းသော စွမ်းအားတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် သူမသည် ပို၍ သန်မာလာသည်ကို ခံစားလိုက်ရသည်။
သည့်နောက်တွင် ရေရှည် ဓာတုကုထုံးကြောင့် ဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများကို ဖြည်းဖြည်းချင်း ပျောက်ကင်းသွားပြီး ခန္ဓာကိုယ်၏ နာကျင်မှုကိုလည်း သက်သာလာသည်။

"ငါ...ငါ..."
သူမဖြည်းဖြည်းချင်း ဤရောဂါမဖြစ်ခင်ကအခြေအနေအတိုင်းပြန်လည်းကောင်းမွန်လာလေသည်။

ထိုအချိန်တွင်၊ ဝူမြောင်မြောင် ၏ ဆဲလ်ဖုန်း ရုတ်တရက် မြည်လာ၏။ ၎င်းကို ဖွင့်လိုက်ရာ ကျိလန် သည် သူမအား WeChat သံမက်ဆေ့ချ် ပေးပို့ထားသည်ကို တွေ့ရသည်။

ရှန်ကုန်းက ငါ့ကိုရှာနေတာလား။ ဝူမြောင်မြောင် ၏ မျက်လုံးများ တောက်ပလာပြီး မက်ဆေ့ချ်ကို နားထောင်ရန် ချက်ချင်းဖွင့်လိုက်သည်။

"ရှစ်နာရီထိုးနေပြီ ဘာလို့အိမ်ပြန်မလာသေးတာလဲ''

ကျိလန် ၏ အသံမှာ ဒေါသများ ပြည့်နှက်နေသည်။

ကျိလန်၏ဒေါသသံကြောင့် ဝူမြောင်မြောင်လည်း ချက်ချင်း ထိတ်လန့်သွား၏။ ရှစ်နာရီရှိပြီ၊ ဘယ်လိုဖြစ်လို့ ရှစ်နာရီတောင်ထိုးသွားတာလဲ?

''ဖောက်သည် မြန်မြန်ငွေပေးချေလို့မရဘူးလား၊ ကျွန်မကိုအိမ်ကလှမ်းခေါ်နေပြီး အိမ်မြန်မြန်ပြန်မှရမယ်''

ဟန်မုန် သည် ထိုအချိန်တွင် သူမကိုယ်သူမ မယုံကြည်နိုင်အောင်ဖြစ်နေခဲ့၏။ ကံကောင်းထောက်မစွာပင် သူမသည် ငွေပေးငွေယူကို သဘောတူလိုက်ကတည်းက သူမ၏ ပိုင်ဆိုင်မှုတန်ဖိုးကို ခန့်မှန်းတွက်ချက်ထားပြီး ဖြစ်သည်-

"ကျွန်မ ဆေးကုသဖို့ ပိုက်ဆံတော်တော်များများ သုံးခဲ့ရတယ်၊ အခု ကျွန်မမှာ စုဆောင်းထားတဲ့ငွေ ယွမ်100,000 ကျော်ရှိတယ်၊ ဒါပေမယ့် ကျွန်မမှာ ကိုယ်ပိုင်ဝယ်ထားတဲ့အိမ်တစ်လုံးရှိသေးတယ် အရွယ်အစားကတော့သိပ် မကြီးပါဘူး၊ အိမ်က ယွမ်သုံးသန်းလောက်တန်တယ်။ မင်းအတွက် ငွေပေးချေဖို့ဆိုရင် ကျွန်မအိမ်ရောင်းမှရမယ်။"

"ဟုတ်​တယ်​ ဒါဆို ကျွန်​​မကို အခုလောလောဆယ် ယွမ် တစ်​သိန်းအရင်​​ပေးထားလို့ရပါတယ် ကျန်​တာ​တွေရှင်လုပ်စရာရှိတာလုပ်ပြီးမှလွှဲပေးလိုက်ပါ''
ဝူမြောင်မြောင် က သူ့လက်ကိုင်ဖုန်းကို ပေးပြီး နှစ်ယောက်က WeChat နံပါတ်အသီးသီးလဲလိုက်ကြသည်။

ဟန်မုန် သည် မတွန့်ဆုတ်ဘဲ WeChat မှတဆင့် ဝူမြောင်မြောင်ထံသို့ ယွမ်100,000 ကို ချက်ချင်း လွှဲပြောင်းပေးခဲ့သည်။

"ဒါဆို ရှင်မနက်ဖြန် ဆေးရုံက ဆင်းဖို့ခွင့်ပြုချက်ယူလိုက်ပါ၊ လာမယ့် ၄၈ နာရီအတွင်း ရှင့်ရဲ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာလိမ့်မယ်၊ ရှင်ဆေးရုံမှာ နေရမယ်ဆိုရင် ဆရာဝန်တွေက ရှင့်အခြေနေကို သံသယဖြစ်လာစရာ ရှိတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ စာချုပ်ကိစ္စကို လျှို့ဝှက်ထားရမယ်။"

မှာသင့်တာမှာပြီးနောက် ဝူမြောင်မြောင် သည် အိမ်သို့ အလျင်အမြန် ပြေးသွားခဲ့၏။ သူမနောက်ကိုလုံးဝ ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးလာခဲ့သည်။ သူမပြေးနေစဉ်မှာပဲ ကျိလန်ဆက်တိုက်ပို့နေသော မက်ဆေ့ချ်သံများကို ကြားနေရ၏။

"ရှန်ကုန်း ကျွန်မပြန်လာနေပြီ၊ လမ်းရောက်နေပြီ"

"ကျွန်တော်လည်း သွားတော့မယ်"
သဘောတူစာချုပ်ကိစ္စ ပြီးကတည်းက နှုတ်ဆိတ်နေခဲ့တဲ့ ချီရွှေ့အရုပ်ကလေးက ရုတ်တရက် ပြောလိုက်၏။

"အစ်ကို ချီရွှေ့?"
ဟန်မုန် အနည်းငယ် ဝမ်းနည်းသွားသည်။

"အချိန်​နီး​နေပြီ​ အစ်ကို အ​မေ့ကိုပြန်​ကြည့်​ရဦးမယ်​"
အငြိုးအတေးကင်းသော ဝိညာဥ်တစ်ခုသည် လူ့လောကတွင် သေဆုံးပြီးခုနှစ်ရက်သာနေခွင့်ရှိသည်။ ခုနှစ်ရက်ပြည့်ပြီးသန်းခေါင်ယံအချိန်တွင်ထွက်သွားရမည်ဖြစ်သည်။

"အင်း၊ နောက်သုံးလမှပြန်တွေ့ကြမယ်''
ဟန်မုန် ပြုံးလိုက်သည်။

နောက်သုံးလအကြာတွင် သူတို့နှစ်ဦးတမလွန်မှာပြန်တွေ့ရလိမ့်မည်။

အရုပ်လေးချီရွှေ့သည် ဟန်မုန်၏နှာခေါင်းကို သူ၏လက်သေးသေးလေးဖြင့် ထိလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ဝမ်းနည်းနေဟန်မရှိပဲ
"ငါ့ညီမ နောက်သုံးလပတ်လုံး ပျော်ရွှင်ပါစေ" ဟု ကောင်းချီးပေးခဲ့သည်။

"ဟုတ်ကဲ့ပါ''
ဟန်မုန်ကလည်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

...

အခန်း ၂၄ ။ ထူးခြားတဲ့စရိုက်လက္ခဏာနဲ့တစ္ဆေလေး

ဝူမြောင်မြောင် အိမ်ပြန်ရောက်သည့်အခါ၌ ကိုးနာရီပင်ထိုးခါနီးနေပြီ ဖြစ်၏။

ကျိလန် သည် ဧည့်ခန်းထဲတွင် ထိုင်လျက် ရီမုတ်ကို ကိုင်ကာ TV ချာနယ်များကို ဦးတည်ရာမရှိပဲ တစ်ခုပြီးတစ်ခုပြောင်းနေ၏။

ဝူမြောင်မြောင် တံခါးကိုဖွင့်ပြီး ဝင်လာတာ သိပေမယ့် သူကတော့ ဘာမှမမြင်ချင်ဟန်ဆောင်နေ၏။

သူ ဒေါသထွက်နေမှန်း သိသာလှပေသည်။

"ရှန်ကုန်း ကျွန်မ ပြန်လာပြီ။" သူမဖိနပ်ကို လဲစီးပြီးနောက် ကျိလန်၏ရာသီဥတုအခြေနေကိုမသိပဲ၊ သူမသည် ယနေ့ ရှာလာတဲ့ငွေတွေကို ပြသလို၍ စိတ်လှုပ်ရှားစွာ ပြေးသွားလိုက်သည်။

"ထင်ထားတာထက် နည်းနည်းပိုကြာသွားပေမယ့် ကျွန်မ ပိုက်ဆံရှာနိုင်ခဲ့ပြီ"

"တကယ်လား တော်လိုက်တာ၊ မင်းပိုက်ဆံတွေက တော်တော်များမှာပဲ''

ကျိလန်က ရယ်မောလိုက်သည်။

*အထက်တန်းကျောင်းပဲပြီးသေးတဲ့ ကျောင်းသူလေး ဝူမြောင်မြောင်က ဘယ်လိုအလုပ်မျိုးရှာနိုင်မှာတဲ့လဲ။ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ပြီး ပန်းကန်ဆေးရင်တောင် တစ်လကို ယွမ် ၃၅၀၀ပဲရတာ။*

"ကျွန်မ အခု စပေါ်ငွေပဲယူလာသေးတယ်၊ နောက်နှစ်ရက်ကြာရင် လက်ကျန်ငွေပေးချေဖို့ ဖောက်သည်က အိမ်ကို ရောင်းပေးမယ်လို့ ပြောတယ်။ ဒါရှန်ကုန်းနဲ့တွေ့ပြီးနောက် ကျွန်မပထမဆုံးရတဲ့လုပ်အားခ ပိုက်ဆံပဲ၊ ကျွန်မပိုက်ဆံတွေအားလုံးကို ရှန်ကုန်းကိုပေးမယ်နော်''

သူမအိမ်ပြန်လာသည့်လမ်းတစ်လျှောက်လုံး တွေးလာခဲ့သည်ကတော့ ဒီပိုက်ဆံတွေက ရှန်ကုန်းကိုပံ့ပိုးပေးဖို့အတွက် ရှာထားတာဖြစ်တာကြောင့် အားလုံးရှန်ကုန်းကိုပေးလိုက်တာမှန်တယ် ဟူ၍ပင်။

ထို့နောက် ဝူမြောင်မြောင် သည် မိုဘိုင်းလ်ဖုန်းကို ယူကာ ကျိလန် ၏ WeChat အကောင့်သို့ သူမ ရှာထားသည့် ယွမ်ငွေ 100,000 ကို လွှဲပြောင်းပေးခဲ့သည်။

"အခုလောလောဆယ်တော့ ယွမ် 100,000 ပဲရသေးပေမယ့် နောက် ရက်အနည်းငယ်အတွင်းမှာ ယွမ် 200,000 ကျော် ထပ်ရမှာပါ'' ဝူမြောင်မြောင်က ဂုဏ်ယူစွာဖြင့် သက်ပြင်းချရင်း ပြောလာလေသည်။

"ပင်လယ်ဈေးမြို့က လူတွေက တကယ်ချမ်းသာကြတယ်။ ပထမက ကျွန်မ တစ်လကို ယွမ် ၃၀၀၀၀၀ လောက်ပဲရှာဖို့ စဉ်းစားထားပေမယ့် မမျှော်လင့်ပဲ တစ်ရက်တည်းနဲ့ အကုန်ရှာနိုင်လိုက်တယ်''

ကျိလန်သည် မိုဘိုင်းလ်ဖုန်းအချက်ပေးသံကိုကြားပြီး ဝူမြောင်မြောင်က သူမ၏ ပထမဆုံးလုပ်အားခငွေကို သူ့ထံလွှဲ ပေးခဲ့ကြောင်း သိလိုက်သည်။ အစက သူသွားကြည့်ဖို့ အစီအစဉ်မရှိပေမယ့် ယွမ် 100,000 ကျော်ရှိတယ်ဆိုတဲ့စကားကို မယုံသင်္ကါဖြစ်မိတာကြောင့် သူ့ရဲ့ ဆဲလ်ဖုန်းကို ယူလိုက်ကာကြည့်လိုက်၏။ သူ WeChat အကောင့်ကို နှိပ်လိုက်တာနဲ့ ယွမ် 100,000 လက်ခံရရှိထားသည့် မှတ်တမ်းကို တွေ့လိုက်ရသည်။

ကျိလန်မှာ ပါးရိုက်ခံရသလိုခံစားလိုက်ရသည်။

ဒါဟာ အခြေခံလစာ ယွမ် 3,500တည်း မဟုတ်ပဲ တကယ်ကြီး ယွမ် 100,000 ဖြစ်နေသည်။ ဒါ့အပြင် ဒီငွေပမာဏဟာ စရံပဲရှိသေးတာဖြစ်ပြီး လက်ကျန် ယွမ် 200,000 ကျော်ကျန်နေသေးသည်ဟုဆို၏။

နေပါဦး ခုနက ဝူမြောင်မြောင်ဘာပြောလိုက်တယ်?၊

"ကျန်တဲ့လက်ကျန်ငွေပေးချေဖို့အတွက် တစ်ဖက်လူက သူ့အိမ်ကို ရောင်းပြီး ပေးမယ်လို့ မင်းကိုပြောခဲ့တာလား။

"ဟုတ်တယ်။" ဝူမြောင်မြောင် ခေါင်းညိတ်လိုက်သည်။

"အိမ်ရောင်းရလောက်အောင်အထိ မင်းဘာလုပ်ခဲ့တာလဲ"

ဒီမိန်းကလေးဟာ ငွေအများကြီးရှာနိုင်တယ်ဆိုတာကို သက်သေပြဖို့အတွက် ရာဇ၀တ်မှုတစ်ခုခုကျူးလွန်ခဲ့တာတော့ မဟုတ်လောက်ဘူးမလား?

ကျိလန်က အိပ်မက်ဆိုးအရှင်ဖြစ်နေတာနဲ့တင် ရဲတွေရဲ့အာရုံစိုက်မှုကိုအလုံအလောက်ရပြီးနေပြီ၊ ထပ်ပြီးဝူမြောင်မြောင်ကပါ ဘာပြသနာရှာလာပြန်ပြီလဲ။

"ကျွန်မက သူနဲ့ စီးပွားရေးလုပ်ခဲ့တာပါ။" ဝူမြောင်မြောင်က ပြန်ဖြေသည်။

"ဘယ်လိုလုပ်ငန်းမျိုးလဲ?"

ဝူမြောင်မြောင်က ဤနေရာကိုရောက်လာတာ ရက်အနည်းငယ်သာ ရှိသေးပေမယ့် စီးပွားရေးလုပ်နိုင်တယ်ဆိုတာ ထူးဆန်းနေသည်။

"ဝူ မိသားစုရဲ့ ရိုးရာအမွေ စီးပွားရေး။"

ဝူမြောင်မြောင်အတွက် ကျိလန်သည် သူမ၏ အနာဂတ် အိမ်ထောင်ဖက် ဖြစ်သည်။ အသက်နှစ်ဆယ်ပြည့်ရင် သူနဲ့လက်ထပ်ပြီး အိမ်ကိုခေါ်သွားရမည်။ ဒါ့အပြင် ကျိလန်ဟာ သူမနှင့် ကျန်ရှိနေသောဘဝသက်တမ်းတစ်လျှောက်လုံး အတူတူဖြတ်သန်းရမည့် တစ်ဦးတည်းသောအမျိုးသားဖြစ်သည်။ ထို့ကြောင့် ကျိလန်ကို သူမတို့စုန်းမျိုးနွယ်၏ လျှို့ဝှက်ချက်တွေအမှန်အတိုင်းပြောပြထားသင့်သည်ဟု သူမထင်သည်။

"ကျွန်မက နာမကျန်းဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ပြန်လည်ကျန်းမာလာဖို့အတွက် စုန်းမျိုးနွယ်ရဲ့ လျှို့ဝှက်နည်းပညာကို အသုံးပြုခဲ့တာပါ''

ထို့နောက် ဝူမြောင်မြောင် သည် ကျိလန်အား သူမ၏ ဤပထမဆုံးစီးပွားရေးနှင့်ပတ်သတ်သောအတွေ့အကြုံကို အကျဉ်းချုံး ပြောပြ၏။

ကျိလန်သည် သူမ စကားကို ပိုနားထောင်လေလေ၊ သူ ပိုထိတ်လန့်လာလေလေဖြစ် သည်။ ဝူမြောင်မြောင်တွင် နာမကျန်းမှုတွေကို ကုသရန် လျှို့ဝှက်နည်းလမ်းအချို့ရှိကြောင်း သူသိသည်။ သူကိုယ်တိုင်လည်း ၂ခါတောင်သုံးကြည့်ပြီးပြီ။

ဝူမြောင်မြောင်၏ မှော်စွမ်းအင်ဖြင့်ကုသခြင်းကြောင့် ထို၂ခါလုံး သူလည်း အဆင်ပြေခဲ့သည်။ သို့သော် နာမကျန်းမှုကြောင့် သေခါနီးဆဲဆဲလူကိုတောင် ဝူမြောင်မြောင်က ကုသနိုင်သည်တဲ့လား။

အိပ်မက်ဆိုးအရှင်ဖြစ်နေရခြင်း၏အကျိုးဆက်ကြောင့် ကျိလန်သည်လည်း ရုပ်လွန်ပညာအဖွဲ့အစည်းအကြောင်း တော်တော်လေး သိခဲ့ရသည်။

ဥပမာအားဖြင့် ရုပ်လွန်ပညာအဖွဲ့အစည်းရှိ အစွမ်းများသည် ယင်နှင့်ယန် ဝိညာဉ်စွမ်းအင်တွက်ချက်ခြင်း၊ မကောင်းဆိုးဝါးနှင့် သရဲတစ္ဆေများကိုနှိမ်နင်းနည်းများ၊ ဒါ့အပြင် အင်းကွက်ရေးဆွဲခြင်းအတတ်ပညာတွေလည်း ပါဝင်သည်။ အင်းကွက်များတွင် ကာကွယ်ရေးအင်းကွက်၊ ကျန်းမာရေးကောင်းမွန်ရန်အင်းကွက် စသဖြင့်လျှို့ဝှက်ဆန်းကြယ်သောနည်းပညာများ ပါဝင်၏။

ဒါပေမယ့် ဒီစွမ်းရည်တွေက များသောအားဖြင့် အကန့်အသတ်ရှိသည်။

ဥပမာအားဖြင့် ကာကွယ်ရေးအင်းကွက်၏ အခန်းကဏ္ဍတွင် ဘေးအန္တရာယ်ကို ကြိုတင်သတိပေးခြင်း၊ သို့မဟုတ် အန္တရာယ်ဖြစ်ပေါ်သည့်အခါ ထိခိုက်ဒဏ်ရာရမှု လျှော့ချခြင်း၊ထို့အပြင် မဖြစ်ပေါ်သေးသည့် အန္တရာယ်များကို အဓိကအားဖြင့် ကာကွယ်ရန်ပေးခြင်းဖြစ်သည်။

ကျန်းမာခြင်းအင်းကွက်၏ လုပ်ဆောင်ချက်က ပိုရိုးရှင်းပါသည်။ အများစုမှာ သာမာန်လူများကို ပိုမို ထက်မြက်ပြီး သန်မာစေရန် ၎င်းအင်းကွက်များကို အသုံးပြုကြပြီး အအေးမိခြင်းနှင့် နာမကျန်းဖြစ်ခြင်းများကို အကောင်းဆုံး ရှောင်ရှားနိုင်ကြသည်။

ဒီအကျိုးကျေးဇူးတွေကတော့ သာမာန်လူတွေ ကျန်းမာရေးလိုက်စားပြီး လေ့ကျင့်ခန်းလုပ်ရင်း ကိုယ့်ကိုယ်ကို ဂရုစိုက်ရုံနဲ့တောင် ရရှိနိုင်ပါသည်။

ထိုကဲ့သို့ ရုပ်လွန်ပညာများဝိညာဉ်စွမ်းအားများကသာ လူတိုင်း၏ရောဂါဝေသနာများကိုကုသနိုင်မည်ဆိုလျှင် လောကတွင် ဆေးရုံဆေးခန်း ဆရာဝန်တွေရှိနေကြလိမ့်မည်မဟုတ်ပေ။ အားလုံးက သူတို့နာမကျန်းမှုများပျောက်ကင်းဖို့ရာ ဘုရားတွေနတ်တွေကိုသာ ပူဇော်ပသ ဆုတောင်းပြီး ဘုန်းတော်ကြီးတွေ နတ်ဆရာတွေကိုသာ ဆေးကုသခိုင်း နေကြပေလိမ့်မည်။

သို့ရာတွင် ဤသုံးလသာ အသက်ရှင်ရန်ကျန်တော့သည့်သေခါနီးလူနာအား ထိုသုံးလအတွင်း လူကောင်းအတိုင်း ကျန်းမာအောင်ကုသပေးလိုက်ခြင်းဆိုသည်မှာ ကံကြမ္မာ၏အလိုဆန္ဒကို တိုက်ရိုက်ဆန့်ကျင်လိုက်တာပင် မဟုတ်ပေဘူးလား။

''မင်းအတွက် စုန်းကဝေပညါက အဲ့လောက်တောင်လွယ်သလား''

*အရင်နှစ်ခေါက်တုန်းကလည်း ဝူမြောင်မြောင် ကျိလန်၏အိပ်မက်ဆိုးစွမ်းအားတွေကိုကုသပေးပြီးတဲ့အခါ မောပန်းနွမ်းလျနေတာကို သူပြန်တွေးမိသည်။ အခုသေခါနီးလူနာကိုကူသပေးခဲ့ရတာဆိုတော့ ဘယ်လောက်တောင်အားအင်တွေကုန်လာခဲ့လိမ့်မလဲ။ ဒါက သူမခန္ဓာကိုယ်ကို တော်တော်လေးထိခိုက်စေလိမ့်မယ်ထင်တယ်။*

''မင်းရော ဘယ်လိုနေသေးလဲ? ခန္ဓာကိုယ်က ပင်ပန်း နေသလား?''

ကျိလန်သည် ဝူမြောင်မြောင် ၏ နဖူးကို စူးစမ်းရန် အလိုလိုလက်လှမ်းလိုက်မိသည်။

"မပင်ပန်းပါဘူး ရှန်ကုန်းရဲ့"

ဝူမြောင်မြောင် သည် ပျားသကာရည်စားထားသကဲ့သို့ ပျော်ရွှင်ချိုသာနေသည်။

*အိုး ရှန်ကုန်းက ငါအရမ်းပင်ပန်းနေမှာကို စိုးရိမ်နေရှာတယ်။ ငါ့ရဲ့ အဖိုးတန်ယောကျ်ားလေး။*

ကျိလန်သည် သည် ဝူမြောင်မြောင် ၏နဖူးကိုစမ်းသပ်ကာ ဝူမြောင်မြောင် ၏မျက်နှာကို အချိန်အတော်ကြာ ဂရုတစိုက်စစ်ဆေးကြည့်ပြီးသည့်နောက် ထိုမိန်းကလေးသည် သူထင်ထားသလို ပင်ပန်းနွမ်းနယ်ဖျော့တော့မနေပဲ၊ သူမ၏မျက်လုံးများက တောက်ပနေကာ အရမ်းပျော်နေပုံရသည်။

ကျိလန်လည်း ကိုယ့်အပြုအမူကိုကိုယ် သတိထားမိပြီးမှ ချက်ချင်းလက်ပြန်ရုတ်ကာ အေးတိအေးစက်ပြန်ထိုင်နေလိုက်သည်။

*သူမတကယ်ပဲအဆင်ပြေနေတာဟုတ်ရဲ့လား? သူမရဲ့စွမ်းအားက တကယ်ပဲကံကြမ္မာရဲ့အလိုကိုဆန့်ကျင်နိုင်တာလား။*

''မင်းတို့ ဝူမျိုးရိုးရဲ့စုန်းအတတ်က အရမ်းအားကောင်းတယ်ထင်တယ်၊ သေလုမျောပါးလူကို ကုသပေးပြီးတာတောင် စွမ်းအားကုန်တာမျိုး မောပန်းတာမျိုးမရှိဘူးပဲ''

ကျိလန်က တိုက်ရိုက်မေးလိုက်၏။

''အင်း နည်းနည်းတော့ အားကုန်တာရှိတယ်။ ဒါပေမယ့် ဒီလူနာကိုကျွန်မက ကုသပေးတာမဟုတ်ပါဘူး၊ ကြားခံနယ်ပဲ လုပ်ပေးထားတာ''

ဝူမြောင်မြောင်ကပြန်ပြောသည်။

"ကြားခံနယ်လုပ်ပေးတယ်?''

"ဟုတ်တယ်။"

ဝူမြောင်မြောင်က ခဏလောက်စဉ်းစားပြီး အော်ရီယို ဘီစကွတ်တစ်ဗူးကိုထုတ်ကာ ကော်ဖီစားပွဲပေါ်၌ ဘီစကွတ်မုန့်သုံးခုကိုတင်လိုက်၏။

"အလယ်ကမုန့်က ကျွန်မပဲဆိုပါတော့၊ ဘယ်ဘက်ခြမ်းက လူနာဖြစ်ပြီး ၊ ညာဘက်မှာက စွမ်းအားကြီးမားတဲ့သဘာဝလွန် အရာတစ်ခုပေါ့'

"သဘာဝလွန်ဟုတ်လား? သရဲတစ္ဆေတို့၊မကောင်းဆိုးဝါးတို့ကိုပြောတာလား''

ကျိလန်က စဉ်းစားနေပြီး ဆက်ပြောလိုက်သည်။

"ဒါမှမဟုတ် ငါလား?"

ဝူမြောင်မြောင်သည် ပထမ၌ 'သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးများ'ဟူသောစကားကိုတော့ တုံ့ပြန်ခြင်းမပြုဘဲ နောက်ဆုံး ကျိလန်၏ "ငါလား" ဟူသော အသံကိုကြားလိုက်ရသဖြင့် သူမ အံ့အားသင့်သွား၏။ ခဏလောက်စဉ်းစားပြီးမှ

''တကယ်ပဲ ကျွန်မရဲ့ ရှောင်ကုန်းက ကိုယ့်ကိုယ့်ကို သဘာဝလွန်စွမ်းအားရှိနေတဲ့သူလို့ ယူဆထားတာထင်တယ်''

"တကယ်တော့ အတိအကျပြောရရင် သာမန်လူတွေ မပိုင်ဆိုင်တဲ့ စွမ်းရည်အားလုံးကို သဘာဝလွန် အရာတွေလို့ သတ်မှတ်ကြပေမယ့် သဘာဝလွန် အရာတွေက အမျိုးအစား နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ယေဘုယျအားဖြင့် သာမန်လူတစ်ယောက်ပိုင်ဆိုင်နိုင်တဲ့ သဘာလွန်စွမ်းအားရယ်၊ နောက်တစ်မျိုးကတော့ သက်ရှိတွေမဟုတ်ပဲ ပုံမှန်ထက်စွမ်းအားပြင်းထန်ပြီး သဘာဝလွန်ဖြစ်နေတဲ့ အရာတွေပါပဲ''

ဝူမြောင်မြောင် က အသေးစိတ်ရှင်းပြသည်။

"တကယ်တော့၊ အဲ့ဒါကိုခွဲခြားဖို့ မခဲယဉ်းဘူး သာမန် သဘာဝလွန်ဖြစ်ရပ်တွေမှာဆိုရင် ရုပ်လွန်ပညာတို့၊ သေဆုံးပြီးနောက်ပိုင်းဝိညာဉ်ဖြစ်သွားတာတို့ ဒာမျိုးကိစ္စတွေပါဝင်တယ်၊ ဒါပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝလွန်စွမ်းအားကြီးဖြစ်ရပ်တွေမှာဆိုရင် အငြိုးအတေးကြီးတဲ့ တစ္ဆေ၊သရဲ၊ မကောင်းဆိုးဝါးတွေပေါ့၊ သူတို့က စွမ်းအားသိပ်ကြီးတဲ့အတွက် သက်ရှိတွေ၊လူသားတွေအပေါ်မှာ အထူးလွန်ကဲတဲ့ သဘာလွန်စွမ်းအားတွေအဖြစ်နဲ့သက်ရောက်မှုရှိနိုင်တယ်၊ အဲ့ဒီ အထူးသဘာဝလွန်စွမ်းအားတွေကပဲ သဘာဝတရားရဲ့အလိုကိုဆန့်ကျင်ပြီး စောစောကလိုမျိုး သေလုမျောပါးရောဂါသည်ကို ကျန်းမာလာအောင်လုပ်ပေးလို့ရနိုင်တယ်''

"မင်းဆိုလိုတာက ဟန်မုန် ဆိုတဲ့ လူနာကို ကုသဖို့ အထူးသဘာဝလွန်အရာရဲ့ စွမ်းအားကို အသုံးပြုခဲ့တာလား။"

ကျိလန် နားလည်သလိုလိုရှိလာသည်။

"ဟုတ်တယ်။"

ဝူမြောင်မြောင်က ဆက်ပြောသည်။

''ကျွန်မက စုန်းကဝေတစ်ယောက်လေ၊ ဒါကြောင့်မို့ ကျွန်မရဲ့လုပ်နိုင်စွမ်းတွေက သာမန်ရုပ်လွန်ပညာရှင်တွေထက်တော့ တော်တော်လေးကွာခြားတယ်။ ကျွန်မအကောင်းဆုံးလုပ်နိုင်တဲ့အရာတွေက အိပ်မက်လှလှအရုပ်လေးတွေလုပ်တာရယ်၊ စုန်းကဝေမျိုးနွယ်နာမည်နဲ့ လူတွေကိုကောင်းချီးပေးတာရယ်ပဲ၊ ညနေကလုပ်ခဲ့သလို သေခါနီးလူနာကိုကုသပေးတာမျိုးကျ ကျွန်မလက်နဲ့ကိုယ်တိုင်လုပ်ပေးလို့မရဘူး။ ဒါပေမယ့် စုန်းကဝေမျိုးနွယ်တွေမှာ လျှို့ဝှက်နည်းလမ်းတွေရှိတယ်လေ၊ အဲ့ဒီနည်းလမ်းတွေနဲ့ ကျွန်မက အထူးသဘာဝလွန်အရာတွေနဲ့ ညှိနှိုင်းနိုင်တယ်၊ ဒါကြောင့်မို့ အဲ့လိုကိစ္စတွေမှာဆိုရင် ကျွန်မကကြားထဲကညှိုနှိုင်းပေးတဲ့သူသက်သက်ပဲ၊ လက်ခံမယ့်လူအတွက် သင့်တော်တဲ့အထူးသဘာဝလွန်အရာကိုရှာပေးတယ်၊ သူတို့ကြားမှာညှိနိုင်းပေးပြီး နှစ်ဦးနှစ်ဖက်သဘောတူရင် စွမ်းအားကိုရွေ့ပြောင်းပေးတယ်၊ သူတို့နှစ်ဖက်ကြားမှာ သတ်မှတ်ထားတဲ့အပေးအယူကာလအတွင်း စည်းဖောက်မှုတစ်ခုခုရှိမလာအောင်လို့လည်း ပါဝင်ညှိုနှိုင်းပေးရတယ်''

ထိုအရာများကို နားထောင်ပြီးနောက် ကျိလန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ဟန်မုန် ဆိုတဲ့ လူနာကို ကုသဖို့အတွက် သူ့ရဲ့ကိုယ်ပိုင် စွမ်းအားကို အသုံးမပြုခဲ့ပဲ ရောဂါကို ကုသဖို့ မကောင်းဆိုးနဲ့အပေးအယူလုပ်ပြီး ကံတရားရဲ့စည်းမျဉ်းတွေကို ဆန့်ကျင်ခဲ့တယ်တဲ့လား။

"ဒါဆို ဒီသဘာဝလွန်အရာတွေကို မင်းယုံလို့ရရဲ့လား မင်းကိုရော သူတို့က ဘာလို့ယုံရတာလဲ"

လူတွေအားလုံးမဆိုထားနဲ့ သ၊ ေခါနီး လူတစ်ယောက်ဟာ သူ့အကျိုးအတွက် ဘာမဆိုအရင်းအနှီးလုပ်ဝံ့သည်။ ဒါပေမယ့် တစ်ဖက်က မကောင်းဆိုးဝါး၊ သရဲတစ္ဆေများကဲ့သို့ သဘာဝလွန်အရာတွေကတော့ မတူဘူးပေါ့။

''မယုံရင်လည်း မယုံလို့ရတာပဲ၊ ကျွန်မက သူတို့ကို အပေးအယူစီးပွားရေးလုပ်ဖို့ကမ်းလှမ်းတာလေ၊ အတင်းဖိအားပေးပြိးခိုင်းနေတာမှမဟုတ်တာ''

ဝူမြောင်မြောင်က လက်များဆန့်ရင်း သာမန်သမာရိုးကျကိစ္စတစ်ခုလို ပြန်ဖြေလာလေသည်။

ဟမ်? ဒီလိုမျိုးလား? ဒီကိစ္စတွေက အဲ့လောက်ရိုးရှင်းတယ်ပေါ့?

ကျိလန်က တစ်ခုခုမှားနေတယ်လို့ခံစားမိပေမယ့် ဘာမှားလဲဆိုတာ မပြောနိုင်ပေ။

"သဘာဝလွန်အရာအများစုဟာ တစ္ဆေတွေ၊ နတ်ဆိုးတွေလို အန္တရာယ်ရှိတဲ့ အရာတွေလို့ မင်းပြောတယ်မဟုတ်လား။ ဒီလိုအရာတွေနဲ့ အပေးအယူလုပ်ရတာ မင်းအတွက် အန္တရာယ်မရှိဘူးလား။ ''

ကျိလန် စိတ်ပူသွားသည်။

''ရှန်ကုန်း ရှင်ဒီလိုပဲဆက်တိုက်စစ်ဆေးမေးမြန်းနေမယ်ဆိုရင် ကျွန်မစိတ်တိုမိတော့မယ်၊ အခုထိ ရှင်ကျွန်မကို မယုံသေးဘူးလား''

ဝူမြောင်မြောင်က ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။

ကျိလန်အနည်းငယ် အံသြသွားသည်။

ဝူမြောင်မြောင် သည် သူ့ရှေ့တွင် ဒေါသကို ပထမဆုံးအကြိမ် ပြသလိုက်ခြင်းဖြစ်သည်။

*သူပြောတာ မှားသွားသလား ၊ သူမကို ဂရုစိုက်လို့ပြောတယ်ဆိုတာ သိသာပါတယ်။ ဒီမိန်းကလေးဟာ သူ့ရဲ့ကျွမ်းကျင်မှုကိုသူဂုဏ်ယူဝံ့ကြွားနေတဲ့အတွက် သူများက သူ့အလုပ်အပေါ်သံသယဝင်တာမျိုးကို မလိုချင်တာလား။*

ကျိလန်က မိမိသဘောထားကို ဘယ်လိုရှင်းပြရမလဲ စဉ်းစားနေချိန်မှာပဲ ဝူမြောင်မြောင် ရဲ့ ဝမ်းနည်းနေတဲ့ အသံကို ကြားလိုက်ရ၏။

"သဘာဝလွန်အရာတွေတိုင်းက အန္တရာယ်ရှိပြီး ဆိုးယုတ်တာမဟုတ်ပါဘူး၊ ရှန်ကုန်းကလည်း သဘာဝလွန်စွမ်းအားတစ်ခုပဲလေ ပြီးတော့ ကျွန်မက ရှန်ကုန်းကို အရမ်းချစ်တယ်လေ၊ ဒါမှမဟုတ် ရှန်ကုန်းက ကျွန်မအချစ်ကိုအခုထိမယုံကြည်သေးတာလား''

ကျိလန် ဘာပြောလို့ပြောရမှန်းမသိဖြစ်သွား၏။ အစက သူစကားတစ်ခုခုအမှားပြောမိလို့လားဟု ထင်ခဲ့ပေမယ့် ၊ နောက်ဆုံးမှာတော့ သူ ရုတ်တရက် အီစီကလီလုပ်တာကိုခံလိုက်ရသည်။

ကျိလန်သည် တစ်မိနစ်နီးပါးလောက် ဘာမှမပြောနိုင်အောင် ဆွံ့အနေပေမယ့် ထိုအချိန်အတွင်း၌ သူ့မျက်နှာအမူအရာသည် အမျိုးမျိုးပြောင်းလဲသွား၏။ အံ့အားသင့်ခြင်းမှ အနေရခက်ခြင်းသို့ဖြစ်လိုက် ထိုမှတစ်ဆင့် နောက်ဆုံးတွင် သူ့မျက်နှာဖြူဖျော့ဖျော့၌ ရှက်သွေးဖြာကာ ပန်းရောင်သန်းသွားတော့၏။

"ငါဆိုလိုတာက အဲ့ဒီတစ္ဆေတွေ မကောင်းဆိုးဝါးတွေဆိုတာ အန္တရာယ်များတယ်လေ မတော်လို့ သူတို့ရဲ့ဒေါသကို နှိုးဆွမိသွားရင် ဘယ်လိုလုပ်မလဲ။"

ကျိလန်သည် သူ၏ နေရခက် မှုကို ဖုံးကွယ်ရန်အတွက် သဘာဝလွန်အရာများကို ကိုယ်စားပြုသည့်မေးခွန်းတစ်ခုမေးကာ၊ စားပွဲပေါ်ရှိ ဘီစကစ်ကို ယူပြီး ခပ်မြန်မြန် ပါးစပ်ထဲကို သွင်းလိုက်သည်။

*အော်..ချစ်ဖို့ကောင်းလိုက်တဲ့ ငါ့ရှန်ကုန်းလေ၊ ငါ့ကိုစိတ်ပူပြီး သူ့မျက်ခုံးတွေတွန့်ချိုးထားတာကိုကြည့်ပါဦး။*

"အာ အဲ့လိုကိစ္စတွေလုံးဝရှိလာမှာမဟုတ်ဘူး"

ဝူမြောင်မြောင်က ထပ်ရှင်းပြသည်။

''ကျွန်မအရင်ကပြောဖူးတယ်မဟုတ်လား ကျွန်မတို့စုန်းကဝေတွေရဲ့ စိတ်စွမ်းအားက အရမ်းပြင်းထန်တယ်၊ အဲ့ဒီ သဘာဝလွန်အရာက ကျွန်မအပေါ် အငြိုးအတေးရှိနေရင် မကောင်းတဲ့ အကြံအစည်တွေရှိနေရင်အလိုလိုသိတဲ့အတွက် ကျွန်မ သူ့ကို ရွေးမှာမဟုတ်ဘူး။ ဒါက သဘောတူညီချက်တစ်ခုလုပ်တာပါပဲ။ ဒီနည်းစနစ်မှာဆိုရင် ကျွန်မ ဆင့်ခေါ်တာခံရတဲ့ သဘာဝလွန်အရာတွေက များသောအားဖြင့် ကျွန်မထက် အားနည်းကြတယ်၊ပြဿနာမရှိပါဘူး သူတို့က ကျွန်မကို နာခံကြတယ်လေ၊ မနာခံပဲ ကလန်ကဆန်လုပ်ကြည့်ကြည့်ပါလား ဘာဖြစ်သွားမယ်ဆိုတာပြလိုက်မှာပေါ့!''

ဝူမြောင်မြောင် စကားဆုံးသည်နှင့်တစ်ပြိုင်နက် သူမ၏ ကျောပိုးအိတ်ထဲမှ တစ်စုံတစ်ခုက ရုတ်တရက် လှုပ်ရှားသွား၏။

"ကောင်းပြီ ကောင်းပြီ ဒီအကြောင်း ဒီလောက်နဲ့ပဲရပ်ရအောင်''

ကျိလန် ၏ လျှို့ဝှက်ဆန်းကြယ်သော နည်းပညာများကို နားလည်မှုသည် အပေါ်ယံမျှသာဖြစ်ပြီး ဝူမြောင်မြောင်မှာ ပြဿနာမရှိဟု ခံစားနေသရွေ့ သူသည် အလွန်အမင်း တားဆီးပိတ်ပင်နေမည်မဟုတ်ပေ။ ဒီနေ့သူမကို ဒီမှာစောင့်နေရတဲ့ရည်ရွယ်ချက်က ဝူမြောင်မြောင် နဲ့ သဘာဝလွန်အရာတွေကို ဆွေးနွေးဖို့မဟုတ်ဘဲ ကောလိပ်လျှောက်လွှာတင်ရန် တိုက်တွန်းဖို့ပဲဖြစ်သည်။

ထို့နောက် ကျိလန်သည် အခန်းထဲပြန်ဝင်သွားပြီး သူ့ကွန်ပြူတာကိုထုတ်လာကာ ကော်ဖီစားပွဲပေါ်တင်လိုက်သည်။ ထို့နောက် ကီးဘုတ်ကို နှစ်ကြိမ်နှိပ်၍ စကားဝှက်ကို သော့ဖွင့်ကာ ဝူမြောင်မြောင်ရှေ့သို့ ထိုးပေးလိုက်သည်။

"ဒီမှာ ထိုင်ပြီး တက္ကသိုလ်လျှောက်လွှာကိုတင်လိုက်ပါ''

ဝူမြောင်မြောင် အေးခဲသွားသည်။ သူမဘာလို့ တက္ကသိုလ်တက်ဖို့ လိုသေးတာလဲ။ ယွမ် 300,000 ပေးပြီးပြီမဟုတ်လား?

"ရှန်ကုန်း ...ကျွန်မ ပိုက်ဆံရှာနိုင်တယ်ဆိုတာ သက်သေပြပြီးပြီမဟုတ်လား''

ဝူမြောင်မြောင်က တုံ့ဆိုင်းစွာဆိုသည်။

"ဒါက ငွေကြေးကိစ္စကြောင့် မဟုတ်ဘူး၊ မင်းပိုက်ဆံရှာနိုင်ရင်တောင် ကောလိပ်တက်ကိုတက်ရမယ်။"

ကျိလန်က လေးနက်စွာပြောသည်။

"နိုင်ငံတော်က ကိုးနှစ်ပညာမသင်မနေရပညာရေးစနစ်ကိုပဲ ပြဋ္ဌာန်းထားတာ မဟုတ်ဘူးလား။ ကောလိပ်မတက်မနေရလို့ မပြောပါဘူး''

ဝူမြောင်မြောင်က ငြင်းခုံသည်။

"ကိုးနှစ် မသင်မနေရပညာရေးက..."

ကျိလန် ဝူမြောင်မြောင်ကို တရားဟောခါနီးတွင် ဝူမြောင်မြောင်သည် ကျောင်းတက်ဖို့ကိုအတင်းတွန်းလှန်နေကြောင်း ရုတ်တရက်သတိထားမိကာ အနည်းငယ်ထူးဆန်းသွား၏။

"မင်းကျောင်းကိုအရမ်းမုန်းတာပဲလား။"

"အဲ့လိုမျိုး နည်းနည်းခပ်ဆင်ဆင်ပဲပေါ့''

ဝူမြောင်မြောင် ခေါင်းညိတ်လိုက်သည်။

*နည်းနည်းကို မဟုတ်ပါဘူး၊ အရမ်းပဲ။*

''ဘာလို့လဲ? စာမလိုက်နိုင်လို့လား'' ကျိလန်က ထပ်မေးသည်။

"ဟင့်အင်း၊ အတန်းထဲရောက်တာနဲ့ အိပ်ငိုက်နေတာပဲ၊ ဘာဖြစ်နေမှန်းကိုမသိဘူး၊ ပြီးတော့ ဆရာမနဲ့ အတန်းဖော်တွေက ကျွန်မကို မကြိုက်ဘူး''

ဝူမြောင်မြောင်က ဂျီကျနေသည်။

''ကျွန်မကို မကြိုက်တဲ့သူတွေနဲ့ မနေချင်ဘူး"

ကျောင်းသွားတက်မယ်ဆိုရင် သင်မကြိုက်တဲ့သူတွေနဲ့ အတူတူစာသင်ခန်းထဲမှာ တစ်ပတ်ကို ငါးရက်နေရပါလိမ့်မည်။

"တက္ကသိုလ်က မတူဘူး၊ တက္ကသိုလ် မှာ အိပ်တယ်ဆိုတာက...''

ကျိလန်စကားကိုရပ်လိုက်၏။

*နေပါဦး၊ သူ ဝူမြောင်မြောင်ကို တက္ကသိုလ်မှာ အိပ်နေလို့ရတဲ့အကြောင်း လမ်းညွှန်မှုအမှားတွေပေးမိတော့မလို့။*

"ရှန်ကုန်း ကျွန်မ တကယ် မသွားချင်ဘူး"

ဝူမြောင်မြောင်က တိုးတိုးလေးပြောသည်။

ကျိလန်သည် ဝူမြောင်မြောင်၏ အသနားခံနေသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ရုတ်တရက် ပျော့ခွေသွားသလို ခံစားလိုက်ရသည်။

*ထားလိုက်ပါတော့၊ သူမ အတန်းထဲရောက်တာနဲ့ အိပ်ပဲနေမယ်ဆိုရင်လည်း အတန်းဖော်တွေ ဆရာတွေက အဆင်ပြေလှမှာမဟုတ်ဘူး၊ နောက်ပြီး သူ့အဆင့်တွေက သိပ်ပြီးဆိုးလိမ့်မယ်ထင်တယ်၊

ဒီပုံစံအတိုင်းဆို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတောင် အောင်မှာမဟုတ်ဘူး ဒါမှမဟုတ်...*

*မဟုတ်သေးပါဘူး။ ဆရာကျောက် က သူမကို တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခိုင်းကတည်းကိုက သူမရဲ့ ရမှတ်က ဝင်ခွင့်ကိုမှီနေလို့ပဲလေ။ ဒီလိုဆို တတိယအဆင့် တက္ကသိုလ်ကိုတက်ရမယ်ဆိုရင်တောင်မှ သူမက တက္ကသိုလ်စာမေးပွဲတွေကိုအောင်မြင်အောင်ဖြေနိုင်လိမ့်မယ်။ ဒါဆိုရင် အနာဂါတ်မှာလည်း တက္ကသိုလ်မတက်ခဲ့ရတဲ့နောင်တ တရားကိုခံစားနေရမှာမဟုတ်တော့ဘူး။*

''ငါက မင်းကို တက္ကသိုလ်တက်ပေးဖို့တောင်းဆိုမယ်ဆိုရင်ရော မင်းတက်မှာလား?'' ကျိလန်က မေးသည်။

ဝူမြောင်မြောင် ၏ အမူအရာသည် ရုတ်တရက် ပို၍ ဝမ်းနည်းသွားပုံပေါ်လာသည်။ သူမက ကျိလန်၏ရှပ်အင်္ကျီအနားစကို ဆွဲကိုင်လိုက်ပြီး ခပ်တိုးတိုးနဲ့အသံရှည်ဆွဲကာပြောလိုက်သည်။

''ဒါဆိုလည်း..ဒါဆိုလည်း..ရှောင်ကုန်းစကားကို ကျွန်မနားထောင်ပါ့မယ်..''

ဤလေသံသည် လူတစ်ယောက်ကမိမိကိုယ်ပိုင်ဆန္ဒမပါပဲ အတင်းအကျပ်ခိုင်း၍ လက်ခံလိုက်ရသောလေသံမျိုးဖြစ်သည်။

ကျိလန် ခဏလောက်စဉ်းစားနေပြီးမှ ရုတ်တရက် ကွန်ပျူတာကိုပြန်ပိတ်လိုက်၏။

"မင်းရဲ့ဘဝကို မင်းပဲပိုင်တယ်၊ မင်းကိုယ်တိုင်ပဲဆုံးဖြတ်ပါ" ထို့နောက် ကျိလန်က မတ်တပ်ထရပ်ပြီး ပြောလိုက်၏။ "မီးဖိုချောင်မှာ မင်းစားဖို့ ငါစားစရာချန်ထားခဲ့တယ်။ မင်းမစားရသေးရင် မိုက်ခရိုဝေ့ဖ်မှာ အပူပေးပြီးစားလိုက်ပါ၊ ငါ အရင်အနားယူတော့မယ်''

''ရှန်ကုန်းက ကျွန်မအတွက် ညစာကိုအထူးပြင်ဆင်ပေးထားတာပဲ၊ ကျေးဇူးပါ ကျွန်မစားလိုက်ပါမယ်''

သူမ၏မျက်နှာသည် ချက်ချင်းမှိုရသလိုမျိုးပြုံးရွှင်လန်းဆန်းသွား၏။ ရှန်ကုန်းသည် သူမအတွက် ညစာကိုကိုယ်တိုင်ပြင်ဆင်ပေးထားရုံသာမက ကောလိပ်တက်ရန်လည်း အတင်းမတိုက်တွန်းတော့ပေ။ ထို့ကြောင့် သူမ၏ ပျော်ရွှင်မှုဟာ နှစ်ဆ တိုးသွားရသည်။

*မင်းကို ဘယ်သူက ညစာအထူးပြင်ဆင်ပေးထားလို့လဲ၊ ပုံမှန်အတိုင်း နှစ်ယောက်စာ မှာထားတာပဲလေ။*

ကျိလန်သည် နားမလည်နိုင်သောခံစားချက်များ ရင်ဘတ်ထဲအပြည့်နှင့် မီးဖိုချောင်ထဲသို့ ရွှင်မြူးစွာ ပြေးဝင်သွားသော ဝူမြောင်မြောင် ၏ ကျောပြင်ကို ငေးကြည့်နေမိသည်။

ဒီနေ့တစ်နေ့လုံး သူမ ကျိလန် နှင့် အကြာကြီး စကားစမြည်ပြောခဲ့သည်။ ဝူမြောင်မြောင် ထမင်းစားပြီး ရေချိုးပြီးချိန်မှာတော့ အချိန်ကနောက်ကျနေပြီဖြစ်တဲ့အတွက် သူမလည်း အနည်းငယ် အိပ်ချင်လာသည်။ အခန်းထဲပြန်ရောက်သည်နှင့် သူမအိတ်ထဲကနေ နဖူးပေါ်မှာ သစ်ကြမ်းပိုးခေါက်မှင်နီအမှတ်သားလုပ်ထားသည့်အရုပ်ကလေးကို ထုတ်ကာ ပြတင်းပေါက်နားရှိ စားပွဲခုံပေါ်တွင် တင်ထားလိုက်သည်။

"ငါပြောတာကို မင်းကြားတယ်နော် မင်းဒီမှာ နောက်ထပ်သုံးလနေရမယ်။ သုံးလကုန်ရင် မင်းကို လွှတ်ပေးလိုက်မယ်။"

ဝူမြောင်မြောင်က အိပ်ချင်မူးတူးနဲ့ အရုပ်လေးကိုစကားပြောရင်း အိပ်ရာပေါ်တွင်လှဲလျောင်းလိုက်၏။

"မင်းရဲ့ ဝိညာဉ်က နည်းနည်းတော့ အားနည်းနေတယ်၊ အခု မင်းဝင်နေတဲ့ဒီအရုပ်ရဲ့အစွမ်းနဲ့ ဟန်မုန်ရဲ့ စိတ်ပျက်အားငယ်မှုအမှောင်စွမ်းအားတွေပေါင်းလိုက်ရင်တော့ မင်းရဲ့ ဝိညာဉ်ကို ပြုပြင်ပေးနိုင်တယ်"

ထိုစကားကိုပြောပြီးနောက် ဝူမြောင်မြောင်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

ဝူမြောင်မြောင် က ချက်ချင်း အိပ်ပျော်သွားသည့်အတွက် ပြတင်းပေါက်ကို တင်းတင်းပိတ်ဖို့ မေ့သွားသည် ။ မနက်စောစောတိုက်ခတ်သည့် လေပြင်း၏အရှိန်ကြောင့် စားပွဲပေါ်ရှိ အရုပ်လေးသည် လှုပ်ခါပြီး လဲကျသွား၏။

တစ္ဆေအရုပ်လေး၏ စိတ်ဝိညာဉ်သည် မတ်တပ်ရပ်ဖို့ကြိုးစား ရုန်းကန်ခဲ့ရပြီး ခဏနေတော့ သူ ထိတ်လန့်သွား၏။

*သူတကယ်ပဲ မတ်တတ်ရပ်နိုင်နေတာလား။ လှုပ်လို့ရောရတာလား?*

ထို့နောက်၊ တစ္ဆေအရုပ်လေး သည် သူ့ခြေလက်များကိုသတိထားကာ ဆန့်ထုတ်၍လှုပ်ရှားကြည့်သည်။ ထိုအခါတွင် သူသည် အမှန်တကယ်ပင် လှုပ်ရှားလို့ရနေကြောင်း တွေ့ရှိလိုက်ရသည်။ ဒီကျိန်စာအရုပ်က သူ့ဝိညာဉ်ခန္ဓာကိုယ်ကို ပိတ်မိပြီး အပြင်မထွက်အောင် တားဆီးထားပေမယ့်၊ တကယ်တမ်း သူ့ဝိညာဉ်က ဒီအရုပ်နဲ ပေါင်းသွားပုံရ၏။

တစ္ဆေလေး သည် မူလက ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။ သူသည် တစ္ဆေဖြစ်လာပြီးနောက်၊ အရာဝတ္တုအစစ်အမှန်များကို အချိန်အတော်ကြာ မထိတွေ့နိုင်ပဲနေခဲ့ရ၏။ ယခုအချိန်တွင် သူ၏ အတွေ့အထိ အာရုံများပြန်လည်ရရှိလာသည်ကို သိလိုက်ရပြီး သူဘယ်လိုမှအငြိမ်မနေနိုင်တော့ပေ။ သူသည် အိပ်ယာပေါ်ရှိ ဝူမြောင်မြောင် ကို တိတ်တဆိတ် ငုံ့ကြည့်လိုက်ရာ လေးလေးနက်နက် အိပ်ပျော်နေကြောင်း တွေ့ရပြီးနောက် စားပွဲ၏အနားအစွန်းသို့တိုးသွားကာ ကြမ်းပြင်ကိုငုံ့ကြည့်လိုက်သည်။

*အရမ်းမြင့်တယ်။*

တစ္ဆေကောင်လေးက ခဏလောက် လှည့်ပတ်ကြည့်ပြီးနောက် စားပွဲခုံခြေထောက်အတိုင်းကုပ်တွယ်ကာ အောက်ကိုဆင်းသွားဖို့ကြိုးစားသည်။

သို့သော် သူသည် ဤအရုပ်ခန္ဓာကိုယ်နှင့် အံဝင်ခွင်ကျမဖြစ်သေးသည့်အတွက် လမ်းတစ်ဝက်မှာတင် ခြေချော်ကာကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။

တစ္ဆေလေးသည် သူ့မျက်လုံးများကို မှိတ်ထားကာ နောက်ထပ်နာကျင်မှုခံစားရမှာကို စောင့်ဆိုင်းနေသော်လည်း အချိန်အတော်ကြာအထိ သူ နာကျင်မှုကိုလုံးဝမခံစားရပေ။ သူ့အရုပ်ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်မှာတစ်ချက်နှစ်ချက်လောက်ခုန်သွားတာတောင် မနာကျင်ပေ၊ ဒါ့အပြင်လုံးဝကိုသက်သောင့်သက်သာရှိနေလွန်းသည်။

အဘယ်ကြောင့်ဆိုသော် သူ့ရဲ့လက်ရှိ ခန္ဓာကိုယ်ကို ချည်သားနဲ့ ပြုလုပ်ထားတာကြောင့် ပြုတ်ကျတာက သူ့ကိုမထိခိုက်စေနိုင်ပါ။

ထို့နောက် တစ္ဆေကောင်ကလေးသည် ပျော်ရွှင်စွာ ခုန်ပေါက်ကာ သူ၏ခြေထောက်တိုလေးတွေနဲ့ အခန်းတံခါးဆီသို့သွား၏။ ထို့နောက်တံခါးကိုဖွင့်ရန် တံခါးလက်ကိုင်ဆီသို့အချိန်တော်ကြာကြိုးစား၍တွယ်တက်ခဲ့သည်။

အခန်းထဲက ထွက်လာပြီးနောက်၊ တစ္ဆေလေးသည် နံရံကိုမှီကာ ခေတ္တမျှအသက်ပြင်းပြင်းရှူနေလိုက်သည်။ ဤအရုပ်ခန္ဓာကိုယ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို မခံစားရသော်လည်း အချိန်အတော်ကြာ အလုပ်များနေပြီးနောက် သူ့စိတ်ဝိညာဉ်က သိသိသာသာပင် မောပန်းနေပါသည်။

အနားယူပြီးနောက် တစ္ဆေကောင်လေးသည် ဤထူးဆန်းသောအိမ်ကို တိတ်တိတ်ဆိတ်ဆိတ်လှည့်ပတ်၍ ကြည့်နေလေတော့သည်။ သူကိုယ်တိုင်က တစ္ဆေတစ်ကောင်မို့ အမှောင်ထဲမှာ အရာတွေကို မြင်ဖို့ မခက်လှပေ။ တစ်အိမ်လုံးကို သူ လျင်မြန်စွာပင် လှည့်ပတ်ကြည့်ရှုပြီးနောက် ဧည့်ခန်း၏အလယ်ရှိစားပွဲပေါ်မှာ အပြာရောင်နှင့် အနက်ရောင်တို့ပါသော ဘီစကွတ်မုန့်ထုတ်ကို သူစိုက်ကြည့်နေသည်။

ထိုဟာက အော်ရီယိုဘီစကွစ်မုန့်ဖြစ်၏။ သူအသက်ရှင်နေချိန်က တစ်ခါစားခဲ့ဖူးပြီး ထိုအရသာကို အခုထိ မှတ်မိနေပါသေးသည်။

တစ္ဆေလေး သည် စိတ်မထိန်းနိုင်ဘဲ ကော်ဖီစားပွဲပေါ်သို့တက်ကာ အော်ရီယို ၏ဘီစကွတ်များပေါ်တွင် သူ၏ ဂွမ်းစလက်လေးနှစ်ဖက်ကို တင်ကာ တွေဝေနေ၏။

*သူတစ်ဖဲ့လောက်စားလိုက်ရင် ကဝေမလေးက မတွေ့မိလောက်ဘူးမလား။*

*သူ့စားတာတွေ့သွားရင်တောင် အဆင်ပြေမှာပါ။ သူမကို ငွေအများကြီးဖြစ်တဲ့ ယွမ် 300,000 ကျော်ကိုရအောင်တောင် သူ ကူညီပေးခဲ့ပြီးပြီးပဲ၊ အဲ့ဒီပိုက်ဆံနဲ့ဆိုရင် ဒီလို ဘီစကွတ်တွေ အများကြီးပြန်ဝယ်စားလို့ရတယ်လေ။*

သူဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ ထပ်ပြီးစိုးရိမ်ပူပန်မနေတော့ပဲ၊ ဘီစကွစ်မုန့်ထုတ်ကို သူ့လက်လေးတွေနဲ့ဆွဲဖောက်ဖို့ကြိုးစားသည်။ သို့သော်အချိန်အတော်ကြာသည့်တိုင် မုန့်ထုတ်ကိုလုံးဝဖောက်မရတဲ့အပြင် ထိုပလက်စတစ်အခွံက အရာလေးတောင်မယွင်းပေ။ နောက်တွင် သူတစ်စုံတစ်ခုကိုနားလည်သွားပြီး သူ့လက်တွေကိုကြည့်လိုက်၏။ သူ၏ဝါဂွမ်းလက်ကလေးနှစ်ဖက်တွင် လက်ချောင်းများ လုံးဝပါရှိမနေကြပေ။

အား...!

တစ္ဆေလေး စိတ်ဓာတ်ကျနေချိန်မှာပဲ ဖြူဖွေး သွယ်လျတဲ့ လက်ဖဝါးတစ်ခုက သူ့ဘေးမှာ ရုတ်တရက်ပေါ်လာပြီး သူအကြာကြီးဖွင့်မရဖြစ်နေတဲ့ အော်ရီယိုကွစ်ကီးထုတ်ကိုယူသွား၏။

ဘယ်သူကြီးလဲ? !

တစ္ဆေလေး လန့်သွားကာ ထပြီးတိုက်ခိုက်တော့မလို့ လှည့်ကြည့်လိုက်ချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး၌ အမှောင်စွမ်းအင်များလွှမ်းခြုံထားသော ညအိပ်ဝတ်စုံနှင့်ယောကျ်ားကိုတွေ့လိုက်ရ၏။

*ဒါကဝေမလေးရဲ့ချစ်သူပဲဖြစ်ရမယ်။

သူ ကျောပိုးအိတ်ထဲမှာရှိနေတုန်းက ကဝေမလေးက 'ရှန်ကုန်း၊ ရှန်ကုန်း' ဆိုပြီး ခဏခဏခေါ်တာကိုသူကြားရတယ်။

ဪ ဟုတ်သားပဲ ကဝေမလေး စောစာက ပြောနေတာကြားတာတော့ သူ့ချစ်သူဟာ သဘာဝလွန်စွမ်အားရှိတဲ့သူတစ်ယောက်ဆိုတာပဲ။ ဒီလူဆီမှာ အန္တရာယ်များတဲ့အရှိန်အဝါနဲ့ ယင်စွမ်းအင်တွေက ကြီးမားလွန်းတယ်၊ ထို​သူ့ဆီကနေ ခံစားရတဲ့စွမ်းအင်တွေက တစ္ဆေဘုရင်လောက်နီးနီးပါပဲ။*

တစ္ဆေလေးက သရဲဖြစ်လာတာသုံးနှစ်လောက်ကြာပြီဆိုပေမယ့် သူ့ရဲ့တစ္ဆေပါဝါကဒီနှစ်ပိုင်းထဲမှတိုးလာတာမို့ အခုထိတစ္ဆေဘုရင်အနားကိုမကပ်ရဲအောင်ကြောက်လန့်နေတုန်းပဲပင်၊

သူ ကော်ဖီစားပွဲပေါ်ကနေ ခုန်ချပြီး ကဝေမလေး၏ အခန်းထဲပြန်ဝင်ဖို့ တုံ့ဆိုင်းနေချိန်မှာပဲ တစ္ဆေဘုရင်နဲ့တူတဲ့ လူဟာ ဘီစကစ်ထုပ်ကို ရုတ်တရက်ဖွင့်လိုက်ပြီး အထဲကအဖြူအမည်းအရောင် အနံ့ မွှေးမွှေးနဲ့ အရသာရှိတဲ့ ဘီစကွစ်တွေကိုထုတ်နေတာတွေ့လိုက်ရတယ်။

*ဒါက...ငါ့အတွက်လား?*

"ရော့..စား''

တစ္ဆေလေးဟာ ဝူမြောင်မြောင် ရဲ့အခန်းထဲကနေ ခိုးထွက်လာတာကို ကျိလန် ခံစားမိသည်။ ထို့ကြောင့်သူလည်း အခန်းထဲကလိုက်ထွက်လာသည့်အခါ ဘီစကစ်ထုပ်ကို ဖောက်ဖို့ ကြိုးကြိုးစားစား လုပ်နေတဲ့ လက်ဖဝါးအရွယ် အရုပ်လေးကို မြင်လိုက်ရ၏။ ထိုအရာလေးက မုန့်ထုပ်ကိုဖောက်ဖို့အကြာကြီးကြိုးစားနေပေမယ့်လည်း နောက်ဆုံးမှာ သူ့မှာ လက်ချောင်းတွေ မရှိမှန်း သဘောပေါက်သွား၏။

တစ္ဆေလေးသည် သူ့ရဲ့လက်ချောင်းမပါသော လက်ဖဝါးကို အကြာကြီးငုံ့ကြည့်ကာ စိတ်ဓာတ်ကျနေပုံမှာ အူတူတူ အတတနှင့် ရယ်စရာကောင်းလှပေသည်။

တစ္ဆေလေး သည် ကျိလန်ကိုတစ်လှည့် ၊ ဘီစကွစ်ကိုတစ်လှည့် ကြည့်လိုက်လေသည်။ သူဒီဘီစကွစ်ကိုမစားပဲ ထားပြီး ထွက်ပြေးဖို့ကျပြန်တော့လည်း မုန့်တွေက နှမျောစရာကောင်းလွန်းသည်။ ထို့ကြောင့်တစ်ကိုက်လောက်စားကြည့်ဖို့ပြင်လိုက်ပေမယ့်....

သူ့ရဲ့ဝါဂွမ်းပါးစပ်နဲ့ မုန့်၏အနားစတို့သာပွတ်တိုက်သွားသည်ကိုခံစားလိုက်ရ၏။

"ဖူး!" ကျိလန် က မထိန်းနိုင်ဘဲ ရယ်မိသည်။

*သူ အကြာကြီးစားရဖို့ကြိုးစားခဲ့တဲ့အရာကို လက်တွေ့မှာမစားနိုင်ဘူးတဲ့လား။*

''ထင်တဲ့အတိုင်း သူ့ပိုင်ရှင်နဲ့သူ့အရုပ်က တစ်ပုံစံတည်းပဲ လိုက်လည်းလိုက်ကြတယ်။ ပိုင်ရှင်ကလည်း အရုပ်ကိုကြောင်တောင်တောင်ပုံစံနဲ့မွေးထားတယ်''

ကျိလန်က သူ့ကိုရယ်နေတာကြောင့် တစ္ဆေလေး ရုတ်တရက် စိတ်ဆိုးသွားသည်။

*ကွတ်ကီးမစားနိုင်လို့ ဝမ်းနည်းနေရတဲ့ကြားထဲ အခုလည်းလှောင်ရယ်ခံနေရသေးတယ်။ နောက်ပြီး အခု သူ့မှာ စွမ်းအားမရှိလို့ လုံးဝပြန်မတိုက်ခိုက်နိုင်တော့ဘူး။ အရေးကြီးဆုံးကတော့ သူ့မှာစွမ်းအားတွေရှိနေဦးမယ်ဆိုရင်တောင် ဒီလူဟာသူ့ထက်စွမ်းအားပိုကြီးနေမှာသေချာတယ်လေ။*

တစ္ဆေလေးသည် အလွန်စိတ်ပျက်အားငယ်သွားပြီး လက်ထဲတွင် ဘီစကစ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ကော်ဖီ စားပွဲပေါ်တွင်ခြေပစ်လက်ပစ်ပင် လှဲချလိုက်တော့သည်။

ကျိလန်သည် အများအားဖြင့် ကောင်းတဲ့လူမဟုတ်သော်လည်း အရပ်ငါးစင်တီမီတာသာမြင့်သော အရုပ်တစ်ရုပ်ကိုပင် အနိုင်ကျင့်သည်အထိတော့ မရက်စက်တတ်ပေ။

''မနက်ဖြန်ကျရင် မင်းရဲ့သခင်ကို မင်းဘီစကစ်စားလို့ရမယ့်နည်းလမ်းမေးကြည့်လေ''

"သူက ငါ့သခင် မဟုတ်ဘူး။"

တစ္ဆေလေး၏ ​သေးငယ်သောအသံလေးသည် အရုပ်ထံမှတစ်ဆင့်ထွက်လာ၏။ လက်ရှိတွင်၎င်း၏ အမှောင်စွမ်းအင်များဖယ်ရှားခြင်းခံထားရသည့်အတွက်ကြောင့် ၎င်း၏အသံမှာ မကောင်းဆိုးဝါးတကောင်လိုအက်ကွဲကာကြောက်စရာမကောင်းတော့ပဲ အသံကကြည်လင်၍ ကလေးတစ်ယောက်အသံဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

"ဒါဆို မင်းက..." ကျိလန် ခဏလောက်စဉ်းစားပြီး "မင်းက ဒီနေ့ သူနဲ့အလဲအလှယ်လုပ်ခဲ့တဲ့ သဘာဝလွန်အရာ ဆိုတဲ့ဟာဟုတ်လား?"

တစ္ဆေလေးက ရယ်လိုက်သည် ။

''မင်းက မကောင်းဆိုးဝါးဝိညာဉ်လား၊ အငြိုးအတေးကြီးတဲ့တစ္ဆေလား''

''ငါက အငြိုးအတေးကြီးတဲ့တစ္ဆေ'' တစ္ဆေလေးက ပြန်ဖြေ၏။

"ဒါဆို မင်းအသက်ရော ဘယ်လောက်ရှိပြီလဲ?"

၎င်း၏အသံအရ တစ္ဆေလေးသည် အတော်ငယ်လိမ့်ဦးမည်။

တစ္ဆေကောင်လေးက သူ့စကားကို လျစ်လျူရှုပြီး ကော်ဖီစားပွဲပေါ်မှာ ငုတ်တုတ်ထထိုင်နေသည်။

ကျိလန်ပြောစရာစကားမဲ့သွား၏။ ကြည့်ရတာဒီတစ္ဆေလေးက အသက်၈နှစ်၉နှစ်သာသာလောက်ရှိဦးမည်။ ဒါကြောင့် ဘီစကစ်မုန့်တစ်ခုနဲ့ပက်သက်ပြီး စိတ်ပျက်လိုက်၊ဝမ်းနည်းလိုက်နဲ့ ကမ္ဘာပျက်နေတာဖြစ်သင့်ပါသည်။

"လာ၊ စားကြည့် မင်းဒါကို အခုစားသင့်တယ်"

ကျိလန် က အော်ရီယို ကို တစ္ဆေကောင်လေး၏ပါးစပ်အနားတိုးပေးလိုက်၏။

တစ္ဆေလေး သည် ပထမတော့ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ဘီစကစ်မုန့်၏သွေးဆောင်မှုကို တွန်းလှန်နိုင်စွမ်းမရှိတော့ပဲ၊ ပါးစပ်ကိုဖွင့်ကာ မုန့်ကိုကိုက်လိုက်၏။ ထို့နောက် ချိုမြိန်သောအရသာသည် ပါးစပ်တစ်လျှောက်စိမ့်ဝင်ပြန့်နှံ့သွားလေသည်။ ။ တစ္ဆေလေး၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားပြီး ဘီစကစ်ကို ရယ်မောကာ ထက်ကိုက်လိုက်ပြန်သည် ။

ကျိလန်သည် ခေါင်းယမ်းကာ တစ်ဖက်သို့ လျှောက်သွားလိုက်ပြီး မီးခလုတ်ကို ဖွင့်လိုက်သောအခါ၌ နွေးထွေးသော အဝါရောင် မီးရောင်တစ်ခုသည် အခန်းအတွင်း၌ ရုတ်တရက်လင်းထိန်လာ၏။

"သရဲတစ္ဆေတွေက လူသားတွေကြည်ကြည်ဖြူဖြူပေးကမ်းကျွေးမွေးတာဆိုရင် တကယ်စားလို့ရတယ်ဆိုတာ အမှန်ပဲ..''

တစ္ဆေလေးသည် သရဲတစ္ဆေတစ်ကောင်ဖြစ်နေတာမို့ ကျိလန်လည်း သူ့ရှေ့က ဘီစကွတ်တွေကို တစ္ဆေ​လေးကိုစိတ်ထားသန့်သန့်နဲ့ကျွေးဖို့ဆန္ဒပြုခဲ့သည်။ အမှန်တကယ်ပင် ဤကိစ္စက မမျှော်လင့်ပဲအလုပ်ဖြစ်ခဲ့သည်။

"ငါ...နောက်ထပ်တစ်ကိုက်လောက် စားလို့ ရမလား"

တစ္ဆေလေးသည် ကျိလန်ကျွေးသော အော်ရီယိုကွတ်ကီးကိုအငမ်းမရစားသောက်လေသည်။

စင်စစ်တွင် ကျိလန်တို့သာမာန်လူများအမြင်၌ ကွတ်ကီးသည် မူလအတိုင်းအရာမယွင်းပဲရှိနေပြီး၊ ထူးခြားသည့်ပြောင်းလဲမှုမှာ တစ္ဆေလေးစားပြီးနောက် မုန့်က အရသာလုံးလုံးမရှိတော့ခြင်းသာဖြစ်ပါသည်။

"သာမန်တစ္ဆေတွေဆို ငါ့ကို အရမ်းကြောက်ကြတယ်၊ မင်းက သတ္တိရှိသားပဲ။"

ကျိလန်က နည်းနည်း စပ်စုလိုက်၏။ အစတုန်းကတော့ ဒီကောင်လေးဟာ ဝူမြောင်မြောင် စီမံထားတဲ့ အရုပ်လေးတွေထဲက တစ်ရုပ်မို့လို့ သူနဲ့ ဒီလောက်ရင်းနှီးဖို့ မကြောက်ခဲ့တာလို့ထင်ခဲ့ပေမယ့် ၊ ယခုအချိန်တွင် တစ်ဖက်သားသည် အငြိုးအတေးသရဲတစ္ဆေဖြစ်နေလျက်နဲ့ပင် ၎င်းက သူ့ကိုကြောက်လန့်ဟန်မပြပေ။

*ဒါဟာ သူ့ရဲ့အမှောင်စွမ်းအားတွေကပဲ အားပျော့နေလို့လား ဒါမှမဟုတ် ဤတစ္ဆေ​လေးဟာ အလွန်အစွမ်းထက်တဲ့ သရဲတစ္ဆေဖြစ်နေတာများလား။*

"ကျွန်တော်လည်း ကြောက်တယ်၊ ဒါပေမယ့် အခု ကျွန်တော်က ဒီအရုပ်လေးထဲ ရောက်နေတာကြောင့် ခင်ဗျားရဲ့ အမှောင်စွမ်းအားတွေ ၊ ဖိနှိပ်မှုကို မခံစားရဘူး"

တစ္ဆေကောင်လေးဟာ ကျိလန်ကျွေးတဲ့ဘီစကွစ်မုန့်တွေကို စားပြီးရင်း ထပ်စားချင်နေတာကြောင့် နောက်ပိုင်း ကျိလန်ကို လေးလေးစားစားဖြင့် စကားပြောလာသည်။

*ဒါဝူမြောင်မြောင်ရဲ့စွမ်းရည်တစ်မျိုးကြောင့်ပဲလား။*

သူမကလည်း ကျိလန်ကို ဘယ်တုန်းကမှမကြောက်ခဲ့ဖူးပါ။

ကျိလန်ကလည်း နောက်ထပ် ဘီစကွတ်တစ်ခုကိုထုတ်ပြီး တစ္ဆေကောင်လေးကို ပေးလိုက်သည်။-

"မင်း အသက်ဘယ်လောက်ရှိပြီလဲ"

တစ္ဆေလေးက အော်ရီယိုကိုပဲအာရုံကျနေတာကြောင့် သိပ်မတွေးပဲပြန်ဖြေ၏။

"ကျွန်တော် ​သေတုန်းက အသက်ခုနစ်နှစ်ခွဲပဲရှိသေးတာ။ အခုတော့ ကျွန်တော် တစ္ဆေဖြစ်လာတာ သုံးနှစ်ရှိပြီ"

ကျီလန်က အဖြေကိုကြားပြီးနောက် ဘီစကွတ်တွေကို ပစ်ချလိုက်သည်၊။

တစ္ဆေကောင်လေးက သူစားလက်စမုန့်ကိုကိုင်လျက် ကျိလန်ကိုတစ်ချက် လှည့်ကြည့်ကာ

''ကျွန်တော်ဘယ်လိုမျိုးသေသွားရတယ်ဆိုတာ ခင်ဗျားမမေးတော့ဘူးလား..ဟင်?''

"ငါနဲ့ ဘာမှမဆိုင်တဲ့ကိစ္စမို့လို့လေ'' ကျိလန်က ဘာသိဘာသာနဲ့ ပြောလိုက်သည်။

တစ္ဆေလေးကလည်း သူ့အဖြေကိုကြားတဲ့အခါ စိတ်မဆိုးပဲ "မမေးတာ ပိုကောင်းပါတယ်၊ ကျွန်တော်လည်း ထပ်မပြောပြချင်တော့ဘူး"

ကျိလန် မျက်ခုံးပင့်မိသည် ။

*ဒီတစ္ဆေလေးမှာ တကယ်ကိုထူးခြားတဲ့ပင်ကိုယ်စရိုက်လက္ခဏာရှိတာပဲ။*

...

အခန်း ၂၅ ။ ဒါဆို ကျွန်မရဲ့ရှန်ကုန်းက တက္ကသိုလ်ကျောင်းသူတွေကို တကယ်ပဲ သဘောကျတယ်ပေါ့

ကျိလန်၏စတူဒီယို- မနက် ၈:၃၀

တရားဝင်အလုပ်ချိန်မတိုင်ခင် နာရီဝက်

သူဌေးနှင့် သူဌေးကတော်အပြင် စတူဒီယို၏ အခြားဝန်ထမ်း လေးဦးလည်း စတူဒီယိုကို ရောက်ရှိလာကြသည်။သူတို့အားလုံး၏ သဘောတူညီချက်အရ စတူဒီယိုအား တည်ထောင်ပြီးကတည်းက ပထမဆုံးအကြိမ် နံနက်ခင်းအစည်းအဝေးအတွက် လူစုကြရန် စီစဉ်ခဲ့ဖူးတာဖြစ်သည်။

ယခုအစည်းအဝေးမှာ "သူဌေးကတော် ဝူမြောင်မြောင်အား တက္ကသိုလ်သို့ လိုလိုလားလား တက်ဖြစ်အောင် လုပ်ဖို့"ပင်ဖြစ်သည်။

ဤသည်မှာ ယနေ့နံနက်တွင် သူတို့လေးဦး လက်ခံရရှိခဲ့သော အလုပ်တာဝန်ဖြစ်သည်။မနက်နှစ်နာရီ သုံးဆယ့်ခြောက်မိနစ်တွင် တာဝန်ကိုထုတ်ပြန်ခဲ့ပြီး တာဝန်ထမ်းဆောင်ချိန်မှာ နာရီအနည်းငယ်သာ ကျန်တော့သည်။ထိုတာဝန်ကို သူတို့၏သူဌေးကျိလန်က ကုမ္ပဏီ၏ ဝီချက်ဂရုမှတစ်ဆင့် ပေးပို့ခဲ့သည်။

ဤဂရုချက်ကို ကုမ္ပဏီအတွင်း အလုပ်လုပ်ရာတွင် အဆင်ပြေစေရန်အတွက် တုန်ရုန်းယွမ်သည် လွန်ခဲ့သော ၂ နှစ်က တည်ထောင်ခဲ့တာဖြစ်သည်။ဂရုချက်အား တည်ထောင်ပြီးနောက်တွင် သူသည် စတူဒီယိုတွင် အရေးကြီးသော ကိစ္စရပ်များအား ရံဖန်ရံခါ ပို့စ်တင်ခြင်းမှလွဲ၍ အားလပ်ရက် အချိန်ကာလများအကြောင်း အသိပေးရန်သာ ပို့စ်တင်တတ်သည်။တကယ်တော့ သူတို့၏သူဌေးကျိလန်သည် ဤဂရုချက်ထဲတွင် ရှိနေဆဲဖြစ်သည်။ဝန်ထမ်းများသည် ပေါ့ပေါ့ပါးပါး စကားပြောချင်ကြသောအခါ တခြားဂရုချက်ကို အသုံးပြုကြသည်။ဘယ်သူမှ ကုမ္ပဏီ၏ဂရုချက်ထဲတွင် ပေါ့ပေါ့ပါးပါး စကား မပြောဝံ့ကြပေ။

ကျိလန်သည် ဂရုချက်ထဲတွင် အရှင်လတ်လတ်ကြီး တည်ရှိနေသော်လည်း ဤဂရုချက်ကို စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့ နံနက် နှစ်နာရီ သုံးဆယ့်ခြောက်မိနစ်အထိ ဂရုချက်တွင် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ဂရုကို စတင်ဖွဲ့စည်းကတည်းက သူဌေးသည် အိပ်မပျော်သောကြောင့် သူ၏ပထမဆုံးစာနှစ်စောင်ကို ညလယ်မှာ ပို့ခဲ့တာဖြစ်မည်။

ကျိလန်: [မင်းတို့ ဝူမြောင်မြောင် တက္ကသိုလ်တက်ချင်လာမယ့် နည်းလမ်းကို စဉ်းစားကြ။ဘောနပ်စ် ယွမ်ငါးသောင်း ချီးမြှင့်မယ်။】

ကျိလန်: [စကားမစပ် ဒီနေ့က တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်ဖို့ နောက်ဆုံးနေ့နော်။ 】

*နောက်ဆုံးနေ့လား။တစ်နည်းပြောရရင် သူတို့မှာ ဒီတာဝန်ကို ပြီးမြောက်အောင်လုပ်ဖို့က တစ်ရက်ပဲ ကျန်တော့တာပေါ့။မဟုတ်သေးဘူး။အတိအကျပြောရရင် သူဌေးကတော်က ကိုးနာရီကျ စတူဒီယိုကို ရောက်မှာ။ပြီးတော့ ဘော့စ်နဲ့အတူ ထုံးစံအတိုင်း ညနေ ငါးနာရီခွဲမှာ ပြန်မှာဆိုတော့ သူတို့မှာ အချိန်က ကိုးနာရီအောက်သာ ကျန်တော့တယ်။*

"သူဌေးကတော်က တော်တော်လေး နာခံတတ်မယ့်သူလို့ ထင်ရပါတယ်။သူက စာသင်ရတာ မကြိုက်တဲ့သူ ဖြစ်မယ်လို့ ထင်မထားမိဘူး။"

‌ပေဖန်းက အံ့ဩတကြီး ပြောလိုက်လေသည်။

"သူဌေးကတော် ဝတ္ထုအဖတ်ကြမ်းတာကို ကြည့်လိုက်ရင် စာသင်ရတာ မကြိုက်မှန်း ကောက်ချက်ချလို့ရနေတာပဲ။"

ရှန်ကျွင်းယီသည် သူသိသားပဲ ဟူသော အမူအရာဖြင့် ပြန်ပြောလိုက်၏။

"အဲ့ဒီအချက်နှစ်ခုကြားမှာ ဆက်စပ်မှုတစ်ခုခုရှိလို့လား။"

ယီကွမ်သည်လည်း စိတ်ရှုပ်ထွေးသွားလေသည်။

"ဆယ်နှစ်ကျော် ကျောင်းအတွေ့အကြုံနဲ့ ဝတ္ထုဝါသနာရှင် စီနီ
ယာတစ်ယောက်အနေနဲ့ ငါ့ရဲ့ ကိုယ်ပိုင်ယူဆချက် လက္ခဏာတွေအရဆို လူတွေကကြားက အမူအကျင့်စည်းမျဉ်းတစ်ခုနဲ့ နိဂုံးချုပ်ရမယ်။ဝတ္ထုဖတ်ရတာကို နှစ်သက်တဲ့ ကျောင်းသားတိုင်းဟာ တခြားဘာသာစကားတွေကို မုန်းတီးတတ်ကြတယ်။"

ရှန်ကျွင်းယီသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်လေသည်။

"ဒီအမူအကျင့်အတွက် မင်းရည်မှန်းရမယ့်ပစ်မှတ်က မင်းကိုယ်တိုင်ပဲ။ငါတို့ရဲ့ ကျန်တဲ့ဝတ္ထုကြိုက်တဲ့လူထုကိုတော့ မဆဲရေးပါနဲ့။ငါလည်း ဝတ္ထုဖတ်ရတာ သဘောကျပေမယ့် ငါက ပထမအဆင့် တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ စာမေးပွဲလည်း အောင်နေတုန်းပဲလေ။"

တုန်ရုန်းယွမ်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် စကားဖြတ်ပြောလိုက်သည်။

"ပထမအဆင့်တက္ကသိုလ်က ဘာမှမဟုတ်ပါဘူး။ငါတို့ရဲ့သူဌေးက နာမည်ကျော်ပြီး အထက်တန်းကျတဲ့ ကျောင်းကနေ ဘွဲ့ရခဲ့တာလေ။"

ပေဖန်းသည် သူ့အပေါ်ထားရှိသော သူဌေး၏ ကြီးမားသော ချစ်ခြင်းမေတ္တာကို ခံစားရပြီးကတည်းက သူသည် သူဌေးကို အချိန်တိုင်း ချီးကျူးတတ်လာခဲ့သည်။သူ့သူဌေး၏ယူဆချက်တိုင်းက အတော်လေး ပြောင်မြောက်လှသည်ဟု ခံစားမိလာခဲ့သည်။သူ့သူဌေးမှာ မျက်ကွင်းများ ညိုနေခဲ့လျှင်တောင် သူ့အတွက် ဆက်စီကျလှသည်ဟုပင် ခံစားမိသည်။

"ဟေး မင်းတို့ကောင်တွေ ခေါင်းစဉ်လွဲကုန်ပြီလေ။ယွမ်ငါးသောင်း ဘောနပ်စ်ပေးမှာ လိုချင်ကြသေးရဲ့လား။"

ယီကွမ်က သူတို့ကို သတိပေးလိုက်လေသည်။

"ဟုတ်သားပဲ။!"

သုံးယောက်သား တညီတညွတ်တည်း ပြောကြလေသည်။

"ဒါပေမဲ့ စာသင်ရမှာကို မကြိုက်တဲ့ ကျောင်းသားကို လိုလိုချင်ချင်နဲ့ စာသင်ချင်တဲ့ ကျောင်းသား ပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ကြမှာလဲ။"

သူတို့အား လေးလေးနက်နက် တွေးတောနေကြပေသည်။ဒီကိစ္စမှာ တစ်ကမ္ဘာလုံးက မိဘတွေ စိုးရိမ်နေရတဲ့ ပြဿနာတစ်ခုပင်။တစ်နှစ်ပြီးတစ်နှစ် မိဘများမှာ ဤကိစ္စကိုပဲ စိတ်ပူနေကြရသည်။ဘယ်တော့မှ မပြီးဆုံးနိုင်သည့် စကားရည်လုပွဲလို ကိစ္စမျိုးဖြစ်သည်။ကံမကောင်းစွာဘဲ ထိုကိစ္စအား ထူးခြားပြောင်မြောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းအား မည်သူတစ်ဦးတစ်ယောက်မှ ရှာမတွေ့ကြပေ။

"သူဌေးတစ်ယောက်ပဲ သူဌေးကတော်ကို လိုလိုချင်ချင်နဲ့ တက္ကသိုလ်တက်ချင်လာအောင် ပြောလို့ရမှာပေါ့။သူဌေးက သူဌေးကတော်ကို ဘယ်တုန်းကမှ စွဲစွဲလမ်းလမ်းနဲ့ စာလေ့လာဖို့ မပြောခဲ့ဘူးလေ။တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် သူ့ဆန္ဒအလျောက် လျှောက်လွှာတင်ဖို့ နည်းလမ်းတွေ စဉ်းစားပေးဖို့ပဲလိုတာပေါ့။"

ရှန်ကျွင်းယီက ပြဿနာကို အလေးပေးပြောလိုက်သည်။

"ပြောရတာတော့ လွယ်တာပေါ့။ဒါပေမယ့် မင်းတို့ မနေ့က မတွေ့လိုက်ကြဘူးလား။သူဌေးကတော်က သူဌေးပြောတာကို အမြဲ နားထောင်တတ်ပေမဲ့ ငါတို့သူဌေးက သူ့ကို စည်းရုံးဖို့ကိစ္စကို လက်လျှော့ထားတာလေ။ငါတို့က သူဌေးကို သူဌေးကတော်ကို ဘယ်လိုလုပ် စည်းရုံးခိုင်းရမလဲ။"

တုန်ရုန်းယွမ်က မေးလိုက်သည်။

"သူဌေးကတော်ကို တက္ကသိုလ်မှာ စာသင်ရတာ စိတ်ဝင်စားစရာကောင်းတယ်ဆိုတဲ့ အကြောင်းတွေ ပြောပြကြမလား။"

ပေဖန်းက အကြံပြုလာ၏။

"သူဌေးကတော်က ခက်ခဲကြမ်းတမ်းတဲ့ အထက်တန်းစာမေးပွဲမှာတောင် လွတ်မြောက်လာခဲ့သေးတာပဲ။အထက်တန်းကျောင်းနဲ့ ယှဉ်ရင် တက္ကသိုလ်က ကောင်းကင်ဘုံပဲလေ။လူတွေက သဘောမကျစရာ အကြောင်းပြချက်မရှိဘူးလေ။"

ကျန်တဲ့ သုံးယောက်လည်း ကျိုးကြောင်းဆီလျော်သလို ခံစားမိကြသည်။ထို့ကြောင့် သူတို့လေးယောက်စလုံး ကျန်ရှိနေသည့် အချိန်အတော်အတွင်း တက္ကသိုလ်မှာ သူတို့ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ ဒါမှမဟုတ် မကြုံဖူးပေမယ့် မြင်ဖူးခဲ့တဲ့ အဖြစ်အပျက်တွေကို စားမြုံ့ပြန် ပြောဆိုနေကြရင်း အလုပ်ဝင်ရမည့်အချိန်သည် လျင်မြန်စွာရောက်ရှိလာခဲ့သည်။ကျိလန်သည် ဝူမြောင်မြောင်အား ခေါ်ဆောင်ကာ စတူဒီယိုထဲသို့ အချိန်မှန်ရောက်လာခဲ့သည်။

"အားလုံးပဲ မင်္ဂလာနံ့နက်ခင်းပါ။"

ဝူမြောင်မြောင်သည် လူတိုင်းကို ကျွမ်းဝင်စွာ နှုတ်ဆက်လိုက်သည်။ထို့နောက် သူမ၏ သီးသန့်စာဖတ်သည့်နေရာသို့ အလိုလို ပြေးသွားခဲ့သည်။

ကျိလန်သည် ထုံးစံအတိုင်း ဝန်ထမ်းများ အလုပ်လုပ်သည့် ပင်မအလုပ်ခွင်နေရာမှ ဒုတိယထပ်သို့ လျှောက်သွားသော်လည်း အလုပ်ခွင်နေရာကို ဖြတ်သွားသောအခါတွင် ဝန်ထမ်းလေးယောက်၏ မျက်နှာကို အကြည့်တစ်ချက် ဝှေ့သွားလေသည်။

သူတို့လေးယောက်စလုံး ကျိလန်၏ရည်ရွယ်ချက်ကို သဘောပေါက်လိုက်ပြီး လက်သီးများကို တင်းတင်းဆုပ်ကာ ခေါင်းညိတ်ပြ၍ အလုပ်ကြိုးစားလုပ်ကြမည်ကို ဖော်ပြကြလေသည်။

ကျိလန်လည်း သူတို့ကြည့်ပြီးနောက် ကျေနပ်သွားပြီး မသိမသာ ခေါင်းညိတ်ပြကာ အပေါ်ထပ်သို့တက်သွားတော့သည်။

သိပ်မသိသာစေရန်အတွက် သူတို့လေးယောက်သည် ဝူမြောင်မြောင်ထံသို့ ချဉ်းကပ်၍ တက္ကသိုလ်တက်ရခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ပုံမှန်လိုစကားပြောရန် စာဖတ်ခန်းသို့ ချက်ချင်းမသွားကြပေ။ထိုစကားပြောရန်အတွက် ဆယ်မိနစ်အထိ စောင့်နေကြသည်။

ပထမဆုံးတစ်ယောက်ကတော့ ပေဖန်းဖြစ်သည်။သူသည် အလုပ်ပင်ပန်းဟန်ဆောင်ကာ မတ်တတ်ရပ်၍ သူ့ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား လုပ်လိုက်သည်။ထို့နောက် သစ်သီးဖျော်ရည်တစ်ခွက်နှင့်အတူ ဝူမြောင်မြောင်ရှိသော စာဖတ်ခန်းထောင့်ဆီသို့ လမ်းလျှောက်ထွက်လာလေသည်။

"သူဌေးကတော်။"

ပေဖန်းကက ပြုံးပြီး ဖျော်ရည်ကို ဝူမြောင်မြောင်ဘေးတွင် ထားလိုက်သည်။

"အကြာကြီး စာဖတ်နေတာ ရေဆာရောပေါ့။​​ဖျော်ရည်လေး အရင်သောက်လိုက်ပါလား။"

"ကျေးဇူးပါ။"

ဝူမြောင်မြောင်က ပြုံးပြီး ခေါင်းငုံ့ကာ သူမလက်ထဲမှ ဝတ္ထုကို ဆက်ဖတ်နေလေသည်။သူမသည် ဝတ္ထု၏စိတ်လှုပ်ရှားစရာအကောင်းဆုံး အပိုင်းကို ရောက်နေပြီဖြစ်သည်။တခြားသူများ နှောင့်ယှက်တာကိုလည်း မလိုချင်ခဲ့ပေ။

"သူဌေးကတော် "Midnight Cry"ကို ဖတ်နေတာပဲ။ဒီဝတ္ထုက သူဌေးရဲ့ ဂန္တဝင်လက်ရာတွေထဲက တစ်ခုလေ။ဇာတ်လိုက်က အိမ်ပြန်တဲ့အခါတိုင်း သူ့ကလေးကို နေ့တိုင်း ညှင်းပန်းနှိပ်စက်နေတဲ့ ငယ်ရွယ်တဲ့ မိခင်တစ်ယောက်ပေါ့။ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအပြင် စကားတွေနဲ့လည်း ကလေးကို စိတ်ပိုင်းဆိုင်ရာပါ တိုက်ခိုက်ခဲ့တယ်။ကလေးက သည်းမခံနိုင်တော့ဘဲ သူ့ဆရာမတွေ၊အိမ်နီးနားချင်းတွေ၊အတန်းဖော်တွေကို ချဉ်းကပ်ပြီး သူ့အမေက သူ့ကို နှိပ်စက်နေတဲ့အကြောင်း ပြောပြပေမယ့် ဘယ်သူမှ မယုံခဲ့ကြဘူး။ကလေးပြောတာကို ယုံကြည်မယ့်အစား ကလေးက မသိတတ်မလိမ္မာတဲ့ ကလေးဆိုပြီး ဝေဖန်အပြစ်တင်လိုက်ကြသေးတယ်။ကလေးရဲ့ မိခင်အရင်းဖြစ်တဲ့ ဒီလိုနူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးက သူ့ကလေးကို ညှင်းပန်းနှိပ်စက်လိမ့်မယ်၊အနိုင်ကျင့်လိမ့်မယ်လို့ ဘယ်သူကမှ မယုံကြဘူးလေ။ကျွန်တော် ဒီစာအုပ်ကို ဖတ်ပြီးချိန်မှာတော့ စာအုပ်ထဲဝင်ပြီး အဲ့ဒီကလေးအမေကို သတ်ပစ်ချင်လောက်တဲ့ထိတောင် ဒေါသဖြစ်ခဲ့သေးတယ်။"

ပေဖန်းသည် ဇာတ်ကြောင်း ပြန်ပြောပြနေရင်း သူ့နှလုံးသားလေး နာကျင်လာရပြန်သည်။

" အိုး တွေးကြည့်တော့မှ ဇာတ်လမ်းက ကျွန်တော့်ကို အခုထိအောင် စိတ်တိုအောင်လုပ်နိုင်တာပဲ။"

"ကျွန်မလည်း စိတ်တိုတာပါပဲ။"

ဝူမြောင်မြောင်သည် ကလေးမှာ နှိပ်စက်ခံရသည်ကို သည်းမခံနိုင်တော့ဘဲ အကူအညီတောင်းရန် ထွက်လာသော်လည်း ဆရာများနှင့် အတန်းဖော်များထံမှ ဆူပူကြိမ်းမောင်း ခံလိုက်ရသည်အထိ အခုလေးတင် ဖတ်ပြီးတာဖြစ်သည်။

"ကျွန်မသာ ဝတ္ထုထဲရောက်နေရင်တော့ ကလေးကို သူ့အမေရဲ့ဆံပင်တချို့ ယူလာပေးဖို့ ပြောမယ်။ပြီးရင် ဖုံးကွယ်ထားတဲ့ နည်းပညာကို သုံးပစ်မယ်။လျှို့ဝှက်ဆန်းကြယ်တဲ့ ကျိန်စာရုပ်တစ်ရုပ်လုပ်ဖို့လေ။ပြီးရင် ငွေအပ်တွေကို သုံးပြီး...မဟုတ်ဘူး အရုပ်ကို သံလက်သည်းတွေနဲ့ နေ့တိုင်း ထိုးပစ်မယ်။"

"ဟုတ်​တယ်​။ဟုတ်တယ်။"

ပေဖန်းသည် သူဌေးကတော်အား နှုတ်ကလည်း သဘောတူလက်ခံပေးသလို သူ့ဘာသူလည်း တိတ်တိတ်လေး တွေးနေလေသည်။အရမ်းချစ်စရာကောင်းတယ်လို့ တိတ်တိတ်လေးပြောခဲ့လေသည်။ကျိန်စာရုပ်တစ်ရုပ်ကို တကယ် လုပ်တတ်သလိုမျိုး တစ်ယောက်ယောက်ရဲ့ ဆံပင်နဲ့ လျှို့ဝှက်နည်းပညာတွေပါ သုံးမယ်လို့ပြောနေတာ တကယ်ကို ချစ်စရာကောင်းလှသည်။

"ဒါပေမယ့် ပြောရရင် ဒီဝတ္ထုကို ဖတ်တဲ့အချိန်တုန်းက ကျွန်တော် တက္ကသိုလ်တက်နေတုန်းပဲ။"

ပေဖန်းသည် သူ၏တက္ကသိုလ်တက်သည့် နေ့ရက်များအကြောင်း ပြောဖို့အခွင့်အရေးကို အမိအရ အသုံးချလိုက်သည်။

"အဲဒီတုန်းကဆို တက္ကသိုလ်တက်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ။အဲ့ဒီရက်တွေကို တကယ်လွမ်းမိတယ်။"

ထိုစကားပြောပြီးသောအခါ ပေဖန်းသည် ဝူမြောင်မြောင်၏ တုံ့ပြန်မှုကို တမင်တကာ လှမ်းကြည့်လိုက်သော်လည်း ဝူမြောင်မြောင်သည် ခေါင်းတောင်မော့မလာဘဲ ဝတ္ထုကို ဆက်ဖတ်နေလေသည်။

တက္ကသိုလ်အကြောင်း ဆက်ပြောရမှာလား။သူမကို စကားဝိုင်းအတွင်းသို့ အတင်းဆွဲခေါ်ဆို့သာ ဆုံးဖြတ်လိုက်တော့သည်။

"သူဌေးကတော် မကြာခင် တက္ကသိုလ်တက်ရမယ့်နေ့တွေ ရောက်တော့မယ်နော်။တက္ကသိုလ်က တကယ်ကောင်းတဲ့နေရာဆိုတဲ့အကြောင်းကို ပြောပြမယ်လေ။ကျွန်တော် တက္ကသိုလ်တက်တုန်းကဆို ကျွန်တော်........"

"ကျွန်မ တက္ကသိုလ် ဆက်တက်မှာ မဟုတ်ဘူးလေ။"

ဝူမြောင်မြောင်သည် ပေဖန်းအား စကားဖြတ်ပြောလာ၏။

ပေဖန်းမှာ ဆွံ့အသွားလေသည်။သူမ တက္ကသိုလ် မတက်ချင်ဘူးဆိုတာ သိပေမယ့် အနည်းဆုံးတော့ သူ့ဇာတ်လမ်းလေးကို ပြီးအောင်ပြောပြဖို့ အခွင့်အရေးပေးလိမ့်မည်ဟု မျှော်လင့်ခဲ့မိသည်။

"ဘာ...ဘာလို့လဲ။တက္ကသိုလ်က တကယ် ပျော်ဖို့ကောင်းတဲ့နေရာပါ။အထက်တန်းကျောင်းနဲ့ လုံးဝမတူဘူး။စိတ်ဝင်စားစရာတွေ အများကြီးလုပ်လို့ရတယ်။"

ပေဖန်းက စိတ်အားထက်သန်စွာ ပြောပြလေသည်။

"စိတ်ဝင်စားစရာတွေလား။ဟုတ်လား။"

ဝူမြောင်မြောင်တစ်ယောက် နောက်ဆုံး ထိုအကြောင်းအရာကို စိတ်ဝင်စားလာသည်အား သတိထားမိသောအခါ ပေဖန်းသည် အလျင်အမြန် ဆက်ပြောလေသည်။

"ဥပမာ တက္ကသိုလ်က ကလပ်အမျိုးမျိုးမှာ ဝင်ပါလို့ရတယ်။အတန်းချိန်လစ်လို့ရတယ်။ဒါမှမဟုတ် ဆိုရှယ်ပါတီတွေကို တက်တာမျိုးတို့ပေါ့။တွေးကြည့်တော့မှ ကျွန်တော်ရဲ့ အချစ်ဦးကိုလည်း ဆိုရှယ်ပါတီတစ်ခုမှာ တွေ့ခဲ့တာလေ..."

"ရှောင်ပေ ရှင်က ကျွန်မယောကျာ်းနောက်ကွယ်မှာ အငယ်အနှောင်းထားဖို့ ကျွန်မကို တွန်းပို့တဲ့အထိ သတ္တိတွေရှိနေတယ်ပေါ့။"

ဝူမြောင်မြောင်က ရုတ်တရက် ပြန်ပြောလိုက်သည် ။

*အငယ်အနှောင်းထားဖို့?

အိုး..သူတော့ အထင်လွဲအောင် ပြောမိပြီ။သူတော်တော် တုံးတာပဲ။*

"ကျွန်တော်က အဲ့ဒီလိုသဘောမျိုး ဆိုလိုတာမဟုတ်ပါဘူး။သူဌေးကတော် မိန်းကလေးရည်းစား ဒါမှမဟုတ် ယောကျာ်းလေးရည်းစား ရှာဖို့မလိုပါဘူး။အဲ့ဒီမှာဆို သာမန်သူငယ်ချင်းတွေလည်း ဖြစ်နိုင်ပါတယ်။လူတိုင်းအတွက် အဓိကရည်ရွယ်ချက်က သူငယ်ချင်းတွေနဲ့ အတူတူ လျှောက်လည်ပြီး ပျော်ပျော်နေနိုင်ဖို့ပဲလေ။တက္ကသိုလ်ကနေ ဘွဲ့ရပြီးသွားတာနဲ့ အဲ့ဒီလိုအခွင့်အလမ်းမျိုး ထပ်မံမရနိုင်တော့ဘူးလေ။"

ပေဖန်းသည် သူ၏စိတ်ရင်းအမှန်နှင့် ပြောနေခဲ့တာဖြစ်သည်။

ဝူမြောင်မြောင်က "အိုး"ဟု အသံထွက်သွားကာ ဝတ္ထုကို ခေါင်းငုံ့ထား၍ ဆက်ဖတ်နေလေသည်။ဤသည်မှာ သူပြောနေသည့်အရာများကို စိတ်မဝင်စားမှန်း သိသာထင်ရှားလွန်းလှသည် ။

ပတ်ဝန်းကျင်လေထုသည် ချက်ချင်း ကသိကအောက် ဖြစ်လာလေသည်။

ပေဖန်းသည် အကြိမ်ပေါင်းများစွာ သူ့ ပါးစပ်ကိုဖွင်လိုက်ပေမယ့် နောက်ဆုံးတော့ ဘာတစ်ခွန်းမှမပြောနိုင်ဘဲ ဝမ်းနည်းပက်လက် ဖြစ်သွားလေသည်။

"ဘယ်လိုဖြစ်သွားပြီလဲ။"

ကျန်သည့်သုံးယောက်မှာ ပေဖန်းဆီသို့ လျှောက်လာပြီး သူ့အနားတွင် ဝိုင်းအုံလာကြလေသည်။

ပေဖန်းသည် ခေါင်းကို အပြင်းအထန်ခါယမ်းပြလေသည်။

"သူဌေးကတော်က တက္ကသိုလ်မှာဖြစ်နေတဲ့ စိတ်ဝင်စားစရာတွေကို လုံးဝ စိတ်မဝင်စားဘူး။"

"ထင်တဲ့အတိုင်းပဲ။ယွမ်ငါးသောင်းဆိုတာ လွယ်လွယ်နဲ့ မရနိုင်ပါဘူး။"

ယီကွမ်က မှတ်ချက်ပေးလိုက်၏။

"နောက်ထပ် ဘယ်သူသွားမှာလဲ။"

တုန်ရုမ်းယွမ်က မေးလိုက်သည်။

"ငါသွားမယ်။"

ရှန်ကျွင်းယီက မတ်တပ်ထရပ်ပြီး သူ့အမေပို့ထားသည့် အရသာရှိသော အစားအစာများကို ယူလိုက်ကာ ဝူမြောင်မြောင်ဆီသို့ သွားလေသည်။

"သူဌေးကတော် ဒါ ကျွန်တော့်အမေ ကိုယ်တိုင်လုပ်ထားတဲ့ အမဲသားနှပ်ပါ။အရမ်းအရသာရှိတယ်။စားကြည့်ပါလား။"

"ကျေးဇူးပါ။အန်တီကိုလည်း ကျေးဇူးတင်ပါတယ်လို့။"

ဝူမြောင်မြောင်သည် အလွန်ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်သည်။

"ရပါတယ်။စားကြည့်လို့ ကြိုက်တယ်ဆို​ ​ပြော​နော်​။​နောက်​ထပ်​ အမေ့ကို ထပ်လုပ်​​ခိုင်းလိုက်မယ်။​"

ရှန်ကျွင်းယီက ရက်ရက်ရောရော ပြောလေသည် ။

"အရမ်းကြင်နာတတ်တာပဲ။အဲ့ဒီလို လုပ်ပေးဖို့ မလိုပါဘူး။"

ဝူမြောင်မြောင်သည် စားရတာကို ကြိုက်ပေမယ့် သူတစ်ပါးကို အနှောက်အယှက် ပေးတတ်တဲ့သူမျိုး မဟုတ်ပေ။

"အဲ့ဒါက အပန်းမကြီးပါဘူး။ကျွန်တော် တက္ကသိုလ်ဝင်ခွင့်ဖြေဖို့ စီစဉ်တုန်းကဆို အမေက အရမ်းတွေကို စိတ်အားထက်သန်ပြီး ရွာထဲမှာ သုံးရက်ကြာအောင် ပျော်ပျော်ပါးပါး စားပွဲသောက်ပွဲကျင်းပခဲ့တာ။အမေက ဧည့်သည်တစ်ယောက်ချင်းစီကို သူ့တစ်ဘဝလုံးမှာ ကျွန်တော့်အတွက် ဂုဏ်ယူမိကြောင်း ဝမ်းသာအားရ လိုက်ပြောပြခဲ့သေးတာ။"

ရှန်ကျွင်းယီသည် အမဲသားနှပ်လုပ်ပေးသည့် သူ့အမေအကြောင်းမှ အတင်းကာရော တက္ကသိုလ်တက်ခဲ့သည့် အကြောင်းကို ချိတ်ဆက်ပြောဆိုကာ ကိုယ့်ကိုကိုယ်ပါ ကြွားလိုက်သေးသည်။

အိုး ဘုရားရေ ဒီဝါကျကို ဘယ်ဇာတ်ညွှန်းထဲမဆို ထည့်ရေးလိုက်ရင်တော့ သူဌေးဆီက ကြိမ်းမောင်းခံရမှာ သေချာသည်။သူ့ရဲ့ယုတ္တိတန်တဲ့ အသိတွေက ခွေးစားသွားတာလားဟုပင် မေးလာနိုင်သည်။

ရှန်ကျွင်းယီသည် ပေဖန်းကြုံခဲ့သည်အား သင်ခန်းစာယူပြီး ဝူမြောင်မြောင်၏ တုံ့ပြန်မှုကို စောင့်မနေပေ။စောင့်နေမည့်အစား သူသည် ဝူမြောင်မြောင်ကို စကားဝိုင်းထဲသို့ အတင်းဆွဲခေါ်လေသည်။

"သူဌေးကတော်လည်း မကြာခင် တက္ကသိုလ်တက်သင့်တယ်။တက္ကသိုလ်က အထက်တန်းကျောင်းနဲ့ လုံးဝမတူတဲ့ နေရာကောင်းတစ်ခုပါ။နေ့တိုင်း အစိုင်းမန့်ရေးစရာမလိုဘူး။လစဉ် စာမေးပွဲတွေလည်း ဖြေစရာမလိုဘူး။အတန်းထဲမှာလည်း ကြိုက်တဲ့အချိန် အိပ်လို့ရတယ်။ဆရာမက ဆူမှာလည်းမဟုတ်ဘူး။အတန်းမတက်ချင်ဘူးဆိုရင်လည်း အတန်းလစ်လို့ရတယ်။အိပ်ဆောင်ထဲမှာပဲ တစ်နေ့လုံး ဂိမ်းဆော့လို့ရတယ်။မမိုက်ဘူးလား။အဲ့ဒါကမှ တကယ့် လူငယ်ဘဝပဲ။"

ဝူမြောင်မြောင်သည် သူပြောသည်များအား ဂရုတစိုက်နားထောင်ပြီး မေးလိုက်လေသည်။

"တော်တော်တော့ မိုက်မဲ့ပုံပဲ။ဒါပေမယ့် အဲ့ဒီလိုတွေလုပ်မနေဘဲ တက္ကသိုလ်မတက်တာက ပိုမလွယ်ဘူးလား။"

ရှန်ကျွင်းယီသည် သူမ၏မေးခွန်းကြောင့် ဆွံ့အသွားလေသည်။ရှန်ကျွင်းယီ ထွက်ခွာရပြန်သည်။

နှစ်ယောက်ဆက်တိုက် ရှုံးနိမ့်ပြီးနောက်တွင် သူတို့လေးယောက်စလုံး အံ့ဩတုန်လှုပ်သွားကြလေသည်။

*ဘာတွေဘယ်လို ဖြစ်ကုန်ကြတာလဲ။သူတို့ သူမကို ပြောပြခဲ့တာတွေက အများအားဖြင့် လူတွေ သဘောကျကြတဲ့ အကြောင်းအရာတွေ မဟုတ်ဘူးလား။သူဌေးကတော်က ဘာလို့ ဘာမှမဖြစ်ရတာလဲ။*

"ယီကွမ်?"

တုန်ရုန်းယွမ်သည် ယီကွမ်ကို ကြည့်လိုက်၏။ယခုအချိန်အတွင် သူတို့နှစ်ယောက်သာကျန်တော့သည်။

"ငါတို့ ခဏလောက် ထပ်ပြီး စောင့်ကြမလား။ငါတို့နှစ်ယောက်ပဲ ကျန်တော့တာလေ။တကယ်လို့ ငါတို့က ထပ်ပြီး ချဉ်းကပ်ကြမယ်ဆိုရင် သူဌေးကတော်က တက္ကသိုလ်တက်ဖို့ အကြံဉာဏ်ကို ပိုပြီးတော့တောင် မသွားချင်တာမျိုး ဖြစ်သွားနိုင်တယ်နော်။"

ယီကွမ်ပြောလိုက်၏။

"ဟုတ်တယ်။"

တုန်ရုန်းယွမ်က ခေါင်းညိတ်ပြလာသည်။

"ဒါဆို နေ့လည်စာစားပြီးမှ တခြားအခွင့်အရေး ရှာရအောင်ပါ။"

တုန်ရုန်းယွမ်က ထိုသို့်ပြောပြီးသည်နှင့် တပြိုင်နက် သူတို့လေးယောက်၏ ဖုန်းများတွင် အသံများ မြည်လာလေသည်။လေးယောက်စလုံး သူတို့၏ဖုန်းများကို ထုတ်ယူကာ စစ်ကြည့်လိုက်သောအခါ ကုမ္ပဏီ၏ဂရုချက်ထဲတွင် မက်ဆေ့ချ် အသစ်တစ်စောင် ရှိနေသည်ကို တွေ့လိုက်ရသည်။

ကျိလန်:[ဘယ်လိုလဲ။]

စကားလုံးနှစ်လုံးတည်းနှင့်ပင် သူတို့ကို သေစေလောက်သည်အထိ အလွန်အားပြင်းပေသည်။

"သူဌေးက အချက်အလက် အသစ်တွေရဖို့အတွက် တိုက်တွန်းထားတာပဲ။ငါတို့ ဒီတာဝန်ကိုသာ ကျရှုံးခဲ့ရင် ဆုကြေးငွေ ယွမ်ငါးသောင်း ဆုံးရှုံးရမယ်ဆိုတာက ပါပပဲ။ငါတို့ဘဝတွေပါ အချိန်အတိုင်းအတာတစ်ခုအထိ ကံဆိုးမိုးမှောင်ကျသွားနိုင်တယ်လို့ ခံစားမိနေတယ်နော်။"

ရှန်ကျွင်းယီက အလေးအနက်ထားပြီး ပြောနေပေသည်။

"ငါသွားမယ်။!"

*သူဌေးက သတင်းကောင်းကို ကြားရဖို့အတွက် တိုက်တွန်းနေမှတော့ အခုအချိန်မှ ဘယ်သူက နေ့လယ်စာ စားဝံ့ဦးမှာလဲ။*

ယီကွမ်သည် သူ၏အင်္ကျီလက်များကို မတင်လိုက်ပြီး စာဖတ်သည့်နေရာဆီသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလေသည်။ကလေးတစ်ယောက်လို အပြုံးမျိုးပြုံးကာ ဝူမြောင်မြောင်အား စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်လေသည်။

"သူဌေးကတော်..."

ဝူမြောင်မြောင်က သူ့ဘက်ကို လှည့်လာပြီး သူ့နည်းတူ ပြန်ပြုံးပြကာ မေးလေသည်။

"ရှောင်ကွမ်ကွမ် ရှင်ရော ကျွန်မကို တက္ကသိုလ်တက်ဖို့ စည်းရုံးရေးလာဆင်းတာလား။"

ယီကွမ်မှာ ဘာမှမပြောနိုင်တော့ပေ။

"'အိုး ကျွန်မ သွားမှာမဟုတ်ဘူး'လို့ပဲ ပြောပါရစေ။ကျွန်မကို နောက်တစ်ခါထပ်ပြီး လာစည်းရုံးရင် စိတ်ဆိုးတော့မှာနော်။"

ဝူမြောင်မြောင်က ပြုံးပြုံးလေးဖြင့် ပြောလိုက်လေသည်။

ယီကွမ်သည် ခဏလောက်ရပ်နေပြီး ပြန်ပြောလာသည်။

"...ကျွန်တော် အခုပဲ ပြန်သွားတော့မှာပါ...."

ယီကွမ်ခမျာ ဘာမှတစ်ခွန်းမှ ပြန်မပြောနိုင်လောက်အောင် ဖြစ်သွားပြီး စိတ်လွင့်သွားခဲ့သည်။သူသည် အလုပ်ခွင်ဆီသို့ ခေါင်းကြီးငုံ့ပြီးပြန်လာခဲ့သည်။ပြန်လာသည့် အချိန်ထိတိုင်အောင် သူ့ခေါင်းကြီး ဗလာကြီးဖြစ်နေခဲ့ပြီး စကားခုနစ်ခွန်းကိုသာ ပြန်ပြောနိုင်ခဲ့သည်။စကားလုံးများကို အတူပေါင်းကြည့်လျှင် အဓိပ္ပာယ်မှာ "သူဌေးကတော် ကျွန်တော် အခုပဲ ပြန်သွားတော့မှာပါ။"ဟူ၍ပင်။

*ပြန်မယ်..ဘယ်ကို ပြန်ရမှာလဲ။သူက အလုပ်ထွက်ဖို့ ကြိုးစားနေတာလား။*

သူတို့ သုံးယောက်စလုံး အထင်သေးအမြင်သေးဖြင့် ကြည့်နေခဲ့လေသည်။

"အသုံးမကျလိုက်တာ။"

ယီကွမ်ခမျာ မျက်ရည်မကျဘဲ ငိုချင်နေသလိုမျိုး ခံစားနေရလေသည်။

"သူဌေးကတော်က ငါတို့ရဲ့ ရည်ရွယ်ချက်တွေကို သိသွားပြီပေါ့။ငါတို့ အခု ဘာလုပ်ရတော့မလဲ။ဒီတာဝန်ကို အောင်မြင်ဖို့က အရမ်းခက်မယ်ထင်တယ်နော်။"

ထိုအချိန်တွင် သူတို့အားလုံး၏ဖုန်းများ အသံမြည်လာပြန်သည်။သူတို့အားလုံး ငုံ့ကြည့်လိုက်ကြရာ ဂရုချက်ထဲတွင် နောက်ထပ် မက်ဆေ့ချ်တစ်စောင်ကို တွေ့လိုက်ကြရသည်။

ကျိလန်: [ပြန်ဖြေကြဦးလေ။]

နောက်ထပ် စကားလုံး နှစ်လုံးပင်ဖြစ်သည်။တိုတောင်းသော်လည်း ဒီတစ်ကြိမ် အသံနေအသံထားမှာ ယခင်တစ်ခေါက်ကနှင့် လုံးဝမတူပါ။သူတို့လေးယောက်စလုံး ထိတ်လန့်သွားပြီး သူဌေးမေးထားသည်ကို ပြန်မဖြေရသေးမှန်း အခုမှ သတိရသွားကြတော့သည်။ချက်ချင်းဆိုသလိုပင် သူတို့၏ဖုန်းများကို အသီးသီး ထုတ်ယူကာ မက်ဆေ့ချ်များကို စတင်ဖြေကြလေသည်။

ပေဖန်း: [ရှောင်တုန်းပြောတာတော့ သူဖြေရှင်းပါ့မယ်တဲ့။]

ယီကွမ်: [ရှောင်တုန်းပြောတာတော့ သူဖြေရှင်းပါ့မယ်တဲ့။]

ရှန်ကျွင်းယီ: [ရှောင်တုန်းပြောတာတော့ သူဖြေရှင်းပါ့မယ်တဲ့။]

တခြားသူတွေထက် စာရိုက်သည့်အရှိန် ပိုနှေးနေသော တုန်ရုန်းယွမ်မှာ ဒေါသူပုန်ထလေတော့သည်။

"မင်းတို့ကောင်တွေ ငါ့ကို တကယ်ပဲ သစ္စာဖောက်လိုက်ကြတာပဲ။"

ကျန်သုံးယောက်ကလည်း တောင်းပန်ဟန်ဖြင့် ပြောလာကြ၏။

"မင်းတစ်ယောက်ပဲ ကျန်တော့တာလေ။ကံကောင်းပါစေ။ဆုကြေးငွေကို မင်းများများ ပိုရနိုင်တာပေါ့။"

*သောက်ကျိုးနည်းကောင်တွေ!*

တုန်ရုန်းယွမ်သည် လက်ရှိအခြေအနေကို လက်ခံရန် မလိုလားပေမယ့် သူ့ကိုယ်သူ အားတင်းဖို့ကလွဲလို့ ရွေးစရာမရှိတော့ပေ။

တုန်ရုန်းယွမ်:[ သူဌေး နေ့လယ်စာ စားပြီးရင် ကျွန်တော် ကြိုးစားလိုက်ပါ့မယ်။]

ကျိလန်:[အင်း မဆိုးပါဘူး။]

*မဆိုးပါဘူး? သူဌေးက သူ့ကို တကယ်ချီးကျူးလိုက်တာလား?*

ကြည့်ရတာ ရှင်ရင် ရွှေထီး၊သေရင် မြေကြီးဖြစ်မည့်ပုံပင်။မဟုတ်ရင် သူဌေးက သူ့အိမ်မက်တွေထဲကို လာရှာနိုင်သည်။

ထိုအချိန်တွင် မြို့အနောက်ဘက်ရှိ စွန့်ပစ်ထားသော မိဘမဲ့ဂေဟာတစ်ခုတွင် ရှုဝေသည် သူ၏ဆရာသခင်ဖြစ်သော ရှုသခင်ကြီးအား မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြနေသည်။

"ဆရာ ဒီမှာပါ။မနေ့က ကျွန်တော်နဲ့အတူ ယီဟဲ ဘုန်းကြီးကျောင်းက ကျင့်ကြံသူနှစ်ယောက်ပေါင်းပြီး ကလေးတစ္ဆေကို ဖမ်းဖို့ ဒီကိုလာခဲ့ကြပါတယ်။အစက ကလေးတစ္ဆေကို ထောင်ချောက် ဆင်ထားပြီးသားပါ။ဖမ်းမိတော့မှာကို နောက်ဆုံးကျ သူက လေထုထဲမှာ ရုတ်တရက်ကြီး ပျောက်သွားပါတယ်။ကျွန်တော်တို့ ဒီနားတစ်ဝိုက်ကို အချိန်အကြာကြီး ရှာခဲ့ပြီးပါပြီ။ဒါပေမဲ့ ခြေရာလက်ရာကို မတွေ့ခဲ့ပါဘူး။သူက ဘာမှရှာမရအောင် ပျောက်သွားတာပါ။အနီးနားတစ်ဝိုက်မှာ တစ္ဆေစွမ်းအင်တွေတောင် ဘာတစ်ခုမှ ကျန်မနေခဲ့ပါဘူး။အတော်လေး ထူးဆန်းပါတယ်။"

"အဲ့ဒီအချိန်တုန်းက မင်းတို့သုံးယောက် ရပ်နေတဲ့ အနေအထားက ဘယ်လိုမျိုးလဲ။"

ရှုသခင်ကြီးက မေးလိုက်လေသည်။

"အဲ့ဒီအချိန်တုန်းက ကျွန်တော် ဒီနားမှာ ရပ်နေခဲ့တာပါ။တာအိုကျင့်ကြံသူ ချင်းရွှမ်နဲ့ ယီရွှမ်တို့က ဟိုနားနဲ့ ဟိုနားမှာ ရပ်နေခဲ့တာပါ။"

ရှုဝေသည် သူ၏ဆရာအား တစ်နေရာချင်းစီ ညွှန်ပြလိုက်သည်။

"ကာကွယ်ရေးအစီအရင်က လုံးဝ ဟာကွက် မရှိဘူး။အဲ့ဒီကလေးသရဲ လွတ်မြောက်ဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။"

ရှုသခင်ကြီးက ပြောလေသည်။

"ကျွန်တော်တို့လည်း ဒီလိုပဲထင်မိခဲ့ကြပါတယ်။"

ရှုဝေက ပြန်ပြောလိုက်၏။

"အဲ့ဒီကလေးတစ္ဆေက သူ့တစ်ကိုယ်လုံးမှာ သွေးကွက်တွေ ပြည့်နေတာပါ။ဒီလောက် အသက်ငယ်ငယ်လေးနဲ့ သူ့ရဲ့အငြှိုးအတေး တာဝါက မိုးထိအောင် မြင့်ပါတယ်။သူမသေခင်မှာ တော်တော်လေး ဆိုးရွားတဲ့ ဘဝမျိုး ပိုင်ဆိုင်ခဲ့ရမယ်ထင်ပါတယ်။ဒါကြောင့် သူသေပြီးတဲ့နောက်မှာ သူ့အရွယ်ကလေးတွေက ပျော်ရွှင်နေတာမျိုးကို သူ မြင်ရရင် သည်းမခံနိုင်တော့ပါဘူး။သူက အထူးသဖြင့် ကလေးငယ်တွေဆီကနေ သွေးအဆီအနှစ်စုပ်ယူပါတယ်။ဒီကနေ သိပ်မဝေးတဲ့နေရာမှာ မိဘမဲ့ဂေဟာတစ်ခုရှိပါတယ်။ပြီးတော့ ဂေဟာထဲက ကလေး ဆယ်ယောက်ကျော်ကို သူက ညှို့ယူဖမ်းစားထားကို တွေ့ခဲ့ရပါတယ်။"

"ကလေးဆယ်ယောက်ကျော်?"

ရှုသခင်ကြီး၏ မျက်လုံးများသည် ရုတ်တရက် ဝင်းခနဲဖြစ်သွားလေသည်။ရှုပ်ထွေးနေသော အခြေအနေတစ်ခုတွင် ကလေးတစ္ဆေများသည် သူတို့သေဆုံးသွားခဲ့သည့် အချိန်အတွင် အတော်လေး ငယ်ရွယ်နေသေးသဖြင့် များသောအားဖြင့် ပြန်လည်ဝင်စားဖို့ပဲ ရွေးချယ်တတ်ကြသည်။သူတို့သည် သက်ရှိကမ္ဘာရှိထဲတွင် ဆက်လက်စွဲကျန်မနေခဲ့ပေ။သို့သော် သက်ရှိကမ္ဘာထဲတွင် ကျန်နေရစ်ဖို့ ရွေးချယ်လိုက်သည့် မည်သည့် ကလေးတစ္ဆေမဆို အန္တရာယ်များသည်မှာ မေးနေစရာတောင်မလိုပေ။သူတို့၏ခန္ဓာကိုယ်များသည် အပြည့်အဝ ရင့်ကျက်မှုမရှိသေးသည့်အပြင် ယန်စွမ်းအင်မရှိသောကြောင့် သူတို့အတွက် ယင်စွမ်းအားနှင့် မကောင်းသော ချီစွမ်းအားများကို စုပ်ယူရသည်မှာ ပိုမိုလွယ်ကူကြသည်။အထူးသဖြင့် သူတို့သေပြီးနောက်တွင် အရွယ်ရောက်ပြီးသား သရဲတစ္ဆေများထက် အငြိုးစွမ်းအားများ စုပ်ယူရသည်မှာ ပို၍ပင်လွယ်ကူသေးသည်။

ဤကလေးတစ္ဆေသည် ကလေးဆယ်ယောက်ကျော်၏ သွေးအဆီအနှစ်ကို ဆက်တိုက် စုပ်ယူခဲ့ပြီးပြီဖြစ်သည်။အခုအချိန်တွင် ဤထူးခြားနေသော ကလေးတစ္ဆေသည် အတော်လေး အန္တရာယ်များနေမှာကို စိုးရိမ်မိသည်။

"ဟုတ်ကဲ့။မိဘမဲ့ဂေဟာရဲ့ ဌာနမှူးက သာမန်လူတစ်ယောက်မို့ ဒီကိစ္စကို မသိပါဘူး။ကျင့်ကြံသူချင်းရွှမ်ရဲ့ သိုင်းလောကညီလေးက မိဘမဲ့ဂေထဲမှာ စေတနာ့ဝန်ထမ်းအဖြစ် သွားတုန်းက ဒီကလေးတွေရဲ့ ပြဿနာတွေကို ရှာတွေ့ခဲ့တာပါ။ဒါကြောင့် သူက ယီဟဲဘုန်းကြီးကျောင်းက လက်ထောက်ကို သွားရှာခဲ့တာပါ။"

သူနှင့် တာအိုကျင့်ကြံသူ ချင်းယွမ်တို့သည် ရုပ်လွန်ပညာ ကျင့်ကြံသူများကြားတွင် မျိုးဆက်တူ တပည့်များဖြစ်ကြသည်။တစ္ဆေများကို လိုက်ဖမ်းသည့်အခါ မကြာခဏ အမှတ်မထင် တွေ့ဆုံတတ်ကြသည်။အချိန်ကြာလာသည်နှင့်အမျှ ခင်မင်ရင်းနှီးလာပြီး သူငယ်ချင်းကောင်းများ ဖြစ်လာကြသည်။ချင်းရွှမ်သည် ကလေးတစ္ဆေမှာ မည်မျှ အစွမ်းထက်သည်ကို သိထားသောကြောင့် ထိုကိစ္စအား ကူညီပေးရန် သူ့အား တောင်းဆိုခဲ့သည်။

"သွေးအဆီအနှစ်တွေ စုပ်ခံရတဲ့ ကလေးတွေ ဘာဖြစ်သွားကြလဲ။"

ရှုသခင်ကြီးက မေးလိုက်လေသည်။

"တာအိုကျင့်ကြံသူချင်းရွှမ်က သူတို့ရဲ့ခန္ဓာကိုယ်တွေထဲက တစ္ဆေစွမ်းအားတွေကို ပပျောက်သွားအောင် ကူညီပေးပြီးပါပြီ။ဒါပေမယ့် သူတို့ရဲ့ သွေးအနှစ်သာရကတော့ ပြန်ကောင်းမလာနိုင်တော့ပါဘူး။ပြုစားရတဲ့ကလေးတွေက အခုတော့ အရမ်းအားနည်းနေပြီး ပြန်ကောင်းလာဖို့ အချိန်နည်းနည်းတော့ ကြာလောက်ပါတယ်။"

ရှုဝေက မျက်မှောင်ကြုတ်လိုက်လေသည်။

ဒီကလေးတွေအားလုံး မိဘမဲ့တွေဖြစ်သည်။သူတို့တွေက ဒီအတိုင်းလေးတင်ကို အတော်လေး သနားဖို့ကောင်းနေပြီးသားဖြစ်သည်။

*ကလေးတစ္ဆေတစ်ကောင်က သူတို့ကို ပစ်မှတ်ထားလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ။မနေ့ညတုန်းက သူသိပ်ပြီး စိတ်မပျော့လိုက်သင့်ဘူး။ပြီးတော့ ကလေးသရဲကိုလည်း လွတ်မြောက်ဖို့ အခွင့်အရေးမပေးလိုက်သင့်ဘူး။သူ ချင်းရွှမ်ရဲ့ စကားကို နားထောင်လိုက်သင့်တာ။ကလေးတစ္ဆေရဲ့ဝိညာဉ်ပုံစံကို တိုက်ရိုက်မောင်းထုတ်ပစ်ခဲ့သင့်တာ။*

"တော်သေးတာပေါ့။"

ရှုသခင်ကြီးက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေပြင်ပေါ်တွင် အချိန်တစ်ခုကြာအောင် သေချာ စစ်ဆေးကြည့်လေသည်။ကြည့်ရတာ တစ်ခုခုကို ရှာနေပုံပေါ်သည်။ရုတ်​တရက်​ လက်​လှမ်းပြီး ​မြေပြင်​​ပေါ်ရှိ ​ကျောက်​ခဲတစ်​လုံးကို ​ကောက်ယူ​လိုက်လေသည်။ထို့နောက် ထိုကျောက်ခဲဖြင့် မြေပြင်တွင် တစ်ခုခုကို ဆွဲလိုက်လေသည်။

ခဏအကြာတွင် ရှုပ်ထွေးပြီး ထူးဆန်းသည့်ပုံစံတစ်ခု ပေါ်လာသည်။

"ဆရာ အဲ့ဒါက ဘာလဲ။"

ရှုဝေက မေးလေသည်။

"ဒါက မန္တာန် ပုံစံတစ်မျိုးမျိုး ဖြစ်လိမ့်မယ်။"

ရှုသခင်ကြီးက ပြန်ပြောလာ၏။

"စောစောက ဒီနားတစ်ဝိုက်မှာ ငါတို့နဲ့ရော တစ္ဆေစွမ်းအင်နဲ့ပါ မတူတဲ့စွမ်းအင်မျိုးကို ခံစားမိလိုက်တယ်။ဒီစွမ်းအင်စီးဆင်းမှု နောက်ကိုလိုက်ပြီး ဒါကို ဆွဲပြီး ဒီလိုမန္တာန်ပုံစံမျိုးကို ဖော်လိုက်တာပဲ။ကြည့်ရတာ ကလေးတစ္ဆေက သူ့ဘာသာတော့ မလွတ်မြောက်နိုင်လောက်ဘူး။သူ့ကို တခြားတစ်ယောက်ယောက်က ကယ်လိုက်တာဖြစ်လိမ့်မယ်။"

"ကလေးတစ္ဆေကို တစ်ယောက်ယောက်ကများ ပျိုးထောင်ထားတာ မဖြစ်နိုင်ဘူးလား။"

ရှုဝေသည် အံ့ဩတကြီး ပြောလိုက်၏။ရုပ်လွန်ပညာလောကတွင် တစ္ဆေတစ်ကောင်ကို ပျိုးထောင်ခြင်းသည် လုံးလုံး တားမြစ်ထားသော ကိစ္စကြီးဖြစ်သည်။ကျင့်ကြံသူတစ်ယောက်က ဒီတားမြစ်ချက်ကို ကျူးလွန်မိသည်နှင့်တစ်ပြိုင်နက် ရုပ်လွန်ပညာလောက အဖွဲ့အစည်းတစ်ခုလုံး၏ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရပေလိမ့်မည်။

"အရင်ဆုံး ဒီမန္တာန်ဒီဖွဲ့စည်းပုံက ဘယ်လိုအမျိုးအစားလဲဆိုတာ သိဖို့လိုတယ်။"

ရှုသခင်ကြီးသည် မြေပြင်ပေါ်ရှိ မန္တာန်ဖွဲ့စည်းပုံကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

"စိတ်စွမ်းအားနည်းပညာတွေကို ဆယ်စုနှစ်တွေကြာအောင် လေ့ကျင့်ခဲ့တာမို့ ရုပ်လွန်ပညာဂိုဏ်းအမျိုးမျိုးရဲ့ မန္တာန်ပုံစံတွေနဲ့ အဆောင်လက်ဖွဲ့အမျိုးမျိုးကို နည်းနည်းတော့ နားလည်တယ်လို့ ပြောလို့ရတယ်။ဒါပေမဲ့ ဒီလိုမန္တာန်ပုံစံမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး။"

"ဒါက မှော်နက်ကျင့်ကြံသူရဲ့ မန္တာန်တစ်ခုပဲ။ဒီလိုပုံစံမျိုးကို ကျွန်တော်တို့တွေက ဘယ်လိုလုပ် မြင်ဖူးကြမှာလဲ။ဆရာ မသိတာ အံ့သြစရာတော့ မဟုတ်ပါဘူး။"

ရှုဝေက ပြောလေသည်။

"မင်း...မင်းကို ဘယ်လိုထပ်ပြီး ဝေဖန်ရတော့မလဲ မသိတော့ဘူး။မင်းရဲ့ စရိုက်က ဖြောင့်မှတ်ပြီး စိတ်ကြီးဝင်လွန်းတယ်။သူတစ်ပါးကို မကြာခဏ အထင်သေးတတ်တယ်။မှော်နက်ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေကို ငါတို့တွေက အသုံးမပြုနိုင်ပေမဲ့ သူတို့ရဲ့ နည်းလမ်းတွေက ဘယ်လို အလုပ်လုပ်သလဲဆိုတာကို လေ့လာတာ ဒါမှမဟုတ် နားလည်အောင် မလုပ်ဘူးဆိုရင် အနာဂတ်မှာ မင်းသူတို့နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းပဲ ဒုက္ခရောက်လိမ့်မယ်။"

ရှုသခင်ကြီးက သက်ပြင်းချလိုက်လေသည်။

"မကောင်းမှုက ကောင်းမှုကို ဘယ်တော့မှာ မအောင်နိုင်ဘူးလို့ အခိုင်အမာ ယုံကြည်ပါတယ်။"

ရှုဝေက အသံ ကျယ်စွာ ပြောလိုက်သည်။

"ခေါင်းမာလိုက်တာ!"

ရှုသခင်ကြီးက သူ၏ဒုတိယတပည့်သည် ခေါင်းမာတတ်သူဖြစ်ကြောင်း သိထားပါသည်။ကံကောင်းထောက်မစွာဖြင့် ပါရမီပါသဖြင့် ရုပ်လွန်ပညာစွမ်းရည်တွင် အတော်လေး တော်ထက်ပြီး ရုပ်လွန်ပညာနည်းလမ်းများကို ကောင်းကောင်း အသုံးချတတ်သည်။မကောင်းဆိုးရွားဝိညာဉ်အများစုနှင့် မှော်နက်ကျင့်ကြံသူများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။ထိုသို့သာမဟုတ်လျှင် သူသည် အတော်လေး စိတ်ပူစရာကောင်းသော တပည့်တစ်ယောက် ဖြစ်နေပေလိမ့်မည်။

ရှုသခင်ကြီးသည် အိမ်ပြန်သွားသည့်အခါ ရှာကြည့်လို့ရရန် သူ၏ဖုန်းဖြင့် သူဆွဲထားခဲ့သော မန္တာန်ပုံစံကို ဓာတ်ပုံရိုက်ယူလေသည်။

"ဒီမန္တာန်ရဲ့ အရင်းအမြစ်ကို ရှာဖို့အတွက် အရင် ပြန်နှင့်မယ်။ဒီအချိန်အတွင်းမှာ ကလေးတစ္ဆေရဲ့ လှုပ်ရှားမှုတွေကို အာရုံစိုက်ထားပါ။နောက်ထပ် တခြားကလေးတွေရဲ့ သွေးအဆီအနှစ်တွေကို ထပ်ပြီး စုပ်ယူခွင့်မပေးလိုက်နဲ့။"

ရှုသခင်ကြီးက ပြောလေသည်။

"ဟုတ်ကဲ့ နားလည်ပါပြီ။"

သူ၊တာအိုကျင့်ကြံသူ ချင်းရွှမ်နှင့် ယီရွှမ်တို့သည် ဤအချိန်ကာလအတွင်း ကလေးတစ္ဆေ ထပ်ပြီး ပေါ်မလာစေရန်အတွက် မိဘမဲ့ဂေဟာတစ်ဝိုက်တွင် ကင်းလှည့်ရပေလိမ့်မည်။

ကျိလန်၏စတူဒီယို-နေ့လယ် တစ်နာရီခွဲ

စတူဒီယိုဝန်များ၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော တုန်ရုန်းယွမ်သည် နောက်ဆုံးတော့ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။သူသည် စတူဒီယိုရှိ အခြားဝန်ထမ်းသုံးယောက်၏ တိုက်တွန်းအားပေးမှုဖြင့် ကြိုတင်ပြင်ဆင်ထားသည့် ဇာတ်ဝင်ခန်းသုံးပစ္စည်းကိုယူကာ စာဖတ်ခန်းဆီသို့ လျှောက်သွားလေသည်။

သူ ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ဝူမြောင်မြောင်သည် တစ်ချက်ကြည့်ကာ ပြုံးပြလာ၏။

"နောက်ဆုံးတော့ ရှင်လည်း ရောက်လာပြီပေါ့။"

သူမ၏မှတ်ချက်ကြောင့် ဆွံ့အသွားလေသည်။သူမဆီမှ ထိုသို့ တုံ့ပြန်လာမည်အား သူမျှော်လင့်ထားပြီးသားဖြစ်သည်။တကယ်တော့ ထိုငတုံးသုံးယောက်သည် မနက်ပိုင်းတွင် အချိန်ကွာဟမှုတောင် မရှိဘဲနှင့် သူမထံသို့ တစ်ယောက်ပြီး တစ်ယောက် ချဉ်းကပ်လာခဲ့ကြသည်။သူမထံသို့ ချဉ်းကပ်လာရသည့် သူ၏ရည်ရွယ်ချက်ကို သူမ သေချာပေါက် သိနေမှာပင်။သို့သော် ထိုသို့ဆိုလျှင်တောင် သူသည် သူ့ကိုယ်သူ အားတင်းကာ သူမထံသို့ ချဉ်းကပ်နေဆဲဖြစ်သည်။

"သူဌေးကတော်က ကျွန်တော့်ကို စောင့်နေတာလား။ကိစ္စတစ်ခုခု ရှိလို့လား။"

တုန်ရုန်းယွမ်သည် မသိဟန်ဆောင်နေလေသည်။

"ရှင် ကျွန်မဆီကိုလာတာ အစီအစဉ်တစ်ခုခုကြောင့် မဟုတ်​လား။"

"အိုး..ကျွန်တော့်ကိုကြည့်ပြီး ပေါ်သွားပြီပဲ။ဟားဟားဟား.. ဒါဆို ကျွန်တော် ရှင်းရှင်းပဲ ပြောတော့မယ်။ဒီလိုပါ။ တစ်ယောက်ယောက်ကို ခဏလောက် အင်တာဗျူးစရာရှိလို့ပါ။အရင်ဆုံး ကျွန်တော့်စားပွဲမှာ ခဏလောက် လိုက်ထိုင်ပေးလို့ရမလား။အဲ့ဒီနားမှာ ဝန်ထမ်းအသစ်တွေကို အင်တာဗျူးရမှာမို့ပါ။"

တုန်ရုန်းယွမ်သည် ထိုသို့ပြောပြီး သူ့လက်ထဲက ကိုယ်ရေးအကျဉ်းကို ပြလိုက်လေသည်။

ဝူမြောင်မြောင်သည် ခဏလောက် ကြောင်သွားလေသည်။

*သူမကို တက္ကသိုလ်တက်ဖို့ မစည်းရုံးတော့ဘူးလား။*

"ကောင်းပါပြီ။"

ဝူမြောင်မြောင်သည် သူမ ဖတ်လို့မပြီးသေးသော ဝတ္ထုကိုယူ၍ တုန်ရုန်းယွမ်၏ အလုပ်စားပွဲသို့ ဦးဆောင်သွားလေသည်။ခဏကြာတွင် အင်တာဗျူးဖြေမည့်သူသည် တံခါးဝတွင် ပေါ်လာလေသည်။

အင်တာဗျူးပြီး သိပ်မကြာခင်မှာပဲ စကားအခြေအတင် ဖြစ်နေသည်ကို စာဖတ်သည့်ထောင့်နားမှ ရုတ်တရက် ကြားလိုက်ရသည်။

"ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေက ဒီရာထူးနဲ့ သင့်တော်တယ်ဆိုတာ စောစောကပဲ ခင်ဗျားပြောခဲ့တာလေ။ကျွန်တော်ရေးတဲ့ ဇာတ်လမ်းတွေကလည်း ဝတ္ထုဆန်ပြီး အကြံဉာဏ်တွေက ဆန်းသစ်တယ်လေ။အရင်ဆုံး ကျွန်တော့်ကို လက်ခံချင်ဘူးဆိုရင်လည်း ဘာလို့ အင်တာဗျူးခေါ်နေသေးတာလဲ။ကျွန်တော့်ကို လာနောက်နေတာလား။"

"အရမ်းတွေ စိတ်မဆိုးပါနဲ့။အဓိကပြဿနာက မင်းက မင်းရဲ့ကိုယ်ရေးအကျဉ်းမှာ မင်းရဲ့ပညာရေးနောက်ခံကို ဘယ်တုန်းကမှ ဖော်ပြမထားတာပဲ။"

တုန်ရုန်းယွမ်က အသံမြှင့်ပြောလိုက်၏။

"ဘာမှားနေလို့လဲ။ကျွန်တော့်ရဲ့ ပညာရေးက နိမ့်ပါးတာနဲ့ ခွဲခြားဆက်ဆံနေတာလား။ပညာအရည်အချင်း နိမ့်တော့ကော ဘာဖြစ်နေလို့လဲ။အထက်တန်းကျောင်းကပဲ ဘွဲ့ရခဲ့တယ်ဆိုရင် ဘာဖြစ်နေလို့လဲ။ကျွန်တော့်ရဲ့ဝတ္ထုတွေကို တစ်ချက်လောက် သေချာဖတ်ကြည့်လိုက်။လိုင်းပေါ်မှာ တင်ထားတဲ့ ကျွန်တော်ရေးပြီးသား ဝတ္ထုတွေထဲက တစ်ပုဒ်ဆိုရင်ကို ယွမ်သန်းချီတန်နေပြီ။ဒီရက်ပိုင်း ကျွန်တော့်ထက် ဝင်ငွေပိုရတဲ့ တက္ကသိုလ်က ဘွဲ့ရပြီးသားသူများ ရှိရင် ခေါ်လာစမ်းပါ။"

အင်တာဗျူးဖြေသည့်သူသည် သူမှန်တယ်လို့ ယုံကြည့်သည့်အရာအတွက် အပြင်းအထန် ငြင်းဆိုလေသည်။

"ဇာတ်ညွှန်းရေးဆရာ ရာထူးအတွက် အင်တာဗျူးဖို့ ဒီကို ရောက်နေတာပါ။ဇာတ်လမ်းကောင်းတွေကို ရေးနိုင်သရွေ့ ကျွန်တော့်ရဲ့ပညာရေးနောက်ခံကို ပြဖို့အတွက် ဘာကိစ္စနဲ့ အတင်း တောင်းဆိုနေရမှာလဲ။"

"မင်းရဲ့ဝတ္ထုတွေကို ဖတ်ပြီးပါပြီ။မင်းရဲ့ဇာတ်လမ်းတွေကို တကယ် ကြိုက်ပါတယ်။အမှန်တိုင်းပြောရရင် မင်းရဲ့ဝဘ်ပရိုဖိုင်ကိုလည်း အရင်ကတည်းက မဲပေးခဲ့ဖူးပါတယ်။ဒီစတူဒီယိုသာ ကျွန်တော့်အပိုင်ဆိုရင် သေချာပေါက် မင်းကို အလုပ်ခန့်မှာပါ။ဒါပေမဲ့ ဒီစတူဒီယိုက ကျွန်တော်ပိုင်တာ မဟုတ်ဘူးလေ။စတူဒီယိုရဲ့ ဝန်ထမ်းတွေက အနည်းဆုံး ဘွဲ့တစ်ခုရထားရမယ်လို့ ကျွန်တော်တို့သူဌေးက အဓိထား ညွှန်ကြားထားလို့ပါ။ဒီအင်တာဗျူးက ရွေးချယ်စရာနှစ်ခုနဲ့ အင်တာဗျူးဆိုတာ ခင်ဗျား သိဖို့လိုတယ်။ကျွန်တော်တို့ရဲ့သူဌေးကို သဘောကျပေးသလို ကျွန်တော်တို့ရဲ့စတူဒီယိုကို ရွေးချယ်ပေးဖို့ အရမ်းကို ဂုဏ်ယူမိပါတယ်။ဒါပေမယ့် ကျွန်တော်တို့သူဌေးက ခင်ဗျားကို လက်ခံပေးဖို့ အတင်းအကြပ်လုပ်ခိုင်းလို့မရပါဘူး..."

"ဒါက သိသိသာသာကြီးကို ခွဲခြားဆက်ဆံနေတာပဲ။ဘာလဲ။ဘွဲ့တစ်ခုမှ မရထားရင် မင်းတို့ရဲ့ စတူဒီယိုတံခါးကိုတောင် ဝင်ဖို့ မထိုက်တန်ဘူးလား။"

အင်တာဗျူးဖြေသူသည် ပိုမိုကျယ်လောင်စွာ အော်လိုက်လေသည်။

"မင်းက ဘာလို့ ပွေးကျစ်စာတောင် လုပ်နေတာလဲ။ငါတို့စတူဒီယိုမှာ ဒီရာထူးအတွက် လူသစ်ခေါ်တဲ့အချိန်တုန်းက အနည်းဆုံး လူပေါင်းခြောက်ရာလောက် ကိုယ်ရေးရာဇဝင်တွေ တင်သွင်းသွားကြတယ်။အဲ့ဒီထဲမှာ ငါးရာလောက်က ဘွဲ့တစ်ခုစီရပြီးသားပါ။ဒါဆို ပိုပြီးမြင့်မားတဲ့ ပညာအရည်အချင်းနဲ့သူကို ဘာလို့ မရွေးရမှာလဲ။လူတော်တော်များများက ငါတို့သူဌေးကို သဘောကျပြီး ငါတို့စတူဒီယိုကို အလုပ်လုပ်ဖို့ လာချင်နေကြတယ်ဆိုတာ မင်းသိရဲ့လား။မင်းရဲ့ကိုယ်ရေးရာဇဝင်မှာ မင်းရဲ့ပညာရေးနောက်ခံကို မဖြည့်ခဲ့ရင် မင်းကို အင်တာဗျူးဖြေဖို့ ဘယ်တော့မှ ဖိတ်ခေါ်ခဲ့မှာမဟုတ်ဘူး။"

ယခုဆို တုန်ရုန်းယွမ်လည်း ဒေါသထွက်လာခဲ့သည်။

"ဟက်!မင်းအကြောင်းကို တိုင်ရတာပေါ့။"

အင်တာဗျူးဖြေသူသည် ဒေါသတကြီးဖြင့် စတူဒီယိုထဲမှ ထွက်သွားလေသည်။တုန်ရုန်းယွမ်သည်လည်း အလွန်ဒေါသထွက်၍ ကျန်နေခဲ့သည်။သူ့လက်များက ခါးကို ကိုင်ပြီး အလုပ်ခွင်နေရာသို့ ပြန်သွားပြီး လူတိုင်းကို ဒေါသတကြီးနဲ့ ညည်းညူပြောဆိုတော့သည်။

"ဒီလူက တစ်ခုခုတော့မှားနေပြီ။ငါလည်း သူ့ကို ဘာမှ ရိုင်းရိုင်းစိုင်းစိုင်း မပြောခဲ့ဘဲနဲ့ ရုတ်တရက် စိတ်ဆိုးသွားတယ်။ပြီးတော့ ဒီခေတ်ကြီးထဲမှာ ဘုန်းကြီးဝတ်မယ့်သူဆိုရင်တောင် အနည်းဆုံး ဘွဲ့တစ်ခုရထားဖို့ လိုအပ်တာပဲလေ။ငါတို့သူဌေးက အလုပ်ခန့်တဲ့ လုပ်ထုံးလုပ်နည်းတွေအရပဲ ဒါကို စံတစ်ခုခုအနေနဲ့ သတ်မှတ်ထားတာ ဘာဖြစ်နေလို့လဲ။ငါတို့သူဌေးက သူ့ထက်တောင် ဝင်ငွေ ပိုများသေးတယ်မလား။ငါတို့သူဌေးက ကုန်းကောက်စရာ မရှိအောင် ဖြစ်နေလို့လား။ငါတို့သူဌေးက တက္ကသိုလ်ကျောင်းသားတွေကိုပဲ သဘောကျတာ ဘာဖြစ်လဲ။"

ကျန်တဲ့သူများမှ ဆွံ့အသွားကြလေသည်။

*ရှောင်တုန်...မင်းစကားတွေက....အရမ်းကြီး တည့်တိုးဆန်မနေဘူးလား။ပြီးတော့ အခုအင်တာဗျူးအတွက် လာတဲ့သူကလည်း ငါတို့စတူဒီယိုရှေ့က နည်းပညာကုမ္ပဏီရဲ့ HRမန်နေဂျာ မဟုတ်ဘူးလား။တစ်ရက်ရက်ကျ သူဌေးကတော်နဲ့ သူနဲ့ ရုတ်တရက် ဆုံမိသွားမှာကို မကြောက်ဘူးလား။*

ဝူမြောင်မြောင်သည် တုန်ရုန်းယွမ်အား ကြောင်တောင်တောင်လေး စိုက်ကြည့်နေသဖြင့် တုန်ရုန်းယွမ်သည် သူ့ဘာသာ အပြစ်ရှိသလို ခံစားမိလာလေသည်။သူ ဆက်ပြီး သည်းမခံနိုင်တော့သည့် အချိန်တွင် ရုတ်တရက် သူမသည် မတ်တတ်ထရပ်ပြီး အပေါ်ထပ်သို့ လေးလံသည့် ခြေလှမ်းများဖြင့် ပြေးတက်သွားလေသည်။

"ဘာဖြစ်တာလဲ။"

ကျိလန်သည် သူ့ရုံးခန်းထဲသို့ ရုတ်တရက် ရောက်ချလာသည့် ဝူမြောင်မြောင်အား နားမလည်နိုင်သော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။

"ကျွန်မ တက္ကသိုလ်တက်ဖို့ လျှောက်လွှာတင်ချင်တယ်။"

ဝူမြောင်မြောင်၏ မျက်နှာသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသော အမူအရာမျိုးဖြစ်သည်။

*ရှန်ကုန်း မနေ့တုန်းက သူမကို တက္ကသိုလ်တက်ဖို့ အတင်း တိုက်တွန်းနေတာ မအံ့ဩတော့ပါဘူး။တကယ်တော့ သူက တက္ကသိုလ်ကျောင်းသူတွေကို သဘောကျတာပဲ။*

...

ကျိလန် is not စိုးမိုးလွန်းသူ။ He is မူနိုင်လွန်းသူ။

အရမ်းမူလွန်းလို့ သူ့ရဲ့ ဘီလျံချီတဲ့ လစာတွေကို မိန်းမတောင်မတော်ရသေးတဲ့ချစ်ချစ်ဆီအပ်နေပါပြီ။ ဒါတောင် မချစ်သေးဘူးနော် 😆😆😆

မင်မင်ရဲ့ ဖတ်နေတဲ့အထဲမှာ ဒါလေးလည်းပါပါတယ်ရှင့်။ မင်ဖတ်တာ တစ်ဝက်ထိတော့ကျိုးနေပြီပေါ့နော်။ လုံးဝကို sweet ဖြစ်တဲ့ rsကြီးကို မြင်တွေ့ရမှာပါ။ ကျင့်ကြံသူလောက ဖုန်းရွှေတို့ မှော်အစွမ်းတို့လဲ ပါတဲ့အပြင် မှုခင်းတွေလည်းပါပါတယ်။

မှုခင်းတွေမှာဆိုလဲ သင်ခန်းစာယူစရာတွေအများကြီးပါပဲ။

သရဲက ကြောက်ဖို့အကောင်းဆုံးလို့ထင်တာ။ တကယ်တမ်းတော့ လူသည်ကသာ ကြောက်ဖို့အကောင်းဆုံးပါပဲ။

...

Review လေးလာပေးတာ။ ဟီး" အဆုံးထိဖတ်နော် နောင်တမရစေရဘူးနော် အသဲလေးတို့ရေ 😘

Paid gp ဝင်ချင်ပါက cbကိုလာပေးပါနော် ဒါဒါလေးတို့ရေ။

Continue Reading

You'll Also Like

259K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
322K 11.6K 21
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...
477K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
309K 15.2K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...