"နည်းနည်းလေးကြီးလာတာနဲ့ကို
ကင်ဂယူဗင်းတို့ အိမ်ကိုမကပ်တော့ဘူး
အခုလည်း ဘယ်သွားဦးမလို့လဲ"
မေမေက အသက်ရ လာလို့ထင်သည်။
အရင်ကလိုမဟုတ်တော့။နည်းနည်းလေး
ပစိပစပ်များလာပြီး ဇီဇာကြောင်လာသည် လို့
ဂယူဗင်း ထင်သည်။ တစ်ခုခုဆိုလည်း
စိတ်တိုင်းမကျသည်က များသည်။
"ရစ်ခီ နဲ့ တင်းနစ်သွားရိုက်မလို့"
အမှန်ဆို ဂယူဗင်းက ရစ်ခီ နဲ့သွားမယ့်ကိစ္စကို
အစောကတည်းကပြောခဲ့ပြီးသား။
ဒါကို မေမေက ခဏခဏမေးသည်။
လူကြီးလေးဖြစ်လာသည့် ဂယူဗင်းကလည်း
မေမေက သူ့ကို ချုပ်ခြယ်သည်ပဲထင်သည်။
"တင်းနစ်သွားရိုက်မယ်ဆိုလည်း အဲဒီကိုပဲသွား
ဟို၀င်ဒီထွက်တော့မလုပ်နဲ့ စောစောလည်းပြန်လာဦး"
လမ်းကြိုက်သည့် ဂယူဗင်းအကြောင်းသိနေတော့
မေမေက အမြဲ မှာသည်။ သေချာပေါက် ဂယူဗင်းကလည်း ဒီဘက်နားက၀င်၊ဟိုဘက်နားကထွက်ပေါ့။
"အိုကေပါဗျာ သွားပြီမေမေ"
***
"ကင်ရစ်ခီ ထွက်ခဲ့တော့ ငါလမ်းထိပ်မှာ
စောင့်နေမယ်"
ဂယူဗင်းက ဖုန်းဆက်ပြီးသာ ရစ်ခီကို
လှမ်းချိန်းလိုက်တော့သည်။ လူပျိုပေါက်လေးဖြစ်လာသည့် ရစ်ခီက အရင်ကလိုမဟုတ်တော့၊အရမ်း ပဲများချင်လာတာ။ဆံပင်အရောင်ဆိုးချင်တာနဲ့ပဲ တီတီကို ဆံပင်ဆိုးလို့ရတဲ့ ကျောင်းပြောင်းပေးဆိုပြီး ပူဆာသေးတယ်။
ပြီးတော့ ဂယူဗင်းပြောသမျှကို ဘာမှပြန်မပြောဘဲ မျက်ထောင့်နီကြီးနဲ့ ကြည့်တတ်တဲ့ အကျင့်
အစား သိသလောက်၊တတ်သလောက်
ကိုရီးယားစကားနဲ့ သူကျွမ်းပါချည်ရဲ့ ဆိုတဲ့
အင်္ဂလိပ်စကားကို ရောပြီး ဂယူဗင်းကို
မနိုင်နိုင်အောင် ရန်ပြန်တွေ့တတ်တဲ့
အကျင့်အသစ်လေးရလာသည်။
ဂယူဗင်းကတော့ ရစ်ခီက ရန်တွေ့တာလေးက
ချစ်ဖို့ကောင်းတယ်လို့ထင်နေဆဲ။အဲတာကြောင့်
နေ့တိုင်း ရစ်ခီ ကို လိုက်စဖြစ်သည်။
"သွားမယ် ဂယူဗင်း"
ပြေးလာသည့် ရစ်ခီကို မြင်လိုက်ရတဲ့
ဂယူဗင်းက ပါးစပ်အဟောင်းသား။
"မင်း ဆံပင်အရောင်က ဘာဖြစ်တာလဲ"
ဒီပန်းရောင်တွေက ဘာတွေလဲ။
"စပရေးဖြန်းလာတာ"
ရစ်ခီက သူဆံပင်ကို တသသ။ ရစ်ခီရှန်တို့
လူပျိုပေါက်လေး ဖြစ်လာမယ်မကြံသေးဘူး
ဆံပင်အရောင်ဆိုးလိုက်၊ဘာလိုက်နဲ့ ဂယူဗင်းက တကယ် လက်လန်နေပြီ။
.
.
.
စားပွဲတင်တင်းနစ်က ဂယူဗင်းရော ရစ်ခီရော
ကောင်းကောင်းဆော့တတ်သည်။သို့သော်
အကြာကြီးဆော့မလို့မရ၊ဂယူဗင်း ငယ်ငယ်က ကျောက်ပတ်တီးစည်းဖူးတဲ့ ဒဏ်ရာက
ဒုက္ခပေးသည်။ အဲအခါတိုင်း ဂယူဗင်းက
ရစ်ခီကို ညစ်ပြီး အနိုင်ယူပစ်သည်။
ငယ်ငယ်ကအားမနာတတ်သည့် ရစ်ခီက
ကြီးလာတော့ အားနာတတ်လာသည်။
"လက်က ကိုက်လာပြီ အရိုးတွေထဲကတဆစ်ဆစ်နဲ့"
ဂယူဗင်းက နည်းနည်း ပိုပိုသာသာပြောလိုက်သည်။
အဲလိုအချိန်တိုင်း ရစ်ခီက မျက်နှာငယ်လေး၊မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ကြည့်တတ်သည်။
"အဲတာဆို ခဏနားကြမလား"
"လမ်းမလျှောက်နိုင်တော့ဘူး ထင်တယ်
ငါကိုလာတွဲပါဦး"
ရစ်ခီက အသည်းယားစရာကောင်းလောက်အောင် တုံ့ပြန်မှုနှေးသည်။အခုလည်း ဂယူဗင်းက ပေါက်ကရတွေပြောလည်းယုံသည်။ လာတွဲရှာသည်။
ရစ်ခီကချစ်ဖို့ကောင်းလွန်းလို့ ဂယူဗင်းက
သေသွားနိုင်သည်။ မေမေက အသက်ရှည်အောင်မွေးပေးထားပေမဲ့ ရစ်ခီက ဂယူဗင်းကို
အသက်တိုအောင်လုပ်နေသလိုပဲ။
"မင်း ခြေထောက်ပါ နာနေတာလား?"
ရစ်ခီက အူလည်လည်လေး မေးလာသည်။
"မနာပါဘူး"
"ဒါဆို ဘာလို့ လာတွဲခိုင်းနေသေးလဲ"
ရစ်ခီက ဂယူဗင်းကို အားကြီးနဲ့တွန်းထုတ်သည်။
ရုတ်တရက်မို့လို့ ဂယူဗင်းက ယိုင်ထိုးပြီး
ဖင်ထိုင်ရက်ကျသွားသည်။
"ကင်ရစ်ခီကတော့! လာထူဦးလေ ငါကို"
ရစ်ခီက စိတ်တိုတိုင်း ဆောင့်ဆောင့်အောင့်
အရင်ထွက်သွားလေ့ရှိသည်။ ဒါဆို ဂယူဗင်းတို့က
သိလိုက်ပြီ ပြန်ချော့ရတော့မည် ဆိုတာ။
ချက်ချင်းသွားချော့ရင် ဂယူဗင်း သိက္ခာကျသည်။
မသိတဲ့သူတွေမြင်ရင် ဂယူဗင်းက ရစ်ခီ စိတ်ဆိုးမှာကို ကြောက်သည့်အတိုင်း။
အဲဒါကြောင့် ဂယူဗင်းက အအေးစက်တွေ
ရှိရာဘက်ကို အရင်သွားပြီး ရေသန့်ဗူးနဲ့
အအေးနှစ်ဗူး၀ယ်သည်။ မုန့်နဲ့ချော့ရမယ်။
ကင်ရစ်ခီလေးက စိတ်ဆိုးရင်တောင် မုန့်စားတယ်။
ဂယူဗင်းက လေတချွန်ချွန်နဲ့ ဂျိုကာရုပ်နဲ့လာပေမဲ့
ရစ်ခီ ကိုရေသန့်ဗူးပေးနေတဲ့ အစ်မကြီးကြောင့် ခြေလှမ်းတွေကိုရပ်လိုက်သည်။
အားကစားလုပ်နေတဲ့အချိန်မှာ ရေသန့်ဗူး တို့
အအေးဗူးတို့ပေးတာက တစ်ဖက်လူကို
စိတ်၀င်စားနေကြောင်း ပြတာပဲ။
ဂယူဗင်းက ချက်ချင်း ဆူပုတ်သွားသည်။
အဲအစ်မကြီးက ခုနက ဂယူဗင်းတို့
တင်းနစ်ရိုက်ကတည်းက ရစ်ခီကို ငေးနေတာ။
ရစ်ခီက ကစားပွဲ အာရုံရိုက်နေလို့သာ မသိတာ။
အခုလည်း ဂယူဗင်းမရှိတုန်း ရစ်ခီကို ရေဗူး
လာပေးတယ်ဆိုတာ ဘာသဘောလဲ။
ဂယူဗင်းက ရစ်ခီ လူကြိုက်တာများတာကို
မနာလိုမဖြစ်မိဘူး၊အဲဒီအစား တစ်ဖက်က
အစ်မကြီးကိုတော့ စိတ်တိုမိတယိ။
သူငယ်ချင်းကို မနာလိုဖြစ်တဲ့စိတ်မရှိဘူးဆိုတာ
ဂယူဗင်း သတိရသွားတော့ ကိုယ့်ကိုယ်ကိုယ်
လူကောင်းလေး လို့တောင် တွေးမိသွားသည်။
ဒါပေမဲ့ အခုက လူကောင်းတွေ
လူဆိုးတွေအရေးမကြီး
ကင်ရစ်ခီလေး သူများနောက်ပါတော့မယ်။
"ဒီမှာ ရေဗူး ငါသွား၀ယ်လာတာ"
ဂယူဗင်းက ၀ယ်လာတဲ့ ပစ္စည်းတွေကို
ရစ်ခီဘေးမှာ ညီနေအောင် တန်းစီးချထားသည်။
ရစ်ခီလက်ထဲက ရေဗူးကိုတော့ လုပြီး
ဖွင့်သောက်သည်။ ဂယူဗင်းအပြုအမူက
ရုတ်တရက်ဆန်လွန်းလို့ ရစ်ခီက
ဘာမှတောင် မတုံ့ပြန်လိုက်နိုင်။
"ဟေ့ကောင် ငါဟာကို"
ရစ်ခီက အရှေ့တိုးပြီး ဂယူဗင်း ကိုင်ထားတဲ့
ရေဗူးကိုလုဖို့လုပ်သည်။ ဆယ်ကျော်သက်လေးဖြစ်လာတော့ ကင်ရစ်ခီလေးက မမ တွေဆီကနေ အချစ်ခံချင်နေပြီ။ ဂယူဗင်းခေါင်းနပန်းတောင်
ကြီးလာသလိုပဲ။
"ဟိုမှာ ရေဗူးတွေရှိတယ်လေ
ငါသောက်နေတာကို လိုက်မလုနဲ့"
ဂယူဗင်းကတော့ မျက်နှာပြောင်ပြောင်ပါပဲ။
"အဲတာ ငါဟာလေ ငါကိုပေးထားတာ ပြန်ပေး"
"လိုချင်လို့လား"
ဂယူဗင်းက လူယုတ်မာအပြုံးကြီးနဲ့ရယ်သည်။
ရစ်ခီကတော့ တင်းနစ်ဘောလုံးနဲ့ ပစ်ပေါက်ချင်မိသည်။
"ပေးလို့"
"ကိုကို ပေးပါလို့ ပြောရင် ပေးမယ်"
ဂယူဗင်းက ရေဗူး ကိုင်ထားတဲ့ လက်ကို
ခန္ဓာကိုယ်အနောက်မှာဖွက်ထားပြီး
နောက်လက်တစ်ဖက်က ရစ်ခီ လက်တွေကို
ကာဆီးကာဆီးလုပ်သည်။
"ပေးပါ"
ဂယူဗင်းက ရစ်ခီ ကြောင်အသံလေးကို
သဘောကျလို့ အသံထွက်ရယ်မိတဲ့အထိ။
ရစ်ခီကို စရတာ အရမ်းပျော်ဖို့ကောင်းလွန်းလို့
ဂယူဗင်းဝါသနာတွေထဲတောင်ထည့်ရေးချင်။
"မပေးဘူး"
ဂယူဗင်းက တန်းနေအောင်ပြေးတော့သည်။
အရူးလုပ်ခံရမှန်းသိသွားသည့် ရစ်ခီက
တင်းနစ်ဘောလုံးနဲ့ ပစ်ပေါက်လိုက်သည်။
ထိချင်တဲ့နေရာထိ။
"အာ့! နာတယ်ကွ အဲတာနဲ့မပစ်နဲ့လေ"
***
အိမ်ပြန်ရောက်တော့ ဂယူဗင်းက လက်တွေကို
ဆေးလိမ်းနေရသည်။ အားကစားလေးနည်းနည်း
လုပ်လိုက်တာ ခန္ဓာကိုယ်ပါ နာလာသလို။
"ငါတို့ ဆေးလိမ်းဖို့လည်း ထားပါဦး"
အဲတာကြောင့် ဂယူဗင်းက မေမေနဲ့ မတည့်တာ။
တကယ်ပဲ တီတီအိမ်မှာ ချွမ်းရွေ့နဲ့
သွားနေလိုက်ချင်တယ်။
"ဆေးပဲ နေမကောင်းတဲ့သူလိမ်းမှာပေါ့
မေမေက အကောင်းကြီးရှိသေးတာ"
"ဘယ်လိုဖြစ်လို့ ခြေထောက်က
ညိုမည်းစွဲလာရပြန်တာလဲ"
ဂယူဗင်း ဘောင်းဘီကိုလှန်လိုက်တော့ ခြေသလုံးမှာ ပေါ်လာတဲ့ အကွက်ကြီးကို မေမေက ဆေးလူးပေးရင်း မေးသည်။
" ဘောလုံးနဲ့ထိတာ"
ကင်ရစ်ခီ ပစ်လိုက်တယ်ဆိုတာကိုတော့
ထည့်မပြော။အဲလိုလက်မြန်ခြေမြန်
သူငယ်ချင်းကိုရထားရတာ
ဂယူဗင်း ကံတော်တော်ဆိုးသည်။
ပါးစပ်ကသာ ငါကို လွှတ်နော်၊မလုပ်နဲ့ ဆိုပြီး
အမြဲပြောပေမဲ့ ဒဏ်ရာရလာရင် ဂယူဗင်းကြီးပဲ။
"နင်တို့သူငယ်ချင်းနှစ်ယောက်ရဲ့ လက်ရည်ကလည်း ခြေသလုံးကိုတောင် ဘောလုံးထိတဲ့အထိဆိုတော့ တင်းနစ်ကို နောက်ပြန်များရိုက်ကြတာလားဟင်
ငါစဥ်းစားလို့ကိုမရဘူး"
"မေမေ မသိပါဘူး အဲကိစ္စတွေ"
ဂယူဗင်းက ပြောလည်းပြော ဆိုဖာဘေးက
ဖုန်းကိုလည်း ယူသည်။ မေမေဆီက ငြိမ်ငြိမ်နေ ဆေးလူးနေတယ် ဆိုပြီး အပြောခံလိုက်ရပေမဲ့
အငြိမ်မနေနိုင်သေး။
"ဟယ်လို တီတီလား"
" .."
"သား ဂယူဗင်းပါ "
"..."
"ရစ်ခီကို ဆေးလိမ်းပြီးအိပ်လို့ ပြောပေးပါနော်
သား ဖုန်းဆက်တာ ဆက်လို့မရလို့ ပြီးတော့လေ
သူ ဆံပင်ကိုဖြန်းလာတာ ခေါင်းကိုက်တယ်ဆိုပြီး ပြောနေတာ သက်သာလာလို့လည်း မေးပေးပါ"
သေချာပေါက် ဂယူဗင်း မျက်နှာက မှိုရသလို
ပြုံးဖြီးဖြီး။အကြောင်းသိတဲ့ မေမေကတော့
အောက်နေလှမ်းရိုက်သည်။
"ဟုတ်ကဲ့ တီတီ ဒါဆို ဖုန်းချလိုက်တော့မယ်ဗျ ဟုတ်ကဲ့"
ဂယူဗင်းက ဖုန်းချလိုက်တာနဲ့ မေမေ
ရိုက်တာခံရတသည်။
"နင် ကလေးကို ဆူခံရအောင်"
ဂယူဗင်းက မကျေနပ်၊ရစ်ခီ နဲ့ သားနဲ့က
အသက်အတူတူပဲနော်၊ဒါတောင်သားက
၃လကြီးများတောင် ပိုငယ်သေးတယ်၊
မေမေ သတိလေးထားပါဦးဗျ
"မေမေကလည်း သူက ဆံပင်ကို
ပန်းရောင်ကြီးဆိုးလာတာ"
ဂယူဗင်းက လုံး၀မကျေနပ်။
"သူဘာသူဆိုးလာတာ ဘာဖြစ်လဲ"
"ဒါပေမဲ့ သူကိုပဲ လူတွေကဝိုင်းကြည့်နေကြတာလေ"
တကယ်ပဲ အစ်မကြီးတွေက ဘာလို့
ထိန်းထိန်းသိမ်းသိမ်းမနေလဲဆိုတာ
ဂယူဗင်းစဥ်းစားမလို့မရ။
"ချွမ်းရွေ့ ချောတာ မနာလိုနေတာ"
မေမေက ဂယူဗင်းကို ခနဲသလို၊ရွဲသလို။
ဂယူဗင်း မေမေလို့ မပြောရဘူး။
"မနာလိုဖြစ်စရာလား ပြီးတော့ သားကလည်း
မချောချင်ပါဘူး ကြည့်ကောင်းချင်တာ
ချောတယ်၊လှတယ်ဆိုတာ ရစ်ခီ အလုပ်၊
သားက ကြည့်ကောင်းရင်ရပြီ"
မေမေကတော့ ဂယူဗင်း ကိုစိတ်ကုန်နေသည့် မျက်နှာထားနဲ့ အိမ်ခန်းထဲသာ၀င်သွားသည်။
***
ငယ်ငယ်တုန််းက ကျောင်းသွားရတာ
ကြိုက်သလောက်၊ ဂယူဗင်းတို့ အခုဆို
ကျောင်းကိုမလာချင်။အခုလည်း
မနက်အစောကြီးထပြီး ကျောင်းလာရတာ
ငြီးငွေ့ဖို့ကောင်းသည်။
ရစ်ခီကတော့ အခုထိမလာသေး။ဒါပေမဲ့လာမှာသေချာသည်။ အလယ်တန်း လူပျိုပေါက်လေးတွေဖြစ်လာတော့ ရစ်ခီမှာအကျင့်ဆိုးတစ်ခု၀င်လာသည်၊ အဲတာ မနက်ဆို တော်တော်နဲ့မထနိုင်တာဖြစ်သည်။ ဂယူဗင်းလည်း မနက်အစောကြီးထရတာ
မကြိုက်ပေမဲ့ ရစ်ခီက ပိုဆိုးသည်။
တစ်ခါတစ်လေဆို ဂယူဗင်းက သွားနှိုးပေးရသည်။
မဟုတ်ရင် တီတီက နှိုးရသည်။နိုးလာရင်လည်း ဆရာသမားက ပြင်သေး၊ဆင်သေးတာ။
ကျောင်းတော်တော်နဲ့မရောက်။
ဂယူဗင်းကတော့ သူငယ်ချင်းတစ်စုနဲ့
ကျောင်းကိုအရင်လာသည်။
ရစ်ခီကတော့ သူ့ဖေဖေက ကျောင်းကို
ကားနဲ့ ပို့ပေးရင် ပို့ပေး၊မဟုတ်ရင် တီတီက
လိုက်ပို့ပေးသည်။
ကျောင်းတော့ဘယ်တော့မှမနောက်ကျ၊မှီရုံလေးသာ။
အခုလည်း ဂယူဗင်းက မနေ့ကဆော့တဲ့
ဂိမ်းအကြောင်း ရစ်ခီကိုပြောပြချင်နေပြီ။
ဘယ်လို MVP ရခဲ့တဲ့အကြောင်းတွေ၊
တစ်ဖက်လူကို နိုင်အောင် ချခဲ့ကြောင်းတွေ။
ကျောင်းခေါင်းလောင်းသံကြားတာတောင်
ရစ်ခီ ရောက်မလာတော့ ဂယူဗင်းက
လည်ပင်းတမျှော်မျော် ဖြစ်နေပြီ။
နေများမကောင်းလို့လားလို့ တွေးမိတော့
ပိုပြီးတောင် နေလို့မကောင်းတော့။
စာသင်ချိန်တွေမှာ စိတ်မပါ။ ရစ်ခီက
နေမကောင်းရင်တောင် သူ့ကို ဖုန်းဆက်နေကြ။
ကျောင်းဆင်းဖို့သာ အမြန်ဆုတောင်းနေမိသည်။
____
Happy New Year 🎉🎊