နတ်နဂါးစစ်သည်
အခန်း ၁၂၂
( ယုံကြည်ပါတယ်…. )
အနောက်တံခါးဝ၏ သခင်ကြီး သုံးဦး၊ ဆိပ်ကမ်းလုံခြုံရေးမှူး နှင့် အခြားသူများ မျက်မှောင်ကြုံ့လေပြီ။ အားလုံး စိတ်မရှည်ကြတော့။
ရှုချန်း၏ လူများ စစ်ဆေးပြီးသည့်တိုင် အဘယ်အကြောင်းကြောင့် ရှုချန်း ကိုယ်တိုင် စစ်ဆေးနေရသနည်း။
ရှုချန်းလည်း ဘာမှ မပြောပဲ သင်္ဘော ကုန်းပတ်ပေါ်သို့ တက်သွားကာ ဝူကန်း အား “ ပုဆိန် သွားရှာလိုက် “ ဟု ပြော၏။
ဝူကန်း နားမလည်နိုင် ဖြစ်သွားသော်လည်း သင်္ဘောပေါ်ရှိ ပစ္စည်းကိရိယာများ ထည့်ထားသည့် ပုံးအတွင်းမှ ပုဆိန် တလက်ကို ရှာတွေ့လိုက်၏။
“ ခေါင်းဆောင်… ကျုပ် ဘာလုပ်ရမလဲ… “
သင်္ဘောကပ္ပတိန်ကို ရှုချန်း ကြည့်လိုက်၏။ မျက်နှာသေနှင့် ဖြစ်နေသော ထိုသူအား ရှုန်ချန်းက ထပ်မံ၍ ...
“ ခင်ဗျားကို ထပ်မေးမယ်… ပိုက်ဆံတွေ ဘယ်မှာ ဖွက်ထားလဲ… “
သင်္ဘော ကပ္ပတိန်က “ ခင်ဗျား ဘာတွေ ပြောနေတာလည်း မသိဘူး… ခင်ဗျားတို့ ရဲတိုင်းက လူတွေကို အတင်း ဝန်ခံခိုင်းရတာ ကြိုက်တာလား… “
အနောက်တံခါးဝမှ သခင်ကြီး သုံးဦး အပါအဝင် အခြားသူများ အားလုံးကို ရှုချန်း တချက် ဝေ့ကြည့်လိုက်ပြီး “ ခင်ဗျားတို့အားလုံး ဝန်မခံချင်ဘူးပေါ့… “
“ လီချောင် … ဝူကန်း… “
“ ဟုတ်ကဲ့ ခေါင်းဆောင်… “
“ သင်္ဘောအောက်ဆုံးထပ်က အိပ်ခန်းထဲကို သွား… “
နှစ်ဦးသား ပုဆိန်ကို ယူကာ သင်္ဘောဝမ်းထဲ ဆင်းသွားကြ၏။ မကြာမီမှာပင် အိပ်ခန်းကို တွေ့လိုက်ကြသည်။
“ ခေါင်းဆောင်… ကျုပ်တို့ ရောက်ပြီ… “
“ အေး… အိပ်ယာကို ရှာကြည့်… “
နှစ်ဦးသား အိပ်ယာကို ရှာသော်လည်း မည်သည့် မသင်္ကာစရာကိုမျှ မတွေ့ခဲ့ရပေ။
“ ဘာမှ မရှိဘူး ခေါင်းဆောင်… “
ရှုချန်းလည်း ဝူကန်း နှင့် လီချောင် အား ညွှန်ကြားနေရာမှ သင်္ဘော ကပ္ပတိန်ကို ကြည့်လိုက်ကာ...
“ အဲဒီ မွေ့ယာက ၂၀ စင်တီမီတာလောက် ထူတယ်… ခွဲပြီး အတွင်းပိုင်းကို သေချာ စစ်ဆေးကြည့်… “
သင်္ဘော မီးဖိုချောင်ဆီသို့ လီချောင် ချက်ချင်း ပြေးဝင်သွားကာ ဓားတချောင်း ယူလာပြီး မွေ့ယာအား ခွဲလိုက်၏။ မွေ့ယာအား ခွဲလိုက်သည်နှင့် ငွေစက္ကူများ ဘွားကနဲ ထွက်ပေါ်လာသည်။ ဝူကန်း နှင့် လီချောင် လည်း “ ခေါင်းဆောင်… ပိုက်ဆံတွေ တွေ့ပြီ… “ ဟု ဝမ်းသာ အားရ အော်ပြောလိုက်ကြ၏။
ရှုန်ချန်းလည်း သင်္ဘော ကပ္ပတိန်အား အောင်နိုင်သူ အပြုံးနှင့် ကြည့်ကာ... “ ပြောစရာရှိလား ကိုယ့်လူ… “ ဟု ခပ်ရွဲ့ရွဲ့လေး မေးလိုက်၏။
သို့သော် သင်္ဘော ကပ္ပတိန်မှာ လေသံမာမာဖြင့် “ ကျုပ်တို့က ပင်လယ်ထဲမှာ နေရာအနှံ့ လျှောက်သွားရတော့ ပိုက်ဆံတွေ သိမ်းထားတာလေ… ပင်လယ်ဓားပြရန်တွေလည်း ရှိတော့ လုံခြုံတဲ့ နေရာမှာ ဖွက်ထားရတာ… အခု ရှာတွေ့တာတွေကလည်း သိပ်မများပါဘူး… နှစ်သန်းလောက်ပါပဲ… “
“ ဟုတ်လား… “
ရှုချန်းက လီချောင် နှင့် အခြားသူများကို “ မင်းတို့ ခြေထောက်အောင်က ကြမ်းပြင်ကို စစ်ကြည့်… ရေလုံ အလွှာတခု ရှိတယ်… ကြမ်းပြင်ကို အားကုန်သုံး ခွဲလိုက်…. “
ထိုအချိန်တွင် သင်္ဘော ကပ္ပတိန်မှာ အရာရှိ တဦးကို တွန်းထုတ်ကာ ရေထဲ ခုန်ချရန် ကြိုးစားသည့်အတွက် ရှုချန်းက ခြေထောက်ကို ပစ္စတိုဖြင့် ပစ်ခတ်လိုက်သည်။ လဲကျသွားသော သင်္ဘော ကပ္ပတိန်ကို ရဲများက ဝိုင်းထားလိုက်၏။
ရှုန်ချန်းလည်း သင်္ဘော ကပ္ပတိန်အား လှောင်ပြုံး ပြုံးကာ “ ကြောက်နေပြီလား “ ဟု မေ၏။
ထိုအချိန်တွင် ဆိပ်ကမ်း လုံခြုံရေးမှူးနှင့် သခင်ကြီး သုံးဦး၏ မျက်နှာများမှာ သွေးမရှိသည့်အလား ဖြူဖျော့ဖျော့ ဖြစ်နေလေပြီ။ သင်္ဘော ကပ္ပတိန် ထွက်ပြေးရန် ကြိုးစားသည်ကို မြင်လိုက်ရ၍ ပိုက်ဆံများ ဝှက်ထားသည်ကို တွေ့ရှိသွားမှန်း သူတို့ သိလိုက်၏။
မကြာမီမှာပင် စိတ်လှုပ်ရှားသော အသံဖြင့် လီချောင် က “ ခေါင်းဆောင်… ကြမ်းပြင် အောက်မှာ ပိုက်ဆံတွေ တွေ့တယ်… တတန်လောက် ဆိုတော့ အနည်းဆုံး ယွမ် ငါး ဘီလျံတော့ ရှိမယ်… “
ထိုစကားကြောင့် ရဲများနှင့် ကမ်းခြေစောင့် တပ်သားများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
အနောက်တံခါးဝ သခင်ကြီး သုံးဦးက “ ကျုပ်တို့က လျှပ်စစ်ပစ္စည်းတွေ လာသယ်ဖို့ ရောက်နေတာ… ဒီငွေတွေအကြောင်း ဘာမှ မသိဘူး… “
ရှုချန်းက ရယ်မောလိုက်ကာ “ ပြောစရာရှိရင် တရားရုံးကျမှ ဆက်ပြောကြတော့… အားလုံးကို ဖမ်းလိုက်ကြစမ်း… “
“ ဟုတ်ကဲ့… “
ရဲများသည် ထိုသူများ အားလုံးကို ချက်ချင်း လက်ထိပ်ခတ်ကာ ကားပေါ်သို့ တင်လိုက်ကြ၏။ လီချောင် ၊ ဝူကန်း နှင့် အခြားသူများက ငွေများကို ရေတွက်နေကြသည်။ ရှုချန်းလည်း သင်္ဘော ကပ္ပတိန် ရှေ့တွင် ထိုင်ချလိုက်ကာ “ ပြစ်ဒဏ် မတိုးချင်ရင် ခင်ဗျား ငြိမ်ငြိမ်နေလိုက်… ခင်ဗျားက ဒီ သင်္ဘောနဲ့ ပတ်သတ်ပြီး တာဝန် အပြည့်အဝ ရှိတယ်… ဒီ သင်္ဘောပေါ်မှာ ပါလာတဲ့ ငွေမည်း ပမာဏက ခင်ဗျားကို သေဒဏ်ပေးလို့တောင် ရတာ သိရဲ့လား… “
ကျဉ်းထဲကြပ်ထဲ ရောက်နေသော သင်္ဘော ကပ္ပတိန်သည် လူအ တယောက်တော့ မဟုတ်ချေ။ ဤရဲများ စစ်ဆေးနေသည့် အဓိက အကြောင်းအရာမှာ အနောက်တံခါးဝမှ သခင်ကြီး သုံးဦး၏ ငွေလွှဲစာအုပ်များ ဖြစ်ကြောင်း သူသိ၏။
“ ပိုက်ဆံယူတွေ ယူလို့ ရတယ်… ကျုပ်ကို လွှတ်ပေးရင် ငွေလွှဲမှု စာရွက်စာတမ်းဖိုင်တွေ ပေးမယ်… “
လုပ်ဖော်ကိုင်ဖက်များကို ချနင်းတတ်သော သူမျိုးကို ရှုချန်း လွန်စွာ ရွံရှာမုန်းတီး၏။
“ ငါ ရှာမတွေ့နိုင်ဘူး ထင်လို့လား… မင်းကို နောက်ဆုံး အခွင့်အရေး ပေးတဲ့ အနေနဲ့ မေးတာ… “
ရှုချန်း မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
ထို့နောက် သင်္ဘောကပ္ပတိန်အား တချက် စူးရဲစွာ ကြည့်ကာ “ ရေခဲသေတ္တာ အပေါ်ဆုံးထပ်မှာ ရှိတယ်… “ ဟု တလုံးချင်း ပြောလိုက်၏။
ရှုချန်း စကားကြောင့် သင်္ဘော ကပ္ပတိန်လည်း တုန်လှုပ်သွား၏။
“ ဒီကောင့်ကို ဖမ်းသွားစမ်း… “
ရဲများလည်း သင်္ဘော ကပ္ပတိန်အား ရဲကားဆီသို့ ဖမ်းခေါ် သွားကြသည်။
အခြား တပ်သားများလည်း ရှုချန်း အမိန့်အတိုင်း ရှာဖွေကြရာ ဖိုင်များကို တွေ့လိုက်ကြ၏။ ထို့နောက် ဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာသွားကြသည်။
ထိုနေ့တွင် ရဲဌာနချုပ် တခုလုံး ပျားပန်းခတ်မျှ လှုပ်ရှား ရှုပ်ထွေးနေကြ၏။ အဖွဲ့ ( ၂ ) မှ တပ်သားများသည် သိမ်းဆည်းရမိထားသော သက်သေခံ အထောက်အထားများကို သက်ဆိုင်ရာ ဌာန အသီးသီးသို့ လွှဲပြောင်းပေးနေသည်။ မှောင်ခိုဘဏ်နှင့် ဆက်စပ်နေသော ငွေမည်း အမြောက်အမြားကို သိမ်းဆည်း ရမိကာ ရှန်ချန်းမြို့၏ အကြီးဆုံးသော ကာစီနိုများ အနက်မှ တခုကို ဖမ်းဆီးလိုက်နိုင်သည့် သတင်းကို အားလုံး ကြားသိထားပြီး ဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းတံခါးဝဂိုဏ်းဆိုသော ကျားရဲ၏ ပါးစပ်ထဲမှ သွားတချောင်းအား ဆွဲနှုတ်လိုက်သည့် အလားပင်။
ဤကဲ့သို့ အရေးပါလှသော စစ်ဆင်ရေးကို အောင်မြင်ခဲ့သည့်အတွက် အဖွဲ့ ( ၂ ) တပ်ဖွဲ့ဝင်များ၏ အမူအရာမှာ ယခင်နှင့် မတူတော့ကြောင်း အားလုံး သတိထားနေမိ၏။ အဖွဲ့ ( ၂ ) သည် အေးဆေး ငြိမ်သက်စွာ နေလေ့ ရှိသော်လည်း ယခုကဲ့သို့ တချက် လှုပ်ရှားလိုက်သည့် အခိုက်တွင် ငါးကြီးကြီး တကောင် ဖမ်းဆီး ရမိခဲ့လေသည်။
ကာစီနိုတွင် မှတ်တမ်းတင်မထားသော ယွမ် ၁၀ ဘီလျံထက် မနည်းကို သိမ်းဆည်း ရမိခဲ့သလို ဆိပ်ကမ်းတွင်လည်း နောက်ထပ် ၁၀ ဘီလျံ သိမ်းဆည်း ရမိခဲ့၏။ ၎င်းသည် ဤနှစ်များအတွင်း တွေ့ရှိသမျှသော ငွေကြေး ခဝါချမှုများအနက် အကြီးမားဆုံးပင်။
လီချောင် ၊ ဝူကန်း နှင့် အခြားသော အဖွဲ့ ( ၂ ) တပ်ဖွဲ့ဝင်များ အလုပ်များနေကြ၏။ သူတို့အား အခြားသော လုပ်ဖော်ကိုင်ဖက်များက ဂုဏ်ယူအားကျမှုတို့ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေ၍ လွန်စွာ ဝမ်းမြောက်နေကြသည်။ အဖွဲ့ ( ၂ ) တပ်ဖွဲ့ဝင်များ ခမျာ ယခင်အချိန်က အခြားသော အဖွဲ့ဝင်များကို ထိုကဲ့သို့ အားကျသော မျက်ဝန်းများဖြင့် အမြဲတစေ ငေးကြည့်နေခဲ့ရရှာသည်။ ယခုအချိန်တွင်မူ ပြောင်းလဲသွားလေပြီ…။
မည်သို့ပင် ဖြစ်စေ ထိုစစ်ဆင်ရေး အောင်မြင်မှုသည့်အတွက် အထက်အရာရှိများ အားလုံး လွန်စွာ ဝမ်းမြောက် ပျော်ရွှင်နေကြ၏။ မြောက်ပိုင်းတံခါးဝဂိုဏ်းကို ဖိနှိပ်ပြီး နောက်ပိုင်းတွင် ထိုနယ်မြေ အတွင်း၌ အကောင်အထည် ဖော်ခဲ့သော အိမ်ယာစီမံကိန်းများတွင် မြို့တော်ဝန်မှာ ယွမ် ဘီလျံချီကာ ရင်းနှီးမြှပ်နှံခဲ့သည်ဆိုသော ကောလဟာလများ ထွက်ပေါ်လျက်ရှိ၏။
ညွှန်ကြားရေးမှူးက ဤစစ်ဆင်ရေးတွင် ငွေမည်းများစွာကို သိမ်းဆည်း ရမိအောင် စွမ်းဆောင်နိုင်ခဲ့သော ရှုချန်းကိုပင် အမှုနှင့် ပတ်သတ်၍ ဆက်လက် လုပ်ဆောင်ရန် အခွင့်အာဏာများစွာကို ချက်ချင်း ပေးအပ်ခဲ့သည်။
ဤတကြိမ်တွင် အဖွဲ့ ( ၂ ) မှာ စစ်ဆင်ရေး အောင်မြင်ခဲ့သည် ဆိုခြင်းထက် ပိုမိုသော စွမ်းဆောင်ရည်တို့ကို ပြသနိုင်ခဲ့၏။ အထူးသဖြင့် အဖွဲ့ ( ၂ ) ခေါင်းဆောင်မှာ အံဖွယ်ကောင်းအောင် ထူးချွန်ပေသည်။ လျှပ်စီးပမာ မြန်ဆန်ထိရောက်လှသော စစ်ဆင်ရေးကို ကြည့်ခြင်းဖြင့် ဦးဆောင်သူ၏ စွမ်းဆောင်ရည် မည်မျှ ကောင်းမွန်သည်မှာ ထင်ရှား၏။ ထို့ကြောင့် ဤအချိန်မှ စ၍ ရှုချန်းအား မည်သူမျှ မထီမဲ့မြင် လုပ်ဝံ့တော့မည် မဟုတ်ချေ။
အစီအရင်ခံစာ အချို့ကို ပေးပြီးနောက် အဖွဲ့ ( ၂ ) ၏ ရုံးခန်းကျဉ်းလေးထဲသို့ ရှုချန်း ပြန်လာခဲ့သည်။ အခန်းထဲသို့ ဝင်လိုက်လိုက်ခြင်းမှာပင် လီချောင် နှင့် အခြားသူများက သူ့အား အလေးပြုလိုက်ကြ၏။
“ ဘာလို့ အလေးပြုလိုက်တာလဲ… ထူးထူးဆန်ဆန်းပါလား… “
ရှန်ချန်း နားမလည်နိုင် ဖြစ်နေသည်။
ဝူကန်း က စိတ်လှုပ်ရှားသော လေသံဖြင့် “ ခေါင်းဆောင်… ခင်ဗျားရဲ့ နောက်လိုက်ဖြစ်ဖို့ ကျုပ်တို့ ယုံကြည်မှု အပြည့်အဝ ရှိနေပါပြီ… “
အခြားသူများလည်း ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။
စာရွက်စာတမ်းများကို ချထားလိုက်ပြီး ရှုချန်း စားပွဲပေါ် လက်ထောက်လိုက်ကာ “ နားထောင်ကြ… ဒီ ကိစ္စက မပြီးသေးဘူး… နောက်ထပ် ရက်နည်းနည်းလောက် အလုပ်ရှုပ်ဦးမယ်… ငါ့ရဲ့ ဦးဆောင်မှုနောက်ကို ယုံယုံကြည်ကြည် လိုက်ကြပါ… “
“ ကျုပ်တို့အားလုံး ခေါင်းဆောင်ကို ယုံပါတယ်… “
အသံများ ပြိုင်တူ ထွက်ပေါ်လာတော့သည်။
အခန်း ၁၂၂ ပြီး
နတ်နဂါးစစ်သည်
အခန်း ၁၂၃
( ငါ့ကို ရှုံးမှာ ကြောက်နေတာလား….)
ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း အကြောင်း ပြောဆိုရန် ရုံးခန်း အတွင်းသို့ ရှုချန်း ဝင်လာခဲ့သည်။ ထိုအချိန်တွင် လီတ့ဟွမ် က ဒေါသတကြီးဖြင့် “ ငါ့ကို ရှင်းပြစမ်း…” ဟု ပြောလိုက်သည်။
ရှုချန်း မျက်ခုံး ပင့်ကြည့်ကာ “ဘာကို ရှင်းပြရမှာလဲ…”
“ပူးပေါင်း စစ်ဆင်ရေးက အဆင်ပြေပြေ ပြီးသွားပြီ…တကယ်ဆို ငါတို့ အထူးရဲတပ်ဖွဲ့လည်း ပူးပေါင်းဖို့ လိုတယ်… ဒါပေမဲ့ တခြား မှုခင်းဌာန အဖွဲ့နဲ့ပဲ ဘာလို့ ပူးပေါင်းခဲ့တာလဲ … ငါတို့ကို ဘာကိစ္စ အကြောင်း မကြားတာလဲ…”
လီတ့ဟွမ် ဒေါသတကြီး မေးလိုက်၏ ။
ရှုချန်းက “ မင်းတို့က လောင်းကစား ရုံကြီး တစ်ခုလုံးကို သိမ်းထားရတော့ အလုပ်များပြီး ပင်ပန်းကြမယ်လို့ ထင်မိတယ်… ဒါကြောင့် တခြား တပ်ဖွဲ့ကိုပဲ ပူးပေါင်းဖို့ ပြောလိုက်တာ…”
လီတ့ဟွမ် မျက်လုံး မှိတ်လိုက်၏။
“ ရှုချန်း ငါ မင်းကို ပြောပြမယ်… မင်းနဲ့ ငါကြားမှာ ရန်ငြိုးရန်စတွေ ရှိကောင်းရှိနိုင်တယ်… မင်း ငါ့ကို မကျေနပ်တာတွေလည်း ရှိရင် ရှိမယ်… ဒါပေမဲ့ ဒီမစ်ရှင်က ငါတို့အတူတူ ပူးပေါင်း ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပြီးပြီ… ဘာလို့ တခြား အဖွဲ့ကို သွားခေါ်တာလဲ… မင်း သင့်တော်တဲ့ အကြောင်း ပြချက် မပေးနိုင်ရင် ငါ ခွင့်လွှတ်မှာ မဟုတ်ဘူး… ဒီကိစ္စက ငါ့အတွက် လုပ်နေတာလည်း မဟုတ်ဘူး… ငါ့တို့ အထူး ရဲဌာန တစ်ခုလုံး အတွက် လုပ်နေတာ…”
ရှုချန်းက လီတ့ဟွမ်ကို ကြည့်ကာ လေးနက်သော အသံဖြင့် “ကိုယ်ကျိုး မကြည့်ဘူး ဆိုပြီး အသံကောင်း သိပ်ဟစ် မနေနဲ့… ငါ့ကို ဘယ်လိုမျိုး ရှင်းပြစေချင်တာလဲ… အရင်ဆုံး ငါ့ရုံးခန်းထဲက ထွက်သွားပေးလို့ ရမလား… ငြင်းချင်ရင် အပြင်မှာ ထွက်ပြီးငြင်းရအောင် …. မကျေနပ်ရင် တရားရုံးအထိ သွားကြမယ်…”
တစ်ဖက်တွင် ရှုချန်း၏ အဖွဲ့ (၂)မှ အဖွဲ့ဝင် (၁၀)ဦးက ခေါင်းဆောင်ဖြစ်သူ ရှုချန်း အပေါ် ရင့်ရင့်သီးသီး ဆက်ဆံနေသော လီတ့ဟွမ်ကို ဝိုင်းထား လိုက်ကြသည်။
“ခင်ဗျား ဘာဖြစ်ချင်တာလဲ…”
လီတ့ဟွမ်လည်း မျက်ခုံးပင့်ကာ ထို တပ်ဖွဲ့ဝင် (၁၀)ဦးကို ကြည့်လိုက်၏။
“မင်းတို့နဲ့ ငါ ဘာမှ မဆိုင်ဘူး… ငါထွက်သွားမယ်…”
“မင်းက ငါတို့ အဖွဲ့ (၂) ရုံးခန်းကို လာသောင်းကျန်းပြီး ငါတို့နဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောနေတုန်းပဲလား…”
လီချောင် အပါအဝင် အားလုံး ဒေါသထွက်နေကြပေသည်။ မိမိတို့ ပိုင်နက်အတွင်းသို့ လာရောက် သောင်းကျန်းသူက အဘယ်သူက အသာတကြည် လက်ပိုက် ကြည့်နေနိုင်မည်နည်း။
ရုံးခန်း အပြင်ဘက်တွင် ကျန်ခဲ့သော လီတ့ဟွမ်၏ အဖွဲ့သားများက အထဲမှ ရုတ်ရုတ်သဲသဲ အသံများကြောင့် ချက်ချင်း ပြေးဝင်လာခဲ့သည်။
“မင်းတို့ ဘာဖြစ်နေကြတာလဲ…”
ရှုချန်းလည်း လီတ့ဟွမ်ကို အေးစက်စွာ စိုက်ကြည့်ရင်း “မင်းတို့ တိုက်ခိုက်ချင်ရင် အခုပဲ ထွက်ပြီး တိုက်ခိုက်ကြ… တကယ်လို့ ငါနဲ့ တိုက်ခိုက်ချင်တဲ့ကောင် ရှိရင်လည်း အခုလာ… စကားတွေ သိပ်မပြောချင်ဘူး…”
ရှုချန်း စကားကြောင့် လီတ့ဟွမ်၏ တပ်သား ငါးဦး ငြိမ်သက်သွားကြသည်။
လီတ့ဟွမ်က “ရှင်းရှင်း ပြောရရင် ငါတို့ ဌာနကို စစ်ကူ မတောင်းတဲ့ အတွက် ရှင်းပြချက် ကောင်းကောင်း တစ်ခုတော့ ပေးရလိမ့်မယ်… “
“ဘာတွေ ဖြစ်နေကြတာလဲ…”
မှုခင်းဌာန ညွှန်ကြားရေးမှူး ရောက်လာ၏။ နှစ်ဖက် အခြေအတင် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ “မင်းတို့ကိုယ် မင်းတို့ လူမိုက် ဂိုဏ်းသား တွေ ထင်နေတာလား…” ဟု ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
ထိုးမည် ကြိတ်မည် ဖြစ်နေသော နှစ်ဖက်စလုံး မီးကို ရေနှင့် ငြိမ်းသည့်အလား ချက်ချင်း ငြိမ်သက်သွားကြသည်။
ညွှန်ကြားရေးမှူးက လီတ့ဟွမ်နှင့် အဖွဲ့ကို ကြည့်ကာ “လီတ့ဟွမ် … မင်းတို့က အဖွဲ့ (၂) ရုံးခန်းကို ဘာလာလုပ်တာလဲ…”
လီတ့ဟွမ်က “ ဆရာ … ဒီစုံစမ်း စစ်ဆင်ရေးမှာ အထူး ရဲတပ်ဖွဲ့ အစား ရဲမှုခင်း ဌာနနဲ့ ဘာလို့ ပူးပေါင်းတယ်ဆိုတာ သိချင်လို့ ခေါင်းဆောင်ရှုကို မေးနေတာပါ… မပူးပေါင်းရတဲ့ အကြောင်းပြချက်က သူနဲ့ ကျုပ်ကြားက ပုဂ္ဂိုလ်ရေး အငြိုးအတေး အရ ဆိုရင်တော့ ခေါင်းဆောင်ရှုက တာဝန်နဲ့ ကိုယ်ရေး ကိုယ်တာ မခွဲခြားနိုင်တဲ့အတွက် အပြစ်ပေးခံရဖို့ လို့အပ်တယ်လို့ ကျုပ်ထင်တယ်…”
ညွှန်ကြားရေးမှူးသည် လီတ့ဟွမ်ကို သေချာ စိုက်ကြည့်လိုက်ကာ “ဘယ်လို အပြစ်မျိုး ပေးသင့်တယ်လို့ ထင်လဲ… ရှုချန်းက စစ်ဆင်ရေး တခုလုံးကို အောင်အောင်မြင်မြင် ဦးဆောင်နိုင်ခဲ့တယ်… ဖမ်းမမိသေးတဲ့ သံသယရှိတဲ့သူတွေ ရှိနေပေမဲ့ သိမ်းမိထားတဲ့ ငွေပမာဏကတော့ မယုံနိုင်စရာပဲ… ဒီ အောင်မြင်မှု အဆင့်ကို မင်းသိလား… “
ခေါင်းငုံ့မခံလိုသော လီတ့ဟွမ်က “ ကျုပ်သိပါတယ်… ဒါပေမဲ့ ဒီစစ်ဆင်ရေးမှာ ကျုပ်တို့ အထူးတပ်ဖွဲ့ကို လေးစားမှု မရှိဘူးလို့ ခံစားမိတယ်… “
“ ဒါပေါ့… စစ်ဆင်ရေးမှာ မင်းတို့ အထူးတပ်ဖွဲ့ကို မခေါ်ပဲ တခြား တပ်ဖွဲ့ တစ်ခုနှင့် ပူးပေါင်းသွားလို့ မင်း ခံပြင်းမယ်ဆိုတာ ငါ နားလည်တယ်… ဒါပေမဲ့ ငါ သိချင်နေတာ တခုရှိတယ်… အခုကိစ္စကို မင်းတို့ အထူးတပ်ဖွဲ့ ညွှန်ကြားရေးမှူးတောင် ဘာမှ မပြောတာကို မင်းက ဘာတွေ ဖြစ်နေတာလဲ… “
မိမိ အနည်းငယ် စည်းကျော်မိသွားသလို လီတ့ဟွမ် ခံစားလိုက်မိသော်လည်း အလျော့မပေးလိုသဖြင့် ..
“ ခေါင်းဆောင်ရှုက ကျုပ်နဲ့ ကိုယ်ရေးကိုယ်တာ ပြသနာရှိထားလို့ အထူးတပ်ဖွဲ့နဲ့ မပူးပေါင်းခဲ့တာလား ကျုပ် သိချင်လို့ပါ… “
“ ဒါဆိုလည်း ငါ ပြောပြမယ်… ရှုချန်းရဲ့ အဖွဲ့ ( ၂ ) ကို အထူးတပ်ဖွဲ့နဲ့ မပူးပေါင်းပဲ တခြား မှုခင်းတပ်ဖွဲ့ တစ်ခုနဲ့ ပူးပေါင်းခိုင်းတာ ငါ့ ဆုံးဖြတ်ချက်ပဲ… “
လီတ့ဟွမ် မျက်လုံးများ ပြူးကျယ်သွား၏။
“ ဘာလဲ… ညွှန်ကြားရေးမှူးရဲ့ ဆုံးဖြတ်ချက်လား… ဘာဖြစ်လို့လဲ… “
“ ဘာဖြစ်လို့လဲ သိချင်လား… “
ညွှန်ကြားရေးမှူးသည် အထူးတပ်ဖွဲ့ဝင် တဦးချင်းစီကို စေ့စေ့ကြည့်ကာ ...
“ စစ်ဆင်ရေးမှာ သူလျှိုရှိနေတာ ငါတို့ သိလိုက်တယ်… ပြီးတော့ အဲဒီ သူလျှိုက အထူးတပ်ဖွဲ့က… “
အထူးတပ်ဖွဲ့ဝင်များ အံ့ဩသွားကာ တစ်ဦး မျက်နှာ တစ်ဦး ကြည့်လိုက်ပြီး ...
“ ဒီလို ဖြစ်စရာ အကြောင်း မရှိဘူး “ ဟု ချက်ချင်း တုံ့ပြန်လိုက်ကြ၏။
ညွှန်ကြားရေးမှူးက “ ငါတို့ရဲ့ မူလ အစီအစဉ်က မှောင်ခိုဘဏ် တည်နေရာကို ခြေရာခံဖို့ပဲ… ဒါပေမဲ့ သူလျှို သတင်းပေးလိုက်လို့ ငါတို့ ခြေလှမ်းတွေ တဖက်က သိသွားပြီး စစ်ဆင်ရေးလည်း ရပ်လိုက်ရတယ်… “
ထို့နောက် ညွှန်ကြားရေးမှူးက လီတ့ဟွမ်နှင့် အထူးတပ်ဖွဲ့ဝင်များကို အဓိပ္ပါယ် ပါပါ ကြည့်လိုက်ကာ...
“ သူလျှိုကို ရှာတွေ့ အချိန်ကျရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မပြောလည်း သိမယ် ထင်တယ်… အခု မင်းတို့ ညွှန်ကြားရေးမှူးက ငါ့ အစီရင်ခံစာကို ရထားပြီးပြီ… မင်းတို့ ဌာနကို အရင်ပြန်ပြီး စစ်ဆေးခံလိုက်ဦး… “
ညွှန်ကြားရေးမှူး၏ စကားကြောင့် အထူးတပ်ဖွဲ့ဝင်များ ဤနေရာတွင် ဆက်နေရန် မျက်နှာပူလာကြ၏။
အဖွဲ့ ( ၂ ) ရုံးခန်းထဲမှ ထွက်လာပြီးနောက် လီတ့ဟွမ် မျက်နှာ မကောင်းဖြစ်နေသည်ကို အခြားသူများ သတိထားမိ၏။
“ မင်းတို့ အရင် သွားနှင့်ကြ… ငါ သန့်စင်ခန်း ဝင်လိုက်ဦးမယ်… “
အဖွဲ့သားများကို အရင်ပြန်နှင့်ရန် မှာပြီး သန့်စင်ခန်းအတွင်း ဝင်ကာ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ဖျက်ပစ်ရန် ဖုန်းကို ထုတ်ယူလိုက်၏။ ထို့နောက် ဖုန်းကို အိမ်သာအတွင်း ပစ်ထည့်ကာ ရေဆွဲချလိုက်သည်။ သို့သော် သူ စိတ်မကျေနပ်နိုင်သေးချေ။ သူ့ဘက်မှ ဖျက်ပစ်လိုက်လျှင်ပင် အခြား တစ်ဖက်တွင် မှတ်တမ်း ကျန်နေပေလိမ့်မည်။ အခြားတစ်ဖက်မှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကိုပါ ဖျက်ပစ်ရပေမည်။
အဖွဲ့ ( ၂ ) ရုံးခန်းဆီသို့ သွားကာ ပြသနာ ရှာခြင်းမှာ ရှုချန်း၏ ထပ်မံလှုပ်ရှားမည့် ခြေလှမ်းတို့ကို စုံစမ်း အကဲခတ်ကာ အနောက်ပိုင်းတံခါးဝအား ကြိုတင် အသိပေးရန် ဖြစ်ပေသည်။ သို့သော် ဤကဲ့သို့ ညွှန်ကြားရေးမှူး ရောက်လာမည်ကို မည်သူ ကြိုတင် သိရှိပေနိုင်မည်နည်း။ လီတ့ဟွမ်နှင့် အထူးတပ်ဖွဲ့ဝင်များကို သူလျှိုအဖြစ် ညွှန်ကြားရေးမှူး သံသယ ဝင်နေပြီလော။
ကျဉ်းထဲကြပ်ထဲ ရောက်နေသည်ကို လီတ့ဟွမ် ခံစားမိ၏။
ဟုတ်ပေသည်။ သူလျှိုမှာ သူ ဖြစ်၏။ ယခင်က အနောက်ပိုင်းတံခါးဝဂိုဏ်း အရေးကိစ္စကို အဖွဲ့ ( ၅ ) တာဝန်ယူချိန်၌ ယန်ကျင်းအား သဘောကျဟန်ဆောင်ကာ အဖွဲ့ ( ၅ ) တပ်ဖွဲ့ဝင်များနှင့် ရင်းနှီးမှု ယူလျက် စစ်ဆင်ရေး အချက်အလက်များ ရယူ၍ အနောက်ပိုင်းတံခါးဝဂိုဏ်းအား အမြဲတစေ ကြိုတင် အကြောင်းကြားခဲ့၏။ ဤသို့ အတွင်း သူလျှို ရှိနေသဖြင့် အနောက်ပိုင်းတံခါးဝဂိုဏ်းမှာ အဖွဲ့ ( ၅ ) ထက် အမြဲလိုလို ခြေတလှမ်းသာနေခဲ့တော့သည်။ ထို့ကြောင့်လည်း အနောက်ပိုင်းတံခါးဝဂိုဏ်းနှင့် ပတ်သတ်၍ အရေးယူမှု တစုံတရာမျှ အဖွဲ့ ( ၅ ) မလုပ်ဆောင်နိုင်ခဲ့ခြင်းပင်။
နောက်ပိုင်းတွင် အနောက်ပိုင်းတံခါးဝဂိုဏ်း အရေးကိစ္စအား ရှုချန်း၏ အဖွဲ့ ( ၂ ) လွှဲပြောင်း တာဝန်ယူသည့်အခါ လီတ့ဟွမ် လျော့တွက်ခဲ့မိ၏။ ရှုချန်း၏ အရည်အချင်းကို သူ မသိခဲ့ချေ။
အကယ်၍ အနောက်ပိုင်းတံခါးဝဂိုဏ်းအနေဖြင့် ဒုတိယအကြိမ် အခွင့်အရေး ရခဲ့ပါက အဖွဲ့ ( ၂ ) ကို အထင်သေးဝံ့တော့မည် မဟုတ်သည်မှာ အသေအချာပင်။ ယခုအချိန်တွင်မူ အနောက်ပိုင်း တံခါးဝဂိုဏ်းခမျာ လီတ့ဟွမ်အား ကျိန်ဆဲနည်း မျိုးစုံဖြင့် ကျိန်ဆဲရန်သာ တတ်နိုင်တော့၏။
မင်းက သောက်ပေါပဲ…
မင်းပြောပြောနေတဲ့ အသုံးမကျတဲ့ အဖွဲ့ ( ၂ ) လုပ်ပုံကို မြင်ရဲ့လား…
အခု ဘာတွေဖြစ်ကုန်ပြီလဲ…
စိတ်ပျက်လက်ပျက်ဖြစ်နေသော လီတ့ဟွမ် တယောက် သန့်စင်ခန်းထဲမှ အထွက်တွင် ရှုချန်းနှင့် ပက်ပင်းတိုးတော့၏။
“ မင်း ဘာလုပ်နေတာလဲ… “
ရှုချန်း ပြုံးကာ မေးလိုက်သည်။
“ မတွေ့ဘူးလား… ငါ ရှူးပေါက်နေတာ… “
အပြစ်လုပ်သူတို့၏ ထုံးစံအတိုင်း မိမိအပြစ်ကို ဖုံးကွယ်ရန် လေသံကျယ်ကျယ်ဖြင့် ပြောလိုက်ကာ ရှုချန်းကို ကျော်၍ ထွက်သွားလိုက်၏။ သို့သော် ရှုချန်းက “ မင်း လုပ်ခဲ့တာမလား… “
ရှုချန်းကို ကျောပေးထားသော လီတ့ဟွမ် မျက်ခုံးလှုပ်သွား၏။ ထို့နောက် မျက်နှာကို အတတ်နိုင်ဆုံး တည်တည်ထား၍ ရှုချန်းဘက်သို့ လှည့်လိုက်ကာ မျက်လုံးချင်း ဆုံ၍ မေးလိုက်သည်။
“ ဘာကို ဆိုလိုချင်တာလဲ… “
အိမ်သာအတွင်းသို့ ရှုချန်း လက်ညှိုးထိုးပြကာ “ မင်း ရေဆွဲမချခဲ့ဘူးလား… “
စိုးရိမ်နေသော လီတ့ဟွမ် အဖို့ ငိုအားထက် ရယ်အားသန် ဖြစ်သွားတော့၏။
အခန် ၁၂၃ ပြီး