ပိုင်ဆိုင်သော

By DayMaharMyat

3.4K 240 33

{‌ Zawgyi သမားများက <> မပါတာလေးကို‌ဖတ်ပေးပါဗျ } အမည် - မြတ်သိန်းကိုကို အလုပ်အကိုင် - ၁၀၉.၂၃၀ အားသာချက် - အပင်... More

Intro
< ၁ >

138 5 1
By DayMaharMyat

< မြေနီကုန်းရွာ >

" အော်အီးအီးဘွတ်! "

ကျော်စိန်ရဲ့ ကြက်တွန်သံက ဖဲရိုက်ဖို့လူစုတဲ့ချိန်တိုင်းကြားရသည့်အသံပင်။ ကျော်စိန်အပီသဆုံးလုပ်တတ်သည့် တိရစ်ဆာန်သံက ကြက်တွန်သံဖြစ်တာကြောင့် မြတ်သိန်းက ဖဲဝိုင်းလူစုမည့်အချိန်တိုင်း ထိုအသံပေးရန် မှာထားခြင်းဖြစ်၏။ အော်အီးအီးအွတ်လို့အော်ရင် ကြက်တွန်တိုင်း ကျော်စိန်တွန်သံဆိုပြီး ပြေးလာနေကြရသည်မို့ အော်အီးအီးဘွတ်လို့ မြတ်သိန်းဟာ ပြောင်းအော်ခိုင်းခဲ့သည်။ မြတ်သိန်းကိုကိုဟာ အဲ့သည်လိုလူပင်ဖြစ်သည်။

" ‌ဟျောင့် ငသိန်း...ကျော်စိန်‌တွန်ပြီကွ "

‌မြတ်သိန်းထမင်းအိုးကြည့်နေစဉ် လာပြောသည့် လှမောင်ကြောင့် မြတ်သိန်းက ထမင်းအိုးအားမွှေရင်းစကားစသည်။

" ထမင်းအိုးမကျက်ရင်...အမေကဆူမှာကွ! နေအုံး အရင်ကြည့်ပေးလိုက်အုံးမယ် "

" မင်းကကြာအုံးမှာလား...ဝိုင်းလူပြည့်ရင်ပါမရပဲနေလိမ့်မယ် "

" နေပါအုံးကွာ...အမေက သူပြန်လာမှ ထွက်ခိုင်းတာကွ...ငါ့ကို ဈေးဆိုင်မှာ ခေါင်းလျှော်ရည် တစ်ဒင်ဇာလည်း ဝယ်ခိုင်းထားတယ် "

" တစ်ဒါဇင်လုပ်ပါ ငသိန်းရာ...မင်းနှယ့်လည်း "

" ‌အေးကွာ...အဲ့တာ "

ဘေးရှိထင်းအား အနည်းငယ်သာရှိတော့သည့် မီးဖိုထဲသို့ တစ်ချောင်းစိုက်သည်။ တက်မလာသေးသည့်မီးကြောင့် နောက်တစ်ချောင်းထပ်စိုက်သည်။ ဒါလည်းမီးမတောက်သေး။ မြတ်သိန်းစိတ်မရှည်စွာနှင့် ထမင်းအိုးအား အောက်ချကာ ထင်းထပ်ထည့်ရန်အပြင်။ လက်သုတ်ဝတ်မပါပဲ ယောင်ပြီးကိုင်လိုက်တာကြောင့် ပူကာ ထမင်းအိုးအားလွှတ်ချလိုက်မိသည်။ တည်ထားသည့်ထမင်းအကုန်လုံးဟာ မှောက်ကျကုန်လေတော့၏။

" ဟာ! ကုန်ပြီ...ငသိန်း ...မင်းကတော့သေပြီပဲ "

ပြေးလာသည့် အန်တီမြတ်အား သက်ထွေးမြင်လိုက်သည်မို့ ငသိန်းအား သတိပေးမည်ပြင်သော်လည်း မမှီတော့ပေ။ ဒေါ်မြတ်သီဟာ ထဘီမကာ ထမင်းအိုးနား ရောက်ချလာသည်မှာ မြန်ဆန်လွန်း၍သာဖြစ်သည်။

" အမလေး...ဘုရား...ဘုရား...မြတ်သိန်းကိုကို ထမင်းတွေက ဘာဖြစ်သွားတာလဲ "

ရင်ဘက်အားထုကာဝင်လာသည့် မိခင်ဖြစ်သူအား မြတ်သိန်းက သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်သည်အထိ ပြုံးရယ်ကာ...

" အမေ...ဟဲ အဲ့တာကလေ...သားက မြေဓာတ်ပေးတာပါ အမေရဲ့...ပြန်ကောက်ထည့်လိုက်မယ်နော် "

" အောက်ကျထားတာကို နင်ဘယ်လို ပြန်ကောက်ထည့်မှာလဲဟယ့်! "

ဖြန်း!

မြတ်သိန်း၏ လက်မောင်းအား ဒေါ်လေးမြတ်သီက ရိုက်ချလိုက်သည်နှင့် ဆူပုတ်ပုတ်ဖြစ်သွားသူ မြတ်သိန်းဟာ စကားစလာပြန်၏။

" အာ့! အမေကလည်းဗျာ သားက စေတနာနဲ့ကို "

" တော်စမ်း! အဲ့ဒီ နင့်ရဲ့စေတနာဆိုတာကြီးကို ငါတို့တစ်ရွာလုံးကြောက်လွန်းလို့...ထမင်းအိုးကြည့်ရင် ကြည့်ရုံတင်ကြည့်ပါလို့ ငါသေချာမှာခဲ့တာတောင် မှောက်အောင် ကမြင်းကြောထလိုက်သေးတယ်...နင်ညစာ ဘာကိုစားတော့မှာလဲ ဟယ့်! "

မြတ်သိန်းလန့်သွားရသည်။ ရေစိမ်ထားသည့် ကြိမ်လုံးကိုသွားယူနေသည့်မိခင်ဖြစ်သူကြောင့် ပုဆိုးခါးပုံစအားကိုင်ကာ ပြေးလေတော့သည်။ လှမောင်နှင့်သက်ထွေးမှာလည်း ဘာမသိညာမသိနဲ့ လိုက်ပြေးရတော့လေသည်။

" အမေရေ...ကြိမ်လုံးကြီးကို ရေခနခနမစိမ်ပါနဲ့ဆိုဗျာ "

" ဟယ့် နင်ရပ်စမ်း! ငါ့သားလေးတော်လှတော်လှနဲ့ ထမင်းအိုးမှောက်ပြီးပြေးချင်တယ်ပေါ့ ဟုတ်လား...နင်လာစမ်း! မြတ်သိန်းကိုကို "

" ဘုရား ၊ တရား ၊ သံဃာ...ရှိသမျှဘုရားအကုန်ကယ်ပါ...မြတ်သိန်းကိုကိုဆိုသည့်ကျွန်တော်ပြုခဲ့သမျှမကောင်းမှုတိုင်းကြောင့် အမေ့လက်မှအခုလွတ်ပါရစေ... "

မြတ်သိန်း၏ ထူးဆန်းသည့်ဆုတောင်းကြောင့် ဘေးမှအတူပြေးနေသည့် လှမောင်နှင့်သက်ထွေးမှာ မြေကြီးငုံ့ကြည့်ပြီးပြေးနေရသည်။ ကောင်းမှုဆို ဘုရားတောင်မသွားသည့် သည်လိုကောင်က အခုလိုချိန်ဆို အမြဲမကောင်းမှုတွေကိုတိုင်တည်ပြီး ဘုရားတ တတ်တာမို့ မြေကြီးဘယ်ချိန်အက်မလဲဆိုပြီး မြေကြီးကြည့်ပြေးနေရခြင်းပင်။ ဘုရား ၊ တရား ၊သံဃာကလွဲ ကျန်တဲ့ဘုရားစာတောင် မြတ်သိန်းကိုကိုဟာအလွတ်မရပါဘူး။ ဘုရားစာအုပ်ကြည့်ဆိုရင်လည်း အသံထွက်အမြဲမှားနေတတ်သည်။

မြတ်သိန်းကိုကိုတစ်ယောက် လက်နှစ်ချောင်းအား မိုးပေါ်ထောင်လျှက် သူကြီးအိမ် သွားကြည့်နေကြဖြစ်သော တရုတ်သိုင်းကားများအကြည့်လွန်ကာ အမြဲ ရွတ်တတ်သည့် ဂါထာအား စရွတ်တော့သည်။ ထိုဂါထာဟာ အရိုက်ခံရတိုင်း၊ ပြေးရတိုင်း မြတ်သိန်းရွတ်နေကြဂါထာဖြစ်သည်။

" လော်မိကိုင်လိုက်...လော်ထောင်လူပြေး...မြွေရှောင် ကြွက်ကိုက်...ငါဆရာသိန်း အမေ့လက်က အခုလွတ်စမ်းဟေ့! "

" မင်းနဲ့လည်း စိတ်ဆင်းရဲတယ် ငသိန်းရာ "

လှမောင်၏ ငြီးတွားသံနှင့်အတူ မြတ်သိန်းက ပုဆိုးအား သေချာပြန်ဝတ်ကာ လက်နောက်ပစ်လျက် ပြောလာလေသည်။

" အမေမလိုက်တော့ဘူးလေကွာ "

" ဘာပဲဖြစ်ဖြစ် ငါတို့ပြေးလာရတာလေ! မင်းကြောင့်အရိုက်ခံရတော့မလို့ကွ! "

ဒေါကြီးမောကြီးပြောလာသည့် လှမောင်ကြောင့် မြတ်သိန်းက ရယ်သည်။

" မြေဓာတ်ပေးတာပါဆို "

" မင်းဖေသွားပြောလေ နွားကောင်! "

ရှေ့မှ စိတ်ဆိုးမာန်ဆိုးထွက်သွားသည့်နှစ်ကောင်နောက် မြတ်သိန်းက အေးဆေးလိုက်လေသည်။ ဒါဟာ ထုံးစံပါပဲ မြတ်သိန်းမွှေလျှင် ဘယ်သူခံနိုင်မည်လဲ။

ရှေ့မှ ထွက်သွားသည့်နှစ်ကောင်အား သဲတစ်ကုပ်ယူပြီး ပေါက်လိုက်ကာ...

" မင်းတို့ဆန်ရဖို့တောင် မြေကြီးထဲထည့်စိုက်တာပဲမဟုတ်ဘူးလား...ငါလည်း ခွန်အားရအောင် မြေဓာတ်ပေးတာလေ...တောကျီးကန်းနဲ့ ပြောင်းဖုတ်ကြီးရ! "

" ဒီ‌ေ "

လှမောင်၏အဆဲအား မြတ်သိန်းက မဲ့ရွဲ့ပြကာ ဆက်ပြေးရလေသည်။ မြတ်သိန်းမွှေတိုင်း လိုက်ရရသည့် ဒေါ်လေးမြတ်မှာ အပြေးတောင် ကျွမ်းလာလေပြီ။

မြတ်သိန်းနဲ့တွေ့တိုင်း ဟိုလူပြေးရ ၊ သည်လူပြေးရဖြစ်လွန်းလို့ မြတ်သိန်းကိုကို နာမည်ကို မြတ်သိန်းကိုကိုအစား ရွာလုံးပြေးကိုကိုလို့လည်းအမည်ပေးထားသေးသည်။ မြတ်သိန်းကိုကိုမွှေလျှင် ရွာသူကြီးကော၊ သူကြီးကတော်ပါပုဆိုးမနိုင် ၊ ထဘီမနိုင်ပြေးရတတ်သည်။

သူကြီးတို့ပြေးရစဉ်ကိုပြောရလျှင်...

" ဒီမှာ မြေနီကုန်းရွာသားတို့...ငါ့နာမည် ဥနှစ်လုံးဓားမြပဲဟေ့! ဒိုင်း! "

မျက်နှာအားအိုးမဲများနှင့် ဓားမြဟုဆိုကာ ရွာထဲဝင်လာသူသုံးယောက်သည် ရှေ့ဆုံးကလူထံမှာသာ ခြောက်လုံးပြူးသေနတ်ပါပြီး ကျန်နှစ်ယောက်၏လက်ထဲတွင် လေးခွကိုင်ထားသည်။ ထိုသို့ပြောကာ သေနတ်ဖောက်နေသည်ကို မြင်သွားသည့် သိန်းဝင်းမှာ ပုဆိုးချွတ်ချကာ ဘောင်းဘီတိုနှင့်ပြေးတော့သည်။

" ရွာထဲကို ဥနှစ်လုံးဓားမြတေဝင်လာပြီဗျို့...ပြေး! ပြေး! "

ရွာထိပ်မှာ အော်ကာ ပြေးလာသည့် သိန်းဝင်းကြောင့် တစ်ရွာလုံး ဟိုပြေးသည်ပြေးဖြစ်ကုန်ကြရသည်။

" ကိုလှမြိုင်...ဘာသံတွေလဲတော့် "

" ဓားမြတွေဝင်လာပြီတဲ့...မတင်မေရေ ခြောက်လုံးပြူးကလည်းပျောက်နေတယ်... ပြေး! ဟ ပြေး! "

သူကြီးကတော်မှာလည်း ဓားမြဟူသည့်အသံကြားသည်နှင့် ရှိသမျှ ရွှေ၊ငွေတွေအား အိမ်သာနောက်သို့ သွားဖွက်ကာ ပြေးလေသည်။ သူကြီးတစ်ယောက် သူ၏ခြောက်လုံးပြူးအားရှာသော်လည်းမတွေ့သည်မို့ သူပါလိုက်ပြေးရတော့သည်။ ဒေါ်မြတ်ကတော့ သားဖြစ်သူ မြတ်သိန်းကိုကိုအား မတွေ့သည်မို့ ငိုလျက် လိုက်ရှာနေလေသည်။

" မတင်မေ...မင်းနှယ့် ပြေးတာမြန်လှချည်လားကွ! "

" တော့်နှယ်လည်း...ဓားမြလာပါတယ်ဆို ကျုပ်က စလွီးမိုးရှုန်းနဲ့ ပြေးစရာလားတော့် "

အင်္ဂလိပ်လိုပြောချင်သော်လည်း တစ်ခါမှ မမှန်သည့် သူကြီးကတော်သည် ငယ်ငယ်ကတည်းက အင်္ဂလိပ်ရူးရူးနေသည်မို့ပင်။

" မြတ်သီ...ညဉ်းမကြားဘူးလား ဓားမြတွေလာနေပြီတဲ့...မပြေးဘဲ ဘာကို အသည်းအသန်ရှာနေတာလဲအေ "

မြတ်သိန်း၏မိခင်ဖြစ်သူသည် ငိုလျက် ဟိုရှာသည်ရှာလုပ်နေသည်မို့ သူကြီးကတော် မတင်မေမှ တွေ့၍ မေးနေခြင်းပင်။

" ကျုပ်သားကိုမတွေ့လို့ပါ သူကြီးကတော်...သားလေးက မအူမလည်လေး...ဓားမြတွေနဲ့ တွေ့သွားရင် ကျုပ်နှယ် ရင်ကျိုးရချည်ရဲ့တော့်! "

ရင်ဘက်အားထုကာ ငိုနေသည့် မြတ်သိန်း၏မိခင်ဖြစ်သူအား သူကြီးကတော်မတင်မေမှ တွဲကာ အတူပြေးလေတော့သည်။ သားလေးက မအူမလည်လေးဆိုသည့်စကားကို သူကြီးကတော်ဟာ နောက်မှ သေချာမေးပါအုံးမည်။ သူ့သားကဘယ်တုန်းက မအူမလည်ဖြစ်သွားရသလဲဆိုတာကိုတော့ မေးမှကိုဖြစ်မည်။ မကြာလိုက်ပါ၊ ခြောက်လုံးပြူးသေနတ်ကိုင်လျက် သူကြီးကတော် ဒေါ်တင်မေနှင့် ဒေါ်မြတ်သီရှေ့လို့ ရောက်လာသည့် ဥနှစ်လုံးဓားမြဆိုသူသည် သားဖြစ်သူနှင့်‌တူနေသည်မို့ ဒေါ်မြတ်သီက မျက်ရည်များသုတ်ကာ သေချာစိုက်ကြည့်လေသည်။

ခနအကြာအထိ စိုက်ကြည့်နေသူ ဒေါ်မြတ်သီက အိုးမဲမသုတ်ထားသည့် နားရွက်ထိပ်မှ မှည့်နက်လေးကြောင့် အံကြိတ်ကာ ခါးထောက်၏။

" မြတ်သိန်းကိုကို "

" ဗျာ...အဟွတ်!...ဘယ်ကကောင်လဲကွ မြတ်သိန်းကိုကိုက "

ဒေါ်မြတ်သီသည် ရှေ့ရှိ မျက်နှာအုပ်ထားသူအားသေချာကြည့်နေသော်လည်း သူကြီးကတော်မှာတော့ ထိုလူ၏လက်ထဲရှိ‌ ခြောက်လုံးပြူးသေနတ်ထံဖြစ်နေသည်။ အရပ်အမောင်း၊ အသံ၊ ညိုသောအသားအရည်၊ တစ်ရွာလုံးမှာ အမြဲသူပဲ စီးတတ်သည့် ထိပ်မွှေး၊ နားရွက်ထိပ်မှ မှည့်နက် အစရှိသည်တို့ကိုကြည့်ခြင်းဖြင့် ဒေါ်မြတ်သီဟာ သူ၏သားဟု တစ်ထစ်ချကို သိလိုက်လေပြီ။

ဘုတ်!

" မင်းလေ "

ရှေ့ရှိလူက ဖုံးနေသော်လည်း မြတ်သိန်း၏ညာဘက်ရှိ လှမောင်သည် လေးခွအား ညာလက်မှဘယ်လက်သို့ပြောင်းကာ မြတ်သိန်းအနားကပ်၍ လက်မောင်းအားပုတ်ကာပြောလေသည်။ မြတ်သိန်းမျက်လုံးပြူးပြမှ သူတို့အခု ဓားမြမှန်းမှတ်မိသည်။

" မြတ်သိန်းကိုကို...နင်မွှေပြန်ပြီပေါ့...ဟုတ်သလား "

သူကြီးကတော် မတင်မေ၏အပြောကြောင့် ဒေါ်မြတ်သီတစ်ယောက် မျက်ရည်များအား သုတ်ကာ ထဘီအား ဆုပ်ကိုင်လိုက်ပြီး တိုတိုဝတ်လိုက်သည်။

" ငါ့နှယ်...ငါ့သားလေးပျောက်တယ်ဆိုပြီး အိမ်သာမချန်လိုက်ရှာပြီး ငိုလိုက်ရတာ...နင်ကတော့ တစ်ရွာလုံးကို မွှေတယ်ပေါ့ "

" အမေ...သားကစေတနာနဲ့ပါ "

" ဘာစေတနာလဲ...နင်ရပ်နေစမ်း မြတ်သိန်းကိုကို အဲ့နားမှာတင်ရပ်နေ "

" ဟာ အမေ မလုပ်ပါနဲ့...အမေရေ! သားက စေတနာလို့! "

" လာခဲ့...နင်တို့လည်း! နင်တို့အကုန်လုံး သူကြီးကို ထိပ်ဆုံးကို ခပ်ခိုင်းပစ်အုံးမယ် "

လှမောင်နှင့် သက်ထွေးတို့မှာ မြတ်သိန်းကိုကို မွှေတိုင်း ရော အရိုက်ခံလိုက်ရ၊ ထိပ်တုံးခတ်ခံရနှင့် အမြဲဖြစ်နေရသော်လည်း ငယ်စဉ်ကတည်းက ပေါင်းလာသည့် သူငယ်ချင်းဖြစ်သူအပေါ် တစ်ခါမျှပင် စိတ်မကွက်ခဲ့ပေ။

ထိုနေ့က တကယ်ပဲ မြတ်သိန်းတို့သုံးယောက် ထိပ်တုံးစာမိခဲ့ပါသည်။

လက်ရှိအချိန်...

" ကျော်စိန် မင်းတို့နှစ်ယောက်တည်းလား "

" အေးပေါ့ကွ...မင်းတို့သုံးယောက်ဝင်လိုက်လေ...ငတိုးနဲ့ ရွှေပုက ကြာအုံးမှာ "

" ငါပဲဆော့မှာ...လှမောင်နဲ့သက်ထွေးက အကြည့်ပဲ "

" အဲ့တာဆို သုံးယောက်တည်းလေကွာ "

" စောင့်လိုက်ကွာ "

မြတ်သိန်းတစ်ယောက် ဘေးရှိ သစ်ပင်ပေါ်သို့တက်ကာ သစ်ပင်ခွကြား၌ ဝင်ထိုင်လိုက်သည်။ရိုးရိုးထိုင်လဲရပါလျက်နှင့် လျှာရှည်ပြီး မြတ်သိန်းက သစ်ပင်ပေါ်တက်ထိုင်ခြင်းဖြစ်သည်။ ကျန်လူတွေကတော့ ‌ခုံတွေပေါ်သာထိုင်နေလေ၏။

အချိန်တွေကြာလာသည်နှင့်အမျှ မြတ်သိန်းတစ်ယောက်ပျင်းလာ၍ သစ်ပင်ပေါ်မှ ပြန်ဆင်းမည်အပြု အောက်သို့ ငုံ့ကြည့်မိတော့ အတော်မြင့်နေသည်မို့ မျက်လုံးများ ပေကလပ်ပေကလပ်ဖြစ်သွားလေသည်။

မြတ်သိန်းရဲ့ အားသာချက်က အပင်တွေပေါ်တက်ရာမှာ မြန်ဆန်လွန်းတာဖြစ်ပြီး အားနည်းချက်က အမြင့်အလွန်ကြောက်ခြင်းဖြစ်သည်။

" လှမောင်၊ သက်ထွေး...ငါမဆင်းရဲဘူး "

" သေလေ သေ...မသနားဘူး "

လှမောင်ထံမှ ကြားရသည့်စကားကြောင့် လက်ခလယ်ထောင်ပြကာ သက်ထွေးအား သွား သုံးဆယ့်နှစ်ချောင်းလုံး ပေါ်အောင်ပြုံးပြလိုက်သည်။ သူ့များကူညီမလားဆိုတဲ့ စိတ်လေးနဲ့။

" ကောင်းတယ်လေ မင်းကိုဘယ်သူက တက်ခိုင်းလို့လဲ...မင်းဘာသာရှည်တာ...ခံလိုက် "

" ခွေးကောင်တွေ! မင်းတို့ကောင်တွေ ထန်းရည်ဆို ဥပဲရမယ် "

"" ငါတို့လည်း ဝယ်သောက်နိုင်တယ် ""

နှစ်ယောက်လုံးထံမှ စကားကြောင့် မြတ်သိန်းမှာ သစ်ပင်ပေါ်မှ ဘယ်လိုဆင်းရမလဲ တွေးရတော့သည်။ ထိုအချိန် ရောက်ချလာသည်က တောင်ဘက်ရွာမှ သူ့ကိုကြိတ်ခွက်နေသည့် ပျိုမဒီလေး လှနု။ မြတ်သိန်းလည်း ရှိုးပျက်ခံကာ လှနုကိုလှမ်းခေါ်လိုက်သည်။

" လှနုလေး! "

" ဟင် "

လှနုမှာ သူမ၏ကိုကိုအသံကြားသည်မို့ ဟိုရှာ ဒီရှာ ရှာ‌ရတော့သည်။ သူ့ကို လှနုလေးလို့ ခေါ်ခဲတယ်လေ။ တကယ်ခေါ်ပြီဆိုရင် သေချာတယ် သူမကို ခိုင်းတော့မှာ။ ခိုင်းချင်ရင် မျက်နှာချိုသွေးတယ်။ မလိုရင် လှည့်ကိုမကြည့်တာ။ မြတ်သိန်းကိုကိုဟာ အဲ့သည်လိုလူမျိုး။

" ဟယ့် လှမောင်နဲ့ငသက် ကိုကို့အသံကြားလို့ နင်တို့တွေ့မိလား "

" အေး တွေ့မိတယ် "

" ငါမတွေ့လို့ဟယ့်! ဘယ်မှာလဲ ကိုကိုက "

" အပေါ်မှာ "

" ဟမ် "

လှနုတစ်ယောက် အပေါ်မော့ကြည့်တော့ ပုဆိုးကြီးနဲ့ သစ်ပင်ခွကြားရှိ ကိုကို့အား ကြည့်ကာ ရင်ဘက်ကိုထုလျက်...

" အမလေး ကိုကိုရယ်...ကိုကိုရယ့်! အဖြစ်ဆိုးလှချည်လား ရှင်...လှနုတို့ ယူတောင်မယူရသေးဘူးလေ ကိုကိုရယ်...အဟင့်! အဟင့်! "

" တော် တန် တိတ်စမ်း! "

" အဟင့်! ကိုကိုရယ် လှနုဘာလုပ်မိလို့ အော်ရတာလဲ! "

" တိတ်ဆိုတိတ်! နင်လုပ်တာနဲ့ မသိရင် ငါကသေသွားတယ့်အတိုင်းပဲ...သွားတော့ဟာ "

" ကိုကိုရယ်...လှနုက "

" သွားမှာသွား! "

" ဟွန့်! "

သူတစ်ခုမေ့သွားခဲ့တာ အဲ့အရူးမလှနုက သေးသေးလေးဆို အတော်ကြီးကြီးကို ပုံကြီးချဲ့တတ်တာ။ အခုလည်းသစ်ပင်ပေါ်ရောက်တာကြည့်ပြီး မသေရုံတမယ် အာပြဲကြီးနဲ့ အော်နေတယ်လေ။

မြတ်သိန်းတစ်ယောက် သစ်ပင်ပေါ်တွင် ဟိုစဉ်းစား ဒီစဉ်းစားနဲ့ အပင်ပေါ်မှ မည်သို့ပြန်ဆင်းရမည်ကို တွေးနေမိသည်။

" ဟိတ်ကောင် နှစ်ကောင်...ဟိုးက ပြောင်ပြောင်ကြီးက ဘာကြီးလဲ "

သစ်ပင်ရိပ်နှင့်ဖြစ်နေသည့်အပြင် နေကြောင့် မမြင်ရသည်မို့ လူလာသည်ဆိုရင် အကူညီတောင်းချင်တာကြောင့် မြတ်သိန်း အောက်ကနှစ်ကောင်ကို မေးလိုက်ခြင်းသာ။ သူငယ်ချင်းကြီးတစ်ယောက်လုံးကို သစ်ပင်ပေါ်အိပ်ခိုင်းဖို့ တွေးနေတဲ့ကောင်တွေကို ထန်းရည်ဆို ပုဆိုးပဲ ချွတ်ပြပစ်မယ်။

" ဟင်! ဆရာတော်ဘုရားကွ! "

လှမောင်၏ အာမေဋိတ်သံအဆုံး တစ်ယောက်မကျန်အကုန်ပြေးပါတော့သည်။ လှမောင်နှင့်သက်ထွေးကတော့ လှေကားယူကာ မသော်လည်း မနိုင်တာကြောင့် အတော်အချိန်ယူလိုက်ရသေးသည်။ မြတ်သိန်းရှိရာ သစ်ပင်အောက်သို့ လှေကားထောင်ပေးလိုက်သည်နှင့် ပိုနီးလာသည့် ‌အရိပ်များကြောင့် နှစ်ကောင်သား ပြေးတော့လေသည်။ မြတ်သိန်းကိုကိုမှာ လှေကားမှဆင်းရင်း တန်းလန်းကြီး ကျန်နေခဲ့ရသည်။ ကိုင်ထားသူမရှိတာကြောင့် လှေကားဟာ ယိုင်ပြီး မြတ်သိန်းပြုတ်ကျတော့လေသည်။

" အာ့! "

မြတ်သိန်းတစ်ယောက်နာမည်ထင်သော်လည်း မနာသည်မို့ မျက်လုံးဖွင့်လိုက်ရာ သူ့မျက်နှာနှင့်အရမ်းကပ်နေသည့် လူတစ်ယောက်ကြောင့် စိတ်တိုပြီး ကော်လံစအား ဆုပ်ကိုင်လိုက်သည်။

" ခင်ဗျား!...ကျုပ်မျက်နှာနားက ဖယ်စမ်း! "

" ငါ့နှယ်! ဒကာလေးမြတ်သိန်းကိုကို...မင်းကဆရာဝန်‌လေးအပေါ် ပြုတ်ကျလာတာလေ "

" ဟင် "

ဆရာတော်ဘုရား၏စကားကြားမှ သူပြုတ်ကျလာတာ ထိုလူ့ပေါ်ဖြစ်မှန်းသိသွားပြီး ပြုံးဖြီးပြလာသည့် မြတ်သိန်းဟာ အခုထိကို မထသေးတာ။

" မင်းထ! "

" အော...ဟုတ် ဟုတ် "

မြတ်သိန်း၏အောက်မှ အသားညိုညို နှင့် ထိုလူက မျက်မှောင်ကုတ်ကာ ပြောလာသည်မို့ မြတ်သိန်းအမြန် ကုန်းရုန်းထရတော့သည်။

မြတ်သိန်းထလိုက်ပြီးမှ ထလာသည့် ထိုလူသည် မြတ်သိန်းအရပ်နှင့် သိပ်မကွာသော်လည်း မြတ်သိန်းထက် အနည်းငယ်ပိုမြင့်နေသည်။ အသားညိုညိုရှိသည့်အပြင် ဆံပင်မှာလည်း မဲနက်နေပြီး အညိုရောင်သမ်းနေသည့်မျက်လုံးများနှင့် မျက်နှာအချိုးအစားမှာလည်း သိပ်ကိုခန့်ညားလွန်းသည်။ ရင့်ကျက်တည်ငြိမ်နေသည့် ပုံစံရှိပြီး အလိုမကျတဲ့အချိန် မျက်မှောင်ကုတ်တတ်တာလည်း တစ်နည်း ချောမောနေပြန်သည်။

" ဒကာ‌လေးမြတ်သိန်းကိုကို...မင်းသစ်ပင်ပေါ် ဘာတက်လုပ်နေတာလဲ "

" အာ...အဲ့ဒါက...ဟို "

မြတ်သိန်းဘာပြောရမလဲမသိဖြစ်သွားရသည်။ ဖဲရိုက်ဖို့လိုပြောရင် သေချာပေါက် ဆရာတော်ဘုရားက ကြိမ်လုံးနဲ့မိတ်ဆက်ပေးအုံးမည်။

ဘုရား၊တရား သံဃာ...ဒီတစ်ခါမကလိမ်ဖူးပေမဲ့ အခုက လိမ်ရမှဖြစ်မှာမို့ပါ...ရှိရှိသမျှ အကုန်ငရဲမကျဖို့ကူညီပါ...

" တပည့်တော်စူးစမ်းနေတာပါ "

" ဟေ "

ဆရာတော်ဘုရားရဲ့ အာမေဋိတ်သံနှင့်အတူ တွန့်ချိုးသွားသည့် ထိုလူညိုချော၏ မျက်ခုံးများ၊ မြတ်သိန်းလည်း ဘာမှမတွေးပဲ ဆက်စကားစလိုက်သည်။

" သစ်ပင်ပေါ်တက်ရင် နတ်တွေက မုန့်ကျွေးတယ်ဆိုပြီး ကြားဖူးလို့ပါ "

" နတ်တွေက သစ်ပင်ပေါ်တက်ရင် မုန့်ကျွေးတယ်လို့ ဘယ်သူကများပြောလိုက်တာလဲ...ဒကာလေးမြတ်သိန်းရယ် "

" တင်ပါ့...အဲ့ဒါ ဟိုကောင်တွေပါ...အယ့် ကန်တော့...လှထွေးနဲ့...သက်မောင်ပါ "

" ဟေ...လှထွေးနဲ့သက်မောင်က ဘယ်ရွာကလဲ "

" လှမောင်နဲ့ သက်ထွေးပါ...ခွီး...ဆရာတော်ဘုရားရယ် လှမောင်နဲ့သက်ထွေးလို့ပြောတာကို ဘယ်လိုလုပ် လှထွေးနဲ့ သက်မောင်လဲ "

" ခုနက မင်းကအဲ့လိုပြောလိုက်တာ "

" ဟင် "

ဆရာတော်ဘုရားမှားလို့ ရယ်ကာ ပြင်ပေးနေသူမြတ်သိန်းဟာ သူနာမည်လွဲပြောလိုက်တာတောင် မသိသည်အထိပင်။ အသားညိုညိုနဲ့လူ ဝင်ထောက်မှ သူမှားပြောမှန်းသိသွားခြင်းဖြစ်၏။

" တပည့်တော်မှားတာပါ...နတ်တွေ မုန့်မကျွေးတာလည်း သိပါပြီ...နောက်ကို သစ်ပင်ပေါ်လည်းမတက်တော့ပါဘူး...ဒီက အကိုညိုမဲကိုလည်း အော်မိလိုက်လို့ တောင်းပန်တယ်နော်...တပည့်တော် အမေခေါ်နေလို့...သွားအုံးမယ် ဘုရား "

" ဒီကလေးနှယ့် အမြဲပြာယာခတ်နေတယ် "

ပြောလည်းပြော‌ ပြေးလည်းပြေး မြတ်သိန်းကြောင့် စိတ်တိုကျန်ခဲ့သည်က မာန် ပင်ဖြစ်သည်။

ညိုမဲဆိုတာ ဒီကောင်လေး ဘယ်သူ့ခေါ်သွားတာလဲ?

" ဆရာဝန်လေး...ဘုန်းဘုန်းနဲ့လိုက်ခဲ့ "

" တင်ပါ့ ဘုရား "

မြတ်မင်းမာန် ဟာ တစ်ကယ်တော့ ပါရဂူတစ်ယောက်ဖြစ်သော်လည်း အနားယူနေချိန် ၄,၅,၆ လ အတွင်း မိခင်ဖြစ်သူက သူမရဲ့ မွေးရပ်ဖြစ်သည့် ထိုရွာလေးထံသို့ စေလွှတ်ကာ ဆေးကုစေခဲ့သည်မို့ သူရောက်လာရခြင်းဖြစ်သည်။ မြို့ပေါ်တွင် Doctor MinMarn ဆို မသိသူ မရှိသည်အထိကို ရေပန်းစားနေသူဖြစ်သည်။ ထို့အပြင် မြတ်မင်းမာန်ဟာ စကားနည်း၊ဇီဇာကြောင်ပြီး ဘုကလန့်ဖြစ်တာကြောင့် မိန်းမမရပဲ လူပျိုကြီးဖြစ်နေလေသည်။ ရွာသို့ စဝင်လာကတည်းက လူတိုင်း၏အာရုံဟာ လူညိုချောလေး မင်းမာန်ထံမှ မခွာကြပေ။ မြတ်မင်းမာန်ဟာ ထိုမျှလောက်ထိချောမောသော်လည်း မြတ်သိန်းကိုကိုခေါ်လိုက်သည်က ညိုမဲဟူ၍ပင်ဖြစ်၏။

#Day

ဝတ္ထုပါ အကြောင်းအရာတိုင်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ အမှားပြင်ဆင်ထားခြင်းမရှိပါ။

ဟိုFicလေးကဇာတ်သိမ်းတော့မှာမလို့ပါဗျ အဲ့တာပြီးရင်တော့ Upမှန်ပေးပါ့မယ်💦

၁၁.၅.၂၀၂၄

Continue Reading

You'll Also Like

10.1K 828 7
ကောင်လေးနှစ်ယောက်ကြားကချစ်ခြင်းမေတ္တာကိုဖော်ကြူးထားတဲ့ ရိုးရှင်းသောဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ° လွန်းဓန x ဂုဏ်ရောင်ရှိန် ° [ 22.10.2020 ]
217K 2.8K 52
Oh wow, look at that, you've found my book. As a peace offering I present to you Stranger Things and IT imagines. Enjoy young traveler. ...
265K 10.3K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
David John By Shay

Non-Fiction

4.5K 227 3
ဒေးဗစ်ဂျွန် + နှောင်းလွန်းအိမ်