နတ်နဂါးစစ်သည်
အခန်း ၁၁၄
( ပြိုင်ဘက် ၏ ဖိန့်လုံးခြောက်လုံး )
အရှေ့တည့်တည့် အလယ်မှ တစ်ယောက်က ရှန်ယောင် အား အံအားသင့်စွာ ကြည့်လိုက်မိသည်။ သူမ အား ဤမျှလောက် ချမ်းသာလိမ့်မည်ဟု သူ မထင်ထားခဲ့ ။ ယင်းက သူတို့၏ မိသားစုချင်း အဆင့်အတန်း တူညီသည်ဟု ဆိုလိုလိုက်ခြင်းပင် ။
“ ကျုပ် နာမည်က ဂျိုးဇက်ပါ...”
ရှန်ယောင်သည်တော့ သူ့နာမည် အား ဂရုစိုက်ခြင်း အလျဥ်းမရှိ ။ ဒီအစား မျက်ခုံးပင့် ကြည့်လိုက်ကာ...
“ ရှင် ကြေးတင်မှာလား မတင်ဘူးလား...”
ဂျိုးဇက် ခပ်ဟဟ ရယ်ရင်း သူမလေး အား စိတ်ဝင်စားလာမိသည် ။
“ သန်း ၂၀ ” ပြောပြောဆိုဆို နှင့် သန်း ၂၀ လိုက်လိုက်၏ ။ သူ မည်မျှ ရှုံးနေပါစေ ဤ ကာစီနို က သူ့အား အနိုင်ရအောင် ပြန်လုပ်ပေးမည်ကြောင့် သူ့ထံ အကြောက်အလန့် ဟူသည် ရှိမနေ ။
ကျန်နှစ်ယောက်သည်တော့ စောင့်ကြည့်နေဆဲပင် ။ လောင်းကြေး က ကြီးလာသည်မို့ တစ်ယောက် ကတော့ လက်ရှောင်သွားသည် ။ ကျန်တစ်ယောက် က တစ်ခဏ စဥ်းစားရင်း ဆုံးဖြတ်ပြီးဟန် ဖြင့် သန်း ၂၀ လိုက်လာ၏ ။
“ လိုက်တယ်...”
ဖဲဝေသူက လေးချပ်မြောက် ကဒ်အား ဝေလာသည်။ ကစားသမားတိုင်း မှောက်ထားသည့် နှစ်ကဒ်စီ ရှိကြပြီး အပေါ်ယံအားဖြင့် ဂျိုးဇက်က ဖဲအကောင်းဆုံးပင် ။ ဟုတ်ပေသည် ။ ကျန် ကစားသမားတိုင်း နှစ်ကဒ်စီ ရှိကြသည့်အတွက် မည်သူ ဖဲကောင်းနေသည် က စိတ်ဝင်စားစရာပင် ။
ကစားသမားတိုင်း စုစုပေါင်း ၅ ကဒ် ရနိုင်ပြီး ၃ ကဒ် အား လှန်ပြကာ ကျန်နှစ်ချပ်သည်တော့ မှောက်ထားပေသည် ။
တတိယ ကဒ် ရသည်နှင့် လောင်းကြေး စနိုင်မည် ဖြစ်ပြီး နောက်ဆုံး ၅ ကဒ် ဆုံသော် ရလာဒ် ကို ဆုံးဖြတ်ပေမည် ။ ကိုယ် ဖဲကောင်းမကောင်း စဥ်းစားချင့်ချိန်ပြီး လောင်းကြေး အား တစ်စထက်တစ်စ တိုးသွားနိုင်သည် ။
လှန်ထားသည့် ကဒ်များအား ကြည့်ရုံ ဖြင့် ဂျိုးဇက် ၏ ဖဲက လက်ရှိတွင် အကောင်းဆုံး ဖြစ်သည် အား သိနိုင်သည်။
ရှန်ယောင်သည်တော့ 5 နှင့် 8 အား လှန်ထားပြီး မည်သို့ ကြည့်ကြည့် ဖဲလုံးဝ ကောင်းမနေချေ ။
သို့သော် ရှန်ယောင်က ပြုံးလျက် သန်း ၅၀ အား ပစ်တင်လိုက်၏။
“သန်း ၅၀ ကြေးတင်တယ် ... ဘယ်သူ လိုက်မလဲ...”
ဂျိုးဇက် သူမအား တစ်ချက် ကြည့်ကာ ကာစီနိူ ဝန်ထမ်း အား ထပ်မံ လှမ်းကြည့်ရင်း စိတ်ထဲ တွေးလိုက်၏။
“ဒီ ကာစီနို က တော်တော်လေး တွေးပေးတတ်တာပဲ ။ ငါ့ကို ပိုက်ဆံတွေ ပေးဖို့ ဒီလို မိန်းမလှလေးကို လွှတ်ပေးလိုက်တယ်... သူမက ငါ့အတွက် ကာစီနို က ပြင်ပေးထားတဲ့ အချိုပွဲလေးများလား...”
ပြီးနောက်တွင်တော့ သူ ဖဲဝေသူအား ကြည့်လိုက်သည်။ ဖဲဝေသူသည်လည်း ဂျိုးဇက် ဖဲကောင်းသည် အား သိနေသည့်အတွက် ဆိတ်ဆိတ်နေလျက် ရှိကာ အချက်မပေးသေးချေ ။
ဂျိုးဇက် များများစားစား ဂရုမစိုက်နေတော့ ။ ထို မိန်းမလှလေး အား နူးညံ့သည်မှ ကြမ်းတမ်းသည်သို့ ချဥ်းကပ်ရင်း ခုန်အုပ်ပစ်လိုက်ချင်မိသည် ။ တဆက်တည်း သူမ တစ်ကိုယ်လုံး ချွတ်လျက် အိပ်ယာထက် သူ့အား အရှုံးပေးနေသည့် မြင်ကွင်းကိုပင် စိတ်ကူးယဥ်လိုက်မိ၏ ။
ထိုကြောင့် သူ အရှုံးမပေးနိုင်တော့ချေ ။ တပါတည်း သူ့အား သဘောထားကြီးပြီး ရက်ရောသူ တစ်ယောက် ဟု ရှန်ယောင် အား မြင်စေချင်မိ၏။
“သန်း ၅၀ လား ငါ လိုက်တယ်...”
ရှန်ယောင် ရယ်လိုက်သည် ။
စောင့်ကြည့်နေသည့် ရှုချန်း လည်း ခပ်ဟဟ ရယ်လိုက်၏။ ဤအဖြစ်ကြောင့် မိန်းမလှလေး အား သူ လိုအပ်ခဲ့ခြင်း ဖြစ်သည် ။ မိန်းမ ဖျက်လျှင် ပြည်ပျက်သည် ဆိုသည့်အတိုင်း ပုရိသ ယောကျာ်းသား အားလုံး အလှတရား အောက်၌ ရုန်းထွက်ရန် ခက်ခဲရသည် မဟုတ်ပါလော ။
အခြား ကစားသမားများသည်တော့ နှာခေါင်းရှုံကာ လက်ရှောင်လိုက်တော့သည် ။ သူတို့ ဆက်မပါတော့ ။
ဖဲဝေသူက ငါး ကဒ်မြောက်ဖဲအား ဆက်ဝေသော် 7 အား ရှန်ယောင် ရလိုက်သည်။ ယင်းအား မြင်သော် ဖဲဝေသူ နှင့် ဂျိုးဇက်တို့ ပြုံးမိလိုက်ကြ၏။ ရှန်ယောင်အတွက် အနိုင်ရချေ ရှိသည့် တစ်ခုတည်းသော ဖဲမှာ Straight ( စထရိတ် ( အစဥ်လိုက်ဂဏန်း ) သာ ရှိပေသည်။ သူမ၏ မှောက်ထားသော ကဒ် နှစ်ခု က 6 နှင့် 4 သို့မဟုတ် 9 ဖြစ်နေမှ ရပေလိမ့်မည် ။ သူမ 6 ရထားလျှင်ပင် ကျန်တစ်ချပ် က 4 သို့မဟုတ် 9 ရနိုင်ချေ အလွန်ပင် နည်းလွန်းလှသည် မဟုတ်လော ။
ဂျိုးဇက် တစ်ယောက် ထိုကောင်မလေး သည် လှသာလှသည် ဉာဏ်မရှိဟု တွေးမိလိုက်၏။
အခြားတစ်ဖက်တွင်တော့ လက်ရှောင်သွားသည့် ကစားသမား နှစ်ယောက် သည် နောင်တရနေလေသည် ။ ပြိုင်ဘက်က ထိုမျှ လွယ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့။
ရှန်ယောင် တစ်ယောက်သာ မှောင်ထားသည့် ဖဲသည် 6 နှင့် 9 ဖြစ်ပြီး စထရိတ် ရမှန်း သိနေသည်။ သို့သော် သူမ တုန်လှုပ်မိသည်က ရှုချန်း မည်သို့ သိထားသနည်း ။ ဤပွဲ၌ ယင်းအပွင့်သာ သူမ ၏ တစ်ခုတည်းသော နိုင်နိုင်ချေ ဖြစ်ပြီး နောက်ဆုံးကဒ် က 7 သာ မကျပါက အားလုံး အဆုံးသတ်သွားနိုင်ချေ ရှိနေသည် ။ လက်ရှိ သူမ အခွင့်သာလျှင် ရှုချန်း အား “နင် ဘယ်လို သိနေတာလဲ ” ဟု မေးလိုက်ချင်နေမိ၏။
...
တကယ်တမ်းတွင် ရှုချန်း မှာ ကဒ် အားလုံး မြင်နေရသည် ။ ဂျိုးဆက်ထံ အေစ့် သုံးလုံး ရှိထားသည်ကိုလည်း သူ သိသည် ။ သို့သော် ရှန်ယောင် ဟု စထရိတ်ကိုတော့ ဂျိုးဇက် မနိုင် ။ အတွေ့အကြုံ ရှိ ကစားသမား တစ်ယောက်အတွက်တော့ အေ့စ် သုံးလုံး ရထားလျှင် ကျန်သည့် အရာအား ရင်းလိုက်ရန် လုံလောက်ပေသည်။ ဟုတ်သည်။ ဂျိုးဇက် အား သွေး ရှိသည်ဟု ဆိုရမည် ။
ရှန်ယောင် တွန့်ဆုတ်နေသည် အား မြင်သော် နားကျပ် မှ တဆင့် ရှုချန်း သတိလှမ်းပေးလိုက်သည်။
“ စိတ်မလွတ်သွားစေနဲ့ မြန်မြန် ကြေးထပ်တင်လိုက်...”
ရှန်ယောင် တစ်ယောက် အသိဝင်လာသော်လည်း အနည်းငယ် ကြောက်နေဆဲပင် ။ ဂျိုးဇက် တစ်ယောက် သူမအား နိုင်သွားမည်ကို စိုးရိမ်နေမိ၏။ စထရိတ် ထက် ကြီးသည့် ဖဲ သိပ်မရှိသော်လည်း သူမ အတွက် ရှုံးနိုင်ချေ ရှိနေသေးသည် မဟုတ်လော ။
သူမ စိုးရွံနေသည် အား ရှုချန်း ခံစားမိလိုက်ကာ...
“ငါ့ကို ယုံစမ်းပါ... ကြေးတင်ပြီး ရဲရဲသာ ဆက်ကစား...”
ရှန်ယောင် နှုတ်ခမ်းပါးလေးအား ဖွဖွ ဖိကိုက်လျက် သန်း ၁၀၀ ကြေးထပ်တင်လိုက်တော့သည်။
“ သန်း ၁၀၀ ...”
ဘေးရှိ အခြား ကစားသမား နှစ်ယောက်သည်တော့ အသက်ပြင်း တစ်ရှိုက် ရှူသွင်းလိုက်မိသည်။ ထို မိန်းကလေး ဤမျှ သွေးရဲလိမ့်မည်ဟု သူတို့ မထင်ထားခဲ့။
“ မိန်းမလှလေး...မင်း ဒီလို ဆော့နေမှတော့ မင်း ပိုက်ဆံကို ငါ ဘယ်လို ယူရက်တော့မလဲ ... ရှုံးသွားမှ ကလေး တစ်ယောက်လို ငိုမနေနဲ့ဦးနော်...”
ရှန်ယောင် မျက်လုံး လှန်ကြည့်လိုက်ကာ...
“ဒါဆိုလည်း ရှင် လောင်းကြေး ဆက်မလိုက်ပဲ လက်ရှောင်လိုက်တော့လေ...”
ဂျိုးဆက် ပခုံး တွန့်ပြလိုက်ပြီး...
“ဒါတော့ မရဘူးလေ...ငါ့ပိုက်ဆံတွေ တော်တော်ပါထားပြီးပြီပဲ ...”
ရှန်ယောင် က ...
“ရှင် က အရမ်း ရက်ရောတယ် မဟုတ်လား....”
ဂျိုးဇက် လေးနက်စွာ ပြုံးလိုက်၏။
“ပိုက်ဆံ က လူတိုင်းရဲ့ သည်းခြေကြိုက်ပဲ ။ ငွေကြေး နဲ့ ယှဥ်လာရင် မိန်းမတွေကတောင် ဆွဲဆောင်မှု သိပ်မရှိတော့ဘူး...”
ထိုနောက် သူ့အနားရှိ ချပ်စ်ပြား များ ကို အလယ် သို့ တွန်းပို့လိုက်ပြီး...
“မင်း နဲ့ အတူ သန်း၁၀၀ လိုက်တယ်...”
သို့သော် ရှန်ယောင်သည်တော့ နောက်ထပ် စကား တစ်ခွန်း ထပ်မဆိုပဲ သန်း ၂၀၀ ကြေးထပ်တင်သည်။
ဖဲဝေသူ မျက်မှောင်ကြုံလိုက်ကာ တစ်ခုခု မှားနေသည်ဟု ခံစားမိလိုက်၏။ ယေဘုယျ ကျကျ ပြောရသော် ရှန်ယောင် သာ စထရိတ် မကျထားလျှင် ထိုသို့ လုပ်နေသည်က အကျိုးမရှိ ။ ရှန်ယောင် ဖဲကောင်းသည်မို့သာ ထိုသို့ လိုက်ရဲခြင်း ဖြစ်ရမည်ဟု သူ တွေးမိလိုက်၏။
ထိုကြောင့် ဂျိုးဇက် အား ဆက်မလိုက်သင့်တော့ကြောင်း အချက်ပြလိုက်လေသည်။
ဖဲဝေသူ ၏ မျက်ရိပ်မျက်ကဲ ကို မြင်သော် ဂျိုးဇက် တစ်ယောက် ကြောင်အသွားသည်။
ငါ့ကို သောက်ခွက် လာပြောင်နေတာလား... ဒီ ကောင်မလေး က မင်းတို့ လူ မဟုတ်ဘူးလား...
“ဆာ.. ရှင် လောင်းကြေး မလိုက်ဘူးဆိုရင် လက်ရှောင်လိုက်သင့်တယ်နော်...” ရှန်ယောင် ပြုံးသည်။
ဂျိုးဇက် .. သူမ ၏ လှန်ထားသည့် 5 , 7 နှင့် 8 ဆိုသည့် ဖဲအား စူးရဲစွာ ကြည့်လိုက်ပြီး အကဲခတ်လိုစွာ မေးလိုက်လေသည်။
“ မင်း မှာ စထရိတ် ရှိတာလား...”
သူမထံ စထရိတ် သာ အမှန်တကယ် ရှိသော် ဤပွဲ သူ ရှုံးသွားချေပြီ ။ သို့သော်ငြားလည်း သူ ထိုမျှ အထိ လောင်းကြေးလိုက်ခဲ့ပြီး မှ မည်သို့ကြောင့် လက်ရှောင်ရတော့မည်နည်း ။
သူ့စိတ်ထဲ အစီအစဥ် တစ်ခု ရေးဆွဲရင်း ဂျိုးဇက်တစ်ယောက် ရယ်မောလိုက်သည်။
“မင်း ဖဲ ဘယ်လိုပဲ ရှိပါစေ အကြီးဆုံး စထရိတ် လောက်ပဲ ရှိမယ်...စထရိတ် လောက် နဲ့ ငါ ကြောက်နေမယ် ထင်လား...သန်း ၂၀၀ ငါ လိုက်တယ်...”
ဖိန့်လုံး သုံးရန် ဆုံးဖြတ်လိုက်ပြီး လောင်းကြေး ထပ်လိုက်သည်။
ရှန်ယောင် တစ်ယောက် စိတ်ရှုပ်သွားပြီး မျက်နှာ ပျက်သွားသည်။
သူ ငါ့ဖဲကို ရိပ်နေတာတောင် ဆက်လိုက်ရဲသေးတာလား... ငါ ကြေးဆက်လိုက်သင့်လား...
ထိုစဥ် ရှုချန်း ၏ စကားသံ ထွက်ပေါ်လာတော့သည်။
“ ဒီအလောင်းအစား မှာ ဖြဲခြောက်တာတို့ ဖိန့်လုံး တို့ ရှိတယ် ... ဒါက မင်း ဖဲကောင်းနေရင်တောင် မင်းကို စိတ်ရှုပ်ထွေးသွားစေတယ် ။ မင်း ပြိုင်ဘက်က မင်းထက် ဖဲမကောင်းရင်တောင် မင်း နောက်ဆုတ်သွားဖို့ လောင်းကြေး တင်ပြီး ဖြဲခြောက်လာမှာပဲ ။ ငါ့ စကားနားထောင် သူတောင် ဆက်လိုက်ရဲမှတော့ မင်းလည်း ကြေးတင်ပေးလိုက် ။ မင်း ရှုံးရင်တောင် ငါ့ပိုက်ဆံတွေပဲဟာ ဘာကို ကြောက်နေတာလဲ ”
ရှန်ယောင် သဘောပေါက်သွားကာ စိတ်ငြိမ်သွားသည်။ ရှုချန်း မှန်လောက်မည်ဟု သူမ မျှော်လင့်နေမိ၏။
ရှန်ယောင် တစ်ယောက် တွန့်ဆုတ်သွားသည်အား မြင်သော် ဂျိုးဇက် တောက်ပစွာ ပြုံးလိုက်သည်။
“ဘယ်လိုလဲ မင်း ဆက်လိုက်ရဲသေးလား...”
သို့သော် ရှန်ယောင် တစ်ယောက် အံတင်းတင်းကြိတ်ကာ ကာစီနို ဝန်ထမ်းကို ပြောလိုက်သည်။
“ ချပ်စ်ပြားတွေ ထပ်ရဦးမလား...”
“ ငါ လောင်းကြေး ထပ်တင်မလို့...”
အခန်း ၁၁၄ ပြီး
နတ်နဂါးစစ်သည်
အခန်း ၁၁၅
(ငြိမ်နေစမ်း..)
ရှန်ယောင် တစ်ယောက် သန်း ၈၀၀ တန် ချပ်ပြားများ လဲလိုက်သည် အား မြင်သော် ဂျိုးဇက် ၏ မျက်လုံးထဲ လောဘ အရိပ်အရောင် တို့ ဖြတ်ပြေးသွားတော့သည် ။ ဤ မိန်းမ ထိုမျှ ချမ်းသာမည်ဟု သူ မထင်ထားချေ ။
ငွေကြေး နှင့် အလှတရား ပိုင်ဆိုင်ထားသူ က သူ အမြဲတစေ လိုချင်နေသည့် ပစ်မှတ် တစ်ခု မဟုတ်လော ။ ထို ကောင်မလေး သူ့ဘဝ သူ သံသယ ဝင်လောက်သည်အထိ အနိုင်ယူပစ်လိုက်မည် ဟု သူ ဆုံးဖြတ်လိုက်သည်။ ပြီးမှ သူ ကယ်တင်ရှင် ဝင်လုပ်လိုက်လျှင် အရာအားလုံး အကွက်ထဲ ကျသွားမည် မဟုတ်လော ။
ထိုသို့ တွေးလိုက်မိပြီးနောက် ဆေးပြင်းလိပ် အား ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်သည်။ ရှန်ယောင် အား ကြည့်လေလေ ပိုမို သဘောကျလာမိလေလေပင် ။ ထိုမိန်းကလေး က ချုဆီ တစ်ယောက် မဟုတ်နိုင်မှတော့ ထူးခြားသည့် ပင်ကိုယ် စရိုက် ရှိရမည် ။ ထိုသို့သော အချိုပွဲက သူ အမြဲလိုချင်နေသည့် အရာပင် ။
“သန်း ၂၀၀ လောင်းကြေး ထပ်တင်တယ် ။ မစ္စတာ ဂျိုးဇက် ရှင်မှန်တယ်... ကျွန်မ မှာ စထရိတ် ရှိနေတာ... ကဲ ဘယ်လိုလဲ ရှင်လိုက်ရဲလား...” ရှန်ယောင် က ဂျိုးဇက် အား ခပ်ဆတ်ဆတ် ကြည့်လိုက်၏။
ဂျိုးဇက် မျက်ခုံးလှုပ်သွားတော့သည် ။ သူမ တွင် တကယ်ပဲ စထရိတ် ရှိနေသည်လော ။
သူ ရှန်ယောင် အား လာဖိန့်နေသည်လော ဟု စိုက်ကြည့် အကဲခတ်လိုက်၏။
“ ဘာကြောင့် မလိုက်ရမှာလဲ ။ မင်းမှာ စထရိတ် ရှိနေရင်တောင် ငါ့ကို ပိုက်ဆံ လာပေးနေမှတော့ ငါ ယ်လိုလုပ် မယူပဲ နေရမှာလဲ ဒီမယ် မိန်းမလှလေး ... မင်းကို တစ်ခု ပြောလိုက်မယ် ။ ဒီည မင်း လမ်းဘေး မှာ အိပ်ရဖို့ သေချာသွားပြီ...”
သူ ဖဲကစားတိုင်း ဖြဲခြောက်နေကြမို့ သူ့ အိုက်တင်က ပြီးပြည့်စုံနေသည် ။ သူ ရှုံးသွားခဲ့သည်ရှိသော် နှလုံးသားထဲ သွေးယိုစီးနေလျှင်ပင် သဘောထားကြီးဟန် ဆောင်ထားမှ ဖြစ်ပေမည် ။
သူ့ စကားလုံးများ အား ကြားသော် ရှန်ယောင် ကြောက်သွားပြန်သည် ။
ရှုချန်း သက်ပြင်းချမိလိုက်၏။
“ မင်း ဘယ်လိုလုပ်မှ ငါ့ကို ယုံမှာလဲ...”
ရှန်ယောင် ပြန်ပြောနေနိုင်လျှင် ရှုချန်း အား အော်မိမည်မှာ သေချာသည်။
ရှင့်ကို ယုံလို့ ဒီအခြေအနေ ဖြစ်သွားတာလေ ... ဟို က ကျွန်မ မှာ စထရိတ် ရှိနေမှန်း သိတာတောင် လောင်းကြေးတင်လာတယ် မဟုတ်ဘူးလား ... သူက ကျွန်မထက် အပွင့်ကြီးတယ်လို့ ဆိုလိုလိုက်တာပဲလေ...
ရှန်ယောင် တွန့်ဆုတ်နေသည် အား မြင်သော် ရှုချန်း ဆွံအသွားတော့သည် ။
“ ငါ့ကို ယုံစမ်းပါ... ပိုက်ဆံတွေ ကုန်သွားရင်တောင် အဲ့ဒါ ငါ့ဟာတွေလေ မင်း ဘာမှ စိတ်ပူနေဖို့ မလိုဘူး ။ ဒါဆို ငါတို့ လောင်းကြမယ်ကွာ။ သူသာ နိုင်သွားရင် တစ်ပတ်လုံး မင်းကို ညစာ လိုက်ကျွေးမယ် ဘယ်လိုလဲ။ ”
ရှန်ယောင် သန်း ၂၀၀ တန် ချပ်စ်ပြားများအား ပစ်တင်လိုက်ကာ...
“ကျွန်မ လိုက်တယ်...”
ဂျိုးဇက် ပြာဝေသွားသည် ။ သို့သော် သူ အမူအရာ ပျက်လို့ မရမှန်း သိနေ၏ ။ ထို့အတွက်ကြောင့်မို့ သူ့အရှေ့ ရှိ တောင်ပူဆာ အလား ချပ်စ်ပြား အပုံလိုက်ကြီးကို အရှေ့သို့ တွန်းတင်လိုက်ကာ...
“ကျုပ်လည်း သန်း ၂၀၀ လိုက်တယ်ကွာ... ကဲ မင်းက ငါ့အပိုင်ပဲ...”
ရှုချန်း က “ ဒီလောက်ဆို လုံလောက်ပြီ လောင်းကြေး နှစ်ဆ တင်ပြီး ဖဲလှန်ခိုင်းလိုက်တော့...”
ရှန်ယောင်က အရှေ့ ရှိ သန်း ၄၀၀ လုံး အကုန် အောလိုက်ကာ ခပ်ချေချေ ပြောလိုက်တော့သည်။
“ကဒ်လှန်တော့...”
ဂျိုးဇက် မျက်နှာ ပျက်သွားသော်လည်း ကျန်ရှိနေသည့် သူ့ကဒ် နှစ်ကဒ် အား လှန်လိုက်၏။
“အေစ့် သုံးလုံး ... မင်းမှာ တကယ်ကြီး စထရိတ် ရှိနေမယ်လို့ ငါ မယုံဘူး...”
“ခစ်ခစ်ခစ်...” ဂျိုးဇက် ၏ ဖဲက သူမထက် သေးနေသည် အား မြင်သော် ရှန်ယောင်တစ်ယောက် ရေခဲနတ်ဘုရားမလေး ဆိုသည့် ပုံရိပ်ပင် ထိန်းမထားနိုင်တော့ချေ။ သူမ ထရပ်လိုက်ကာ လက်သီးလက်ဝါး တန်းတော့မလိုပင် ဖြစ်သွားလေသည်။
ရှုချန်း ဆွံအသွားမိ၏။
“ဟေ့ သိက္ခာလေး ဘာညာ ထိန်းစမ်းပါဦးဟ ။ ဖဲလေး နိုင်တာလောက်နဲ့ ဒီလောက်ထိ ဖြစ်နေစရာ မလိုဘူးလေ ”
ရှန်ယောင် ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသေးသည် ။ သူမ ပါးစပ်အုပ်လျက် အပြုအမူ ထိန်းလိုက်သော်လည်း မျက်လုံးထက် အပြုံးတို့က ရှိနေဆဲပင် ။ သူမက မှောက်ထားသည့် ဖဲ နှစ်ချပ် အား လှန်ပြလိုက်ပြီး ...
“စိတ်မကောင်းပါဘူး .. .မစ္စတာ ဂျိုးဇက် ... ကျွန်မမှာ တကယ်ပဲ စထရိတ် ရှိနေတာ ။ ကျွန်မ တို့ မိန်းမတွေက ရှင်တို့ ယောကျာ်းတွေလောက် မရှုပ်ထွေးဘူး...”
ဂျိုးဇက် ဒေါသ အလွန် ထွက်သွားကာ စားပွဲ အား လက်ဖြင့် ရိုက်ချလိုက်သည်။ ရှန်ယောင် အား ကာကွယ် ရန် တာဝန် ရှိသော် အေးဂျင့်က အနားသို့ ချက်ချင်း ရောက်လာပြီး ချပ်စ်ပြားများ သိမ်းကာ သူမ ထံ အပ်လိုက်၏။
ထိုစဥ် ရှုချန်း က ရှန်ယောင် အား...
“အခု ရပ်ပြီး ထွက်လာခဲ့တော့ မင်း အခု ထွက်သွားမယ်ဆိုရင် အဲ့ဒီ ကောင်က ဆက်နေခိုင်းလိမ့်မယ်... ဒါပေမဲ့ မင်းသာ ဆက်ကစားနေမယ်ဆိုရင် ကာစီနို က မင်းကို သတိထားမိမှာပဲ ဒါကြောင့် မင်း အနိုင်နဲ့ပိုင်းပြီး ထွက်သွားတော့မယ်လို့ ဟန်ဆောင်ရမယ်...”
ရှန်ယောင်တစ်ယောက် ရှုချန်း ဘာကို ဆိုလိုချင်သည်အား သိလိုက်ကာ သူမ၏ ကိုယ်ရံတော် အား ချက်ချင်း ပြောလိုက်သည်။
“ငါတို့ ဒီနေ့ တော်တော်လေး ရိတ်သိမ်းနိုင်လိုက်တာပဲ ။ ဒီပမာဏ ဆို နှစ်တော်တော်များများ ထိုင်စားနေဖို့ လုံလောက်သွားပြီ...”
အောင်ပွံခံကာ ထွက်သွားတော့မည့် သူမ အား ကြည့်ကာ ဝန်ထမ်းများပင် တွန့်ဆုတ်သွားတော့သည် ။
ယေဘုယျ ကျကျ ပြောရမည်ဆိုလျှင် ထို မိန်းမပျိုလေး က ပြဿနာ တစ်ခု မဟုတ် ။ သူမ ၏ အမူအရာ ကစားပုံ အား ကြည့်ပြီး အတွေ့အကြုံမရှိသည့် လူသစ် တစ်ယောက် ဖြစ်မှန်း သိနိုင်သည်။ သူမ က ကံကြောင့်သာ နိုင်သွားခြင်း ဖြစ်၏။
ယင်းက ဂျိုးဇက် အမှားပင် ။ ရှန်ယောင်က ကာစီနီု ဘက် မှ လူမဟုတ်သည်အား သတိမထားနိုင်ခဲ့သည့် အပြင် ဖဲဝေသူ က သတိပေးနေသည်တောင် မှ သူ လောဘ တတ်ခဲ့လေသည် ။
ရှန်ယောင် နှင့် သူ့ကိုယ်ရံတော်တို့ ချပ်စ်ပြားများ သိမ်းဆည်းနေစဥ် ဂျိုးဇက် က ဖဲဝေသူ အနားကပ်ကာ တီးတိုးလေသံဖြင့် ဖြေရှင်းချက် တောင်းနေသည်။
“ငါ့ ကို ဖြေရှင်းချက် ပေးစမ်း ဒါက ဘာအကွက်လဲ ။ ဘာလို့ ငါ့ကို အစကတည်းက အချက်မပြတာလဲ ။အခု ငါ ရှုံးသွားတဲ့ ငွေကို မင်းတို့ ကာစီနိုက ပြန်ပေးမှာလား ဒါမှမဟုတ် ငွေကြေး ခဝါချတဲ့ အထဲက နှုတ်သွားမှာလား.. ”
ဖဲဝေသူ ဒိုင်က ခါးခါးသီးသီး ပြုံးလိုက်သည်။
“မစ္စတာ ဂျိုးဇက် ခင်ဗျား ဒီအတွက်နဲ့ ကာစီနိူကို အပြစ်လာမတင်သင့်ဘူးလို့ ကျုပ် ထင်တယ်...”
ဂျိုးဇက် မျက်နှာပျက်သွားကာ ဖဲဝေသူ ၏ ကော်လံ အား ဆွဲကိုင်လိုက်သည်။
“ မင်းတို့ ဘာအကွက် လာခင်းနေတာလဲကွ...”
ဖဲဝေသူက သူ့ အား တည်ငြိမ်စေရန် အချက်ပြလိုက်ပြီး...
“ခင်ဗျား ကိုယ့်လောဘ နဲ့ ကိုယ် ခံရတာနော် ။ ကျုပ်ခင်ဗျားကို ဆက်မလိုက်ဖို့ အကြံပြုခဲ့တယ် ထင်တယ်...”
နောက်ဆုံးတွင် ဂျိုးဇက် သူ့လက် အား ဖြေလျော့ပေးလိုက်သည်။ သူ ထိုင်ချလိုက်ကာ ထွက်သွားတော့မည့် ရှန်ယောင် အား..
“ဒီလောက်လေး နိုင်သွားတာနဲ့ ကျေနပ်နေတာလား ။ မိန်းမလှလေး ကျုပ်ကို ယုံစမ်းပါ ကျုပ် ဆီက အများကြီး ထပ်နိုင်နိုင်ချေ ရှိသေးတယ်နော် အဲ့ဒီ ပမာဏက မင်းအတွက် တစ်သက် စားကုန်မှာတောင် မဟုတ်ဘူး...”
ယင်းစကား အား ကြားသော် ရှန်ယောင် အပြစ်ကင်းသည့် မျက်နှာလေးဖြင့် လှည့်ကြည့်လာတော့သည် ။
“ ကြည့်ရတာ ရှင်က တော်တော်လေး ချမ်းသာပုံပဲ...”
ဂျိုးဇက် ခပ်ဟဟ ရယ်လိုက်သည်။
“ပိုက်ဆံ ကလွဲပြီး ငါ့မှာ အခြားအရာ မရှိဘူးလို့တောင် ပြောနိုင်ပါတယ်...”
ရှန်ယောင် အံသြသွားဟန်ဖြင့် ရင်ဘတ်လေးအား ဖိသပ်လိုက်သည်။
“ကျွန်မတော့ တော်သင့်ပြီ ထင်တယ် ။ ကျွန်မက ဖဲကောင်းကောင်း ဆော့တတ်တာ မဟုတ်ဘူးရှင့် ။ ဒီနေ့တောင် ကံကောင်းပြီး သန်းရာဂဏန်း နိုင်သွားတာ ။ ကျေနပ်လောက်တဲ့ ပမာဏပဲ ။ ကဲ မစ္စတာ ဂျိုးဇက် နှုတ်ဆက်ပါတယ်...”
ထိုသို့ ပြောပြီးနောက် ထွက်သွားဟန် ပြင်လိုက်သည်။
ဂျိုးဇက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ထို ခဝါချသည့် ငွေကြေးက သူ့ကုမ္ပဏိ ၏ အသုံးစရိတ် ဖြစ်ပြီး သန်း ဂဏန်း မှာ သူ့ စိုက်ရှင်းနိုင်သည့် ပမာဏ မဟုတ်ပေ ။ ထို ငွေကြေးတို့ ဆုံးရှုံး သွားပါက သူ ရိုက်သတ် ခံရလောက်ပေသည် ။
သို့သော် သူ မည်သည့် နည်းဖြင့် သူမအား ဆွဲထားရမည်နည်း ။
ထိုစဥ် သူ တစ်စုံတစ်ခု တွေးလိုက်မိပြီး သူ့လက်ထဲမှ အပြာရောင် စိန်လက်စွပ် အား ချွတ်လိုက်ကာ...
“မိန်းမလှလေး မင်း ဒီလက်စွပ် ကို မြင်လား ။ တောင်အမေရိက က စိန်လက်စွပ်ပဲ ။ အခုဆို အနည်းဆုံး သန်း ၃၀ လောက် တန်တယ် ။ ဒါပေမဲ့ မင်း ပိုက်ဆံ ရှိရင်တောင် ဒါမျိုး ဝယ်လို့ ရမှာ မဟုတ်ဘူး ။ မင်း ပိုက်ဆံ စိတ်မဝင်စားရင်တောင် ဒါကို သဘောကျလောက်တယ် မဟုတ်လား ။ ငါ့ကို သာ နောက်တစ်ပွဲ နိုင်အောင် ဆော့နိုင်ရင် ဒီလက်စွပ် မင်းကို ပေးမယ်... ”
ရှန်ယောင် ထိုလက်စွပ်မျိုး မမြင်ဖူးသည်လော ။ ယင်းက အဓိပ္ပါယ် မရှိ။ သူမ ၏ အဆင့်အတန်း ၊ အလုပ်အကိုင် ကြောင့် ထို အရာမျိုး မရေမတွက်နိုင်လောက်အောင် မြင်ဖူးခဲ့ပြီးလေပြီ ။ သို့သော်ြငားလည်း သူမ စိတ်ဝင်စားဟန် ဟန်ဆောင်လိုက်ကာ...
“ မစ္စတာ ဂျိုးဇက် ... ဒါမျိုးတော့ ကျွန်မ စိတ်ဝင်စားသွားပြီ... ”
ဂျိုးဇက် ပြုံးလိုက်ကာ...
“ဒါဆိုလည်း ဘာကို စောင့်နေတာလဲ ကဲ ကျုပ်တို့ တစ်ပွဲလောက် စမ်းလိုက်ကြရအောင်...”
ရှန်ယောင် စကား ရပ်လိုက်ပြီး နှစ်လိုဖွယ် ပြုံးလိုက်လေကာ...
“ကောင်းပြီလေ အချိန်ကလည်း ရသေးတော့ တစ်ပွဲ နှစ်ပွဲလောက် ဆက်ဆော့ကြတာပေါ့....”
ပြီးနောက် သူမက အခြား ကစားသမား နှစ်ယောက် အား ကြည့်လိုက်ကာ...
“ ရှင်တို့ ကော ပါမှာလား...”
“ဒါပေါ့...” ထိုနှစ်ယောက် တပြိုင်နက် ပြန်ဖြေလာလေသည် ။ တဆက်တည်း ရှန်ယောင်ထံ ရှိနေသည့် ချပ်စ်ပြားများကို လောဘတကြီး စိုက်ကြည့်နေကြသည် ။
ပို၍ အရေးကြီးသည်မှာ ရှန်ယောင် က ကစားနေစဥ် အတွင်း မျက်နှာအမူအရာ မထိန်းနိုင်ချေ ။ သူမ ဖဲကောင်းသည့် အခါ မျက်နှာထက် ရေးထိုးထားသည့် အလား စိတ်လှုပ်ရှားနေတတ်သည် ။ ဖဲမကောင်းသည့်အခါတွင်တော့ ချက်ချင်း နောက်ဆုတ်သွားတတ်၏။ သူမကဲ့သို့ ကစားသမားမျိုး နှင့် ရင်ဆိုင်ရသည်က အလွန်မှကို လွယ်ကူလွန်းပေ၏ ။
အခန်း ၁၁၅ ပြီး